ကျွန်မ အနံ့ရှူကြည့်မယ်
Vol. 14 Ch. 140
မီးပန်းများ ကုန်ဆုံးသွားပြီးနောက်တွင် သာ့ရှပြည်သူများသည် မင်္ဂလာနှင်းမှုန်များကြားတွင် ချင်းယွမ် ၆ နှစ်ကို ကြိုဆိုလိုက်ကြလေသည်။ သာ့ရှနန်းတော်အတွင်းက နှစ်သစ်ကူး ညစာစားပွဲသည်လည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။
ပုံမှန် နန်းတွင်းစားပွဲများနှင့် မတူညီဘဲ နှစ်သစ်ကူးညတွင် ဝမ်ဘွဲ့ရရှိထားသည့် တော်ဝင်ဆွေမျိုးများနှင့် ၎င်းတို့၏ အမွေဆက်ခံသူများသည် ညစောင့်ရန် နန်းတော်သို့ ဝင်ရောက်ကြရပြီး ညသန်းခေါင်ကျော်မှသာ ပြန်လည်ထွက်ခွာခွင့် ရရှိကြလေသည်။
ယခင်နှစ်များတွင် ပိုင်ရှိုးမင်သည် ယနေ့ည နန်းတွင်းစားပွဲသို့ တက်ရောက်လေ့ မရှိသော်ငြား ယခုနှစ်တွင်တော့ မင်ဝမ်၏ တောင်းဆိုမှုကြောင့် သူနှင့်အတူ နန်းတော်သို့ ဝင်ရောက်ကာ စားပွဲတက်ရောက်ခဲ့သည်။
နှစ်သစ်ကူး ညစာစားပွဲကို ချန်ယွမ်နန်းဆောင်တွင် ကျင်းပခြင်း ဖြစ်လေသည်။ ဤနန်းဆောင်သည် နန်းတော်၏ အရှေ့ဘက်တည့်တည့်တွင် တည်ရှိပြီး ပုံမှန်အချိန်များတွင် ဝင်ရောက်ခွင့် မပြုဘဲ အစောင့်အကြပ်များ တင်းကျပ်စွာ ချထားတတ်ကာ နှစ်သစ်ကူး ညစာစားပွဲနေ့တွင်သာ ဝင်ထွက်ခွင့် ပြုလေသည်။
သည်နေရာတွင် ထူးခြားမှု မရှိလှသော်ငြား နန်းဆောင်အတွင်းတွင် သစ်ပင်များစွာ စိုက်ပျိုးထားလေသည်။ ထိုအပင်များသည် တစ်နှစ်ပတ်လုံး အရွက်မထွက် အပွင့်မပွင့်သော်ငြား ပင်စည်များကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီး တုတ်ခိုင်လာတတ်ကြသည်။ ဘယ်မျိုးစိတ် ဖြစ်သည်ကိုတော့ မသိရှိရချေ။
ညသန်းခေါင်ယံသို့ နီးကပ်လာချိန်တွင် နန်းဆောင်အတွင်း၌ သေရည်သောက်ကာ စကားစမြည် ပြောဆိုနေကြသည့် တော်ဝင်မိသားစုဝင်များ အားလုံးသည် စိတ်အားထက်သန်စွာဖြင့် နန်းဆောင်အပြင်ဘက်သို့ ထွက်ခွာသွားကြလေသည်။ ပိုင်ရှိုးမင်သည်လည်း မင်ဝမ်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး အပြင်သို့ ရောက်ရှိသွားတော့သည်။
ဒီအချိန်တွင် နန်းဆောင်အပြင်ဘက်ရှိ သစ်ပင်တစ်ပင်စီ၏ အောက်တွင် လူအများအပြား ရပ်နေကြပြီ ဖြစ်လေသည်။ မင်ဝမ်က မျက်လုံးများကို မှေးစင်းကာ ပြုံးလျက် ပိုင်ရှိုးမင်ကို ပြောလိုက်၏။
"မင်းလည်း သစ်ပင်တစ်ပင် သွားရွေးလိုက်။ မင်းရဲ့ လာမယ့်နှစ် ကံကြမ္မာက ဘယ်လိုလဲဆိုတာ ကြည့်ရအောင်လေ"
ပိုင်ရှိုးမင်သည် ဘာလုပ်ရမည်ကို ရိပ်မိလိုက်သဖြင့် လူအနည်းဆုံး သစ်ပင်တစ်ပင်ကို ရွေးချယ်ကာ ရပ်လိုက်လေသည်။
ထုန်ထျန်းမျှော်စင် (မိုးထိမျှော်စင်)ပေါ်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်အချိန်တွင် ချန်ယွမ်နန်းဆောင်အတွင်းက သစ်ပင်များသည် ချက်ချင်းဆိုသလို အရွက်ထွက် အပွင့်ပွင့်ကာ အသီးသီးလာကြလေသည်။
သစ်ပင်ပေါ်က အသီးများသည် အနီရောင်ဖြစ်ပြီး လက်သီးဆုပ် အရွယ်အစားခန့်ရှိကာ တောက်ပသော အရောင်အဝါများ စုဝေးနေကြသည်။
ဒီအသီးကို ချန်ယွမ်သီး(ကံကြမ္မာသီး)ဟု ခေါ်ဆိုကြပြီး နှစ်စဉ်နှစ်တိုင်း မင်ဝမ်က သူ့အတွက် တစ်လုံး ယူလာပေးလေ့ ရှိလေသည်။
