← Chapters

သူဖျားတာ ဒီလောက်တောင် ကြာနေပြီကို ရှင်က နည်းနည်းလေးမှ ...

Vol. 15 Ch. 147

သူဖျားတာ ဒီလောက်တောင် ကြာနေပြီကို ရှင်က နည်းနည်းလေးမှ ...

Vol. 15 Ch. 147

လျိုရှန်းကျယ် နိုးလာချိန်တွင် အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူသည် မျက်လုံးများ ဖွင့်လိုက်သည်တွင် ကုတင်ပေါ်တွင် လှဲနေပြီး အပေါ်ဝတ်ရုံ ဝတ်ဆင်ထားဆဲ ဖြစ်ကာ စောင်လွှမ်းထားသည်ကို ခံစားလိုက်ရလေ သည်။

သူသည် မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည်စဉ်းစား ကြည့်လိုက်မိ၏။ ရူဟွေ့ ရောက်လာသည်။ သူနှင့်အတူ ထမင်းစားခဲ့သည်။ ထို့နောက် သူသည် အရက်ရှိန်ဖြင့် သူတို့နှစ်ဦးပြန်လည် ပေါင်းစည်းမလားဟု မေးမြန်းခဲ့သည်။

သူမက ဘာပြန်ဖြေခဲ့ပါသနည်း။

ဟုတ်ပြီ။ သူမက သူ့ကို ဒီနေ့ သူမဆီလာခဲ့ရန် ပြောခဲ့သည်။ သူမ အဖြေပေးမည်တဲ့။

လျိုရှန်းကျယ်သည် ကုတင်ပေါ်က ဆင်းလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်ရာ အိမ်တော်ထိန်းက အပြင်ခန်းတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

"ဘယ်အချိန်ရှိပြီလဲ"သူကမေးလိုက်သည်။

"ချန်အချိန် (မနက်၇နာရီမှ ၉နာရီကြား)" ရှိပါပြီ။ ဒီနေ့တွင် လျိုရှန်းကျယ်သည် ညီလာခံတက်စရာမလိုသဖြင့် အိမ်တော်ထိန်းက သူ့ကို ကြိုတင်မနိုးထားခြင်းပင်။

"ရေပို့ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ" အိမ်တော်ထိန်းက ပြန်ဖြေသံပေးလိုက်ပြီး မကြာခင်မှာပင်တွင် အစေခံများသည် ရေနွေးနှင့်သန့်စင်သော အဝတ်အစားများကို လာပို့ပေးလေ၏။

မျက်နှာသစ်ပြီးနောက် လျိုရှန်းကျယ်သည် အဝတ်အစား သန့်သန့်လေးကို လဲဝတ်လိုက်ကာ အပြင်ခန်းသို့ ထွက်လာသည်တွင် စားပွဲပေါ်၌ မနက်စာ ပြင်ဆင်ထားပြီး ဖြစ်နေသည်။

သူက ထိုင်မချခင်မှာပင် စင်ပေါ်တွင် ချိတ်ဆွဲထားသော မြင်းရုပ်မီးအိမ်လေး တစ်လုံးကို တွေ့လိုက်ရလေသည်။ အတွင်းက ဖယောင်းတိုင်များမှာ အစောကြီးကတည်းက လောင်ကျွမ်းကုန်ပြီ ဖြစ်သဖြင့် မီးအိမ်ကလည်း လည်ပတ်ခြင်း မရှိတော့ပေ။

လျိုရှန်းကျယ်သည် စိတ်ထဲတွင် တိတ်တိတ်လေး တွေးတောနေမိ၏။ ရူဟွေ့က မီးအိမ်ကို ယူမသွားဘူး။ မကြိုက်လို့များလား။

ဒါမှမဟုတ် စိတ်ထဲမှာ သူ့အပေါ်အဖုအထစ်တွေ ရှိနေတုန်းမလို့လား။ "သခင်ကြီး ဘာဖြစ်လို့လဲ" အိမ်တော်ထိန်းက သူ မီးအိမ်ကို ငေးကြည့်နေသည်မှာ အတော်ကြောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အကဲခတ်ကာ‌ မေးလိုက်လေသည်။

လျိုရှန်းကျယ်သည် အိမ်တော်ထိန်းကို ဂရုမစိုက်ဘဲ ထိုင်ချလိုက်ပြီး ခဏလောက် တိတ်တိတ်လေး ထမင်းစားနေပြီးမှ ရုတ်တရက်ထ မေးလိုက်၏။ "မနေ့ညက ဖူးရန် ဘယ်အချိန်လောက် ပြန်သွားတာလဲ"

အိမ်တော်ထိန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ "အဲဒါ ... ဖူးရ န်ပြန်သွားတုန်းက နှုတ်ဆက်မသွားပါဘူး။ ကျွန်တော်မျိုး တံခါးစောင့်ကို သွားမေးလိုက်ရမလား"

မနေ့ညက သခင်ကြီးနှင့်ဖူးရန်တို့ စကားပြောနေကြသဖြင့် သူက အိမ်တော်ထဲက အစေခံများကို ကြိုတင်သတိပေးထားရာ ဘယ်သူကမှ ပင်မခြံဝင်းအနားသို့ မကပ်ရဲကြပေ။ ဖူးရန် ဘယ်အချိန်ပြန် သွားသည်ကိုလည်း သူ့ကိုဘယ်သူမှ လာမပြောကြသဖြင့် သူက သခင်ကြီးသည် ဖူးရန်ကို ခေါ်ထားလိုက်သည်ဟုသာ ထင်မှတ်ထားလိုက်လေသည်။

