← Chapters

သူမ ကျွန်တော့်ကို လုံးဝ ခွင့်မလွှတ်ခဲ့ဘူး ...

Vol. 15 Ch. 149

သူမ ကျွန်တော့်ကို လုံးဝ ခွင့်မလွှတ်ခဲ့ဘူး ...

Vol. 15 Ch. 149

နန်းတော်ထဲက ထွက်လာပြီးနောက် ပိုင်ရှိုးမင်သည် လက်အောက်ငယ်သားများနှင့်အတူ လွီအိမ်တော်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

သူ ရောက်သွားချိန်တွင် လွီအိမ်တော်ရှေ့တွင် လူစည်ကားနေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က လွီသခင်ကြီး မောင်းထုတ်လိုက်သော သမီးငယ် လွီရူရှင်းသည် ယခု အိမ်တော်ရှေ့တွင် ဒူးထောက်ကာ ဖခင်ဖြစ်သူ၏ ခွင့်လွှတ်မှုကို ငိုယိုတောင်းပန်နေသည်ဟု ကြားရသည်။

လွီအိမ်တော် တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားပြီး ဘယ်သူမှ ထွက်မကြည့်ကြပေ။

အနီးအနားတွင် ရပ်ကြည့်နေသော လူအများအပြား ရှိနေပြီး လက်ညှိုးထိုး ဝေဖန်နေကြသော်လည်း ဘယ်သူမှ ရှေ့တိုးမလာကြချေ။

လွီရူရှင်းသည် လွီအိမ်တော်ရှေ့တွင် ဒူးထောက်နေသည်မှာ လေးနာရီခန့် ရှိနေပြီဖြစ်သည်။ ယခုအချိန်သည် အခွင့်ကောင်း မဟုတ်မှန်း သူမ သိသော်လည်း ယခုအချိန်ကို ကျော်လွန်သွားပါက နောက်ကျသွားပေလိမ့်မည်။

ယခုအချိန်တွင် မိဘများသည် အစ်မဖြစ်သူ၏ သေဆုံးမှုကြောင့် သူမကို အပြစ်တင်နေကြသော်လည်း နောက်ဆုံးတွင် စိတ်ပျော့သွားကြလိမ့်မည်ဟု သူမ ယုံကြည်လေသည်။ ယခုအချိန်တွင် စိတ်ထဲ၌ အဖုအထစ်များ ရှိနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့ ကျော်ဖြတ်နိုင်ကြလိမ့်မည်။

သူမသည် လွီအိမ်တော်၏ အကာအကွယ်ကို လုံးဝ လက်လွှတ်မခံနိုင်ပေ။ သူမ၏ အနာဂတ်အတွက်ဖြစ်စေ၊ သားသမီးနှစ်ဦးအတွက် ဖြစ်စေ လွီအိမ်တော်ကို လိုအပ်လေသည်။

ပိုင်ရှိုးမင်သည် လွီအိမ်တော်၏ အိမ်တွင်းရေး ကိစ္စများကို စိတ်မဝင်စားပေ။ မြင်းပေါ်မှ ဆင်းပြီးနောက် သူသည် လူများကို ဦးဆောင်ကာ လွီအိမ်တော် တံခါးမကြီးဆီသို့ လျှောက်သွားလိုက်သည်။ လွီရူရှင်းဘေးမှ ဖြတ်သွားချိန်တွင် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ဒူးထောက်နေသော လူကို လှည့်ကြည့်လိုက်၏။

လွီရူရှင်းသည် မင်ကျင့်စီး၏ ဝတ်စုံကို စောစောကတည်းက မှတ်မိနေပြီဖြစ်ရာ ယခုအချိန်တွင် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။ မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်မိမည် စိုးရိမ်သောကြောင့် ဖြစ်သည်။

သူမသည် ပိုင်ရှိုးမင်၏ အကြည့်ကြောင့် တစ်ကိုယ်လုံး အေးစက်သွားသော်လည်း တစ်ဖက်လူက သူမကို ဂရုမစိုက်ဘဲ လွီအိမ်တော် တံခါးမကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ဖုန်းယန်က ရှေ့ထွက်ပြီး တံခါးခေါက်လိုက်ရာ မကြာမီ လွီအိမ်တော် တံခါးကြီး ပွင့်လာသည်။ တံခါးစောင့်သည် သတင်းသွားပို့မည်ဟု မပြောရဲဘဲ သူတို့ကို အိမ်တော်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။

