အခန်း (၃၃၇၁-၃၃၇၅)
Vol. 172 Ch. 3371-3375
Chapter 3371
ဤသည်မှာ သူမ၏အသက်သခင်ကျေးဇူးရှင်ကို သူမ လျစ်လျှူရှုထားခြင်းပင်။
"ဒါက အဆင်ပြေပါတယ်...ငါ့အတွက် အပန်းကြီးတာမှမဟုတ်တာ"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိအလောင်းများကို လက်ညှိုးညွှန်လိုက်၏။
"ငါက သဲလွန်စတချို့ကို ခြေရာခံရင်းနဲ့ ဒီနေရာကို ရှာတွေ့ခဲ့တာပဲ...စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ လေဟာနယ်သင်္ဘော အကြမ်းဖက်လုယက်ခံရတာက ဒီလေဟာနယ်ကြယ်ဓားပြတွေရဲ့လက်ချက်ပဲ"
ထိုအမူအခင်းအကြောင်းကို ပြောချိန်တွင် နဥ်အမ်ထုံ၏မျက်နှာအမူအယာ များစွာပို၍ တည်ကြည်လေးနက်သွားသည်။
"ငါက နင့်နောက်ကို လိုက်လာတာ...နင်က တရားခံတွေကို အမြန်ရှာတွေ့သွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး....နင် ဘယ်လိုလုပ်လိုက်တာလဲ"
နဥ်အမ်ထုံက သံသယဖြစ်နေသောလေသံဖြင့် မေးမြန်းလေ၏။
သူမသည် ယခုလက်ရှိချိန်၌ လုယွီနှင့်ပတ်သတ်၍ အလွန်သိချင်စိတ်ပြင်းပြနေသည်။
လုယွီက တုံ့ပြန်ပြောဆိုသည်။
"ငါက ကံကြမ္မာဆရာသခင်တွေနဲ့ပတ်သက်ပြီးတော့ နည်းနည်းသိထားတယ်"
ကံကြမ္မာဆရာသခင်ဟု ဆိုသလော...
နဥ်အမ်ထုံသည် ထိတ်လန့်တုန်လှုပ်သွားလေ၏။
ဤသည်မှာ ဝင်္ကပါပညာရှင်များနှင့်ဆေးပညာရှင်များထက်ပင် ပို၍ရှားပါးသော တည်ရှိမှုကြီးများပင်။
အကြောင်းအရင်းမှာ ကံကြမ္မာဆရာသခင်များအားလုံးသည် ကံကြမ္မာတာအိုကို အနည်းနှင့်အများ ဖမ်းဆုပ်ထားနိုင်ကြသည်။ကံကြမ္မာတာအိုဆိုသည်မှာ လောကကြီးတခွင်လုံး၌ လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့်နက်နဲသိမ်မွေ့ဆုံးအရာပင်။
ထို့ပြင် ကံကြမ္မာဆရာသခင်တစ်ယောက်ဖြစ်လာရန်အတွက် လိုအပ်ချက်များသည် အလွန်အမင်း မြင့်မားလှ၏။
ဤနည်းလမ်းဖြင့်သာ လုယွီသည် အမှုအခင်း၏တရားခံများကို ရှာဖွေနိုင်ခဲ့သည့်ကိစ္စကို ရှင်းပြနိုင်ပေမည်။
"အံ့အားသင့်စရာ မရှိတော့ဘူး...ကြည့်ရတာတော့ စီနီယာအကိုစွန်း သွားတဲ့ခရီးကတော့ လက်ဗလာနဲ့ ပြန်လာရမယ့်ပုံပဲ"
နဥ်အမ်ထုံက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သို့ရာတွင် သူမ၏မျက်လုံးအကြည့်သည် နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော လေဟာနယ်ကြယ်ဓားပြများ၏အလောင်းများထံ စူးစိုက်၍ကျရောက်သွားသည်။သူမက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဒီ လူမဟုတ်တဲ့ တိရစ္ဆာန်လိုကောင်တွေက ခုလိုကိစ္စမျိုးထိတောင် လုပ်ဝံ့တာပါလား"
အလယ်ခေတ်အတွင်းတွင် မြို့တစ်မြို့လုံးကို အကြမ်းဖက်သတ်ဖြတ်သည့်ကိစ္စမျိုး မကြာခဏ ဖြစ်ပွားလေ့ရှိခဲ့သည်။
သို့ရာတွင် တာယွီအင်ပါယာကို တည်ထောင်ပြီးနောက် အလယ်ခေတ်ကဲ့သို့ ဖရိုဖရဲကိစ္စများ ထပ်မံ၍ရှိမနေတော့ချေ။
မြို့တစ်မြို့ကို ဖျက်ဆီးရန်မဆိုထားနှင့် အကယ်၍ တစ်စုံတစ်ယောက်သည် လူနေမြို့ရွာများအတွင်း၌ လူတစ်ယောက်ကို သတ်ဖြတ်လျှင်ပင် အုပ်ချုပ်ရေးရုံးတော်များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပေမည်။
ရှီးလျန်ကြယ်နယ်မြေ တစ်ခုတည်း၌ပင် နှစ်စဥ်နှစ်တိုင်း ထောင်သောင်းချီသောကျင့်ကြံသူများကို ထောင်သွင်းအကျဥ်းချခဲ့ရသည်။သူတို့သည် သေးငယ်သောပြစ်မှုများကို ကျူးလွန်ခဲ့သော ကျင့်ကြံသူများသက်သက်ပင်။
ကြီးလေးသောပြစ်မှုများကို ကျူးလွန်သူများမှာမူ နေရာမှာပင် သတ်ဖြတ်ခြင်းခံရလေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလေဟာနယ်ကြယ်ဓားပြတွေက ရှီးလျန်မြို့နားမှာ အခြေချပြီးနေနေကြတယ်...သာမာန်အတိုင်းဆိုရင် ဆဋ္ဌမဂိတ်တံခါးက ဒီနေရာတွေကို ရှင်းလင်းရမှာ မဟုတ်ဘူးလား"
အကယ်၍ ဤနေရာသည် သာမာန်စီရင်စုမြို့တစ်မြို့ဆိုပါက လုယွီသည် ယခုကဲ့သို့ခံစားချက်မျိုး ရရှိမည်မဟုတ်ချေ။
သို့ရာတွင် ဤနေရာသည် ရှီးလျန်မြို့ပင်။
လက်ဝဲစစ်တပ်၏အခြေစိုက်ရာမြို့ဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ အစောင့်တပ်များအားလုံး ဤနေရာ၌စုဝေးနေသည်။
ဤကဲ့သို့ စစ်တပ်အင်အားမျိုးရှိနေသည့်တိုင် လေဟာနယ်ကြယ်ဓားပြများသည် ယခုကဲ့သို့ မောက်မာရိုင်းစိုင်းသော ပြစ်မှုမျိုးကို ကျူးလွန်ဝံ့သလော....
