← Chapters

သူတို့တွေ လမ်းခရီးတလျှောက် ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ မျှော်လင့်မိပါတယ်...

Vol. 15 Ch. 150

သူတို့တွေ လမ်းခရီးတလျှောက် ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ မျှော်လင့်မိပါတယ်...

Vol. 15 Ch. 150

လွီမိသားစုဝင်များကို ပြန်လည်ပို့ဆောင် ပြီးနောက်တွင် အားချန်သည် တံခါးကို ပိတ်လိုက်ပြီး ပိုးသားသေတ္တာကို ကိုင်ဆောင်ကာ အနောက်ဘက် ခြံဝင်းသို့ ပြန်လာခဲ့လေသည်။

သူမသည် ဟွေ့ညန်၏ အခန်းသို့ အရင်ဆုံး သွားလိုက်၏။ ဟွေ့ညန်သည် နှစ်ခြိုက်စွာ အိပ်မောကျ နေဆဲဖြစ်သော်ငြား လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူမ၏ ဆံပင်များနှင့် လက်သည်းများ ရှည်ထွက်လာသည်ကို အားချန်က သတိပြုမိလိုက်လေသည်။

ဤသည်မှာ သူမ၏ အဆင့်တက်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးတော့မည် ဖြစ်ကာ မကြာမီ နိုးထလာတော့မည် ဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်လေသည်။

ဟွေ့ညန်၏ အခြေအနေကို သေချာစွာ ထပ်မံလေ့လာ ကြည့်ရှုပြီးမှ အားချန်သည် ပိုးသားသေတ္တာထဲမှ မြေယာပိုင်ဆိုင်မှု စာချုပ်ကို ထုတ်ယူလိုက်ပြီး ပြတင်းပေါက်နားရှိ စားပွဲပေါ်တွင် တင်ထားလိုက်လေသည်။

သာမန်လူများအတွက် ဆိုလျှင် ငွေကြေးသည် ပြဿနာ အများစုကို ဖြေရှင်းနိုင်လောက်သည် အထိ လုံလောက်မှု ရှိပေသည်။ သူဌေးမလွီသည် ကိုယ်ချင်းစာစိတ်ဖြင့် ဤမြေယာပိုင်ဆိုင်မှု စာချုပ်ကို ဟွေ့ညန်အတွက် အားထားရာ တစ်ခုအဖြစ် ပေးအပ်လိုခြင်း ဖြစ်တန်ရာ၏။

အကယ်၍သာ ဟွေ့ညန် အသက်ရှင်စဉ် ကတည်းက သူတို့နှစ်ဦး သိကျွမ်းခဲ့ကြလျှင် သေချာပေါက် မိတ်ဆွေကောင်းများ ဖြစ်လာကြပေလိမ့်မည်။

နှမြောစရာ ကောင်းလှသည်မှာ ဤရေစက်က အမှန်တကယ်ပင် တိုတောင်းလွန်းလှခြင်းပင် ဖြစ်လေသည်။

မြေယာပိုင်ဆိုင်မှု စာချုပ်ကို သေချာစွာ ထားရှိပြီးနောက် အားချန်သည် ပိုးသားသေတ္တာကို ပွေ့ပိုက်ကာ သူမ၏ အခန်းသို့ ပြန်လာခဲ့လေသည်။ တံခါးကို ပိတ်လိုက်ပြီးနောက် အတွင်းထဲရှိ ယွီရှန်းအမွှေးတိုင်အိုးကို မစောင့်ဆိုင်းနိုင်တော့ဘဲ ထုတ်ယူလိုက်လေသည်။

ယွီရှန်းကျောက် အများစုသည် အဖြူရောင် သို့မဟုတ် အဖြူရောင်ဖျော့ဖျော့ ကြည်လင်နေတတ် သော်ငြား သူမ၏ လက်ထဲမှ အမွှေးတိုင်အိုး၏ အရောင်ကတော့ တမူထူးခြားနေလေသည်။ တစ်ပတ်လည်အောင် လှည့်ကြည့်လိုက်လျှင် တစ်ဝက်ခန့် ကြည်လင်နေပြီး ဝါဂွမ်းစများကဲ့သို့ အမျှင်တန်းလေးများ ပါရှိသည့် အမွှေးတိုင်အိုး၏ ကိုယ်ထည်ပေါ်တွင် အစိမ်းရောင် အကွက်များ ရှိနေသည်ကို တွေ့ရမည်ဖြစ်ပြီး ထိုအရာသည် နိမ့်ချီမြင့်ချီ ဖြစ်နေသော တောင်တန်းများနှင့် တူလေသည်။

ထိုအဖြူရောင် ဝါဂွမ်းစ အမျှင်လေးများကတော့ ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်တိုက်များနှင့်ပင် တူနေလေတော့သည်။

