← Chapters

နောက်တစ်နှစ် ကူးပြန်ပြီ...

Vol. 14 Ch. 139

နောက်တစ်နှစ် ကူးပြန်ပြီ...

Vol. 14 Ch. 139

လွီရူဟွေ့ ရောက်လာချိန်တွင် ချန်ဟွေ့သည် မီးဖိုထဲတွင် ဟင်းချက်စရာများ ပြင်ဆင်နေပြီဖြစ်၏။

သူတို့သုံးဦးသာရှိသဖြင့် ချန်ဟွေ့သည် ဟင်းပွဲရှစ်ပွဲကို ပြင်ဆင်ထားလိုက်၏။ ဟင်းပွဲတိုင်း၏ပမာဏမှာ မများလှသဖြင့် အချိန်အများကြီး ပေးလိုက်ရခြင်းမရှိချေ။

လွီရူဟွေ့သည် မီးဖိုချောင်သို့ ဝင်ရောက်လာကာ ကူညီပေးလိုက်ပြီး အားချန်ကတော့ ရေနွေးတည်ကာ ပန်းခြောက် လက်ဖက်ရည်တစ်အိုး ဖျော်လိုက်သည်။ ထိုနောက်တွင် ယခင်က ဝယ်ယူထားသော မုန့်များနှင့်အသီးခြောက်များကို ပန်းကန်ပြားထဲသို့ထည့်ကာ အပြင်သို့ သယ်ထုတ် လာခဲ့၏။

မကြာခင်မှာပင် မီးဖိုချောင်ထဲက အလုပ်ကိစ္စများ ပြီးစီးသွားပြီဖြစ်ကာ သုံးယောက်သားသည် ချန်ဟွေ့၏ အခန်းထဲတွင်ထိုင်ကာ ဖဲကစားနေကြလေသည်။

အိမ်အပြင်ဘက်တွင် မည်သည့်အချိန်က နှင်းများကျဆင်းနေသည် မသိသော်ငြား အိမ်ထဲတွင်တော့နွေးထွေးနေပြီး သူမတို့သုံးဦး၏ စကားပြောသံများသာ ရံဖန်ရံခါ ထွက်ပေါ်လာခဲ့၏။

ဒီအချိန်တွင် လွီအိမ်တော်တွင်တော့ ဒီလိုစည်ကားသော နေ့ရက်မျိုးတွင် အစေခံများသည် အိမ်တော်သခင်ကြီးနှင့် သခင်မတို့ စိတ်လက်မကြည်မသာ ဖြစ်နေသည်ကို သတိထားမိနေကြ၏။

သားကြီးမှာ နယ်သို့ ရာထူးခန့်ထားခြင်း ခံရသဖြင့် ထွက်ခွာသွားပြီး ချွေးမကြီးကလည်း လိုက်ပါသွားခဲ့လေသည်။ ယခုအခါ အိမ်မှုကိစ္စအဝဝကို ဒုတိယသား မိသားစုအပေါ်တွင် ပုံချထားရ၏။ အလုပ်ရှုပ်ရသည့် နှစ်သစ်ကူး အချိန်အခါတွင် လွီသခင်ကြီးနှင့် သခင်မကြီးတို့သည် အားလပ်နေကြတော့၏။

ဇနီးမောင်နှံနှစ်ဦး အပြန်အလှန် စကားအနည်းငယ် ပြောဆိုပြီးနောက် လွီသခင်မကြီးက အနီးကပ်ပြုစုနေသော အစေခံမလေးကို ခေါ်ပြီးမေးလိုက်၏။ "ရူဟွေ့ ပြန်ရောက်ပြီလား"

အစေခံမလေးက ခေါင်းခါပြလိုက်၏။ "ပထမသခင်မလေး ပြန်မလာသေးပါဘူး"

လွီသခင်မကြီးသည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်မေးလိုက်ပြန်သည်။ "အိမ်တော်ထိန်းက ဒီနေ့ သူ့ကို သွားရှာသေးလား"

အစေခံမလေးသည် ခဏလောက် ရပ်တန့်သွားပြီး "မသွားလောက်ပါဘူး။ ကျွန်မအခုပဲ အိမ်တော်ထိန်းကို သွားရှာလိုက်ပါ့မယ်"

လွီသခင်မကြီးသည် တစ်စုံတစ်ခု ပြောချင်သော်ငြားလည်း ဘေးတွင် နှုတ်ဆိတ်နေသည့် လွီသခင်ကြီးက ဒေါသတကြီး အော်ပြောလိုက်လေသည်။ "သူ ပြန်မလာချင်လဲ နေပါစေတော့။ သူမရှိလို့ ငါတို့တွေ နှစ်သစ်ကူးပွဲ မကျင်းပရတော့ဘူးလား"

ဇနီးဖြစ်သူက တွန့်ဆုတ်နေသည်ကို မြင်လိုက်သောအခါ လွီသခင်ကြီးက နှာခေါင်းရှုံ့လိုက်လေသည်။ "အဲဒီပျက်စီးနေတဲ့ ဟာမက ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းကလည်း ရူရှင်းကို ရိုက်နှက်ခဲ့သေးတယ်။ အစေခံတွေ လာမပြောရင် ငါ သိလိုက်ရမှာတောင် မဟုတ်ဘူး။ သူ့ညီမကို ရိုက်ရအောင် သူက ဘာမျက်နှာ ရှိနေလို့လဲ။ တကယ်ကို အသိတရားမရှိတဲ့ ဟာမလေးပဲ။ သူ ပြန်မလာတာ ပိုတောင်ကောင်းသေးတယ်။ ငါ့မျက်စိရှေ့မှာ မြင်နေရရင် စိတ်ရှုပ်စရာပဲရှိတယ်"

"ဒါပေမဲ့ သူတစ်ယောက်တည်း ..."

"တစ်ယောက်တည်း နေတော့ရော ဘာဖြစ်လဲ။ အဲဒီသမီးမိုက်က နှစ်သစ်ကူးမှာတောင် ငါတို့ကိုလာကြည့်ဖို့ စိတ်ကူးမရှိဘူး။ မင်းကဘာဖြစ်လို့ သူ့ကိုသတိရနေတာလဲ"

လွီသခင်ကြီးသည် သမီးကြီးကို တွေးမိလိုက်တိုင်း ဒေါသက ထိန်းမနိုင်သိမ်းမရ ဖြစ်လာစမြဲပင်။

လျိုရှန်းကျယ်နှင့် လက်ထပ်ပွဲကို မလိုချင်ဘူးဟုဆိုကာ ဖျက်သိမ်းပစ်လိုက်သည်။ ယခုသင်ယူထားသမျှ စည်းနင်းစည်းကမ်းများ အားလုံးကလည်း ခွေးဗိုက်ထဲ ရောက်ကုန်လေပြီ။

လွီသခင်မကြီးသည်လည်း သမီးကြီး နားမလည်သည်ကို အပြစ်တင်မိသော်ငြားလည်း နှစ်သစ်ကူး အချိန်အခါတွင် လူတစ်ယောက်လျော့ နေရခြင်းက မပြည့်စုံသလို ခံစားနေရပြီး စိတ်ထဲတွင် စွဲလမ်းနေမိ၏။ တွေ့ဆုံလည်းထပ်ပြီး ဖျောင်းဖျပြောဆို ကြည့်ဦးမည်ဟု တွေးနေမိတော့သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ နေ့လယ်စာစားချိန် ရောက်လာသည်အထိ လွီရူဟွေ့သည် ပေါ်မလာခဲ့ဘဲ လွီရူရှင်းကသာ နီရဲနေသည့်မျက်လုံးများဖြင့် ဝင်ရောက်လာခဲ့တော့သည်။

လွီသခင်မကြီးက မြင်လိုက်သည်နှင့် အလျင်အမြန် မေးလိုက်တော့၏။ "ဒါဘာဖြစ်ပြန်ပြီလဲ အိမ်တော်ထဲက ဘယ်သူကသမီးကို စိတ်ကသိကအောက် ဖြစ်အောင် လုပ်လိုက်လို့လဲ"

