သူမ ပြန်မလာနိုင်လောက်တော့ဘူး
Vol. 15 Ch. 141
အားချန် အိပ်ရာနိုးလာချိန်တွင် ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေလေသည်။ ချန်ဟွေ့မှာ နိုးမလာသေးသော်လည်း သူဌေးမလွီကတော့ အဆင်သင့် ပြင်ဆင်ပြီးဖြစ်ကာ တံခါးဖွင့်၍ အခန်းထဲမှ ထွက်လာခဲ့သည်။
"သူဌေးမလွီ ဘာလို့ ဒီလောက် စောစောစီးစီး ထရတာလဲ"
လွီရူဟွေ့က သူမဘက်သို့ လှည့်ကြည့်လာပြီး ပြန်ဖြေလိုက်၏။ "စစ်အချိန်(နံနက်၉နာရီမှ ၁၁နာရီ)တောင် ရှိနေပြီဆိုတော့ မစောတော့ပါဘူး။ ကျွန်မအိမ်ကို ပြန်ကြည့်ချင်လို့ပါ။ မဟုတ်ရင် နှင်းတွေပိတ်ပြီး တံခါးဖွင့်မရဘဲ အိမ်ထဲဝင်မရ ဖြစ်နေမှာစိုးလို့ပါ"
သူမ၏ အိမ်တော်သည် ယုံဖိင်ဖန်းရပ်ကွက်တွင် ရှိပြီး သည်နေရာနှင့် သိပ်မဝေးလှပေ။ သို့သော် ကွာရှင်းပြီးနောက် သူမသည် အနီးအနားတွင် အလုပ်အကျွေးပြုသူ အစေခံများကို ပြန်လွှတ်လိုက်သဖြင့် ယခုအခါ အိမ်တွင် ဘယ်သူမှ မရှိချေ။
"ဒီလောက် အလျင်စလို ပြန်ဖို့လိုလို့လား။ မနက်စာ စားပြီးမှ ပြန်ပါလား" အားချန်က ဆွဲထားလိုက်သည်။
လွီရူဟွေ့က ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။ "ကျွန်မ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
"ဒါဆိုရင်လည်း ဖက်ထုပ်တချို့ ယူသွားလိုက်ပါ။ အိမ်ရောက်ရင် ပြုတ်စားလို့ ရတာပေါ့" ယခုနှစ်တွင် လူသားအဖြစ် နေထိုင်ခဲ့သဖြင့် အားချန်၏ ဧည့်ဝတ်ကျေပွန်မှုမှာ အတော်လေး ပြည့်စုံနေပြီ ဖြစ်၏။
ဒီတစ်ကြိမ်တွင်တော့ လွီရူဟွေ့သည် မငြင်းဆန်ခဲ့ချေ။
မနေ့ညက သူတို့ ဖက်ထုပ်အများအပြား ထုပ်ခဲ့ကြပြီး မပြုတ်ရသေးသည့် ဖက်ထုပ်များကို အပြင်ဘက်တွင်ထားကာ အေးခဲထားလိုက်သည်။ အားချန်သည် ထမင်းချိုင့်တစ်လုံးကို ရှာဖွေလိုက်ပြီး အေးခဲထားသည့် ဖက်ထုပ်အစိမ်း တစ်ပန်းကန်ကို ထည့်ကာ လွီရူဟွေ့ကို လှမ်းပေးလိုက်သည်။
လွီရူဟွေ့ကလည်း လက်ခံလိုက်ပြီး သူမကို ပြုံးကာ ကျေးဇူးတင်စကား ဆိုလေသည်။
သူဌေးမလွီကို တံခါးဝအထိ လိုက်ပို့လိုက်သည့်အခါ တံခါးအပြင်ဘက်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေသည်ကို တွေ့လိုက်ရ၏။ လွီရူဟွေ့သည် တံခါးဝတွင် ရပ်လိုက်ပြီး အားချန်ကို ပြောလိုက်သည်။ "မနေ့ညက ဧည့်ခံကျွေးမွေးတဲ့အတွက် ကျိမိန်းကလေးကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်သစ်ကူးကို ကျွန်မ အရမ်းပျော်စရာကောင်းအောင် ဖြတ်သန်းခဲ့ရပါတယ်"
"သူဌေးမလွီ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ရှင် လာလည်တဲ့အတွက် ကျွန်မနဲ့ ဟွေ့ညန်တို့လည်း ပျော်ရွှင်ရပါတယ်" အားချန်၏ လေသံသည် ရိုးသားမှု အပြည့်ရှိလေသည်။ သူမသည် သည်လို ကိစ္စမျိုးတွင် လူများနှင့် ယဉ်ကျေးဟန်ဆောင် နေတတ်သူ မဟုတ်ပေ။
လွီရူဟွေ့သည် ထိုစကားကို ကြားလိုက်ရသဖြင့် ပြုံးလိုက်လေသည်။ "ကျိမိန်းကလေး နေခဲ့ပါဦး။ နှစ်သစ်ကူး ၅ရက်နေ့ ဆိုင်ဖွင့်တဲ့အချိန်ကျမှ ပြန်တွေ့ကြတာပေါ့"
