အခန်း (၃၃၃၁-၃၃၃၅)
Vol. 170 Ch. 3331-3335
Chapter 3331
နဥ်အမ်ထုံသည် ဓားပျံကိုထိန်းချုပ်ကာ ထိတ်လန့်တကြား ပျံသန်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူမ၏နောက်မှနေ၍ ပို၍ကျယ်လောင်သောဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
သူမသည် အလျင်စလို နောက်သို့လှည့်ကြည့်လိုက်ရာ နတ်ဆိုးသားရဲဧကရာဇ်မြေနဂါးက သူမထံ တိုးဝင်လာသည်ကို တွေ့မြင်မိပေ၏။
မြေနဂါးသည် ရုတ်တရက် မြေပြင်မှတိုးထွက်လာသဖြင့် မာကျောသောမြေသားများ ဖွာလန်ကျဲသွားသည်။ထိုမြေနဂါး၏မျက်လုံးများ ပြူးကျယ်နေကာ နဥ်အမ်ထုံကိုကိုက်ရန်အတွက် သူ၏ပါးစပ်ကြီးကို ဖွင့်ဟထားသည်။
"မကောင်းတော့ဘူး"
နဥ်အမ်ထုံသည် နောက်ဆုံးလက်ကျန်အဆောင်လက်ဖွဲ့ကို သူမ၏လက်မောင်းကြားမှ ထုတ်ယူလိုက်၏။သူမ၏စိတ်စွမ်းအားဖြင့် ထိုအဆောင်လက်ဖွဲ့ကိုထွန်းညှိကာ မြေနဂါးထံသို့ ပစ်လွှတ်လိုက်သည်။
ဤအဆောင်လက်ဖွဲ့ကိုကြည့်ရသည်မှာ ရိုးရှင်းပြီးအကြမ်းဆန်သော်လည်း ထိုအရာပေါ်တွင် ရေးဆွဲထားသော သင်္ကေတအက္ခရာများသည် လွန်စွာရှုပ်ထွေးပေ၏။
ထိုသင်္ကေတအက္ခရာများကို အဆောင်လက်ဖွဲ့ပညာရှင်များမှ ရေးဆွဲထားခြင်းပင်။ထိုအဆောင်လက်ဖွဲ့အတွင်း၌ပါဝင်သော စွမ်းအားများသည် သာမာန်မဟုတ်ချေ။
ဘုန်း....
အဆောင်လက်ဖွဲ့သည် လေထုအတွင်း၌ မျောလွင့်နေပြီးနောက် ရုတ်တရက် တောက်ပသောအလင်းတန်းများ ပွင့်အံ့ထွက်လာသည်။ထို့နောက် ပြင်းထန်သောအရှိန်အဝါများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မြေနဂါးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။လေထုအတွင်းသို့ တိုးထွက်လာသော သူ၏ခန္ဓာကိုယ်သည် ဤစွမ်းအားများကြောင့် ဖြည်းညှင်းစွာ အောက်သို့ပြန်ပြုတ်ကျသွားသည်။
ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ နဥ်အမ်ထုံက နောက်သို့ပြန်လှည့်ကာ တဟုန်ထိုးထွက်ပြေးခဲ့တော့သည်။
ဤသည်က သူမ၏အသက်ကိုကယ်တင်နိုင်မည့် နောက်ဆုံးမှီခိုအားထားရာပင်။
သူမသည် အစောပိုင်းက သူမ၏မှော်ရတနာများကိုလည်း ဖောက်ခွဲခဲ့ပြီးလေပြီ။ယခုချိန်တွင် ဤအဆောင်လက်ဖွဲ့တစ်ခုတည်းသာ သူမ၏နောက်ဆုံးအားထားရာအဖြစ် ကျန်ရှိတော့သည်။ထိုအဆောင်လက်ဖွဲ့ကို ဤကဲ့သို့အချိန်အခိုက်အတန့်တွင် အသုံးပြုရမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် ရုတ်တရက် နဥ်အမ်ထုံသည် ရေမျက်နှာပြင်အထက်တွင်ထိုင်နေသော လုယွီကို သတိပြုမိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ပင်။သူ၏မျက်လုံးအကြည့်သည် တည်ငြိမ်ပြီးခံစားချက်ကင်းမဲ့နေသည်။
'နင်က ဒီလိုအန္တရာယ်မျိုးတဲ့နေရာမျိုးမှာ ကျင့်ကြံဖို့ကို ဘာလို့ရွေးချယ်ခဲ့တာလဲ'
'နင်က အသက်မရှင်တော့တာလား'
"မြန်မြန် ပြေးတော့"
နဥ်အမ်ထုံက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူမသည် မြေနဂါး၏စွမ်းအားကို ကောင်းစွာသိရှိထားသည်။သူမ အသုံးပြုခဲ့သော အဆောင်လက်ဖွဲ့သည် အစွမ်းထက်သော်လည်း မြေနဂါးကို အနည်းငယ်မျှပင် ဒဏ်ရာရရှိစေခြင်းမရှိချေ။
ထိုအရာသည် မြေနဂါးနှင့်သူမအကြားရှိ အကွာအဝေး အနည်းငယ်ခြားနားသွားစေရန် ဟန့်တားရုံသာလုံလောက်သည်။