တံခါးစောင့်က ရှေ့မှ လမ်းပြနေပြီး ဖုန်းယန်က ဘေးမှ တိုးတိုးလေး မေးလိုက်၏။ "လူကြီးမင်း၊ အပြင်က မိန်းမမှာ ပြဿနာ တစ်ခုခု ရှိလို့လား"

ပုံမှန်မဟုတ်လျှင် သူ့သခင်က တစ်ချက်လေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူး။

"... ပြဿနာ နည်းနည်း ရှိတယ်"

ဖုန်းယန်သည် တစ်ဖက်လူက မည်မျှကြီးမားသော အမှု ကျူးလွန်ထားသလဲဟု သိချင်နေသော်လည်း သူ့သခင်ကတော့ ပါးစပ်ပိတ်သွားလေသည်။

ပိုင်ရှိုးမင်၏ လက်ချောင်းများသည် ဓားရိုးပေါ်တွင် ပွတ်သပ်နေမိသည်။ လွီရူရှင်း၏ ရုပ်ရည်သည် ထိုနေ့က အားချန်အိမ်ရှေ့တွင် တွေ့ခဲ့ရသော ဝိညာဉ်နှင့် ခုနစ်ပုံ ရှစ်ပုံခန့် တူညီနေသည်။

တိုက်ဆိုင်မှုဟု ပြောလျှင် သူကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။

လွီမိသားစုဝင်များသည် မင်ကျင့်စီးက အိမ်တိုင်ရာရောက် လာလိမ့်မည်ဟု မထင်မှတ်ထားကြချေ။ လွီသခင်ကြီးသည် နာရေးခန်းမတွင် ပိုင်ရှိုးမင်ကို တွေ့လိုက်ရသောအခါ မျက်နှာထား တင်းမာသွားပြီး အခေါင်းရှေ့တွင် အလိုအလျောက် ဝင်ကာ ကာကွယ်လိုက်လေသည်။

သူသည် တင်းမာသော မျက်နှာထားဖြင့် သတိကြီးစွာ မေးလိုက်၏။ "ပိုင်လူကြီးမင်း ဒီနေ့ လာတာ ဘာကိစ္စ ရှိလို့လဲ မသိဘူး"

"အရှင်မင်းကြီး အမိန့်အရ သမီးဖြစ်သူရဲ့ အလောင်းကို လာစစ်ဆေးတာပါ"

"ငါ့သမီး အလောင်းက ဘာပြဿနာမှ မရှိဘူး။ ခင်ဗျားတို့ စစ်ဆေးစရာ မလိုဘူး" လွီအမေသည် ပိုင်ရှိုးမင် စကားကို ကြားသောအခါ စိတ်ထိခိုက်သွားသည့်အလား ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။

လွီသခင်ကြီးသည် စိတ်ထိန်းမရ ဖြစ်နေသော ဇနီးသည်ကို တားဆီးလိုက်ပြီး ပိုင်ရှိုးမင်ကို တောင်းပန်လိုက်၏။ "ကျွန်တော့်ဇနီးက ဝမ်းနည်းလွန်းလို့ ဖြစ်သွားတာပါ။ ပိုင်လူကြီးမင်း ခွင့်လွှတ်ပေးပါ"

"လွီသခင်ကြီး စကားမများပါနဲ့။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် စစ်ဆေးပြီးမှ အရှင်မင်းကြီးဆီ ပြန်လည် တင်ပြရမှာမို့ပါ"

လွီသခင်ကြီးသည် သမီးဖြစ်သူ၏ အလောင်းကို သူစိမ်းများ ထိတွေ့မည်ကို မလိုလားသော်လည်း ရှေ့မှလူသည် အရှင်မင်းကြီး၏ လူယုံဖြစ်ကြောင်း သိထားသဖြင့် မပြစ်မှားမိစေရန် သတိထားနေရသည်။

အရှင်မင်းကြီး အမိန့်ကို သူ ဘယ်လိုလုပ်ပြီး ငြင်းဆန်ရဲမှာလဲ။

ခဏလောက် တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူ ခေါင်းငြိမ့်လိုက်ရတော့သည်။ "ကောင်းပါပြီ၊ ပိုင်လူကြီးမင်း ... နည်းနည်းတော့ ဂရုစိုက်ပေးပါ"

"ဒါဆိုရင် ခင်ဗျားတို့ အပြင်မှာ ခဏ စောင့်နေပေးပါ"

"ကျွန်တော်တို့ နာရေးခန်းမထဲမှာ နေခဲ့လို့ မရဘူးလား" လွီသခင်ကြီး၏ မျက်နှာတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လာသည်။

