← Chapters

သားသမီးမကောင်း မိဘခေါင်း ...

Vol. 14 Ch. 131

သားသမီးမကောင်း မိဘခေါင်း ...

Vol. 14 Ch. 131

နန်းတွင်းကုန်ကုန်းများသည် အမိန့်တော် ပြန်တမ်းသွားပို့ချိန်တွင် အရှင်မင်းကြီးသည် အစီရင်ခံစာများကို ဆက်လက် စစ်ဆေးနေပြီး ပိုင်ရှိုးမင်ကတော့ ဘေးတွင်တိတ်ဆိတ်ငြိမ်သက်စွာ ရပ်လို့နေ၏။

အစီရင်ခံစာနှစ်စောင် စစ်ဆေးပြီးနောက် အရှင်မင်းကြီးက ရုတ်တရက် မေးလာသည်။ "ယင်းအန်းဝမ် မိသားစုကို ဘယ်လိုစီရင်သင့်တယ်လို့ မင်းထင်လဲ"

ပိုင်ရှိုးမင်က လက်နှစ်ဖက်ကို ဘေးတွင်ချထားကာ တိတ်ဆိတ်စွာရပ်နေပြီး "ကျွန်တော်မျိုးက အမှုစစ်ဖို့ပဲ တာဝန်ယူထားတာပါ။ ဘယ်လိုစီရင်ရမလဲ ဆိုတာကတော့ အရှင်မင်းကြီးရဲ့ သဘောတော်အတိုင်းပါပဲ"

အရှင်မင်းကြီးသည် သူ့ကိုဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။ "မနေ့က တော်ဝင်မျိုးနွယ်စုထဲက တော်တော်များများက ကျန်းကို လာပြီးအသနားခံကြတယ်။ သူတို့က ယင်းအန်းဝမ်က အလိမ်ခံလိုက်ရတာပါ။ အမှားကြီး ကျူးလွန်ခဲ့တာ မဟုတ်ပါဘူးလို့ ပြောကြတယ်"

မနေ့က အဲဒီလိုကိစ္စမျိုး ဖြစ်ပျက်ခဲ့တာ အရမ်းတုံးအ,မနေတဲ့သူဆိုရင် စိတ်ထဲမှာ ခန့်မှန်းမိကြမှာပဲ။

ပြီးတော့ စစ်ထျန်းကျန့်က အိမ်တိုင်ရာရောက် အိမ်တိုင်းစေ့ လိုက်ပြီးသွေးသား စစ်ဆေးနေတာ တကယ်လည်း သွေးသားရောနှောနေတဲ့ သူတွေတချို့ကို ဖမ်းမိခဲ့တယ်။ သူတို့အနေနဲ့ဘာပြဿနာ ဖြစ်ခဲ့လဲဆိုတာကို သိသင့်ပါတယ်။

ပိုင်ရှိုးမင်ကတော့ မအံ့ဩချေ။ ယင်းအန်းဝမ်သည် စွမ်းဆောင်ရည် ကြီးကြီးမားမား မရှိသော်လည်း နာမည်ကောင်း ရထားသူဖြစ်သည်။ သို့မဟုတ်လျှင် အရှင်မင်းကြီးကလည်း သူ့ကိုမျိုးနွယ်စု အကြီးအကဲအဖြစ် ခန့်အပ်ခဲ့မှာ မဟုတ်ပေ။

ပုံမှန်အချိန်ဆိုလျှင် သူက ဒီလိုကိစ္စမျိုးမှာ ပါဝင်မှာမဟုတ်သော်ငြား အားချန်ပြောသည့် မတရားတာတွေ့ရင် ဝင်ပါမယ်ဟူသည့် စကားကို သွားသတိရ လိုက်လေသည်။

ယင်းအန်းဝမ် မိသားစုဘယ်လို အဆုံးသတ်မလဲဆိုတာကို သူဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူတို့ ကောင်းကောင်း မနေရဘူးဆိုရင် အားချန် ပျော်နေလောက်မယ်လို့ ထင်တယ်။

ထို့ကြောင့် ပိုင်ရှိုးမင်က ပြောလိုက်၏။ "ကျွန်တော်မျိုး ထင်တာကတော့ အရှင်မင်းကြီးအနေနဲ့ ယင်းအန်းဝမ်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးသင့်ပါတယ်”

အရှင်မင်းကြီးသည် သူဝင်ပြောလာသည်ကို အံ့သြသွားပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

"ကျွန်တော်မျိုးလက်ထဲမှာ ယင်းအန်းဝမ်က သူ့သမီးကို တမင်သက်သက် မှားယွင်းအသိအမှတ်ပြုခဲ့တယ် ဆိုတဲ့သက်သေ အထောက်အထား မရှိပါဘူး။ ကိစ္စတစ်ခုတည်းနဲ့ သူတို့မိသားစုရဲ့ ကိုယ်ကျင့်တရားကို ဝေဖန်လို့မရပါဘူး"

အရှင်မင်းကြီးက ဒီအချက်ကို ဂရုစိုက်နေခြင်း ဖြစ်သည်ကို ပိုင်ရှိုးမင်က သေချာပေါက် သိလေသည်။

