← Chapters

သန်းခေါင်ယံကြီးမှာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တည်း ရှိနေတာမကောင်းဘူး ...

Vol. 14 Ch. 136

သန်းခေါင်ယံကြီးမှာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တည်း ရှိနေတာမကောင်းဘူး ...

Vol. 14 Ch. 136

လွီရူဟွေ့ ထွက်ခွာသွားပြီးနောက်တွင် လွီရူရှင်းသည် ပူလောင်နေသော သူမ၏ပါးပြင်ကို ဂရုတစိုက် ထိတွေ့လိုက်ပြီး လျိုရှန်းကျယ်က သူမကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါ အပြုံးတစ်ခုကို အားတင်းကာ ဆင်မြန်းထားလိုက်၏။ "အစ်ကိုကြီးလျို အဖေနဲ့အမေက စောင့်နေကြပြီ ကျွန်မတို့ အရင်ဝင်ကြရအောင်"

စကားဆုံးသည်နှင့် သူမက တောင်းပန်လိုသည့် အသံနှင့် ဆက်ပြောလေသည်။ "မမကြီးက ကျွန်မကို ရိုက်လိုက်တဲ့ ကိစ္စကို အကိုကြီးလျိုက အဖေနဲ့အမေတို့ကို မပြောဘဲ နေပေးပါနော်။ သူတို့စိတ်မကောင်း ဖြစ်သွားမှာစိုးလို့ပါ"

လျိုရှန်းကျယ်သည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလာ၏။ "မင်းအစ်မက ဒီရက်ပိုင်း စိတ်သဘောထား အတော်လေး ပြောင်းလဲသွားတယ်။ တကယ်လို့ သူက မင်းကို ငါ့ကြောင့် အထင်လွဲသွားတယ်ဆိုရင် ငါကပဲ မင်းကို တောင်းပန်ပါတယ်"

လွီရူရှင်းသည် သူက ဒီလိုပြောလာသည့်အတွက် အံ့သြသွားဟန်တူသည်။ နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ပြီး သူမ၏အသံမှာလည်း အနည်းငယ် ခြောက်ကပ်နေတော့သည်။ "အစ်ကိုကြီးလျို ဒီကိစ္စက ရှင်နဲ့မဆိုင်ပါဘူး။ အစ်မကြီးက ပုံကြီးချဲ့ လွန်းနေတာပါ။ နောက်ကျရင် ရှင်းပြလိုက်ရင် အဆင်ပြေသွားမှာပါ"

မျှော်လင့်မထားဘဲ လျိုရှန်းကျယ်သည် စကားလမ်းကြောင်းပြောင်းကာ ရုတ်တရက် မေးလာခဲ့၏။ "ဒါပေမဲ့ မင်းအစ်မက ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ လူကိုတော့ လွယ်လွယ်ကူကူရိုက်မှာ မဟုတ်ဘူး။ မင်း သူ့ကို ဘာတွေ သွားပြောလိုက်လို့လဲ"

လွီရူရှင်းသည် မျက်စိရှေ့ကလူက ဒီလောက်ထိ အမြစ်တွယ် မေးမြန်းနေမည်ဟု ထင်မထားခဲ့မိချေ။ သူမ၏မျက်လုံးများက မသိမသာ တုန်လှုပ်သွားတော့သည်။ "အရင်တုန်းကကိစ္စတွေပါ"

သူမသည် လျိုရှန်းကျယ်ကို ကြည့်လိုက်သည့် အကြည့်ထဲတွင် စမ်းသပ်လိုသည့် သဘောအနည်းငယ် ပါဝင်လို့နေ၏။ "ခုနတုန်းက မမကြီးက ကျွန်မရဲ့အရင်တုန်းက စေ့စပ်ထားတဲ့ကိစ္စကို ပြောနေလို့ပါ"

သူ မပြောလိုက်သည့် "ကျွန်မတို့" ဟူသည့်စကားမှာ သူမနှင့် လျိုရှန်းကျယ်တို့ကို ရည်ညွှန်းခြင်းဖြစ်လေသည်။

လျိုရှန်းကျယ်က ခဏလောက် တုံ့ဆိုင်းသွားပြီး "ဒီလိုလို အထင်လွဲစေမယ့် စကားမျိုး နောက်ဆိုရင် မပြောတာ ပိုကောင်းမယ်"

"ဘာကိုလဲ" လွီရူရှင်းသည် နားမလည်ချင် ဟန်ဆောင်လိုက်၏။

"ဒီကိစ္စက ပြီးသွားတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ အရင်တုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ့ရဲ့ဇနီးက မင်းရဲ့အစ်မပဲ"

လွီရူရှင်းသည် ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ ဘာတွေဖြစ်ပျက်ခဲ့မှန်း မသိသော်လည်း လျိုရှန်းကျယ်၏ သဘောထားက ရုတ်တရက် ပြောင်းလဲသွားခဲ့လသည်။

