← Chapters

ကျွန်မ ဖျားနေပြီ ထင်တယ်

Vol. 13 Ch. 129

ကျွန်မ ဖျားနေပြီ ထင်တယ်

Vol. 13 Ch. 129

ပိုင်ရှိုးမင်က မျက်ခုံးပင့်ပြလိုက်သည်။ "သူတို့က ထိုက်တန်တဲ့ပြစ်ဒဏ်ကို ခံရမယ်ဆိုတာ မင်းက ဘယ်လိုသိတာလဲ"

အားချန်သည် ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို ယမ်းလိုက်ပြီး မျက်လုံးများ ကွေးညွှတ်သွားတော့၏။ "ဘာဖြစ်လို့လဲဆိုတော့ အမှုကို စစ်ဆေးမယ့်သူက ရှင် ဖြစ်နေလို့လေ"

"မြှောက်ပြောနေတာ"

အားချန်သည် သူ့အနားသို့ တိုးကပ်သွားပြီး မျက်တောင်ရှည်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာမေးလိုက်၏။ "ဒီလိုဆိုရင်ကော ရှင်ကနား ထောင်ရတာ သဘောကျလား"

"ငါက အရာရှိ အတုအယောင်လို့ မင်းပဲ ပြောခဲ့တယ် မဟုတ်ဘူးလား" ပိုင်ရှိုးမင်၏ အသံသည် နူးညံ့မှုများ ပြည့်နှက်နေတော့သည်။ "အတုအယောင်အရာရှိ.တစ်ယောက်က ... သေချာပေါက် သဘောကျတာပေါ့"

နှစ်ယောက်သား အကြည့်ချင်း ဆုံလိုက်ကြပြီး အားချန်၏ နှလုံးခုန်သံသည် ရုတ်တရက်မြန်ဆန်လာကာ ပါးပြင်နှစ်ဖက်မှာ ပူနွေးလာသည်ကို ခံစားလိုက်ရလေသည်။ သူမမှာ အမှတ်တမဲ့ သူ့အကြည့်ကို ရှောင်လွှဲမိလိုက်၏။

ငါ ခံစားနေရတာက ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး မူမမှန်ဖြစ်နေသလိုပဲ။ ဖျားနေတာ များလား။

ပိုင်ရှိုးမင်သည် သူမ၏မျက်နှာ အမူအရာ အသေးစိတ်လေးကိုပင် လက်လွှတ်မခံဘဲ ကြည့်နေလေသည်။ အားချန်က သူ့အကြည့်ကို ရှောင်လွှဲလိုက်သည်ကို တွေ့လိုက်ရသောအခါ သူ့မျက်ဝန်းထဲတွင် အပြုံးအရိပ်အယောင်များ ယှက်သန်းလာခဲ့၏။

"ယွီသခင်မ ကိစ္စကရော" နှလုံးခုန်သံ အနည်းငယ် တည်ငြိမ်သွားသောအခါ အားချန်သည် လက်ချောင်းများကို လှုပ်ရှားလိုက်လေသည်။ သူမ၏သွယ်လျလျ လက်ချောင်းလေးများက သူလက်ဖဝါးပြင်ကို ညင်သာစွာ ကုတ်ခြစ်လိုက်၏။

ပိုင်ရှိုးမင်က ရယ်မောလိုက်တော့သည်။ တကယ်ကို စိတ်မရှိတတ်ဘဲ ကပ်စေးနှဲတဲ့ ကလေးလေးပါလား။ တစ်ခွန်းလောက် ချော့လိုက်ရုံနဲ့ ဆုလာဘ်ကို တောင်းဆိုနေတတ်ပြီ။

သူသည် သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ "သူ့ကို လွှတ်ပေးစေချင်ရင် အနည်းဆုံးတော့ ငါ့ကို အရင်ဆုံး အမှန်တရား ပြောပြသင့်တယ် မဟုတ်လား"

အားချန်သည် ယွီသခင်မ ပြောပြခဲ့သော အတိတ် အကြောင်းအရာများကို ပြန်လည်စဉ်းစားလိုက်ပြီး သူ့ကိုဖြည်းဖြည်းချင်း ပြောပြလိုက်တော့၏။

ဆယ်နှစ်ကျော် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများသည် ပြောလိုက်လျှင်တော့လည်း စကားလုံး အနည်းငယ်မျှသာပင်။

အားချန်သည် ယွီသခင်မပြောပြခဲ့သော အသေးစိတ် အချက်အလက် အားလုံးနီးပါးကို ပိုင်ရှိုးမင်ကို ပြောပြလိုက်၏။

ယွီသခင်မ၏ အမြင်မှကြည့်လျှင် သူမသည် ရွှီဇယ်ချန်နှင့် ဟန်ရှောင်ထုံတို့၏ ရုတ်တရက်လုပ်ကြံမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က ဟန်ရှောင်ထုံသည် သာမန်တောသူမလေး တစ်ယောက်သာဖြစ်သဖြင့် သူတို့နှစ်ယောက်က ကြိုတင်ကြံစည် ထားလိမ့်မည်ဟု သူမက မထင်မှတ်ခဲ့ချေ။

