← Chapters

အခန်း (၃၃၄၆-၃၃၅၀)

Vol. 171 Ch. 3346-3350

အခန်း (၃၃၄၆-၃၃၅၀)

Vol. 171 Ch. 3346-3350

Chapter 3346

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။

"မင်းက အသေးစိတ်ကျကျ သိထားသားပဲ...ငါ့ရဲ့အကြောင်းတွေကိုတောင် မင်း သိနေတယ်"

ကျူးကော်မင်က အမှုထားပုံမရဘဲ ပြုံးလိုက်သည်။

"တော်ဝင်မြို့တော်မှာ ငါ့ရဲ့သူလျှိုတချို့ရှိနေတုန်းပဲ...ဒါကြောင့် ငါက မင်းနဲ့ပတ်သတ်တဲ့ သတင်းတချို့ကိုသိထားတယ်...ဒါပေမယ့် အရှင်လု မင်း စိတ်အေးအေးထားပါ...အရှင်ဖေးက မင်းကိုရွေးချယ်ပြီးမှတော့ ငါက ချွင်းချက်မရှိ မင်းနောက်ကို လိုက်မှာပါ"

လုယွီက ခေါင်းညိတ်ပြလေ၏။

"ဒီနေရာမှာရှိတဲ့ ဂိုဏ်းတွေအကြောင်း ငါ့ကိုပြောပြအုံး...ရှီးလျန်မြို့မှာရှိတဲ့ဂိုဏ်းတွေက အရမ်းမောက်မာရိုင်းစိုင်းတယ်လို့ ငါ ကြားထားတယ်...သူတို့က အုပ်ချုပ်ရေးအဖွဲ့တွေကိုတောင် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဝံ့တယ်"

"အရှင် သိထားသင့်တာတစ်ခုက အဲ့ဒီဂိုဏ်းအင်အားစုတွေက အရင်ကတော့ တော်ဝင်နန်းတွင်းရဲ့အမိန့်တွေကို နာခံကြတယ်..ဒါပေမယ့် ထန်အင်ပါယာက ဂိုဏ်းတွေကို မက်လုံးတွေပေးပြီးတော့ ဆွဲဆောင်တဲ့အမိန့်ကို ထုတ်ပြန်လိုက်တဲ့အချိန်မှာ....အဲ့ဒီဂိုဏ်းအင်အားစုတွေက ထန်အင်ပါယာရဲ့အမိန့်ကိုပဲ လိုက်နာတော့မှာကို ငါ စိုးရိမ်မိတယ်"

ကျူးကော်မင်က အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ရှီးလျန့်မြို့ထဲမှာရှိတဲ့ အကြီးမားဆုံးအင်အားစုသုံးစုက ရေအင်မော်တယ်ဂိုဏ်း အထွတ်အထိပ်ဂိုဏ်းနဲ့ ရွှေအလင်းဘုရားကျောင်းတို့ပဲ...အဲ့ဒီအင်အားစုသုံးစုက ကွဲပြားခြားနားတဲ့စွမ်းအားသုံးမျိုးဖြစ်တဲ့ တာအို နတ်ဆိုးနဲ့ ဗုဒ္ဓတို့ကိုကိုယ်စားပြုတယ်...ရှီးလျန်မှာပေါက်ဖွားလာတဲ့ ဂိုဏ်းတွေအားလုံး အဲ့ဒီအင်အားစုသုံးစုနဲ့ ဆက်စပ်နေတယ်...ဒါမှမဟုတ် အဲ့ဒီဂိုဏ်းတွေရဲ့နောက်ကွယ်မှာ သူတို့ရဲ့အရိပ်အယောင်တွေရှိနေတယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့ဒီဂိုဏ်းသုံးဂိုဏ်းက ဆူးသုံးချောင်းဆိုတာ အုပ်ချုပ်ရေးအဖွဲ့က သိထားမှတော့...ဘာလို့ သူတို့ကို ဘာလို့အမြစ်ပြတ်မသုတ်သင်တာလဲ"

"အဲ့ဒီအင်အားစုသုံးစုက ရှီးလျန်မှာအမြစ်တွယ်နေတာ အချိန်အတော်ကြာနေပြီ....သူတို့ရောက်လာတာက မူဝမ်ကျီးထက်တောင်စောတယ်...အဲ့ဒီလူတွေက နက်နက်ရှိုင်းရှိုင်းခြေကုပ်ယူထားပြီးတော့ ရှီးလျန်မှာ သူတို့ရဲ့အင်အားစုတွေက အရမ်းရှုပ်ထွေးတယ်...ဒါကိုဖြေရှင်းဖို့က အချိန်တိုအတွင်းမှာဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ဘူး...အခုချိန်မှာ ငါတို့အင်ပါယာက ထန်အင်ပါယာနဲ့ စစ်ပွဲဆင်နွှဲနေတယ်....ငါတို့က ဒီအချိန်မှာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်လို့မရတာကြောင့် သူတို့နဲ့ညှိနှိုင်းခဲ့ရတယ်"

လုယွီက ဒေါသတကြီးဖြင့် စားပွဲခုံကို ပုတ်လိုက်၏။

"ဝမ်မူကျီးက အရူးလား...အဲ့ဒီဂိုဏ်းတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်...သူတို့နဲ့ညှိနှိုင်းရုံနဲ့ သူ့ရဲ့စကားကိုနားထောင်မယ်လို့များ ထင်နေတာများလား"

ဤသည်က အလွန်ရယ်ရွှင်ဖွယ်ကောင်းသော ပြက်လုံးတစ်ခုပင်။

ထိုဂိုဏ်းအင်အားစုများသည် နယ်မြေတစ်ခုကိုအုပ်ချုပ်နိုင်ရန် အိမ်မက်မက်နေကြပုံရကာ တော်ဝင်နန်းတွင်း၏အုပ်ချုပ်မှုအောက်ရှိ နယ်မြေများကို တိုက်ခိုက်လိုကြသည်။