"မရပါဘူး။ လွီသခင်ကြီး ပူးပေါင်းဆောင်ရွက်ပေးပါ" ပိုင်ရှိုးမင်၏ သဘောထား တင်းမာနေသည်ကို မြင်သောအခါ လွီသခင်ကြီးသည် လူအားလုံးကို နာရေးခန်းမထဲမှ ထွက်ခွာခိုင်းလိုက်ရတော့သည်။

နာရေးခန်းမ တံခါး ပိတ်သွားပြီးနောက် လွီအမေ၏ ငိုသံသဲ့သဲ့ကို အပြင်ဘက်မှ ကြားနေရသော်လည်း နာရေးခန်းမထဲက လူများကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

မသက်ဆိုင်သူများ ထွက်ခွာသွားပြီးနောက် ပိုင်ရှိုးမင်သည် မေးငေါ့ပြလိုက်ပြီး အခေါင်းဖွင့်ရန် အချက်ပြလိုက်သည်။

မင်ကျင့်စီး အစောင့်နှစ်ဦး ရှေ့တိုးလာပြီး အခေါင်းဖုံးကို တွန်းဖွင့်လိုက်ကြသည်။ ပိုင်ရှိုးမင် နောက်မှ မင်ကျင့်စီး အစောင့်တစ်ဦးသည် ရှေ့တိုးလာပြီး အခေါင်းထဲမှ အလောင်းကို တစ်ချက်ကြည့်လိုက်ကာ ခါးပိုက်ထဲမှ အနက်ရောင် လက်အိတ်တစ်စုံကို ထုတ်၍ ဝတ်ဆင်လိုက်ပြီးနောက် လက်ကို အခေါင်းထဲသို့ ထည့်လိုက်လေသည်။

သူသည် လွီရူဟွေ့၏ ခြေလက်များကို ခဏလောက် ဖိနှိပ်စစ်ဆေးလိုက်ပြီးနောက် အလောင်း၏ ပါးစပ်ကို ဖြဲကာ သွားများကို စစ်ဆေးကြည့်ရှုပြီး လက်အိတ်ကို ပြန်ချွတ်လိုက်သည်။

ထိုမင်ကျင့်စီး အစောင့်သည် မတ်တပ်ရပ်လိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်၏။ "လူကြီးမင်း၊ ဒီအမျိုးသမီးက အသက်ရှင်စဉ်တုန်းက ကျောက်ဖြစ်ရုပ်ကျွင်းရောဂါ ခံစားခဲ့ရတာ သေချာပါတယ်။ အလောင်း မပုပ်မသိုး ဖြစ်နေတာက ကျောက်ရည် သောက်သုံးခဲ့လို့ပါ။ အရပ်ထဲက သမားတော်တချို့က ရောဂါသည်းနေတဲ့ လူနာတွေကို မသေခင် သိပ်မနာကျင်ရအောင် ကျောက်ရည်ကို ကုသဆေးအဖြစ် သုံးတတ်ကြပါတယ်"

ပိုင်ရှိုးမင်သည် ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်၏။ "ဒါဆိုရင် သူက ပုံမှန်အတိုင်း သေဆုံးခဲ့တာပေါ့"

"ဟုတ်ပါတယ်။ အလောင်း မပုပ်မသိုး ဖြစ်နေတာကလွဲရင် ကျန်တာ ဘာမှ မထူးခြားပါဘူး"

"သိပြီ။ မင်း အရင်သွားတော့"

ထိုလူသည် ဘေးသို့ ဆုတ်သွားလိုက်သည်။ ပိုင်ရှိုးမင်သည် အခေါင်းနားသို့ လျှောက်သွားပြီး အထဲကို ငုံ့ကြည့်လိုက်ရာ ရှန့်ယွမ်ပွဲတော်နေ့က အားချန်အိမ်ရှေ့တွင် သူ မြင်တွေ့ခဲ့ရသော မျက်နှာနှင့် တစ်ထပ်တည်းပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အခေါင်းထဲမှ အလောင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လက်ညှိုးတစ်ချောင်း ထောင်ကာ အလောင်း၏ နဖူးကို ထိလိုက်လေသည်။

မှိန်ပျပျ အလင်းရောင်ရှိသော နာရေးခန်းမထဲတွင် ပူဇော်ထားသော ဖယောင်းတိုင်နှစ်တိုင် ရုတ်တရက် ငြိမ်းသွားပြီး ဝေဝါးသော ပုံရိပ်တစ်ခု အလောင်းပေါ်မှ ပေါ်ထွက်လာသည်။

