ငါ့ဘဝက နေရထိုင်ရ ခက်ခဲနေမှတော့ နင်လည်း...
Vol. 14 Ch. 135
၁၂လပိုင်းထဲသို့ ဝင်ရောက်လာပြီးနောက် နေ့ရက်များသည် ကုန်ဆုံးလွယ်လာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၈ ရက်သို့ ရောက်ရှိလာပြီး နှစ်သစ်ကူးရန် ၁၀ ရက်ကျော်သာ လိုတော့သည်။
အိမ်တွင် လူနှစ်ယောက်သာ ရှိသော်လည်း ဟွေ့ညန်က နှစ်သစ်ကူးပစ္စည်းများ အများအပြား ပြင်ဆင်နေသည့် အကြောင်းအရင်းကို သိပ်နားမလည်သော်ငြား အားချန်သည် စားသောက်ရုံသာ တတ်ကျွမ်းသူမို့ မည်သည့်အခါကမျှ ကန့်ကွက်ခြင်း မပြုခဲ့ပေ။
ထိုနေ့ နံနက်တွင် ချန်ဟွေ့သည် ဆိုင်၌ မှာယူထားသော အဝတ်အစားသစ်များ သွားယူရန် ထျန်းကျယ်လမ်းသို့ ထွက်သွားသဖြင့် အားချန်က ဆိုင်စောင့်ကျန်ရစ်ခဲ့သည်။
မီးသွေးလာဝယ်သော ဧည့်သည်နှစ်ဦးကို ပြန်လွှတ်လိုက်ပြီးနောက် ဘေးဆိုင်မှ သူဌေးမလွီသည် အမွှေးတိုင်အိုးတစ်လုံးကို ပွေ့ပိုက်ကာ ဆိုင်ထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
သူမသည် ဝင်ဝင်ချင်းပင် ပြောလာလေသည်။ "ကျိမိန်းကလေး ကျွန်မ အမွှေးနံ့သာမှုန့်တချို့ ဝယ်ချင်လို့"
"ကျွန်မဆီမှာ အမွှေးနံ့သာမှုန့်တွေ အများကြီး ရှိတယ်။ သူဌေးမလွီ ဘယ်လိုဟာမျိုး လိုချင်လို့လဲ" အားချန်က မေးလိုက်၏။
"အနံ့ သိပ်မပြင်းတဲ့ဟာ တစ်မျိုးလောက် ရွေးပေးပါ"
သူမ ပြောစကားအရ ကိုယ်တိုင်သုံးရန် ဝယ်ယူခြင်း မဟုတ်မှန်း သိသာနေသဖြင့် အားချန်သည် သူမလက်ထဲမှ အမွှေးတိုင်အိုးကို ကြည့်လိုက်မိသည်။ "သူဌေးမလွီက အမွှေးတိုင်အိုးကို စမ်းကြည့်ချင်လို့ အမွှေးနံ့သာမှုန့် လာဝယ်တာလား"
သူမ ကြည့်နေသည်ကို မြင်သောအခါ လွီရူဟွေ့က လက်ထဲမှ အမွှေးတိုင်အိုးကို ကောင်တာပေါ်သို့ တင်လိုက်လေသည်။ "အခုလေးတင် ရလာတဲ့ အမွှေးတိုင်အိုးပါ။ ကျွန်မကြည့်ရတာ ယွီရှန်းအိုးနဲ့ တူနေလို့။ ယွီရှန်းကျောက်နဲ့ လုပ်ထားတဲ့ အမွှေးတိုင်အိုးက အမွှေးတိုင်ထွန်းလိုက်ရင် မီးခိုးငွေ့တွေက တိမ်တိုက်တွေလို စုစည်းပြီး မပျံ့လွင့်ဘူးလို့ ကြားဖူးတယ်။ အဲဒါကြောင့် စမ်းကြည့်ချင်လို့ပါ"
"အဲဒီလောက်တောင် ဆန်းကြယ်တာလား" အားချန်သည် ယွီရှန်းတောင်ကို သိသော်လည်း ထိုတောင်ပေါ်မှ ကျောက်တုံးဖြင့် ပြုလုပ်ထားသော အမွှေးတိုင်အိုးတွင် သည်လိုအာနိသင် ရှိသည်ကိုတော့ မသိခဲ့ပေ။ ယွီရှန်းတောင်သည် သာ့ရှပြည်၏ နယ်နိမိတ်အပြင်ဘက်တွင် ရှိလေသည်။
"ကျွန်မလည်း သူများ ပြောတာ ကြားဖူးရုံပါ"
"ဒါဆိုရင်တော့ ကျွန်မ သေသေချာချာ မျက်စိဖွင့် နားဖွင့် ကြည့်ရမယ်။ ဒီအမွှေးနံ့သာမှုန့်အတွက် ပိုက်ဆံပေးစရာ မလိုပါဘူး"
အားချန်သည် အမွှေးနံ့သာမှုန့်နှင့် အမွှေးတိုင်ပုံဖော်ရာတွင် အသုံးပြုသော ပစ္စည်းအစုံအလင်ကို ယူလာပေးလိုက်သည်။ နှစ်ဦးသား စားပွဲတွင် ဝင်ထိုင်လိုက်ကြပြီး သူဌေးမလွီသည် အမွှေးတိုင်ပြာများကို ဖြည်းဖြည်းချင်း လောင်းထည့်ကာ ညီညာအောင် ဖိလိုက်သည်။ ထို့နောက် ပုံဖော်သည့် စာလုံးပုံစံခွက်ကို တင်ပြီး အမွှေးနံ့သာမှုန့်များကို ထည့်လိုက်လေသည်။
အမွှေးနံ့သာမှုန့်များ ပြည့်သွားသောအခါ ပုံစံခွက်ကို ဖယ်လိုက်ရာ ပုံစံခွက်နှင့် တစ်ထပ်တည်းတူညီသော "ဖူ" (ကံကောင်းခြင်း) စာလုံး ပေါ်ထွက်လာတော့သည်။