"ကောင်းပါပြီ။ နှစ်သစ်ကူး ၅ရက်နေ့ကျမှ ပြန်တွေ့မယ်။ လမ်းခရီးကို ဂရုစိုက်ပါ"
လွီရူဟွေ့သည် သူမကို လက်ဝှေ့ယမ်းပြလိုက်ပြီး လမ်းတစ်ဖက်ခြမ်းသို့ လှည့်ထွက်သွားလေသည်။
နှစ်သစ်ကူးပထမရက် လမ်းမပေါ်တွင် လမ်းသွားလမ်းလာ အများအပြားကို တွေ့မြင်နေရပြီ ဖြစ်သည်။ အားချန်သည် လွီရူဟွေ့၏ ကျောပြင်ကို ငေးကြည့်နေမိသည်။ သူမသည် လမ်းလျှောက်ရာတွင် အလွန်နှေးကွေးလှသည်။ သူမသည် မနေ့က ဝတ်ဆင်ထားသည့် ရွှေရောင်အပွင့်အခက်များ ပါဝင်သော ဂါဝန်ကို ဝတ်ဆင်ထားကာ နှင်းပြင်ထက်တွင် လမ်းလျှောက်သွားသည်မှာ နှင်းထဲတွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်အလားပင်။
သူဌေးမလွီကို ပြန်လွှတ်လိုက်ပြီး အိမ်ထဲသို့ ပြန်ရောက်မှ အားချန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။
ဟွေ့ညန်က ပုံမှန်ဆိုရင် အစောဆုံးထတတ်တာ။ ဘာဖြစ်လို့ ဒီနေ့ သူဌေးမလွီ ပြန်သွားတဲ့အထိ မနိုးသေးတာပါလိမ့်။
အားချန်သည် သူမ၏အခန်းသို့ သွားရောက်ကြည့်ရှုလိုက်ရာ ချန်ဟွေ့သည် ကျယ်ဝန်းသော ကုတင်ပေါ်တွင် ပက်လက်လှန်လျက် စောင်လွှမ်းကာ အိပ်ပျော်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။
သူမ၏ ရင်ဘတ်သည် အနည်းငယ် နိမ့်ချီမြင့်ချီ ဖြစ်နေပြီး အသက်ရှူသံမှာ တိုးညှင်းလှသည်။ ဤသည်မှာ ဟန်ဆောင် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း အနည်းဆုံးတော့ လူကို ထိတ်လန့်စေမည် မဟုတ်ပေ။
အားချန်သည် ရှေ့သို့တိုးသွားပြီး ချန်ဟွေ့ကို ဖြည်းညှင်းစွာ နှိုးလိုက်သော်လည်း သူမထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
ကုတင်ဘေးတွင် ထိုင်ကာ ခဏလောက် စောင့်ကြည့်လိုက်ပြီးနောက် ချန်ဟွေ့၏ ခန္ဓာကိုယ်တွင် ပြဿနာဖြစ်နေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်၏။ သူမ၏ လက်ရှိအခြေအနေသည် ယခင်က ရှီးလင်တွင် ရှိစဉ်ကနှင့် အနည်းငယ် ဆင်တူနေလေသည်။
ဒီအကြောင်းကို တွေးမိလိုက်သည်နှင့် အားချန် ရုတ်တရက် သဘောပေါက်သွားတော့သည်။
ငါ မနေ့ညက သူတို့နဲ့အတူ နဂါးငါးကြင်းတစ်ကောင်လုံးကို စားခဲ့ကြတာပဲ။ ဟွေ့ညန်က တစ်ဝက်ကျော်ကျော်လောက် စားခဲ့တာ။ နဂါးငါးကြင်းက နဂါးမျိုးနွယ်ရဲ့ သွေးသားနဲ့ မွေးမြူထားတာဆိုတော့ ဟွေ့ညန်က အသက်ရှိတဲ့အလောင်းကောင်အဖြစ် ပြောင်းလဲသွားတာကလည်း နဂါးသွေးနဲ့ သက်ဆိုင်နေတာပဲ။ ကြည့်ရတာ နဂါးငါးကြင်းက သူ့အပေါ် အများကြီး သက်ရောက်မှုရှိပုံရတယ်။
ပြီးတော့ အရင်တုန်းက သူက မိစ္ဆာသားရဲသွေးတွေ အများကြီး သောက်ခဲ့ဖူးတယ်။ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဆိုတော့ တွက်ချက်ကြည့်မယ်ဆိုရင် အဆင့်တက်ဖို့ အချိန်ရောက်နေပြီ။ မနေ့ညက စားလိုက်တဲ့ နဂါးငါးကြင်းက အဆင့်တက်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်လာတာပဲ။
