သက်တမ်းရှည်လာတော့ ထူးဆန်းတဲ့အရာတွေကို မြင်ရပြီပေါ့ …
Vol. 14 Ch. 138
နဉ်ကုန်းကုန်း အိမ်တော်သို့ ပြန်ရောက်ပြီး မကြာခင်မှာပင် ဝမ်ရယ်က ပန်းခြံထဲသို့ သွားသည်ဟု လက်အောက်ငယ်သားများ ပြောသဖြင့် သူလည်း ပန်းခြံသို့ အမြန် လိုက်သွားလိုက်ရာ ရေကန်နားတွင် မင်ဝမ်ကို အမှန်တကယ် တွေ့လိုက်ရလေသည်။
သူက အမြန်ရှေ့တိုးကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။ “ဝမ်ရယ်”
မင်ဝမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရေကန်ကို စိုက်ကြည့်နေပြီး စိတ်မကြည်မလင် ဖြစ်နေပုံရ၏။ “ဒီဝမ်ရယ်ရဲ့ငါး ဘယ်မှာလဲ”
နဉ်ကုန်းကုန်း တစ်ချက် ကြောင်သွားသည်။ “ငါးတွေက ရေကန်ထဲမှာ ရှိနေတာပဲလေ”
“ဒီဝမ်ရယ် ပြောနေတာက အရင်တုန်းက ရွေးထားတဲ့ အဲဒီတစ်ကောင်”
“အဲဒါက …” နဉ်ကုန်းကုန်း၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာ ပေါ်လာပြီး အကြံပြုလိုက်၏။ “တခြားတစ်ကောင် ပြောင်းမလား။ ဒီမှာကြည့်ပါဦး။ တစ်ကောင်ချင်းစီက ဝဝကစ်ကစ်လေးတွေပါ။ ကုန်းဇီက ဝမ်ရယ် ကြိုက်သလောက် ရွေးလို့ရတယ်လို့ ပြောပါတယ်”
ကုန်းဇီက ရှေ့ကနေ ငါးပေးလိုက်ပြီး နောက်ကနေ ဝမ်ရယ်က လာရှာမယ်လို့ ဘယ်သူက ထင်မှာလဲ။
“ဒီဝမ်ရယ်က အဲဒီတစ်ကောင်ပဲ လိုချင်တာ။ သူက ဘယ်ကို ပို့လိုက်ပြီလဲ”
မင်ဝမ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်ကို မြင်လိုက်ရသဖြင့် နဉ်ကုန်းကုန်းကလည်း မလိမ်ညာရဲတော့ဘဲ အမှန်အတိုင်း ပြောလိုက်ရတော့သည်။ “ကုန်းဇီက သူများဆီ လက်ဆောင်ပေးလိုက်ပါပြီ”
“လက်ဆောင်ပေးလိုက်ပြီ ဟုတ်လား”
မင်ဝမ်သည် အိပ်မက်ထဲတွင်ပင် ထင်မထားမိခဲ့ချေ။ လက်ထဲရောက်နေသည့် ငါးက အတောင်ပံပေါက်ပြီး ပျံသန်းသွားနိုင်လိမ့်မည်ဟု။
“ကျေးဇူးကန်းတဲ့ကောင် !” မင်ဝမ်က ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ နဉ်ကုန်းကုန်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်၏။ “ဒီဝမ်ရယ်က သူ့ကို အပင်ပန်းခံပြီး ပြုစုပျိုးထောင်လာခဲ့တာ။ သူက ငါ့ငါးကိုတောင် ခိုးရဲတယ်ပေါ့”
နဉ်ကုန်းကုန်းသည် ခေါင်းကိုငုံ့ထားလိုက်ပြီး ဝင်မပြောရဲတော့ချေ။ ဝမ်ရယ်က အဲဒီလောက်ကြီး ပင်ပန်းခဲ့တာမှ မဟုတ်တာ။ ပြီးတော့ ဒီငါးတွေကိုလည်း ကုန်းဇီက မွေးထားတာပဲလေ
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူ ထုတ်မပြောရဲခြင်းပင်။
နှစ်ကုန်ပိုင်း ရောက်လာသည်နှင့်အမျှ မြို့တော်ရှိ ရုံးတော်အသီးသီးသည် ပုံမှန်ရက်များထက် ပိုမိုအလုပ်များလာပြီး မင်ကျင့်စီးသည်လည်း ထိုနည်းလည်းကောင်းပင်။
နှစ်သစ်ကူး ကာလအတွင်း မြို့တော် ငြိမ်သက်အေးချမ်းစေရန်အတွက် တာဝန်ကျ တပ်မှူးများသည် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိဘဲ လက်အောက်ငယ်သားများကို ဦးဆောင်ကာ လမ်းမများပေါ်တွင် လှည့်လည် ကင်းလှည့်နေကြရသည်။