တော်ဝင်မိသားစုထဲက ဝမ်တစ်ပါးအနေနဲ့ ကိုယ်ပိုင် အကြံအစည်လေးတွေ ရှိနိုင်တယ်။ အရည်အချင်း မရှိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ကျင့်တရားကတော့ ကောင်းမွန်နေမှ ဖြစ်မှာလေ။

"ဒါဆို မင်း ပြောကြည့်စမ်းပါဦး။ ဘယ်လိုဝေဖန်ဆုံးဖြတ်ရမလဲ"

"အရှင်မင်းကြီးအနေနဲ့ ခဏနေရင် စမ်းသပ်ကြည့်လိုက်ပါလား။ ယင်းအန်းဝမ် လင်မယားက သမီးကို မှားယွင်းအသိအမှတ် ပြုခဲ့တာဆိုရင်တော့ ခွင့်လွှတ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ သမီးအရင်းရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သိပြီးတာတောင်မှ ဘာမှမခံစားရဘူးဆိုရင်တော့ သံသယဝင်စရာ ဖြစ်နေပါပြီ"

အရှင်မင်းကြီးသည် ဒီအချက်ကို မဆိုးဘူးဟု ထင်မှတ်ကာ ခေါင်းငြိမ့်ပြလိုက်၏။ "ဒါဆိုလည်း စမ်းကြည့်တာပေါ့"

ယင်းအန်းဝမ် မိသားစုသည် အမှုကိစ္စဒီလောက်မြန်မြန် အဖြေပေါ်လိမ့်မည်ဟု မထင်ထားမိချေ။ နန်းတော်ထဲက အမိန့်ပြန်တမ်း ရောက်လာသည်နှင့် သူတို့သည် အချိန်ဆွဲမနေရဲဘဲ မြင်းလှည်းစီးကာ နန်းတော်သို့အမြန် ဝင်ရောက်လာခဲ့ကြ၏။

စာကြည့်ဆောင်သို့ သွားရာလမ်းတွင် သူတို့မိသားစုဝင်များ စိတ်လှုပ်ရှား နေကြလေသည်။ အမှုကိစ္စဒီလောက် မြန်မြန်ရှင်းလင်းသွားတာက သူတို့အတွက် ကောင်းသောကိစ္စ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

ယင်းအန်းဝမ်က ပိုလို့ပင် စိုးရိမ်ပူပန်နေမိ၏။ သူသည် မည်သို့ရှင်းပြရမည်ကို မစဉ်းစားရသေးခင် အရှင်မင်းကြီးက ခေါ်ယူလိုက်ပြီဖြစ်ရာ မည်သို့အပြစ်ပေး ခံရမည်ကိုလည်း မသိနိုင်ပေ။

စာကြည့်ဆောင်သို့ ရောက်လာသောအခါ လေးယောက်သားသည် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြ၏။

အရှင်မင်းကြီးက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ မိန့်ကြားလိုက်လေသည်။ "ထကြပါ"

ယင်းအန်းဝမ်ဖေးသည် ယင်းအန်းဝမ်ရှီဇီ၏ တွဲကူမှုဖြင့် ထရပ်လိုက်၏။ အရှင်မင်းကြီးက စကားမပြောသဖြင့် သူတို့အားလုံးက ဘေးတွင်တိတ်ဆိတ်စွာ ရပ်နေကြပြီး ဘယ်သူကမှလည်း အရင်ဆုံးမေးခွန်း မထုတ်ရဲကြပေ။

"ပိုင်ရှိုးမင် ပြောလိုက်"

"ဟုတ်ကဲ့ပါ" ဘေးတွင်ရှိနေသော ပိုင်ရှိုးမင်သည် ယင်းအန်းဝမ် မိသားစုကိုပြောလိုက်၏။ "စုံစမ်းစစ်ဆေးချက်အရ ရှင်းအန်းရှန့်ကျူ နေရာကို အစားထိုးဝင်ရောက်ခဲ့တဲ့သူရဲ့ နာမည်အရင်းက ဟန်ရှောင်ထုံပါ။ ကျောင်းကျိုးက အမှုထမ်းငယ်လေးရဲ့သမီးပါ။ ရွှီဇယ်ချန်နဲ့ ငယ်ငယ်လေး ကတည်းက သိကျွမ်းခဲ့တဲ့သူပါ။ ရွှီဇယ်ချန်နဲ့ ရှင်းအန်းရှန့်ကျူတို့ ကျောင်းကျိုးကို ရောက်သွားပြီးတဲ့နောက် သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ ခဲ့ကြပါတယ်။ ရွှီဇယ်ချန်က ရှန့်ကျူရဲ့ ဗိုလ်ကျတတ်တဲ့ စိတ်နေစိတ်ထားကို မကျေနပ်ဘဲ ဟန်ရှောင်ထုံက သိမ်မွေ့ပြီး အလိုက်သိတတ်တာကို သဘောကျတာရယ်ကြောင့် သူတို့နှစ်ယောက် ဖောက်ပြန်ခဲ့ကြပါတယ်"

ပိုင်ရှိုးမင်စကား ပြောပြီးသွားသောအခါ ယင်းအန်းဝမ် မိသားစုကို ကြည့်လိုက်လေသည်။

ယင်းအန်းဝမ်ဖေး၏ မျက်နှာမှာ ဖြူဖျော့သွားလေ၏။ သူမခံစားနေရသည်မှာ ပိုင်ရှိုးမင်၏ စကားများသည် ငါးမျက်လုံးများကို ပုလဲအစစ်ထင်မှတ်ပြီး ဆယ်နှစ်ကျော်ကြာ တယုတယ ချစ်ခင်မြတ်နိုးခဲ့ရသော သူမကို လှောင်ပြောင်နေသကဲ့သို့ပင်။