အားချန်က မီးညှိထားသော အမွှေးတိုင်အချောင်းကို ကမ်းပေးလိုက်ရာ သူမသည် ထိုအမွှေးတိုင်ဖြင့် "ဖူ" စာလုံးပုံစံ အမွှေးနံ့သာမှုန့်ကို မီးညှိလိုက်ပြီး အဖုံးအုပ်လိုက်လေသည်။
နှစ်ယောက်သား ခဏလောက် စိုက်ကြည့်နေကြရာ အမွှေးတိုင်အိုးထဲမှ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုမီးခိုးငွေ့များသည် အမွှေးတိုင်အိုး၏ အပေါ်ဘက်သို့ ရောက်ရှိသွားသော်လည်း ပျံ့လွင့်မသွားဘဲ ခဏအကြာတွင် တိမ်တိုက်သဖွယ် မီးခိုးငွေ့အစုအဝေး တစ်ခုအဖြစ် အမှန်တကယ် စုစည်းသွားလေတော့သည်။
"စာအုပ်ထဲမှာ ပြောထားသလို တကယ်ပဲ ဖြစ်လာတာပဲ။ အရမ်း အံ့ဩဖို့ကောင်းတယ်" လွီရူဟွေ့၏ မျက်နှာတွင် အံ့ဩဝမ်းသာမှုများ ပြည့်နှက်နေသကဲ့သို့ အားချန်သည်လည်း သည်လို ပျော်စရာကောင်းသော အမွှေးတိုင်အိုးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ နှစ်ယောက်သားသည် အမွှေးနံ့သာမှုန့် ကုန်သွားသည်အထိ တစ်နာရီခန့် ကြာအောင် စိုက်ကြည့်နေမိကြသည်။
"ဒီလို အမွှေးတိုင်အိုးမျိုး ဈေးကွက်ထဲမှာ ဝယ်လို့ ရနိုင်မလား" အားချန် စိတ်ဝင်စားသွားမိသည်။
လွီရူဟွေ့က ခေါင်းခါလိုက်လေသည်။ "ခက်မယ် ထင်တယ်။ ကျွန်မလည်း စာအုပ်ထဲမှာပဲ မြင်ဖူးတာ။ ဒါက တကယ့်ကို တန်ဖိုးကြီး ပစ္စည်းတစ်ခုကို မထင်မှတ်ဘဲ ရလိုက်တာပဲ"
"ဒါဆို သူဌေးမလွီက ရောင်းဖို့ အစီအစဉ် ရှိလား" အားချန်က မျှော်လင့်တကြီး မေးလိုက်၏။
လွီရူဟွေ့က ခေါင်းခါလိုက်ပြီး ရှင်းပြလေသည်။ "အဖေက အမွှေးနံ့သာကို ကြိုက်တယ်။ ဒီအမွှေးတိုင်အိုးကို သူ့ကို လက်ဆောင်ပေးမလို့။ နှစ်သစ်ကူးတော့မယ်လေ။ ဒါက ကျွန်မ သူ့ကိုပေးတဲ့ နောက်ဆုံး နှစ်သစ်ကူးလက်ဆောင် ဖြစ်လောက်တယ်။ တန်ဖိုးရှိတာလေး ပေးရမှာပေါ့"
သူမ ထိုသို့ ပြောလာသဖြင့် အားချန်လည်း သူတစ်ပါး မြတ်နိုးသော ပစ္စည်းကို လုယူရန် ဆန္ဒမရှိတော့ပေ။
ဒုတိယနေ့တွင် မနက် ၉ နာရီ ထိုးသည့်တိုင် ဘေးဆိုင် တံခါးဖွင့်မလာသည်ကို မြင်သောအခါ အားချန်က ချန်ဟွေ့ကို မေးလိုက်၏။ "ဟွေ့ညန် ဒီနေ့ ဘေးဆိုင် ဘာလို့ တံခါးမဖွင့်တာလဲ"
"သူ ဒီနေ့ မိဘအိမ်ကို သွားတယ်။ နေ့လယ်လောက်မှ ပြန်ရောက်ပြီး ဆိုင်ဖွင့်မယ် ထင်တယ်"
လွီရူဟွေ့၏ ကျန်းမာရေးမှာ တဖြည်းဖြည်း ဆိုးရွားလာသော်လည်း မိသားစုကို အသိမပေးလိုသဖြင့် တကယ်တမ်း တစ်စုံတစ်ခု ဖြစ်လာလျှင် ကူညီမည့်သူ မရှိမည်ကို စိုးရိမ်သောကြောင့် ချန်ဟွေ့က အပြင်သွားလျှင် သူမကို ပြောခဲ့ရန် မှာကြားထားသည်။
မနေ့ညက မပြန်ခင် သူမ မိဘအိမ်သို့ သွားမည့်အကြောင်း ချန်ဟွေ့ကို ပြောပြခဲ့ခြင်း ဖြစ်လေသည်။
အားချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ကောင်တာပေါ်တွင် မှောက်လျက်သား နေရင်း ချန်ဟွေ့ကို ပြောလိုက်သည်။ "မနေ့က သူဌေးမလွီ အမွှေးတိုင်အိုးတစ်လုံး ရလာတယ်။ သိပ်ပျော်ဖို့ကောင်းတာပဲ။ နှမြောစရာကောင်းတာက သူ အဖေကို ပေးချင်နေတာ။ မဟုတ်ရင် ကျွန်မ ဝယ်လိုက်ပြီ"
"ရှင် ဝယ်ထားတဲ့ ကစားစရာတွေ ဘယ်လောက်တောင် များနေပြီလဲ။ ဒုတိယထပ်မှာတောင် ထားစရာ မရှိတော့ဘူး"
"ဒါက မတူဘူး"
