← Chapters

အခန်း (၃၃၂၆-၃၃၃၀)

Vol. 170 Ch. 3326-3330

အခန်း (၃၃၂၆-၃၃၃၀)

Vol. 170 Ch. 3326-3330

Chapter 3326

တောအုပ်အတွင်း၌ သွားလာခြင်းသည် ပတ်ဝန်းကျင်ရှိသစ်ပင်များ လွှမ်းခြုံနေခြင်းကြောင့် လွယ်လင့်တကူ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။

ကျင့်ကြံသူများသည် သူတို့၏မှော်စွမ်းအားများမှ ထောက်ပံမှုကြောင့် သူတို့၏အပြေးသွားခြင်းသည် အလွန်လျှင်မြန်ပေ၏။သူတို့၏အရှိန်နှုန်းသည် ပျံသန်းသည်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

သူတို့လူစုသည် သစ်ပင်များကြားမှ ဖြတ်သန်းခဲ့ကြပြီးနောက် မကြာမီမှာပင် သူတို့၏နားများအတွင်းသို့ ရေတံခွန်မှရေစီးကျသံများ ဝင်ရောက်လာသည်။

ရေတံခွန်မှရေများသည် အလွန်မြင့်မားသောနေရာမှ စီးကျနေသဖြင့် ရေအိုင်အတွင်း၌ရေများ လှိုင်းခတ်နေသည်။ဤရေစီးသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေ၏။

"ဒါက ရှေ့ဆိုရင်ရောက်ပြီ"

လူငယ်သခင်လေးတစ်ယောက်သည် ရုတ်တရက် သူ၏အရှိန်နှုန်းကိုမြှင့်တင်ကာ ရှေ့သို့အပြေးသွားလေသည်။

ဝမ်ခန်းသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိသော်လည်း ဤနေရာ၌ရောက်နေသော လူငယ်များအားလုံး ဝမ်ခန်းထံမှမျက်နှာသာပေးမှုကို ရရှိရန်အတွက် လုပ်ဆောင်လိုကြသည်။ယခုချိန်တွင် လမ်းကြောင်းရှာဖွေရန် အခွင့်အရေးတစ်ခု ရရှိပြီဖြစ်သဖြင့် သူတို့သည် လက်လွတ်မခံနိုင်ချေ။

ထိုလူငယ်၏လှုပ်ရှားမှုနည်းစနစ်သည် အလွန်အမင်း လျှင်မြန်ပေ၏။သူသည် ခြုံပုတ်များအကြားမှရှောင်ရှားကာ မကြာမီမှာပင် ရေတံခွန်၏အနီးသို့ ရောက်ရှိသွားသည်။

သို့ရာတွင် သူ ထိုနေရာသို့ ရောက်ရှိသွားပြီး မကြာမီမှာပင် မိုးကောင်းကင်တခွင်လုံး တုန်ခါသွားလုမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

ဝေါင်း...

ကျယ်လောင်သောဟိန်းဟောက်သံကြီးနှင့်အတူ အနက်ရောင်ပုံရိပ်တစ်ရိပ်သည် အလွန်လျှင်မြန်သောအရှိန်နှင့် ပျံသန်းလာ​သည်ကို သူတို့အားလုံး တွေ့မြင်မိလေ၏။

အစောပိုင်းက ပြေးထွက်သွားသော လူငယ်သခင်လေးသည် စူးရှနာကျင်စွာအော်ဟစ်ပြီး ကြီးမားသောခွန်အားကြောင့် လွင့်ထွက်သွားကာ ဝမ်ခန်းတို့လူစု၏ရှေ့သို့ ပြုတ်ကျလာသည်။

မူလက အသည်းအသန် အပြေးသွားနေသော လူငယ်တချို့သည် ချက်ချင်းရပ်တန့်ပြီး သူတို့၏ရှေ့ရှိမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

ရုတ်တရက် ကြီးမားသောဦးခေါင်းကြီးတစ်လုံးက ခြုံပုတ်များအကြားမှ ထွက်ပေါ်လာသည်။

ဤသည်က အလွန်ကြီးမားပြီး သန်မာထွားကျိုင်းသော ကျားကြီးတစ်ကောင်ပင်။ထိုကျား၏ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်သားမွှေးများ ဖုံးလွှမ်းနေသည်။ထိုသားမွှေးများပေါ်တွင် အစက်အပျောက်များရှိနေရာ ကြည့်ရသည်မှာ ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

ဤအချိန်အခိုက်အတန့်တွင် ကျားနက်ကြီးသည် အေးစက်စက်မျက်လုံးတစ်စုံဖြင့် ရေတံခွန်အနီးသို့ရောက်လာသော လူငယ်တစ်စုကို စူးစိုက်၍ကြည့်နေသည်။

ထိုအကြည့်၏စူးစိုက်ကြည့်ခြင်းကို ခံရချိန်တွင် သူတို့အားလုံး၏ခန္ဓာကိုယ်များကို အေးစက်စက်အငွေ့အသက်များ ဖြတ်သန်းသွားသည်။

"မကောင်းတော့ဘူး...ဒါက အထွတ်အထိပ်အဆင့် နတ်ဆိုးမှော်သားရဲဘုရင်ပဲ"

နဥ်အမ်ထုံသည် သူမ၏ကျောရိုးတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားမိချိန်တွင် သူမ၏ဦးရေပြား ထုံကျင်သွားလေ၏။

ဤကဲ့သို့နတ်ဆိုးမှော်သားရဲဘုရင်များသည် များသောအားဖြင့် မှော်သားရဲတောအုပ်၏နက်ရှိုင်းသောနေရာများတွင်သာ နေထိုင်သည်။

သာမာန်အားဖြင့် ထိုသားရဲဘုရင်များသည် သူတို့၏ပိုင်နက်နယ်မြေများအတွင်း၌သာ လှုပ်ရှားနေလေ့ရှိသည်။သို့ရာတွင် ဤနေရာသည် သားရဲဘုရင်တစ်ကောင်၏ပိုင်နက်မဟုတ်သည်မှာ သိသာထင်ရှားနေလေရာ မည်သည်ကြောင့် ထွက်ပေါ်လာရသနည်း။