ချန်ယွမ်သစ်ပင်ကို ပိုင်မျိုးနွယ်၏ ဘိုးဘေးများ ကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပိုင်မျိုးနွယ်စု၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်ဟု ဆိုကြသည်။ မျိုးနွယ်စုအတွင်း ကံကြမ္မာ ကောင်းမွန်ပါက ချန်ယွမ်သီးများစွာ သီးလာမည်ဖြစ်ပြီး အကယ်၍ ကံကြမ္မာသည် မင်းဆက်တစ်ခုကို ထမ်းဆောင်နိုင်ရန် မလုံလောက်ပါက သစ်ပင်သည် ခြောက်သွေ့သေဆုံးသွားမည်ဖြစ်ပြီး မည်သည့်အခါမျှ အသီးသီးတော့မည် မဟုတ်ချေ။
ချန်ယွမ်သီးကို သာ့ရှပြည် အပြင်ဘက်တွင် ဟွမ်ယွမ်သီးဟု ခေါ်ဆိုကြလေသည်။ ဒီအသီးက ခန္ဓာကိုယ်ကို ကျန်းမာစေရန် အသုံးပြုနိုင်ရုံသာမက သူကိုယ်စားပြုသည့် အဓိပ္ပာယ်ကလည်း သာမန်မဟုတ်ချေ။
ပိုင်ရှိုးမင် အတွေးလွန်နေသည့် ခဏတာ အချိန်အတွင်းမှာပင် သူ၏ရှေ့က ချန်ယွမ်သစ်ပင်ပေါ်၌ အသီးများ ဝေဆာနေပြီ ဖြစ်လေသည်။
ပိုင်ရှိုးမင်၏ ဘေးတွင် မည်သည့်ဝမ်အိမ်တော်ကမှန်း မသိရသည့် ရှီဇီတစ်ဦးက သစ်ပင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် အသံကုန်အော်ဟစ် လိုက်လေသည်။ "ဒီနှစ်ရဲ့ အသီးဘုရင်က ငါတို့ဆီမှာဟေ့"
တခြားလူများက ချက်ချင်းဆိုသလို ဒီဘက်သို့ လှမ်းကြည့်လာကြတော့သည်။
ပိုင်ရှိုးမင်လည်း မြင်တွေ့လိုက်ရ၏။ သူ၏ရှေ့က သစ်ပင်ပေါ်တွင် လူခေါင်းအရွယ်အစားခန့်ရှိသည့် ချန်ယွမ်သီးတစ်လုံး ပေါက်ရောက်နေပြီး တခြားအသီးများထက် ပိုမိုထင်ရှားနေလေသည်။
စည်းကမ်းအရ သစ်ပင် ရွေးချယ်ပြီးပါက နေရာပြောင်းလဲခွင့် မရှိတော့ဘဲ မိမိရှေ့က သစ်ပင်ပေါ်က အသီးကိုသာ ခူးယူခွင့်ရှိလေသည်။
တခြားလူများသည် မိမိတို့၏ သစ်ပင်တွင် မဟုတ်ဘဲ တခြားသူ၏သစ်ပင်တွင် ကြီးမားသော အသီးသီးနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းဆိုသလို စိတ်ပျက်လက်ပျက် ဖြစ်သွားကြတော့သည်။ အစက အော်ဟစ်လိုက်သည့် ရှီဇီသည် အပင်ပေါ်သို့ မစောင့်နိုင်တော့ဘဲ တက်ရောက်နေပြီဖြစ်ပြီး အောက်တွင်လည်း သူ့ဘောင်းဘီကို ဆွဲထားသူများ ရှိနေလေသည်။
"မင်းတို့ မျက်နှာမပြောင်ကြနဲ့။ မြန်မြန် လွှတ်စမ်း"
"အဲဒီအသီးက မင်းအတွက် သီးလာတာမို့လို့လား။ မင်းအပေါ် တက်နေရအောင်။ ဆင်းခဲ့စမ်းပါ" လူတစ်ယောက်က ရယ်မောရင်း တစ်ဖက်လူ၏ ဘောင်းဘီကို ဆွဲကာ အောက်သို့ ဆွဲချလိုက်လေသည်။
တစ်ယောက်က ဆင်းလာသည်နှင့် နောက်ထပ်နှစ်ယောက်က ချက်ချင်းဆိုသလို အပေါ်သို့ ပြေးတက်ကြပြန်သည်။
သစ်ပင်ကလည်း သိပ်မမြင့်လှသဖြင့် တစ်ယောက်က မြန်မြန်ဆန်ဆန်ပင် တက်ရောက်သွားပြီး အသီးဘုရင်ကို ထိခါနီးတွင် ထိုအသီးသည် သူ့အလိုလို ကြွေကျလာတော့သည်။
အောက်ကလူများက လက်ကမ်းကာ ဖမ်းယူကြသော်ငြား ထိုအသီးသည် ပိုင်ရှိုးမင်၏ လက်ထဲသို့ တိကျစွာ ကျရောက်သွားလေသည်။
ပတ်ဝန်းကျင်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာပြီး အသီးပိုင်ရှင်ရှိသွားပြီ ဖြစ်သဖြင့် လူအများကလည်း ပစ်မှတ်ပြောင်းလိုက်ကြရတော့သည်။