ပိုင်ရှိုးမင်သည် ယင်းအန်းဝမ်ဖေး၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်လေသည်။ "နောက်ပိုင်းမှာ ရွှီဇယ်ချန်က ဟန်ရှောင်ထုံ ဆီကနေ သိလိုက်ရတာက သူ့ရဲ့ခင်ပွန်းလောက်အိမ်ကမှာ မျက်နှာလဲလှယ်တဲ့ လျှို့ဝှက်ပညာရှိတယ်တဲ့။ သူတို့နှစ်ယောက် မကောင်းတဲ့စိတ်ကူးရလာပြီး ရှင်းအန်းရှန့်ကျူရဲ့ မျက်နှာကို လဲလှယ်လိုက်ကြတယ်။ ပြီးတော့ ဟန်ရှောင်ထုံက သူ့ရဲ့ခင်ပွန်းလောင်းရယ် ရှင်းအန်းရှန့်ကျူရယ်ကို သတ်ပစ်လိုက်တယ်"

ရှီဇီဖူးရန်သည် ဒီနေရာသို့ ရောက်လာသောအခါ အာမင်ဍိတ်အသံ တစ်ချက်ပြုမိလိုက်၏။ ပိုင်ရှိုးမင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ "ကံကောင်းထောက်မစွာနဲ့ ရှန့်ကျူက အသက်မသေဘဲ ရှင်သန်ကျန်ရစ်ခဲ့တယ်"

ပိုင်ရှိုးမင် စကားဆုံသွားပြီး အချိန်တော်တော်ကြာမှ ယင်းအန်းဝမ်က တုံ့ပြန်နိုင်တော့သည်။ "ပိုင်လူကြီးမင်းပြောတာက ... ရှင်းအန်းက ... အသက်ရှင် နေသေးတယ်ပေါ့"

"ဟုတ်ပါတယ်။ ဝမ်ရယ် သူ့ကို တွေ့ဖူးပါတယ်။ သူက သိပ်မကြာသေးခင်ကမှ သရဲပြဇာတ် ဇာတ်အဖွဲ့နဲ့အတူ မြို့တော်ကို ရောက်လာပြီး ဝမ်ရယ်အတွက် သရဲပြဇာတ်ကို ကပြဖူးပါတယ်"

ယင်းအန်ဝမ်မှာ ကြောင်အ သွားလေသည်။ " ဘယ်လို"

"သူ့နာမည်က ယွီအန်းပါ။ တခြားသူတွေကတော့ သူ့ကို ယွီသခင်မလို့ ခေါ်ကြတယ်"

ဒီနာမည်ကို ကြားလိုက်ရသောအခါ လေးယောက်စလုံးမှာ မှင်သက်အံ့သြ သွားကြတော့သည်။

ရှီဇီဖူးရန်သည် ယင်းအန်းဝမ်ဖေးကို ကြည့်လိုက်၏။ ဂန္ဓမာပန်းပွဲတော်နေ့က ဝမ်ဖေးက သူ့ကို ဆုတောင် ချီးမြှင့်ပေးခဲ့သည်ကို မှတ်မိနေသေးသည်။

အဲဒီနေ့တုန်းက ရှင်းအန်းအတုနဲ့ ရွှီဇယ်ချန်တို့လည်း ရှိခဲ့ကြတယ်လေ။

ရှီဇီဖူးရန်၏ စိတ်ထဲတွင် မခံမရပ်နိုင်အောင် ဖြစ်သွားလေသည်။ ရှင်းအန်း ဒီနှစ်တွေမှာ ဘာတွေဘယ်လိုများ ဖြတ်သန်းခဲ့ရတာလဲ။ အဲဒီနေ့တုန်းက အဲဒီလို အခြေအနေမျိုးမှာ သူဘယ်လို သည်းခံခဲ့ရသလဲ။

"သူက ရှင်းအန်း ဖြစ်နေတာလား ...” ယင်းအန်းဝမ်ဖေးသည် တီးတိုးရေရွတ် လိုက်လေသည်။ “ဒီလိုဆိုရင် သူကဘာဖြစ်လို့ ဒီလောက်ကြီးကျယ်တဲ့ လမ်းကြောင်းကိုရွေးပြီး လျှောက်လှမ်းခဲ့ရတာလဲ။ ဘာဖြစ်လို့ ကျွန်မတို့နဲ့ တိုက်ရိုက်လာပြီး အသိအမှတ် မပြုရတာလဲ"

ယင်းအန်ဝမ်ဖေး၏ သဘောထားသည် သဘာဝကျလွန်းသဖြင့် ဘယ်သူက မည်သို့ ပြန်ပြောရမည်ကို မသိတော့ချေ။

"အရှင်မင်းကြီး အရှေ့မှာ မဟုတ်မဟတ်တွေ လျှောက်မပြောနဲ့" ယင်းအန်းဝမ်က တိုးတိုးလေး သတိပေးလိုက်၏။