လူငယ်များ အသိပြန်မဝင်သေးမီမှာပင် နတ်ဆိုးသားရဲများက သစ်ပင်များအကြားမှ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကာ သူတို့ရှေ့ရှိ လူသားများကို စူးစိုက်၍ကြည့်နေလေ၏။

ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ထူထပ်သိပ်သည်းသော သွေးညှီနံများနှင့် ပြည့်နှက်သွားသည်။

ကျန်းချင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဘယ်လိုလုပ်ပြီးတော့...ဒီနေရာမှာ နတ်ဆိုးမှော်သားရဲဘုရင်တွေ စုဝေးနေတာလဲ"

သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် ရုတ်တရက် သူ့အောက်ရှိမြေပြင် ကျွံဝင်သွားသည်။

ရုတ်ချည်းဆိုသလိုပင် မြေနဂါးတစ်ကောင်က မြေအောက်မှတိုးထွက်လာကာ သူ၏ပါးစပ်ကိုဖွင့်ဟ၍ ကျန်းချင်ကို ဝါးမြိုလိုက်၏။

"အား..."

ကျန်းချင်သည် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိချေ။သူသည် ထိတ်လန့်တကြား အော်ဟစ်ပြီးနောက် မြေနဂါး၏ပါးစပ်အတွင်း၌ သေဆုံးသွားတော့သည်။

ဂျွတ်..ဂျွတ်...

မြေနဂါးသည် ပြင်းပြင်းထန်ထန်ကိုက်ဝါးနေလေရာ သူ၏ပါးစပ်မှနေ၍ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်နေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူငယ်ပါရမီရှင်တစ်ယောက်သည် နတ်ဆိုးမှော်သားရဲတစ်ကောင်၏ဝါးမြိုခြင်းကို ခံလိုက်ရလေပြီ။ကျန်းချင်၏စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီးက လူငယ်များအားလုံး၏နားများအတွင်းတွင် ပဲ့တင်ထပ်နေဆဲပင်။

"မြန်မြန်...လူခွဲပြီးပြေးကြတော့"

လူငယ်များအားလုံး ​ကြောက်စိတ်မွှန်သွားကြသည်။

ဤတောအုပ်အတွင်းတွင် ယခင်က သူတို့ ရင်ဆိုင်ခဲ့ဖူးသမျှ နတ်ဆိုးမှော်သားရဲဘုရင်များအနက် အားအကောင်းဆုံးမှာ သာမာန်နတ်ဆိုးမှော်သားရဲဘုရင်ပင်။

သို့ရာတွင် ဤမြေနဂါးသည် မိုးကောင်းကင်နှင့်မြေပြင်ကို ပိတ်ဖုံးလုမတတ် အလွန်ကြီးမားကာ သာမာန်နတ်ဆိုးမှော်သားရဲဘုရင်များ ယှဥ်ပြိုင်နိုင်မည်မဟုတ်သော အရှိန်အဝါမျိုးကို ထုတ်လွှတ်နေသည်။

ဤသည်က နတ်ဆိုးသားရဲဧကရာဇ်တစ်ကောင်ပင်။

ဤအဆင့်သို့ရောက်ရှိသွားသော နတ်ဆိုးမှော်သားရဲတစ်ကောင်သည် မှော်သားရဲတောအုပ်၏နက်ရှိုင်းသောနေရာတွင်သာ ပုန်းအောင်းနေကာ ပြင်ပသို့ လွယ်လင့်တကူ ထွက်လာလေ့မရှိချေ။

အကြောင်းအရင်းမှာ ဤကဲ့သို့တည်ရှိမှုကြီးတစ်ခု ထွက်ပေါ်လာပါက ရှီးလျန့်ကြယ်နယ်မြေမှအစွမ်းထက်ကျင့်ကြံသူများ သတိပြုမိသွားနိုင်ကာ မှော်သားရဲတောအုပ်အတွက် သေစေနိုင်သောကပ်ဘေးကြီး ဆိုက်ရောက်လာနိုင်သောကြောင့်ပင်။

"ပြေးကြတော့"

မြေနဂါးကိုမြင်တွေ့သည်နှင့် သူတို့အားလုံးသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့ကြတော့သည်။

Chapter 3327

မြေကမ္ဘာအင်မော်တယ် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤကဲ့သို့ နတ်ဆိုးသားရဲဧကရာဇ်တစ်ကောင်နှင့် ရင်ဆိုင်ရပါက အသက်ရှင်လွတ်မြောက်နိုင်ရန် လွန်စွာခက်ခဲပေရာ သူတို့ဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။

သူတို့သည် ပါရမီရှင်များဖြစ်သော်လည်း ကြီးပြင်းခြင်းမရှိသေးသော ပါရမီရှင်များသည် ပုရွက်ဆိတ်များနှင့် ကွဲပြားခြားနားခြင်းမရှိချေ။

ဥပမာအနေဖြင့် သေဆုံးသွားသော ကျန်းချင်သည် တစ်ချိန်က ရှီးလျန့်မြို့အတွင်းရှိ လူငယ်ပါရမီရှင်အမြောက်အများကိုအနိုင်ယူခဲ့ကာ နာမည်ဂုဏ်သတင်းကျော်ကြားခဲ့သူဖြစ်သည်။သို့ရာတွင် အဆင့်မြင့်နတ်ဆိုးမှော်သားရဲများ၏အမြင်၌ သူသည် သာမာန်ကျင့်ကြံသူတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

ဝေါင်း....

