အိမ်တံခါးရှေ့မှာ တစ္ဆေတစ်ကောင် ရပ်နေတယ် ...
Vol. 15 Ch. 146
ရွှဲရှီသည် သေချာပေါက် မှတ်မိနေလေသည်။ ယမန်နှစ်က ဒီလိုနေ့မျိုးတွင် ကျိချန်သည် အိမ်ယာမဲ့နေသည့် ခွေးတစ်ကောင်နှယ် တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။ သူမကသာ အစေခံများကို တံခါးဖွင့်ပေးရန် ခိုင်းစေခဲ့ခြင်းဖြစ်၏။ သနားသောကြောင့် မဟုတ်ဘဲ မြို့စားမင်း၏ မျက်လုံးထဲတွင် ကျိချန်ဟူသည်မှာ ဘာမှမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိစေချင်ရုံသာပင်။
ထိုနောက်တွင်တော့ ...
ရွှဲရှီသည် လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်၏။ ထိုနေ့တွင်ပင် သေဆုံးခဲ့သင့်သော ကျိချန်သည် အသက်ရှင် ကျန်ရစ်ခဲ့လေသည်။
အားချန်သည် အကျဉ်းခန်း အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်တစ်ဖက်ဖြင့် မေးကိုထောက်ထားလိုက်ပြီး ရွှဲရှီ၏ အဆက်မပြတ် ပြောင်းလဲနေသော မျက်နှာ အမူအရာကို ကြည့်ရှုနေလိုက်၏။ မှောင်မိုက်နေသော အကျဉ်းခန်း အပြင်ဘက်မှ သူမ၏အသံက ထွက်ပေါ်လာလေသည်။ "ရှန့်ယွမ်ပွဲတော်ညမှာ မိသားစုတွေ ပြန်လည်ဆုံစည်းကြတဲ့နေ့လေ။ ရှင်တို့မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံစည်းနေချိန်မှာ ရှင်က ရှင့်မောင်ကို ကျွန်မကို လာသတ်ခိုင်းခဲ့တယ်"
"ငါ မလုပ်ခဲ့ဘူး" ရွှဲရှီသည် အားချန်က တမင်တကာ စကားနှိုက်နေသည်ဟု စိုးရိမ်မိသဖြင့် သူမလုပ်ခဲ့သောကိစ္စကို ဝန်မခံခဲ့ချေ။
"ဝန်မခံဘူးဆိုလည်း ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် ရွှဲမင်ထန် ကျွန်မရှေ့မှာ သေသွားတဲ့ အချိန်ကတည်းက ကျွန်မနဲ့သူကြားက ရန်ငြိုးတွေက ပျက်စီးသွားခဲ့ပါပြီ"
ရွှဲရှီသည် တောင့်တင်းသွားပြီး အားချန်ကို ဆိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်၏။ "သူက နင့်ရှေ့မှာသေသွားတာလား"
"ဪ ... ကျွန်မ ရှင့်ကို မပြောပြခဲ့ဘူးလား" အားချန်သည် အံ့သြချင် ဟန်ဆောင်လိုက်၏။ "သူ သေတုန်းက ကျွန်မက သူနဲ့ခြေလှမ်းအနည်းငယ် အကွာမှာ ကြည့်နေခဲ့တာလေ"
ထိုသို့ပြောရင်း သူမသည် ရွှဲရှီအနားသို့ တိုးကပ်သွားကာ တိုးတိုးလေးပြောလိုက်၏။ "သူ့လက်ထဲက အကူအညီတောင်းတဲ့မြှားကို ပစ်ဖောက်ဖို့ နည်းနည်းလေးပဲ လိုတော့တာ"
"နင်ပဲ ... နင် မင်ထန်ကို သတ်လိုက်တာပဲ" ရွှဲရှီသည် အကျဉ်းခန်းတံခါးကို ဆုပ်ကိုင်ကာ စူးရှစွာအော်ဟစ်လိုက်လေသည်။
အားချန်ကတော့ သူမ၏ရူးသွပ်နေသော ပုံစံကိုကြည့်ရှုခံစားပြီး ပြုံးကာ ဆက်ပြောလိုက်၏။ "ပြီးတော့ ရွှဲကျောင်းလေ။ ရှင် သိချင်နေမှာပဲ။ ဘာလို့များ အဲဒီလောက် တိုက်တိုက်ဆိုင်ဆိုင် အဲဒီကျားမိစ္ဆာက သူ့ကိုမှ ပစ်မှတ်ထားရသလဲ ဆိုတာကိုလေ"
"အဲဒီတုန်းက ကျွန်မ ပေးခဲ့တဲ့ ဖြေရှင်းချက်က ဘာပါလိမ့်" အားချန်သည် ခဏလောက် စဉ်းစားလိုက်ပြီး "ဟုတ်ပြီ။ ကျားမိစ္ဆာက ရွှဲကျောင်းရဲ့ မြှားပစ်စွမ်းရည်ကို သဘောကျပြီး သူ့ကို သရဲကျွန်အဖြစ် ပြောင်းလဲချင်နေတာ။ သူက သေတဲ့အထိ ငြင်းဆန်ခဲ့တယ်ဆိုတာပဲ မဟုတ်လား။ ဒီဆင်ခြေကို စဉ်းစားတုန်းက ကျွန်မ တော်တော်လေး အားထုတ်ခဲ့ရတာ"
ရွှဲရှီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အားချန်ကို ကြည့်သောမျက်လုံးများမှာ သူမကို ဆွဲဖြဲချင်နေသည့်အလားပင်။ ဝမ်းနည်းစရာကောင်းသည်မှာ သူမသည် ထိုသို့ မလုပ်နိုင်ခြင်းပင်။ "နင် ငါ့ရဲ့ကျောင်းအာကို သတ်လိုက်တာပဲ"
"သူ့ဟာသူ သေလမ်းမရှာခဲ့ရင်၊ ပြီးတော့ ကျွန်မကိုပါ ဆွဲမထည့်ရင်၊ သူက ဘယ်လိုလုပ်ပြီး သေမှာလဲ။ ပြောရမယ်ဆိုရင် သူနဲ့ရွှဲမင်ထန်က တော်တော်လေးတူတာပဲ။ အသုံးမကျဘဲနဲ့ သေလမ်းရှာရတာကို ကြိုက်ကြတယ်လေ"
သို့သော်ငြား ယခုအချိန်တွင် ရွှဲရှီသည် မည်သည့်အရာကိုမှ နားမဝင်တော့ချေ။ သူမ သိလိုက်သည်မှာ ကျိချန်ကိုယ်တိုင်က သူမ၏မောင်နှင့်သားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင်။
ပြီးတော့ ယင်ယင်နဲ့ မမွေးဖွားလာသေးတဲ့ သူမရဲ့ကလေးလေး။ အားလုံးက ကျိချန်ရဲ့လက်ချက်ချည်းပဲ !