လျိုရှန်းကျယ်က မျက်မှောင်ကြုတ် လိုက်ပြ အိမ်တော်ထိန်းက ပေါ့ဆသည်ဟု ထင်မှတ်လိုက်သော်ငြား မနေ့ညက ရှန့်ယွမ်ပွဲတော်နေ့ဖြစ်သည်ကိုတွေ့မိလိုက်သဖြင့်အပြစ်မတင်တော့ချေ။ မည်သို့ဆိုစေ ခဏနေလျှင် သူမကို တွေ့ရတော့မည် မဟုတ်ပါလား

ထို့ကြောင့် သူကလည်း ပြန်ဖြေလိုက်တော့သည်။ "မလိုတော့ဘူး။ နောက်တစ်ခါ သတိထား"

"ကျွန်တော်မျိုး မှတ်သားထားပါမယ်" အိမ်တော်ထိန်းသည် သက်ပြင်းချ လိုက်လေသည်။

အိမ်တော်ထိန်းက ဘေးတွင် မတ်တပ်ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်သောအခါ လျိုရှန်းကျယ်က ထပ်မေးလိုက်၏။ "ကိစ္စရှိသေးလို့လား"

အိမ်တော်ထိန်း၏ မျက်နှာတွင် အခက်တွေ့နေသည့် ပုံစံပေါ်လာခဲ့သည်။ "သခင်လေးက မနေ့ညက ဖူးရန် လာတယ်လို့ကြားပြီး ဖူးရန်ကို တွေ့ချင်နေတာပါ။ ဒါပေမဲ့ ကျွန်တော်မျိုးက လူလွတ်ပြီး တားခိုင်းလိုက်ပါတယ်"

"ယွိအန်း ဒီကလေးက ..."

အိမ်တော်ထိန်းက တိုးတိုးလေး ပြောလိုက်၏။ " မနေ့ညက သခင်လေး တစ်ညလုံးနီးပါး ငိုနေပါတယ်။ ကြည့်ရတာ ဖူးရန်ကို တကယ်ပဲ တောင်းပန်ချင်နေပုံ ရပါတယ်"

"ထားလိုက်ပါတော့။ နောက်ကျမှ ရူဟွေ့ရဲ့သဘောထားကို ကြည့်တာပေါ့"

ရူဟွေ့သည် ယွိအန်း၏ ယခင်ကလုပ်ရပ်များကို သိပ်ပြီးဂရုမစိုက်ကြောင်း သူ ခံစားမိသော်ငြား ယွိအန်း၏ လုပ်ရပ်များမှာ လွန်လွန်ကဲကဲ ဖြစ်နေသဖြင့် သင်ခန်းစာ နည်းနည်းတော့ ပေးသင့်သည်ဟု မှတ်ယူထားလိုက်သည်။

ထမင်းစားပြီးနောက် လျိုရှန်းကျယ်သည် အိမ်တော်ထိန်းကို မြင်းလှည်းပြင်ခိုင်းလိုက်၏။

မြင်းလှည်းပေါ် ရောက်သောအခါ သူသည် လွီရူဟွေ့ကို ရှာဖွေဖို့ အရင်ဆုံးမသွားဘဲ လွီအိမ်တော်သို့ အရင်ဆုံး သွားလိုက်လေသည်။

ရူဟွေ့ကို သွားမတွေ့ခင် သူသည် လွီအိမ်တော်သို့ အရင်သွားပြီး ကိစ္စများကို ရှင်းရှင်းလင်းလင်း ပြောပြရန် လိုအပ်လေသည်။ အိမ်တွင်းရေးပြဿနာကို အပြင်လူမသိစေချင်သော်ငြား ရူဟွေ့ ဝမ်းနည်းခဲ့ရသည်ကလည်း အမှန်ပင်။ သူမ၏ခွင့်လွှတ်မှုကို ရယူလို့လျှင် ယောက္ခမများကို အရင်ဆုံး အကြောင်းအရင်းအမှန် ပြောပြရပေမည်။

လျိုရှန်းကျယ် ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် လွီမိသားစုတစ်ခုလုံး အံ့အားသင့်သွားတော့၏။

လွီအစ်ကိုနှစ်က ကိုယ်တိုင်ကိုယ်ကျ တံခါးဝသို့ ထွက်ကြိုပြီး ပင်မခြံဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် လွီရူရှင်းသည် မိဘများဘေးတွင် အဖော်ပြုကာ စကားပြောနေလေသည်။

လျိုရှန်းကျယ် ဝင်လာသည်ကို မြင်လိုက်သောအခါ သူမက မတ်တပ်ထရပ်လိုက်ပြီး အရင်ဆုံးနှုတ်ဆက်လိုက်၏။ "လျို အစ်ကိုကြီး"

ယခင်က လျိုရှန်းကျယ်သည် ဒီအခေါ်အဝေါ်တွင် အမှားအယွင်းမရှိဟု ထင်ခဲ့လေသည်။ ယခင်ကလည်း လွီရူရှင်းသည် သူ့ကိုဒီလိုပင် ခေါ်ဝေါ်ခဲ့သည် မဟုတ်ပါလား။

နောက်ပိုင်းတွင် သူနှင့် လွီရူဟွေ့တို့ လက်ထက်ခဲ့ပြီး သူကလည်း အဝေးသို့ လက်ထပ်သွားသဖြင့် သူတို့သည် လုံးဝနီးပါး မတွေ့ဆုံဖြစ်ကြတော့ပေ။

