မင်းကို တောင်းပန်မလို့ သွားတာပါ
Vol. 15 Ch. 142
နောက်တစ်နေ့တွင် အားချန်သည် အိပ်ရာမှ အလွန်စောစီးစွာ ထလိုက်သည်။ သူမသည် အနောက်ဘက်ဈေးသို့ သွားရောက်ပြီး ပစ္စည်းဝယ်ယူရန် ရှိသေးသည်။ ယခုအချိန်သည် နှစ်သစ်ကူးလပင် မကုန်သေးသောကြောင့် မုဆိုးဆိုင်ထဲတွင် ပစ္စည်းများ စုံလင်စွာ ရှိနေမလား မသိနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် သူမ စိုးရိမ်နေသည့် ကိစ္စမှာ ဖြစ်မလာခဲ့ချေ။ သူမသည် မုဆိုးဆိုင် နှစ်ဆိုင်လောက်သာ ရှာလိုက်ရပြီး သူမလိုအပ်သည့် လျှာမြက်ပင်နှင့် ပျားဖယောင်းနက်ကို ဝယ်ယူရရှိခဲ့သည်။
ဝယ်ယူလာသည့် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူမသည် အနီးအနားက သိုးသားဟင်းရည်ဆိုင်တွင် သိုးသားဟင်းရည်တစ်ပန်းကန် သောက်လိုက်ပြီး သကြားမုန့်ပြားအချို့ကို ဝယ်ယူကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်တော့သည်။
နှစ်သစ်ကူးအချိန်က ကျဆင်းခဲ့သည့် နှင်းများသည် အလွန်များပြားလှသည်။ ယခုအချိန်တွင် လမ်းမပေါ်က နှင်းများမှာ အရည်မပျော်သေးဘဲ လမ်းသွားလမ်းလာများ နင်းထားကြသဖြင့် ချိုင့်ခွက်များ ဖြစ်ပေါ်နေသောကြောင့် လမ်းလျှောက်သည့်အခါ အထူးဂရုစိုက်ရလေသည်။
အားချန်သည် ခြေထောက်အောက်ကလမ်းကို အမြဲဂရုစိုက်နေသဖြင့် လမ်းဘေးတွင် ရပ်တန့်လိုက်သည့် မြင်းလှည်းတစ်စီးကို သတိမထားမိလိုက်ချေ။ မြင်းလှည်းပေါ်က လူသည် အောက်သို့ ဆင်းလာပြီးနောက် သူမရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
"ကျိမိန်းကလေး ခဏလောက်နေပါဦး"
ရုတ်တရက် လူတစ်ယောက်က သူမကို လှမ်းခေါ်လိုက်သဖြင့် အားချန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
သူမကို လှမ်းခေါ်လိုက်သည့်သူမှာ အနည်းငယ် ဝဖြိုးသည့် ခန္ဓာကိုယ်ရှိပြီး မျက်နှာပေါ်တွင်လည်း ဖော်ရွေသည့် အပြုံးများဖြင့် ပေါင်းသင်းဆက်ဆံရ လွယ်ကူမည့်သူ တစ်ယောက်ဟု ထင်ရသော်ငြားလည်း သူ၏ဘေးတွင် ပါလာသည့် အစောင့်အရှောက် အနည်းငယ်ကတော့ ရန်စလို့ မကောင်းသည့် ပုံစံမျိုး ဖြစ်နေလေသည်။
"ရှင်တို့က ဘယ်သူတွေလဲ" အားချန်၏ အကြည့်များသည် ထိုလူအနည်းငယ်၏ ကိုယ်ပေါ်တွင် ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် စကားပြောသည့် လူ၏ကိုယ်ပေါ်သို့ ရောက်ရှိသွားတော့သည်။
သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အယောင် တစ်စက်ကလေးမှ မရှိသည်ကို တွေ့လိုက်ရသောအခါ ထိုလူ၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးမှ ဖွင့်ပြောလာခဲ့၏။ "ကျွန်တော့်နာမည်က ကျိကျွမ်းပါ။ လျန်ကျိုးကနေ အခုပဲ ရောက်လာတာပါ။ ဆွေမျိုးတော်စပ်ပုံအရ ဆိုရင်တော့ မင်းက ငါ့ကို ဘကြီးလို့ ခေါ်ရမှာပေါ့"
အားချန်၏ မျက်ခုံးအနည်းငယ် ပင့်တက်သွားလေသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ကျိမျိုးနွယ်က ကျင့်ယန်မြို့စားမျိုးနွယ် တစ်ခုတည်း ရှိသည်မဟုတ်ချေ။ ကျိမျိုးနွယ်၏ ပင်မမိသားစုက လျန်ကျိုးတွင် ရှိပြီး ယခင်က ကျင့်ယန်မြို့စားအိမ်တော်နှင့် နှစ်သစ်ကူးလက်ဆောင်များ အပြန်အလှန် ပေးပို့ကြရုံမှလွဲ၍ သွားလာဆက်ဆံမှု သိပ်မရှိလှချေ။
ဒီလူ့စကားကို နားထောင်ရတာ သူက ပင်မမိသားစုကနေ လာတာပဲ ဖြစ်ရမယ်။
အားချန်သည် နေရာတိုင်းတွင် ဆွေမျိုးလိုက်စပ်သည့် အကျင့်မရှိသဖြင့် သူ့ကို မေးလိုက်လေသည်။ "ကျွန်မကို ရှာစရာကိစ္စ ရှိလို့လား"
"ဒီနေရာက စကားပြောဖို့ မကောင်းပါဘူး။ ကျွန်တော့်ဆီသွားပြီး ထိုင်မလား"