မြေနဂါး၏လှုပ်ရှားမှုသည် အလွန်အမင်း လျှင်မြန်ပေ၏။သူသည် မြေပြင်ပေါ်တွင်သာမက ရေမျက်နှာပြင်ပေါ်တွင်လည်း မြေပြန့်ပေါ်တွင်လမ်းလျှောက်နေသည့်အလား အလွန်လျှင်မြန်သည်။
အကယ်၍ သူမသာ ဤနတ်ဆိုးဧကရာဇ်အဆင့်မြေနဂါး၏ ဖမ်းဆီးခြင်းကိုခံရပါက သူမ ဆိုးဆိုးရွားရွားသေခြင်းနှင့် အဆုံးသတ်ရပေမည်။
လုယွီက ရုတ်တရက် သူမကိုကြည့်ကာ တည်ငြိမ်စွာ ပြောဆိုသည်။
"မပြေးနဲ့တော့...တကယ်လို့ မင်း ဆက်ပြီးပြေးနေမယ်ဆိုရင် မင်းရဲ့ဒဏ်ရာတွေပြန်ကောင်းဖို့ ခက်ခဲလိမ့်မယ်"
သူ၏အတွေ့အကြုံကြွယ်ဝမှုဖြင့် နဥ်အမ်ထုံသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားကြောင်း သူ လွယ်လင့်တကူ ပြောဆိုနိုင်သည်။
ထိုလျှို့ဝှက်နည်းစနစ်သည် တစ်စုံတစ်ယောက်၏ခွန်အားကို အချိန်တိုအတောအတွင်း၌ မြှင့်တင်ပေးနိုင်သော်လည်း စွမ်းအားအမြောက်အများ ကုန်ဆုံးစေသည်။
နဥ်အမ်ထုံ၏မျက်နှာ သွေးဆုတ်ပြီးဖြူရော်နေသည်။သူမသည် ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် သူမ၏အသက်စွမ်းအားကို အသုံးပြုနေခြင်းဖြစ်သည်။
အကယ်၍ ဤအတိုင်းဆက်သွားပါက နဥ်အမ်ထုံသည် ကံကောင်းပြီးလွတ်မြောက်သွားလျှင်ပင် သူမ၏ခန္ဓာကိုယ်တွင် တာအိုဒဏ်ရာများ ကြွင်းကျန်ခဲ့မည်ဖြစ်သဖြင့် နောင်အနာဂတ်တွင် သူမ၏ကျင့်ကြံဆင့် တိုးတက်လာတော့မည်မဟုတ်ချေ။
"တကယ်လို့ နင် မပြေးရင် နင် သေလိမ့်မယ်...မြန်မြန်လေး ငါနဲ့အတူလိုက်ခဲ့တော့"
လုယွီသည် နေရာ၌မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်တွေ့ချိန်တွင် နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပူလောင်သွားသည်။
ဤလူသည် သေလမ်းရှာနေသလော...
သူသည် ဤနေရာမှ နတ်ဆိုးမှော်သားရဲများ မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို မသိရှိသလော....
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဘာမှမစိုးရိမ်နဲ့...ဒါက အဆင်ပြေသွားမှာပါ"
နဥ်အမ်ထုံသည် လုယွီ ခေါင်းမာနေသည်ကိုမြင်တွေ့ချိန်တွင် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
သူမသည် ဤနေရာ၌ လုယွီနှင့်စကားပြောဆို၍ အချိန်ဖြုန်းနေသဖြင့် သူမထွက်ပြေးရန် အကောင်းဆုံးအခွင့်အရေးကို လွဲချော်သွားလေပြီ။
မကြာမီမှာပင် နတ်ဆိုးမှော်သားရဲများသည် သူမကို ဖမ်းမိသွားတော့ပေမည်။
"ထားလိုက်တော့...ငါ နင့်ကို အစကတည်းက ကြိုပြီးသတိပေးခဲ့တယ်...နင်က နားမထောင်ခဲ့ဘူး...အခု ငါတို့က ဒီအခြေအနေကို ရင်ဆိုင်ရတော့မယ်...ဒါက ငါတို့ကြုံတွေ့ရမယ့်ကံကြမ္မာလို့ ယူဆလို့ရတယ်...တကယ်လို့ ငါတို့သေရမယ်ဆိုရင်လည်း ဘာတတ်နိုင်မှာလဲ"
နဥ်အမ်ထုံသည် အချိန်တခဏခန့် စဥ်းစားတွေးတောပြီးနောက် သူမ၏စိတ် တည်ငြိမ်သွားသည်။
အနည်းဆုံးအနေဖြင့် သူမနှင့်အတူ လိုက်ပါသေဆုံးမည့် လူတစ်ယောက်ရှိနေလေသည်။
အဝေးမှနေ၍ မြေနဂါး၏နောက်သို့ လိုက်ပါလာသော နတ်ဆိုးမှော်သားရဲဘုရင်များ တဟုန်ထိုးပြေးလာကာ ရေအိုင်အနီးသို့ တစတစရောက်ရှိလာသည်။
သို့ရာတွင် ရုတ်တရက် နဥ်အမ်ထုံ၏အံ့အားသင့်တုန်လှုပ်နေသော အကြည့်အောက်တွင် လုယွီသည် မြေနဂါးထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေသည်။
Chapter 3332
သူ သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသလော....