သို့သော် ယခုအခါ လွီရူဟွေ့က သူနှင့် လွီရူရှင်းတို့ကြားတွင် သန့်ရှင်းမှုမရှိဟု မယုံမကြည် ဖြစ်နေရသည့် အကြောင်းအရင်းကို သူသည် ရုတ်တရက် သဘောပေါက် သွားတော့သည်။ သူ ကွာရှင်းစာချုပ် မချုပ်ဆိုခင်က လွီရူရှင်းနှင့်တွေ့ဆုံခဲ့စဉ် သူမသည် သူ့ကိုခဲအိုဟု မခေါ်ဘဲ လျိုအစ်ကိုဟုသာ ခေါ်ခဲ့လေသည်။

လျိုရှန်းကျယ်သည် လွီရူရှင်းကို အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်မထူးခဲ့ပေ။

လွီရူရှင်းသည်သူ၏ အလွန်အေးစက်နေပုံကို မြင်ရသောအခါ ထိုနေ့က သူသည် သူမနှင့် အကွာအဝေးတစ်ခု ထားရှိမည်ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်ကို ပြန်တွေးမိပြီး စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားတော့သည်။ အခုကျမှ အကွာအဝေး ထားရှိမယ်တဲ့လား။ အရင်တုန်းကကျတော့ သူ ဘာဖြစ်လို့ ဒီလိုကိစ္စတွေကို ထည့်မတွက်ခဲ့တာလဲ။

နှစ်ယောက်သား၏ စိတ်အခြေအနေကို ဘေးလူများက သတိမထားမိကြချေ။ လျိုရှန်းကျယ်ကို မြင်လိုက်သောအခါ လွီအဖေ၏စိတ်ထဲတွင် သံသယဖြစ်သွားပြီး တစ်ဖက်လူက ထိုင်ချလိုက်ပြီးမှ မေးလိုက်လေသည်။ "ရှန်းကျယ် ဒီနေ့ဘယ်လိုလုပ်ပြီး အိမ်ကို ရောက်လာတာလဲ။ ကိစ္စတစ်ခုခုရှိလို့လား"

လျိုရှန်းကျယ်က မတ်တပ်ထရပ်လိုက်ပြီး ယောက္ခမများကို အရိုအသေ ပြုလိုက်ပြီးနောက် ပြောလိုက်၏။ "ဒီနေ့ သမက်က ယောက္ခမကို လာတောင်းပန်တာပါ"

သူသည် ယခင်က အခေါ်အဝေါ်ကို ရုတ်တရက် ပြန်လည်သုံးစွဲလိုက်သည်ကို မြင်လိုက်ရသောအခါ လူကြီးနှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။ ယခင်က သူတို့သည် သမီးကြီးကို နည်းမျိုးစုံဖြင့် ဖျောင်းဖျခဲ့သော်ငြားလည်း သူမက လက်မခံခဲ့ပေ။ အခုတော့ သမက်ဘက်က အရင်ပြန်ပေါင်းထုတ်ချင်သည့် သဘောပြလာခဲ့သည်။

"ဘာကိစ္စအတွက် တောင်းပန်နေတာလဲ။ ရှန်းကျယ်ရဲ့စကားကို ငါ နားမလည်ပါလား" လွီအဖေက တည်ငြိမ်ဟန်ဆောင်ကာ မေးလိုက်၏။

"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက သမက် စုံစမ်းသိရှိရတာပါ။ ယွိအန်း ဒဏ်ရာရခဲ့တာ ရူဟွေ့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်က တစ်ဖက်သက် စကားကို ယုံပြီး သူ့ကိုအထင်လွဲခဲ့မိလို့ သူ့စိတ်ကို နာကျင်စေခဲ့မိပါတယ်"

" ဒါ ... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ" လွီအမေ၏မျက်နှာတွင် အံ့ဩမှုများပေါ်လာပြီး ခဏတာ လက်မခံနိုင်အောင် ဖြစ်သွားတော့သည်။

သူတို့သည် ကိုယ့်သမီးအရင်းက မွေးစားသားကို ဒုက္ခပေးခဲ့ပြီး ဝန်မခံခဲ့ဘူးဟုသာ ယုံကြည်ထားခဲ့လေသည်။ ယခုကျတော့ အရာအားလုံးက အထင်လွဲမှု များတဲ့လား။

ဒါဆိုရင် ဒီရက်အပိုင်း သူတို့ ရူဟွေ့ အပေါ်မှာပြောခဲ့တဲ့ ခါးသီးတဲ့စကားတွေက ဘာအဓိပ္ပာယ် ဖြစ်သွားပြီလဲ။

လွီအဖေ၏မျက်နှာထားမှာ တင်းမာသွားပြီး တည်ငြိမ်နေသည့် အသံဖြင့်မေးလိုက်၏။ "ဒါဆိုရင် အမှန်တရားက ဘယ်လိုမျိုးလဲ"

လျိုရှန်းကျယ်က ဒီကိစ္စကို ရှင်းလင်းရန် ရွေးချယ်လိုက်ပြီ ဖြစ်သဖြင့် ဖုံးကွယ်ထားမည်မဟုတ်ဘဲ အဖြစ်အပျက် အစအဆုံးကို ပြောပြလိုက်တော့သည်။

သူ့စကားဆုံးသွားသောအခါ လွီအဖေက သက်ပြင်းချလိုက်လေသည်။ "အဲဒီဝမ်ရှီက တကယ် အမျှော်အမြင် နည်းလွန်းတာပဲ"