အကယ်၍ သူတို့နှင့်ညှိနှိုင်းသည့် နည်းလမ်းကိုအသုံးပြုပါက လုံးလုံးလျားလျား အသုံးဝင်မည်မဟုတ်ချေ။ထိုအစား သူတို့သည် တော်ဝင်နန်းတွင်း၏အခွင့်အာဏာကို အထင်သေးကာ ပို၍ရဲတင်းသောကိစ္စများကို လုပ်ဆောင်လာပေမည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်တွင် ထိုဂိုဏ်းများအင်အားစုများကို ဆက်ဆံသည့် နည်းလမ်းဟူ၍ တစ်ခုသာရှိသည်။ဤသည်မှာ သူ၏လက်သီးကိုအသုံးပြု၍ သူတို့အား သူ၏အမိန့်ကိုနာခံအောင်ပြုလုပ်ခြင်းပင်။

အကယ်၍ အင်အားစုတစ်စုသည် ရှေ့သို့ထွက်ပြီး ဆန့်ကျင်ဝံ့ပါက သူသည် ရက်စက်ကြမ်းတမ်းသောလှုပ်ရှားမှုကိုအသုံးပြု၍ သူတို့ကို မတွန်းလှန်ဝံ့အောင် ပြုလုပ်ပေမည်။

သံမဏိသွေးလက်ဝါးနှင့် ရင်ဆိုင်ရချိန်တွင် မောက်မာရိုင်းစိုင်းသော ဂိုဏ်းအင်အားစုများသည် သူတို့၏ခေါင်းများကိုငုံ၍ နာခံရို့ကျိုးစွာဖြင့် တော်ဝင်နန်းတွင်းသို့ အခွန်အခပေးဆောင်ရန်သာ တတ်နိုင်တော့သည်။

ဤှသည်က ဂိုဏ်းများအင်အားစုများကို ရင်ဆိုင်ရာ၌ အကောင်းဆုံးနည်းလမ်းပင်။

"ကျူးကော်မင်...တော်ဝင်နန်းတွင်းကို ပုန်ကန်ဖို့ရည်ရွယ်နေတဲ့ ဂိုဏ်းတွေရဲ့စာရင်း ငါ့ကိုပေးစမ်း...နောက်ပိုင်းကျရင် ငါကိုယ်တိုင်သွားကြည့်မယ်....ဝမ်မူကျီးက အဲ့ဒီကိစ္စကို မလုပ်ချင်မှတော့ ငါက သူအစား လုပ်ပေးရမှာပေါ့"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

လုယွီ၏အသံသည် အလွန်တည်ငြိမ်နေသော်လည်း ကျူးကော်မင်သည် သွေးအငွေ့အသက်များကို အာရုံခံမိလေ၏။

ကြည့်ရသည်မှာ သူ့ရှေ့ရှိလူငယ်သည် ဤနေရာ၌ ကြာကြာနေမည့်ပုံမရချေ။

"ဟုတ်ကဲ့ပါ အရှင်လု"

လုယွီက ခေါင်းညိတ်ပြကာ ရုတ်တရက် သူ၏မျက်လုံးအကြည့်သည် စားပွဲပေါ်ရှိ စာရင်းစာရွက်တစ်ရွက်ပေါ်သို့ ကျရောက်သွားသည်။

ထိုစာရင်းပေါ်တွင် နာမည်တချို့ကိုရေးသားထားကာ ထိပ်ဆုံး၌ရှိနေသူမှာ ဝမ်ခန်းဖြစ်သည်။

လုယွီသည် ထိုစာရင်းကိုဆက်ကြည့်လိုက်ရာ နဥ်အမ်ထုံ၏အမည်ကိုလည်း မြင်တွေ့မိသည်။

"ဒါက ဘာလဲ"

လုယွီက မေးမြန်းလေ၏။

ကျူးကော်မင်က အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။

"လွန်ခဲ့တဲ့ရက်အနည်းလောက်တုန်းက ငါတို့စစ်တပ်နဲ့ ထန်အင်ပါယာစစ်တပ်အကြားမှာ ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့တယ်...နှစ်ဖက်လုံး ပြင်းပြင်းထန်ထန်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် ယာယီစစ်ပြေငြိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်"

"ဒါပေမယ့် ဒါက ယာယီစစ်ပြေငြိမ်းတာဆိုပေမယ့် စိန်ခေါ်မှုတချို့ရှိနေတယ်"

"ဒီတစ်ကြိမ်မှာ နှစ်ဖက်စလုံးကနေ လူငယ်ကျင့်ကြံသူတွေကို စေလွှတ်ပြီးတော့ ယှဥ်ပြိုင်တိုက်ခိုက်ရမယ်...လူအယောက်ငါးဆယ်က ဒီပြင်းထန်တဲ့တိုက်ပွဲမှာ ပါဝင်ဆင်နွှဲရမယ်...နိုင်ပွဲပိုရတဲ့ဘက်က အနိုင်ရမှာပဲ"

Chapter 3347

လုယွီက ဤသည်မှာ အင်ပါယာနှစ်ခုကြားမှ စိန်ခေါ်ပွဲတစ်ခုဖြစ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။

သေမျိုးတိုင်းပြည်များအကြားမှ တိုက်ပွဲတစ်ပွဲ၌ပင် နှစ်ဖက်စစ်တပ် စတင်တိုက်ခိုက်ခြင်းမပြုမီ အစွမ်းထက်သောစစ်ဗိုလ်ချုပ်များထွက်လာပြီး တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်တိုက်ခိုက်လေ့ရှိသည်။

အနိုင်ရသွားသည့် စစ်ဗိုလ်ချုပ်ဘက်မှ စစ်သားများ၏စိတ်ဓာတ်များသည် သိသိသာသာ တက်ကြွသွားလေ၏။

"ဒါက မင်းရွေးချယ်ထားတဲ့လူတွေလား"

လုယွီက နာမည်စာရင်းကိုကြည့်၍ ပြောဆိုသည်။

ကျုးကော်မင်က ခေါင်းခါလိုက်သည်။

"ဒါက ငါရွေးချယ်ထားတဲ့လူတွေမဟုတ်ဘူး...သူတို့က ရှီးလျန်ပါရမီရှင်စာရင်းမှာပါတဲ့လူတွေပဲ"

"တစ်ယောက်ယောက်က ရှီးလျန်ပါရမီရှင်စာရင်းရဲ့ ထိပ်သီးအယောက်ငါးဆယ်ထဲမှာပါတာနဲ့ တာယွီအင်ပါယာကိုကိုယ်စားပြုပြီးတော့ စိန်ခေါ်ပွဲကိုတိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီသွားပြီ"

