← Chapters

ကျွန်မဆံပင်တွေကို မြန်မြန် ခြောက်အောင် လုပ်ပေး

Vol. 14 Ch. 137

ကျွန်မဆံပင်တွေကို မြန်မြန် ခြောက်အောင် လုပ်ပေး

Vol. 14 Ch. 137

အားချန်သည် ပိုင်ရှိုးမင်၏ အိမ်တော်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခြင်း ဖြစ်လေသည်။ ပြီးခဲ့သည့်တစ်ခေါက်က သူ မရှိသဖြင့် အိမ်တော်ထိန်း နဉ်ကုန်းကုန်းနှင့်သာ တွေ့ဆုံခဲ့ရ၏။

ဒီတစ်ခေါက်တွင်တော့ အားချန်သည် နဉ်ကုန်းကုန်းကို တွေ့ရဦးမည်ဟု ထင်မှတ်ထားသော်ငြား တံခါးဝမှ ဝင်လာကတည်းက လူတစ်ယောက်ကိုမှ မတွေ့ရချေ။

အားချန်သည် ဘယ်ကြည့်ညာကြည့် လုပ်လိုက်ပြီး မေးလိုက်လေသည်။ “ရှင့်အိမ်တော်က လူတွေ ဘယ်ရောက်ကုန်တာလဲ”

“မင်းက သူတို့ကို တွေ့ချင်လို့လား” ပိုင်ရှိုးမင်က အဖြေမပေးဘဲ ပြန်မေးလိုက်၏။

အားချန်က ချက်ချင်း ခေါင်းခါပြလိုက်သည်။ တွေ့ချင်လို့တော့ မဟုတ်ပေ။ သူမက ရိုးရိုးရှင်းရှင်း သိချင်ရုံ သက်သက်သာ။

စကားလမ်းကြောင်းက အလွယ်တကူပင် လွဲချော်သွားခဲ့ပြီး ပိုင်ရှိုးမင်သည် အားချန်၏ လက်ကိုဆွဲကာ နောက်ဖေးဥယျာဉ်ဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

လမ်းဘေးတစ်ဖက်တစ်ချက်တွင် မီးအိမ်များစွာ ချိတ်ဆွဲထားသော်လည်း ပန်းခြံနားသို့ ရောက်လေလေ မီးအိမ်များက နည်းပါးလာလေလေ ဖြစ်ပြီး ကျောက်တံခါးပေါက်ကို ဖြတ်ကျော်ကာ ပန်းခြံထဲသို့ ရောက်သည့်အခါတွင်တော့ လရောင်ကိုသာ အားပြုရတော့သည်။

အစပိုင်းတွင် အားချန်သည် သည်လို စီစဉ်ထားရသည့် အကြောင်းအရင်းကို အနည်းငယ် ထူးဆန်းနေသော်လည်း ပိုင်ရှိုးမင်က သူမကို ဥယျာဉ်ထဲက ရေကန်နားသို့ ခေါ်ဆောင်သွားသည့်အခါမှ နားလည်သွားတော့သည်။

ရေကန်ထဲတွင် ရွှေရောင် ငွေရောင် အလင်းတန်းများ ဖြာထွက်နေသည့် ငါးကြင်းများ ပျော်ရွှင်စွာ ကူးခပ်နေကြသည်ကို သူမ တွေ့လိုက်ရ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အကောင်ရေ ဒါဇင်နှင့်ချီ ရှိပေသည်။

အားချန်သည် အကြီးဆုံးဖြစ်သည့် ရွှေရောင် နဂါးငါးကို တစ်ချက်တည်းဖြင့် တွေ့လိုက်ရလေသည်။ ထိုငါးသည် အကောင်အထွားဆုံး ဖြစ်ပြီး အမြီးတောင်ပံများကလည်း အလှပဆုံးဖြစ်ကာ ရွှေရောင်တိမ်လွှာပါးလေး တစ်ခုနှယ် ရေထဲတွင် လွင့်ပျံနေသည်မှာ အိပ်မက်ဆန်လှသည်။

ဒီလောက်လှတဲ့ငါးကို ရိုက်ပစ်ချင်လိုက်တာ။ ကံဆိုးတာက အခု ငါ့ မှာ လက်သည်းတွေ မရှိတော့ဘူး။ ကိုယ်တိုင်မလုပ်နိုင်တော့ နည်းနည်းတော့ နှမြောစရာကောင်းသား။