သူ့သမက်က ကလေးကိုမွေးစားပြီးမှတော့ သမီးဖြစ်သူ ကိုယ်ဝန်ရှိနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးကိုဘယ်လိုလုပ်ပြီးတော့ ပြန်ပို့မှာလဲ။

ထိုနောက်သူက မေးလိုက်ပြန်သည်။ "ယွိအန်းကရော ဘယ်လိုနေလဲ"

လျိုရှန်းကျယ်က ပြန်ဖြေလိုက်လေသည်။ "သမက်သူ့ ကို အိမ်ပြန်ခေါ်သွားပြီး အပြစ်ပေးလိုက်ပါပြီ။ နောက်ပိုင်း သူ့ရဲ့ အကျင့်စာရိတ္တကို သေချာစောင့်ကြည့်ပါမယ်။ တကယ်လို့ မဖြစ်ဘူးဆိုမှ တခြားနည်းလမ်း စဉ်းစားပါမယ်"

လွီအမေကတော့ မျက်မှောင်ကြုတ်လိုက်ကာ "ဒီလိုပဲ လွှတ်ပေးလိုက်တာလား။ ငယ်ငယ်လေးနဲ့ မွေးစားအမေကို ဒုက္ခပေးတတ်နေပြီ။ နောက်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ဘယ်သူသိမှာလဲ"

"ဒါက မိန်းမတွေ အမြင်လေ" လွီအဖေက နှာခေါင်းရှုံ့လိုက်ကာ "သမက်လုပ်တာကမှ မှန်ကန်တာ"

အိမ်တွင်းရေးပြဿနာကို အပြင်မရောက်စေရဘူး။ လွီမိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ဒီကိစ္စကိုအပြင်လူ သိလို့မဖြစ်ဘူး။ ပြောလို့မရမှတော့ ကလေးကိုလည်း အကြောင်းပြချက်မရှိဘဲ အိမ်က နှင်ထုတ်လို့မရဘူးလေ။

ပြီးတော့ဒီကလေးက သမက်နဲ့ သွေးသားတော်စပ်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်တောက်လို့ မရဘူး။ သမက်က ချက်ချင်း ပြန်မပို့ဘူးဆိုကတည်းက သေချာပေါက် သံယောဇဉ်ရှိနေလို့ပဲ။

သမီးက ခဏတာ ဝမ်းနည်းရပေမယ့် နောက်ပိုင်းကျရင် ဒီမွေးစားသားကို သူ ထိန်းချုပ်လို့ရသွားပြီပဲ။ သားမက်ကလည်း သူ့ကိုပိုပြီးတော့ သနားချစ်ခင်လာလိမ့်မယ်။

သားမက်က အိမ်ကိုကိုယ်တိုင်လာပြီးတော့ တောင်းပန်နေပြီ။ မျက်နှာသာပေးပြီးပြီပဲ သူတို့ကလည်းပဲ။ အလျော့မပေးဘဲ နေလို့မဖြစ်ဘူးလေ။

သို့သော်ငြား လွီအမေကတော့ ဒီလောက်အထိ မတွေးနိုင်ဘဲ မကျေမနပ် ဖြစ်နေဆဲပင်။ "ဘာဖြစ်လို့ မိန်းမတွေရဲ့အမြင် ဖြစ်ရမှာလဲ။ ဒီကိစ္စမဖြစ်ရင် ရှန်းကျယ်နဲ့ ရူဟွေ့က ကွာရှင်းတဲ့အထိ ဖြစ်လာစရာ အကြောင်းမှမရှိတာ"

သူမ ထင်လိုက်သည်မှာ ထိုလျိုယွိအန်းနှင့် သူ့အမေ ဝမ်ရှီတို့သည် မိသားစုများကို မွှေနှောက်သူများသာ ဖြစ်လေသည်။ သူမသည် သမက်ကိုပင် သိပ်ပြီးဘဝင်မကျ ချင်တော့ပေ။ ဘယ်လိုလုပ်ပြီး လူကို ဆက်လက်ထားနိုင် ရပါသနည်း။

ဇနီးမောင်နှံနှစ်ဦးသည် လျိုယွိအန်းကြောင့် ရန်ဖြစ်တော့မလို ဖြစ်သွားသည်တွင် လွီအဖေက သမီးငယ်ကို မျက်ရိပ်ပြလိုက်၏။ လွီရူရှင်းကလည်း အရှေ့တိုးကာ ပြောလိုက်တော့သည်။ "အမေ ဒီကိစ္စက လျိုအစ်ကိုရဲ့ အမှားချည်းပဲ မဟုတ်ပါဘူး။ ပြောရရင် အစ်မက ကလေးမွေးနိုင်လို့လေ။ ဒီကလေးကို လက်ခံထားတာကလည်း အစ်မအတွက် ကောင်းတာပါပဲ"

လွီအမေမှာ ချက်ချင်းဆိုသလို နှုတ်ဆိတ်သွားလေတော့သည်။

လွီရူရှင်း၏စကားသည် အလွန်ပွင့်လင်းသော်ငြားလည်း သူမသည် ယခင်ကတည်းက ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်သဖြင့် လွီမိဘနှစ်ပါးက မည်သို့မလျော်ကန်ဟု မထင်မှတ်ကြပေ။ ဒီနေရာတွင်ရှိ နေသူများမှာ သမီးသားစုတည်းပင် မဟုတ်ပါလား။