ဒီလိုဆိုရင်တော့ ငါ စိတ်ပူစရာ မလိုတော့ပါဘူး။ ကြည့်ရတာ ဟွေ့ညန်က ရက်အနည်းငယ်လောက် အိပ်ပျော်နေဦးမယ့်ပုံပဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူး ၅ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဆိုင်အသီးသီးသည် ဆိုင်ဖွင့်ရန် အချိန်ကောင်းကို တွက်ချက်ကာ ဗြောက်အိုးများ ဖောက်ပြီး တရားဝင် ဆိုင်ဖွင့်ကြလေသည်။
ဟွေ့ညန်ကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သဖြင့် အားချန်သည် ထိုအပျော်အပါးတွင် ဝင်မပါတော့ဘဲ နောက်ထပ်ရက်အနည်းငယ် စောင့်ပြီးမှ ဆိုင်ဖွင့်ရန် စီစဉ်လိုက်သည်။
ဒီလမ်းမပေါ်တွင် သူမကဲ့သို့ ဆိုင်မဖွင့်ရသေးသည်မှာ ဘေးအိမ်က ရှေးဟောင်းပစ္စည်းဆိုင်သာ ကျန်ရှိတော့၏။
နှစ်သစ်ကူး တစ်ရက်နေ့က လမ်းခွဲချိန်တွင် သူဌေးမလွီက ၅ရက်နေ့ ပြန်တွေ့ကြမည်ဟု ပြောခဲ့သော်လည်း သူမသည် ကတိအတိုင်း ပေါ်မလာခဲ့ပေ။
နှစ်မကုန်ခင်က လျိုအိမ်တော်တွင် လျိုရှန်းကျယ်ကို တွေ့ပြီးနောက် လွီရူဟွေ့သည် သူက မိမိအိမ်ရှေ့သို့ ထပ်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
သူမသည် တံခါးခေါက်သံကို ကြားလိုက်ရသလို သူ့အသံကိုလည်း ကြားလိုက်ရသည်။ သူက သူမကို ပြောစရာစကား ရှိသည်ဟု ဆိုလေသည်။
သို့သော် ထိုအချိန်က လွီရူဟွေ့သည် တံခါးအပြင်ဘက်ကလူကို ဘာတုံ့ပြန်မှုမျှ မပေးခဲ့ပေ။ သူမသည် ခက်ခဲစွာဖြင့် အခန်းထဲသို့ ပြန်လျှောက်သွားကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး မိမိကိုယ်ကို စောင်လွှမ်းခြုံကာ ကျောက်ရည်ကို သောက်လိုက်လေသည်။
ပြင်းထန်သော နာကျင်ကိုက်ခဲမှုများ ပျောက်ကွယ်သွားပြီး သူမ၏ ခန္ဓာကိုယ်သည် တစ်လက်မချင်း အေးစက်လာကာ တဖြည်းဖြည်း အာရုံခံစားမှု ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
ထိုခံစားချက်သည် နှလုံးသားဆီသို့ ပျံ့နှံ့ရောက်ရှိလာချိန်တွင် သူမ ရုတ်တရက် ရှင်းလင်းစွာ သိလိုက်ရသည်မှာ ဒီနေ့ သူမ ပြန်လည်သက်သာလာနိုင်တော့မည် မဟုတ်ကြောင်းပင်။
သူမသည် အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ ပြန်မနိုးလာနိုင်တော့မည့် အခြေအနေအတွက်လည်း စောစီးစွာကပင် ပြင်ဆင်ထားခဲ့ပြီးသားပင်။ လွန်ခဲ့သော ရက်အနည်းငယ်က သေတမ်းစာအသစ် တစ်စောင်ကိုပင် ပြန်လည်ရေးသားထားခဲ့သေးသည်။
သို့သော် စိတ်ထဲတွင် နောင်တရသလို ခံစားနေရဆဲပင်။ မပြီးပြတ်သေးသော ကိစ္စရပ်များစွာ ကျန်ရှိနေသကဲ့သို့ပင်။
မီးဖိုချောင်ထဲမှာ ထားခဲ့တဲ့ ထမင်းချိုင့်နဲ့ ပန်းကန်တွေကို ကျိမိန်းကလေးဆီ ပြန်မပေးခဲ့ရဘူး။ ဟွေ့ညန်ကိုလည်း မတွေ့လိုက်ရဘူး။ နှစ်သစ်ကူးညက အတူတူထုပ်ခဲ့တဲ့ ဖက်ထုပ်တွေက အရမ်းစားကောင်းတယ်ဆိုတာ ပြောမပြလိုက်ရဘူး။ လွီအိမ်တော်ကို ပြန်ပြီး လွီရူရှင်းရဲ့ မျက်နှာဖုံးကို ဆွဲခွာမပြနိုင်ခဲ့သလို မိဘတွေကို သူတို့သမီးအငယ်ရဲ့ ရုပ်သွင်အမှန်ကို မြင်အောင်မပြနိုင်ခဲ့ဘူး။ တံခါးဖွင့်ပြီး လျိုရှန်းကျယ်ကို ဝေးဝေးထွက်သွားဖို့လည်း မပြောနိုင်ခဲ့ဘူး ...
