← Chapters

အခန်း (၃၃၁၆-၃၃၂၀)

Vol. 169 Ch. 3316-3320

အခန်း (၃၃၁၆-၃၃၂၀)

Vol. 169 Ch. 3316-3320

Chapter 3316

ဝေါင်း...ဝေါင်း...

မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီး တဖြည်းဖြည်း ရင့်မှည့်စပြုလာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ နတ်ဆိုးမှော်သားရဲများ တစတစပို၍ ရုန့်ရင်းကြမ်းတမ်းလာသည်။

လုယွီ၏ခွန်အားသည် အစွမ်းထက်သောနတ်ဆိုးမှော်သားရဲတချို့ကို ဖိနှိပ်ထားနိုင်သော်လည်း ရေမျက်နှာပြင်ပေါ်တွင်ရှိနေသည့် ရင့်မှည့်စပြုနေသော မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကို မြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်လာသည်။

မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးသည် နတ်ဆိုးမှော်သားရဲများအတွက်လည်း အလွန်အရေးပါသောအရာပင်။

သူတို့သည် ထိုသစ်သီးတစ်လုံးကို ဝါးမြိုနိုင်ပါက သူတို့၏လက်ရှိ ပါရမီအရည်အချင်းများ ပြောင်းလဲသွားနိုင်ကာ နောင်တစ်ချိန်တွင် နတ်ဆိုးသားရဲဧကရာဇ်တစ်ကောင်ပင် ဖြစ်လာနိုင်ချေရှိသည်။

ဗွမ်း....

ထိုအချိန်မှာပင် လုယွီ၏ခြေထောက်အောက်ရှိ ရေမျက်နှာပြင်ပေါ်တွင် ပြင်းထန်သောလှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ရေများအတွင်း၌ ကြီးမားသောအနက်ရောင်ပုံရိပ်တစ်ခု ရှိနေလေ၏။နေရောင်ခြည်အောက်တွင် ရောင်စုံအကြေးခွံများ ထွက်ပေါ်လာသည်။

ဝုန်း...

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရေမျက်နှာပြင် ပေါက်ကွဲသွားကာ ကြီးမားသောငါးရောင်ခြယ်စပါးကြီးမြွေတစ်ကောင်သည် ရေအောက်မှတိုးထွက်လာပေ၏။

ထိုမြွေကြီးသည် လုယွီကို အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်လိုပုံပင်။သူသည် ရေထုအတွင်းမှထွက်လာသည်နှင့် လုယွီကိုဝါးမြိုရန်အတွက် သူ၏သွေးနီရောင်ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။

စပါးကြီးမြွေကြီး၏ထက်ရှသောသွားများမှ အေးစက်စက်အလင်းတန်းများ ဖြာထွက်နေကာ အဆိပ်များကပ်ညိနေပုံရသည်။

ရေများဖြာထွက်လာခြင်းနှင့်အတူ မီတာတစ်ရာကျော်ရှည်လျားသော စပါးကြီးမြွေကြီးသည် ရေမျက်နှာပြင်ပေါ်သို့ တိုးထွက်လာသည်။ထိုမြွေကြီး၏ဦးခေါင်းသည် အလွန်ကြီးမားကာ သူ၏မျက်လုံးများသည် အစိမ်းရင့်ရောင်ရှိပေ၏။သူ၏မျက်စိသူငယ်အိမ်များ ကျုံသွားခြင်းနှင့်အတူ အနက်ရောင်အခိုးအငွေ့များက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။

ထိုစပါးကြီးမြွေ၏ပုံပန်းသွင်ပြင်အရ အကဲဖြတ်ကြည့်ပါက တာအိုကိုအောင်မြင်ပြီးမြောက်ထားပုံရသည်။သူသည် အနည်းဆုံး ​မှော်သားရဲဧကရာဇ်တစ်ဝက်အဆင့်တွင် ရှိနေပေမည်။

သူသည် ရေမျက်နှာပြင်အောက်မှ အလစ်အငိုက်ဖမ်း၍ လုယွီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။သူသည် လုယွီ တုံ့ပြန်ရန် အနည်းငယ်မျှပင် အခွင့်အရေးမပေးချေ။

တခြားနတ်ဆိုးမှော်သားရဲများသည် စပါးကြီးမြွေကြီး၏တိုက်ခိုက်မှုကို မြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်တွင် လူသားများပြုံးလိုက်သကဲ့သို့ အမူအယာမျိုး ထွက်ပေါ်လာသည်။

ဤတောအုပ်ကြီးသည် သူတို့နတ်ဆိုးမှော်သားရဲများ၏ကမ္ဘာလောကပင်။မည်သည့်အချိန်မှစ၍ ဤနေရာတွင် လူသားတစ်ယောက် မောက်မာထောင်လွှားနိုင်သော အခွင့်အရေးမျိုး ရရှိသွားသနည်း။

နတ်ဆိုးမှော်သားရဲတစ်ကောင်သည် လုယွီကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်အား မြင်တွေ့ချိန်၌ တခြားနတ်ဆိုးမှော်သားရဲများသည် သူ ကံဆိုးမိုးမှောင်ကျပြီဟုတွေးတောကာ အလွန်ဝမ်းသာပျော်ရွှင်နေကြ၏။

ဘုန်း...

တခြားနတ်ဆိုးမှော်သားရဲများအားလုံး နံဘေးဘက်မှစောင့်ကြည့်နေစဥ်မှာပင် ကျယ်လောင်သောမြည်ဟီးသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုယွီထံတိုးဝင်လာသော စပါးကြီးမြွေကြီး၏ဦးခေါင်း ရုတ်တရက် ပွင့်ထွက်သွားကာ သွေးမြူခိုးများအဖြစ်ပြောင်းလဲပြီး နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။

လုယွီ၏နံဘေးပတ်လည်၌ လေပြင်းတစ်ရပ်တိုက်ခတ်လာကာ သူ၏အနီး၌စုဝေးနေသော သွေးမြူခိုးများကို အဝေးသို့မျောလွင့်သွားစေသည်။

ဝုန်း...