အားချန် အနည်းငယ် ရပ်တန့်သွားသည်ကို မြင်သောအခါ သူမက လက်ခံလိမ့်မည်ဟု ကျိကျွမ်း ထင်မှတ်လိုက်သော်ငြား နောက်တစ်စက္ကန့်တွင် သူမပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ရှင် မပြောချင်ဘူးဆိုရင်လည်း ပြောစရာမလိုပါဘူး။ ကျွန်မက ကျိမျိုးနွယ်နဲ့ ဘာမှ မပတ်သက်တော့သလို ရှင်တို့ရဲ့ ကိစ္စကိုလည်း စိတ်မဝင်စားပါဘူး"
ကျိကျွမ်း၏ မျက်နှာထားမှာ မကောင်းလှတော့ချေ။ သူက ကျိမျိုးနွယ်စုကြီး တစ်ခုလုံး၏ နောက်ထပ် ဆက်ခံမည့် ခေါင်းဆောင်ဖြစ်လေသည်။ သူ စကားပြောလျှင် မျိုးနွယ်စုထဲက လူငယ်များက ဘယ်တုန်းကမှ ပြန်ခံပြောရဲခြင်း မရှိခဲ့ချေ။ ဒီနေ့တော့ ကောင်မလေးတစ်ယောက်က သူ့ကို မျက်နှာပျက်အောင် လုပ်လိုက်လေပြီ။
"တကယ်လို့ ငါက မင်းကို မဖြစ်မနေ ဖိတ်ခေါ်မယ် ဆိုရင်ရော"
သူ့စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် ထိုအစောင့်အရှောက်များသည် အားချန်၏ ဘေးနားသို့ ဝိုင်းရံလာကြတော့သည်။
အားချန်သည် ထိုလူများကို ကြည့်ကာ မူလနေရာတွင် မလှုပ်မယှက် ရပ်နေဆဲပင်။ "သူတို့ကို အားကိုးပြီးတော့လား"
ကျိကျွမ်းက ပြုံးကာ စကားမပြောဘဲ နေလိုက်၏။ ဒီကောင်မလေးက ဟန်ဆောင်ပြီး ခြောက်လှန့်နေတာလို့ သူက ထင်နေလေသည်။
အားချန်က ရုတ်တရက် သူ့ကိုမေးလိုက်၏။ "ရှင် ကျွန်မကို လာမရှာခင် ကျင့်ယန်မြို့စားအိမ်တော်ကို သွားခဲ့တယ် မဟုတ်လား"
"သွားခဲ့တယ်"
သူ ဒီနေ့ အထူးတလည် ကျိချန်ကို လာရှာတာက ညီဖြစ်သူ ကျိဟန်(ကျင့်ယန်မြို့စား)၏ အကူအညီ တောင်းခံမှုကြောင့် ဖြစ်လေသည်။
ဒါပေမဲ့ ဒီကောင်မလေးက ကြည့်ရတာ နူးညံ့ပြီး အနိုင်ကျင့်လို့ လွယ်မယ့်ပုံ ပေါက်နေပေမယ့် ဒေါသကတော့ မသေးလှဘူး။
"ကျင့်ယန်မြို့စားက ဇနီးသည် ရှိပြီးတော့ အဲဒီဇနီးသည်က သူ့အတွက် သားတစ်ယောက် သမီးတစ်ယောက် မွေးပေးထားတယ် ဆိုတာရော သိလား"
ကျိကျွမ်း၏ မျက်နှာပေါ်က အပြုံးသည် တောင့်တင်းသွားလေသည်။ သူက သဘာဝကျကျ သိရှိထားပြီးသားပင်။ ကျိဟန်တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရုတ်တရက် ရရှိလာပြီး မျိုးနွယ်စုစာရင်းထဲ သွင်းပေးရန် တောင်းဆိုပြီး စာရေးလာခဲ့ခြင်းက ဖခင်ဖြစ်သူကို အလွန်မကျေမနပ် ဖြစ်စေခဲ့လေသည်။
အကယ်၍ မျိုးနွယ်စုက ကျင့်ယန်မြို့စားအိမ်တော်ကို အားကိုးနေရခြင်း မဟုတ်လျှင်၊ ရွှဲကျောင်းဟုခေါ်သည့် ကောင်လေးကလည်း ပညာအရည်အချင်း ရှိနေသဖြင့်သာ မဟုတ်လျှင်၊ ဖခင်ဖြစ်သူက ပြတ်ပြတ်သားသား သဘောတူမည် မဟုတ်ချေ။
မထင်မှတ်ထားတာက ဒီနှစ်ရောက်လာမှ အဲဒီကလေးနှစ်ယောက်လုံး မရှိတော့ဘူးလို့ ကြားလိုက်ရတယ်။
သူ့မျက်နှာ အမူအရာကို ကြည့်ပြီး အားချန်က ပြုံးလိုက်၏။ "ကြည့်ရတာ သိပုံရတယ်။ ဒါဆိုရင် သူတို့ ဘယ်လို သေသွားကြတာလဲ ဆိုတာရော သိလား"
သူမ၏ မေးခွန်းက ကျိကျွမ်း၏ ရင်ကို လေးလံသွားစေသည်။ သူက အားချန်ကို ကြည့်လိုက်သည့် အကြည့်ထဲတွင် စူးစမ်းလိုသည့် အဓိပ္ပာယ်များ ပါဝင်နေ၏။ သူ တကယ် မသိခဲ့ချေ။
အားချန်၏ အပြုံးသည် ပိုမိုတောက်ပ လာခဲ့သည်။ "ရှင်က သေသေချာချာ စုံစမ်းပြီးမှ ဒီရှုပ်ထွေးတဲ့ ကိစ္စထဲကို ဝင်ပါသင့်တာ"
ကျိကျွမ်းသည် သတိကြီးသူ တစ်ဦး၏။ သူ ဒီတစ်ခေါက် ရောက်လာခြင်းမှာလည်း ညီဖြစ်သူ၏ ဖိတ်ကြားချက်ကြောင့် ဖြစ်ပြီး သားအဖနှစ်ယောက်ကို ပြန်လည်သင့်မြတ်အောင် ပြောဆိုပေးကာ ညီဖြစ်သူ ကျူးလွန်ခဲ့သည့် ရှုပ်ထွေးသည့် ကိစ္စများကို ဖြေရှင်းပေးရန်သာ ဖြစ်သည်။ အခုတော့ သေချာမစုံစမ်းဘဲ ရောက်လာမိတဲ့အတွက် နည်းနည်းတော့ နောင်တရမိသွားပြီ။
လာတုန်းက ညီဖြစ်သူ ပြောတာကို နားထောင်ခဲ့တာက သူ့ရဲ့ဒီသမီးက သွေးအေးပြီး ရက်စက်တယ်တဲ့။ ဒါပေမဲ့ သူ့စကားတွေက အဓိပ္ပာယ်တွေ အများကြီး ပါနေတယ်။ အဲဒီကလေးနှစ်ယောက်က ဘယ်လို သေဆုံးသွားခဲ့တာလဲ။