အမွှေးနံ့သာ ဖယောင်းတိုင်၏ အာနိသင်သည် လုံးဝ ကုန်ဆုံးသွားပြီဖြစ်ရာ အထူးနည်းလမ်း မသုံးလျှင် လွီရူဟွေ့၏ ဝိညာဉ်ကို ခေါ်ထုတ်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် သူမ၏ ဝိညာဉ် ရှိနေသေးသော်လည်း အကြောင်းထူး မရှိလျှင် အလောင်းမြှုပ်နှံပြီးသည်နှင့် သူမ၏ ဝိညာဉ်သည် လောကကြီးမှ လုံးဝ ထွက်ခွာသွားရတော့မည် ဖြစ်သည်။

လွီရူဟွေ့၏ ဝိညာဉ်သည် သူမ၏ အလောင်းအပေါ်တွင် ဝဲပျံနေလေသည်။ သူမသည် အခန်းထဲတွင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသော လူများကို တွေ့လိုက်ရပြီးနောက် ပိုင်ရှိုးမင်ကို ကြည့်ကာ ကိုယ်ကိုအနည်းငယ် ကိုင်းညွှတ်၍ အရိုအသေပြုလိုက်၏။ "လူကြီးမင်းကို နှုတ်ဆက်ပါတယ်"

"လွီရူဟွေ့လား" ပိုင်ရှိုးမင်က မေးလိုက်သည်။

"ဟုတ်ပါတယ်"

"ဘယ်လို သေသွားတာလဲ"

"ရောဂါနဲ့ သေဆုံးသွားတာပါ" ပိုင်ရှိုးမင် ထပ်မမေးရဘဲ သူမသည် မသေခင် ကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်လေသည်။ "လေးရက်နေ့တုန်းက ကျွန်မ ကျောက်ရည်ကို သောက်လိုက်တယ်။ အဲဒီအချိန်မှာ အချိန်တန်ပြီလို့ ခံစားလိုက်ရပြီး နောက်ပိုင်း ဘာမှ မသိတော့ဘဲ ပြန်မနိုးလာတော့တာပါ"

"ကျောက်ရည်ကို ဘယ်က ရတာလဲ"

"ကျွန်မ လူရှာပြီး ဝယ်ခိုင်းလိုက်တာပါ။ ကျောက်ရည်ထည့်တဲ့ ခွက်က ကျွန်မအိမ်မှာ ရှိနေလောက်ဦးမယ်။ လူကြီးမင်း စစ်ဆေးလို့ ရပါတယ်"

"မင်းကို ကျောက်ရည်သောက်ဖို့ ဘယ်သူကများ ခြိမ်းခြောက်တာ၊ သွေးဆောင်တာမျိုး ရှိလား"

"မရှိပါဘူး။ ကျွန်မ ရောဂါက ကုမရတော့ဘူးလေ။ ဒီလိုမျိုး အေးအေးဆေးဆေး သေဆုံးသွားရတာ ကံကောင်းတယ်လို့တောင် ပြောရဦးမယ်"

မေးမြန်းပြီးနောက် ပိုင်ရှိုးမင်က သူမကို ရုတ်တရက် ပြောလိုက်သည်။ "မင်းမှာ မပြီးပြတ်သေးတဲ့ ဆန္ဒတွေ ရှိသေးလား။ ဒါမှမဟုတ် တွေ့ချင်တဲ့လူ ရှိလား"

သူမ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုင်ရှိုးမင် အလုပ်ရှုပ် သက်သာသွားခဲ့သည်။ တစ်ဖက်လူ လိုအပ်လျှင် သူလည်း ကူညီပေးရန် ဝန်မလေးပေ။

လွီရူဟွေ့က ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်၏။ "ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်မ ဆန္ဒ ပြည့်သွားပါပြီ"

သူမ လိုချင်သော ရလဒ်ကို ရရှိပြီးပြီဖြစ်၍ လောကကြီးကို တွယ်တာစရာ မရှိတော့ပေ။

သူမ၏ မိဘများ အပြင်ဘက်တွင် ရှိနေကြောင်း သူမ သိသော်လည်း တွေ့ဖို့ မလိုအပ်တော့ပေ။

သူမ၏ အဖြေကို ကြားရသောအခါ ပိုင်ရှိုးမင် ဘာမှထပ်မပြောတော့ဘဲ လက်ကိုမြှောက်၍ အလောင်း၏ နဖူးကို ထိလိုက်ရာ လွီရူဟွေ့၏ ဝိညာဉ်သည် တဖြည်းဖြည်း ဝေဝါးသွားတော့သည်။ ထွက်ခွာရမည့်အချိန် ရောက်ပြီမှန်း သူမ သိလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နာရေးခန်းမ တံခါး ပွင့်သွားလေသည်။