"သိပါပြီ။ နောက်ဆိုရင် ကျွန်မ ထပ်မပြောတော့ပါဘူး"

လျိုရှန်းကျယ်က ခေါင်းငြိမ့်လိုက်ပြီး သူမကို ပြောလိုက်၏။ "မင်း လမ်းပြပေးစရာ မလိုဘူး။ ငါ့ဘာသာသွားလိုက်မယ်"

လွီရူရှင်း၏ မျက်နှာပေါ်က အပြုံးသည် ဆက်လက်ထိန်းထားရန် ခက်ခဲလာတော့၏။ "အစ်ကိုကြီးလျို ဒါကဘာသဘောလဲ"

"ငါတို့တွေ မသင့်လျော်တဲ့ သံသယမဖြစ်အောင် ရှောင်ရှားသင့်တယ်"

"ဒါပေမဲ့ အစ်ကိုကြီးလျိုပဲ ပြောခဲ့ဖူးတယ်လေ။ ကိုယ့်လိပ်ပြာ ကိုယ်လုံရင်ပြီးတာပဲဆို။ ကျွန်မတို့ကြားမှာ ရှင်းရှင်းလင်းလင်း ရှိနေတာပဲဟာ။ တခြားသူတွေ အထင်လွဲသွားမှာကို ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ဒါမှမဟုတ် အစ်မကြီးက ရှင့်ကိုတစ်ခုခု ထပ်ပြောလိုက်လို့လား"

လျိုရှန်းကျယ်၏ ခြေလှမ်းများသည် အနည်းငယ် ရပ်တန့်သွားပြီး ပြန်လှည့်ကြည့်လိုက်လေသည်။ "မင်းအစ်မပြောတဲ့ စကားတွေကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူးလို့ ရုတ်တရက် သဘောပေါက်သွားလို့ပါ"

တို့အပြင် သူ ယူဆထားသည့် အကြောင်းပြချက်များကလည်း အားလုံး မမှန်ကန်ခဲ့ချေ။

လွန်ခဲ့သည့်ရက် အနည်းငယ်က သူသည် သူ့ဆရာကို သွားရောက် ဂါရဝပြု နှုတ်ဆက်ခဲ့၏။ နှစ်တိုင်း လွီရူဟွေ့က သူနဲ့အတူ လိုက်ပါလေ့ရှိသော်ငြား ဒီနှစ်တွင်တော့ သူမ ပါမလာခဲ့ချေ။ ဆရာကတော်က အကြောင်းအရင်းကို မေးမြန်းလာသည့်အခါ သူကလည်း အမှန်အတိုင်း ပြောပြခဲ့လေသည်။

လွီရူဟွေ့နှင့် ကွာရှင်းသည့် အကြောင်းအရင်းကို ပြောပြရာတွင် ယွိအန်းဒဏ်ရာရခဲ့သည့် ကိစ္စကိုဖုံးကွယ်ထားခဲ့ပြီး သူမကသူ့ကို တခြားလူနှင့် ဖောက်ပြန်သည်ဟု အထင်လွဲနေကြောင်းသာ ပြောပြခဲ့၏။

ထိုအရာက မတော်တဆ တွေ့ဆုံမှုတစ်ခုသာ ဖြစ်သည်ဟုသူက အမြဲတမ်း ယူဆထားခဲ့သည်။ အတိတ်က မည်သို့ပင် ဖြစ်နေပါစေ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဘာကြောင့်များ တွယ်ကပ်နေရပါသနည်း။

သို့သော် ဆရာကတော်ကတော့ သူ့ကို အပြင်းအထန် ဆုပူကျိန်းမောင်းခဲ့ပြီး သူသည် စာပေကျမ်းများကို အလကား ဖတ်ရှုခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့လေသည်။

မိန်းကလေးတစ်ဦးနှင့် သီးသန့်တွေ့ဆုံခြင်းကပင် ကိုယ့်ဘက်က အမှားဖြစ်လေသည်။ ဇနီးဖြစ်သူက တွေ့ဆုံသွားသည့်အခါ အရင်ဦးဆုံး လုပ်ဆောင်ရမည့်အရာမှာ ရှင်းလင်းအောင် ဖြေရှင်းချက် ပေးရမည်ဖြစ်ပြီး တစ်ဖက်လူကို အထင်လွဲသည်ဟု ပြစ်တင်ရမည် မဟုတ်ပေ။

သူက ဆရာသည် ဆရာကတော်ကို ပြန်လည်ချေပလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြားလည်း ဆရာကလည်း အဓိပ္ပာယ်ပါပါဖြင့် သူ့ကို ပြောလာခဲ့သည်။ "မင်း ထင်နေတဲ့ ဖြူစင်ရိုးသားမှုဆိုတာက မင်းရဲ့ကိုယ်ထင်ရာ ဆွဲနေမှုသက်သက်ပဲ။ လူမှာ ပါးစပ်ပါတာ စကားပြောဖို့ပဲလေ။ ရိုးသားတယ်ဆိုရင်တောင် ဘာဖြစ်လို့ ရှင်းအောင် မပြောရဲရတာလဲ"

