← Chapters

သူ နောက်ကျသွားပြီ

Vol. 15 Ch. 143

သူ နောက်ကျသွားပြီ

Vol. 15 Ch. 143

"တောင်းပန်တယ်ဟုတ်လား" လွီရူဟွေ့၏ အသံသည် ဝေဝါးနေပြီး နားမလည်နိုင်သည့် ဟန်ပန်ဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့ တောင်းပန်ရတာလဲ"

လျိုရှန်းကျယ်သည် မတ်တပ်ထရပ်လိုက်ပြီး လွီရူဟွေ့ကို မျက်နှာမူကာ အလေးအနက် ဦးညွတ်လိုက်သည်။ "ကိုယ့်အမှားပါ။ ကိုယ် မင်းကို အထင်လွဲခဲ့မိတယ်"

သူမကို လေးလေးနက်နက် တောင်းပန်နေသည့် လျိုရှန်းကျယ်ကို ကြည့်ပြီး အချိန်အတော်ကြာမှ လွီရူဟွေ့က တိုးညှင်းစွာ မေးလိုက်၏။ "ရှင် ဘယ်လိုလုပ် သိသွားတာလဲ"

သူမသည် အလွန်တည်ငြိမ်နေပြီး သူ့ကို မျက်စိကန်းသူ၊ နှလုံးသားကန်းသူဟု လှောင်ပြောင်ခြင်း မရှိသလို အရာအားလုံး၏ အစဖြစ်သည့် လျိုယွိအန်းကိုလည်း ထည့်မပြောခဲ့ပေ။

"ယွိအန်းရဲ့ ဘေးနားကအစေခံလေးက သူနဲ့ သူ့အမေအရင်း စကားပြောတာကို ကြားလိုက်ရလို့ ကိုယ် သိလိုက်ရတာ။ အဲဒီကလေးက မင်း ကိုယ်ဝန်ရှိနေပြီလို့ အထင်လွဲပြီး သူ့ကို တခြားနေရာ ပို့လိုက်မှာ ကြောက်လို့ ဝမ်းနည်းပက်လက်နဲ့ သူ့အဒေါ်ဝမ်းကွဲရဲ့ စကားကို နားထောင်လိုက်မိတာပါ ..."

သူ့ စကားမဆုံးခင်မှာပင် လွီရူဟွေ့သည် သူမ ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်များ၏ အကြောင်းရင်းကို နားလည်သွားခဲ့လေသည်။

သူမကို တစ်ကိုယ်ကောင်းဆန်တယ် ပြောချင်ပြော၊ သွေးအေးတယ် ပြောချင်ပြော၊ သူမက လူတွေကို အမြဲတမ်း အဆိုးဆုံးဘက်ကနေ တွေးကြည့်လေ့ရှိတယ်။ အဲဒီကလေးကို မွေးစားပြီးတဲ့နောက်မှာ ဝမ်ရှီက မကြာခဏ ဝင်ထွက်သွားလာနေတော့ ဝမ်ရှီနဲ့ လျိုရှန်းကျယ်ရဲ့ ဦးလေးမိသားစုက တခြားရည်ရွယ်ချက်တွေ ရှိနေတယ်လို့ သူမ ထင်မြင်မိခဲ့တယ်။

ဒီလို မိသားစုအချင်းချင်း သွေးခွဲတဲ့စကားမျိုးကို လျိုရှန်းကျယ်က ယုံမှာမဟုတ်သလို နားထောင်ချင်မှာလည်း မဟုတ်ဘူး။ ဒါကြောင့် သူမ ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ အမြဲတမ်း သတိထားနေခဲ့တယ်။