"ဘယ်နေရာက မတူတာလဲ" ချန်ဟွေ့က မျက်စောင်းထိုးကြည့်လိုက်၏။
"ဒါက အရမ်း ပျော်ဖို့ကောင်းတာ" ပြောပြီးနောက် အားချန်က သက်ပြင်းချကာ "သူဌေးမလွီက တကယ် တော်တာပဲ။ အရောင်းအဝယ် တစ်ခုတည်းနဲ့ ငွေအများကြီး မြတ်တယ်။ သူက မရောင်းချင်တာ နှမြောစရာပဲ"
သူတို့နှစ်ဦး လွီရူဟွေ့အကြောင်း ပြောနေချိန်တွင် သူမသည် လွီအိမ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လွီမိသားစုသည် မြို့တော်တွင် ထင်ရှားခြင်း မရှိသော်လည်း မျိုးဆက် ၃ ဆက်တိုင် ကျင့်ရှီ စာမေးပွဲ အောင်မြင်ခဲ့ကြသည်။ ရာထူး မကြီးမြင့်သော်လည်း ပညာတတ် စာပေမျိုးရိုးဟု ခေါ်ဆိုထိုက်ပေသည်။
လွီရူဟွေ့၏ ဖခင်သည် ယခုအခါ ဟန်လင်းပညာရှိအမတ် ဖြစ်နေပြီဖြစ်သည်။ သူသည် သည်ရာထူးတွင် ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောင်နှစ်ပေါင်းများစွာလည်း ပြောင်းလဲမှု ရှိလိမ့်မည် မဟုတ်ပေ။
လွီရူဟွေ့သည် လွီအိမ်တော် တံခါးဝသို့ ဝင်ရောက်လာပြီး နောက်မှ အိမ်တော်ထိန်းအစောင့်က သူမ ယူလာသော လက်ဆောင်ပစ္စည်းများကို ကူသယ်ပေးလာသည်။ သူမသည် ပင်မခြံဝင်းသို့ ကျွမ်းကျင်စွာ လျှောက်လှမ်းသွားရင်း ယနေ့ မိသားစုဝင်အားလုံး စုံလင်နေသည်ဟု ကြားသိရသဖြင့် တစ်ခါတည်း အကုန်တွေ့ရမည်ဟု စိတ်ထဲတွင် တွေးနေမိသည်။
တံခါးဝသို့ ဝင်လိုက်သည်နှင့် စည်ကားသိုက်မြိုက်သော ရယ်မောသံများကို ကြားလိုက်ရသော်လည်း လမ်းပြပေးသော အိမ်တော်ထိန်းအစောင့်က ဝမ်းသာအားရဖြင့် အကြီးဆုံးသခင်မလေး ပြန်ရောက်လာပြီဟု အိမ်ထဲရှိလူများကို အော်ပြောလိုက်သည့်အခါ ရယ်သံများ ရုတ်တရက် ရပ်တန့်သွားတော့သည်။
လွီရူဟွေ့သည် ဧည့်ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။ မော့ကြည့်လိုက်သောအခါ မိခင်ဖြစ်သူက ခြေထောက်ပေါ်တွင် စောင်ပါးလေး လွှမ်းခြုံထားသည်ကို တွေ့ရပြီး နေမကောင်း ဖြစ်နေပုံရကာ မျက်နှာ အရောင်အဆင်း သိပ်မကောင်းလှပေ။
မောင်ဖြစ်သူက ဖခင်၏ ရှေ့တွင် ရပ်နေပြီး ဖခင်က စာပေအကြောင်း မေးမြန်းနေပုံရကာ ဒုတိယအစ်ကိုက မောင်လေးကို လှောင်ရယ်နေသည်။ လွီရူရှင်းက ဒုတိယမရီး ဘေးတွင် ထိုင်နေပြီး စကားပြောနေကြသည်။
မိသားစု တစ်စုလုံး ပျော်ရွှင်ချမ်းမြေ့နေကြသည်။
"နင် ပြန်လာတတ်သေးတယ်ပေါ့" လွီအဖေသည် သမီးအကြီး ဝင်လာသည်ကို မြင်သောအခါ လက်ဖက်ရည်ခွက်ကို ဆောင့်ချလိုက်ပြီး မျက်နှာ တင်းမာသွားတော့သည်။
"သမီး အဖေနဲ့ အမေကို ဂါရဝပြုပါတယ်" လွီရူဟွေ့သည် ဘာမှ မကြားရသကဲ့သို့ ရှေ့တိုးသွားပြီး မိဘများကို နှုတ်ဆက်လိုက်လေသည်။
လွီအမေက နှာခေါင်းရှုံ့လိုက်ပြီး "နင့်ကို တစ်ခေါက် တွေ့ရဖို့က တကယ် ခက်တာပဲ"
"သမီး အမှားပါ" လွီရူဟွေ့က တောင်းပန်လိုက်ပြီးနောက် လွီအမေကို ကြည့်ကာ "အမေ ဒီနေ့ ကြည့်ရတာ နေထိုင်မကောင်းတဲ့ပုံပဲ။ ဖျားနေတာလား"
"နင် သတိရပြီး မေးတဲ့အချိန်ကျရင် ငါက ရောဂါဖိစီးပြီး သေတောင် သေလောက်ပြီ" လွီအမေသည် လွီရူဟွေ့ကို မျက်နှာသာ လုံးဝ မပေးပေ။
လွီရူဟွေ့သည် မိဘများကို ကြည့်ရင်း အရင်က ဒီလို မဟုတ်ခဲ့ကြောင်း တွေးနေမိလေသည်။