ပြန်ခါနီးတွင် ဆရာကတော်က သူ့ကိုပြောလိုက်၏။ "မင်းက တခြားလူ အပေါ်တော့ ဒီလောက်သဘောထားကြီးပြီး ကိုယ့်ဇနီးသည် အပေါ်ကျတော့ အဘက်ဘက်က ဖိနှိပ်နေတယ်။ မင်းက သူ့မှာ အပြစ်ရှိတယ်လို့ ထင်နေပေမယ့် မင်းမှာရော အပြစ်မရှိဘူးလား"

သူမက ဆက်ပြောလိုက်သေးသည်။ မင်းဒီလောက်တောင် ကိုယ့်ဟာကိုယ် အထင်ကြီးနေရင် နောက်ကျရင် သေချာပေါက် နောင်တရလိမ့်မယ်။

လျိုရှန်းကျယ်သည် ရှင်းပြခြင်းမပြုခဲ့သလို သူတို့နှစ်ဦး ကွာရှင်းရသည့် အဓိကပြဿနာမှာ ဒီကိစ္စ မဟုတ်ကြောင်းလည်း မပြောခဲ့ချေ။ သို့သော် ဆရာနှင့် ဆရာကတော်တို့၏ ပြောစကားများကတော့ နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။

ပင်မခြံဝင်းထဲတွင် လွီအမေသည် ကျိုးသွားသည့် လက်ကောက်တစ်ခုကို ကိုင်ကာ သက်ပြင်းချနေဆဲပင်။ သူမသည် သမီးကြီး၏ ယခင်က တုံ့ပြန်ခဲ့သည်များကို ဒေါသထွက်နေမိသလို တစ်ဖက်တွင်လည်း ထိုမျှလောက် ပြင်းထန်သော စကားများကို မပြောခဲ့သင့်ဟု နောင်တရမိလေသည်။

ထိုအချိန်တွင် လျိုရှန်းကျယ်က ဝင်ရောက်လာပြီး လွီအဖေနှင့်အမေတို့ကို နှုတ်ဆက်လိုက်၏။ သူ့ရာထူးမှာ လွီအဖေထက် မြင့်မားသော်လည်း သူ့အပေါ်ထားရှိသည့် သဘောထားကတော့ လေးစားမှုရှိနေဆဲပင်။

ဒီလောက်ကောင်းမွန်တဲ့ သမက်ကို သမီးကြီးက မကျေနပ်နိုင်သေးဘူး။ ဒါကို တွေးမိတိုင်း လွီအဖေမှာ ဒေါသထွက်ရလေသည်။

လျိုရှန်းကျယ်က ထိုင်လိုက်ပြီး နောက်တွင်တော့ သူကတဲ့တိုးပဲ ပြောလိုက်၏။ "ရှန်းကျယ် ဒီနေ့ မင်းကို ဖိတ်လိုက်တာက မင်းကို တောင်းပန်ချင်လို့ပါ"

"ယွဲ့ဖု (ယောက္ခထီး)က ကျွန်တော့်ကို အားနာနေအောင် လုပ်နေပါပြီ"

"ငါတို့က ရူဟွေ့ကို ကောင်းကောင်း မဆုံးမခဲ့မိလို့ သူက ဒီလိုရက်စက် ယုတ်မာတဲ့ကိစ္စကို လုပ်ခဲ့မိတယ်။ ယွိအန်းကိုလည်း ဒဏ်ရာရစေခဲ့တယ်။ အဲဒီကလေးရဲ့ ဒဏ်ရာကရော သက်သာရဲ့လား"

"တော်တော်လေး သက်သာလာပါပြီ"

"ဒါဆိုရင် တော်ပါသေးတယ်။ တကယ်လို့ အဲဒီကလေးသာ ရူဟွေ့ကြောင့် တစ်ခုခုဖြစ်သွားရင် ငါတို့လည်း စိတ်ချမ်းသာရမှာ မဟုတ်ဘူး"

လျိုရှန်းကျယ်က ယဉ်ကျေးစွာ ပြောလိုက်၏။ "ယွဲ့ဖု ဒီကိစ္စကိုစိတ်ထဲ မထားပါနဲ့တော့"

သူဒီနေ့ လာခဲ့ရခြင်းမှာလည်း ထိုနေ့က ဒေါသထွက်လွန်းသဖြင့် လွီရူရှင်းမှတစ်ဆင့် ယောက္ခမအိမ်သို့ စကားပါးလိုက်ခြင်းမှာ မသင့်တော်လေခြင်းဟု ထင်မြင်မိခြင်းကြောင့်ပင်။

သူနှင့် စကားအနည်းငယ် ပြောပြီးနောက် လွီအမေကသူနှင့် လွီရူဟွေ့တို့ ပြန်လည်သင့်မြတ်နိုင်မလားဟု အကဲခတ် မေးမြန်းလာရာ သူက ပြုံးသာ ပြုံးပြလိုက်ပြီး ပြန်မဖြေခဲ့ချေ။