အိပ်ချင်စိတ်များ လွှမ်းမိုးလာပြီး လွီရူဟွေ့သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ကာ မည်သည့်အခါမျှ ပြန်မဖွင့်တော့ချေ။
အပြင်ဘက်မှ တံခါးခေါက်သံသည် မည်သည့်အချိန်က ရပ်တန့်သွားသည် မသိရဘဲ တံခါးအပြင်ဘက်တွင် ရပ်နေသူသည်လည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်ကာ ခြေရာနှစ်ကြောင်းကိုသာ ချန်ထားရစ်ခဲ့သည်။
ထိုနောက်ပိုင်း နေ့ရက်တိုင်းတွင် အားချန်သည် အပြင်ထွက်ချိန်တိုင်း ဘေးအိမ်ကဆိုင်ကို လှမ်းကြည့်လေ့ရှိသော်လည်း ၁၀ရက်နေ့အထိ သူဌေးမလွီ ရောက်မလာခဲ့ပေ။
သူမ ပြန်မလာနိုင်လောက်တော့ဘူး ဆိုတာကို အားချန် စိတ်ထဲတွင် ရှင်းလင်းစွာ သိလိုက်ရ၏။
လူသားတွေက အမြဲတမ်း ဒီလိုပဲ အားနွဲ့ကြတယ်။ မထင်မှတ်ထားတဲ့ ခွဲခွာခြင်းတစ်ခု ဖြစ်သွားရင် နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။
ဒီနေ့မွန်းလွဲပိုင်းတွင် အားချန်သည် တစ်ရေးအိပ်လိုက်ပြီး နိုးလာချိန်၌ ညဦးပိုင်း(ညနေ၅နာရီမှ ၇နာရီ) ကုန်ဆုံးတော့မည် ဖြစ်ကာ အိမ်တွင်းအိမ်ပြင် မှောင်မည်းနေပြီ ဖြစ်သည်။
သူမသည် အခန်းထဲရှိ ဖယောင်းတိုင်ကို ထွန်းညှိလိုက်ပြီးနောက် တံခါးအပြင်ဘက်ရှိ မီးပုံးတစ်စုံကို မထွန်းရသေးကြောင်း သတိရလိုက်သည်။
သူမသည် ဆိုင်ခန်းထဲသို့ ဝင်ရောက်ကာ ဆိုင်ခန်းထဲရှိ ဖယောင်းတိုင်ကို အရင်ထွန်းညှိလိုက်ပြီး ဖယောင်းတိုင်နှစ်တိုင်ကို ထုတ်ယူကာ တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။
အားချန်သည် တံခါးဝရှိ မီးပုံးကို ဖြုတ်ချလိုက်ပြီး ဖယောင်းတိုင်အသစ် လဲလှယ်ကာ မီးညှိပြီးနောက် မီးပုံးကို မူလနေရာတွင် ပြန်လည်ချိတ်ဆွဲလိုက်သည်။
မကြာမီတွင် မီးပုံးတစ်စုံ လင်းလက်လာပြီး ဆိုင်တံခါးဝရှိ လမ်းကို အလင်းရောင် ပေးလေတော့သည်။
အားချန်သည် ကျေနပ်စွာ ခဏလောက် ကြည့်နေပြီး တံခါးပိတ်ရန် ပြင်လိုက်စဉ် မီးပုံးတစ်လုံးထဲရှိ ဖယောင်းတိုင်သည် ရုတ်တရက် ငြိမ်းသွားလေသည်။
တံခါးပိတ်မည့် သူမ၏ လှုပ်ရှားမှု ရပ်တန့်သွားပြီး ငြိမ်းသွားသော မီးပုံးကို မော့ကြည့်လိုက်ကာ အကြည့်ကို အောက်သို့ ရွှေ့လိုက်သည်တွင် မီးငြိမ်းသွားသော မီးပုံးအောက်၌ အရိပ်တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။
ထိုအရိပ်ကို အားချန် သေချာပေါက် သိရှိလေသည်။ ၁၀ရက်ကြာ ပျောက်ဆုံးနေသော သူဌေးမလွီပင်။
ယခုအချိန်တွင် သူဌေးမလွီသည် ပုံမှန်နှင့် သိပ်မကွာခြားလှသော်လည်း သူမ၏ ပုံရိပ်သည် အနည်းငယ် ဝေဝါးနေသည်ကို ကြည့်ခြင်းအားဖြင့် ယနေ့ရောက်လာသည်မှာ ဝိညာဉ်တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားနေလေသည်။