မင်ဝမ်သည် မင်ကျင့်စီးသို့ ရောက်လာသောအခါ အစောင့်များက ဌာနချုပ်မှူးကို တားဆီးရဲခြင်း မရှိကြပေ။
လူဝင်သွားသည်နှင့် အစောင့်နှစ်ဦးသည် တီးတိုးဆွေးနွေးနေကြ၏။ ဝမ်ရယ်က တပ်မှူးချုပ်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့လား။ မဟုတ်ရင် ဘာဖြစ်လို့ မျက်နှာထားက ဒီလောက်တောင် တင်းမာနေရတာလဲ
တံခါးကို ကန်ဖွင့်လိုက်ချိန်တွင် ပိုင်ရှိုးမင်သည် ဒေသအသီးသီးရှိ မင်ကျင့်စီးရုံးများမှ ပေးပို့လာသည့် အမှုတွဲများကို စစ်ဆေးနေလေသည်။ သူသည် ပြဿနာအချို့ကို တွေ့ရှိသွားပုံရပြီး အမှုတွဲတစ်ခုကို စိုက်ကြည့်နေမိ၏။
အသံကြားလိုက်ရသဖြင့် သူက မော့ကြည့်လိုက်သည်။ “ဖုဟွမ်”
မင်ဝမ်သည် စားပွဲရှေ့သို့ ဒေါသတကြီး လျှောက်လာခဲ့သည်။ “ကျေးဇူးကန်းတဲ့ကောင်။ မင်းက နဂါးဂိတ်တံခါးကို မင်းအိမ်တော်မှာ ထားဖို့ ငါ့ကို မြှောက်ပင့်ပြောဆိုခဲ့တယ်။ ဒီဝမ်ရယ်ကလည်း လုပ်ပေးခဲ့တယ်။ ငါးရော”
ပိုင်ရှိုးမင်က လက်ထဲမှ အမှုတွဲကို ချလိုက်၏။ “ဖုဟွမ် မှတ်ဉာဏ်တွေ မှားနေပြီ ထင်တယ်။ ဖုဟွမ်သာ နဂါးမျိုးနွယ်ဆီ သွားပေးဖို့ ကျွန်တော့်ကို မြှောက်ပင့်ပြောဆို မထားရင် ကျွန်တော့်အိမ်မှာ နဂါးဂိတ်တံခါး ထားဖို့ သဘောတူမှာလား”
မင်ဝမ်က တက်ခေါက်လိုက်သည်။ “ဒီလောက် အသက်ကြီးနေပြီကို အဖေဖြစ်သူနဲ့ လာပြီး စာရင်းရှင်းနေသေးတယ်”
ထို့နောက် သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “နဂါးမျိုးနွယ်ဘက်မှာ ဘာတွေဖြစ်လို့ နဂါးဂိတ်တံခါး ဖွင့်တဲ့အချိန် နောက်ကျသွားရတာလဲ ဆိုတာ စုံစမ်းပြီးပြီလား”
မနေ့ညက အားချန် မြင်တွေ့ခဲ့ရသည့် နဂါးဂိတ်တံခါးသည် တကယ့်နဂါးဂိတ်တံခါး မဟုတ်ဘဲ နဂါးမျိုးနွယ်များ ဖန်တီးထားသည့် နဂါးဂိတ်တံခါး အသေးစားသာ ဖြစ်လေသည်။
ဒီနဂါးဂိတ်တံခါးကို ကျော်ဖြတ်နိုင်လျှင် နဂါးဖြစ်မလာနိုင်သော်လည်း သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်ပြီး ရေနေသတ္တဝါများကို အဆင့်မြှင့်တင်ပေးကာ နဂါးမျိုးနွယ်အတွက် အသုံးဝင်မည့်သူများကို ရွေးချယ်ပေးနိုင်လေသည်။
သို့သော် နဂါးဂိတ်တံခါး ပေါ်လာမည့်အချိန်သည် နှောင်းပိုင်းဆောင်းရာသီ မဟုတ်ဘဲ ၁၀ လပိုင်းလောက်တွင် ဖြစ်သင့်သည်။
ပိုင်ရှိုးမင်က ခေါင်းငြိမ့်လိုက်၏။ “နဂါးဂိတ်တံခါးကို ထိန်းချုပ်တဲ့ အဲဒီချင်းလုံနဂါးပုလဲ ခိုးယူခံလိုက်ရလို့လေ။ သူတို့က နဂါးဘုရင် တော်တော်များများကို ပြန်ခေါ်ပြီး တစ်လကျော်လောက် ဆွေးနွေးပြီးမှ တခြားနဂါးပုလဲနဲ့ အစားထိုးဖို့ ဆုံးဖြတ်လိုက်ကြတာ”
မင်ဝမ်၏ မျက်နှာအမူအရာမှာ ပြောမပြတတ်အောင် ဖြစ်သွားသော်လည်း နဂါးမျိုးနွယ် ဖြစ်နေသည်ကို တွေးမိလိုက်သောအခါ တစ်လလောက် အချိန်ဆွဲပြီးမှ ဖြေရှင်းသည်က ပုံမှန်ပင် ဖြစ်နေတော့သည်။