ယင်းအန်းဝမ်ဖေး သည်လည်း မကျေမနပ်ဖြင့် ပါးစပ်ပိတ်ထား လိုက်ရတော့သည်။

"ဒီမေးခွန်းက တကယ်ကို မေးခွန်းကောင်းတစ်ခုပဲ။ ကျန်းလည်း သိချင်နေတာ ရှင်းအန်းက ဘာဖြစ်လို့ မင်းတို့နဲ့ တိုက်ရိုက်လာပြီး အသိအမှတ်မပြုတာလဲ။ ကျန်းရဲ့မွေးနေ့ပွဲမှာမှ ဘာဖြစ်လို့လာပြီး ပြဿနာရှာရတာလဲ" အရှင်မင်းကြီးသည် မျက်နှာသေဖြင့် သူတို့ကို ကြည့်လိုက်လေသည်။ "ယင်းအန်းဝမ် မင်းအပြစ်ကို သိရဲ့လား"

ယင်းအန်းဝမ်သည် အရှင်မင်းကြီး၏ စကားကို ကြားလိုက်ရသောအခါ မွေးနေ့ပွဲဖျက်ဆီး ခံလိုက်ရသည့်အတွက် ယင်းအန်းဝမ် အိမ်တော်အပေါ် အမျက်ဒေါသ ပုံချနေပြီဟု တွေးလိုက်မိလေသည်။

သူသည် ဘုတ်ခနဲ ဒူးထောက်ချလိုက်ပြီး တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ အမှားပါ။ ကျွန်တော်မျိုးက သမီးကို မှာယွင်း အသိအမှတ်ပြုခဲ့မိလို့ ဒီလိုကပ်ဘေးဆိုးကြီး ဖြစ်ပွားသွားခဲ့ရတာပါ။ အရှင်မင်းကြီးကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ"

ယင်းအန်းဝမ်ဖေးသည်လည်း လိုက်ပါ ဒူးထောက်လိုက်သော်ငြား ခုခံပြောဆိုဖို့ရန် ကြိုးစားလိုက်လေသည်။ "အရှင်မင်းကြီး ရှင်းအန်းရဲ့ လုပ်ရပ်တွေ အားလုံးက ကျွန်မတို့နဲ့ မသက်ဆိုင်ပါဘူး"

"မင်းတို့နဲ့ မသက်ဆိုင်ဘူး ဟုတ်လား။ သူက မင်းတို့သမီး မဟုတ်လို့လား"

"ဒါပေမဲ့ ... ဒါပေမဲ့ ဝမ်ရယ်နဲ့ ကျွန်မက သူ့ကို မတွေ့ရတာ ဆယ်နှစ်ကျော်နေပြီ။ သူ ပြဿနာရှာခဲ့ရင်တောင် ဝမ်ရယ်အပေါ် အပြစ်ပုံချလို့ မရပါဘူး"

အရှင်မင်းကြီးသည် ဒူးထောက်နေသည့် လူများကို လေးနက်စွာ ကြည့်လိုက်ပြီး ရုတ်တရက်စကား လမ်းကြောင်းပြောင်းလိုက်၏။ "ယင်းအန်းဝမ်ဖေး ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်"

သူတို့နှစ်ဦးစလုံး သက်ပြင်းချလိုက်သည်ကို မြင်လိုက်ရသောအခါ သူက ဆက်ပြောလိုက်လေသည်။ "ရှင်းအန်းက ကျန်းရဲ့မွေးနေ့ပွဲမှာ ရိုင်းစိုင်းတဲ့ အပြုအမူကို လုပ်ခဲ့တယ်။ သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးနိုင်ပေမယ့် အပြစ်ဒဏ်တော့ ပေးရလိမ့်မယ်။ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်။ ယင်းအန်းဝမ်ဖေး ဘယ်လိုထင်လဲ။ ဘယ်လို အပြစ်ပေးသင့်သလဲ"

ယင်းအန်းဝမ်ဖေးက မြန်မြန်ပြောလိုက်လေသည်။ "အရှင်မင်းကြီး သဘောတော် အတိုင်းပါပဲ။ ဝင်ရယ်နဲ့ကျွန်မက ဘာကန့်ကွက်စရာမှ မရှိပါဘူး"

"တကယ်လား" အရှင်မင်းကြီးသည် မယုံကြည်ဟန် ဖြစ်သွားတော့၏။ "ရှင်းအန်းက ဒီနှစ်တွေမှာ ဒုက္ခတွေအများကြီး ခံစားခဲ့ရတာ။ မင်းတို့တွေ ရက်စက်နိုင်ပါ့မလား"

ယင်းအန်းဝမ်ဖေးက တရားမျှတ ဟန်ဆောင်ကာ ပြောလိုက်လေသည်။ "ဒါက သူ ခံယူထိုက်တဲ့ ပြစ်ဒဏ်ပါပဲ။ ကျွန်မ လုံးဝ ဖုံးကွယ်ပေးထားမှာ မဟုတ်ပါဘူး"

"ယင်းအန်းဝမ်ကရော" ယင်းအန်းဝမ်သည် ခေါင်းငုံ့လိုက်ကာ "ကျွန်တော်မျိုးလည်း ကန့်ကွက်စရာ မရှိပါဘူး"

အနောက်ဘက်တွင် ဒူးထောက်နေသည့် ရှီဇီကတော့ မနေနိုင်ဘဲ ဝင်ပြောလိုက်တော့သည်။ သူသည် အရှင်မင်းကြီး ရှေ့မှောက်တွင် အလွန်ကြောက်ရွံ့နေမိ၏။ "အရှင်မင်းကြီး ညီမလေး ... ညီမလေးက အပြစ်ရှိပေမဲ့ ..."