မူလက ဤအမွှေးတိုင်အိုး၏ တန်ဖိုးမှာ ကုန်ကြမ်းပစ္စည်းပေါ်တွင် ရှိသည်ဟု ထင်မှတ်ခဲ့သော်လည်း အမွှေးတိုင်အိုး ပြုလုပ်သူသည် သဘာဝရှုခင်းကိုပါ ထည့်သွင်း ဖန်တီးထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။

အားချန်သည် ကြည့်လေလေ ပိုနှစ်သက်လေလေ ဖြစ်လာပြီး လက်ကမချချင်အောင်ပင် ဖြစ်နေလေတော့သည်။

သူမသည် အမွှေးတိုင်အိုး အဖုံးကို ဘေးတစ်ဖက်တွင် ချထားလိုက်ပြီး သန့်ရှင်းသော လက်ကိုင်ပဝါဖြင့် အမွှေးတိုင်အိုး၏ အတွင်းနံရံကို သေချာစွာ ပွတ်တိုက်သန့်စင် လိုက်လေသည်။ အတွင်းဘက်ကို ပွတ်တိုက်နေစဉ် ရုတ်တရက် မညီမညာဖြစ်နေသော နေရာတစ်ခုကို စမ်းမိလိုက်ပြီး ထိုအရာသည် တံဆိပ်တစ်ခု ဖြစ်ပုံရလေသည်။

အားချန်သည် ထောင့်ပေါင်းစုံမှ အထဲသို့ ကြည့်ရှုသော်ငြား ထိုအရာသည် မည်သို့သော ပုံသဏ္ဌာန် ဖြစ်သည်ကိုတော့ အတိအကျ မမြင်ရချေ။

တစ်ခါတစ်ရံတွင် စူးစမ်းလိုစိတ် ပြင်းထန်လွန်းခြင်းသည် ကောင်းသောကိစ္စ တစ်ခုတော့ မဟုတ်ပေ။

အတွင်းဘက်ရှိ ပုံသဏ္ဌာန်ကို လေ့လာရန်အတွက် အားချန်သည် ညစာပင် မစားခဲ့ချေ။ မိုးချုပ်သွားသည့် အချိန်ရောက်မှသာ သူမသည် ယွီရှန်းအမွှေးတိုင်အိုးပေါ်မှ အာရုံကို မတတ်သာဘဲ လွှဲလိုက်ရလေတော့သည်။

ဟွေ့ညန် မပါတဲ့ နေ့တွေမှာ ငါ ပေါင်းထားသော မုန့်ကို စားရမလား ဒါမှမဟုတ် သကြားမုန့်ကို စားရမလား။

အားချန်သည် ရွေးချယ်ရ ခက်ခဲနေသည့် အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင် ကြက်ကင်နံ့ကို ရုတ်တရက် ရလိုက်လေသည်။ ထိုအရာသည် သူမ၏ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်သည်မှာ သေချာလေသည်။

အားချန်သည် တံခါးပေါက်ဝဆီသို့ ပျံသန်းသွားသကဲ့သို့ ပြေးသွားပြီး အခန်းတံခါးကို လျင်မြန်စွာ ဖွင့်လိုက်လေသည်။ တံခါးအပြင်ဘက်တွင် ရပ်နေသူသည် တံခါးရွက်ပေါ်သို့ လက်မြှောက်ကာ ခေါက်ရန် ပြင်နေသော်လည်း လက်ပင် မကျလာနိုင်သေးချေ။

လက်တစ်ဖက်တွင် ဆီစိမ်စက္ကူထုပ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ထမင်းချိုင့်ကို ကိုင်ဆောင်ထားသော ပိုင်ရှိုးမင်ကို မြင်လိုက်ရသည်တွင် အားချန်သည် သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ပျားရည်ကဲ့သို့ ချိုမြိန်သော အသံဖြင့် ပြောလိုက်တော့သည်။ "ပိုင်ရှိုးမင်... ရှင့်ကို အရမ်းလွမ်းတာပဲ~"

ပိုင်ရှိုးမင်သည် လက်နှစ်ဖက်ကို အနည်းငယ် ဖွင့်ထားလိုက်ပြီး သူမက သူ့ခါးကို ဖက်ထားကာ ခေါင်းလုံးလုံးလေးဖြင့် သူ့ရင်ဘတ်ကို ပွတ်သပ်နေသည်ကို အလိုက်သင့် ခွင့်ပြုထားလိုက်လေသည်။

"ကိုယ့်ကို လွမ်းတာလား။ ဒါမှမဟုတ် ကိုယ့်လက်ထဲက ကြက်ကင်ကို လွမ်းတာလား" ပိုင်ရှိုးမင်က မေးလိုက်၏။

အားချန်က ရိုးသားစွာပင် "နှစ်ခုလုံး လွမ်းတာ" ဟု ဖြေလိုက်၏။

"ထမင်း မစားရသေးဘူးလား"