သူ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ “ငါ မှတ်မိသလောက်ဆိုရင် အဲဒီချင်းလုံနဂါးပုလဲကို မိစ္ဆာဧကရာဇ်က လုယူသွားပြီး သူ့သရဖူမှာ တပ်ဆင်ထားခဲ့တာလေ။ နောက်ပိုင်း မိစ္ဆာဧကရာဇ် သေဆုံးသွားမှ နဂါးမျိုးနွယ်က ပြန်လုယူသွားခဲ့တာ မဟုတ်ဘူးလား”
“ဒါဆိုရင် ဒီတစ်ခေါက် လက်သည်က မိစ္ဆာမျိုးနွယ် ဖြစ်နိုင်မလား။ သူတို့က ချင်းလုံနဂါးပုလဲကို ဘာလုပ်ဖို့ လိုချင်ရတာလဲ” ပိုင်ရှိုးမင်က မေးလိုက်သည်။
မင်ဝမ်က မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်၏။ “နဂါးမျိုးနွယ်ဆီကနေ နဂါးပုလဲကို လုယူတာက မိစ္ဆာတံဆိပ် ခိုးတာထက် အများကြီး ပိုအန္တရာယ်များတယ်။ ငါက အစတုန်းက သူတို့ မိစ္ဆာတံဆိပ် ခိုးတာက နိုင်ငံထောင်ဖို့လို့ ထင်ထားတာ။ အခုကြည့်ရတာ အဲဒါက အကြောင်းပြချက် တစ်ခုပဲ ဖြစ်လောက်တယ်”
“မိစ္ဆာတံဆိပ်နဲ့ ချင်းလုံနဂါးပုလဲ နှစ်ခုစလုံးက မိစ္ဆာဧကရာဇ် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေဆိုတာကလွဲရင် ဘာထူးခြားချက် ရှိသေးလို့လဲ” ပိုင်ရှိုးမင်သည် မိစ္ဆာတံဆိပ်ကို ကိုင်တွယ်ဖူးသော်လည်း ထူးခြားမှုကို သတိမပြုမိခဲ့ပေ။
“မင်းက လူသားပဲလေ။ သေချာပေါက် သတိထားမိမှာ မဟုတ်ဘူး။ ဒီပစ္စည်းနှစ်ခုက မိစ္ဆာဧကရာဇ်ရဲ့ဘေးမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တော့ သူ့ရဲ့အငွေ့အသက်တွေ စွဲကျန်နေမှာပဲ။ သာမန်မိစ္ဆာမျိုးနွယ်တွေက အသုံးမဝင်ပေမယ့် တကယ်လို့ မိစ္ဆာဧကရာဇ်ရဲ့လမ်းစဉ်အတိုင်း အဆင့် ၅ နယ်ပယ်ကို တက်လှမ်းချင်တဲ့ မိစ္ဆာမျိုးနွယ်တွေ ဆိုရင်တော့ အသုံးဝင်လိမ့်မယ်”
“မိစ္ဆာဧကရာဇ်ရဲ့ လမ်းစဉ်အတိုင်း ဟုတ်လား” ပိုင်ရှိုးမင်က ခန့်မှန်းလိုက်၏။ “မိစ္ဆာဧကရာဇ်ရဲ့ သွေးသားဆိုလို့ ရွှယ်ယောင် မင်းသမီးဆိုတဲ့ တစ်ယောက်ပဲ ကျန်တော့တာလေ။ သူ အဆင့်တက်တော့မှာ မို့လို့များလား”
“သူ့ရဲ့သွေးသား ဖြစ်ဖို့တော့ မဖြစ်နိုင်လောက်ဘူး” မင်ဝမ်က ဒီခန့်မှန်းချက်ကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။ “ငါ ကြားတာတော့ မိစ္ဆာဧကရာဇ် မသေခင်တုန်းက ကျိန်စာတစ်ခု တိုက်ခဲ့ဖူးတယ်။ သူ့ရဲ့သွေးသား မျိုးဆက်တွေကို ကျိန်စာရဲ့ တန်ကြေးအဖြစ် ပေးဆပ်ခဲ့တာ။ သူက သူ့သွေးသားတွေရဲ့ ရှေ့ဆက်ရမယ့်လမ်းကို ကြိုပြီး ဖြတ်တောက်ခဲ့တာမို့လို့ သူ့ရဲ့မျိုးဆက်တွေထဲမှာ အဆင့် ၅ နယ်ပယ် ရောက်မယ့်သူ ထွက်လာတော့မှာ မဟုတ်ဘူး”
“ဖုဟွမ် ဘယ်သူ့ဆီက ကြားတာလဲ။ ယုံရရဲ့လား”