သူဌေးမလွီက ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသဖြင့် အားချန်လည်း စကားမပြောဘဲ တံခါးအတွင်းမှ ရပ်ကာ တစ်ဖက်လူကို ကြည့်နေလိုက်သည်။
ပုံမှန်ဆိုရင် သာမန်လူတွေ သေဆုံးသွားရင် ကြီးမားတဲ့ အမုန်းတရားတွေ မရှိရင် သရဲတစ္ဆေ ဖြစ်လာဖို့ ခက်ခဲတယ်။ သူဌေးမလွီရဲ့ ပုံစံက တည်ငြိမ်နေပြီး နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ပုံလည်း မပေါ်ဘူး။ ဘာဖြစ်လို့ ဝိညာဉ်အဖြစ် ပြောင်းလဲသွားရတာလဲ။
အချိန်အတော်ကြာမှ သူဌေးမလွီသည် ခေါင်းမော့ကာ အားချန်ကို ကြည့်လိုက်ပြီး ပါးစပ်ဟကာ ပြောလာသည်။ "ကျိမိန်းကလေး ... ကျွန်မ ... ကျွန်မ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"
သူမ၏ အသံထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပါဝင်နေပြီး အားချန်ထက်စာလျှင် သူမကသာ ခြောက်လှန့်ခံရသူနှင့် တူနေလေသည်။
"သူဌေးမလွီ ဘာတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိသေးလား"
ဘာတွေ ဖြစ်ခဲ့လဲ။
လွီရူဟွေ့ ပြန်စဉ်းစားကြည့်သည်။ သူမ မှတ်မိတာက ...
"ကျွန်မ သေသွားပြီဆိုတာကို မှတ်မိတယ်"
သူမက မိမိသေဆုံးသွားကြောင်း ပြောဆိုရာတွင် ဝိညာဉ်၌ အငြိုးအတေးများ ဖြစ်ပေါ်လာခြင်း မရှိသည်ကို မြင်သောအခါ အားချန် စိတ်အေးသွားပြီး မေးလိုက်၏။ "ဘယ်နေ့က သေဆုံးသွားတာလဲ"
"နှစ်သစ်ကူး ၄ရက်နေ့တုန်းကပါ" သူဌေးမလွီ၏ စကားပြောဆိုပုံမှာ ပိုမိုသွက်လက်လာပြီး အစပိုင်းကလို ကြောင်အမ်းအမ်း မဖြစ်တော့ဘဲ အသက်ရှင်စဉ်ကနှင့် တူညီလာလေသည်။
သူမက ဆက်ပြောသည်။ "အဲဒီနေ့က ခင်ပွန်းဟောင်းက ဘာအကြောင်းကြောင့်မှန်းမသိဘဲ လာရှာတယ်။ ဒါပေမဲ့ ကျွန်မ ရောဂါ ရုတ်တရက် ပြန်ထလာလို့ ကုတင်ပေါ်ပြန်လှဲပြီး ကျောက်ရည်ကို သောက်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မ ပြန်မကောင်းလာနိုင်တော့ဘူးလို့ ခံစားလိုက်ရပြီး အဲဒီနောက်ပိုင်း ဘာအသိစိတ်မှ မရှိတော့ဘူး"
"၇ရက်တောင် ရှိသွားပြီပဲ" အားချန်က သက်ပြင်းချလိုက်၏။ "ဒီနေ့က ရှင့်ရဲ့ ဝိညာဉ်ပြန်လည်ရာညပဲ။ ရှင့်စိတ်ထဲမှာ စွဲလမ်းမှု ကြီးလွန်းလို့ ပြန်ပြီး သတိရလာတာ ဖြစ်မယ်"
"စွဲလမ်းမှုလား။ ဒါပေမဲ့ ကျွန်မ စွဲလမ်းရလောက်တဲ့လူ မရှိပါဘူး" အသက်ရှင်စဉ်က အဖြစ်အပျက်များသည် မီးပုံးပွဲတော်ကဲ့သို့ တရိပ်ရိပ် ထင်ဟပ်နေပြီး သူမ၏ စိတ်ခံစားမှုကို အနည်းငယ် လှုပ်ရှားစေသော်လည်း ထိုမျှသာပင် ဖြစ်သည်။