ပိုင်ရှိုးမင်သည် သူမ၏ စိတ်အားထက်သန်နေသော အကြည့်ကို သတိထားမိလိုက်ပြီး ရယ်မောမိလေသည်။ သူမ၏ အမြင်က တကယ်ကို ကောင်းမွန်လှ၏။ ရေကန်တစ်ခုလုံးတွင် အကောင်းဆုံးသော ငါးကို တစ်ချက်တည်းဖြင့် ရွေးချယ်လိုက်နိုင်လေသည်။

သူ့ဖုဟွမ် မင်ဝမ်က ထိုနဂါးငါးကို မျက်စိကျနေသည်မှာ ကြာမြင့်ပြီ ဖြစ်၏။

ပစ်မှတ်ကို ရွေးချယ်ပြီးနောက် အားချန်သည် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး ပိုင်ရှိုးမင်ကို မော့ကြည့်ကာ မေးလိုက်၏။ “ဒီရေကန်ထဲက ငါးတွေက ဉာဏ်ပွင့်နေကြပြီလား”

“မပွင့်သေးပါဘူး”

ဒါဆိုရင် စိတ်ချရပြီ။ ဉာဏ်မပွင့်သေးရင် နဂါးဂိတ်တံခါးကို ကျော်ဖြတ်ပြီးတဲ့နောက် သွေးမျိုးဆက် ပြောင်းလဲမှုက အကန့်အသတ်ရှိတယ်။ ငါ့ရဲ့ငါးက အတောင်ပံပေါက်ပြီး ထွက်ပြေးသွားမှာ မဟုတ်တော့ဘူး။

“သူတို့ရဲ့ အရသာကရော အရမ်းကောင်းလား”

ပိုင်ရှိုးမင်က ခဏလောက် စဉ်းစားလိုက်ပြီး “တကယ်မဆိုးဘူး”

သူက သိပ်မစားသော်လည်း သူ့ဖုဟွမ်က ရံဖန်ရံခါ ငါးလာခိုးလေ့ ရှိသဖြင့် အရသာရှိမည်မှာ သေချာသည်။

ဒါဆိုရင်တော့ အကောင်းဆုံးပဲ။

ထို့ကြောင့် အားချန်က နှိမ့်ချစွာဖြင့် ဆက်လက် မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘယ်လိုလုပ်စားရင် ပိုကောင်းမလဲ”

နှပ်ချက်မလား။ ပေါင်းစားမလား။ ပဲငပိနဲ့ ချက်ရင်ရော ရမလား။

“အဲဒါက …” ဒီမေးခွန်းက ပိုင်ရှိုးမင် နားမလည်သည့် နယ်ပယ်ဖြစ်သွားသဖြင့် မင်ဝမ်အိမ်တော်က စားဖိုမှူးကို ခေါ်မေးသင့် မမေးသင့် စဉ်းစားနေမိတော့သည်။

နှစ်ဦးသား စကားပြောနေစဉ်မှာပင် ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်း တစ်ခုသည် ရုတ်တရက် ကျဆင်းလာပြီး ရေကန်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ရေကန်ထဲမှ ရေများက ရုတ်တရက် ဆူပွက်လာသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်တော့ ထိုနဂါးငါးများ ရေပေါ်သို့ ပေါ်လာပြီး အမြီးများဖြင့် ရေကို ရိုက်ခတ်နေခြင်း ဖြစ်လေသည်။

ခဏတာ ပြင်ဆင်ပြီးနောက် အကောင်အထွားဆုံး နဂါးငါးက ရေထဲမှ ဦးဆုံး ခုန်ထွက်လာခဲ့၏။ ၎င်းသည် အလင်းတန်းကို ဆန်တက်ကာ အပေါ်သို့ ကူးခတ်သွားပြီး အပေါ်ရောက်လေလေ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ ပိုမိုစုဝေးလေလေ ဖြစ်နေသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ အလင်းတန်း၏ တစ်ဝက်လောက် အရောက်တွင် ရှေ့ဆက်ရန် အားမရှိတော့ဘဲ ရေကန်ထဲသို့ ပြန်လည် ပြုတ်ကျသွားလေသည်။

ထိုနဂါးငါးက ဦးဆောင်လိုက်သည်နှင့် တခြားနဂါးငါးများကလည်း တစ်ကောင်ပြီးတစ်ကောင် ခုန်တက်ကြသော်လည်း ပထမတစ်ကောင်လောက် ဝေးဝေးရောက်အောင် မသွားနိုင်ကြချေ။

အလင်းတန်းသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး အားချန်သည်လည်း ဘေးမှနေ၍ စိတ်ဝင်တစားဖြင့် တစ်နာရီလုံးလုံး ထိုင်ကြည့်နေခဲ့သည်။