လွီရူရှင်းသည် လွီသခင်မကြီး၏ ဘေးတွင်ဝင်ထိုင်လိုက်ပြီး ခေါင်းခါပြလိုက်၏။ "သမီးဒီနေ့ချင်းကျိုးက စာရပါတယ်။ ယောင်အာနဲ့ ချင်းအာတို့ ကိုယ်တိုင်ရေးထားတာပါ"

လွီသခင်မကြီး၏ မျက်နှာတွင် သနားကြင်နာသည့် အရိပ်အယောင်များ ချက်ချင်းပေါ်ပေါက်လာတော့သည်။ လွီအမေသည် ချက်ချင်းဆိုသလို စိတ်ဆင်းရဲသွားသည့် ရုပ်ကလေး ဖြစ်သွားတော့သည်။ သူမ၏အငယ်ဆုံး သမီးလေးသည် ခင်ပွန်းဖြစ်သူ၏ အကြံအဉာဏ်ကို နားထောင်ပြီး ချင်းကျိုးသို့ လက်ထက်ကာ သွားရောက်ခဲ့ရသည်။ မင်္ဂလာကိစ္စက ကောင်းမွန်သည့် အိမ်ထောင်ရေး။တစ်ခုဖြစ်ခဲ့ သော်ငြားလည်း သူမ၏ သမက်ဖြစ်သူသည် ကံဆိုးပြီး ငယ်ငယ်ရွယ်ရွယ်နှင့် မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့ရတာ သမီးဖြစ်သူမှာ သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို တစ်ယောက်တည်းပဲ ပြုစုပျိုးထောင်ပြီး ကျန်ရစ်ခဲ့လေသည်။

သမီးဖြစ်သူကလည်း အလွန်ငယ်ရွယ် နေသေးပြီး ချင်းကျိုးတွင် တစ်သက်လုံး နေနိုင်လိမ့်မည် မဟုတ်ချေ။ လွီသခင်မကြီးသည် လွီသခင်ကြီးနှင့် ရန်ဖြစ်ပြီးမှ ကျန်းမိသားစုထံ စာရေးကာ လူပြန်ခေါ်ရန် စီစဉ်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ ကျန်းမိသားစုသည် သမီးငယ်ကို မြို့တော်သို့ ပြန်လာခွင့် သဘောတူညီခဲ့သော်ငြား ကလေးများကိုတော့ ခေါ်ဆောင်သွားခွင့် မပြုခဲ့ချေ။ သူတို့တွင် နည်းလမ်းများလည်း မရှိသဖြင့် ကလေးများကို ကျန်းမိသားစုထံတွင် ထားရစ်ခဲ့ရလေသည်။

ထိုကြောင့်ပင် လွီသခင်မကြီးသည် သားသမီးနှင့် ခွဲခွာနေရသော သမီးငယ်ကို အထူးဂရုဏာသက်မိပြီး သမီးငယ် ခံစားနေရသော ဒုက္ခသည် သူမခင်ပွန်းဖြစ်သူ၏ ခေါင်းမာမူကြောင့်သာ ဖြစ်သည်ဟု ထင်မြင်မိနေ၏။

"ငါ့ရဲ့သနားစရာကောင်းတဲ့ ရူရှင်းလေး။ အဲဒီတုန်းက ချင်းကျိုးလို ဝေးလံတဲ့နေရာကို အတင်းလက်ထပ် ခိုင်းခဲ့တဲ့ နင့်အဖေကိုပဲ အပြစ်တင်ရမှာ"

လွီသခင်မကြီးသည် တွေးမိလေလေ ဒေါသထွက်လေလေ ဖြစ်ကာ မနေနိုင်တော့ဘဲ လွီသခင်ကြီးကို မျက်စောင်းထိုး လိုက်တော့၏။

လွီသခင်ကြီး၏ မျက်နှာကလည်း နေရခက်သွားတော့သည်။ သူသည်လည်း သမီးငယ်အပေါ် အကြွေးတင်နေသည်ဟုလည်း ခံစားရလေသည်။ သမီးငယ်၏ အိမ်ထောင်ရေးအကြောင်း ပြောမိသောအခါ သူသည် သက်ပြင်းမချနိုင်ဘဲ မနေနိုင်တော့ပေ။ "အဲဒီတုန်းက ရူရှင်းကိုသာ လျိုမိသားစုနဲ့ ပေးစားလိုက်ရင် အခုဆိုရင် အိမ်တော်က အများကြီး အေးချမ်းနေလောက်ပြီ"

သူ့သမီးငယ်လေး၏ စိတ်သဘောထားမှာ ပွင့်လင်းရိုးသားပြီး အငြိုးအတေး မထားတတ်ချေ။ မိဘနှင့်အစ်ကိုများကိုလည်း ဂရုစိုက်ပြီး နေရာတကာတွင် ပြည့်စုံကောင်းမွန်လေသည်။ တစ်ခုလုံး အကောက်ကြံဉာဏ်များ ပြည့်နှက်နေတတ်သော သမီးကြီးနှင့် မတူပေ။ သူသည် မိဘနှစ်ပါးလုံး မရှိတော့သော လျိုရှန်းကျယ်ကို အထင်မကြီးဘဲ အမြင်မှားခဲ့မိခြင်းဖြစ်၏။

နောက်ပိုင်းတွင် လျိုရှန်းကျယ်က သူ့သမက် ဖြစ်လာခဲ့သော်ငြားလည်း ရေရှည်မမြဲနိုင်ခဲ့ချေ။

လွီရူရှင်းသည် မျက်လွှာချထား လိုက်ပြီး မတုံ့ပြန်လိုက်ပေ။

ဖခင်ဖြစ်သူက ထိုသို့ ပြောသော်ငြားလည်း သူမသည် ခဲအိုဖြစ်သူနှင့် ယခင်က တစ်စုံတစ်ရာ ပတ်သက်မှုရှိခဲ့သည်ကို အဖေဖြစ်သူ သိသွားပါက သူမကို ပထမဦးဆုံး ငြင်းပယ်မည့်သူမှာလည်း သူမ၏ဖခင်ဖြစ်သည်ကို စိတ်ထဲတွင် သိနေလေသည်။

သူမသည် စိတ်ထဲတွင် မကျေနပ်သော်ငြားလည်း အလွန်အမင်း စည်းကျော်သည့် ကိစ္စများကို မလုပ်ခဲ့ချေ။ လွီရူဟွေ့ကို စိတ်ချမ်းသာခွင့် မပေးချင်ရုံ သက်သက်ပင်။ ဒီအကွက်များကို လွီရူဟွေ့ သိသွားလျှင်ပင် ဘာတတ်နိုင် ပါမည်နည်း။ အဖေနဲ့အမေတို့က သူမ၏စကားကို ယုံကြည်မည် မဟုတ်ချေ။ သူတို့က မိမိကိုသာပိုပြီး သနားကြင်နာကြလိမ့်မည်။

သူက ငါ့ထက်ပိုပြီး ဆိုးရွားတဲ့ အခြေအနေ ရောက်နေသင့်တာ။

သမီးကြီးကို မစောင့်နိုင်ဘဲ သမီးငယ်နှင့်သာ အချိန်ကုန် သွားသော လွီသခင်ကြီးနှင့် သခင်မကြီးတို့နှင့် နှိုင်းယှဉ်ကြည့်လိုက်ရင် လျိုရှန်းကျယ်၏ နှစ်သစ်ကူးသည် ပိုလို့ပင်လျှင် အထီးကျန်ပြီး ဆိတ်ငြိမ်လှလေသည်။