သို့သော် ရှန့်ကျင်းသို့ ပညာလာသင်သည့် သားဖြစ်သူက ညီဖြစ်သူ၏ စောင့်ရှောက်မှုကို ခံယူရဦးမည် ဖြစ်သဖြင့် သူက တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ "ငါ ဒီတစ်ခေါက် မင်းကို လာရှာတာက မင်းကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး။ ကျိဟန်ရဲ့ မိုက်မဲတဲ့ အပြုအမူတွေကို မျိုးနွယ်စုက သိရှိပြီးပါပြီ။ မျိုးနွယ်စုခေါင်းဆောင်က မင်းကို ကျိမျိုးနွယ်စုထဲကနေ မောင်းထုတ်ဖို့ ပြတ်ပြတ်သားသား သဘောမတူခဲ့ပါဘူး။ မင်း ငါ့ကို ဒီလောက်ကြီး ရန်လိုနေစရာ မလိုပါဘူး"
အားချန်ကတော့ စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်လိုက်၏။ ကိစ္စဖြစ်ပြီး တစ်နှစ်ကြာမှ သူမကို တရားမျှတမှု ပေးမယ့်သူ ရောက်လာခဲ့တယ်။
ဝမ်းနည်းစရာ ကောင်းတာက သူတို့ ရောက်လာတာ နောက်ကျသွားပြီ။
အားချန်၏ မျက်လုံးလေးများ ကွေးညွှတ်သွားပြီး ကျိကျွမ်းကို ပြောလိုက်၏။ "ကျွန်မက ရှင့်ကို ရန်လိုတာမျိုး မရှိသေးပါဘူး။ တကယ်လို့ တစ်နေ့နေ့ ကျွန်မက ရှင့်ကို ကြည့်မရ ဖြစ်လာပြီဆိုရင် ရှင်လည်း ကျင့်ယန်မြို့စားလိုပဲ တစ်နှစ်အတွင်းမှာ အရင်ဆုံး ယောက်ဖသေမယ်။ ပြီးရင် သားသေမယ်။ နောက်ထပ် သမီးသေမယ်။ နောက်ဆုံးကျရင် ချစ်လှစွာသော ဇနီးသည်က မြေအောက်အကျဉ်းထောင်ထဲ အဖမ်းခံရလိမ့်မယ်"
အားချန်၏ တစ်ခွန်းပြောလိုက်တိုင်း သေဆုံးခြင်း တစ်ခုပါဝင်နေသည့် စကားအောက်တွင် ကျိကျွမ်းသည် သူ့ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်များ ထောင်ထသွားသလို ခံစားလိုက်ရသည်။
သူက ကျိချန်၏ ယုံကြည်မှုက ဘယ်က ရောက်လာမှန်း မသိသလို သူမ၏ စကားကိုလည်း အပြည့်အဝ မယုံကြည်သော်ငြားလည်း ဆုတ်ခွာလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့လေသည်။
"ကျွန်မအစား ကျင့်ယန်မြို့စားကို စကားတစ်ခွန်းလောက် ပါးပေးပါ" အားချန်သည် လက်ထဲက သကြားမုန့်ပြား အနည်းငယ် အေးစက်လာသည်ဟု ခံစားလိုက်ရသဖြင့် ဒီလူနှင့် စကားဆက်ပြောရန် စိတ်မဝင်စားတော့ဘဲ အဓိကအချက်ကို တိုက်ရိုက် ပြောလိုက်တော့သည်။
"ဘာစကားလဲ"
"ရွှဲမင်ထန်က ကျွန်မကို သတ်တဲ့နေ့ကစပြီး ကျွန်မနဲ့ ကျင့်ယန်မြို့စားအိမ်တော်က မသေမချင်း ရန်သူတွေ ဖြစ်သွားကြပြီ။ သူ့ကို ရွှဲရှီရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းအတွက် စိတ်ပူမနေနဲ့လို့ ပြောလိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့လင်မယား မကြာခင် မြေအောက်အကျဉ်းထောင်ထဲမှာ ပြန်ဆုံရမှာ မို့လို့ပဲ"
ကျိကျွမ်း၏ မျက်နှာမှာ ရေကန်ကဲ့သို့ တည်ငြိမ်သွားလေသည်။ "ကျိမိန်းကလေး ပြောတဲ့စကားက နည်းနည်းတော့ မောက်မာလွန်းတယ်"
အားချန်၏ စကားသည် ကျင့်ယန်မြို့စားကို စိန်ခေါ်ရုံသာမက သူတို့ ကျိမျိုးနွယ်ကိုလည်း မျက်လုံးထဲ မထည့်ခြင်းပင်။
"မောက်မာတာလား။ ရှင်က ကျင့်ယန်မြို့စားက ဘာဖြစ်လို့ ရှင့်ကို ကျွန်မဆီ လွှတ်လိုက်တာလဲဆိုတာ သိလား။ သူကိုယ်တိုင် ဘာလို့ မလာတာလဲ။ သူ့ခြေထောက်ကျိုးပြီး လမ်းမလျှောက်နိုင်လို့လား"
ကျိကျွမ်းက သူလည်း ညီဖြစ်သူကို အလားတူမေးခွန်း မေးခဲ့ဖူးသည်ကို သတိရလိုက်သည်။ ညီဖြစ်သူကတော့ သူ့သမီးက သူ့အပေါ် အငြိုးအတေးတွေ ရှိနေလို့ တွေ့ရင် ရန်ဖြစ်ကြမှာမို့လို့ပါလို့ အကြောင်းပြခဲ့တယ်။ အခုကြည့်ရတာ ညီလေးက ငါ့ကို ကိစ္စတွေ အများကြီး ဖုံးကွယ်ထားပုံရတယ်။
ကျိကျွမ်း စကားမပြောသည်ကို မြင်သောအခါ အားချန်က ပြောလိုက်၏။ "ရှင့်ကို အကြံဉာဏ်တစ်ခု ပေးမယ်။ မစွက်ဖက်သင့်တဲ့ ကိစ္စကို ဝင်မစွက်ဖက်နဲ့။ ဒါမှ အသက်ရှည်ရှည် နေရမှာ"
