← Chapters

သူက ရှင်အန်းဖြစ်နေတာ!

Vol. 14 Ch. 132

သူက ရှင်အန်းဖြစ်နေတာ!

Vol. 14 Ch. 132

ပိုင်ရှိုးမင်သည် သူမ၏ အထောက်အထားကို ဖော်ထုတ်လိုက်သော်ငြား ရွှဲရှီကတော့ ထိုလူကို မသိကြောင်း တင်းခံနေဆဲပင်။ မင်ကျင့်စီးအစောင့်များ၏ ဖမ်းဆီးခြင်းကိုလည်း ငြင်းဆန်လို့နေသည်။

သူမသည် ကျင့်ယန်မြို့စားကြီး၏ အင်္ကျီလက်စကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့နောက်ကျောတွင် ပုန်းအောင်းနေလေသည်။ သူမ၏အကြည့်သည် ကျင့်ယန်မြို့စား၏ကျောကို ကျော်လွန်ကာ မင်ကျင့်စီးအစောင့်များ ဝိုင်းရံထားသော ပိုင်ရှိုးမင်ကို ကြည့်နေမိ၏။

ရွှဲရှီသည် ခန္ဓာကိုယ်တစ်ခုလုံး အင်အားကုန်ခမ်းသွားသလို ခံစားလိုက်ရတော့သည်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဒီလူပဲ ဖြစ်နေရတာလဲ။

ဒီလူက အိပ်မက်ဆိုးတစ်ခုလိုပဲ။ သူ့ရှေ့မှာ ခဏခဏ ပေါ်လာပြီး သူ့ကို ငရဲခန်းထဲ ဆွဲချနေတော့တာပဲ။ သူတို့ကို အလွတ်ပေးလိုက်လို့ မရဘူးလား။

"ပိုင်လူကြီးမင်း ခင်ဗျား လူဖမ်းချင်ရင် အနည်းဆုံးတော့ သက်သေ အထောက်အထား ပြသင့်တယ်။ လူတိုင်းပြောသမျှ စကားတိုင်းကို သက်သေ အထောက်အထားဖြင့် ယူလို့မရပါဘူး" ကျင့်ယန်မြို့စားသည် ရွှဲရှီ၏ အေးစက်နေသောလက်ကို ဆုပ်ကိုင်ထားပြီး နှစ်သိမ့်ပေးနေသကဲ့သို့ပင်။

"မြို့စားမင်း မသိသေးတာပဲ ဖြစ်မယ်" ပိုင်ရှိုးမင်က ပြုံးသယောင်ယောင်ဖြင့် ပြောလိုက်၏။ "ဪ ... ကျွန်တော် မေ့သွားတယ်။ ဒီတစ်နှစ် အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲကို မြို့စားမင်း တက်ရောက်ခွင့် မရခဲ့ဘူးပဲ"

ကျင့်ယန်မြို့စား၏ မျက်နှာမှာ နီတလှည့်ပြာတစ်လှည့် ဖြစ်သွားပြီး "အဲဒီတော့ ဘာဖြစ်လဲ"

စုံစမ်းစစ်ဆေးမှုများအရ ကျင့်ယန်မြို့စားအိမ်တော်နှင့် ရှန်းအိမ်တော်တို့ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်းတွေ့ရှိ ခဲ့သော်လည်း အရှင်မင်းကြီးသည် သူ့ကိုစိတ်ပျက်သွားခဲ့ပြီဖြစ်၏။ မင်ကျင့်စီးမှ ပြန်လွတ်လာသော်ငြား သူ၏မူလရာထူးကို ပြန်မရခဲ့သဖြင့် မွေးနေ့ပွဲတက်‌ရောက်ခွင့် မရခဲ့ပေ။

"ဒါကြောင့် မြို့စားမင်း မသိတာ မဆန်းပါဘူး။ အဲဒီနေ့တုန်းက မြို့စားမင်းကို မင်ကျင့်စီးကနေ ကယ်ထုတ်ပေးခဲ့တဲ့ ရွှီဇယ်ချန်နဲ့ ရှင်းအန်းရှန့်ကျူတို့ အမှုဖြစ်သွားခဲ့တယ်လေ"

ကျင့်ယန်မြို့စားမှာ ကြောင်အသွားပြီး အမှတ်တမဲ့ ရွှဲရှီကိုကြည့် လိုက်လေသည်။

သူ မင်ကျင့်စီးကနေ ပြန်လွတ်လာတာ ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ရွှီဇယ်ချန် အကူအညီကြောင့် ဆိုတာကို သိပါတယ်။ ရွှဲရှီကလည်း သူ့ကို ပြောပြဖူးပါတယ်။ သူက ရှင်းအန်းရှန့်ကျူနဲ့ ရင်းနှီးလို့ အကူအညီ တောင်းခဲ့တာပါလို့။

အမှုဖြစ်သွားခဲ့တယ် ဟုတ်လား။ အဲဒီနှစ်ယောက်ကတော့ အမြဲတမ်း အေးအေးဆေးဆေး နေတတ်တဲ့သူတွေပဲ ဘာအမှုဖြစ်နိုင်မှာလဲ။ ကျင့်ယန်မြို့စားမှာ စဉ်းစားလို့ မရနိုင်ခဲ့ချေ။

ရွှဲရှီ၏လက်များမှာ တုန်ယင်နေပြီး ပိုမိုပြင်းထန် လာလေတော့သည်။ ဟန်ရှောင်ထုံဆိုသော နာမည်ကို ကြားလိုက်ကတည်းက သူမသည် ပြဿနာတက်ပြီကို သိလိုက်၏။

ပိုင်ရှိုးမင်ကတော့ တုန်ယင်နေသည့် ရွှဲရှီကိုကြည့်လိုက်ကာ "ဟန်ရှောင်ထုံက ရှင်းအန်းရှန့်ကျူနေရာကို အစားထိုး ဝင်ရောက်နေတာ ဆယ်နှစ်တောင် ကျော်သွားပြီ။ တကယ်ကို တိုက်ဆိုင်လွန်းတာပဲ။ မြို့စားကတော်က ရှန့်ကျူအတုနဲ့ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တာကိုး"

ရွှဲရှီ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားတော့၏။ သူမမှာ နားမလည်နိုင် ဖြစ်နေတော့သည်။ ဒီလူက ဘယ်လိုလုပ်ပြီးတော့ သိသွားရတာလဲ။ ဆယ်နှစ်ကျော် ကြာတဲ့အထိ ဘာပြဿနာမှ မရှိခဲ့ဘဲနဲ့။

"ကျွန် မဟန်ရှောင်ထုံကို သိတာမှန်ပါတယ်။ ‌‌စောစောက လူကြီးမင်း မေးလိုက်တုန်းက ရုတ်တရက်မလို့ သတိမရလိုက်တာပါ။ သူက ကျွန်မရဲ့ ငယ်သူငယ်ချင်းပါ။ ဒါပေမဲ့ ကျွန်မတို့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ" ရွှဲရှီသည် ပိုင်ရှိုးမင် ဖြတ်မပြောသည်ကို မြင်လိုက်ရသောအခါ ဆက်ပြောလိုက်၏။ "သူ အစားထိုး ဝင်ရောက်နေတဲ့ ကိစ္စကိုတော့ ကျွန်မ လုံးဝမသိပါဘူး။ အဲဒီနေ့က ကျွန်မက ရှင်းအန်းရှန့်ကျူကို ရိုးရိုးသားသား အကူအညီ သွားတောင်းခဲ့တာပါ"