လျိုရှန်းကျယ် ပြေးဝင်လာချိန်တွင် လွီရူဟွေ့သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထိုဝေဝါးသော ပုံရိပ်သည် လုံးဝ ပျောက်ကွယ်သွားတော့သည်။

"ရူဟွေ့" လျိုရှန်းကျယ်သည် အခေါင်းရှိရာသို့ ဒယိမ်းဒယိုင် ပြေးသွားပြီး လေထဲတွင် လက်ဖြင့် လှမ်းဆွဲလိုက်သော်လည်း ဘာမှ မမိဘဲ ခြေချော်ကာ လဲကျသွားလေသည်။

သူ့ပုံစံမှာ အလွန် သနားစဖွယ် ကောင်းနေသဖြင့် ပိုင်ရှိုးမင်၏ အချက်ပြမှုကြောင့် ဖုန်းယန်က ရှေ့တိုးသွားပြီး လူကို တွဲထူပေးလိုက်ကာ အရာရှိဝတ်စုံပေါ်မှ ဖုန်များကို ခါပေးလိုက်သည်။

"လျိုအမတ်ကြီး ထိခိုက်သွားသေးလား"

လျိုရှန်းကျယ်သည် ဖုန်းယန်ကို ဂရုမစိုက်ဘဲ ပိုင်ရှိုးမင်ဘက်သို့ လှည့်ကာ တောင်းပန်သော လေသံဖြင့် ပြောလိုက်လေသည်။ "ပိုင်လူကြီးမင်း၊ ကျွန်တော့်ဇနီးကို ခင်ဗျား ခေါ်ထုတ်လိုက်တာ မဟုတ်လား။ ကျေးဇူးပြုပြီး သူ့ကို ကျွန်တော်နဲ့ ပေးတွေ့ပါဦး။ သိပ်မကြာပါဘူး။ ကျွန်တော် စကားနည်းနည်းလောက်ပဲ ပြောချင်တာပါ"

မျှော်လင့်ချက် ကင်းမဲ့ပြီး ဝမ်းနည်းပူဆွေးနေသော လျိုရှန်းကျယ်ကို ကြည့်ရင်း ပိုင်ရှိုးမင်က ဖြည်းညှင်းစွာ ပြောလိုက်၏။ "စိတ်မကောင်းပါဘူး လျိုအမတ်ကြီး။ ခင်ဗျားဇနီးရဲ့ ဝိညာဉ်က ထွက်ခွာသွားပါပြီ"

"ထွက်ခွာသွားပြီတဲ့ ..." ထိုအခိုက်အတန့်တွင် လျိုရှန်းကျယ်၏ စိတ်ဓာတ်များ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူသည် ဝမ်းနည်းပက်လက် ရယ်မောကာ တီးတိုးရေရွတ်လိုက်လေသည်။ "သူ ကျွန်တော့်ကို လုံးဝ ခွင့်မလွှတ်ခဲ့ဘူးပဲ။ သူ ကျွန်တော့်ကို ခွင့်မလွှတ်တော့ဘူး ..."

တံခါးအပြင်ဘက်တွင် လွီမိသားစုဝင်များသည်လည်း လွီရူဟွေ့ ပျောက်ကွယ်သွားရာ နေရာကို ငေးကြောင်ကြည့်နေကြသည်။ သူတို့အားလုံး စောစောက မြင်လိုက်ရသည်မှာ သူမသည် အစကနေ အဆုံးအထိ သူတို့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။

ထိုလူများ၏ ထူးဆန်းသော တုံ့ပြန်မှုများကြောင့် ပိုင်ရှိုးမင်သည် ကိစ္စတစ်ခုကို သဘောပေါက်လိုက်သည်။ အားချန် ပြောသော ဆွေမျိုးများကို နောက်ဆုံးအနေနဲ့ ပြန်သွားတွေ့မယ်ဆိုတာ တကယ်ပဲ သွားတွေ့ရုံ သက်သက်သာ ဖြစ်ပြီး နွေးထွေးသော ဇာတ်လမ်းလေး တစ်ပုဒ်တော့ မဟုတ်ခဲ့ပေ။

"အလောင်း စစ်ဆေးလို့ ပြီးပါပြီ။ လွီသခင်ကြီး သမီးရဲ့ အလောင်းမှာ ဘာထူးခြားမှုမှ မရှိပါဘူး။ အချိန်မီ သင်္ဂြိုဟ်လို့ ရပါပြီ" ပိုင်ရှိုးမင်သည် အတွေးများကို သိမ်းဆည်းလိုက်ပြီး လွီသခင်ကြီးကို ပြောလိုက်သည်။