နတ်ဆိုးမှော်သားရဲများသည် လူသားများ၏အရိပ်အယောင်ကို တွေ့မြင်မိသည်နှင့် ရန်သူများကို ရင်ဆိုင်တွေ့သည့်အလား လိုက်လံဖမ်းဆီးကြလေ၏။

ကြွင်းကျန်သော မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးတစ်လုံးကို အစွမ်းထက်သောနတ်ဆိုးမှော်သားရဲဧကရာဇ်တစ်ကောင်မှ ယူဆောင်သွားလေပြီ။

လုယွီ၏လုယက်ခြင်းကို ခံရသောကြောင့် တခြားနတ်ဆိုးသားရဲများသည် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကို ရယူနိုင်ခဲ့ခြင်းမရှိချေ။သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကန့်အသတ်မရှိသော ဒေါသများဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့အချိန်အခိုက်အတန့်တွင် တောအုပ်အတွင်းသို့ဝင်လာဝံ့သော လူသားများရှိနေသဖြင့် နတ်ဆိုးမှော်သားရဲများ၏စိတ်ပိုင်းဆိုင်ရာများ ပြိုလဲသွားတော့သည်။

ဘာလဲ...မင်းတို့လူသားတွေက ဒီတောအုပ်ကို မင်းတို့ အေးအေးလူလူ လှည့်ပတ်အနားယူလို့ရတဲ့ မင်းတို့ရဲ့အနောက်ဘက်ဥယျာဥ်လို့ ထင်နေကြတာလား....

မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကို လုမယူနိုင်ခဲ့သော နတ်ဆိုးမှော်သားရဲများသည် သူတို့၏ဒေါသများကို ဝမ်ခန်းတို့လူစုပေါ်သို့ ပုံချလိုက်ကြ၏။

လူငယ်သခင်လေးများသည် ယခင်က ဤကဲ့သို့အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။ပတ်ဝန်းကျင်ရှိ နတ်ဆိုးမှော်သားရဲများ၏ဟိန်းဟောက်သံများကို ကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်။

သူတို့အနက်မှတစ်ယောက်သည် မတော်တဆ ချော်လဲသွားလေရာ နတ်ဆိုးသားရဲများ၏ဖမ်းဆီးခြင်းကိုခံရပြီး သွေးသံတရဲရဲဖြစ်သွားလေ၏။

"အား....သခင်လေးဝမ်...ကျွန်တော်ကို ကယ်ပါအုံး"

စူးရှနာကျင်စွာ အော်ဟစ်နေသံများက နောက်မှထွက်ပေါ်နေသော်လည်း ဤအချိန်အခိုက်အတန့်တွင် ဝမ်ခန်းသည် အသက်လု၍ထွက်ပြေးနေရသဖြင့် တခြားသူများကို ဂရုမစိုက်နိုင်ချေ။

သူ နဥ်အမ်ထုံနှင့်တခြားလူငယ်များသည် သူတို့၏မှော်လက်နက်များကို ထိန်းချုပ်ကာ နတ်ဆိုးမှော်သားရဲများ၏ဝိုင်းရံထားမှုမှ ဖောက်ထွက်ရန် ကြိုးပမ်းလိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးသားရဲများ၏အရိပ်အယောင်များက ကောင်းကင်နှင့်မြေပြင်တခွင်လုံးအနှံ့ ပြည့်နှက်နေသည်။

ထိုနတ်ဆိုးမှော်သားရဲများသည် အလွန်အစွမ်းထက်ပေ၏။အားအနည်းဆုံး နတ်ဆိုးမှော်သားရဲပင်လျှင် နတ်ဆိုးမှော်သားရဲဘုရင်အဆင့်၌ရှိသည်။

"ဒီလောက်များတဲ့ နတ်ဆိုးမှော်သားရဲတွေက ဘယ်နေရာကနေ ရောက်လာကြတာလဲ"

နဥ်အမ်ထုံက စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုသည်။

ဤမှော်သားရဲတောအုပ်အတွင်း၌ အလွန်အန္တရာယ်များသည်ကို သူမ ယခင်ကတည်းက သိရှိထားသော်လည်း ဤမျှထိအလွန်အန္တရာယ် ကြီးမားနေမည်ဟု သူမ မျှော်လင့်မထားမိချေ။

"အဲ့ဒီကောင်လေးက ငါတို့ကို တောအုပ်ထဲကိုမဝင်ဖို့ ဟန့်တားနေတာ အံ့အားသင့်စရာမရှိတော့ဘူး...တကယ်လို့ ငါတို့သာ သူ့ရဲ့စကားကို နားထောင်ခဲ့မိရင်..."

ထိုအကြောင်းကို တွေးတောမိချိန်တွင် နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ နောင်တများ ကြီးစိုးလာသည်။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလူငယ်များအားလုံးသည် နတ်ဆိုးမှော်သားရဲများ၏လိုက်လံဖမ်းဆီးခြင်းကို ခံရသဖြင့် ချောက်နက်ကြီးအတွင်းသို့ တရွတ်တိုက်ခုန်ဆင်းလိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးမှော်သားရဲများအားလုံး ရူးသွပ်နေသောအခြေအနေအတွင်းသို့ ကျရောက်နေသည်။သွေးများသည် သူတို့ကို လှုံဆော်ပေးသကဲ့သို့ဖြစ်နေသဖြင့် သူတို့အားလုံး ပို၍သွေးဆူလာကြသည်။

"ဝမ်ခန်း...နင့်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ရှီးလျန့်ရုံးတော်က အစွမ်းထက်ကျင့်ကြံသူတွေရှိတယ် မဟုတ်ဘူးလား...မြန်မြန်လေး သူတို့ကိုခေါ်လိုက်လေ"

နဥ်အမ်ထုံက ဝမ်ခန်းကိုကြည့်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ဤအချိန်တွင် ဝမ်ခန်းသည်လည်း အလွန်ကြီးမားသောပြဿနာနှင့် ရင်ဆိုင်နေရသည်ကို သိရှိထားပြီးလေပြီ။

သူသည် အင်္ကျီလက်မောင်းကြားမှ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။ထိုအဆောင်လက်ဖွဲ့သည် မီးလောင်ကျွမ်းသွားကာ ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းသို့ ပျံဝဲသွားတော့သည်။