ယခုအချိန်အထိ သူမကတော့ ခေါင်းမာနေဆဲပင်။

"ခင်ဗျားနှင့် ရှင်းအန်းရှန့်ကျူက တစ်ခါမှ အဆက်အဆံ မရှိခဲ့ဖူးဘူး။ စကားတောင် မပြောဖူးဘူး။ သူက ခင်ဗျားကို ဘာကိစ္စ ကူညီပေးရမှာလဲ"

"ကျွန်မ ... ကျွန်မ..." ရွှဲရှီသည် ထို့အချိန်ခဏလေးအတွင်း ခိုင်လုံသော အကြောင်းပြချက်ကို ရှာမတွေ့နိုင်တော့ချေ။

ပိုင်ရှိုးမင်ကတော့ သူမနှင့်ဆက်ပြီး လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက်ပြောချ လိုက်တော့သည်။ "ဟန်ရှောင်ထုံ ကိုယ်တိုင်ဝန်ခံထားတာ။ ခင်ဗျားက သူ့ရဲ့ အထောက်အထားနဲ့ ခြိမ်းခြောက်ပြီး ကျင့်ယန်မြို့စားကို မင်ကျင့်စီးကနေ လွတ်ပေးဖို့ အကူအညီ တောင်းခဲ့တာဆို"

"ကျွန်မ မလုပ်ခဲ့ဘူး"

"မြို့စားကတော် ဝန်မခံချင်လည်း ကိစ္စမရှိပါဘူး။ မြေအောက် အကျဉ်းထောင်ကို လိုက်ခဲ့ပြီး သူနဲ့မျက်နှာချင်းဆိုင် မေးမြန်းလို့ရပါတယ်"

ရွှဲရှီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

မင်းကျင့်စီး အစောင့်များကလည်း ဝိုင်းလာကြ၏။ ကျင့်ယန်မြို့စားကြီးသည် ရွှဲရှီ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်လုံးထဲတွင် နာကျင်မှုများ ပြည့်နှက်နေတော့၏။ "ရှင်မ ..."

ရွှဲရှီ ဒီလိုလုပ်ခဲ့တာတွေ အားလုံးက သူ့အတွက်ပဲ။

ရွှဲရှီသည် ကျင့်ယန်မြို့စားကို ကြည့်ရင်းမျက်ရည်များ ကျဆင်းလာတော့သည်။ "မြို့စားမင်း။ ကျွန်မ မင်ကျင့်စီးကို မလိုက်ချင်ဘူး"

ဘေးနားက မင်းကျင့်စီး အစောင့်များသည် သူတို့နှစ်ဦး၏ သံယောဇဉ် ဖွဲ့နေမှုများကို ဂရုမစိုက်ဘဲ ရှေ့သို့တက်ကာ ရွှဲရှီ၏ပခုံးကို ဖမ်းချုပ်လိုက်ပြီး လူကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင် သွားကြတော့သည်။

ရွှဲရှီသည် အဖမ်းခံရပြီး ပါသွားချိန်တွင် နောက်လှည့်ကာ ကျင့်ယန်မြို့စားကို လှမ်းခေါ်လို့နေသည်။ "မြို့စားမင်း ..."

ကျင့်ယန်မြို့စားသည် လိုက်သွားရန် ပြင်လိုက်သော်ငြားလည်း ရှေ့တွင်ပိတ်ရပ်ထားသည့် ဓားတစ်ချောင်းကြောင့် ရပ်တန့်သွားရ၏။

ပိုင်ရှိုးမင်သည် ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး ခေါင်းကိုစောင်းကာ ကျင့်ယန်မြို့စားကို ကြည့်ရင်း ပြုံးသယောင်ယောင် သတိပေးလိုက်လေသည်။ "မြို့စားမင်းက အရှင်မင်းကြီးရဲ့အမိန့်နဲ့ ပြန်လွတ်လာတာ မကြာသေးဘူး။ စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ ဒုက္ခရောက်စေလိမ့်မယ်"

" ပိုင်ရှိုးမင်" ကျင့်ယန်မြို့စားက အံ့ခကြိတ်ထားလိုက်တာ "ငါနဲ့ မင်းနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ ..."

"ဒါဆိုရင် ကျင့်ယန်မြို့စားက ကျွန်တော်နဲ့ ရန်ငြိုးဖွဲ့ချင်တာလား"

ကျင့်ယန်မြို့စားသည် အံကြိတ်ထားလိုက်ပြီး စကားကို ပြန်မပြောရဲတော့ပေ။

ပိုင်ရှိုးမင်ကတော့ အေးစက်စွာ ရယ်မောလိုက်ပြီး ဓားကိုပြန်သိမ်းလိုက်၏။ "သွားကြမယ်"

မင်ကျင့်စီး အစောင့်များသည် ရောက်လာခြင်းမြန်သလို ပြန်ထွက်သွားတော့လည်း လေအလျင်ကဲ့သို့ပင်။ သူတို့သည် မြို့စားအိမ်တော်မှ သစ်ပင်တစ်ပင် မြက်တစ်ပင်ကိုမှ မထိခိုက်စေဘဲနဲ့ မြို့စားကတော် တစ်ယောက်တည်းကိုသာ ဖမ်းဆီးခေါ်ဆောင် သွားကြလေသည်။

ရွှဲရှီကို မြေအောက် အကျဉ်းထောင်ထဲသို့ ပို့လိုက်ပြီး ဒီအချိန်တွင်တော့ မျက်နှာပျောက်ဆုံးနေသည့် သူမ၏ယခင်က ညီအစ်မနှင့် တွေ့ဆုံခဲ့ရ၏။

သူမမှာ အလွန်လန့်ဖျပ်သွားပြီး အဆက်မပြတ် ငယ်သံပါအောင် အော်ဟစ်လေတော့သည်။

ဟန်ရှောင်ထုံသည် မျက်ခွံကို အနည်းငယ် ပင့်ကြည့်လိုက်လေသည်။ သူမသည် ထောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နံရံထောင့်တွင် မှီကာထိုင်နေ၏။ အပြင်သို့ ပေါ်နေသော လက်မောင်းများမှာလည်း သွေးသံရဲရဲဖြစ်နေသည်။

သူမသည် ယခင်က ရွှီဇယ်ချန်ကိုယ်တိုင် ရှင်းအန်းရှန့်ကျူကို သတ်ခဲ့သည်ဟု လိမ်ညာပြောဆိုခဲ့သဖြင့် အရည်ခွံဆုတ် ပြစ်ဒဏ်ကို ခံခဲ့ရလေသည်။

ကံကောင်းထောက်မစွာဖြင့် ထိုလူသည် သူမ၏ လက်တစ်တောင်ဆစ် အောက်ပိုင်းမှသာ အရေပြားကို ဆုတ်ခွာခဲ့ပြီး ဆက်လက် မလုပ်ဆောင်ခဲ့ကြပေ။

ရွှဲရှီ၏ အော်ဟစ်သံများသည် အလွန်ဆူညံနေသဖြင့် သူတို့၏ လူကြီးမင်း စိတ်မရှည်ဖြစ်လာသည်ကို မြင်ရသောအခါ ဘေးတွင်ရှိနေသည့် မင်ကျင့်စီး အစောင့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက် တော့သည်။ "မအော်နဲ့"

