← Chapters

အခန်း (၃၃၂၁-၃၃၂၅)

Vol. 169 Ch. 3321-3325

အခန်း (၃၃၂၁-၃၃၂၅)

Vol. 169 Ch. 3321-3325

Chapter 3321

ထိုလူငယ်သခင်လေးက ဝမ်ခန်းကို စောင်းငဲ့၍ကြည့်လိုက်သည်။ဝမ်ခန်း၏မျက်နှာအမူအယာ ပျက်ယွင်းနေသည်ကို သူ မြင်တွေ့မိလေ၏။ရုတ်ချည်းဆိုသလိုပင် ဝမ်ခန်း စိတ်မကျေမနပ်ဖြစ်နေသည်ကို သူ နားလည်သဘောပေါက်သွားသည်။

ထိုလူငယ်သခင်လေးသည် လုယွီကို တစ်ချက်ပြန်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူသည် ရှေ့သို့ပျံသန်းသွားကာ လုယွီ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။ထို့နောက် သူက ဒေါသတကြီး အော်ငေါက်လေ၏။

"ဘာလဲ...မင်းက သခင်လေးဝမ်ကိုတောင် မျက်နှာသာမပေးချင်တဲ့သဘောလား"

လုယွီသည် သူ့ရှေ့သို့ရောက်ရှိလာသော လူငယ်သခင်လေးကို တစ်ချက်ကြည့်ကာ အနည်းငယ်စိတ်ရှုပ်သွားသည်။

သူသည် ဤလူစုကို မည်သည့်နေရာ၌ ရန်စခဲ့မိသည်ကို သူ မမှတ်မိချေ။

"မင်း ဘာကိုဆိုလိုချင်တာလဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

သူ့ရှေ့ရှိ လူငယ်သခင်လေးများသည် ရှီးလျန်မြို့အတွင်းရှိ သူတို့နှင့်သက်တူရွယ်တူများအကြားတွင် ပါရမီရှင်များဟု ခေါ်ဆိုနိုင်သူများဖြစ်သည်။

သို့ရာတွင် လုယွီ၏ရှေ့၌ သူတို့သည် ယခုထိကြီးပြင်းခြင်းမရှိသေးသော ကောင်စုတ်လေးတစ်သိုက်သက်သက်ပင်။မည်သည်ကြောင့် သူသည် ဤလူငယ်တစ်သိုက်ကို ဂရုစိုက်နေရမည်နည်း။

ထိုလူငယ်သခင်လေးက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"ငါတို့က မင်းကို ကံကြမ္မာကောင်းကြီးတစ်ခု ပေးမလို့ပဲ...မင်း ဒါကို လိုချင်လား မလိုချင်ဘူးလားပေါ် မူတည်တယ်...သခင်လေးဝမ်က အမဲလိုက်သွားဖို့ ပြင်ဆင်နေတယ်...ဒါပေမယ့် သူက အဝေးမှာရှိတဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်းမသိဘူး...သူက လမ်းကြောင်းရှာဖွေဖို့ လူတစ်ယောက်လိုနေတယ်...တကယ်လို့ မင်းက ငါတို့အတွက် ကင်းထောက်လုပ်ပေးမယ်ဆိုရင် မင်းရမယ့်ငွေကြေးက မနည်းစေရဘူး"

လုယွီက အဝေးတွင်ရှိနေသောဝမ်ခန်းကို တစ်ချက်ကြည့်လိုက်သည်။

သခင်လေးဝမ်ခန်းဟု ဆိုသလော...

သူ ထိုလူငယ်ကို မသိရှိချေ။

ဖေးထျန်ကွမ်း၏မှတ်တမ်းအတွင်း၌ ရှီးလျန်မြို့၏နေရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အရာရှိအများစုပါဝင်သည်။

လုယွီ၏အဆင့်ဖြင့် သူသည် ထိုအရေးပါသောလူများကိုသာ ရင်ဆိုင်ရပေမည်။သူသည် ဝမ်ခန်းကဲ့သို့ လူငယ်သခင်လေးတစ်ယောက်ကို အနည်းငယ်မျှပင် အာရုံစူးစိုက်ခြင်းမရှိချေ။

"ငါ စိတ်မဝင်စားဘူး"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

သူ လုယွီထံတွင် ငွေကြေးချို့တဲ့ခြင်းမရှိချေ။အမှန်အားဖြင့် သူသည် ထိုလူငယ်တစ်သိုက်နှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။

သူ အမှန်တကယ် ငြင်းဆန်လိုက်သလော...

ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်များ၏မျက်နှာများပေါ်၌ အံ့အားသင့်တုန်လှုပ်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

မည်သို့ဖြစ်ပျက်သွားသနည်း။ဤသည်က ဝမ်ခန်းပင်။ဝမ်ခန်းထံမှ မျက်နှာသာပေးမှုကိုရရှိရန် နည်းလမ်းရှာနေသော လူ မည်မျှထိများများရှိနေသည်ကို မည်သူမျှမသိရှိနိုင်ချေ။

ဤကောင်လေးသည် အရူးတစ်ယောက် ဖြစ်နေသလော။သူသည် ဤကဲ့သို့ အခွင့်အရေးကောင်းကြီးတစ်ခုကိုပင် ရယူလိုခြင်းမရှိပေ။

"မင်းက ရှီးလျန်မြို့ကလူ မဖြစ်နိုင်ဘူး...ဟုတ်တယ်မလား"

ထိုလူငယ်သခင်လေးက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်၍ မေးမြန်းလေသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါက လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ...ရှီးလျန်မြို့ကို အခုမှရောက်လာတာ"

"အံ့အားသင့်စရာမရှိတော့ဘူး...ငါ မင်းကို အတွေ့အကြုံတချို့ရသွားအောင် ပြောပြမယ်...သခင်လေးဝမ်ရဲ့အဖေက ရှီးလျန့်ကြယ်နယ်မြေသခင်ဝမ်မူကျီး...ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲ....မင်းက လေလွင့်ကျင့်ကြံသူတစ်ယောက်ဆိုမှတော့ တကယ်လို့ မင်းက အလုပ်ကောင်းကောင်း လုပ်နိုင်ပြီးတော့ သခင်လေးဝမ်ရဲ့သဘောကျနှစ်ခြိုက်မှုကို ရယူနိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ မင်းရမယ့် အကျိုးကျေးဇူးတွေက နည်းမှာမဟုတ်ဘူး"