ဘေးနားတွင် လူတစ်ယောက်က တက်ခေါက်ကာ ပြောလိုက်၏။ "အရမ်းကို တက်ကြွလွန်းတယ်။ မနှစ်က ငါခူးလိုက်တဲ့ အသီးက ငါ့မျက်နှာတည့်တည့်ကို လာမှန်လို့ သစ်ပင်ပေါ်ကနေတောင် ပြုတ်ကျလုနီးပါး ဖြစ်သွားသေးတယ်"
ဒီခေါင်းစဉ်က တော်တော်လေး ဆွဲဆောင်မှုရှိသဖြင့် နောက်တစ်ယောက်ကလည်း ဝင်ပြောလေသည်။ "မင်းအဖြစ်က ဘာဟုတ်သေးလို့လဲ။ မနှစ်က ငါခူးလိုက်တဲ့ အသီးက ချဉ်လွန်းလို့ ငါ့မူချင်းကို သွားဆက်သလိုက်တာ မူချင်းခမျာ သွားကျိန်းပြီး နှစ်ရက်လောက် ဘာမှစားလို့မရ ဖြစ်သွားတယ်။ စိတ်ဆိုးပြီးတော့ ငါ့လစာတဝက်ကိုတောင် ဖြတ်ပစ်လိုက်သေးတယ်"
တချို့လူများက သစ်ပင်အောက်တွင် စကားစမြည်ပြောရင်း အသီးရွေးနေကြပြီး တချို့ကတော့ အသီးခူးပြီးသည်နှင့် နေရာမှာတင် ကိုက်စားနေကြလေသည်။
အရှင်မင်းကြီးနှင့် သက်ကြီးပိုင်း ဝမ်ရယ်များသည် နန်းဆောင်တံခါးရှေ့တွင် ရပ်ကာ လူငယ်လေးများ အသီးခူးနေကြသည်ကို ပြုံးရွှင်စွာ ကြည့်ရှုနေကြ၏။
ပိုင်ရှိုးမင်သည် ချန်ယွမ်သီးကို ကိုင်ဆောင်ကာ မင်ဝမ်၏ ဘေးသို့ ပြန်ရောက်လာခဲ့၏။ အရှင်မင်းကြီးသည် သူ့လက်ထဲက အသီးကို မြင်လိုက်ရပြီးနောက် ချီးကျူးပြောဆိုလိုက်လေသည်။ "မင်းရဲ့ အသီးက တကယ်မသေးဘူးပဲ။ ကြည့်ရတာ ဒီနှစ်မှာ သေချာပေါက် ကောင်းတဲ့ကိစ္စတွေ ဖြစ်လာတော့မယ် ထင်တယ်"
မင်ဝမ်သည် မည်သည့်အချိန်က ခူးလိုက်မှန်းမသိရသည့် အသီးတစ်လုံးကို ကိုင်ထားပြီး တစ်ကိုက် ကိုက်လိုက်ကာ ဘေးမှဝင်ပြောလေသည်။ "ကောင်းတာ ဆိုးတာက အရေးမကြီးပါဘူး။ အရေးကြီးတာက နောက်ဆုံးတော့ သူက ငါ့အသီးကို လုမစားတော့တာပဲ"
အရှင်မင်းကြီးက ဟားတိုက် ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ကျန်းလည်း သွားပြီး အသီးလုရဦးမယ်။ ခဏနေ အလုံးကြီးတွေ အခူးခံလိုက်ရလို့ အသီးသေးသေးလေးပဲ ရမယ်ဆိုရင် မိဖုရားခေါင်ကြီး စိတ်ဆိုးလိမ့်မယ်"
ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် အရှင်မင်းကြီးသည် ကိုယ်ကိုလှည့်ကာ ပိုင်ရှိုးမင်ကို အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။ "ဒီချန်ယွမ်သီးက ရတနာ လက်ဝတ်ရတနာတွေထက် လူကို ပိုပြီးပျော်ရွှင်စေနိုင်တယ်"
"ကျွန်တော်မျိုး မှတ်သားထားပါ့မယ်" ပိုင်ရှိုးမင်က တစ်စုံတစ်ခုကို တွေးတောမိသွားဟန်တူသည်။
နန်းတွင်းစားပွဲ ပြီးဆုံးသွားသည့်နောက် တော်ဝင်မိသားစုဝင်များသည် သုံးယောက်တစ်စု နှစ်ယောက်တစ်စုဖြင့် နန်းတော်ထဲမှ ထွက်ခွာကာ အိမ်ပြန်ကြလေသည်။ မင်ဝမ်က သူ့ဘေးနားက ပိုင်ရှိုးမင်ကို မေးလိုက်၏။ "ဒီဝမ်ရယ်နဲ့ အတူတူ အိမ်ပြန်မလား"
ပိုင်ရှိုးမင်က ငြင်းဆန်လိုက်လေသည်။ "သားတော် ကိစ္စလေးရှိသေးလို့ ခဏနေမှ ပြန်လာခဲ့ပါမယ်"
မင်ဝမ်သည် သူ့လက်ထဲက အသီးကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် လက်ဝှေ့ယမ်းပြလိုက်တော့သည်။ "သွားတော့"
ဒီအချိန်တွင် ချန်းဖိင်ဖန်း၌ မီးရှူးမီးပန်းဖောက်သည့် အိမ်အနည်းငယ်သာ ကျန်ရှိတော့သည်။