သူမက ရေကန်ထဲရှိ ရွှေရောင်နှင့် ငွေရောင် နဂါးငါး အရေအတွက်ကိုပါ ရေတွက်လိုက်သေး၏။ ရွှေရောင် ၃၂ ကောင်နှင့် ငွေရောင် ၂၇ ကောင်။

အချိန်ကြာလာသည်နှင့်အမျှ နဂါးဂိတ်တံခါးကို အကြိမ်ကြိမ် ခုန်တက်နေကြသည့် နဂါးငါးများ၏ ကိုယ်ပေါ်မှ အကြေးခွံများသည် ပိုမိုတောက်ပလာပြီး ခန္ဓာကိုယ် အရွယ်အစားသည်လည်း ပိုကြီးလာခဲ့သည်။

အားချန်က ခန့်မှန်းကြည့်လိုက်ရာ သူမ သဘောကျနေသည့် ထိုနဂါးငါးသည် ယခုအခါ သူမ၏ လက်မောင်းလောက်အထိ ရှည်လျားနေပြီဖြစ်ပြီး ယခင်ကထက် လက်တစ်ဝါးစာလောက် ပိုရှည်လာခဲ့သည်။

အချိန်တန်ပြီဖြစ်သဖြင့် ကောင်းကင်ယံမှ အလင်းတန်းများ ပျောက်ကွယ်သွားတော့မည့် အရိပ်အယောင် မြင်လိုက်ရသည်နှင့် အားချန်က ပိုင်ရှိုးမင်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်၏။ “မြန်မြန် ပိုက်ကွန်သွားယူလာခဲ့။ ငါးဖမ်းမလို့”

မြန်မြန်လုပ်ရမယ်။ မဟုတ်ရင် ငါးတွေ ကန်အောက်ထဲ ပြန်ဝင်သွားကြဦးမယ်။

ပိုင်ရှိုးမင်သည် မည်သည့်နေရာမှန်း မသိဘဲ ငါးဖမ်းပိုက်တံတစ်ချောင်းကို ထုတ်ယူလာခဲ့ပြီး ဂရုတစိုက်ဖြင့် မေးလိုက်၏။ “အကူအညီ လိုလား”

“မလိုဘူး” အားချန်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ ကိုယ့်ငါး ကိုယ်ဖမ်းမယ်။

သူမက လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး နဂါးဂိတ်တံခါးကို ဆက်မခုန်တော့ဘဲ ရေထဲတွင် တိမ်မိုးခိုးများ မှုတ်ထုတ်နေသည့် ထိုငါးဝကြီးကို ချိန်ရွယ်ကာ ငါးဖမ်းပိုက်တံဖြင့် အုပ်ဖမ်းလိုက်လေသည်။

ထိုငါးက တုံ့ပြန်မှု အလွန်မြန်ဆန်ပြီး အမြီးတစ်ချက် ယမ်းလိုက်ရုံဖြင့် ရှောင်တိမ်းသွားခဲ့သည်။

ရှောင်တိမ်းပြီးနောက် အကွာအဝေး တစ်ခုသို့ ကူးခတ်သွားပြီး အားချန်ရှိရာဘက်သို့ ပြန်လှည့်လာကာ အမြီးကို ယမ်းပြလိုက်သေးသည်။ စိန်ခေါ်နေသည့် ပုံစံပင်။

ငါက ငါးတစ်ကောင်ရဲ့ စိန်ခေါ်တာကို ခံလိုက်ရတာလား။ ဒါကို သည်းခံလို့ရမလား။

ထို့ကြောင့် အားချန်သည် ရေကန်ကို ပတ်ကာ ထိုငါးကို လိုက်ဖမ်းလေတော့သည်။ နောက်ဆုံးတွင် ငါးကို မဖမ်းနိုင်ဘဲ ခြေထောက်များသာ ပျော့ခွေသွားတော့၏။

ပိုင်ရှိုးမင်သည် နဂါးငါး၏ ရေကန်ကို ပတ်ပြီး နှစ်ပတ်လောက် အမောဖောက်ခံလိုက်ရသည့် အားချန်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ အချိန်ကိုက် စကားပြောလိုက်လေသည်။

ဒီတစ်ကြိမ်တွင် သူက မမေးမြန်းတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။ “ငါ လုပ်လိုက်မယ်”

အားချန်သည် သူ့ဘေးသို့ ပြန်လျှောက်လာပြီး ငါးဖမ်းပိုက်တံကို သူ့လက်ထဲ ထည့်ပေးလိုက်ကာ ရေကန်ထဲမှ ငါးဝကြီးကို ညွှန်ပြပြီး ပြောလိုက်သည်။ “အဲဒီတစ်ကောင်ပဲ လိုချင်တာနော်”

