မင်း လုံးဝမျှော်လင့်လို့ မရတော့ဘူးပဲ...
Vol. 14 Ch. 134
အားချန်က ချန်ဟွေ့ကို လှည့်ကြည့်လိုက်လေသည်။ ချန်ဟွေ့နှင့် သူဌေးမလွီတို့သည် တွေ့တွေ့ချင်း ရင်းနှီးသွားကြပြီး ဆက်ဆံရေးမှာလည်း ခင်မင်ရင်းနှီး သွားကြပြီး ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်ကြသည်။
"ဟွေ့ညန် တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲ" အားချန်သည် တံခါးနောက်တွင် ရပ်ရင်းတိုးတိုးလေး မေးလိုက်၏။
ချန်ဟွေ့ကလည်း ခေါင်းခါပြ လိုက်လေသည်။ "ကျွန်မလည်း သိပ်မရှင်းပါဘူး။ ကျွန်မတို့ စကားစမြည်ပြောရင် သူကလည်း အိမ်တွင်းရေး ကိစ္စတွေကို သိပ်ပြောလေ့မရှိဘူး"
"ကြည့်ရတာ ဒီသူဌေးမလွီဘက်က နည်းနည်းတော့ မှားနေပုံရတယ်" လင်းစွေ့က ဘေးမှနေ၍ ဝင်ပြောလိုက်၏။
"ခံစားချက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကာယကံရှင် မဟုတ်ရင် ဘယ်သူကများ ဘယ်သူအပေါ် အကြွေးတင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မှာလဲ"
ချန်ဟွေ့က ပြောပြီးသွားသည်နှင့် ထိုသူနှစ်ယောက်စလုံးက သူမကို ကြည့်နေကြသည်ကို မြင်ရသောအခါ မနေနိုင်ပဲ ရယ်မိလေတော့သည်။ "ရှင်တို့က ငယ်ပါသေးတယ်။ နောက်ဆို သိလာပါလိမ့်မယ်"
တံခါးပိတ်လိုက် သော်ငြားလည်း အပြင်ဘက်တွင် အပျော်ကြည့်ရှု နေကြသူများက ပိုပြီးများပြားလာခဲ့လေသည်။ ထိုအချိန်တွင် သူဌေးမလွီ၏ ခင်ပွန်းဟောင်း ခေါ်လာသော အိမ်တော်ထိန်း အစောင့်များသည် လူများကို စတင် မောင်ထုတ်လိုက်ကြ၏။ ထိုအစောင့်များ၏ ရုပ်ရည်မှာ ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေသဖြင့် ပတ်ဝန်းကျင်က လူများကလည်း ဒီသူဌေးမှာ ရန်စလို့ ရသူမဟုတ်ကြောင်း သိလိုက်ရပြီး ဆက်ပြီးနေရစ်ဖို့ရန် မရဲကြတော့သဖြင့် အုပ်စုကွဲကာ လူစုခွဲသွားကြတော့သည်။
သိချင်စိတ် ပြင်းပြနေသော တချို့ကတော့ လမ်းတစ်ဖက်ခြမ်းသို့ ပြန်သွားကြပြီ။ ခြေဖျားထောက်ကာ ဒီဘက်ခြမ်းသို့ လှမ်းကြည့်နေကြလေသည်။ သူတို့ ပြောဆိုသည်များကို မကြားရသော်ငြားလည်း အပျော်သက်သက် ကြည့်ရသည်က အမြတ်ဟု သဘောထားကြပုံရ၏။
ပတ်ဝန်းကျင် ဆိုင်ခန်းများက ထွက်လာကြသူများသည်လည်း အလိုက်တတိဖြင့် ပြန်ဝင်သွားကြလေသည်။ ဆိုင်တံခါးများကို ပိတ်လိုက်ကြသော်ငြား ရှေးဟောင်းပစ္စည်းဆိုင်ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်နေကြဆဲပင်။
မသက်ဆိုင်သူများကို မောင်းထုတ်ပြီးနောက် သူဌေးမလွီ၏ ညီမဖြစ်သူက တစ်ဖန်စကား ပြောလာပြန်ခဲ့သည်။ "ကျွန်မ ဒီနေ့လာတာက မမကြီးနဲ့ အတိတ်က ကိစ္စတွေကို ငြင်းခုံဖို့ မဟုတ်ပါဘူး။ အမေက မမကြီးကို စိတ်ပူနေလို့ပါ။ မမကြီးက အိမ်ပြန်ပြီး အမေ့ကို သွားမတွေ့တာကြာပြီလေ။ အားရင်အိမ်ပြန်ပြီး ကြည့်ပါဦးလို့အမေက စကားပါးလိုက်ပါတယ်"
ဤသို့ ပြောလိုက်ပြီးနောက် သူမသည် ဘေးကအမျိုးသားကို မသိမသာ ခေါင်းငြိမ့်ပြလိုက်သည်။ "အစ်ကိုကြီးလျို ကျွန်မအရင် ပြန်နှင့်ပါမယ်"
သူမသည် သူဌေးမလွီကို စကားပြောခွင့် မပေးဘဲ လှည့်ထွက်သွားခဲ့လေသည်။
သူဌေးမလွီသည် သူမ၏ကျောပြင်ကို ကြည့်ကာ လှောင်ရယ်လိုက်ပြီး သူမ၏ခင်ပွန်းဟောင်းဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆိုင်ထဲသို့ ပြန်ဝင်သွားပြီး တံခါးပိတ်လိုက်တော့၏။
သူမသည် ကောင်တာနောက်သို့ မြန်မြန်လျှောက်သွားလိုက်ပြီး အနောက်ဘက်စင်ပေါ်တွင် တင်ထားသော ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ခွက်တစ်လုံးကို လှမ်းယူလိုက်၏။ ဘာမှမလုပ်ရသေးခင်မှာပင် ဆိုင်တံခါးက တွန်းဖွင့်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။