"ခုနက အမွှေးတိုင်အိုး တစ်လုံးရထားလို့ အဲဒါကိုပဲ ကိုင်ကြည့်နေတာနဲ့ စားဖို့မေ့သွားတယ်။ ပြီးတော့ ရှင် ရောက်လာတာပဲ။ ကျွန်မတို့က တကယ်ကို စိတ်ချင်းဆက်နေတာပဲနော်" အားချန်က မော့ကြည့်ကာ ချိုသာစွာ ပြုံးပြရင်း ပြောလိုက်လေသည်။

ပိုင်ရှိုးမင်က ခပ်ဖွဖွ ရယ်မောလိုက်ကာ မေးလိုက်၏။ "ခံတွင်းတွေ့နေတယ်ပေါ့။ မင်ကျင့်စီးအစောင့်တွေ လွီမိသားစုဆီ သွားပြီး စစ်ဆေးတာကို သိပြီးပြီလား"

အားချန်သည် နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်ပြီး မေးလိုက်လေသည်။ "ဘာဖြစ်လို့ လွီမိသားစုကို စစ်ဆေးရတာလဲ"

သူမ၏ ပုံစံကို ကြည့်ရသည်မှာ အမှန်တကယ် မသိရှိကြောင်း ထင်ရှားနေသဖြင့် ပိုင်ရှိုးမင်သည် သူမကို ဖက်ကာ အခန်းထဲသို့ ဝင်လာခဲ့လေသည်။ သူမ ဖယောင်းတိုင် မီးညှိနေစဉ်တွင် ထမင်းချိုင့်ထဲမှ ဟင်းပွဲများကို ထုတ်ယူကာ တစ်ခုချင်း စီစီရီရီ ချထားလိုက်ပြီး ဆီစိမ်စက္ကူထုပ်ကို ဖွင့်လိုက်ရာ အတွင်းတွင် ကြက်ကင်တစ်ကောင်လုံး ရှိနေလေသည်။

အားချန်က လွီမိသားစုကို စစ်ဆေးသည့် ကိစ္စနှင့် ပတ်သက်ပြီး ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း ပိုင်ရှိုးမင်က သူမကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး တူကို ကမ်းပေးလိုက်လေသည်။ "အရင်ဆုံး ထမင်းစား"

"ကောင်းပြီလေ"

သူမသည် တူကို ကိုင်လိုက်ပြီး ဟင်းအနည်းငယ်ကို စားလိုက်သော်လည်း ကြက်ကင်ကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး ခဏကြာလျှင် ဘေးတွင်ထိုင်နေသည့် ပိုင်ရှိုးမင်ကို လှမ်းကြည့်လိုက်လေသည်။

ပိုင်ရှိုးမင်၏ လက်ချောင်းများက စားပွဲပေါ်တွင် နှစ်ချက်ခန့် ခေါက်လိုက်သည်တွင် ထိုကြက်ကင်သည် မမြင်ရသော ဓားတစ်ချောင်းဖြင့် လှီးဖြတ်ခံလိုက်ရသကဲ့သို့ စားကောင်းသည့် အတုံးအရွယ်အစားများ အဖြစ် ကွဲထွက်သွားရုံသာမက အရိုးများပါ ဖယ်ရှားပြီးသား ဖြစ်သွားလေသည်။

သူ အသားနွှာပေးပြီးသွားသောအခါ အားချန်က တစ်တုံးယူကာ ပါးစပ်ထဲ ထည့်ဝါးလိုက်ပြီး ကျေနပ်သည့် အမူအရာလေး ဖြစ်ပေါ်လာတော့သည်။ "ဒီကြက်ကင်က တကယ် စားလို့ကောင်းတာပဲ။ ရှင် ဘယ်က ဝယ်လာတာလဲ"

"မင်ဝမ်အိမ်တော်က စားဖိုမှူး လုပ်ပေးထားတာ။ မင်း ကြိုက်တယ်ဆိုရင် နောက်နေ့ကျရင် ကိုယ့်အိမ်တော်ကိုလာခဲ့လေ။ သူ့ကို လုပ်ပေးခိုင်းမယ်"

"မင်ဝမ်အိမ်တော်က စားဖိုမှူး မဟုတ်ဘူးလား"

"အခု အဲဒီစားဖိုမှူးက ကိုယ့်လူဖြစ်သွားပြီ။ လာမှာလား"

"လာမှာပေါ့"

သူမ၏ အဖြေကို ကြားလိုက်ရသောအခါ ပိုင်ရှိုးမင်၏ မျက်ဝန်းများတွင် အပြုံးရိပ်များ သမ်းသွားပြီး ခေါင်းငုံ့ကာ ထမင်းစားနေသည့် သူမကို ကြည့်နေလိုက်လေသည်။