ဒီလိုအမူအရာကပင် လွီအဖေနဲ့အမေတို့ကို ဝမ်းသာရစေလေသည်။

လွီအိမ်တော်က ပြန်လာခဲ့ပြီးနောက်တွင် လျိုရှန်းကျယ်သည် မိမိ၏အိမ်တော်သို့ ပြန်ရောက်လာခဲ့၏။

လွီရူဟွေ့ ထွက်ခွာသွားပြီး ကတည်းက အိမ်တော်သည် အတော်လေး တိတ်ဆိတ်ခြောက်ကပ် သွားခဲ့သည်။ စာကြည့်ခန်းသို့ လျှောက်လာခဲ့ပြီး တံခါးဖွင့် လိုက်သည့်အခါတွင်လည်း အတွင်းဘက်က အေးစက်လို့နေသည်။

သူသည် စာကြည့်စားပွဲတွင် ထိုင်ကာ စာလုံးအနည်းငယ် လေ့ကျင့်ရေးသား လိုက်သော်လည်း စိတ်နှလုံးကတော့ တည်ငြိမ်မနေချေ။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး သူက ရုတ်တရက် လှမ်းကြည့်လိုက်ရာ အိမ်တော်ထိန်း၏အသံကို ကြားလိုက်ရ၏။ "သခင်ကြီး"

"ဝင်ခဲ့"

အိမ်တော်ထိန်း ဝင်ရောက်လာပြီးနောက် လက်ထဲက ဟင်းရည်ပန်းကန်လုံးကို စာကြည့်စားပွဲထောင့်တွင် တင်ထားပေးလိုက်၏။

သူ့အတွက် ဟင်းရည်ပို့ပေးခြင်းမှာ လွီရူဟွေ့၏ အကျင့်တစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် အိမ်တော်ထဲကလူများပါ သိရှိသွားခဲ့ကြသည်။

ယခင်ကဆိုလျှင် လွီရူဟွေ့သည် သူပြန်ရောက်လာကြောင်း သိရသည်နှင့် သူ့စာကြည့်ခန်းထဲတွင် အလုပ်များနေလျှင်ပင် မရရအောင် လာရောက်နှောင့်ယှက် တတ်လေသည်။

ပြီးလျှင်တော့ သူမချက်ထားသည့် ဟင်းရည်များကိုလည်း ယူဆောင်လာတတ်သေးသည်။ တခါက ဟင်းချိုရည်များသည် သူ့စားပွဲပေါ် ဖိတ်စင်သွားခဲ့ပြီး သူအတော်လေး ရှာဖွေထားရသည့် နာမည်ကြီး လက်ရေးမှုတစ်ခုကို ရေစိုသွားစေတော့၏။

သူသည် ရက်အနည်းငယ် ကြာအောင် စိတ်ဆိုးခဲ့သော်ငြားလည်း နောက်ဆုံးတွင်တော့ သူမက ပြန်လည် ချော့မော့ခဲ့သဖြင့် စိတ်ပြေသွားခဲ့ရသည်။

သူတို့လက်ထပ်ပြီး နှစ်အနည်းငယ်အတွင်းတွင် အမြဲတမ်း ပဋိပက္ခများ ဖြစ်ပွားကာ ရန်ဖြစ်ခဲ့ကြသော်ငြားလည်း အချိန်တိုင်းတွင်တော့ ပြန်လည်သင့်မြတ် သွားခဲ့သည်ပင်။

ပြန်စဉ်းစားကြည့်လိုက်တော့ အချိန်တိုင်းလိုလိုပင် သူမက အပြစ်ဝန်ခံခဲ့သည်ကို လျိုရှန်းကျယ် သတိရလိုက်၏။

ဒီတကြိမ်တွင်တော့ သူမ၏အမှား ဖြစ်သည်မှာ ထင်ရှားနေသော်ငြားလည်း သူမသည် အဘယ်ကြောင့်များ အပြစ်ကို ဝန်မခံခဲ့ပါသနည်း။

"သခင်ကြီး"

အိမ်တော်ထိန်းသည် သူက ဟင်းရည်ပန်းကန်လုံးကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အကဲခတ်ကာ လှမ်းခေါ်လိုက်လေသည်။

လျိုရှန်းကျယ်သည် သတိဝင်လာပြီး အိမ်တော်ထိန်းကို မေးလိုက်၏။ "ယွိအန်းရဲ့ ဒီနေ့အခြေအနေဘယ်လိုလဲ"