ပြောပြီးသည်နှင့် အားချန်သည် သူမလမ်းကို ပိတ်ရပ်ထားသည့် အစောင့်ကို စိုက်ကြည့်လိုက်၏။ "ဖယ်စမ်း။ လမ်းမပိတ်နဲ့"
ထိုအစောင့်သည်လည်း အသုံးမကျသူ မဟုတ်ချေ။ ဒီမိန်းကလေးက စကားအနည်းငယ် ပြောရုံနဲ့ သခင်ကြီးကို တုန်လှုပ်သွားအောင် လုပ်နိုင်တယ်။ သခင်ကြီးက အမိန့်မပေးရင် သူလည်း တစ်ဖက်လူကို ရန်စရဲမှာ မဟုတ်ဘူး။ လိမ္မာစွာနဲ့ လမ်းဖယ်ပေးလိုက်ရတာပေါ့။
ကျိကျွမ်းက ဒီအကြံဉာဏ်ကို နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ နောက်ဆုံးတွင် သူက ထွက်ခွာသွားသည့် အားချန်ကို တားဆီးခိုင်းခြင်း မပြုခဲ့ပေ။
အားချန်အတွက်တော့ ကျိကျွမ်းက သူမ မှတ်မိလောက်တဲ့ အဆင့်ထိ အရေးမပါသေးပါဘူး။ ဒါပေမဲ့ ဒီကိစ္စကတော့ သူမကို သတိပေးလိုက်သလိုပဲ။ အချိန်ရရင် ရွှဲရှီကို သွားတွေ့သင့်ပြီ။
ရွှဲရှီ မြေအောက်အကျဉ်းထောင်ထဲ အဖမ်းခံရရင် ကျင့်ယန်မြို့စားက သူ့ကို လက်လွှတ်လိုက်တော့မယ်လို့ ထင်ထားခဲ့တာ။ မထင်မှတ်ထားတာက သူက ရွှဲရှီအတွက် ဒီအဆင့်ထိ လုပ်ပေးနိုင်လိမ့်မယ်လို့။
ပင်မမိသားစုကလူကို ရှာပြီး သူမကို ကျိမျိုးနွယ်စုထဲ ပြန်ဝင်ခိုင်းတာက သူမနဲ့ ပြန်လည်သင့်မြတ်သွားရင် သူမက သူတို့ကို ပစ်မှတ်ထားဖို့ အကြောင်းပြချက် မရှိတော့ဘူးလို့ သူက တွေးနေတာလား။
အိမ်ပြန်ရောက်ပြီးသည့်နောက်တွင် စစ်အချိန်(နံနက်၉နာရီမှ ၁၁နာရီ) ကုန်ဆုံးတော့မည်ကို တွေ့လိုက်ရသဖြင့် သူမသည် လက်ထဲက ပစ္စည်းများကို ချထားလိုက်ပြီး ချန်ဟွေ့၏ အခန်းထဲသို့ ဝင်ရောက်ကာ ချည်မျှင်များကို ရှာဖွေလိုက်လေသည်။
ရှာဖွေတွေ့ရှိသည့် ချည်မျှင်များကို သင့်တော်သည့် အနေအထားရအောင် ကျစ်လိုက်ပြီးနောက် မီးသွေးမီးဖိုဖြင့် ပျားဖယောင်းနက်ကို အရည်ကျိုလိုက်သည်။
ပျားဖယောင်းနက်သည် ပျားနက်အုံမှ ထွက်ရှိပြီး ပျားနက်သည် ယင်ဓာတ်ရှိသည့် နေရာတွင်သာ ပေါက်ဖွားသဖြင့် ပျားဖယောင်းတွင် ယင်ဓာတ်အလွန် ပြင်းထန်လေသည်။ ဖယောင်းတုံးကို မြေအိုးထဲထည့်ကာ နာရီဝက်လောက် အပူပေးပြီးမှ နောက်ဆုံးတော့ စတင်အရည်ပျော်လာပြီး မူလက အမည်းရောင် ဖယောင်းတုံးသည် အရည်ပျော်ပြီးနောက် တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
အားချန်သည် ဖယောင်းရည် အနည်းငယ် ယူလိုက်ပြီး ချည်မျှင်ကို အထဲသို့ နှစ်လိုက်သည်။ ဖယောင်းရည် စိမ့်ဝင်သွားပြီးနောက် ပြန်ထုတ်လိုက်သောအခါ မီးစာဖြစ်သွားလေသည်။
သူမသည် ဖယောင်းတိုင်ပုံစံခွက်ကို ပြင်ဆင်မထားသဖြင့် နောက်ဆုံးတွင် မီးဖိုချောင်ထဲ၌ အချိန်အတော်ကြာ လှည့်ပတ်ရှာဖွေပြီးနောက် ပန်းကန်လုံးတစ်လုံးကို ထုတ်ယူကာ မီးစာကို ဖယောင်းရည်ဖြင့် ပန်းကန်လုံးထဲတွင် ကပ်ကာ အသေထားလိုက်သည်။
ယခုအချိန်တွင် ပျားဖယောင်းနက်သည် မီးဖိုပေါ်တွင် ပွက်ပွက်ဆူနေဆဲဖြစ်ပြီး အားချန်သည် ကြိတ်ချေထားသည့် လျှာမြက်ပင်ကို ဖယောင်းရည်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ ကြည်လင်နေသည့် ဖယောင်းရည်သည် အရင်ဆုံး အဝါရောင် ပြောင်းလဲသွားပြီးနောက် ဖယောင်းရည်၏ အလယ်တွင် အနီရောင် အစက်အပြောက်လေး ရုတ်တရက် ပေါ်လာကာ တဖြည်းဖြည်း သွေးရောင်ကဲ့သို့ အနီရောင် ပျံ့နှံ့သွားလေသည်။
လျှာမြက်ပင်သည် ထူးဆန်းသည့် အပင်တစ်မျိုး ဖြစ်ပြီး လျှာနှင့် တူလေသည်။ ဒီအရာကို စားသုံးလိုက်လျှင် လူကို လှည့်ဖြားခံရခြင်း မရှိအောင် ကာကွယ်ပေးနိုင်သော်ငြား ပြင်ပအသုံးပြုမည် ဆိုလျှင်တော့ လူ့မျက်လုံးကို လှည့်စားနိုင်ပေသည်။