နဥ်အမ်ထုံသည် လုယွီ၏လှုပ်ရှားမှုများကို သူမ၏မသိစိတ်မှနေ၍ ခွဲခြမ်းစိတ်ဖြာမိသည်။
ဤသည်က လုယွီ အလွန်တည်ငြိမ်နေသည်ကို ရှင်းပြနိုင်သည့် တစ်ခုတည်းသောအချက်ပင်။
"သူ့လို တခြားနေရာကလာတဲ့ ဘာမဟုတ်တဲ့လူဆီမှာတောင် ခုလိုသတ္တိမျိုးရှိနေတယ်...ငါက သေရေးရှင်ရေးအခြေအနေမျိုးမှာ နောက်ဆုတ်ပြေးဖို့ပဲ ကြံစည်နေမိတယ်"
နဥ်အမ်ထုံသည် ထိုအကြောင်းကိုတွေးတောမိချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် လိပ်ပြာမသန့်သကဲ့သို့ ခံစားမိသည်။
ရှီးလျန်မြို့၏လူဆိုးထိန်းတစ်ယောက်ဖြစ်သော သူမသည် ဤကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် အရင်ဆုံးရှေ့ထွက်သူဖြစ်သင့်သည်။သို့ရာတွင် အဆုံးသတ်၌ သူမသည် လုယွီ၏နောက်၌ ပုန်းကွယ်နေရသူဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။
"ဒီလိုအချိန်မျိုးမှာ နင် ရှေ့ထွက်ဖို့မလိုဘူး...ငါ လုပ်မယ်"
နဥ်အမ်ထုံက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
လုယွီက မျက်မှောင်ကြုတ်ကာ နဥ်အမ်ထုံကို သူ၏နောက်သို့ ပြန်တွန်းပို့လိုက်၏။သူက တည်ငြိမ်စွာပြောဆိုသည်။
"မင်း ဒီနေရာကိုလာဖို့ မလိုဘူး"
နဥ်အမ်ထုံက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေသည်။
"တကယ်လို့ နင်က သေချင်နေတယ်ဆိုရင်...ငါတို့ အတူတူသေကြရအောင်"
"ငါ သေချင်နေတာလို့ မင်းကို ဘယ်သူကပြောတာလဲ"
လုယွီက ထူးဆန်းသောအကြည့်ဖြင့် နဥ်အမ်ထုံကို ကြည့်လိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ရှေ့သို့တိုးဝင်လာသော မြေနဂါးဦးဆောင်သည့် နတ်ဆိုးသားရဲတစ်စုကို ကြည့်လိုက်၏။
"ဘာလဲ...မင်းတို့က သစ်သီးကို ပြန်လိုချင်လို့လား...ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်...ဒီနေရာကို လာခဲ့ကြစမ်း"
မြေနဂါးသည် ပတ်ဝန်းကျင်၌ လူသားတစ်ယောက် ထပ်ရှိနေသည်ကိုမြင်တွေ့ချိန်တွင် လုယွီကိုလည်း ဝါးမြိုရန် မူလက တွေးတောထားလေ၏။
သို့ရာတွင် သူသည် လုယွီ၏မျက်နှာကိုမြင်တွေ့ချိန်တွင် သူ၏နဂါးခန္ဓာကိုယ်ကြီး တုန်ရီသွားကာ နေရာမှာပင် ရပ်တန့်သွားသည်။
မြေနဂါး၏နောက်သို့ လိုက်ပါလာသော နတ်ဆိုးမှော်သားရဲဘုရင်များသည်လည်း လုယွီကိုစူးစိုက်ကြည့်ပြီး ရှေ့သို့ဆက်မတိုးဝံ့တော့ချေ။
သူတို့သည် သေသည်အထိ လုယွီ၏မျက်နှာကို မေ့လျော့မည်မဟုတ်ချေ။
ဤသည်က သူတို့နတ်ဆိုးမှော်သားရဲတောအုပ်၏အနက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာကာ သူတို့ပိုင်ဆိုင်သောရတနာကို ယူဆောင်သွားခဲ့သော လူသားပင်။
သူသည် နတ်ဆိုးသားရဲဘုရင်များ၏ရှေ့တွင် မီးတောက်တိမ်တိုက်သစ်သီးကို ပြောင်ပြောင်တင်းတင်း လုယူသွားခဲ့သည်။ဤသည်က သူသည် သူတို့ကို အနည်းငယ်မျှပင် အာရုံမစိုက်သည့်သဘောပင်။
သို့ရာတွင် ဤနေရာရှိ နတ်ဆိုးမှော်သားရဲများသည် မည်မျှပင် ဒေါသထွက်နေသည်ဖြစ်စေ သူတို့သည် ရှေ့သို့ ခြေတစ်လှမ်းမတိုးဝံ့ချေ။
ဤသည်က လုယွီ၏ရှေ့တွင် သူတို့ ရှေ့သို့မချဥ်းကပ်ဝံ့အောင် တားဆီးဟန့်တားထားသည့် သေခြင်းနှင့်ရှင်ခြင်း စည်းတစ်ခုရှိနေသကဲ့သို့ပင်။
ထိုအချိန်တုန်းက ရေတံခွန်အောက်တွင် သေဆုံးခဲ့ရသော စပါးကြီးမြွေကြီးသည် နတ်ဆိုးသားရဲဧကရာဇ်တစ်ကောင်ဖြစ်သည်။
သို့ရာတွင် လုယွီသည် လက်သီးဖြင့်တစ်ချက်ထိုးနှက်ရုံဖြင့် ထိုစပါးကြီးမြွေကြီး၏ခေါင်းသည် သွေးမြူများအဖြစ် ပေါက်ကွဲသွားပေ၏။
မြေနဂါးသည် ဤနတ်ဆိုးမှော်သားရဲတောအုပ်၏ အရှင်သခင်တစ်ယောက်ဖြစ်သော်လည်း လုယွီကဲ့သို့ တည်ရှိမှုကြီးတစ်ခုကိုမူ ထိတ်လန့်ကြောက်ရွံသည်။
ထိုနတ်ဆိုးမှော်သားရဲများအားလုံး တုန်လှုပ်ချောက်ချားနေသည်။
"တကယ်လို့ မင်းတို့ မလာရဲဘူးဆိုရင်လည်း...သွားကြစမ်း"
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုသည်။
နဥ်အမ်ထုံသည် သူမ မြင်တွေ့နေရသော ကမ္ဘာလောကကြီး ရုတ်တရက် ပြိုလဲသွားသကဲ့သို့ ခံစားမိလေ၏။
မည်သို့ဖြစ်ပျက်သွားသနည်း....
ထိုနတ်ဆိုးသားရဲများသည် ရှေ့သို့တဟုန်ထိုးပြေးဝင်လာကာ သူမတို့အား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲသင့်သည် မဟုတ်လော...
ထိုနတ်ဆိုးမှော်သားရဲများသည် သူတို့ရှေ့ရှိလူငယ်ကို ထိတ်လန့်ကြောက်ရွံနေကြပုံ မည်သည်ကြောင့် ရှိနေသနည်း....
ဝေါင်း...