အဝေးက မီးရှူးမီးပန်းသံများကြားတွင် အိမ်ခြေအသီးသီးမှ မီးရောင်များသည် တဖြည်းဖြည်း ငြိမ်းသက်သွားကြလေသည်။
အားချန်သည် နှင်းလူသားရုပ် လုပ်ပြီးသည်နှင့် ချန်ဟွေ့၏ တိုက်တွန်းမှုကြောင့် အိပ်ရန် အခန်းထဲသို့ ပြန်လာခဲ့လိုက်၏။ နှင်းများနှင့် ဆော့ကစားနေစဉ်က ဘာမှမဖြစ်သော်ငြား နွေးထွေးသည့် အခန်းထဲသို့ ရောက်ရှိလာသည်နှင့် အိပ်ချင်စိတ်များက ရုတ်တရက် ဝင်ရောက်လာတော့သည်။
သူမသည် ကျားသားရေဖြင့် ပြုလုပ်ထားသည့် မွေ့ရာပေါ်သို့ မှောက်ချလိုက်ပြီး ပျော့အိနေသည့် ခေါင်းအုံးကို လှမ်းယူကာ ဖက်ထားလိုက်ရင်း မရေမရာဖြင့် ခဏလောက် အိပ်ပျော်သွားလေသည်။
အိပ်မောကျနေစဉ်တွင် တံခါးခေါက်သံကို ခသဲ့သဲ့ ကြားလိုက်ရ၏။ အိပ်မက်မက်နေသည်ဟု ထင်မှတ်ခဲ့သော်ငြား မရေမရာ မျက်လုံးဖွင့် ကြည့်လိုက်သည့် အချိန်ထိ အသံက ရှိနေဆဲပင်။
ထို့အပြင် အသံက အနောက်ဘက် ပြတင်းပေါက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
အားချန်သည် လှဲနေရာမှ ထထိုင်လိုက်ပြီး အချိန်တော်တော်ကြာမှ အနောက်ဘက် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
သူမ ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် အခန်းအပြင်ဘက်က အအေးဓာတ်များသည် မျက်နှာကို လာရောက်ရိုက်ခတ်လေသည်။ လေပြင်းများနှင့် နှင်းမှုန်များအပြင် ပိုင်ရှိုးမင်ပါ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
"ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ" အားချန်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် လက်ကိုထောက်ကာ ကိုယ်ကိုအနည်းငယ် ကိုင်းညွတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသည့် အမျိုးသားကို မေးလိုက်သည်။
ပိုင်ရှိုးမင်က လက်ကိုမြှောက်လိုက်ရာ ပန်းကန်ပြားလောက် အရွယ်အစားရှိသည့် အနီရောင် အသီးကြီးတစ်လုံးသည် သူမ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ဒီလောက်လှပသည့် အသီးသည် အားချန်၏ အာရုံကို ချက်ချင်းဆိုသလို ဖမ်းစားလိုက်တော့သည်။ သူမက အနားသို့ တိုးကပ်ကာ သေချာကြည့်ရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံကို ထပ်မံကြားလိုက်ရပြန်သည်။
"အားချန် အိပ်ပြီလား" တံခါးခေါက်သံနှင့်အတူ ချန်ဟွေ့၏ အသံပါ ထွက်ပေါ်လာခဲ့သည်။
အကြောင်းအရင်းမသိ။ သူမသည် ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ သူမသည် ပိုင်ရှိုးမင်ကို ကြည့်လိုက်ပြီး တံခါးဆီသို့ ပြန်ကြည့်လိုက်ကာ မည်သို့ရွေးချယ်ရမည်ကို ဝေခွဲမရ ဖြစ်နေပုံပင်။
ပိုင်ရှိုးမင်သည် သူမ၏ ချီတုံချတုံ ဖြစ်နေသည့်ပုံစံကို စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်မိပြီး အားချန် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အခန်းထဲသို့ ခုန်ဝင်လိုက်လေသည်။
လူကလည်း ဝင်ရောက်လာပြီဖြစ်သဖြင့် ပြန်တွန်းထုတ်လို့လည်း မဖြစ်နိုင်တော့ချေ။