ဦးခေါင်းမရှိတော့သော စပါးကြီးမြွေကြီး၏ခန္ဓာကိုယ်ကြီးသည် အချိန်တခဏခန့် လှုပ်ယမ်းနေပြီးနောက် အစွမ်းအစမဲ့စွာဖြင့် ရေထုအတွင်းသို့ ပြုတ်ကျသွားလေ၏။

နံဘေးဘက်မှစောင့်ကြည့်နေသော နတ်ဆိုးမှော်သားရဲများသည် သူတို့နှစ်ယောက် မည်ကဲ့သို့တိုက်ခိုက်ခဲ့သည်ကို မမြင်လိုက်ရသော်လည်း စပါးကြီးမြွေကြီး သေဆုံးသွားခြင်းကိုမူ သူတို့အားလုံး မြင်တွေ့မိသည်။

အရာအားလုံးသည် အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားလေပြီ။

လုယွီက လက်ခုပ်တစ်ချက်တီး၍ တည်ငြိမ်စွာပြောဆိုသည်။

"ငါက မင်းတို့ကို သတ်ဖို့ရည်ရွယ်မထားဘူး...ဒါကြောင့် မင်းတို့ ငါ့ကို ရန်လာမစနဲ့...မင်းတို့ကောင်တွေအတွက် သစ်သီးတစ်လုံး ချန်ထားတာကပဲ ငါ အရမ်းညှာတာလွန်းရာကျနေပြီ"

မိုးကောင်းကင်ရတနာတစ်ခု ထွက်ပေါ်လာချိန်တိုင်း ဤကဲ့သို့လုယက်မှုမျိုး ဖြစ်ပွားလေ့ရှိသည်။

အကယ်၍ သူ ဤနေရာသို့ ရောက်မလာခဲ့ပါက ထိုနတ်ဆိုးသားရဲများသည် သေခြင်းရှင်ခြင်းတိုက်ပွဲကို ပြင်းပြင်းထန်ထန် ဆင်နွှဲကြပေမည်။

တခြားနတ်ဆိုးမှော်သားရဲများကိုမူ သူ၏သိုင်းပညာသူတော်စင် အရှိန်အဝါကိုထုတ်လွှတ်၍ ခြိမ်းခြောက်ထားခဲ့သည်။သို့ရာတွင် ဤစပါးမြွေကြီးသည် လုယွီကို အလစ်အငိုက်ဖမ်း၍တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့လေ၏။ဤသည်က ထိုစပါးကြီးမြွေသည် သေလမ်းလာရှာခြင်းပင်။လုယွီထံတွင် သနားညှာတာမှု မရှိခဲ့သည့်အတွက် သူ အပြစ်တင်နိုင်မည်မဟုတ်ချေ။

အမှန်အားဖြင့် ထိုစပါးကြီးမြွေကြီးသည် မှားယွင်းသောပြိုင်ဘက်ကို ရွေးချယ်ခဲ့မိခြင်းသာဖြစ်သည်။

ထိုစပါးကြီးမြွေကြီး၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သော်လည်း လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို ကျော်လွှားနိုင်ခဲ့ခြင်းမရှိချေ။

အကယ်၍ စပါးကြီးမြွေ၏ထက်ရှသောသွားများသည် လုယွီ၏ခန္ဓာကိုယ်အရေပြားကို ထိုးဖောက်မိလျှင်ပင် လုယွီသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံပြီးလေပြီ။သူသည် အဆိပ်များအားလုံးကို ပျက်ပြယ်စေနိုင်ကာ ရေနှင့်မီးကြောင့် ထိခိုက်ဒဏ်ရာ မရရှိနိုင်ချေ။ထို့ကြောင့် စပါးကြီးမြွေ၏တိုက်ခိုက်မှုကို ခံယူရသည့်တိုင် သူ အနည်းငယ်မျှပင် ထိခိုက်နာကျင်ခြင်းမရှိပေ။

လုယွီ၏ကျင့်ကြံဆင့်သည် နတ်ဆိုးမှော်သားရဲဧကရာဇ်တစ်ဝက်အဆင့် စပါးကြီးမြွေတစ်ကောင် လှုပ်ခတ်နိုင်စွမ်းရှိသည့် အရာမျိုးမဟုတ်ချေ။

အစောပိုင်းက စပါးကြီးမြွေကြီးသည် အခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီထံ ခုန်ဝင်လာခဲ့သည်။လုယွီသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ထံတိုးဝင်လာသော စပါးကြီးမြွေ၏ခေါင်းကို ထိုးနှက်လိုက်ကာ သွေးမြူများအဖြစ် ပေါက်ကွဲသွားစေသည်။

"ငါ မီးတောက်တိမ်တိုက်သစ်သီးတစ်လုံးကို ယူသွားမယ်...တကယ်လို့ မင်းတို့ လက်ခံဖို့ဆန္ဒမရှိဘူးဆိုရင် ရှေ့ကိုထွက်လာနိုင်တယ်"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

Chapter 3317

ပတ်ဝန်းကျင်ရှိ နတ်ဆိုးမှော်သားရဲများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့အနက်မှမည်သူမျှ အသံမထွက်ဝံ့ချေ။

ရေအောက်ရှိစပါးကြီးမြွေကြီးသည် ဤတောနက်ကြီးအတွင်းတွင် အစွမ်းထက်တည်ရှိမှုကြီးတစ်ခုဟု ယူဆနိုင်သည်။သို့ရာတွင် လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် ထိုစပါးကြီးမြွေကြီးကို သတ်ဖြတ်လိုက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

သူတို့သည် နတ်ဆိုးမှော်သားရဲများဖြစ်သော်လည်း ဥာဏ်ရည်ဥာဏ်သွေးကို ပိုင်ဆိုင်ထားကာ ရူးသွပ်မိုက်မဲသူများမဟုတ်ချေ။အကယ်၍ သူတို့သည် လုယွီကို ရန်စမိပါက နောက်ဆက်တွဲရလဒ်သည် ထိုစပါးကြီးမြွေကြီးနှင့် တူညီမည်ဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာသိရှိထားသည်။

အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ထိုနတ်ဆိုးမှော်သားရဲများသည် တိတ်ဆိတ်နေရန်ကိုသာ ရွေးချယ်လိုက်ကြ၏။

နတ်ဆိုးမှော်သားရဲများထံမှ မည်သည့်တုံ့ပြန်မှုမျှမရှိသည်ကိုကြည့်ပြီး လုယွီသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်း မပြုတော့ချေ။သူသည် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးနှစ်လုံးအနက်မှ တစ်လုံးကိုခူးဆွတ်ကာ သူ၏အင်္ကျီလက်ကြားသို့ ထည့်သွင်းလိုက်သည်။

"ဒီမီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကနေ ငါက ဆေးစွမ်းအားတွေ အများကြီးရနိုင်တယ်...ငါက ဒီသစ်သီးကိုအသုံးပြုပြီးတော့ မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်"

လုယွီသည် အလွန်ပျော်ရွှင်သွားကာ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကို သိုလှောင်အိတ်အတွင်း၌ သိမ်းဆည်းလိုက်၏။