ရွှဲရှီမှာ တုန်လှုပ်သွားပြီး ပါးစပ်ကိုလက်ဖြင့် အုပ်ထားလိုက်ရတော့သည်။

"မြို့စားကတော်က သူနဲ့မျက်နှာချင်းဆိုင် မေးမြန်းချင်တယ်ဆို အခု မေးလို့ရပြီ"

ရွှဲရှီသည် တံတွေးကို မျိုချလိုက်မိ၏။ သူမသည် မိမိကိုယ်ကို အတင်းအကြပ် စိတ်ထိန်းကာ ဟန်ရှောင်ထုံကို ကြည့်လိုက်လေသည်။ တစ်ဖက်လူတွက် မျက်နှာက မရှိတော့ချေ။

"ပိုင်လူကြီးမင်း ကျွန်မပြောတာတွေ အမှန်ပါ။ အဲဒီနေ့တုန်းက ကျွန်မ ရှန့်ကျူကို အကူအညီသွားတောင်းရုံ သက်သက်ပါ။ သူ့ရဲ့အထောက်အထား အမှန်ကို မသိခဲ့ပါဘူး"

ဒီအချိန်တွင် ရွှဲရှီသည် ဟန်ရှောင်ထုံအပေါ် မျှော်လင့်ချက်ထားရုံသာ တတ်နိုင်တော့သည်။

တစ်ဖက်လူက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ထောက်ထားပြီး သူမက တစ်ဖက်လူ၏ အထောက်အထားကို သိရှိခဲ့သည် ဆိုသည့်အချက်ကို ငြင်းဆန်ပေးဖို့ရန် မျှော်လင့်နေမိ၏။

ဘာပဲဖြစ်ဖြစ် ဟန်ရှောင်ထုံရဲ့ အထောက်အထား ပေါ်ပေါက်သွားတာက သူမနဲ့ လုံးဝမသက်ဆိုင်ပါဘူး။

သို့သော်ငြား သူမ ထင်မှတ်ထားသည်မှာ သူမ၏စကားကို ကြားလိုက်ပြီးနောက် ဟန်ရှောင်ထုံက လှောင်ရယ်လိုက်လေသည်။ သူမသည် ခန္ဓာကိုယ်ပေါ်က မီးလောင်သကဲ့သို့ ပူလောင်နာကျင်မှုကို သည်းခံကာ ရွှဲရှီ၏ မျှော်လင့်ချက်အားလုံးကို ရိုက်ချိုးပစ်လိုက်တော့၏။ "ရွှဲရွှင်ဖန်း ရှင်သာ ငါ့ရဲ့ အထောက်အထားကို ထုတ်မပြောရင် ငါက ရှင့်ကို ဘာကိစ္စ ကူညီပေးရမှာလဲ"

" ရှင် ..." ဟန်ရှောင်ထုံ၏ မျက်လုံးအိမ်များက လှုပ်ရှားသွား၏။ သူမသည် သူမ၏ မျက်နှာမရှိသောပုံစံနှင့် ပေါင်းစပ်လိုက် သောအခါ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။

"ပိုင်လူကြီးမင်း ကျွန်မစကားကို မယုံရင် ရွှီဇယ်ချန်ကို သွားမေးကြည့်လို့ ရပါတယ်။ ရွှီဇယ်ချန်လည်း ရွှဲရှီနဲ့ကျွန်မ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တယ်ဆိုတာကို သိပါတယ်။ ကျွန်မ သူ့ကို ပြောဖူးတယ်။ ကျွန်မနဲ့ရွှဲရွှင်ဖန်းတို့ နှစ်ပေါင်း၂ဝကျော် သံယောဇဉ်ကို ထောက်ထားပြီး ကျင့်ယန်မြို့စားကို ကူညီကယ်တင် ပေးတာပါလို့ ပြောခဲ့ဖူးတယ်"

ဟန်ရှောင်ထုံသည် သူမသိသမျှ အားလုံးကိုပိုင်ရှိုးမင်အား အကုန်အစင် ပြောပြချင်နေ၏။

မြေအောက် အကျဉ်းထောင်ထဲသို့ တကယ်ရောက်လာမှ သူမသိလိုက်ရသည်မှာ နန်းတွင်းအရာရှိများသည် မြေအောက် အကျဉ်းထောင်ဆိုရင် မျက်နှာပျက်ကြရသည့် အကြောင်းအရင်းကိုပင်။

ဒီနေရာက လူနေတဲ့နေရာမှ မဟုတ်ပဲ။

ပိုင်ရှိုးမင်ကတော့ လူသားစားတဲ့ ဘီလူးတွေထက် အဆတစ်ထောင် အဆတစ်သောင်း ပိုကြောက်စရာ ကောင်းတယ်လေ။ အခု သူမ နောင်တအရဆုံးက အဲဒီနေ့တုန်းက အဲဒီလူကိုလိမ်ညာ ပြောဆိုရဲခဲ့တာပဲ။

သူမ တကယ် ကြောက်လန့်နေပါပြီ။ မြို့တော်မှာ ပိုင်ရှိုးမင်လိုလူမျိုး ရှိနေမှန်းသာ ကြိုသိခဲ့မယ်ဆိုရင် သူမ ကျောင်းကျိုးမှာပဲ ဆက်နေပြီး သာမန်အရပ်သူ တစ်ယောက်အနေနဲ့ပဲ နေထိုင်လိုက်မှာပါ။ မြေအောက် အကျဉ်းထောင်မှာ ဒီလူနဲ့လာတွေ့မှာ မဟုတ်ဘူး။

"မြို့စားကတော် ပြောစရာရှိသေးလား"

ရွှဲရှီသည် ဘာပြောနိုင်ပါဦး မည်နည်း။

သူမက ဟန်ရှောင်ထုံနဲ့ ရွှီဇယ်ချန်တို့ ပူးပေါင်းပြီး သူမကို ချောက်ချနေတာပါဟု ပြောလျှင်ပင် မည်သူကမှ ယုံမည်မဟုတ်ပေ။

လူမသည် ဟန်ရှောင်ထုံကို မုန်းတီးစွာ ကြည့်လိုက်လေသည်။ "ဘာဖြစ်လို့လဲ။ ငါက ရှင့်ရဲ့အထောက်အထားကို ထုတ်ဖော်ပြောမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ရှင် ဘာဖြစ်လို့ ငါ့ကို ဒုက္ခပေးရတာလဲ"

ရွှဲရှီထင်နေသည်မှာ တစ်ဖက်လူက ဒီကိစ္စကို ပိုင်ရှိုးမင်းအား သူ့သဘောနှင့်သူ ပြောပြလိုက်သည်ဟူ၍။

အမှန်တွင်တော့ ဟန်ရှောင်ထုံလည်း ဘာမှမသိချေ။ ပိုင်ရှိုးမင်က ရုတ်တရက် မြေအောက်အကျဉ်းထောင်ကို ရောက်လာပြီး သူမနှင့်ရွှဲရှီ၏ ဆက်ဆံရေးကို မေးမြန်းစဉ်ကလည်း သူမ လန့်ဖြန့်သွားခဲ့ဖူးသည်။

"ငါက ရှင့်ကို ဒုက္ခမပေးပါဘူး။ ဒီကိစ္စကို ငါ့သဘောနဲ့ငါ ပြောခဲ့တာလည်း မဟုတ်ဘူး"

ရွှဲရွှင်ဖန်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူမကတော့ ဒီငယ်သူငယ်ချင်းအပေါ် သံယောဇဉ် ရှိနေသေးသည်။

