ကျွန်မ မျှော်နေတာ ကြာပြီ
Vol. 15 Ch. 144
ရှန့်ယွမ်ပွဲတော်နေ့တွင် အိမ်တိုင်းသည် အိမ်တံခါးဝတွင် မီးပုံးများကို စောစီးစွာ ချိတ်ဆွဲထားကြပြီး တချို့သော သူဌေးအိမ်များတွင် ခြံဝင်းအတွင်းတွင် မီးရောင်များ ထိန်လင်းနေလေသည်။
လွီအိမ်တော်သည် ယခင်နှစ်များကဲ့သို့ပင် မိသားစုဝင်အားလုံး ပင်မခြံဝင်းတွင် စုဝေးနေကြပြီး ယွမ်ရှောင်(ဆန်လုံး)စားရင်း အစေခံများက ခြံဝင်းအတွင်းရှိ မီးပုံးများကို တစ်လုံးပြီးတစ်လုံး ထွန်းညှိနေကြသည်ကို ကြည့်ရှုနေကြသည်။
ညဉ့်နက်လာသည့်အခါ လွီအစ်ကို ၂သည် သားသမီးများနှင့်အတူ ထျန်းကျယ်လမ်းမပေါ်ရှိ မီးပုံးပွဲတော်သို့ သွားရောက်ကြည့်ရှုဦးမည်ဖြစ်ရာ လွီဒုတိယယောက်မကလည်း သူတို့နှင့်အတူ လိုက်ပါရန် ညီမဖြစ်သူကို တိုက်တွန်းနေလေသည်။
လွီရူရှင်းက ပြန်မဖြေဘဲနေသည့်အခါ သူမ၏တူနှင့်တူမတို့သည် ပြေးလာပြီး သူမ၏လက်ကိုဆွဲကာ ကလေးသံလေးဖြင့် ချွဲနေကြတော့သည်။
သူမသည် ကလေးနှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ပြုံးကာပြောလိုက်၏။ "ဒေါ်လေးကို ဒီမှာလာချွဲနေမယ့်အစား အဘိုးနဲ့ အဘွားကို သွားချော့လိုက်။ သူတို့ပါ လိုက်လာရင် ဒေါ်လေးက သားတို့နဲ့အတူ လိုက်ခဲ့မယ်"
လွီအမေက ရယ်မောကာ ပြောလိုက်၏။ "နင်က တကယ်ကို ဉာဏ်များတာပဲ။ ငါနဲ့ နင့်အဖေက နင်တို့နဲ့အတူ မီးပုံးပွဲတော် လိုက်ချင်လို့ မဟုတ်ပါဘူး။ ငါတို့ကို ချော့မော့ပြီး ခေါ်သွားတာက ဒီကလေးနှစ်ယောက်ကို ထိန်းခိုင်းချင်လို့ မဟုတ်လား"
"သိပေမယ့် ထုတ်မပြောပါနဲ့လား။ အမေက ယောက်မကို နည်းနည်းလေးတောင် မျက်နှာမသာပေးပါလား"
လွီရူရှင်း ပြောလိုက်ပြီးနောက် မိသားစုဝင်အားလုံး ရယ်မောလိုက်ကြသည်။
ထိုအချိန်တွင် အိမ်တော်ထိန်းသည် အပြင်ဘက်မှ ဝင်ရောက်လာပြီး လွီအဖေ၏ဘေးသို့ သွားရောက်ကာ တိုးတိုးလေး ပြောလိုက်၏။ "သခင်ကြီး၊ ခုနက သမီးကြီး ရောက်လာပါတယ်"
လွီအဖေ၏ မျက်နှာပေါ်မှ အပြုံးသည် အနည်းငယ် လျော့နည်းသွားသော်လည်း လေသံမှာ လွန်ခဲ့သော ရက်အနည်းငယ်ကလောက် မပြင်းထန်တော့ပေ။ "လူကော"
"တံခါးစောင့် ပြောတာက သမီးကြီးက ဝင်ခွင့်မတောင်းတော့ဘူးတဲ့။ သခင်ကြီးနဲ့ ဖူးရန် ဒီနေ့ မအားလောက်ဘူးလို့ ပြောပြီး တံခါးဝမှာ ဦးသုံးကြိမ်ချကာ ထွက်သွားပါတယ်တဲ့"
"ရူဟွေ့က ဘာသဘောလဲ" လွီအမေသည် အိမ်တော်ထိန်း၏ စကားကို ကြားလိုက်ရသဖြင့် မျက်နှာပျက်သွားတော့သည်။
"ဘာသဘော ရှိရမှာလဲ။ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ သူ့ကို မတွေ့ခဲ့လို့ စိတ်ဆိုးနေတာ နေမှာပေါ့" ပါးစပ်ကသာ ပြောနေသော်လည်း လွီအဖေ၏ စိတ်ထဲတွင် အကြောင်းအရင်းမရှိ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာလေသည်။