လူငယ်သခင်လေးက ပြောဆိုသည်။

လုယွီသည် 'ဝမ်မူကျီး'ဟူသောစကားကိုကြားချိန်တွင် သူ၏မျက်လုံးအကြည့်က ဝမ်ခန်းထံသို့ တဖန်ပြန်၍ကျရောက်သွားသည်။

ဖေးထျန်ကွမ်း၏သတင်းအချက်အလက်များအရ လုယွီရင်ဆိုင်ရမည့် နံပါတ်တစ်ပုဂ္ဂိုလ်သည် ရှီးလျန့်ကြယ်နယ်မြေသခင် ဝမ်မူကျီးပင်။

ဤနှစ်များအတွင်းတွင် ဝမ်မူကျီးသည် သူ၏တောင်ပံများကို ရှီးလျန်ကြယ်နယ်မြေပေါ်၌ ဖြန့်ကျက်ခဲ့ကာ သူ၏ကိုယ်ပိုင်အင်အားကို တည်ထောင်နိုင်ခဲ့သည်။ယခင် လက်ဝဲစစ်တပ်၏တပ်မှူးသည် အုပ်ချုပ်ရေးနှင့်စစ်ရေးဆိုင်ရာ အရာရှိတစ်ယောက်ဖြစ်သော်လည်း ဝမ်မူကျီး၏မျက်နှာကိုကြည့်၍ လှုပ်ရှားခဲ့ရသည်။

အကယ်၍ ဝမ်မူကျီး သဘောတူညီခြင်းမရှိပါက လက်ဝဲစစ်တပ်၏တပ်မှူး အမိန့်တစ်ခု ထုတ်ပြန်လျှင်ပင် သူတို့သည် လိုက်နာဆောင်ရွက်ကြခြင်းမရှိချေ။

ဤသည်က ရှီးလျန့်မြို့အတွင်း၌ အခိုင်အမာခြေကုပ်ယူထားသော နယ်မြေခံစပါးကြီးမြွေတစ်ကောင်ပင်။သူသည် ရှီးလျန်မြို့သို့ ရောက်ရှိသည်နှင့် ဝမ်မူကျီး၏သားနှင့် တွေ့ဆုံရမည်ဟု မျှော်လင့်မထားမိချေ။

"ဒါဆို သူက ဝမ်မူကျီးရဲ့သားလား...ငါတို့ နောက်တစ်ချိန်မှာ ထပ်ပြီးတွေ့ရအုံးမှာပါ"

လုယွီက ဝမ်ခန်းကိုကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"အတင့်ရဲလှချည်လား"

"မင်း ထပ်ပြီးအသက်မရှင်ချင်တော့တာလား...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အရှင်ဝမ်ရဲ့နာမည်ကို တိုက်ရိုက်ခေါ်ဝံ့တာလဲ"

ဝမ်ခန်း၏နံဘေးတွင် ရှိနေသော လူငယ်များအားလုံး အလွန်ဒေါသထွက်သွားသည်။

ရှီးလျန်မြို့မှလူများအတွက် ဝမ်မူကျီးသည် နယ်မြေတစ်ခုလုံးကိုအုပ်ချုပ်သော အကြွင်းမဲ့ဗုဒ္ဓနှင့်တူညီသော တည်ရှိမှုကြီးပင်။ရှီးလျန်မြို့အတွင်းရှိ အရာရာတိုင်းနီးပါး ဆေးလုံးများ ဝင်္ကပါဖွဲ့စည်းပုံများ ကျင့်ကြံနည်းစနစ်များ မှော်လက်နက်များ ရောင်းချသည်မှစ၍ ဝမ်မူကျီး၏ခွင့်ပြုချက်ရရန်လိုအပ်သည်။

ရှီးလျန်မြို့မှလူများသည် ဧကရာဇ် မည်သူမည်ဝါဖြစ်သည်ကို မသိသူရှိနိုင်သော်လည်း ဝမ်မူကျီး၏အမည်ကိုမူ လူတိုင်းသိရှိထားကြသည်။

Chapter 3322

သာမာန်အားဖြင့် သူတို့သည် ဝမ်မူကျီးကို အလွန်ရိုသေလေးစားကြသည်။

ထိုလူငယ်များ၏နောက်ရှိ မိသားစုခေါင်းဆောင်များနှင့်အကြီးအကဲများပင်လျှင် ဝမ်မူကျီးကို မြင်တွေ့ချိန်၌ သူတို့၏ခေါင်းများကို ငုံထားရသည်။

သို့ရာတွင် ဤလူစိမ်းကောင်စုတ်လေးသည် အလွန်အဆင်အခြင်ကင်းမဲ့ပေ၏။သူသည် ဝမ်မူကျီး၏နာမည်ကိုပင် တိုက်ရိုက်ခေါ်ဆိုဝံ့သည်။ဤသည်က ရှီးလျန်မြို့အတွင်း၌ ပြင်းထန်သောတားမြစ်ချက်တစ်ခုပင်။

ဝမ်ခန်းသည် ထိုစကားကိုကြားချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။

"သေလမ်းရှာနေတာလား...တခြားနေရာကလာတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ကများ...ကြည့်ရတာတော့ မင်းက ငါတို့ရှီးလျန်မြို့ရဲ့စည်းမျဥ်းတွေကို မသိသေးတဲ့ပုံပဲ"

လူငယ်သခင်လေးသည် ဒေါသတကြီး အော်ငေါက်လိုက်ကြ၏။သူသည် ရှေ့သို့တိုးကာ လုယွီကို သင်ခန်းစာပေးရန် ဟန်ပြင်လိုက်ကြသည်။

သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများ ချက်ချင်းဆိုသလိုပင် ပွင့်အံ့ထွက်လာသည်။သူသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။

တစ်ခုသိထားရမည်မှာ လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် ကြယ်နယ်မြေတိုင်း၌ ထိပ်တန်းအစွမ်းထက်ကျင့်ကြံသူများဟု ယူဆနိုင်သူများပင်။