ရွှဲရှီမှာ ကြောင်အအ ဖြစ်သွားတော့၏။ ဟန်ရှောင်ထုံ မဟုတ်ရင် ဘယ်သူလဲ။ ပိုင်ရှိုးမင်က ဘယ်လိုသိသွားတာလဲ။

"တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းရှာပြီး မြို့စားကတော်ကို အနားယူခိုင်းလိုက်ပါ" ထိုအချိန်တွင် ပိုင်ရှိုးမင်က အမိန့်ပေးလိုက်၏။

ရွှဲရှီသည် အမှောင်ထုထဲသို့ တွန်းပို့ခံလိုက်ရတော့သည်။ သူမသည် တစ်စုံတစ်ယောက်ကို ရုတ်တရက် တွေးမိသွားပြီး အော်ဟစ်လိုက်တော့၏။ "ကျိချန် ပြောလိုက်တာလား ... သူ ပြောလိုက်တာလား"

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ် ဟန်ရှောင်ထုံက လှမ်းခေါ်လိုက်၏။ " ပိုင်လူကြီးမင်း"

"ဘာကိစ္စလဲ"

"ရှင် သိချင်တာတွေ အကုန်လုံး ကျွန်မပြောပြပြီးပြီ။ ကျွန်မလည်း အသက်မရှင် နိုင်တော့ဘူးဆိုတာ သိပါတယ်။ ရှင် ကျွန်မကို သေပျော်အောင် လုပ်ပေးနိုင်မလား။ ကျွန်မမျက်နှာ ဘယ်လိုလုပ်ပြီး ကွာကျသွားသလဲ ဆိုတာကို ပြောပြပေးနိုင်မလား"

သူမသည် အချိန်အကြာကြီး စဉ်းစားသော်ငြားလည်း မည်သို့သော အခြေအနေရောက်သွားသည်ကို စဉ်းစားလို့ မရနိုင်ခဲ့ ချေ။

"ရပါတယ်။ ငါက သေခါနီးလူတွေ အပေါ်သဘောထား ကြီးပါတယ်" ပိုင်ရှိုးမင်၏ လေသံသည် တည်ငြိမ်လို့နေ၏။ "ရှင်းအန်းရှန့်ကျု မသေသေးဘူး။ သူ့ကို ခင်ဗျားခင်ပွန်းလောင်းရဲ့ ဦးလေးက ကယ်တင်လိုက်တာ"

ဟန်ရှောင်ထုံ၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင် ဖြတ်ပြေးသွားတော့၏။ "မသေသေးဘူး ... ဒါကြောင့်ကိုး။ ဒါကြောင့်ဖြစ်နေတာကိုး ..."

ဒီအဖြေက သူမအတွက် လုံလောက်သွားပါပြီ။ ယွီမိသားစုက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်ကို ဘာဖြစ်လို့ တစ်ဖက်လူက ဖြေရှင်းနိုင်ခဲ့လဲ ဆိုတာကို မသိချင်တော့ပါဘူး။

သူမဦးနှောက် ထဲတွင်တော့ အတွေးတစ်ခုသာ ရှိလေတော့သည်။ ဝဋ်ဆိုတာ မလည်တာ မဟုတ်ဘူး။ အချိန်မတန် သေးတာ။

ဒီအချိန်တွင် အားချန်သည် သူမ၏ ခန့်မှန်းချက် တစ်ခုကြောင့် ကျင့်ယန်မြို့စား အိမ်တော်က မြို့စားကတော် ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီ ဟူသည့်အချက်ကို မသိသေးချေ။

ဒီသတင်းကို သူမ သိလိုက်ရ တာကလည်း ကိစ္စဖြစ်ပြီး ၃ရက်မြောက်နေ့မှ လင်းစွေ့က ပြောပြခြင်းကြောင့်ပင်။

နှစ်ကုန်ခါနီးပြီ ဖြစ်သဖြင့် လင်းစစ်သူကြီးက လင်းစွေ့အတွက် ငှားရမ်းပေးထားသော ဆရာသည် ဇာတိမြို့သို့ ပြန်သွားပြီ ဖြစ်သဖြင့် သူမသည် ဒီရက်ပိုင်းအတွင်းတွင် နေ့တိုင်းကိုယ်ခံပညာ လေ့ကျင့်စရာမလိုတော့ဘဲ ကျင့်ကြံပြီးသည်နှင့် အားချန်ကို လာရှာပြီး အလည်အပတ် သွားနေခြင်းပင်။

သူမ ရောက်လာသောအခါ အားချန်သည် မီးသွေးများကို ပြုလုပ်နေလေသည်။

ယခင်က လုပ်ခဲ့သည့် လက်ကိုင်မီးဖိုထဲ ထည့်သည့် အမွှေးနံ့သာမှုန့်များက လူကြိုက်များနေသဖြင့် နောက်ပိုင်းဖောက်သည် များကလည်း အကြံပြုကြသည်။ ရနံ့‌မွှေးသည့် မီးသွေး လုပ်ရောင်းပါလားဟူ၍။

အမွှေးနံ့သာမှုန့်ကို မီးသွေးမှုန့်နှင့် ရောပြီး ပုံစံခွက်နှင့် ပြန်ပြုလုပ်သည်။ ထိုနောက်တွင်တော့ အခြောက်ခံလိုက်လျှင် ကြည့်ကောင်းရုံတင်မက သုံးရသည်လည်း ပိုအဆင်ပြေလေသည်။

အားချန်ကတော့ အကြံအဉာဏ်ကို လက်ခံတတ်သူပင်။ ပိုင်ရှိုးမင်လာသည့် နေ့ကတည်းက သူမက ရနံ့မွှေးသည့် မီးသွေးများကို စမ်းသုံးကြည့်နေခဲ့သည်။ ဒီနေ့တွင်တော့ ပိုပြီးများများလုပ်ရန် စီစဉ်ထား၏။ နှစ်ကုန်လျှင်အရောင်းသွက်မည် ဖြစ်သဖြင့် မုန့်ဖိုးလေးဘာလေး ပိုရှာနိုင်ပေလိမ့်မည်။

လင်းစွေ့ ရောက်လာသည်ကို မြင်လိုက်သောအခါ အားချန်က သူမကို အကူအညီတောင်းလေတော့သည်။

လင်းစွေ့တွင် ကျင့်ကြံခြင်း စွမ်းအားရှိသဖြင့် အတွင်းအားကို အသုံးပြုကာ မီးသွေးများကို အမှုန့်ဖြစ်အောင် ဖိလိုက်ရာ ဘယ်လက်တစ်ချက် ညာလက်တစ်ချက်ဖြင့် မကြာမီတွင် သူမဘေးနားတွင် မီးသွေးမှုန့်ပုံကြီးတစ်ပုံ ဖြစ်သွားတော့သည်။

မီးသွေးမှုန်များကို ဖိပြီးသွားသည့်အချိန်တွင် အားချန်က သစ်သားခြောက်တချို့ကို သယ်လာပြန်သည်။ သူမက သစ်သားအမှုန့်များကို ဆက်လက်ဖိချေရဦးမည်။

ဒီလိုအလုပ်ကလေးကတော့ လင်းစွေ့ကို အခက်မတွေ့စေနိုင်ပေ။ သူမသည် အလုပ်လုပ်ရင်း အားချန်ကို ဒီရက်ပိုင်းကြားသိခဲ့ရသော ထူးဆန်းသည့် ကိစ္စများကို ပြောပြလိုက်လေသည်။

