သူမ ကြည့်ရသည်မှာ အိပ်ပျော်နေသကဲ့သို့ ...
Vol. 15 Ch. 148
သူမ ကြည့်ရသည်မှာ အိပ်ပျော်နေသကဲ့သို့ ရှိသော်လည်း သူမထံတွင် အသက်ရှူသံ လုံးဝမရှိဘဲ ရင်ဘတ်သည်လည်း နိမ့်ချီမြင့်ချီ ဖြစ်ခြင်းမရှိတော့ချေ။ အေးစက်နေသော ကျောက်ရုပ်တုတစ်ခုနှင့် တူနေလေသည်။
"ဘာဖြစ်တာလဲ။ အထဲမှာ လူရှိလား" လွီအမေနှင့် လွီသခင်ကြီးတို့သည် အနောက်မှ လျှောက်လာကြပြီး သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့ ထိုနေရာတွင် ရပ်နေကြသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ လှမ်းမေးလိုက်ခြင်း ဖြစ်လေသည်။
ဘယ်သူကမှ သူမကို ပြန်မဖြေကြချေ။
လျိုရှန်းကျယ်သည် ခက်ခဲစွာပင် ခြေလှမ်းများကို ရွှေ့လျားကာ ကုတင်ဘေးသို့ လျှောက်သွားလိုက်၏။ သူသည် တုန်ယင်နေသော လက်ချောင်းများဖြင့် လွီရူဟွေ့၏ နှာခေါင်းအောက်သို့ အသက်ရှူသံ ရှိမရှိ စမ်းသပ်ကြည့်လိုက်ရာ အသက်ငွေ့ဟူ၍ တစ်စက်ကလေးမျှ မရှိတော့ချေ။
သူသည် လက်မလျှော့နိုင်သေးဘဲ လက်ကို အောက်သို့ရွှေ့ကာ လည်ပင်းမှ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြန်သည်။ လက်ချောင်းများက သူမ၏ လည်ပင်းကို ထိလိုက်မိသည့်အချိန်တွင် အေးစက်မှုနှင့် မာကျောမှုကိုသာ ခံစားလိုက်ရ၏။
သူမ၏ ခန္ဓာကိုယ်သည် မာကျောနေပြီး ကျောက်တုံးတစ်တုံးအလား ဖြစ်နေလေပြီ။
ထိုအချိန်တွင် လွီသခင်ကြီးနှင့် လွီအမေတို့သည်လည်း ကုတင်ပေါ်တွင် လဲလျောင်းနေသော လွီရူဟွေ့ကို မြင်တွေ့သွားကြပြီး လွီအမေက တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။ "ရူဟွေ့ ဘာဖြစ်သွားတာလဲ။ သူ နေမကောင်းဖြစ်နေတာလား"
"ရှင်တို့ တစ်ခုခုတော့ ပြောကြပါဦး" လွီအမေ၏ အသံထဲတွင် ရှိုက်သံများ ပါဝင်လာလေသည်။
လျိုရှန်းကျယ်သည် နှေးကွေးလေးလံသော လှုပ်ရှားမှုဖြင့် ကုတင်ဘေးတွင် ဒူးထောက်ချလိုက်လေသည်။ သူသည် လွီရူဟွေ့၏ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော စောင်ကို ဖွင့်လိုက်ရာ သူမ၏ လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် ယှက်တင်ထားသည်ကို တွေ့လိုက်ရ၏။
သူက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ အလွန်ပင် အေးစက်လွန်းလှ၏။
မနေ့ညကပင် သူမ၏ လက်များ ဘာကြောင့် ဒီလောက် အေးစက်နေရသလဲဟု သူ မေးခဲ့သေးသည်။ ဆောင်းရာသီ ဖြစ်လျှင်တောင်မှ သူမ၏လက်များက နွေးထွေးနေသင့်သည် မဟုတ်ပါလား။ သူမကတော့ ဒီနှစ်က မတူဘူးဟု ဖြေခဲ့လေသည်။
ဘာဖြစ်လို့ မတူညီရတာလဲ။
ဘာဖြစ်လို့လဲဆိုတော့ ... သေလူရဲ့လက်တွေက အေးစက်နေတတ်လို့ပဲပေါ့။
ထိုအခိုက်အတန့်တွင် လျိုရှန်းကျယ်သည် ကြောက်ရွံ့မှုကို မခံစားရဘဲ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားသလိုသာ ခံစားလိုက်ရ၏။
သူသည် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသော လွီရူဟွေ့ကို ငေးကြည့်နေမိ၏။ မူလကတည်းက ထိုအချိန်မှာပင် သူမသည် မရှိတော့ခြင်း ဖြစ်လေသည်။
မျက်ရည်များက အသံတိတ် စီးကျလာပြီး မျက်နှာတစ်ပြင်လုံး ပြည့်နှက်သွားတော့သည်။ လျိုရှန်းကျယ်သည် သူမ၏လက်ကို ဆုပ်ကိုင်ထားရင်း လက်မောင်းပေါ်တွင် ခေါင်းအပ်ကာ နာကျင်စွာဖြင့် ရှိုက်ငိုလိုက်တော့၏။
လွီအမေသည်လည်း ထိုအချိန်တွင် ပြေးဝင်လာပြီး လွီရူဟွေ့ကို ညင်သာစွာ လှုပ်ရမ်းရင်း တကျော်ကျော် ခေါ်လေတော့သည်။ "ရူဟွေ့ ... ရူဟွေ့၊ အမေ့ကို မခြောက်ပါနဲ့သမီးရယ်။ သတိထားပါဦး"
သူမကတော့ မျက်လုံးပြန်ဖွင့်လာနိုင်စရာ အကြောင်း မရှိတော့ပေ။