သူ့သမီးအကြီးဆုံးက ဘယ်တုန်းက ဒီလောက်ထိ အလျှော့ပေးဖူးလို့လဲ။ တစ်ခုခုများ ဖြစ်နေတာလား။
သူက အိမ်တော်ထိန်းကို ပြောလိုက်၏။ "အဲဒီတံခါးစောင့်ကို ခေါ်လာခဲ့"
"ဟုတ်ကဲ့" အိမ်တော်ထိန်း ထွက်သွားပြီး မကြာခင်မှာပင် လွီအိမ်တော်၏ တံခါးစောင့်ကို ခေါ်ဆောင်လာခဲ့သည်။ ထိုတံခါးစောင့်သည် ရိုးသားပုံရပြီး မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်။
လွီအဖေသည် ညင်သာစွာ မေးမြန်းလိုက်၏။ "ရူဟွေ့က တခြားဘာပြောသေးလဲ"
တံခါးစောင့်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "ကျွန်တော်မျိုးက ပထမသခင်မလေး တံခါးဝမှာ ရပ်နေတာ တွေ့တော့ သခင်ကြီး ဒီနေ့ အားလောက်ပါတယ်၊ အိမ်ထဲဝင်ပြီး ကြည့်ပါလားလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူက ခေါင်းခါပြီး အိမ်ထဲက ငြိမ်းချမ်းမှုကို မနှောင့်ယှက်တော့ပါဘူးတဲ့။ သူ ထွက်သွားတုန်းက နောက်ဆိုရင် ဖြစ်လာတော့မှာ မဟုတ်ဘူး ဆိုတဲ့စကားမျိုး ပြောသွားတာကို ကျွန်တော်မျိုး မသဲမကွဲ ကြားလိုက်ပါတယ်"
လွီအဖေသည် တံခါးစောင့်၏ စကားကို ကြားပြီးနောက် မျက်နှာထား ပြေလျော့သွားပြီး သမီးကြီးသည် နောက်ဆုံးတွင် သူမ၏အမှားကို သိရှိသွားပြီဟု ထင်မြင်မိလိုက်သည်။
သူသည် တံခါးစောင့်ကို လက်ဝှေ့ယမ်းပြလိုက်၏။ "ရပြီ။ ထွက်သွားတော့"
တံခါးစောင့် ထွက်သွားပြီးနောက် လွီအမေသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ရှင့်ကြောင့်သာ မဟုတ်ရင် ရူဟွေ့က ဒီနေ့ အိမ်တံခါးဝရောက်မှ ဘယ်လိုလုပ်ပြီး ပြန်လှည့်သွားမှာလဲ။ ရှင်က ဘယ်လို အဖေမျိုးလဲ"
"တော်ပါတော့။ ကြည့်ရတာ အဲဒီကောင်မလေးလည်း အမှားကို သိသွားတဲ့ပုံပဲ။ ဒီတစ်ခေါက် လွဲသွားလည်း ရှိပါစေတော့။ မင်း သူ့ကို တွေ့ချင်ရင် နောက်ရက်ကျမှ ကိုယ်တိုင် သွားတွေ့လိုက်ပေါ့"
လွီအမေက သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ဒီတစ်ခေါက်ကျတော့ ကျွန်မကို မတားတော့ဘူးလား"
လွီအဖေသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူမကို ဂရုမစိုက်တော့ပေ။
လွီရူရှင်းသည် မိဘနှစ်ပါး၏ စကားကို နားထောင်ရင်း မျက်နှာထား တင်းမာသွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။ လွီရူဟွေ့နဲ့ တကယ်တူပါပေတယ်။ လူ့စိတ်ကို ကောင်းကောင်း ကိုင်တွယ်တတ်တယ်။ ဒီလိုနည်းလမ်းနဲ့ အဖေ့စိတ်ကို ပျော့ပျောင်းသွားအောင် လုပ်နိုင်တယ်ပေါ့။