ခုနစ်ဝက်ခန့် ဗိုက်ပြည့်သွားမှ အားချန်သည် တူကိုချလိုက်ပြီး စောစောက ခေါင်းစဉ်ကို ပြန်ကောက်လိုက်လေသည်။ "လွီမိသားစုမှာ ဘာတွေသွားစစ်ဆေးတာလဲဆိုတာ ရှင် မပြောပြရသေးဘူးနော်"

"မင်းက ဘယ်လိုထင်လို့လဲ"

ဒါက ခန့်မှန်းနေစရာ မလိုသည်မှာ ထင်ရှားလေသည်။ အားချန်က သံသယဖြစ်နေသည့် အမူအရာဖြင့် "သူဌေးမလွီလား။ ရှင်လည်း သူ့ဝိညာဉ်ကို တွေ့ဖူးတာပဲ။ သူက ဘာကိစ္စမှ လုပ်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး" ဟု ပြောလိုက်၏။ ယခင်အကြိမ်များနှင့် ယှဉ်လျှင် ယခုတစ်ကြိမ်တွင် သူမသည် အလွန်ပင် ပွင့်လင်းရိုးသားနေလေသည်။

"သူကတော့ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့ခင်ပွန်းဟောင်း ဟုန်လုရုံးတော် ဝန်ကြီး လျိုရှန်းကျယ်က သူ့သေဆုံးမှုကြောင့် တစ်ညတည်းနဲ့ ဆံပင်တွေ ဖြူသွားခဲ့တယ်။ အရှင်မင်းကြီးက ကောလဟလတချို့ ကြားလိုက်ရလို့ ကိုယ့်ကို သွားရောက်စုံစမ်းခိုင်းတာ" ပိုင်ရှိုးမင်က ရှင်းပြလိုက်လေသည်။

အားချန်၏ အာရုံသည် စုံစမ်းစစ်ဆေးမှု ရလဒ်အပေါ်တွင် မရှိဘဲ လျိုရှန်းကျယ် အပေါ်တွင်သာ ရောက်နေတော့သည်။ "တစ်ညတည်းနဲ့ ဆံပင်ဖြူသွားတယ် ဟုတ်လား။ သူ အသက်ဓာတ် စုပ်ယူခံလိုက်ရတာလား" ဟု မေးလိုက်၏။ စကားပြောပြီးသည်နှင့် အရှင်မင်းကြီးက ဘာကြောင့် ပိုင်ရှိုးမင်ကို စုံစမ်းခိုင်းရသလဲ ဆိုသည့် အကြောင်းအရင်းကို သူမ သဘောပေါက်သွားလေသည်။

လျိုရှန်းကျယ်၏ ရောဂါလက္ခဏာများမှာ အမှန်တကယ်ပင် ပုံမှန်မဟုတ် ဖြစ်နေသည်။ "ဒါဆိုရင် သူက ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားရတာလဲ"

အားချန်၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေလေသည်။ သူမဌေးမလွီဘက်တွင် ပြဿနာမရှိကြောင်း သူမ အာမခံရဲသည်။ လျိုရှန်းကျယ် သူမထံသို့လာပြီး သူဌေးမလွီ၏ သတင်းကို လာမေးစဉ်က အရာအားလုံး ပုံမှန်ပင် ဖြစ်နေခဲ့သည်။

"သမားတော်တွေကတော့ ဝမ်းနည်းလွန်းလို့ ဖြစ်သွားတာလို့ ပြောကြတာပဲ"

အားချန်၏ ပါးစပ်အနည်းငယ် ဟသွားပြီး မေးလိုက်လေသည်။ "ဝမ်းနည်းလွန်းလို့ ဟုတ်လား"

သူမအနေဖြင့် ဤအခြေအနေကို သိပ်ပြီး နားမလည်နိုင် ဖြစ်နေမိသည်။ ထိုအရာသည် ပုံပြင်များထဲတွင်သာ ပါရှိသည့် ပိုကဲသော ရေးဖွဲ့ချက်တစ်ခုဟုသာ ထင်မှတ်ထားခဲ့သည်။ "အဲဒီ လျိုလူကြီးမင်းက သူဌေးမလွီအပေါ် အဲဒီလောက်တောင် သံယောဇဉ်ကြီးမားတာလား။ ကျွန်မ အရင်က ဘာလို့ မရိပ်မိခဲ့ပါလိမ့်"