လွီသခင်ကြီးသည်လည်း ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့တိုးလာပြီး အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသော သမီးဖြစ်သူကို ငေးကြောင်ကာ ကြည့်နေမိလေသည်။
"ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ" လွီအမေက ငိုရင်းမေးလိုက်၏။
ဟုတ်ပါသည်။
ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ။
"ရှန်းကျယ်၊ ရူဟွေ့က မသေသေးဘူး မဟုတ်လား။ တကယ်လို့ သေသွားရင်တောင် သူက ဒီလိုပုံစံ ဖြစ်နေမှာ မဟုတ်ဘူးလေ" လွီအမေက လျိုရှန်းကျယ်၏ အင်္ကျီလက်စကို ဆွဲကိုင်ထားလိုက်သည်။
လွီအမေ စကားဆုံးသွားပြီး အချိန်အတော်ကြာမှ လျိုရှန်းကျယ်သည် သူမ ပြောလိုက်သည့်စကားကို ကြားသွားသည့်ပုံပင်။
လွီရူဟွေ့ အသက်ရှင်နေသေးသည်ဟု သူ့ကိုယ်သူ လိမ်ညာ၍ မရတော့ပေ။ သို့သော် သူမ ဘာကြောင့် ဒီလိုပုံစံ ဖြစ်သွားရသလဲ ဆိုသည်ကိုတော့ သူလည်း သိချင်မိလေသည်။
အမွှေးနံ့သာဆိုင်ပိုင်ရှင် ပြောသည်မှာ ရူဟွေ့သည် ရောဂါဆိုး ဝေဒနာ ခံစားနေရသည်ဟု ဆို၏။ သူမကို ကုသပေးခဲ့သော သမားတော်က အကြောင်းရင်းကို သိရှိပေလိမ့်မည်။
မကြာမီတွင် လွီရူဟွေ့အား ဆေးကုသပေးဖူးသော သမားတော် ရောက်ရှိလာခဲ့သည်။
ထိုသမားတော်သည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီ ဖြစ်သည်။ အခန်းထဲသို့ ဝင်လာပြီး အသက်မဲ့နေသော လွီရူဟွေ့ကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
သူသည် ဤလူနာကို မှတ်မိနေသေး၏။ လွန်ခဲ့သော လအနည်းငယ်က တွေ့ဆုံဖူးခဲ့သည်။ ယခု ပြန်တွေ့ရချိန်တွင်တော့ အမှန်တကယ်ပင် ကြွေလွင့်သွားခဲ့လေပြီ။
သေခြင်းတရားကို မြင်ဖူးနေကျ ဖြစ်သော်လည်း သမားတော်အိုကြီးသည် သေဆုံးသွားသော လူနာတိုင်းအတွက် နှမြောတသ ဖြစ်ရမြဲပင်။
"သမားတော်ကြီး၊ ကျွန်မသမီးက ဘာဖြစ်သွားတာလဲဟင်" လွီအမေသည် သမားတော်အိုကြီးကို သနားစဖွယ် ကြည့်လိုက်ပြီး သူ့နှုတ်မှ မျှော်လင့်ချက် ရောင်ခြည် တစ်စွန်းတစ်စများ ကြားရလို ကြားရငြား မေးလိုက်၏။
သမားတော်အိုကြီးသည် သူမ၏ စကားကို ကြားသောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ရှိနေသူများကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။ "ဒီလူတွေက လွီဖူးရန်ရဲ့ မိသားစုဝင်တွေလား"
"ဟုတ်ပါတယ်၊ သမားတော်ကြီး ပြောစရာရှိတာ ပြောပါ"
သမားတော်အိုကြီးက ခေါင်းငြိမ့်လိုက်သော်လည်း မျက်နှာထားမှာ အနည်းငယ် အေးစက်သွားပြီး ပြောလိုက်လေသည်။ "လွန်ခဲ့တဲ့ နှစ်လလောက်က လွီဖူးရန် ကျွန်တော့်ဆီ လာပြီး ဆေးကုသဖူးတယ်။ အဲဒီတုန်းက သူ ကျောက်ဖြစ်ရုပ်ကျွင်းရောဂါ ခံစားနေရတယ်ဆိုတာ ကျွန်တော် သိလိုက်တယ်"
ထိုရောဂါအမည်ကို ကြားလိုက်ရသောအခါ လူအားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြတော့သည်။
သမားတော်အိုကြီးက ဆက်ပြောလိုက်၏။ "အဲဒီအချိန်တုန်းက လွီဖူးရန်ရဲ့ ရောဂါက ကုမရတဲ့ အဆင့်ကို ရောက်နေပြီ။ သူကလည်း ကုသဖို့ နည်းလမ်းလာမေးတာ မဟုတ်ဘဲ အကိုက်အခဲပျောက်ဆေး လာတောင်းတာ။ သာမန် အကိုက်အခဲပျောက်ဆေးတွေက လွီဖူးရန်အတွက် အာနိသင် မရှိတော့တာမို့လို့ သူ အရမ်းနာကျင်နေတာကို မြင်ပြီး ကျွန်တော်လည်း မိသားစု လျှို့ဝှက်ဆေးနည်းကို ပြောပြလိုက်တယ်။ လွီဖူးရန်ရဲ့ အလောင်းကို ကြည့်ရတာ အဲဒီ အကိုက်အခဲပျောက်ဆေးကို သုံးစွဲထားလို့ ဖြစ်သွားတာပါ"
"မဖြစ်နိုင်တာ၊ ငါ့ညီမ ကျန်းမာရေးက အမြဲတမ်း ကောင်းနေတာပဲကို" လွီအစ်ကို၂က ရုတ်တရက် ထပြောလိုက်၏။