လုယွီက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"ဒါက နည်းနည်းပြီးစလွယ်လုပ်ရာ မကျဘူးလား"

မည်သို့ပင်ဆိုစေကာမူ ဤပါရမီရှင်စာရင်းသည် သက်မဲ့အရာတစ်ခုပင်။

အကယ်၍ ဤစာရင်းတွင်ပါဝင်သူများသာ ရွေးချယ်ခံရပြီး တိုက်ပွဲတွင် တာယွီအင်ပါယာဘက်မှ ရှုံးနိမ့်သွားပါက စစ်သားများ၏စိတ်ဓာတ်အပေါ် ကြီးမားသောထိုးနှက်ချက်ကြီးဖြစ်သွားမည်ကို တွေးတောကြည့်နိုင်သည်။

ကျူးကော်မင်၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"တခြားနည်းလမ်းမရှိတော့ဘူး...ခုလတ်တလောအချိန်မှာ ရှီးလျန်နယ်မြေထဲကလူတွေရဲ့ အသေအပျောက်က အရမ်းများနေတယ်"

"ကြည့်ရတာတော့ ပါရမီရှင်လူငယ်တွေကိုသတ်ဖို့အတွက် ထန်အင်ပါယာဘက်ကနေ လူတွေကို အထူးသီးသန့်စေလွှတ်ထားပုံပဲ...ငါတို့က ဘေးကျပ်နံကျပ်ဖြစ်နေပြီ..ငါတို့ဘက်မှာ ထပ်ပြီးခေါ်ထုတ်ဖို့ တခြားလူတွေမရှိတော့ဘူး"

"တကယ်လို့ ငါတို့ရှုံးသွားတယ်ဆိုရင်တောင် ပြဿနာမရှိဘူး...ဒါပေမယ့် ငါတို့က သင့်တော်တဲ့လူတွေကိုတောင် ရွေးမထုတ်နိုင်ဘူးဆိုရင် တကယ့်ကို ရှက်စရာကောင်းသွားလိမ့်မယ်"

ဤသည်က တာယွီတော်ဝင်စစ်တပ်မှစစ်သားများ၏ စိတ်ဓာတ်နှင့်ပတ်သတ်၍ စိုးရိမ်ပူပန်ရမည့်ကိစ္စပင်။။

လုယွီသည် စာရင်းရှိနာမည်များကို တစ်ချက်ထပ်မံကြည့်ပြီး အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။

"ထန်အင်ပါယာဘက်ကနေ ဘယ်သူတွေကိုလွှတ်လိုက်မယ်ဆိုတာ မင်း သိလား"

ကျူးကော်မင်က သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ကောလဟာလတွေအရတော့ ထန်အင်ပါယာဘက်ကနေ တိုက်ပွဲမှာပါဝင်ဖို့ မင်းသားတစ်ပါးကို လွှတ်လိုက်မယ်လို့ ငါ ကြားထားတယ်"

"ငါတို့ဆီမှာ ထန်အင်ပါယာနဲ့ပတ်သတ်ပြီးတော့ သတင်းအချက်အလက်တွေ အများကြီးမရှိဘူး...ဒါပေမယ့် ငါတို့သေချာပြောနိုင်တာတစ်ခုက တစ်ဖက်ကနေ ပါဝင်ယှဥ်ပြိုင်မယ့်သူတွေက လူငယ်မျိုးဆက်သစ်တွေရဲ့ ထိပ်သီးပါရမီရှင်တွေပဲ....အခုချိန်မှာတော့ ငါတို့ရဲ့မျှော်လင့်ချက်တွေကို ရှီးလျန်ပါရမီရှင်စာရင်းကလူငယ်တွေအပေါ်မှာ ပုံအပ်ထားရုံပဲရှိတယ်"

ထိုသို့ဆိုသည့်တိုင် ကျူးကော်မင်သည် သူ၏စကားလုံးများအတွင်းမှ နောက်ဆုံးရလဒ်ကို မှန်းဆနိုင်ပြီးဖြစ်ပုံရသည်။

ရှီးလျန်ပါရမီရှင်စာရင်းသည် ပါရမီရှင်လူငယ်များကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သော်လည်း ထန်အင်ပါယာမှ ဂရုတစိုက်ရွေးချယ်ထားသော ပါရမီရှင်များနှင့်နှိုင်းယှဥ်ပါက အနည်းငယ်နိမ့်ပါးနေပေမည်။

ထို့ပြင် ရှီးလျန်ပါရမီရှင်စာရင်းတွင် ဝင်ရောက်နေသော ပါရမီရှင်လူငယ်များအကြားတွင် လူကောင်းနှင့်လူဆိုး ရောနှောနေသည်။

ထို့ပြင် သူတို့အနက်မှတချို့သည် နတ်ဆိုးသားရဲဘုရင်နှင့် ရင်ဆိုင်တွေ့ချိန်တွင် မည်ကဲ့သို့ခုခံကာကွယ်ရမည်မှန်းမသိဘဲ ကြောက်လန့်တကြားထွက်ပြေးကြသည်ကို လုယွီ မြင်တွေ့ပြီးလေပြီ။ထိုအချိန်တုန်းက သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ လူကြောက်များအလား တကွဲတပြားစီ ထွက်ပြေးခဲ့ကြသည်။

ဤသည်က သူတို့သေဆုံးသွားခဲ့ရသော အကြောင်းအရင်းပင်။

"တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီတိုက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ချင်တယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးတွေလိုအပ်လဲ"

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

ကျူးကော်မင်က ပြောဆိုသည်။

"ဒါက လွယ်ပါတယ်...အသက်သုံးဆယ်အောက် ဘယ်သူမဆို ဒီတိုက်ပွဲမှာ ပါဝင်နိုင်တယ်...ရှီးလျန်ပါရမီရှင်စာရင်းကလည်း ဒီလိုအပ်တွေအရ ဆုံးဖြတ်တာပဲ"

ရှီးလျန်ပါရမီရှင်စာရင်းတွင် မှတ်တမ်းတင်ခံရသူများအားလုံးသည် အစွမ်းထက်သော လူငယ်ပါရမီရှင်များပင်။

အကယ်၍ တစ်စုံတစ်ယောက်၏အသက်သည် သုံးဆယ်ထက်ကျော်နေပါက ထိုစာရင်းတွင် မှတ်တမ်းတင်ခံရမည်မဟုတ်ချေ။

လုယွီက ခေါင်းညိတ်ပြကာ ရုတ်တရက်ပြောဆိုသည်။

"ရှီးလျန်ပါရမီရှင်စာရင်းကို ဘယ်နေရာမှာစိန်ခေါ်လို့ရလဲ"

"အရှင်လု...မင်း လုပ်ချင်တာက....."