အားချန်သည် ပြတင်းပေါက်ကို အမြန်ပြန်ပိတ်လိုက်ပြီး လူကို တံခါးဝမှ မမြင်နိုင်သည့် ထောင့်တစ်နေရာသို့ တွန်းပို့လိုက်ကာ ပုန်းခိုင်းထားလိုက်ပြီးမှ ပြန်ထူးလိုက်လေသည်။ "မအိပ်သေးပါဘူး။ ဘာဖြစ်လို့လဲ"
သူမက ပြန်ဖြေရင်း တံခါးဆီသို့ လျှောက်သွားလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ချန်ဟွေ့၏ လက်ထဲတွင် လက်ဖက်ရည်အိုးတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ သူမ ထွက်လာသည်ကို မြင်လိုက်ရသောအခါ လက်ဖက်ရည်အိုးကို ကမ်းပေးလိုက်ပြီး မှာကြားလေသည်။ "ဒီထဲမှာ ဂျင်းပြုတ်ရည် ပါတယ်။ ခဏနေ တစ်ခွက်လောက် သောက်ပြီး အအေးဓာတ်ကို ဖယ်ရှားလိုက်ဦး"
"ကောင်းပါပြီ" သူမက သောက်ရတာ သိပ်မကြိုက်သော်ငြား ဖျားနာမှာကို ကာကွယ်ရန်အတွက် စကားနားထောင်ရပေမည်။
ဂျင်းပြုတ်ရည်ကို လှမ်းယူပြီး တံခါးပိတ်လိုက်ကာ အားချန် နောက်လှည့်လိုက်သည်နှင့် ပိုင်ရှိုးမင်က သူမ၏ ကုတင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူ ခုနက ယူလာသည့် အသီးကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး စားပွဲပေါ်က ပန်းကန်ထဲရှိ အသီးများကို သေးငယ်ပြီး အရုပ်ဆိုးသွားစေသယောင်ပင်။
အားချန်သည် လက်ဖက်ရည်အိုးကို ကိုင်ကာ စားပွဲနားသို့ လျှောက်သွားလိုက်ပြီး ဂျင်းပြုတ်ရည် တစ်ခွက် ငှဲ့လိုက်လေသည်။
ဒီအချိန်တွင် ဂျင်းပြုတ်ရည်၏ အပူချိန်မှာ သောက်သုံးရန် အသင့်တော်ဆုံး ဖြစ်နေသဖြင့် သူမသည် ခွက်ထဲက ဂျင်းပြုတ်ရည်ကို တကျိုက်တည်း မော့သောက်လိုက်၏။ ဂျင်းပြုတ်ရည်ထဲတွင် ပျားရည်ထည့်မထားသဖြင့် စူးရှသည့်အနံ့အရသာကြောင့် သူမမှာ အသက်ပင် မရှူရဲတော့ချေ။
သောက်ပြီးသွားသည့်နောက် ခေါင်းလှည့်ကြည့်လိုက်သည်တွင် ပိုင်ရှိုးမင်က သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အားချန်သည် နောက်ထပ် လက်ဖက်ရည်ခွက် တစ်လုံးကို ယူလိုက်ပြီး ထပ်ငှဲ့ကာ ပိုင်ရှိုးမင်ကို ကမ်းပေးလိုက်လေသည်။ အတူတူ ခံစားရအောင်လေ။
ပိုင်ရှိုးမင်သည် သူမ ကမ်းပေးသည့် ဂျင်းပြုတ်ရည်ကို လှမ်းယူလိုက်ပြီး သူမ၏ မရိုးသားမှုကို သိမြင်နေသော်ငြား တစ်ငုံသောက်လိုက်လေသည်။
စူးရှသည့်အရသာ လည်ချောင်းထဲသို့ ဝင်ရောက်လာသည်နှင့် သူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ပြန်ချရန် ပြင်လိုက်စဉ်မှာပင် အားချန်၏ လက်သေးသေးလေးက သူ၏ခွက်ကိုင်ထားသည့် လက်ပေါ်သို့ အုပ်မိုးလာပြီး ခွက်ထဲက ဂျင်းပြုတ်ရည် အားလုံးကို သူ့ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်လေသည်။
သူ သောက်ပြီးသွားသည့် အချိန်ကျမှ တမင်သက်သက် မေးလိုက်သေးသည်။ "သောက်လို့ကောင်းလား"
"မင်းရော ဘယ်လိုထင်လဲ" ပိုင်ရှိုးမင်ကလည်း ဒီအရသာကို သဘောမကျသည်မှာ သိသာလှသည်။
အားချန်မှာ သဘောကျစွာ ရယ်မောလိုက်ပြီး ပိုင်ရှိုးမင်၏ ဘေးနားတွင် ဝင်ထိုင်လိုက်လေသည်။ သူ့ကိုယ်ပေါ်မှ နှင်းကြောင့်ဖြစ်သည့် အေးစက်စက် အငွေ့အသက်များကို ရလိုက်ပြီး သင်းပျံ့သည့် သေရည်နံ့လေးကလည်း ရောယှက်လို့နေသည်။