"သခင်လေးက ဒီနေ့စိတ် အခြေအနေတော့ မဆိုးပါဘူး။ နေ့လယ်က ထမင်းတစ်ပန်းကန် စားပြီးတော့ ခြံဝင်းထဲမှာတောင် ခဏလောက် ဆော့ကစား လိုက်ပါသေးတယ်" ထိုနောက်တွင်တော့ အိမ်တော်ထိန်းက တစ်စုံတစ်ခုကို သတိရသွားသလို ဆက်ပြောလိုက်၏။ "သခင်ကြီးမရှိတဲ့ အချိန်တုန်းက သခင်ကြီးရဲ့ ထန်စောင် (ထန်စောင်) က အိမ်တော်ကိုလာပြီး သခင်လေးကိုတွေ့ဖို့ လုပ်ပါသေးတယ်။ ဒါပေမဲ့ သခင်ကြီး မရှိတာမလို့ ကျွန်တော်မျိုး ငြင်းလွှတ်လိုက်ပါတယ်"

လျိုရှန်းကျယ်သည် အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။ ယွိအန်းဆိုသည့်ကလေးမှာ သူ့ဝမ်းကွဲအစ်ကိုထံမှ မွေးစားခဲ့သည့် ကလေးဖြစ်ပြီး ထန်စောင်ကလည်း သဘောတူခဲ့ခြင်း ဖြစ်သည်။ ထိုထန်စောင်က အိမ်တော်ကို မကြာခဏ လာရောက်တတ်သည်။ ယခင်က လွီရူဟွေ့က သူမအပေါ် ဆက်ဆံရေး သိပ်မကောင်းလာသလို ယွိအန်းကိုလည်း ထိုအမျိုးသမီးနဲ့ သိပ်ပြီးပတ်သက်ခွင့်မပေးခဲ့ချေ။ ထို့အပြင် သူ့ကိုဝမ်းကွဲအစ်ကိုနှင့် ပြောဆိုပေးရန် အတင်းအကြပ် တိုက်တွန်းခဲ့သေးသည်။ သူက မတတ်သာပဲ ဝမ်းကွဲအကိုနှင့် ပြောဆိုခဲ့ရပြီး ထိုနောက်ပိုင်းတွင် ထန်စောင်သည် အိမ်တော်သို့ ရောက်လာခြင်း နည်းပါးသွားခဲ့၏။

"သူက ဒီတစ်ခေါက်ပဲ လာတာလား" လျိုရှန်းကျယ်က မေးလိုက်၏။

"သုံးကြိမ်ရှိပါပြီ။ ဒါပေမဲ့ သခင်ကြီး မရှိနေခဲ့ပါဘူး" အိမ်တော်ထိန်းက အနည်းငယ် အခက်တွေ့သွားပြီး ပြောလိုက်၏။ "တစ်ခါတုန်းက သခင်လေး သိသွားပြီး အစေခံတွေက မတားဆီးလိုက်နိုင်လို့ သူတို့တစ်ခေါက်တွေ့ဆုံပြီး စကားတချို့ ပြောဖြစ်ကြပါသေးတယ်"

ယခင်ကဆိုလျှင် အိမ်မှုကိစ္စများကို လွီရူဟွေ့က စီမံခန့်ခွဲသဖြင့် သူက စိတ်မဝင်စားခဲ့ပေ။ ထန်စောင်က အနေအထိုင် အဆင်အခြင် မရှိဟုသာ မြင်ခဲ့သော်လည်း ယနေ့ဒီကိစ္စကို ထပ်မံကြား လိုက်ရသည့်အခါတွင် ကွဲပြားခြားနားသည့် အတွေးများဝင်ရောက် လာလေတော့သည်။

"ယွိအန်းနဲ့ ထန်စောင်တို့ရဲ့ သံယောဇဉ်က တော်တော်လေး ရင်းနှီးသလား"

အိမ်တော်ထိန်းက ခဏလောက် တုံ့ဆိုင်းနေပြီးမှ အမှန်အတိုင်း ဖြေလိုက်၏။ "အရမ်းရင်းနှီးပါတယ်"

"အိမ်တော်မှာ တွေ့တာကလွဲပြီး သူတို့သီးသန့်တွေ့တာမျိုး ရှိလား"

"ဒါကတော့ ... ကျွန်တော်မျိုး သခင်လေးနားမှာ စောင့်ရှောက်နေတဲ့ အစေခံတွေကို မေးကြည့်လိုက်ပါ့မယ်"

"ဒါဆို သွားမေးကြည့်လိုက်" အိမ်တော်ထိန်းသည် ယနေ့တွင် သခင်ကြီးက အဘယ်ကြောင့်များ ဒီလိုအသေးအဖွဲ့ ကိစ္စများကို မေးမြန်းနေမှန်း နားမလည်သော်လည်း သွားရောက် မေးမြန်းလိုက်လေသည်။

ရရှိလာသည့်အဖြေက သူ့ကိုအနည်းငယ် အံ့ဩသွားရစေတော့၏။

"မင်း ပြောချင်တာက ငါ့ရဲ့ထန်စောင်က ယွိအန်း စာသင်နေတဲ့နေရာကို မကြာခဏ သွားပြီးတွေ့တယ်ပေါ့"

"ဟုတ်ပါတယ်။ သခင်လေးရဲ့ အစေခံကဒီလိုပဲ ပြောပါတယ်"

