အခန်း (၃၃၇၆-၃၃၈၀)
Vol. 172 Ch. 3376-3380
Chapter 3376
တစ်ဖက်လူသည် ဤနေရာ၌ ခြုံခိုတိုက်ခိုက်ခံရမည်ကို ခန့်မှန်းထားပြီး ဖြစ်ပုံရသည်။
စွန်းယု၏ရုတ်တရက်တိုက်ခိုက်မှုကို ကြုံရသော်လည်း ထိုလူသည် တည်ငြိမ်နေဆဲဖြစ်ကာ ပျာယာခတ်သွားခြင်းမရှိချေ။သူသည် တုံ့ပြန်တိုက်ခိုက်ရန်အတွက် သူ၏မှော်လက်နက်ကို အလျှင်အမြန် ထုတ်ယူလိုက်၏။
ဒေါင်...ဒေါင်...
နှစ်ဖက်စလုံးသည် တိုက်ကွက်ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးဖြစ်သော်လည်း လက်ရည်မျှနေကြသည်။
"အတင့်ရဲလိုက်တဲ့ သူပုန်...မင်းက ဖမ်းဆီးမှုကိုတောင် ခုခံဝံ့တာလား"
စွန်းယုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ တစ်ဖက်ရန်သူကို အလျှင်အမြန်ဖမ်းဆီးပြီး သူ့အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်များ ရယူလိုသောစိတ်ကသာ ကြီးစိုးနေသည်။
သို့ရာတွင် တစ်ဖက်လူ၏လှုပ်ရှားမှုများသည် အလွန်လိမ္မာပါးနပ်ပေ၏။စွန်းယုသည် မှော်မန္တန်များကို အဆက်မပြတ်အသုံးပြုသည့်တိုင် တစ်ဖက်လူသည် လိမ္မာပါးနပ်စွာဖြင့် ချေဖျက်နိုင်သည်။
လုယွီသည် နံဘေးဘက်မှစောင့်ကြည့်နေရင်း သူ၏စိတ်အတွင်းမှနေ၍ ခေါင်းခါယမ်းလိုက်သည်။
စွန်းယုသည် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောရန်သူ၏အစစ်အမှန်ခွန်အားကို ထွင်းဖောက်မမြင်နိုင်ချေ။
ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် သူ၏အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားပေ၏။
အစောပိုင်းက ထိုလူ ထုတ်ဖော်အသုံးပြုခဲ့သောစွမ်းအားသည် သူ့အထွတ်အထိပ်စွမ်းအား၏တစ်ဝက်ခန့်သာ ရှိပေမည်။
သူ၏ထူးဆန်းသောအနက်ရောင်ဝတ်ရုံကြီးအောက်တွင် သိပ်သည်းပြီးပြင်းထန်သောစွမ်းအားများ ခိုအောင်းနေကာ ယခုထိတိုင် အပြည့်အဝ ထုတ်ဖော်အသုံးပြုခြင်းမရှိသေးချေ။
"ဆဋ္ဌမဂိတ်တံခါးရဲ့လူဆိုးထိန်းတွေအားလုံးက မင်းလိုအဆင့်မျိုးပဲ ရှိတာလား"
အနက်ရောင်ဝတ်ရုံဝတ်လူက သရော်တော်တော် ရယ်မောလိုက်သည်။
သူ၏အသံသည် အသံပြောင်းလဲသည့်အထူးနည်းစနစ်တစ်ခုကို အသုံးပြုထားသည့်အလား အက်ရှရှဖြစ်နေကာ တခြားလူများသည် သူ၏အသံအစစ်အမှန်ကို ထွင်းဖောက်မသိနိုင်ချေ။
ထိုစကားကိုကြားချိန်တွင် စွန်းယုသည် အလွန်အမင်း ဒေါသထွက်သွားလေ၏။
သူသည် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်ရန် အခွင့်အရေးအမြင့်မားဆုံးသူဖြစ်ကာ သာမာန်အားဖြင့် အလွန်မောက်မာဝံ့ကြွားသူတစ်ယောက်လည်းဖြစ်သည်။
ထို့ပြင် လူအများ၏ရှေ့တွင် သူသည် ဤအမှုအခင်း၏နောက်ကွယ်မှကြိုးကိုင်သူကို လက်ရဖမ်းဆီးလိုခဲ့သည်။
ယခုချိန်တွင် တစ်ဖက်လူသည် ရောက်ရှိလာသော်လည်း စွန်းယုသည် အချိန်အတော်ကြာသည့်တိုင် အနိုင်ယူနိုင်ခြင်းမရှိသေးချေ။
ဤသည်က သံသယဖြစ်ဖွယ်မရှိ သူ့အတွက် အရှက်ရစရာကိစ္စတစ်ရပ်ပင်။
"ခုကြည့်ကြည့်တော့မှ နှံကောင်ငယ်လေးတစ်စုဖြစ်နေတာကိုး...ပျင်းစရာကောင်းလိုက်တာ"
အနက်ရောင်ဝတ်ရုံဝတ်လူသည် ပတ်ဝန်းကျင်ကို တစ်ချိန်လုံး စူးစမ်းလေ့လာနေပုံရသည်။