သူမ လျိုရှန်းကျယ်နှင့် မကွာရှင်းမီက မိဘများသည် သူမကို တွေ့တိုင်း ပြုံးရွှင်ဖော်ရွေခဲ့ကြသည်။ ကွာရှင်းပြီး အိမ်ပြန်ရောက်ချိန်တွင် အဆူအဆဲ ခံလိုက်ရမှ သူမ မယူခင်ကတည်းက မိဘများသည် သူမအပေါ် သိပ်သဘောမကျခဲ့ကြောင်း ပြန်သတိရမိလိုက်သည်။
"တော်ပါပြီ။ ဘာလို့ သေတာ ကြေတာတွေ ပြောနေရတာလဲ" လွီအဖေက ဟန့်တားလိုက်ပြီးနောက် လွီရူဟွေ့ကို ပြောလိုက်၏။ "ဒီနေ့ ငါ သမက်ကို အိမ်လာဖို့ ဖိတ်ထားတယ်။ နင်တို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောကြရအောင်လို့။ အခု နင် ပြန်ရောက်လာတာနဲ့ အတော်ပဲ။ ခဏနေ သူ ရောက်လာရင် စိတ်ကောက်မနေနဲ့"
"သမီး သူ့ကို ပြောစရာ ဘာမှ မရှိပါဘူး"
လွီအဖေသည် သူမ၏ ပေါ့ဆသော သဘောထားကြောင့် ဒေါသထွက်သွားပြီး စားပွဲကို ရိုက်ကာ ပြောလိုက်တော့သည်။ "ပြောစရာ မရှိဘူးဆိုတာ ဘာစကားလဲ။ နင် ဘယ်တုန်းက ဒီလောက်တောင် အကျိုးအကြောင်း မသိတတ် ဖြစ်သွားရတာလဲ။ ငါနဲ့ နင့်အမေက နင့်ကို လူကြီးမိဘတွေနဲ့ ဒီလို စကားပြောရမယ်လို့ ဘယ်တုန်းက သင်ပေးဖူးလို့လဲ"
"အဖေ့သဘောအတိုင်း မနေရင် အကျိုးအကြောင်း မသိတတ်တာလား။ ဒါဆိုရင် အဖေ့ရဲ့ သားသမီးတွေ ဘယ်သူမှ အကျိုးအကြောင်း သိတတ်တဲ့သူ မရှိတော့ဘူးပေါ့"
"နင် ရိုင်းလိုက်တာ" လွီအဖေ ဒေါသထွက်ပြီး ထရပ်ရန် ပြင်လိုက်စဉ် ရှေ့နားရှိ သားငယ်က ဆွဲထားလိုက်သည်။
"အဖေ၊ အစ်မကြီးနဲ့ ဖက်ပြီးမဖြစ်ပါနဲ့"
ထိုအချိန်တွင် တောက်လျှောက် တိတ်ဆိတ်နေသော လွီဒုတိယအစ်ကိုသည် လွီရူဟွေ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလာ၏။ "ညီမကြီးက ယောက်ဖနဲ့ ပြောစရာ မရှိဘူးဆိုရင် ဒုတိယအစ်ကိုနဲ့ ပြောရအောင်။ ညီမကြီးက လူတွေရှေ့မှာ ညီမလေးနဲ့ ယောက်ဖ ဖောက်ပြန်နေတယ်လို့ စွပ်စွဲခဲ့တဲ့ ကိစ္စကို ပြောကြတာပေါ့"
"ဘာ" လွီအမေသည် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။ "လွီရူဟွေ့၊ နင် ရူးသွားပြီလား"
လွီရူဟွေ့က ခေါင်းကို စောင်းလိုက်ပြီး "ကျွန်မ ပြောတာ ဘယ်နေရာ မှားလို့လဲ။ လွီရူရှင်း ကွာရှင်းပြီး မြို့တော် ပြန်ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်။ လျိုရှန်းကျယ်နဲ့ ဘယ်နှခါ တိုက်ဆိုင်ပြီး တွေ့ခဲ့လဲဆိုတာ သူ့ဘာသာ ပြောခိုင်းကြည့်လေ"
"တိုက်ဆိုင်ပြီး တွေ့တာလောက်နဲ့ နင်က နင့်ညီမကို ဒီလောက်တောင် ယုတ်မာတဲ့ စိတ်ထားနဲ့ ထင်ကြေးပေးရသလား" လွီအမေက ဒေါသတကြီး ပြောလိုက်၏။
"အမေ၊ တခြားမိန်းမတွေ အဖေနဲ့ တိုက်ဆိုင်ပြီး တွေ့တုန်းကကျတော့ အမေ့သဘောထားက ဒီလို မဟုတ်ပါဘူး"
သမီးအကြီးက ထိုသို့ ပြောလာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် လွီအမေ၏ မျက်နှာသည် နီတစ်လှည့် ပြာတစ်လှည့် ဖြစ်သွားတော့သည်။ သူမသည် ထိုကဲ့သို့ ကိစ္စမျိုးကြောင့် ပြဿနာရှာဖူးသော်လည်း နောက်ပိုင်းတွင် ထိုမိန်းမကို အိမ်ကလူအဖြစ် လက်ခံလိုက်ရသည်။
"တခြားမိန်းမတွေက ညီမလေးနဲ့ တူလို့လား" လွီဒုတိယအစ်ကိုက လက်မခံနိုင်ဘဲ ပြောလိုက်သည်။
"ဘာ မတူလို့လဲ။ အားလုံးက ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်တည်း ရှိနေကြတာပဲလေ။ အဖေနဲ့အမေက မောင်နှမဆိုရင်တောင် ၇ နှစ် ကျော်ရင် အတူမနေရဘူးလို့ သင်ပေးထားတယ် မဟုတ်ဘူးလား။ ဒုတိယအစ်ကို သင်ထားတဲ့ စည်းကမ်းတွေက ခွေးစားသွားပြီလား" ခုနက လွီအဖေက သူမကို ဆူပူခဲ့ပြီး ယခုအခါ သူမက လွီဒုတိယအစ်ကိုကို ပြန်ဆူပူနေခြင်း ဖြစ်သည်။