အားချန်နှင့် ရွှဲရှီတို့ စကားပြောနေချိန်တွင် ပိုင်ရှိုးမင်သည် မည်သည့်အချိန်က ရောက်လာသည်မသိ သူမ၏နားနောက်တွင် ရောက်ရှိလို့နေသည်။ သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေပြီး အမူအရာမှာ ခန့်မှန်းရခက်ခဲလို့နေ၏။
ရွှဲရှီသည် ပိုင်ရှိုးမင်ကို မြင်လိုက်ရသောအခါ ကောက်ရိုးမျှင်ကို လှမ်းဆွဲမိသလို ဖြစ်သွားပြီး အားချန်ကို လက်ညှိုးထိုးကာ ပြောလိုက်တော့၏။ "ရှင် ကြားတယ် မဟုတ်လား။ သူပဲ။ သူ ဝန်ခံလိုက်ပြီ။ သူက ကျွန်မရဲ့မောင်နဲ့သားကို သတ်လိုက်တာ"
အားချန်ကတော့ ခေါင်းပင် လှည့်မကြည့်ချေ။ သူမသည် ရွှဲရှီ၏ မျက်နှာအမူအရာက အစပိုင်းတွင် စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း မျှော်လင့်ချက် မဲ့သွားသည်ကိုသာ စောင့်ကြည့်နေလိုက်၏။
ရွှဲရှီသည် ပိုင်ရှိုးမင်ကို စိုက်ကြည့်ကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်လေသည်။ "ရှင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်လေ။ ဘာဖြစ်လို့ သူ့ကို မဖမ်းသေးတာလဲ။ ရှင် သူ့ကိုအကာအကွယ် ပေးမလို့လား"
ပိုင်ရှိုးမင်ကတော့ သူမကို နည်းနည်းလေးမှပင် တုန့်ပြန်ခြင်း မရှိချေ။ "ရွှဲဖူးရန်က ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ ဓားက ကိုယ့်ကိုယ်ပေါ် စိုက်လာမှ နာရကောင်းမှန်း သိတာလား" အားချန်သည် ဖြည်းဖြည်းချင်းပင် ရွှဲရှီ၏စကားကို ဖြတ်ပြောလိုက်လေသည်။ "ကျွန်မ အသတ်ခံရတုန်းက လူတိုင်းက လက်သည် ဘယ်သူလဲဆိုတာ ခန့်မှန်းမိကြတယ်။ ဒါပေမဲ့ သက်သေမရှိလို့ ရှင်က အခုအထိ အမြင့်မှာရှိနေတဲ့ မြို့စားကတော် ဖြစ်နေတုန်းပဲလေ။ ပြောင်းပြန် ပြန်စဉ်းစား ကြည့်ရင်လည်း အတူတူပါပဲ။ ကျွန်မက သူတို့ကို သတ်လိုက်တယ်လို့ ရှင်က ပြောနေတယ်။ ရှင့်မှာ သက်သေရှိလို့လား"
"နင်ကိုယ်တိုင် ဝန်ခံလိုက်တာလေ"
"ကျွန်မက သူတို့သေတဲ့နေရာကို မြင်ခဲ့တယ်လို့ပဲ ဝန်ခံတာပါ။ ဒါ ကဘာကို ကိုယ်စားပြုလို့လဲ"
အားချန်သည် ခေါင်းလှည့်လိုက်ပြီး ချွဲနွဲ့နေသည့်လေသံဖြင့် ပြောလိုက်လေသည်။ "ပိုင်လူကြီးမင်း ကျွန်မ ဒီစကားတွေ ပြောလိုက်လို့ ရှင် ကျွန်မကို ဖမ်းမှာလား"
ပိုင်ရှိုးမင်သည် မျက်လွှာချထားပြီး မျက်ဝန်းထဲတွင်လည်း အလိုလိုက်မှုများ ပြည့်နှက်နေလေ၏။ "သက်သေ မလုံလောက်ဘူး။ မင်းစကားက ယုံကြည်ဖို့ မလုံလောက်ပါဘူး"
ရွှဲရှီသည် သူမရှေ့တွင် လူနှစ်ဦးက အပြန်အလှန် ကျီစယ်နေကြသည်ကို ကြည့်နေရပြီး ဒေါသထွက်လွန်းသဖြင့် ရူးမတတ်ဖြစ်သွားတော့၏။ သူမသည် အကျဉ်းခန်းတံခါးကို အားကုန်လှုပ်ယမ်းလိုက်ကာ ဝုန်းဒိုင်းကြဲသံများ ထွက်လာတော့သည်။ သူမကထပ်ခါ တလဲလဲ ရေရွတ်နေတော့၏။ "နင်တို့တွေ ကောင်းကောင်းသေရမှာ မဟုတ်ဘူး။ နင်တို့တွေ အသေကောင်းနဲ့ သေရမှာမဟုတ်ဘူး !"