ဤသည်က မျှော်လင့်မထားမိသော ကံကြမ္မာကောင်းကြီးတစ်ခုပင်။

"အခုက ရှီးလျန်မြို့ကိုတစ်ချက်သွားကြည့်ဖို့ အချိန်ကျပြီ"

လုယွီက ဤနေရာ၏အဝေးသို့ ပျံသန်းခဲ့တော့သည်။

နတ်ဆိုးမှော်သားရဲများ ဤနေရာ၌စုဝေးနေကြခြင်းမှာ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးအတွက် တိုက်ခိုက်ရန်ပင်။သစ်သီးနှစ်လုံးအနက်မှတစ်လုံးသည် လုယွီ၏လက်အတွင်းသို့ ကျရောက်သွားပြီဖြစ်သဖြင့် ကျန်သစ်သီးတစ်လုံးအတွက် နတ်ဆိုးမှော်သားရဲများအားလုံး တိုက်ခိုက်ရပေမည်။

လုယွီသည် သူ၏နောက်တွင် နတ်ဆိုးမှော်သားရဲများ ဟိန်းဟောက်နေသည်ကိုကြားချိန်၌ ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

....

စွန့်ပစ်တောင်တန်းများ၏တခြားတစ်ဖက်တွင်...

လူငယ်အမျိုးသား အမျိုးသမီးဆယ်ယောက်ကျော်သည် သူတို့၏မှော်လက်နက်များကိုစီးနင်းကာ ပျံသန်းနေကြသည်။

ထိုလူငယ်များအားလုံးသည် ခမ်းနားထည်ဝါသောဝတ်စုံများကိုဝတ်ဆင်ထားကာ သူတို့ စီးနင်းနေသော မှော်လက်နက်များမှလည်း တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။ထိုမှော်လက်နက်များသည် အရည်အသွေးကောင်းမွန်သောအရာများဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ဤကဲ့သို့ အဝတ်အစားများနှင့်အဆင့်မြင့်မှော်လက်နက်များ ပိုင်ဆိုင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်များသည် ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသော သခင်လေး သခင်မလေးများဖြစ်သည်ကို မည်သူမဆို သိရှိနိုင်ပေမည်။

ထိုလူစုကိုဦးဆောင်လာသူသည် အသက်နှစ်ဆယ်ခန့်ရှိသော လူငယ်တစ်ယောက်ဖြစ်ကာ သူ၏မျက်နှာပေါ်တွင် ရိုင်းပျပြီး မောက်မာဝံ့ကြွားသောအမူအယာမျိုးရှိနေသည်။သူ၏ခြေထောက်အောက်ရှိ ဓားပျံမှနေ၍ အပြာရောင်ဓားချီများ ဖြာထွက်နေကာ လေထုအတွင်း၌ရှေ့နောက်မျောလွင့်နေပြီး ကြည့်ရသည်မှာ အလွန်ကြီးကျယ်ခမ်းနားသည်။

"သခင်လေးဝမ်ရဲ့မှော်စွမ်းအားတွေက ပိုပြီးနက်နဲသိမ်မွေ့လာပြီ...ငါ အာရုံခံလို့တောင်မှ မရတော့ဘူး"

"အမှန်ပဲ...အတိတ်မှာဆိုရင် သခင်လေးဝမ်က ငါတို့ရှီးချန်မြို့ရဲ့ လူငယ်မျိုးဆက်သစ်တွေအကြားမှာ အင်အားအကောင်းဆုံးပဲ....အခုချိန်မှာ သခင်လေးဝမ်က တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့တယ်...အခုချိန်၌ သခင်လေးဝမ်နဲ့ယှဥ်ပြိုင်နိုင်တဲ့ လူငယ်မျိုးဆက်သစ်ဆိုလို့ အနည်းစုပဲရှိမယ်....အရင်မျိုးဆက်က ကျင့်ကြံသူတချို့တောင် သခင်လေးဝမ်နဲ့တိုက်ကွက်နည်းနည်းလောက် ဖလှယ်နိုင်ရုံပဲရှိတယ်"

ပတ်ဝန်းကျင်ရှိလူငယ်များအားလုံးသည် ခေါင်းဆောင်လူငယ်ကို ချီးမွမ်းပြောဆိုနေကြသည်။

ပတ်ဝန်းကျင်ရှိလူများ၏ ချီးမွမ်းသံများကိုကြားချိန်တွင် ခေါင်းဆောင်လူငယ်၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

သူက အထင်အမြင်သေးသောအပြုံးနှင့် ပြောဆိုလေ၏။

"ငါက သာမာန်ထက်ပိုပြီးတော့ နည်းနည်းလောက်ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရုံပဲရှိတာ...တကယ်လို့ မင်းတို့တွေအားလုံး ပြင်းပြင်းထန်ထန် ကြိုးစားကြမယ်ဆိုရင် ငါ့လိုအောင်မြင်မှုမျိုး ရလာမှာပဲ"

သူ၏နံဘေးတွင်ရှိသော တစ်စုံတစ်ယောက်က ချက်ချင်းတုံ့ပြန်ပြောဆိုသည်။

"တကယ်လို့ ငါတို့က အဆတစ်ရာလောက်ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားရင်တောင် သခင်လေးဝမ်လိုမျိုး ထူးချွန်လာမှာမဟုတ်ဘူး...သခင်လေးဝမ်က လောကကြီးထဲကိုဆင်းသက်လာတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ အရမ်းကောင်းမွန်တဲ့အရည်အချင်းရှိတယ်...ငါတို့နဲ့နှိုင်းယှဥ်ရင် သခင်လေးဝမ်က အရမ်းထူးချွန်တဲ့သူပါ...ငါတို့အားလုံး ဘယ်နည်းနဲ့မှ လိုက်မှီမှာမဟုတ်ဘူး"

သူ၏စကားလုံးများအတွင်း၌ ချီးမွမ်းမြှောက်ပင့်မှုများဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ရှိတခြားလူငယ်များကလည်း သဘောတူညီကြောင်း သံယောင်လိုက်၍ ပြောဆိုလိုက်ကြ၏။သူတို့အားလုံး ထိုလူငယ်ကို မြှောက်ပင့်ပြောဆိုနေကြသည်။

လူငယ်က ပြုံးလိုက်ကာ ထိုချီးမွမ်းမြှောက်ပင့်မှုများအားလုံးကို စိတ်ကျေနပ်စွာဖြင့် ခံယူလိုက်သည်။

တခြားလူငယ်များ၏နောက်ခံအင်အားသည် နိမ့်ပါးခြင်းမရှိသော်လည်း သူ၏အဆင့်အတန်းနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။