လွီဒုတိယအစ်ကိုသည် မိမိ၏ ညီမကြီး သည်လောက် စကားနိုင်ပြောတတ်မှန်း တစ်ခါမှ မသိခဲ့ပေ။ သူ ပြန်ပြောချင်သော်လည်း ထိုစကားများတွင် အမှားပါမနေပေ။
လွီရူရှင်းက ဝင်ပြောလိုက်လေသည်။ "ဒုတိယအစ်ကို ထားလိုက်ပါတော့။ မမကြီး စိတ်မကြည်လို့ပါ။ ဒီကိစ္စကို ဘယ်သူမှ လျှောက်မပြောကြပါဘူး။ ပြီးသွားပါစေတော့"
"ရူရှင်း၊ နင်က သဘောထားကြီးပြီး သည်းခံတတ်မှန်း ငါ သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်။ ဒီအတိုင်း ပြောချင်ရာ ပြောလို့ မဖြစ်ဘူး" လွီဒုတိယယောက်မကလည်း လွီရူဟွေ့ကို သဘောမကျသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
လွီအဖေကလည်း ပြောလိုက်သည်။ "ဒီကိစ္စကို ဒီအတိုင်း ကျော်သွားလို့ မရဘူး။ ငါတို့ လွီမိသားစုက ဂုဏ်သရေရှိ မိသားစုပဲ။ ညီမအရင်းကို စွပ်စွဲတဲ့ ယုတ်မာတဲ့ စကားမျိုး ပြောတာကို ဘယ်လို သည်းခံနိုင်မှာလဲ"
ပြောပြီးနောက် သူသည် ဘေးနားတွင် စောင့်နေသော အိမ်တော်ထိန်းအစောင့်ကို ပြောလိုက်၏။ "သွား၊ ကြိမ်လုံး သွားယူချေ"
အဖေဖြစ်သူကို ဆွဲထားသော သားငယ်က ဝင်ရောက် ဖျောင်းဖျလိုက်သည်။ "အဖေ၊ မမကြီးလည်း အသက်ကြီးနေပြီ။ ဘာကြိမ်လုံး ရိုက်စရာ လိုလို့လဲ"
"ဘယ်လောက်ပဲ ကြီးကြီး စည်းကမ်း နားမလည်ရင် မရဘူး။ သူ ငါ့ကို အဖေလို့ မသတ်မှတ်ဘဲ လွီမိသားစုဝင် မဟုတ်တော့ရင် တစ်မျိုးပေါ့" လွီအဖေက ခေါင်းမာစွာ ပြောလိုက်သည်။
"စည်းကမ်း ဟုတ်လား" လွီရူဟွေ့က လှောင်ရယ်လိုက်ပြီး အခန်းထဲရှိ လူအားလုံးကို ကြည့်ကာ "ရှင်တို့ရဲ့ စည်းကမ်းဆိုတာက ကျွန်မ ဘယ်လောက် နစ်နာခဲ့ရတယ်ဆိုတာ မမေးဘဲ အပြစ်အားလုံး ကျွန်မခေါင်းပေါ် ပုံချတာကို ပြောတာလား"
"ဒီကိစ္စက ဘာမေးစရာ ရှိသေးလို့လဲ။ နင်က ယွိအန်းဆိုတဲ့ ကလေးကို ဒဏ်ရာရအောင် အရင်လုပ်ခဲ့တာ။ သမက်က နင့်ကို အမှားဝန်ခံခိုင်းရုံလေးကို နင်က သမက်နဲ့ ရူရှင်း ဖောက်ပြန်နေတယ်လို့ စွပ်စွဲလိုက်သေးတယ်။ နင့်အမှား မဟုတ်ရင် ဘယ်သူ့အမှား ဖြစ်ရမှာလဲ" လွီအဖေက သူမကို လက်ညှိုးထိုးပြီး "ငါတို့ လွီမိသားစုမှာ နင့်လို လူမျိုး ဘယ်လို ပါလာရတာလဲ"
လွီအဖေ ပြောပြီးနောက် လွီအမေက ဆက်ပြောသည်။ ထို့နောက် ဒုတိယအစ်ကို၊ ဒုတိယယောက်မနှင့် လွီရူရှင်းတို့ကပါ ဝိုင်းပြောကြသည်။
သူမ၏ နားထဲတွင် ပျားမြည်သံကဲ့သို့ ဝီခေါ်နေပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။
အချိန်အတော်ကြာမှ သူမ၏ အမေက "သမက် ရောက်လာရင် နင် သူ့ကို သေချာ တောင်းပန်ရမယ်။ ကြားလား" ဟု ပြောလိုက်သည်ကို ကြားလိုက်ရသည်။
လွီရူဟွေ့သည် မျက်လုံးကို လှန်ပြီး လွီအမေကို ကြည့်လိုက်သည်။
ထိုခဏတွင် လွီအမေသည် သမီးအကြီး၏ တစ်ကိုယ်လုံးတွင် အေးစက်သော သေခြင်းတရား အငွေ့အသက်များ လွှမ်းခြုံနေသည်ဟု ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ထိုထူးခြားမှုကို လျစ်လျူရှုလိုက်သည်။