သမားတော်အိုကြီးက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး အကြည့်လွှဲကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "လွီဖူးရန်က ဒီမတိုင်ခင်တုန်းက တခြားသမားတော်တွေဆီမှာလည်း ပြသဖူးမှာပါ။ တကယ်လို့ ခင်ဗျားတို့ မယုံရင် တခြားလူကို သွားခေါ်လို့ရတယ်။ ဒါမှမဟုတ် မှုခင်းဆေးဆရာဝန်ကို ခေါ်ပြလည်း ရတယ်။ ရုံးတင်မယ် ဆိုရင်လည်း ကျွန်တော် လိုက်ရှင်းပြပေးဖို့ ဝန်မလေးပါဘူး"
"ကျွန်တော်တို့ကို လာပြီး ပုံပြင်တွေ ပြောမနေနဲ့။ ခင်ဗျားက ကျွန်တော့်ညီမ ရောဂါဖြစ်နေတာကို သိရက်နဲ့ မကုတတ်ဘဲ လျှောက်ပြီး ဆေးနည်းတွေ ပေးတယ်။ ခင်ဗျားက သူ့ကို သတ်လိုက်တာပဲ"
လွီအစ်ကို၂၏ စွပ်စွဲမှုကို ကြားရသောအခါ သမားတော်အိုကြီး၏ မျက်နှာသည် လုံးဝ အေးစက်သွားတော့သည်။ သူသည် အခန်းထဲတွင် တိတ်ဆိတ်နေသော လူများကို ကြည့်ပြီး ပြောလိုက်လေသည်။ "ဒီလူငယ်လေးက ကျွန်တော့်ကို မစွပ်စွဲခင်မှာ မေးခွန်းတစ်ခုလောက် အရင်ဖြေပါဦး။ လွီဖူးရန်က ရောဂါဖြစ်နေတာ လနဲ့ချီနေပြီ။ ကျွန်တော့်ဆေးခန်းကို ပုံမှန်လာနေကျ လူနာတွေတောင် သူ့မျက်နှာမကောင်းတာကို ကြည့်ပြီး နေမကောင်းဘူးဆိုတာ သိကြတယ်။ ခင်ဗျားက သူ့အစ်ကို ဖြစ်ပြီးတော့ လနဲ့ချီကြာအောင် မသိခဲ့ဘူးဆိုတာ ဘာသဘောလဲ"
သမားတော်အိုကြီးသည် လူနာရှင်များကို ဒေါသထွက်ခဲသော်လည်း သည်းမခံနိုင်တော့လျှင်တော့ ပေါက်ကွဲတတ်ပေသည်။
ဒီမိသားစုက တကယ်ကို သူ့အား စိတ်ပျက်စေသည်။
လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဒီမိသားစုဝင် တစ်ယောက်မှ လွီဖူးရန် ရောဂါသည်းပြီး သေဆုံးတော့မည်ကို မသိခဲ့ကြဘူးတဲ့လား။
ကြည့်ရတာ ဒီလွီဖူးရန်က ရောဂါနဲ့ သေဆုံးသွားတာ ကြာပြီဖြစ်ပြီး သူတို့က ဒီနေ့မှ အလောင်းကို တွေ့တာ ဖြစ်လောက်သည်။
"ခင်ဗျားတို့ သွားစစ်ဆေးနေစရာ မလိုပါဘူး။ ကျွန်တော် တန်းပြောလိုက်မယ်။ လွီဖူးရန်က ကျောက်ရည်ကို သောက်သုံးခဲ့တယ်။ ဒီအရာက အနာအကျင်ကို ပျောက်ကင်းစေပေမယ့် သေဆုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်က ကျောက်တုံးလို မာကျောသွားတတ်တယ်။ ခင်ဗျားတို့ မင်ကျင့်စီးကို သွားတိုင်ပြီး မင်ကျင့်စီးက လူကြီးမင်းတွေကို လာဆုံးဖြတ်ခိုင်းလို့ ရတယ်"
သမားတော်အိုကြီး စကားဆုံးသွားသောအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
သူ့စကားများသည် လွီအစ်ကို၂ကို ခေါင်းမဖော်နိုင်အောင် ဖြစ်စေရုံသာမက ကျန်လူများကိုပါ ပါးရိုက်လိုက်သကဲ့သို့ ခံစားသွားရစေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လွီအမေသည် ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ ပုံကျသွားလေသည်။ "ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ ..."
လွီအစ်ကို၂က အမေဖြစ်သူကို တွဲထူရန် ပြင်လိုက်သော်လည်း လွီအမေက သူ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး ငိုယိုကာ ဗလုံးဗထွေး ပြောလေတော့သည်။ "ရူဟွေ့ မရှိတော့ဘူး။ မင်းညီမလေး မရှိတော့ဘူး။ သူ ရောဂါဖြစ်နေတာ ဒီလောက်ကြာတာတောင် ငါ ဘာလို့ မသိခဲ့ရတာလဲ"
လွီအမေသည် ငိုရင်းဖြင့် မျက်လုံးများ လည်ထွက်သွားကာ မေ့လဲသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် လွီအစ်ကို၂က ဖမ်းထိန်းလိုက်နိုင်၏။
သမားတော်အိုကြီးက အလျင်အမြန် ရှေ့တိုးလာပြီး အပ်စိုက်ကုသပေးလိုက်ရာ ခဏကြာမှ ပြန်ထလာလေသည်။ ထို့နောက် လွီအစ်ကို၂အား ပြောလိုက်၏။ "ခင်ဗျားအမေက ဝမ်းနည်းလွန်းလို့ ဖြစ်သွားတာပါ။ သူ့ကို ဘေးက ကုတင်ပေါ်မှာ ခဏလောက် နားခိုင်းလိုက်ရင် သက်သာသွားပါလိမ့်မယ်"