ရှီးလျန်မြို့အတွင်းတွင် အခွင့်အာဏာအရှိဆုံးလူသည် စစ်တပ်အင်အားကိုထိန်းချုပ်ထားသော လက်ဝဲစစ်တပ်၏တပ်မှူးပင်။

ဒုတယနေရာတွင် ရှီးလျန်ကြယ်နယ်မြေသခင်ရှိနေသည်။

အဆင့်မြင့်ကြယ်နယ်မြေများတွင်သာ ကြယ်တာရာအိမ်တော်ရှိသည်။ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင် လုယွီ ကြုံတွေ့ခဲ့ရသော မိုးကောင်းကင်မီးတောက်ကုန်းမြေကဲ့သို့ အဆင့်နိမ့်ကြယ်နယ်မြေများတွင် အုပ်ချုပ်ရေးရုံးတော်သာရှိနေပေ၏။

Chapter 3318

ရှီးလျန်ကြယ်နယ်မြေသည် ဘေးဘက်လေးတန်လုံး၌ စည်ကားသိုက်မြိုက်ဆုံးကြယ်နယ်မြေပင်။

ဤနေရာသည် မြေပြင်အနေအထားအရ အချက်အချာကျကာ စစ်ရေးနှင့်စီးပွားရေးအင်အား တောင့်တင်းသည်။ထို့ကြောင့် ရှီးလျန်ကြယ်နယ်မြေသခင်သည် တခြားကြယ်နယ်မြေသခင်များထက် ပို၍အစွမ်းထက်သည်။

ဤလူငယ်၏နာမည်သည် ဝမ်ခန်းပင်။သူ၏ဖခင်သည် ရှီးလျန့်ကြယ်နယ်မြေသခင် ဝမ်မူကျီးဖြစ်ပေ၏။

ဝမ်မူကျီးသည် ကျောင်းတော်သားအသိုင်းအဝိုင်းမှ ထွက်ပေါ်လာသူမဟုတ်ချေ။သူ ကြယ်နယ်မြေသခင် ဖြစ်လာခဲ့ခြင်းမှာ သူ၏ကိုယ်ပိုင်ခွန်အားကောင်းမွန်မှုနှင့်ထူးချွန်းသောစစ်ရေးအောင်မြင်မှုများ ရရှိခဲ့ခြင်းတို့ကြောင့်ပင်။

တာယွီတော်ဝင်နန်းတွင်းမှနေ၍ ဝမ်မူကျီးသည် အစစ်အမှန်အရာရှိရာထူးကို ရယူလိုခဲ့သည်။တစ်စုံတစ်ယောက်သည် တော်ဝင်စာမေးပွဲ၌ အဆင့်မြင့်ကျောင်းတော်သား ဖြစ်လာခဲ့သည့်ကိစ္စအပြင် စစ်ရေးအောင်မြင်မှုများကို စုဆောင်းခြင်းမှလည်း အစစ်အမှန်အရာရှိတစ်ယောက် ဖြစ်လာနိုင်သည်။

ဤသည်က အလွန်ခက်ခဲသောလမ်းကြောင်းပင်။ကျင့်ကြံသူအများစုသည် တော်ဝင်စာမေးပွဲ၌ဝင်ရောက်ဖြေဆိုရန် သူတို့၏အသက်များကြီးသွားသဖြင့် ရွေးချယ်စရာမရှိတော့လေရာ နောက်ဆုံး၌ ဤလမ်းကြောင်းကိုသာ ရွေးချယ်ရသည်။

ကောင်းကင်ဘုံနယ်မြေသည် အလွန်ကျယ်ဝန်းသဖြင့် ပါရမီရှင်အမြောက်အများရှိသည်။နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတွင်းမှနေ၍ သောင်းနှင့်ချီသောစစ်ဗိုလ်ချုပ်များကို ရာထူးခန့်အပ်ခဲ့သည်။ဤကဲ့သို့လူပင်လယ်ကြီးအကြားမှနေ၍ ရာထူးတိုးနိုင်ရန်မှာ အပြောလွယ်သလောက် အလုပ်ခက်ပေမည်။

အတိတ်တွင် ဝမ်မူကျီးသည် ကြီးမားသောစစ်ရေးအောင်မြင်မှု ရရှိခဲ့သောအကြောင်းအရင်းမှာ ပုန်ကန်မှုကြီးတစ်ခုကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့သောကြောင့်ပင်။တစ်ချိန်တည်းမှာပင် သူသည် သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူ အစွမ်းထက်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့ကာ စစ်တပ်အတွင်း၌ပုန်းအောင်းနေသော နတ်ဆိုးတစ်ကောင်ကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ထိုကဲ့သို့ မြောက်မြားစွာသော စစ်ရေးအောင်မြင်မှုများကိုမှီခို၍ သူသည် ယနေ့ကဲ့သို့အဆင့်မျိုးထိ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

ရှီးလျန်ကြယ်နယ်မြေသခင်ဖြစ်လာရန်အတွက် ဝမ်မူကျီးသည် သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့်သာ ကြိုးစားခဲ့လေ၏။

ရှီးလျန့်ကြယ်နယ်မြေသခင်ဖြစ်လာပြီးနောက် ဝမ်မူကျီးသည် ဤနေရာ၌ အခိုင်အမာရပ်တည်နိုင်ခဲ့သည်။

လက်ဝဲစစ်တပ်၏ ယခင်တပ်မှူးများဖြစ်သော မဟာစစ်ဗိုလ်ချုပ်များသည် တာဝန်ကျပြီးနောက် ပြန်လည်ထွက်ခွာသွားကြသော်လည်း ဝမ်မူကျီးသည် ရှီးလျန်ကြယ်နယ်မြေပေါ်၌ နေရာယူထားနိုင်ဆဲပင်။

ထိုနောက်ခံအင်အားကြောင့် ဝမ်ခန်း၏အနီးသို့ ချဥ်းကပ်လိုသော လူအမြောက်အများရှိနေသည်။

တခြားအကြောင်းပြချက်မရှိလျှင်ပင် သူတို့သည် ဝမ်ခန်းနှင့်ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ပါက ဝမ်မိသားစု၏နောက်ခံအင်အားကိုအမှီပြု၍ သူတို့၏မိသားစုများသည်လည်း ရှီးလျန်ကြယ်နယ်မြေပေါ်၌ အဆင့်အတန်းမြင့်တက်လာနိုင်သည်။

ထိုအဆင့်အတန်းရှိနေခြင်းကြောင့် ဝမ်ခန်းသည် မည်သည့်နေရာတွင်မဆို အတောက်ပဆုံးလူဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ကျားတစ်ကောင်ကဲ့သို့အဖေမျိုးထံတွင် ခွေးနှင့်တူသောသားမျိုးမရှိချေ။ဝမ်ခန်းထံတွင်လည်း မောက်မာဝံ့ကြွားနိုင်သောအရည်အချင်းမျိုးရှိနေပေ၏။