သူသည် ငယ်စဉ်ကပင် မိဘနှစ်ပါး ဆုံးပါးသွားခဲ့ရပြီး ယခင်နှစ်များက အိမ်တွင် လွီရူဟွေ့ ရှိနေသဖြင့် သူမသည်သူ့ကို အမြဲတမ်း စကားလာပြောတတ်ကာ သူသည် အထီးကျန်သည်ဟု တစ်ခါမှမခံစားခဲ့ရချေ။ ယခုနှစ်တွင် အိမ်မှုကိစ္စများကို အိမ်တော်ထိန်းက စီမံခန့်ခွဲနေခဲ့ပြီး လူတစ်ယောက်သာ လျော့နည်းသွားသည်ဟု ထင်ရသော်ငြားလည်း အိမ်တော်ကြီးကတော့ တစ်ဝက်လောက် ဟာလာဟင်းလင်း ဖြစ်သွားသလိုပင်။

လျိုရှန်းကျယ်သည် စာကြည့်ခန်းထဲတွင် ရှိနေပြီး စာအုပ်စင်ကို ငေးကြည့်ကာ တွေဝေနေမိလေသည်။ ခဏအကြာတွင် ထိုစာအုပ်စင်ပေါ်ရှိ စာအုပ်များကို လွီရူဟွေ့က သူနှင့်အတူ စီစီရီရီ တင်ထားပေးခဲ့ ကြောင်းကိုလည်း သတိရလိုက်မိ၏။

သူသည် အကြည့်ကို ပြန်ရုပ်သိမ်းထားလိုက်ပြီး စိတ်ထဲတွင် ရုတ်တရက် နောင်တရမိသွားတော့၏။

သူ ကွာရှင်းဖို့ ပြောတဲ့နေ့က ငါ သဘောမတူ ခဲ့သင့်ဘူး ထင်တယ်။

နေ့လယ်စာ စားပြီးချိန်တွင် ဝမ်းကွဲအစ်ကို လျိုရှန်းမင် ကိုယ်တိုင်ရောက်လာပြီး လျိုရှန်းကျယ်နှင့် လျိုယွိအန်းကို သူ့အိမ်သို့လိုက်ပါကာ နှစ်သစ်ကူးရန် ဖိတ်ခေါ်လေသည်။

လျိုရှန်းကျယ်သည် အစကလက်ခံဖို့ အစီအစဉ် မရှိခဲ့သော်လည်း လျိုယွိအန်းက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရပြီး ဝမ်းကွဲအစ်ကိုကလည်း ဘေးမှနေ၍ ဖျောင်းဖျပြောဆို နေလေသည်။ "မိသားစုတွေပဲလေ ဘာဖြစ်လို့ ဒီလောက် စိမ်းကားနေရတာလေ။ မင်း မလိုက်ရင် ငါ့အဖေက မင်းကို စိတ်ပူနေမှာ။ အဘိုးကြီးခင်မျာ နှစ်သစ်ကူးကို ကောင်းကောင်း ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး"

ဦးလေးအကြောင်းကို ထည့်ပြောလာသဖြင့် သူသည် နောက်ဆုံးတော့ ခေါင်းငြိမ့်လက်ခံ လိုက်ရတော့သည်။

ဝမ်းကွဲအစ်ကို အိမ်သို့ရောက်လာခဲ့ပြီး နောက်တွင် လျိုရှန်းကျယ်သည် လျိုယွိအန်းကိုခေါ်ကာ ဦးလေးဖြစ်သူကို အရင်ဆုံး ဂါရဝပြု နှုတ်ဆက်လိုက်၏။ ထိုနောက်တွင်တော့ စကားပြောရန် ကျန်ရစ်နေခဲ့ပြီး လျိုယွိအန်းက ဘေးတွေ လိမ်လိမ်မာမာလေး ထိုင်နေလေသည်။ သို့သော် ကလေးငယ် တစ်ဦးဖြစ်နေသဖြင့် မကြာခင်မှာပင် ငြိမ်ငြိမ်လေး မနေနိုင်အောင် ဖြစ်လာတော့၏။

သူက အပြင်ဘက်ကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်သောအခါ လျိုရှန်းကျယ်က သူ့ခေါင်လေးကို ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာပြောလိုက်၏။ "အပြင်မှာ သွားကစားလေ"

"သားက ဒီမှာပဲအဘိုး၂နဲ့ ဖေဖေတို့ကို အဖော်လုပ်ပေးပါမယ်" လျိုယွိအန်းက လိမ်လိမ်မာမာပင် ခေါင်းခါပြလေသည်။

လျိုရှန်းကျယ်ကလည်း ခပ်တိုးတိုး ရယ်မော်လိုက်ကာ "ဒီမှာ မင်းအဖော် လုပ်ပေးဖို့မလိုပါဘူး။ သွားပါ ကိုယ်ပေါ်က ဒဏ်ရာကိုတော့ သတိထားပါ"

လျိုရှန်းကျယ်၏ ဦးလေးကလည်း တဟားဟား ရယ်မောလိုက်ပြီး လျိုယွိအန်းကို ပြောလိုက်လေသည်။ "မင်းရဲ့သာ့ကောနဲ့ စန်းတိတို့ကို သွားရှာပြီးတော့ အတူတူကစားလေ။ သူတို့က မင်း လာမှာကို မျှော်နေကြတာ"

လျိုယွိအန်းသည် အဘိုး၂၏ စကားကို ကြားလိုက်ရသောအခါ အမှတ်တမဲ့ လျိုရှန်းကျယ်ကို လှမ်းကြည့်လိုက်၏။ သူကဘာမှ ပြောမလာသည်ကို မြင်လိုက်ရမှ ဝမ်းသာအားရ ပြေးထွက်သွား လေတော့သည်။

ယခင်က ဒီလို အခေါ်အဝေါ်မျိုးကို သူ့အမေသာ သိသွားခဲ့လျှင် သေချာပေါက် စိတ်ဆိုးပေလိမ့်မည်။ သို့သော်ငြား သာ့ကောနှင့် စန်းတိတို့သည် သူ၏ညီအစ်ကိုအရင်းများဖြစ်သည် မဟုတ်ပါလား။ မည်သို့ဆိုစေ သူတို့သည် မိမိ၏ဇာတိကိုတော့ ဘယ်တော့မှ မေ့လျော့ရမည်မဟုတ်ဟု သူ့အဒေါ်က ပြောခဲ့ဖူးလေသည်။

လျိုယွိအန်း ပြေးထွက်သွားသောအခါ သူ့ကိုအမြဲ ပြုစုစောင့်ရှောက် ပေးနေသည့် အစေခံလေးကလည်း နောက်မှလိုက်ပါသွားခဲ့၏။ ကစားခုန်စား ပြုလုပ်ချိန်တွင် အတိုင်းအတာ လွန်သွားပြီး လက်မောင်းပေါ်က ဒဏ်ရာ ပိုဆိုးရွားလာမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။

ကံကောင်းထောက်မစွာပင် ယောက်ျားလေးအများစုသည် အတိမ်အနက်ကို နားလည်ကြလေသည်။ သူတို့သည် အကြိမ်ကြိမ် ခဏလောက် ပြေးလွှားကစားပြီး အိမ်တော်ကအစေခံများကို ဗျောက်အိုးဖောက် ခိုင်းကြလေသည်။ ဗိုက်ဆာလာပုံရသဖြင့် အခန်းထဲသို့ပြန်ဝင်ကာ မုန့်ပဲသရေစာများ အနည်းငယ်စားသောက်ကြပြန်သည်။

အခန်းထဲတွင် တခြားလူမရှိသည်ကို မြင်လိုက်သောအခါ ညီအစ်ကို သုံးယောက်က စကားစပြီး ပြောဆိုကြတော့၏။

အစပိုင်းတွင်တော့ စာသင်ရတာ ခက်ခဲသည့်အကြောင်း ပြောဆိုကြပြီး နောက်ပိုင်းတွင် ဘာကြောင့်မှန်းမသိ လျိုယွိအန်း ဒဏ်ရာရရှိသည့်ကိစ္စသို့ ရောက်ရှိသွားတော့သည်။