ဘာကြောင့်မှန်းမသိ လျိုရှန်းကျယ်၏ ဦးနှောက်ထဲတွင် လွီရူဟွေ့၏ မေးခွန်းသုံးသပ်များ ရုတ်တရက် ပြန်လည်ကြားယောင် မိတော့သည်။

သူက ဝမ်ကွဲအစ်ကိုအိမ်မှ မွေးစားလာသည့် ယွိအန်းကို ယုံကြည်ပြီး ဘာဖြစ်လို့ သူမကို မယုံကြည်ရသနည်း။

အကြောင်းမှာ ယွိအန်းသည် သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည့် ကလေးဖြစ်ပြီး လိမ္မာရေခြားရှိကာ ရိုးသားသည့်အတွက် ထိုကလေး လိမ်ညာမည်မဟုတ်ဟု သူက မှတ်ယူထားခြင်းကြောင့်ပင်။

နောက်တစ်ခုမှာ လွီရူဟွေ့က ပုံမှန်အချိန်များတွင် ဒေါသကြီးတတ်ပြီး ယွိအန်းနှင့်လည်း သိပ်ပြီး ရင်းနှီးခြင်းမရှိ သောကြောင့်ပင်။

ထိုကြောင့် ဒီလိုကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အခါ သူသည် အားနည်းသည့် ယွိအန်းဘက်ကပင် သဘာဝကျကျပင် ဝင်ပါခဲ့မိလေသည်။

ဒါပေမဲ့ တစ်ယောက်ယောက်ကများ ယွိအန်းကို ရန်ငြိုးထားခဲ့ရင်ကော။

"အိမ်တော်ထိန်း"

"အမိန့်ရှိပါ သခင်ကြီး"

"လူနှစ်ယောက်ရှာပြီး ငါ့ရဲ့ထန်စောင်ကို စောင့်ကြည့်ခိုင်းလိုက်။ ပြီးတော့ သူ ယွိအန်းနဲ့ တွေ့တာကိုလည်း မတားဆီးနဲ့" လျိုရှန်းကျယ်သည် အိမ်တော်ထိန်းကို ကြည့်လိုက်ပြီး "သူတို့ဘာတွေ ပြောကြသလဲဆိုတာကို မှတ်သားပြီး ငါ့ကို ပြန်ပြောပြ"

အိမ်တော်ထိန်းသည် အံ့သြသွားသည့်စိတ်ကို ဖုံးကွယ်ထားလိုက်ပြီး ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုး မှတ်သားထားလိုက်ပါမယ်"

ထိုနောက်တွင်တော့ သူသည်အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်လေသည်။ "သခင်ကြီးက ဖူးရန် စွပ်စွဲခံရတယ်လို့ ထင်နေလို့လား"

လျိုရှန်းကျယ်၏ မျက်နှာထားက တင်းမာသွားတော့၏။ "သူနဲ့မဆိုင်ဘူး။ ငါက တခြားသူတွေ လှည့်စားတာကို မခံချင်ရုံသက်သက်ပဲ"

လွီရူဟွေ့သည် သူမ ထွက်ခွာသွားပြီးနောက် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်ကိုတော့ မသိချေ။

သူမသည် ယွီရှန်းမီးဖို ကိုင်ဆောင်ကာ ဆိုင်တို့ပြန်လာခဲ့လေသည်။ လွီအိမ်တော်တွင် အကြာကြီးမနေခဲ့သလို ထမင်းလည်းမစားခဲ့သဖြင့် ပြန်ရောက်လာသည့်အချိန်က အတော်လေးကိုစောလို့နေ၏။

ညနေပိုင်း အားလပ်သည့်အချိန်တွင် ချန်ဟွေ့က သူမကိုမိဘများနှင့် အဆင်ပြေသွားပြီလားဟု မေးမြန်းလာသည်တွင် သူမကလည်း အထင်လွဲမှု အနည်းငယ်ရှိနေ သေးကြောင်းသာ ပြုံးပြီး ပြောလိုက်၏။ သူတို့နှစ်ယောက်စလုံးကလည်း ထိုစိတ်ပျက်စရာ ကောင်းသည့်ခေါင်းစဉ်ကို ဆက်မပြောဖြစ် ကြတော့ပေ။

မိုးချုပ်သွားချိန်တွင်တော့ လွီရူဟွေ့၏ ရောဂါက တစ်ဖန်ပြန်ထလာပြန်သည်။ ကံကောင်းသည်မှာ ချန်ဟွေ့က သူမဘေးတွင် အမြဲတမ်းရှိနေ ပေးခဲ့ခြင်းပင်။

ဒီတကြိမ်တွင်တော့ သူမသည် အေးစက်နေသည့် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေစရာ မလိုတော့ပေ။

ချန်ဟွေ့က အိမ်ကနွေးထွေးလှသည့် စောင်နှင့်မွေ့ယာကို ယူဆောင်လာပေးပြီး မီးဖိုကိုလည်း မီးညှိပေးထားလေသည်။