နတ်ဆိုးမှော်သားရဲဘုရင်များအားလုံး မလိုလားစွာဖြင့် ဟိန်းဟောက်လိုက်ကြသည်။
မြေနဂါးက လူသားဘာသာစကားနှင့် ပြောဆိုသည်။
"လူသား...မင်းက စည်းမျဥ်းတွေကို ချိုးဖောက်တယ်...မင်းလိုအစွမ်းထက်ကျင့်ကြံသူမျိုးက ဒီနေရာကို ရောက်မလာသင့်ဘူး"
တခြားနတ်ဆိုးမှော်သားရဲများကလည်း လုယွီကို ဒေါသတကြီး စူးစိုက်၍ကြည့်လိုက်ကြ၏။
လူသားများနှင့်နတ်ဆိုးမှော်သားရဲများအကြားတွင် ယခင်က သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်။
လောကီအင်မော်တယ်နှင့် အထက်အဆင့်ရှိသော အစွမ်းထက်ကျင့်ကြံသူများသည် နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းသို့ ဝင်ရောက်ခွင့်မရှိချေ။အကြောင်းအရင်းမှာ နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းရှိ အဆင့်နိမ့်နတ်ဆိုးမှော်သားရဲများ အရေအတွက်များပြားစွာ သတ်ဖြတ်ခံရမည်ကို ကာကွယ်တားဆီးရန်ပင်။
လုယွီ၏ခွန်အားကိုမြင်တွေ့ပြီးနောက် လူသားမျမျိုးနွယ်၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်မည်ဟု သူတို့က ယူဆလိုက်ကြသည်။
နတ်ဆိုးသားရဲဧကရာဇ်များကိုပင် အရေးမစိုက်သော ဤကဲ့သို့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် နတ်ဆိုးမှော်သားရဲတောအုပ်အတွင်းသို့ ရောက်မလာသင့်ချေ။
"ဘာ စည်းမျဥ်းတွေလဲ"
လုယွီက အေးစက်စွာ ပြုံးလိုက်၏။
"ငါ ဒီနေရာမှာရှိနေရင် စည်းမျဥ်းက ငါပဲ...မင်းတို့တောင်မှ ဒေါသထွက်ပြီးတော့ လူသားကျင့်ကြံသူတွေကို စားခဲ့ကြတယ်မဟုတ်လား...ဒါပေမယ့် ဒီကိစ္စကို ငါ ဒီမှာပဲ အဆုံးသတ်လိုက်မယ်...တကယ်လို့ မင်းတို့ ရှေ့ကို ခြေတစ်လှမ်းထပ်တိုးဝံ့မယ်ဆိုရင် သနားညှာတာမှုမရှိတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
Chapter 3333
လုယွီ၏နောက်တွင်ရှိနေသော နဥ်အမ်ထုံ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေသည်။
သူမသည် နားကြားမှားသည့်အလား သူမ၏နားကိုပင် သူမ မယုံကြည်နိုင်တော့ချေ။
တစ်ဖက်ရန်သူသည် အစွမ်းထက်သော နတ်ဆိုးမှော်သားရဲဧကရာဇ်တစ်ကောင်ပင်။လုယွီသည် မည်သည်ကြောင့် ထိုနတ်ဆိုးသားရဲဧကရာဇ်ကို ခြိမ်းခြောက်နေသနည်း....
သူမ မယုံကြည်နိုင်ဆုံးအချက်မှာ နတ်ဆိုးမှော်သားရဲဧကရာဇ်သည် လုယွီကို ထိတ်လန့်ကြောက်ရွံနေပုံရခြင်းပင်။သူသည် မည်သည်ကြောင့် လုယွီ ဤနေရာသို့ ရောက်ရှိလာသည်ကိုပင် မေးခွန်းထုတ်နေလေ၏။
လုယွီ၏ပုံပန်းသွင်ပြင်ကိုကြည့်ပါက သူသည် သူမနှင့်သက်တူရွယ်တူခန့်သာရှိသော လူငယ်တစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသည်။
"ဝေါင်း....လူသား...မင်းက သေချင်နေတာလား"
ရုတ်တရက် ကျားနက်ကြီးတစ်ကောင်က လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။သူသည် အစွယ်များကိုဖြဲဟကာ လုယွီထံဦးတည်၍ သူ၏ထက်ရှသောလက်သည်းများကို ဝှေ့ယမ်းလိုက်သည်။
ကျားနက်ကြီး၏မျက်လုံးသည် လုံးလုံးလျားလျား သွေးနီရောင်သန်းနေပေ၏။ထိုကျားနက်ကြီး၏မျက်လုံးသည် သတ်ဖြတ်ရာမှတဆင့် နီမြန်းသွားခြင်းဖြစ်ကာ သူ၏စိတ်အတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကသာ ကြီးစိုးနေသည်။သူ့ကို အကျိုးသင့်အကြောင်းသင့် စကားပြောဆို၍မရတော့ချေ။
ဝှစ်..
ထက်ရှသောလက်သည်းများသည် လေထုကိုဖြတ်သန်းသွားသဖြင့် စူးရှရှလေတိုးသံများ ထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ ထိုအနက်ရောင်လက်သည်းများသည် လုယွီကို ထိုးစိုက်မိတော့မည့်ပုံပင်။ထိုလက်သည်းများတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလည်း ရောယှက်နေသဖြင့် ရေမျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
"ဂရုစိုက်အုံး"
နဥ်အမ်ထုံက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်၏။
သူမ ဤကျားနက်ကြီးကို မှတ်မိသည်။ဤသည်က ပထမဆုံးထွက်ပေါ်လာသော အထွတ်အထိပ်အဆင့် နတ်ဆိုးမှော်သားရဲဘုရင်ဖြစ်ပြီး သူ၏ပါးစပ်အတွင်းတွင် လူငယ်သခင်လေးများ သေဆုံးခဲ့ရသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် နဥ်အမ်ထုံသည် သူမရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူမ မြင်တွေ့ရသည်မှာ လုယွီသည် ရှောင်တိမ်းခြင်းမပြုချေ။ထိုအစား သူ့ရှေ့ရှိ ကျားနက်ကြီးထံဦးတည်၍ သူက လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
အစွမ်းထက်သော မှော်စွမ်းအားများ ချက်ချင်းပွင့်အံ့ထွက်လာကာ ပြင်းထန်သောလက်သီးပုံရိပ်ယောင်ကြီးအဖြစ်သိပ်သည်းသွားပြီး ကျားနက်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
ဘုန်း....
ပြင်းထန်ကျယ်လောင်သောအသံကြီးသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားပေ၏။
ထိုလက်သီးချက်၏အောက်တွင် ကျားနက်ကြီးသည် အချိန်တခဏသာတောင့်ခံနိုင်ပြီး သူ၏ခန္ဓာကိုယ် ကြေမွှပျက်စီးကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဗြန်း....