“သေချာပေါက် ယုံရတာပေါ့။ မိစ္ဆာဧကရာဇ် သေခါစတုန်းက သူ့မျိုးဆက်တွေ အများကြီး ကျန်ရစ်ခဲ့သေးတယ်။ အဆင့် ၅ နယ်ပယ် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူတောင် ရှိသေးတယ်။ တခြား အဆင့် ၅ နယ်ပယ် မိစ္ဆာတွေက သူ့မျိုးဆက်တွေကို ကာကွယ်ပေးခဲ့ပေမယ့် နောက်ပိုင်းကျတော့ မတော်တဆမှု အမျိုးမျိုးနဲ့ သေဆုံးကုန်ကြရော။ အခုဆိုရင် ဒီတစ်ယောက်ပဲ ကျန်တော့တာ။ ကျိန်စာရဲ့ တန်ကြေး မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ”
မင်ဝမ်၏ စကားက ယုတ္တိရှိလှသဖြင့် ပိုင်ရှိုးမင် စဉ်းစားလိုက်ပြီး ပြောလိုက်၏။ “သူ့ရဲ့သွေးသား မဟုတ်ရင်တောင် သူ့သွေးသားနဲ့ ရင်းနှီးတဲ့သူ ဖြစ်မှာပဲ”
သူက မင်ဝမ်ကို မော့ကြည့်လိုက်သည်။ “တားဆီးရမလား”
မင်ဝမ်က တိုက်ရိုက် အဖြေမပေးဘဲ မေးလိုက်၏။ “နဂါးမျိုးနွယ်ဘက်က ချင်းလုံနဂါးပုလဲရဲ့ ခြေရာကို ရှာတွေ့ပြီလား”
ပိုင်ရှိုးမင်က ခေါင်းခါလိုက်သည်။ “ကျွန်တော် မထွက်လာခင် အထိတော့ မတွေ့သေးဘူး”
“ဒီကိစ္စကို အဆင့် ၅ နယ်ပယ် မိစ္ဆာမျိုးနွယ်က ဖုံးကွယ်ထားပုံရတယ်။ ကြည့်ရတာ မိစ္ဆာမျိုးနွယ်တွေက မိစ္ဆာဧကရာဇ်ရဲ့ မျိုးဆက်အပေါ် မျှော်လင့်ချက် မကုန်သေးဘူးနဲ့ တူတယ်။ ထားလိုက်ပါတော့။ တစ်ဖက်က မိစ္ဆာမျိုးနွယ်ရဲ့ နယ်မြေမှာဆိုတော့ လှုပ်ရှားဖို့ ခက်ခဲလိမ့်မယ်။ လောလောဆယ် စောင့်ကြည့်နေလိုက်ပါဦး”
ပိုင်ရှိုးမင်က ခေါင်းငြိမ့်လိုက်၏။
ထို့နောက် မင်ဝမ်က မေးလာပြန်သည်။ “အဲဒီ ကျိုယွမ်ဆေးလုံးကို မင်း စားပြီးပြီလား။ ဘယ်လိုနေလဲ။ ဘယ်တော့လောက် အဆင့်တက်နိုင်မလဲ”
ဟိုတုန်းက ရှီးလင်ဝမ်က မိစ္ဆာမျိုးနွယ်ဆီကနေ ရရှိခဲ့သည့် ကျိုယွမ်ဆေးလုံး နှစ်လုံးကို နောက်ဆုံးတော့ မြို့တော်ကို ယူဆောင်လာခဲ့ပြီး တစ်လုံးကို ပိုင်ရှိုးမင် စားသုံးခဲ့လေသည်။
ပိုင်ရှိုးမင်က သက်ပြင်းချလိုက်၏။ “ဖုဟွမ် ကျွန်တော် ဆေးလုံးသောက်တာ တစ်လတောင် မပြည့်သေးဘူး။ ဖုဟွမ် ဒီလောက်တောင် အလောကြီးနေဖို့ လိုလို့လား”
မင်ဝမ်က မျက်လုံးပြူးကြည့်လိုက်သည်။ “မလောလို့ ရမလား။ ဒီဝမ်ရယ်ရဲ့ ရာထူးကို လိုချင်နေတဲ့ မျိုးဆက်သစ်တွေ ဘယ်လောက်များလဲဆိုတာ မင်း သိရဲ့လား။ မင်းသာ မြန်မြန်မလုပ်ရင် တခြားလူတွေ ကျော်တက်သွားလိမ့်မယ်”
“ဥပမာ ဘယ်သူလဲ”
မင်ဝမ်က အလေးအနက် စဉ်းစားလိုက်သော်လည်း နာမည်တစ်ခုမှ ထွက်မလာချေ။ မျိုးနွယ်စုထဲတွင် ပိုင်ရှိုးမင်ကလွဲလျှင် ကျင့်ကြံမှု အမြင့်ဆုံး လူငယ်မျိုးဆက်က အဆင့် ၃ နယ်ပယ်သာ ရှိသေးသဖြင့် အတော်လေး ကွာခြားနေသေးသည်။ တွန်းအားပေးရန်အတွက် အကျိုးသက်ရောက်မှု မရှိပေ။
ထို့ကြောင့် သူက စကားပြောင်းလိုက်၏။ “ပြိုင်ဘက်မရှိရင်တောင် ပေါ့ဆမနေသင့်ဘူး။ ပိုပြီးတော့ ကြိုးစားသင့်တယ်”
“ပြီးတော့ ဖုဟွမ်ရဲ့ ရာထူးကို ဆက်ခံပြီး ဖုဟွမ်ကို လွတ်လွတ်လပ်လပ် နေခိုင်းစေချင်တာမလား” ပိုင်ရှိုးမင်က အေးစက်စွာ ရယ်မောလိုက်သည်။ “အိပ်မက်သာ မက်နေလိုက်”
မင်ဝမ်၏ စိတ်ကူးလေး ပေါက်ကွဲသွားသဖြင့် မျက်နှာ မည်းမှောင်သွားတော့၏။ “ကျေးဇူးကန်းတဲ့ကောင် !”