"ဒါဆိုရင် မသေခင်တုန်းက နောင်တရတာမျိုး ဒါမှမဟုတ် မကျေနပ်တာမျိုး ရှိလား" အားချန်က ထပ်မေးလိုက်သည်။
သာမန်လူများ သေဆုံးခါနီးတွင်လည်း မကျေနပ်မှုများ ရှိတတ်သော်လည်း ဤမျှလောက် စိတ်ခံစားမှု အနည်းငယ် လှုပ်ရှားရုံဖြင့် သရဲဖြစ်လာရန် ခက်ခဲလေသည်။
အားချန် စဉ်းစားကြည့်လိုက်၏။ ကျောက်ရည် ဒါမှမဟုတ် နဂါးငါးကြင်းနဲ့ ပတ်သက်နေမလားလို့ သံသယဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ် သူဌေးမလွီ သေဆုံးပြီးနောက်မှာ ဝိညာဉ်က စွမ်းအားတစ်ခု ရရှိခဲ့ပြီး ဝိညာဉ်ပြန်လည်ရာညမှာ အသိစိတ် ပြန်လည်လာတာကလည်း ကံတရားတစ်ခုပါပဲ။
အားချန်၏ စကားကြောင့် လွီရူဟွေ့ တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာမှ တိုးညှင်းစွာ ပြောလာ၏။ "ပြောရရင်တော့ ရှင် ရယ်မလားမသိဘူး။ ကျွန်မ မသေခင်တုန်းကတော့ သိပ်မကျေနပ်ခဲ့ဘူး။ အသက်ရှင်တုန်းကတော့ အဲဒီလူတွေကို ဂရုမစိုက်ဘဲ နောက်ဆုံးအချိန်ကို အေးအေးဆေးဆေး ဖြတ်သန်းသွားမယ်လို့ တွေးထားတာ။ ဒါပေမဲ့ သေခါနီးအချိန်မှာ ကျွန်မ နောင်တရသွားတယ်။ သူတို့နဲ့ အဆုံးထိ မငြင်းခုံခဲ့ရတာကို နောင်တရတယ်"
အားချန်သည် ငြိမ်သက်စွာ နားထောင်နေလိုက်သည်။
လွီရူဟွေ့က ဆက်ပြောလေသည်။ "ကျွန်မ ခင်ပွန်းဟောင်းကို အရမ်းချစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ညီမလေးရဲ့ လက်ထပ်မဲ့သူလေ။ နောက်ပိုင်းမှာ အဖေက ညီမလေးကို သူ့ဆီ ပေးမစားတော့ဘူးလို့ ကြားတော့ ကျွန်မက အဖေ့ကို အတင်းအကြပ် ခေါင်းငြိမ့်ခိုင်းပြီး ညီမလေးအစား ဒီလက်ထပ်ပွဲကို ဆက်လက်လုပ်ဆောင်ပြီး သူ့ကို လက်ထပ်ခဲ့တယ်။ အချိန်ကြာလာရင် ကျွန်မတို့ သံယောဇဉ် ဖြစ်လာပြီး ကျွန်မ သူ့ကို ချစ်သလို သူလည်း ကျွန်မကို ချစ်လာမယ်လို့ ထင်ခဲ့မိတယ်"
"သူ မချစ်ခဲ့ဘူးလား"
"ကျွန်မလည်း မသိဘူး" လွီရူဟွေ့က နှုတ်ခမ်းထောင့်ကို တွန့်ရုံ ပြုံးလိုက်သည်။ "တကယ်လို့ မချစ်ဘူးဆိုရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလတွေက အတုတွေလား။ ဒါပေမဲ့ ချစ်တယ်ဆိုရင် မွေးစားသားက ကျွန်မကို စွပ်စွဲတုန်းက သူ မယုံကြည်ခဲ့ဘူး။ သူက သီးသန့် ညီမလေးနဲ့ သွားတွေ့တာကို ကျွန်မ ဂရုစိုက်ပေမယ့် သူက ကျွန်မကို ရှင်းပြဖို့ ဆန္ဒမရှိဘဲ ကျွန်မက သူတို့ကို စွပ်စွဲတယ်လို့ပဲ အပြစ်တင်ခဲ့တယ်"
"ရှင် သူ့ကို မုန်းလား"
"မုန်းတယ်လို့ ဆိုရမှာပေါ့"
"တခြားလူတွေရော ရှိသေးလား" အားချန်က ခပ်တိုးတိုး မေးလိုက်သည်။