ရှီးလျန်ကြယ်နယ်မြေပေါ်ရှိ တခြားမြို့များတွင် မည်သို့သော အခြေအနေမျိုးရှိနေမည်ကို သူ မတွေးတောဝံ့တော့ချေ။
နဥ်အမ်ထုံက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"နင် မသိသေးဘူးပဲ...ရှီးလျန်မြို့က ဒီအတိုင်းဖြစ်နေတာ အချိန်အတော်ကြာနေပြီ...ဒါပေမယ့် ရှီးလျန်ကြယ်နယ်မြေသခင်က အုပ်ချုပ်ရေးကိစ္စတွေအားလုံးကို လျစ်လျှူရှုထားပြီးတော့ အရာရှိ ကြီးကြီးငယ်ငယ်မှန်သမျှကို သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်အတွက်ပဲ စဥ်းစားတွေးတောခိုင်းတယ်....သူကိုယ်တိုင်ကလည်း သူ့အတွက်ပဲ ငွေကြေးတွေ ရှာဖွေနေတယ်....ဒါကြောင့် သူတို့က အပြင်မှာဖြစ်နေတဲ့ ဖရိုဖရဲကိစ္စတွေကို ဘယ်လိုလုပ်ပြီးတော့ ဂရုစိုက်တော့မှာလဲ"
"ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က ဘာကိုမှဂရုမစိုက်တော့တာကြောင့် ငါတို့ရဲ့ဆဋ္ဌမဂိတ်တံခါးမှာ အမှုအခင်းတွေ တောင်ပုံရာပုံဖြစ်နေတာ အချိန်အတော်ကြာနေပြီ....တကယ်လို့ ငါတို့လူဆိုးထိန်းတွေရဲ့အင်အားက အခုထက် နှစ်ဆတိုးလာရင်တောင် ငါတို့က ဒီကိစ္စတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
နဥ်အမ်ထုံသည် ဤကိစ္စများနှင့်ပတ်သတ်၍ ကျင့်သားရပြီးဖြစ်သည်။
ကျင့်ကြံသူများသည် ဤကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် အချိန်ကြာမြင့်စွာ နေထိုင်ရပါက အလိုက်သင့်နေရသည်မှာ ကူကယ်ရာမဲ့သော ရွေးချယ်မှုပင်။သူတို့ထံတွင် အရာအားလုံးကို ပြောင်းလဲနိုင်သော အရည်အချင်းမျိုး ရှိမနေချေ။
လုယွီက မျက်မှောင်ကြုတ်ကာ ထိုကိစ္စကို သူ၏စိတ်အတွင်း၌ မှတ်သားထားလေ၏။
"ဒါက စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေရဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေ မဟုတ်လား....အရမ်းကောင်းတယ်....ဒီဝင်္ကပါဖွဲ့စည်းပုံတွေနဲ့ဆိုရင် ငါတို့ အထက်ကို စိတ်ချလက်ချ သတင်းပို့လို့ရပြီ"
နဥ်အမ်ထုံသည် ရုတ်တရက် စားပွဲပေါ်ရှိ သေတ္တာများကို မြင်တွေ့သွားသည်။သူမက သေတ္တာတစ်လုံးကို အမှုမဲ့အမှတ်မဲ့ဖွင့်ကြည့်ကာ ဝမ်းသာအားရ ပြောဆိုလေသည်။
သူမသည် သေတ္တာအတွင်း၌ ဝင်္ကပါဖွဲ့စည်းပုံအလိပ်များကို တွေ့မြင်မိပေ၏။
ထိုဝင်္ကပါဖွဲ့စည်းပုံများကို ပိုးထည်စများပေါ်၌ ရေးဆွဲထားသည်။ထို့ပြင် ထိုအရာများပေါ်၌ စုတ်တံဖြင့်မှတ်သားထားသော အမှတ်အသားများရှိနေသည်။အပြင်လူများသည် ဤအရာများကို မည်သည့်အရာများဟု ပြောဆိုနိုင်ရန် လွန်စွာခက်ခဲပေမည်။
Chapter 3372
ဝင်္ကပါဖွဲ့စည်းပုံများပေါ်ရှိ အမှတ်အသားများမှာ တော်ဝင်စစ်ရေးဌာန၏သင်္ကေတများပင်။
တာယွီအင်ပါယာတွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကို အရာရှိများက စစ်ဆေးပြီးသည်နှင့် နံပါတ်စဥ်ရေးသားကာ တော်ဝင်စစ်ရေးဌာန၌ မှတ်တမ်းတင်ထားရသည်။
စိတ်ဝိညာဥ်အမြှောက်တစ်လက် ထိခိုက်ပျက်စီးသွားသည်နှင့် အတွင်းရှိဝင်္ကပါဖွဲ့စည်းပုံများကိုထုတ်ယူကာ တော်ဝင်စစ်ရေးဌာနသို့ ပြန်လည်ပေးပို့ရလေ၏။စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တိုင်းတွင် မှတ်သားထားသော နံပါတ်စဥ်များပါရှိသည်။
ဤအမှတ်အသားများကို အတုအပပြုလုပ်၍မရချေ။
လုယွီက ရုတ်တရက် ပြောဆိုသည်။
"မင်း ဒီဝင်္ကပါဖွဲ့စည်းပုံတွေကိုယူပြီး အရင်ထွက်သွားတော့...ငါ မင်းနောက်ကို လိုက်လာခဲ့မယ်"
နဥ်အမ်ထုံသည် အနည်းငယ်အံ့အားသင့်သွားကာ လုယွီကို တဖန်ထပ်ကြည့်၍ ပြောဆိုလေ၏။
"နင်က ထွက်မသွားသေးဘူးလား"
တရားခံများကို ရှာဖွေတွေ့ရှိပြီးဖြစ်သဖြင့် သူမတို့သည် ရုံးတော်သို့ပြန်၍ သတင်းပို့ရပေမည်။
မည်သို့ပင်ဆိုစေကာမူ အမူအခင်းကို ဖြေရှင်းပြီးဖြစ်သဖြင့် နောက်ဆက်တွဲကိစ္စများကို တခြားမီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများ အဆုံးသတ်ပေလိမ့်မည်။