ကိစ္စများက ဒီအခြေအနေအထိ ရောက်နေပြီဖြစ်ရာ လျိုရှန်းကျယ်သည် လက်ကို ခါယမ်းပြီး ထွက်သွားခဲ့မည်ဟု သူမက ထင်မှတ်ခဲ့သော်ငြား သူက ပြန်လှည့်လာမည်ဟု ထင်မထားခဲ့မိချေ။
"လူကြီးမင်းလျို မှာစရာစကား ရှိသေးလို့လား။ မရှိဘူးဆိုရင် ဖယ်ပေးပါဦး။ ကျွန်မ စီးပွားရေးလုပ်တာကို အနှောင့်အယှက်ဖြစ်နေပြီ"
သူဌေးမလွီသည် ခွက်ကိုနောက်ဘက်စင်ပေါ်သို့ ပြန်တင်ထားလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
လျိုရှန်းကျယ်သည် သူမကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီးမှ ပြောလိုက်လေသည်။ "လွီရူဟွေ့ မင်းက အရင်တုန်းက အကျိုးအကြောင်း မသိတဲ့သူ မဟုတ်ပါဘူး။ အခု ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ။ ရူရှင်းက မင်းရဲ့ညီမအရင်းလေ။ မင်းက ငါနဲ့သူ့ရဲ့ဆက်ဆံရေးအပေါ် လုပ်ကြံဖန်တီးပြီး စော်ကားနေတာပဲ။ အပြင်ကိုသာ ပေါက်ကြားသွားရင် နောက်ပိုင်းကျရင် သူ မြို့တော်မှာ ဘယ်လိုမျက်နှာပြ ရဲတော့မှာလဲ"
“ကျွန်မ ပြောတာက အမှန်တရားတွေ မဟုတ်ဘူးလား။ ရှင်တို့တောင် ချိန်ပြီးတော့ ကျွန်မဆီ လာရှာရဲသေးတာပဲ။ သူများပြောတာကို ကြောက်နေသေးတာလား" သူဌေးမလွီ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုများ ပြည့်နှက်နေတော့သည်။ "ဒါမှမဟုတ် ကျွန်မက လူကြီးမင်းလျိုရဲ့ နာကျင်ရတဲ့နေရာကို ထိုးနှက်မိလိုက်လို့ လွီရူရှင်းအတွက် ရှေ့ထွက်ပြီး မနေနိုင်မထိုင်နိုင် ဖြေရှင်းပေးနေတာလား"
"လွီရူဟွေ့ အဲဒါတွေက မင်းရဲ့ထင်ကြေးတွေ သက်သက်ပဲ။ ငါနဲ့သူကလမ်းမှာ မတော်တဆတွေ့ကြတာ။ ချိန်းထားတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက် တွေ့တုံးကလည်း အဲဒီလိုပဲ"
သူဌေးမလွီက တစ်ချက်ပြုံးလိုက်လေသည်။ "ရှင်တို့နှစ်ယောက် စိတ်ချင်းဆက်နွယ်နေတယ်လို့ ကျွန်မကို လာပြောနေတာလား။ ဒီတော့ ကျွန်မက ရှင်တို့ရဲ့ ရေစက်ကို သက်သေထူပေးရမယ်ပေါ့"
လျိုရှန်းကျယ်က ဒေါသတကြီး ပြောလိုက်၏။ "မင်း တကယ် မျှော်လင့်စရာ မရှိတော့ဘူးပဲ !"
သူဌေးမလွီကတော့ ခေါင်းကိုတစ်ဖက်သို့ လွှဲထားလိုက်ကာ ရှေ့တွင်ရပ်နေသည့် လူကိုဆက်မကြည့်တော့ဘဲ အေးစက်စက် ပြောလိုက်လေသည်။ "အရူးလုပ်ခံရတာထက် စာရင်တော့ သာပါသေးတယ်။ ပြောရရင် လူကြီးမင်းလျိုက ကျွန်မ မြင်ဖူးသမျှထဲမှာ သံယောဇဉ် အကြီးမားဆုံးလူပဲ။ မချစ်မနှစ်သက်တဲ့ အစ်မဖြစ်သူနဲ့ ဆယ်နှစ်ကျော်အောင် နေထိုင်ခဲ့ပြီး စိတ်ထဲမှာတော့ ညီမဖြစ်သူကို အမြဲတမ်း သတိရနေခဲ့တာလေ။ ရှင် ဒီလောက် အချစ်ကြီးမှန်း စောစောကတည်းက သိခဲ့ရင် ကျွန်မ ရှင်တို့ကို နှောက်ယှက်ခဲ့မှာ မဟုတ်ဘူး"
"ငါ မဟုတ်..."
"လူကြီးမင်းလျိုက ဘယ်တော့မှ လိမ်မပြောဘူးလို့ ကြားဖူးတယ်။ ရှင် လွီရူရှင်းကို တစ်ခါမှ မကြိုက်ခဲ့ပါဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီးကျိန်ရဲ့လား" သူဌေးမလွီက စူးရှစွာ မေးလိုက်လေသည်။
လျိုရှန်းကျယ်မှာ နှုတ်ဆိတ်သွားလေ၏။ ထိုစဉ်က သူလက်ထပ်ရမည့်သူမှာ လွီအိမ်တော်၏ ဒုတိယသမီးဖြစ်သည်ဟု ထင်မှတ်ခဲ့ပြီး မျှော်လင့်ချက်များလည်း ထားရှိခဲ့ဖူးလေသည်။
"ကိစ္စတွေက ပြီးတာကြာခဲ့ပါပြီ" သူက ပြောလိုက်၏။ "ငါ စိတ်ထဲမှာ မထားတော့ပါဘူး"
"မထားတော့ဘူး ဟုတ်လား။ ရှင် ပြောတဲ့မထားတော့ဘူး ဆိုတာက ဆယ်နှစ်ကျော် ကြာပြီးတဲ့နောက်မှာ အိမ်တွင်းရေး ကိစ္စတွေကို သူ့ကိုအကုန်လုံး ပြန်ပြောပြတာကို ခေါ်တာလား"
"သူက မေးလို့ပါ"
"သူက မေးတာနဲ့ပဲ ရှင်က ပြောပြလိုက်ရောလား"