ကျူးကော်မင်၏မျက်လုံးများ ရုတ်တရက်တောက်ပသွားသည်။

လုယွီသည် ဤနှစ်တော်ဝင်စာမေးပွဲ၏ထိပ်သီးကျောင်းတော်သားပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်စာမေးပွဲအတွင်း၌ ပါဝင်ယှဥ်ပြိုင်လိုပါက သတ်မှတ်ထားသောအသက်အရွယ်၌ရှိနေရန် လိုအပ်သည်။

ဤှသည်က လုယွီသည် ရှီးလျန်ပါရမီရှင်စာရင်းကိုလည်းစိန်ခေါ်နိုင်သည်ဟု ပြသနေခြင်းပင်။

အကယ်၍ လုယွီသာ ရှီးလျန်ပါရမီရှင်စာရင်းတွင် ပါဝင်လာပါက သူ၏အကူအညီနှင့်ဆိုလျှင် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များသည် အရေးမပါလှချေ။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် ကျူးကော်မင်က အလွန်စိတ်လှုပ်ရှားသွားသည်။

"အရှင်လု....မင်းက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့လက်အောက်က မီးတောက်ခန်းမမှာ သွားစိန်ခေါ်နိုင်တယ်...မင်းရဲ့အရိုးစမ်းသပ်မှုအသက်အရွယ်က သင့်တော်တယ်ဆိုရင် မင်း တိုက်ရိုက်စိန်ခေါ်လို့ရတယ်"

Chapter 3348

မည်သို့ပင်ဆိုစေကာမူ လုယွီသည် တော်ဝင်စာမေးပွဲ၏စမ်းသပ်မှုသုံးခုစလုံးတွင် ပထမနေရာရရှိခဲ့သော လူငယ်ပါရမီရှင်တစ်ယောက်မဟုတ်လော....

အကယ်၍ ထိုကဲ့သို့ပါရမီရှင်တစ်ယောက်သာ အင်ပါယာနှစ်ခုကြားရှိစိန်ခေါ်ပွဲတွင် ဝင်ရောက်ဆင်နွှဲပါက တစ်ဖက်သက်ဆန်သော အနိုင်ယူခြင်းသာဖြစ်ပေမည်။

"မီးတောက်ခန်းမ ဟုတ်လား...အချိန်ကျလာရင် ငါ့ကိုကူညီပြီးတော့ စီစဥ်ပေးပါ...ငါက အင်ပါယာနှစ်ခုကြားကတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်မယ်"

လုယွီ၏စကားသံ အဆုံးသတ်သွားသည်နှင့် သူသည် ထိုင်ခုံမှနေ၍ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ကျူးကော်မင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နေရာမှာပင် ကြက်သေသေသွားလေ၏။သူသည် အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာခဲ့သည်။

သူသည် မည်သည့်အချိန်က လုယွီထွက်ခွာသွားသည်ကို အမှန်တကယ်မသိရှိချေ။

"ငါ မျှော်လင့်ထားသလိုပဲ...သူက လက်ဝဲစစ်တပ်ရဲ့တပ်မှူးဖြစ်လာတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူး"

အေးစက်စက်ချွေးစေးများက ကျူးကော်မင်၏နဖူးမှနေ၍ ယိုစီးကျနေသည်။

ကံကောင်းထောက်မစွာဖြင့် လုယွီနှင့်သူသည် တူညီသောဘက်တွင်ရှိနေပေ၏။

အကယ်၍ လုယွီသာ သူ့အားတိုက်ခိုက်လိုပါက သူ ခုခံရန်ပင် အခွင့်အရေးရှိမည်မဟုတ်ချေ။သူ နေရာမှာပင် သေဆုံးသွားပေလိမ့်မည်။

မီးတောက်ခန်းမသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ပြင်ပတွင်တည်ရှိသည့် ကြီးကျယ်ခမ်းနားသောခန်းမတစ်ခုပင်။

ဤခန်းမသည် ရှီးလျန်အတွက် ကြီးမားစွာအကျိုးဆောင်ပေးသူများကို မှတ်တမ်းတင်ပြသပေးသောနေရာလည်းဖြစ်သည်။

တစ်စုံတစ်ယောက်သည် ထိုခန်းမအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ဘေးတစ်ဖက်တစ်ချက်တွင် စိုက်ထူထားသော ရုပ်ထုများကို မြင်တွေ့ရပေမည်။သူတို့အနက်မှအများစုသည် သမိုင်းစဥ်တလျှောက်တွင် အောင်မြင်မှုများစွာရရှိခဲ့သော စစ်ဗိုလ်ချုပ်များဖြစ်သည်။

ထိုစစ်ဗိုလ်ချုပ်များအနက်မှတချို့သည် သူတို့၏စစ်တပ်ကိုဦးဆောင်ကာ တာယွီအတွက် ကြီးမားသောစစ်ရေးအောင်မြင်မှုများကို ယူဆောင်ပေးနိုင်ခဲ့သည်။တချို့ကမူ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော ရှီးလျန်မြို့ကို ကာကွယ်စောင့်ရှောက်ခဲ့သူများပင်။

ရှီးလျန်မြို့သည် အလယ်ခေတ်အတွင်းမှ တည်ရှိခဲ့ခြင်းဖြစ်ကာ ယခုခေတ်အချိန်ထိ လက်ဆင့်ကမ်းဆင်းသက်လာခဲ့သည်။ထို့ကြောင့် ဤမြို့သည် အလွန်ရှားပါးသောရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။

မီးတောက်ခန်းမတွင် မှတ်တမ်းတင်ထားခြင်းခံရသော လူများအားလုံးသည် တစ်ချိန်က နာမည်ကျော်ကြားခဲ့သောလူများပင်။