"ဒါနဲ့ကျင့်ယန်မြို့စား အိမ်တော်မှာ ကိစ္စထပ်ပစ်ပြန်ပြီ ရှင်သိလား"

"ဘာဖြစ်တာလဲ" အားချန်သည် မီးသွေးမှုန့်များကို ဇကာချနေရင်း ခေါင်းမမော့ဘဲ မေးလိုက်၏။ "ကျင့်ယန်မြို့စားကတော်က မျက်နှာလဲလှယ်တဲ့အမှုမှာ ပါဝင်ပတ်သက်နေလို့တဲ့လေ။ ကျွန်မရဲ့အစ်ကိုကြီး ပြောတာကတော့ သူက ထောင်ကျတဲ့ ပထမဆုံးမြို့စားကတော် ဖြစ်လာလောက်တယ်တဲ့"

"မျက်နှာလဲလှယ်လို့ အမှုက ရှင့်ဆီတောင်ရောက်လာပြီလား" အားချန်မှာ အနည်းငယ်အံ့အားသင့်သွားတော့၏။ တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ အမှုဆိုတော့ အရှင်မင်းကြီးက ဖုံးကွယ်ထားလိမ့်မယ်လို့ ထင်ထားခဲ့တာ။

အမှန်တွင်တော့ အရှင်မင်းကြီးက မဖုံးကွယ်ထားချင်ခြင်း မဟုတ်ပေ။ ထိုနေ့က ဟန်ရှောင်ထုံ၏ မျက်နှာကွာကျသွားခြင်းကို မြင်လိုက်သည့်သူများက အလွန်များပြားလွန်းနေသဖြင့် အချိန်ကြာလာသည် နှင့်အမျှ ထိုကိစ္စက အလွန်ထူးဆန်းလွန်းသဖြင့် တစ်ယောက်စကား တစ်ယောက်နားနှင့် ပျံ့နှံ့သွားခဲ့ခြင်းပင်။

ဥပဒေက လူအများကြီးကို အပြစ်ပေးလို့မရဘူး ဆိုသည့်စကားအတိုင်း အရှင်မင်းကြီးသည် ဒီကိစ္စကြောင့် နန်းတွင်းအရာရှိများ အကုန်လုံးကို လိုက်ပြီး အပြစ်ပေးနေလို့ မရနိုင်ချေ။ နောက်ဆုံးတော့လည်း လွှတ်ထားလိုက်ရသည်ပင်။

"ရှင် ဒီရက်ပိုင်းအတွင်း လက်ဖက်ရည်ဆိုင်သွားပြီး ပုံပြောတာကို နားမထောင်ဘူး မဟုတ်လား။ အခုပုံပြောတဲ့ ဆရာတွေက မျက်နှာလဲလှယ်တဲ့အကြောင်း ပြောနေကြပြီလေ" ပြောပြီးသွားသည်နှင့် လင်းစွေ့က ကျွတ်ကျွတ်ဟု စုပ်သပ်လိုက်လေသည်။ "ရွှီဇယ်ချန်နဲ့ အဲဒီရှန့်ကျူအတုက တကယ် လူစိတ်မရှိကြဘူး။ ရှန့်ကျူရဲ့ မျက်နှာအရေပြားကို ခွာယူပြီး ကိုယ့်မျက်နှာပေါ်မှာ လဲလှယ်တပ်ဆင်ရဲကြတယ်။ ညဘက်ကျရင် အိပ်မက်ဆိုး မမက်ကြဘူးလား မသိဘူး"

အားချန်ကလည်း လက်ဖက်ရည်ဆိုင်သို့ မသွားသည်မှာ ကြာမြင့်နေပြီဖြစ်၏။ ဒီရက်ပိုင်းရာသီဥတုက အေးနေသဖြင့် သူမတစ်ယောက် အပြင်မထွက်ချင်ပေ။

"ရွှဲရှီက ဘယ်လိုလုပ်ပြီး ပါဝင်ပတ်သက်သွားတာလဲ ဆိုတာကို ရှင်သိလား" အားချန်က မေးလိုက်၏။ "

"ကြားတာကတော့ သူနဲ့ရှန့်ကျူအတုက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တာတဲ့။ တစ်ဖက်လူရဲ့ အထောက်အထားကို အစောကြီးကတည်းက သိနေပေမယ့် ဖုံးကွယ်ပေးထားတာတဲ့" လင်းစွေ့က အံ့သြတကြီး ပြောလိုက်သည်။ "ပိုင်လူကြီးမင်းက ဘယ်လိုရှာတွေ့သွားလဲ ဆိုတာတော့မသိဘူး"

သေချာပေါက် ငါ့ရဲ့လမ်းညွှန်မှု ကြောင့်ပေါ့။ အားချန်သည် စိတ်ထဲတွင် ကျေနပ် သွားတော့သည်။

စိတ်ထဲတွင်လည်း တွေးလိုက်လေသည်။ ပိုင်ရှိုးမင်က တကယ် စကားနားထောင်တာပဲ။ နောက်တစ်ခါတွေ့ရင် သေသေချာချာလေး ချီးကျူးပေးရမယ်။

"အမှုက ဒီလောက်တောင် ပွက်လောရိုက်နေပြီဆိုတော့ တရားခံအစစ်ကို ဘယ်လိုစီရင်မလဲဆိုတာ ရုံးတော်က မထုတ်ပြန်ဘူးလား"

"ထုတ်ပြန်တာပေါ့။ ခေါင်းဖြတ်သတ်မယ်တဲ့။ သဘက်ခါပဲ"

အားချန်မှာ အံ့အားသင့် သွားတော့သည်။ " ဒီလောက်တောင် မြန်တာလား"

"နှစ်သစ်ကူးတော့မယ်လေ။ ပထမလမှာ ကွပ်မျက်တာက ကျက်သရေမရှိဘူး ဆိုတော့ နှစ်မကူးခင်အကုန် စုပြီးလုပ်လိုက်တာပေါ့" ထိုသို့ ပြောလိုက်ပြီးနောက် လင်းစွေ့သည် စိတ်ဝင်တစားဖြင့် အားချန်ကို မေးလိုက်၏။ "အဲဒီအချိန်ကျရင် ရှင်သွားကြည့်မှာလား"

"ရှင်က သွားချင်လို့လား"

"ကျွန်မ ကြားတာတော့ ရှန့်ကျူအတုရဲ့ မျက်နှာက အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာ ကွာကျသွားတာဆို။ ကျွန်မ မျက်နှာ မရှိတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး။ သွားကြည့်ရမှာပေါ့။ ရှင်ရော လိုက်မကြည့်ချင်ဘူးလား" လင်းစွေ့က မေးလိုက်သည်။

ငါကလည်း မြင်ဖူးပေမဲ့ နောက်ထပ်အပျော်သက်သက် သွားကြည့်တာလည်း မဆိုးပါဘူး။

သို့နှင့် အားချန်လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။ "ဒါဆိုရင် ကျွန်မလည်း လိုက်မယ်။ အဲဒီအချိန်ကျရင် ရှင်ကျွန်မကို လာခေါ်လိုက်"

"ကောင်းပြီလေ"