သူမသည် ဒီသေရည်နံ့ကို အလွန်နှစ်သက်သဖြင့် အနားတိုးကပ်ကာ အနံ့ခံလိုက်ပြီး တိုးတိုးလေး မေးလိုက်၏။ "ရှင် အရက်သောက်ထားတာလား"
"နည်းနည်းပါပဲ" ပိုင်ရှိုးမင်က သူမ အနားတိုးကပ်လာသည်ကို ခွင့်ပေးထားလိုက်လေသည်။
"တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း နည်းနည်းသောက်ထားတယ်။ ရှင့်ကို အနံ့ပေးရှူမယ်" ပြောရင်းဖြင့် သူမက ကိုယ်တိုင် ရှေ့သို့ တိုးကပ်သွားလိုက်တော့သည်။
ပိုင်ရှိုးမင်သည် ပိုပြီးနီးကပ်လာသည့် သူမ၏ မျက်နှာလေးကို ကြည့်လိုက်ပြီး မျက်ဝန်းများမှာ နက်ရှိုင်းသွားသော်ငြား ရှောင်တိမ်းခြင်း မရှိခဲ့ချေ။
ဒီအချိန်မှာပင် တံခါးအပြင်ဘက်က တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာပြီး ချန်ဟွေ့၏အသံက ထပ်ပြီး ပေါ်ထွက်လာပြန်သည်။ "အားချန် စောစောအိပ်တော့။ အပျော်မကြူးနဲ့"
အားချန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ချက်ချင်းဆိုသလို နောက်လှည့်ကာ ပြန်ဖြေလိုက်ရတော့သည်။ "သိပါပြီ။ အခု အိပ်တော့မှာပါ"
သူမသည် စားပွဲပေါ်က ဖယောင်းတိုင်နှင့် အကွာအဝေး တစ်ခု ရှိနေသေးသဖြင့် ပိုင်ရှိုးမင်၏ အင်္ကျီစကို လှမ်းဆွဲလိုက်ရာ ပိုင်ရှိုးမင်က လက်ချောင်းလေး လှုပ်လိုက်ရုံဖြင့် အခန်းထဲက မီးရောင်သည် ရုတ်တရက် ငြိမ်းသွားလေတော့သည်။
သူမအခန်းထဲက မီးရောင် ငြိမ်းသွားသည်ကို မြင်လိုက်ရပြီး ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားမှ ချန်ဟွေ့သည်လည်း မိမိအခန်းသို့ ပြန်သွားလေသည်။
ဒီအချိန်ကျမှ အားချန်သည် နောက်သို့ ဆုတ်လိုက်ရာ ကပ်ငြိနေသည့် နွေးထွေးသည့် အသက်ရှူသံများ တဖြည်းဖြည်း ဝေးကွာသွားသဖြင့် ပိုင်ရှိုးမင်၏ လက်ချောင်းများ ဖွဖွလေး လှုပ်ရှားသွားပြီး စိတ်ထဲတွင် နှမြောတသ ဖြစ်သွားရတော့သည်။
"ရှင် ယူလာတဲ့ အသီးက ဘာအသီးလဲ" အားချန်က သူများကြားသွားမည် စိုးရိမ်သဖြင့် တိုးတိုးလေး မေးလိုက်လေသည်။
"ချန်ယွမ်သီးလေ။ အရသာက ချိုလောက်တယ်" ပိုင်ရှိုးမင်ကလည်း အလိုက်တသင့် အသံနှိမ့်ကာ လူမသိသူမသိ ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
အားချန်သည် ချန်ယွမ်သီးအကြောင်း မကြားဖူးသော်ငြား အသီး၏ လှပမှုကြောင့် စားလို့ကောင်းမည်ဟု ထင်မြင်မိလိုက်၏။
အမှောင်ထဲတွင် ပိုင်ရှိုးမင်၏ အကြည့်များသည် သူမ၏ မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ ပုံဖော်ကြည့်ရှု နေနိုင်လေသည်။ သူမသည် ဒီနေ့ အထူးတလည် လှပနေပြီး သေသပ်သည့် ဆံထုံးကို ထုံးဖွဲ့ထားကာ သူ လူလွှတ်ပြီး ပေးပို့လိုက်သည့် ရွှေဆံထိုးကိုလည်း ပန်ဆင်ထားလေသည်။
"မင်းအတွက် နှစ်သစ်ကူးလက်ဆောင်။ ကြိုက်ရဲ့လား" သူက မေးလိုက်၏။
အရှင်မင်းကြီးကတော့ ချန်ယွမ်သီးက ပိုကောင်းသည်ဟု ထင်မြင်သော်ငြား သူကတော့ လှပသည့် အရာမှန်သမျှ အားချန် သဘောကျလိမ့်မည်ဟု ယူဆထားလေသည်။
"ကြိုက်တာပေါ့" အားချန်က ချက်ချင်းပြန်ဖြေလိုက်၏။