ဤလူငယ်သခင်လေးသည် အသက်ငယ်ငယ်ဖြင့် ယခုကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်အထိ ကျင့်ကြံထားနိုင်ခဲ့သည်။သူသည် ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"ရှီးလျန်မြို့ရဲ့စည်းမျဥ်းတွေက ဒီလောက်ထိ ကျိုးကြောင်းမဆီလျှော်တာလား"

လုယွီက ဂရုမစိုက်ချေ။သူသည် တုံ့ပြန်တိုက်ခိုက်ရန်ပင် တွေးတောမထားပေ။

ဤကဲ့သို့ပြိုင်ဘက်မျိုးသည် အလွန်အားနည်းပေ၏။

အကယ်၍ လုယွီ တုံ့ပြန်တိုက်ခိုက်ခြင်းမပြုလျှင်ပင် ထိုလူငယ်သခင်လေးသည် လုယွီ၏ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။

လုယွီ၏မျက်နှာပေါ်ရှိ အထင်အမြင်သေးနေသော အမူအယာကိုကြည့်ပြီး ထိုလူငယ်သခင်လေး ပို၍ဒေါသထွက်သွားသည်။

သူသည် ရှီးလျန်မြို့ပါရမီရှင်စာရင်းမှ လူငယ်ပါရမီရှင်တစ်ယောက်ပင်။သူ့အား လျစ်လျှူရှုဝံ့သော တစ်စုံတစ်ယောက်နှင့်တွေ့ဆုံရသည့်နေ့မျိုး ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။

"မင်းက သေလမ်းရှာနေတာပဲ...ငါ့ရဲ့ဓားကိုကြည့်စမ်း"

ထိုလူငယ်သခင်လေးသည် သူ၏ခါးမှ ဓားကိုဆွဲထုတ်ကာ လုယွီကို ခုတ်ပိုင်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် အဖြူရောင်ဓားချီတစ်လှိုင်းက လုယွီထံဦးတည်၍ တိုးဝင်လာသည်။

ထိုဓားချီသည် လုယွီ၏အနီးသို့ ချဥ်းကပ်သွားစဥ်မှာပင် နဥ်အမ်ထုံက သူမ၏ဓားရှည်ကိုဆွဲထုတ်၍ ဓားချီတစ်လှိုင်း ထုတ်လွှက်လိုက်သည်။

ဒေါင်....

ဓားချီနှစ်လှိုင်းသည် ဖီလာဆန့်ကျင်ရိုက်ခတ်မိကာ ပျက်ပြယ်သွားတော့သည်။

ထိုလူငယ်သခင်လေးသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။သူသည် နောက်သို့လှည့်၍ နဥ်အမ်ထုံကို ကြည့်လိုက်သည်။

"မိန်းကလေးနဥ်...မင်း ဘာလုပ်တာလဲ"

နဥ်အမ်ထုံ၏လက်မှဓားချီသည် ယခုထိတိုင် ပျက်ပြယ်သွားခြင်းမရှိသေးချေ။သူမက မျက်ခုံးပင့်၍ ပြောဆိုလေသည်။

"ငါ့ရှေ့ကို လာပြီးတော့ နင်က လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ချင်နေတယ်...ဘာလဲ...ငါက လူဆိုးထိန်းတစ်ယောက်ဆိုတာကို နင်က ဂရုမစိုက်တာလား"

ဒါက...

ထိုလူငယ်သခင်လေးက ဝမ်ခန်းကို ပြန်လှည့်ကြည့်လိုက်သည်။

သူသည် ဝမ်ခန်း၏မျက်နှာအတွက် ရှေ့သို့ထွက်၍ တိုက်ခိုက်ခြင်းပင်။

ဝမ်ခန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"အမ်ထုံပြောတဲ့အတိုင်း လုပ်ကြစို့...ငါတို့က ဒီနေရာကို အမဲလိုက်ဖို့ရောက်လာမှတော့ ငါတို့က အရင်ဆုံး လမ်းကြောင်းရှာဖွေရမယ်...သူက ဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်ပဲ...ပြီးတော့ သူက လေလွင့်ကျင့်ကြံသူတစ်ယောက် ဘာလို့ သူကို အခက်တွေ့အောင်လုပ်နေမှာလဲ"

ထိုလူငယ်များအားလုံး ဝမ်ခန်း၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားသည်။

သာမာန်အားဖြင့် ဝမ်ခန်းသည် ဒေါသထွက်လွယ်သော အကျင့်စရိုက်ရှိသူပင်။အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အား ရန်စဝံ့ပါက သူသည် ထိုလူအား ဤလောကကြီးအတွင်းတွင် အသက်ရှင်နေရသည်ကို နောင်တရရှိသွားစေသည်အထိ ပြုလုပ်ပေလိမ့်မည်။မည်သည်ကြောင့် သူ၏အကျင့်စရိုက် ရုတ်တရက်ကြီး ပြောင်းလဲသွားမည်နည်း။

သူသည် နဥ်အမ်ထုံ၏ရှေ့၌ ပုံရိပ်ကောင်း ရရှိစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"သခင်လေးဝမ်ပြောတာအမှန်ပဲ...ဒီကောင်လေးက တခြားနေရာက ရောက်လာပြီးတော့ သူက ဘာမှမသိဘူး...ငါက ဒီလိုလူမျိုးနဲ့ ဘာလို့ငြင်းခုံနေရမှာလဲ"

ထိုလူငယ်သခင်လေးသည် သူ၏ဓားကို ပြန်ရုတ်သိမ်းလိုက်၏။

နဥ်အမ်ထုံသည် သူမ၏ရှေ့ရှိလူငယ်များထံတွင် သာမာန်အချိန်မျိုး၌ မည်ကဲ့သို့အကျင့်စရိုက်မျိုးရှိသည်ကို ကောင်းစွာသိရှိထားသည်။

သူမသည် ယခင်ကဓားကိုဆွဲထုတ်လိုက်သော လူငယ်ကို တစ်ချက်ကြည့်ပြီးနောက် လုယွီကိုကြည့်ကာ ပြောဆိုလိုက်သည်။

"နင် မြန်မြန်ထွက်သွားသင့်တယ်...နောင်တစ်ချိန်မှာ နင် ဒီလူတွေနဲ့တွေ့မယ်ဆိုရင် စကားကိုဆင်ခြင်ပြောဖို့ မှတ်ထားပါ"