လျိုယွိအန်း၏ အစ်ကိုကြီး လျိုဖန်က ဒေါသတကြီးပြောလိုက်၏။ "ကံကောင်းလို့ စန်းရှူး (ဦးလေးသုံး)က အဲဒီစိတ်ထား ယုတ်မာတဲ့မိန်းမကို မောင်းထုတ်လိုက်တာ။ မဟုတ်ရင် ယွိအန်း သူ့လက်အောက်မှာ ဘယ်လောက်တောင် ဒုက္ခခံနေရမလဲ မသိဘူး"

သူ ပြောလိုက်သည့် စန်းရှူးဆိုသူမှာ လျိုရှန်းကျယ် ဖြစ်လေသည်။ ပြောပြီးသည်နှင့် သူက ထပ်မေးလိုက်၏။ "အာ့တိ(ညီလေး၂) ပုံမှန်ဆိုရင် စန်းရှူးက အိမ်မှာမရှိတတ်ဘူးလေ။ အဲဒီမိန်းမက မင်းကို အမြဲတမ်း အနိုင်ကျင့်တာလား"

လျိုယွိအန်းက ပြန်မဖြေရ သေးခင်မှာပင် စန်းတိက စိုးရိမ်တကြီး ဝင်ပြောလိုက်လေသည်။ "အာ့ကော (အစ်ကို၂) တကယ်လို့ ဟိုဘက်မှာနေရတာ အဆင်မပြေဘူးဆိုရင် အိမ်ပြန်လာခဲ့လိုက်လေ"

လျိုယွိအန်းသည် သူတို့နှစ်ယောက်၏ စကားကို ကြားလိုက်ရသောအခါ မျက်လွှာချထားလိုက်ပြီး ခေါင်းခါပြလိုက်၏။ "အဆင်မပြေတာ မရှိပါဘူး။ ငါ အဆင်ပြေပါတယ်"

"မရှိဘူးလို့ ပြောနေသေးတယ်။ ဝမ်းနည်းစရာကိစ္စရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်။ စန်းရှူးက အကျိုးအကြောင်း အသိဆုံးသူပဲ။ သူကသေချာပေါက် မင်းဘက်က ရပ်တည်ပေးမှာပါ"

"ဘာတွေ ရပ်တည်ပေးမှာလဲ။ မင်းတို့သုံးယောက် ဘာတွေ ပြောနေကြတာလဲ" အမျိုးသမီးအသံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ညီအကိုသုံးယောက်သည် တပြိုင်တည်း လှည့်ကြည့်လိုက်ကြပြီး နှစ်ယောက်က အမေဟု ပြိုင်တူခေါ်လိုက်ကြ၏။

လျိုယွိအန်းကတော့ မတ်တပ်ရပ်လိုက်ပြီး ရောက်လာသူကို တရိုတသေ ခေါ်လိုက်လေသည်။ "ဒေါ်ဒေါ် ရောက်လာသူမှာ ဒီညီအစ်ကိုသုံးယောက်၏ အမေအရင်း လျိုရှန်းကျယ်၏ ဝမ်းကွဲမရီးဖြစ်သူ ဝမ်ရှီ ဖြစ်လေသည်။

"အမေ ကျွန်တော်တို့ ယွိအန်း ဒဏ်ရာရတဲ့အကြောင်း ပြောနေကြတာပါ"

သားကြီးက ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရ သောအခါ ဝမ်ရှီ၏ မျက်လုံးအိမ်များ လှုပ်ရှားသွားပြီး ပြုံးကာပြောလိုက်၏။ "မင်းတို့တွေ ယွိအန်းကို စိတ်ပူနေကြမှန်း သိပါတယ်။ အမေ မြို့တော်မှာ အကောင်းဆုံး ဒဏ်ကြေဆေး ဝယ်လာခဲ့တယ်။ ခဏနေ ယွိအန်းကို ဆေးထည့် ပေးလိုက်မယ်"

လျိုယွိအန်းက ဝမ်ရှီကို အနည်းငယ် တွန့်ဆုတ်စွာ ပြောလိုက်၏။ "ဒေါ်ဒေါ် ကျွန်တော် လာတုန်းက ဆေးထည့်ပြီးပါပြီ"

"မင်း အပြင်ထွက်တာ ဒီလောက်ကြာနေပြီပဲ ဆေးအာနိသင်လည်း ပျယ်လောက်ရောပေါ့။ ဒေါ်ဒေါ်က ဆေးဝယ်တုန်းက သမားတော်ကို မေးပြီးပါပြီ။ ပြဿနာမရှိပါဘူး"

ဝမ်ရှီက ထိုသို့ပြောလာသဖြင့် လျိုယွိအန်းလည်း ထပ်မငြင်းဆန်တော့ပေ။

သားအမိလေးယောက် ခဏလောက် စကားပြောပြီးနောက် ဝမ်ရှီသည် လျိုယွိအန်းကို ခေါ်ဆောင်ကာ သူမ၏ ခြံဝင်းထဲသို့ သွားလိုက်လေသည်။

အပြင်ဘက်တွင် စောင့်နေသည့် အစေခံလေးက ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် နောက်မှ တိတိတ်လေး လိုက်ပါသွားခဲ့၏။

ဒီအစေခံလေးသည် သိုင်းပညာ လေ့ကျင့်ဖူးပြီး အရည်အချင်းလည်း မဆိုလှချေ။ အိမ်တော်ထိန်းက အထူးတလည် ရှာဖွေပေးထားသူ ဖြစ်လေသည်။

သူသည် ခြံဝင်းထဲက အစေခံမလေးများကို ရှောင်ကွင်းကာ အိမ်မကြီး၏ အနောက်ဘက်သို့ ရောက်ရှိသွားပြီး နေရာတချို့ကို ရှာဖွေပြီးနောက် ဝမ်ရှီ၏ စကားပြောသံကို နောက်ဆုံးတော့ ကြားလိုက်ရ၏။

ဝမ်ရှီက လျိုယွိအန်းကို လေသံတိုးတိုးဖြင့် မေးလိုက်၏။ "မင်းရဲ့စန်းရှူးက အခု မင်းအပေါ် ဘယ်လိုလဲ"

"အဖေက သားရဲ့ပညာရေးကို အရမ်းဂရုစိုက်ပါတယ်။ နေ့တိုင်း အိမ်ပြန်ရောက်ရင် သားရဲ့စာတွေကို စစ်ဆေးမေးမြန်းတယ်။ ညဘက်ကျရင်လည်း သားနဲ့အတူ ထမင်းစားပါတယ်"

"မင်းရဲ့ဒဏ်ရာကိုရော မေးသေးလား"

လျိုယွိအန်းသည် အင်္ကျီလက်စအောက်တွင် ဖုံးကွယ်ထားပြီး ပတ်တီးစီထားသော ဘယ်ဘက်လက်မောင်းကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။ "အဖေက သမားတော် ခေါ်ပေးပါတယ်။ သမားတော်က လနည်းနည်းလောက် ငြိမ်ငြိမ်နေဖို့ လိုတယ်။ လေးလံတဲ့ ပစ္စည်းတွေကို မ မရဘူးလို့ပြောပါတယ်"

ဝမ်ရှီသည် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်တော့၏။ "မင်းကလည်း တကယ်ကို ရိုးသားလွန်းတဲ့ ကလေးပဲ။ ဟန်ဆောင်ခိုင်းတာကို တကယ်ကြီး လှဲကျသွားရသလား။ တကယ်လို့ ဘယ်ဘက်လက် ကျိုးသွားရင် နောက်ဆိုရင် မင်းရဲ့ အနာဂတ် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"

လျိုယွိအန်းက မသဲမကွဲအသံဖြင့် ပြောလိုက်လေသည်။ "ပြင်းပြင်းထန်ထန် လှဲကျမှ အသုံးဝင်မယ်လို့ အမေပဲ ပြောခဲ့တယ် မဟုတ်ဘူးလား"

"မင်းက မှတ်ဉာဏ်တော့ ကောင်းသားပဲ။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အရင်ကာကွယ်ရမှာပေါ့" ဝမ်ရှီသည် ပြောပြီးနောက်တွင် လျိုယွိအန်း၏ ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုကို သတိထားမိလိုက်ပြီး မျက်ခုံးပင်ကာ မေးလိုက်သည်။ "ဘာဖြစ်ပြန်ပြီလဲ"