သူသည် ပေမဲ့ ဟူသည့်စကားကို ပြောလိုက်သည်မှာ ကြာပြီဖြစ်သော်ငြား အသုံးဝင်သောစကား တစ်ခွန်းမှ ထွက်မလာခဲ့ချေ။

"ယင်းအန်းဝမ်ရှီဇီက အမြင်မတူဖြစ်နေတာလား။ ဒါမှမဟုတ် သူ့အစား အပြစ်ခံယူချင်နေတာလား" အရှင်မင်းကြီးက မေးလိုက်၏။

ယင်းအန်းဝမ်ရှီဇီမှာ ပါးစပ်ပိတ်သွားတော့သည်။

အရှင်မင်းကြီး၏ မျက်လုံးတော်ထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ "မင်းတို့အားလုံး ကျန်းရဲ့စကားကို သဘောတူကြမှတော့ ရှင်းအန်းကိုဘယ်လို အပြစ်ပေးရင် ကောင်းမလဲ"

ဘယ်သူမှ ဝင်မပြောရဲကြသည်ကို မြင်သောအခါ အရှင်မင်းကြီးက ပိုင်ရှိုးမင်ကိုကြည့်လိုက်၏။ "ပိုင်ရှိုးမင် မင်း ဘယ်လိုထင်လဲ"

"သားသမီးမကောင်း မိဘခေါင်းဆိုတဲ့ စကားအတိုင်းပါပဲ။ ရှင်းအန်းရှန့်ကျူရဲ့ လုပ်ရပ်တွေက ဝမ်ရယ် ဝမ်ဖေးတို့နဲ့ ကင်းကွာလို့ မရပါဘူး။ ကျွန်တော်မျိုး ထင်တာကတော့ အရှင်မင်းကြီးအနေနဲ့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်"

ယင်းအန်းဝမ်သည် ပိုင်ရှိုးမင်ကို ချက်ချင်း လှည့်ကြည့် လိုက်လေသည်။ ဒီလိုအချိန်မှာ တစ်ဖက်လူက ရုတ်တရက် တွင်းထဲကျနေသည့်လူကို ကျောက်ခဲနှင့် ထပ်ပေါက်လိမ့်မည်ဟု သူသည် ထင်မှတ်မထားမိချေ။

"ပိုင်ရှိုးမင် ငါတို့ ဝမ်ရယ်နဲ့မင်းနဲ့ ဘာရန်ငြိုးရန်စမှမရှိပဲနဲ့ မင်းက ဘာဖြစ်လို့ တစ်ဖက်လူကို ဆွဲချချင်နေရတာလဲ"

ပိုင်ရှိုးမင်သည် သူတို့၏ စွပ်စွဲချက်များကို မကြားသလို ဘာမှမတုံ့ပြန် လိုက်ချေ။ အရှင်မင်းကြီးကတော့ စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "ရိုင်းစိုင်းလိုက်တာ။ ဒါက ဘယ်နေရာလို့ ထင်နေတာလဲ"

ယင်းအန်းဝမ်ဖေးသည် ဒါက အရှင်မင်းကြီးရှေ့မှောက်သို့ ရောက်နေသည်ကို သတိရသွားပြီး တုန်လှုပ်စွာဖြင့် ပြန်လည်ဒူးထောက် လိုက်လေသည်။

"ကျန်း ထင်တာကတော့ ပိုင်ရှိုမင်ပြောတဲ့ စကားက အဓိပ္ပာယ်ရှိတယ်။ ယင်းအန်းဝမ်နဲ့ ယင်းအန်းဝမ်ဖေးတို့က သမီးကို ကောင်းကောင်း မဆုံးမနိုင်ဘူး။ ကျန်း ရှေ့မှောက်မှာတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပြီး ယဉ်ကျေးမှုမရှိဘူး။ ပြီးတော့ နောင်တရတဲ့ စိတ်လည်း မရှိဘူး။ မြို့တော်မှာ ဆက်နေဖို့ မသင့်တော်ဘူး။ တော်ဝင်ဘုရားကျောင်းကို သွားပြီး ကိုယ့်ဟာကိုယ် ပြန်လည်သုံးသပ် ပြုပြင်ကြတော့"

အရှင်မင်းကြီး၏ စကားကို ကြားလိုက်ရသောအခါ ယင်းအန်းဝမ်ဖေးသည် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့၏။

တော်ဝင်ဘုရားကျောင်း နာမည်ကသာ ဘုရားကျောင်းဆိုသော်ငြား အမှန်ပြောရလျှင်တော့ တော်ဝင်မိသားစုများကို ချုပ်နှောင်ထားသည့် နေရာပင်။

တော်ဝင်မျိုးနွယ်စုတွေ အမှားလုပ်မိရင် ပေါ့ပေါ့ပါးပါးဆို အိမ်တော်ထဲမှာပဲ ကိုယ့်ဟာကိုယ် ပြန်လည်သုံးသပ်ခိုင်းတာ။ လေးလေးနက်နက် ဆိုရင်တော့ တော်ဝင်ဘုရားကျောင်းကိုပို့ပြီး ပြန်လည် သုံးသပ်ခိုင်းတာပဲ။