နှစ်သစ်ကူးလက်ဆောင် အကြောင်း ပြောမိမှ သူမသည်လည်း ပိုင်ရှိုးမင်အတွက် လက်ဆောင်ပြင်ဆင်ထားသည်ကို သတိရသွားပြီး အလျင်အမြန် ပြောလိုက်တော့သည်။ "ခဏနေဦး။ ကျွန်မလည်း ရှင့်အတွက် လက်ဆောင် ပြင်ဆင်ထားတယ်"
အားချန်သည် မှန်တင်ခုံရှေ့သို့ စမ်းတဝါးဝါး သွားလိုက်ပြီး အပေါ်တွင် ခဏလောက် ရှာဖွေလိုက်ကာ ပိုးသေတ္တာလေးကို ရှာတွေ့သွားလေသည်။
ဖယောင်းတိုင် ထွန်းညှိရန် အဆင်မပြေသဖြင့် အားချန်သည် စားပွဲပေါ်က ချန်ယွမ်သီး၏ အလင်းရောင်ဖြင့် လက်ထဲက ပစ္စည်းကို သေချာအောင် ကြည့်လိုက်ပြီး မမှားယွင်းကြောင်း သေချာမှ ကုတင်နားသို့ ပြန်လျှောက်လာကာ ပိုးသေတ္တာလေးကို ဖွင့်လိုက်လေသည်။
အတွင်းထဲတွင် ငါးနှစ်ကောင်ပုံစံ ကျောက်စိမ်းပြား တစ်စုံကို ထည့်ထားလေသည်။ အားချန်သည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး လက်ထဲတွင် ကိုင်ထားရင်း ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "ဒါက ရှင့်ကို ပေးတာ"
ပိုင်ရှိုးမင်သည် ကျောက်စိမ်းပြား တစ်စုံကို ကြည့်လိုက်ပြီး အားချန်လက်ထဲက ကျောက်စိမ်းပြားကို လက်လှမ်းကာ ဆုပ်ကိုင်လိုက်ရင်း လက်ချောင်းများဖြင့် ဖွဖွလေး ပွတ်သပ်ကာ ပြောလိုက်၏။ "ကိုယ့်ကို တပ်ပေးပါလား"
"ကောင်းပြီလေ"
အားချန်၏ လက်သည် ပိုင်ရှိုးမင်၏ ခါးပတ်ပေါ်သို့ ရောက်ရှိသွားလေသည်။ သူ့ခါးတွင် ကျောက်စိမ်းပြား တစ်ခု ချိတ်ဆွဲထားပြီးသား ဖြစ်သဖြင့် သူမသည် အလွန်အဆင်ပြေစွာပင် ထိုကျောက်စိမ်းပြားကို ဖြုတ်လိုက်ပြီး သူမပေးသည့် ငါးနှစ်ကောင် ကျောက်စိမ်းပြားဖြင့် လဲလှယ် တပ်ဆင်ပေးလိုက်၏။
ကိုယ့်ဖက်က လက်ဆောင်ပေးမှတော့ သူ့ကိုယ်ပေါ်မှာ ကိုယ်ပေးတဲ့ ကျောက်စိမ်းပြားပဲ ရှိနေရမှာပေါ့။
ထို့နောက် သူမသည် ဖြုတ်ယူလိုက်သည့် ကျောက်စိမ်းပြားကို ဘေးသို့ လွှင့်ပစ်လိုက်လေသည်။
ပိုင်ရှိုးမင်သည် သူမ၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ခပ်ဖွဖွ ရယ်မောလိုက်ပြီးမှ မေးလိုက်၏။ "ကျောက်စိမ်းပြားက တစ်စုံဆိုတော့ ကိုယ်ကလည်း မင်းကို ကျောက်စိမ်းပြား တပ်ပေးမယ်လေ။ ကောင်းမလား"
အားချန်က ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်ကာ "ကောင်းသားပဲ"
ထို့ကြောင့် ပိုင်ရှိုးမင်သည် ကျန်ရှိနေသည့် ငါးနှစ်ကောင် ကျောက်စိမ်းပြားကို ယူလိုက်ပြီး သူမ၏ ကိုယ်ပေါ်တွင် ချိတ်ဆွဲပေးလိုက်လေသည်။ ဒီလိုဆိုရင် သူတို့နှစ်ယောက်က တူညီသည့် ကျောက်စိမ်းပြားကို ဝတ်ဆင်ထားကြပြီ ဖြစ်လေသည်။
လက်ဆောင်ပေးပြီးသွားပြီ ဖြစ်သဖြင့် အားချန်သည် စိတ်ထဲတွင် မှတ်သားထားသည့် ကိစ္စတစ်ခု ပြီးမြောက်သွားပြီဟု ခံစားလိုက်ရကာ သမ်းဝေလိုက်ပြီး လူကို စတင်နှင်ထုတ်လိုက်တော့သည်။ "ကျွန်မ အိပ်တော့မယ်"
"ကိုယ့်ကို လိုက်ပို့မှာလား"
ဧည့်သည်ကို လိုက်ပို့ခြင်းသည် အခြေခံ ယဉ်ကျေးမှု ဖြစ်သဖြင့် အားချန်သည် သူ့လက်ကို ဆွဲကာ အနောက်ဘက် ပြတင်းပေါက်ဆီသို့ လိုက်ပို့ပေးလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ပေးကာ သတိပေးလိုက်သေးသည်။ "ခြေရာတွေကို ဖျက်သွားဦးနော်။ သူများတွေ တွေ့သွားဦးမယ်"