အားချန်ပြောပြသည့် ရှုထောင့်သည် ပိုင်ရှိုးမင်ခုနက စစ်ဆေးသော ထွက်ဆိုချက်များနှင့် ကိုက်ညီနေလေသည်။ တစ်နေရာတည်းသာ ကွဲလွဲမှုရှိ၏။

"အဲဒီတုန်းက လူသတ်ခဲ့တာက ဟန်ရှောင်ထုံလား" ပိုင်ရှိုးမင်က အားချန်ကို အတည်ပြုကာ မေးမြန်းလိုက်သည်။

"ယွီသခင်မ ကိုယ်တိုင်ပြောတာ။ မှားစရာအကြောင်း မရှိဘူး" အားချန်က အတည်ပြုလိုက်လေသည်။

"ငါ သူ့ကို အထင်သေးမိသွားတာပဲ" ပိုင်ရှိုးမင်သည် မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်လေသည်။ မြေအောက် အကျဉ်းထောင်ထဲတွင် သူ့ကိုလိမ်ညာဝံ့သူ သိပ်မရှိပေ။

အားချန်ကတော့ ဒါကိုကောင်းသည့် ကိစ္စတစ်ခုဟုသာ ယူဆလိုက်တော့၏။ "တကယ်လို့သာ အဲဒီတုန်းက ရွှီဇယ်ချန် ကိုယ်တိုင်သတ်ခဲ့မယ်ဆိုရင် ဒီနေ့လိုကိစ္စမျိုး ဖြစ်လာမှာ မဟုတ်တော့ဘူး"

ယောက်ျားနှင့်မိန်းမတို့၏ အင်အားက ကွာခြားချက်ရှိလေသည်။ ထိုစဉ်က ယွီသခင်မ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းသည် တိုက်ဆိုင်မှုများ တစ်ခုပြီးတစ်ခု ထပ်ဆင့်ဖြစ်ပွားခဲ့ခြင်းကြောင့်သာပင်။ အကယ်၍ တစ်ခုခု လွဲချော်သွားပါက သူမသည် အမည်မသိ အလောင်းတစ်ခုသာ ဖြစ်သွားပေတော့မည်။

ပြောပြ ပြီးသွားသောအခါ အားချန်သည် ပိုင်ရှိုးမင်ကို မျက်တောင်မခတ်တန်း ကြည့်နေလိုက်၏။ "ကျွန်မ သိသမျှ အကုန်ပြောပြပြီးပြီ။ ယွီသခင်မကလည်း ရှင့်ရဲ့ဆွေမျိုး တော်စပ်တယ်ဆိုတော့ သူ ဒီလောက် သနားစရာကောင်းနေတာ နည်းနည်းလောက် ကူညီပေးသင့်တယ် မဟုတ်လား"

"နည်းနည်းလောက် ကူညီပေးရမယ် ဟုတ်လား" ပိုင်ရှိုးမင်က ရယ်မောလိုက်၏။ "ပြီးခဲ့တဲ့တစ်ခေါက် မင်းပြောတဲ့ နည်းနည်းလောက် ကူညီပေးဆိုတာက ငါ့ကို သေဒဏ်ကျနေတဲ့ အကျဉ်းသား နှစ်ယောက်ကို လွှတ်ပေးခိုင်းတာလေ။ ဒီတစ်ခေါက်ကကျတော့ အရှင်မင်းကြီးကို လိမ်ညာခိုင်းနေတာပဲ"

အားချန်ကလည်း နှုတ်ခမ်းကိုမဲ့ ထားလိုက်၏။ အရှင်မင်းကြီးကို လိမ်ညာခိုင်းတာပဲလေ။ ဘာဖြစ်လို့လဲ ဘာပဲဖြစ်ဖြစ် ကျွမ်းကျင်နေပြီပဲဟာ။ နောက်ထပ် တစ်ခေါက်လောက် ထပ်လိမ်လိုက်ရင် ဘာဖြစ်သွားမှာ မလို့လဲ။

ထိုနောက် ပိုင်ရှိုးမင်က ပြောလာသည်ကို ကြားလိုက်ရ၏။ "နောက်တစ်ခေါက် ထပ်မရှိစေနဲ့"

နောက်တစ်ခေါက် မရှိစေနဲ့ဆိုတော့ ... အားချန်၏ မျက်လုံးများမှာ အရောင်လင်းလက်သွားပြီး ချက်ချင်း သဘောပေါက်လိုက်တော့၏။ "ရှင် သဘောတူ လိုက်ပြီလား"

"ဒါနောက်ဆုံး အကြိမ်ပဲ"

အားချန်၏ နှုတ်ခမ်းထောင့်များမှာ ကွေးညွတ်သွားလေ၏။ "တကယ်လား"

"သူ ငါ့ရှေ့မှာ လာမရှုပ်သရွေ့ ငါ သူ့ကို ပျောက်သွားပြီလို့ သတ်မှတ် ပေးလို့ရတယ်"

"ဘယ်လိုလုပ်ပြီး လာရှုပ်ရဲမှာလဲ။ ရှင်ပဲ ခန့်မှန်းမိတာလေ။ သူက ရှန့်ကျင်းကနေ ထွက်သွားပြီ" အားချန်၏လေသံမှာ ရိုးသားမှုများ ပြည့်နှက်နေတော့သည်။