"သူကိုယ်တိုင်တောင် ထင်မှတ်မထားခဲ့ဘူး ဖြစ်လောက်တယ်။" ပိုင်ရှိုးမင်သည် လျိုမိသားစုအကြောင်း စစ်ဆေးခဲ့ဖူးသည်။ လျိုရှန်းကျယ်သည် ရှားရှားပါးပါးပင် အိမ်နောက်ဖေးကိစ္စ ရှင်းလင်းသည့် အမတ်တစ်ဦးဖြစ်ပြီး မျက်နှာထက်ပင် သန့်ရှင်းလေသည်။ ယခုကဲ့သို့ ရာထူးနေရာမျိုး ရရှိထားသော်လည်း သူသည် မယားငယ်ယူမည့်အစား သားစားမွေးစားရန်သာ ရွေးချယ်ခဲ့သည်က သူ့ဇနီးအပေါ်ထားရှိသည့် သံယောဇဉ်ကို သက်သေပြနေလေသည်။ လျိုလူကြီးမင်းသည် ဤရွေးချယ်မှု၏ နောက်ကွယ်တွင် ဘာအဓိပ္ပာယ်ရှိသည်ကို လေးလေးနက်နက် မစဉ်းစားခဲ့ဖူးသော်လည်း သူ၏မသိစိတ်က ဇနီးသည်အပေါ် သစ္စာစောင့်ထိန်းမှုကို ထိန်းသိမ်းထားစေခဲ့သည်။ နှမြောစရာ ကောင်းသည်မှာ သံယောဇဉ်ရေးရာတွင် သစ္စာစောင့်သိရုံနှင့် မလုံလောက်ခြင်းပင်။

အားချန်သည် ကုလားထိုင်ကို ပိုင်ရှိုးမင်၏ ဘေးသို့ ရွှေ့လိုက်ပြီး မေးလိုက်၏။ "ဒါဆိုရင် လျိုလူကြီးမင်းရဲ့ မွေးစားသားကရော ဘယ်လိုနေလဲ။ လျိုလူကြီးမင်းက သူ့အပေါ် အပြစ်တင်စိတ် ရှိလား"

"သိပ်သိချင်နေတာလား"

"ပုံပြင်နားထောင်ရင် အစအဆုံး ရှိရမှာပေါ့" အားချန်က သူ့လက်မောင်းကို တွန်းတိုက်လိုက်ကာ "ရှင် မြန်မြန်ပြောပြ" ဟု ပြောလိုက်၏။

ပိုင်ရှိုးမင်သည် လေသံအေးအေးဖြင့် အားချန်ကို ပုံပြင်၏ နိဂုံးပိုင်းအား ပြောပြလိုက်လေသည်။ "လျိုလူကြီးမင်းက မွေးစားသားကို သူ့ရဲ့မူလအိမ်ကို ပြန်ပို့လိုက်တယ်။ အဲဒီမိသားစုက ညတွင်းချင်းပဲ မြို့တော်ကနေ ပြောင်းရွှေ့သွားကြပြီ။ နောက်ဆိုရင် ပြန်လာဖို့ အခွင့်အရေး ရှိတော့မယ် မထင်ဘူး"

အားချန်သည် ဒီပုံပြင်အပေါ် သိပ်ပြီး ကျေနပ်မှု မရှိလှသော်လည်း စိတ်မကောင်း ဖြစ်မိလေသည်။ ဒီပုံပြင်ထဲက လူတိုင်းက ရှုံးနိမ့်သူတွေချည်း ဖြစ်နေသည်။ "တကယ်လို့ လျိုလူကြီးမင်းကသာ အစကတည်းက သူဌေးမလွီရဲ့ စကားကို ယုံကြည်ပြီးတော့ အဲဒီလူကို စောစောစီးစီး ပို့လိုက်မယ်ဆိုရင် နောက်ပိုင်း အခုလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး"

လျိုရှန်းကျယ်သည် သူ့ဇနီးကို မယုံကြည်ခဲ့သလို သူဌေးမလွီကလည်း လျိုရှန်းကျယ်ကို မယုံကြည်ခဲ့ပေ။ သူတို့နှစ်ဦးသည် ကိုယ်စီ မှန်ကန်သည်ဟု ထင်ရသော လမ်းကို ရွေးချယ်ခဲ့ကြပြီး လမ်းခွဲသွားခဲ့ကြသည်။ အားချန် တွေးမိသည်မှာ သူတို့သည် တစ်ယောက်ကို တစ်ယောက် သဘောကျခဲ့ကြသည်ပင်။ သို့သော် သဘောကျနှစ်သက်ခြင်း ဆိုသည်မှာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်သွားတတ်သည်များလား။

"ပိုင်ရှိုးမင်"

"ဟင်"

"တကယ်လို့ တစ်နေ့နေ့ ကျွန်မတို့ လမ်းခွဲလိုက်ရင်တောင် ရှင်က ကျွန်မကို အရမ်းအရမ်း သဘောကျနေမှ ဖြစ်မယ်နော်။ မဟုတ်ရင် သရဲလုပ်ပြီးတော့တောင် ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

ပိုင်ရှိုးမင်က ရယ်မောလိုက်ကာ မေးလိုက်၏။ "ဒီလောက်တောင် အနိုင်ကျင့်တာလား"

"ဟုတ်တယ်။ ဒီလောက်တောင် အနိုင်ကျင့်မှာ" အားချန်က မိုက်ရူးရဲဆန်သည့် ပုံစံဖြင့် ပြောလိုက်လေသည်။