ပိုင်ရှိုးမင်ကလည်း သူမ၏ တောင်းဆိုမှုအတိုင်း နှင်းပေါ်က ခြေရာများကို ဖျက်လိုက်ရတော့သည်။ သူမက ပြတင်းပေါက် ပိတ်တော့မည်ကို မြင်လိုက်ရသောအခါ သူက ပြတင်းပေါက်ဘောင်ကို လက်ဖြင့် တားထားလိုက်ပြီး သူမကို ပြောလိုက်လေသည်။ "ဆောင်းလယ်ပွဲတော်ကျရင် မီးထွန်းပွဲတော်ကို ကိုယ်နဲ့အတူတူ သွားလည်ရအောင်။ ကောင်းမလား"
အားချန်သည် ရှန့်ကျင်း၏ မီးထွန်းပွဲတော်ကို မလည်ပတ်ဖူးခဲ့ချေ။ မနှစ်က ဆောင်းလယ်ပွဲတော်တွင် သူမသည် သေခြင်းရှင်ခြင်း ကြားတွင် ရုန်းကန်နေခဲ့ရသည်။
ထို့နေ့က သူမနှင့် ပိုင်ရှိုးမင် ပထမဆုံး တွေ့ဆုံခဲ့သည့် နေ့လည်း ဖြစ်လေသည်။
"ကောင်းပြီလေ" သူမက ပြောလိုက်၏။
သူမ သဘောတူလိုက်သည်ကို ကြားလိုက်ရမှ ပိုင်ရှိုးမင်သည် ကျေနပ်သွားပြီး လက်ကို ပြန်ရုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ပြန်အိပ်တော့။ ကိုယ်သွားပြီ"
ပြောပြီးသည်နှင့် သူ၏ပုံရိပ်သည် အနည်းငယ် လှုပ်ရှားသွားကာ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် အားချန် နိုးလာသောအခါ တစ်စုံတစ်ခုက သူမကို လာရောက်ဖိမိနေသည်ဟု ခံစားလိုက်ရပြီး စောင်ထဲတွင် အတော်ကြာအောင် စမ်းသပ်ရှာဖွေလိုက်မှ ကြည့်ရုံဖြင့် တန်ဖိုးကြီးမားလှသည့် ချီလုံ(နဂါးတစ်မျိုး) ကျောက်စိမ်းပြား တစ်ခုကို စမ်းမိလိုက်လေသည်။
အားချန်သည် မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည် စဉ်းစားကြည့်လိုက်၏။ သေရည်အနည်းငယ် သောက်ထားမိသောကြောင့် သူမ၏ မှတ်ဉာဏ်များက သိပ်ပြီး မရှင်းလင်းလှသော်ငြား မနေ့ညက ပိုင်ရှိုးမင် လာသွားသည်ကိုတော့ ရေးရေးလေး မှတ်မိနေလေသည်။
သူက အသီးအကြီးကြီး တစ်လုံး လာပေးတယ်။ ပြီးတော့ မီးထွန်းပွဲတော်ကို အတူတူသွားဖို့ ဖိတ်ခေါ်သွားသေးတယ်။
ဒီကြားထဲမှာ ဘာတွေဖြစ်သွားသေးလဲ။
အားချန်သည် သေချာ စဉ်းစားကြည့်လိုက်ပြီးနောက် သူမက ငါးနှစ်ကောင် ကျောက်စိမ်းပြား တစ်ခုကို သူ့အား လက်ဆောင်ပေးလိုက်သည်ကို နောက်ဆုံးတော့ သတိရသွားလေသည်။ သူမသည် ချွတ်ထားသည့် အဝတ်အစားများကို အမြန်သွားလှန်လိုက်ရာ ခါးပတ်ပေါ်တွင် နောက်ထပ် ကျောက်စိမ်းပြား တစ်ခုကို တွေ့လိုက်ရ၏။
ပြင်ဆင်ထားသည့် လက်ဆောင်ကို ပေးလိုက်တာကတော့ ပြဿနာမရှိပါဘူး။ ပြဿနာက ဘယ်သူမှ ကျောက်စိမ်းပြား ပေးရင်းနဲ့ သူများဆီက မူလရှိနေတဲ့ ကျောက်စိမ်းပြားကို ယူထားလိုက်တာမျိုး မရှိလောက်ဘူးလေ။
အားချန်သည် ထိုကျောက်စိမ်းပြားကို ကိုင်ကာ ခဏလောက် ကြည့်နေလိုက်ပြီး သူမ၏ လုပ်ရပ်က အနည်းငယ် ရှက်စရာကောင်းနေသည်ဟု ခံစားလိုက်ရ၏။
သူမသည် ခေါင်းကို မြှုပ်ထားလျှင် ဘာမှ မမြင်ဆိုသလိုပင် ကျောက်စိမ်းပြားကို ကုတင်ခေါင်းရင်းက ပိုးသေတ္တာလေးထဲသို့ ပစ်ထည့်လိုက်ပြီး နောက်နေ့မှ သူ့ကို ပြန်ပေးတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
...