သူမနဲ့ ဝမ်ရယ်က ဘာအမှားလုပ်မိလို့လဲ။

သူတို့က တမင်သက်သက် သမီးကိုမှားယွင်း အသိအမှတ် ပြုခဲ့တာမှ မဟုတ်တာ။ အဲဒီဝဋ်ကြွေးက ဒီနေ့ကို တမင်ရွေးပြီး လာကလဲ့စားချေတာလေ။ အရှင်မင်းကြီးကို ဒေါသထွက်စေပြီး သူတို့မိသားစု တစ်စုလုံးကိုပါ ဒုက္ခရောက်စေခဲ့တာ။

ယင်းအန်းဝမ်ဖေးသည် စိတ်ထဲမှ တွေးလိုက်လေသည်။ ဒီလိုဖြစ်မယ်မှန်းသိရင် ရှင်းအန်း ပြန်မလာတာကမှ ပိုကောင်းအုံးမယ်။

တကယ်လို့ ဘယ်သူကမှ ဟန်ရှောင်ထုံရဲ့ အထောက်အထားကို ဖွင့်မချခဲ့ရင် သူတို့မိသားစု အခုချိန်အထိ ပျော်ရွှင်နေကြဦးမှာပဲ။ အခြေအနေတွေက ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်လာရတာလဲ။

ယင်းအန်းဝမ်သည် ဝမ်ဖေးနှင့် မခြားနားပေ။ သူက အော်ဟစ်လိုက်လေသည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး မတရားခံရတာပါ"

"မင်း ဘယ်နေရာမှာ မတရားခံရတာလဲ"

"ရှင်းအန်းရဲ့ လုပ်ရပ်တွေကို ကျွန်တော်မျိုး တကယ်ဘာမှ မသိရပါဘူး။ ကျွန်တော်မျိုး သူ့ကို မှတ်တောင် မမှတ်မိတော့ပါဘူး"

သမီးကို မမှတ်မိဘူး ဆိုတဲ့အချက်က နောက်ဆုံးတော့ ယင်းအန်းဝမ်အတွက် သက်သေတစ်ခု ဖြစ်လာခဲ့လေသည်။

ကံဆိုးချင်တော့ သူသည် အရှင်မင်းမြတ်၏ စိတ်ကို နားမလည်နိုင်ခဲ့ချေ။ ဒီလိုပြောလေလေ အရှင်မင်းကြီးက သူ့ကို ပိုမုန်းတီးလေလေ ဆိုတာကိုပင် မသိချေ။

အရှင်မင်းကြီးကတော့ အကြောင်းပြချက်ကို လုံးဝနားမထောင်ပဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။ "ခုနက ပြောပြီးပြီလေ။ သားသမီးမကောင်း မိဘခေါင်းတဲ့။ မင်းတို့ သူ့ကို မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ အခု သူပျောက်သွား ပြီဆိုတော့ မင်းတို့ကပဲ သူ့အစား ပြစ်ဒဏ်ခံရတော့မှာပေါ့"

"မင်းကတော့ ..." အရှင်မင်းကြီးသည် မျက်နှာဖြူဖျော့နေသည့် ယင်းအန်းဝမ်ရှီဇီကို ကြည့်လိုက်လေသည်။ မျိုးဆက်နောက်ကျ သူကိုတော့ မျက်နှာသာ ပေးလိုက်တော့၏။ "မင်းက အိမ်ပြန်ပြီး တစ်နှစ်လောက် တံခါးပိတ်ပြီး ကိုယ့်ဟာကိုယ် ပြန်သုံးသပ်လိုက်တော့။ ကောင်းကောင်း ပြုပြင်နေထိုင်ပါ"

ယင်းအန်းဝမ် မိသားစုသည် ထိုသို့နားမလည်နိုင်သည့် အပြုအမူတစ်ခုဖြင့် နန်းတော်အပြင်ဘက်သို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။ နောက်ဆုံးအချိန်အထိ သူတို့သည် မိမိတို့မည်သည့်နေရာတွင် မှားယွင်းခဲ့သည်ကို မသိရှိလိုက်ကြချေ။

သူတို့သည် ပိုင်ရှိုးမင်ကို ပစ်မှားလို့ အရှင်မင်းကြီးက ပိုင်ရှိုးမင်၏ ကုန်းစကားကို ယုံကြည်သွားခြင်း ဖြစ်မည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်။

လူအများ ထွက်သွားပြီးနောက်တွင် အရှင်မင်းကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "မိသားစုလိုက် တုံးအတဲ့သူကတုံး၊ ယုတ်မာတဲ့သူက ယုတ်မာ။ ကျန်း တကယ်ပဲ အမြင်မမှားခဲ့ဘူးပဲ"

"အရှင်မင်းကြီး စိတ်လျှော့တော်မူပါ" ပိုင်ရှိုးမင်က နှစ်သိမ့်ပေးလိုက်၏။ "သူတို့နဲ့ ဘက်ပြိုင်နေစရာ မလိုပါဘူး"