နှစ်ရက်အကြာ မနက် ဆယ်နာရီကျော် အချိန်တွင် အားချန်နှင့် လင်းစွေ့တို့သည် ကွပ်မျက်ကွင်းသို့ ရောက်ရှိလာကြ၏။ ယနေ့ကွပ်မျက် မည့်နေရာမှာ ဒီနေရာပင် ဖြစ်လေသည်။

သူတို့ရောက်လာ သောအခါ အတွင်းအပြင် လူများဖြင့် ပြည့်နှက်နေပြီးဖြစ်၏။

ရုံးတော်က လူများသည် ကွပ်မျက်ကွင်းကို တင်းတင်းကျပ်ကျပ် ဝန်းရံထားပြီး အနောက်ဘက်တွင် ပွဲလာကြည့်သော ပြည်သူလူထုများသည် ခေါင်းချင်းဆိုင်ကာ တီးတိုးပြောဆိုနေကြပြီး မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ ပြည့်နှက်လို့နေ၏။

သူတို့ထဲက အများစုကတော့ လင်စွေ့ကဲ့သို့ပင်။ မျက်နှာလဲလှယ်ခြင်းအမှုကို စိတ်ဝင်စားပြီး မျက်နှာမရှိတော့သည့် ရှန့်ကျူ အတုကို လာကြည့်ကြခြင်း ဖြစ်လေသည်။

အားချန်၏ ဘေးတွင် လင်းစွေ့က ကာကွယ်ပေးထားသဖြင့် တခြားလူများ တိုးဝှေ့ခြင်းမခံရဘဲ ရှေ့တန်းမြင်ကွင်း ကောင်းသည့် နေရာတစ်ခု ရရှိထား၏။

ဒီအချိန်တွင် အချိန်မကျ လာသေးသဖြင့် တရားခံများကို ခေါ်မလာသေးပေ။ အားချန်သည် ကွပ်မျက်စင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ ကြီးကြပ်သူအရာရှိမှာ ပိုင်ရှိုးမင် မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် အကြည့်လွဲထားလိုက်တော့၏။

အံ့သြစရာကောင်းသည်မှာ သူမသည် ကွပ်မျက်စင်အောက်တွင် ယင်းအန်းဝမ်နှင့် ယင်းအန်းဝမ်ဖေးတို့ကို တွေ့လိုက်ရခြင်းပင်။

သူတို့နှစ်ယောက်၏ မျက်နှာထားသည် အလွန်ညှိုးနွမ်းနေပြီး ဂန္ဓမာပန်းပွဲတော်နေ့ကနှင့် နှိုင်းယှဉ်ကြည့်လျှင် ဆယ်နှစ်ကျော်ခန့် အိုစာသွားသလိုပင်။

အားချန်သည် သူတို့အပေါ်မှ အကြည့်ကို ဖယ်ခွာထားလိုက်၏။

မွန်းလွဲ ၁၂နာရီ၁၅မိနစ် အချိန်တွင်တော့ မျက်နှာလဲလှယ်သည့်အမှု၏ တရားခံအစစ်များဖြစ်ကြသော ရွှီဇယ်ချန်နှင့် ဟန်ရှောင်ထုံတို့ကို နောက်ဆုံးတွင် ဖမ်းဆီးခေါ်ဆောင်လာခဲ့၏။

ဟန်ရှောင်ထုံ၏ ခေါင်းပေါ်တွင် အနက်ရောင်အိပ်အစွပ်ကို စွပ်ထားလေသည်။ မွန်းလွဲ ၁၂နာရီ၃၀မိနစ်အချိန်တွင် ကွပ်မျက်သူက သူမ၏ခေါင်းစွပ်ကို ဖယ်ရှားလိုက်၏။

ပတ်ဝန်းကျင်ရှိ လူများအားလုံးသည် သူမ၏ပုံစံကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ပွဲကြည့်လာသော ပြည်သူလူထု၏ အာမေဍိတ်သံများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပြီး အားချန်သည် တစ်စုံတစ်ယောက်က စူးရှလာသောအသံဖြင့် ဟန်ရှောင်ထုံကို သရဲတစ္ဆေဟု ပြောဆိုနေသည်ကိုပင် ကြားလိုက်ရလေသည်။

ကွပ်မျက်သူက တည်ငြိမ်သော မျက်နှာထားဖြင့် အော်ဟစ်လိုက်၏။ "နောက်ဆုံးထမင်း ပို့ဆောင်ပါ ..."

ယင်းအန်းဝမ်ဖေးသည် ယင်းအန်းဝမ်ကို တွန်းလိုက်သဖြင့် ယိုင်နဲ့နဲ့ ရှေ့သို့တိုးသွားပြီး ထမင်းချိုင့်ထဲက နောက်ဆုံးထမင်းကို ဟန်ရှောင်ထုံရှေ့သို့ တွန်းပို့လိုက်လေသည်။ အတွင်းက ထမင်းဟင်းများ ဖိတ်စင်သွားသည်ကို ဂရုမစိုက်ဘဲ သူမကို တစ်ချက်လေးပင် မကြည့်ဘဲ လှည့်ထွက်သွား၏။

ယနေ့ သူတို့ ကွပ်မျက်ခြင်းကို လာခဲ့ခြင်းက ကိုယ့်သဘောနှင့်ကိုယ် လာခဲ့ခြင်း မဟုတ်ပေ။ အရှင်မင်းကြီး၏ အမိန့်အရ သူတို့သည် မလိုက်နာလို့ မရခြင်းပင်။

အရှင်မင်းကြီးက သူတို့ကို တော်ဝင်ဘုရားကျောင်းသို့ ရက်အနည်းငယ် နောက်ကျမှသွားဖို့ရန် အထူးခွင့်ပြုထားခဲ့သည်။ သူတို့နှင့် ဟန်ရှောင်ထုံ၏ သံယောဇဉ်ကို ဖြည့်ဆည်းပေးဖို့ရန်တဲ့။ ထို့အပြင်သူတို့ကို အလောင်းကောက်ဖို့ရန်လည်း ခွင့်ပြုပေးထားလေသည်။

ဒီလို ကျေးဇူးတော်မျိုးကိုတော့ သူတို့သည် လုံးဝမလိုချင်ပေ။

"မူဖေး" ဝမ်ဖေး ခြေလှမ်းအနည်းငယ် မလှမ်းရသေးခင်မှာပင် နောက်ကျောက ရင်းနှီးသည့်အသံ ထွက်လာခဲ့၏။

သူမ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။ "မူဖေး ကျွန်မ မသေချင်သေးဘူး။ ကျွန်မကို ကယ်ပါအုံး" ဟန်ရှောင်ထုံက ငိုယိုကာ အသနားခံနေ၏။

မည်သူမဆို သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံတတ်ကြပေသည်။ သူမသည်လည်း ထိုနည်းတူပင်။ ဒီအချိန်တွင် သေခြင်းတရား၏ ကြောက်မက်ဖွယ် ကောင်းမှုသည် လွှမ်းမိုးလာပြီး အသက်ရှင်နိုင်မည့် အခွင့်အရေးမှန်သမျှကို ဖမ်းဆုပ်ချင်နေမိ၏။

ကံဆိုးချင်တော့ ယင်းအန်းဝမ်ဖေးသည် သူမကို မကယ်တင်နိုင်သလို ကယ်လည်းမကယ်ချင်ပေ။

ယင်းအန်းဝမ်ဖေးမှာ လှည့်မကြည့်တော့ချေ။ ဟန်ရှောင်ထုံ၏ ငိုသံများက သူမကို နည်းနည်းလေးမှ စိတ်လှုပ်ရှားစေခြင်း မရှိခဲ့ပေ။ သူမသည် အင်္ကျီလက်ဖြင့် မျက်နှာကို ကွယ်ထားပြီး လျှောက်နေသည့် ခြေလှမ်းများကို မြန်ဆန်ထားလိုက်တော့၏။