လျိုရှန်းကျယ်က ရုတ်တရက် ပြောလိုက်၏။ "ကျွန်တော်က သားသမီးမရှိတာ ရူဟွေ့ရဲ့အပြစ်လို့ မထင်ပါဘူး။ ပြီးတော့ ကျွန်တော် ရူဟွေ့ကို ရှင်းပြပြီးတော့ တောင်းပန်ပြီးပါပြီ။ သူက ကျွန်တော့် ဆုံးဖြတ်ချက်ကိုလည်း မကန့်ကွက်ပါဘူး"

လျိုရှန်းကျယ်က ထိုသို့ပြောလာသည်ကို ကြားလိုက်ရသောအခါ လွီရူရှင်းသည် သူမ၏ယခင်က ကြံစည်မှုများ အလဟဿ ဖြစ်သွားသည်ကို သိလိုက်တော့သည်။

သူမသည် လွီရူဟွေ့က လျိုရှန်းကျယ်လို ကောင်းမွန်သည့် ယောက်ျားကို ရရှိသည့်အတွက် မနာလိုဖြစ်မိပြီး သူမလက်ထဲက ဒီလူကို လုယူသွားခဲ့သည့် အတွက်လည်း နာကြည်းနေခဲ့၏။

သို့သော် နာကြည်းမှုအပြင် သူ့စကားကို ပြန်တွေးလိုက်သည်တော့လည်း ရယ်စရာကောင်းနေပြန်သည်။

လျိုရှန်းကျယ်က သူမအစ်မကို တကယ်နားမလည်ဘူးဘဲ။ လွီရူဟွေ့ရဲ့ စိတ်သဘောထားက အမေနဲ့ တော်တော်တူတာ။ အဲဒီ လျိုယွိအန်းက လွီရူဟွေ့ရဲ့ ရင်ထဲမှာ အဖုအထစ် ဖြစ်နေမှာသေချာတယ်။ သူက လျိုရှန်းကျယ်ကို လူပြန်မပို့ခိုင်းဘူး ဆိုတာကလည်း အကျိုးအမြတ် တွက်ချက်နေလို့ပဲနေမှာ။ ဒီကိစ္စကို ကျေအေးသွားလို့ မဟုတ်လောက်ဘူး။

သူက သမီးကြီးကို တောင်းပန်ပြီးပြီဟု ပြောလာသည်ကို ကြားလိုက်ရသောအခါ လွီအဖေကလည်း ပိုပြီးကျေနပ်သွားကာ မေးလိုက်တော့သည်။ "ဒါဆိုရင် ကောင်းတာပေါ့။ မင်းက တာဝန်ယူတတ်မှန်း ငါ သိပါတယ်။ မင်းတို့ကြားက အထင်လွဲမှုတွေ ပြေလည်သွားပြီဆိုတော့ နောက်ပိုင်း ဘာအစီအစဉ်ရှိလဲ"

လျိုရှန်းကျယ်က ခေါင်းငြိမ့်ပြလိုက်သော်ငြား အများကြီးတော့ မပြောလိုက်ချေ။

သူ အနည်းငယ် ရှက်ရွံ့နေသည်ကို သတိထားမိသဖြင့် လွီအဖေကလည်း ဟားတိုက်ကာ ရာ်မောလိုက်တော့သည်။ "ကဲပါ။ မင်းတို့နှစ်ယောက်ကိစ္စ မင်းတို့ဘာသာ ဖြေရှင်းကြ။ ခဏနေရင် ရှန်းကျယ်အိမ်မှာပဲ ထမင်းစားသွားပါလား"

"သမက် အနှောင့်အယှက် မပေးတော့ပါဘူး။ ခဏနေရင် ရူဟွေ့ကို သွားတွေ့မလို့ပါ"

"ကောင်းပြီလေ။ ငါ မင်းကို မတားတော့ပါဘူး။ မြန်မြန်သွားလိုက်တော့" လျိုရှန်းကျယ်တွင် ပြန်လည် ပေါင်းစည်းလိုသော ဆန္ဒရှိနေသည်ကို တွေ့ရသဖြင့် လွီအဖေကလည်း သဘာဝကျကျပင် သဘောတူ လိုက်လေသည်။

လွီအိမ်တော်မှ ထွက်လာခဲ့ပြီးနောက် လျိုရှန်းကျယ်သည် လွီရူဟွေ့၏ အိမ်သို့ တိုက်ရိုက်သွားလိုက်၏။ ဒီအိမ်ကိုသူ အရင်တစ်ခေါက်က ရောက်ခဲ့ဖူးသော်ငြားလည်း ထိုစဉ်က သူမက တံခါးမဖွင့်ပေးခဲ့ပေ။

ဒီတကြိမ်တွင် သူ့မြင်းလှည်းပေါ်က ဆင်းလာကာ တံခါးခေါက်လိုက်လေသည်။ အတော်ကြာအောင် တံခါးခေါက်သော်လည်း ပြန်ထူးမလာချေ။

အိမ်နီးနားချင်း အဘိုးအိုတစ်ဦးက မလှမ်းမကန်းက ဖြတ်သွားရင်း သူတံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်သောအခါ ရှေ့သို့တိုးလာပြီး စကားပြောလိုက်၏။ "မင်းက လွီဖူးရန်ကို လာရှာတာလား"

လျိုရှန်းကျယ်က ထိုလူကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်၏။ "အဘိုး။ သူ ဘယ်အချိန် အပြင်ထွက်သွားတာလဲ သိလား"