"ဒီလိုလုပ်လိုက်ရင် အဖေက အပြစ်ရှိတယ်လို့ ခံစားရပြီး သားကို မောင်းမထုတ်တော့ဘူးလို့ပဲ ပြောခဲ့တာလေ။ သူတို့တွေ ကွာရှင်းကြမယ်လို့ မပြောခဲ့ပါဘူး" လျိုယွိအန်းမှာ အသက်ငယ်ရွယ်သူ ဖြစ်သဖြင့် ဒီကိစ္စကသူ့စိတ်ထဲတွင် အမြဲတမ်း ဖိစီးနေပြီး သူ့ကိုစိုးရိမ်ပူပန်ရစေလေသည်။

သူ၏ မွေးစားအမေသည် သူ့အပေါ်မှာ မျက်နှာသာ သိပ်မပေးသော်လည်း အလွန်အမင်း ဆူပူကြိမ်းမောင်းခြင်း မရှိချေ။ သူသည် မွေးစားအမေကိုလည်း မမုန်းတီးခဲ့ချေ။

မွေးစားအမေ၏ အစေခံမလေးများ သီးသန့်စကားပြောနေကြသည်ကို သူ မကြားခဲ့လျှင် သူလည်း အမေအရင်းကို လာရှာလိမ့်မည် မဟုတ်ချေ။ အစေခံမလေးများက မွေးစားမိခင်၏ခန္ဓာကိုယ်သည် မကြာသေးခင်က မူမမှန်ဖြစ်နေပြီး ကိုယ်ဝန်ရှိနေသည်ဟု သံသယဖြစ်ကာ အကယ်၍များ သားအရင်း မွေးလာခဲ့လျှင် မိမိလိုမွေးစားသားသည် အိမ်က နှင်ထုတ်ခံရနိုင်ကြောင်း ပြောဆိုခဲ့လေသည်။

ဝမ်ရှီ၏ မျက်ခုံးများမှာ ချက်ချင်းဆိုသလို ထောင်တက်သွားတော့၏။ "ဒီကလေးက ငါ့ကို လာအပြစ်တင်နေတာလား။ ငါက အကြံပေးတာက ဘယ်သူ့အတွက်လဲ။ မင်းအတွက်ပဲ မဟုတ်ဘူးလား။ ကွာရှင်းလိုက်တော့ရော ဘာဖြစ်လဲ။ လွီရူဟွေ့ ဆိုတဲ့မိန်းမက သားယောက်ျားလေး မမွေးနိုင်ဘဲ ငါ့ရဲ့သားကိုတောင် လာလုနေသေးတယ်။ စောစောစီးစီး ကွာရှင်းခံရသင့်တာကြာပြီ"

လျိုယွိအန်းသည် ခေါင်းငုံ့ထားပြီး စကားမပြောဘဲ စိတ်ကောက်နေသလိုပင်။

ဝမ်ရှီက သူ့ကိုကြည့်ရင်း ဒေါသထွက်လာမိတော့သည်။ အစကတည်းက ဒီသားကို မွေးစားပေးလိုက်ရန် သဘောတူလိုက်ခြင်းမှာ သူ၏ ဘာမဆိုစိတ်ထဲတွင် မျိုသိပ်တတ်သော အကျင့်ကို သိပ်သဘောမကျ သောကြောင့်ပင်။

သို့သော် နောက်ပိုင်းတွင် အိမ်အတွက် ဒီသားကိုသာ အားကိုးရမည်ဟု တွေးမိသဖြင့် သူမသည် လေးသံကိုလျှော့ လိုက်တော့၏။ "မင်းက ငယ်ငယ်လေး ကတည်းက စိတ်သဘောထား ကောင်းတယ်ဆိုတာ အမေ သိပါတယ်။ ဒီကိစ္စက မင်းအမှားလို့ ထင်နေတာလား။ ဒါပေမဲ့ ဒီကိစ္စက မတော်တဆ ဖြစ်သွားတာပါ။ မင်းရဲ့ဦးလေးကလည်း လွီမျိုးနွယ်နဲ့ ကွာရှင်းလိမ့်မယ်လို့ အမေလည်း ထင်မထားခဲ့ဘူးလေ။ ကြိုသိရင် ဒီနည်းလမ်းကို သုံးမှာမဟုတ်ဘူး"

ဝမ်ရှီလည်း စိတ်ထဲတွင် နောင်တရနေမိ၏။ လျိုရှန်းကျယ် ကလေးမွေးနိုင်မည့် နောက်ထပ်ဇနီးတစ်ယောက် ထပ်ရှာမှာကို အလွန်စိုးရိမ်နေမိခြင်းပင်။

သို့သော်ငြား လွန်ခဲ့သည့်ရက် အနည်းငယ်က သူမသည် ခင်ပွန်းသည်နှင့် ဒီကိစ္စကိုသီးသန့် ပြောဆိုခဲ့ဖူး၏။ ခင်ပွန်းသည်က သူ၏ညီဝမ်းကွဲသည် စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး ဆုံးဖြတ်ပြီးသားကိစ္စကို လုံးဝနောင်တရမည် မဟုတ်ကြောင်း အနာဂတ်တွင် သားသမီးရရှိလာလျှင်ပင် ယွိအန်းကို အသိအမှတ်မပြုဘဲ နေမည် မဟုတ်ကြောင်း ပြောပြခဲ့လေသည်။

ဝမ်ရှီသည် ထိုစကားမှာ အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ထင်မိ၏။ ထိုအပြင် ယွိအန်းသည် သူ့အိမ်တွင်ဒီလို ကြီးကြီးမားမား မတရားမှုကို ခံစားခဲ့ရသဖြင့် မောင်ဝမ်းကွဲ၏စိတ်ထဲတွင် အပြစ်ရှိသည်ဟု ခံစားနေရမည်ဖြစ်ကာ ယွိအန်းကို နှိပ်စက်လိမ့်မည် မဟုတ်ပေ။

ဝမ်ရှီသည် ဒုတိယသားဖြစ်သူ၏ ပုံစံကိုကြည့်ပြီး သတိပေးလိုက်၏။ "ဒီကိစ္စက ပြီးသွားရင်လည်း ပြီးပါစေတော့။ နောက်ဆိုရင် ဒီကိစ္စကို မင်းစိတ်ထဲမှာပဲထား။ ဘယ်သူ့ကိုမှ ပြန်မပြောရဘူး သိလား"

လျိုယွိအန်းက ခေါင်းငြိမ့်ပြလိုက်၏။ သူသည် အသက်ငယ်ရွယ် သေးသော်ငြားလည်း ကိစ္စ၏ အရေးပါပုံကိုတော့ သိလေသည်။

သားအမိနှစ်ယောက် စကားပြောပြီးနောက် နံရံနားကပ်ကာ နားထောင်နေသည့် အစေခံလေးသည်လည်း တိတ်တဆိတ် ထွက်ခွာသွားတော့၏။

လျိုမိသားစု၏ နှစ်သစ်ကူး ညစာစားဖွယ်မစတင်မီ အစေခံလးသည် လျိုရှန်းကျယ် ခြံဝင်းထဲတွင် လေကောင်းလေသန့် ရှူနေသည်ကို စောင့်ဆိုင်းပြီး ရှေ့သို့ချဉ်းကပ် လာခဲ့လိုက်၏။

"သခင်ကြီး"

လျိုရှန်းကျယ်က ထိုအစေခံလေးကို တစ်ချက်ကြည့်လိုက်ကာ "မင်း ယွိအန်းနားမှာ မနေဘဲ ဘာလာလုပ်တာလဲ"

အစေခံလေးက ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကိုတွေ့မှ ပြောလာခဲ့သည်။ "ဝမ်ရှီနဲ့ သခင်လေးတို့ စကားပြောတာကို ကျွန်တော် ကြားခဲ့ပါတယ်။ သူတို့က သခင်လေး ဒဏ်ရာရတဲ့ကိစ္စကို ပြောနေကြတာပါ"