ထို့ကြောင့် မီးတောက်ခန်းမသည် ရှီးလျန်မြို့မှထွက်ပေါ်ခဲ့သောသူရဲကောင်းများကို ရိုသေလေးစားကြောင်း ဖော်ပြသည့်အနေဖြင့် သူတို့၏အောင်မြင်မှုများကို လူသိရှင်ကြား ထုတ်ဖော်ပြသထားသော နေရာတစ်နေရာဖြစ်ပေ၏။

ထိုအခန်းကဏ္ဏအပြင် မီးတောက်ခန်းမအတွင်းတွင် လူငယ်ပါရမီရှင်များ၏ခွန်အားကိုစမ်းသပ်နိုင်သော လေဟာနယ်နယ်မြေတစ်ခုလည်းရှိသည်။

တစ်စုံတစ်ယောက်သည် ဤစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ကာ သတ်မှတ်ထားသောစံချိန်နှင့် ပြည့်စုံပါက ရှီးလျန်ပါရမီရှင်စာရင်း၌ သူတို့၏နာမည်ကို ချန်ထားနိုင်သည်။

မကြာမီမှာပင် လုယွီသည် ပင်မခန်းမအတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူသည် အလွန်တင်းကြပ်သော စစ်ဆေးမှုများနှင့် ရင်ဆိုင်ရမည်ဟု တွေးတောထားခဲ့သည်။သို့ရာတွင် ဤနေရာ၌ ဗလာဟင်းလင်းဖြစ်နေကာ အစောင့်တစ်ယောက်မျှ ရှိမနေမည်ကို သူ မျှော်လင့်မထားမိချေ။

ကျယ်ဝန်းသောပင်မခန်းမအတွင်း၌ အသက်ဝင်မှုအနည်းငယ်မျှပင်မရှိသော ကျောက်ရုပ်ထုတစ်ခုသာရှိနေသည်။

လုယွီသည် နာမည်တချို့ရေးသားထားသော ကျောက်တိုင်တစ်တိုင်ကိုလည်း တွေ့မြင်မိလေ၏။ပထမနေရာ၌ရှိနေသူမှာ ဝမ်ခန်းပင်။

ဤသည်က ရှီးလျန်ပါရမီရှင်စာရင်းဖြစ်ပေမည်။

"ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေလား"

လုယွီက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ကာ ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ဤသည်က ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏လက်အောက်ရှိ ခန်းမတစ်ခုပင်။ယခုချိန်တွင် အနည်းငယ်အချိန်နောက်ကျနေသော်လည်း အစောင့်တစ်ယောက်မျှ ရှိမနေသည်မှာ မဖြစ်သင့်ချေ။

အချိန်အတော်ကြာပြီးနောက် စာရင်းခုံ၏နောက်ရှိ တံခါးငယ်လေး ပွင့်လာသည်။

အိမ်ချင်မူးတူးဖြစ်နေသော အဖိုးအိုတစ်ယောက်က သမ်းဝေရင်းထွက်လာကာ မေးမြန်းလေ၏။

"မင်းက ဒီနေရာကိုရောက်လာတာ ဘာကိစ္စရှိလို့လဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါက ရှီးလျန်ပါရမီရှင်စာရင်းကို စိန်ခေါ်မလို့ပဲ...ကျေးဇူးပြုပြီးတော့ ဘာတွေလိုအပ်လဲဆိုတာ ပြောပြပေးပါ"

"ရှီးလျန်ပါရမီရှင်စာရင်းလား...ဖြစ်နိုင်တာတော့ မင်းက တခြားနေရာကနေ ရောက်လာတာမဟုတ်လား"

အဖိုးအို၏အိပ်ချင်မူးတူးအမူအယာများ ချက်ချင်းပျောက်ကွယ်သွားကာ သူက စူးစူးရဲရဲအကြည့်ဖြင့် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လေသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"အမှန်ပဲ...ငါက ရှီးလျန်မြို့ကိုရောက်လာတာ မကြာသေးဘူး"

ဤကိစ္စကိုဖုံးကွယ်ထားရန် လုယွီ ရည်ရွယ်မထားချေ။

မည်သို့ပင်ဆိုစေကာမူ ယခုချိန်တွင် သူ့ထံ၌ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းဟူသော အဆင့်အတန်းရှိနေသဖြင့် လေလွင့်ကျင့်ကြံသူတစ်ယောက်မဟုတ်တော့ချေ။အကယ်၍ တစ်ဖက်လူသည် သူ့အားစစ်မေးလျှင်ပင် လုယွီထံတွင် အဖြေပေးရန် အကြောင်းပြချက် အဆင်သင့်ရှိနေသည်။

အဖိုးအိုက အော်ဟစ်ရယ်မောလိုက်သည်။

"အံ့အားသင့်စရာ မရှိတော့ဘူး..ကောင်လေး မင်း ဘယ်နေရာကနေလာတယ်ဆိုတာ ငါ မသိဘူး...မင်း ဘေးထွက်နေစမ်း...မင်း စိန်ခေါ်မှုကိုအောင်မြင်မှာမဟုတ်ဘူး...တကယ်လို့ မင်း ရှီးလျန်ပါရမီရှင်စာရင်းကို ဝင်နိုင်ရင်တောင် ဘာဖြစ်လာမှာမလို့လဲ...တကယ်လို့ မင်း မသေချင်ဘူးဆိုရင် လက်လျှော့လိုက်တော့"

"ဘာလို့လဲ"

လုယွီက မျက်မှောင်ကြုတ်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

Chapter 3349

"ငါ မင်းစိတ်ပျက်သွားအောင် ပြောနေတာမဟုတ်ဘူး...ဒါပေမယ့် မင်းမသိသေးတဲ့ ကိစ္စတစ်ခုရှိနေမှာကို ငါ စိုးရိမ်မိတယ်...ရှေ့တန်းမှာဖြစ်နေတဲ့စစ်ပွဲက ယာယီစစ်ပြေငြိမ်းထားတယ်...ငါတို့အင်ပါယာက လူငယ်ပါရမီရှင်တွေ စေလွှတ်ပြီးတော့ ထန်အင်ပါယာရဲ့လူငယ်ပါရမီရှင်တွေနဲ့ တိုက်ခိုက်ရမယ်....ငါတို့ဘက်က ရွေးချယ်ခံရတဲ့လူငယ်တွေက ရှီးလျန်ပါရမီရှင်စာရင်းကပဲ"