ဤသည်က ရှီးလျန်ရုံးတော်သို့ အကူအညီတောင်းခံသော အချက်ပေးသင်္ကေတပင်။

ထိုအချက်ပေးသင်္ကေတ ထွက်ပေါ်လာသည်နှင့် ရှီးလျန်ရုံးတော်မှ အစောင့်များသည် အမြန်ဆုံးနည်းဖြင့် ဤနေရာသို့ ရောက်ရှိလာကြပေမည်။

အဆောင်လက်ဖွဲ့သည် အလွန်အမင်းလျှင်မြန်သောအရှိန်နှင့် မိုးကောင်းကင်ယံအတွင်း၌ ပျံဝဲနေသည်။သို့သော် ထိုအချိန်မှာပင် ကြီးမားပြီး ကြမ်းတမ်းသော လက်သည်းကြီးတစ်ဖက်ထွက်ပေါ်လာကာ ထိုအဆောင်လက်ဖွဲ့ကို ဖမ်းဆုပ်လိုက်၏။

ဝုန်း...

မီးလောင်ကျွမ်းနေဆဲဖြစ်သော အဆောင်လက်ဖွဲ့သည် ထိုလက်သည်းကြီးကြောင့် ပျက်စီးသွားတော့သည်။

ဤသည်က မြေနဂါးပင်။

မြေကြီးအတွင်းမှထွက်လာပြီးနောက် ထိုမြေနဂါးသည် ကောင်းကင်ယံအတွင်းသို့ပျံသန်းကာ သူ၏ထက်ရှသောလက်သည်းများနှင့် ထိုအဆောင်လက်ဖွဲ့ကို ဖျက်ဆီးလိုက်၏။

ထိုအဆောင်လက်ဖွဲ့သည် အချက်ပေးသင်္ကေတကို မထုတ်လွှတ်နိုင်သေးမီမှာပင် မြေနဂါး၏လက်ချက်ကြောင့် ပျောက်ကွယ်သွားလေပြီ။

Chapter 3328

"မကောင်းတော့ဘူး"

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် စိတ်ဓာတ်ကျသွားသော အရိပ်အယောင်များက ဝမ်ခန်းနှင့်နဥ်အမ်ထုံတို့၏မျက်နှာများပေါ်၌ ထင်ဟပ်လာသည်။

ရှီးလျန့်ရုံးတော်မှအစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏မှီခိုအားထားရာပင်။ယခုချိန်၌ ထိုအဆောင်လက်ဖွဲ့ ပျက်စီးသွားသဖြင့် သူတို့အားလုံး အဆုံးသတ်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

နတ်ဆိုးမှော်သားရဲများ၏ပါးစပ်များအတွင်းသို့ ရောက်ရှိသွားသော လူငယ်များလည်းရှိနေသည်။သူတို့သည် နတ်ဆိုးမှော်သားရဲများ၏ဖမ်းဆီးခြင်းကို ခံရသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစပြတ်တောက်သွားသည်။

ကျင့်ကြံသူများထံတွင် မှော်စွမ်းအားများရှိနေသဖြင့် နတ်ဆိုးမှော်သားရဲများကို ယှဥ်ပြိုင်နိုင်သော်လည်း လူသားခန္ဓာကိုယ်သည် လွန်စွာနုနယ်ပေ၏။သူတို့အား နှိုင်းယှဥ်ကြည့်ရန်ပင် မထိုက်တန်ချေ။

အစွမ်းထက်သောနတ်ဆိုးမှော်သားရဲများသည် အင်အားအနည်းငယ်စိုက်ထုတ်ရုံဖြင့် သူတို့ရှေ့ရှိလူသားများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။

"ယုတ်ညံတဲ့သားရဲကောင်...ဒီဓားချက်ကိုကြည့်စမ်း"

မြေနဂါးကြီး ချဥ်းကပ်လာသည်ကို မြင်တွေ့ချိန်တွင် ဝမ်ခန်းက ရုတ်တရက် နောက်သို့လှည့်လိုက်သည်။သူ၏လက်အတွင်း၌ မှော်စွမ်းအားများစုဝေးသွားကာ အကန့်အသတ်မရှိသောဓားချီများ ပွင့်အံ့ထွက်လာသည်။

ထိုဓားချီများမှနေ၍ ယင်ချီအရှိန်အဝါများထွက်ပေါ်နေကာ ထိုအရာများပေါ်၌ ထူထပ်သိပ်သည်းသော နတ်ဆိုးချီများ လွှမ်းခြုံနေသည်။

ဤလှုပ်ရှားမှုသည် အလွန်ကြီးကျယ်ခမ်းနားကာ နတ်ဆိုးနတ်ဘုရားတစ်ပါး သေမျိုးလောကအတွင်းသို့ ဆင်းသက်လာသည့်အလားပင်။တုန်လှုပ်ချောက်ချားဖွယ်နတ်ဆိုးချီများ ထွက်ပေါ်လာခြင်းနှင့်အတူ အေးစက်စက်အရှိန်အဝါများကလည်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဓားပျံများသည် လေထုကိုဖြတ်သန်းသွားလေရာ စူးရှသောလေတိုးသံများ ထွက်ပေါ်လာပေ၏။

ဝမ်ခန်းသည် ရှီးလျန်မြို့အတွင်းရှိ လူငယ်ပါရမီရှင်များအကြား၌ နံပါတ်တစ်လူငယ်ပါရမီရှင်ဟု ခေါ်ဆိုခံရန် အမှန်တကယ်ကိုထိုက်တန်သည်။သူ၏မှော်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်သော အချိန်အခိုက်အတန့်၌ အလွန်သာလွန်ထူးကဲသောလှုပ်ရှားမှုပင်။

ဒေါင်...ဒေါင်...ဒေါင်...