စွန်းယုတို့လူစုသာရှိသည်ကို အတည်ပြုပြီးနောက် အနက်ရောင်ဝတ်စုံဝတ်လူသည် စိတ်အေးလက်အေး ဖြစ်သွားပေ၏။
ဤလူများသက်သက်ဖြင့် သူ့အား ခြိမ်းခြောက်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
"သေစမ်း"
အနက်ရောင်ဝတ်ရုံလူက အော်ဟစ်လိုက်သည်။သူ၏လက်ဝါးအတွင်းရှိ မှော်စွမ်းအားများကို အလုံးတစ်လုံးအဖြစ်သိပ်သည်းကာ စွန်းယုထံဦးတည်၍ ပစ်လွှတ်လိုက်၏။
ဤအချိန်ရောက်သည့်တိုင် စွန်းယုသည် တစ်ဖက်လူ၏ခွန်အားကို အနည်းငယ်မျှ သတိမပြုမိသေးချေ။
သူ့ရှေ့ရှိ အနက်ရောင်ဝတ်ရုံဝတ်လူ၏ခွန်အားသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေသည်ကို သူ မသိရှိပေ။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီသည် နံဘေးမှနေ၍ ရပ်ကြည့်မနေနိုင်တော့ချေ။
သူသည် ရုတ်တရက် ရှေ့သို့ပြေးထွက်ကာ စွန်းယုကို နံဘေးသို့တွန်းဖယ်လိုက်၏။တစ်ချိန်တည်းမှာပင် ထိုမှော်မန္တန်ကို သူ၏လက်ဝါးဖြင့် ပိတ်ဆို့ဟန့်တားလိုက်သည်။
ဝုန်း...
ထိုမှော်မန္တန်သည် လုယွီ၏ရှေ့၌ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အနက်ရောင်ဝတ်ရုံဝတ်လူသည် အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"ဒီနေရာမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ငါ မှားသွားပြီ"
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးသွားတော့သည်။
"မင်း ဘာလုပ်တာလဲ...ငါ အဲ့ဒီလူကို ဖမ်းမိတော့မှာကို....ဒီနေရာမှာ ပြဿနာရှာဖို့ မင်းကို ဘယ်သူက ပြောထားတာလဲ"
စွန်းယုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလုမတက် အလွန်အမင်း ဒေါသထွက်နေသည်။
လုယွီအား ဤအချိန်မျိုးတွင် ပြင်ပသို့ထွက်၍ ပြဿနာရှာရန် မည်သူက ပြောဆိုထားသနည်း။
သူ၏အမြင်အရ အစောပိုင်းကလှုပ်ရှားမှုသည် အနက်ရောင်ဝတ်ရုံဝတ်လူကို ဖမ်းဆီးနိုင်ရန်အတွက် အကောင်းဆုံးအခွင့်အရေးပင်။
သို့ရာတွင် လုယွီ ပြေးထွက်လာပြီး ပြဿနာရှာခြင်းကြောင့် ယခုချိန်၌ ထိုအနက်ရောင်ဝတ်ရုံဝတ်လူ ထွက်ပြေးသွားလေပြီ။
အရာအားလုံးအတွက် လုယွီကိုသာ အပြစ်တင်ရပေမည်။
"စောဒကတက်နေဖို့ပဲ မင်း သိတာလား...မင်း သူ့ကို ဖမ်းနိုင်မယ်လို့ ဘယ်လိုမျိုး တွေးလိုက်တာလဲ...ခုဏက မင်း သေတော့မလို့ဆိုတာကိုရော နားလည်ရဲ့လား"
အကယ်၍ လုယွီကြောင့်သာမဟုတ်ပါက ယခုချိန်၌ စွန်းယုသည် သေဆုံးမသွားလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပေမည်။
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်သို့ လိုက်လံဖမ်းဆီးလိုက်၏။
သူသည် ရှင်းပြရန်အတွက် အလွန်ပျင်းရိငြီးငွေ့နေသည်။
ထို့ပြင် အကယ်၍ သူ ရှင်းပြလျှင်ပင် စွန်းယုသည် သူ၏စကားကို လက်ခံမည်မဟုတ်ချေ။ထိုအစား စွန်းယုသည် အပြစ်များအားလုံးကို သူ့ထံသို့ ပုံချပေလိမ့်မည်။
အနက်ရောင်ဝတ်ရုံဝတ်လူကို လုယွီ လိုက်လံဖမ်းဆီးသည်ကို မြင်တွေ့ချိန်တွင် စွန်းယုသည်လည်း နောက်၌ကျန်မနေခဲ့ချေ။သူသည်လည်း နောက်မှနေ၍ နီးကပ်စွာ လိုက်သွားလေ၏။
ဤသည်က သူ၏တိုက်ပွဲအကျိုးဆောင်ရမှတ်များပင်။လုယွီသည် သူ့ထက် သာလွန်သွားမည့်ကိစ္စကို သူ လက်သင့်မခံနိုင်ပေ။