သူမ၏စကားလုံးများသည် သနားကြင်နာစွာ သတိပေးခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် သူမ ဤနေရာ၌ရှိမနေပါက ဤကောင်းကျိုးမပေးသော လူငယ်သခင်လေးများ မည်သို့ပြုလုပ်မည်ကို မည်သူမျှမသိနိုင်ချေ။အတိတ်တွင် ဝမ်ခန်းကို ရန်စစော်ကားမိသော လေလွင့်ကျင့်ကြံသူတချို့ ရှိခဲ့ဖူးသည်။ထို့နောက် သူတို့သည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့လေ၏။

သူတို့၏ရုံးတော်မှပင်လျှင် ဤကိစ္စကို စုံစမ်းစစ်ဆေးနိုင်ခဲ့ခြင်းမရှိဘဲ နောက်ပိုင်းတွင် ထိုအမှုကို ပိတ်သိမ်းခဲ့ရသည်။

Chapter 3323

မည်သည်ကြောင့် အမှုပိတ်သိမ်းခဲ့ရသည်ကို စဥ်းစားဥာဏ်ရှိသော မည်သူမဆို သိရှိနိုင်သည်။

ဝမ်မူကျီး၏လွှမ်းမိုးနိုင်စွမ်းမှာ လွန်စွာကြီးမားသည်။နဥ်အမ်ထုံ တာဝန်ထမ်းဆောင်နေသော ရှီးလျန့်ရုံးတော်သည် ဝမ်မူကျီး၏ထိန်းချုပ်မှုအောက်တွင် ရှိပေ၏။

တစ်စုံတစ်ယောက်သည် အထက်အရာရှိ၏သားကို ဖမ်းဆီးဝံ့မည်လော...ထိုလူ ရူးသွပ်နေသည်ဟု လူတိုင်းပြောဆိုကြပေမည်။

နဥ်အမ်ထုံထံတွင် တခြားရွေးချယ်စရာမရှိတော့သော်လည်း လုယွီသည် အသက်ငယ်ရွယ်သောလူငယ်တစ်ယောက်ဖြစ်နေသဖြင့် သူမက သနားကြင်နာစွာဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။

"မင်းက ဒီတောင်တန်းကို ဝင်မလို့လား"

လုယွီက ရုတ်တရက် မေးမြန်းသည်။

သူသည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သော်လည်း နဥ်အမ်ထုံ၏ကြင်နာမှုကို မြင်တွေ့ချိန်၌ ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။

နဥ်အမ်ထုံသည် သူ့အား အကူအညီပေးခဲ့သဖြင့် လုယွီသည် မမြင်ချင်ယောင်ဆောင်မနေနိုင်တော့ချေ။

နဥ်အမ်ထုံက လုယွီကိုကြည့်ကာ ပြောဆိုသည်။

"ဟုတ်တယ်...ငါက တောထဲကိုဝင်မလို့ပဲ"

လုယွီက ပြောဆိုလေ၏။

"အခုချိန်မှာ ဒီတောထဲကိုမဝင်တာ ပိုကောင်းလိမ့်မယ်...ဒီတောထဲမှာ အရမ်းအန္တရာယ်များတယ်...တကယ်လို့ မင်း ဝင်သွားမယ်ဆိုရင် မင်းရဲ့အသက် အန္တရာယ်ရှိနိုင်တယ်"

သူသည် ဤတောအုပ်အတွင်းမှ လောလောလတ်လတ် ထွက်လာခြင်းပင်။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးမှော်သားရဲဘုရင်များသည် ကြွင်းကျန်သည့် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးအတွက် တိုက်ခိုက်နေကြသည်။

ထိုနေရာတွင် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီး တစ်လုံးသာကျန်ရှိတော့သည်။ထိုနတ်ဆိုးမှော်သားရဲဘုရင်များသည် ရူးသွပ်စွာ တိုက်ခိုက်နေကြပေမည်။

သူသည် ထိုနတ်ဆိုးသားရဲဘုရင်များကို သင်ခန်းစာပေးကာ မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးတစ်လုံးကို လုယူခဲ့သည်။ဤသည်က ကျား၏ပါးစပ်အတွင်းရှိအစာကို လုယူခဲ့ခြင်းဟု ယူဆနိုင်ပေ၏။ထိုနတ်ဆိုးသားရဲများသည် လူသားများကို ရိုးတွင်းခြင်ဆီအတွင်းစိမ့်ဝင်သည်အထိ မုန်းတီးနေပေမည်။

ဤအချိန်တွင် တောအုပ်အတွင်းသို့ဝင်သွားဝံ့သော မည်သူမဆို ထိုနတ်ဆိုးမှော်သားရဲများ၏ဒေါသဖြင့် ထိပ်တိုက်ရင်ဆိုင်ရပေလိမ့်မည်။

ဝမ်ခန်းက ရုတ်တရက် အပြုံးနှင့်ပြောဆိုသည်။

"ညီအကို...မင်းက ဒီလောက်ထိနားလည်နေမှတော့...မင်းက နတ်ဆိုးမှော်သားရဲတောအုပ်ထဲက ထွက်လာတာများလား"

လုယွီက ခေါင်းညိတ်လိုက်၏။

"အမှန်ပဲ...ငါ ခုဏကမှ အဲ့ဒီနေရာကထွက်လာတာ...ဒီတောအုပ်ထဲမှာ နတ်ဆိုးသားရဲဘုရင်တွေအများကြီး စုဝေးနေတယ်...ပြီးတော့ နတ်ဆိုးသားရဲဧကရာဇ်တွေတောင် ရှိနေနိုင်တယ်...မင်းတို့ ဂရုစိုက်သင့်တယ်"

မမျှော်လင့်ဘဲ လုယွီ၏စကားအဆုံးသတ်သွားသောအချိန်တွင် လူငယ်သခင်လေးများထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

"ငါ ရယ်ရလွန်းလို့ သေတော့မယ်...သူက စကားလုံးအနည်းငယ်လောက်နဲ့ ငါတို့ကို လှည့်စားလို့ရမယ်လို့ ထင်နေပုံပဲ...သူက ငါတို့ကို အရူးတွေလိုမျိုး ဆက်ဆံနေတယ်"