လုယွီက ခေါင်းခါပြလေသည်။
"ဒီလူတွေ ဒီနေရာမှာရှိနေတာက အပေးအယူလုပ်ဖို့အတွက် တစ်ယောက်ယောက်ကို စောင့်နေတာပဲ...ငါက အဲ့ဒီလူကိုစောင့်ဖို့ ပြင်ဆင်ပြီးတော့ သူ့ကို ဖမ်းဆီးရမယ်"
ဤသည်မှာ လုယွီ တွေးတောထားသောအရာပင်။
လုယွီ၏ခန့်မှန်းချက်အရ ဤကိစ္စ၏နောက်ကွယ်တွင် လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။
သူသည် ဤကိစ္စ၏နောက်ကွယ်ရှိလူကို ရှာဖွေနိုင်သရွေ့ အဆုံးသတ်၌ မည်သည့်ကိစ္စများ ရှိနေသည်ကို သူ ရှာဖွေဖော်ထုတ်နိုင်ပေမည်။
နဥ်အမ်ထုံက အလျှင်အမြန် ပြောဆိုသည်။
"ငါ နင့်ကို ကူညီပေးနိုင်တယ်...ငါ နင်နဲ့အတူလိုက်ပြီး အဲ့ဒီလူရောက်လာတာကို စောင့်ကြမယ်လေ"
သူမသည်လည်း ဤကိစ္စကို အလွန်စိတ်ဝင်စားနေသည်။
နည်းလမ်းတကျစဥ်းစားကြည့်မည်ဆိုလျှင် ဤလေဟာနယ်ဓားပြများသည် သူတို့၏အသက်ကို ချမ်းသာကြွယ်ဝမှုများထက် ပို၍တန်ဖိုးထားသူများဖြစ်သည်။သာမာန်အားဖြင့် သူတို့သည် အကြောင်းအရင်းခိုင်ခိုင်မာမာမရှိဘဲ စစ်လက်နက်ပစ္စည်းများကို လုယက်မည်မဟုတ်ချေ။သူတို့ထံတွင် ရည်ရွယ်ချက်တချို့ ရှိနေရပေမည်။
လုယွီက သဘောတူလိုက်သည်။
"ခဏနေကျရင် မင်းကိုယ်မင်း အတတ်နိုင်ဆုံးလုံခြုံအောင် ပုန်းနေသင့်တယ်...မင်းရဲ့လူဆိုးထိန်းဝတ်စုံက အရမ်းထင်ရှားနေတော့ အဆင်ပြေမှာမဟုတ်ဘူး"
နဥ်အမ်ထုံက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။
အကယ်၍ ယခင်ကဆိုလျှင် နဥ်အမ်ထုံသည် သူမအား ယခုကဲ့သို့ အကြံပေးသော မည်သူမည်ဝါ၏စကားကိုမျှ နားထောင်မည်မဟုတ်ချေ။
သို့ရာတွင် သူမသည် လုယွီ၏စကားကိုမူ ငြင်းဆန်ခြင်းမပြုပေ။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူမ၏အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်။ထို့ပြင် လုယွီ၏ခွန်အားသည် သူမထက် များစွာပို၍ သန်မာအားကောင်းသည်။သူမသည် ဤအချက်ကို လက်ခံယုံကြည်ထားပြီးဖြစ်သည်။
"ကောင်းပြီလေ...ငါ အရင်ဆုံး ပုန်းနေလိုက်မယ်"
နဥ်အမ်ထုံက ပြောဆိုလေ၏။
သူတို့နှစ်ယောက်သည် စတင်လှုပ်ရှားရန် ဟန်ပြင်လိုက်ကြသည်။
သို့ရာတွင် ထိုအချိန်မှာပင် အလျင်စလိုပြေးလွှားလာသော ခြေလှမ်းသံများက သူတို့၏နောက်မှ ထွက်ပေါ်လာသည်။
"ဘယ်သူတွေလဲ"
နဥ်အမ်ထုံက မျက်မှောင်ကြုတ်လိုက်သည်။သူမ၏ဓားရှည်ကို ချက်ချင်းဆွဲထုတ်ကာ သတိကြီးစွာထား၍ နောက်သို့ပြန်လှည့်ကြည့်လိုက်၏။
ဖြစ်နိုင်သည်မှာ လေဟာနယ်ဓားပြများနှင့် အပေးအယူလုပ်မည့်လူသည် အလွန်လျှင်မြန်စွာ ရောက်ရှိလာခဲ့သလော....
ရှည်လျားသောလမ်းမကြီးပေါ်တွင် လူတစ်စု ထွက်ပေါ်လာသည်။သူတို့သည် စွန်းယုနှင့် ထိုက်လင်တပ်ခွဲမှ စစ်သားများပင်။
သူတို့အားလုံး၏ခန္ဓာကိုယ်များပေါ်တွင် ပြင်းထန်သောမီးလောင်ရာများရှိနေကာ သူတို့၏မျက်နှာအမူအယာများသည် ဆိုးဆိုးရွားရွား ပျက်ယွင်းနေပေ၏။
"အမ်ထုံ...မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ...ငါနဲ့အတူ မြန်မြန်ပြန်လိုက်ခဲ့စမ်း...ငါတို့ ထပ်ပြီးတော့ စုံစမ်းစစ်ဆေးရမယ်"
စွန်းယုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
သူ၏မျက်နှာပေါ်တွင် သုန်မှုန်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
စွန်းယုသည် ထိုက်လင်တပ်ခွဲမှစစ်သားတစ်စုကို ခေါ်ဆောင်၍ မီးတောက်ဖီးနစ်ဘုရင်ကို ရှာဖွေကာ အညံ့ခံရန်အတွက် စည်းရုံးသိမ်းသွင်းခဲ့သည်။
သို့ရာတွင် မီးတောက်ဖီးနစ်ဘုရင်သည် သူတို့နှင့်ပူးပေါင်းရန်ငြင်းဆန်ခဲ့သည့်အပြင် သူတို့အားလုံးကို သတ်ဖြတ်ရန်ပင် ကြံရွယ်ခဲ့လေ၏။
စွန်းယုသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခွန်အားကိုအသုံးပြုကာ ထိုက်လင်တပ်ခွဲမှစစ်သားများနှင့်ပူးပေါင်း၍ မီးတောက်ဖီးနစ်ဘုရင်ကို သတ်ဖြတ်ခဲ့ရသည်။