လျိုရှန်းကျယ်သည် အစေခံလေးကို စူးရဲစွာကြည့်လိုက်လေသည်။ "သူတို့ဘာပြောကြတာလဲ"

အစေခံလေးသည် သူကြားခဲ့ရသည့် စကားများကို တစ်လုံးမကျန် ပြန်ပြောပြလိုက်၏။ ထိုနောက်တွင်တော့ ဆက်ပြောလိုက်လေသည်။ "သခင်လေးရဲ့သဘောက ဒီလိုလုပ်တာက သခင်ကြီး စိတ်မကောင်းဖြစ်ပြီး သူ့ကို မောင်းမထုတ်အောင်လို့ပါတဲ့။ အကြောင်းအရင်းကိုတော့ ထည့်မပြောသွားပါဘူး"

လျိုရှန်းကျယ်သည် အစေခံလေး၏ စကားကို ကြားလိုက်ရပြီးနောက် နေရာမှာပင် တောင့်တင်းသွားတော့သည်။ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာနိုင်တော့ ချေ။

အတန်ကြာမှ သူက မေးလိုက်၏။ "သူတို့ ဘာတွေပြောသေးလဲ"

အစေခံလေးကလည်း ပြောလေသည်။ "သခင်လေးက သခင်ကြီးနဲ့သခင်မကြီး ကွာရှင်းတဲ့ကိစ္စကို စိတ်ထဲမှာ အရမ်းရှိနေပါတယ်။ ဝမ်ရှီက နားဝင်ဆိုးတဲ့ စကားတချို့ပြောပြီး သခင်လေးကို ဒီကိစ္စနဲ့သူနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ တခြားသူတွေကို မပြောဖို့ပြောပါတယ်"

ထိုအချိန်တွင် လျိုရှန်းကျယ်သည် လွီရူဟွေ့၏ မေးခွန်းကို ပြန်ကြားသွားသယောင်ပင်။ သူမက လျိုယွိအန်းကို ယုံကြည်ပြီး သူမကို ကျတော့ မယုံကြည်တာလဲဟု မေးခဲ့ခြင်းပင်။

ထိုအချိန်က သူသည် အလွန်ထောင်လွှား မောက်မာခဲ့ပြီး သူ သင်ကြားပေးထားသော ကလေးသည် လိမ်ညာလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့၏။ လွီရူဟွေ့က မျက်နှာမပျက်ချင်သဖြင့် အမှားဝန်မခံခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့မိလေသည်။

သူသည် ဇနီးဖြစ်သူကို မယုံကြည်ခဲ့ဘဲ ကလေးတယောက်၏ စကားကို ယုံကြည်ခဲ့မိလေသည်။

သို့သော်ငြား ရလဒ်ကတော့ သူ လုံးဝမှားယွင်းခဲ့ခြင်းပင်။

ညဘက်တွ င်နှင်းများက ပိုမိုသည်းထန်လာပြီး မကြာခင်မှာပင် ခေါင်းနှင့် မျက်နှာအနှံ့ နှင်းများကျဆင်းလာတော့၏။

လျိုရှန်းကျယ်သည် နှင်းထဲတွင် အချိန်အကြာကြီး မလှုပ်မယှက် ရပ်နေမိလေသည်။

ဝမ်းကွဲအစ်ကိုက ထွက်လာပြီး သူ့ကို လာရှာချိန်အထိ သူသည်နှင်းထဲတွင်ပင် ရပ်နေဆဲပင်။ ဝမ်ကွဲအစ်ကိုက သူ့ပခုံးကို ပုတ်လိုက်ပြီး မေးလာ၏။ "ရှန်းကျယ် မင်း ဘာဖြစ်နေတာလဲ"

ပြုံးရယ်နေသည့် သူ့ဝမ်းကွဲအစ်ကိုကို ကြည့်ရင်း လျိုရှန်းကျယ်သည် အပြုံးတစ်ခုကို အားတင်းကာ ပြုံးလိုက်သော်ငြား အပြုံးမမည်ခဲ့ချေ။

လျိုမိသားစု၏ နှစ်သစ်ကူး ညစာစားပွဲသည် အလွန်စည်ကားလှပြီး မျိုးဆက်သုံးဆက် စုံညီလို့နေ၏။ ဦးလေးဖြစ်သူက လျိုရှန်းကျယ်ကို အဆက်မပြတ် အရက်ငှဲ့ပေးပြီး စကားထဲတွင်လည်း သူ့သားကို ကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုလိုနေသည်။ လျိုရှန်းမင်ကလည်း လှိုက်လှိုက်လှဲလှဲ ရယ်မောကာ ဖခင်ဖြစ်သူကို ထောက်ခံနေ၏။

သူတို့မိသားစုသည် ဦးလေးအိမ် ခွဲထွက်ပြီးနောက် ဆင်းရဲသွားခဲ့သည်။ လျိုရှန်းကျယ်၏ ဆွဲခေါ်မှုကြောင့်သာ အရောင်းအဝယ် လုပ်ဖြစ်ခဲ့ပြီး အိမ်နှင့် အစေခံများကို ဝယ်ယူကာ ကောင်းမွန်သည့်ဘဝကို ရရှိခဲ့ခြင်းဖြစ်လေသည်။

လိုရှန်းကျယ်ကတော့ တိတ်ဆိတ်စွာပင် သူတို့နှင့် ခွက်ချင်းတိုက်ကာ အရက်သောက်လိုက်တော့၏။ စူးရှလှသည့် အရက်ခွက်ပေါင်းများစွာက ဗိုက်ထဲသို့ရောက် သွားသော်ငြား သူ၏တောင့်တင်းနေသည့် ခန္ဓာကိုယ်ကတော့ ပြေလျော့မသွားခဲ့ချေ။

ဒီနှစ်သစ်ကူး ညစာစားပွဲသည် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး အစေခံများ ရောက်လာကာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းသွားခဲ့ကြ၏။ ထိုနောက်တွင်တော့ အမူးပြေဟင်းရည်နှင့် မုန့်ပဲသရေစာ သစ်သီးများကို လာရောက်ပို့ဆောင် ပေးကြလေသည်။

လျိုမိသားစုတွင် နှစ်သစ်ကူး စောင့်ထိန်းသည့် ဓလေ့ရှိလေသည်။ နှစ်သစ်ကူး ညစာစားပြီးနောက် အိမ်ရှိယောက်ျားလေးများသည် ဆက်လက်ပြီးနေရစ်ကာ နှစ်သစ်ကူးကို စောင့်ဆိုင်းရသည်။

ဝမ်ရှီကတော့ ဆက်ပြီးမခံနိုင်တော့ သဖြင့် အစေခံမလေးကိုတွဲကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လျိုရှန်းကျယ်က ရုတ်တရက် ပြောလိုက်လေသည်။

"အစ်မဝမ် ကျေးဇူးပြုပြီး ခဏလောက် နေခဲ့ပါဦး"

ကျန်သည့်လူများက သူ ဝမ်ရှီကို ခေါ်ထားရသည့် အကြောင်းအရင်းကို မသိသဖြင့် အားလုံးကလှည့်ကြည့် လာကြလေသည်။

ဝမ်ရှီကလည်း လှည့်ကြည့်လာပြီး ပြုံးကာမေးလိုက်၏။ "ရှန်းကျယ် ကိစ္စရှိလို့လား"

လျိုရှန်းကျယ်၏ အကြည့်များကတော့ လေးနက်လို့နေ၏။ "အစ်မဝမ် ကျေးဇူးပြုပြီးတော့ ရှင်းပြပါအုံး။ ခင်ဗျားက ယွိအန်းကို ဒဏ်ရာရအောင်လုပ်ပြီး ဘာဖြစ်လို့ ကျွန်တော့်မိန်းမကို စွပ်စွဲရတာလဲ"