မိန်းကလေးကျိက စာအုပ်အနည်းငယ် ပို့လာပေးပြီး သူမကလှဲနေရင်း ပျင်းရိနေမည် စိုးရိမ်သဖြင့် ချန်ဟွေ့ကို စာဖတ်ပြခိုင်းလိုက်၏။ ချန်ဟွေ့ကလည်း သူမကို စာဖတ်ပြလေသည်။

ချန်ဟွေ့သည် ပုံပြင်တစ်ပုဒ် ဖတ်ပြပြီးတိုင်း ဇာတ်လမ်းအကြောင်းကို သူမနှင့်အပြန်အလှန် ဆွေးနွေးတတ်သည်။ သူမသည်မျက်လုံး ပုတ်ခတ်ရုံသာ တတ်နိုင်သော်ငြားလည်း ပါဝင်ပတ်သက်မှု ရှိသည်ဟု ခံစားရလေသည်။

ရှေးဟောင်းပစ္စည်းဆိုင် ဒုတိယထပ်ပြတင်းပေါက်မှ နွေးထွေးလှသည့် ဖယောင်းတိုင် မီးရောင်များက ထွက်ပေါ်တို့နေသည်။ အားချန်က တစ်ချက်လောက် ကြည့်လိုက်ပြီးမှ ခြံတံခါးကို ပိတ်လိုက်တော့၏။

သူမက တံခါးပိတ်လိုက်ပြီးနောက် အနောက်ဘက်ခြံဝင်းသို့ လျှောက်လာခဲ့ကာ ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးချိန်တွင် ခေါင်းမော့ကြည့်လိုက်ချိန်၌ ခြံဝင်းထဲတွင် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရ၏။

ယနေ့ည၏လရောင်က ပိုးသားကဲ့သို့ ဖြူလွှလွှလေးဖြစ်နေပြီး ထိုလူသည် လရောင်အောက်တွင် ငြိမ်သက်စွာရပ်နေကာ ချောမောခန့်ညားပြီး ရုပ်ရည်ကိုရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

"ဒီလောက် ညဉ့်နက်နေပြီကို ပိုင်လူကြီးမင်းက ဘာလာလုပ်တာလဲ။ ပိုင်လူကြီးက သန်းခေါင်ယံကြီးမှာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တည်းရှိတာ မကောင်းဘူးဆိုတာ မသိဘူးလား" အားချန်က သူ့ကို မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး လေသံကလည်း လုံးဝဖော်ရွေမှု မရှိနေချေ။

ဒီရက်ပိုင်းအတွင်းတွင် ထိုနေ့က ချန်ဟွေ့ သူမကို လိမ်ညာခဲ့သည်ဟု အားချန်တစ်ယောက် အမြဲတမ်း သံသယဝင်မိနေသည်။

ပိုင်ရှိုးမင်ကလည်း ငါ့ကို လုံးဝမကြိုက်ပါဘူး။ ငါကလည်း အတူတူပါပဲ။

ပိုင်ရှိုးမင်သည် သူမရှိရာသို့ လျှောက်လာလိုက်ပြီး သူမရှေ့တွင် ရပ်တန့်လိုက်ကာ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်၏။ "ငါ ဒီရက်ပိုင်းအတွင်း ခရီးဝေးတစ်ခု ထွက်သွားရလို့ ဒီနေ့မှ ပြန်ရောက်လာတာ"

"ဟုတ်လား" အားချန်၏ အကြည့်က မတော်တဆဆိုသလို သူ့ကိုပေါ်သို့ ဝေ့ဝဲရောက်ရှိသွားပြီး "ပိုင်လူကြီးမင်းက ဒီလောက်အလုပ်များ နေတာဆိုတော့ အိမ်ပြန်ပြီး စောစောစီးစီး သွားနားလိုက်ပါတော့"

"အိမ်မပြန်ခင်မှာ ငါမင်းကို ပြောစရာစကားရှိလို့"

"နားမထောင်ချင်ဘူး" အားချန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ဘေးက ဖြတ်ကျော်ကာ လျှောက်သွားလိုက်လေသည်။

"တကယ် နားမထောင်ချင်ဘူးလား"

"နားမထောင်ဘူး !" အားချန်က ပြတ်ပြတ်သားသား ဖြေလိုက်၏။ ငါ့ပုံစံက စကားပြောရ လွယ်ကူတဲ့ပုံစံများ ပေါက်နေလို့လား။

"ဒါဆိုရင်လည်း ပြီးတာပါပဲ" ပိုင်ရှိုးမင်၏ အသံထဲတွင် သိသာထင်ရှားသည့် နှမြောသတမှုများ ပါဝင်လို့နေသည်။

"ဒါဆိုရင် ငါ့အိမ်တော်ထဲက ရေကန်ထဲမှာ နဂါးဂိတ်တံတားကို ခုန်ကျော်နေကြတဲ့ နဂါးငါးတွေကို ငါတစ်ယောက်တည်း ခံစားကြည့်ရှု ရတော့မှာပေါ့"