လျိုရှန်းကျယ်သည် မျက်လုံးများကို ခဏလောက် မှိတ်ထားလိုက်ကာ "ဒီကိစ္စက ငါ့အမှားပါ။ အဲဒီတုန်းက ငါတကယ် ဒေါသထွက်လွန်းလို့ပါ။ မင်းကြောင့် အန်းအန်းဒဏ်ရာ အပြင်းအထန် ရသွားတာတောင် မင်းက သူ့ကို တစ်ချက်လေးတောင် ကြည့်ဖို့ဆန္ဒမရှိခဲ့ဘူး"
သူ့စကားမဆုံး သေးခင်မှာပင် သူဌေးမလွီက ရုတ်တရက် ဖြတ်ပြောလိုက်ပြီး လေသံကလည်း အလွန်အေးစက်လို့ နေတော့သည်။ "ကျွန်မက ဘာဖြစ်လို့ သူ့ကိုကြည့်ရမှာလဲ။ လူကြီးမင်းလျို မေ့နေပြီလား။ လျိုယွိအန်းက ရှင့်သား။ ကျွန်မသား မဟုတ်ဘူး"
လျိုရှန်းကျယ်သည် ရှေ့ကအမျိုးသမီးမှာ အလွန်စိမ်းသက်ပြီး ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။ သူက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "အန်းအန်းက မင်းကြောင့် လက်ကျိုးသွားတာလေ။ မင်း အခုအထိ ကိုယ့်အမှားကိုယ် မသိသေးဘူးလား"
"သူ လှေကားပေါ်က ပြုတ်ကျတာ မဆွဲလိုက်မိတာ ကျွန်မ အမှားလား"
"ဒါပေမဲ့ မင်း သူ့ကိုတွန်းချလိုက်တာလို့ သူက ပြောတယ်လေ"
"သူက ပြောတယ် ဟုတ်လား" သူဌေးမလွီသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောမိလိုက်တော့သည်။ "လျိုရှန်းကျယ် ကျွန်မ ရှင်နဲ့လက်ထက်ခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ ရှင်က ကျွန်မစကားကို တစ်ခွန်းမှမယုံဘဲ အပြင်က မွေးစားလာတဲ့ ကလေးတစ်ယောက် အပေါ်ကျတော့ အရာရာ ယုံကြည် နေတယ်ပေါ့။ ရှင့်ဦးနှောက် ခွေးစားသွားတာလား"
"သူက လိမ်မပြောတတ်ဘူး"
"ဒါဆို ကျွန်မက လိမ်ပြောတတ်တယ်လို့ ရှင်က ထင်နေတာလား" သူဌေးမလွီသည် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး တံခါးပေါက်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့၏။ "ရှင် အခုချက်ချင်း ထွက်သွား !"
တစ်ဖက်လူက မသွားလိုသည်ကို မြင်လိုက်ရသောအခါ သူမသည် လက်လှမ်းမီသည့် ပစ္စည်းများကို လှမ်းယူပြီး ထိုလူ့ထံသို့ ပစ်ပေါက်လိုက်မှသာ ထိုလူကို မောင်းထုတ်နိုင်ခဲ့လေသည်။
လူထွက်သွားပြီးနောက် သူမသည် ဆိုင်တံခါးကို မင်းတုတ်ချလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့၏။
သူမသည် အားတင်းထားပြီး ကောင်းတာအနောက်သို့ လျှောက်သွားပြီး စင်ပေါ်တွင်တင်ထားသော ကျောက်ခွက်ကို ယူလိုက်လေသည်။ ထိုအချိန်တွင် ကျောက်ခွက်ထဲက အရေကြည်ပါးပါးလေး တလွှာရှိနေပြီဖြစ်ကာ သူမသည် ကြည့်ပင်မကြည့်တော့ဘဲ ခေါင်းမော့ကာ ထိုအရေများကို သောက်ချလိုက်ပြီး လှေကားလက်ရန်းကို ကိုင်တွယ်ကာ ဒုတိယထပ်သို့ ဖြည်းဖြည်းချင်း တတ်သွားလိုက်တော့၏။
ထိုရုတ်တရက် ဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် ထိုနေမွန်းလွဲပိုင်းတွင် ဘေးကရှေးဟောင်းပစ္စည်းဆိုင်သည် တံခါးဖွင့်မလာခဲ့ချေ။
လင်းစွေ့သည် အားချန်၏ဆိုင်တွင် ညနေစာစားခဲ့သော်ငြား နောက်ဆက်တွဲ အခြေအနေကို မမြင်တွေ့ခဲ့ရဘဲ ညနေ၅နာရီခန့်တွင် စိတ်မကောင်းစွာဖြင့် လင်းအိမ်တော်မှ မြင်းလှည်းကိုစီးကာ ပြန်သွားခဲ့ရ၏။
လင်းစွေ့ကို လိုက်ပို့ချိန်တွင် အားချန်သည် ချန်ဟွေ့က ဘေးဆိုင်ဘက်သို့ ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ မေးလိုက်လေသည်။ "သူဌေးမလွီ ထွက်လာတာ မမြင်ရဘူးနော်။ သွားကြည့်ကြမလား"
ဘေးကဆိုင်သည် အကူမခေါ်ထားသလို သူဌေးမလွီသည်လည်း ပုံမှန်ဆိုလျှင် ဆိုင်တွင်မနေချေ။ ဆောင်းတွင်းကာလဖြစ်ပြီး မိုးချုပ်စောသဖြင့် ပုံမှန်ဆိုလျှင် ယခုအချိန်လို သူမသည် ဆိုင်တံခါးပိတ်ပြီး အိမ်ပြန်နေကြ ဖြစ်လေသည်။
"ကောင်းပြီလေ" ချန်ဟွေ့သည် ရှေ့သို့တိုးသွားပြ တံခါးကို ခေါက်လိုက်သော်လည်း တုံ့ပြန်သံမကြားရပေ။