လွီအိမ်တော်မှ ထွက်ခွာလာပြီးနောက် လွီရူဟွေ့သည် မီးရောင်ထိန်ထိန် လင်းနေသော လမ်းမကြီးအတိုင်း လျိုအိမ်တော်သို့ သွားရောက်ခဲ့လေသည်။
ယနေ့ လမ်းပေါ်တွင် လူအများအပြား ရှိနေပြီး အများစုမှာ ကလေးများကို ခေါ်ဆောင်လာသော မိဘများ ဖြစ်ကြသည်။ သူတို့သည် ထမင်းစားပြီးသည်နှင့် ထျန်းကျယ်လမ်းမသို့ မီးပုံးသွားကြည့်ကြခြင်း ဖြစ်သည်။
လွီရူဟွေ့သည် လမ်းသွားလမ်းလာများ၏ ဘေးမှ ဖြတ်သန်းသွားပြီး လူအများစုသည် ထိုရနံ့ကို ရရှိလိုက်သောအခါမှ ယခုလေးတင် လူတစ်ယောက် ဖြတ်သွားကြောင်း သတိပြုမိလိုက်ကြသည်။
လျိုအိမ်တော်သို့ ရောက်သောအခါ ညနေ ၅နာရီမှ ၇နာရီ အချိန်သာ ရှိသေးပြီး လျိုအိမ်တော်၏ တံခါးမကြီး ပွင့်နေကာ အိမ်တော်ထိန်းသည် တံခါးဝတွင် ရပ်လျက် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသကဲ့သို့ မကြာခဏ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်နေသည်။
သူမ အနားရောက်လာမှ အိမ်တော်ထိန်းသည် သူမကို နောက်ဆုံးတွင် တွေ့ရှိသွားဟန်တူပြီး အလျင်အမြန် ရှေ့သို့ တိုးလာကာ အလွန်ရိုသေလေးစားစွာဖြင့် ကြိုဆိုလိုက်သည်။ "ဖူးရန် ရောက်လာပြီပဲ"
"စောင့်နေရတာ ကြာပြီလား"
"ဖူးရန်က ကျွန်တော်မျိုးကို အားနာအောင် လုပ်နေပါပြီ။ ဖူးရန် မြန်မြန် အထဲဝင်ပါ။ သခင်ကြီးက ခြံဝင်းထဲမှာ ဖူးရန်ကို စောင့်နေတာ ထမင်းတောင် မစားရသေးပါဘူး"
လွီရူဟွေ့သည် ပြန်ဖြေလိုက်ပြီး အိမ်တော်ထိန်း၏ မသင့်လျော်သော အခေါ်အဝေါ်ကို ထောက်ပြခြင်း မပြုဘဲ ပင်မခြံဝင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။
အိမ်တော်ထိန်းသည် နောက်မှ လိုက်ပါသွားရင်း စိတ်ထဲတွင် တွေးနေမိလေသည်။ ဖူးရန် မရှိတဲ့ ရက်တွေမှာ အိမ်တော်ထဲမှာ သက်ဝင်လှုပ်ရှားမှု မရှိသလိုပဲ။ တော်သေးတာက သခင်ကြီးက နှစ်သစ်ကူးပြီးတာနဲ့ သဘောပေါက်သွားပြီး လူကို ပြန်ချော့ခေါ်လာခဲ့လို့ပဲ။
အပြင်လောကမှာ ဖူးရန်က ကလေးမမွေးနိုင်လို့ နေရာမဖယ်ပေးချင်ဘူး ဆိုတဲ့ ကောလာဟလတွေ အများကြီး ထွက်နေပေမယ့် လျိုအိမ်တော်ရဲ့ အိမ်တော်ထိန်း တစ်ယောက်အနေနဲ့ သူကတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ သခင်ကြီးနဲ့ ဖူးရန်က တစ်ယောက်က ရိုက်ချင်ပြီး တစ်ယောက်က အရိုက်ခံချင်နေကြတာပဲ။
သူတို့သခင်ကြီးလို လူမျိုးက ကလေးတစ်ယောက်ကို မွေးစားဖို့ ဆန္ဒရှိပေမယ့် မယားငယ်ယူဖို့ ဆန္ဒမရှိဘူး။ တကယ်လို့ ဖူးရန်အပေါ်မှာ မေတ္တာစစ် မရှိဘူးဆိုရင် ဒီကမ္ဘာလောကကြီးထဲမှာ မေတ္တာစစ် ရှိတဲ့သူလည်း သိပ်မရှိတော့ဘူးလို့ ပြောရမှာပဲ။