အားချန်သည် ရုတ်ချည်းဆိုသလို သူမ၏ခြေလှမ်းများကို ပြန်ရုပ်သိမ်းထားလိုက်ပြီး ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ကာ ပိုင်ရှိုးမင်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်၏။

"နဂါးဂိတ်တံတားကို ခုန်ကျော်တယ် ဟုတ်လား။ ကျွန်မ သိတဲ့ အဲဒီနဂါးဂိတ်တံတားကို ပြောတာလား" အားချန်၏ မျက်လုံးများက အရောင်တောက်သွားပြီး ထိုအကြောင်းအရာကို အလွန်စိတ်ဝင်စားနေကြောင်း ထင်ရှားလို့နေ၏။

"ဟုတ်တယ်လေ။ နှမြောစရာကောင်းတာက မင်းက စိတ်မဝင်စားဘူး ဆိုတော့လည်း ရှိပါစေတော့" ပိုင်ရှိုးမင်က နှမြောတသသည့်ဟန် ဟန်ဆောင်လိုက်၏။

"ဘယ်သူပြောလဲ။ ကျွန်မက အရမ်းစိတ်ဝင်စားတာ" အားချန်က သူမ၏စကားကို ချက်ချင်းပြန်ပြန်လိုက်လေသည်။ ငါက ငါးတွေ နဂါးဂိတ်တံတားကို ခုန်ကျော်တာ မမြင်ဖူးသေးဘူးလေ။ နဂါးဂိတ်တံတားကို ခုန်ကျော်ပြီးတဲ့ နဂါးငါးတွေရဲ့အရသာက ပိုကောင်းလေမလားပဲ။

"ဒါက မသင့်တော်ဘူး မဟုတ်လား" ပိုင်ရှိုးမင်းက အခက်တွေ့နေသယောင် ဟန်ဆောင်လိုက်၏။ "သန်းခေါင်ယံကြီးမှာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တည်းရှိတာ မကောင်းဘူးလေ"

"ပိုင်ရှိုးမင် !" အားချန်သည် မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်လိုက်၏။

ပိုင်ရှူးမင်၏ မျက်လုံးများထဲတွင် အပြုံးအရိပ်အယောင်များ ယိုဖိတ်လာပြီး နောက်ဆုံးတော့ သူမကို ဆက်မစတော့ဘဲ လက်ကမ်းပေးလိုက်လေသည်။ "မိန်းကလေးကို အိမ်တော်ကိုလိုက်ပြီး စကားစမြည် ပြောဖို့ဖိတ်ခေါ်ခွင့်ရှိမလား"

သူမက မေးစေ့ကိုအနည်းငယ် ချီထားလိုက်ကာ အပြစ်ရှာသလို ပြောလိုက်၏။ "ဘာမိန်းကလေးလဲ။ တခြားသူတွေက ကျွန်မကို အားချန်လို့ ခေါ်ကြတယ်။ ရှင်က ဘာဖြစ်လို့ အဲ့လိုမခေါ်တာလဲ"

"အားချန်" ပိုင်ရှိုးမင်က သူမ၏နာမည်ကို ခပ်တိုးတိုးခေါ်လိုက်ပြီး အလွန်နူးညံ့သိမ်မွေ့လို့ နေသည်။

အားချန်၏ ပါးပြင်များ ပူနွေးသွားပြီး အကြည့်ကိုလွှဲလိုက်ကာ "ကြားပါတယ်"

"ဒါဆိုရင် အားချန်က ကျွန်တော်နဲ့အတူ အိမ်ပြန်လိုက်တော့မလား" ပိုင်ရှိုးမင်က မေးလိုက်၏။

အားချန်၏ လက်သေးသေးလေးကို သူ့လက်ဖဝါးပေါ်တွင် တင်ပေးလိုက်ကာ ပိုင်ရှူးမင်က လက်ကိုဆုပ်ကိုင်လိုက်ပြီး သူမ၏ နူးညံ့လှသည့် လက်ကလေးကို သူလက်ဖဝါးထဲတွင် ထည့်ကိုင်ထားလိုက်လေသည်။

လရောင်အောက်တွင် အားချန်၏ စကားသံများကို သဲ့သဲ့လေး ကြားနေရသေး၏။

"နဂါးဂိတ်တံတား ခုန်ကျော်တာကို ကြည့်ပြီးရင် ရှင် ကျွန်မကို ပြန်လိုက်ပို့ပေးရမယ်နော်။ မဟုတ်ရင် ချန်ဟွေ့ စိတ်ပူနေလိမ့်မယ်"

"ကောင်းပါပြီ"

"ကျွန်မက အသားအပြည့်ဆုံး နဂါးငါးတစ်ကောင်ကို ရွေးပြီးတော့ ယူသွားမယ်"

"မင်းကြိုက်တဲ့ဟာ ယူလို့ရပါတယ်"

...

All Chapters