"ရူဟွေ့ ရှိနေလား" ချန်ဟွေ့က တံခါးကို ဆက်ခေါက်လိုက်၏။
အတွင်းဘက်က အသံမကြားရသေးချေ။
"စိတ်မကြည်လို့များ လူ မတွေ့ချင်တာ များလား" အားချန်က ခန့်မှန်းလိုက်၏။
ချန်ဟွေ့ကတော့ ပြန်မဖြေဘဲ တင်းကျပ်စွာ ပိတ်ထားသည့် တံခါးနားသို့ တိုးကပ်သွားပြီး နားစွင့်လိုက်လေသည်။
အားချန်သည် သူမ၏ပုံစံကို မြင်လိုက်ရသောအခါ အနားသို့ လျှောက်သွားလိုက်ပြီး လိုက်လံနားစွင့် ကြည့်လိုက်သော်လည်း ဘာအသံမှ မကြားရချေ။
"ဘယ်လိုနေလဲ" အားချန်က မေးလိုက်သည်။
ချန်ဟွေ့သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး "နှလုံးခုန်သံ ကြားရတယ်။ သူ အထဲမှာရှိတယ်။ ဒါပေမဲ့ သူအထဲမှာရှိရင် သူ့အကျင့်စရိုက်အရ မကြားချင်ယောင် ဆောင်နေမှာ မဟုတ်ဘူး"
"ဒါဆိုရင် ကျွန်မတို့ ဝင်ကြည့်ကြမလား" အားချန်က အကြံပြုလိုက်၏။ "သူဌေးမလွီ ကြည့်ရတာ ကျန်းမာရေး သိပ်ကောင်းပုံ မရဘူး။ မတော်တဆ တစ်ခုခုဖြစ်မှာ စိုးရိမ်ရတယ်"
ချန်ဟွေ့သည်လည်း ဆက်ပြီးတုံ့ဆိုင်းမနေတော့ဘဲ တံခါးရွက်ပေါ်တွင် လက်နှစ်ဖက်ဖြင့် ဖိအားအနည်းငယ် စိုက်ထည့်လိုက်ရာ အတွင်းဘက်က မင်းတုတ်သည် ကျိုးသွားလေတော့သည်။
ရှေးဟောင်းဆိုင် အတွင်းတွင် မှောင်မည်းနေပြီး ကြမ်းပြင်ပေါ်တွင် ကြွေအကွဲအစတချို့ ရှိနေ၏။ ချန်ဟွေ့သည် အားချန်က ထိခိုက်မိမှာ စိုးရိမ်သဖြင့် ဝင်မလာခိုင်းတော့ဘဲ သူမတစ်ယောက်တည်းသာ ဝင်သွားလိုက်လေသည်။
သူမသည် တိုးညှင်းလှသည့် အသံကိုနားထောင်ရင်း ဒုတိယထပ်သို့ တက်သွားသည်တွင် တံခါးဝတွင် လှဲကျနေသည့် လွီရူဟွေ့ကို တွေ့လိုက်ရတော့သည်။
ဒီအချိန်တွင် လွီရူဟွေ့သည် သတိရှိနေဟန်တူ၏။ သူမသည် မျက်လုံးကို ဖွင့်ထားသော်ငြား လှုပ်ရှားနိုင်ပုံမရချေ။
ရှေးဟောင်းပစ္စည်းဆိုင်၏ ဒုတိယထပ်တွင် ကုတင်တစ်လုံးသာ ရှိလေသည်။ ချန်ဟွေ့က လူကို ပွေ့ချီပြီး ကုတင်ပေါ် တင်ပေးလိုက်ချိန်တွင် အောက်ထပ်က အားချန်က လှမ်းအော်ကာမေးလိုက်သည်ကို ကြားလိုက်ရ၏။ "ဟွေ့ညန် လူကို တွေ့ပြီလား"
"တွေ့ပြီ။ သူ့ပုံစံက နည်းနည်းလေး ပုံမှန်မဟုတ်ဘူး"
"ခဏစောင့်နော်။ ကျွန်မ ဖယောင်းတိုင် ပြန်သွားယူလိုက်ဦးမယ်" အားချန်သည် ပြန်လှည့်ပြေးသွားပြီး ဆိုင်ကဖယောင်းတိုင်ခွက်ကို ယူကာ ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်လာခဲ့လေ၏။
အားချန်က ဖယောင်းတိုင်ကိုကိုင်ပြီး အပေါ်ထပ်သို့ တက်လာချိန်တွင် ချန်ဟွေ့သည် ကုတင်ဘေးတွင် စောင့်ဆိုင်းနေလေသည်။ သူမ ရောက်လာသည်ကို မြင်တွေ့ရသောအခါ ချန်ဟွေ့က ပြောလိုက်၏။ "ခန္ဓာကိုယ်က လှုပ်လို့မရဘူး။ ဒါပေမဲ့ အသိစိတ်ကတော့ ကြည်လင်နေတယ်။ ကြည့်ရတာ နေမကောင်း ဖြစ်တာနဲ့မတူဘူး"
အားချန်က အနားသို့ တိုးကပ်သွားလိုက်ပြီး တစ်ဖက်လူ၏ မျက်လုံးများ ပွင့်နေကာ သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်လေသည်။ "သူဌေးမလွီ ကျွန်မ ပြောတာကို ကြားလား"
လွီရူဟွေ့က မျက်တောင်တစ်ချက် ခတ်ပြလိုက်၏။
"သမားတော် သွားခေါ်ပေးရမလား"
မျက်တောင်ခတ် မလာချေ။
အထင်လွဲသွားမည် စိုးသဖြင့် အားချန်က ထပ်မေးလိုက်လေသည်။ "ကိုယ့်ခန္ဓာကိုယ် ဘာဖြစ်လဲဆိုတာကို သိလား"
မျက်တောင်ခတ် ပြလာသည်။
ကြည့်ရသည်မှာ သူဌေးမလွီသည် မိမိ၏ကျန်းမာရေး အခြေအနေကို ကောင်းစွာသိရှိ နားလည်ပုံရ၏။ အားချန်နှင့် ချန်ဟွေ့တို့အကြည့်ခြင်း ဖလှယ်လိုက်ကြလေသည်။ သူမသည် သူဌေးမလွီ၏လက်ကို ထိကြည့်လိုက်ရာမှာ ရေခဲတုံးတစ်တုံးကို ကိုင်လိုက်ရသလို အေးစက်လို့နေတော့သည်။
သူမက အကြံပေးလိုက်၏။ "သူဌေးမလွီ ဆိုင်ထဲမှာ အရမ်းအေးတယ်။ ဟွေ့ညန်ကို ရှင့်ကို ကျွန်မတို့အိမ် ခေါ်သွားခိုင်းလိုက် ရမလား"