ယင်းအန်းဝမ် မိသားစုကို စီရင်ပြီးသွားပြီ တရားခံ အစစ်ကတော့ ရှိနေသေးတယ်။

ပိုင်ရှိုးမင်က ထပ်မေးလိုက်လေသည်။ "အရှင်မင်းကြီး ရွှီဇယ်ချန်နဲ့ ဟန်ရှောင်ထုံတို့ နှစ်ယောက်ကို ဘယ်လိုစီရင်ရမလဲ"

အရှင်မင်းကြီးက ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "ရွှီနဲ့ဟန် မိသားစုနှစ်ခုလုံး ပိုင်ဆိုင်မှုသိမ်းပြီး ပြည်နှင်ဒဏ်ပေးမယ်။ ဒီနှစ်ယောက်ကတော့ တော်ဝင်သွေးသားကိုရောနှောတာ သေဒဏ်ပေးဖို့ လုံလောက်တယ်။ သက်သေ အထောက်အထား ခိုင်လုံနေမှတော့ အမြန်ဆုံး ကွက်မျက်လိုက်တော့"

ပိုင်ရှိုးမင်ကလည်း တွက်ချက်မှုတချို့ ပြုလုပ်ကြည့်လိုက်ပြီး သိပ်မကြာခင် နှစ်သစ်ကူးရောက်တော့မည် ဖြစ်ကာ ပထမလတွင် သွေးစွန်းသည်ကို မြင်ရခြင်းက မသင့်တော်လေဘူးဟု သိရှိလိုက်သဖြင့် သူသည် ထိုနှစ်ယောက်စလုံးကို နှစ်သစ်ကူးမတိုင်ခင် ရှင်းပစ်လိုက်ရပေမည်။

သူက ခါးကို အနည်းငယ် ကိုင်းလိုက်၏။ "ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်"

ပြောသင့်သည်များကို ပြောပြီးသွားပြီ ဖြစ်သော်လည်း ပိုင်ရှိုးမင်က ထွက်ခွာရန် အရိပ်အယောင် မပြသဖြင့် အရှင်မင်းကြီးက အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။ "မင်း ကိစ္စရှိသေးလို့လား"

ကျွန်တော်မြို့ရဲ့ လက်အောက် ငယ်သားက မနေ့ညက ဟန်ရှောင်ထုံကို စစ်ဆေးမေးမြန်းတုန်းက မထင်မှတ်ထားတဲ့ သတင်းတစ်ခု ရခဲ့ပါတယ်။ အဲဒီသတင်းက ကျင့်ယန်မြို့စားကတော်နဲ့ ပတ်သက်နေပါတယ်။ ကျွန်တော်မျိုး ချက်ချင်းဆုံးဖြတ်ရ ခက်နေလို့ အရှင်မင်းကြီးကို လာရောက် အစီရင်ခံတာပါ"

"ကျင့်ယန်မြို့စား ထပ်ဖြစ်ပြန်ပြီလား" အရှင်မင်းကြီးက မျက်ခုံးပင့်ပြလိုက်ကာ "အပြင်မှာ ပြောနေကြတာ မင်းနဲ့ကျင့်ယန်မြို့စားက မိသားစု ရန်ငြိုးရှိတယ်ဆို။ တကယ်တမ်း ဘာရန်ငြိုးမလို့ မင်းက သူတို့ကို နေ့တိုင်းစောင့်ကြည့် နေရတာလဲ"

ပိုင်ရှိုးမင်၏ မျက်နှာပေါ်တွင် မတက်သာသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။ "အရှင်မင်းကြီး ဒီတစ်ခါကတော့ တကယ် တိုက်ဆိုင်မှုတစ်ခုပါ"

သူက ကျင့်ယန်မြို့စား မိသားစု သေတာရှင်တာကို ဂရုမစိုက်ပါဘူး။ အားချန်ကသာ သူတို့ကို စောင့်ကြည့်နေတာ။ မထင်မှတ်ထားတာက ဒီတစ်ခေါက် သူ ပြောတဲ့စကားက တကယ်မှန်သွားခဲ့တာ။

"ကောင်းပြီလေ။ ဒါဆိုပြောပြစမ်းပါဦး"

ပိုင်ရှိုးမင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ဟန်ရှောင်ထုံ ထွက်ဆိုတာက ကျင့်ယန်မြို့စားကတော် ရွှဲရှီရဲ့အဖေနဲ့ သူ့အဖေက အရင်တုန်းက ရုံးတော်တစ်ခုထဲမှာ အမှုထမ်းခဲ့ဖူးတဲ့ အရာရှိငယ် လေးတွေပါတဲ့။ သူတို့နှစ်ယောက်က အစောကြီးကတည်းက သိကျွမ်းခဲ့ကြတာပါ"

"ဒီလောက်တောင် တိုက်ဆိုင်တာလား" အရှင်မင်းကြီးသည် ထိုအကြောင်းအရာကို အနည်းငယ် စိတ်ဝင်စား လာတော့သည်။ "ဘာလဲ။ ရွှဲရှီနဲ့ ဟန်ဆောင်ထုံတို့က ပူးပေါင်းကြံစည်ထားကြတာလား"