မီးတောက်ဖီးနစ်ဘုရင် သေဆုံးသွားမှသာ စွန်းယုသည် စစ်သားများကိုဦးဆောင်၍ ထိုသားရဲ၏လှိုဏ်ဂူအတွင်းသို့ဝင်ကာ စစ်ဆေးခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ သူတို့သည် အကြိမ်ပေါင်းများစွာ ရှာဖွေသည့်တိုင် ဝင်္ကပါဖွဲ့စည်းပုံများ၏အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် အနီးပတ်ဝန်းကျင်ရှိ တခြားနတ်ဆိုးမှော်သားရဲဘုရင်များကို စစ်ဆေးမေးမြန်းခဲ့ချိန်၌ မီးတောက်ဖီးနစ်ဘုရင်သည် ယခုလတ်တလော၌ တံခါးပိတ်ကျင့်ကြံနေပြီး ပြင်ပသို့ထွက်ခြင်းမရှိကြောင်း သူတို့ သိရှိခဲ့ရသည်။
ထိုနတ်ဆိုးမှော်သားရဲဘုရင်များအနက်မှတစ်ကောင်သည် သာမာန်နေ့ရက်များတွင် မီးတောက်ဖီးနစ်ဘုရင်ထံ၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ဤလူတစ်စုသည် မီးတောက်ဖီးနစ်ဘုရင်အား သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ချိန်၌ သူသည် မြေပြင်ပေါ်၌ဝပ်တွားကာ ထိတ်လန့်ကြောက်ရွံစွာဖြင့် တုန်ရီနေလေ၏။
ဤကိစ္စကို လက်ခံရန်ဆန္ဒမရှိသဖြင့် စွန်းယုသည် တခြားနတ်ဆိုးမှော်သားရဲများကို စစ်မေးခဲ့သော်လည်း တူညီသောအဖြေကိုသာ ရရှိခဲ့သည်။ထိုအချိန်ကျမှသာ သူ၏ယခင် ကောက်ချက်ချမှုသည် မှားယွင်းနေကြောင်း စွန်းယုက သိနားလည်သွားတော့သည်။
ဤအမှု့သည် မီးတောက်ဖီးနစ်ဘုရင်နှင့် အနည်းငယ်မျှပင် မသက်ဆိုင်ချေ။
သို့ရာတွင် သူတို့သည် ထိုနတ်ဆိုးမှော်သားရဲကို ရင်ဆိုင်နိုင်ရန်အတွက် မှော်ရတနာများနှင့် ထက်ရှသောမှော်လက်နက်အမြာက်အများကို အသုံးပြုခဲ့ရသည်။ဤသည်က သူတို့အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုပင်။
Chapter 3373
အခင်းဖြစ်နေရာသို့ သူ ပြန်ရောက်ချိန်တွင် နဥ်အမ်ထုံကို သူ ရှာမတွေ့ချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် ဆဋ္ဌမဂိတ်တံခါး၏လူဆိုးထိန်းတံဆိပ်ပြားမှတဆင့် နဥ်အမ်ထုံ၏တည်နေရာကို ရှာဖွေနိုင်ခဲ့ကာ ခြေရာခံ၍လိုက်လာခြင်းဖြစ်သည်။
စွန်းယုသည် ဤနေရာသို့ရောက်ရှိစဥ်တွင် မြို့ငယ်လေးအတွင်းရှိ နေရာအနှံ့အပြား၌ အလောင်းများပြန့်ကျဲနေသည်ကို တွေ့မြင်မိလေ၏။
လူဆိုးထိန်းတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလိုအလျောက်တုံ့ပြန်မှုကြောင့် ဤနေရာတွင် ရာဇဝတ်သားများ ရှိနေနိုင်ကြောင်း သူ သိနားလည်သဖြင့် သတိကြီးစွာထား၍ အလျှင်အမြန် ဝင်ရောက်လာခဲ့သည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
စွန်းယုက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
နဥ်အမ်ထုံသည် အလျှင်အမြန်ရှေ့တိုးကာ ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြောပြလိုက်၏။
စစ်လက်နက်များကို လုယက်သည့် တရားခံအစစ်မှာ ဤလေဟာနယ်ကြယ်ဓားပြများဖြစ်သည်ကိုကြားချိန်တွင် စွန်းယုက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလေဟာနယ်ကြယ်ဓားပြတွေက တရားခံအစစ်တွေဆိုတာ မင်းမှာ သက်သေအထောက်အထားရှိလို့လား...ဒီဓားပြတွေက အတင့်ရဲပြီးတော့ ထင်ရာစိုင်းတတ်ပေမယ့် အခုလက်ရှိမှာ ငါတို့စုံစမ်းနေတာက စစ်လက်နက်ပစ္စည်းတွေ ပျောက်ဆုံးနေတဲ့ကိစ္စပဲ...မဆီမဆိုင်တခြားကိစ္စတွေမှာ ဝင်မပါသင့်ဘူး"
စွန်းယုက အသံနက်ကြီးဖြင့် ဆူပူကြိမ်းမောင်းလေသည်။
နဥ်အမ်ထုံသည် မလှမ်းမကမ်းရှိ စားပွဲပေါ်မှ သေတ္တာများကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"လေဟာနယ်သင်္ဘောပေါ်မှာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေထဲက ဝင်္ကပါဖွဲ့စည်းပုံတွေ ပျောက်နေတယ်...ကျွန်မတို့ ဂရုတစိုက်စစ်ဆေးပြီးတဲ့နောက်မှာ အဲ့ဒီသေတ္တာတွေထဲမှာ ဝင်္ကပါဖွဲ့စည်းပုံတွေရှိနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်"
ဘာ....