ပိုင်ရှိုးမင်က ပေါ့ပါးစွာ ရယ်မောလိုက်လေသည်။ "ငါက သူ မြို့တော်ကနေ ထွက်သွားမယ်လို့ ပြောတာ။ သူ ပြန်မလာတော့ဘူးလို့ မပြောခဲ့ဘူး"

သူသည် အားချန်၏ လက်ချောင်းလေးများကို ဖျစ်ညှစ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ "ကလဲ့စားချေတဲ့သူက ရန်သူတွေ အဖမ်းခံရရုံနဲ့ ကျေနပ်မှာ မဟုတ်ဘူး။ သူက ရန်သူတွေရဲ့နိဂုံးကို မျက်မြင်ကိုယ်တွေ့ မြင်ရမှကျေနပ်ကြတာ။ ပြီးတော့ ဒါက သူတစ်ယောက်တည်းရဲ့ အငြိုးအတေးမှ မဟုတ်တာ"

အားချန်မှာ ကြောင်အ,သွားပြီးနောက် သူ့စကားအဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားတော့သည်။ "ရှင် ဒါကိုတောင် မေးမြန်းပြီးသွားပြီလား"

"ရွှီအိမ်တော်က အစေခံတွေရဲ့ ထွက်ဆိုချက်ကို ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ကိုယ့်ကလေး သေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘာမှမခံစားရပဲနဲ့ နေမှာမဟုတ်ဘူး"

တကယ်လည်း မနေနိုင်ခဲ့ပါဘူး။

အားချန်က သူ့ကိုမပြောပြခဲ့ခြင်းပင်။ အမှန်တွင်တော့ ယွီသခင်မသည် ထိုအကြောင်းကို အစောကြီးကတည်းက သိနေခဲ့ပြီးသားဖြစ်သော်ငြား ထိုအမှန်တရားကို ထပ်မံရင်ဆိုင်လိုက်ရသည့်အခါ သူမသည် သည်းမခံနိုင်တော့ ချေ။

ထိုနေ့က ယင်းအန်းဝမ် အိမ်တော်တွင် သူမနှင့်အလင်းစွေ့ ယွီသခင်မတို့ သုံးယောက်စလုံး ဟန်ရှောင်ထုံ၏ စကားကို ကြားခဲ့ရလေသည်။ ဟန်ရှောင်ထုံက သူမ၏သမီးကို ပြတ်ပြတ်သားသားပြောပြခဲ့၏။ အဲဒီကလေး ပြန်မလာတော့ဘူးတဲ့။

ယွီသခင်မမျက်နှာ လဲလှယ်ခံရခြင်းမှသည် ဆေးတိုက်ခံရခြင်း လူသတ်နှုတ်ပိတ်ခံရခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်စဉ်းစားကြည့်လိုက်လျှင် သူတို့သည် မတော်တဆမူဖြစ်လာနိုင်သည့် ကလေးကို အရှင်ထားခဲ့မည်မဟုတ်ကြောင်း သေချာပေါက် သိနိုင်ပေသည်။

သို့သော်ငြား ဒီအမှန်တရားကို ကိုယ်တိုင်အတည်ပြုချက် မရရှိခဲ့သေးချေ။ ဒီမနက်ကမှ ယွီသခင်မသည် သူများဆီမှ သူမ၏ကလေး စောစောကတည်းက သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုချက် ရရှိသွားသောအခါ သူမ၏ စိတ်ခံစားချက်များမှာ တစ်ဖန် ကမောက်ကမ ဖြစ်သွားတော့၏။

မူလကမြို့တော်က ထွက်ခွာသွားရန် ဆုံးဖြတ်ထားသော်ငြား သူမသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်နေပြီးမှ အားချန်ကို လာရှာပြီး မသွားချင်တော့ကြောင်း ပြောလာခဲ့သည်။

အထောက်အထား ပေါ်သွားနိုင်ခြေ ရှိသော်ငြားလည်း သူမသည် ထိုလူနှစ်ယောက်၏ နိဂုံးကိုမျက်မြင်ကိုတွေ့ ကြည့်ရှုချင်လေသည်။

အားချန်ကလည်း သူမ၏ရွေးချယ်မှုကို နားလည်ပေးနိုင်သဖြင့် ပြင်ဆင်ထားပြီးသား လက်ဆောင်ကို ပေးအပ်ခဲ့၏။

ယခင်က ဟေးဟော်ရှီကျောက်ကို ဝယ်ခဲ့ချိန်က အားချန်သည် တခြားပစ္စည်းများကိုလည်း အများကြီးဝယ်ယူခဲ့၏။ ထိုပစ္စည်းများထဲက တစ်စိတ်တစ်ပိုင်းကို ကော်တစ်မျိုးပြုလုပ်ရာတွင် အသုံးပြုခဲ့လေသည်။

ယီဟူကျောင်း(ကျားနဂါးအမြီး) ကို အဓိကထားပြီး ကြိုချက်ထားသည့် ကော်သည် နူးညံ့သည့်အရေပြားကို မထိခိုက်စေဘဲ အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိလေသည်။ အကယ်၍ ယွီသခင်မသာ ကော်နှင် မျက်နှာကိုကပ်ထားမည်ဆိုလျှင် သူသေဆုံးသွားသည်အထိ ထိုမျက်နှာက ကွာကျလာမည် မဟုတ်ချေ။