ထို့နောက် သူသည် လွီသခင်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "တခြားကိစ္စ မရှိတော့ရင် ကျွန်တော် ဆေးခန်းပြန်ထိုင်လိုက်ပါဦးမယ်။ တကယ်လို့ ခင်ဗျားတို့ ရုံးတင်မယ်ဆိုရင် ရုံးတော်က လူတွေကို ကျွန်တော့်ဆေးခန်းမှာ လာရှာခိုင်းလိုက်ပါ"
ပြောပြီးသည်နှင့် လက်ကိုခါကာ ထွက်ခွာသွားလေတော့သည်။
တချို့လူများကို ဝေဖန်ဖို့ရန်ပင် စကားလုံး ရှာမတွေ့တော့ချေ။
လွီအမေ ဝမ်းနည်းပူဆွေးနေသည်မှာ အမှန်ဖြစ်သော်လည်း သူတို့မိသားစု လွီဖူးရန်အပေါ် လျစ်လျူရှုခဲ့ကြသည်မှာလည်း အမှန်ပင်။
သမားတော်အိုကြီး ထွက်သွားပြီးနောက် တောက်လျှောက် တိတ်ဆိတ်နေခဲ့သော လွီသခင်ကြီးသည် နောက်ဆုံးတွင် စကားပြောလာခဲ့သည်။ "အာ့လန်(ဒုတိယသား)၊ လူခေါ်ပြီး မင်းညီမရဲ့ နာရေးကိစ္စကို စီစဉ်လိုက်တော့"
လွီအစ်ကို၂က ခေါင်းငြိမ့်လိုက်သည်။ သူသည် လွီအမေကို ဘေးက ကုတင်ပေါ်သို့ ပွေ့ချီသွားပြီးနောက် ခြံဝင်းထဲမှ ကမန်းကတန်း ထွက်ခွာသွားတော့သည်။
အခန်းထဲတွင် လျိုရှန်းကျယ်နှင့် လွီသခင်ကြီးတို့သာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ကြသည်။ တစ်ချိန်က သူ အလွန်သဘောကျခဲ့သော သားမက်ကို ရင်ဆိုင်နေရသော်လည်း လွီသခင်ကြီးသည် ယခုအချိန်တွင် စကားတစ်ခွန်းမျှ ပြောမထွက်တော့ချေ။
သူက လျိုရှန်းကျယ်အား သမီးဖြစ်သူကို ကောင်းမွန်စွာ မစောင့်ရှောက်ခဲ့ဟု အပြစ်တင်ချင်သော်လည်း သမားတော်အိုကြီး၏ စကားများက နားထဲတွင် ပဲ့တင်ထပ်နေဆဲ။ ဖခင်တစ်ယောက်အနေနဲ့ကော သူ ဘာများလုပ်ပေးခဲ့လို့လဲ။
သမီးဖြစ်သူ ရောဂါဝေဒနာ ခံစားနေရချိန်၊ ကွာရှင်းပြီး အိမ်ပြန်ရောက်လာချိန်များတွင် သူသည် သားမက်ကောင်းတစ်ယောက် လက်လွှတ်လိုက်ရသည်ကိုသာ နှမြောနေခဲ့ပြီး မိမိအိမ်တော်၏ အာဏာတည်မြဲရေးအတွက် အထောက်အကူ ဆုံးရှုံးသွားသည်ကိုသာ တွေးပူနေခဲ့သည်။ သမီးဖြစ်သူ၏ ကျန်းမာရေး အခြေအနေကို တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးချေ။
လွီမိသားစု၏ လှုပ်ရှားမှုမှာ မြန်ဆန်လှသည်။ လွီအစ်ကို၂ လူခေါ်ပြီး ပြန်ရောက်လာချိန်တွင် ညီမက်ဖြစ်သူက ညီမဖြစ်သူ၏ ကုတင်ရှေ့တွင် ဒူးထောက်နေပြီး ဖခင်ဖြစ်သူက စားပွဲဘေးတွင် ရပ်ကာ လက်ထဲတွင် စာတစ်စောင် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
စာရွက်ပေါ်တွင် စာလုံးများ အပြည့်ရေးသားထားပြီး လွီသခင်ကြီးသည် ထပ်ခါတလဲလဲ ဖတ်ရှုနေလေသည်။
ထိုစာသည် သမီးဖြစ်သူ မသေဆုံးမီ ချန်ထားခဲ့သော သေတမ်းစာ ဖြစ်လေသည်။ အထဲတွင် သူမနှင့် ညီမဖြစ်သူ လွီရူရှင်းတို့ကြားက အဖုအထစ်များ၊ လွီရူရှင်းက သူမကို မည်သို့ ရန်စခဲ့သည်များ၊ လျိုယွိအန်း၏ စွပ်စွဲမှုကို ခံခဲ့ရသည့် အမှန်တရားများကို ရေးသားထားလေသည်။
သူမက ရေးသားထားသည်မှာ - နောက်ဆုံးအချိန်တွေမှာ သမီး အရမ်းပင်ပန်းနေပြီမို့လို့ အသုံးမဝင်တဲ့ အမှန်တရားတစ်ခုအတွက်နဲ့ လူတွေကို မပြိုင်ဆိုင်ချင်တော့လို့ ကွာရှင်းဖို့ ရွေးချယ်လိုက်တာပါ။
သူမက ထပ်ရေးထားသေးသည်မှာ - အဖေနဲ့ မေအမေတို့ သမီးပြောတာကို ယုံမယုံတော့ မသိဘူး။ အဖေတို့က ညီမလေးကိုပဲ ယုံကြည်ကြတာဆိုတော့ မယုံလည်း နေပါတော့လေ။ သမီးရဲ့ ကယောင်ကတမ်း စကားတွေလို့ပဲ သဘောထားလိုက်ပါတော့။
လွီသခင်ကြီး၏ စာကိုင်ထားသော လက်များသည် တုန်ယင်နေလေသည်။ ရူဟွေ့၏ လက်ရေးသည် သူကိုယ်တိုင် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး စံပယ်ပန်းပွင့်လေးများအလား သေသပ်လှပလှသည်။
မျက်ရည်များက မျက်လုံးကို ဝါးသွားစေသဖြင့် စာလုံးများကိုပင် သေချာ မမြင်ရတော့ချေ။