နှစ်ယောက်သား၏ စကားဝိုင်းသည် ကျေးဇူးကန်းတဲ့ကောင်ဖြင့် စတင်ပြီး ကျေးဇူးကန်းတဲ့ကောင်ဖြင့်ပင် အဆုံးသတ်သွားခဲ့သည်။
မင်ဝမ်သည် ကိုယ့်သေတွင်း ကိုယ်တူးမိသဖြင့် ပိုင်ရှိုးမင်၏ ဖိအားပေးမှုကြောင့် အစိုးရကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းပြီးမှ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ရသည်။
အားချန်ကတော့ သူမ အသည်းအသန် ရွေးချယ်ခဲ့သည့် နဂါးငါးသည် မင်ဝမ်၏ လက်ထဲမှ လုယူလာခဲ့ခြင်း ဖြစ်ကြောင်း မသိခဲ့ချေ။
ဒီနှစ် နှစ်ကူးညစာအတွက် သူမ မျှော်လင့်နေသည်မှာ ဒီငါးပင် ဖြစ်လေသည်။
မင်ဝမ်ကလည်း မသိခဲ့ချေ။ သူ့သားက သူ့ငါးကို လုယူသွားရုံသာမက ရက်အနည်းငယ် ကြာပြီးနောက် နန်းတော်ထဲသို့ အချိန်ယူ၍ ဝင်ရောက်သွားခဲ့သေးသည်။ နန်းတော်မှ ပြန်ထွက်လာပြီးနောက် အရှင်မင်းကြီးက အမျိုးသမီး အသုံးအဆောင် လက်ဝတ်ရတနာများစွာကို ပိုင်အိမ်တော်သို့ ပေးသနားလိုက်လေသည်။
ထိုနေ့တွင်ပင် အားချန်သည် နဉ်ကုန်းကုန်း လာပို့သည့် ထူးခြားလှပသော နှစ်သစ်ကူး လက်ဆောင်ဖြစ်သည့် ဆံထိုးတစ်ဗူးကို လက်ခံရရှိခဲ့သည်။
သူမ ဘာမှပြန်မပြောနိုင်ခင်မှာပင် နဉ်ကုန်းကုန်းက အလျင်အမြန် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ သူမ လက်ဆောင်ကို ငြင်းပယ်လိုက်မည်ကို စိုးရိမ်နေသည့်အလားပင်။
အားချန်သည် ဒီဆံထိုးများ၏ လက်ရာက အလွန်သေသပ်လှပသည်ဟုသာ ခံစားမိပြီး တစ်ချောင်းချင်းစီကို သဘောကျနေသော်လည်း ချန်ဟွေ့ကတော့ ရိပ်မိနေ၏။ ဒီဆံထိုးများသည် နန်းတွင်းလက်မှုပညာရှင်များ၏ လက်ရာဖြစ်ပေလိမ့်မည်။
ပထမဆုံး တွေ့ဆုံစဉ်က ရက်စက်ကြမ်းကြုတ်ပြီး အေးစက်လှသည့် ပိုင်လူကြီးမင်းက အားချန်ကို ဆံထိုးလက်ဆောင် ပေးတတ်နေပြီ။ တကယ်ပဲ သက်တမ်းရှည်လာတော့ ထူးဆန်းတဲ့အရာတွေကို မြင်ရပြီပေါ့။
အချိန်များ ကုန်ဆုံးသွားသည်မှာ လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၂ လပိုင်း ၃၀ ရက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။
နေ့လယ်ပိုင်းလောက်တွင် ပတ်ဝန်းကျင်ရှိ ဖွင့်လှစ်ထားဆဲ ဆိုင်အနည်းငယ်သည်လည်း တံခါးပိတ်သွားကြပြီ ဖြစ်၏။
မူလက စည်ကားနေသော လမ်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ဒီအချိန်တွင် ဈေးထဲက ပြည်သူများကလည်း နှစ်ကူးညစာအတွက် ပြင်ဆင်ရန် အိမ်ပြန်ရောက်နေကြပြီ ဖြစ်သည်။
ယခင်က အားချန်သည် သူများတွေ နှစ်သစ်ကူးကြသည်ကို ကြည့်ပြီး အိမ်တိုင်းတွင် စည်ကားသိုက်မြိုက်နေကြသော်လည်း သူမတွင် မိသားစု မရှိသဖြင့် လူသားများကြားတွင် ဝင်မဆံ့နိုင်ဘဲ ဒီလိုပျော်ရွှင်မှုမျိုးကို မခံစားနိုင်ခဲ့ပေ။ ဒီနှစ်တော့ မတူတော့ချေ။
နေ့လယ်ပိုင်းတွင် ချန်ဟွေ့က ရေနွေးတည်ပေးပြီး ရေချိုးပြီးနောက် အားချန်သည် နှစ်ကုန်ပိုင်းကမှ မှာယူထားသည့် အနီရောင်အောက်ခံတွင် ရွှေရောင်ကနုတ်များ ပါဝင်ပြီး စကတ်အနားတွင် ‘ဖူ’စာလုံး အကြီးအသေးများ ပါဝင်သည့် ဂါဝန်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ဒီလှပတဲ့ ဂါဝန်ကို သူမ ဝတ်ဆင်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဟွေ့ညန်က နှစ်သစ်ကူးညမှ ဝတ်ဆင်ရမည်ဟု ပြောသဖြင့် စောင့်ဆိုင်းနေခဲ့ရသည်။ နှစ်သစ်ကူးတွင် အဝတ်အစားသစ် ဘာကြောင့်ဝတ်ရသည်ကို သူမ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီး သူမလည်း ပျော်ရွှင်နေမိသည်။