လွီရူဟွေ့က မျက်တောင်ခတ် ပြလိုက်၏။ သဘောတူသည်ဟု ဆိုလိုခြင်းပင်။
ချန်ဟွေ့သည် လွီရူဟွေ့ကို ပွေ့ချီပြီးအောက်ထပ်သို့ ဆင်းလာခဲ့၏။ အားချန်က အနောက်မှ လိုက်ပါလာပြီး ထွက်ခွာလာချိန် ကောင်တာထဲက သော့ခလောက်နှင့် သော့ကို ရှာတွေ့လိုက်သဖြင့် တံခါးကိုပါကူညီပြီး ပိတ်ပေးလိုက်လေသည်။
လူကို ခေါ်လာပြီးနောက် ချန်ဟွေ့သည် သူမ၏အခန်းထဲတွင် နေရာချပေးလိုက်သည်။
အားချန်ကလည်း ဆိုင်ထဲတွင်သုံးသော မီးဖိုကိုမီးညှိပေးလိုက်ပြီး အခန်းထဲသို့ ပို့ပေးလိုက်လေသည်။
၁နာရီလောက်ကြာမြင့် ပြီးသွားသောအခါ ခုနက မျက်တောင်သာ ခတ်နိုင်သော သူဌေးမလွီ၏ ခြေလက်များသည် နောက်ဆုံးတော့ လှုပ်ရှားလာနိုင်ပြီး စကားလည်း ပြောလာနိုင်တော့သည်။
"တကယ်ပဲ။ ရှင် ဘယ်လိုဖြစ်တာလဲ" ချန်ဟွေ့သည် သူမ သက်သာလာသည်ကို မြင်မှမေးလိုက်တော့၏။
လွီရူဟွေ့က စိုးရိမ်ပူပန်နေသော ချန်ဟွေ့နှင့် စူးစမ်းနေသော အားချန်ကို ကြည့်လိုက်ကာ နှုတ်ခမ်းကို တွန့်ရုံသာပြုံးလိုက်၏။ "ဘာမှမဖြစ်ပါဘူး။ ကျွန်မရဲ့ခန္ဓာကိုယ် ရုတ်တရက် နေထိုင်မကောင်းဖြစ်လာလို့ ဆေးနည်းနည်း သောက်လိုက်တာပါ။ ဒါပေမဲ့ တုံ့ပြန်မှုက ဆေးအရှိန်က နည်းနည်းပြင်းသွားတာလေ”
ထိုစကားကို သာမန်လူက ဘယ်လိုမှယုံကြည်လိမ့်မည် မဟုတ်ပေ။ ချန်ဟွေ့က မျက်နှာတည်သွားပြီး "ဘယ်လိုဆေးက လူတစ်ကိုယ်လုံးကို တောင့်တင်းသွားစေတာလဲ။ ရှင် ကြမ်းပြင်ပေါ်မှာ ဘယ်နှစ်နာရီလောက် လှဲနေခဲ့တာလဲ"
"ဟွေ့ညန်။ ကျွန်မ တကယ် ဘာမှမဖြစ်ပါဘူး" လွီရူဟွေ့သည် ထိုခေါင်းစဉ်ကို ရှောင်လွှဲရန် ကြိုးစားလိုက်လေသည်။
"ရှင် မပြောရင် ကျွန်မသမားတော် သွားခေါ်ပြီးကြည့်ခိုင်း လိုက်ရမှာပဲ။ ရှင့်အခြေအနေက နောက်တစ်ခါထပ်ပြီး ထပ်ဖြစ်ရင် ချက်ချင်းအေးခဲပြီး သေသွားနိုင်တယ်"
လွီရူဟွေ့သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဖွင့်ပြောလာခဲ့၏။ "ကျွန်မ မပြောချင်လို့ မဟုတ်ပါဘူး။ ပြောလိုက်ရင်လည်း ရှင်တို့တွေ ယုံမှာ မဟုတ်လို့ပါ"
အားချန်က ဘေးမှဝင်ပြောလိုက်၏။ "သူဌေးမလွီ အရင်ဆုံး ကျွန်မတို့ကို ပြောပြကြည့်ပါလား။ ရှင် ဘာမှမပြောရင် ဟွေ့ညန်က စိတ်ချနိုင်မှာ မဟုတ်ဘူး"
လွီရူဟွေ့က သက်ပြင်းချလိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်တော့သည်။ "ရှင် မှတ်မိလား။ ကျွန်မ ကောင်တာအပေါ်ဆုံးမှာ အမြဲတမ်း တင်ထားတဲ့ ကျောက်တုံးနဲ့ လုပ်ထားတဲ့ခွက်လေ"
"ရှင်ဘက်က လက်ဖွဲ့ပစ္စည်း တော်တော်များများ ရောင်းပြီး အဲဒါကို ဝယ်လာတာလို့ ပြောခဲ့ဖူးတယ်လေ"
"ဟုတ်တယ်" လွီရူဟွေ့က ပြုံးလိုက်၏။ "ကျွန်မ သောက်လိုက်တာ အဲဒီကျောက်ခွက်ထဲက စုစည်းလာတဲ့ရေတွေပါ"
ချန်ဟွေ့က မျက်မှောင်ကြုတ် လိုက်လေသည်။ ထိုနေ့က သူမ ထိုခွက်ကို မြင်စဉ်က ရှေးဟောင်းပစ္စည်း ဖြစ်သဖြင့် စျေးကြီးသည်ဟုသာ ထင်မှတ်ခဲ့သော်ငြား လွီရူဟွေ့ ပြောစကားအရ ထိုခွက်၏ အာနိသင်မှာ သာမန်မဟုတ်ကြောင်း သိသာနေသည်။
ထိုအရာများကို သူမ နားမလည်နိုင်သဖြင့် အားချန်ကို လှမ်းကြည့်လိုက်၏။
"ဘယ်လို ပုံစံကျောက်ခွက်လဲ" အားချန်က မေးမြန်းလိုက်သည်။
ချန်ဟွေ့က ပြောပြလာသည်။ အဖြူရောင်ကျောက်ခွက်ပါ အပေါ်မှာ အနက်ရောင် အကွက်တွေပါတယ်။ နေရောင်နဲ့ကြည့်လိုက်ရင် အလင်းရောင်ဖောက်ပြီး မြင်နိုင်တယ်"
အားချန်က ခဏလောက် စဉ်းစားလိုက်ပြီး "အဖြူနဲ့အနက်ကြားမှာ အရည်တွေ ထွက်လာတတ်တယ်ဆိုတော့ ကျောက်အမြုတေနဲ့ လုပ်ထားတဲ့ခွက်နဲ့ တူတယ်"
"မိန်းကလေးကျိက သိနေတာလား" လွီရူဟွေ့ ၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာလေသည်။