"မိဘတွေ ရှိသေးတယ်။ သူတို့ကလည်း ကျွန်မကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ကြဘူး" လွီရူဟွေ့က ဆွေးမြေ့စွာ ပြောလိုက်၏။ "ကျွန်မ ကွာရှင်းတော့ သူတို့က အပြစ်တင်ကြတယ်။ ညီမလေးက ခင်ပွန်းဟောင်းနဲ့ မရှင်းမရှင်း ဖြစ်နေတယ်လို့ ပြောတော့ သူတို့က ကျွန်မ စိတ်ကူးယဉ်ပြီး လုပ်ကြံပြောဆိုတယ်လို့ ထင်ပြီး ဆူပူကြတယ်။ ငယ်ငယ်တုန်းက အမှန်အတိုင်း ပြောဖို့ သင်ပေးခဲ့တာ သူတို့ပဲလေ။ ကျွန်မ အမှန်အတိုင်း ပြောတော့ သူတို့ မယုံကြပြန်ဘူး"
ပြောပြီးသွားသည့်အခါ လွီရူဟွေ့သည် အားချန်က အလေးအနက် နားထောင်နေသည်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်၏။ "ဒီအိမ်မှုကိစ္စ အသေးအဖွဲလေးတွေက ရှင့်အတွက် ပျင်းစရာ ကောင်းနေပြီလား"
လူငယ်မိန်းကလေး တစ်ယောက်အနေနဲ့ ဒီလိုကိစ္စတွေကို ကြိုက်မှာ မဟုတ်ဘူး။
အားချန်က ခေါင်းခါလိုက်သည်။ "စွပ်စွဲခံရပြီး တရားမျှတမှု မရရှိတာက ကိစ္စသေး မဟုတ်ပါဘူး"
သူမက လွီရူဟွေ့ကို မေးလိုက်သည်။ "သူတို့ ရှင့်အပေါ် ဒီလောက် မတရားလုပ်တာ ရှင် ကလဲ့စားချေချင်လား"
"ကျွန်မ ကလဲ့စားချေချင်လား ..." လွီရူဟွေ့သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ဝိညာဉ်ပင် အနည်းငယ် လှုပ်ခတ်သွားလေသည်။
သူမ သူတို့ကို မုန်းတီးသည်။ သေခါနီးအချိန်ထိ သူမကို အေးချမ်းခွင့် မပေးခဲ့ကြ။ သေခါနီးအချိန်ထိ ထိုကဲ့သို့ ရက်စက်သော မျက်နှာထားဖြင့် ဆက်ဆံခဲ့ကြသည်။ သူမ သေချာပေါက် သူတို့ကို ကလဲ့စားချေချင်သည်ပေါ့။
"ရှင် လူ့လောကကို ပြန်ရောက်လာနိုင်တာက မကျေနပ်မှုတွေ ရှိနေလို့ပဲ မဟုတ်လား။ ဒီတစ်ခေါက် ကိစ္စတွေကို အပြတ်ရှင်းလိုက်ရင် မကောင်းဘူးလား။ ဒါဆိုရင် ရှင်လည်း စိတ်အေးလက်အေး ထွက်ခွာသွားနိုင်မှာပေါ့"
"ဒါပေမဲ့ ကျွန်မ သေသွားပြီလေ" လွီရူဟွေ့၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွား၏။ "တခြားလူတွေက ကျွန်မကို မမြင်နိုင်သလို ကျွန်မကလည်း သူတို့အိမ်ထဲ ဝင်လို့မရဘူး"
အားချန်က သူမ ပြောပြီးသည်အထိ စောင့်လိုက်ပြီးမှ ပြောလိုက်၏။ "ကျွန်မဆီမှာ အမွှေးတိုင်တစ်မျိုး ရှိတယ်။ ဝိညာဉ်ကို ကြီးမားတဲ့ စွမ်းအင် ပေးစွမ်းနိုင်ပြီး အသက်ရှင်စဉ်က လုပ်ချင်တဲ့ ကိစ္စမှန်သမျှ လုပ်လို့ရတယ်"
လွီရူဟွေ့က အားချန်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။
"ကျွန်မ ဖယောင်းတိုင် တစ်မျိုးလည်း လုပ်တတ်သေးတယ်။ ဒါပေမဲ့ အဲဒါက ရှင့်ကို အသက်ရှင်စဉ်ကအတိုင်း တခြားလူတွေရှေ့မှာ ပေါ်လာနိုင်အောင်ပဲ လုပ်ပေးနိုင်တာ" သူမက လွီရူဟွေ့ကို ကြည့်ကာ မေးလိုက်၏။ "ရှင် ဘယ်ဟာကို လိုချင်လဲ"