ယင်းကို အသုံးပြု၍ သာမန်လူများကို လှည့်ဖြားခြင်းသည် ထိခိုက်မှု ရှိမည်မဟုတ်သလို အာနိသင် သက်ရောက်မှုမှာလည်း မြန်ဆန်ပြီး ပျောက်ကွယ်မှုလည်း မြန်ဆန်လေသည်။
အားချန်သည် အရောင်ပြောင်းသွားသည့် ဖယောင်းရည်ကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီး အစိုင်အခဲ ဖြစ်သွားသည့်အခါ ဒီအမွှေးတိုင် ဖယောင်းတိုင် ပြုလုပ်ခြင်း ပြီးစီးပြီဟု သတ်မှတ်ရမည် ဖြစ်သည်။
သို့သော် သူမသည် နှစ်နာရီလောက် စောင့်ပြီး သွားကြည့်လိုက်သောအခါ ဖယောင်းရည်သည် အစိုင်အခဲ မဖြစ်သေးကြောင်း တွေ့ရ၏။ အားချန် စဉ်းစားလိုက်ပြီး ထင်းပုံထဲမှ ယင်ဓာတ်ရှိသော မိုးမခပင်မှ ထွက်သည့် အရည်တစ်ဝက်လောက်ကို ယူလာခဲ့သည်။ သူမသည် ထိုအရည်ကို ပန်းကန်လုံးအကြီး တစ်လုံးထဲတွင် ထည့်လိုက်ပြီး ဖယောင်းရည်ထည့်ထားသည့် ပန်းကန်လုံးအသေးကို အထဲတွင် ထည့်လိုက်သည်။
တစ်နာရီ မပြည့်ခင်မှာပင် အမွှေးတိုင် ဖယောင်းတိုင်သည် လုံးဝ အစိုင်အခဲ ဖြစ်သွားတော့သည်။
ညဦးပိုင်း(ညနေ၅နာရီမှ ၇နာရီ) ကုန်ဆုံးတော့မည် အချိန်တွင် အားချန်သည် ပြုလုပ်ပြီးသော အမွှေးတိုင် ဖယောင်းတိုင်နှင့် ဖယောင်းတိုင် နှစ်တိုင်ကို ကိုင်ဆောင်ကာ မီးပုံးထွန်းရန် အပြင်ထွက်လာခဲ့သည်။
သို့သော် ဒီတစ်ကြိမ်တွင် သူမသည် မီးပုံးတစ်လုံးတည်းကိုသာ ထွန်းညှိလိုက်ပြီး မီးမလင်းသော မီးပုံးအောက်တွင် လွီရူဟွေ့၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
"ကျိမိန်းကလေး" လွီရူဟွေ့၏ အသံသည် မနေ့ကထက်စာရင် အနည်းငယ် တိုးညှင်းနေပြီး ကိုယ်ခန္ဓာသည်လည်း ပိုမိုဝေဝါးလာလေသည်။
သူမသည် သာမန်ဝိညာဉ် တစ်ခုသာ ဖြစ်ပြီး လုံလောက်သည့် ယင်ဓာတ် အထောက်အပံ့ မရှိပါက နောက်ထပ် နှစ်ရက်အကြာတွင် အားချန်သည် သူမကို မြင်တွေ့ရတော့မည် မဟုတ်ကြောင်း စိုးရိမ်မိလေသည်။
"ခဏစောင့်ပါ" အားချန်သည် အမွှေးတိုင် ဖယောင်းတိုင် ထည့်ထားသည့် ပန်းကန်လုံးကို မြေကြီးပေါ်တွင် ချလိုက်ပြီးနောက် မီးစာကို မီးညှိလိုက်သည်။
မီးစာ လောင်ကျွမ်းလာသည့် အခါတွင် အစိမ်းရောင် မီးတောက်များ ပေါ်ထွက်လာပြီး အပူရှိန် လုံးဝမရှိချေ။
အားချန်က သတိပေးစကား မပြောရသေးခင်မှာပင် လွီရူဟွေ့သည် မသိလိုက်မသိဘာသာဖြင့် မီးတောက်၏ အပေါ်ဘက်သို့ လွင့်မျောသွားခဲ့သည်။
မီးတောက်အပေါ်တွင် ခဏတာ နေလိုက်ရုံမျှဖြင့် လွီရူဟွေ့၏ ပုံရိပ်သည် များစွာ ရှင်းလင်းသွားပြီး သူမ၏ အတွေးများလည်း ယခင်ကလို ရှုပ်ထွေးခြင်း မရှိတော့သည်ကို ခံစားလိုက်ရ၏။
အားချန်သည် သူမ၏ ပြောင်းလဲမှုကို တွေ့လိုက်ရသဖြင့် အလွန်ကျေနပ်သွားပြီး ပြောလိုက်၏။ "အမွှေးတိုင် ဖယောင်းတိုင် ကုန်သွားရင် ရှင်က သာမန်လူနဲ့ တူညီသွားလိမ့်မယ်"
"ကျိမိန်းကလေးကို ကျေးဇူးတင်ပါတယ်"
"ကျေးဇူးမတင်ပါနဲ့ဦး။ ကျွန်မစကား မဆုံးသေးဘူး" အားချန်က သတိပေးလိုက်၏။ "ဒီအမွှေးတိုင် ဖယောင်းတိုင်ရဲ့ အာနိသင်က ၅ရက်ပဲ ခံတယ်။ နေ့ခင်းဘက် နေရောင်ခြည်က အရမ်းပြင်းထန်တဲ့အတွက် အမွှေးတိုင် ဖယောင်းတိုင်က ပေးစွမ်းတဲ့ ယင်ဓာတ်တွေက အလွယ်တကူ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် ရှင်က နေဝင်ပြီးမှ အပြင်ထွက်လို့ရမယ်"
သူဌေးမလွီက ခေါင်းငြိမ့်လိုက်ပြီး နားလည်ကြောင်း ပြသလိုက်၏။
"ရှင့်ကိုယ်ပေါ်က အနံ့က လူတွေကို လှည့်စားနိုင်တဲ့ အာနိသင်ရှိတယ်။ လူအများစုက ရှင့်ကို သာမန်လူလို့ ထင်သွားစေနိုင်တယ်။ တကယ်လို့ ရှင့်အိမ်မှာ ကျင့်ကြံသူတွေ မရှိဘူးဆိုရင် ရှင့်ရဲ့ အထောက်အထားကို ဘယ်သူမှ ရိပ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင် အပြင်ထွက်ရင်တော့ ညဘက်ကင်းလှည့်တဲ့ သူတွေကို သတိထားပြီး ရှောင်ရှားသင့်တယ်။ အထူးသဖြင့် မင်ကျင့်စီး အစောင့်တွေကိုပေါ့"