ရှီးလျန်မြို့အတွင်းတွင် လူငယ်ပါရမီရှင် အမြောက်အများရှိသည်။ဤသခင်လေးဝမ်ခန်းသည် ပါရမီရှင်စာရင်း၏ထိပ်သီးဆယ်ယောက်အတွင်းသို့ ဝင်နိုင်ခဲ့သည်။

ဤသည်က သာလွန်ထူးကဲသော ရလဒ်ပင်။ရှီးလျန်မြို့အတွင်း၌ ဝမ်ခန်း၏ပါရမီအရည်အချင်းကို မနာလိုအားကျနေသော လူငယ်အမြောက်အများရှိသည်။

သူသည် ငယ်ရွယ်စဥ်ကတည်းက ကြီးကျယ်ခမ်းနားသောဘဝနှင့် နေထိုင်ခဲ့ရသည်။သူသည် မရေမတွက်နိုင်သော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိခဲ့ရုံသာမက ကျင့်ကြံနည်းစနစ်များကိုလည်း ကျင့်ကြံနိုင်ခဲ့ပေ၏။

ထိုအကြောင်းအရင်းကြောင့် ဝမ်ခန်းသည် သူနှင့်သက်တူရွယ်တူများထက် သာလွန်သောခွန်အားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။သူသည် သူ့ထက်အဆင့်တစ်ဆင့် မြင့်မားသော ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်သည်။ရှီးလျန်မြို့အတွင်း၌ အတွေ့အကြုံရင့်ကျက်သော ကျင့်ကြံသူတချို့ပင်လျှင် သူ့ကို မယှဥ်ပြိုင်နိုင်ခဲ့ချေ။

လွန်ခဲ့သောတစ်နှစ်ခန့်တွင် ဝမ်ခန်းသည် ရှီးလျန်မြို့အတွင်းရှိ လူငယ်ပါရမီရှင်များအားလုံးကို အနိုင်ယူပြီးနောက် တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ခဲ့လေ၏။

ဤတစ်နှစ်တာအချိန်အတွင်းတွင် ဝမ်ခန်း မည်ကဲ့သို့ကျင့်ကြံနေသည်ကို မည်သူမျှမသိနိုင်ချေ။အတိုချုပ်ပြောရလျှင် တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အသစ်တဖန်​မွေးဖွားလာသကဲ့သို့ ပြောင်းလဲသွားလေပြီ။သူ၏ခွန်အားသည် ယခင်ထက်အဆများစွာ မြင့်တက်လာကာ ပို၍နက်နဲသိမ်မွေ့လာသည်။

ဤအချိန်အခိုက်အတန့်တွင် ဝမ်ခန်းသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ၏နံဘေးတွင် ချမ်းသာကြွယ်ဝသောမိသားစုများမှ လူငယ်သခင်လေး သခင်မလေးများ ဝိုင်းရံနေတော့သည်။

ဤလူငယ်များသည် အဆက်အသွယ်ကောင်းရှိခြင်း၏အရေးပါပုံကို ကောင်းစွာသိရှိထားပေ၏။ထို့ကြောင့် သူတို့သည် ဝမ်ခန်း၏စိတ်အာရုံကိုဆွဲဆောင်နိုင်ရန်အလို့ငှာ သူ့ထံသို့ အပြေးရောက်လာကြခြင်းဖြစ်သည်။

"သခင်လေးဝမ်...မိန်းကလေးနဥ်ရဲ့လူတွေ ရှေ့မှာရှိနေတယ်...သူတို့ပေးပို့တဲ့ အချက်ပေးသင်္ကေတကို ငါ မြင်မိတယ်"

ရုတ်တရက် လူငယ်တစ်ယောက်က ဝမ်ခန်း၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလေသည်။

ဝမ်ခန်း၏မျက်လုံးများ တောက်ပသွားကာ သူက အပြုံးနှင့်ပြောဆိုသည်။

"သွားကြစို့"

တခြားလူငယ်များသည် ဝမ်ခန်း၏နောက်မှ အလျှင်အမြန် လိုက်ပါသွားလေ၏။

သူတို့အားလုံး ဤခရီးစဥ်ထွက်လာရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဝမ်ခန်း အမဲလိုက်ရာ၌အဖော်များအဖြစ်ပင်။

သို့ရာတွင် အမဲလိုက်ခြင်းသည် ဆင်ခြေသက်သက်ဖြစ်ကြောင်း သူတို့အားလုံး သိရှိထားကြသည်။

ကြယ်နယ်မြေသခင်၏သားဖြစ်သော ဝမ်ခန်း၏နံဘေးတွင် မိန်းမလှလေးများ အမြောက်အများရှိသည်။သူသည် တခြားမိန်းကလေးများကို အထင်အမြင်သေးသော်လည်း မိန်းကလေးနဥ်ကိုမူ သူ ဆွဲဆောင်နိုင်ရန် အစဥ်အမြဲ အင်အားစိုက်ထုတ်၍ ကြိုးပမ်းနေခဲ့သည်။

ဝမ်ခန်းသည် မိန်းကလေးနဥ်ကို ချစ်မြတ်နိုးနေကြောင်း အပြင်လူများလည်း သိရှိထားကြ၏။ထို့ကြောင့် သူတို့သည် ဝမ်ခန်း၏အကြိုက်ကိုလိုက်၍ မိန်းကလေးနဥ်ကို အာရုံစူးစိုက်နေခဲ့ကြသည်။

Chapter 3319

မိန်းကလေးနဥ်၏နာမည်သည် နဥ်အမ်ထုံဖြစ်ကာ သူမသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ လူဆိုးထိန်းတစ်ယောက်ဖြစ်သည်။

သူမ မွေးဖွားလာခဲ့သော နဥ်မိသားစုသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၌ မျိုးရိုးစဥ်ဆက် တာဝန်ထမ်းဆောင်လာသူများပင်။နဥ်အမ်ထုံ၏ဖခင် နဥ်ကျင်းလုံသည်လည်း ရှီးလျန်ရုံးတော်၏အတော်ဆုံးလူဆိုးထိန်းတစ်ယောက် ဖြစ်ပေ၏။

ကျင့်ကြံခြင်းတိုင်းပြည်များတွင် စည်းမျဥ်းဥပဒေကိုချိုးဖောက်သူများနှင့် စည်းလွတ်ဝါးလွတ်ပြုမူဆောင်ရွက်သူများ ရှိနေသည်။ထိုကဲ့သို့ လူများထွက်ပေါ်လာချိန်တွင် သူတို့ကိုဖမ်းဆီးအရေးယူရန် လိုအပ်သည်။