“ကောင်းပြီ”

ပိုင်ရှိုးမင် လှုပ်ရှားလိုက်သည်နှင့် ထိုဘဝင်မြင့်နေသော နဂါးငါးသည် ချက်ချင်းပင် ငါးဖမ်းပိုက်တံထဲသို့ ရောက်ရှိသွားလေသည်။ ၎င်းသည် မည်သူ့ကို သွားစနောက်လို့ မရမှန်း ခွဲခြားသိပုံရပြီး ငါးဖမ်းပိုက်တံထဲတွင် အနည်းငယ် ရုန်းကန်ပြီးသည်နှင့် သေချင်ယောင်ဆောင် နေလိုက်တော့သ၏။

သို့သော် အားချန်က ပိုင်ရှိုးမင်လက်ထဲမှ ငါးဖမ်းပိုက်တံကို လှမ်းယူလိုက်သည်နှင့် ထိုငါးက ရူးသွပ်မတတ် ပြန်လည် ခုန်ပေါက်လာတော့၏။ လက်ထဲရောက်ပြီးသား ငါးကို လွတ်ခွင့်ပေးမည်တဲ့လား။ လုံးဝ မဖြစ်နိုင်။

အားချန်သည် လက်တစ်ဖက်က ငါးဖမ်းပိုက်တံကို တင်းကျပ်စွာ ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုငါးကို ထိန်းချုပ်ရန် ကြိုးစားလိုက်ရာ တစ်ကိုယ်လုံး ရေများ စိုရွှဲကုန်လေသည်။ ထိုငါးက သူမကို ရေမှုန်များဖြင့်ပါ မှုတ်ထုတ်လိုက်သေး၏။

အားချန်က ရက်စက်စွာ ခြိမ်းခြောက်လိုက်သည်။ “နင် ဘယ်လိုဆက်ပြီး ဘဝင်မြင့်ဦးမလဲ ကြည့်ရသေးတာပေါ့။ ဒီနှစ် နှစ်သစ်ကူးကျရင် နင်က ငါ့ရဲ့ ဟင်းပွဲဖြစ်လာမှာ”

နဂါးငါးက ဆက်လက်ပြီး ရေမှုန်များ မှုတ်ထုတ်နေဆဲပင်။

ပိုင်ရှိုးမင်သည် လူတစ်ယောက်နှင့် ငါးတစ်ကောင် နေရာတွင်ပင် ထသတ်ကြတော့မည်ကို စိုးရိမ်သဖြင့် ငါးဖမ်းပိုက်တံကို ပြန်ယူလိုက်ရတော့သည်။ သူသည် အားချန်၏ ကြွက်စုတ်လေးလို ပုံစံကိုကြည့်ပြီး ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်နေကာ သတိပေးလိုက်၏။ “မင်းရဲ့ အဝတ်အစားတွေ စိုကုန်ပြီ”

အားချန် ငုံ့ကြည့်လိုက်ရာ အင်္ကျီရင်ဘတ် တစ်ခုလုံး စိုရွှဲနေပြီး လက်မောင်းပေါ်တွင်လည်း ရေများဖြင့် ပြည့်နေလေသည်။

သူမ လာစဉ်က သိပ်မထူလှသည့် အပေါ်ဝတ် ဂါဝန်ကိုသာ ဝတ်ဆင်လာခဲ့ပြီး လမ်းတလျှောက်လုံး သူ့လက်ကို တွဲကာ သူ့အတွင်းအားဖြင့် အနွေးဓာတ်ယူခဲ့ရသဖြင့် မအေးခဲ့သော်ငြား ယခုအခါ လေတိုက်လိုက်သည်တွင် အေးစိမ့်သွားတော့သည်။

သူမက ပိုင်ရှိုးမင်၏ လက်ကို အလိုအလျောက် လှမ်းဆွဲလိုက်ရာ ပိုင်ရှိုးမင်ကလည်း ချက်ချင်း သဘောပေါက်ပြီး အတွင်းအားဖြင့် သူမကို အနွေးဓာတ် ပေးလိုက်လေသည်။

ပြီးနောက် သူမကို နူးညံ့စွာ ပြောလိုက်၏။ “အရင်ဆုံး ရေသွားချိုးလိုက်။ ငါ မင်းအတွက် အဝတ်အစား သန့်သန့်တွေ ပြင်ဆင်ခိုင်းလိုက်မယ်”