ဓားပျံများသည် မြေနဂါး၏ခန္ဓာကိုယ်နှင့် ထိတွေ့မိချိန်တွင် တဒေါင်ဒေါင်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သို့ရာတွင် မြေနဂါး၏အပေါ်ယံခန္ဓာကိုယ်သည် မည်သည့်အရာဖြင့် ဖွဲ့စည်းထားကြောင်း မသိရသော်လည်း အလွန်အမင်းမာကျောသည်။ဓားချီများ ကျရောက်သွားသော်လည်း မြေနဂါးကို အနည်းငယ်မျှပင် သက်ရောက်ပုံမရချေ။ထိုဓားချီများသည် မြေနဂါး၏ကြေးခွံများကိုပင် ထွင်းဖောက်သွားနိုင်ခြင်းမရှိပေ။

မြေနဂါး၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ထို့နောက် သူ၏ထက်ရှသောလက်သည်းကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်၏။

ဝှစ်....

ထက်ရှသောလက်သည်းကြီးသည် စူးရှရှလေတိုးသံနှင့်အတူယှဥ်တွဲ၍ လေဟာနယ်ကို ဖြတ်သန်းသွားသည်။

"မကောင်းတော့ဘူး"

ထက်ရှသောလက်သည်းကြီး သူ့ထံချဥ်းကပ်လာသည်ကိုမြင်တွေ့ချိန်တွင် ဝမ်ခန်းသည် သူ ရှောင်တိမ်း၍မရတော့သည်ကို ချက်ချင်းသိနားလည်သွားသည်။

သူနှင့်နတ်ဆိုးသားရဲဧကရာဇ်အကြားတွင် ကွာဟချက် လွန်စွာကြီးမားပေ၏။

အကယ်၍ သူ ခွန်အားကုန်အသုံးပြုလျှင်ပင် နတ်ဆိုးသားရဲတစ်ကောင်၏တိုက်ခိုက်မှုအောက်မှ ထိခိုက်ဒဏ်ရာမရရှိဘဲ လွတ်မြောက်နိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။

"အမ်ထုံ...ငါ့ကိုစောင့်နေ...ငါ အကူအညီတွေခေါ်ပြီးတော့ မင်းကို ပြန်လာရှာမယ်"

ထိုသို့ပြောဆိုပြီးနောက် ဝမ်ခန်းသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သူ၏လည်ပင်းတွင်ဆွဲထားသော လည်ဆွဲကိုခြေမွှလိုက်သည်။

ထိုလည်ဆွဲ ကြေမွှပျက်စီးသွားသည်နှင့် အဖြူရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ဝမ်ခန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထို့နောက်မှနေ၍ ပတ်ဝန်းကျင်ရှိလေဟာနယ် လှုပ်ခတ်သွားကာ ဝမ်ခန်း၏ခန္ဓာကိုယ်ကိုရစ်ပတ်၍ အဝေးသို့ပို့ဆောင်လိုက်တော့သည်။

ဤသည်က ရွှယ်အင်မော်တယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားများပါဝင်သော လေဟာနယ်မှော်ရတနာတစ်ခုပင်။

သေရေးရှင်ရေးအခြေအနေမျိုးတွင် ထိုမှော်ရတနာသည် ဝမ်ခန်းကို အဝေးတစ်နေရာသို့ ပြောင်းရွှေ့ပေးနိုင်သည်။

ဝုန်း...

ဝမ်ခန်းသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပေ၏။မြေနဂါး၏တိုက်ခိုက်မှုသည် လွဲချော်သွားသဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်မိတော့သည်။

မြေပြင်ပေါ်၌ အက်ကွဲကြောင်းကြီးများ ထင်ဟပ်လာကာ မြေပြင်တစ်ပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံး မရပ်မနား တုန်ခါနေပေ၏။

နဥ်အမ်ထုံသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ဆင်းသက်လိုက်သည်။သူမသည် ထိတ်လန့်ကြောက်ရွံမှုအပြည့်ဖြင့် နောက်သို့လှည့်ကြည့်လိုက်၏။

အကြည့်တစ်ချက်ဖြင့်ပင် သူမသည် မြေနဂါး၏အနီရောင်မျက်လုံးတစ်စုံကို တွေ့မြင်မိသည်။

ထိုမျက်လုံးတစ်စုံအတွင်း၌ နဥ်အမ်ထုံကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုသည့်အလား သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ထိုမျက်လုံးများအတွင်း၌ မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။

"ငါ သေရတော့မှာလား"

နဥ်အမ်ထုံသည် သူမ၏စိတ်အတွင်းရှိ ထိတ်လန့်ကြောက်ရွံနေမှုများကို အတင်းအကြပ်ဖိနှိပ်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။

သူမ၏နောက်ရှိ မြေနဂါးသည် သူမကို အလွတ်ပေးမည့်ပုံမရချေ။မြေနဂါးသည် ပတ်ဝန်းကျင်ရှိမြေကြီးများကို အဆက်မပြတ်ဖြတ်သန်းကာ နဥ်အမ်ထုံထံဦးတည်၍ တဟုန်ထိုးပြေးသွားသည်။

ဘုန်း....ဘုန်း...​

မြေနဂါး ရှေ့သို့ရွေ့လျားသည့်အချိန်တိုင်း မြေပြင်းပေါ်၌ ကြီးမားသောချိုင့်များ ကျန်ရစ်ခဲ့သည်။ကျယ်လောင်သောအသံများသည် နဥ်အမ်ထုံ၏နားအတွင်း၌ ပဲ့တင်ထပ်နေပေ၏။ဤသည်က နဥ်အမ်ထုံ၏အသက်ကိုရယူလိုသည်ဟု သတိပေးနေသည့်အလား သူမကို ထိတ်လန့်ကြောက်ရွံသွားစေသည်။

Chapter 3329

"ငါ သေတော့မယ်...ငါ သေရတော့မှာလား"

နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။သူမသည် သူမ၏မှော်လက်နက်ကိုထိန်းချုပ်၍ အချိန်တခဏပင် မရပ်တန့်ဝံ့ချေ။သူမသည် သွေးရူးသွေးတန်းဖြင့် အဝေးသို့ ထွက်ပြေးခဲ့လေ၏။