မူလက ကောင်းမွန်တဲ့ နေ့ရက်လေးတွေမှာ မွေးစားလိုက်တဲ့ သခင်လေးက စိတ်မချရဘဲ ဒီလိုပြဿနာတွေ ဖန်တီးလိုက်တာ။ သူတို့တွေ မြန်မြန် ပြေလည်သွားဖို့ပဲ မျှော်လင့်ပါတယ်။ ကြည့်ရတာ ဖူးရန် ဒီနေ့ လာတယ်ဆိုတော့ သခင်ကြီးကို အခွင့်အရေး ပေးလိမ့်မယ် ထင်တယ်။
လွီရူဟွေ့သည် ပင်မခြံဝင်းထဲသို့ ဝင်ရောက်လာသည်နှင့် ခြံဝင်းထဲတွင် မီးပုံးအများအပြား ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရပြီး မီးပုံးပုံစံနှင့် နေရာချထားပုံမှာ မနှစ်ကနှင့် သိပ်မကွာခြားလှပေ။
မီးပုံးတိုင်းတွင် မီးပုံးပဟေဠိများ ရေးသားထားသည်။
အပေါ်က လက်ရေးကို ကြည့်ရသည်မှာ လျိုရှန်းကျယ် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ဟန်တူ၏။
သူမသည် သိလိုစိတ်ဖြင့် တစ်ခုပြီးတစ်ခု ကြည့်ရှုသွားရာ ၅ခု ကြည့်ပြီးချိန်တွင် ပဟေဠိ ၃ခုသာ အဖြေမှန်ကို ခန့်မှန်းနိုင်ခဲ့သည်။
သူမ ဆက်လက်ကြည့်ရှုရန် ပြင်လိုက်စဉ် လျိုရှန်းကျယ်သည် မီးပုံးနှစ်လုံးကို ကိုင်ဆောင်ကာ ထွက်လာသည်ကို တွေ့လိုက်ရပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လွီရူဟွေ့၏ အကြည့်သည် ထိုမီးပုံးနှစ်လုံးဆီသို့ ရောက်ရှိသွားတော့သည်။
လျိုရှန်းကျယ်၏ လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ လှည့်လို့ရသည့် မီးပုံးတစ်စုံ ဖြစ်ပြီး အတွင်းဘက် မီးပုံးခွက်ပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို ရေးဆွဲထားသည်။ သူတို့သည် စာဖတ်ခြင်း၊ စာရေးခြင်း၊ ထမင်းစားခြင်း စသည့် သာမန်ကိစ္စရပ်များကို ပြုလုပ်နေကြခြင်း ဖြစ်သည်။
သူသည် မီးပုံးတစ်လုံးကို လွီရူဟွေ့အား လှမ်းပေးလိုက်ပြီး သူမကို ပြောလိုက်၏။ "ပထမဆုံးအကြိမ် မီးပုံးလုပ်ဖူးတာဆိုတော့ လက်ရာ သိပ်မသေသပ်ဘူး။ သည်းခံပြီး ကြည့်ပေးပါ"
သူက မိမိကိုယ်ကို ဒီလောက် ယုံကြည်မှု မရှိတာ ရှားပါးလှတယ်။
လွီရူဟွေ့သည် မီးပုံးကို လက်ခံလိုက်ပြီး မိမိ၏ မျက်နှာရှေ့သို့ မြှောက်ကြည့်လိုက်ရာ အတွင်းဘက် မီးပုံးခွက်သည် ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို တွေ့ရသဖြင့် အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
ဒီလှည့်မီးပုံးက အပြင်မှာ ရောင်းတဲ့ မီးပုံးတွေလောက် လက်ရာမမြောက်ပေမယ့် လူသစ်တစ်ယောက်အတွက်တော့ အတော်လေး ကြိုးစားထားတယ်လို့ ပြောရမှာပဲ။
"လှပါတယ်၊ ကျွန်မ သဘောကျတယ်"
လျိုရှန်းကျယ်က ပြုံးလိုက်၏။ "မင်း သဘောကျရင် ပြီးတာပါပဲ"
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အကြံပြုလိုက်၏။ "မီးပုံးပွဲတော် သွားလည်မလား"