ထို့နောက် သူမသည် ဆံပင်ကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး ပိုင်ရှိုးမင် ပေးပို့လိုက်သည့် ရွှေဆံထိုးဗူးထဲမှ မက်မွန်ပွင့် ဆံထိုးတစ်ချောင်းကို ရွေးချယ်လိုက်ကာ အနီရောင် ကတ္တီပါပန်းလေး တစ်ပွင့်ကိုလည်း ခေါင်းပေါ်တွင် ပန်ဆင်လိုက်ပြီး မှန်ထဲတွင် အချိန်ကြာမြင့်စွာ ကြည့်ရှုနေလိုက်ကာ အလွန်ကျေနပ်နေမိသည်။
“အဝတ်အစား လဲပြီးပြီလား” ချန်ဟွေ့က အပြင်ဘက်မှ တံခါးခေါက်ရင်း မေးလိုက်၏။
အားချန်က တံခါးဖွင့်ပေးလိုက်သည်။ တံခါးအပြင်ဘက်ရှိ ဟွေ့ညန်ကလည်း အဝတ်အစားသစ် ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သူမနှင့်ဆင်တူသည့် အနီရောင် ကတ္တီပါပန်းလေး ပန်ဆင်ထားလေသည်။
“ပြီးပါပြီ။ နောက်ထပ် ဘာလုပ်ရမလဲ” အားချန်က မေးလိုက်သည်။
“ကဗျာစာတမ်းတွေ ကပ်ရတော့မယ်”
ချန်ဟွေ့က ကျိုထားသည့် ကော်ရည်ကို ကိုင်ထားပြီး အားချန်က ကဗျာစာတမ်းများကို ကိုင်ထားကာ နှစ်ယောက်သား ခြံဝင်းအတွင်းရှိ အိမ်တံခါးမှ မီးဖိုချောင်တံခါး၊ ထို့နောက် ဆိုင်တံခါးအထိ လိုက်ကပ်ကြသည်။
တစ်ယောက်က ကော်သုတ်ပြီး တစ်ယောက်က ကဗျာစာတမ်းကို ကပ်သည်။ ပြီးလျှင် အဝေးကနေ ကဗျာစာတမ်း ညီမညီ ကြည့်ရသေးသည်။ သူမတို့ ဆိုင်တံခါးပေါ်တွင် တံခါးစောင့်နတ်ဘုရားပုံ မကပ်ဘဲ ဖူစာလုံး တစ်စုံကို ပြောင်းပြန်ကပ်ထားလိုက်၏။ ဖူ (ကံကောင်းခြင်း) ရောက်လာပြီဟု အဓိပ္ပါယ်ရသည်။
ကဗျာစာတမ်းများ ကပ်ပြီးသွားသောအခါ ဟွေ့ညန်က အနီရောင် မီးအိမ်တစ်စုံကို ယူလာပြီး ဆိုင်တံခါးဝတွင် ချိတ်ဆွဲလိုက်သည်။ ညဘက်ရောက်လျှင် မီးထွန်းထားရမည်ဖြစ်ပြီး မီးထွန်းပွဲတော် ပြီးမှသာ ပြန်ဖြုတ်ရမည်။
ဒီနေ့အတွက် အရေးအကြီးဆုံး အလုပ်များ ပြီးသွားသောအခါ အားချန်က ဘယ်ညာ ဆိုင်များကို လှမ်းကြည့်လိုက်ရာ သူဌေးရွှီက လွန်ခဲ့သော နှစ်ရက်ကတည်းက ဆိုင်ပိတ်ထားသော်လည်း သူဌေးမလွီ၏ ဆိုင်ကတော့ တံခါးမပိတ်သေးချေ။
အားချန်က ချန်ဟွေ့ကို တိုးတိုးလေး မေးလိုက်သည်။ “သူဌေးမလွီက သူ့မိဘတွေနဲ့အတူ နှစ်သစ်ကူးဖို့ မပြန်ဘူးလား”
ချန်ဟွေ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ “သူ ပြန်ဖို့ အစီအစဉ်မရှိလောက်ဘူး။ ကျွန်မ အထင်တော့ …”
သူမ စကားမဆုံးခင်မှာပင် အားချန်က ပြောလိုက်သည်။ “ဒါဆိုရင် သူ့ကို ကျွန်မတို့နဲ့အတူ နှစ်သစ်ကူးဖို့ ဖိတ်လိုက်ကြတာပေါ့။ လူများတော့ စည်ကားတာပေါ့။ ဖဲကစားလို့လည်း ရတာပေါ့”
ချန်ဟွေ့က ပြုံးလိုက်သည်။ “ကောင်းပြီ။ ကျွန်မ သွားပြောလိုက်မလား”
“ကျွန်မပဲ သွားလိုက်မယ်” အားချန်က ပြောပြီးသည်နှင့် ချန်ဟွေ့၏ အဖြေကို မစောင့်ဘဲ ဂါဝန်ကို မကာ ဘေးဆိုင်ထဲသို့ ဝင်သွားလိုက်တော့သည်။
လွီရူဟွေ့သည် အသံကြားသဖြင့် ဒုတိယထပ်မှ ဆင်းလာရာ အားချန်ကို တွေ့လိုက်ရသဖြင့် ပြုံးပြလိုက်၏။ “မိန်းကလေးကျိရဲ့ ဒီဂါဝန်က တကယ်လှတာပဲ”
“သူဌေးမလွီရဲ့ ဂါဝန်လည်း လှပါတယ်” အားချန်က ပြုံးဖြီးဖြီးဖြင့် ပြန်ချီးကျူးလိုက်ပြီး ဆက်မေးလိုက်သည်။ “သူဌေးမလွီ ခဏနေရင် အားလား”
“ဘာကိစ္စမှတော့ မရှိပါဘူး”