စွန်းယုသည် ထိတ်လန့်တုန်လှုပ်သွားကာ စစ်ဆေးကြည့်ရန်အတွက် ရှေ့သို့အလျှင်အမြန်လျှောက်လှမ်းလိုက်၏။
အမှန်တကယ်ကိုပင် စားပွဲပေါ်ရှိ သေတ္တာများအတွင်း၌ ပျောက်ဆုံးသွားသော ဝင်္ကပါဖွဲ့စည်းပုံများရှိနေသည်။
ဤဝင်္ကပါဖွဲ့စည်းပုံများရှိမှသာ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များသည် စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
သူသည် မူလက ဤအရာများကို မီးတောက်ဖီးနစ်ဘုရင်ယူဆောင်သွားသည်ဟု တွေးထင်ခဲ့လေ၏။သို့ရာတွင် ဤအမူကိုကျူးလွန်သော တရားခံအစစ်များမှာ ဤလေဟာနယ်ဓားပြများဖြစ်မည်ဟု သူ အနည်းငယ်မျှပင် တွေးတောမထားမိချေ။
သူ အလွန်သတိလက်လွတ် ဖြစ်သွားခဲ့သည်။ဆဋ္ဌမဂိတ်တံခါး၏စီနီယာတစ်ယောက်ဖြစ်သောသူသည် ကျိုးကြောင်းဆက်စပ်၍စဥ်းစားသောနေရာတွင် ကြေးတံဆိပ်လူဆိုးထိန်းတစ်ယောက်ကို ရှုံးနိမ့်ခဲ့ပေ၏။
စွန်းယု၏မျက်နှာသုန်မှုန်သွားကာ သူက ပြောဆိုလေသည်။
"မင်းက ဘယ်လိုလုပ်ပြီးတော့ ရှာဖွေဖော်ထုတ်နိုင်ခဲ့တာလဲ"
ဤမြို့ငယ်လေးသည် အလွန်ချောင်ကျပြီး တသီးတခြားဆန်သော နေရာတစ်ခုပင်။
သူတို့သည် အခင်းဖြစ်နေရာသို့ ရောက်ရှိသည်မှာလည်း မကြာသေးချေ။နဥ်အမ်ထုံက ဤအမှုသည် လေဟာနယ်ဓားပြများနှင့်ဆက်စပ်နေသည်ဟု မည်သည့်နည်းဖြင့် ကောက်ချက်ချနိုင်ခဲ့သနည်း။
"ဒါတွေအားလုံးက လုယွီကို ကျေးဇူးတင်ရမယ်....သူက သူနဲ့ရင်းနှီးတဲ့ ကံကြမ္မာဆရာသခင်တွေဆီကနေ နည်းလမ်းတချို့ကို သင်ယူထားန်ုင်တယ်...သူက သဲလွန်စတွေကို ခြေရာခံလိုက်ပြီးတော့ ဒီနေရာကို တွေ့ခဲ့တာပဲ"
နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ လုယွီအပေါ် သူမ၏အပြစ်မကင်းသကဲ့သို့ ခံစားနေရသည်။
ယခုချိန်၌ ထိုစကားကိုကြားချိန်တွင် လုယွီသည် သူ့အတွက် အကျိုးဆောင်ရမှတ်အား မယူဝံ့မည်ကို သူမစိုးရိမ်သဖြင့် သူ၏ကိုယ်စား ထုတ်ဖော်ပြောဆိုလိုက်သည်။
"သူလား..."
စွန်းယုက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အေးစက်စက်အပြုံးဖြင့်ပြောဆိုသည်။
"မဆိုးဘူး....မဆိုးပါဘူး"
ဤသည်က စကားအရပြောဆိုခြင်းဖြစ်ပြီး ခံစားချက်ပါသောချီးမွမ်းမှုမျိုးမဟုတ်ချေ။
စွန်းယုက ဤကိစ္စများကို ပြုလုပ်ခဲ့သူမှာ လုယွီဖြစ်မည်ဟု ယုံကြည်ခြင်းမရှိချေ။
ထိုလူငယ်သည် ပေါက်ကရစကားများပြောဆိုရန်ကိုသာသိသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းသက်သက်ပင်။
လုယွီသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း ဖြစ်လာသည်မှာ မကြာမြင့်သေးသည့် အချက်ကို ထည့်သွင်းစဥ်းစားပါက ဤကိစ္စသည် ပို၍သိသာထင်ရှားလှ၏။သူ ယခုထိတိုင်မသင်ယူရသေးသော ဆဋ္ဌမဂိတ်တံခါးမှ စုံစမ်းမှုနည်းလမ်းများ အမြောက်အများရှိနေမည်ဖြစ်ရာ မည်သည်ကြောင့် ဤကဲ့သို့အမူကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
နှိုင်းယှဥ်ကြည့်ပါက ဤအမူကို ဖြေရှင်းခဲ့သူမှာ နဥ်အမ်ထုံသာဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ နဥ်အမ်ထုံ၏ဖခင် နဥ်ကျိုးသည် ဆဋ္ဌမဂိတ်တံခါး၏ ရွှေတံဆိပ်လူဆိုးထိန်းဆယ်ယောက်အနက်မှတစ်ယောက်ပင်။
အကယ်၍ နဥ်ကျိုးသည် သူ၏သမီးဖြစ်သူကို အနည်းငယ်သင်ကြားပေးထားပါက နဥ်အမ်ထုံ၏အမှုအခင်းများကို ဖြေရှင်းနိုင်သည့်စွမ်းရည်သည် တခြားသူများထက် ပို၍သာလွန်နေပေမည်။
ဤသည်က နဥ်အမ်ထုံ၏ကောက်ချက်ချမှုဖြစ်နိုင်ကာ သူမသည် လုယွီကို တိုက်ပွဲအကျိုးဆောင်ရမှတ်များ ပေးလိုသဖြင့် သူ့အား ရှေ့သို့တွန်းပို့လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
စွန်းယုသည် ဤကဲ့သို့ကိစ္စငယ်လေးများကို သူ၏စိတ်အတွင်း၌ မှတ်မထားတော့ချေ။
သူသည် ဤလူများ၏တိုက်ပွဲအကျိုးဆောင်ရမှတ်များကို စိတ်မဝင်စားပေ။
သူ ဤအမှုကို ဖြေရှင်းနိုင်သရွေ့ ရွှေတံဆိပ်လူဆိုးထိန်းဖြစ်လာမည့် သူ၏အခွင့်အရေး အကြီးအကျယ် မြင့်တက်သွားနိုင်သည်။
"ဒါက တကယ့်ကို ငါတို့ထိုက်လင်တပ်ခွဲက ပျောက်သွားတဲ့ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေထဲကဝင်္ကပါဖွဲ့စည်းပုံတွေပဲ...ဒီအရာတွေပေါ်က နံပါတ်စဥ်တွေကိုကြည့်ရင် သိနိုင်တယ်"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးသည် သူ၏လူများကိုခေါ်ဆောင်၍ စိတ်လှုပ်ရှားစွာဖြင့် သေတ္တာများအနီးသို့သွားကာ အလျှင်အမြန်စစ်ဆေးလိုက်၏။
ဤနေရာ၌ ပျောက်ဆုံးနေသော ဝင်္ကပါဖွဲ့စည်းပုံများရှိနေသည်မှာ မှားယွင်းစရာမရှိချေ။ဤအရာများပေါ်ရှိ နံပါတ်စဥ်များသည် ထိခိုက်ပျက်စီးသွားသော စိတ်ဝိညာဥ်အမြှောက်များမှ အမှတ်အသားများနှင့် အပြည့်အဝယှဥ်တွဲနေသည်။