"ကောင်လေး...ငါတို့က ဒီနတ်ဆိုးမှော်သားရဲတောအုပ်ထဲကို လာနေကျပဲ...ငါတို့က အသက်ငယ်သေးပေမယ့် ဒီနေရာအကြောင်းကို ကောင်းကောင်းသိတယ်...အဲ့ဒီနတ်ဆိုးမှော်သားရဲဘုရင်က သူတို့ရဲ့ပိုင်နက်နယ်မြေထဲမှာပဲ အမြဲနေနေတာ....သူတို့က ဘယ်တော့မှစုဝေးမနေဘူး....မင်းက ယုတ္တိမရှိတဲ့ဇာတ်လမ်းတွေဆင်ပြီး ငါတို့ကို လှည့်စားလို့ရမယ်လို့ ထင်နေတာလား...ဒါက အရမ်းရူးသွပ်မိုက်မဲတာပဲ"

လက်ရှိနေရာတွင်ရှိနေသော လူငယ်များ၏မျက်နှာများပေါ်၌ သရော်တော်တော်အမူအယာများရှိနေသည်။

ဝမ်ခန်းသည် လုယွီကို လှောင်ပြောင်သရော်ခြင်း မပြုချေ။ထိုအစား သူသည် စိတ်ဝင်တစားအမူအယာဖြင့် လုယွီကို ကြည့်လိုက်၏။

"အဲ့ဒီနေရာမှာ အန္တရာယ်အရမ်းများတယ်ဆိုမှတော့...မင်းက ဘယ်လိုလုပ်ပြီးတော့ လွတ်မြောက်လာတာလဲ"

ဤသည်က အမှန်ပင်။

တောအုပ်အတွင်းတွင် နတ်ဆိုးမှော်သားရဲအမြောက်အများ စုဝေးနေသည်ဟု ထိုလူငယ် ဆိုခဲ့သော်လည်း မည်သည်ကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်စပင် ကပ်ငြိမနေသနည်း။

တစ်ခုသိထားရမည်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းသို့ ဝင်ရောက်သွားပါက အကယ်၍ ထိုလူသည် လေထုအတွင်း၌ပျံသန်းနေလျှင်ပင် ပြုတ်ကျနိုင်ချေမြင့်မားသည်။

အကယ်၍ ထိုနေရာတွင် နတ်ဆိုးမှော်သားရဲများသာ အမှန်တကယ်စုဝေးနေပါက လေလွင့်ကျင့်ကြံသူတစ်ယောက် ထွက်ပြေးလွတ်မြောက်လာရန်မှာ မိုးကောင်းကင်ယံအတွင်းတွင် ပျံသန်းသည်ထက် ပို၍ခက်ခဲပေမည်။

လုယွီက ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။

"ငါ အဲ့ဒီတောအုပ်ထဲကနေ ထွက်လာခဲ့တာတော့ အမှန်ပဲ...ဒါပေမယ့် မင်းတို့ရဲ့ခွန်အားနဲ့ဆိုရင် အထဲကိုဝင်သွားတာနဲ့ အန္တရာယ်နဲ့ကြုံတွေ့ရမှာကို ငါ စိုးရိမ်မိတယ်"

ဤသည်က သူ ဟုတ်တိုင်းမှန်ရာကို ပြောဆိုခြင်းပင်။

အကယ်၍ လုယွီ၏ခွန်အားသာ ကောင်းမွန်ခြင်းမရှိပါက အစောပိုင်းတွင် စပါးကြီးမြွေကြီး၏အစာအိမ်အတွင်း၌ အဆုံးသတ်သွားရပေမည်။

"ဟား ဟား ဟား....ဒါက ငါ ကြားဖူးသမျှတွေထဲမှာ အရယ်ရဆုံးဟာသပဲ"

"မင်းက ငါတို့ထက်ပိုပြီး သန်မာအားကောင်းတယ်လို့ မင်း ထင်နေတာလား...ဘယ်ကြယ်နယ်မြေကရောက်လာမှန်းမသိတဲ့ကောင်ကများ...ဒါပေမယ့် ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း တကယ်ကို မသိတဲ့ပုံပဲ"

အစောပိုင်းက လုယွီကိုဟန့်တားခဲ့သော လူငယ်သခင်လေးသည် သရော်တော်တော်အပြုံးဖြင့် ရှေ့သို့လျှောက်လှမ်းလာကာ ပြောဆိုသည်။

"ငါ မင်းကို ပြောဖို့မေ့သွားတယ်...ငါ့ရဲ့နာမည်က ကျန်းချင်...ငါက ရှီးလျန်ကြယ်နယ်မြေ ပါရမီရှင်စာရင်းရဲ့အဆင့်၃၀နေရာမှာရှိတယ်"

"ပြီးတော့ သခင်လေးဝမ်က ရှီးလျန်ကြယ်နယ်မြေပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်နေရာက ထိပ်သီးလူငယ်ပါရမီရှင်ပဲ"

"အဆင့်တစ်နေရာဆိုတာကို မင်း နားလည်လား...ရှီးလျန်ကြယ်နယ်မြေမှာရှိတဲ့ လူငယ်ပါရမီရှင်တွေအားလုံး သခင်လေးဝမ်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...သူက လူငယ်မျိုးဆက်သစ်တွေအကြားမှာ ခွန်အားအကောင်းဆုံးလူပဲ"

Chapter 3324

ရှီးလျန့်ပါရမီရှင်စာရင်းသည် တရားဝင်အရည်အချင်းစစ်ထားသော အဆင့်သတ်မှတ်ချက်စာရင်းပင်။

ထိုစာရင်းတွင် အသက်၃၅နှစ်အောက် လူငယ်ပါရမီရှင်များအားလုံးကို မှတ်တမ်းတင်ထားသည်။ထိုစာရင်းအတွင်း၌ ပါဝင်သည်နှင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ တရားဝင်အသိအမှတ်ပြုခြင်းကိုခံရသည်။

ဝမ်ခန်း၏ဖခင်သည် ရှီးလျန်ကြယ်နယ်မြေသခင်ဖြစ်နေသော်လည်း သူ၏ခွန်အားနှင့်ပတ်သတ်၍ သံသယဖြစ်ဖွယ်မရှိချေ။