မထင်မှတ်ထားတာက အဲဒီကလေးက မကြီးပြင်းသေးခင်မှာတင် သူမကို ဒုက္ခပေးနိုင်နေပြီ။

သူမက လျိုရှန်းကျယ်၏ စကားကို ဆက်ပြောလိုက်၏။ "တကယ်လို့သာ ကျွန်မ သူ့ကို ထိခိုက်အောင် လုပ်ခဲ့ရင် ရှင့်ရဲ့ စိတ်နေသဘောထားအရ မျှမျှတတ စီရင်မှာဖြစ်သလို သူ့အပေါ်မှာလည်း ပိုပြီး အားနာစိတ် ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်မ တကယ် ကိုယ်ဝန်ရှိလာရင်တောင် ရှင်က သူ့ကို အိမ်ပြန်ပို့မှာ မဟုတ်တဲ့အပြင် သူ့ကို ပိုပြီးတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံဦးမယ် မဟုတ်လား"

လျိုရှန်းကျယ်၏ ခေါင်းသည် ပိုမိုငုံ့ကျသွားပြီး စိတ်ထဲတွင် ရှက်ရွံ့နေသော်လည်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ သူတို့က အဲဒီလို တွေးထားခဲ့ကြတာ"

"ထလိုက်ပါတော့။ ဒီကိစ္စက ရှင်နဲ့ ဘာဆိုင်လို့လဲ။ ရှင်လည်း အလိမ်ခံလိုက်ရတာပဲလေ"

လျိုရှန်းကျယ်ကတော့ ဇွတ်အတင်း ပြောဆိုနေဆဲပင်။ "ကိုယ့်အမှားပါ။ ကိုယ် သေသေချာချာ မစုံစမ်းဘဲ သူများစကားကို အလွယ်တကူ ယုံကြည်ခဲ့မိတာ။ ကိုယ့်စိတ်ထဲက အစွဲနဲ့ မင်းကို ဆုံးဖြတ်ပြီး မင်းကို အပြစ်တင်ခဲ့မိတာပါ"

သူမ ကိုယ်တိုင် အမှန်တရားကို ရှင်းပြစရာမလိုဘဲ သူ ကိုယ်တိုင် စုံစမ်းသိရှိသွားခဲ့ပြီပဲ။

သူက သူတို့အတွက် ဖုံးကွယ်မပေးခဲ့သလို အမှားကိုလည်း ဝန်ခံခဲ့တယ်။ ဒါကတော့ သူမ နှစ်ပေါင်းများစွာ သိကျွမ်းပြီး နှစ်သက်ခဲ့ရတဲ့ လျိုရှန်းကျယ် လုပ်မယ့် အလုပ်မျိုးပါပဲ။

အခု ပြန်စဉ်းစားကြည့်လိုက်ရင် ထိုစဉ်က ရွေးချယ်မှုကို သူမ ကိုယ်တိုင်တောင် ချီးကျူးရမယ်။ လွီရူရှင်းက မနာလိုဝန်တိုစိတ်နဲ့ ရူးမတတ် ဖြစ်သွားခဲ့တာ မဆန်းပါဘူး။

လွီရူဟွေ့သည် ယခင်က ဒီမြင်ကွင်းကို အလွန် မြင်တွေ့ခဲ့ဖူးလေသည်။

လျိုရှန်းကျယ်ကို သူ အထင်လွဲမှားခဲ့ကြောင်း သိစေချင်ခဲ့တယ်။ သူမ သူ့ကို စိတ်ရှိတိုင်း လှောင်ပြောင်ချင်ခဲ့တယ်။ သူ တောင်းပန်တာကို ကြည့်ချင်တယ်။ သူ့မျက်လုံးကန်းခဲ့ကြောင်း ဝန်ခံတာကို ကြည့်ချင်ခဲ့တယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ စိတ်ထဲမှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူမ သေသွားပြီလေ။ သူ နောက်ကျသွားပြီ။

"ကောင်းပါပြီ။ ရှင် တောင်းပန်တာကို လက်ခံလိုက်ပါပြီ။ ပြီးတော့ ... ရှင့်ကို ခွင့်လွှတ်လိုက်ပါပြီ"

လျိုရှန်းကျယ်သည် ခေါင်းမော့လာပြီး မျက်လုံးထဲတွင် မသိမသာ စိုးရိမ်စိတ်များ ပါဝင်နေ၏။ "တကယ်လား"