နှစ်သစ်ကူးမတိုင်မီက သူမ လက်ဆောင်လာပို့ချိန်တွင် အိမ်ထဲ၌ ခဏလေးပင် ထိုင်ခွင့်မရဘဲ သူ့အဆူအငေါက် ခံခဲ့ရသည်ကို လွီသခင်ကြီး ပြန်စဉ်းစားမိသည်။
သူမက လွီရူရှင်းနှင့် လျိုရှန်းကျယ်တို့ မရှင်းမလင်း ဖြစ်နေသည်ဟု ပြောခဲ့ရာတွင် သူက ညီမအရင်း၏ ဂုဏ်သိက္ခာကို ဖျက်ဆီးသည်ဟု သူမကို ဆဲဆိုခဲ့သည်။
သူမ ဘာကြောင့် ကွာရှင်းခဲ့ရသလဲ ဆိုသည်ကို သူ တစ်ခါမှ စိတ်ရှည်လက်ရှည် မမေးမြန်းခဲ့ဖူးသလို သမီးအကြီး ပြောခဲ့သော စကားတစ်ခွန်းကိုမှလည်း မယုံကြည်ခဲ့ဖူးပေ။
ဆယ့်နှစ်ရက်နေ့က သူမ လာတွေ့တုန်းက သူ မတွေ့ခဲ့ပေ။
မနေ့ညက မိသားစုစုံညီပွဲတွင် သူမ ရောက်လာခဲ့သော်လည်း တံခါးဝကနေပင် မဝင်ခဲ့ဘဲ နောက်ဆိုရင် လာတော့မှာ မဟုတ်ဘူးဟု ပြောခဲ့လေသည်။
မူလက သူမ ဆိုလိုသည်မှာ နောက်ဆိုရင် ဘယ်တော့မှ လာနိုင်တော့မည် မဟုတ်ဘူး ဟူ၍ပင်။
လွီသခင်ကြီးသည် စာအောက်ဆုံးက ရက်စွဲကို ကြည့်လိုက်သည်။ ပထမလ၏ သုံးရက်မြောက်နေ့။
သူ့သမီးသည် သူ မသိလိုက်သော နေ့ရက်တစ်ခုတွင် သေဆုံးသွားခဲ့ပြီ။ အသက်ရှင်စဉ်က သူ့ငြင်းပယ်မှုကို ခံခဲ့ရပြီး သေဆုံးပြီးနောက်တွင်လည်း လွီအိမ်တော်၏ တံခါးကို ဘယ်တော့မှ ဖြတ်သန်းခွင့် မရခဲ့တော့ပေ။
တံခါးဝတွင် တားဆီးခံခဲ့ရစဉ်က သူမသည် ဒီအိမ်ကိုရော၊ ဖခင်ဖြစ်သူ သူ့ကိုပါ အလွန် စိတ်ပျက်သွားခဲ့ပြီလား။
"အဖေ၊ ဘာဖြစ်လို့လဲ" လွီအစ်ကို၂သည် သူ့အဖေ ငိုသည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
လျိုရှန်းကျယ်သည် ကုတင်ရှေ့တွင် ဒူးထောက်လျက် ရှိနေဆဲပင်။ ကုတင်ပေါ်တွင် လဲလျောင်းနေသော လွီရူဟွေ့ကို ငေးကြည့်နေပြီး လှည့်မကြည့်ပေ။
သူလည်း ခုနက ထိုသေတမ်းစာကို ဖတ်ပြီးလေပြီ။ သူမသည် သေတမ်းစာ ရေးနေချိန်အထိ လျိုယွိအန်း၏ စွပ်စွဲမှုကို ခံခဲ့ရသည့် ကိစ္စကို ဂရုစိုက်နေဆဲပင်။
သူမ လုံးဝ မမေ့ပျောက်နိုင်ခဲ့ပေ။
သူမ သေဆုံးပြီးနောက် ဘာဖြစ်လို့ သူ့ကို လာရှာတာလဲ။
သူမ၏ စိတ်ထားအတိုင်းဆိုလျှင် မကျေနပ်ချက်များ ရှိနေလို့ပဲ ဖြစ်ရမည်။
သူကရော ဘာလုပ်ပေးခဲ့လို့လဲ။
သူက သူမကို တောင်းပန်ခဲ့ပြီး အမှန်တရားကို ပြောပြခဲ့သည်။ ပြီးတော့ လျိုယွိအန်းကို အခွင့်အရေး တစ်ကြိမ် ပေးဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။
အခွင့်အရေး တစ်ကြိမ် ...
သူက တခြားသူတွေ အပေါ်ကျတော့ အမြဲတမ်း သဘောထားကြီးနိုင်ပေမယ့် သူမ အပေါ်ကျတော့ တစ်ခါမှ သဘောထား မကြီးခဲ့ဖူးဘူး။
သူမက အဲဒီတုန်းက တောင်းပန်တာကို လက်ခံပြီး သူ့ကို ခွင့်လွှတ်တယ်လို့ ပြောခဲ့တယ်။
လျိုရှန်းကျယ်သည် ဝမ်းနည်းပက်လက် ပြုံးလိုက်မိသည်။ သူမ အသက်ရှင်စဉ်ကတောင် သူ့ကို ခွင့်မလွှတ်ခဲ့တာ၊ သေသွားပြီးမှ တကယ်ပဲ ခွင့်လွှတ်ပါ့မလား။
မနေ့က သူမ သူ့ကို ပြောခဲ့သလိုပဲ။ ဒီနေ့ လာရှာရင် အဖြေပေးမယ်တဲ့။
ဒါပေမဲ့ ဒီတစ်သက်တော့ သူမ ပါးစပ်ကနေ အဲဒီအဖြေကို ကြားရတော့မှာ မဟုတ်ဘူး။
သူမ သူ့ကို ပြောခဲ့တဲ့ စကားတွေထဲမှာ ဘယ်စကားက အမှန်လဲ၊ ဘယ်စကားက အတုလဲ ဆိုတာ သူ ဘယ်တော့မှ သိခွင့်ရတော့မှာ မဟုတ်ဘူး။
သူမ သူ့ကို ခွင့်လွှတ်တယ်လို့ ပြောတုန်းက စိတ်ထဲမှာ နာကြည်းနေခဲ့မှာလား။
ငူ့ရဲ့ မျက်ကန်းမှုတွေကို၊ သူ့ရဲ့ သစ္စာမဲ့မှုတွေကို မုန်းတီးနေမှာလား။
သူမ နေမကောင်း ဖြစ်နေတုန်းက သူ ချက်ချင်း သိရှိပြီး နောက်ဆုံးအချိန်အထိ ကုတင်ဘေးမှာ စောင့်ရှောက်ပေးခဲ့သင့်တာ။
ဒီလိုမျိုး သူမကို တစ်ယောက်တည်း အထီးကျန်စွာ သေဆုံးသွားစေပြီး သေခါနီးအချိန်ထိ သူမနဲ့ ရန်ဖြစ်နေတာမျိုး၊ အေးစက်တဲ့ စကားတွေ ပြောနေတာမျိုး မလုပ်ခဲ့သင့်ဘူး။