ပိုင်ရှိုးမင်သည် လက်ကိုမြှောက်ကာ သူမ၏ ပါးပြင်လေးကို ဆွဲလိုက်ပြီး ကတိပေးလိုက်လေသည်။ "ကောင်းပြီ။ ကိုယ်က အားချန်ကို အမြဲတမ်း အရမ်းအရမ်း သဘောကျနေပါ့မယ်"

ထိုအခါမှ အားချန် ကျေနပ်သွားပြီး သူမသည် လက်နှစ်ဖက်ဖြင့် သူ့ပေါင်ကို ထောက်လိုက်ကာ ရှေ့သို့တိုးပြီး ဆုချသည့်အနေဖြင့် သူ့နှုတ်ခမ်းထောင့်ကို နမ်းလိုက်လေသည်။ ပိုင်ရှိုးမင်က ခေါင်းစောင်းလိုက်စဉ်မှာပင် အားချန်သည် ချက်ချင်း သတိကပ်ကာ နောက်သို့ ဆုတ်လိုက်၏။ ပြီးခဲ့သည့် အကြိမ်က နက်ရှိုင်းစွာ ထိတွေ့မှုကို သူမ သိပ်ပြီး ကျေနပ်ဟန် မတူပေ။

သူမ၏ ကိုယ်ကျိုးကြည့်ပြီး တကိုယ်ကောင်းဆန်သည့် အပြုအမူကြောင့် ပိုင်ရှိုးမင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း သူမကို ပြန်ဖမ်းချုပ်မည့် အတွေးကိုတော့ ထိန်းချုပ်လိုက်လေသည်။ ပိုင်ရှိုးမင်၏ မျက်လုံးများက ခြိမ်းခြောက်မှု ရှိနေသည်ကို ခံစားလိုက်ရသဖြင့် အားချန်သည် ကုလားထိုင်ပေါ်တွင် သေချာပြန်ထိုင်ပြီး ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ကာ ရတနာတစ်ခုသဖွယ် ယွီရှန်းအမွှေးတိုင်အိုးကို ပိုင်ရှိုးမင်အား ပြသလိုက်လေသည်။

"ကြည့်ပါဦး။ ဒါက သူဌေးမလွီ ပေးလိုက်တာ"

ပိုင်ရှိုးမင်သည် အမွှေးတိုင်အိုးကို လှမ်းယူလိုက်ပြီး မျက်လွှာချကာ လေ့လာကြည့်ရှုရင်း မေးလိုက်၏။ "ဒါက လွီမိသားစုက ဒီနေ့ လာပို့ပေးတာလား"

"ဟုတ်တယ်" ပြောပြီးသည်နှင့် အားချန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ပြီး ထပ်မံမေးမြန်းလိုက်လေသည်။ "ရှင်က လူလွှတ်ပြီး ကျွန်မကို စောင့်ကြည့်ခိုင်းနေတာလား။ ဒါမှမဟုတ် လွီမိသားစုကို စောင့်ကြည့်ခိုင်းနေတာလား"

"လွီမိသားစု"

"သူတို့မိသားစုမှာ ပြဿနာရှိလို့လား"

"မရှိပါဘူး။ လုပ်ထုံးလုပ်နည်းအရ နောက်ပိုင်း ပြဿနာပေါ်လာမှာ စိုးလို့ပါ" ပိုင်ရှိုးမင်သည် ပြောရင်းဆိုရင်း အမွှေးတိုင်အိုး အဖုံးကိုဖွင့်ကာ အတွင်းသို့ ကြည့်လိုက်လေသည်။

အားချန်လည်း သူ့အနားသို့ တိုးကပ်သွားပြီး အမွှေးတိုင်အိုး အတွင်းနံရံကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဒီမှာ တံဆိပ်တစ်ခု ရှိတယ်။ ဒါပေမဲ့ မသဲကွဲဘူး"

ပိုင်ရှိုးမင်က လက်ဖြင့် စမ်းသပ်ကြည့်လိုက်ပြီး အမွှေးတိုင်အိုးကို မြှောက်လိုက်လေသည်။ အမွှေးတိုင်အိုးအတွင်းတွင် အလင်းရောင်တစ်ချက် ရုတ်တရက် ပေါ်ထွက်လာပြီး ထိုအလင်းရောင်က အမွှေးတိုင်အိုး အတွင်းနံရံကို ထင်ဟပ်စေကာ အမွှေးတိုင်အိုးတစ်ခုလုံး လင်းလက်သွားပြီး အလင်းလုံးလေး တစ်လုံးကဲ့သို့ ဖြစ်သွားလေသည်။ ပိုင်ရှိုးမင်က ဖြည်းညှင်းစွာ လှည့်လိုက်သည်တွင် အားချန်သည် နံရံပေါ်၌ လေးထောင့်ပုံစံ ရှုပ်ထွေးသည့် ပုံသဏ္ဌာန် တစ်ခုကို မြင်တွေ့လိုက်ရ၏။