လွီရူဟွေ့ကဲ့သို့သော စိတ်နေသဘောထားရှိသူသည် ဤမျှအထိ အထင်လွဲခံရလျှင် စိတ်ဖြေဖျောက်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် သူမသည် အချစ်အမုန်း ကြီးမားသူဖြစ်ရာ ခွင့်မလွှတ်နိုင်လျှင် သူ့ကို လိမ်ညာလိမ့်မည် မဟုတ်ပေ။

"တကယ်ပါ" လွီရူဟွေ့သည် သူ့ကိုယ်ပေါ်မှ အကြည့်လွှဲလိုက်ပြီး ထောင့်နားတွင်ရှိသည့် ပန်းအိုးကို ကြည့်လိုက်သည်။

နှစ်တိုင်း ဒီအချိန်ဆိုရင် ပန်းအိုးထဲမှာ ဆောင်းဦးပန်းတွေ ထိုးထားလေ့ရှိပေမယ့် အခုတော့ ဗလာကျင်းနေတဲ့ ပန်းအိုးတစ်လုံးသာ ကျန်ရှိတော့တယ်။ ကြည့်ရတာ နည်းနည်းတော့ နေသားမကျဘူး။

လျိုရှန်းကျယ်သည် သူမ၏ အကြည့်ကို သတိထားမိသဖြင့် ခေါင်းလှည့်ကာ ထိုပန်းအိုးကို တစ်ချက်ကြည့်လိုက်သည်။

"လျိုယွိအန်းကို ဘယ်လို စီစဉ်လိုက်လဲ" အကြည့်ပြန်လွှဲပြီးနောက် လွီရူဟွေ့က တည်ငြိမ်စွာ မေးလိုက်၏။

"ကိုယ် သူ့ကို ဆူပူကြိမ်းမောင်းပြီးပါပြီ။ အိမ်ပြန်ရောက်တော့ အိမ်စည်းကမ်းနဲ့ အပြစ်ပေးခဲ့တယ်။ နောက်ပိုင်းကျရင် သူ့ရဲ့ အကျင့်စာရိတ္တကို အမြဲ စောင့်ကြည့်ခိုင်းထားမယ်။ တကယ်လို့ မကောင်းတော့ဘူးဆိုရင် ထပ်ပြီး အရေးယူမယ်"

လွီရူဟွေ့သည် နှုတ်ခမ်းထောင့်ကို တွန့်ရုံ ပြုံးလိုက်သည်။ တကယ့်ကို သူ့ပုံစံပါပဲ။

တကယ်လို့သာ သူမဆိုရင် ဒီကလေးကို လုံးဝ ထားမှာမဟုတ်ဘူး။ ဒါပေမဲ့ လျိုရှန်းကျယ်ကတော့ မလုပ်ဘူး။ လျိုမိသားစုဝင်တွေ အပေါ်မှာ သူက အမြဲတမ်း သဘောထားကြီးလွန်းတယ်။

"ကောင်းပါတယ်" သူမက ပြောလိုက်၏။

"ယွိအန်းက မင်းနဲ့ကိုယ် ကွာရှင်းလိုက်ရတဲ့ ကိစ္စအတွက် အရမ်း အားနာနေတယ်။ နှစ်သစ်ကူး ၄ရက်နေ့တုန်းက သူက ကိုယ်နဲ့အတူလိုက်ပြီး မင်းကို တောင်းပန်ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်း သူ့ကိုမြင်ရင် စိတ်ဆိုးမှာစိုးလို့ မခေါ်သွားခဲ့တာ။ အခုချိန် သူ အခန်းထဲမှာ ရှိလောက်မယ်။ မင်း သူ့ကို တွေ့ချင်လား"

လျိုရှန်းကျယ် စိတ်ထဲတွင် အနည်းငယ် သံသယဝင်မိသည်။ အဲဒီနေ့က သူမ တံခါးခေါက်သံကို ကြားပြီး သူ့ရည်ရွယ်ချက်ကိုလည်း သိချင်နေလျက်နဲ့ ဘာဖြစ်လို့ တံခါးမဖွင့်ပေးခဲ့တာလဲ။