ကျားနက်ကြီး၏သွေးများသည် အနီးပတ်ဝန်းကျင်ရှိ နတ်ဆိုးမှော်သားရဲများပေါ်သို့ ဖြာကျသွားသည်။နတ်ဆိုးမှော်သားရဲများသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား နေရာမှာပင် အမြစ်တွယ်နေကြကာ မည်ကဲ့သို့ဆက်လုပ်ရတော့မည်ကို မသိကြတော့ချေ။
သူတို့ နတ်ဆိုးမှော်သားရဲများအကြားတွင် ထိုကျားနက်ကြီးကို ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ခုဟု ယူဆနိုင်သည်။
သို့ရာတွင် ထိုလူငယ်၏လက်သီးတစ်ချက်ဖြင့် ကျားနက်ကြီးသေဆုံးသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
အကယ်၍ လုယွီသည် စပါးကြီးမြွေကြီးကို ယခင်က သတ်ဖြတ်ခဲ့သည်မှာ မတော်တဆဟု ဆိုလျှင်ပင် အစွမ်းထက်သောနတ်ဆိုးသားရဲများကို နှစ်ကြိမ်ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ မတော်တဆမဖြစ်နိုင်ချေ။
ဤသည်က လုယွီ၏ခွန်အားသည် အလွန်နက်နဲသိမ်မွေ့သောအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။
"လူသား...ငါ မင်းကို မှတ်ထားမယ်"
မြေနဂါးသည် လုယွီကို တစ်ချက်စူးစိုက်၍ကြည့်ကာ နောက်သို့ပြန်လှည့်၍ ထွက်ခွာသွားပြီး ဤနေရာ၌ ဆက်၍မနေဝံ့တော့ချေ။
သူသည် လုယွီထံမှ အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလေ၏။
အကယ်၍ လုယွီသာ သူတို့ကိုသတ်လိုပါက သူ၏လက်ကိုလှန်လိုက်သည့်အလား လွန်စွာလွယ်ကူပေမည်။
နတ်ဆိုးမှော်သားရဲဧကရာဇ်ဖြစ်သော မြေနဂါး ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်တွင် တခြားနတ်ဆိုးမှော်သားရဲဘုရင်များသည် သူတို့၏ကျောထောက်နောက်ခံ ဆုံးရှုံးသွားသဖြင့် အသိုက်ပျက်သွားသော ငှယ်ငယ်များအလား ဤနေရာ၌ ဆက်၍မနေဝံ့တော့ချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မူလက လုယွီ၏ရှေ့၌ စုဝေးနေသော နတ်ဆိုးမှော်သားရဲများအားလုံး ပျောက်ကွယ်သွားလေပြီ။
နဥ်အမ်ထုံ၏ခေါင်းထက်တွင်ရှိနေသော ဖိအားအရှိန်အဝါသည်လည်း ပျက်ပြယ်သွားသည်။
နဥ်အမ်ထုံသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူမက ရုတ်တရက် စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် လုယွီကိုကြည့်ကာ ပြောဆိုသည်။
"နင်က ဘယ်သူလဲ"
သူမသည် အစောပိုင်းက ကျားနက်ကြီးအကြောင်း ကောင်းစွာသိရှိထားသည်။ဤသည်က အထွတ်အထိပ်အဆင့် နတ်ဆိုးသားရဲဘုရင်ပင်။
လူငယ်သခင်လေးများအနက်၌ ခွန်အားအကောင်းဆုံးဖြစ်သော ဝမ်ခန်းပင်လျှင် ထိုကျားနက်ကြီးနှင့်ရင်ဆိုင်ပါက အခက်အခဲများစွာ ကြုံတွေ့ရပေမည်။
လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် ထိုကျားနက်ကြီးကို သတ်ဖြတ်နိုင်ခဲ့သည်။ဤကဲ့သို့ခွန်အားမျိုးသည် ရှီးလျန်မြို့မှ လူငယ်ပါရမီရှင်များအားလုံးထက် များစွာပို၍သာလွန်သည်။
လုယွီသည် မျိုးဆက်ဟောင်းများမှအစွမ်းထက်ကျင့်ကြံသူတချို့ထက်ပင် ပို၍စွမ်းအားမြင့်မားနေသည်။
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ငါ့ရဲ့မျိုးရိုးနာမည်က လု...ငါက လေလွင့်ကျင့်ကြံသူလေးတစ်ယောက်ပါပဲ"
Chapter 3334
"လေလွင့်ကျင့်ကြံသူတစ်ယောက်လား"
နဥ်အမ်ထုံက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်၍ သူမ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"တကယ်လို့ နင်နဲ့သရုပ်မှန်ကို ပြောမပြချင်ဘူးဆိုရင်လည်းရတယ်...ဒါပေမယ့် နင်က ဝမ်ခန်းကို အပြစ်ပြုမိထားတယ်...သူ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင် နင့်ကို ဘယ်နည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး"
လုယွီ၏ တုန်လှုပ်ချောက်ချားဖွယ်ခွန်အားနှင့် သူ၏အသက်အရွယ်ကို ယှဥ်တွဲကြည့်ပါက မည်သည့်နည်းနှင့်မျှ သာမာန်လေလွင့်ကျင့်ကြံသူတစ်ယောက်မဟုတ်နိုင်ချေ။