လွီသခင်ကြီးသည် အချိန်အတော်ကြာမှ ပြန်ဖြေလိုက်၏။ "ကောင်းပါပြီ"

ပိုင်ရှိုးမင်သည် လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ထွက်ခွာသွားပြီး ဝမ်းနည်းပူဆွေးနေသော လျိုရှန်းကျယ်နှင့် လွီမိသားစုကိုသာ ထားရစ်ခဲ့လိုက်သည်။

ဒီလောကကြီးမှာ ဘယ်သူပဲ ထွက်ခွာသွားသွား၊ ဘဝကတော့ ဆက်လက် လည်ပတ်နေဦးမည်သာ။

လွီရူဟွေ့ သင်္ဂြိုဟ်ပြီး သုံးရက်မြောက်နေ့တွင် အားချန်၏ အိမ်သို့ ဧည့်သည်အချို့ ရောက်လာခဲ့သည်။

ရှေ့ဆုံးတွင် ရပ်နေသူများမှာ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး ဖြစ်ပြီး သူတို့ဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါလာကာ အနောက်တွင် အစေခံမလေးအချို့ လိုက်ပါလာကြသည်။

လူအားလုံး၏ မျက်နှာများသည် သိပ်မကောင်းလှဘဲ အချိန်ကြာမြင့်စွာ အနားမယူရသေးသည့်အလား မျက်ကွင်းများ ညိုမည်းနေပြီး မျက်လုံးများလည်း ရောင်ရမ်းနေကြလေသည်။

အားချန်သည် လူများကို အိမ်ထဲသို့ ဖိတ်ခေါ်ခြင်းမပြုဘဲ တံခါးဝတွင်သာ ရပ်လျက် မေးလိုက်လေသည်။ "ရှင်တို့ ကျွန်မကို ရှာတာ ဘာကိစ္စရှိလို့လဲ"

"မိန်းကလေးကျိ၊ ကျွန်မတို့က ရူဟွေ့ရဲ့ မိသားစုဝင်တွေပါ" စကားစပြောလာသူမှာ အလွန်ပင်ပန်းနွမ်းနယ်နေဟန်တူသည့် အဘွားအိုတစ်ဦး ဖြစ်လေသည်။

အားချန်၏ မျက်ဝန်းထဲတွင် နားလည်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်ငြား သူမ၏လေသံကတော့ သိပ်ပြီး နွေးထွေးမှု မရှိလှချေ။ "ဪ သူဌေးမလွီရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကိုး။ မရိုမသေ ဖြစ်သွားပါပြီ"

လွီအမေသည် အားချန်၏ အေးစက်စက်နိုင်လှသည့် ပုံစံကို မြင်လိုက်ရသည်တွင် ယခင်က စုံစမ်းသိရှိထားသည့် သတင်းများကို ပြန်လည်သတိရမိလိုက်၏။ လွီရူဟွေ့သည် သူမ၏နောက်ဆုံးသော နှစ်သစ်ကူးအကြိုညကို ကျိချန်၏နေအိမ်တွင် ကုန်ဆုံးခဲ့သည်ဟု ကြားသိထားရရာ တစ်ဖက်လူသည် လွီရူဟွေ့နှင့် မိသားစုကြားက ဆက်ဆံရေးကို သိရှိထားပေလိမ့်မည်။

သူမသည် မျက်လွှာကို ချလိုက်ပြီး နှာခေါင်းထဲတွင် စပ်ဖျင်းဖျင်း ခံစားလိုက်ရပြန်လေသည်။

အကယ်၍သာ ထိုစဉ်က သူတို့၏ လွဲမှားသော အစွဲအလမ်းများနှင့် လျစ်လျူရှု ဆက်ဆံမှုများသာ မရှိခဲ့ပါလျှင် လွီရူဟွေ့သည် နောက်ဆုံးသော နှစ်သစ်ကူးကိုပင် သူတို့နှင့်အတူ ဖြတ်သန်းရန် အဘယ်ကြောင့် ဝန်လေးနေခဲ့ပါမည်နည်း။

ဤအကြောင်းအရာများကို တွေးမိတိုင်း သူတို့၏ရင်ထဲတွင် နာကျင်မှုနှင့် နောင်တများကိုသာ ခံစားရလေသည်။

ယခုအချိန် ရောက်မှသာ သူတို့သည် နောက်ဆုံးတွင် နားလည်သဘောပေါက် သွားကြတော့သည်။ အချို့သော နောင်တများသည် တစ်ဘဝလုံးစာအတွက် အစားပြန်မရနိုင်တော့ကြောင်းကိုပင်။