"တွေ့ဖို့တော့ မလိုပါဘူး။ ကျွန်မက ဒီလောက် အသက်ကြီးနေပြီပဲ။ ကလေးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး အပြစ်ယူနေမှာလဲ"

ပါးစပ်က ပြောနေပေမယ့် လျိုရှန်းကျယ် ခံစားမိတာကတော့ သူမက ဒီဖြေရှင်းနည်းကို သဘောမကျဘူး ဆိုတာပါပဲ။

ဒီကိစ္စသာ သူတို့ မကွာရှင်းခင်က ပေါ်ပေါက်ခဲ့မယ်ဆိုရင် သူမက ယွိအန်းကို ဒုတိယအကြိမ် အခွင့်အရေး ပေးမှာ မဟုတ်ဘူး။

ဒါပေမဲ့ ယွိအန်းက ငယ်သေးတယ်။ အကောင်းအဆိုး မခွဲခြားတတ်သေးဘူး။ အနည်းဆုံးတော့ ကိစ္စတစ်ခုတည်းနဲ့ သူ့ရဲ့ အရာအားလုံးကို ငြင်းပယ်လို့ မရဘူးလေ။ ဖခင်တစ်ယောက်အနေနဲ့ ကိုယ်က သူ့ကို အခွင့်အရေးတစ်ကြိမ် ပေးရမှာပေါ့။

သူမ ပြောပြီးနောက် မျက်နှာတွင် နွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်လာသည်ကို မြင်သောအခါ လျိုရှန်းကျယ်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ထပ်မံပြောလိုက်သည်။ "တကယ်လို့ မင်း မလုံလောက်ဘူးလို့ ထင်ရင် ကိုယ် ..."

"မလိုပါဘူး" လွီရူဟွေ့က သူ့စကားကို ဖြတ်ပြောလိုက်ပြီး ထွက်လုနီးပါး စကားများကို မပြောခိုင်းတော့ပေ။

"ကျွန်မက စိတ်သဘောထား သေးသိမ်တယ်။ အမြင်ကျဉ်းတယ်။ တစ်ခါတလေ လုပ်စရာရှိရင် အပြတ်ဖြတ်ပစ်ရတာ ကြိုက်တယ်"

သူမ၏ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှုကို နားထောင်ရင်း လျိုရှန်းကျယ်သည် ဝင်ရောက် မှတ်ချက်မပေးဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

"ကျွန်မက စိတ်ကျေနပ်ဖို့ပဲ လိုချင်တယ်။ ရှင်ကတော့ မျှတမှုကို လိုချင်တယ်။ ဒါကြောင့် ကျွန်မတို့ လက်ထပ်ပြီးတဲ့အခါ အမြဲတမ်း ရန်ဖြစ်ကြရတယ်" လွီရူဟွေ့သည် ကုလားထိုင်နောက်မှီကို မှီလိုက်ပြီး တစ်စုံတစ်ခုကို ပြန်လည် သတိရမိသလို မျက်လုံးများက အဝေးသို့ ငေးကြည့်နေမိသည်။

"မင်းအမှား မဟုတ်ပါဘူး။ ကိုယ်က ... သိပ်ပြီး တွက်ကပ်လွန်းခဲ့တာပါ" အမှန်တရားကို သိရှိပြီးနောက်ပိုင်း ရက်များတွင် သူသည် သူတို့၏ ဆယ်နှစ်ကျော် ဘဝကို ပြန်လည် သုံးသပ်ခဲ့မိသည်။ သူ့ရဲ့ သဘောထားကြီးမှု အများစုကို တခြားလူတွေဆီ ပေးခဲ့ပြီး လွီရူဟွေ့အတွက်တော့ အများကြီး မချန်ထားခဲ့ဘူး။

သူတို့ ရန်ဖြစ်ကြပေမယ့် အမြဲတမ်း လွယ်လွယ်ကူကူ ပြန်ပြေလည်သွားကြတယ်။ ဒါကြောင့် လွီရူဟွေ့ စိတ်ဆိုးတာက ကြီးမားတဲ့ကိစ္စ မဟုတ်ဘူးလို့ သူ အမြဲတမ်း ထင်ခဲ့မိတာ။