နောက်ပိုင်း အစီအစဉ်များကိုတော့ အားချန်လည်း မမေးခဲ့တော့ပေ။ သူမသည် မည်သို့သောမျက်နှာမျိုး လဲလှယ်မည် ဆိုသည်ကိုလည်း မမေးခဲ့ချေ။ ဟွေ့ညန်ကို မြို့တံခါးဝအထိ လိုက်ပို့ခိုင်းရုံသာ လိုက်ပို့ခိုင်းလိုက်တော့သည်။

သို့သော်ငြား ယွီသခင်မသည် သေချာပေါက် ပြန်လာလိမ့်မည်ဟု သူမသည် ထင်နေမိ၏။

သို့ပေသိ ထိုအချိန်ကျလျှင်တော့ သူမသည် ရုပ်ရည်ပြောင်းလဲသွားပြီး ဖြစ်လိမ့်မည်။ တခြားသူများလို ပုံမှန်မျက်နှာတစ်ခု ပိုင်ဆိုင်ထားလိမ့်မည်။ အကယ်၍သူမသာ ဆန္ဒမရှိလျှင် ဘယ်သူကမှ သူမကို မှတ်မိနိုင်မည် မဟုတ်ပေ။

ပိုင်ရှိုးမင်၏ ခန့်မှန်းချက်များမှာ အလွန်မှန်ကန်နေသဖြင့် အားချန်သည် ထိုအကြောင်းအရာကို ဆက်လက် မဆွေးနွေးရဲတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်တော့၏။

"အရှင်မင်းကြီးက အဲဒီလူနှစ်ယောက်ကို ဘယ်လိုအပြစ်ပေးမှာလဲ"

ပိုင်ရှိုးမင်သည် သူမ၏စိတ်ကူးလေးကို မဖော်ထုတ်ဘဲနဲ့ ပူးပေါင်းကာ ပြန်ဖြေလိုက်တော့၏။ "တော်ဝင်သွေးသားကို ရောနှောတာက သေဒဏ်ပေးဖို့ လုံလောက်ပါတယ်"

ဒီကိစ္စမှာ အရေးကြီးသည့် အချက်က ရှင်းအန်းရှန့်ကျူ မည်သို့နစ်နာခဲ့ရသည့် အချက်မဟုတ်ပေ။ လူတစ်ယောက်က တော်ဝင်မျိုးနွယ်စုဝင်အဖြစ် အယောင်ဆောင်ပြီး အစားထိုး ဝင်ရောက်ခဲ့လေသည်။ ထိုအချက်ကမှ အရှင်မင်းကြီးကို ဒေါသထွက်စေရသည့် အချက်ပင်။

"ယင်းအန်းဝမ် မိသားစုက အရှင်မင်းမြတ်ကို အသနားခံတာမျိုး မလုပ်ပေးကြဘူးလား"

ဟန်ရှောင်ထုံအပေါ် သံသယဝင်စရာအချက်‌တွေ အများကြီးကို လျစ်လျူရှုပြီး ဆယ်နှစ်ကျော်ကြာအောင် သမီးအရင်းလို ချစ်ခင်မြတ်နိုး လာခဲ့ကြတာ။ ကြည့်ရတာ ဟန်ရှောင်ထုံက သူတို့စိတ်ထဲမှာ အပြည့်အစုံဆုံး သမီးတစ်ယောက် ဖြစ်နေပုံပဲ။ သူတို့က သူ့ကို သေခိုင်းဖို့လောက် အထိတော့ ရက်စက်ကြမှာ မဟုတ်ဘူး။

"လုပ်ကြပါတယ်"

"ပြီးတော့ရော"

"ဒီတော့ အရှင်မင်းကြီးက သူတို့ကို အိမ်ပြန်လွှတ်လိုက်တယ်"

အားချန်က စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏။ "ဒါပဲလား"

နန်းတော်ထဲက ထွက်လာတဲ့လမ်းမှာ ယင်းအန်းဝမ်မိသားစုက မင်ကျင့်စီးကို ဖမ်းဆီးခေါ်ခံသွားရတဲ့ ဟန်ရှောင်ထုံနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့တယ်" ပိုင်ရှိုးမင်၏ အသံသည် အေးဆေးတည်ငြိမ်လို့နေ၏။ "ကံဆိုးချင်တော့ သူတို့က ဟန်ရှောင်ထုံရဲ့ မျက်နှာကို မြင်သွားကြတယ်လေ။ ပြန်ကြားရတာတော့ ယင်းအန်းဝမ်‌ဖေးက လန့်ပြီးမေ့လဲ သွားတယ်တဲ့"

"ကြည့်ရတာ ယင်းအန်းဝမ်ဖေးရဲ့ ခံနိုင်ရည်စွမ်းအားက နည်းနည်းနိမ့်ပုံရတယ်" အားချန်ကလည်း သက်ပြင်းချလိုက် လေသည်။ "ကျွန်မ ထင်တာက သူတို့သားအမိ သံယောဇဉ် ကြီးမားကြတယ်။ ဟန်ရှောင်ထုံ ဘယ်လိုပုံစံဖြစ်သွားပါစေ ယင်းအန်းဝမ်ဖေးက လက်ခံနိုင်လိမ့်မယ်လို့ ထင်ထားတာ။ တကယ်တမ်းကျတော့ မျက်နှာကိုပဲ ကြည့်ကြတာကိုး"