သူသည် တစ်ချိန်က မောက်မာရိုင်းစိုင်းသော တောပုန်းဓားပြများကို သတ်ဖြတ်ခဲ့ကာ သူတို့၏ခိုလှုံရာနေရာများကို ဖျက်ဆီးခဲ့သည်။ဤအချိန်အတောအတွင်းတွင် သူသည် မည်သည့်မိသားစုဝင်အကြီးအကဲထံကမျှ အကူအညီရယူခြင်းမရှိဘဲ အရာအားလုံးကို သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့လေ၏။

ထို့ပြင် သူ့အား စိန်ခေါ်ရန်ရောက်လာသော အစွမ်းထက်ကျင့်ကြံသူများကိုလည်း လူသူအများရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူနိုင်ခဲ့သည်။

ဤကဲ့သို့ခွန်အားမျိုးရှိနေခြင်းကြောင့် သူနှင့်သက်တူရွယ်တူ လူငယ်များအားလုံး အရှက်ရခဲ့ကြသည်။

လက်ရှိနေရာတွင်ရှိနေသော လူငယ်များ၏မျက်နှာများပေါ်၌ ဂုဏ်ယူဝင့်ကြွားသော အမူအယာများရှိနေသည်။

ဝမ်ခန်း၏အနီးသို့ လူတိုင်း ချဥ်းကပ်နိုင်ခြင်းမရှိချေ။

ပါရမီရှင်စာရင်းရှိ အဆင့်၅၀အတွင်းဝင်သူများသာ ဝမ်ခန်း၏နောက်သို့ လိုက်ပါနိုင်ပေ၏။

ဤလူငယ်များထံတွင် မြင့်မြတ်သောနောက်ခံအင်အားရှိနေရုံသာမက သူတို့၏ကိုယ်ပိုင်ခွန်အားသည်လည်း အလွန်သန်မာအားကောင်းသည်။သူတို့သည် လုယွီကို ဆုံတွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားအတွင်းရှိ မောက်မာဝံ့ကြွားမှုများ မြင့်တက်လာသည်။

"မင်း သိထားဖို့က...ငါတို့အားလုံးက မင်း မော့ကြည့်ရမယ့် အဆင့်အတန်းမျိုးရှိတဲ့သူတွေချည်းပဲ...မင်းက နာမည်မရှိတဲ့ကြယ်နယ်မြေပေါ်မှာ နည်းနည်းလေးနာမည်ကျော်ကြားရုံနဲ့ ရှီးလျန်မြို့ကိုလာပြီး ထင်ရာစိုင်းလို့ရမယ်ထင်မနေနဲ့....ငါတို့ရဲ့ရှေ့မှာ မင်းက ဘာကောင်မှမဟုတ်ဘူး"

ကျန်းချင်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

လုယွီသည် အမူအယာ ကင်းမဲ့နေဆဲပင်။သူသည် ဝမ်ခန်းကိုတစ်ချက်ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"တကယ်လို့ ဒါက ရှီးလျန်ကြယ်နယ်မြေပါရမီရှင်စာရင်းဆိုရင်....အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ"

လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ဝမ်ခန်း၏ယခုလက်ရှိခွန်အားကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။

ရိုးရိုးသားသားပြောဆိုရပါက ဝမ်ခန်း၏ခွန်အားသည် ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း သူ၏ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်နိုင်ရန်အလို့ငှာ နတ်ဆိုးကျင့်ကြံနည်းစနစ်များကို လျှို့ဝှက်၍ကျင့်ကြံထားခဲ့သည်။

ဤကဲ့သို့ နတ်ဆိုးတာအိုကျင့်ကြံနည်းစနစ်များသည် ကျင့်ကြံမှုအရှိန်နှုန်းကို မြှင့်တင်ပေးနိုင်သော်လည်း ကောင်းကင်နှင့်မြေပြင်ကို ထိခိုက်စေသဖြင့် နောက်ဆက်တွဲအကျိုးဆက်များ လွန်စွာဆိုးရွားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် မိသားစုကြီးများအတွင်းမှလူဖြစ်နေပါက သဘာဝရတနာမျိုးစုံကိုအသုံးပြု၍ ထိုပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း သူသည် အခြေခံအုတ်မြစ်ကောင်းတစ်ခုကို တည်ဆောက်နိုင်တော့မည်မဟုတ်ချေ။

ဝမ်ခန်း၏လက်ရှိခွန်အားသည် အလွန်သန်မာအားကောင်းသော်လည်း နောင်အနာဂတ်တွင် သူသည် အလွန်မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။

"အဲ့ဒီလိုလား...ကြည့်ရတာတော့ မင်းက ငါ့အပေါ်မှာ မကောင်းမြင်နေပုံပဲ...မိတ်ဆွေလေး...တကယ်လို့ မင်း အချိန်ရတယ်ဆိုရင် ငါ့ရဲ့အိမ်တော်ကို လာခဲ့ပါလား...မင်းနဲ့ငါ ယှဥ်ပြိုင်ကြရင် မကောင်းဘူးလား"

ဝမ်ခန်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲဖြစ်သော်လည်း သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အရိပ်အယောင်များ ထင်ဟပ်နေသည်။

ဝမ်ခန်း၏အကျင့်စရိုက်ကို သိရှိထားသော မည်သူမဆို သူ့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှိနေကြောင်း ကောင်းစွာသိရှိပေမည်။

ဤကောင်လေးသည် မိုးနှင့်မြေ၏ အတိမ်အနက်ကို သိရှိပုံမရချေ။သူသည် အမှန်တကယ်ကိုပင် ဝမ်ခန်း၏ခွန်အားကို ပြက်ရယ်ပြုသရော်ဝံ့ပေ၏။

သူသည် အသက် ဆက်၍မရှင်လိုတော့သလော...