ယခင်နှစ်များက သူသည် လူစုလူဝေးကို သိပ်မကြိုက်သော်လည်း လွီရူဟွေ့က ကြိုက်သဖြင့် ရံဖန်ရံခါ သူမနှင့်အတူ လိုက်သွားလေ့ရှိသည်။
"မသွားတော့ပါဘူး၊ လူတွေ အရမ်းများတယ်"
"ဒါဆို ..." သူသည် သူမကို ကြာကြာ နေစေချင်သဖြင့် ဘာပြောရမှန်းမသိ ဦးနှောက်ခြောက်နေတော့သည်။
အရင်တုန်းက သူမက ပြောသူဖြစ်ပြီး သူက နားထောင်သူ ဖြစ်ခဲ့တယ်။ အခု သူ ပြောရမယ့်အလှည့် ရောက်တော့မှ တူညီတဲ့ ခေါင်းစဉ်တစ်ခု ရှာရတာ ဒီလောက်ခက်ခဲမှန်း သိလိုက်ရတယ်။
"အိမ်တော်ထိန်း ပြောတာတော့ ရှင် ထမင်းမစားရသေးဘူး ဆို" လွီရူဟွေ့က သူ့စကားကို ဖြတ်ပြီး မေးလိုက်သည်။
လျိုရှန်းကျယ် ခဏတာ ရပ်တန့်သွားပြီး ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ်၊ စားဖို့ အချိန်မရသေးဘူး။ ငါတို့ အတူတူ စားကြမလား"
"ကျွန်မ စားပြီးပြီ"
လျိုရှန်းကျယ်၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားပြီး သူမက ဆက်ပြောသည်ကို ကြားလိုက်ရပြန်သည်။ "ထမင်းပွဲ ပြင်ခိုင်းလိုက်ပါ။ အစာအိမ်ရောဂါ မရအောင် ထမင်းမှန်မှန်စားဖို့ ရှင့်ကို ဘယ်နှစ်ခါ ပြောရမလဲ"
"ကိုယ် သိပါပြီ၊ နောက်ဆိုရင် မဖြစ်စေရပါဘူး" လျိုရှန်းကျယ်သည် လေးလေးနက်နက် ပြန်ဖြေလိုက်ပြီး အစေခံများကို ထမင်းဟင်း ပြင်ဆင်ရန် အလျင်အမြန် မှာကြားလိုက်သည်။
မကြာမီမှာပင် အိမ်တော်ထိန်းသည် ထမင်းဟင်းများကို ပို့ဆောင်လာခဲ့ပြီး အရက်ကိုပါ အပိုဆောင်း ပြင်ဆင်ပေးခဲ့သည်။
လျိုရှန်းကျယ်သည် ပုံမှန်နေ့ရက်များတွင် အရက်မသောက်သော်လည်း ဒီနေ့တွင် အကြောင်းအရင်းမရှိ အရက်သောက်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
လွီရူဟွေ့သည် မြင်းလှည့်မီးပုံးကို ဘေးရှိ စင်ပေါ်တွင် ချိတ်ဆွဲလိုက်ပြီး စားပွဲဘေးတွင် ထိုင်ကာ သူ့ကို အဖော်ပြုပေးနေသည်။
သူမ တကယ် ထမင်းတစ်လုပ်မှ မစားသည်ကို မြင်သောအခါ လျိုရှန်းကျယ်သည် ထပ်မံ တိုက်တွန်းခြင်း မပြုတော့ဘဲ တူကိုကိုင်ကာ ခေါင်းငုံ့၍သာ ထမင်းစားနေလိုက်သည်။
လွီရူဟွေ့သည် တိတ်ဆိတ်စွာ ထိုင်နေပြီး ခေါင်းမော့လိုက်သည့်အခါ ထောင့်ရှိ ပန်းအိုးထဲတွင် မည်သည့်အချိန်ကတည်းကမှန်း မသိဘဲ ထိုးစိုက်ထားသည့် ဆောင်းဦးပန်းတချို့ တွေ့လိုက်ရသည်။
သူမသည် ဆောင်းဦးပန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်လေသည်။
ပန်းကန်လုံးထဲမှ နောက်ဆုံး ထမင်းစေ့အထိ စားပြီးမှ လျိုရှန်းကျယ်သည် တူကို ချလိုက်သည်။