သူတို့ အမြဲတမ်း ပြန်ပြေလည်သွားကြမှာပဲလေ။

လွီရူဟွေ့က ပြုံးလိုက်၏။ "အမြဲတမ်း အမှားဝန်ခံနေစရာ မလိုပါဘူး။ တကယ်တော့ အချိန်တော်တော်များများမှာ ရှင် မှန်ပါတယ်။ ကျွန်မက စိတ်ကျေနပ်ဖို့ပဲ ဦးစားပေးခဲ့တယ်။ ဒါပေမဲ့ ခဏတာ စိတ်ကျေနပ်မှုကလွဲရင် ဘာမှ မရခဲ့ဘူး။ ပြဿနာကိုလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိဘူး"

"ဒါပေမဲ့ ကိုယ့်နည်းလမ်းနဲ့ ဖြေရှင်းရင် မင်း စိတ်မပျော်ဘူးလေ"

လွီရူဟွေ့သည် သူ့မျက်နှာ၊ သူ့ရဲ့ အလေးအနက်ထားတဲ့ အမူအရာကို ကြည့်ပြီး မျက်လွှာကို ဖြည်းညှင်းစွာ ချလိုက်သည်။ "ကျွန်မ ပျော်တာ မပျော်တာက ရှင်နဲ့ မဆိုင်တော့ပါဘူး။ လျိုရှန်းကျယ်၊ ကျွန်မတို့ ကွာရှင်းပြီးပြီလေ။ ရှင် ကိုယ့်အတွက်ကိုယ် ပိုစဉ်းစားသင့်တယ်။ ရှင် သဘောကျရင် သူ့ကို ဆက်ထားလိုက်ပါ"

လျိုရှန်းကျယ်၏ မျက်နှာသည် အနည်းငယ် ညှို့မှိုင်းသွားတော့သည်။ သူမ ကွာရှင်းခြင်းအကြောင်း ပြောသည်ကို နားထောင်ရတာ မကြိုက်ပေ။

ဒါက သူ့ရဲ့ ဆုံးဖြတ်ချက် မြန်ဆန်မှုနဲ့ မာနကြီးမှုကြောင့် သူ ဘာဆုံးရှုံးလိုက်ရလဲ ဆိုတာကို ထပ်ခါထပ်ခါ သတိပေးနေသလိုပဲ။

လွီရူဟွေ့သည် သူ၏ စိတ်လှုပ်ရှားမှုကို သတိမထားမိသလို ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ နောက်တစ်ခါ ရှင် မိန်းမထပ်ယူရင် သေသေချာချာလေး ရွေးတာ ပိုကောင်းမယ်။ ဒါမှ ဝမ်ရှီ ထပ်ပြီး လက်မပါလာနိုင်မှာ"

"လွီရူဟွေ့!"

"ဘာဖြစ်လို့လဲ" လွီရူဟွေ့က နားမလည်သလို ကြည့်လိုက်သည်။ သူ့မျက်နှာထားက အတော်လေး ဆိုးရွားနေသည်ကို တွေ့လိုက်ရ၏။

"ကိုယ် တခြားတစ်ယောက်ကို လက်ထပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး" လျိုရှန်းကျယ်က လေးနက်စွာ ပြောလိုက်သည်။

"ဒါဆိုရင် အခု စဉ်းစားလို့ ရပြီလေ"

အသက် ၄၀ မပြည့်သေးဘဲ အဆင့်လေး အရာရှိ ဖြစ်နေပြီ။ ရုပ်ရည်သန့်ပြန့်ပြီး မိဘနှစ်ပါးလုံး မရှိတော့ဘူး။

ကွာရှင်းဖူးပေမယ့် အိမ်တွင်းရေး ရှင်းလင်းတယ်။ ကိုယ်တိုင် သွေးသားရင်းချာ သားသမီး မကျန်ရစ်ခဲ့ဘူး။ မွေးစားသား တစ်ယောက်ကတော့ ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူး။ အိမ်တော်တော်များများ အတွက်တော့ သူက အကောင်းဆုံး သားမက်လောင်း ဖြစ်နေဆဲပဲ။