အဝေးတစ်နေရာ၌ ရေအိုင်တစ်အိုင်ရှိသည်။

လုယွီက ထိုရေမျက်နှာပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မမြင်နိုင်သောလေစီးကြောင်းများ စီးဆင်းနေပုံရကာ သူ့အား မြှောက်တင်ထားပြီး လေထုအတွင်း၌ မျောလွင့်နေစေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ငှက်များ ငါးများနှင့် ပိုးမွှားများ၏အော်မြည်သံများပင်လျှင် ဤအချိန်အခိုက်အတန့်၌ ပျောက်ကွယ်နေပုံရသည်။

လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ သူသည် သဘာဝနှင့်ပေါင်းစပ်နေသည့်အလား လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်၏။

သူ၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သောမှော်စွမ်းအားလှိုင်းများသည် သူ၏မရီးဒါန်းများကိုဖြတ်သန်း၍ စီးဆင်းနေသည်။ထိုမှော်စွမ်းအားများသည် ထပ်ခါတလဲလဲလှည့်ပတ်ကာ သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေသည်။သွေးစွမ်းအားများနှင့်ရောယှက်နေသော မသန့်စင်သောအညစ်အကြေးများသည် သူ၏မွေးညှင်းပေါက်များမှတဆင့် စိမ့်ထွက်သွားသည်။ဤသည်က လုယွီကို အလွန်အမင်း လှုပ်ရှားတက်ကြွနေစေသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ မဟာတာအိုဂိတ်တံခါး ထပ်မံ၍ထွက်ပေါ်လာပေ၏။

ဤမဟာတာအိုဂိတ်တံခါးကြီးသည် မြောက်မြားစွာသော တာအိုအလင်းတိုင်များအကြား၌ မျောလွင့်နေကာ ကျင့်ကြံသူများ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားနေသော မိုးကောင်းကင်တံခါးကြီးကဲ့သို့ပင်။

ဤမဟာတာအိုဂိတ်တံခါးကို များသောအားဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသော ကျင့်ကြံသူတစ်ယောက်မှသာ ထိတွေ့နိုင်သည်။

သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။

တခြားသူများသည် အတုအယောင်အင်မော်တယ်များဖြစ်သော်လည်း သူသည် ရှေးဟောင်းတာအိုလမ်းကြောင်းကို လျှောက်လှမ်းနေသည့် တစ်ဦးတည်းသော အစစ်အမှန်အင်မော်တယ်ပင်။

ထို့ကြောင့် လုယွီသည် လောကီအင်မော်တယ် ဖြစ်လာချိန်မှစ၍ မဟာတာအိုဂိတ်တံခါးကို ထိတွေ့နိုင်ခဲ့သည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် မဟာတာအိုဂိတ်တံခါးနှင့် ခြေလှမ်းဆယ်လှမ်းကျော်သာ ဝေးကွာတော့သည်။

ဤသည်က သက်ရှည်မီးအိမ်နှင့်လည်း ထပ်တူထပ်မျှပင်။ထိုခြေလှမ်းဆယ်လှမ်းသည် အလွန်နီးကပ်ပုံရသော်လည်း လုယွီ၏စိတ်ဝိညာဥ်သည် ထိုအရာအနီးသို့ချဥ်းကပ်နိုင်ရန် မိုးကုပ်စက်ဝိုင်းတမျှ ဝေးကွာပေ၏။

နီးစပ်ပုံရသော်လည်း အမှန်အားဖြင့် လောကကြီးတစ်ခုမျှ ဝေးကွာသည်။

မဟာတာအိုဂိတ်တံခါးကိုဖွင့်ပြီး ဒဏ္ဍာရီလာ ထာဝရအသက်ကို ရယူနိုင်ရန်အတွက် ခြေလှမ်းတစ်လှမ်းတိုင်း အလွန်အမင်းခက်ခဲသည်။ဤအရာသည် လူအများစိတ်ကူးယဥ်တွေးတောထားသကဲ့သို့ လွယ်ကူခြင်းမရှိချေ။

ဤမီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးသည် သူ့အား အဆင့်ချိုးဖျက်နိုင်မည့် အခြေအနေမျိုးသို့ ရောက်ရှိသွားစေမည်ဟု မည်သူက တွေးထင်မိမည်နည်း။

လုယွီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဤမတိုင်ခင်ကတည်းက လုယွီထံတွင် မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်မည့် အရိပ်အယောင်များ ရှိနှင့်နေပြီးဖြစ်သည်။

ကံကြမ္မာစွမ်းအား၏ထောက်ပံပေးမှုကြောင့် လုယွီ၏ကျင့်ကြံမှုအရှိန်နှုန်းသည် ယခင်ထက် အဆသုံးဆယ်ခန့် ပို၍လျှင်မြန်နေပေ၏။

သူသည် မီးတောက်တိမ်တိုက်နတ်ဘုရားသစ်သီးကဲ့သို့ စိတ်ဝိညာဥ်ရတနာသစ်သီးကို ဝါးမြိုလိုက်သဖြင့် သူ အဆင့်ချိုးဖျက်နိုင်တော့မည့်အရိပ်အယောင်များ ပို၍ပြင်းထန်လာခဲ့သည်။

ထို့ကြောင့် အစောပိုင်းက သူ နဥ်အမ်ထုံတို့လူစုနှင့် စကားပြောဆိုနေစဥ်တွင် အလျင်စလို ထွက်ခွာခဲ့ရသည်။

လုယွီသည် မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ရှိနေကာ မဟာတာအိုဂိတ်တံခါး၏ရှေ့၌ စဥ်းစားတွေးတောနေသည်။

အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"ငါ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက လျှင်မြန်ပေမယ့် ငါ ချိုးဖျက်ခဲ့တဲ့အဆင့်တိုင်း ခိုင်မာတယ်...ငါက ဒီနေရာထိရောက်လာတာ အောင်မြင်မှုရဖို့အတွက် စိတ်လောပြီးမလုပ်ခဲ့ဘူး....ငါ ဒီကျင့်ကြံဆင့်တွေကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ဘာမှစိုးရိမ်ပူပန်ဖို့မလိုဘူး"

လုယွီသည် ယခင်က သူ အလွန်စိတ်လောသကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။သို့ရာတွင် သူ နောက်တစ်ဖန်ပြန်၍ စဥ်းစားတွေးတောမိချိန်တွင် သူ့ထံ၌ ရှေးဟောင်းအင်မော်တယ်များတွင်ရှိခဲ့သော အရင်းအမြစ်များရှိမနေကြောင်းကို သိရှိနားလည်သွားသည်။

သူသည် လုံလောက်သောစွမ်းအားများကို စုစည်းနိုင်မှသာ နောက်ဆုံး၌ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ပေမည်။

အရာအားလုံးသည် ရေစီးဆင်းသကဲ့သို့ အဆင်ပြေချောမွေ့နေပေ၏။

အတွေးတစ်ချက်နှင့်အတူ လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အတားအဆီးတချို့ အပြည့်အဝ ပွင့်ထွက်သွားသကဲ့သို့ ခံစားမိသည်။

'ခရက်'

ဟူသောအသံနှင့် လုယွီ၏ခန္ဓာကိုယ်အနည်းငယ်တုန်ရီသွားသည်။

ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသောရတနာများ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အလား သူ့ထံမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

လုယွီ၏ခေါင်းနောက်၌ အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာကာ သက်ရှိများအားလုံး၏စိတ်ဆန္ဒများ ပါဝင်နေသည့်အလားပင်။

လုယွီသည် မြေအောက်လောကနတ်ဘုရားအဖြစ်သို့ အသွင်ပြောင်းခဲ့စဥ်တွင် သူ စုဆောင်းခဲ့မိသော ကံကြမ္မာစွမ်းအားများ၏ ကြီးမားသောကူညီထောက်ပံမှုဖြင့် သူ့အား နောက်ထပ်အဆင့်သစ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်စေခဲ့သည်။

ဝုန်း...ဝုန်း...

ရေမျက်နှာပြင်ပေါ်သို့ ကျောက်တုံးကြီးတစ်တုံး ကျရောက်သွားသည့်အလား ရေများတဗွမ်းဗွမ်းထသွားသည်။

ရွှေငါးတစ်ကောင်သည် ရေအိုင်အတွင်းမှနေ၍ မြင့်မားသောလေထုအတွင်းသို့ မြောက်တက်သွားကာ ရေအတွင်းသို့ တဖန်ပြန်၍ပြုတ်ကျလာပေ၏။

ဤနေ့တွင်...

လုယွီသည် မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။

Chapter 3330

လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် အားကောင်းသောစိတ်ဝိညာဥ်စွမ်းအားများက သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ စီးဝင်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပေါကြွယ်ဝသောစိတ်ဝိညာဥ်စွမ်းအားများနှင့် ပြည့်နှက်နေစေသည်။

ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံဆင့်ချိုးဖျက်လိုပါက သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများအားလုံးကို အသုံးပြုရပေမည်။

ထိုကျင့်ကြံသူ၏အဆင့်ချိုးဖျက်မှု အောင်မြင်သွားစဥ်တွင် သူသည် အလွန်အားနည်းသောအခြေအနေမျိုးသို့ ရောက်ရှိသွားပေမည်။

ထို့ကြောင့် ကျင့်ကြံသူအများစုသည် ကျင့်ကြံဆင့်ချိုးဖျက်စဥ်၌ တခြားသူများ၏နှောက်ယှက်ခြင်းမှကင်းဝေးစေရန် ဝေးလံခေါင်သီပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရွေးချယ်ကြလေ၏။သူတို့သည် သစ္စာရှိလူယုံများကိုပင် မလှမ်းမကမ်း၌ စောင့်ကြပ်စေကာ တခြားသူများ အလစ်အငိုက်ဖမ်း၍ မတိုက်ခိုက်နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ထားသည်။

သို့ရာတွင် လုယွီကမူ ထိုကဲ့သို့စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

သူ၏သာမာန်စုဆောင်းမှုများသည် လုံလောက်သည်အထိ မြင့်တက်နေလေပြီ။ဤကဲ့သို့အခြေအနေမျိုးတွင် သူ အဆင့်ချိုးဖျက်နိုင်ရန်အတွက် အခွင့်အရေးကောင်းကြီးတစ်ခု ရရှိရန်သာလိုအပ်သည်။

ထို့ကြောင့် သူ အဆင့်ချိုးဖျက်ခဲ့သောအချိန်တွင် သူ၏စွမ်းအားများ အထွတ်အထိပ်သို့ရောက်ရှိနေချိန်ဖြစ်သည်။

"ငါ မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်ကို ရောက်တဲ့အချိန်မှာ နယ်မြေသခင်တစ်ယောက်နဲ့တောင် တိုက်ခိုက်နိုင်ပြီ"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

ကျီးကန်းနက်နတ်ဘုရားနှင့် သူ ယှဥ်ပြိုင်တိုက်ခိုက်ဝံ့ခဲ့သော အကြောင်းအရင်းမှာ သူ့ထံ၌ ရှေးဟောင်းသိုင်းပညာနည်းစနစ်များ ရှိနေသောကြောင့်ပင်။ထိုတိုက်ပွဲအပြီးတွင် လုယွီသည် အလွန်အမင်းအားနည်းသွားကာ အချိန်အတော်ကြာယူ၍ ပြန်လည်ကုသခဲ့ရသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏မှော်စွမ်းအားများ ထပ်မံ၍မြင့်တက်သွားလေပြီ။သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် ပေါင်းစပ်လိုက်ပါက နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်ပေမည်။

သူ့ထံ၌ လုံလောက်သောခွန်အားရှိမှသာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရှိ ရန်သူများကို ရင်ဆိုင်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိလာသည်။