"အဲ့ဒီအချိန်ကျရင် ရှီးလျန်ပါရမီရှင်စာရင်းထဲမှာပါနေတဲ့ ဘယ်သူမဆို တိုက်ပွဲမှာ ဝင်ပြီးတိုက်ခိုက်ရမယ်...မင်း တွေးကြည့်အုံး...ထန်အင်ပါယာကလူတွေရဲ့ တိုက်ခိုက်မှုတွေက အရမ်းရက်စက်ကြမ်းတမ်းတယ်...တကယ်လို့ မင်း အဲ့ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင် မင်း အရှက်ရရုံပဲဆို ဘာမှမဖြစ်ဘူး...မင်း သေသွားမယ်ဆိုရင် ဒါက မထိုက်တန်တော့ဘူး"

"ဒါကြောင့် ရှီးလျန်မြို့မှာရှိတဲ့ လူငယ်ပါရမီရှင်တွေတောင် ဒီနေရာကိုရောက်မလာတာ အချိန်အတော်ကြာနေပြီ....မင်းက နယ်မြေစိမ်းကလာတဲ့သူတစ်ယောက်မို့ ငါ မင်းကို စေတနာနဲ့သတိပေးနေတာ"

အဖိုးအိုသည် အချိန်အတော်ကြာစကားပြောဆိုကာ လုယွီ၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။

သို့ရာတွင် သူ စိတ်ပျက်သွားပေ၏။

လုယွီသည် လက်လျှော့အရှုံးပေးရန် ရည်ရွယ်မထားချေ။ထိုအစား သူက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါက ပြဿနာမရှိဘူး...ငါက အဲ့ဒီပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ ရည်ရွယ်ထားတာပဲ"

"မင်း တကယ်ပြောနေတာလား"

အဖိုးအိုက လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။သူသည် လုယွီ၏အမူအယာမှတဆင့် သဲလွန်စများကို ရှာဖွေလိုသည့်အလားပင်။

သို့ရာတွင် သူ ရှုံးနိမ့်သွားသည်။

လုယွီ၏မျက်နှာအမူအယာသည် ရိုးသားပုံရကာ သူ၏အသံသည် အလွန်တည်ငြိမ်နေပေ၏။သူထံတွင် မည်သည့်မုသားပြောဆိုမှုအရိပ်အယောင်ကိုမျှ မတွေ့ရချေ။

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"မင်းလိုလူစားမျိုး ဒီနေရာကိုရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ကောင်းပြီလေ...တကယ်တော့ ရှီးလျန်ပါရမီရှင်စာရင်းရဲ့စိန်ခေါ်မှုကိုမဖွင့်ပေးတာ အချိန်အတော်ကြာနေပြီ...ဒီတစ်ကြိမ်တော့ ငါ မင်းကို ချွင်းချက်ထားပြီး ဖွင့်ပေးလိုက်မယ်"

ထို့နောက် အဖိုးအိုသည် သူ၏အင်္ကျီလက်မောင်းကြားမှ ရွှေစည်းတံဆိပ်တစ်ခုကိုထုတ်ယူပြီး သူ၏ရှေ့ရှိ သလင်းကျောက်ဝင်္ကပါထံသို့ ဖိနှိပ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် သလင်းကျောက်ဝင်္ကပါထံမှနေ၍ တောက်ပသောအလင်းစက် အမြောက်အများဖြာထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထို့နောက် အဖိုးအို၏နောက်ရှိ နံရံမှနေ၍ ကျယ်လောင်သောတုန်ခါသံများ မြည်ဟီးလာခြင်းနှင့်အတူ ရှည်လျားသောလှေကားတစ်ခု ထွက်ပေါ်လာသည်။

ထိုလှေကားထစ်များသည် ခန်းမ၏ထိပ်သို့ ဦးတည်နေသော လမ်းကြောင်းတစ်ခုဖြစ်သည်။

လှေကားထစ်များတစ်ထပ်စီ၏နံဘေးတွင် တံခါးတစ်ချပ်ရှိနေကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် နံပါတ်တစ်ခုကို ရေးထွင်းထားသည်။

"တံခါးတစ်ချပ်စီရဲ့နောက်မှာ ရုပ်သေးတစ်ရုပ်ရှိတယ်...မင်း တံခါးကိုစဖွင့်တဲ့အချိန်ကစပြီးတော့ အချိန်စမှတ်မယ်...အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာအတွင်းမှာ အခန်းထဲမှာရှိတဲ့ရုပ်သေးကို အနိုင်ယူနိုင်တာနဲ့ မင်း အောင်မြင်ပြီ"

"မင်းက ပိုပြီးမြင့်မားတဲ့အထပ်ကို တက်သွားနိုင်လေလေ ရုပ်သေးရဲ့ခွန်အား ပိုပြီးမြင့်မားလာလေလေပဲ...ရှီးလျန်ပါမီရှင်စာရင်းက မင်းနောက်ဆုံးစိန်ခေါ်ခဲ့တဲ့ ရုပ်သေးရဲ့ခွန်အားကို မူတည်ပြီးတော့ အဆင့်သတ်မှတ်တာပဲ"

အဖိုးအိုက စည်းမျဥ်းများကို ရှင်းပြလေသည်။

လုယွီသည် အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် သူ၏နောက်ရှိ ရှီးလျန်ပါရမီရှင်စာရင်းကိုတစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။

"ဝမ်ခန်းက ဘယ်အထပ်ထိ ဝင်နိုင်ခဲ့တာလဲ"

အဖိုးအိုက ပြောဆိုသည်။

"ဝမ်ခန်းက အထပ်၇၀ထိ ဝင်နိုင်ခဲ့တယ်...သူက အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ ကုန်ခါနီးမှာ စိန်ခေါ်မှုကို အောင်မြင်ခဲ့တယ်"

အထပ်၇၀မြောက်ဟူသည်မှာ အတော်အသင့်ကောင်းမွန်သော ရလဒ်တစ်ခုပင်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် အထပ်ပေါင်း ၉၉ထပ်သာရှိသည်။