"ကိုယ် မလိုချင်ဘူး" သူ့လေသံက သူမနဲ့ ရန်ဖြစ်နေသလိုပင်။

သူမ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လျိုရှန်းကျယ်သည် ထိုနေ့က ဆရာကတော် မေးခဲ့သည်ကို ပြန်သတိရမိသည်။ ပါးစပ်ပါလျက်နဲ့ ဘာလို့ မရှင်းပြတာလဲ။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လိပ်ပြာကိုယ်လုံလို့။ ကိုယ့်အကျင့်စာရိတ္တ ကောင်းမွန်တယ်လို့ ယုံကြည်လို့။ ကိုယ်လုပ်ခဲ့တာတွေကို တခြားလူတွေကို ရှင်းပြဖို့ မထိုက်တန်ဘူးလို့ ထင်လို့။ ဒါပေမဲ့ သူ မပြောရင် အထင်လွဲမှုတွေက ထာဝရ ရှိနေတော့မှာ။

နောက်ဆုံးတွင် သူက လွီရူဟွေ့ကို ပြောလိုက်၏။ "အဲဒီနေ့က မင်း ကိုယ့်ကို မေးတယ်။ လွီရူရှင်းကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ရဲလားလို့။ ကိုယ် မင်းကို မဖြေခဲ့ဘူး။ ငါတို့ စေ့စပ်ထားတယ် ဆိုတာ သိရတုန်းက ကိုယ် သူ့ကို မြင်ဖူးတယ်။ စိတ်ထဲမှာလည်း သဘောကျခဲ့မိတယ်"

"မင်း ကိုယ့်ဆီ စရောက်လာတုန်းက လူချင်းလဲတဲ့ကိစ္စကြောင့် ကိုယ် မင်းကို အေးစက်စက် ဆက်ဆံခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်း ကိုယ့်အပေါ် ကောင်းတာတွေကို ကိုယ် စိတ်ထဲမှာ မှတ်ထားတယ်။ ကိုယ် ကျိန်ရဲပါတယ်။ ဒီနှစ်တွေမှာ ကိုယ့်စိတ်ထဲမှာ တခြားဘယ်သူမှ မရှိခဲ့ဘူး။ ကိုယ့်ဇနီးသည်က မင်းကလွဲပြီး တခြားဘယ်သူမှ မဖြစ်စေရဘူးလို့ တွေးထားခဲ့တယ်"

ဒါက လျိုရှန်းကျယ် သူတို့ကြားက ကိစ္စတွေကို သူ့ဘက်ကနေ ပြောပြတာ ပထမဆုံး အကြိမ်ပဲ။

သူ့ရဲ့ အတွေးတွေကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူး။

"ကျွန်မ သိပါတယ်" လွီရူဟွေ့က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်၏။ "ကျွန်မ လွီရူရှင်းကို ရိုက်တဲ့နေ့က သူ ကျွန်မကို ပြောတယ်။ သူ တမင်သက်သက် လုပ်တာတဲ့။ ရှင့်နား တမင်ကပ်ပြီး ကျွန်မကို တမင်သက်သက် ဆွပေးတာတဲ့"

လျိုရှန်းကျယ်၏ မျက်နှာပေါ်တွင် အံ့သြမှုများစွာ မရှိလှချေ။ အရာရှိတစ်ယောက် အနေနဲ့ တည်ငြိမ်စွာ လေ့လာကြည့်ရင် သဲလွန်စတွေကို တွေ့နိုင်မှာပဲလေ။

ဒါပေမဲ့ အစတုန်းက သူဟာ အရာရှိလောကရဲ့ စူးရှထက်မြက်မှုကို နေအိမ်ထဲ သယ်ဆောင်မလာခဲ့ဘဲ သူ တစ်ချိန်က အထူးတလည် ဆက်ဆံခဲ့ဖူးတဲ့ မိန်းကလေးအပေါ်မှာ အသုံးမချခဲ့မိဘူးလေ။

သူ ဘာမှ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လွီရူဟွေ့က လွီရူရှင်းအပေါ် သူထားရှိသည့် သဘောထားကို စဉ်းစားပြီး ပြောလိုက်၏။ "ရှင် ကျွန်မစကားကို မယုံလောက်ဘူး။ ဒါပေမဲ့ ဒါက တကယ် ..."