"ကျွန်မ အဲဒါတွေကို နည်းနည်းပါးပါး လေ့လာဖူးလို့ပါ" အားချန်က စကားလမ်းကြောင်း လွှဲလိုက်၏။ "ကျွန်မ သိသလောက်တော့ ကျောက်အမြုတေက ကျောက်အရည်ကို စုစည်းနိုင်ပေမယ့် ကျောက်အရေမှာ ရောဂါကုသနိုင်တဲ့ အစွမ်းမရှိပါဘူး"
"ဟုတ်တယ်။ ဒါပေမဲ့ သူက အကိုက်အခဲ ပျောက်စေတယ်"
နှစ်ယောက်လုံး အံ့သြသွားသည်ကို မြင်လိုက်ရသည်တွင် လွီရူဟွေ့က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေသည်။ "ကျွန်မရဲ့ရောဂါက မကြာခဏ နာကျင်မှုကို သည်းမခံနိုင်အောင် ဖြစ်ရတယ်။ သမားတော်ပေးတဲ့ ဆေးက အာနိသင်မရှိတော့ဘူး။ တခြားနည်းလမ်းမရှိတော့လို့ အကိုက်အခဲပျောက်ဖို့ ကျောက်အရည်ကို ရှာခဲ့ရတာ"
သူမက ခဏလောက်ရပ်ပြီးမှ ဆက်ပြောလိုက်ပြန်သည်။ "အရင်တုန်းကတော့ ဒီလို မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း ကျောက်ရေသောက်ပြီးရင် ခန္ဓာကိုယ်က တောင့်တင်းပြီး လှုပ်မရအောင် ဖြစ်သွားခဲ့တယ်။ နှစ်နာရီ သုံးနာရီလောက်ကြရင် ပြန်ကောင်းသွားတာပဲ။ တကယ်အေးခဲ့ပြီး သေသွားမှာ မဟုတ်ပါဘူး"
သူမသည် ချန်ဟွေ့ကို နားလည်အောင် ရှင်းပြသော်လည်း ချန်ဟွေ့ကတော့ နှုတ်ဆိတ်နေခဲ့လေသည်။
အချန်ကတော့ သတိပေးလိုက်၏။ "တကယ်လို့ ရှင်သာ ဆက်သောက်နေရင် ဒီလိုအခြေနေကပိုပြီး ဆိုးရွားလာနိုင်တယ်။ နောက်ဆုံးကျရင် ခန္ဓာကိုယ်က လုံးဝ တောင့်တင်းသွားလိမ့်မယ်"
လူသားများသည် သူတို့၏အသိဉာဏ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေသော အရာများကို အလွန်စူးစမ်းချင် ကြသော်ငြားလည်း အရာများစွာသည် လူသားများအတွက် အဆိပ်အတောက်ထပ်ပင် ပိုအန္တရာယ် များလှသေးသည်။
သူမက လိမ်လည်ခံလိုက်ရမည်ကို အားချန်က စိုးရိမ်နေမိ၏။
သို့သော်ငြား လွီရူဟွေ့ကတော့ ပေါ့ပါးစွာဖြင့် ပြောလိုက်လေသည်။ "ကျွန်မ သိပါတယ်။ ခွက်ဝယ်တုန်းက ရောင်းတဲ့လူကလည်း ပြောပြခဲ့ပါတယ်။ ကျောက်ရေကို သောက်သောက် မသောက်သောက် ကျွန်မက သေရမှာပါပဲ။ ဒီလိုသေရတာက အနည်းဆုံးတော့ ကြည့်ကောင်းသေးတယ်လေ"
အားချန်သည် ဘာပြန်ပြောရမည် မသိအောင်ဖြစ်သွားတော့၏။ သူဌေးမလွီ၏ စကားများအရ သူမ၏ရောဂါသည် ကုသရန်နည်းလည်း မရှိတော့ချေ။
ကျောက်ရေကို သောက်သုံးခြင်းသည် အဆိပ်ကို ရေငတ်ပြေ သောက်နေသကဲ့သို့ ဖြစ်သော်ငြား မသောက်လျှင်လည်း နာကျင်မှုကို ခါးစည်းခံရုံသာ ရှိတော့သည်။
"ရှင်... ဘာဖြစ်လို့ တစ်ခါမှ မပြောပြခဲ့တာလဲ" ချန်ဟွေ့၏ လည်ချောင်းထဲတွင် တစ်ဆို့နေသလိုခံစားလိုက်ရ၏။
ယခင်က သူမသည် လွီရူဟွေ့၏ ကျန်းမာရေးမကောင်းသည်မှာ အားချန်ကဲ့သို့ ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်ငြား ယနေ့မှသာ သူမကသေဆုံးတော့မည် ဖြစ်ကြောင်း သိလိုက်ရလေသည်။
မနေ့က သူတို့သည် နောက်တစ်နှစ် နွေရာသီတွင် လွီရူဟွေ့၏ ခြံဝင်းသို့ အပန်းဖြေသွားရန်ပင် ချိန်းဆိုခဲ့ကြသေးသည်။ သူမ၏ခန္ဓာကိုယ်သည် ထိုနေ့အထိ ခံနိုင်ပါဦးမည်တဲ့လား။
လွီရူဟွေ့က နှုတ်ခမ်းကို တွန့်ချိုးထား လိုက်ကာ "တောင်းပန်ပါတယ် ဟွေ့ညန် ကျွန်မအရင်က ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး"
"ရှင် ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ"
"လအနည်းငယ်တော့ ရှိပါပြီ" ချန်ဟွေ့ စိတ်မကောင်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမက နှစ်သိမ့်ပေးလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ တကယ်တော့ ကျောက်ရေကို သောက်ပြီးရင် ကျွန်မက သာမန်လူနဲ့ အတူတူပါပဲ။ မနာမကျင်ဘဲ ခံစားလို့ကောင်းပါတယ်။