ယင်းအန်းဝမ်ဖေးက သူမ၏သမီးကို ချစ်ခင်သည်ဟု ပြောတာထက် သူမ သတ်မှတ်ထားသည့် စံနှုန်းကိုက်ညီသော သမီးကို ချစ်ခင်ခြင်းဖြစ်သည်ဟု ပြောတာကပင် ပိုမှန်ပေလိမ့်မည်။

အပြုအမူ အပြောအဆိုမှအစ ရုပ်ရည်အထိ ထိုအရာများ အားလုံးက စံနှုန်း သတ်မှတ်ချက်ထဲတွင် ရှိနေမှဖြစ်ပေမည်။

ယခင်က ယွီသခင်မသည် အရည်အချင်း မပြည့်မီခဲ့ချေ။ ယခုမျက်နှာ ပျက်စီးသွားသော ဟန်ရှောင်ထုံကလည်း အရည်အချင်း ပြည့်မီတော့မည် မဟုတ်ပေ။

ပိုင်ရှိုးမင်သည် အားချန်၏ဆိုင်တွင် တစ်နာရီနီးပါး ထိုင်နေပြီးမှ ပြန်သွားလေတော့၏။ အားချန်က သူ့ကို တံခါးဝအထိ လိုက်ပို့ပေးကာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီးမှ သူ၏အင်္ကျီလက်စကို လှမ်းဆွဲလိုက်လေသည်။

"ဘာဖြစ်လို့လဲ" ပိုင်ရှိုးမင်က ခြေလှမ်းကို ရပ်တန့်ထားလိုက်ကာ လှည့်ကြည့်လိုက်၏။

"ကျွန်မ ကိစ္စတစ်ခု သတိရသွားလို့" အားချန်၏ မျက်နှာသည် မရေမရာ ဖြစ်လို့နေသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ယင်းအန်းဝမ် အိမ်တော်က ဖိတ်စာရောက်လာလို့ ဂန္ဓမာပန်းပွဲတော် သွားတက်ရောက်ခဲ့တာ။ အဲဒီမှာသခင်မယွီနဲ့ ပြန်တွေ့ခဲ့တာ"

"ဘာပြဿနာ ရှိလို့လဲ"

"အဲဒီနေ့တုန်းက ရွှဲရှီလည်း ရောက်လာတယ်။ သူက ဟန်ရှောင်ထုံ ဖိတ်လို့လာတာ။ ကျွန်မနဲ့တွေ့တော့ သူက ကျင့်ယန်မြို့စား အဆင်ပြေသွားပြီဆိုပြီးတော့ ဂုဏ်ယူဝင့်ကြွားပြီး ပြောနေသေးတယ်" အားချန်က ပိုင်ရှိုးမင်ကို ကြည့်လိုက်၏။ "အဲဒီတုန်းက ကျင့်ယန်မြို့စား ပြန်လွှတ်လာတာ သူ့ဘက်က ဝင်ပြောပေးမယ့်သူရှိလို့လား"

သူမက မေးလာသည်ကို ကြားလိုက်ရသောအခါ ပိုင်ရှိုးမင်သည် ထိုနေ့ကအခြေအနေကို ပြန်စဉ်းစား ကြည့်လိုက်လေသည်။ "ကျင့်ယန်မြို့စားဘက်က ဝင်ပြောပေးတဲ့အရာရှိတွေ ရှိတာတော့ မှန်တယ်။ ငါ မှတ်မိသလောက် ရွှီဇယ်ချန်လည်း အဲဒီထဲမှာပါတယ်"

အစပိုင်းတွင် ပိုင်ရှိုးမင်က ကျင့်ယန်မြို့စားကို အရေးယူရန် တင်ပြခဲ့လေသည်။ ထိုအချိန်က အရှင်မင်းကြီးသည် ဒေါသထွက်နေသဖြင့် အရေးယူရန် သဘောတူခဲ့ခြင်းဖြစ်၏။

နောက်ပိုင်းတွင် စစ်ဆေးရေးမှူးများနဲ့ တချို့သောအရာရှိများက သက်သေအထောက်အထား မခိုင်လုံဘဲ မြို့စားတစ်ပါးကို ဖမ်းဆီးထားခြင်းမှာ မသင့်လျော်ကြောင်း ပိုင်ရှိုးမင်သည် ပုဂ္ဂိုလ်ရေး ရန်ညိုးဖြင့် အရေးယူနေခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုလာသဖြင့် အရှင်မင်းကြီးက ပြန်လွှတ်ပေးရန် သဘောတူခဲ့ခြင်းပင်။

ယခု ပြန်စဉ်းစား ကြည့်လိုက်တော့ ထိုစာပေပညာရှင် အရာရှိများက အဘယ်ကြောင့်များ ဒီကိစ္စကို အကြောင်းပြုပြီး ပြဿနာ ရှာခဲ့ရသနည်း။