အဘိုးကြီးက မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်၏။ "သူ့အိမ်မှာ မရှိတာ ကြာပြီထင်တယ်။ ဒီရက်ပိုင်းအိမ်မှာ မီးမလင်းသလို ဝင်ထွက်သွားလာတာလဲ မတွေ့ဘူး။ တခြားနေရာ သွားရှာကြည့်ပါလား"

တစ်ဖက်လူက ထိုသို့ပြောလာသည်ကို ကြားလိုက်ရသောအခါ လျိုရှန်းကျယ်၏ စိတ်ထဲတွင် သံသယဖြစ်သွားတော့သည်။ အိမ်မှာမရှိရင် သူ ဘယ်မှာနေမှာလဲ။

သို့သော်ငြား တံခါးကို အကြာကြီးခေါက်သော်လည်း ဘယ်သူမှ ပြန်မထူးသည်ကို ကြည့်လျှင် ဒီအဘိုးကြီးက သူ့ကို လိမ်ပြောနေခြင်း မဟုတ်ကြောင်းလည်း ထင်ရှားနေသည်။

သူက တစ်ဖက်လူကို ကျေးဇူးတင်စကား ပြောလိုက်ပြီး မြင်းလှည်းပေါ်သို့ ပြန်တက်ကာ မြင်းထိန်းကို ချန်းဖိင်ဖန်းရပ်ကွက်ရှိရာ ရှေးဟောင်းပစ္စည်းဆိုင်သို့ တိုက်ရိုက်မောင်းခိုင်းလိုက်တော့၏။

ဒီတခါတော့ လွီရူဟွေ့ကို တွေ့ရတော့မည်ဟု ထင်ထားသော်ငြား မြင်းလှည်းရပ်သွားချိန်တွင် လျိုရှန်းကျယ် တွေ့လိုက်ရသည်မှာ သော့ခတ်ထားသော ဆိုင်တံခါးသာ ဖြစ်လေသည်။

သူ့စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့၏။ လူက မရှိ။ ဆိုင်ကလည်းပိတ်ထားသည်။ လွီရူဟွေ့ ဘယ်ရောက်နေပါသနည်း။

သခင်ဖြစ်သူက မလှုပ်မယှက် ရပ်နေသည်ကို မြင်ရသောအခါ မြင်းလှည်းထိန်းကလည်း အကဲခတ်ကာ မေးလိုက်လေသည်။ "သခင်ကြီး နောက်ထပ် ဘယ်သွားမလို့လဲ"

လျိုရှန်းကျယ်က ရပ်ကာ အမိန့်ပေးလိုက်၏။ "မင်းအခုပဲ လွီအိမ်တော်ကို သွားပြီး ဖူးရန်မှာ တခြားအိမ် ဒါမှမဟုတ် တည်းခိုစရာနေရာရှိမရှိ သွားမေးကြည့်လိုက်"

"ဟုတ်ကဲ့ပါ"

မြင်းလှည်းသမားက အချိန်မဆွဲရဲဘဲ မြင်းလှည်းကိုမောင်းကာ လွီအိမ်တော်သို့ ထွက်ခွာ သွားတော့သည်။

လျိုရှမ်းကျယ်ကတော့ ပတ်ဝန်းကျင်ရှိ ဆိုင်များသို့ ဝင်ရောက်ကာ လွီရူဟွေ့၏ သတင်းကို မေးမြန်းလိုက်၏။

သူသည် ပတ်ဝန်းကျင်တဝိုက်တွင် လိုက်လံမေးမြန်းကြည့်သည်တွင် လွီရူဟွေ့၏ ဆိုင်သည် နှစ်သစ်ကူးပြီးကတည်းက တံခါးမဖွင့်တော့ကြောင်းနှင့် သူမ ဘယ်ရောက်နေသည်ကို ဘယ်သူကမှ မသိကြောင်းသာ သိလိုက်ရ၏။

နောက်ဆုံးတွင်တော့ အနီးရှိကုန်ဆုံးဆိုင် ပိုင်ရှင်က သူ့ကိုလမ်းညွှန် ပေးလိုက်လေသည်။

"ရှေးဟောင်းပစ္စည်းဆိုင်ဘေးက အမွှေးနံ့သာဆိုင်ကို သွားမေးကြည့်ပါလား။ နှစ်သစ်ကူးအကြိုနေ့ ဆိုင်မပိတ်ခင်တုန်းက သူဌေးမလွီက အမွှေးနံ့သာဆိုင်ဘက် သွားတာတွေ့လိုက်သေးတယ်။ ပုံမှန်ဆိုရင်လည်း သူဌေးမလွီက အမွှေးနံ့သာဆိုင်က ဆိုင်ရှင်ချန်နဲ့ အရမ်းရင်းနှီးတာ"

လျိုရှန်းကျယ်သည် တစ်ဖက်လူကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် အမွှေးနံ့သာဆိုင်ဘက်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။ တံခါးဝသို့ ရောက်လာသောအခါ ဒီဆိုင်ကလည်း တံခါးပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။

စောစောက ကုန်စုံဆိုင်ပိုင်ရှင် ပြောသည်မှာ အမွှေးနံ့သာဆိုင်ပိုင်ရှင်နဲ့ ဆိုင်တာဝန်ခံတို့သည် ဒီနေရာတွင် နေထိုင်သည်ဟု ဆိုသဖြင့် လျိုရှန်းကျယ်ကလည်း တံခါးကိုဆက်တိုက် ခေါက်လိုက်တော့သည်။