"ရှင် နေမကောင်းတဲ့ ကိစ္စကိုမိဘတွေကို ပြောပြဖို့လည်း အစီအစဉ်မရှိဘူးလား" လွီရုဟွေ့တွင် မိဘနှစ်ပါးရှိသေးပြီး သူမအထက်တွင် အစ်ကိုနှစ်ယောက်၊ အောက်တွင် မောင်တစ်ယောက်နဲ့ ညီမတစ်ယောက်ရှိသည်ဟု သူ မသိထားလေသည်။
လွီရူဟွေ့က လေသံအေးအေးဖြင့် ပြောလိုက်၏။ "မပြောတော့ပါဘူး။ ကျွန်မ ရုတ်တရက် ကွာရှင်းလိုက်လို့ သူတို့ ကျွန်မကို စိတ်ဆိုးနေတာ။ ကျွန်မ အိမ်မပြန်တာတောင် ကြာပါပြီ"
သူဌေးမလွီ၏ စိတ်ထဲတွင် ဝမ်းနည်းစရာကိစ္စများစွာ ရှိနေမည်ဟု အားချန်လည်း ခန့်မှန်းမိလိုက်၏။ သူမနှင့်တစ်ဖက်လူမှာ သိပ်မရင်းနှီးသဖြင့် ဆက်လက်နားမထောင်ရန် မသင့်ဟု ခံစားမိကာ အခန်းပြန်နားမည်ဟု အကြောင်းပြကာ ထွက်လာခဲ့လိုက်တော့သည်။
အခန်းပြန်ရောက် ပြီးနောက်တွင် အားချန်သည် ရေချိုးအဝတ်အစားလဲလိုက်ပြီး နွေးထွေးလှသည့် ကျားသရေမွေ့ရာပေါ်တွင် လှဲချလိုက်ကာ ခေါင်းအုံးဘေးရှိ ပုံပြင်စာအုပ်ကို ယူဖတ်ရင်း အိပ်ပျော်သွားတော့သည်။
မျက်လုံးဖွင့်လိုက် သောအခါ သူမသည်ရင်းနှီးနေသော အတွင်းစိတ်နယ်ပယ်ထဲသို့ ရောက်ရှိနေကြောင်း သိလိုက်ရတော့သည်။ မူလက ခန္ဓာကိုယ်တွင် ချည်နှောင်ထားသော အနက်ရောင်သံကြိုး ၆ချောင်းအနက် ယခုတော့ ၃ချောင်းသာ ကျန်တော့သည်။
ပိုပြီးအတိအကျ ပြောရလျှင်တော့ နှစ်ချောင်းခွဲသာ ကျန်တော့သည်။ လည်ပင်းပေါ်က သံကြိုးသည် တစ်ဝက် ကျိုးပဲ့နေပြီး ယိမ်းထိုးနေကာ အပေါ်တွင် နားမလည်နိုင်သော သင်္ကေတတချို့ ရစ်ဝဲလိုနေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုအရာက သံကြိုးအစစ် မဟုတ်သဖြင့် ဆွဲဖြုတ်လို့ မရနိုင်ဘဲ ဒီအတိုင်း သည်းခံနေရခြင်းပင်။
သူမသည် အချိန်ခဏလောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်ပြီး နောက်တွင်တော့ ခြေထောက်ပေါ်က သံကြိုးသည် တကျွတ်ကျွတ် မြည်သံထွက်ပေါ်လာပြီး ကြည့်လိုက်သောအခါ ထိုသံကြိုးသည် တင်းကျပ်သွားပြီးနောက် လုံးဝကျိုးပဲ့သွားတော့သည်။
ယခုအခါ လည်ပင်းပေါ်က တစ်ဝက်ပြတ်နေသည့် သံကြိုးအပြင် ညာဘက် ခြေထောက်ပေါ်က သံကြိုးသာ ကျန်ရစ်တော့သည်။
သူမသည် သိချင်နေမိ၏။ သံကြိုးတွေအားလုံး ကျိုးပဲ့သွားပြီးရင် ဘာဆက်ဖြစ်လာမှာလဲ။ ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သံကြိုးတွေ တပ်ဆင်ထားတယ်လူ ပေါ်လာမှာလား။
သူမ ထင်ကြေးပေးသလို အမေဖြစ်သူဖြစ်နေလျှင်လည်း ကိစ္စမရှိချေ။ အနည်းဆုံးတော့ အကြောင်းအရင်းတစ်ခုခု ပြောပြသင့်သည် မဟုတ်ပါလား။
အားချန်သည် အတွင်းစိတ်နာ်ပယ်ထဲတွင် ရောက်နေသည့်အချိန်မှာ တိုတောင်းသည်ဟု ထင်ရသော်ငြား မျက်လုံးဖွင့်လိုက်ချိန်တွင်တော့ အပြင်ဘက်တွင် မိုးလင်းနေပြီဖြစ်၏။
သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း နဖူးကို စမ်းကြည့်လိုက်ရာ ကိုယ်ပူခြင်းမရှိ။ ခန္ဓာကိုယ်လည်း နေမကောင်းခြင်းမရှိဘဲ ဗိုက်ဆာနေသည်ကိုသာ ခံစားလိုက်ရလေသည်။ ပြီးခဲ့သည့် အချိန်နှင့် ယှဉ်ကြည့်လျှင် သူမ၏ အခြေအနေမှာ အများကြီး ပိုကောင်းလာသည်ဟု ဆိုရမည်။
ဒါက အမှန်တကယ် ဝမ်းသာစရာကိစ္စပင်။ အားချန်သည် အဝတ်အစားများကို ဝတ်ဆင်ပြီး အပြင်သို့အမြန် ပြေးထွက်သွားကာ အော်ဟစ်လိုက်လေသည်။ "ဟွေ့ညန် ကျွန်မ အသားလုံးဟင်းရည် သောက်ချင်တယ်။ ပေါက်စီရောပဲ"
ချန်ဟွေ့၏ အသံသည် မီးဖိုချောင်ထဲမှ ထွက်ပေါ်လာခဲ့၏။ "ပေါက်စီမရှိဘူး။ ဒီနေ့ကြက်သွန်မြိတ်ကပ်ကြော်ပဲ ရှိတယ်"
"ကောင်းပြီလေ။ ဒါဆိုကြက်ဥတစ်လုံး ထည့်ပေး"
