အခန်း (၃၃၃၆-၃၃၄၀)
Vol. 170 Ch. 3336-3340
Chapter 3336
ရှီးလျန့်မြို့သည် လွင်ပြင်ပေါ်တွင်တည်ရှိသော အကြီးစားခံတပ်ကြီးတစ်ခုနှင့် တူညီသည်။
ရှီးလျန်မြို့၏ပြင်ပတွင် မရေမတွက်နိုင်သော စစ်သင်္ဘောများရှိနေကာ အမှတ်အသားအမျိုးမျိုးနှင့်အလံများက လေထုအတွင်း၌ မျောလွင့်နေသည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ် လက်ဝဲစစ်တပ်ထိန်းချုပ်နယ်မြေ၏ အလယ်ဗဟိုဖြစ်သဖြင့် ရှီးလျန်မြို့သည် ရှေ့တန်းစစ်အင်အားဖြည့်တင်းရန် အဓိကနေရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။သာမာန်နေ့ရက်များတွင် စစ်သည်အမြောက်အများ ဤနေရာ၌စခန်းချနေကာ မြို့သည် အလွန်လှုပ်ရှားသက်ဝင်ပေ၏။
သံချပ်ကာဝတ်စစ်သားများကလည်း မြို့ကို ခေါက်တုံ့ခေါက်ပြန့် လှည့်ပတ်သွားလာပြီး ကင်းစောင့်နေကြသည်။
သူတို့သည် ရှီးလျန်မြို့နှင့်နီးကပ်လာချိန်တွင် ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က သူတို့ထံတိုးဝင်လာသည်ကို ခံစားမိသည်။
"ပတ်ဝန်းကျင်ကို လျှောက်မကြည့်နဲ့...အခုချိန်မှာ ရှီးလျန်မြို့က စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ အပြည့်အဝရှိနေတယ်...စစ်သားတွေက နေရာအနှံ့အပြားမှာ ကင်းလှည့်နေတယ်...တကယ်လို့ နင်က သာမာန်မဟုတ်တဲ့အပြုအမူမျိုး လုပ်မယ်ဆိုရင် အဲ့ဒီစစ်သားတွေက နင့်ကိုခေါ်ပြီး စစ်ဆေးကြလိမ့်မယ်"
နဥ်အမ်ထုံက သတိပေးလေ၏။
လုယွီက အနည်းငယ် သိချင်စိတ်ပြင်းပြသွားသည်။
"အခုလက်ရှိ စစ်ပွဲရဲ့အခြေအနေတင်းမာမှုက ဒီအဆင့်ထိအောင် ရောက်နေပြီလား"
"နင် သိမှာမဟုတ်ဘူး...သိပ်မကြာခင်အချိန်တုန်းက ထန်အင်ပါယာကသူလျှိုတစ်ယောက် ရှီးလျန်မြို့ထဲကို ခိုးဝင်လာပြီးတော့ လက်နက်တိုက်ကို တိုက်ခိုက်ခဲ့တယ်...သူက အောင်မြင်သွားလုနီးပါးပဲ...နောက်ပိုင်းကျတော့ ရှီးလျန်မြို့တစ်မြို့လုံးကို ဒီလိုအဆင့်မျိုးထိ တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်တော့တာပဲ"
နဥ်အမ်ထုံက ရှည်လျားသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"ထန်အင်ပါယာက အရမ်းကိုအတင့်ရဲနေပြီပဲ...ရှီးလျန်မြို့ရဲ့အကာအကွယ်အစောင့်တပ်တွေက နည်းနည်းလေးတောင် ပြင်ဆင်မထားဘူးလား"
"အရင်ကတော့ ဂိုဏ်းအင်အားစုတွေက အမိန့်တော်ကို စပြီးဖီဆန်လာကြတယ်...ဂိုဏ်းအင်အားစုတွေအများကြီး ပူးပေါင်းပြီးတော့ မဟာမိတ်အဖွဲ့ကိုတောင် ဖွဲ့စည်းထားကြတယ်..အခုချိန်မှာ ရှီးလျန်မြို့ရဲ့အစောင့်တပ်တွေက သူတို့ဟာသူတို့တောင် အလုပ်ရှုပ်နေကြတယ်...အဲ့ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ သူလျှိုတွေက ခိုးဝင်လာတာပဲ"
နဥ်အမ်ထုံက လုယွီကိုတစ်ချက်ကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ဒါပေမယ့် နင် စိတ်မပူပါနဲ့...ထန်အင်ပါယာရဲ့လူတွေက စစ်တပ်ရဲ့အရေးပါတဲ့နေရာတွေကိုပဲတိုက်ခိုက်တာ...သူတို့က နင့်ကို အာရုံစိုက်ကြမှာမဟုတ်ဘူး"
လုယွီက အပြုံးနှင့်ခေါင်းညိတ်ပြကာ မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
သို့ရာတွင် လုယွီ၏စိတ်နှလုံးသား အလွန်လေးလံနေသည်။
အနည်းဆုံးအနေဖြင့် ရှီးလျန်မြို့သည် အစောင့်အကြပ် ထူထပ်သောနေရာတစ်နေရာ ဖြစ်သင့်ပေ၏။သို့ရာတွင် ဤမြို့သည် ဂိုဏ်းအင်အားစုများကြောင့် ဖရိုဖရဲဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် လမ်းတစ်ဝက်၌ ဂိုဏ်းများ၏ဟန့်တားနှောက်ယှက်ခြင်းကို ခံခဲ့ရသည်။ဤကိစ္စမှတဆင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရှိ ဂိုဏ်းအင်အားစုများ လွန်စွာမောက်မာရိုင်းစိုင်းသည်ကို သိရှိနိုင်သည်။
ရှီးလျန်မြို့သည် လွန်စွာကျယ်ဝန်းပေ၏။ဤမြို့ချည်းသက်သက်ကပင် လင်ကျိုးမြို့ထက် ဆယ်ဆမက ကြီးမားကျယ်ပြန့်သည်။