“ကျွန်မရဲ့ငါးရော” အားချန်သည် တစ်ညလုံး အပင်ပန်းခံထားရသည့် သူမ၏ ဆုလာဘ်ဖြစ်သော ထိုငါးဝကြီးကို စိတ်မချနိုင် ဖြစ်နေသေးသည်။

ပိုင်ရှိုးမင်က ချက်ချင်း အာမခံလိုက်လေသည်။ “ဒီနှစ် နှစ်သစ်ကူးကျရင် မင်းရဲ့ ထမင်းစားပွဲပေါ်ကို သေချာပေါက် ရောက်လာစေရမယ်”

“ကောင်းပြီလေ” ထိုအခါမှ အားချန်က ကျေနပ်စွာဖြင့် ပိုင်ရှိုးမင်နောက်သို့ လိုက်ပါသွားတော့သည်။

ပိုင်ရှိုးမင်က သူမကို ဧည့်သည်ဆောင် တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ အခန်းက သန့်ရှင်းသပ်ရပ် လှ၏။ သူမ ခဏလောက် စောင့်ဆိုင်းနေလိုက်ပြီးနောက် ပိုင်ရှိုးမင်က ကန့်လန့်ကာ အနောက်မှ ထွက်လာကာ ရေချိုးလို့ရပြီဟု ပြောမှ အားချန် လျှောက်သွားလိုက်သည်။

ရေပုံးထဲက ရေသည် ရေနွေးငွေ့များ ထွက်ပေါ်နေပြီး သူမ အပူချိန်ကို စမ်းသပ်ကြည့်လိုက်ရာ အနေတော်ပင်။

ရေချိုးပြီးနောက် အားချန်သည် အဝတ်အစားသစ်ကို လဲလှယ်လိုက်ပြီး ဆံပင်များကို သုတ်ကာ တံခါးဖွင့်ပြီး အပြင်ခန်းသို့ လှမ်းခေါ်လိုက်သည်။ “ပိုင်ရှိုးမင်”

“ဘာဖြစ်လို့လဲ”

ပိုင်ရှိုးမင်က စားပွဲတွင်ထိုင်ကာ လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရသဖြင့် အားချန်က ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး သူ့ရှေ့တွင်ဝင်ထိုင်ကာ ကိုယ်ကို တစ်ဝက်လောက် လှည့်၍ ကျောပေးပြီး ပြောလိုက်၏။ “မြန်မြန်လာပြီး ကျွန်မဆံပင်တွေကို ခြောက်အောင် လုပ်ပေး”

ဒီလို သဘာဝကျကျ ခိုင်းစေတတ်သည့် ပုံစံလေးက ပိုင်ရှိုးမင်ကို ပြုံးမိစေတော့သည်။ သူက နာခံစွာဖြင့် သူမ၏ ဆံနွယ်တစ်စုကို ကောက်ယူလိုက်ချိန်တွင် အားချန်က ထပ်ပြောလာပြန်သည်။ “ရှင် ဖြည်းဖြည်းလုပ်နော်။ မဟုတ်ရင် မနက်ဖြန်ကျရင် ကျွန်မဆံပင်တွေက မဖြောင့်တော့ဘူး”

“ဘယ်က အတွေ့အကြုံတွေ ရလာတာလဲ” ပိုင်ရှိုးမင်က လက်လှုပ်ရှားမှုကို လျှော့ချလိုက်ပြီး သူမကို မေးလိုက်သည်။

အားချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ “လင်းစွေ့က ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မကို ဆံပင်ခြောက်အောင် လုပ်ပေးတုန်းက ဒီလိုပဲလေ။ နောက်ရက်ကျတော့ ဆံပင်တွေ ရှုပ်ကုန်ရော”

“သိပါပြီ” သူက စိတ်ရှည်လက်ရှည်ဖြင့် သဘောတူလိုက်ပြီး သူမ ဆံပင်များကို ဖြည်းညှင်းစွာ ခြောက်သွေ့အောင် လုပ်ပေးနေလိုက်သည်။

အားချန်၏ ဆံပင်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားသဖြင့် နက်မှောင်ပြီး နူးညံ့ပျော့ပျောင်းနေလေသည်။ ဒီလောက်လှပတဲ့ ဆံနွယ်တွေက အလှပဆုံး ဆံထိုးတွေနဲ့မှ လိုက်ဖက်မှာ ဟု ပိုင်ရှိုးမင် စိတ်ထဲမှ တွေးလိုက်မိသည်။