နောက်ထပ် အခွင့်အရေးဟူသည် မရှိတော့ချေ။

လွီအမေသည် မျက်ရည်စများကို သုတ်ဖယ်လိုက်ပြီး လက်ထဲရှိ ပိုးသားဘူးလေးကို အားချန်၏လက်ထဲသို့ အတင်းထည့်ပေးလိုက်လေသည်။ "မိန်းကလေးကျိ၊ ရူဟွေ့က သူ့ရဲ့သေတမ်းစာမှာ မှာခဲ့ပါတယ်။ သူ သက်ရှိထင်ရှား ရှိစဉ်က ရှင်နဲ့ ချန်ဖူရန်တို့ရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ရတဲ့အတွက် ဒီထဲကပစ္စည်းတွေကို ရှင်တို့အတွက် သီးသန့်ချန်ထားခဲ့တာပါတဲ့"

အားချန်သည် ပိုးသားဘူးလေးကို လှမ်းယူလိုက်ပြီး လွီမိသားစုဝင်များ၏ အကြည့်အောက်တွင်ပင် ဘူးကို ဖွင့်လိုက်လေသည်။

အပေါ်ဆုံးတွင် ဘေးခန်းက ဆိုင်၏ မြေဂရန်တစ်ခုကို တင်ထားပြီး ထိုမြေဂရန်၏ အောက်ဘက်တွင်တော့ အားချန် ယခင်က အလွန်လိုချင်တပ်မက်ခဲ့ဖူးသော ယွီရှန်းအမွှေးတိုင်အိုးကို ထည့်ထားလေသည်။

သူမသည် အမွှေးတိုင်အိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေကြသည့် လွီမိသားစုဝင်များကို မော့ကြည့်လိုက်လေသည်။ ထို့နောက် ပိုးသားဘူးလေးကို လွီအမေ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ ပြောလိုက်၏။ "လွီလောင်ဖူးရန်၊ ဒီပစ္စည်းတွေက အရမ်း တန်ဖိုးကြီးလွန်းပါတယ်။ ရှင်တို့ပဲ ပြန်ယူသွားလိုက်ပါ"

လွီအမေသည် အဆက်မပြတ် ခေါင်းခါယမ်းလိုက်ပြီး အားချန်ပြန်ပေးလာသည့် ပိုးသားဘူးလေးကို ငြင်းဆန်လိုက်လေသည်။ "ဒါက ရူဟွေ့ရဲ့ ပစ္စည်းတွေပါ။ ကျွန်မတို့ပစ္စည်း မဟုတ်ပါဘူး။ သူက ဘယ်သူ့ကိုမဆို ပေးကမ်းပိုင်ခွင့် ရှိပါတယ်။ မိန်းကလေးအနေနဲ့ စိတ်ချလက်ချ လက်ခံလိုက်ပါ"

အားချန်သည် ဘူးကို ပွေ့ကိုင်ထားရင်း ခဏမျှ တိတ်ဆိတ်နေလိုက်ပြီးမှ ဘေးတွင်ရှိနေသော လွီအဖေကို ပြောလိုက်လေသည်။ "ဒါက ယွီရှန်းအမွှေးတိုင်အိုးပါ"

လွီအဖေသည် မျက်လုံးများ ပြူးကျယ်သွားပြီး အားချန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။ ယွီရှန်အမွှေးတိုင်အိုး မည်မျှ ရှားပါးကြောင်းကို သူ ကောင်းစွာ သိရှိထားသည် မဟုတ်ပါလား။

အားချန်သည် လက်ထဲမှ အမွှေးတိုင်အိုးကို ငုံ့ကြည့်လိုက်ပြီး သူမ၏လေသံသည် အစအဆုံး တည်ငြိမ်နေခဲ့လေသည်။ "သူဌေးမလွီက ဒီအမွှေးတိုင်အိုးကို ဝယ်ယူတုန်းက ကျွန်မ သူ့ကို ဈေးနှုန်းမေးဖူးပါတယ်။ သူ ပြောခဲ့တာက သူ့အဖေက အမွှေးနံ့သာတွေကို မြတ်နိုးလို့ ဒီအမွှေးတိုင်အိုးကို သူ့အဖေအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးမလို့ပါတဲ့"

လွီအဖေ၏ ခန္ဓာကိုယ်သည် ယိုင်နဲ့သွားခဲ့ပြီး လွီအစ်ကိုလတ်က အချိန်မီ လှမ်းထိန်းထားလိုက်ရလေသည်။