လုံလောက်အောင် ဆွပေးပြီးပြီဟု ထင်မြင်မိသောအခါ အားချန်သည် ရုတ်တရက် အသံကို မြင့်လိုက်လေသည်။ "ကျွန်မအမေကို ရှင်သတ်လိုက်တဲ့နေ့ ကတည်းက ဒီနေ့ကိုရှင် တွေးထားခဲ့သင့်တာ"
"ငါ မလုပ်ခဲ့ဘူး !" ရွှဲရှီက ချက်ချင်းပင် ငြင်းဆိုလိုက်လေသည်။ "ငါ လင်းရှီကို မသတ်ခဲ့ဘူး"
အားချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ရွှဲရှီကို ကြည့်ရသည်မှာလည်း လိမ်ညာပြောနေသည့်ပုံ မရပေ။ သို့သော် သူမသည် ဒီအတိုင်း လက်မလျှော့လိုက်ဘဲ ဒေါသအပြည့်ဖြင့် ပြောလိုက်လေသည်။ "ရှင် ကျွန်မကို လိမ်ချင်နေတုန်းပဲလား။ မြို့စားကတော် နေရာအတွက် ရှင်တို့နှစ်ယောက် ပူးပေါင်းပြီး ကျွန်မအမေကို သတ်ခဲ့ကြတယ်။ ကျွန်မမျက်လုံးကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား"
ရွှဲရှီ၏ ရင်ထဲမှ ဒေါသအရှိန်သည် မပြယ်သေးသဖြင့် ကျိုးကြောင်း ဆင်ခြင်တုံတရားဖြင့် မစဉ်းစားနိုင်တော့ချေ။ အားချန်၏ မျက်နှာသည် ရွံရှာဖွယ်ကောင်းလှပြီး သူမ၏ဆွေမျိုးများကို သတ်ဖြတ်ရုံမက သူမကိုပါ စွပ်စွဲရဲသည်ဟု ခံစားလာရသဖြင့် ဒေါသတကြီးပြန်လည် ချေပလိုက် လေတော့သည်။ "လင်းရှီ သေမယ်ဆိုတာကို ငါ လုံးဝမသိခဲ့ဘူး။ ငါက မြို့စားမင်းနဲ့ သိခဲ့တုန်းက သူက စောစောစီးစီး ပြောခဲ့ဖူးတယ်။ ဘာမဆို ငါ့ကို ပေးနိုင်ပေမယ့် တရားဝင်ဇနီးနေရာ တစ်ခုတည်းကိုတော့ ပေးလို့မရဘူးတဲ့။ ငါက ဘယ်လို လုပ်ပြီးတော့ သူ့ကို အခက်တွေ့အောင် လုပ်ရမှာလဲ"
"ဒါပေမဲ့ ကျွန်မအမေက ကျင့်ယန်မြို့စားလက်ချက်နဲ့ သေခဲ့ရတာလား"
ကျိချန်သည် မသေခင်က သူမအမေသည် ကျင့်ယန်မြို့စားနှင့် ရွှဲရှီတို့ ပူးပေါင်းပြီး သတ်လိုက်ခြင်းဖြစ်သည်ဟု သံသယဝင်ခဲ့လေသည်။ ရွှဲရှီကို မြို့စားကတော်နေရာ ပေးချင်နေခြင်း ဖြစ်နိုင်သည်။ သို့သော်ငြားယခုတော့ ရွှဲရှီက ပြောလာသည်မှာ ကျင့်ယန်မြို့စားမှာ အစကတည်းက ထိုသို့အစီအစဉ် မရှိခဲ့ဖူးတဲ့။ သူ့ဆိုလျှင်နောက်ပိုင်းမှာ အဘယ်ကြောင့် စိတ်ပြောင်းသွားရသနည်း။ ရွှဲရှီရဲ့လောဘ မပြည့်လာခြင်းကြောင့်လား။ သို့တည်းမဟုတ် တခြား အကြောင်းအရင်းများ ရှိနေသေးခြင်းကြောင့်များလား။
ရွှဲရှီသည် နောက်ဆုံးတော့ သဘောပေါက်သွားပြီး စိတ်ပျက်လက်ပျက် ရယ်မောလိုက်လေတော့သည်။ "ဟားဟားဟား ... ဒီတော့ နင် လုပ်ခဲ့တာတွေ အကုန်လုံးက ငါက နင့်ကို သေစေချင်လို့ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ငါက လင်းရှိယီကို သတ်ခဲ့တယ်လို့ နင်က သံသယဝင်နေလို့ပေါ့လေ။ နင်က သူ့အတွက် လက်စားချေ ချင်နေတာလား"