သေမျိုးနိုင်ငံများနှင့်မတူညီသည်မှာ တာယွီအင်ပါယာတွင် လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်သူများသည် တရားဝင်အရာရှိရာထူးကိုရရှိသည်။သူတို့သည် တာယွီ၏ကံကြမ္မာစွမ်းအားကို ခံယူနိုင်သည့်အပြင် လူအများစုကလည်း သူတို့ကို ထိတ်လန့်ကြောက်ရွံကြသည်။

သို့ရာတွင် မည်သူမဆို လူဆိုးထိန်းဖြစ်မလာနိုင်ချေ။တာယွီအင်ပါယာ၏လူဆိုးထိန်းဖြစ်လိုသော တစ်စုံတစ်ယောက်ထံတွင် အတိုင်းအတာတစ်ခုထိ ခွန်အားရှိနေရမည့်အပြင် အံ့အားသင့်ဖွယ်ကောင်းသောအမြင်ရှိနေရန်လည်း လိုအပ်သည်။သို့မှသာလျှင် သူတို့သည် ရှုပ်ထွေးသောကိစ္စရပ်များအတွင်းမှ သဲလွန်စများရှာဖွေနိုင်ပေမည်။

တရားစီရင်ရေးဌာနကြီးသုံးခုနှင့် နယ်မြေခံအုပ်ချုပ်ရေးရုံးတော်များတွင် လူဆိုးထိန်းများရှိသည်။မည်သည့်အချိန်တွင် အမှုအခင်းတစ်ခု ဖြစ်ပွားသည်ဖြစ်စေ လူဆိုးထိန်းတစ်ယောက် ရောက်ရှိလာပေမည်။

"မိန်းကလေးနဥ်က ဒီနေရာမှာရှိနေတာပဲ"

ဝမ်ခန်းတို့လူစုသည် အဝေးမှနေ၍ တောင်တစ်လုံးပေါ်တွင် မတ်တတ်ရပ်နေသော မိန်းကလေးတစ်ယောက်ကို တွေ့မြင်မိလေ၏။

ထိုမိန်းကလေးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏ဆံပင်များကို မြင်းမြှီးပုံခပ်မြင့်မြင့်စည်းထားကာ နောက်ကျောတွင်ချထားသည်။သူမ၏ခါးတွင် ဆေဘာဓားရှည်တစ်လက်ကို ချိတ်ဆွဲထားလေ၏။သူမကို ကြည့်ရသည်မှာ တက်ကြွဖျတ်ပုံရပြီး သူမ၏မျက်လုံးတစ်စုံသည် စူးရှတောက်ပနေသည်။

အထူးသဖြင့် သူမ၏ဓားသဏ္ဍာန်တွန့်ကွေးနေသော မျက်ခုံးတစ်စုံသည် သူမကိုတစ်ချက်ကြည့်ရုံဖြင့် သူရဲကောင်းဆန်သည်ဟူသော ခံစားချက်မျိုး လူအများကို ပေးစွမ်းနိုင်သည်။

သူမသည် နဥ်အမ်ထုံပင်။

"သခင်လေးဝမ်...ကျွန်မကို ဘာလို့ ဒီနေရာဆီဖိတ်ခေါ်လိုက်တာလဲ..ကျွန်မ ဒီနေ့ အလုပ်ရှုပ်နေတယ်....သခင်လေးဝမ် အမဲလိုက်တာကို ကျွန်မ ကူညီပေးနိုင်မှာမဟုတ်ဘူး"

နဥ်အမ်ထုံသည် ဝမ်ခန်းတို့လူစု၏အဝတ်အစားများကို တစ်ချက်ကြည့်ကာ သူတို့အားလုံး မည်သည့်ကိစ္စဆောင်ရွက်ရန် ရောက်လာသည်ကို သိရှိသွားပေ၏။

အထူးသဖြင့် ချမ်းသာကြွယ်ဝသောမိသားစုများမှလူငယ်များသည် ပျင်းရိငြီးငွေ့သည့်အချိန်မျိုးတွင် ရှီးလျန်မြို့၏ပြင်ပသို့ထွက်၍ အမဲလိုက်လေ့ရှိသည်။

ဝမ်ခန်းက အပြုံးနှင့်ပြောဆိုသည်။

"ထုံအာ အရမ်းစိတ်မလှုပ်ရှားပါနဲ့...မင်းက ခုလတ်တလောအချိန်မှာ ဖြတ်သွားဖြတ်လာတွေကို နတ်ဆိုးမှော်သားရဲတွေ တိုက်ခိုက်နေတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ဒီနေရာကိုလာမယ်လို့ ငါ ကြားထားတယ်...တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါတို့ကလည်း နတ်ဆိုးမှော်သားရဲတွေကိုအမဲလိုက်ဖို့ တောနက်ထဲကို ဝင်မလို့ပဲ...ငါက အဲ့ဒီနတ်ဆိုးမှော်သားရဲတွေနဲ့ပတ်သတ်တဲ့ သဲလွန်စတချို့ မင်းကို ကူရှာပေးမယ်လေ"

နဥ်အမ်ထုံ၏မျက်နှာပေါ်တွင် နောက်ဆုံး၌ စိတ်သက်သာရာရသွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ယခုလက်တလောအချိန်တွင် သူမသည် အမှုအခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းနေရပြီး နတ်ဆိုးမှော်သားရဲတောအုပ်၏အတွင်းပိုင်းသို့ဝင်ရောက်ရန် လိုအပ်ပေ၏။

သို့ရာတွင် ဤနတ်ဆိုးမှော်သားရဲတောအုပ်သည် ရှီးလျန်မြို့၌ တားမြစ်နယ်မြေတစ်ခုပင်။နတ်ဆိုးမှော်သားရဲဘုရင် မည်မျှထိများများ ဤတောအုပ်အတွင်းတွင် ခိုအောင်းနေသည်ကို မည်သူမျှမသိရှိနိုင်ချေ။ဤနေရာတွင် နတ်ဆိုးမှော်သားရဲဧကရာဇ်များပင် ရှိနေနိုင်သည်။

အကယ်၍ ကုန်သည်တချို့သည် ဤတောအုပ်ကိုဖြတ်သန်းလိုပါက အစောင့်အရှောက်များ ငှားရမ်းရသည်။

ရှီးလျန်ကြယ်နယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။ရှီးလျန်မြို့နှင့်တခြားမြို့များအပြင် ကျယ်ပြန့်သောတောတောင်ရိုင်းများလည်းရှိနေသည်။