"သူက ... ဘာများ ပြောခဲ့သေးလဲ" လွီအဖေက မေးလိုက်၏။

"ဘာမှ ထပ်မပြောခဲ့တော့ပါဘူး။ ကျွန်မကတော့ သူ ဒီအမွှေးတိုင်အိုးကို လက်ဆောင်ပေးပြီးပြီလို့ပဲ အမြဲထင်ထားခဲ့တာပါ"

လွီအဖေသည် ရုတ်တရက် လက်ဖြင့် မျက်နှာကို အုပ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။ "သူ ပေးခဲ့ပါတယ်။ သူက အစက ပေးခဲ့တာပါ"

သို့သော် ထိုနေ့က သူသည် သမီးဖြစ်သူ ပေးလာသည့် နှစ်သစ်ကူးလက်ဆောင်ကို တစ်ချက်ကလေးမျှပင် ကြည့်ရှုခဲ့ခြင်းမရှိဘဲ မိသားစုဝင်အားလုံး၏ ရှေ့မှောက်တွင် သူမကို ခေါင်းမဖော်နိုင်အောင် ဆဲဆိုကြိမ်းမောင်းခဲ့မိလေသည်။

သူမ ထွက်ခွာသွားချိန်တွင် နှစ်သစ်ကူးလက်ဆောင်များ အားလုံးကို မြေကြီးပေါ်သို့ ကြဲချထားခဲ့ပြီး အပေါ်ဆုံးတွင်ရှိသော ပိုးသားဘူးလေး တစ်ခုတည်းကိုသာ ပြန်လည်ယူဆောင် သွားခဲ့ခြင်း ဖြစ်သည်။

ပြန်တွေးကြည့်လိုက်လျှင် ထိုပိုးသားဘူးလေးထဲတွင် ထည့်ထားသည့်အရာမှာ ယွီရှန်းအမွှေးတိုင်အိုးပင် ဖြစ်ပေလိမ့်မည်။

သူမသည် လက်ဆောင်ကို စိတ်နှစ်ကာ သေချာစွာ ပြင်ဆင်ခဲ့ပြီး သူ့ရှေ့မှောက်သို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သော်ငြား သူကတော့ ထိုအရာကို ဖိနပ်စုတ်တစ်ရံကဲ့သို့ သဘောထားကာ တန်ဖိုးမထားခဲ့မိချေ။

သူ အမှန်တကယ် ဘာတွေများ လုပ်ခဲ့မိပါလိမ့်။

နောက်ဆုံးတွင်တော့ လွီမိသားစုသည် ပိုးသားဘူးလေးကို အားချန်ထံတွင်သာ ထားရစ်ခဲ့ကြသည်။ အားချန်သည် ယိုင်တိယိုင်တိုင်ဖြင့် အဝေးသို့ ထွက်ခွာသွားကြသော သက်ကြီးရွယ်အို ဇနီးမောင်နှံကို ကြည့်ရင်း သူဌေးမလွီက ထိုသို့ ပြုလုပ်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သဘောပေါက် သွားတော့သည်။

သူဌေးမလွီ ပြောဖူးသကဲ့သို့ပင်။ သူတို့သည် လူဆိုးများ မဟုတ်ကြပေ။ သူမအပေါ်တွင် ကောင်းမွန်စွာ မဆက်ဆံခဲ့ကြခြင်းသာ ဖြစ်လေသည်။

အကယ်၍သာ သူဌေးမလွီ အသက်ရှင်နေသေးပါလျှင် နာကျင်စေသော စကားများကို ဆိုခြင်းဖြစ်စေ၊ မျက်နှာလိုက်ခြင်းဖြစ်စေ ဤအရာများသည် အိမ်တိုင်းတွင် တွေ့ရလေ့ရှိသော သာမန် ပဋိပက္ခများသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူမ သေဆုံးသွားခဲ့ပြီ။

အသက်ရှင်ကျန်ရစ်သူများ အဖို့မူ အဆုံးမရှိသော နောင်တတရားများသာ ကျန်ရစ်ခဲ့ရလေတော့သည်။

သူတို့သည် တစ်ဘဝလုံးစာ ကုန်ဆုံးသွားလျှင်ပင် မိမိတို့၏ သမီးအရင်းအပေါ် ထားရှိသည့် အပြစ်ရှိစိတ်နှင့် နောင်တတရားများမှ ရုန်းထွက်နိုင်ကြတော့မည် မဟုတ်ဟု ထင်မှတ်ရပေသည်။

...

All Chapters