"ရပ်စမ်း....မင်းတို့ရဲ့တံဆိပ်ပြားတွေကို စစ်ဆေးမယ်"
မြို့တံခါးကိုစောင့်ကြပ်နေသော အစောင့်စစ်သားများက သူတို့နှစ်ယောက်ကို ပိတ်ဆို့ဟန့်တားလိုက်၏။
မြို့တံခါးအနီးတွင် ရာနှင့်ချီသောစစ်သားများက မတ်တတ်ရပ်၍စောင့်ကြပ်နေသည်။ထိုစစ်သားများအားလုံးသည် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏လက်များအတွင်း၌ မှော်လက်နက်များကို ကိုင်ဆောင်ထားသည်။သူတို့ထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ပြောင်ပြောင်တင်းတင်း မတ်တတ်ရပ်၍စောင့်ကြပ်နေသော စစ်သားများအပြင် အမှောင်အတွင်း၌ ပုန်းအောင်းနေသူများလည်းရှိသည်။
အကယ်၍ ဤနေရာ၌ ပြဿနာတစ်ခုခုဖြစ်ပွားပါက ပုန်းအောင်းနေသော အစောင့်စစ်သားများ ချက်ချင်း ပြေးထွက်လာကာ ရုန်းရင်းဆန်ခတ်ဖြစ်စေသူကို ဖမ်းဆီးပေမည်။
"ငါတို့က ဆဋ္ဌမတံခါးဂိတ်ကလူတွေပဲ"
နဥ်အမ်ထုံက ချက်ချင်းဆိုသလိုပင် သူမ၏သက်သေခံတံဆိပ်ပြားကို ပြသလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် နဥ်အမ်ထုံ၏တံဆိပ်ပြားရှိနေသောကြောင့် တံခါးရှေ့ရှိ အစောင့်စစ်သားများသည် လုယွီကို များစွာစစ်ဆေးခြင်းမရှိဘဲ ဝင်ခွင့်ပြုလိုက်၏။
ရှီးလျန်မြို့သည် တော်ဝင်မြို့တော်နှင့် များစွာကွဲပြားခြားနားသည်။
အဆောက်အအုံများသည် မြို့၏နေရာအနှံ့အပြားတွင်ရှိနေသော်လည်း လမ်းပေါ်တွင်ရှိနေသည့် လမ်းသွားလမ်းလာများအားလုံး အလျင်စလိုဖြစ်နေသည်။ရံဖန်ရံခါ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သားများက ရှေ့နောက်လမ်းလျှောက်နေကြကာ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
နဥ်အမ်ထုံသည် လုယွီကို နဥ်အိမ်တော်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဤသည်ကို အိမ်တော်ဟုခေါ်သော်လည်း အမှန်အားဖြင့် သာမာန်ဝင်ပေါက်နှစ်ဖက်ပါသော ခြံဝန်းတစ်ခုပင်။
ရှီးလျန်မြို့၏မြေစျေးသည် တော်ဝင်မြို့တော်နှင့်တူညီစွာ အလွန်စျေးကြီးသည်။အင်မော်တယ်ကျောက်တုံးအမြောက်အများကို အသုံးပြုနိုင်သူများသာ မြို့အတွင်းရှိ လူစည်ကားသောနေရာတွင် မြေဝယ်ယူနိုင်ပေမည်။
လေလွင့်ကျင့်ကြံသူတချို့သည် သူတို့၏နေရာကို မြို့ပြင်၌တည်ဆောက်ရန် ရွေးချယ်ကြခြင်းမှာ ငြိမ်းချမ်းခြင်းကြောင့်မဟုတ်ဘဲ သူတို့ထံတွင် အင်မော်တယ်ကျောက်တုံး အလုံအလောက်မရှိခြင်းကြောင့်ပင်။
မြို့အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများနှင့်အရင်းအမြစ်များသည် မြို့အစွန်အဖျားများနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။
Chapter 3337
"ငါ့ရဲ့အိမ်က ရိုးရှင်းတယ်..ဒါပေမယ့် ငါ့ရဲ့အဖေနဲ့ငါပဲ အိမ်ထဲမှာနေတာ...အခန်းလွတ်တစ်ခန်း ရှိနေသေးတယ်"
နဥ်အမ်ထုံသည် စကားပြောဆိုရင်း တံခါးကိုတွန်းဖွင့်လိုက်သည်။
လုယွီသည် လယ်ကွင်းငယ်လေးတစ်ခုနှင့်တူညီသော သူ့ရှေ့ရှိခြံဝန်းကိုကြည့်ကာ သူသည် ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားသည်။
လမ်းတလျှောက်၌ သူသည် နဥ်အမ်ထုံ၏အဆင့်အတန်းကို သိရှိပြီးဖြစ်သည်။သူမသည် ဆဋ္ဌမဂိတ်တံခါး၏ကြေးတံဆိပ်လူဆိုးထိန်းတစ်ယောက်ဖြစ်ပေ၏။
ထို့ပြင် သူမ၏ဖခင်သည် ရှီးလျန်မြို့၏ထိပ်သီးလူဆိုးထိန်းဆယ်ယောက်အနက်မှ တစ်ယောက်ဖြစ်သော နဥ်ကျိုးပင်။
နဥ်ကျိုးသည် မြောက်များစွာသော ဓားပြများနှင့်နတ်ဆိုးကျင့်ကြံသူများကို အကျဥ်းထောင်အတွင်းသို့ ပို့ဆောင်ခဲ့သူဖြစ်သည်။ရှီးလျန်မြို့အတွင်းရှိ မြေအောက်အင်အားစုများအကြားတွင် နဥ်ကျိုး၏နာမည်ကိုကြားသည်နှင့် သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