"ဒါက မင်း ပထမဆုံးအကြိမ်စိန်ခေါ်တာပဲ...မင်း အရမ်းကြီးလောဘမကြီးဖို့ ငါ မင်းကို အကြံပေးပါရစေ...ပထမထပ်ကနေစပြီးတော့ မင်း တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်အောင်လုပ်သင့်တယ်...ဒီအခန်းတွေထဲမှာ မင်းအတွက် အသက်အန္တရာယ်မရှိနိုင်ပေမယ့် အဲ့ဒီရုပ်သေးရုပ်တွေရဲ့ တိုက်ခိုက်မှုက အရမ်းကြမ်းတမ်းတယ်...တကယ်လို့ မင်း မဆင်မခြင်လုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်တယ်"

အဖိုးအိုက စိတ်စေတနာကောင်းဖြင့် လုယွီကို သတိပေးသည်။

သူ ဤမျှထိ စကားများစွာပြောဆိုနေခြင်းမှာ လုယွီအတွက် ကောင်းစေလိုသောစိတ်စေတနာ​ကြောင့်ပင်။

လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ထားလိုက်တော့...ငါက ၇၁ထပ်မြောက်ကိုစိန်ခေါ်မယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ခြေလှမ်းရှေ့တိုးကာ ၇၁ထပ်မြောက်ရှိအခန်းအတွင်းသို့ ဝင်လိုက်၏။

လုယွီ၏ရွေးချယ်မှုကိုကြည့်ပြီး အဖိုးအိုက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဟူး...ငယ်ရွယ်ပြီးတော့ ရည်မှန်းချက်ကြီးမားလွန်းတယ်....မင်း နာကျင်မှုကိုခံစားရမှသိလိမ့်မယ်"

အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်ကာ ရေရွတ်လေသည်။

သူသည် ဤနေရာ၌တာဝန်ထမ်းဆောင်ခဲ့သည်မှာ အချိန်အလွန်ကြာမြင့်နေပြီဖြစ်သောကြောင့် လူအမြောက်အများကို မြင်တွေ့ဖူးပြီးဖြစ်သည်။လူငယ်တချို့သည် အစပိုင်းတွင် မောက်မာဝံ့ကြွားပြီး မြင့်မားသောခက်ခဲမှုများကိုစိန်ခေါ်ကြသော်လည်း နောက်ဆုံးတွင် သူတို့အားလုံး ရှုံးနိမ့်သွားခဲ့သည်။

ဤကဲ့သို့လူငယ်များသည် နေရာအနှံ့အပြား၌ ရှိနေလေ၏။

ယခုရောက်ရှိလာသော လူငယ်သည်လည်း ထိုလူများနှင့် တူညီနေမည်ကို သူ စိုးရိမ်နေမိသည်။

သူ စဥ်းစားတွေးတောနေစဥ်မှာပင် ကျယ်လောင်သောတုန်ခါသံကြီးတစ်သံက ၇၁ထပ်မြောက်ရှိ အခန်းအတွင်းမှ ထွက်ပေါ်လာသည်။

Chapter 3350

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ၇၁ထပ်မြောက်ရှိတံခါး ပွင့်သွားသည်။

တံခါးမှနေ၍ မီးခိုးငွေ့များ မျောလွင့်ထွက်လာခြင်းနှင့်အတူ လုယွီနောက်ရှိ ကြမ်းပြင်ပေါ်တွင် ကျိုးပဲ့နေသောရုပ်သေးတစ်ရုပ်ရှိနေသည်။

ဒေါင်....

ထို့နောက် အလင်းတန်းတစ်တန်းက ၇၁ထပ်တွင် တောက်ပသွားသည်။

ထိုအလင်းတန်းကိုမြင်တွေ့ချိန်တွင် အဖိုးအိုသည် ကြက်သေသေသွားကာ သူ့ရှေ့၌ မြင်တွေ့နေရသည့်အရာကိုပင် သူ မယုံကြည်နိုင်တော့ချေ။

အခန်းရှေ့ရှိအလင်းတန်း တောက်ပလာသရွေ့ ထိုစမ်းသပ်မှုကို ဖြတ်ကျော်သွားနိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

တခြားစကားပြောင်းဆိုရလျှင် လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ၇၁ထပ်မြောက်ရှိ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခြင်းပင်။

ဤသည်က ဖြစ်နိုင်ပါသလော....

တစ်ခုသိထားရမည်မှာ ဝမ်ခန်းသည် ၇၁ထပ်မြောက်ကိုစိန်ခေါ်စဥ်၌ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာနီးပါး ကြာမြင့်ခဲ့သည်။

၇၁ထပ်မြောက်ရှိ ခက်ခဲမှုအဆင့်သည် အထပ်၇၀မြောက်ထက် ပို၍မြင့်မားသည်။

သို့ရာတွင် လုယွီသည် သူ၏မျက်ခုံးကို တင်းတင်းကျပ်ကျပ်စုကျုံထားကာ သူ၏မျက်နှာပေါ်၌ မည်သည့်ပျော်ရွှင်မှုအရိပ်အယောင်မျှ ရှိမနေချေ။

"အရမ်းအားနည်းတာပဲ...ရှီးလျန်းပါရမီရှင်စာရင်းက ဒီစမ်းသပ်မှုကိုမှီခိုပြီးတော့ လူငယ်ပါရမီရှင်တွေကို ရွေးချယ်တာလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

စမ်းသပ်သော ရုပ်သေးရုပ်များသည် အလွန်အားနည်းနေသဖြင့် ရှီးလျန့်ပါရမီရှင်စာရင်းမှ လူငယ်ပါရမီရှင်များဟု ခေါ်ဆိုခံရသူများသည် ချဲ့ကားပြောဆိုနေကြခြင်းသာဖြစ်ပေမည်။

ဤပါရမီရှင်ဟုခေါ်ခံရသူများသည် ထန်အင်ပါယာမှ အစစ်အမှန်ပါရမီရှင်များကို မည်သည့်နည်းဖြင့် ယှဥ်ပြိုင်နိုင်မည်နည်း.....