"ကြည့်ရတာ အမွှေးတိုင်အိုးလုပ်တဲ့ ဆရာရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ မတူဘူးနော်" အားချန်က မရေမရာ ပြောလိုက်လေသည်။ နာမည်ကြီး အမွှေးတိုင်အိုးလုပ်သည့် ဆရာသခင်များက သူတို့၏ လက်ရာများတွင် ကိုယ်ပိုင်တံဆိပ် ရိုက်နှိပ်လေ့ ရှိသည်ဟု ကြားဖူးသော်လည်း သည်အရာကတော့ မိသားစုတစ်ခု၏ တံဆိပ်နှင့် ပိုတူနေလေသည်။

ပိုင်ရှိုးမင်သည် ထိုပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ မက်မွန်ပွင့် မျက်လုံးများ မှေးစင်းသွားပြီး တစ်စုံတစ်ခုကို သတိရသွားပုံ ပေါ်လေသည်။

အားချန်က သူ့ကို စိုက်ကြည့်နေပြီး သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်၏။ "အဲဒီပုံက ဘာလဲဆိုတာ ရှင် သိလို့လား"

"မိသားစုတစ်ခုရဲ့ တံဆိပ်ပဲ" အမွှေးတိုင်အိုးထဲက အလင်းရောင် ပျောက်ကွယ်သွားပြီး အမွှေးတိုင်အိုးကလည်း မူလပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။

ပိုင်ရှိုးမင်သည် မူလက ဒီအမွှေးတိုင်အိုးကို သိပ်ပြီး ဂရုမစိုက်သော်လည်း ယခုအခါတွင်တော့ သေချာစွာ အကဲခတ်နေလေသည်။ ခဏအကြာမှ မေးလာ၏။ "ဒီအမွှေးတိုင်အိုးက ယွီရှန်းကျောက်နဲ့ လုပ်ထားတာလား"

ပိုင်ရှိုးမင်သည် အမွှေးတိုင်အိုးအကြောင်း သိပ်နားမလည်သော်လည်း ကျောက်တုံးများကိုတော့ သူ သိရှိလေသည်။

"ဟုတ်တယ်။ ဒီယွီရှန်းအမွှေးတိုင်အိုးက သူဌေးမလွီ နှစ်မကုန်ခင်က ဝယ်ထားတာ။ သူက နောက်ဆုံးတော့ အမွှေးတိုင်အိုးကို ကျွန်မကို ပေးခဲ့တာ။ လွီမိသားစုကလည်း ပြန်မတောင်းတော့ဘူးလေ"

"အရမ်း တန်ဖိုးရှိလား"

"အရမ်း တန်ဖိုးရှိတယ်" အားချန်က အတည်ပြု ပြောလိုက်လေသည်။

ပိုင်ရှိုးမင်သည် အမွှေးတိုင်အိုးကို စားပွဲပေါ် ပြန်တင်လိုက်ပြီး အမွှေးတိုင်အိုးကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ "ဒီအမွှေးတိုင်အိုးပေါ်က တံဆိပ်က ရှန့်မိသားစုပိုင်တာ။ ရှေးဟောင်း သရဲတစ္ဆေထိန်းချုပ်တဲ့ မိသားစုပဲ"

"အဲဒီမိသားစုကရော"

"လွန်ခဲ့တဲ့ နှစ်၂၀ ကျော်လောက်က တစ်မိသားစုလုံး အသတ်ခံလိုက်ရတယ်။ အကုန်သေကုန်ပြီ"

အားချန်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး မေးလိုက်၏။ "ဘယ်သူလုပ်တာလဲ"

"မသိဘူး"

"ဒါဆို သူတို့မိသားစု ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကရော"

"မေးခွန်းကောင်းပဲ" ပိုင်ရှိုးမင်သည် နောက်သို့ အနည်းငယ် မှီလိုက်ကာ "ရှန့်မိသားစုက သရဲတံခါးပေါ်မှာ တည်ဆောက်ထားတာ။ တစ်မိသားစုလုံး သေဆုံးသွားပြီးတဲ့နောက် သရဲတံခါးကြီး ပွင့်လာပြီး ရှန့်မိသားစု တည်ရှိခဲ့တဲ့ နေရာလည်း မြေပြင်ညှိခံလိုက်ရတယ်။ လူတိုင်းကတော့ ရှန့်မိသားစုရဲ့ အရာအားလုံးက သရဲတံခါးရဲ့ မျိုချခြင်း ခံလိုက်ရပြီလို့ ထင်နေကြတာ။ ဒီအမွှေးတိုင်အိုးက အခုချိန်ထိ သူတို့မိသားစုဆီကနေ ထွက်လာတဲ့ တစ်ခုတည်းသော ပစ္စည်းပဲ"