ရွှေတံဆိပ်ဆုရ လူဆိုးထိန်းများသည် ရှီးလျန်မြို့၏အပြစ်ပေးခန်းမ၌ မြင့်မားသောအဆင့်အတန်းရှိသူများပင်။သူတို့ထံတွင် အရာရှိတစ်ယောက်၏အဆင့်အတန်းမျိုးမရှိသော်လည်း သူတို့ထံတွင် တရားဝင်အခွင့်အာဏာရှိကာ တာယွီ၏ကံကြမ္မာစွမ်းအားကို ရရှိနိုင်သည်။
ရှီးလျန်မြို့သည် ကြီးကျယ်ခမ်းနားပြီး ထည်ဝါသည်။ဤကဲ့သို့မြို့တစ်မြို့တွင် ထိပ်တန်းလူဆိုးထိန်းဆယ်ယောက်အနက်မှတစ်ယောက်ဖြစ်သည့်အတွက် နဥ်ကျိုး၏ခွန်အားကိုပြသရန် လုံလောက်သည်။
ဤကဲ့သို့အဆင့်အတန်းမျိုး ရှိသူတစ်ယောက်တွင် အသုံးပြုရန် ငွေကြေးပြတ်လပ်မည်မဟုတ်ချေ။
လုယွီ၏မျက်လုံးအတွင်းရှိ သံသယအရိပ်အယောင်များကို မြင်တွေ့ပုံဖြင့် နဥ်အမ်ထုံက ပြောဆိုသည်။
"ငါ့ရဲ့အဖေက စစ်တပ်ထဲမှာမွေးဖွားလာပြီးတော့ တပ်ထဲမှာ ရဲဘော်ရဲဘက်တွေအများကြီးရှိတယ်"
"ထန်အင်ပါယာနဲ့တိုက်ပွဲဖြစ်တဲ့အချိန်ကစပြီးတော့ ရှေ့တန်းမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနေကြတယ်...တချို့ကလေးတွေရဲ့မိဘတွေက တိုက်ပွဲကွင်းပြင်မှာသေဆုံးသွားတာကြောင့် သူတို့က မိဘမဲ့ကလေးတွေဖြစ်သွားတယ်....သူတို့ထဲက ပါရမီရှိတဲ့ကလေးတွေကို မိသားစုတွေ ဂိုဏ်းတွေက ခေါ်ဆောင်သွားတယ်...ဒါပေမယ့် ပါရမီမရှိတဲ့ကလေးတွေကတော့ သူတို့မိသားစုတွေရဲ့ပိုင်ဆိုင်မှုတွေ လုယက်ခံရတာကို သူတို့က ကူကယ်ရာမဲ့စောင့်ကြည့်နေရုံပဲတက်နိုင်တယ်...သူတို့က အိမ်ခြေရာမဲ့ကလေးတွေ ဖြစ်လာတယ်"
"ငါ့ရဲ့အဖေက သူ့ရဲ့လစာငွေတွေကို သူ့အတွက် အသုံးမပြုဘဲနဲ့ ရှီးလျန်မြို့မှာ ဘိုးဘေးခန်းမတစ်ခုကို ဆောက်လုပ်ပြီးတော့ အိမ်ခြေရာမဲ့ မိဘမဲ့ကလေးတွေကို မွေးစားခဲ့တယ်...သူက အဲ့ဒီကလေးတွေ စာရေးတတ်ဖတ်တတ်ဖို့ ဆရာတွေကိုငှားရမ်းခဲ့တယ်...သူတို့ ကျင့်ကြံနိုင်မနိုင်ဆိုတာကတော့ သူတို့ရဲ့ကံကြမ္မာပေါ်မူတည်တယ်"
နဥ်အမ်ထုံက သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်၍ပြောဆိုခြင်းမရှိတော့ချေ။
နဥ်ကျိုး မွေးစားထားသော မိဘမဲ့ကလေးများသည် ကျင့်ကြံရာ၌ ပါရမီမရှိခြင်းမှာ သိသာထင်ရှားလှ၏။
ကျင့်ကြံခြင်းဂိုဏ်းများပင်လျှင် ထိုကလေးများကို တပည့်အဖြစ်ခေါ်ယူခြင်းမရှိချေ။
လူအများစုသည် ဤကမ္ဘာလောက၏အလှအပများကိုသာ မြင်တွေ့ပြီး မှောင်မိုက်သောထောင့်များတွင် အသက်ရှင်နေထိုင်နေသူများကိုမူ အစဥ်အမြဲ လျစ်လျှူရှုထားကြသည်။
ကျင့်ကြံခြင်းမြို့အတွင်းရှိ လူများအတွက် သေမျိုးများသည် အချိန်မရွေးခြေမွှဖျက်ဆီး၍ရသော ပုရွက်ဆိတ်များပင်။
ကျင့်ကြံရာ၌ပါရမီမရှိသော ကလေးများသည် မည်သူမျှအာရုံစိုက်ခြင်းမရှိသော ထောင့်တစ်နေရာတွင် နာကျင်စွာဖြင့် သေဆုံးရန်အတွက် စောင့်ဆိုင်းနေရုံသာရှိသည်။
"မင်းကို ငါ ပထမဆုံးတွေ့တဲ့အချိန်တုန်းက တခြားသူတွေနဲ့မတူဘူးလို့ ငါ သတိထားမိတာ အံ့အားသင့်စရာမရှိတော့ဘူး"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူသည် နဥ်အမ်ထုံကို တဖန်ထပ်၍ကြည့်လိုက်ချိန်တွင် နောက်ဆုံး၌ တခြားလူများနှင့်ကွဲပြားခြားနားနေသည်ကို သတိပြုမိလေ၏။
သူ နဥ်အမ်ထုံနှင့်တခြားလူများကို တောအုပ်အတွင်း၌ ပထမဆုံးမြင်တွေ့စဥ်တွင် သူ ရပ်တန့်လိုက်ခြင်းမှာ နဥ်အမ်ထုံထံမှ ထွက်ပေါ်နေသော ပြိုင်ဘက်ကင်းအရှိန်အဝါကြောင့်ပင်။
သူသည် ယခင်က တစ်စုံတစ်ခုကို မခံစားရသော်လည်း ယခု သူ ပြန်လည်တွေးတောလိုက်ချိန်တွင် ထိုအရာသည် သိသာရှင်းလင်းသွားလေပြီ။
ဤသည်က ကံကြမ္မာစွမ်းအားပင်။
ဤစွမ်းအားသည် မြောက်မြားစွာသောယုံကြည်ကိုးကွယ်သူတို့ စုစည်းမိခြင်းမှ ဖြစ်တည်လာခြင်းဖြစ်သည်။
ယေဘုယျကျကျပြောဆိုရပါက နတ်ဘုရားများသာ ထိုကဲ့သို့ကံကြမ္မာစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်သည်။