မကြာခင်မှာပင် ချန်ဟွေ့သည် အသားလုံးဟင်းရည်နှင့် ကြက်ဥထည့်ထားသော ကြက်သွန်မြိတ်ကပ်ကျော်ကို ယူဆောင်လာခဲ့လေသည်။ အသားလုံးများကို သူမ ကြိုတင်ပြုလုပ်ထားပြီး အပြင်ဘက်တွင် အေးခဲထားသဖြင့် သုံးစွဲရန်ပိုပြီး အဆင်ပြေနေ၏။
နှစ်ယောက်သား အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် အားချန်သည် ဇွန်းဖြင့်အသားလုံးကို ဆယ်စားလိုက်ပြီး တစ်လုံးစားလိုက်ပြီးမှ ရုတ်တရက် သတိရကာ မေးလိုက်တော့သည်။ "သူဌေးမလွီရော"
"ဒီနေ့မနက် အစောကြီး ထပြန်သွားတယ်။ အခုလောက်ဆိုရင် ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေလောက်ပြီ"
"သူ့ခန္ဓာကိုယ်က ဒီလိုဖြစ်နေတာတောင် ဆိုင်ဖွင့်ဖို့ မမေ့ဘူးလား" အားချန်သည် တစ်ဖက်လူ၏ အတွေးကို သိပ်နားမလည်နိုင်အောင် ဖြစ်လို့နေသည်။
"ဆိုင်ဖွင့်တာက သူ့အတွက် အိမ်ကလူတွေကို ရင်ဆိုင်ရတာထက် ပိုလွယ်ကူလို့ ဖြစ်မှာပေါ့"
မနေ့ညက လွီရူဟွေ့ပြောပြခဲ့သော အတိတ်က အကြောင်းအရာများကို ပြန်တွေးမိပြီး ချန်ဟွေ့က သက်ပြင်းချလိုက်မိ၏။
လွီရူဟွေ့၏ ဒီလက်ထက်ပွဲသည် သူမ အတင်းအကျပ် တောင်းဆိုခဲ့သောကြောင့် ဖြစ်လေသည်။
မူလက လျိုရှန်းကျယ်နှင့် စေ့စပ်ထားသူမှာ သူမ၏ညီမ ဖြစ်သော်ငြားလည်း နောက်ပိုင်းတွင်တော့ လက်ထပ်ပွဲပျက်သွားပြီး မိဘများက သူမ၏ညီမကို လျိုအိမ်တော်သို့ ပေးစားရန် သဘောမတူခဲ့ကြပေ။
သူမသည် လျိုရှန်းကျယ်ကို ချစ်ခင်နှစ်သက်သဖြင့် ညီမဖြစ်သူ၏ လက်ထပ်ပွဲ မအောင်မြင်ကြောင်း သိရသောအခါ မိဘများကို အတင်းအကျပ် တိုက်တွန်းပြီး ညီမဖြစ်သူအစား ဝင်ရောက်လက်ထက်ခဲ့ခြင်း ဖြစ်လေသည်။
သူမ လက်ထပ်စဉ်က လျိုရှန်းကျယ်သည် အရာရှိလောကသို့ ဝင်ရောက်ခါစသာ ရှိသေးသော်ငြား ယခုအချိန်တွင်တော့ အခမ်းအနားရေးရာဌာန၏ ဝန်ကြီးဖြစ်နေပြီ ဖြစ်၏။
ဘေးလူများ၏အမြင်တွင် သူမ၏အိမ်ထောင်ရေး၌ တစ်ခုတည်းသော နောင်တရစရာမှာ သားသမီးမထွန်းကားခြင်းပင်။
သို့သော်ငြား လျိုရှန်းကျယ်သည် မယားငယ်မယူခဲ့ဘဲ ဆွေမျိုးများထံမှ ကလေးတစ်ယောက်ကိုသာ မွေးစားခဲ့လေသည်။
သူတို့၏ နေ့ရက်များသည် ရံဖန်ရံခါ အဖုအထစ်များ ရှိသော်ငြား သင့်မြတ်သည်ဟု ဆိုနိုင်ပေသည် အတိတ်ကကိစ္စများ ပြီးဆုံးသွားပြီဟု သူမသည် ထင်မှတ်ခဲ့မိ၏။
ဒီနှစ်တွင် သူမ၏ညီမဖြစ်သူ မုဆိုးမဘဝဖြင့် မြို့တော်သို့ ပြန်ရောက်လာသည့် အချိန်ထိပင်။ အရာအားလုံးက ပြောင်းလဲသွားခဲ့တော့၏။
သူမနှင့် ချစ်ခင်စုံမက်သည်ဟု ထင်မှတ်ခဲ့သောခင်ပွန်းသည်နှင့် သူမ ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့သော ကလေးသည် သူစိမ်းများအဖြစ် ပြောင်းလဲသွား ကြလေသည်။
လူတိုင်းက အမှားလုပ်သူမှာ သူမဖြစ်သည်ဟု ထင်မြင်နေကြလေသည်။
မိမိကိုယ်တိုင် သေဆုံးတော့မည်ကို သိရှိခဲ့ရပြီးနောက် သူမသည် အမှားအမှန်ကို ငြင်းခုံရန် မကြိုးစားတော့ဘဲ ကွာရှင်းရန်သာ ရွေးချယ်ခဲ့လိုက်၏။
ထိုစကားကို ပြောနေချိန်တွင် သူမသည် စိတ်ဖြေလျော့ရန် ကြိုးစားနေသော်ငြား မအောင်မြင်ခဲ့ကြောင်းကို ချန်ဟွေ့လည်း မြင်တွေ့ခဲ့ရ၏။
တချို့သော စိတ်ဒဏ်ရာများသည် သေဆုံးသည့်အထိ စွန့်လွှတ်နိုင်ရန် ခက်ခဲလှပေသည်။
"သူ့ကို အဖော်များများ လုပ်ပေးလိုက်ပါ" အားချန်က ပြောလိုက်၏။ "ကျောက်ရေက လူကိုထိခိုက်မှု အရမ်းများတယ်။ သူ ဆက်သောက်နေမယ်ဆိုရင် ပထမလကိုတောင် ကျော်နိုင်မှာ မဟုတ်လောက်ဘူး"
"ကျွန်မ သိပါတယ်"
အားချန်က သူမကို စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်လိုက်သောအခါ ချန်ဟွေ့က ပြုံးပြလိုက်လေသည်။ "ကျွန်မအတွက် စိတ်မပူပါနဲ့။ ရှင်ကွဲကွဲတာ သေကွဲကွဲတာတွေကို ကျွန်မ သဘောပေါက်ပြီးသားပါ။ ရူဟွေ့လည်း... အစောကြီးကတည်းက လက်ခံထားပြီးသားပါ"
...