"ကျွန်မအမေအတွက် လက်စားချေတာ ဘာပြဿနာရှိလို့လဲ" အားချန်သည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးးထောက်နေသော ရွှဲရှီကို အထက်အဆီးမှ ငုံ့ကြည့်လိုက်ကာ "ကျွန်မအမေက အိမ်တော်ထဲကို ရောက်ကတည်းက ကျင့်ယန်မြို့စားအတွက်ပဲ စိတ်နှစ်ထားခဲ့တာ။ သူ့အတွက် သားသမီးတွေ မွေးပေးပြီး အိမ်မှုကိစ္စတွေကို စီမံပေးခဲ့တယ်။ သူကရော ကျွန်မအမေ ကွယ်ရာမှာ အမြုံမယား တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်လေ"
ရွှဲရှီသည် မြေကြီးပေါ်က ကုန်းထလိုက်ပြီး အကျဉ်းခန်း တံခါးပေါက်သို့ ပြေးကပ်ကာ ရက်စက်စွာ ပြောလိုက်တော့၏။ "နင်က ဘာနားလည်လို့လဲ။ ငါ ၁၄နှစ်သမီးတုန်း ကတည်းက မြို့စားမင်းနဲ့ သိခဲ့တာ။ ငါကမြို့ စားမင်းနဲ့ အရင်တွေ့ခဲ့တာ။ ငါက သူ့အသက်ကို ကယ်ခဲ့ဖူးတယ်။ ငါတို့က တသက်လုံး အတူနေမယ်လို့ ကတိပြုထားကြတာ။ အရင်ရောက်တာနဲ့ နောက်ကျမှ ရောက်တာ ယှဉ်ကြည့်မယ်ဆိုရင် နင့်အမေကမှ နောက်ကျတဲ့သူပဲ"
ရွှဲရှီ၏ စကားကြောင့် အားချန်မှာ အံ့သြသွားတော့၏။ သူမသည် ရွှဲရှီနှင့် ကျင့်ယန် မြို့စားကြားတွင် ဒီလိုအတိတ်ဇာတ်လမ်း ရှိခဲ့သည်ကို မသိခဲ့ချေ။
ရွှဲရှီက ဒီလိုအခြေအနေ ရောက်နေတာတောင် ကျင့်ယန်မြို့စားက သူ့ကိုစွန့်ပစ်ဖို့ မတွေးတဲ့အပြင် ကယ်ထုတ်ဖို့ပါ ကြံစည်နေတာ မဆန်းတော့ပါဘူး။ ဒီလူနှစ်ယောက်က သံယောဇဉ်ကြီးမားကြတာပဲ။
ရွှဲရှီနှင့် စကားပြော လိုက်ရခြင်းက အားချန်၏ သံသယတချို့ကို ပြေပျောက်သွားစေ၏။ ကျန်ရှိနေသည့် သံသယကိုတော့ ကျင့်ယန်မြို့စားကသာ ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ ကျိချန် ပျော်ရွှင်စေရန်အတွက် ကျင့်ယန်မြို့စားကို မည်သို့သော ဇာတ်သိမ်းမျိုး ပေးရမည်ကိုတော့ သူမသည် သေချာစဉ်းစားရပေဦးမည်။
အားချန်က ကိုယ်ကို လှည့်လိုက်၏။ ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဖြစ်သဖြင့် သူမသည် ရွှဲရှီကို စိတ်မဝင်စားတော့ချေ။
ရွှဲရှီသည် သူမထွက်သွားမည်ကို မြင်လိုက်သောအခါ နောက်မှ အော်ဟစ်လိုက်လေ၏။ "နင် ဘယ်သွားမလို့လဲ။ ပြန်လာခဲ့။ စကားကို ရှင်းအောင် ပြောသွားဦး"
အားချန်၏ လက်သည် ပိုင်ရှိုးမင်၏ လက်မောင်းကို ချိတ်တွဲထားရင်း ရွှဲရှီ၏ အော်ဟစ်သံကို ကြားလိုက်သောအခါ ခေါင်းလှည့်ကြည့်လိုက်လေသည်။ သူမ၏ ရူးသွပ်နေသည့် ပုံစံကိုကြည့်ပြီး ပြုံးကာ ပြောလိုက်၏။ "ရွှဲဖူးရန် ရှင် စဉ်းစားဖူးလား။ တကယ်လို့ ရှင်သာ မြို့စားကတော် မဖြစ်ခဲ့ဘူးဆိုရင် ရှင့်ရဲ့မောင် သားနဲ့သမီးတို့တွေ အခုချိန်အသက်ရှင်နေကြဦးမှာ"
ရွှဲရှီမှာ အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
"ရှင့်ရဲ့လောဘကပဲ သူတို့ကို သတ်လိုက်တာ"
"ငါ မလုပ်ခဲ့ဘူး ... ငါ မလုပ်ခဲ့ဘူး !"