နဥ်အမ်ထုံ၏ခွန်အားသည် မဆိုးလှသော်လည်း သူမနှင့်အတူလိုက်ပါလာသူများကို ကာကွယ်ပေးနိုင်သော အရည်အချင်းမရှိချေ။သူမတစ်ယောက်တည်း ဤတောအုပ်အတွင်းသို့ ဝင်ရောက်ပါကလည်း အလွန်အန္တရာယ်များပေမည်။

"ကောင်းပြီလေ...သခင်လေးဝမ်တို့က အမဲလိုက်ကြပေါ့...ကျွန်မ စုံစမ်းရမယ့်ကိစ္စကို ကျွန်မတစ်ယောက်တည်းပဲလုပ်မယ်...ဒါနဲ့ သခင်လေးဝမ် ကျွန်မရဲ့နာမည်ကိုပဲခေါ်ပါ"

နဥ်အမ်ထုံက ခေါင်းညိတ်ပြကာ သဘောတူညီလိုက်၏။

ယခုချိန်တွင် ထန်အင်ပါယာမှစစ်တပ်သည် ရှီးလျန်ကြယ်နယ်မြေ၏နယ်စပ်ဒေသများသို့ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်သောကြောင့် နေရာအနှံ့အပြား၌ ဖရိုဖရဲဖြစ်နေသည်။ထို့ကြောင့် သူမ၏နံဘေးတွင်နေ၍ ကာကွယ်ပေးမည့် တစ်စုံတစ်ယောက်ရှိနေခြင်းမှာ ကောင်းမွန်သောကိစ္စပင်။

နဥ်အမ်ထုံ သဘောတူညီလိုက်သည်ကို မြင်တွေ့ချိန်၌ ဝမ်ခန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ကောင်းပြီလေ အမ်ထုံ...ငါတို့က မင်းကို အနှောက်အယှက်မဖြစ်စေရဘူး"

ဝမ်ခန်းသည် နဥ်အမ်ထုံ၏အကျင့်စရိုက်ကို သိရှိထားပုံရသည်။သူသည် သူမ၏စကားကို စိတ်အတွင်း၌ မှတ်မထားချေ။ထိုအစား သူသည် ပို၍ပင် ပျော်ရွှင်သွားပေ၏။

"သခင်လေးဝမ်...ခုလတ်တလောအချိန်မှာ အစွမ်းထက်တဲ့နတ်ဆိုးမှော်သားရဲတွေက ဒီတောအုပ်ထဲမှာ လှည့်လည်သွားလာနေတယ်...သခင်လေးဝမ်က ရှေ့ကနေကင်းထောက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ချင်လား"

ထိုအချိန်မှာပင် လူငယ်တစ်ယောက်က အကြံပေးလေသည်။

လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် ရှီးလျန်မြို့၏အထက်တန်းလွှာမိသားစုများမှ လူငယ်များပင်။သူတို့သည် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် မြင့်မြတ်သူများ ဖြစ်ပေ၏။သူတို့အနက်မှတစ်ယောက်ကို လမ်းကြောင်းရှာဖွေရန်အတွက် တောင်းဆိုရန်မှာ မသင့်တော်လှချေ။

Chapter 3320

"ဒါက အဆင်ပြေပါတယ်...ငါတို့ရဲ့သက်တော်စောင့်တွေကို ဒီနေရာဆီခေါ်လိုက်ရုံပဲ"

နဥ်အမ်ထုံသည် မျက်မှောင်ကြုတ်လိုက်ကာ ဤနေရာတွင် အချိန်ဖြုန်းလိုစိတ်မရှိသည်မှာ သိသာထင်ရှားလှ၏။

ဤလူငယ်များ၏နံဘေးတွင် ကျင့်ကြံဆင့်မြင့်မားသော သက်တော်စောင့်များရှိနေသည်။သို့ရာတွင် အမဲလိုက်ခြင်းကို အနှောက်အယှက်မဖြစ်စေရန်အလို့ငှာ သူတို့သည် အဝေးမှသာ စောင့်ကြပ်လေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံဆင့်မြင့်မားသော သက်တော်စောင့်များရှိနေခြင်းကြောင့် အစွမ်းထက်သောနတ်ဆိုးမှော်သားရဲများသည် သူတို့၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။ထို့ကြောင့် သူတို့သည် အမဲလိုက်ခြင်းကို စိတ်လက်ပေါ့ပါးစွာ ပြုလုပ်နိုင်သည်။

"သခင်လေးဝမ် ဒီလိုလုပ်ဖို့မလိုအပ်ပါဘူး...ငါတို့ရဲ့ရှေ့မှာ လူတစ်ယောက်ရှိနေတယ်....သူ့ကိုခေါ်ပြီး ငါတို့အတွက် လမ်းကြောင်းကို ကင်းထောက်ခိုင်းလိုက်ပါလား"

ထိုအချိန်မှာပင် လူငယ်သခင်လေးတစ်ယောက်က လုယွီကို ရှာဖွေတွေ့ရှိသွားသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သူ၏သိုလှောင်အိတ်အတွင်းသို့ စူးစမ်းလေ့လာနေသည်။

မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကို ရရှိပြီးနောက် သူသည် တိုက်ရိုက်ဝါးမြိုလိုက်၏။

ဤကဲ့သို့ မိုးကောင်းကင်ရတနာသစ်သီးများသည် ရင်မှည့်ပြီးနောက်ပိုင်းတွင် အလွန်လျှင်မြန်သောအရှိန်ဖြင့် အာနိသင်ယုတ်လျော့သွားသည်။ထိုအရာ၌တွယ်ကပ်နေသော စိတ်ဝိညာဥ်စွမ်းအားများသည်လည်း တဖြည်းဖြည်း လေဟာနယ်အတွင်းသို့ မျောလွင့်သွားသည်။

အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့ရတနာသစ်သီးတစ်လုံးကိုရရှိပါက အနည်းဆုံးအနေဖြင့် ဆေးလုံးအဖြစ်သန့်စင်ရန် ပြင်ဆင်မှုတချို့ကိုပြုလုပ်ရပေမည်။ထိုအချိန်မှသာ သူသည် ဆေးအာနိသင်များကို ကောင်းမွန်စွာ စုပ်ယူနိုင်ပေမည်။

သို့ရာတွင် လုယွီကမူ ထိုသို့ပြုလုပ်ရန် မလိုအပ်ချေ။

သူ၏ရုပ်ခန္ဓာကိုယ်သည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။အကယ်၍ သူသည် ဆေးအာနိသင်ပြင်းထန်သော ဆေးပင်များကို တိုက်ရိုက်ဝါးမြိုလျှင်ပင် သူ၏မရီးဒါန်းများသည် ထိုစွမ်းအားကို ခံနိုင်ရည်ရှိပေ၏။