လုယွီသည် သူရရှိထားသော စွမ်းအားအသစ်ကို လေ့လာဆင်ခြင်နေစဥ်မှာပင် အဝေးမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာပေ၏။

ထို့နောက် ရေအိုင်၏အစပ်ရှိ မြေသားများ ရုတ်တရက် ကြေမွှပျက်စီးသွားသည်။မြေစိုင်ခဲများ နေရာအနှံ့အပြားသို့ ဖြာကျသွားခြင်းနှင့်အတူ ဖုန်မှုန့်များတထောင်းထောင်း ထသွားသည်။

ထိုဖုန်မှုန့်များ၏အလယ်မှနေ၍ လူရိပ်တစ်ရိပ်က အလျှင်အမြန် ပြေးထွက်လာသည်။သူမ၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပြီး တစ်စုံတစ်ခုက သူမ၏နောက်မှနေ၍ လိုက်လံဖမ်းဆီးနေသကဲ့သို့ပင်။

ဤသည်မှာ နဥ်အမ်ထုံပင်။

ယခုချိန်တွင် သူမသည် အလွန်ဆိုးဝါးသောအခြေအနေမျိုးသို့ ရောက်ရှိနေပေ၏။သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်စုံတွင် ပြတ်ရှရာများဖြင့် ပြည့်နှက်နေသည်။

နဥ်အမ်ထုံ၏ခြေထောက်အောက်ရှိ ဓားပျံသည်လည်း ကျိုးပဲ့နေကာ သိသာထင်ရှားသောအက်ကွဲကြောင်းကြီးများကို မြင်နေရသည်။

သူမ၏ဆံပင်များသည်လည်း လုံးလုံးလျားလျား ဖွာလန်ကျဲနေလေပြီ။သူမထံတွင် ယခင်ကဲ့သို့တင့်တယ်လှပမှုမျိုးမရှိတော့ဘဲ သူမသည် လိုက်လံဖမ်းဆီးခံနေရသော လေလွင့်ခွေးတစ်ကောင်နှင့် တူညီနေပေ၏။

ဝေါင်း....ဝေါင်း...

သားရဲဟိန်းဟောက်သံများက နဥ်အမ်ထုံ၏နောက်မှ ထွက်ပေါ်နေသည်။

ထိုသားရဲဟိန်းဟောက်သံများ နီးကပ်လာသည်ကို ကြားချိန်တွင် နဥ်အမ်ထုံ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူမသည် အစောပိုင်းက ထပ်ခါတလဲလဲ ရှောင်တိမ်းခဲ့ရသည်။သူမသည် မြေနဂါး၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အလွန်အန္တရာယ်များပေ၏။

ထို့ထက်ပို၍ အခက်ခဲဆုံးအပိုင်းမှာ နဥ်အမ်ထုံသည် သူမ၏မှော်စွမ်းအားများ တစတစပို၍လျော့နည်းလာသည်ကို ခံစားမိခြင်းပင်။

ဤအချိန်တွင် သူမသည် ရှီးလျန်မြို့နှင့်လည်း တဖြည်းဖြည်း ဝေးကွာလာလေပြီ။

သူမနောက်သို့ လိုက်လံဖမ်းဆီးနေသော နတ်ဆိုးမှော်သားရဲများသည် အလွန်အမင်းမြင့်မားသောဥာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။နဥ်အမ်ထုံသည် ရှီးလျန်မြို့ဘက်သို့ ဦးတည်၍ပြေးနေသည်ကို ရိပ်စားမိသဖြင့် သူတို့သည် နေရာပေါင်းစုံမှ ပိတ်ဆို့ဟန့်တားထားသည်။

ထို့ကြောင့် နဥ်အမ်ထုံ ဦးတည်ပြေးနေသောလားရာသည် တဖြည်းဖြည်း သွေဖည်သွားပေ၏။သူမသည် ရှီးလျန်မြို့နှင့် ပို၍ဝေးကွာလာသည်ကို မြင်တွေ့သည်နှင့်အမျှ နဥ်အမ်ထုံ ပို၍စိုးရိမ်ပူပန်လာသည်။

သူမ ဤနေရာသို့ရောက်လာစဥ်တွင် ယခုကဲ့သို့ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားမိသဖြင့် အကူအညီတောင်းခံသောမြှားကို ယူဆောင်မလာခဲ့မိချေ။

ယခုချိန်၌ ဤကဲ့သို့ဝေးလံခေါင်သီသောနေရာမျိုး၌ အကယ်၍ သူမ သေဆုံးသွားလျှင်ပင် မည်သူမျှသိရှိမည်မဟုတ်ချေ။

"ငါ ဒီလိုနေရာမျိုးမှာ သေဆုံးရလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

နဥ်အမ်ထုံသည် ထိုအကြောင်းကိုတွေးတောမိချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် စိတ်ဓာတ်ကျသွားလေ၏။

သူမ၏အသက်သည် ငယ်ရွယ်သေးသဖြင့် ဤကဲ့သို့နေရာမျိုး၌ သူမ၏အသက် အဆုံးသတ်သွားစေလိုခြင်းမရှိချေ။

အဝေး၌ ရေအိုင်တစ်အိုင်ရှိနေခြင်းကို သူမ မြင်တွေ့မိသည်။

နဥ်အမ်ထုံသည် သူမ၏အသက်ရှုနှုန်းကိုထိန်းသိမ်းကာ အာရုံစူးစိုက်လိုက်၏။ထို့နောက် သူမ၏မှော်ရတနာကိုထိန်းချုပ်ကာ ထိုရေအိုင်အနီးမှနေ၍ အလျှင်အမြန်ထွက်ခွာသွားနိုင်ရန် ဟန်ပြင်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ထိုရေအိုင်၏အောက်၌ နတ်ဆိုးသားရဲတစ်ကောင် ပုန်းအောင်းနေမနေကို မည်သူမျှမပြောနိုင်ချေ။

All Chapters