ယခုချိန်၌ ဤအမှု၏အမှန်တရား ထွက်ပေါ်လာပြီဖြစ်ကာ ပျောက်ဆုံးနေသောပစ္စည်းများကိုလည်း ပြန်ရှာတွေ့လေပြီ။နောက်ဆုံး၌ သူတို့သည် တပ်ခွဲသို့ပြန်၍ သတင်းပို့ရပေမည်။
Chapter 3374
"အရာရှိစွန်း...ငါက ဒီဝင်္ကပါဖွဲ့စည်းပုံတွေကို ပြန်ယူသွားပြီးတော့ တပ်ခွဲကို သတင်းပြန်ပို့ရမယ်"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုကာ သူ၏လေသံတွင် အနည်းငယ်စိတ်လောနေသောအရိပ်အယောင်များ ရောယှက်နေသည်။
စွန်းယုက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"မင်းက ကျဥ်းထဲကျပ်ထဲ အခြေအနေထဲရောက်နေတယ်ဆိုတာ ငါ သိပါတယ်...မင်းရဲ့ပစ္စည်းတွေကိုယူပြီး ထွက်သွားတော့"
ယခုချိန်၌ ဤအမှုကို ဖြေရှင်းပြီးဖြစ်သဖြင့် ထိုအရာများသည် အရေးမပါတော့ချေ။
နဥ်အမ်ထုံက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"စီနီယာအကိုစွန်း...ဒါက စည်းမျဥ်းတွေကို ဆန့်ကျင်သလိုဖြစ်နေမှာ ကျွန်မ စိုးရိမ်မိတယ်...ဟုတ်တယ်မလား"
စည်းမျဥ်းများအရ အမှုအခင်းနှင့်ပတ်သတ်သော ပစ္စည်းများအားလုံးကို ဆဋ္ဌမဂိတ်တံခါးထံသို့ ပြန်လည်ယူဆောင်သွားရသည်။
အရာအားလုံးကို နှံ့နှံ့စပ်စပ်စစ်ဆေးပြီးနောက်မှသာ ထိုပစ္စည်းများကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်ရလေ၏။
"အခြေအနေက အရေးပေါ်ဖြစ်နေတယ်...စစ်တပ်အတွက် အချိန်ကအရမ်းတန်ဖိုးရှိတယ်...ရှေ့တန်းရဲ့အခြေအနေက တစတစ ပိုပြီးတော့ ပြင်းထန်နေပြီ...ဒီပစ္စည်းတွေကို စစ်တပ်ရဲ့လက်ထဲကို အမြန်ဆုံးပြန်ထည့်တာက အကောင်းဆုံးဖြစ်လိမ့်မယ်..အဲ့ဒါမှပဲ ပြဿနာတွေ အများကြီးဖြစ်လာမယ့်ဘေးကနေ ရှောင်ကြဥ်နိုင်လိမ့်မယ်"
စွန်းယုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သူသည် မီးတောက်ဖီးနစ်ဘုရင်ကို သတ်ဖြတ်စဥ်၌ အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏ခွန်အားကို များစွာမှီခိုအားထားခဲ့ရသည်။
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးထံတွင် စစ်တပ်သုံး နတ်ဘုရားဖျက်ဆီးခြင်းလေး ပါလာခဲ့သဖြင့် မြှားတစ်စင်းကိုအသုံးပြုကာ မီးတောက်ဖီးနစ်ဘုရင်ကို ထိုးစိုက်နိုင်ခဲ့သည်။
ထိုသို့မဟုတ်ပါက သူတစ်ယောက်တည်း၏စွမ်းအားဖြင့် မီးတောက်ဖီးနစ်ဘုရင်ကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
ဤကျေးဇူးကြွေးကို သူ ပြန်လည်ပေးဆပ်ရပေမည်။
စွန်းယုသည် ထိုကဲ့သို့ပြောဆိုလိုက်သည်ကိုကြည့်ပြီး နဥ်အမ်ထုံသည် ဆက်လက်၍ငြင်းဆန်မနေတော့ချေ။
"အရာရှိစွန်းကို ကျေးဇူးတင်ပါတယ်...ငါတို့ရဲ့စစ်ဗိုလ်ချုပ်ရှေ့မှာ မင်းအတွက် ငါ စကားကောင်းပြောပေးပါ့မယ်"
အမာရွတ်မျက်နှာလက်ထောက်တပ်မှူးက အပြုံးနှင့်ပြောဆိုသည်။ထို့နောက် သူ၏လူများကိုခေါ်ဆောင်၍ စားပွဲပေါ်ရှိဝင်္ကပါဖွဲ့စည်းပုံများကို ယူဆောင်ကာ အလျင်စလို ထွက်ခွာသွားတော့သည်။
ထိုစစ်သားများ ထွက်ခွာသွားပြီးနောက် စွန်းယုက ပတ်ဝန်းကျင်ရှိ လေဟာနယ်ကြယ်ဓားပြများ၏အလောင်းများကို သယ်ဆောင်သွားရန်အတွက် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများကို အမိန့်ပေးလေသည်။
ဤသည်မှာ ယခုအမှုအခင်းကို ဖြေရှင်းနိုင်ခဲ့သည့် သက်သေများပင်။
လေဟာနယ်ကြယ်ဓားပြများအားလုံး သေဆုံးသွားပြီဖြစ်သော်လည်း သူတို့၏အလောင်းများသည် အသုံးဝင်နေဆဲဖြစ်ပေ၏။
"မင်းက ဘာလို့ အလုပ်မလုပ်သေးတာလဲ"
စွန်းယုက ရုတ်တရက် လုယွီကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရှေ့ရှိ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းသည် နဥ်အမ်ထုံ၏ကာကွယ်ပေးမှုကိုမှီခို၍ အလွန်မာနထောင်လွှားနေသည်။
သူ လုယွီအား ခေါ်လိုက်ခြင်းမှာ အလောင်းများရွှေ့ပြောင်းရာတွင် ကူညီပေးစေလိုသောကြောင့်ဖြစ်သည်။သို့ရာတွင် လုယွီသည် ယခုချိန်၌ မလှုပ်မယှက်နေနေရုံသာမက ယခင်ကလည်း သူ၏ကောက်ချက်ချမှုအပေါ် ပြောင်ပြောင်တင်းတင်း မေးခွန်းပြန်ထုတ်ဝံ့သည်။
စွန်းယုသည် သူ့ရှေ့ရှိ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းကိုကြည့်၍ စိတ်မပျော်ရွှင်တော့ချေ။
"ငါက တစ်ယောက်ယောက်ကို စောင့်နေတာ"
လုယွီက အမှန်အတိုင်း တုံ့ပြန်အဖြေပေးလိုက်သည်။
နဥ်အမ်ထုံက ရှေ့သို့အလျှင်အမြန်တိုးကာ ရှင်းပြလေ၏။
"စီနီယာအကိုစွန်း....ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတယ်...ကျွန်မတို့က ဒီကိစ္စ စေခိုင်းတဲ့သူကို ဒီနေရာကနေစောင့်ပြီး ဖမ်းဆီးရမယ်"
နဥ်အမ်ထုံသည် လုယွီ ယခင်က သူမကို ပြောပြခဲ့သည့်အတိုင်း စွန်းယုကို ပြောဆိုလိုက်သည်။
ဤကိစ္စများ၏နောက်ကွယ်တွင် အမှန်တကယ်ကိုပင် တစ်စုံတစ်ယောက်ရှိနေသလော....