ထို့နောက် သူသည် အရက်တစ်ခွက် ငှဲ့လိုက်ပြီး တစ်ရှိန်ထိုး မော့သောက်လိုက်ရာ ပြင်းရှရှ အရက်ရည်ကြောင့် သူ့မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ရှင် အရက်သောက်တာ မကြိုက်ဘူး မဟုတ်လား"
မင်္ဂလာဆောင်တဲ့နေ့က သူတို့ မင်္ဂလာဦးအရက် သောက်တုန်းက လျိုရှန်းကျယ်က မျက်နှာပျက်ပြီး သောက်ခဲ့တာကို သူမ မှတ်မိနေပါသေးတယ်။
အဲဒီတုန်းက လျိုရှန်းကျယ်က သူမကို မကျေနပ်လို့ ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းကျမှ သိလိုက်ရတာက သူက ပုံမှန်အချိန်မှာ အရက် လုံးဝမသောက်ဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဧည့်ခံပွဲ သွားရင်တောင် အရက်တစ်စက်မှ မသောက်ဘူးဆိုတာပဲ။
"မကြိုက်တာ မဟုတ်ပါဘူး၊ မူးလွယ်လို့ပါ" အရက်တစ်ခွက် သောက်ပြီးရုံနဲ့ လျိုရှန်းကျယ်၏ မျက်နှာနှင့် နားရွက်များသည် နီရဲသွားပြီးနောက် သူက နောက်ထပ်တစ်ခွက် ထပ်သောက်လိုက်သည်။
"နှစ်ခွက်နဲ့ မူးသွားပြီလား"
"လေးခွက်သောက်မှ မူးမှာ" လျိုရှန်းကျယ်သည် လက်ချောင်း ၃ချောင်း ထောင်ပြလိုက်ရာ လွီရူဟွေ့ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ကြည့်ရတာ တကယ် မူးနေပြီပဲ။ ဒီအရက်သောက်နိုင်စွမ်းက တကယ်ကို ညံ့လွန်းတာပဲ။
"ဒီနေ့ ဘယ်လိုဖြစ်ပြီး ရုတ်တရက် အရက်သောက်ချင်ရတာလဲ" သူမက သိလိုစိတ်ဖြင့် မေးလိုက်သည်။
အရက်သောက်ထားလို့သာ ပုံမှန်အချိန်မှာ ဘယ်လိုမှ ထုတ်မပြောနိုင်တဲ့ စကားတွေကို သူ ပြောထွက်တာပေါ့။
လျိုရှန်းကျယ်သည် ခဏတာ တိတ်ဆိတ်သွားပြီး ဒီမေးခွန်းကို မဖြေဘဲ သူမကို မေးလိုက်၏။ "အဲဒီနေ့က ကိုယ် မင်းကို တောင်းပန်တော့ မင်းက ကိုယ့်ကို ခွင့်လွှတ်တယ်လို့ ပြောခဲ့တယ်လေ။ အဲဒါ တကယ်ပဲလား"
လွီရူဟွေ့သည် သူ့ကိုယ်ပေါ်မှ အကြည့်ကို ဖြည်းညှင်းစွာ လွှဲလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်၏။ "...တကယ်ပါ"
"တကယ်လို့ ... မင်း ကိုယ့်ကို တကယ် ခွင့်လွှတ်တယ်ဆိုရင် ကိုယ့်ကို အခွင့်အရေး တစ်ကြိမ်လောက် ထပ်ပေးနိုင်မလား" သူက လေးနက်သော မျက်နှာထားဖြင့် လွီရူဟွေ့ကို ပြောလိုက်၏။
အရက်သောက်ထားသဖြင့် သူ့မျက်လုံးများ နီရဲနေပြီး စကားပြောပုံကလည်း ပိုမို ပွင့်လင်းလာခဲ့သည်။
"ဘာအခွင့်အရေးလဲ"
သူက ပြောလိုက်၏။ "ကိုယ့်ကို နောက်တစ်ကြိမ် ပြန်လက်ထပ်မယ့် အခွင့်အရေးပါ"
လွီရူဟွေ့ ပါးစပ်ဟလိုက်စဉ်မှာပင် သူက ထပ်ပြောလိုက်သည်။ "ကိုယ် သိပါတယ်။ မင်း ကိုယ့်ကို အရမ်း စိတ်ပျက်နေတယ် ဆိုတာ။ ကိုယ် စကားမှား ပြောခဲ့သလို အမှားလည်း လုပ်ခဲ့မိတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူးလို့ ကိုယ် ကတိပေးပါတယ်"