လက်ရှိနေရာတွင် ရှိနေသော လူများအားလုံးသည် သေလူတစ်ယောက်ကိုကြည့်နေသည့်အလား လုယွီကို ကြည့်လိုက်ကြသည်။

ရုတ်တရက် လုယွီ၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။

သူသည် နဥ်အမ်ထုံကိုကြည့်ကာ ပြောဆိုလိုက်၏။

"ငါ ပြောတာကိုမှတ်ထားပါ...မင်းတို့အားလုံး အခုချိန်မှာ နတ်ဆိုးမှော်သားရဲတောအုပ်ထဲကိုမဝင်တာ ပိုကောင်းလိမ့်မယ်....တကယ်လို့ မင်း ဝင်ချင်တယ်ဆိုရင် နောက်တစ်နေ့ထိစောင့်သင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီက အဝေးသို့ပျံသန်းသွားကာ လူတိုင်း၏အမြင်အာရုံအောက်မှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လူတိုင်း ကြက်သေသေသွားကြသည်။

ဤလူသည် အစောပိုင်းက အလွန်မာနထောင်လွှားပြီး မောက်မာဝံ့ကြွားနေခဲ့သည်။မည်သည်ကြောင့် သူ ရုတ်တရက်ကြီး ထွက်ခွာသွားခဲ့သနည်း။

ကျန်းချင်က ပထမဆုံး အသိဝင်လာသည်။သူက သရော်တော်တော်လေသံဖြင့် ပြောဆိုလိုက်၏။

"သူက ကြောက်ရွံသွားတာလို့ ငါထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးဝမ်ရဲ့အဆင့်အတန်းနဲ့ဆိုရင် သူ့ကိုအနိုင်ယူဖို့က လွယ်လွယ်လေးပဲ..သူက မျက်နှာနည်းနည်းလောက် ပြန်ရချင်တာနဲ့ အဆုံးသတ်မှာ စကားလုံးကြမ်းကြမ်းတွေကို တမင်သက်သက် ပြောသွားတာပဲ..ပြီးတော့ သူက ဒါကို ဆင်ခြေအနေနဲ့သုံးပြီးတော့ ရှောင်ထွက်သွားတာပဲ...ငါက ဒီလိုလူစားမျိုးတွေကို အများကြီးမြင်တွေ့ဖူးပြီးပြီ"

တခြားလူငယ်များ၏မျက်နှာများပေါ်တွင်လည်း နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသည်က အမှန်ပင်။လုယွီ၏ ရုတ်တရက် လှုပ်ရှားမှုကို ရှင်းပြနိုင်ရန်အတွက် ဤအကြောင်းအရင်းတစ်ခုတည်းသာရှိသည်။

"အဲ့ဒီကောင်စုတ်လေး ဘယ်နေရာက ရောက်လာတာလဲဆိုတာကိုတော့ ငါ မသိဘူး...ဒါပေမယ့် သူ စကားပြောတာ အရမ်းမောက်မာတယ်...ငါ အခုချက်ချင်း သူ့ကို သင်ခန်းစာ ပေးလိုက်ချင်တယ်"

လူငယ်တစ်ယောက်က အေးစက်စက်လေသံဖြင့်ပြောဆိုသည်။

Chapter 3325

တခြားသူများကလည်း သဘောတူညီလိုက်ကြသည်။

နဥ်အမ်ထုံက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"သူ ဒီလိုပြောသွားမှတော့ ဒါက အဓိပ္ပါယ်ရှိတယ်....ငါတို့ နောက်တစ်ရက်လောက်စောင့်ပြီးမှ နတ်ဆိုးမှော်သားရဲတောအုပ်ထဲကို ဝင်ကြမလား"

ဤအချိန်တွင် သူမသည် စွန့်စား၍ နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းသို့ ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့သူမှာ သူမနှင့်အတူ အဖော်အဖြစ် ဝမ်ခန်းတို့လူစု ရှိနေခြင်းကြောင့်ပင်။

ယခုလက်ရှိချိန်တွင် ထန်အင်ပါယာသည် အကြီးစားကျူးကျော်တိုက်ခိုက်မှုများကို ပြုလုပ်နေသဖြင့် ရှီလျင်းကြယ်နယ်မြေ၏နေရာအနှံ့အပြား၌ ဖရိုဖရဲဖြစ်နေသည်။သူမနှင့်အတူ လိုက်ပါမည့် တွဲဖက်မရှိချေ။

သူမအား ကာကွယ်ပေးရန် နံဘေးတွင် မည်သူမျှရှိမနေပေ။

ထို့ပြင် သူမသည် လုယွီ၏စကားကိုနားထောင်ပြီးနောက် ဤနတ်ဆိုးမှော်သားရဲတောအုပ်အတွင်း၌ နတ်ဆိုးမှော်သားရဲဧကရာဇ်များရှိနေသည်ကို အမှတ်ရသွားလေ၏။

အကယ်၍ သူတို့သည် သာမာန်နတ်ဆိုးသားရဲဘုရင်များနှင့် တွေ့ဆုံရပါက ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်ပေမည်။သို့ရာတွင် အကယ်၍ နတ်ဆိုးသားရဲဧကရာဇ်တစ်ကောင်နှင့် ရင်ဆိုင်ရပါက သူတို့အားလုံး မည်သည့်နည်းနှင့်မျှ ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။

"အမ်ထုံ...မင်း ဘာတွေကြောက်နေတာလဲ...ငါ ဒီနေရာမှာရှိနေသရွေ့ မင်း အန္တရာယ်မရှိစေရဘူး"

ဝမ်ခန်းက ရှေ့သို့တိုးကာ ယုံကြည်ချက်အခိုင်အမာရှိသောအပြုံးနှင့် ပြောဆိုသည်။

ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံး၏ထိပ်သီးလူငယ်ပါရမီရှင်ဖြစ်သော ဝမ်ခန်းအနေဖြင့် ဤကဲ့သို့စကားမျိုးကို ယုံကြည်ချက်ရှိစွာ ပြောဆိုနိုင်စွမ်းရှိသည်။

ထို့ပြင် နဥ်အမ်ထုံသည် အစဥ်အမြဲ အလုပ်ရှုပ်နေသူတစ်ယောက်ဖြစ်သဖြင့် သူမထံတွင် ပြင်ပသို့ထွက်လာရန် အချိန်မရှိချေ။ဤအချိန်သည် သူမ ရှားရှားပါးပါး ပြင်ပသို့ထွက်လာချိန်ဖြစ်သဖြင့် မည်သည်ကြောင့် သူ သူမကို လွယ်လင့်တကူ ပြန်လွှက်နိုင်မည်နည်း။