ရွှဲရှီသည် နောက်တွင် စိတ်ဓါတ် ပျက်ပြားစွာ အော်ဟစ်ငိုယို နေသော်ငြား အားချန်ကတော့ ပိုင်ရှိုးမင်ကိုတွဲကာ ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် အပြင်သို့ ထွက်ခွာသွား။ခဲ့လေသည်။
"ဒီကိုလာတာက သူ့ကိုဒီစကားတွေ ပြောဖို့ပဲလား"
"ဟုတ်တာပေါ့။ အစရှိရင် အဆုံးရှိရမှာပေါ့။ မနှစ်က ရွှဲမိသားစု ကျွန်မနဲ့ရန်ငြိုး ဖွဲ့ခဲ့တယ်။ ဒီတစ်နှစ်မှာ ရန်ငြိုးတွေအားလုံး ကျေအေးသွားပြီဆိုတာ သေချာပေါက် သူ့ကိုအသိပေးရမှာပေါ့"
"မင်းပြောတဲ့ ရန်ငြိုးတွေ ကျေအေးတယ်ဆိုတာက သူ့မိသားစုတစ်ခုလုံး နီးပါးသေကုန်တာကို ပြောတာလား"
"ဒါပေါ့။ မဟုတ်ရင် ဘာရှိရဦးမှာလဲ။ သူတို့က သေသွားကြပြီ။ ဒါပေမဲ့ ကျွန်မလည်း ခံခဲ့ရတာပဲလေ" အားချန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။ သူမသည် ကိုယ်ကိုလှည့်ကာ ပိုင်ရှိုးမင်ကို မျက်နှာမူလိုက်ပြီး ခြေဖျားထောက်ပြီး သူ့အနားသို့ တိုးကပ်ကာ ပြောလိုက်လေသည်။ "ဒါ့အပြင် ရှင့်မှာ သက်သေမှမရှိတာ သူတို့သေတာက သူတို့ မဆင်ခြင်လို့လေ။ ကျွန်မနဲ့ဘာမှ မဆိုင်ပါဘူး"
ပြောပြီးသည်နှင့် သူမသည် ပိုင်ရှိုးမင်၏ မေးစေ့ကို တစ်ချက် လှမ်းနမ်းလိုက် လေသည်။ ပိုင်ရှိုးမင်၏ မျက်ဝန်းများက အရောင်လက်သွားပြီး သူမ၏ ကျေနပ်နေသော မျက်နှာထားလေးကို ကြည့်ကာ ဘာမှလည်း မတတ်နိုင်တော့ချေ။
လူနှစ်ယောက်သည် မြေအောက်အကျဉ်းထောင်မှ ထွက်လာပြီး သိပ်မဝေးခင်မှာပင် ကောင်းကင်ပေါ်မှ ရုတ်တရက် နှင်းများ ကျဆင်းလာခဲ့၏။
ဒီနှင်းများ ကျဆင်းလာပုံက အနည်းငယ် ထူးဆန်းလို့နေသည်။ ယနေ့ရာသီဥတုက သာယာနေပြီး နှင်းမကျခင်တွင်လည်း ဘာနိမိတ် လက္ခဏာမှ မရှိခဲ့ချေ။ ကျဆင်းလာသော နှင်းပွင့်များမှာ အလွန်ကြီးမားပြီး နှင်းပွင့်အများအပြားသည် နှင်များကျဆင်း နေစဉ်မှာပင် စုစည်းသွားကြကာ တစ်လွှာပြီးတစ်လွှာ ထပ်နေပြီး တချို့ဆိုရင် လက်ဖဝါးအရွယ်ခန့်ပင် ရှိလေသည်။
ပိုင်ရှိုးမင်သည် နှင်းကျလာသည်ကို မြင်လိုက်သည်တွင် မျက်နှာက အနည်းငယ် တည်သွားပြီး အားချန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းထားလိုက်၏။ သူ့ကိုယ်လုံးတွင် အတွင်းအားများ လှုပ်ရှားလာပြီး ထိုနှင်းများသည် သူတို့ကိုယ်ပေါ်သို့ မကျခင်မှာပင် အရည်ပျော်သွားလေတော့သည်။
ထိုအချိန်တွင် အသံတစ်သံသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာခဲ့၏။ "ဒီနှင်းထဲမှာ မိစ္ဆာအငွေ့အသက်တွေ ရှိနေတယ်"
အားချန်က ခေါင်းလှည့်ကြည့်လိုက်ရာ စကားပြောသူမှာ ချင်ဟန် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ချင်ဟန်သည် မလှမ်းမကမ်းတွင် လက်ပိုက်ကာရပ်နေပြီး နှင်းများသည် သူ့အနား တစ်လန်အကွာအဝေးအတွင်း ကျရောက်နေသည်နှင့် ပျောက်ကွယ်သွားကြ၏။
အားချန်နှင့် ချင်ဟန်တို့သည် ရှီးလင်မှ ပြန်လာသည့်လမ်းတွင် မျက်မှန်းတန်းမိခဲ့ကြ၏။ ချင်ဟန်သည် အားချန် လှမ်းကြည့်လာသည်ကို မြင်ရသောအခါ သူမကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီး ပိုင်ရှိုးမင်ကသူမကို ဘာလို့များခေါ်လာသနည်းဟု မမေးမြန်းခဲ့ချေ။ သူက စောစောက ပြောလိုက်သော စကားသည် ပိုင်ရှိုးမင်ကို ရည်ရွယ်ခြင်း ဖြစ်လေသည်။