“ဒါဆိုရင် သူဌေးမလွီက ကျွန်မတို့နဲ့အတူ နှစ်သစ်ကူးဖို့ အဆင်ပြေမလား”
“အဲဒါ …” လွီရူဟွေ့ ကြောင်သွားသည်။ သူမက သူများအိမ်တွင် နှစ်ကူးဖို့ တစ်ခါမှ မတွေးဖူးခဲ့ချေ။
အရင်တုန်းက နှစ်သစ်ကူးလျှင် လွီအိမ်တွင် မဟုတ်လျှင် လျိုအိမ်တွင်သာ ကုန်ဆုံးခဲ့သည်။
အိမ်ထောင်မပြုခင်တုန်းက နှစ်သစ်ကူးချိန်တွင် အရမ်းပျော်ဖို့ကောင်းခဲ့သည်။ အမေက သူမအတွက် အဝတ်အစားသစ်၊ ဆံထိုးအသစ်များ ဝယ်ပေးပြီး အဖေက သူမနှင့် လွီရူရှင်းကို စာတမ်းရေးနည်း သင်ပေးသည်။ အပြင်တွင် ကပ်လို့မရသော်လည်း ကိုယ့်ခြံဝင်းထဲတွင်တော့ ကပ်လို့ရသည်။
တစ်ခါတလေ အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့က ဘယ်စာလုံး ရေးတာ ရုပ်ဆိုးကြောင်း ဝေဖန်တတ်ကြသေးသည်။
အိမ်ထောင်ပြုပြီး နောက်ပိုင်းတွင်တော့ အလုပ်တွေ ပိုများလာသည်။ ဆွေမျိုးမိတ်သင်္ဂဟများနှင့် လျိုရှန်းကျယ်၏ လုပ်ဖော်ကိုင်ဖက်များအတွက် နှစ်သစ်ကူး လက်ဆောင်များ၊ အိမ်တော်တွင်း ပြင်ဆင်မှုများ၊ အမှားအယွင်း တစ်စက်လေးမှ မရှိစေရ။ မဟုတ်လျှင် လူတွေက လှောင်ပြောင်ကြလိမ့်မည်။
အဲဒီတုန်းက ပင်ပန်းသော်လည်း တကယ်တော့ ပျော်ရွှင်ခဲ့ရသည်။ သူတို့ရဲ့ ဘဝက တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာမယ်လို့ ထင်ခဲ့မိသည်။
လွီရူဟွေ့သည် သူမ အတွေးလွန်သွားမှန်း သတိထားမိလိုက်ပြီး အတွေးများကို ပြန်လည်စုစည်းကာ အားချန်ကို ပြောလိုက်၏။ “အဆင်ပြေပါ့မလား”
“သေချာပေါက် အဆင်ပြေတာပေါ့” အားချန်၏ အကြည့်က ပွင့်လင်းရိုးသားပြီး အားနာသည့်ပုံစံ လုံးဝမရှိပေ။
“ဒါဆိုရင်တော့ အနှောင့်အယှက် ပေးပါရစေ” လွီရူဟွေ့က ပြုံးပြီး လက်ခံလိုက်သည်။
တကယ်တော့ လွန်ခဲ့သည့် နှစ်ရက်က သူမ၏ ယောက်မကြီး ရောက်လာခဲ့သေးသည်။ သူမက အိမ်ပြန်ပြီး နှစ်သစ်ကူးချိန်တွင် မိဘများနှင့် ထပ်ပြီး ရန်ဖြစ်မည်ကို စိုးရိမ်သဖြင့် လာရောက် ဖျောင်းဖျခြင်း ဖြစ်နိုင်သည်။
ယောက်မက သူမ လွီအိမ်ပြန်ပြီး နှစ်သစ်ကူးမယ်လို့ ထင်မှတ်ထားပုံရသည်။ လွီရူဟွေ့ကလည်း ယောက်မ လာတာက သူမ မိဘတွေရဲ့ သဘောဆန္ဒဆိုတာ သိနေသည်။
သို့ပေသိ သူမက သိပ်ပြီး မပြန်ချင်လှပေ။
သူမ မိဘတွေရဲ့ စိတ်နေသဘောထားကို ကောင်းကောင်းသိသည်။ ပြီးခဲ့သည့် တစ်ခေါက်က ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပြီးနောက် ပြန်သွားလျှင်လည်း သူတို့က ပြောဆိုဦးမည်မှာ သေချာသည်။ သူမသာ ပြန်ပြောလိုက်လျှင် ဒီနှစ်သစ်ကူးက ပျက်စီးသွားလိမ့်မည်။ ဘာလုပ်ဖို့ လိုသေးလို့လဲ။
သူမရဲ့ နောက်ဆုံးနှစ်သစ်ကူးကို ဘယ်လိုပျော်ရွှင်မလဲ၊ အဲဒီလိုပဲ ဖြတ်သန်းလိုက်တော့မယ်။
လွီရူဟွေ့သည် စင်ပေါ်မှ အရက်အိုးငယ် တစ်လုံးကို ယူလိုက်ပြီး အားချန်ကို ပြောလိုက်သည်။ “ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ အထူးတလည် ဝယ်ထားတဲ့ ချင်းကျိုး ကောက်ညှင်းအရက်ချိုပါ။ ခဏနေကျရင် ယူသွားလိုက်မယ်”
“ကောင်းပြီ” အားချန်က ထိုအရက်အိုးကို စိတ်ဝင်တစား ကြည့်လိုက်သည်။ အရင်တုန်းက ကျန်းမာရေး မကောင်းလို့ ဟွေ့ညန်က သူမကို သောက်ခွင့်မပေးခဲ့ပေ။ အခုတော့ ကျန်းမာရေး ကောင်းလာပြီ ဖြစ်သလို ဒီနေ့ကလည်း နှစ်သစ်ကူးနေ့ဆိုတော့ တားမြစ်တော့မည် မဟုတ်ချေ။