အားချန်ကတော့ ဒီလိုကိစ္စသေးလေးကြောင့် ပိုင်ရှိုးမင်က အိမ်တိုင်ရာရောက် လာရှာတာမျိုး မဖြစ်ချင်တော့ပေ။
"ကျွန်မ သတိထားပါ့မယ်"
အမွှေးတိုင် ဖယောင်းတိုင်သည် အလွန်နှေးကွေးစွာ လောင်ကျွမ်းနေပြီး ၄နာရီလောက် လောင်ကျွမ်းပြီးမှ မီးတောက်သည် တဖြည်းဖြည်း ငြိမ်းသွားခဲ့သည်။
ယခုအချိန်တွင် အားချန်သည် အိပ်ငိုက်လွန်းသဖြင့် မျက်လုံးများပင် မဖွင့်နိုင်တော့ချေ။ သူမသည် ဝတ်ရုံထူထူကို လွှမ်းခြုံကာ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လေထဲတွင် လွင့်မျောနေသည့် သူဌေးမလွီ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပီပြင်လာသည်ကို ကြည့်နေလိုက်သည်။
မီးတောက် လုံးဝ ပျောက်ကွယ်သွားပြီးနောက် လွီရူဟွေ့သည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်၏။ ယခုအချိန်တွင် သူမသည် အသက်ရှင်စဉ်ကနှင့် မခြားနားတော့ဘဲ မီးပုံးအောက်တွင် ရပ်နေကာ ခြေထောက်အောက်တွင် အရိပ်ပင် ရှိနေသေးသည်။
သူမ၏ ကိုယ်ပေါ်တွင် သစ်သီးရနံ့ သင်းသင်းလေး ရှိနေပြီး ဒါက လျှာမြက်ပင် လောင်ကျွမ်းပြီးနောက် ကျန်ရှိသော အနံ့ဖြစ်သည်။
အားချန် အနံ့ရလိုက်သည်နှင့် မျက်လုံးများလည်း သဘာဝကျကျ လျှာမြက်ပင်၏ လှည့်စားခြင်းကို ခံလိုက်ရသည်။ သူမသည် ထရပ်လိုက်ပြီး သူဌေးမလွီကို တစ်ပတ်ပတ်ကြည့်လိုက်သော်လည်း ထူးခြားမှု မရှိသည်ကို တွေ့လိုက်ရ၏။
"ကျိမိန်းကလေး ဘယ်လိုလဲဟင်" လွီရူဟွေ့၏ လေသံသည် အနည်းငယ် စိုးရိမ်နေပုံရသည်။
"ဘာပြဿနာမှ မရှိပါဘူး။ သူဌေးမလွီ လုပ်ချင်တာ သွားလုပ်လို့ ရပါပြီ"
လွီရူဟွေ့သည် ကြားလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားပြီး အားချန်ကို အရိုအသေပေးလိုက်၏။ "ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်"
အားချန်သည် သူမကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ လွီရူဟွေ့၏ ပုံရိပ်သည် ဝေဝါးသွားပြီးနောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
အားချန်သည် နောက်ထပ် မီးပုံးတစ်လုံးကို ထွန်းညှိလိုက်ပြီးမှ တံခါးကို ပိတ်ကာ အနားယူရန် ပြန်ဝင်သွားလိုက်သည်။
သူဌေးမလွီ ဘာလုပ်မယ်ဆိုတာတော့ မသိပါဘူး။ တစ်ဖက်လူက စိတ်ရှိတိုင်း လုပ်ဆောင်ပြီး ၅ရက်အကြာမှာ သံယောဇဉ် အစွဲအလမ်းတွေ မရှိတော့ဘဲ ငရဲပြည်ကို သွားရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူး ၁၂ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။ နှစ်သစ်ကူး အငွေ့အသက်များ မကုန်ဆုံးသေးသော်လည်း နန်းတွင်းအရာရှိများကတော့ ပုံမှန် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ညနေ ၃နာရီမှ ၅နာရီအချိန်တွင် လျိူအဖေသည် ပုံမှန်အတိုင်း အိမ်သို့ပြန်ရောက်လာခဲ့သည်။ သူသည် အရာရှိဝတ်စုံကို လဲလှယ်ပြီး ခဏလောက် အနားယူနေစဉ် အိမ်တော်ထိန်းက အခန်းအပြင်ဘက်မှ သတင်းပို့လာသည်ကို ကြားလိုက်ရ၏။ "သခင်ကြီး ဖူးရန် သမီးကြီး ရောက်လာပါတယ်။ အခု တံခါးအပြင်ဘက်မှာ စောင့်နေပြီး သခင်ကြီးတို့ နှစ်ယောက်ကို တွေ့ချင်တယ်လို့ ပြောပါတယ်"
လျိုအမေသည် ကြားလိုက်ရသဖြင့် အိမ်တော်ထိန်းကို လူခေါ်ခိုင်းရန် ပြင်လိုက်စဉ် လျိူအဖေက နှာခေါင်းရှုံ့လိုက်သည်ကို ကြားလိုက်ရ၏။ "ငါတို့ လျိုအိမ်တော်က သူ လာချင်တိုင်းလာ ပြန်ချင်တိုင်းပြန်လို့ရတဲ့ နေရာလား"
"သခင်ကြီး"