ပိုင်ရှိုးမင်က လက်ကိုမြှောက်ကာ ကြီးမားသော နှင်းပွင့်တစ်ပွင့်ကို ဖမ်းယူလိုက်၏။ ထိုနင်းပွင့်သည် သူ့လက်ထဲသို့ ကျရောက်သွားသော်ငြား အရည်ပျော် မသွားချေ။ သူသည် လက်ချောင်းဖြင့် ပွတ်ချေလိုက်ပြီး နှာခေါင်းနားသို့တိုးကပ်ကာ အနံ့ခံကြည့် လိုက်ပြီးနောက် ပြောလိုက်၏။ "ဒီမိစ္ဆာအငွေ့အသက်က ပြင်းထန်ပေမယ့် သိပ်ပြီးမစစ်မှန်ဘူး။ မိစ္ဆာတစ်ပိုင်းနဲ့ပိုတူတယ်"
အားချန်သည် အနားသို့ တိုးကပ်သွားပြီး တချက်ကြည့် လိုက်သော်လည်း ဘာမှမမြင်ရသည်ကတော့ သေချာလေသည်။ သို့သော်ငြား ကောင်းကင်နှင့်မြေကြီး၏ ထူးခြားခြင်းများတွင် မိစ္ဆာအငွေ့အသက်များ ပါဝင်လာသည်မှာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိကြောင်း သူမသိလိုက်၏။ မိစ္ဆာမျိုးနွယ်တစ်ဦး အဆင့်၅နယ်ပယ်သို့ တက်လှမ်းသွားခြင်းပင်။
အကယ်၍ ပိုင်ရှိုးမင် ပြောသကဲ့သို့ အဆင့်တက်သွားသူမှာ မိစ္ဆာတစ်ပိုင်းသာ ဖြစ်ခဲ့လျှင် ဒါကတော်တော်လေး အံ့ဩစရာကောင်းသော ကိစ္စတစ်ခုပင်။
နှင်းများသည် မြန်မြန်ကျဆင်း လာပြီးနောက် မြန်မြန်ပင်ရပ်တန့် သွားလေသည်။ နာရီဝက်ခန့်ကြာပြီးနောက် နှင်းများတိတ်သွားပြီး ထိုနှင်းလွှာများသည် လျင်မြန်စွာ ရေအဖြစ်ပြောင်းလဲကာ မြေကြီးထဲသို့ စိမ့်ဝင်သွားကြတော့၏။
မိစ္ဆာအငွေ့အသက် ပါဝင်နေသော ဒီနှင်းရေများသည် အန္တရာယ် သိပ်မများလှ သော်ငြားလည်း အသိဉာဏ် မပွင့်သေးသော မိစ္ဆာတချို့ကို အားဖြည့်ပေးနိုင်သဖြင့် ယခုနှစ် သာ့ရှပြည် နယ်နိမိတ်အတွင်းတွင် မွေးဖွားလာမည့် မိစ္ဆာမျိုးနွယ်များ ပိုမိုများပြားလာနိုင်ဖွယ် ရှိလေသည်။
နှင်းရပ်သွားပြီးနောက် ချင်ဟန်သည် သမ်းဝေလိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "မင်းပြန်ရောက်လာပြီဆိုတော့ ငါသွားတော့မယ်"
အဆင့်၅ မျိုးနွယ်မိစ္ဆာကိစ္စကို နှစ်ယောက်စလုံးက ထုတ်မပြောခဲ့ကြပေ။
အဆင့်၄နှင့် အဆင့်၅သည် အဆင့်အတန်း ကွာခြားသော်ငြားလည်း အဆင့်၅သို့ မရောက်မီ သူတို့သည် ဤကိစ္စအတွက် ဘာမှမတတ်နိုင်ကြပေ။ ပိုင်ရှိုးမင်သည် ချင်ဟန်ကို ပျင်းရိခွင့် လုံးဝမပေးဘဲ အားချန်ကို ပွေ့ဖက်လျက် အပြင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားကာ တစ်ဖက်လူအတွက် စကားလုံးနှစ်လုံးသာ ချန်ရစ်ခဲ့လေ၏။ "မအားဘူး"
"ကျစ် ... အဲဒီတုန်းက သူ့ကို နက်လိုက်တာ နည်းသွားတယ်" ချင်ဟန်သည် တစ်ချက်ညည်းညူလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ကာ ဆက်လက်သောက်စားရန် ပြင်လိုက်လေတော့သည်။
အားချန်ကတော့ ပိုင်ရှိုးမင်နောက်က လိုက်လာကာ မင်ကျင့်စီးမှ ထွက်လာချိန်တွင် လမ်းပေါ်က လူသွားလူလာ များပြားလို့နေ၏။ သူတို့ထဲကလူအများစုသည် လက်ထဲတွင်ပန်းမီးပုံးများ ကိုင်ဆောင်ထားကြပြီး ထျန်းကျယ်လမ်းမကြီးမှ ယခုလေးတင် ထွက်ခွာလာခဲ့ခြင်းဖြစ်၏။ သူတို့သည်လည်း ခုနကနှင်းအကြောင်း ဆွေးနွေးနေကြပြီး နှင်းများက အရည်ပျော်လွယ်လွန်းသည်ဟု ညည်းညူနေကြသည်။ သာမန်ပြည်သူများ အတွက်တော့ ဒါသည် ထင်မှတ်မထားသော အံ့အားသင့်စရာလေး တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။
အားချန်သည် ရှေ့သို့ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီးနောက် ဆက်မသွားချင်တော့ပေ။ ယနေ့လှုပ်ရှားမှု ပမာဏသည် ပုံမှန်ထက် ကျော်လွန်နေသည်ဟု သူမ ခံစားလိုက်ရ၏။ ပိုင်ရှိုးမင်သည်လည်း ဘေးကလူက ရုတ်တရက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ အားချန်က သူ့ကိုမျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