"ရွှီဇယ်ချန်နဲ့ ကျင့်ယန်မြို့စားတို့က ပုံမှန်အချိန်မှာ ရင်းနှီးကြလား" အားချန်က ထပ်မေးလိုက်လေသည်။

အားချန်၏ မှတ်ဉာဏ်ထဲတွင် ကျင့်ယန်မြို့စားအိမ်တော်နှင့် ရွှီအိမ်တော်တို့သည် မည်သည့်အခါကမှ သွားလာဆက်ဆံမှု မရှိခဲ့ချေ။

"မရှိဘူး" ပိုင်ရှိုးမင်က အတည်ပြုပြောလိုက်၏။

"သူတို့က အဆက်အဆံမရှိကြရင် ဒါက ရွှဲရှီနဲ့ဟန်ရှောင်ထုံတို့ရဲ့ ဆက်ဆံရေးကြောင့် ဖြစ်မှာပေါ့။ ရွှီဇယ်ချန်က ကျင့်ယန်မြို့စားအတွက် အပင်ပန်းခံပြီး လိုက်လံဆောင်ရွက် ပေးရလောက်အောင် သူတို့ရဲ့ဆက်ဆံရေးက ဘယ်လောက်တောင် နက်ရှိုင်းနေလို့လဲ။ ရွှီရှီက ကျင့်ယန်မြို့စားကတော် ဖြစ်လာတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ တစ်နှစ်အတွင်းမှာ အရင်က မယားငယ်ဖြစ်ခဲ့ဖူးတဲ့သူက ရှင်းအန်းရှန့်ကျူနဲ့ ဒီလောက်နက်ရှိုင်းတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပါ့မလား"

အားချန်သည် သေသေချာချာလေးကို ဆန်းစစ်သုံးသပ် ကြည့်ပြီးနောက် သူမ၏ တွေးခေါ်ခြင်းက မှန်ကန်ကြောင်း ပိုပြီးခံစားလာရ၏။ သူမလည်း မော့ကြည့်လိုက်သောအခါ ပိုင်ရှိုးမင်က သူမကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ထပ်ပြီးတော့ ပူလောင်စေတဲ့ အကြည့်မျိုးပဲ။

သူမ၏နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားပြီး အကြည့်လွှဲ ထားလိုက်တော့၏။ "ကျွန်မ ပြောတာ ရှင်ကြားရဲ့လား"

"ကြားပါတယ်" ပိုင်ရှိုးမင်သည် လက်မြှောက်လိုက်ပြီး သူမ၏ နားထင်နားက ဆံပင်များကိုနားအနောက်သို့ သပ်တင်ပေး လိုက်လေသည်။ သူ၏လက်ချောင်း ထိပ်ဖျားများသည် သူမ၏ ပါးပြင်လေးကို ဖွဖွလေး ထိတွေ့သွားတော့၏။ သူက သူမကို ပြောလာခဲ့သည်။ "ပြန်ရောက်ရင် စုံစမ်းလိုက်ပါ့မယ်"

ကျေနပ်လောက်သော အဖြေကိုရရှိလိုက်သဖြင့် အားချန်ကလည်း ချက်ချင်းပျော်ရွှင်သွားလေသည်။

သူ့ကိုလမ်းတဖက်သို့ လိုက်ပါပို့ဆောင် ပေးလိုက်ပြီးနောက် အားချန်လည်း လှည့်ပြန်လာခဲ့၏။ လမ်းတိုလေး တလျှောက်တွင် ဘေးနားရှိနှင်းများကို နင်းဆော့ကာ ကစားလိုက်သေးသည်။ နောက်ဆုံးတွင်တော့ အေးလာသဖြင့် ဆိုင်ထဲသို့ပြန်ဝင်သွားခဲ့၏။

ပိုင်ရှိုးမင်သည် လမ်းတစ်ဖက်တွင် ရပ်ကာ သူမက ဆော့ကစား နေသည်ကိုလည်း ကြည့်ရှုနေခဲ့၏။ သူ့မျက်ဝန်းထဲတွင်တော့ တခြားသူများ တစ်ခါမှ မမြင်ခဲ့ဖူးသော နူးညံ့သိမ်မွေ့မှုများ ပြည့်နှက်လို့နေလေသည်။

ပိုင်ရှိုးမင် ထွက်ခွာသွားပြီးနောက် တစ်နာရီခန့်အကြာတွင်တော့ ချန်ဟွေ့သည် မြင်းလှည်းမောင်းကာ ပြန်ရောက်လာခဲ့လေသည်။

တံခါးအပြင်ဘက်က အသံကိုကြားလိုက်ရသဖြင့် အားချန်သည် တံခါးဖွင့်ကာ ထွက်လာခဲ့လေသည်။ ချန်ဟွေက မြင်းလှည်းကို ရပ်တန့်လိုက်ပြီး လှည်းပေါ်မှ ဆင်းလာခါစရှိသေးသည်။

သူမသည်လည်း နောက်ခန်းကို ဖွင့်လိုက်ရာ အတွင်းတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံ ပြည့်နှက်လို့နေသည်။ သန့်ရှင်းရေးလုပ်ပြီးသား ကြက်နှစ်ကောင်အပြင် သိုးတစ်ကောင်လုံးလည်း ပါရှိသေးသည်။