ဝမ်ခန်း၏နာမည်ကို ပြောဆိုချိန်တွင် နဥ်အမ်ထုံ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဝမ်ခန်းသည် သူမကို ကြိုက်နှစ်သက်နေသည်ကို မိန်းကလေးသဘာဝအတိုင်း သူမ ကောင်းစွာသိရှိသည်။
ထို့ကြောင့် သူမသည် ဝမ်ခန်း၏လုပ်ဆောင်ချက်များကို စောင့်ကြည့်နေခဲ့လေ၏။
ဝမ်ခန်း၏မိသားစုနောက်ခံသည် မဆိုးလှသော်လည်း သူ၏အကျင့်စရိုက်မှာ ဆိုးရွားသည်။သူသည် သွေးဆူလွယ်ရုံသာမက သေးငယ်သောကိစ္စတစ်ခုကိုပင် လက်စားပြန်ချေတတ်သူဖြစ်သည်။ဝမ်ခန်းကို အပြစ်ပြုမိသောကြောင့် လူ မည်မျှထိများများ သေဆုံးသွားခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။
ထို့ပြင် သေရေးရှင်ရေးအချိန်အခိုက်အတန့်မျိုး၌ ဝမ်ခန်းသည် တစ်ယောက်တည်း ကိုယ်လွတ်ရုန်း၍ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။
နဥ်အမ်ထုံသည် ဝမ်ခန်းကို အလွန်အမင်း အထင်သေးနေလေပြီ။
အကယ်၍ ဝမ်ခန်းသာ သူမကို ထပ်မံ၍ဆွဲဆောင်လိုပါက သူမ စဥ်းစားတွေးတောရန်ပင်မလိုအပ်တော့ချေ။
ထိုအကြောင်းကိုတွေးတောရင်း နဥ်အမ်ထုံသည် ကူကယ်ရာမဲ့စွာဖြင့် လုယွီကို စောင်းငဲ့၍ကြည့်လိုက်သည်။
သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် လုယွီ၏သွေးချီများသည် တုန်လှုပ်ချောက်ချားဖွယ်ပြောင်းလဲမှုနှင့် ကြုံတွေ့ရလေ၏။သူ၏မျက်နှာပုံပန်းသွင်ပြင်သည် များစွာပြောင်းလဲသွားခြင်းမရှိသော်လည်း သူ၏ပင်ကိုယ်စရိုက်မှတဆင့် သူ့ထံတွင် သာမာန်မဟုတ်သော အရည်အချင်းရှိခြင်းကို မီးမောင်းထိုးပြနေသည်။
ဝမ်ခန်းသည် ချောမောခန့်ညားသော်လည်း လုယွီနှင့်နှိုင်းယှဥ်ပါက သူ့ထံတွင် ယောက်ျားပီသသောအရှိန်အဝါမျိုး ကင်းမဲ့နေသည်။
ထိုအကြောင်းကိုတွေးတောမိချိန်၌ နဥ်အမ်ထုံ အနည်းငယ်ရှက်ရွံသွားသည်။
လုယွီသည် သူမ၏ကျေးဇူးရှင်ပင်။အကယ်၍ လုယွီသည် တစ်စုံတစ်ခုကို အလိုရှိပါက သူမ...သူမ....
နဥ်အမ်ထုံ၏စိတ်နှလုံးသားတစ်ခုလုံး ကဆုန်စိုင်းခုန်ပေါက်သွားပေ၏။
သို့ရာတွင် နဥ်အမ်ထုံ၏မျက်နှာအမူအယာ အပြောင်းအလဲများကို လုယွီက သတိမပြုမိချေ။သူသည် နဥ်အမ်ထုံ အစောပိုင်းကပြောဆိုခဲ့သော စကားကိုသာ အာရုံစိုက်နေကာ မေးမြန်းလိုက်သည်။
"ဝမ်ခန်းကို ရန်စစော်ကားမိတဲ့သူတွေက တကယ့်ကိုပဲ ဆိုးဆိုးရွားရွားအဆုံးသတ်နဲ့ ကြုံတွေ့ရတာလား"
နဥ်အမ်ထုံသည် ဤအချိန်အခိုက်အတန့်၌ အသိပြန်ဝင်လာကာ သူမက လုယွီကိုကြည့်၍ ပြောဆိုသည်။
"နင်က တကယ့်ကို လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ...ရှီးလျန်မြို့ထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ နင်မသိဘူး...ဝမ်ခန်းက ရှီးလျန်မြို့ထဲမှာ နာမည်ကျော်ကြားတဲ့ လူငယ်သခင်လေးတစ်ယောက်ပဲ....သူ့ရဲ့အဖေဝမ်မူကျီးက နယ်မြေတစ်ခုကိုအုပ်ချုပ်တဲ့ အရှင်သခင်တစ်ယောက်...သူတို့ သေစေချင်တဲ့ ဘယ်သူမဆို အဲ့ဒီလူ သေကိုသေရတယ်"
"ဒီတစ်ကြိမ် သူ အမဲလိုက်တဲ့အစီအစဥ် ပျက်ပြားသွားတာကြောင့် သူ အရှက်ကွဲရတယ်ဆိုပြီးတော့ အရမ်းဒေါသထွက်နေမှာ သေချာပေါက်ပဲ...အချိန်ကျလာရင် သူက နင့်ကို ပြဿနာလာရှာလိမ့်မယ်...တကယ်လို့ နင့်မှာ အရည်အချင်းတချို့ရှိရင်တောင် ဝမ်မိသားစုကိုအပြစ်ပြုမိတာကြောင့် နင့်ရဲ့အဆုံးသတ် ကောင်းမှာမဟုတ်ဘူး....ငါ့ရဲ့အကြံပေးချက်ကို နင် နားထောင်ပါ..နင် လာတဲ့နေရာကို ပြန်သွားရင်သွား ဒါမှမဟုတ် ငါ့ရဲ့အိမ်တော်ကို ငါနဲ့အတူလိုက်ခဲ့ပါ"
သူမသည် 'ငါနဲ့အတူ အိမ်တော်လိုက်ခဲ့'ဟူသော စကားကိုပြောချိန်တွင် သူမ၏အသံ သိသိသာသာ ပြောင်းလဲသွားသော်လည်း သူမက ကောင်းမွန်စွာ ဖုံးကွယ်နိုင်ခဲ့သည်။
"ဝမ်မိသားစုသေစေချင်တဲ့ ဘယ်သူမဆို သေရတာလား...သူက နယ်မြေခံအုပ်ချုပ်သူအရှင်တစ်ယောက်ပဲမဟုတ်လား...ဖြစ်နိုင်တာတော့ ဘယ်သူကမှ သူ့ကို အပြစ်မပေးကြတာလား"
လုယွီက မေးမြန်းသည်။