"ပူးပေါင်း ကြံစည်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ သိလျက်နဲ့ ဖုံးကွယ်ပေးထားတယ်လို့တော့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် ကျင့်ယန်မြို့စားက သမီးဖြစ်သူကို ရှန်းအိမ်တော်နဲ့ လက်ထပ်ပေးတဲ့ ကိစ္စကြောင့် စုံစမ်းစစ်ဆေး ခံခဲ့ရတုန်းက ရွှဲရှီက ရှင်းအန်းရှန့်ကျူ ဖြစ်နေပြီဖြစ်တဲ့ ဟန်ရှောင်ထုံကို သွားရှာပြီး အရင်တုန်းက သံယောဇဉ်ကို ထောက်ထားပြီး ကျင့်ယန်မြို့စားကို ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်"

"အရင်တုန်းက သံယောဇဉ်ဟုတ်လား။ သူကဟန်ရှောင်ထုံရဲ့ အထောက်အထားကို အစောကြီးကတည်းက သိနေတာလား"

"ကျွန်တော်လည်း အဲဒီလို သံသယဝင်မိလို့ အရှင်မင်းကြီးဆီမှာ လာပြီး လမ်းညွှန်မှု ခံယူတာပါ"

အရှင်မင်းကြီးက သူ့ကိုမျက်စောင်းထိုးလိုက်ကာ "မင်းက ကျင့်ယန်မြို့စားကို တောင် ဖမ်းရဲတာ။ သူ့ကတော်ကို ကြောက်နေတာလား။ ဘာလုပ်ရမလဲဆိုတာကို ကျန်းက သင်ပေးရဦးမှာလား"

"အရှင်မင်းကြီး ဉာဏ်အမျှော်အမြင် ကြီးမားလှပါပေတယ်"

"ဟွန့်။ ထွက်သွားတော့"

ပိုင်ရှိုးမင် နန်းတော်ထဲက ထွက်လာပြီး မကြာခင်မှာပင် မင်းကျင့်စီး အစောင့်များသည် ကျင့်ယန်မြို့စား အိမ်တော်ကို ထပ်မံဝိုင်းရံ လိုက်ကြပြန်သည်။

ကျင့်ယန်မြို့စားသည် ကောင်းမွန်သော နေ့ချက်များကို ရက်အနည်းငယ်သာ ဖြတ်သန်းလိုက်ရပြီး ပိုင်ရှိုးမင် ရောက်လာသည်ဟု ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး ဖြူဖျော့သွား လေတော့၏။

သို့သော်ငြား သူသည် လူကို တားဆီးမထားရဲသဖြင့် မလိုလားသော်လည်း ထွက်ကြိုရတော့သည်။ "ပိုင်လူကြီးမင်း ဒီနေ့ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ"

"ကျွန်တော် ဒီနေ့လာတာကတော့ ကျင့်ယန်မြို့စားနဲ့ မသက်ဆိုင်ပါဘူး။ မြို့စားကတော်ကို ခေါ်ထုတ်ပေးဖို့ ကျင့်ယန်မြို့စားကို မေတ္တာရပ်ခံချင်ပါတယ်"

ကျင့်ယန်မြို့စား၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။ "ပိုင်လူကြီးမင်း ဒါက ဘာအဓိပ္ပာယ်များလဲ"

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်ကို ကွေးတင်ထားလိုက်ကာ "ကြည့်ရတာ မြို့စားမင်းက ပူးပေါင်းဆောင်ရွက်ချင်ပုံ မရဘူးနော်။ ဒါဆိုရင်လည်း ဝင်ရှာရတော့မှာပေါ့"

သူ့အမိန့်ပေးလိုက်သည်နှင့် မင်းကျင့်စီးအစောင့်များသည် ဝုန်းခနဲ ဝင်ရောက်သွားကြရာ မြို့စားအိမ်တော် အစောင့်များသည်လည်း မတားဆီးရဲကြချေ။

မကြာခင်မှာပင် ရွှဲရှီကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြလေသည်။

ရွှဲရှီသည် မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို မသိရှိခဲ့သေးချေ။ ကျင့်ယန်မြို့စားကို မြင်လိုက်သောအခါ အလျင်စလို မေးလိုက်၏။ "မြို့စားမင်း ဒါ ဘယ်လိုဖြစ်တာလဲ။ သူတို့ ဘာဖြစ်လို့ ကျွန်မကို ဖမ်းကြတာလဲ"

"ပိုင်လူကြီးမင်း ခင်ဗျားကျွန်တော့်ကို ရှင်းပြချက်လေး တစ်ခုပေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် ကျွန်တော် အရှင်မင်းကြီးဆီ သွားပြီး ခင်ဗျားကို ဆွဲဆိုရလိမ့်မယ်"

ပိုင်ရှိုးမင်သည် ရွှဲရှီကိုကြည့်လိုက်ပြီး ပြောလိုက်တော့၏။ "ဟန်ရှောင်ထုံဆိုတဲ့ နာမည်ကိုမြို့စားကတော် ရင်းနှီးမယ်ထင်တယ်"

ရွှဲရှီ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားသော်ငြားလည်း ချက်ချင်းငြင်းဆို လိုက်လေသည်။ "ပိုင်လူကြီးမင်း ဘယ်သူ့ကို ပြောနေတာလဲ။ ဒီနာမည်ကို ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး"

"ဟုတ်လား ဒါပေမဲ့ ဟန်ရှောင်ထုံ ပြောတာကတော့ ဒီလိုမဟုတ်ပါဘူး"

...

All Chapters