သူ့လက်လှုပ်ရှားမှုက နူးညံ့သိမ်မွေ့ပြီး လက်ချောင်းများက ဆံနွယ်များကြားတွင် ဖြတ်သန်းသွားကာ အခန်းထဲတွင် သူ ဆံပင်ကိုင်တွယ်နေသည့် တရှပ်ရှပ်အသံလေးများသာ ကြားနေရသည်။

အားချန်သည် တစ်ညလုံး ပင်ပန်းထားသည့်အပြင် ဒီလိုအိပ်ချင်စရာကောင်းသည့် အသံများကို ကြားလိုက်ရသဖြင့် တစ်ကိုယ်လုံး နောက်သို့ မှီချလိုက်ပြီး မျက်ခွံများကလည်း လေးလံလာတော့သည်။

“အိပ်ချင်နေပြီလား”

“အင်း …”

“ဒါဆိုရင် အိပ်လိုက်တော့” ပိုင်ရှိုးမင်၏ အသံက တိုးညှင်းသွားလေသည်။

“မရဘူး။ အိမ်ပြန်ရဦးမယ်” ဟွေ့ညန်က ညဘက် အပြင်ထွက်ကစားလျှင်တောင် ညဘက် အိမ်ပြန်အိပ်ရမည်ဟု ထပ်ခါတလဲလဲ မှာကြားထားသဖြင့် အားချန်က အလွန်စကား နားထောင်လေသည်။

ပိုင်ရှိုးမင်က သူမ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ဆံပင်ခြောက်သွားရင် ငါ မင်းကို ပြန်ပို့ပေးမယ်”

“ငါး …”

“မနက်ဖြန်ကျရင် လူလွှတ်ပြီး မင်းဆီ ပို့ပေးလိုက်မယ်”

သူ့စကားသံ ဆုံးသွားသည်နှင့် အားချန်သည် တောင့်ခံမထားနိုင်တော့ဘဲ သူ့ကိုမှီကာ အိပ်ပျော်သွားလေတော့သည်။

ပိုင်ရှိုးမင်သည် ကတိပေးထားသည့်အတိုင်း သူမဆံပင်များကို ခြောက်သွေ့အောင် လုပ်ပေးပြီး လက်ကို ဘီးအဖြစ် အသုံးပြုကာ သူမအတွက် ကျစ်ဆံမြီးလေး ကျစ်ပေးလိုက်သည်။

ထို့နောက် သူက အားချန်ကို ပွေ့ချီလိုက်ပြီး အပြင်သို့ ထွက်ခွာလာခဲ့တော့သည်။

အားချန်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး မိုးလင်းမှသာ သူမ၏ ကျယ်ဝန်းလှသည့် ကုတင်ကြီးပေါ်တွင် နိုးလာခဲ့တော့သည်။

ကျားသစ်သားရေ အခင်းပေါ်တွင် တစ်ပတ်လောက် လှိမ့်လိုက်ပြီး အားချန်သည် ကုတင်ပေါ်တွင် မှောက်လျက် အကြောဆန့်လိုက်ကာ အိပ်ရာထရန် ပြင်လိုက်၏။

သူမ ခြေထောက် မြေကြီးနှင့် ထိလိုက်သည်နှင့် ခြေထောက်များ နာကျင်ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ မနေ့ညက အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်လိုက်တော့ သူမက အံကြိတ်လိုက်မိတော့၏။ မနေ့ညက ကိစ္စကို ပြန်စဉ်းစားလိုက်တော့ အဲဒီငါးစုတ်ကြောင့်ပဲ ဖြစ်ရမယ်။

အဝတ်အစားများ ဝတ်ဆင်ပြီး တံခါးဖွင့်လိုက်ကာ အားချန်သည် ခြံဝင်းထဲသို့ လှမ်းအော်လိုက်သည်။ “ဟွေ့ညန် ကျွန်မရဲ့ငါး ရောက်လာပြီလား”

ချန်ဟွေ့သည် အသံကြားရသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာပြီး မေးလိုက်၏။ “ဘာငါးလဲ”

“ဪ ခဏနေကျရင် လူလာပို့လိမ့်မယ်။ ကျွန်မတို့ နှစ်သစ်ကူးကျရင် စားမလို့လေ” အိပ်မပျော်ခင်က ပိုင်ရှိုးမင်၏ ကတိကို အားချန် မှတ်မိနေသေးသည်။ သူက ငါးတစ်ကောင်လောက်တော့ လိမ်ညာမှာ မဟုတ်ပါဘူးလေ။

“ဒါဆိုရင် ငါ ခဏနေ သတိထားလိုက်မယ်”