သူမက ဒီလိုမျက်နှာအမူအရာ လုပ်ပြတိုင်း ပိုင်ရှိုးမင်မှာ သူမအတွက် တစ်ခုခု ကူညီပေးစေချင်နေသည်ဟု သိလိုက်လေသည်။ သူကလည်း တဲ့တိုးပင် မေးလိုက်တော့၏။ "ဘာလိုချင်လို့လဲ"
"ကျွန်မ လမ်းလျှောက်ရတာ အရမ်းမောနေပြီ။ ခြေထောက်တွေလည်း ညောင်းနေပြီ"
ပိုင်ရှိုးမင်သည် သူမကိုကျောပေးကာ ခန္ဓာကိုယ်ကို ကိုင်းညွန့်လိုက်သည်တွင် အားချန်တယောက်ကလည်း ပျော်ရွှင်စွာဖြင့် ခုန်တက်လိုက်တော့သည်။
အားချန်၏ လက်မောင်းများသည် ပိုင်ရှိုးမင်၏ လည်ပင်းများကို သိုင်းဖတ်ထားပြီး သူကျောပေါ်တွင် လိုက်ပါလာခဲ့၏။ သူမ၏ကိုယ်အလေးချိန်သည် ပိုင်ရှိုးမင်အတွက်တော့ ဘာမှမဟုတ်ပေ။ သူသည် လျင်မြန်ပြီး တည်ငြိမ်စွာ လျှောက်လှမ်းနေပြီး ကိုယ်ပေါ်မှ အဆက်မပြတ် ထွက်ပေါ်နေသော အပူငွေ့များကြောင့် ခဏအကြာတွင် အားချန်တစ်ယောက် အိပ်ချင်လာလေတော့၏။
သူမ၏ အသက်ရှူသံသည် တဖြည်းဖြည်း ပေါ့ပါးလာပြီး တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသောအခါ ပိုင်ရှိုးမင်က ရုတ်တရက် မေးလိုက်လေသည်။ "မင်းရဲ့ ငယ်နာမည်က ဘာဖြစ်လို့ ချည်နှောင်ခြင်းရဲ့ ချန် ဖြစ်နေရတာလဲ"
အားချန်သည် အိပ်မပျော် သော်ငြားလည်း သူ့စကားသံကို ကြားလိုက်သောအခါ မျက်လုံးပင်မဖွင့်ပဲ ဖြေလိုက်လေ၏။ "အမေက ပြောတယ်။ ကျွန်မက လူကိုအရမ်း တွယ်ကပ်တတ်တဲ့ ကလေးမလို့ အားချန်လို့ ခေါ်တာတဲ့။ နားထောင်လို့ မကောင်းဘူးလား"
"နားထောင်လို့ ကောင်းပါတယ်။ အရမ်းလဲလိုက်တယ်"
တကယ်လည်း လူကို တွယ်ကပ်တတ်တဲ့ ကလေးလေးပဲ။
အားချန်၏ နှုတ်ခမ်းထောင့်များက ကွေးတတ်သွားလေသည်။ သို့သော်ငြား တကယ်တမ်းတွင် ထိုအရာသည် သူမ၏စိတ်ကူးယဉ်မူ သပ်သပ်သာပင်။ အမေက သူမနာမည် အားချန်ဆိုတာ သိရောသိရဲ့လားတောင် သူမက သံသယ ဖြစ်မိ၏။ ပိုင်ရှိုးမင်သည် ပါးစပ်ထဲရှိရာ မေးလိုက်ပုံရပြီး အားချန်က ရှင်းပြလိုက်သောအခါ သူကဆက်ပြီး မမေးလာတော့ချေ။
အားချန်က မျက်လုံးမှိတ်ကာ ဆက်အိပ်ရန် ပြင်လိုက်သော်ငြား ဝမ်းနည်းစရာကောင်းသည်မှာ စောစောက ဖျက်ချခံလိုက်ရသည့် အိပ်ချိန်စိတ်များက လွင့်ပြယ်သွားပြီး မျက်လုံးမှိတ်ကာ အနားယူ နေလိုက်တော့၏။
အချိန်တစ်ခုအထိ လမ်းလျှောက်လာခဲ့ပြီးမှ ပိုင်ရှိုးမင်သည် ရုတ်တရက် ရပ်တန့်လိုက်လေသည်။
"အိမ်ရောက်ပြီလား" အားချန်က ပျင်းရိစွာ မေးလိုက်၏။
"ရောက်ပြီ" ပိုင်ရှိုးမင်၏ အသံကတော့ တည်ငြိမ်လို့နေသည်။ "မင်းအိမ်ရှေ့မှာ တစ္ဆေတစ်ကောင် ရပ်နေတယ်"
ဒီတစ္ဆေ၏ ကိုယ်ပေါ်တွင် တစ္ဆေအငွေ့အသက်မှာ အလွန်ပါးလျပြီး အငြိုးအတေး မရှိသဖြင့် သူသည် ချက်ချင်း မလှုပ်ရှားခဲ့ခြင်းပင်။
"ဘာတစ္ဆေလဲ" အားချန်သည် အစပိုင်းတွင် အနည်းငယ် သံသယဖြစ် သွားသော်ငြားလည်း မျက်လုံးဖွင့် ကြည့်လိုက်ရာ လွီရူဟွေ့ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့ပခုံးကို မြန်မြန်ပုတ်လိုက်ကာ သူမကို အောက်ချပေးရန် အချက်ပြလိုက် လေသည်။
ပိုင်ရှိုးမင်က လူကို အောက်ချပေး လိုက်သော်ငြားလည်း သူမကိုတော့ လွှတ်မပေးခဲ့ချေ။ သူသည် အားချန်၏လက်ကို ဆုပ်ကိုင်ထားပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။ "မင်းက အိမ်ထဲမှာ တစ္ဆေမွေးဖို့ ကြံနေတာလား"
သူများအိမ်ရှေ့တွင် တစ္ဆေတစ်ကောင် တွေ့ရခြင်းက တိုက်ဆိုင်မှုဖြစ်ကောင်း ဖြစ်နိုင်သော်ငြား အားချန်၏အိမ်ရှေ့တွင် တစ္ဆေတစ်ကောင် တွေ့ရခြင်းကတော့ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိလေသည်။ ဒီတစ္ဆေက သူမနှင့် ပတ်သက်နေသည်မှာ သေချာသည်။