အားချန်သည် တံခါးခေါက်သံက အလျင်စလို ဖြစ်နေသည်ကို ကြားလိုက်ရသဖြင့် တံခါးလာဖွင့် ပေးလိုက်သည်တွင် အပြင်ဘက်တွင် ရပ်နေသည့် လျိုရှန်းကျယ်ကို တွေ့လိုက်ရလေသည်။

သူမက ဒီလူကို မှတ်မိနေသေးသည်။ သူဌေးမလွီ၏ ခင်ပွန်းဟောင်းပင်။ ပြီးခဲ့သောတစ်ခေါက်က ဒီလူသည် သူဌေးမလွီ၏ညီမနှင့်အတူ ရောက်လာခဲ့ဖူးသဖြင့် သူမ သေသေချာချာလေး ကြည့်ထားခဲ့ဖူး၏။

သူဌေးမလွီ သေဆုံးပြီးနောက် စိတ်မချမ်းမသာ ဖြစ်စေခဲ့သူမှာ သူမ၏မိသားစုအပြင် ဒီလူလည်း ပါဝင်လေသည်။

"အနှောင့်အယှက် ပေးမိပါပြီ" လျိုရှန်းကျယ်က အားချန်ကို မြင်လိုက်သောအခါ အသံတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ပါဝင်လို့နေ၏။ "မိန်းကလေးနဲ့ ရူဟွေ့က ရင်းနှီးတယ်လို့ ကြားပါတယ်။ သူ အခုဘယ်မှာလဲဆိုတာ ပြောပြပေးလို့ရမလား"

သူ့မေးခွန်းကို ကြားလိုက်ရသောအခါ သူဌေးမလွီက သူ့ကိုဒီနေရာသို့ လာခဲ့ခိုင်းခြင်းဖြစ်ကြောင်း အားချန်လည်း သိလိုက်တော့သည်။

နောက်ဆုံးတွင် သူသည် အမှန်တရားကို သိရှိသွားမည် ဖြစ်သော်ငြား အားချန်ကတော့ တွန်းအားပေးရန် ဆုံးဖြတ်လိုက်၏။

သူမက တမင်တကာ သံသယဖြစ်နေသည့် ပုံစံဖြင့် မေးလိုက်လေသည်။ "သူဌေးမလွီက အိမ်မှာရှိနေတာ မဟုတ်ဘူးလား"

"ကျွန်တော် ခုနတုန်းက သူ့အိမ်သွားပြီး တံခါးခေါက်ခဲ့ပေမယ့် ဘယ်သူမှ ပြန်မထူးပါဘူး။ သူ့အိမ်မှာ မရှိလောက်ဘူး" လျိုရှန်းကျယ်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်ပြီး နောက်ထပ်ပြောလာခဲ့သည်။ "မိန်းကလေးအနေနဲ့ ဆိုင်ရှင်ချန်ကို ခေါ်ပေးလို့ရမလား။ သူနဲ့ ရူဟွေ့က ရင်းနှီးတယ်လို့ ကြားပါတယ်။ ရူဟွေ့ ဘယ်သွားလဲဆိုတာ သူများ သိမလာလို့ပါ"

"ကျွန်မ ဟွေ့ညန် မရှိဘူး။ ရှင့်မေးခွန်းကိုလည်း ဖြေပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

အားချန်က သူ့ကို ပြောလိုက်၏။ "တကယ်လို့ ... တကယ်ဘယ်သူမှ ပြန်မထူးဘူး ဆိုရင်တော့ တံခါးကိုဖျက်ပြီး ဝင်ကြည့်လိုက်ပါလား"

တစ်ဖက်လူ၏စကားက အလွန်ထူးဆန်းနေသဖြင့် လျိုရှန်းကျယ်သည် အားချန်က တံခါးပိတ်ရန် ပြင်လိုက်ချိန်တွင် တံခါးရွက်ကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲထားလိုက်၏။ "မိန်းကလေးတစ်ခုခု သိထားတာရှိရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါ"

အားချန်သည် သူ့ကိုကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ပါဝင်နေတော့၏။ "ရှင် မသိဘူးလား"

"ဘာကိုလဲ"

"သူဌေးမလွီက ရောဂါသည်းနေတာ အချိန်သိပ်မကျန်တော့ဘူး။ တကယ်လို့ ရှင် သူ့ကို ရှာမတွေ့ဘူးဆိုရင် သူ ဘယ်သွားလဲလို့ မမေးသင့်ဘူး။ သူ အသက်ရှင် နေသေးရဲ့လားဆိုတာကိုပဲ မေးသင့်တာ"

လျိုရှန်းကျယ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ အားချန်၏ စကားက သူ့နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။ ရောဂါသည်းနေတာ ... အချိန်သိပ်မကျန်တော့ဘူး ...

"ဒါက ... ဘာသဘောလဲ" လျိုရှန်းကျယ်၏ စိတ်ထဲတွင် တစ်ခါမှ မကြုံဖူးသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသော်ငြား လေသံကိုတော့ တည်ငြိမ်အောင် ထိန်းထားနိုင်သေးသည်။ "မိန်းကလေး ဒီစကားက ရယ်စရာ မကောင်းဘူးနော်"

အသက်ရှင် သေးရဲ့လားဆိုတာ ဘာသဘောလဲ။

သူတို့မနေ့ကမှ တွေ့ခဲ့ကြတာလေ။ သူ ကောင်းကောင်းမွန်မွန် ရှိနေတာကိုး။

"ရှင်က သူဌေးမလွီရဲ့ ခင်ပွန်းဟောင်းလို့ ကြားပါတယ်။ သူ နေမကောင်းဖြစ်နေတာ ဒီလောက်ကြာနေပြီကို ရှင် နည်းနည်းလေးတောင် မသိခဲ့ဘူးလား" အချန်က သူ့ကို အတန်ကြာအောင် အကဲခတ်ပြီးမှ ပြောလိုက်လေသည်။