လျိုအမေက ဆက်လက်ဖျောင်းဖျလိုသော်လည်း ခင်ပွန်းဖြစ်သူက ပြောလာသည်ကို ကြားလိုက်ရပြန်သည်။ "အဲဒီ အသုံးမကျတဲ့ကောင်မ နှစ်သစ်ကူးတုန်းကလည်း အိမ်ပြန်မလာဘူး။ နှစ်သစ်ကူး ၁ရက်နေ့တုန်းကလည်း နှစ်သစ်ကူး နှုတ်ဆက်ဖို့ မလာဘူး။ သူ့အမေက နှစ်သစ်ကူး ၅ရက်နေ့အထိ စောင့်နေပြီး နေ့တိုင်း သူ့ကို တမ်းတနေပေမယ့် သူကတော့ ကောင်းလိုက်တာ သေသွားသလိုပဲ။ ဒီနေ့တော့ သူအားနေပြီပေါ့။ ငါတို့က သူ့ကိုတွေ့ဖို့ မအားဘူး"
လျိုအမေသည် ခင်ပွန်းဖြစ်သူ ဒီလိုပြောသည်ကို ကြားလိုက်ရသဖြင့် သမီးအကြီးအပေါ်တွင်လည်း အနည်းငယ် စိတ်ဆိုးသွားပြီး ဆက်လက်ဖျောင်းဖျခြင်း မပြုတော့ချေ။
အိမ်တော်ထိန်းသည် မိမိသခင်ကြီး၏ စကားထဲမှ ဒေါသကို ကြားလိုက်ရသဖြင့် တိတ်ဆိတ်သွားလေသည်။ သူသည် အိမ်တော်တွင် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ပြီး သမီးကြီး ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူ ဖြစ်သဖြင့် ဒီတစ်ကြိမ်တွင် သမီးကြီးက လွန်သွားပြီဟု ထင်မြင်မိလေသည်။
မိဘတွေနဲ့ ရန်ဖြစ်ရင်တောင် နှစ်သစ်ကူး ၁၂ရက်နေ့မှ လာတွေ့တာမျိုးတော့ မလုပ်သင့်ပါဘူး။
"ဒါဆိုရင် ကျွန်တော်မျိုး သမီးကြီးကို သွားပြန်ပြောလိုက်ပါမယ်။ သခင်ကြီးနဲ့ ဖူးရန် အနားယူနေပြီမို့ နောက်နေ့မှ ပြန်လာဖို့ ပြောလိုက်ပါမယ်"
"သွားတော့"
လွီရူဟွေ့သည် တံခါးစောင့်၏ တားဆီးမှုကို ခံလိုက်ရပြီး ကိုယ့်အိမ်တံခါးဝတွင် ပိတ်မိနေခဲ့သည်။ ခဏလောက် စောင့်ဆိုင်းပြီးနောက် အိမ်တော်ထိန်း နောက်ဆုံးတော့ ထွက်လာခဲ့သည်။
အိမ်တော်ထိန်းက တံခါးဝတွင် ရပ်ပြီး သူမကို ပြောလိုက်၏။ "ပထမသခင်မလေး တကယ်ပဲ တိုက်ဆိုင်တာပါပဲ။ သခင်ကြီးနဲ့ ဖူးရန်တို့ အနားယူနေကြပါပြီ။ ဒီနေ့တော့ တွေ့နိုင်မှာ မဟုတ်လောက်ပါဘူး"
ယခုအချိန်တွင် ညနေ ၃နာရီမှ ၅နာရီအချိန်သာ ရှိသေးရာ သူမ၏ မိဘများ မည်သို့ အနားယူနိုင်ပါမည်နည်း။ သူမကို မတွေ့ချင်သောကြောင့် ရယ်စရာကောင်းသော ဆင်ခြေကို တမင်တကာ ရှာကြံပြောဆိုခြင်းသာ ဖြစ်ပေသည်။
လွီရူဟွေ့သည် အကြောင်းအရင်းမရှိ ပြုံးလိုက်ပြီး အိမ်တော်ထိန်းကို တိုးညှင်းစွာ ပြောလိုက်၏။ "အဖေနဲ့ အမေတို့ အနားယူနေကြပြီဆိုတော့ ကျွန်မလည်း မနှောင့်ယှက်တော့ပါဘူး"
ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားလိုက်သည်။
ယခုအချိန်သည် ညမထွက်ရအမိန့် ထုတ်ပြန်ရန် အချိန်လိုသေးသော်လည်း ကောင်းကင်မှာ အလွန်မှောင်မည်းနေပြီး လမ်းပေါ်တွင် လူသွားလူလာ သိပ်မရှိချေ။
အိမ်တော်ထိန်းသည် သူမ၏ ပါးလွှာသော ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကောင်းမွန်တဲ့ နေ့ရက်တွေကို မဖြတ်သန်းဘဲ သမီးကြီးက ကိုယ့်ဒုက္ခကိုယ် ရှာနေတာ မဟုတ်ဘူးလား။
လွီရူဟွေ့သည် လမ်းပေါ်တွင် လမ်းလျှောက်နေပြီး လမ်းသွားလမ်းလာများက သူမ၏ ထူးခြားမှုကို သတိမထားမိဘဲ သာမန်လမ်းသွားလမ်းလာ တစ်ယောက်ဟုသာ သတ်မှတ်ထားကြသည်။
သူမသည် ထိုကဲ့သို့ပင် လျိုအိမ်တော်သို့ ရောက်ရှိသွားခဲ့သည်။
လျိုအိမ်တော်သည် သူမ ထွက်ခွာသွားသည့် နေ့ရက်အတိုင်းပင် ဖြစ်ပြီး တံခါးစောင့်ပင် ပြောင်းလဲခြင်း မရှိသေးချေ။
သူမသည် အိမ်တော်တံခါးဝတွင် ရပ်ပြီး ရင်းနှီးနေသော ကျူးဟုန်တံခါးကို ကြည့်ကာ မျက်လုံးထဲတွင် လွမ်းဆွတ်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ယခင်က သူမသည် လျိုရှန်းကျယ်နှင့်အတူ ဒီနေရာတွင် အိုမင်းသွားသည်အထိ နေထိုင်ရမည်ဟု ထင်ထားခဲ့သော်လည်း သူမက အထင်လွဲခဲ့ခြင်းသာ ဖြစ်လေသည်။
တံခါးစောင့်သည် သူမကဲ့သို့ ဖူးရန်ဟောင်းကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားသော်လည်း မလေးမစား မလုပ်ရဲဘဲ အမြန်ဝင်ရောက်ကာ သတင်းပို့လိုက်သည်။