"မဟုတ်ပါဘူး။ ဒါက ကျွန်မဘေးအိမ်က ရှေးဟောင်းပစ္စည်းဆိုင်က သူဌေးမှလွီလေ။ ရောဂါသည်းပြီး သေဆုံးသွားတာ။ စိတ်ထဲမှာ စွဲလမ်းမှုတွေရှိနေလို့ ထွက်မသွားနိုင်ဘဲ ဖြစ်နေတာ"
လွီရူဟွေ့သည် မီးငြိမ်းနေသော မီးပုံးအောက်တွင် ရပ်နေ၏။ သေဆုံးပြီးပြီ ဖြစ်သော်ငြားလည်း ဝိညာဉ်ခန္ဓာကိုယ်သည် အန္တရာယ်ကို မသိစိတ်က ခံစားလိုက်ရလေသည်။ သူမက ထွက်ပြေးချင်သော်ငြား ပေါ့ပေါ့ဆဆ မလှုပ်ရှားမိရန် သူမ၏အာရုံက ပြောလို့နေ၏။
"မင်း ဘာလုပ်လိုက်တာလဲ" ပိုင်ရှိုးမင်က မေးလိုက်၏။
"သူ့ကိုမိသားစုနဲ့ နောက်ဆုံးအနေနဲ့ ပြန်တွေ့နိုင်အောင်လို့ ဝိညာဉ်ကို နည်းနည်းခိုင်မာအောင် ကူညီပေးလိုက်ရုံပါပဲ။ ဒါပါပဲ"
"ဒီလောက် ရိုးရှင်းတာလား" ပိုင်ရှိုးမင်ကတော့ သိပ်ယုံကြည်ချင်ပုံ မရပေ။
"ဒါပေါ့။ ရှင်က ကျွန်မကို မယုံဘူးလား" အားချန်က ပြန်မေးလိုက်၏။
"ဒါပေါ့။ မင်းကို သေချာပေါက် ယုံပါတယ်" အမှန်နှင့်အမှားကြားတွင် ပိုင်ရှိုးမင်သည် သူ၏ အသိစိတ်ကို ဖီဆန်ရန် ရွေးချယ်ခဲ့လေသည်။
အားချန်ကလည်း ထိုအခါမှ ကျေနပ်သွားပြီး ဘေးကလူကို တွန်းလိုက်လေ၏။ "ဟုတ်ပါပြီ။ မိုးချုပ်နေပြီ။ ရှင် ပြန်တော့လေ။ သူဌေးမလွီရဲ့ ဝိညာဉ်လန့်ပြီးတော့ ကွဲသွားဦးမယ်"
"ကောင်းပြီလေ။ နောက်နှစ်ရက်လောက်နေရင် မင်း ဆီလာခဲ့မယ်" သူသည် ထိုသူဌေးမလွီ၏ ဝိညာဉ်ကို တစ်ချက်ကြည့် လိုက်သော်ငြားလည်း အားချန်၏ လုံခြုံရေးအတွက် စိတ်မပူမိတော့ပေ။ သို့သော်ငြား မထွက်ခွာခင်တွင် သူမ၏ပါးလေးကို လှမ်းဆွဲလိုက်သေးသည်။ "ကိုယ့်ဟာကိုယ် ဂရုစိုက်နော်"
"သိပါပြီ" လူကိုဖျောင်းဖျပြီး ပြန်လွှတ်လိုက်မှ အားချန်သည် ရှေ့သို့တိုးသွားကာ လွီရူဟွေ့နှင့် စကားပြော လိုက်တော့သည်။ "သူဌေးမလွီက ဒီနေ့ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ မိသားစုကို သွားမတွေ့ဘူးလား"
လွီရူဟွေ့က ခေါင်းခါပြလိုက်၏။ "ထပ်တွေ့ဖို့ မလိုတော့ပါဘူး။ လုပ်သင့်တာတွေ အကုန်လုံး လုပ်ပြီးသွားပါပြီ"
"ရှေ့စိတ်ထဲက မကျေနပ်ချက်တွေရော ပျောက်သွားပြီလား"
"မနက်ဖြန် ကျော်လွန်သွားရင်တော့ ပြေပျောက်သွားပါလိမ့်မယ်" ဒီစကားကို ကြားလိုက်ရသောအခါ မနက်ဖြန်တွင် ကိစ္စတချို့ ဖြစ်လာနိုင်ကြောင်း အားချန် သတိထားမိလိုက်၏။ သို့သော်ငြား သူမသည် ဆက်မမေးလိုက်တော့ပေ။ သူဌေးမလွီ၏ စိတ်ထဲတွင် ချင့်ချိန်ထားပြီးသား ရှိရမည်ဟု ယူဆလိုက်လေသည်။ "မိန်းကလေးကျိ ရှင်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
အားချန်က ခေါင်းခါပြလိုက်ကာ "ကျေးဇူးတင်စရာ မလိုပါဘူး။ သူဌေးမလွီ ကောင်းကောင်းသွားပါနော်"
ဒီနေ့ကျော်လွန်သွားလျှင် သူဌေးမလွီ ထွက်ပေါ်လာတော့မည် မဟုတ်ကြောင်း သူမ သိနေလေသည်။
လွီရူဟွေ့သည် အားချန်ကို အရိုအသေ ပြုလိုက်ပြီးနောက် သူမ၏ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားလေတော့၏။
မနက်ဖြန် ကျော်လွန်သွားသည်နှင့် သူမ၏ဝိညာဉ်သည် အောက်လောကသို့ ဝင်ရောက် သွားရပေတော့မည်။ အမှန်တွေတော့ ယခုအချိန်တွင် သူမသည် အောက်လောကမှ ခေါ်ဆောင်မှုကို ခံစားနေရပြီ ဖြစ်သော်ငြားလည်း မသွားနိုင်သေးချေ။ နောက်ဆုံးဖြစ် သွားသည်နေ့တွင် သူမ၏အရင်းအနှီးဆုံး လူသားက သူမအတွက် ဈာပန လာရောက်ပို့ဆောင် ပေးမည်ဖြစ်ကာ သူမအတွက် မရှိမဖြစ် ရှိနေရပေလိမ့်မည်။
...