ဘေးက အများပြည်သူများက သူမ၏ အထောက်အထားကို ခန့်မှန်းပြောဆိုနေကြသည်ကိုလည်း ဝိုးတစ်ဝါးကြားနေရသည်။ သူမသည် လူအများ မှတ်မိသွားမှာကို ကြောက်ရွံ့နေမိ၏။

ကံဆိုးချင်တော့ ယင်းအန်းဝမ်ဖေး မသိလိုက်သည်မှာ သူမနှင့် ရှန့်ကျူအတုတို့ သားအမိသံယောဇဉ် ကြီးမားကြပြီး ထိုအတွက်ကြောင့် သမီးအရင်းကို အသိအမှတ် မပြုခဲ့သော ပြဇာတ်သည် လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များတွင် ပျံ့နှံ့နေပြီဖြစ်၏။

အရှင်မင်းကြီးသည် ထိုနေ့က ယင်းအန်းဝမ် အိမ်တော်ကို အပြစ်မပေးခဲ့လျှင်ပင် နောင်တစ်ချိန်တွင် သူတို့အိမ်တော်အတွင်း၌ သိက္ခာဟူသည့်အရာ ရှိတော့မည် မဟုတ်ပေ။

ဘေးနားက လူတစ်ယောက်က ရှေ့တိုးသွားလိုက်ပြီး သူတို့နှစ်ယောက်ကို နောက်ဆုံးထမင်းကို အကြမ်းဖျင်း ကျွေးလိုက်လေသည်။ မွန်းလွဲ ၁၂နာရီ၄၅မိနစ် အချိန်ရောက်သောအခါ ထမင်းဟင်းများကို ပြန်လည်သိမ်းဆည်းသွားခဲ့၏။

ဟန်ရှောင်ထုံသည် မထိန်းနိုင်ဘဲ ငိုကြွေးနေမိ၏။ ကံဆိုးချင်တော့ သူမတွင် မျက်နှာမရှိသဖြင့် ငိုကြွေးနေသော ပုံစံသည် ကြောက်မက်ဖွယ် ကောင်းနေရုံသာပင်။

ရွှီဇယ်ချန်ကတော့ ဘေးတွင်တိတ်ဆိတ်စွာ ဒူးထောက်နေပြီး လူအုပ်ကြီးကို လိုက်လံ ကြည့်ရှုနေမိ၏။

သူ ကြားထားတာတော့ ရှင်းအန်း မသေသေးဘူးတဲ့။ သူ ပြန်လာပြီး ကလဲ့စားချေတယ်တဲ့။

ဒါဆို သူ ဒီနေ့လာမှာလား။

လာလောက်ပါတယ်။ သူသည် ထိုသို့ ထင်လေသည်။

ဟန်ရှောင်ထုံကဲ့သို့ပင် ရွှီဇယ်ချန်သည်လည်း နောင်တရနေမိ၏။

တကယ်လို့သာ မျက်နှာမလဲလှယ်ခဲ့ရင် သူ့ဇနီးသည်က ရှင်းအန်းရှန့်ကျူ အစစ်ဖြစ်နေမယ်ဆိုရင် သူက အရာရှိလောကမှာ တစ်ဆင့်ချင်း တိုးတက်နေဦးမှာပဲ။ မြို့တော်က အထက်တန်းလွှာတွေကလည်း ယင်းအန်းဝမ်ကို ထောက်ထားပြီး သူ့ကိုအခက်တွေ့အောင် လုပ်ကြမှာ မဟုတ်ဘူး။ သူ့ဘဝကလည်း ကောင်းကောင်းမွန်မွန် ရှိနေမှာ။ ဒီလိုကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး။

သူ့သားလေးလည်း အသက်ရှင်နေဦးမှာ။ အဲဒီကလေးက ငယ်ငယ်ကတည်းက ဉာဏ်အရမ်းကောင်းတယ်။ ကြီးလာရင် သူနဲ့ သေချာပေါက် တူလာမှာ။

ရှင်းအန်းရဲ့ စိတ်သဘောထားက မကောင်းဘူးဆိုပေမယ့် သူ့စကားကို နားထောင်တယ်။ သူက စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်း သင်ကြားပေးရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။

အစတုန်းက ဘာဖြစ်လို့များ ဒီလိုစိတ်ရိုင်းတွေ ဝင်ခဲ့မိပါလိမ့်။

ရွှီဇယ်ချန်သည် ကြိုးစားပြီး စဉ်းစားကြည့်လိုက်၏။ နောက်ဆုံးတော့ အကြောင်းအရင်းကို တွေးမိသွားတော့သည်။ ဟုတ်တယ်။ ဟန်ရှောင်ထုံက သူ့နားမှာ အမြဲတမ်း လာပြောနေလို့ပဲ။ ရှင်းအန်းရှန့်ကျူက မောက်မာပြီး သူ့ကို လုံးဝ အထင်မကြီးဘူးတဲ့။ ဒီလိုမိန်းမမျိုးက နောက်တစ်ချိန်ကျရင် သေချာပေါက် ဖောက်ပြန်မှာတဲ့။

တဖြည်းဖြည်း သူလည်း ဒီစကားကို ယုံကြည်သွားခဲ့တယ်။

သူ ဘယ်လိုဖြစ်ပြီး ယုံကြည်သွားခဲ့ရတာလဲ။

ရုတ်တရက် ရွှီဇယ်ချန်၏ အကြည့်တို့သည် ရပ်တန့်သွားလေသည်။

သူသည် သူ၏ဘယ်ဘက်ခြမ်းက အမျိုးသမီး တစ်ယောက်ကို သတိထားမိလိုက်၏။ ထိုမိန်းမပျိုသည် အပြာရောင် ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကို စိုက်ကြည့်လို့နေသည်။

သူမ၏အကြည့်များက တခြားပွဲလာကြည့်သည့် လူများနှင့် မတူချေ။ ထိုလူများ၏ မျက်လုံးများမှာ စူးစမ်းလိုစိတ် အထင်သေးမှု ရွံရှာမှုတို့ ရှိနေသော်ငြား သူမ၏ မျက်လုံးထဲတွင်တော့ ကျေနပ်နှစ်သိမ့်မှုများသာ ရှိနေတော့၏။

ပိုင်ယွမ် ... သူက ရှင်းအန်း ဖြစ်နေတာပဲ !

ရွှီဇယ်ချန်သည် ထပ်ကြည့်ချင်သော်ငြားလည်း ကြီးကြပ်သူအရာရှိက အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။ "စီရင်တော့ !"