မြောက်မြားစွာသော ယုံကြည်ကိုးကွယ်သူတို့သည် နတ်ဘုရား၏နာမည်ကို ရွတ်ဆိုကာ ကောင်းချီးပေးရန်အတွက် အသနားခံတောင်းပန်ကြသည်။အချိန်များကျော်လွန်လာသည်နှင့်အမျှ နတ်ဘုရားများ၏နံဘေးပတ်လည်တွင် ထိုကဲ့သို့စွမ်းအားမျိုး ထွက်ပေါ်လာသည်။
အိမ်ခြေရာမဲ့ကလေးများအတွက် နဥ်အမ်ထုံသည် သူတို့ကိုဒုက္ခပင်လယ်အတွင်းမှကယ်တင်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုကြီးပင်။
နဥ်အမ်ထုံက သူမသည် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်ဟုသာ တွေးတောမိလေ၏။သို့ရာတွင် ဤကဲ့သို့ကံကြမ္မာစွမ်းအားများက သူမ၏နံဘေးပတ်လည်တွင် ဖွဲ့စည်းနေလေပြီ။
ထိုစွမ်းအားများ၏ကောင်းချီးပေးခြင်းကြောင့် အကယ်၍ သူမသည် ဘေးအန္တ ရာယ်တစ်ခုနှင့် ကြုံတွေ့ရလျှင်ပင် ကံကြမ္မာဆိုးကြီးကို ကံကြမ္မာကောင်းအဖြစ်သို့ ပြောင်းလဲနိုင်ပေမည်။
ဤတစ်ကြိမ်တွင် နဥ်အမ်ထုံသည် သေစေနိုင်သော ဘေးအန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရသည်။သို့ရာတွင် ထိုကံကြမ္မာစွမ်းအားကြောင့် သူမသည် လုယွီနှင့်ဆုံတွေ့ခဲ့ကာ သူမအနီးသို့ချဥ်းကပ်လာသော နတ်ဆိုးမှော်သားရဲများအကြားမှလွတ်မြောက်ပြီး ကံကြမ္မာဆိုးမှနေ၍ ကံကြမ္မာကောင်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
Chapter 3338
"မင်းလုပ်ခဲ့တဲ့ကိစ္စတွေအတွက် ငါက အရမ်းလေးစားမိတယ်"
လုယွီက စိတ်ခံစားချက်အပြည့်နှင့် ပြောဆိုသည်။
သူ၏ယခုဘဝတွင် သူ လေးစားရသူဟူ၍ လူနည်းစုသာရှိသည်။
အတိတ်ဘဝတွင် သူသည် အိမ်ခြေရာမဲ့မိဘမဲ့ကလေးတစ်ယောက်ပင်။ရုတ်ချည်းဆိုသလိုပင် လုယွီသည် နဥ်အမ်ထုံအပေါ် အမြင်ကောင်းရှိသွားလေ၏။
နဥ်အမ်ထုံက ပြုံးလိုက်သည်။
"ငါက အဲ့ဒီကလေးတွေ လမ်းပေါ်မှာလျှောက်သွားနေတာကို မမြင်ရက်ဘူး...ဒါပေမယ့် ဒါက ငါ နည်းနည်းလောက်ကြိုးစားခဲ့ရုံပါပဲ"
နဥ်အိမ်တော်အတွင်းရှိ ပရိဘောဂပစ္စည်းများသည်လည်း လွန်စွာရိုးရှင်းသည်။
တစ်ခုတည်းသော ကွဲပြားခြားနားချက်မှာ နဥ်အိမ်တော်၏အနောက်ဘက်ခြံဝန်းကို လေ့ကျင့်ကွင်းပြင်တစ်ခုအဖြစ် ပြုလုပ်ထားခြင်းပင်။ထိုကွင်းပြင်၏နံဘေး၌ မှော်လက်နက်တချို့ရှိနေသဖြင့် ဤနေရာသည် ပုံမှန်လေ့ကျင့်ရေးဆင်းသော နေရာတစ်နေရာဖြစ်ပေမည်။
လုယွီက ထိုမှော်လက်နက်များအနက်မှတစ်ခုကိုကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်၏။
"မင်းရဲ့အဖေက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်လား"
"အမှန်ပဲ...ငါ့ရဲ့အဖေက ရွှေတံဆိပ်လူဆိုးထိန်းဆယ်ယောက်မှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံတဲ့ တစ်ဦးတည်းသောလူပဲ...အော် ဒါနဲ့..နင်လည်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံတဲ့သူမဟုတ်လား"
နဥ်အမ်ထုံက ပြောဆိုသည်။
ယခင်က လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် ကျားနက်ကြီးကို သတ်ဖြတ်ခဲ့သည်။
ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသာ ထိုကဲ့သို့အရာမျိုးကို ပြုလုပ်နိုင်ပေမည်။
လုယွီက မယုတ်မလွန် ခေါင်းညိတ်ပြကာ တခြားမှော်လက်နက်များကို တစ်ချက်ကြည့်လိုက်သည်။သူသည် လူဆိုးထိန်းနဥ်ကျင့်ကြံသော ကျင့်ကြံနည်းစနစ်ကို တဖြည်းဖြည်းကောက်ချက်ချမိပြီးဖြစ်သည်။
လောကကြီးအတွင်း၌ ကျင့်ကြံနည်းစနစ်အမြောက်အများရှိသည့်အနက် ကျားဟိန်းသံနတ်ဘုရားကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသော တစ်စုံတစ်ယောက်ရှိနေမည်ဟု လုယွီ မျှော်လင့်မထားမိချေ။
ထိုကျင့်ကြံနည်းစနစ်သည် လုယွီ တာအိုသခင်မဖြစ်ခင်က ရေးသားထားခဲ့သောအရာပင်။ထိုကျင့်ကြံနည်းစနစ်သည် အလွန်အမင်းထက်ရှသဖြင့် နတ်ဆိုးတာအိုဟုပင် ခေါ်ဆိုခြင်းခံရသည်။