လွီရူဟွေ့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေသည်။ "လျိုရှန်းကျယ်ကို သမက်အဖြစ် ဒီလောက်တောင် သဘောကျနေရင် သမီးငယ်ကို သူ့ဆီ ပေးစားပြီး သူတို့ရဲ့ ရှေးရေစက်ကို ပြန်ဆက်ခိုင်းလိုက်ပါလား"
"နင် ဘာပေါက်ကရတွေ ပြောနေတာလဲ" လွီအဖေက ဒေါသတကြီး ပြောလိုက်၏။
"အဖေ၊ အဖေ့သမီးငယ်ကို မေးကြည့်ပါလား။ သူ လိုချင်လားလို့"
လွီအဖေက သမီးငယ်ကို ကြည့်လိုက်ရာ လွီရူရှင်းက အလျင်အမြန် ပြောလိုက်လေသည်။ "အဖေ၊ မမကြီးက စနေတာပါ။ အဖေ အတည်မယူပါနဲ့"
လွီရူရှင်း ပြောပြီးနောက် လွီရူဟွေ့ကို ကြည့်လိုက်ရာ သူမက လှောင်ပြောင်သော အပြုံးဖြင့် ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"နင် ဘာရယ်တာလဲ။ နင့်မှာ ရယ်နိုင်တဲ့ မျက်နှာ ရှိသေးတယ်လား။ နင် ဒီ... သောက်သုံးမကျတဲ့ ကောင်မ" လွီအဖေက လွီရူဟွေ့ကို လှည့်ပြီး ဆဲဆိုပြန်သည်။
လွီရူဟွေ့သည် ဆဲဆိုသံများကို နားထောင်ရင်း ဒီနေ့ သူမ ဘာလာလုပ်တာပါလိမ့်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်။
ခဏကြာမှ သူမသည် မိဘများကို လာတွေ့ပြီး နှစ်သစ်ကူးလက်ဆောင် လာပေးခြင်း ဖြစ်ကြောင်း ပြန်သတိရလိုက်တော့သည်။
သူမသည် ဘေးနားတွင် လက်ဆောင်ပစ္စည်းများကို ကိုင်ထားဆဲဖြစ်သော အိမ်တော်ထိန်းအစောင့်များကို ကြည့်ပြီး စိတ်ထဲတွင် နှမြောသွားမိသည်။
သူမ သေချာ ပြင်ဆင်လာသော လက်ဆောင်များကို မပေးရသေးဘဲ တစ်မိသားစုလုံးက သူမကို ဝိုင်းဝန်း အပြစ်တင်နေကြပြီ။
သူမကို လက်ညှိုးထိုးပြီး မျက်နှာနီရဲလာသည်အထိ ဆဲဆိုနေသော ဖခင်နှင့် စိတ်ပျက်နေသော မိခင်ကို ကြည့်ရင်း သူမ ရုတ်တရက် စိတ်ကုန်သွားတော့သည်။
သူမသည် လွီအဖေ၏ စကားကို ဖြတ်ပြောလိုက်၏။
"အဖေ၊ သမီး ဒီနေ့ နှစ်သစ်ကူးလက်ဆောင် လာပေးတာပါ"
လွီအဖေ စကားပြောရန် ပြင်လိုက်စဉ် သူမက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ အဖေနဲ့အမေက သမီးရဲ့ လက်ဆောင်ကို လက်ခံရမှာ ရွံရှာနေကြမယ် ထင်တယ်။ ဒါဆိုလည်း ထားလိုက်ပါတော့"
ပြောပြီးနောက် သူမသည် အိမ်တော်ထိန်းအစောင့်ရှေ့သို့ လျှောက်သွားပြီး အပေါ်ဆုံးမှ သေတ္တာငယ်လေးကို ယူကာ ရင်ခွင်ထဲတွင် ဂရုတစိုက် ပိုက်ထားလိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ကျန်ရှိသော လက်ဆောင်သေတ္တာများ အားလုံးကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်တော့သည်။
လက်ဆောင်သေတ္တာများ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ကျိုးပဲ့သွားသော ကျောက်စိမ်းလက်ကောက်များ၊ ဖိတ်စင်သွားသော လက်ဖက်ခြောက်များ၊ သေသပ်လှပသော ဆံထိုးများနှင့် တံခါးပေါက်ဆီသို့ လိမ့်သွားသော မင်သွေးကျောက်တစ်တုံးကို တွေ့လိုက်ရသည်။
သူမ၏ လုပ်ရပ်ကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လွီရူဟွေ့သည် ယွီရှန်းအိုးကို ပွေ့ပိုက်ထားရင်း သူတို့ကို ပြောလိုက်၏။ "ကျွန်မရဲ့ စေတနာကို ပို့ဆောင်ပြီးပါပြီ။ လက်ဆောင်ပစ္စည်းတွေကိုတော့ လက်မခံကြပါနဲ့တော့။ နောက်ဆို မြင်မိတိုင်း စိတ်မချမ်းသာ ဖြစ်နေရပါဦးမယ်"
ပြောပြီးနောက် သူမသည် ဆံထိုးပေါ်သို့ ခြေထောက်ဖြင့် တစ်ချက် နင်းလိုက်ရာ ပါးလွှာသော ရွှေရောင်ပွင့်ချပ်များသည် ချက်ချင်း ပြားကပ်သွားပြီး ပြန်လည် ပြုပြင်၍ မရနိုင်တော့ပေ။