"ဘယ်ဟာမဆို ရတာလား" လွီရူဟွေ့က မေးလိုက်သည်။
"ရပါတယ်"
သူမသည် ချက်ချင်း မရွေးချယ်သေးဘဲ အားချန်ကို မေးလိုက်၏။ "ဘာဖြစ်လို့ ကျွန်မကို ကူညီပေးတာလဲ"
အားချန်ကတော့ တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ပြန်ဖြေလိုက်သည်။ "ဟွေ့ညန်ကြောင့်ပါ။ ရှင်က ဟွေ့ညန်ရဲ့ မိတ်ဆွေပဲလေ။ ရှင့်ကို စိတ်အေးလက်အေး ထွက်ခွာသွားစေချင်လို့ပါ"
လွီရူဟွေ့က ပြုံးလိုက်၏။ "ကျွန်မ ဒုတိယနည်းလမ်းကို ရွေးမယ်"
"ထပ်ပြီး မစဉ်းစားတော့ဘူးလား" အားချန် အနည်းငယ် အံ့သြသွားသည်။ ဝိညာဉ်ဆိုသည်မှာ လူသေဆုံးပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ဝိညာဉ်၏ စိတ်နေသဘောထားမှာ မတည်ငြိမ်ပေ။ သို့မဟုတ်လျှင်လည်း သရဲကြမ်းအဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်လေသည်။
လွီရူဟွေ့၏ ကြုံတွေ့ရမှုသည် ဘေးလူများ အမြင်တွင် သာမန် အိမ်မှုကိစ္စဟု ထင်ရပြီး သူမကိုယ်တိုင်လည်း ထိုသို့ပင် ထင်မြင်မိသည်။ သို့သော် ထိုကိစ္စရပ်များသည် တစ်ခုပြီးတစ်ခု ဖိစီးလာသောအခါ သာမန်လူတစ်ဦး မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။ ထိုအပြင် ထိုအချိန်က သူမတွင် အချိန်များစွာ မကျန်တော့ပေ။
အားချန် ထင်သည်မှာ သူမသည် ကျေးဇူးကြွေးနှင့် ရန်ငြိုးကို ရှင်းလင်းပြတ်သားစွာ ဖြေရှင်းသည့် နည်းလမ်းကို နှစ်သက်လိမ့်မည် ဟူ၍ပင်။
လွီရူဟွေ့က ခေါင်းခါလိုက်ပြီး အားချန်ကို ပြောလိုက်၏။ "ကျွန်မမိဘတွေက ကျွန်မကို မွေးဖွားသန့်စင်ပေးခဲ့တယ်။ ကျွန်မကို ပေးခဲ့တာတွေက တခြားလူတွေထက် မလျော့နည်းပါဘူး။ သူတို့က လူဆိုးတွေ မဟုတ်ပါဘူး။ ကျွန်မအပေါ် ကောင်းမွန်မှု မလုံလောက်ရုံ သက်သက်ပါပဲ။ လျိုရှန်းကျယ်လည်း ဒီလိုပါပဲ။ သူ ကျွန်မအပေါ် အပြစ်မလုပ်ခဲ့ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ဘယ်လောက်ပဲ နာကြည်းပါစေ သူတို့ခန္ဓာကိုယ်ကို ထိခိုက်အောင် ကျွန်မ မလုပ်ပါဘူး။ သူတို့ကို တွေ့ခွင့်ရရင် လုံလောက်ပါပြီ"
အားချန်က မနေနိုင်ဘဲ သတိပေးလိုက်သည်။ "ရှင့်မှာ ဒီတစ်ကြိမ်ပဲ အခွင့်အရေး ရှိတယ်။ ဆုံးဖြတ်ပြီးပြီလား"
လွီရူဟွေ့က ခေါင်းငြိမ့်လိုက်၏။ "ကျိမိန်းကလေးကို ဒုက္ခပေးပါရစေ"
"ကောင်းပါပြီ" သူဌေးမလွီ ကိုယ်တိုင် ရွေးချယ်လိုက်ပြီဖြစ်ရာ အားချန်လည်း ဝင်မစွက်ဖက်တော့ပေ။ "မနက်ဖြန်ည မီးပုံးထွန်းတဲ့အချိန်ကျရင် ဒီနေရာမှာ ကျွန်မကို စောင့်နေပါ။ ကျွန်မ ရှင့်အတွက် ဖယောင်းတိုင်ထွန်းပြီး ကိုယ်ခန္ဓာပုံဖော် ပေးမယ်"
...