"ကိုယ် ယုံတယ်" သူက ပြောလိုက်သည်။ "မင်းက အကြောင်းမဲ့သက်သက် လူမရိုက်ဘူးဆိုတာ ကိုယ် ယုံတယ်"

လျိုရှန်းကျယ်သည် သူမကို အားနာစွာ ပြောလိုက်၏။ "အစတုန်းက ကိုယ့်အပြုအမူတွေ မှားယွင်းခဲ့လို့ မင်း အထင်လွဲသွားတာ။ မင်းကို သေသေချာချာ မရှင်းပြခဲ့မိဘူး။ ကိုယ့်အမှားပါ"

"ဒါပေမဲ့ အဲဒီတုန်းက ကျွန်မလည်း ရှင့်ကို မယုံကြည်ခဲ့ဘူးလေ" လွီရူဟွေ့က ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကိုယ့်ဘာသာကိုယ် လုပ်မိတာပဲလေ"

ရင်ထဲက အလုံးကြီးကို သူက တစ်တုံးချင်း ဖယ်ရှားပေးလိုက်သလို သူမ စိတ်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

အရင်တုန်းက သူတို့ကို ရန်သူတွေ ဖြစ်လုနီးပါး ဖြစ်စေခဲ့တဲ့ ပဋိပက္ခတွေက အခု ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့ သိပ်မပြင်းထန်တော့ပါဘူး။

ဒါပေမဲ့ အဲဒီတုန်းက ရန်ဖြစ်ကြတုန်းက ဘယ်သူမှ နောက်မဆုတ်ခဲ့ကြဘူး။

သူမကို သေတဲ့အထိ စိတ်မအေးချမ်းစေခဲ့တဲ့ ကိစ္စတွေက ဒီလို ရိုးရိုးရှင်းရှင်းလေးနဲ့ ပြီးဆုံးသွားခဲ့တယ်။

လျိုရှန်းကျယ်က လွီရူဟွေ့ တစ်ခုခု ထပ်ပြောဦးမည်ဟု ထင်မှတ်ထားသော်လည်း သူမက မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်၏။ "မိုးချုပ်နေပြီ။ ကျွန်မ ပြန်သင့်ပြီ"

"ကိုယ် လိုက်ပို့မယ်" လျိုရှန်းကျယ်က အမှန်တွင်တော့ သူမကို ဒီလို ပြန်မသွားစေချင်ပေ။ သည်နေရာ အစကတည်းက သူမ၏အိမ်ပင်။ သူမ ဆက်နေလို့ ဖြစ်နေသည်ပင်။ သို့သော်ငြား လွီရူဟွေ့က လက်ခံမည်မဟုတ်မှန်းလည်း သူ သိနေသည်။

လျိုရှန်းကျယ်က သူမကို တံခါးဝအထိ လိုက်ပို့ရုံ သက်သက် မဟုတ်ဘဲ ရှည်လျားသော လမ်းမကြီးအတိုင်း သူမနှင့်အတူ လမ်းလျှောက်သွားခဲ့သည်။ သူတို့သည် အရင်အကြိမ်များစွာကလို လမ်းပေါ်တွင် တိတ်ဆိတ်စွာ ယှဉ်တွဲ လျှောက်လှမ်းခဲ့ကြသည်။

လျိုမိသားစု၏ မြင်းလှည်းသည် အဝေးမှနေ၍ လိုက်ပါလာပြီး သူတို့ လမ်းလျှောက်ရတာ မောသွားလျှင် လိုက်ပို့ပေးရန် အဆင်သင့် ဖြစ်နေသည်။