လွီဒုတိယအစ်ကိုသည် သူ၏ဇနီးက ထိုကဲ့သို့သော ဆံထိုးမျိုး နှစ်သက်ကြောင်း ပြောဖူးသည်ကို မှတ်မိနေသည်။
ထို့နောက် လွီရူဟွေ့သည် လွီအဖေနှင့် လွီအမေကို ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။ "အဖေနဲ့အမေ၊ သမီး မိုက်မဲလို့ ဒီနေရာမှာ ဆက်နေရင် မျက်စိနောက်စရာ ဖြစ်နေပါလိမ့်မယ်။ သမီး ပြန်ပါတော့မယ်"
ပြောပြီးသည်နှင့် သူမသည် အပြင်သို့ လှည့်ထွက်သွားခဲ့သည်။
"သူ ဘာသဘောလဲ" လွီရူဟွေ့သည် လျင်မြန်စွာ ထွက်ခွာသွားသော်လည်း အနောက်မှ လွီအဖေ၏ ဒေါသတကြီး အော်ဟစ်သံနှင့် လွီအမေ၏ ရှိုက်ငိုသံကို ကြားနေရဆဲပင်။
နှစ်သစ်ကူးခါနီးတွင် မိဘများကို ဒေါသထွက်အောင် လုပ်မိသဖြင့် သူမသည် တကယ်ပင် သမီးမိုက် ဖြစ်ပေသည်။
သို့သော် သူတို့ကို ပျော်ရွှင်အောင် ထားဖို့ရန်မှာ ခက်ခဲလွန်းလှသည်။ သူတို့ ပျော်ရွှင်လျှင် ဝမ်းနည်းရသူမှာ သူမ ဖြစ်လာပေမည်။
သူမ အသက်ရှင်ရမည့် ရက်များ သိပ်မကျန်တော့သဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် မလုပ်လိုတော့ပေ။
လွီအိမ်တော် တံခါးဝသို့ ရောက်ခါနီးတွင် လွီရူဟွေ့သည် အနောက်မှ တစ်ယောက်ယောက် သူမကို လှမ်းခေါ်သံ ကြားလိုက်ရသည်။ လွီရူရှင်း၏ အသံပင်။
သူမ ခြေလှမ်း ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
လွီရူရှင်းသည် သူမ၏ ရှေ့သို့ လျှောက်လာပြီး သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ ပြောလိုက်၏။ "မမကြီးရဲ့ မျက်နှာ အရောင်အဆင်း သိပ်မကောင်းဘူးနော်။ နေမကောင်းဘူးလား"
လွီရူဟွေ့သည် ရှေ့မှ ညီမဖြစ်သူကို ကြည့်ပြီး စကားပြန်မပြောပေ။
"ငယ်ငယ်တုန်းက ညီမ နေမကောင်းဖြစ်ရင် မမကြီးက အမြဲ လာအဖော်ပြုပေးတတ်တာ ညီမ မှတ်မိသေးတယ်။ အဲဒီတုန်းက မမကြီးက ညီမအပေါ် တကယ် ကောင်းခဲ့တာ"
ရုတ်တရက် လွီရူရှင်းက စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ "ဒါပေမဲ့ ဘာဖြစ်လို့ မမကြီးက ညီမရဲ့ လက်ထပ်ပွဲကို လုယူသွားပြီး ညီမ ပိုင်ဆိုင်သင့်တဲ့ ဘဝကို လုယူသွားရတာလဲ"
"နိဒါန်းပျိုးနေတာ ဒီလောက်ကြာတာ ဒါကို မေးချင်လို့လား"
"ဟုတ်တယ်" လွီရူရှင်းက သူမကို ကြည့်ပြီး "အစ်ကိုကြီးလျို လက်ထပ်ရမှာက ညီမလေ"
လွီရူဟွေ့သာ မရှိခဲ့လျှင် သူမသည် အဝေးသို့ လက်ထပ်ရမည် မဟုတ်သလို ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရမည်လည်း မဟုတ်ပေ။ သူမ၏ လက်ထပ်ပွဲကို လုယူသွားပြီး လူတိုင်း အားကျရသော ဘဝကို ဖြတ်သန်းနေသည်မှာ ဘာသဘောလဲ။
"ငါ လုယူသွားတာ တကယ် ဟုတ်လို့လား" လွီရူဟွေ့က လွီရူရှင်းကို အေးစက်စွာ ကြည့်လိုက်၏။ "အဖေက လက်ထပ်ပွဲ ဖျက်သိမ်းခိုင်းတုန်းက နင် မငြင်းဆန်ခဲ့ဘူးလေ။ လက်ခံလိုက်ချင်လို့ မဟုတ်ဘူးလား"
"ညီမ လက်မခံခဲ့ပါဘူး"
"တကယ်လား။ နင့်မှာ အဖေ့ကို ပြန်ပြောရဲတဲ့ သတ္တိ တကယ် ရှိလို့လား" လွီရူဟွေ့က လှောင်ပြောင်လိုက်သည်။ "ငယ်ငယ်တုန်းကလည်း မရှိဘူး။ အခုလည်း မရှိဘူး။ နင်က လျိုရှန်းကျယ်ကို စွဲလမ်းနေမှတော့ ခုနက အဖေ မေးတုန်းက လက်ခံလိုက်ပါလား"
"မမကြီး ခုနက တမင်သက်သက် လုပ်တာမလား"