အကယ်၍ တာယွီအင်ပါယာသည် ဤစိန်ခေါ်ပွဲတွင် တဖန်ထပ်၍ ရှုံးနိမ့်သွားပါက စစ်သားများ၏စိတ်ဓာတ် အလွန်အမင်းကျဆင်းသွားမည်ကို လုယွီ တွေးတောကြည့်၍ရသည်။

တိုက်ပွဲကွင်းပြင်၌ သူတို့ ရှုံးနိမ့်ခဲ့ရသည်။

သူတို့အင်ပါယာဘက်မှ လူငယ်ပါရမီရှင်များသည်လည်း တစ်ဖက်ရန်သူများ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။

ထိုအချိန်ကျပါက တော်ဝင်စစ်တပ်မှ စစ်သားများ၏စိတ်ဓာတ်များ ပျက်ပြားသွားကာ ရန်သူနှင့်ပူးပေါင်းရန်ပင် ရွေးချယ်သွားနိုင်သည်။

ဤသည်က လုယွီ မြင်တွေ့လိုသောအရာမဟုတ်ချေ။

လုယွီသည် လှေကားထစ်များကို ထပ်မံ၍တက်လှမ်းကာ နောက်ထပ်စမ်းသပ်ခန်းတစ်ခန်းအတွင်းသို့ ဝင်လိုက်သည်။

ဘုန်း....ဘုန်း...ဘုန်း....

အဆက်မပြတ် တုန်ခါနေသောအသံများက မီးတောက်ခန်းမ၏အထက်ရှိ လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။

၇၁ထပ်မြောက်မှစတင်၍ လုယွီသည် အထက်ရှိစမ်းသပ်ခန်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာခဲ့ရာ မည်သည့်စမ်းသပ်ခန်းကမျှ သူ့ကို ဟန့်တားနိုင်ခြင်းမရှိချေ။

လုယွီသည် ထောပတ်ကိုဓားဖြင့်လှီးဖြတ်သည့်အလား စမ်းသပ်ခန်းများကို အလွန်လျှင်မြန်စွာဖြင့် ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံး၌ ၉၉ထပ်မြောက်သို့ ရောက်ရှိသွားလေပြီ။

"ငါ အမြင်များမှားနေတာလား"

အဖိုးအိုသည် နေရာမှာပင် ကြက်သေသေနေကာ စမ်းသပ်ခန်းများအား လုယွီဖြတ်သန်းသည်ကို သူက မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေသည်။

ဤသည်က ယုံကြည်ရန် အလွန်ခက်ခဲသော ကိစ္စတစ်ရပ်ပင်။

သူသည် စမ်းသပ်ခန်းများအတွင်းရှိ ရုပ်သေးများ၏ခွန်အားကို ကောင်းစွာသိရှိထားသည်။သို့ရာတွင် ယခုချိန်၌ ထိုသို့ခက်ခဲသည့်စမ်းသပ်ခန်းများသည် လုယွီထံမှတိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိချေ။

သူ မည်သို့မျှ မယုံကြည်နိုင်တော့ချေ။

ဘုန်း....

နောက်ထပ်တုန်ခါသံကြီးတစ်သံ မြည်ဟီးလာကာ လုယွီသည် ၉၉ထပ်မြောက်ရှိ စမ်းသပ်ခန်းအတွင်းမှ ထွက်လာလေ၏။

အစမှအဆုံးတိုင် လုယွီသည် စမ်းသပ်ခန်းတစ်ခန်းတွင် အသက်ငါးရှိုက်စာထက်ပို၍ ရပ်နားခြင်းမရှိချေ။သူသည် အခန်းအတွင်းသို့ ဝင်ပြီးပြီးခြင်း ပြန်ထွက်လာပုံရသည်။

သို့ရာတွင် လုယွီ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်ဟူ၍ တစိုးတစိမျှရှိမနေချေ။

အကယ်၍ ဤသည်မှာ ရှီးလျန်ပါရမီရှင်စာရင်းအတွက် စစ်ဆေးမှုနည်းလမ်းဟုဆိုပါက ကလေးများကစားနေခြင်းနှင့်သာ တူညီပေမည်။

ဤနည်းလမ်းဖြင့် မည်သည့်အစစ်အမှန်ပါရမီရှင်ကိုမျှ ရွေးချယ်နိုင်မည်မဟုတ်ချေ။

"ကြည့်ရတာတော့ ငါက နောင်တစ်ချိန်မှာ ရှီးလျန်ပါရမီရှင်စာရင်းအတွက် စစ်ဆေးစမ်းသပ်မှုကို ပြုပြင်မွမ်းမံရမယ့်ပုံပဲ"

လုယွီက ထိုကိစ္စကို တိတ်တဆိတ် မှတ်သားလိုက်သည်။

"အခု စမ်းသပ်မှုက ပြီးသွားပြီလား"

လုယွီက အဖိုးအိုကိုကြည့်ကာ မေးမြန်းလေသည်။

အဖိုးအိုသည် အချိန်အတော်ကြာ ကြက်သေသေနေလေ၏။ထို့နောက် သူက ပျာပျာသလဲပြောဆိုသည်။

"ဒါက ပြီးပါပြီ....စမ်းသပ်မှုက ပြီးသွားပြီ...မင်းရဲ့အရိုးအသက်ကို စမ်းသပ်ပြီးတာနဲ့ ရလဒ်က အကျုံးဝင်သွားပြီ"

လုယွီသည် လာရောက်ကြိုးစားကြည့်သော လူသစ်လေးတစ်ယောက်ဟု သူ မူလက တွေးထင်ခဲ့မိသည်။ထို့ကြောင့် လုယွီ၏အရိုးအသက်ကို သူ ကြိုတင်၍စစ်ဆေးမထားမိချေ။

လုယွီသည် ထိုစကားကိုကြားချိန်တွင် သူ၏လက်ကို သလင်းကျောက်ဖန်လုံးပေါ်သို့ တင်လိုက်၏။

သလင်းကျောက်ဖန်လုံးမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် နံပါတ်တစ်ခု ထွက်ပေါ်လာသည်။

"သူက အသက်နှစ်ဆယ်ပဲရှိသေးတာလား"

အဖိုးအိုသည် ထိတ်လန့်တုန်လှုပ်သွားကာ မယုံကြည်နိုင်သောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးတွင်ပင် ယခုကဲ့သို့ငယ်ရွယ်သောအသက်အရွယ်မျိုး၌ ဤမျှထိခွန်အားကောင်းသူဟူ၍ လူနည်းစုသာရှိပေမည်။

All Chapters