"ဟူး...ဘယ်သူကမှ ဒီကိစ္စကို ဂရုမစိုက်ဝံ့ဘူး....အရင်တုန်းကတော့ ဝမ်မူကျီးရဲ့ရာဇဝတ်မှုတွေကို တော်ဝင်နန်းတွင်းဆီ လျှို့ဝှက်ပြီး သတင်းပို့ခဲ့တံ့သူတစ်ယောက် ရှိခဲ့ဖူးတယ်...ဒါပေမယ့် အဆုံးသတ်ကျတော့ ဝမ်မူကျီးက ကျရှုံးမသွားရုံတင်မကဘူး သူက စစ်ဆေးမေးမြန်းမှုကိုတောင် မခံယူရဘူး..အဲ့ဒီလူကတော့ မြှုပ်နှံ့စရာမြေမရှိဘဲ သေဆုံးသွားခဲ့တယ်"
နဥ်အမ်ထုံက စကားတချို့ကို အမှုမဲ့အမှတ်မဲ့ပြောဆိုကာ လုယွီကို ကြည့်လိုက်သည်။
"နင် ငါ့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကြင်နာမှုကို ငါ သေချာမှတ်ထားတယ်...နင် ဒီကိစ္စကို ပေါ့ပေါ့လေး သဘောမထားသင့်ဘူး...ဝမ်ခန်းရဲ့သူလျှိုတွေက ရှီးလျန်မြို့ရဲ့နေရာအနှံ့အပြားမှာရှိနေတယ်...နင်က သူ့ကို ရန်စထားမိမှတော့ နင့်ရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး"
"ငါ ဒါကို တကယ်မယုံနိုင်ဘူး...ငါ ရှီးလျန်မြို့ထဲကိုသွားမယ်"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ နဥ်အမ်ထုံ၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်၏။
လုယွီသည် သူမ၏အကြံပြုချက်ကို နားမထောင်သည်အား မြင်တွေ့ချိန်တွင် နဥ်အမ်ထုံက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"ကောင်းပြီလေ...ဒီလိုဆိုရင်လည်း ငါ့ရဲ့အိမ်တော်ကို လိုက်ခဲ့ပါ...သူတို့ နင့်ကို ထိဝံ့မှာမဟုတ်ဘူး"
Chapter 3335
နဥ်အမ်ထုံသည် မူလက လုယွီအပေါ်တွင် အာရုံစိုက်ခြင်းမရှိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် မတော်တဆ ဆုံစည်းခဲ့ခြင်းသာဖြစ်သည်။သူမသည် လုယွီကို အလွန်အကျွံ့အကူအညီပေးရန် မလိုအပ်ပေ။
သို့ရာတွင် လုယွီသည် အစောပိုင်းက သူမ၏အသက်ကို ကယ်တင်ခဲ့သည်။
ဤသည်က သူမ၏အသက်ကိုကယ်တင်ခဲ့သော ကျေးဇူးကြွေးပင်။မည်သည့်ကိစ္စမျိုးရှိနေပါစေ သူမ ပြန်ပေးဆပ်ရပေမည်။
ဝမ်ခန်း၏အခွင့်အာဏာသည် အားကောင်းသော်လည်း နဥ်အမ်ထုံ၏ဖခင်သည် ရှီးလျန်ရုံးတော်၏ ရွှေတံဆိပ်ရလူဆိုးထိန်းတစ်ယောက်ဖြစ်သည်။သူသည် မြို့တော်အတွင်းရှိ အမှုအခင်းဟူသမျှကို ကိုင်တွယ်ဖြေရှင်းရသည်။
ဝမ်ခန်း မည်မျှထိ ရဲတင်းနေပါစေ နဥ်အိမ်တော်အတွင်း၌ လှုပ်ရှားဝံ့မည်မဟုတ်ချေ။
"ကောင်းပြီလေ...ငါ အခု နင့်ကို ငါ့ရဲ့အိမ်တော်ဆီခေါ်သွားမယ်...ဒါပေမယ့် နင် မှတ်ထားရမှာတစ်ခုက သာမာန်နေ့ရက်တွေဆိုရင် နင် အပြင်မထွက်တာ ပိုကောင်းလိမ့်မယ်....မဟုတ်ရင် တကယ်လို့ နင် ဝမ်ခန်းရဲ့လူတွေနဲ့ ရင်ဆိုင်တွေ့မယ်ဆိုရင် နင် ပြဿနာတက်လိမ့်မယ်"
နဥ်အမ်ထုံက လုယွီကို ထပ်မံ၍သတိပေးသည်။
ထိုအချိန်မှာပင် အဝေးမှနေ၍ စူးရှသောတံပိုးခရာသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
အနက်ရောင်အစက်အပျောက်ဆယ်ခုကျော်သည် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာကာ သူတို့၏အနီးသို့ တဖြည်းဖြည်းနီးကပ်လာသည်။သူတို့သည် မှော်ရတနာများကိုထိန်းချုပ်၍စီးနင်းနေသော ကျင့်ကြံသူတစ်စုပင်။
ထိုကျင့်ကြံသူများအားလုံး ခမ်းနားထည်ဝါသောဝတ်စုံများကို ဝတ်ဆင်ထားပေ၏။ထိုဝတ်စုံများ၏လည်ပင်းကွပ်နားတွင် ထင်ရှားသောအမှတ်အသားတစ်ခုရှိနေကာ ဓားပုံသဏ္ဍာန်ပန်းထိုးထားခြင်းဖြစ်သည်။
သူတို့အားလုံးသည် ရှီးလျန်ရုံးတော်မှအစောင့်များပင်။
ထိုလူများအနက်မှတချို့ကို စစ်တပ်အတွင်းမှရွေးချယ်ထားခြင်းဖြစ်ကာ တချို့သည် ရှီးလျန့်ရုံးတော်ကို ကာကွယ်ရန်အတွက် အသစ်ခေါ်ယူထားသော လေလွင့်ကျင့်ကြံသူများဖြစ်ပေ၏။
ဝမ်ခန်းထံတွင် အခွင့်အာဏာမရှိသော်လည်း သူသည် ဝမ်မူကျီး၏သားဖြစ်သဖြင့် ထိုအစောင့်များ၏ကာကွယ်စောင့်ရှောက်မှုကို ရရှိသည်။
ဤအချိန်တွင် ဝမ်ခန်းသည် ထိုအစောင့်များ၏ကာကွယ်စောင့်ရှောက်မှုအောက်၌ ပျံသန်းလာသည်။