အတိတ်ဘဝတွင် လုယွီသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းကို မကျင့်ကြံခဲ့သော်လည်း သူ၏လက်အောက်ငယ်သားများအကြားတွင် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများရှိနေသည်။တစ်ခါတစ်ရံတွင် သူ၏လက်အောက်ငယ်သားများကို ဆုလာဘ်အဖြစ်ချီးမြှင့်ရန်အတွက် ကျင့်ကြံနည်းစနစ်တချို့ကို ဖန်တီး၍ပေးလေ့ရှိသည်။
ဤကျားဟိန်းသံ နတ်ဘုရားနည်းစနစ်သည် အတိတ်ဘဝတွင် လုယွီအတွက် အနည်းငယ်မျှပင်အရေးမပါခဲ့ချေ။သို့ရာတွင် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ ထိုကျင့်ကြံနည်းစနစ်ကိုကျင့်ကြံသော ကျင့်ကြံသူအား ယှဥ်ပြိုင်နိုင်သူဟူ၍ လူနည်းစုသာရှိသည်။
"ငါ အတိတ်ဘဝတုန်းက ဖန်တီးခဲ့တဲ့ကျင့်ကြံနည်းစနစ်ကို ဒီနေရာမှာပြန်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
အတိတ်ကိုသတိရသွားသော အရိပ်အယောင်များက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။တစ်ချိန်တည်းမှာပင် သူသည် တိုက်ပွဲစင်မြင့်ပေါ်ရှိ သံနက်အပိုင်းအစတစ်ခုကို ထိတို့ကြည့်လိုက်သည်။
ထိုသံနက်အပိုင်းအစတစ်ခုလုံး နက်မှောင်နေကာ ကြီးမားသောကျောက်တိုင်ကြီးတစ်ခုအလား မြေပြင်ပေါ်၌မားမားမတ်မတ် တည်ရှိနေသည်။
ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ဝါးတုတ်များသည် အလွန်ကျိုးပဲ့လွယ်သဖြင့် ကျင့်ကြံသူတစ်ယောက်၏အစွမ်းထက်သောခွန်အားကို တောင့်ခံနိုင်ခြင်းမရှိချေ။ထို့ကြောင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူအများစုသည် ဤကဲ့သို့သံနက်ကျောက်တိုင်မျိုးကို သဲအိတ်အဖြစ် အသုံးပြုကြသည်။
ဤသံနက်ကျောက်တိုင်ပေါ်တွင် မြောက်မြားစွာသောဓားဒဏ်ရာများ လက်ချောင်းရာများဖြင့် ပြည့်နှက်နေကာ လူတချို့သည် ထိုအရာကိုအသုံးပြု၍ မကြာခဏလေ့ကျင့်ပုံရသည်။
သို့ရာတွင် အထင်ရှားဆုံးအရာမှာ ကျောက်တိုင်၏ထိပ်ရှိ လက်ဝါးရာကြီးပင်။
ဤလက်ဝါးရာကြီး၏ခွန်အားသည် အလွန်နက်ရှိုင်းကာ ကျောက်တိုင်၏တစ်ဖက်ခြမ်းပင်လျှင် အတွင်းသို့ချိုင့်ဝင်နေပုံရသည်။ဤကဲ့သို့ခွန်အားမျိုးကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု ပြောဆိုနိုင်ပေ၏။
ဆိုရိုးစကားအရဆိုရလျှင် အပြင်လူများသည် အပေါ်ယံကိုသာမြင်တွေ့နိုင်ပြီး အတွင်းလူများသည် လှည့်စားမှုများကို မြင်တွေ့နိုင်သည်။
ထိုလက်ဝါးရာကြီးကြောင့် လုယွီသည် နဥ်ကျိုးကျင့်ကြံသော ကျင့်ကြံနည်းစနစ်ကို အတိအကျပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
ကျားဟိန်းသံနတ်ဘုရားနည်းစနစ်တစ်ခုတည်းကသာ ဤအဆင့်ထိအောင်မြင်အောင် ပြုလုပ်နိုင်သည်။
"ထုံအာ...ပြန်လာပြီလား"
ထိုအချိန်မှာပင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်က ရုတ်တရက် ပင်မအိမ်တော်အတွင်းမှထွက်လာသည်။
ထိုအမျိုးသားသည် လူလတ်ပိုင်းကြီးတစ်ယောက်ပင်။သူသည် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းထက်၌ ရွှေသရဖူတစ်ခုကိုဆောင်းထားသည်။ထိုလူကြီး၏မျက်လုံးတစ်စုံသည် တောက်ပပြီး တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေပေ၏။
သူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောအရှိန်အဝါများ ခပ်ဖျော့ဖျော့ထွက်ပေါ်နေသည်။သူ၏ရှေ့၌ရပ်နေသောလူများသည် မည်သည့်စကားတစ်ခွန်းမျှမဆိုလျှင်ပင် ကြီးမားသောဖိအားအရှိန်အဝါကို ခံစားရပေမည်။သူသည် ရှီးလျန်မြို့၏ထိပ်သီးလူဆိုးထိန်းဆယ်ယောက်အနက်မှတစ်ယောက်ဖြစ်သော နဥ်ကျိုးပင်။
နဥ်ကျိုး၏နံဘေးတွင် ထက်မြက်ပုံရသောအမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေကာ သူမ၏ခေါင်းထက်၌ ဆံထုံးထုံးထားသည်။သူမသည် နဥ်ကျိုး၏လက်ကိုဆုပ်ကိုင်ထားသည်။သူမသည် နဥ်ကျိုး၏ဇနီးလီရှီးပင်။
Chapter 3339
ထိုလူနှစ်ယောက်ကိုမြင်တွေ့ချိန်တွင် နဥ်အမ်ထုံက အလျင်စလိုအပြေးသွားကာ နှုတ်ဆက်လေသည်။
"အဖေ...အမေ..."