သူ့ကိုယ်သူတောင် ခွင့်မလွှတ်နိုင်တာ၊ ရူဟွေ့ဆီက ခွင့်လွှတ်မှုကို ဘယ်လိုလုပ် မျှော်လင့်ရဲမှာလဲ။
လွီရူဟွေ့၏ သေဆုံးမှုသည် အခြားသူများကို အသိပေးခြင်း မရှိခဲ့ပေ။ သူမ၏ ရုပ်အလောင်းကို လွီအိမ်တော်သို့ ပြန်သယ်သွားပြီး လွီမိသားစုက နာရေးအခမ်းအနား ပြင်ဆင်လေသည်။ ဆွေမျိုးမိတ်သင်္ဂဟများကို ဖိတ်ကြားခြင်း မရှိဘဲ လွီမိသားစုဝင်များသာ နာရေးတွင် စောင့်နေကြသည်။
မိဘများက သားသမီးအတွက် နာရေးစောင့်ပေးရိုး ထုံးစံမရှိသော်လည်း စည်းကမ်းကြီးသော လွီသခင်ကြီးသည် ဒီတစ်ကြိမ်တွင်တော့ လွီရူဟွေ့၏ အလောင်းဘေးတွင် စောင့်နေခဲ့သည်။
နောက်ဆုံးရက် ရောက်သောအခါ လွီသခင်ကြီး၏ ကျန်းမာရေးသည်လည်း ယိုယွင်းလာခဲ့သည်။ သားဖြစ်သူ၏ တွဲကူမှုဖြင့် နာရေးခန်းမထဲမှ ထွက်လာစဉ် နာရေးခန်းမတွင် ဒူးထောက်နေသော သမီးငယ်ကို တွေ့လိုက်ရလေသည်။
သူသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သမီးငယ်ဘက်သို့ လှည့်ကာ ရုတ်တရက် မေးလိုက်၏။ "မင်းက ရူဟွေ့ မင်းရဲ့ မင်္ဂလာပွဲကို လုယူသွားလို့ မုန်းနေတာမလား။ ပြီးတော့ အဖေက မင်းကို စေ့စပ်ပွဲ ဖျက်ခိုင်းခဲ့လို့ အဖေ့ကိုရော မုန်းနေသလား"
လွီရူရှင်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့သည်။ လွီရူဟွေ့၏ အလောင်းကို အိမ်သို့ ပြန်သယ်လာကတည်းက မိဘများနှင့် အစ်ကိုဖြစ်သူတို့၏ အေးစက်မှုကို သူမ ခံစားခဲ့ရသည်။ လွီရူဟွေ့ မသေခင်က အဖေ့ကို တစ်ခုခု ပြောခဲ့လိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။
ယခုအခါတွင်တော့ လွီရူရှင်းသည် လူသေတစ်ယောက်ကို မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် မိမိ၏ ခံစားချက်များကို ဖုံးကွယ်မထားတော့ဘဲ နာကျင်နေသော ဒူးခေါင်းကို ပွတ်သပ်ရင်း ထရပ်ကာ လွီသခင်ကြီးကို ပြောလိုက်တော့သည်။
"သမီးက မမုန်းသင့်ဘူးလား။ တကယ်လို့ သူသာ မရှိရင် လျိုအစ်ကိုကြီးနဲ့ လက်ထပ်ရမှာက သမီးလေ။ လျိုအစ်ကိုကြီးက အရင်တုန်းက သမီးကို သဘောကျခဲ့တာပဲဟာ။ သမီးသာ လက်ထပ်လိုက်ရရင် သူနဲ့ သိုက်သိုက်ဝန်းဝန်း နေရပြီး လူတိုင်း အားကျရတဲ့ စုံတွဲ ဖြစ်လာမှာ။ အခုလိုမျိုး အဖေ ပြောတဲ့စကား နားထောင်ပြီး အသက်တိုတဲ့ ယောက်ျားတစ်ယောက်ကို ယူပြီးတော့ ကိုယ့်ကလေးတောင် ကိုယ်မထိန်းသိမ်းနိုင်တဲ့ ဘဝမျိုး ရောက်မှာ မဟုတ်ဘူး"
"ဒါကြောင့် မင်းက မင်းအစ်မနဲ့ ခဲအိုကြားကို သွေးထိုးပြီး ငါတို့ကို အထင်လွဲအောင် လုပ်ခဲ့တာပေါ့လေ"
"သူ့ဟာသူ တုံးလို့ ယုံတာလေ" လွီရူရှင်းက လှောင်ရယ်လိုက်သည်။ "အခု အစ်မ သေသွားတော့ အဖေက အပြစ်တွေ အားလုံးကို သမီးအပေါ် ပုံချချင်နေတာလား။ သူ့ကို ဆဲဆိုခဲ့တာက အဖေနဲ့ အမေလေ။ သူ့ကို အိမ်ထဲ ပေးမဝင်ဘဲ မောင်းထုတ်ခဲ့တာကလည်း သမီး မဟုတ်ဘူးလေ"
လွီသခင်ကြီးသည် သည်းမခံနိုင်တော့ဘဲ တံခါးဝကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်လိုက်တော့သည်။ "နင် ငါ့ရှေ့ကနေ ထွက်သွားစမ်း"
လွီရူရှင်းသည် အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
အနောက်ဘက်မှ လွီသခင်ကြီး၏ အသံ ထွက်ပေါ်လာသည်။ "ငါ့မှာ နင့်လို သမီးမျိုး မရှိဘူးလို့ သဘောထားလိုက်မယ်။ နောက်ဆိုရင် ငါနဲ့ နင့်အမေ ရှေ့ကို ဘယ်တော့မှ ပေါ်မလာနဲ့"
လွီရူရှင်းသည် မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်၏။ "အဖေ၊ အစ်မက ရောဂါနဲ့ သေတာလေ၊ သမီး သတ်လိုက်တာမှ မဟုတ်တာ။ သူ စိတ်ဆင်းရဲရတာက သမီး တစ်ယောက်တည်း အမှားမှ မဟုတ်တာ။ အဖေ ဘာလို့ သမီးကို ဒီလို လုပ်ရတာလဲ"