ဝမ်ရှီသည် အသိပညာ ဗဟုသုတ နည်းပါးသည့် အမျိုးသမီးတစ်ဦး ဖြစ်ကာ သူ့ကို ဒီလိုမေးလိုက်သည်နှင့် ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။ သူမက ခြောက်ကပ်ကပ် ရယ်မောလိုက်ကာ ပြောလိုက်၏။ "ရှန်းကျယ် ဘာအဓိပ္ပာယ်လဲ။ အစ်မ နားမလည်ပါလား"

လျိုရှန်းကျယ်က သူမကို ခဏလောက် စိုက်ကြည့်လိုက်ပြီးမှ ဘေးတွင် မျက်နှာဖြူဖျော့နေသည့် လျိုယွိအန်း ဘက်သို့လှည့်ကာ တစ်လုံးချင်း ပြောလိုက်၏။ "ယွိအန်း။ မင်း ပြော"

"အဖေ ..." လျိုယွိအန်းသည် ထိန်းချုပ်မရအောင် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ သူသည် အသက်ငယ်ရွယ် သေးသူဖြစ်သဖြင့် ဒီလိုကြီးမားလှသည့် ဖိအားကို လုံးဝမခံနိုင် ချေ။

"ငါ မင်းကို ဘယ်လိုသင်ပေးထားလဲ။ အမှန်အတိုင်း မပြောဘူးလား" လျိုရှန်းကျယ်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

သူသည် ယခင်ကဆိုလျှင် ဒီလိုသဘောထားမျိုးဖြင့် လျိုယွိအန်းကို တစ်ခါမှ မပြောခဲ့ဘူးချေ။ လျိုယွိအန်းမှာ လန့်ဖြန့်သွားပြီး မျက်လုံးများက ချက်ချင်းဆိုသလို နီရဲလာတော့၏။

ဦးလေးဖြစ်သူနှင့် လျိုရှန်းမင်တို့သည်လည်း အခြေအနေ မဟန်တော့သည်ကို သတိထားမိလိုက်ကြ၏။ သို့သော်ငြား ကောက်ကာငင်ကာ ဝင်မပြောဘဲ လျိုယွိအန်းကိုသာ ကြည့်နေကြလေသည်။

အားလုံး၏အကြည့်အောက်တွင် လျိုယွိအန်းသည် ရုတ်တရက်ဆိုသလို အော်ဟစ်ငိုကြွေးလိုက်တော့၏။ သူက ဒူးထောက်ချလိုက်ပြီး မျက်ရည်များကို သုတ်ရင်းပြောလိုက်တော့သည်။ "သား အမှားပါ။ သားအဖေ့ကို လိမ်ခဲ့မိပါတယ်"

သူက ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ဝမ်ရှီ၏ မျက်နှာမှာချက်ချင်းဆိုသလို ဖြူဖျော့သွားတော့သည်။

တစ်ဖက်တွင် အသုံးမကျသော သားကို မုန်းမိသလို တစ်ဖက်တွင်လည်း လျိုရှန်းကျယ်ကို စိုးရိမ်တကြီး ကြည့်လိုက်မိ၏။ သူမသည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိနိုင်တော့ပေ။

သူမ၏စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေသေးသည်။ လွီရူဟွေ့က လျိုမိသားစုအတွက် သားသမီးတစ်ယောက်မှ မကျန်ရစ်ခဲ့ချေ။ လျိုရှန်းကျယ်သည် ဇနီးကိုစွန့်ပစ်သည်ဟု သူများက ပြောဆိုမည်ကို ကြောက်ရွံသဖြင့်သာ ကွာရှင်းရန် သဘောမတူခဲ့ခြင်းပင်။ ယခုအခွင့်ကောင်းယူပြီး တစ်ကြိမ်လောက် စိတ်ဆိုးလိုက်လျှင် ဒီကိစ္စက ပြီးသွားနိုင်လောက်သည်။

"ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ" လျိုရှန်းကျယ်က မေးလိုက်၏။

" ဘာ ... ဘာဖြစ်လို့လဲဆိုတော့ အမေ့ရဲ့အစေခံမလေးက အမေ နေမကောင်း ဖြစ်နေတာ ကိုယ်ဝန်ရှိလို့ ဖြစ်နိုင်တယ်လို့ ပြောတာကို ကြားလိုက်ရလို့ပါ။ အမေက ညီလေးမွေးလာရင် အဖေက သားကို မလိုချင်မှာ စိုးရိမ်မိလိုပါ" လျိုယွိအန်းသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောပြလိုက်တော့၏။

ဘေးက လျိုရှန်းမင်သည် မျက်လုံးများ ပြာဝေသွားသလို ခံစားလိုက်ရတော့သည်။ သားသုံးယောက်တွင် ဒုတိယသားသည် ဉာဏ်အကောင်းဆုံး အတည်ငြိမ်ဆုံးဖြစ်သဖြင့် ဝမ်းကွဲညီလေးအိမ်သို့ မွေးစားပေးရန် ရွေးချယ်ခဲ့သည်။ ဒီသားကဉာဏ်တော့ ကောင်းတာဟုတ်ပါရဲ့ ဒါပေမဲ့ အားလုံးက ကောက်ကျစ်တဲ့ဉာဏ်တွေ ဖြစ်နေတာကိုး။

သူက ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ် အသုံးချပြီး လွီရူဟွေ့ကို ထောင်ချောက်ဆက်ရဲ ရတာလဲ။ ဝမ်းကွဲညီလေးရဲ့ မျက်လုံးထဲမှာ သဲတစ်ပွဲမှ အဝင်မခံဘူးဆိုတာ သိရဲ့သားနဲ့။ အခုတော့ ဘယ်လိုလုပ်ကြမလဲ။

"နောက်ပိုင်း မင်း ဘယ်လိုလုပ်ခဲ့သလဲ"

"သား ..." လျိုယွိအန်းသည် ဝမ်ရှီကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "သား ဒေါ်ဒေါ်ဝမ်ကို သွားရှာခဲ့ပါတယ်။ ဒေါ်ဒေါ်ဝမ်က အမေရိုက်လို့ ဒဏ်ရာရသလို ဟန်ဆောင်လိုက်ရင် အဖေက အပြစ်ရှိတယ်လို့ ခံစားရပြီးသားကို အိမ်မှာ ဆက်ထားလိမ့်မယ်လို့ ပြောပါတယ်"

"မင်း တကယ် ယုတ်မာတဲ့မိန်းမပဲ" လျိုရှန်းမင်သည် သည်းမခံနိုင်တော့ဘဲ ဇနီးသည်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုလိုက်တော့၏။

ဦးလေးဖြစ်သူကလည်း ပါးစပ်ဟကာ တစ်စုံတစ်ရာ ပြောချင်သော်ငြား တူဖြစ်သူ၏ ရုပ်ပျက်ဆင်းပျက် မျက်နှာထားကို မြင်တွေ့ရသောအခါ ပြန်မျိုချထား လိုက်တော့သည်။

လျိုရှန်းကျယ်သည် ဒီမွေးစားသားကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ဝမ်းနည်းစွာ ရယ်မောလိုက်တော့၏။ "ငါ့ကိုယ်ငါ လူ ကြည့်မမှားဘူးလို့ ထင်ထားခဲ့တာ။ ကလေးတစ်ယောက် လက်ထဲမှာ ကျရှုံးသွားရတာပဲ"

"ညီလေး ..."