“ဒါနဲ့ သူဌေးလွီကရော ဒီနေ့ သက်သာရဲ့လား” အားချန်က မနေ့ညက သူဌေးလွီ ကျောက်ရည်သောက်လိုက်သည်ကို သတိရပြီး မေးလိုက်၏။

“ကောင်းပါတယ်။ သူက ခန္ဓာကိုယ် လှုပ်ရှားလို့ရပြီးတာနဲ့ အိပ်ပျော်သွားတာပဲ။ ခုနကတောင် ကိုယ်တိုင်လုပ်ထားတဲ့ မက်မွန်သီးမုန့် လာပို့သွားသေးတယ်”

မနေ့ညက ချန်ဟွေ့သည် အားချန်ထက် ပိုပြီးနောက်ကျမှ ပြန်ရောက်လာခဲ့သဖြင့် အားချန်က အလယ်လောက်တွင် အပြင်ထွက်သွားခဲ့သည်ကို လုံးဝ သတိမထားမိခဲ့ချေ။ သူမ၏ အကြည့်က အားချန်၏ အဝတ်အစားပေါ်သို့ ကျရောက်သွားသည့် အချိန်အထိပင်။

ချန်ဟွေ့က သံသယဖြင့် မေးလိုက်၏။ “နင့်ဝတ်ထားတဲ့ ဒီအဝတ်အစားကို ငါ တစ်ခါမှ မမြင်ဖူးပါလား”

“ကျွန်မ မနေ့ညတုန်းက ပိုင်ရှိုးမင်နဲ့ အပြင်သွားကစားတာလေ”

“ပြီးတော့ရော” ချန်ဟွေ့က သူမကို အလွယ်တကူ အလွတ်ပေးမည့်ပုံ မပေါ်ချေ။

“ပြီးတော့ ငါးဖမ်းရင်း အဝတ်အစားတွေ စိုသွားလို့ သူ့အိမ်မှာပဲ ရေချိုးပြီး အဝတ်အစား အသစ်လဲလိုက်တာ” အားချန်က တစ်ပတ်လောက် လည်ပြလိုက်ပြီး သူမကို မေးလိုက်၏။ “လှလား”

ချန်ဟွေ့၏ နဖူးပေါ်တွင် သွေးကြောတစ်ခု ထောင်တက်လာသော်လည်း သူမက တည်ငြိမ်စွာဖြင့် ဖိနှိပ်ထားလိုက်သည်။

“လှတယ်”

အရင်ဆုံး ချီးကျူးလိုက်ပြီးမှ သူမက ပြောလိုက်၏။ “နောက်တစ်ခါကျရင် အဝတ်အစား လဲရင်လဲလိုက်။ ရေချိုးတာကတော့ အိမ်ပြန်လာပြီးမှ ချိုး။ သူများအိမ်မှာကျတော့ သိပ်ပြီး အဆင်မပြေဘူးလေ”

သူက အားချန်ကို ညဘက် အိမ်ပြန်လာဖို့ပဲ ပြောလိုက်ပြီး သူများအိမ်မှာ တွေ့ကရာ ရေမချိုးဖို့ ပြောပြဖို့ မေ့သွားခဲ့တာပဲ

ဒါက အားချန်ရဲ့ အမှားမဟုတ်ဘူး။ အားလုံး ပိုင်ရှိုးမင်ကြောင့်ပဲ။

အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး မြန်မြန်ဆန်ဆန်ပင် သဘောတူလိုက်သည်။ “သိပါပြီ”

သို့သော် စိတ်ထဲတွင်တော့ နှမြောမိနေသည်။ သူမ ဆံပင်ကို ကိုင်လိုက်မိ၏။ ပိုင်ရှိုးမင်က ဆံပင်ခြောက်အောင် လုပ်ပေးတာ အရမ်းတော်တာပဲ။ နည်းနည်းတော့ နှမြောမိသား။

နှစ်ယောက်သား စကားပြောပြီး မကြာခင်မှာပင် ငါးလာပို့သည့်လူ ရောက်ရှိလာခဲ့သည်။ လာပို့သူမှာ နဉ်ကုန်းကုန်းပင်။

သူက မြင်းလှည်းပေါ်မှ ဆင်းလာပြီး အားချန်နှင့် ချန်ဟွေ့ကို မြင်သောအခါ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေလေသည်။

သူက ရှေ့သို့တစ်လှမ်းတိုးပြီး အားချန်ကို ရိုသေစွာ ပြောလိုက်၏။ “မိန်းကလေးကျိ ဒါက ကျွန်တော်တို့ကုန်းဇီက လာပို့ခိုင်းလိုက်တဲ့ နဂါးငါးပါ”