ရုတ်ချည်းဆိုသလိုပင် စွန်းယု၏မျက်လုံးများ တောက်ပသွားသည်။
ပျောက်ဆုံးသွားသော စစ်လက်နက်ပစ္စည်းများကို ပြန်ရှာတွေ့ခြင်းကို ကြီးမားသောတိုက်ပွဲအကျိုးဆောင်မှုကြီးဟု ယူဆနိုင်သော်လည်း အထွတ်အထိပ်အဆင့်သို့ မရောက်သေးချေ။
သို့ရာတွင် အကယ်၍ သူသည် ဤကိစ္စကိုခြေရာခံကာ နောက်ကွယ်မှကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါက သူ ရရှိမည့် တိုက်ပွဲအကျိုးဆောင်ရမှတ်များ မည်မျှထိများပြားမည်ကို သူ တွေးတောကြည့်၍ရနိုင်သည်။
"မင်းပြောတဲ့ကိစ္စက သေချာလား"
စွန်းယုက နဥ်အမ်ထုံကိုကြည့်ကာ မေးမြန်းလိုက်သည်။
သူ၏အမြင်အရ ဤနေရာရှိအရာအားလုံးကို နဥ်အမ်ထုံ ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။လုယွီကမူ ဤနေရာကိုရောက်ရှိနေသည်မှာ တိုက်ပွဲအကျိုးဆောင်ရမှတ်များကို အချောင်ယူလိုရုံသက်သက်ဖြစ်ပေမည်။
နဥ်အမ်ထုံက အခိုင်အမာယုံကြည်ချက်ရှိသော အမူအယာဖြင့် ခေါင်းညိတ်လိုက်၏။
ထိုအတည်ပြုမှုကို ရရှိပြီးနောက် စွန်းယု၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"အရမ်းကောင်းတယ်...ငါတို့ ဒီနေရာကနေစောင့်ပြီးတော့ အဲ့ဒီကောင်ကို ချောင်ပိတ်ပြီးဖမ်းရမယ်...အချိန်ကျလာရင် မင်းတို့ ဘာမှမလှုပ်ရှားနဲ့...အရာအားလုံးကို ငါ ကိုင်တွယ်ဖြေရှင်းမယ်"
စွန်းယုက ရယ်မောလိုက်သည်။
သူသည် ဤတိုက်ပွဲအကျိုးဆောင်ရမှတ်များကို လက်ဝါးကြီးအုပ်ရန် ကြံရွယ်နေခြင်းပင်။
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတချို့သည် ပြတ်ပြတ်သားသား ရပ်တန့်လိုက်ကြ၏။ဤသည်မှာ ဆဋ္ဌမဂိတ်တံခါးမှ အမှုအခင်းများ ဖော်ထုတ်ရာတွင် ကြုံတွေ့နေကျကိစ္စတစ်ရပ်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ စွန်းယုသည် ငွေတံဆိပ်လူဆိုးထိန်းတစ်ယောက်ပင်။သူသည် ဤတာဝန်အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်များမှအများစုကို ယူဆောင်ပေလိမ့်မည်။
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများအတွက်မူ အပိုတိုက်ပွဲအကျိုးဆောင်ရမှတ်အနည်းငယ်ရရှိလျှင်ပင် အခြေအနေ အလွန်ကောင်းမွန်နေလေပြီ။
လုယွီက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့အားလုံး အတူတူထွက်ပြီးတိုက်ခိုက်ဖို့ ငါ အကြံပေးချင်တယ်...တစ်ဖက်လူရဲ့ခွန်အားက အားနည်းနေမှာမဟုတ်ဘူး"
Chapter 3375
လုယွီသည် အစောပိုင်းက လေဟာနယ်ကြယ်ဓားပြခေါင်းဆောင်နှင့် တိုက်ခိုက်ခဲ့ပြီးလေပြီ။
သူ့ရှေ့ရှိ စွန်းယု၏ခွန်အားသည် ထိုဓားပြခေါင်းဆောင်နှင့် များစွာကွဲပြားခြားနားခြင်းမရှိကြောင်း သူ အာရုံခံမိသည်။
သို့ရာတွင် ဓားပြခေါင်းဆောင်၏မှတ်ဥာဏ်များအတွင်း၌ သူ့အား ဤတာဝန်ပေးခဲ့သူ၏ခွန်အားသည် အလွန်အမင်း နက်နဲသိမ်မွေ့ပေ၏။
ထိုဓားပြခေါင်းဆောင်သည် တစ်ချိန်က ထိုလျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်၏သရုပ်မှန်ကို ဖော်ထုတ်လိုခဲ့သည်။သို့ရာတွင် တစ်ဖက်လူ၏ခွန်အားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသဖြင့် သူသည် နောက်ဆုတ်ရန်ကိုသာ ရွေးချယ်ခဲ့ပြီး ထပ်မံ၍ မစုံစမ်းဝံ့တော့ချေ။
"ဘာလဲ... မင်းက ငါတစ်ယောက်တည်း လုပ်လို့မရဘူးလို့ ဆိုလိုတာလား...မင်းက ငါ့ရဲ့အမိန့်ကို ငြင်းဆန်ချင်တာလား"
စွန်းယုက အေးစက်စက်အကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။သူ၏လေသံသည် အလွန်အမင်း ရိုင်းပျပေ၏။
လုယွီသည် အစောပိုင်းတွင် သူ၏ကောက်ချက်ချမှုအပေါ် မေးခွန်းထုတ်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏ခွန်အားအပေါ် မေးခွန်းထုတ်နေသည်။
ဤသည်က ထိုလူငယ်သည် ငွေတံဆိပ်လူဆိုးထိန်းဟူသော သူ၏အဆင့်အတန်းကို အနည်းငယ်မျှ အလေးမစိုက်သည့်သဘောပင်။
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒါက မင်းရဲ့ခွန်အားမှာ ပြဿနာရှိနေလို့မဟုတ်ဘူး....ဒါပေမယ့် အခုရောက်လာမယ့်လူက အရမ်းအရေးကြီးတယ်...သူက စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေရဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေကို ဝယ်ချင်နေမှတော့....ဒီလိုမျိုးစစ်လက်နက်တွေကို ပြန်ပြီးဖန်တီးနိုင်တဲ့ အစွမ်းအစမျိုး သူ့မှာရှိနေတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား....မင်းတို့သိထားဖို့က အဲ့ဒီအစွမ်းအစမျိုးက အင်အားစုကြီးတွေမှာပဲရှိတယ်"
"ဟမ့်"