နဥ်အမ်ထုံကိုမြင်တွေ့ချိန်၌ ဝမ်ခန်းသည် စိတ်ပျော်ရွှင်သွားကာ အံ့အားတသင့်ရေရွတ်လိုက်၏။
"အမ်ထုံ...မင်း အဆင်ပြေတယ်နော်...ဒါက အရမ်းကောင်းတယ်...ငါ ခုဏက အကူအညီခေါ်ဖို့ ထွက်သွားခဲ့တာ...ကံကောင်းချင်တော့ ငါက အစောင့်တွေကို တန်းတွေ့တာနဲ့ မင်းကို ချက်ချင်းပြန်လာရှာတာပဲ"
သူ၏စိတ်နှလုံးသားအတွင်း၌ နဥ်အမ်ထုံအကြောင်း တွေးတောနေဆဲပင်။
အန္တရာယ်တွင်းမှရုန်းထွက်လာပြီးနောက် ဝမ်ခန်းသည် သူ၏လူများကိုခေါ်ဆောင်ကာ နဥ်အမ်ထုံကို ပြန်လာရှာခဲ့သည်။
နဥ်အမ်ထုံအဆင်ပြေပြေရှိနေသည်ကို မြင်တွေ့မှသာ ဝမ်ခန်းသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသည်။
တခြားတစ်ဖက်ရှိ နဥ်အမ်ထုံသည် အေးစက်စက်မျက်နှာနှင့် တည်ငြိမ်စွာပြောဆိုလေ၏။
"သခင်လေးဝမ်...ငါ့ကိုစိုးရိမ်ပူပန်နေဖို့ မလိုပါဘူး...ငါက နိမ့်ကျတဲ့လူဆိုးထိန်းလေးတစ်ယောက်ပါ...ငါက ဘယ်လိုလုပ်ပြီးတော့ မြင့်မြတ်တဲ့သခင်လေးဝမ်နဲ့ နှိုင်းယှဥ်လို့ရမှာလဲ"
ဤသည်က ဝမ်ခန်းကို လှောင်ပြောင်သရော်ခြင်းပင်။အန္တရာယ်နှင့် ရင်ဆိုင်တွေ့ချိန်တွင် သူသည် နဥ်အမ်ထုံကို ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများ၏အကြားတွင်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။
ကိုးရိုးကားရားနိုင်သောအမူအယာမျိုးက ဝမ်ခန်း၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
အစောပိုင်းက ဖြစ်ရန်သည် အမှန်တကယ်ကို သေခြင်းရှင်ခြင်းအချိန်အခိုက်အတန့်ပင်။
မြောက်မြားစွာသော အစွမ်းထက်နတ်ဆိုးမှော်သားရဲများ၏ လိုက်လံဖမ်းဆီးခြင်းကိုခံရချိန်တွင် ဝမ်ခန်း၏ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွားခဲ့သည်။ထို့ကြောင့်သူသည် သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် ထွက်ပြေးရန်ကို ရွေးချယ်ခဲ့လေ၏။
ဤထွက်ပြေးခဲ့မှုသည် နဥ်အမ်ထုံ၏ရှေ့၌ သူ အချိန်အတော်ကြာယူ၍ တည်ဆောက်ထားခဲ့သောပုံရိပ်ကို ပျက်ပြားသွားစေခဲ့သည်။
ဝမ်ခန်းသည် ဤကိစ္စအတွက် နဥ်အမ်ထုံ၏စိတ်ကို ပြင်ဆင်ပေးနိုင်မည့် အခွင့်အရေးတစ်ခုကို မျှော်လင့်ရုံသာ တက်နိုင်တော့သည်။
ရုတ်တရက် ဝမ်ခန်းသည် နဥ်အမ်ထုံ၏နောက်၌ရှိနေသော လုယွီကို သတိပြုမိသွားသဖြင့် သူက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
"မင်း ဒီနေရာမှာ ဘာလို့ရှိနေတာလဲ...မင်းကို ဒီနေရာဆီ ဘယ်သူလာခိုင်းလို့လဲ"
"သခင်လေးဝမ်...နင်က ကိုယ့်ကိစ္စကိုပဲ ကိုယ်ဂရုစိုက်သင့်တယ်....နင် အဆင်ပြေတယ်ဆိုရင် ပြီးတာပဲ...နင် လုံခြုံဘေးကင်းတယ်လို့ နင့်ရဲ့အဖေဆီ မြန်မြန်ပြန်ပြောသင့်တယ်...နှုတ်ဆက်ပါတယ်"
နဥ်အမ်ထုံသည် ဝမ်ခန်း၏အကျင့်စရိုက်ကိုကောင်းစွာသိရှိသည်။အကယ်၍ သူသာ ဤနေရာ၌ ဆက်ရှိနေပါက လုယွီကို သေချာပေါက်ပြဿနာရှာပေမည်။
ထိုသို့ပြောဆိုပြီးနောက် နဥ်အမ်ထုံက ချာခနဲလှည့်ကာ လုယွီနှင့်အတူ ထွက်ခွာခဲ့တော့သည်။
နဥ်အမ်ထုံ၏နောက်ကျောကိုကြည့်ပြီး ဝမ်ခန်း၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
"တစ်ယောက်ယောက်...အဲ့ဒီကောင်ရဲ့နောက်ကြောင်းကို စုံစမ်းစမ်း"
ဝမ်ခန်းသည် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုကိစ္စကိုကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်၏။
ဝမ်ခန်းအတွက် နဥ်အမ်ထုံသည် သူ တန်ဖိုးထားရသောရတနာတစ်ပါးဖြစ်ကာ မည်သည့်ယောက်ျားသားမျှ သူမ၏အနီးသို့ ချဥ်းကပ်ခွင့်မရှိချေ။
လုယွီသည် အစောပိုင်းက သူ့အားစကားလုံးများဖြင့် စော်ကားခဲ့ခြင်းကို သူ အလွတ်ပေး၍ရသည်။သို့ရာသည် ထိုလူငယ်သည် နဥ်အမ်ထုံ၏အနီးသို့ ထပ်မံ၍ချဥ်းကပ်ဝံ့သည်။
ဤသည်က သူ့ရှေ့တွင် မဆင်မခြင်ပြုဝံ့ခြင်းဖြစ်ပြီး သူ့ကို အနည်းငယ်မျှ အရေးမစိုက်ခြင်းပင်။
ဤကဲ့သို့လူစားမျိုးသည် ချက်ချင်း ကွပ်မျက်ခံရသင့်သည်။