အားချန်သည် သိုးတစ်ကောင်လုံးကို မြင်လိုက်ရသည့်တွင် မျက်လုံးများ ပြူးကျယ်သွားတော့၏။ "ဘာဖြစ်လို့ဒီလောက် အများကြီးဝယ်လာတာလဲ"

သိုးကို တစ်ခါတလေ တစ်နှပ်လောက် စားတာက ကောင်းပေမယ့် အစားအသောက် ဆန်းသစ်တယ်လို့ပဲ သဘောထားလို့ ရတယ်လေ။ နောက်ရက်တွေမှာ နေ့တိုင်းသိုးသားချည်းပဲ စားရမယ်ဆိုရင်တော့ လက်မခံနိုင်စရာပဲ။

ချန်ဟွေ့က နှုတ်ခမ်းဆူကာ မကျေမနပ်ဖြစ်နေသည့် သူမပုံစံကို မြင်လိုက်ရသောအခါ ရယ်မောလိုက်တော့၏။ "ရှင် စားဖို့မဟုတ်ပါဘူး။ သူဌေးရွှီက ကျွန်မတို့ဆိုင်ကို ကြည့်ပေးထားတာကြာပြီလေ။ သိုးသားတစ်ဝက်ကို သူ့ကိုပေးဖို့ပါ"

"ဒါဆိုကျန်တဲ့ တစ်ဝက်ကရော" အားချန်သည် အလွယ်တကူ အရိပ်အယောင်ပြကာ လှည့်စားလို့ရနိုင်သူ မဟုတ်ချေ။ သူမသည် အလွန်ဆုံး သိုးသား တစ်ပန်းကန်လောက်သာ လက်ခံနိုင်ပေမည်။

"သူဌေးမလွီက သိုးသားကြိုက်တယ်လေ။ ခြံထဲမှာ သိုးသတ်တယ်လို့ ကြားလို့ ကျွန်မကို နည်းနည်းလောက် ဝယ်လာပေးဖို့ အကူအညီတောင်းထားတာ။ သူက ပေါက်စျေးအတိုင်း ပြန်ဝယ်မှာ"

သူဌေးမလွီ လိုချင်တာဟု ကြားလည်းရသည့်အခါမှ အားချန်သည် သက်ပြင်းချနိုင်တော့သည်။

သူတို့ရှီးလင်က ပြန်လာပြီးနောက် တစ်ဖက်ခြံကဆိုင်ခန်းပိုင်ရှင် ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ ဘေးနားတွင် ရှေးဟောင်းပစ္စည်းဆိုင် အသစ်တစ်ဆိုင် ဖွင့်လှစ်ထား၏။ ဆိုင်ပိုင်ရှင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး မကြာသေးခင်ကမှ ခင်ပွန်းသည်နှင့် ကွာရှင်းထားသူ ဖြစ်ကြောင်း သိရသည်။

ဒီအမျိုးသမီးသည် ချန်ဟွေ့နှင့် အဆက်အဆံများသော်လည်း အားချန်နှင့်တော့ သိပ်မရင်းနှီးပေ။ သူမ၏ကျန်းမာရေး သိပ်မကောင်းကြောင်း လောက်သာ သိရှိထားလေသည်။

"ကောင်းပြီလေ" ချန်ဟွေ့၏ အကြောင်းကြားချက် ခိုင်လုံသည်ကို ကြားမှ အားချန်သည်လည်း သိုးကောင်ကြီးကို ဆက်ပြီး အပြစ်မရှာတော့ပေ။

နှစ်ယောက်သား သုံးခေါက်လောက် သယ်ယူပြီးမှ လှည်းပေါ်က ပစ္စည်းများကို နောက်ဖေးခြံဝင်းထဲသို့ သယ်ဆောင်ပြီးစီး သွားတော့၏။ ထိုနောက်တွင်တော့ ချန်ဟွေ့သည် မီးဖိုချောင်ထဲသို့ဝင်ကာ သိုးသားများကို ခုတ်ထစ်လိုက်လေသည်။

သူမသည် သူဌေးရွှီနှင့် သူဌေးမလွီတို့အတွက် သိုးသားများကို ဝေပေးပြီးနောက် ကျန်သိုးပေါင် တစ်ချောင်းကိုယူကာ အသားလွှာ ထားလိုက်လေသည်။

အားချန်က ခုံပုလေးပေါ်တွင်ထိုင်ရင်း သူမ အလုပ်လုပ်နေသည်ကို ကြည့်ရှုကာ မီးကူမွှေးနေလိုက်၏။

မီးဖိုထဲသို့ ထင်းတုံးနှစ်တုံး ထည့်လိုက်ပြီးနောက် အားချန်သည် ပါးနှစ်ဖက်ကို လက်ဖြင့်ထောက်ကာ ငေးမောနေမိတော့၏။ မီးဖိုထဲက မီးတောက်များသည် လှုပ်ခတ်နေပြီး သူမ၏ မျက်နှာလေးမှာ နီရဲသွားတော့သည်။

ချန်ဟွေ့က သူမက ဒီနေ့ နည်းနည်းလေး တိတ်ဆိတ်နေသည်ဟု သတိပြုမိနေသဖြင့် လှည့်ကြည့်လိုက်ကာ မေးလိုက်တော့သည်။ "ဘာဖြစ်လို့လဲ စိတ်မကြည်မလင် ဖြစ်နေတာလား"