လွီရူဟွေ့ အရက်အိုးကို မလိုက်သည်ကို မြင်သောအခါ အားချန်က ရုတ်တရက် မေးလိုက်သည်။ “သူဌေးမလွီ ကျွန်မ လူတစ်ယောက်ကို လက်ဆောင်ပေးချင်လို့။ ရှင် ဘာများ အကြံပေးချင်လဲ မသိဘူး”
ဟွေ့ညန်က ပြောဖူးသည်။ လူသားတွေက အပြန်အလှန် ပေးကမ်းတတ်ကြတယ်။ သူများက လက်ဆောင်ပေးရင် ကိုယ်ကလည်း ပြန်ပြီး လက်ဆောင်ပေးသင့်တယ်။ နဂါးငါးက သူမ ပင်ပင်ပန်းပန်း ဖမ်းထားတာဆိုတော့ လက်ဆောင်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဆံထိုးတစ်ဗူးလုံးကိုတော့ သူမ သဘောကျပြီး ပြန်မပေးချင်တော့ဘူး။ ဒါကြောင့် ပြန်ကမ်းလက်ဆောင် ပြင်ဆင်ရတော့မယ်။
အားချန်က ဒီကိစ္စမှာ သူဌေးမလွီက ပိုပြီး အတွေ့အကြုံ ရှိလိမ့်မယ်လို့ ထင်မိသည်။
လွီရူဟွေ့က အရက်အိုးပေါ် တင်ထားသော လက်ကို ခဏရပ်လိုက်ပြီး အားချန်ကို စိတ်ဝင်တစား ကြည့်လိုက်၏။ “မိန်းကလေးကျိရဲ့ လက်ဆောင်က အမျိုးသမီးကို ပေးချင်တာလား။ အမျိုးသားကို ပေးချင်တာလား”
“အမျိုးသား”
“အဲဒါဆိုရင် …” လွီရူဟွေ့က ခဏလောက် စဉ်းစားလိုက်သည်။ “ကျွန်မဆီမှာ မကြာသေးခင်ကမှ ရောက်လာတဲ့ ကျောက်စိမ်း အဆင်တန်ဆာ တစ်စုံရှိတယ်။ ရှေးဟောင်း ကျောက်စိမ်းတော့ မဟုတ်ပေမယ့် ကျောက်သားက အရမ်းကောင်းတယ်။ ကျိမိန်းကလေး ကြည့်ချင်လား”
အားချန်က ခေါင်းငြိမ့်လိုက်သည်။ “ဒါဆိုရင် သူဌေးမလွီကို ဒုက္ခပေးရတော့မယ်”
ထို့ကြောင့် လွီရူဟွေ့က ဒုတိယထပ်သို့ ပြန်တက်သွားပြီး အပေါ်မှ ကတ္တီပါဗူး တစ်ခုကို ယူလာကာ အားချန်ကို ပေးလိုက်သည်။
အားချန်က ဖွင့်ကြည့်လိုက်ရာ ကတ္တီပါဗူးထဲတွင် ကြည်လင်တောက်ပနေသည့် ငါးနှစ်ကောင်ပုံ ကျောက်စိမ်း ချိတ်ဆွဲအဆင်တန်ဆာ တစ်စုံ ရှိနေလေသည်။ သူဌေးမလွီ ပြောသကဲ့သို့ပင် မျက်စိဖြင့် ကြည့်ရုံနှင့် ကျောက်သား အရည်အသွေး ကောင်းမွန်ကြောင်း သိသာပြီး ထွင်းထုထားသည့် လက်ရာကလည်း ကောင်းမွန်လှသည်။
အားချန်က စိတ်ဝင်စားသွားသော်လည်း သူဌေးမလွီက ဆက်ပြောလာပြန်သည်။ “ဒီကျောက်စိမ်း ချိတ်ဆွဲအဆင်တန်ဆာကို ဘယ်သူမှ မကိုင်ဖူးသေးပါဘူး။ ဒါပေမဲ့ မိန်းကလေးကျိက သာမန်သူငယ်ချင်းကို ပေးမယ်ဆိုရင်တော့ ဒီကျောက်စိမ်း ချိတ်ဆွဲအဆင်တန်ဆာက သိပ်ပြီး သင့်တော်မှာ မဟုတ်ဘူး”
တစ်စုံလိုက် ဖြစ်နေသည့် ကျောက်စိမ်း ချိတ်ဆွဲအဆင်တန်ဆာများကို ချစ်သူများကြား သစ္စာရှိမှု ပြသရာတွင် အသုံးပြုလေ့ရှိသည်။ လွီရူဟွေ့က အားချန်ကို သိပ်ပြီး နားမလည်သလို ချန်ဟွေ့ဆီကလည်း သူမတွင် ချစ်သူရှိကြောင်း တခါမှ မကြားဖူးသဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
“ဒီကျောက်စိမ်း ချိတ်ဆွဲအဆင်တန်ဆာပဲ ယူတော့မယ်” အားချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
သူဌေးမလွီက ပြုံးလိုက်ပြီး အနည်းငယ် နိမ့်သော ဈေးနှုန်းတစ်ခုကို ပြောလိုက်၏။
အားချန်၏ အံ့သြနေသော အမူအရာကို မြင်သောအခါ သူမက ပေါ့ပါးစွာ ပြောလိုက်သည်။ “ဒါက နှစ်သစ်ကူး ဈေးနှုန်းလေ။ သေချာပေါက် သက်သာမှာပေါ့”
“ဒါဆိုရင် သူဌေးမလွီကို ကျေးဇူးတင်ပါတယ်” အားချန်ကလည်း သူမနှင့် အားနာမနေတော့ဘဲ ခဏနေ အိမ်ပြန်ရောက်မှ ငွေ လာယူမည်ဟု ပြောလိုက်သည်။
ထို့နောက် လွီရူဟွေ့က တံခါးပိတ်လိုက်ပြီး အရက်ချိုကို ပွေ့ကာ အားချန်နှင့်အတူ ဘေးအိမ်သို့ လိုက်ပါသွားတော့သည်။
...