လျိုရှန်းကျယ်သည် ကိုယ်ကိုလှည့်လိုက်ပြီး လျိုရှန်းမင်ကို ပြောလိုက်တော့၏။ "အစ်ကို ယွိအန်းက အရမ်းဉာဏ်ကောင်းတဲ့ ကလေးပါ။ သေချာပြုစုပျိုးထောင်ရင် အနာဂတ် တောက်ပလာမှာပါ။ ဒီလိုဉာဏ်ကောင်းတဲ့ကလေးမျိုး ... ကျွန်တော်နဲ့တော့ ရေစက်မပါလောက်ဘူး။ အစ်ကိုပဲ ကိုယ်တိုင်ပြုစုပျိုးထောင် လိုက်ပါတော့"

ပြောပြီးသည်နှင့် သူသည် ဦးလေးဖြစ်သူကို တောင်းပန်စကား ပြောလိုက်လေသည်။ "ဒီနေ့ ဦးလေးရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးမိပါပြီ။ နောက်နေ့ကျမှပဲ တူတော်မောင် လာပြီးတောင်းပန်ပါ့မယ်"

ဦးလေးဖြစ်သူက တူဖြစ်သူ၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ ဝမ်ရှီကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဝမ်ရှီသာ ကိုယ့်သဘောနှင့်ကိုယ် မစီစဉ်ခဲ့လျှင် ဒီလိုပြဿနာများ ဖြစ်လာမည် မဟုတ်ပေ။

ဝမ်ရှီသည် ယောက္ခမဖြစ်သူ၏ အေးစက်စက် အကြည့်ကို သတိထားမိလိုက်ပြီး မိမိက တစ်စုံတစ်ရာ မလုပ်ဆောင်လျှင်တော့ မိဘအိမ်သို့ ပြန်ပို့ခံရတော့မည်ကို သိလိုက်တော့သည်။ သူမက ချက်ချင်းပင် မြေကြီးပေါ်တွင် ဝပ်ချလိုက်ကာ မိမိ၏မျက်နှာကို ပြန်ရိုက်ပြီး ငိုယိုကာ အော်ဟစ်လိုက်တော့၏။ "အားလုံးက ကျွန်မအမှားပါ။ ကျွန်မ စိတ်ရိုင်းဝင်ပြီး ယွိအန်းကို သင်ပေးခဲ့မိတာပါ။ အပြစ်တင်ချင်ရင် ကျွန်မကိုပဲ အပြစ်တင်ကြပါ။ သူက မလုပ်ချင်ပါဘူး။ ကျွန်မက အတင်းအကြပ်ခိုင်းခဲ့တာပါ"

အမေအရင်းက ဒီလိုဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လျိုယွိအန်းသည်လည်း တစ်ကိုယ်လုံး တုန်ယင်အောင် ငိုကြွေးလိုက်ပြီး လျိုရှန်းကျယ်ကို မော့ကြည့်လိုက်လေသည်။ "အဖေ သားမှားမှန်း သိပါပြီ။ နောက်ဆိုရင် မလုပ်ရဲတော့ပါဘူး။ သား အမေ့ဆီသွားပြီး အမှားဝန်ခံပြီး တောင်းပန်လိုက်ပါမယ်။ နော်"

လျိုရှန်းမင်ကလည်း ဘေးမှနေ၍ ဝင်ပြောလိုက်၏။ "ညီလေး စိတ်ဆိုးတာ အစ်ကို သိပါတယ်။ ယွိအန်းက အတွေးလွန်ပြီး အစေခံတွေနဲ့ ဝမ်ရှီရဲ့ မြှောက်ပေးတာကို နားထောင်မိလို့ အမှားလုပ်မိတာပါ။ ပြဿနာ ကြီးကြီးမားမား ဖြစ်သွားခဲ့ပေမယ့် မင်းအပေါ်ထားတဲ့ သံယောဇဉ်ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး"

"အစ်ကိုတို့တွေ ငယ်ငယ်တုန်းက အမှားလုပ်ရင်တောင် ပြင်ဆင်ခွင့် ရှိတာပဲလေ။ ရိုက်တာပဲဖြစ်ဖြစ် ဆဲတာပဲဖြစ်ဖြစ်။ မင်း သူ့ကို အခွင့်အရေး တစ်ခုလောက်တော့ ပေးသင့်ပါတယ်။ တကယ်လို့ သူက တကယ်ပြုပြင်လို့ မရတဲ့ကောင်ဆိုရင် မင်း သူ့ကို အိမ်ကနေ မောင်းထုတ်လိုက်။ အစ်ကို တစ်လုံးမှ ဝင်မပြောဘူး"

လျိုရှန်းကျယ်သည် မျက်လုံးများကို မှိတ်ထားလိုက်တော့၏။ နားထဲတွင်တော့ လျိုယွိအန်း၏ ငိုသံများကို ကြားနေရပြီး နောက်ဆုံးတွင်တော့ စိတ်လျှော့လိုက်ရတော့သည်။

...

လျိုအိမ်တော်က ရှုပ်ထွေးမှုများကို လွီရူဟွေ့ကတော့ လုံးဝမသိရှိခဲ့ချေ။ ညဘက်တွင် ဟွေ့ညန် ချက်ထားသောဟင်းများက အရသာရှိလှလေသည်။ အထူးသဖြင့် ငါးကြင်းပေါင်းကို သူမ အကြိုက်ဆုံးပင်။ ထိုငါး၏အရသာသည် အလွန်လတ်ဆတ်လှ၏။ သူမသည် အစားအသောက် စားချင်စိတ် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော်ငြားလည်း ယနေ့ညတွင်တော့ ငါဟင်းပန်းကန်လုံး တစ်ဝက်ကျော်ကျော် စားပစ်ခဲ့သည်။

ထင်ယောင်ထင်မှား ဖြစ်နေသည်လားတော့ မသိချေ။ ငါးဟင်းစားပြီးနောက် သူမ၏ စိတ်အခြေအနေက ပိုကောင်းလာသယောင်ရှိပြီး ညသန်းခေါင်ယံ ရောက်လုနီးပါး ဖြစ်သော်ငြားလည်း အိပ်ချိန်စိတ်က လုံးဝရှိမနေချေ။

အပြင်ဘက်တွင် နှင်းများထူးထဲစွာ ကျဆင်းနေပြီဖြစ်၏။ အားချန်သည် ဝိုင်ချိုလေးကို သောက်ပြီးနောက် အပူဓာတ်ရရှိလာကာ နှင်းလူရုပ် လုပ်ချင်သည်ဟု ပူဆာနေသဖြင့် သုံးယောက်သားက ဝတ်ရုံများကိုခြုံကာ ခြံဝင်းထဲသို့ထွက်ပြီး နှင်းလူသား ပြုလုပ်ကြတော့သည်။

ထိုအချိန်တွင် ခေါင်းလောင်းသံသည် ထုံထျန်းမျှော်စင်မှ ပေါ်ထွက်လာခဲ့ပြီး ရှန့်ကျင်းတစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့၏။

ညသန်းခေါင် ရောက်ရှိခဲ့ပြီဖြစ်သည်။

ခေါင်းလောင်းအသံ ဆုံးသွားသည်နှင့် မီးပန်းများသည် နန်းမြို့တော်ထဲက ကောင်းကင်ယံသို့ ပြန်တက်ပြီး ဖူးပွင့်လာကြတော့သည်။

မြို့ထဲက ပြည်သူများသည်လည်း အသံကြားရသဖြင့် အိမ်ထဲကထွက်လာကာ မီးရှူးမီးပန်းများကို ကြည့်ရှုကြလေ၏။

အားချန်သည် မြေပြင်ပေါ်တွင် ထိုင်ရင်း သူမ၏ နှင်းလူသားခေါင်းလေးကို ပွေ့ဖက်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်လေသည်။ နှင်းပွင့်ကြီးများသည် သူမ၏ခေါင်းနှင့် မျက်တောင်များပေါ်သို့ ကျဆင်းနေကြ၏။

ချန်ဟွေ့နှင့် လွီရူဟွေ့တို့သည် ယှဉ်တွဲကာရပ်နေကြပြီး နန်းတော်ရှိရာဘက်သို့ လမ်းမျှော်ကြည့် လိုက်ကြလေသည်။ ကောင်းကင်အနှံ့ အရောင်အသွေး စုံလင်သော မီးပန်းများသည် သူမတို့၏ မျက်လုံးများကို ကြိမ်းစပ်သွားရစေတော့သည်။

"နှစ်သစ်ကူး ရောက်လာပြန်ပြီပဲ" လွီရူဟွေ့က ချန်ဟွေ့ ဘက်သို့ လှည့်ကာပြောလိုက်၏။ "‌‌‌ဟွေ့ညန် နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

...

All Chapters