"ခုနတုန်းက ပိုင်ရှိုးမင် လာသွားတယ်"

အားချန်၏ လှုပ်ရှားနေသည့် လက်မှာရပ်တန့်သွားပြီး မျက်နှာပေါ်တွင် သတိထားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ "ဒီလောက်မြန်တာလား။ ယွီသခင်မ အကြောင်း လားစုံစမ်းတာလား"

"အင်း"

"အင်း ... ဒါဆိုသူ ဘာပြောသွားလဲ"

ချန်ဟွေ့သည် ရန်သူနှင့် ရင်ဆိုင်ရသလို ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် အားချန်မှာ ရယ်မောမိလေတော့၏။ "ဘာမှမဖြစ်ပါဘူး။ သခင်မယွီရဲ့ အကြောင်းတွေကို ကျွန်မ သူ့ကို ပြောပြလိုက်တယ်လေ။ သူက သခင်မယွီရဲ့ ခြေရာခံတာတွေကို ဆက်မလိုက်တော့ဘူးလို့ ကတိပေးသွားတယ်။ တကယ်တမ်း သူ့ကို ရှာခိုင်းရင်တောင် ရှာတွေ့မှာမှ မဟုတ်တာ"

အားချန်က ပေါ့ပေါ့ပါးပါး ပြောနေသည်ကို မြင်လိုက်ရသည်တွင် ချန်ဟွေ့၏စိတ်ထဲတွင် ရှုပ်ထွေးသွားတော့၏။

အဲဒီ ပိုင်လူကြီးမင်းက အားချန်နဲ့တွေ့မှပဲ ဒီလောက် စကားပြောရ လွယ်ကူနေတာ ဖြစ်မယ်။

အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာ ဒီလောက်ကြီးကျယ်တဲ့ကိစ္စ ဖြစ်ပျက်ခဲ့တာကိုတောင် သူက ဖုံးကွယ်ပေးရဲတယ်တဲ့။

"ဒါဆိုရင် ရှင် ခုနက ဘာတွေတွေးနေတာလဲ" ချန်ဟွေ့သည် နစ်မျောနေသော အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး မေးလိုက်၏။

"ကျွန်မ ဖျားနေပြီ ထင်တယ်လို့ ခံစားနေရလို့ပါ" အားချန်သည် မျက်နှာအမူအရာ ရှုပ်ထွေးနေပြီး လက်ဖြင့် မျက်နှာလေးကို စမ်းသပ်ကြည့်လိုက်လေသည်။ "ဒီနေ့တစ်နေ့လုံး မျက်နှာကပူနေတယ်လို့ ခံစားနေရလို့"

"ဟင်" ချန်ဟွေ့သည် လက်ထဲက ဓားမကြီးကို ချထားလိုက်ပြီး ဘေးနားတွင် လက်ဆေးကာ လက်သုတ်ပဝါဖြင့် ခြောက်သွေ့နေအောင် သုတ်လိုက်၏။ ထို့နောက်မှ အားချန်၏ နဖူးပေါ်သို့ လက်တင်လိုက်လေသည်။

အချိန် တော်တော်ကြာအောင် စမ်းသပ်ပြီးနောက် ချန်ဟွေ့က လက်ကိုပြန်ဖယ်လိုက်၏။ "ကိုယ်ပူမနေပါဘူး"

ပြောပြီးသည်နှင့် ချန်ဟွေ့သည် စိတ်မချသဖြင့် ထပ်မေးလိုက်လေသည်။ "မျက်နှာပူတယ်လို့ ဘယ်အချိန်ကစပြီး ခံစားရတာလဲ"

ထို့နောက် အားချန်သည် စောစောက ပုံမှန်မဟုတ်သော ဖြစ်ရပ်နှစ်ခုကို ပြန်လည်ကာ ပြောပြလိုက်တော့သည်။ ပြောပြီးသည်နှင့် စိုးရိမ်ပူပန်စွာ မေးလိုက်၏။ "ခဏခဏ ဖြစ်နေတာ။ ကျွန်မ သမားတော် သွားပြကြည့်သင့်သလား"

လူသားတွေရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းတယ်။ ငါ ခန္ဓာကိုယ်ထဲမှာ ရောဂါအောင်းနေမှာကို စိုးရိမ်မိတယ်။ အသက်ရှင်ရှင် နေနိုင်မယ့်နည်းလမ်း ရှာမတွေ့ခင်တော့ ကိုယ်တိုင် အရင် ကျဆုံးသွားရင် ဒုက္ခပဲ။

ချန်ဟွေ့၏ မျက်နှာအမူအရာမှာ အလွန်ရှုပ်ထွေး သွားလေတော့၏။ အချိန်အတော်ကြာမှ သက်ပြင်းချပြီး ပြန်ပြောလိုက်တော့သည်။ "ရှင် မဖျားပါဘူး"

"ဒါဆိုရင် ကျွန်မ ဘာဖြစ်နေတာလဲ" အားချန်မှာ နားမလည်နိုင် ဖြစ်နေမိ၏။ "ရှင် ... ပိုင်ရှိုးမင်ကို သဘောကျနေပြီ ထင်တယ်"

...

All Chapters