နောက်တ ခဏတွင် ခေါင်းပြတ်ကျသွားပြီး သူ့မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားကာ လောကကြီး အမှောင်ကျ သွားလေတော့သည်။

ကွပ်မျက်မှု ပြီးဆုံးသွားသော်ငြား ပတ်ဝန်းကျင်ရှိ အများပြည်သူကတော့ မထွက်ခွာချင်ကြသေးချေ။ နောက်ဆုံးတွင် ရုံးတော်ကလူများက မောင်းထုတ်လိုက်မှသာ နှမြောတသစွာဖြင့် ထွက်ခွာလာခဲ့ကြ၏။

ဒီနေ့ပြီးသွားလျှင် မျက်နှာလဲလှယ်သည့် အမှုသည် မြို့တော်က လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များတွင် ပိုပြီးရေပန်းစား လာလောက်ပေသည်။

ယင်းအန်းဝမ်နှင့် ယင်းအန်ဝမ်ဖေး တို့ကတော့ မထွက်ခွာကြသေးချေ။ သူတို့သည် ဟန်ရှောင်ထုံအတွက် အလောင်းကောက်ပေးရ ပေအုံးမည်။

ကံကောက်ထောက်မစွာဖြင့် ဒီကိစ္စကို သူတို့ ကိုယ်တိုင် လုပ်စရာမလိုဘဲ ရုံးတော်ကလူများကို လွဲအပ်လိုက်ရုံပင်။ သို့သော်ငြား အလောင်းကို စစ်ဆေးပြီးနောက်သူတို့က ပြန်လည်သယ်ဆောင်သွားရသည်။

ယင်းအန်းဝမ်ဖေးသည် ကြိုတင်ပြင်ဆင်လာသော အခေါင်းရှေ့တွင် တောင့်တောင့်ကြီး ရပ်နေပြီး ထိုလူများက ဟန်ရှောင်ထုံ၏ အလောင်းနှင့် ခေါင်းကို အခေါင်းထဲသို့ ထည့်လိုက်သည်ကို ကြည့်နေမိ၏။

အခေါင်းကို ပိတ်လိုက်ပြီး ယင်းအန်းဝမ် အိမ်တော်က အစေခံများက အခေါင်းကိုထမ်းကာ အပြင်သို့ ထွက်သွားကြ၏။ သူမနှင့် ယင်းအန်းဝမ်တို့ နောက်က လိုက်ပါသွားကြပြီး ဝမ်အိမ်တော်၏ မြင်းလှည်းကို ရှာဖွေ လိုက်ကြလေသည်။ ရလဒ်အနေဖြင့် အဝေးကြီးသို့ မရောက်သေးခင်မှာပင် ဈေးသည်အမျိုးသမီးက သူမကို လက်ညှိုးထိုးကာ ပြောဆိုနေသည်ကို ရုတ်တရက်တွေ့လိုက်ရ၏။

"အဲဒါ ယင်းအန်းဝမ်ဖေးပဲ ဖြစ်ရမယ်။ ကြားတာကတော့ သူကကိုယ့်သမီး အရင်းကိုတောင် မမှတ်မိဘူးတဲ့"

"ဘုရားရေ။ ဒါက အမေအရင်းကော ဟုတ်ရဲ့လား"

"မသိဘူးလေ။ တမင်သက်သက် လုပ်တာလည်း ဖြစ်နိုင်တာပဲ။ သူနဲ့ ရှန့်ကျူအစစ်က မတည့်ဘူးလို့ ပြောကြတယ်လေ"

"ဒီမိန်းမကြီးက တကယ်ကို စိတ်ယုတ်မာတာပဲ"

"ငါ့သဘောနဲ့ပြောရရင် မင်းကျင့်စီးက လူကြီးမင်းတွေအနေနဲ့ သူ့ရဲ့အထောက်အထားကိုလည်း သေချာစစ်ဆေးသင့်တယ်။ သူလည်း အတုဖြစ်နေမလား ဘယ်သူသိမှာလဲ"

ထိုလူများ၏စကားက နားထဲသို့ဝင်လာသောအခါ ဝမ်ဖေး၏ စိတ်ထဲတွင် ဒေါသများ ထွက်ပေါ်လာပြီး မျက်စိရှေ့တွင်မှောင်မိုက်သွားကာ ခန္ဓာကိုယ်မှာပျော့ခွေ လှဲကျသွားလေသည်။

ပတ်ဝန်းကျင်တွင် အာမေဍိတ်သံများ ထွက်ပေါ်လာပြီး ယင်းအန်းဝမ်က အော်ဟစ်လိုက်၏။ "သမားတော် မြန်မြန်သွားခေါ်ကြ !"

သို့သော်ငြား ဒီနေရာက ကွပ်မျက်ကွင်းပတ်ဝန်းကျင် ဖြစ်နေသဖြင့် သမားတော်က ဘယ်မှာရှိပါမည်နည်း။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းလိုက်ပြီးနောက်မှ အစိမ်းရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် ပညာရှိဆန်ဆန် အမျိုးသားတစ်ဦး အရှေ့တိုးလာပြီး ယင်းအန်းဝမ်ကို ပြောလိုက်၏။ "ကျွန်တော်က သမားတော်ပါ။ နေရာနည်းနည်းလောက် ဖယ်ပေးပါ"

ယင်းအန်းဝမ်သည် တစ်ဖက်လူကို သံသယဖြင့် ကြည့်လိုက်သော်ငြားလည်း နေရာဖယ်ပေးလိုက်၏။

ထိုအမျိုးသားက ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဝမ်ဖေး၏ ခန္ဓာကိုယ်ပေါ်တွင် အပ်အနည်းငယ် စိုက်လိုက်ကာ ဝမ်ဖေး၏ မျက်ခွံများ လှုပ်ရှားလာပြီး နောက်ဆုံးတော့ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

ယင်းအန်းဝမ်သည် ဝမ်းသာအားရဖြစ်သွားတော့၏။ "သမားတော်ကို ကျေးဇူးတင်ပါတယ်။ သမားတော်နာမည် ဘယ်လိုခေါ်လည်း မသိဘူး။ ဒီဝမ်ရယ်က သေချာပေါက် လက်ဆောင်ကြီးကြီး ပေးပါ့မယ်"

ထိုအမျိုးသားသည် အပ်ကို ပြန်သိမ်းထားလိုက်ပြီး ယင်းအန်းဝမ်ကို ခေါင်းအနည်းငယ်ငြိမ့်ပြလိုက်၏။ "တောရွာက သမားတော်ပါ။ နာမည်က မပြောပ လောက်ပါဘူး"

ထိုနောက်သူက သတိပေးစကား တစ်ခွန်းပြောလိုက်၏။ "ဝမ်ဖေးမှာ လေဖြတ်မယ့် လက္ခဏာတွေရှိနေတယ်။ ပုံမှန်အချိန်မှာ စိတ်ကို အေးအေးဆေးဆေး ထားတာအကောင်းဆုံးပဲ။ တကယ်လို့ နောက်ထပ် အကြိမ်အနည်းငယ် ထပ်ပြီး မေ့လဲမယ်ဆိုရင် နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးသည်နှင့် သူသည် အပြာရောင်ဖျော့ဖျော့ ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးကို လှည့်ကြည့်ကာ ပြောလိုက်တော့သည်။ "သွားကြစို့"

ထိုအမျိုးသမီးသည် သူ့ကိုခေါင်းငြိမ့် ပြလိုက်ပြီး တည်ငြိမ်သော အကြည့်ဖြင့် ယင်းအန်းဝမ်ဖေးကို ဖြတ်ကျော် ကြည့်လိုက်ကာ ယင်းအန်းဝမ်၏ ဘေးမှဖြတ်ကာ ထွက်ခွာသွားတော့၏။

သူသည် ထိုသမားတော်နှင့် အမျိုးသမီးထွက်ခွာသွားခဲ့သည့် ကျောပြင်ကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားလေတော့သည်။

...

All Chapters