ထိုသို့ပြောရင်း သူက ကိုယ်ကိုအနည်းငယ် စောင်းလိုက်ရာ အစေခံနှစ်ဦးက အဖုံးပါသည့် အပြာရောင် ကြွေစည်ပိုင်းကြီး တစ်ခုကို သယ်ဆောင်ကာ မြင်းလှည်းပေါ်မှ ဆင်းလာကြသည်။

အားချန်က အဖုံးကို ဖွင့်ကြည့်လိုက်ရာ မနေ့ညက သူမသဘောကျခဲ့သည့် နဂါးငါးက ရေအောက်တွင် မြုပ်နေပြီး ရံဖန်ရံခါ ပူဖောင်းများ မှုတ်ထုတ်နေသည်ကို တွေ့လိုက်ရ၏။

အားချန်က နဉ်ကုန်းကုန်းကို ကျေနပ်စွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”

“မိန်းကလေးက အားနာနေပါပြီ” နဉ်ကုန်းကုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ “ဒီနဂါးငါးကို အစာကျွေးစရာ မလိုပါဘူး။ နှစ်သစ်ကူးကျရင် သတ်ပြီး စားလိုက်ရုံပါပဲ။ အသားက အရသာရှိပြီး လတ်ဆတ်ပါတယ်။ ပေါင်းစားတာက အသင့်တော်ဆုံးပါပဲ။ ဝမ်ရယ်က ဒီလိုစားရတာ ကြိုက်တယ်။ မိန်းကလေးလည်း စမ်းစားကြည့်ပါ။ တကယ်လို့ ကြိုက်တယ်ဆိုရင် နောက်ရက်ကျ ကုန်းဇီက ထပ်ပို့ပေးပါလိမ့်မယ်”

“ကောင်းပြီ။ ကျွန်မ သိပါပြီ”

ထိုအစေခံနှစ်ဦးက အားချန်ကို ကူညီပြီး ကြွေစည်ပိုင်းကို ခြံဝင်းထောင့်သို့ ရွှေ့ပြောင်းပေးပြီးမှ နဉ်ကုန်းကုန်းက နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

လူပြန်သွားပြီးနောက် ချန်ဟွေ့က စိတ်ဝင်တစားဖြင့် နဂါးငါးကို လာကြည့်လေသည်။

“သူက မီးလင်းနေတာလား” ချန်ဟွေ့က နေရောင်ကြောင့်လား သို့မဟုတ် သူမ မျက်စိမှုန်နေသလား မသေချာ ဖြစ်နေလေသည်။

“မှိန်ဖျော့ဖျော့ အလင်းရောင်လေး ထွက်နေတာ။ နဂါးငါးရဲ့အသားက ရှင့်အတွက်လည်း အကျိုးရှိမှာပါ။ နှစ်သစ်ကူးကျရင် သူ့ကို ပေါင်းစားကြတာပေါ့”

အားချန်က မင်ဝမ်၏ အကြိုက်ကို ယုံကြည်သင့်သည်ဟု ခံစားလိုက်ရသည်။

နဉ်ကုန်းကုန်းသည် နဂါးငါး ပို့ဆောင်ပြီးနောက် မြင်းလှည်းစီးကာ ပိုင်အိမ်တော်သို့ ပြန်လာခဲ့သည်။ လမ်းတလျှောက်တွင်လည်း ပျော်ရွှင်စွာဖြင့် တွေးတောနေမိ၏။ တကယ်လို့ ဝမ်ရယ်သာ ကုန်းဇီက မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးတတ်နေပြီ ဆိုတာသိရင် သေချာပေါက် ပျော်သွားမှာပဲ။

သို့သော် ရုတ်တရက် သူတစ်ခုခုကို သတိရလိုက်သည်။ အဲဒီနဂါးငါးက ရင်းနှီးနေသလိုပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝမ်ရယ် သဘောကျနေတဲ့ အကောင်များလား။

အဲဒီနေ့တုန်းက ဝမ်ရယ်က မဖမ်းသေးဘဲ ရက်အနည်းငယ်လောက် စောင့်ပြီး အသားတွေ တင်းလာမှ ဖမ်းမယ်လို့ ပြောခဲ့တာ။ ဘာအကြောင်းကြောင့်မှန်း မသိပေမယ့် အဲဒီနဂါးငါးက တကယ်ပဲ အများကြီး ဝလာခဲ့တာ။

ဒါပေမဲ့ အခုတော့ ကုန်းဇီက သူများဆီ ပို့လိုက်ပြီလေ …

...

All Chapters