မီးတောက်တိမ်တိုက်သစ်သီးကိုဝါးမြိုပြီးနောက် လုယွီသည် ကြွင်းကျန်သောသစ်စေ့ကို ကမ္ဘာငယ်လေးအတွင်း၌မြှုပ်နှံလိုက်သည်။

ယခုလက်ရှိချိန်တွင် လုယွီသည် လေဟာနယ်ဥပဒေသ၏အစိတ်အပိုင်းတစ်ခုကို ဖမ်းဆုပ်ထားနိုင်လေပြီ။သူသည် သိုလှောင်အိတ်အတွင်းရှိ မြေပြင်အနေအထားကို မွမ်းမံပြင်ဆင်လိုက်၏။သူသည် မြေဆီလွှာကို မီးတောက်တိမ်တိုက်ဆေးပင် ပေါက်ရောက်ကြီးထွားရန် သင့်လျော်သောအခြေအနေမျိုးသို့ ပြောင်းလဲခဲ့လေသည်။

လုယွီသည် ဤကဲ့သို့ရတနာမျိုးကို သူ၏လက်အတွင်း၌ မျိုးတုန်းသွားစေလိုခြင်းမရှိချေ။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ပြင်ပမှနေ၍ သူ့အား တစ်စုံတစ်ယောက်ကခေါ်နေသည်ကို လုယွီ ကြားလိုက်ရသည်။

မီးတောက်တိမ်တိုက်သစ်သီးကဲ့သို့ အဖိုးတန်ရှားပါးသော စိတ်ဝိညာဥ်ဆေးပင်တချို့ကို စိုက်ပျိုးရာတွင် စိတ်ရှည်ရန်လိုအပ်ပြီး အာရုံစူးစိုက်ထားမှသာ ရှင်သန်ကြီးထွားနိုင်ပေမည်။

ဤအချိန်တွင် အနှောက်အယှက်ပြုခံရခြင်းသည် ဆေးဖော်စပ်နေသောအရေးကြီးအချိန်အခိုက်အတန့်တွင် အမှားအယွင်းလုပ်မိခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။

ကံကောင်းထောက်မစွာဖြင့် လုယွီ၏စိတ်စွမ်းအားသည် အလွန်သန်မာအားကောင်းပေ၏။ထို့ကြောင့် သူသည် အနှောက်အယှက်ပြုခံရသည့်တိုင် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်စေ့ကို မြေကြီးအတွင်း၌ နစ်မြှုပ်နိုင်ခဲ့သည်။

ထိုသစ်စေ့သည် မြေကြီးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သစ်စေ့အတွင်းသို့ ကွဲပြားခြားနားသော လေစီးကြောင်းနှစ်ကြောင်း တိုးဝင်သွားသည်။အေးစက်သောလေစီးကြောင်းနှင့်ပူနွေးသောလေစီးကြောင်းတို့သည် သစ်စေ့အတွင်းသို့တိုးဝင်သွားကာ ထိုအရာကိုတဖြည်းဖြည်းကြီးထွားလာစေသည်။

နောက်ဆုံး၌ ဤကိစ္စ ပြီးဆုံးသွားလေပြီ။

ထိုအချိန်ကျမှသာ လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို ပြန်ရုတ်သိမ်းကာ အဝေးသို့ အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဟိတ်...မင်း ဒီနေရာကို မြန်မြန်လာခဲ့စမ်း...ငါတို့ရဲ့သခင်လေးဝမ်က မင်းကို လာခိုင်းနေတယ်"

လူငယ်သခင်လေးတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လေ၏။

သူသည် လုယွီကို အနည်းငယ်မျှပင် ယဥ်ယဥ်ကျေးကျေး ဆက်ဆံခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ ယခုချိန်၌ သူ၏နံဘေးတွင် ဝမ်ခန်းရှိနေသည်။

ရှီးလျန်မြို့တစ်မြို့လုံးတွင် ဝမ်ခန်းကိုမသိသူဟူ၍ မည်သူရှိသနည်း။အကယ်၍ ဝမ်ခန်းအတွက် အလုပ်လုပ်ပေးရန် ကျင့်ကြံသူတစ်ယောက် လိုအပ်သည်ဟုဆိုပါက ထိုနေရာကိုရရှိရန်အတွက် လူအမြောက်အများ အလုအယက်တိုက်ခိုက်နေကြပေမည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်က မတောင်းဆိုဘဲရရှိနိုင်သော ဂုဏ်ကျက်သရေမျိုးပင်။

လုယွီက မျက်မှောင်ကြုတ်ကာ ထိုလူငယ်၏စကားကို မကြားသကဲ့သို့ပြုမူပြီး ထွက်ခွာခဲ့တော့သည်။

သူတို့သည် မောက်မာထောင်လွှားနေသော အထက်တန်းလွှာလူငယ်တစ်စုပင်။

လုယွီသည် ဤကိစ္စကို အရေးတယူလုပ်ဆောင်လိုခြင်းမရှိသည်ကပင် သူတို့အားလုံး ကံကောင်းသည်ဟု ဆိုနိုင်သည်။

လုယွီသည် သူ့ကိုလျစ်လျှူရှုထားသည်ကိုမြင်တွေ့ချိန်၌ ထိုလူငယ်သခင်လေးသည် အလွန်ဒေါသထွက်သွားပေ၏။

ဝမ်ခန်း၏နောက်ခံကို ဘေးဖယ်ထားလျှင်ပင် သူကိုယ်တိုင်သည်လည်း ချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏သခင်လေးတစ်ယောက်ဖြစ်သည်။သူ့အား မြင်တွေ့သော မည်သူမဆို သူတို့၏ခေါင်းများကိုငုံ၍ အလွန်ရိုသေလေးစားစွာ ဆက်ဆံလေ့ရှိသည်။

မည်သူက သူ၏အမိန့်ကို နားမထောင်ဘဲ နေဝံ့သနည်း...

ထိုကျင့်ကြံသူသည် ဝမ်ခန်း၏နာမည်ကို ကြားသည်နှင့် အပြေးရောက်လာမည်ဟု ထိုလူငယ်သခင်လေးသည် မူလက တွေးထင်ခဲ့သည်။

သို့ရာတွင် လုယွီသည် သူ၏စကားကိုလျစ်လျှူရှုကာ ထွက်ခွာသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်က မည်ကဲ့သို့အခြေအနေမျိုး ဖြစ်သနည်း...

ထိုလူသည် ဝမ်ခန်းကိုပင် အနည်းငယ်မျှ ဂရုစိုက်ပုံမရချေ။

All Chapters