လီရှီးသည် သမီးဖြစ်သူပြန်လာသည်ကိုမြင်တွေ့ချိန်တွင် သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ခုထင်ဟပ်လာသည်။
"ဒီကလေးကတော့...နင်က နေ့လည်ကြောင်တောင်ကြီး အမှုစုံစမ်းမယ်ဆိုပြီး ထွက်သွားတယ်....အိမ်မှာစာတစ်စောင်တောင် မချန်ခဲ့ဘူး...တကယ်လို့ နင့်ရဲ့အဖေသာ ငါ့ကိုမပြောဘူးဆိုရင် ငါ သေလုမတတ်စိတ်ပူနေရမှာ"
"ဟုတ်ကဲ့ပါ အမေ...ကျွန်မ နားလည်ပါပြီ"
နဥ်အမ်ထုံသည် အမှားကျူးလွန်မိသကဲ့သို့ ခံစားမိလေ၏။
နဥ်ကျိုး၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေကာ သူက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"ထုံအာ...မင်းက ခုလတ်တလောအချိန်မှာ နတ်ဆိုးမှော်သားရဲတွေက လူသားတွေကို ရန်ပြုတိုက်ခိုက်နေတဲ့အကြောင်းကို စုံစမ်းနေတယ်လို့ ငါ ကြားထားတယ်...ဒီတစ်ကြိမ်စုံစမ်းမှုမှာ ဘာတိုးတက်မှုရှိလဲ"
နဥ်အမ်ထုံက သူမ၏ခေါင်းကို ခါယမ်းပြလေသည်။
"မရှိဘူး...ဘာလို့လဲဆိုတာတော့ ကျွန်မ မသိဘူး...ဒါပေမယ့် တောအုပ်ထဲမှာ နတ်ဆိုးသားရဲဘုရင်တွေ ရုတ်တရက်ကြီးစုဝေးနေတယ်...ကျွန်မတောင် အဲ့ဒီနေရာမှာ သေတော့မလို့ပဲ"
"ဘယ်လို...ငါ ကြည့်ပါရစေအုံး"
လီရှီး၏စိတ်နှလုံးသား မွန်းကြပ်သွားကာ သူမက နဥ်အမ်ထုံကို အလျင်စလိုကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် နဥ်အမ်ထုံ၏အဝတ်အစားများ အနည်းငယ်စုတ်ပြဲပြီး ပြင်ပဒဏ်ရာတချို့သာ ရရှိခဲ့သည်။သူမသည် အဆင်ပြေပုံရကာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သော ဒဏ်ရာကြီးကြီးမားမားမရရှိချေ။
"နတ်ဆိုးမှော်သားရဲဘုရင်တွေ စုဝေးနေတာလား...ဒါက မဖြစ်သင့်ဘူးလေ...အဲ့ဒီနတ်ဆိုးမှော်သားရဲဘုရင်တွေက အမြဲတမ်း သူတို့ရဲ့ပိုင်နက်နယ်မြေထဲမှာပဲနေတာ...တကယ်လို့ ထူးခြားတဲ့အခြေအနေတစ်ခုသာမရှိရင် သူတို့က ရုတ်တရက်ကြီး စုဝေးနေမှာမဟုတ်ဘူး...ဖြစ်နိုင်တာတော့ တောအုပ်ထဲမှာ မိုးကောင်းကင်ရတနာတစ်ခုခု ထွက်ပေါ်လာလို့များလား"
နဥ်ကျိုးက မျက်မှောင်ကြုတ်ကာ ချက်ချင်းဆိုသလို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
အတွေ့အကြုံရင့်ကျက်သော လူဆိုးထိန်းတစ်ယောက်ဆိုသည့်အတိုင်း သူသည် ပြဿနာ၏ဇစ်မြစ်အမှန်ကို စဥ်းစားတွေးတောနိုင်သည်။
"ရှင် ဘာလို့ ခုလိုဖြစ်နေတာလဲ...ရှင့်ရဲ့သမီးက ဘာနဲ့တူနေပြီလဲဆိုတာ ရှင် မမြင်ဘူးလား...အခုထိ ရှင်က အမှုအခင်းတွေအကြောင်းကို စဥ်းစားနေတုန်းလား...သမီးတစ်ယောက်အနေနဲ့ သူ့အတွက် အရေးအကြီးဆုံးကိစ္စက သင့်တော်တဲ့သူတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ပဲ...ကျွန်မတို့မှာ သမီးတစ်ယောက်ပဲရှိတယ်...သူက အပြင်မှာ တနေကုန်ပြေးလွှားနေတာကို ရှင် သည်းခံပြီးတော့ ကြည့်နေနိုင်တာလား"
လီရှီးက ဒေါသတကြီးဖြင့် နဥ်ကျိုးကိုပြောဆိုသည်။
နဥ်အမ်ထုံက ပျာပျာသလဲ ဝင်ရောက်ပြောဆိုလေ၏။
"အမေ....ကျွန်မက လူဆိုးထိန်းအလုပ်ကို ဆက်လုပ်ချင်သေးတာပါ...အဖေ့ကို အပြစ်မတင်ပါနဲ့"
လီရှီးက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"ဟွန့်...နင် ငါ့ကို အမေလို့ရော သတ်မှတ်သေးရဲ့လား...နင် လူဆိုးထိန်းတစ်ယောက်ဖြစ်နေတာက ကောင်းတယ်လို့ နင် တကယ်ကြီးထင်နေတာလား...သိပ်မကြာခင်အချိန်တုန်းက နင်တို့လူဆိုးထိန်းတွေရဲ့ဆဋ္ဌမဂိတ်တံခါးကို ဂိုဏ်းတွေက ဝင်ပြီးတိုက်ခိုက်တာမဟုတ်လား...လူဆိုးထိန်းတွေအများကြီး ဆေးကုသဆောင်ရဲ့ကုတင်တွေပေါ်မှာ လဲလျောင်းနေရတယ်...နင်က သူတို့လိုဖြစ်ချင်နေတယ်လို့တော့ ငါ့ကိုမပြောနဲ့"
"ငါ ထပ်ပြီးဂရုမစိုက်တော့ဘူး...နင် လူဆိုးထိန်းအလုပ်ကို ထပ်မလုပ်ရတော့ဘူး....ငါက ဝမ်မိသားစုရဲ့လက်ထပ်ဖို့ကမ်းလှမ်းတာကို သဘောတူပြီးတော့ နင့်ကို အိမ်ထောင်ချပေးရမယ်"
"အမေ...."
ထိုလက်ထပ်ပွဲသတင်းကိုကြားချိနိတွင် နဥ်အမ်ထုံက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။
ဝမ်ခန်းသည် သူမကို နှစ်သက်မြတ်နိုးနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အထူးသဖြင့် ဝမ်မိသားစုသည် လက်ထပ်မှုကမ်းလှမ်းရန်အတွက် နဥ်အိမ်တော်သို့ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့သည်။
နဥ်အမ်ထုံသည် ထိုလက်ထပ်ပွဲအတွက် မပျော်ရွှင်သော်လည်း လီရှီးကမူ အလွန်ပျော်ရွှင်နေသည်။
ဝမ်ခန်းသည် ပါရမီရှင်လူငယ်တစ်ယောက်ဖြစ်ရုံသာမက သူ၏နောက်ခံအင်အားသည် လွန်စွာအားကောင်းပေ၏။ဝမ်မိသားစု၏ထောက်ပံမှုသာရှိနေပါက အကယ်၍ နဥ်ကျိုးသည် ကုသိုလ်ကောင်းမှုများသာ ပြုလုပ်နေလျှင်ပင် နဥ်အိမ်တော်သည် တစ်ချိန်ချိန်၌ သေချာပေါက်ချမ်းသာကြွယ်ဝလာပေသည်။
ချမ်းသာကြွယ်ဝမှုကို မနှစ်သက်သောလူ မရှိချေ။
ထို့ကြောင့် လီရှီးသည် သူ၏သမက်လောင်းဝမ်ခန်း ထွက်ပြေးမသွားစေရန် နဥ်အမ်ထုံကို လက်ထပ်ပွဲအား သဘောတူညီရန် အတင်းအကြပ်တိုက်တွန်းနေခြင်းဖြစ်သည်။
နဥ်အမ်ထုံက မျက်မှောင်အနည်းငယ်ကြုတ်၍ ကျယ်လောင်စွာ ပြောဆိုသည်။
"အမေ...ဝမ်ခန်းက ဘယ်လိုလူစားမျိုးလဲဆိုတာ အမေ မသိပါဘူး...ကျွန်မ သူနဲ့ လက်မထပ်နိုင်ဘူး"
မည်ကဲ့သို့ ပြက်လုံးမျိုးဖြစ်သနည်း....