ပြောရင်းနှင့် သူက လက်ကိုမြှောက်ကာ ကျိန်ဆိုရန် ပြင်လိုက်သေးသည်။
လွီရူဟွေ့သည် ပြုံးနေပြီး ဘာမှ ပြန်မဖြေခဲ့ပေ။
လျိုရှန်းကျယ်သည် အရက်သောက်ပြီးနောက် အထူးတလည် ခေါင်းမာလာပြီး သူမဆီက အဖြေတစ်ခု မရမချင်း လက်လျှော့မည် မဟုတ်သည့်ပုံပင်။
သူ့အမေးကို အချိန်အတော်ကြာ ခံရပြီးနောက်မှ လွီရူဟွေ့က ပြောလိုက်၏။ "ကျွန်မကို စဉ်းစားခွင့် ပေးပါဦး"
"ဒါဆို မင်း ဘယ်လောက်ကြာကြာ စဉ်းစားမှာလဲ" လျိုရှန်းကျယ်က ထပ်မေးလိုက်သည်။
လွီရူဟွေ့သည် ခေါင်းငုံ့ကာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "မနက်ဖြန်ပေါ့။ မနက်ဖြန် ရှင် အရက်မူးပြေလို့ ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေသေးရင် ကျွန်မဆီ လာမေးပါ။ ကျွန်မ အဖြေပေးမယ်"
"ကောင်းပြီ" လျိုရှန်းကျယ်က လေးနက်စွာ ခေါင်းငြိမ့်လိုက်၏။ "ကိုယ် မနက်ဖြန် မင်းဆီ လာခဲ့မယ်"
လွီရူဟွေ့သည် မျက်နှာနီရဲပြီး မျက်လုံးရီဝေနေသော လျိုရှန်းကျယ်ကို ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ ရှင့်ကို အခန်းထဲ တွဲပို့ပေးမယ်။ အနားယူလိုက်ပါ"
လျိုရှန်းကျယ်သည် စကားနားထောင်စွာဖြင့် သူမနှင့်အတူ အတွင်းခန်းထဲသို့ ဝင်သွားပြီး မပီမသ အသံဖြင့် ပြောလိုက်၏။ "ရူဟွေ့၊ မင်းလက်တွေ အေးနေတယ်"
"ရာသီဥတု အေးလို့ပါ"
"ဟုတ်လား။ ဒါပေမဲ့ အရင် ဆောင်းရာသီတုန်းက မင်းလက်တွေ နွေးနေတာပဲ"
"ဒီနှစ်က မတူဘူးလေ"
"ဪ ..."
သူ ကုတင်ပေါ်တွင် ပြန်လှဲလိုက်ရာ လွီရူဟွေ့က သူ့ကို ဖိနပ်ချွတ်ပေးပြီး စောင်လွှမ်းပေးလိုက်သည်။ မအိပ်ပျော်ခင် သူက သူမလက်ကို ဆုပ်ကိုင်ထားပြီး မေးလိုက်၏။ "ရူဟွေ့၊ မင်း မနက်ဖြန် ကိုယ့်ကို လက်ခံမှာလား"
"အိပ်တော့"
မကြာမီ အခန်းထဲတွင် သူ့အသက်ရှူသံ မှန်မှန် ထွက်ပေါ်လာခဲ့သည်။
အရက်သောက်နိုင်စွမ်း ညံ့ပေမယ့် အရက်မူးရင်တော့ စကားနားထောင်သားပဲ။
လွီရူဟွေ့သည် ကုတင်ဘေးတွင် ထိုင်ကာ သူ့အိပ်ပျော်နေသော မျက်နှာကို ကြည့်နေလိုက်ျဘသည်။
သူမသည် ငယ်စဉ်ကတည်းက ဒီမျက်နှာကို ကြည့်လာခဲ့တာ ဆယ်နှစ်ကျော် ကြာသွားပြီ ဖြစ်သော်လည်း သူကတော့ အများကြီး ပြောင်းလဲမသွားချေ။
အေးစက်နေသော လက်ဖြင့် သူ့ပါးပြင်ကို ထိတွေ့လိုက်ပြီး လွီရူဟွေ့သည် ပြုံးလိုက်မိ၏။ ဝမ်းနည်းစရာကောင်းတာက နောက်ဆိုရင် မမြင်ရတော့မှာပဲ။
ဒါပေမဲ့ အကျင့်ဆိုတာမျိုးက မြန်မြန် ပြင်လို့ရပါတယ်။ သူမ လိုပေါ့။ ကွာရှင်းပြီးကာစ ရက်တွေတုန်းက ညဘက်နိုးလာရင် ဘေးမှာ လူမရှိတာကို မနေသားခဲ့ဘူး။
ဒါပေမဲ့ နောက်ဆုံးတော့ နေသားကျသွားတာပါပဲ။