လျိုရှန်းကျယ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူ နေမကောင်းဖြစ်နေတာ ကြာပြီတဲ့လား။

လျိုယွိအန်း ပြောခဲ့သည့် စကားများကို သူသည် ရုတ်တရက် သတိရလိုက်မိ၏။ ရူဟွေ့ နေမကောင်းဖြစ်နေတာ ကိုယ်ဝန်ရှိနေတာနဲ့ တူတယ်တဲ့။ ဒါပေမဲ့ သူက ကိုယ်ဝန်မရှိဘူး။

ဒါဆို အဲဒီအချိန်တုန်းက သူ တကယ်ပဲ နေမကောင်း ဖြစ်နေတာလား။

သေစေနိုင်တဲ့ ရောဂါများလား။ လျိုရှန်းကျယ်က ခေါင်းခါလိုက်၏။ မဟုတ်ဘူး ... မဖြစ်နိုင်ဘူး။

သူသည် အမူအရာကို ဂရုမစိုက်တော့ဘဲ လှည့်ကာ ယုံဖိင်ဖန်း ရပ်ကွက်သို့ ပြေးသွားလေတော့သည်။

အားချန်သည် သူ့ပုံရိပ်က လမ်းထိပ်တွင် ပျောက်ကွယ်သွားသည့်အထိ ကြည့်နေပြီးမှ အကြည့်လွှဲ ထားလိုက်တော့၏။

လျိုရှန်းကျယ်သည် ယုံဖိင်ဖန်း ရပ်ကွက်သို့ ပြန်ရောက်လာချိန်တွင် သူသည် လွီအိမ်တော်သို့ လွှတ်လိုက်သော မြင်းလှည်းသည်လည်း လွီမိသားစုနှင့်အတူ ရောက်ရှိလာခဲ့၏။

မြင်းလှည်းသမားက မည်သို့ပြောလိုက်သည် မသိချေ။ လွီအဖေ လွီအမေနှင့် လွီအစ်ကိုနှစ်တို့ပါ လိုက်ပါလာကြလေသည်။

လျိုရှန်းကျယ် ရောက်မလာခင်က သူတို့လည်း တံခါးကို အတန်ကြာအောင် ခေါက်ခဲ့သော်ငြား ဘယ်သူမှလဲ ပြန်မထူးခဲ့ကြပေ။

လျိုရှန်းကျယ်က ပုံပျက်ပန်းပျက် ပြေးလာသည်ကို မြင်လိုက်သောအခါ လူကြီးနှစ်ယောက်မှာ အံ့သြသွားကြတော့၏။ သူ ကအနားသို့ ရောက်လာသောအခါမှ လွီအဖေကမေး လိုက်လေသည်။ "ရှန်းကျယ် ဘာဖြစ်လို့လဲ"

လျိုရှန်းကျယ်သည် လွီအဖေရှေ့တွင်ရပ်ကာ အသက်ကိုပြင်းပြင်းရှူ နေရလေသည်။ သူက တင်းကျပ်စွာ ပိတ်ထားသော တံခါးမကြီးကို လှည့်ကြည့်လိုက်ပြီး လွီအစ်ကိုနှစ်ကို ပြောလိုက်၏။ "တံခါးကိုဖျက်ပြီး ဝင်လို့ရမလား။ ရူဟွေ့ အိမ်ထဲမှာတစ်ခုခု ဖြစ်နေမှာစိုးလို့ပါ"

လွီအစ်ကိုနှစ်က ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ညီမ ကျန်းမာရေး ကောင်းပါတယ်ဟု ပြန်ပြောရန် ပြင်လိုက်၏။

သို့သော်ငြား လျိုရှန်းကျယ်၏ မျက်နှာထားက မကောင်းသည်ကို မြင်လိုက်ရသည်တွင် သူကခေါင်းငြိမ့်လိုက်ပြီး ပါလာသော အစေခံများကို တံခါးဖျက်ခိုင်း လိုက်တော့သည်။

မကြာမီတွင် အိမ်တော်တံခါးမကြီးက ပွင့်သွားပြီး ခြံဝင်းထဲတွင်လည်း တိတ်ဆိတ်လို့နေသည်။

လျိုရှန်းကျယ်က ခြံဝင်းထဲသို့ ဝင်သွားပြီးနောက် ပင်မအိပ်ဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။

ပင်မအိပ်ဆောင်တံခါးဝတွင် ရပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကာ ရှေ့တိုးပြီး တံခါးကို ဖွင့်လိုက်တော့သည်။

တံခါးကို သော့ခတ်မထားသဖြင့် ကျွီခနဲ အသံနှင့်အတူ ပွင့်သွားတော့သည်။ အခန်းထဲတွင် အချိန်အကြာကြီး သန့်ရှင်းရေး မလုပ်ထားသလို ဖုန်နံ့များကိုလည်း ရနေလေသည်။

"ဒီနေရာက လူမနေတာ ကြာပြီထင် ..." လွီအစ်ကိုနှစ်၏ စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့သွားလေတော့သည်။

သူ မြင်လိုက်ရလေ၏။ သူ့ညီမလေးသည် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး လှုပ်ရှားခြင်းမရှိတော့ချေ။

...

All Chapters