လမ်းဘေးဝဲယာရှိ ဆိုင်များတွင် မီးပုံးများ ချိတ်ဆွဲထားပြီး သူတို့သည် မီးပုံးအောက်တွင် လမ်းလျှောက်နေကြရာ ခြေထောက်အောက်တွင် အရိပ်များ ထင်ဟပ်လို့နေသည်။

လမ်းတစ်ဝက်တွင်တော့ သူတို့သည် မြင်းလှည်းစီးပြီး လွီရူဟွေ့၏ အိမ်ရှေ့သို့ ရောက်ရှိလာကြလေသည်။

တင်းကျပ်စွာ ပိတ်ထားသော တံခါးမကြီးရှေ့တွင် ရပ်နေပြီး လွီရူဟွေ့သည် တံခါးဖွင့်ရန် ရှေ့မတိုးသလို လျိုရှန်းကျယ်ကိုလည်း အိမ်ထဲဝင်ရန် မဖိတ်ခေါ်ခဲ့ပေ။

သူမ ကိုယ်ကိုလှည့်လိုက်ပြီး သူ့ကို ပြောလိုက်၏။ "ညမထွက်ရအမိန့် ထုတ်တော့မယ်။ ရှင် ပြန်တော့လေ"

လျိုရှန်းကျယ် ခေါင်းငြိမ့်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားသလို သူမကို ပြောလိုက်၏။ "နောက် ၃ရက်နေရင် ရှန့်ယွမ်ပွဲတော် ရောက်ပြီ"

"အင်း"

"ကိုယ်တိုင် မီးပုံး လုပ်ထားတယ်။ မင်း ... အဲဒီအချိန်ကျရင် မီးပုံး လာကြည့်မလား"

လွီရူဟွေ့ အနည်းငယ် အံ့သြသွားသည်။ ယခင်က သူမသည် သူ့လက်ရေးစာလုံးနှင့် ပန်းချီကို ကြိုက်နှစ်သက်သဖြင့် ရှန့်ယွမ်ပွဲတော် ရောက်တိုင်း မီးပုံးပေါ်တွင် စာရေးပေးရန် သို့မဟုတ် ပန်းချီဆွဲပေးရန် အမြဲ ပူဆာလေ့ရှိသည်။

ထို့နောက် သူမ ကိုယ်တိုင် မီးပုံးတစ်စုံ ပြုလုပ်ပြီး ခြံဝင်းထဲတွင် ချိတ်ဆွဲထားတတ်သည်။

ရှန့်ယွမ်ပွဲတော်တိုင်း သူက လက်ခံလေ့ မရှိချေ။ မနှစ်ကဆိုလျှင် ပြီးပြီးရော စာလုံးနှစ်လုံးလောက်သာ ရေးပေးခဲ့သည်။

ဒီနှစ်တော့ ကိုယ်တိုင် မီးပုံး လုပ်ထားတယ်တဲ့။

"ကောင်းပြီလေ"

သူမက တွေးလိုက်၏။ သူမရဲ့ နောက်ဆုံး ရှန့်ယွမ်ပွဲတော်မှာလည်း အစအဆုံး ရှိသင့်တာပေါ့။

အဖြေရရှိသွားသဖြင့် လျိုရှန်းကျယ်၏ ရင်ထဲက အလုံးကြီး ကျသွားပြီး သူ လှည့်ထွက်ကာ မြင်းလှည်းပေါ် တက်လိုက်လေသည်။ မြင်းလှည်းပေါ် ရောက်သည့်တိုင် သူက လွီရူဟွေ့ကို လှမ်းအော်လိုက်သေး၏။ "မြန်မြန် ပြန်ဝင်တော့"

လွီရူဟွေ့က သူ့ကို ခေါင်းငြိမ့်ပြလိုက်သည်။

လျိုမိသားစု၏ မြင်းလှည်းသည် တဖြည်းဖြည်း ဝေးကွာသွားပြီး လွီရူဟွေ့၏ ပုံရိပ်သည် နောက်ဆုံးတွင် မှောင်မည်းနေသော အိမ်တော်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

...

All Chapters