လျိုရှန်းကျယ်လည်း နောက်ပိုင်းကျရင် နေသားကျသွားမှာပါ။
ချန်းဖိင်ဖန်းရပ်ကွက်။
အားချန်သည် အိမ်က မီးပုံးများကို ထွန်းညှိလိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ အဝတ်အစားသစ် တစ်စုံ လဲလှယ်ဝတ်ဆင်လိုက်သည်။
အပေါ်ပိုင်းတွင် အနီရောင် ရွှေချည်ထိုး ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး ကော်လံနှင့် လက်အနားတွင် နှင်းကဲ့သို့ ဖြူဖွေးသော ယုန်မွှေးများ တပ်ဆင်ထားသည်။ အောက်ပိုင်းတွင် နှင်းကတ္တီပါ စကတ်ရှည်ကို ဝတ်ဆင်ထားပြီး စကတ်အနားတွင် မက်မွန်ပွင့်နီ အစက်အပြောက်များ ထိုးထားသဖြင့် နွေးထွေးပြီး မင်္ဂလာရှိလှသည်။
တံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် သူမသည် မှန်တင်ခုံရှေ့တွင် ထိုင်ကာ ဆံပင် ပြင်ဆင်နေဆဲ ဖြစ်သည်။
သူမသည် တံခါးအပြင်ဘက်က လူကို ဂရုမစိုက်ဘဲ မှန်ရှေ့သို့ တိုးကပ်ကာ ဒီနေ့ ရွေးချယ်ထားသော ရွှေရောင် မက်မွန်ပွင့် ဆံထိုးကို ကြည့်လိုက်ရာ ကြည့်လေ သဘောကျလေ ဖြစ်နေလေသည်။
ဒေါက် ဒေါက် ဒေါက် ...
ခဏအကြာတွင် တံခါးခေါက်သံသည် မနှေးမမြန် ၃ချက် ထွက်ပေါ်လာပြန်သည်။
ထိုအခါမှ အားချန်သည် ကိုယ်ကိုလှည့်ပြီး တံခါးသွားဖွင့်လိုက်၏။
တံခါးပွင့်သွားသည်နှင့် တံခါးဝတွင် ချိတ်ဆွဲထားသော မီးပုံးသည် ညင်သာစွာ လှုပ်ခတ်သွားပြီး ပိုင်ရှိုးမင်သည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ကာ အနက်ရောင် သားမွေးကုတ်အင်္ကျီကြီး လွှမ်းခြုံလျက် တံခါးအပြင်ဘက်တွင် ရပ်နေလေသည်။
အားချန်က သူ့ကို မြင်လိုက်သည်နှင့် မျက်လုံးများ ကွေးညွှတ်သွားတော့သည်။
ပိုင်ရှိုးမင်သည် အားချန်ကို စူးစိုက်စွာ ကြည့်နေပြီး သူမ၏ တောက်ပသော အပြုံးအောက်တွင် သူမထံသို့ လက်ကမ်းပေးလိုက်၏။ "မိန်းကလေးကို ကျွန်တော်နဲ့အတူ မီးပုံးပွဲတော် လိုက်လည်ဖို့ ဖိတ်လို့ရနိုင်မလား မသိဘူး"
"ရတာပေါ့" အားချန်၏ နူးညံ့သော လက်သေးသေးလေးသည် သူ့လက်ဝါးထဲသို့ တိုးဝင်သွားပြီး သူ့ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။
နှစ်ယောက်သား အိမ်တံခါးမှ ထွက်ခွာလာသောအခါ အားချန်၏ အသံသည် သဲ့သဲ့လေး ထွက်ပေါ်လာသည်။
"ရှင် ဘာလို့ ဒီလောက် နောက်ကျမှ လာတာလဲ။ ကျွန်မ မျှော်နေတာ ကြာပြီ"
သူမသည် စောင့်ဆိုင်းနေစဉ် အတွင်း အဝတ်အစားလဲပြီး လှပသော ဆံပင်ပုံစံ ပြင်ဆင်နေခဲ့သော်လည်း စိတ်ထဲတွင် အလွန် စိတ်ပူနေခဲ့သည်။
ပိုင်ရှိုးမင်က ရယ်မောလိုက်၏။ "ကိုယ့်အမှားပါ။ နောက်တစ်ခါကျရင် သေချာပေါက် စောစောလာပါ့မယ်"
"ကောင်းပြီလေ။ ရှင့်ကို ခွင့်လွှတ်ပေးလိုက်မယ်"
...