အားချန်သည် ချက်ချင်း အမွှေးတိုင်အိုးကို ပွေ့ယူလိုက်ပြီး ပိုင်ရှိုးမင်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ "ပိုင်လူကြီးမင်း။ ရှင်သာ ကျွန်မရဲ့ အမွှေးတိုင်အိုးကို အားကိုးပြီး ရာထူးတိုး စီးပွားတက်လာရင် ကျွန်မရဲ့ ကောင်းမှုကို မမေ့နဲ့နော်"

"သဘောတူပါတယ်" ပိုင်ရှိုးမင်က အမွှေးတိုင်အိုးကို လက်ခံလိုက်ပြီး အားချန်ကို ပြောလိုက်လေသည်။ "ဒီရက်ပိုင်း ကိုယ်လူတွေကို ဒီနားတဝိုက်မှာ စောင့်ခိုင်းလိုက်မယ်"

အမွှေးတိုင်အိုး ရောင်းချခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုတော့ လိုအပ်ပေသည်။ အားချန်လည်း မငြင်းဆန်ခဲ့ပေ။ သူမသည် သူမ၏ အသက်ကလေးကို တန်ဖိုးထားသူ ဖြစ်လေသည်။

ကြားထဲတွင် ဤသို့သော အဖြစ်အပျက်များ ပေါ်ပေါက်လာသဖြင့် ပိုင်ရှိုးမင်သည် ကြာကြာမနေတော့ဘဲ ယွီရှန်းအမွှေးတိုင်အိုးကို ကိုင်ဆောင်ကာ အမြန်ထွက်ခွာသွားလေသည်။

သူ ထွက်ခွာသွားပြီးနောက် အားချန်သည် စားပွဲနားတွင် ထိုင်ကာ လက်ချောင်းများဖြင့် လောင်ကျွမ်းနေသော ဖယောင်းတိုင်မီးကို ဖြတ်သန်း ကစားနေသော်လည်း ပူလောင်သည့် ခံစားမှု မရှိခဲ့ချေ။

ဤသို့ ကစားနေရင်း ဘယ်ညာယိမ်းနွဲ့နေသော မီးရောင်အောက်တွင် အားချန်၏ မျက်နှာသည် လင်းတစ်လှည့် မှိန်တစ်လှည့် ဖြစ်နေလေသည်။ ဤလောကကြီးတွင် တိုက်ဆိုင်မှု အများစုသည် မထင်မှတ်ဘဲ ရောက်ရှိလာတတ်လေသည်။

ရှန့်ဆိုသည့် မျိုးရိုးနာမည်သည် ရှားပါးသည် မဟုတ်သော်လည်း ထိုမျှလောက် အတွေ့ရများသည့် နာမည်လည်း မဟုတ်ပေ။

တိုက်တိုက်ဆိုင်ဆိုင် သူမတွင် ပေဟွမ်၌ ရှန့်မျိုးရိုးရှိသည့် မိတ်ဆွေဟောင်း တစ်ဦးရှိလေသည်။

ရက်စွဲများကို တွက်ချက်ကြည့်လိုက်လျှင် ပထမလသည် ကုန်ဆုံးတော့မည် ဖြစ်ပြီး သုံးလပိုင်း သုံးရက်နေ့ ရောက်ရန် တစ်လကျော်သာ လိုတော့သည်။

ဒီနေ့ရက်သည် အလွန်ထူးခြားပြီး အားချန် ကောင်းကောင်း မှတ်မိနေသည်။ ထိုနေ့သည် ပေဟွမ် (ပေဟွမ်) ဝမ်ထိုက်ဖေး(မယ်တော်ကြီး)၏ ဖခင်ဖြစ်သူ မွေးနေ့ပင် ဖြစ်သည်။ ယခုနှစ်သည် တစ်ဖက်လူ၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်လေသည်။

ဆိုလိုသည်မှာ ပေဟွမ်ဝမ်ထိုက်ဖေးသည် မြို့တော်သို့ လာရောက်တော့မည် ဖြစ်ပြီး သူမ၏ ရှန့်မျိုးရိုး မိတ်ဆွေဟောင်းသည်လည်း လိုက်ပါလာနိုင်လေသည်။

ပေဟွမ်မှ ရှန့်ကျင်းမြို့တော်သို့ မိုင်ပေါင်းသောင်းချီ ကွာဝေးလေသည်။ ထိုလမ်းခရီးသည် သွားလာရ အလွန်ခက်ခဲကြမ်းတမ်းကြောင်း အားချန် ကောင်းကောင်း မှတ်မိနေသေးသည်။ သူမသည် ထိုလမ်းခရီးတွင် အမြီးများကို တစ်ချောင်းပြီး တစ်ချောင်း စွန့်လွှတ်ခဲ့ရပြီး နောက်ဆုံးတွင်မှ ရှန့်ကျင်းမြို့တော်သို့ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သူတို့တွေ လမ်းခရီးတလျှောက် ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ မျှော်လင့်မိတာပဲ...

...

All Chapters