ဝမ်ခန်း၏မောက်မာထောင်လွှားပြီး သွေးဆူသောစရိုက်ကို ဘေးဖယ်ထားလျှင်ပင် သူသည် နဥ်အမ်ထုံ အန္တရာယ်အတွင်းသို့ ကျရောက်နေစဥ်၌ စွန့်ပစ်ခဲ့သည်။သူ့အား နဥ်အမ်ထုံသည် စိတ်နှလုံးသားအတွင်းမှ ထုတ်ပြီးလေပြီ။
ဤကဲ့သို့လူစားမျိုးသည် တစ်ကိုယ်ကောင်းဆန်ကာ သူမအတွက် တွေးတောပေးခြင်းမရှိချေ။မည်သည်ကြောင့် နဥ်အမ်ထုံသည် ထိုကဲ့သို့လူစားမျိုးကို လက်ထပ်နိုင်မည်နည်း....
လီရှီးက ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။
"ဘာလို့ နင်က ဒီအမေရဲ့စိတ်စေတနာကောင်းကို နားမလည်တာလဲ...ဝမ်ခန်းလိုပါရမီရှင်တစ်ယောက်နဲ့လက်ထပ်လိုက်တာနဲ့ နင့်ရဲ့ရှေ့မှာ တောက်ပတဲ့အနာဂတ်တွေပဲ ရှိနေတော့မှာ...နင်ရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး ဘာကိုမှစိုးရိမ်ပူပန်စရာ လိုမှာမဟုတ်ဘူး"
Chapter 3340
လီရှီးသည် အလွန်အမင်း စိုးရိမ်ပူပန်နေကာ သူမက ကူကယ်ရာမဲ့စွာဖြင့် နဥ်ကျိုးကို ကြည့်လိုက်သည်။
"ရှင့်ရဲ့သမီးကို မဖြောင့်ဖျတော့ဘူးလား...ရှင်က သူ့ရဲ့ဘဝတလျှောက်လုံး အပြင်မှာပဲတိုက်ခိုက်သတ်ဖို့နေဖို့ကို ခွင့်ပြုမယ်လို့တော့ ကျွန်မကို မပြောနဲ့"
နဥ်ကျိုးက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
အခုချိန်က ငါတို့အင်ပါယာရဲ့ထန်အင်ပါယာမှာ တိုက်ပွဲဖြစ်နေတဲ့ အရေးကြီးအချိန်အခိုက်အတန့်ပဲ...ဒါကြောင့် အုပ်ချုပ်ရေးရုံးတော်တွေက လူတွေကို ခေါ်ယူနေရတယ်...တခြားမိသားစုရဲ့ကလေးတွေတောင် စစ်ပွဲကိုသွားကြရင် ဘာလို့ ငါတို့ကလေးက ဘာလို့မရရမှာလဲ"
"အဲ့ဒီဝမ်ခန်းဆိုတဲ့ကောင်...ထုံအာ....တကယ်လို့ မင်း သူ့ကိုမကြိုက်ဘူးဆိုရင် အဲ့ဒီလက်ထပ်ပွဲကိုငြင်းလိုက်...ငါ နဥ်ကျိုးက ငါ့ရဲ့ဆန္ဒတွေပြည့်ဖို့အတွက်နဲ့ ငါ့သမီးရဲ့လက်ထပ်မှုကိုစတေးပြီး အမြင့်ကိုတက်လှမ်းမှာမဟုတ်ဘူး"
နဥ်ကျိုး၏စကားလုံးများသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါနှင့် ပြည့်နှက်နေပေ၏။
ဝမ်မိသားစု၏ကမ်းလှမ်းမှုနှင့် ရင်ဆိုင်ရချိန်တွင် တည်တည်ငြိမ်ငြိမ်နေနိုင်သူဟူ၍ ရှီးလျန်မြို့အတွင်း၌ မိသားစုအနည်းငယ်သာရှိပေမည်။
လီရှီးသည် သူမ အသက်ဆက်ရှင်ရန် မျှော်လင့်ချက် ပျောက်ဆုံးသွားသည့်အလား နဥ်ကျိုးကိုကြည့်ကာ ပြောဆိုသည်။
"ရှင် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်တာ နှစ်တွေအများကြီးရှိနေပြီ...ဒီတစ်ကြိမ်မှာ လူဆိုးထိန်းခေါင်းဆောင်က ရာထူးကနေအနားယူတော့မယ်...ဒါက ရှင့်အတွက် ကြိုတင်စီမံပြီးသားနေရာပဲ...တကယ်လို့ ဒီတစ်ကြိမ်အခွင့်အရေးကိုသာ ရှင် ဆုပ်ကိုင်နိုင်မယ်ဆိုရင်...ရှင်က လူဆိုးထိန်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးမှာတောင် လူဆိုးထိန်းခေါင်းဆောင်ဖြစ်လာတာ လူနည်းနည်းပဲရှိတယ်...အချိန်ကျလာရင် ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှာ ရှင့်ရဲ့နာမည် ကျော်ကြားလာနိုင်တယ်"
"ကောင်းကင်ဘုံနယ်မြေထဲမှာ ငါ နာမည်ကျော်ကြားလာဖို့က...ငါ့သမီးလောက် အရေးမကြီးဘူး"
နဥ်ကျိုးသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ထိုကိစ္စကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။
လီရှီးသည် အလွန်ဒေါသထွက်နေကာ ထပ်မံ၍စောဒကတက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် နဥ်အမ်ထုံက ရုတ်တရက် ချောင်းတစ်ချက်ဟန့်ကာ ပြောဆိုသည်။
"အမေ...ဒီနေရာမှာ သူစိမ်းတစ်ယောက်ရှိနေတယ်"
သူတို့သည် လုယွီကို သတိပြုမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် သူတို့နှစ်ယောက်သည် သမီးဖြစ်သူကိုသာ အာရုံစိုက်နေသဖြင့် လုယွီကို အာရုံစိုက်မိခြင်းမရှိချေ။
နဥ်အမ်ထုံက မိတ်ဆက်ပေးလေသည်။
"အဖေ..အမေ..ဒီသခင်လေးရဲ့မျိုးရိုးနာမည်က လု...သူက ကျွန်မကို နတ်ဆိုးမှော်သားရဲဧကရာဇ်တစ်ကောင် လိုက်ဖမ်းနေတဲ့အချိန်မှာ ကယ်တင်ပေးခဲ့တယ်"
အမ်...