လွီသခင်ကြီးသည် သူမကို ဂရုမစိုက်တော့ဘဲ အိမ်စေများကို သူမ၏ အထုတ်အပိုးများနှင့်အတူ လူကိုပါ လွီအိမ်တော်မှ ဆွဲထုတ်ခိုင်းလိုက်တော့သည်။
လွီအမေသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေပြီး တားဆီးခြင်း မပြုခဲ့ပေ။
အသက်ရှင်စဉ်က လွီရူဟွေ့ဘက်တွင် မည်သူမျှ ရပ်တည်မပေးခဲ့ကြ။ သေဆုံးပြီးမှ မိဘများက သူမအတွက် တရားမျှတမှု ရှာပေးကြသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
သမီးငယ်ကို မောင်းထုတ်လိုက်သော်လည်း လွီသခင်ကြီးသည် စိတ်သက်သာရာရမှုကို အနည်းငယ်မျှ မခံစားရပေ။
လွီရူရှင်း ပြောခဲ့သည့် စကားတစ်ခွန်း မှန်ပါသည်။ ရူဟွေ့က သူမကြောင့် သေဆုံးရခြင်း မဟုတ်။ သူတို့အားလုံးသည် တရားခံများသာ ဖြစ်ကြသည်။
လွီရူဟွေ့၏ အလောင်းကို လွီအိမ်တော်သို့ ပြန်သယ်သွားပြီး လွီမိသားစုက လျိုရှန်းကျယ် လာရောက် ဂါရဝပြုသည်ကို ငြင်းပယ်ခဲ့သည်။
လျိုရှန်းကျယ်သည် ခွင့် သုံးရက်ယူပြီး အခန်းထဲတွင် သုံးရက်လုံးလုံး ပိတ်လှောင်နေခဲ့လေသည်။
သုံးရက်ကြာပြီးနောက် လျိုရှန်းကျယ်ကို တွေ့လိုက်ရသောအခါ လျိုအိမ်တော်ထိန်းသည် အလွန်အမင်း အံ့အားသင့်သွားတော့သည်။
"သခင်ကြီး၊ သခင်ကြီးရဲ့ ဆံပင်တွေ ..." အိမ်တော်ထိန်းသည် ထိတ်လန့်တကြားဖြင့် လျိုရှန်းကျယ်၏ ဆံပင်များကို လက်ညှိုးထိုးပြလိုက်သည်။ မူလက နက်မှောင်သော ဆံပင်များသည် ယခုအခါ တစ်ဝက်ကျော်ကျော် ဖြူဖွေးသွားခဲ့ပြီ။
လျိုရှန်းကျယ်သည် အိမ်တော်ထိန်းကို ဂရုမစိုက်ဘဲ အရာရှိဝတ်စုံကို ဝတ်ဆင်ကာ ပုံမှန်အတိုင်း ညီလာခံ တက်ရောက်ရန် ထွက်ခွာသွားခဲ့သည်။
ညီလာခံတွင် အရှင်မင်းကြီးသည် ပုံမှန်အတိုင်း အမတ်များ၏ တင်ပြချက်များကို စောင့်ဆိုင်းနေစဉ် လျိုရှန်းကျယ်ကို အကြည့်ရောက်သွားရာ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ သေချာ ကြည့်လိုက်မှ ထိုပိန်လှီချည့်နဲ့ပြီး ဆံပင်များ ဖြူဖွေးနေသူမှာ သူ၏ ဟုန်လုဝန်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အခြားအမတ်များသည်လည်း လျိုရှန်းကျယ်ကို သတိထားမိကြသော်လည်း ညီလာခံအချိန်ဖြစ်သဖြင့် မည်သူမျှ ဝင်မပြောရဲကြပေ။
"လျိုအမတ်ကြီး တစ်ခုခု ကြုံတွေ့နေရတာလား" အရှင်မင်းကြီးက တိုက်ရိုက် မေးမြန်းလိုက်သည်။
လျိုရှန်းကျယ်သည် ခဏမျှ ကြောင်သွားပြီးမှ ရှေ့သို့တက်ကာ လျှောက်တင်လိုက်လေသည်။ "ကျွန်တော်မျိုး ... ကျွန်တော်မျိုးရဲ့ ဇနီးသည် ဆုံးသွားပါပြီ"
အရှင်မင်းကြီးသည် သူ့ပုံစံကို ကြည့်ပြီး စာနာစိတ် ဝင်သွားလေသည်။ လျိုရှန်းကျယ်သည် ဇနီးသည်နှင့် သံယောဇဉ် အလွန်ကြီးမားမည်ဟု တွေးမိပြီး ထို့ကြောင့်ပင် ဆံပင်ဖြူသွားသည်အထိ ဝမ်းနည်းပူဆွေးနေခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။
"ထားလိုက်ပါတော့၊ လျိုအမတ်ကြီး အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး"
"အရှင်မင်းကြီးရဲ့ ဂရုဏာတော်ကို ကျေးဇူးတင်ရှိပါတယ်" လျိုရှန်းကျယ်သည် ဒူးထောက်ကာ ဦးခိုက်လိုက်ပြီး လမ်းလျှောက်နေသော အလောင်းကောင်သဖွယ် ထွက်ခွာသွားလေသည်။
ညီလာခံ ပြီးဆုံးပြီးနောက် အရှင်မင်းကြီးသည် စာကြည့်ဆောင်သို့ ကြွချီသွားကာ စိတ်ထဲတွင် လျိုရှန်းကျယ်၏ ကိစ္စကို တွေးတောနေမိသဖြင့် နံဘေးရှိ ကုန်းကုန်းကို စုံစမ်းခိုင်းလိုက်သည်။
မကြာမီတွင် ကုန်းကုန်းကြီးသည် ကမန်းကတန်း ပြန်ရောက်လာပြီး စုံစမ်းရရှိသော သတင်းများကို အရှင်မင်းကြီးအား လျှောက်တင်လေသည်။
"အရှင်မင်းကြီး၊ ကြားသိရသလောက်တော့ လျိုအမတ်ကြီးက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သူ့ဇနီးနဲ့ ကွာရှင်းထားပြီးသားပါ"