လွီရူဟွေ့သည် အိမ်တော်တံခါးဝတွင် ခဏလောက်သာ စောင့်လိုက်ရပြီး လူတစ်ယောက် ထွက်လာခဲ့သည်။
သူမက အိမ်တော်ထိန်း ထွက်လာမည်ဟု ထင်မှတ်ထားသော်လည်း လာသူ၏ ဝေဝါးသော ပုံရိပ်ကို မြင်လိုက်သည်နှင့် ထိုသူမှာ လျိုရှန်းကျယ် ဖြစ်ကြောင်း သိလိုက်ရသည်။
လျိုရှန်းကျယ်သည် အနည်းငယ် အလျင်လိုနေပုံရပြီး ကိုယ်ပေါ်တွင် ဝတ်ရုံပင် လွှမ်းခြုံထားခြင်း မရှိချေ။
လွီရူဟွေ့က တံခါးဝတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူသည် စိတ်သက်သာရာ ရသွားသလိုမျိုး သူမ၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။
" ... မင်း ရောက်လာပြီပဲ"
လွီရူဟွေ့သည် သူ့ကို အကဲခတ် ကြည့်လိုက်ရာ သူသည် ယနေ့တွင် ယခင်နှင့် အနည်းငယ် ကွဲပြားနေပုံရသည်။
"ကျွန်မ ရှင့်ကို ပြောစရာ စကားနည်းနည်း ရှိတယ်။ တကယ်လို့ ရှင် မအားဘူးဆိုရင် နောက်နေ့မှ ပြန်ပြောလည်း ..."
သူမ၏ စကားမဆုံးသေးခင်မှာပင် လျိုရှန်းကျယ်က အလျင်စလို ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "အားပါတယ်"
"ငါတို့ အထဲဝင်ပြီး ပြောကြရအောင်။ အပြင်မှာ အေးတယ်" လျိုရှန်းကျယ်သည်လည်း လွီရူဟွေ့ကို ကြည့်နေလိုက်သည်။ သူမ၏ ကိုယ်ပေါ်က အဝတ်အစားများမှာ အလွန်ပါးလွှာလှသော်လည်း သူမကတော့ အအေးဒဏ်ကို မခံစားရသလိုပင်။
"ကောင်းပါပြီ" လွီရူဟွေ့သည် မငြင်းဆန်ခဲ့ချေ။ သူမသည် လျိုရှန်းကျယ်၏ နောက်မှလိုက်ကာ သူမ၏ အိမ်ဟောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
အိမ်တော်ထဲတွင် အလွန်တိတ်ဆိတ်နေပြီး နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် လျှောက်လာခဲ့ကြရာ အိမ်ရှေ့ခြံဝင်းသို့ ရောက်သောအခါ လွီရူဟွေ့သည် ခြံဝင်းထောင့်တွင် အရည်မပျော်သေးသော နှင်းလူသားတစ်ရုပ်ကို တွေ့လိုက်ရသည်။
လျိုရှန်းကျယ်က နှင်းလူလုပ်တတ်မည် မဟုတ်သဖြင့် အိမ်တွင် ဤသို့ပြုလုပ်မည့်သူမှာ လျိုယွိအန်းသာ ရှိလေသည်။
ထိုကလေးကို တွေးမိလိုက်သည်နှင့် သူမ မျက်လွှာချလိုက်မိသည်။
အနောက်ဘက်မှ ခြေသံ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် လျိုရှန်းကျယ်သည် ကိုယ်ကိုလှည့်လိုက်ရာ လွီရူဟွေ့က နှင်းလူကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ၏ မျက်လုံးထဲတွင် နောင်တရသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဖွင့်ပြောလိုက်သည်။ "အဲဒါ ယွိအန်း လုပ်ထားတဲ့ နှင်းလူသားလေ"
လွီရူဟွေ့သည် စကားပြန်မပြောဘဲ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
နှစ်ယောက်သား ပင်မအခန်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ယခင်က ဒါသည် သူတို့ဇနီးမောင်နှံ၏ အိပ်ခန်းဖြစ်သော်လည်း ယခုတော့ လွီရူဟွေ့အတွက် သူများအိမ် ဖြစ်သွားခဲ့ပြီ။
ဒီနေရာက အပြင်အဆင်များသည် သူမ ထွက်ခွာသွားသည့် နေ့ရက်နှင့် ခြားနားခြင်းမရှိပေ။ သူမနှင့် လျိုရှန်းကျယ်တို့ ထိုင်လိုက်ပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်သွားလေသည်။
အရင်တုန်းက သူတို့ အတူရှိနေချိန်တွင် အခန်းတစ်ခန်းတည်း၌ နေထိုင်ခဲ့ကြပြီး စကားမပြောသော်လည်း လွတ်လပ်ပေါ့ပါးမှု ရှိခဲ့ကြသည်။ ယခုအခါတွင်တော့ အချင်းချင်း ကြည့်ရင်း စကားမပြောနိုင်ဘဲ အနေရခက်မှုများသာ ကျန်ရှိတော့သည်။
နောက်ဆုံးတွင် လွီရူဟွေ့က စတင် ပြောကြားလိုက်၏။ "နှစ်သစ်ကူး ၄ရက်နေ့တုန်းက ရှင် အိမ်ကို လာရှာတာ ကိစ္စရှိလို့လား"
"ကိုယ် ..." လျိုရှန်းကျယ်၏ အသံသည် အနည်းငယ် တင်းမာနေသည်။ "မင်းကို တောင်းပန်မလို့ သွားတာပါ"
...