လုယွီသည် နဥ်အမ်ထုံကိုကယ်တင်ခဲ့သူဖြစ်ကြောင်း သိရှိသွားချိန်တွင် သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားသည်။
နဥ်ကျိုးသည် ခေါင်းမော့၍ လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
သူသည် လုယွီကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
သူ၏အမြင်အရ လုယွီသည် နက်နဲသိမ်မွေ့ပုံရသည်ဟု သူ အာရုံခံနိုင်သည်။သို့ရာတွင် အနီးကပ်စူးစမ်းလေ့လာကြည့်ချိန်တွင် လုယွီသည် သေမျိုးတစ်ယောက်နှင့်တူညီနေကာ ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုး အနည်းငယ်မျှပင်မရှိသည်ကို သူ တွေ့ရှိခဲ့ရသည်။
ဤအခြေအနေသည် အလွန်ထူးဆန်းပေ၏။
ရွှေတံဆိပ်လူဆိုးထိန်းဖြစ်သော နဥ်ကျိုးသည် လူအမြောက်အများကို မြင်တွေ့ဖူးသော်လည်း လုယွီကဲ့သို့ အခြေအနေမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။
"မင်း ဘယ်နေရာကနေ ရောက်လာတာလဲ....မင်းက ရှီးလျန်မြို့ကလူဖြစ်မယ်လို့တော့ ငါ မထင်ဘူး...ဟုတ်တယ်မလား"
နဥ်ကျိုးက ပြောဆိုသည်။
နဥ်ကျိုးသည် လုယွီ၏မူရင်းဇစ်မြစ်ကို သူ၏ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက်အနည်းငယ်မှတဆင့် ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် နဥ်ကျိုးကို တစ်ချက်ကြည့်လိုက်၏။
ဤလူသည် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်ရန်ထိုက်တန်ကာ သူ့ထံတွင် သာလွန်ထူးကဲသော အရည်အချင်းမျိုးရှိသည်။
"ကျွန်တော်က လုယွီ...ကုန်သည်အုပ်စုတစ်စုနဲ့အတူ လှည့်လည်သွားလာနေတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
လေလွင့်ကျင့်ကြံသူတစ်ယောက်ဟု ဆိုသလော....
နဥ်ကျိုးက ခေါင်းညိတ်ပြသော်လည်း သူသည် မျက်မှောင်အနည်းငယ် ကြုတ်ထားလေ၏။
လေလွင့်ကျင့်ကြံသူတစ်ယောက်ဟူသည်မှာ သူ၏နောက်တွင် မည်သည့်အင်အားစုမျှ မရှိရုံသာမက သူသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု အဓိပ္ပါယ်ရသည်။အတိတ်တွင် သူ မည်သည့်ကိစ္စများအား ပြုလုပ်ခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။
"အဖေ...သူ့ရဲ့အသက်ငယ်တာကိုပဲ မကြည့်နဲ့...သူက အရမ်းသန်မာအားကောင်းတယ်...အဖေ သိမှာမဟုတ်ဘူး...အဲ့ဒီနတ်ဆိုးသားရဲဧကရာဇ်က သူ့ကိုကြောက်ပြီးတော့ ရှေ့ကိုတိုးမလာရဲတော့ဘူး...အကောင်းအဆိုးမသိတဲ့ နတ်ဆိုးမှော်သားရဲဘုရင်တစ်ကောင်က သူ့ကို အငိုက်ဖမ်းပြီးတိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်...ဒါပေမယ့် သူက အဲ့ဒီသားရဲကို လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်တယ်"
နဥ်အမ်ထုံက နံဘေးတစ်ဘက်မှနေ၍ ရှင်းပြလေသည်။
ဤကဲ့သို့ကိစ္စမျိုး အမှန်တကယ် ဖြစ်ပျက်ခဲ့သလော....
နဥ်ကျိုးနှင့်လီရှီးတို့၏ စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသည်။
အကယ်၍ နဥ်ကျိုးပင်လျှင် နတ်ဆိုးမှော်သားရဲဧကရာဇ်တစ်ကောင်နှင့် ကြုံတွေ့ရပါက ရင်ဆိုင်နိုင်ရန်အတွက် အင်အားများစွာ စိုက်ထုတ်ရပေမည်။
နတ်ဆိုးမှော်သားရဲဘုရင်တစ်ကောင်ကို သူ သတ်ဖြတ်နိုင်သော်လည်း လက်သီးတစ်ချက်တည်းဖြင့်တော့ သူ မသတ်နိုင်မည်မှာ သေချာပေါက်ပင်။
ဤလူငယ်ထံတွင် အမှန်တကယ်ကိုပင် ထိုကဲ့သို့စွမ်းရည်မျိုး ရှိနေသလော....
လီရှီးက အပြုံးနှင့်ပြောဆိုသည်။
"ထုံအာ....ဖြစ်နိုင်တာတော့ နင် ပြောနေတာတွေက နင် အိမ်မက်မက်ပြီး ယောင်နေတာများလား...ဒါကြောင့် နင် ဇဝေဇဝါဖြစ်နေတာထင်တယ်...ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
သူမသည် အိမ်ရှင်မတစ်ယောက်ဖြစ်ခဲ့သော်လည်း အတိတ်တွင် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သူပင်။နတ်ဆိုးမှော်သားရဲဧကရာဇ်နှင့်နတ်ဆိုးမှော်သားရဲဘုရင်အဆင့်များသည် မည်မျှထိအစွမ်းထက်သည်ကို သူမ ကောင်းစွာသိရှိပေ၏။
လုယွီသည် လူငယ်တစ်ယောက်ဖြစ်သည်။မည်သည်ကြောင့် သူသည် ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်နိုင်မည်နည်း....