အရှင်မင်းကြီးသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ "လျိုရှန်းကျယ်က ငါ့ကို လိမ်ပြောတာလား"
ကုန်းကုန်းကြီးက အလျင်အမြန် ရှင်းပြလိုက်၏။ "အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒီကိစ္စက ပြောရရင် လျိုအမတ်ကြီး အမှားတော့ မဟုတ်ပါဘူး။ လျိုအမတ်ကြီး အိမ်က မွေးစားသားက လွီဖူးရန်ကို ချောက်ချခဲ့တာပါ။ လျိုအမတ်ကြီးက မွေးစားသား စကားကို ယုံပြီး လွီဖူးရန်နဲ့ ရန်ဖြစ်ရာကနေ လွီဖူးရန်က ဒေါသထွက်ပြီး ကွာရှင်းလိုက်တာပါ"
"ဒါဆို လွီဖူးရန်က ဘယ်လို သေသွားတာလဲ"
ကုန်းကုန်းကြီးက သက်ပြင်းချလိုက်၏။ "ရောဂါနဲ့ သေဆုံးသွားတာပါ။ တကယ်တော့ လွီဖူးရန်က ကုမရတဲ့ ရောဂါ ဖြစ်နေတာ ကြာပါပြီ။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး"
"ဒါက တကယ်ကို စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ လျိုရှန်းကျယ်က ဒီလောက်ထိ ဖြစ်သွားစရာ မလိုပါဘူး"
"နောက်ဆက်တွဲ ကိစ္စတွေက နည်းနည်း ထူးဆန်းနေပါတယ်" ကုန်းကုန်းကြီးက အသံကို နှိမ့်လိုက်ပြီး လျှောက်တင်လေသည်။ "ကြားတာတော့ လွီဖူးရန်က သေဆုံးပြီးနောက် ဝိညာဉ်အဖြစ်နဲ့ လျိုအမတ်ကြီးကို လာရှာတယ်တဲ့။ လျိုအမတ်ကြီးက နောက်ပိုင်းမှ သူ့ဇနီး စွပ်စွဲခံရမှန်း သိပြီး လွီဖူးရန်ကို ပြန်ပေါင်းထုတ်ဖို့ တောင်းဆိုခဲ့ပါသတဲ့။ လွီဖူးရန်က နောက်တစ်နေ့ကျရင် လာရှာဖို့ ပြောလိုက်ပေမယ့် တကယ်သွားရှာတော့ အလောင်းတစ်လောင်းပဲ တွေ့ရတယ်တဲ့"
အရှင်မင်းကြီးသည် ကုန်းကုန်းကြီးကို စောင်းကြည့်လိုက်သည်။ "မင်း ငါ့ကို ပုံပြင် လာပြောနေတာလား"
ကုန်းကုန်းကြီးက အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ဘယ်လိုလုပ် နောက်ပြောင်ရဲမှာလဲ။ အရှင်မင်းကြီး မယုံရင် လူလွှတ်ပြီး စုံစမ်းခိုင်းလို့ ရပါတယ်။ လွီဖူးရန်ရဲ့ အလောင်းက အခုထိ လွီအိမ်တော်မှာ ရှိနေတုန်းပါပဲ။ အဲဒီအလောင်းက ကျောက်တုံးလို မာကျောနေပြီး အခုထိ မပုပ်မသိုး ဖြစ်နေတုန်းပါပဲ။ လွီဖူးရန် ဝိညာဉ်အဖြစ် ပြောင်းလဲသွားတဲ့ သတင်းကို လွီအိမ်တော်က လူတွေအားလုံး သိကြပါတယ်။ ပြောကြတာတော့ လျိုဖူးရန်က ရှန့်ယွမ်ပွဲတော်နေ့တုန်းက အိမ်တံခါးဝမှာ မိသားစုကို လာပြီး နှုတ်ဆက်သွားသေးတယ်တဲ့"
အရှင်မင်းကြီးသည် ကုန်းကုန်းကြီး၏ လျှောက်တင်ချက်များကို နားထောင်ပြီးနောက် နောက်ဆုံးတွင် ကိစ္စရပ်များကို နားလည်သွားတော့သည်။
သူသည် ခဏလောက် စဉ်းစားလိုက်ပြီး အမိန့်ပေးလိုက်၏။ "ပိုင်ရှိုးမင်ကို နန်းတော်ထဲ ဝင်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ"
အရှင်မင်းကြီး၏ အမိန့် ထွက်ပြီးနောက် တစ်နာရီခန့် အကြာတွင် ပိုင်ရှိုးမင်သည် စာကြည့်ဆောင်အတွင်းသို့ ရောက်ရှိလာခဲ့၏။
"အရှင်မင်းကြီး" ပိုင်ရှိုးမင်က ရိုသေစွာ ဂါရဝပြုလိုက်သည်။
အရှင်မင်းကြီးက လက်ကာပြပြီး အခမ်းအနား မလိုကြောင်း ပြောလိုက်ပြီးမှ ဆက်ပြောလိုက်၏။ "မင်း လျိုရှန်းကျယ်ရဲ့ ဇနီးအကြောင်း သွားစုံစမ်းကြည့်ချေ။ သူ သေဆုံးပြီးနောက် အလောင်း မပုပ်မသိုး ဖြစ်နေတယ်လို့ ကြားတယ်။ အဲဒီထဲမှာ ဘာထူးခြားမှု ရှိလဲ၊ လူတွေကို အန္တရာယ် ပေးနိုင်လား ဆိုတာ သွားကြည့်လိုက်"
"အမိန့်တော်အတိုင်းပါ"
ပိုင်ရှိုးမင်၏ မျက်နှာ တည်ကြည်လေးနက်နေသည်ကို မြင်သောအခါ အရှင်မင်းကြီးက ထပ်မံ သတိပေးလိုက်သေးသည်။ "သွားတဲ့အခါ အနေအထိုင် အပြောအဆို ဆင်ခြင်ဦး"
ပိုင်ရှိုးမင်သည် နှုတ်ခမ်းထောင့်ကို တွန့်ရုံမျှ ပြုံးလိုက်ပြီး "... ကျွန်တော်မျိုး နားလည်ပါပြီ"
...