"ငါ တမင်လုပ်တာ" လွီရူဟွေ့၏ မျက်နှာတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။ "ညီမလေး၊ အဲဒီတုန်းက ငါက အဖေ့စိတ် ပြောင်းသွားအောင် နည်းလမ်းမျိုးစုံ သုံးခဲ့ရတယ်။ အခု နင့်အလှည့် ရောက်ပြီ။ လျိုရှန်းကျယ် ဟိုမှာ ရှိတယ်။ ငါ မလိုချင်တော့ဘူး။ နင့်ကို ပေးခဲ့မယ်"
လွီရူရှင်းသည် လွီရူဟွေ့ကို စိုက်ကြည့်နေပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း ခဏအကြာတွင် ရုတ်တရက် ရယ်မောလိုက်လေသည်။ သူမက အသံကို နှိမ့်ပြီး ပြောလိုက်၏။ "မမကြီး သိလား။ တကယ်တော့ ညီမလည်း တမင်လုပ်တာလေ။ အစ်ကိုကြီးလျို အဲဒီနေရာကနေ ဖြတ်သွားမယ်ဆိုတာ သိလို့ ညီမ အဲဒီမှာ တမင် သွားစောင့်နေတာ"
လွီရူဟွေ့၏ မျက်နှာထား တည်ငြိမ်နေသော်လည်း သေတ္တာကို ကိုင်ထားသော လက်များမှာ အားစိုက်လွန်းသဖြင့် ဖြူဖျော့နေလေသည်။
"မမကြီး သိသွားအောင်လို့ ညီမ တမင် လုပ်လိုက်တာ။ မမကြီးက တကယ် တုံးတာပဲ။ သူနဲ့ ညီမ ဖောက်ပြန်နေတာလားလို့ သူ့ကို သွားမေးပြီး ကွာရှင်းလိုက်သေးတယ်။ ငါ့ဘဝက နေရထိုင်ရ ခက်ခဲနေမှတော့ နင်လည်း ကောင်းကောင်း နေရမယ် မထင်နဲ့"
ထိုအချိန်တွင် လွီရူဟွေ့က ပါးတစ်ချက် ရိုက်ချလိုက်လေသည်။
"ဖြောင်း" ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး လွီရူရှင်း၏ မျက်နှာ တစ်ဖက်သို့ လည်ထွက်သွားကာ ပါးပြင်တစ်ခုလုံး နီရဲသွားတော့သည်။
လွီရူရှင်းသည် ပါးကို အုပ်ထားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
သူမ ရုတ်တရက် မျက်နှာထား ပြောင်းသွားသည်ကို မြင်သောအခါ လွီရူဟွေ့ လှည့်ကြည့်လိုက်ရာ လွီအိမ်တော် အစေခံများ လမ်းပြခေါ်ဆောင်လာသော လျိုရှန်းကျယ် ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
"မင်း ဘာလုပ်နေတာလဲ" လျိုရှန်းကျယ်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသော်လည်း လွီရူရှင်းနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်တန့်လိုက်သည်။
သူသည် လွီရူဟွေ့ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အပြစ်တင်လိုစိတ်များ ပြည့်နှက်နေလေသည်။
"အစ်မက နားမလည်တဲ့ ညီမကို ဆုံးမနေတာ၊ ရှင်လို လူစိမ်းတစ်ယောက်က ၀င်ပြောစရာ အကြောင်းရှိလို့လား"
လွီရူဟွေ့၏ အကြည့်များသည် သူ့အပေါ်မှ ကျော်လွန်သွားပြီး သူ့ကို တစ်ချက်မျှပင် ထပ်မကြည့်တော့ဘဲ ဘေးမှ ဖြတ်လျှောက်သွားခဲ့လေသည်။
လွီအိမ်တော် တံခါးပေါက်မှ ထွက်လာချိန်တွင် လွီရူရှင်းက လျိုရှန်းကျယ်ကို ပြောနေသံကို မသဲမကွဲ ကြားလိုက်ရသေးသည်။
"အစ်ကိုကြီးလျို ညီမ ဘာမှ မဖြစ်ပါဘူး။ ခုနက မမကြီးကို စကားနည်းနည်း ပြောလိုက်မိတာ။ ညီမ စကားတွေက သူ့ကို မပျော်မရွှင် ဖြစ်စေလို့ ညီမကို စိတ်ဆိုးသွားတာ နေမှာပါ။ ညီမ ကိုယ့်ဘာသာ ခံယူတာပါ"
လျိုရှန်းကျယ်က စကားမပြောပေ။ သနားနေ၍ ဖြစ်လိမ့်မည်။
လွီရူရှင်းက အမြဲတမ်း သည်အတိုင်းပင်။ မိသားစုဝင်များက သူမသည် ပွင့်လင်းရိုးသားပြီး မိမိလို အတွေးများသောသူ မဟုတ်ဟု ပြောကြသည်။
သို့သော် ပွင့်လင်းရိုးသားသူသည် သူတစ်ပါးကို ရွံရှာဖွယ် ကောင်းအောင် မလုပ်တတ်ပါဟု ဘယ်သူကမှ မပြောခဲ့ကြပေ။
...