..ငါက မင်း ဒီလိုသင်ကြားပေးဖို့ လိုအပ်နေတဲ့လူစားမျိုးလား...ငါ့ရဲ့အမိန့်ကိုနာခံပြီးတော့ အနောက်မှာပဲနေစမ်း...မင်းတို့ကောင်တွေ သူ့ကို စောင့်ကြည့်ထားကြစမ်း...ခဏနေကျရင် သူ အပြင်ကိုထွက်လာပြီးတော့ ငါ့ကို ပြဿနာလာမရှာစေနဲ့"
စွန်းယုသည် လုယွီ၏သတိပေးစကားကို အနည်းငယ်မျှနားထောင်ရန်ပင် ရည်ရွယ်မထားချေ။သူသည် နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများကို လုယွီအားစောင့်ကြည့်ရန် အမိန့်ပေးလိုက်သည်။
နဥ်အမ်ထုံက စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုသည်။
"စီနီယာအကိုစွန်း....နင် ဒီလိုလုပ်ဖို့ မလိုပါဘူး...လုယွီက အရမ်းသန်မာအားကောင်းတယ်...သူ့ရဲ့အကူအညီနဲ့ဆိုရင် နင် အနိုင်ရနိုင်မယ့်အခွင့်အရေးက ပိုပြီးမြင့်မားသွားလိမ့်မယ်"
"အမ်ထုံ...မင်း လှည့်စားခံရမှာကို ငါ စိုးရိမ်မိတယ်...အဲ့ဒီကောင်လေးက မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း ဘယ်လိုဖြစ်လာတာလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် သူ့ရဲ့အသက်အရွယ်နဲ့ဆိုရင် သူက အရမ်းသန်မာအားကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး"
စွန်းယုက လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
"မင်းနေရာကို မင်းသိတာ ပိုကောင်းလိမ့်မယ်....ငါတို့စကားပြောနေတဲ့အချိန်မှာ မင်း ဝင်မပြောသင့်ဘူး"
ပတ်ဝန်းကျင်ရှိ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းများသည် စွန်းယု၏အမိန့်ကိုလိုက်နာကာ လုယွီကို ဝိုင်းရံထားကြသည်။
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"မင်း ဒီလိုလုပ်မှရမှာလား...ငါ မင်းကို ဒီတိုက်ပွဲအကျိုးဆောင်ရမှတ်တွေအားလုံး ပေးနိုင်တယ်...ဒါပေမယ့် မင်း ရန်သူကိုလျှော့မတွက်တာ ပိုကောင်းလိမ့်မယ်"
ကံအကြောင်းမလှစွာဖြင့် စွန်းယုသည် ယခုကဲ့သို့အချိန်မျိုးတွင် လုယွီစကားကို မည်သို့နားထောင်မည်နည်း.....
ထို့ပြင် သူသည် ငွေတံဆိပ်လူဆိုးထိန်းတစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင် ကိုယ်ပိုင်မာန်မာနရှိသည်။မည်သည်ကြောင့် သူသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်၏ အကြံပေးစကားကို လက်ခံနိုင်မည်နည်း။
"ရယ်စရာကောင်းလိုက်တာ....တကယ်လို့ အဲ့ဒီလူက လိမ္မာပါးနပ်တဲ့သူဆိုရင် ငါတို့ဆဋ္ဌမဂိတ်တံခါးက လူဆိုးထိန်းတွေကို တွေ့တာနဲ့ နောက်ဆုတ်ပြီးပြန်ပြေးမှာပဲ...သူက ငါနဲ့ဆက်ပြီးတိုက်ခိုက်ချင်သေးရင်တော့ သေလမ်းလာရှာတာပဲဖြစ်မယ်"
စွန်းယုက သရော်တော်တော် ပြောဆိုသည်။
သူတို့သည် လေဟာနယ်ကြယ်ဓားပြများ၏အလောင်းများကို ရွှေ့ပြောင်းပြီးနောက် သူတို့အားလုံး မြို့ငယ်လေးအတွင်း၌ ပုန်းအောင်းလိုက်ကြ၏။
မကြာမီမှာပင် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်က ကောင်းကင်ယံအတွင်းမှ ပျံသန်းလာသည်။
ထိုလူသည် ထူထဲသောအနက်ရောင်ဝတ်ရုံကြီးကို ခြုံလွှမ်းထားကာ သူ၏ခေါင်းထက်၌ ဝါးခမောက်တစ်လုံးကို ဆောင်းထားသဖြင့် သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မည်သူမျှမသိနိုင်ချေ။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် မြေပြင်ပေါ်၌ ပြန့်ကျဲနေသောအလောင်းများကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။သူသည် အလောင်းများကိုဖြတ်ကျော်ကာ မြို့လယ်သို့ လျှောက်လှမ်းသွားကာ သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်အလားပင်။
သာမာန်အားဖြင့် ဤမြို့ငယ်လေးအတွင်းသို့ မည်သည့်ကျင့်ကြံသူမျှ လာရောက်လေ့မရှိချေ။
ထိုလူသည် မြေပြင်ပေါ်ရှိ အလောင်းများကို မြင်သွားသည့်တိုင် ထိတ်လန့်တကြားဖြစ်မသွားသည့်အချက်ကို ထည့်တွက်ရန်ပင် မလိုအပ်တော့ချေ။
ထိုလူ ဖြစ်နေသလော....
"ခဏနေဦး...အခု အပြင်ကို မထွက်ကြနဲ့အုံး"
လုယွီက သူ၏စိတ်ဝိညာဥ်မှစွမ်းအားကိုအသုံးပြု၍ ထိုအနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်လိုက်၏။ထို့နောက် သူက မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။
သို့သော် ယခုလက်ရှိအချိန်တွင် စွန်းယု၏စိတ်နှလုံးသားအတွင်း၌ သူရရှိမည့် တိုက်ပွဲအကျိုးဆောင်ရမှတ်များဖြင့်သာ ပြည့်နှက်နေသည်။မည်သည့်နည်းဖြင့် လုယွီ၏သတိပေးချက်ကို နားထောင်မည်နည်း။
"ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ပုန်ကန်ဝံ့တာလဲ...ငါတို့က ဆဋ္ဌမဂိတ်တံခါးကလူတွေပဲ...အခုချက်ချင်း အရှုံးပေးအညံခံစမ်း"
စွန်းယုက ကျယ်လောင်စွာအော်ဟစ်ကာ ပြတင်းပေါက်မှတဆင့် ပြင်ပသို့ထွက်လိုက်သည်။