ကျန်းချင်သည် နံဘေးမှနေ၍ မီးလောင်ရာလေပင့်ကာ ပြောဆိုလိုက်၏။

"ဒါကအမှန်ပဲ...မိန်းကလေးနဥ်...ဒီနေ့ ကျွန်တော်တို့ရဲ့သခင်လေးက အမဲလိုက်ထွက်လာတာ...မိန်းကလေးနဥ်က ဒီလိုအခွင့်အရေးမျိုးကို ထပ်ပြီးရှာတွေ့နိုင်မှာမဟုတ်ဘူး...ပြီးတော့ အဲ့ဒီကောင်က ဝေးလံခေါင်သီတဲ့ရွာငယ်တစ်ခုကနေ ထွက်လာတာပဲ ဖြစ်ရမယ်...သူ့ရဲ့ပါးစပ်က ထွက်သမျှစကားတွေက ပေါက်ကရတွေချည်းပဲ...မိန်းကလေးနဥ်က ဘာလို့ သူ့ကို ယုံနေတာလဲ"

နဥ်အမ်ထုံသည် သံသယရှိနေသော်လည်း ယခုလက်ရှိချိန်တွင် သူမ ထပ်မံ၍ စဥ်းစားတွေးတောနိုင်ခြင်းမရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က သူမ တခြားသူများနှင့်အတူ နတ်ဆိုးမှော်သားရဲတောအုပ်၏အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သော အခွင့်အရေးကြီးပင်။

"ကောင်းပြီလေ...သွားကြစို့...ငါတို့ ဂရုတော့စိုက်ရမယ်"

နဥ်အမ်ထုံက သူမ၏နှုတ်ခမ်းကိုကိုက်၍ ပြောဆိုသည်။

နဥ်အမ်ထုံသည် နောက်ဆုံး၌ သဘောတူညီလိုက်သည်ကိုကြည့်ပြီး ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်များသည် သူတို့၏ပခုံးများပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားရလေ၏။

ကျန်းချင်က ဝမ်ခန်းကိုကြည့်ကာ မေးမြန်းလိုက်သည်။

"သခင်လေးဝမ်...အစောင့်တွေကို ကင်းထောက်လုပ်ပေးဖို့အတွက် အကြောင်းကြားလိုက်ရမလား"

ဝမ်ခန်းက သူ၏လက်ကိုဝှေ့ယမ်းကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မလိုဘူး...ငါ့ရဲ့ခွန်အားနဲ့ဆိုရင် အဲ့ဒီနတ်ဆိုးမှော်သားရဲတွေက ငါတို့ကို ထိခိုက်နာကျင်အောင်လုပ်နိုင်မယ်လို့ မင်းတို့ထင်လား"

"ကျွန်တော်တို့ မထင်ဝံ့ပါဘူး...သခင်လေးဝမ်ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မြင့်မားပြီးတော့ ကျင့်ကြံနည်းစနစ်တွေကလည်း အရမ်းထူးချွန်တယ်...အဲ့ဒီနတ်ဆိုးမှော်သားရဲအရိုင်းအစိုင်းတွေက သခင်လေးဝမ်ရဲ့ပြိုင်ဘက် ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

ကျန်းချင်သည် ထိတ်လန့်တုန်လှုပ်သွားကာ ပျာပျာသလဲ ပြင်ဆင်ပြောဆိုလိုက်၏။

ဤတစ်ကြိမ်တွင် သူတို့ အမဲလိုက်ထွက်လာရခြင်း၏ရည်ရွယ်ချက်သည် ဝမ်ခန်းနှင့်နဥ်အမ်ထုံအကြားရှိ ဆက်ဆံရေးတိုးတက်လာစေရန်ပင်။

အကယ်၍ အစောင့်များအားလုံးကိုခေါ်ကာ နတ်ဆိုးမှော်သားရဲများအားလုံးကို မောင်းထုတ်လိုက်ပါက ဝမ်ခန်းသည် သူ၏ခွန်အားကိုပြသနိုင်ရန် မည်ကဲ့သို့ အခွင့်အရေးရရှိတော့မည်နည်း။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် ကျန်းချင်သည် အစောပိုင်းက သူ စကားအလွန်အကျွံမပြောမိသည်မှာ ကံကောင်းသည်ဟု တွေးတောမိလေ၏။

ထိုလူစုသည် အလွန်လျှင်မြန်စွာဖြင့် နတ်ဆိုးမှော်သားရဲတောအုပ်၏အတွင်းပိုင်းသို့ ဝင်ခဲ့ကြတော့သည်။

"အမ်ထုံ....မင်း ဘယ်နေရာကို အရင်ဆုံးစုံစမ်းချင်လဲ"

ဝမ်ခန်းက နဥ်အမ်ထုံကိုကြည့်၍ မေးမြန်းသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အမဲလိုက်ခြင်းသည် အသေးအဖွဲကိစ္စတစ်ရပ်ဖြစ်ပြီး နဥ်အမ်ထုံကိုပိုးပန်းရန်သည် အဓိကကိစ္စပင်။

နဥ်အမ်ထုံသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။သူမက ထိုအရာကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူမသည် မြေပြင်ပေါ်ရှိ အစက်အပျောက်တစ်ခုကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။

"အဲ့ဒီနေရာပဲ"

ဤကိစ္စတွင် တစ်စုံတစ်ယောက် ထိုနေရာ၌ ပျောက်ဆုံးသွားခဲ့သည်ကို မှတ်တမ်းတင်ထားလေ၏။

မြေပုံအရ ထိုနေရာတွင် ရေတံခွန်တစ်ခုရှိနေသည်။

"သွားကြစို့...ရှေ့ကိုဆက်သွားကြမယ်"

ဝမ်ခန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သူတို့လူစုသည် လေထုအတွင်းမှပျံသန်းမသွားဘဲ တောအုပ်ကိုဖြတ်သန်း၍သွားရန် ရွေးချယ်ခဲ့ကြ၏။

မည်သို့ပင်ဆိုစေကာမူ လေထုအတွင်း၌ ပျံသန်းနေသောပစ်မှတ်မှာ အလွန်ကြီးမားသည်။သူတို့သည် လေထုအတွင်း၌ ပျံသန်းလိုက်သည်နှင့် နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းတွင်ရှိနေသော ရက်စက်ကြမ်းကြုတ်သည့်ငှက်များမှ ရှာဖွေတွေ့ရှိသွားပေမည်။

Thank For Reading.

All Chapters