Chapter 3377
သူတို့နှစ်ယောက်သည် အနက်ရောင်ဝတ်ရုံဝတ်လူ ထွက်ပြေးသွားရာဘက်သို့ဦးတည်၍ ရှေ့ဆင့်နောက်ဆင့် အလျှင်အမြန် ပျံသန်းခဲ့ကြ၏။
သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်လူ ထွက်ပြေးနေသောလမ်းကြောင်းမှာ အလွန်ထူးဆန်းသည်။
သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်သည် အလွန်အမင်း လျှင်မြန်သည်။သူသည် ရံဖန်ရံခါ၌ ပုံရိပ်ယောင်များအဖြစ် ဖျတ်ခနဲဝေဝါးသွားပြီး မြင်ကွင်းမှနေ၍ အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားသည်။
"အဲ့ဒီလူရဲ့လှုပ်ရှားမှုက ဘာလို့ ဒီလောက်ထိမြန်နေတာလဲ"
စွန်းယုသည် ဆက်လက်၍ လိုက်လံဖမ်းဆီးနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
သူ ရရှိမည့် တိုက်ပွဲအကျိုးဆောင်ရမှတ်များသည် သူ၏မျက်လုံးရှေ့မှ ပျံသန်းသွားလေပြီ။
မည်သည်ကြောင့် သူ ဒေါသမထွက်ဘဲ နေမည်နည်း....
"ဒါတွေအားလုံးက အဲ့ဒီကောင်လေးကြောင့်ပဲ...တကယ်လို့ သူ့ကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ငါက ခုလို ဆိုးဆိုးရွားရွားအခြေအနေမျိုးကို ရောက်နေမှာလဲ"
ယခုချိန်၌ စွန်းယုသည် လုယွီကို သူ၏ရိုးတွင်းခြင်ဆီအတွင်း စိမ့်ဝင်သည်အထိ မုန်းတီးနေပေ၏။
လုယွီသည် အစောပိုင်းက သူ၏အသက်ကို ကယ်တင်ခဲ့သော်လည်း စွန်းယုသည် အနည်းငယ်မျှပင် အလေးအနက်မထားချေ။
မည်သည်ကြောင့် လုယွီသည် သူ၏အသက်ကို ကယ်တင်သူ ဖြစ်နိုင်မည်နည်း။သူ အနက်ရောင်ဝတ်ရုံဝတ်လူကို ဖမ်းမိလုဆဲဆဲအချိန်တွင် လုယွီ ဝင်ရှုပ်ခဲ့ခြင်းသာ ဖြစ်ပေမည်။
ရုတ်တရက် မလှမ်းမကမ်းတွင်ရှိနေသော အနက်ရောင်ဝတ်ရုံဝတ်လူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ပုံရကာ စွန်းယု၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်မှနေ၍ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏ပုံရိပ်သည်လည်း သူ၏မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားလေ၏။
"သောက်ချေးပဲ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စွန်းယုသည် ရှက်ရွံရာမှတဆင့် အလွန်ဒေါသထွက်သွားသည်။
သူသည် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ အနက်ရောင်ဝတ်ရုံဝတ်လူကိုရှာဖွေခဲ့သော်လည်း အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ချေ။
"အဲ့ဒီလူနှစ်ယောက်က ဘယ်နေရာကို ပြေးသွားတာလဲ"
စွန်းယုက ကူကယ်ရာမဲ့စွာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရာဇဝတ်သားသည် သူ၏မျက်စိအောက်မှပင် လွတ်မြောက်သွားခဲ့လေ၏။
ထို့ထက်ပို၍ စွန်းယုကို ဒေါသထွက်စေသော အချက်မှာ လုယွီသည် အနက်ရောင်ဝတ်စုံဝတ်လူကို အမှီလိုက်ဖမ်းနိုင်သော်လည်း သူ မလိုက်နိုင်ခဲ့ခြင်းပင်။
ဤသည်က သူ့အား ပြင်းပြင်းထန်ထန်အရှက်ခွဲခံရသကဲ့သို့ ခံစားရစေသည်။
……
မိုင်ပေါင်းထောင်နှင့်ချီဝေးကွာသောနေရာ၌....
စွန့်ပစ်တောင်တစ်လုံးရှိ လှိုဏ်ဂူတစ်လုံးအတွင်း၌ အနက်ရောင်ဝတ်ရုံဝတ်လူ ထွက်ပေါ်လာသည်။
သူ၏ရှေ့တွင် လေဟာနယ်လှုပ်ခတ်မှုလှိုင်းများရှိနေသည်။ထို့နောက် ဝင်္ကပါတစ်ခုသည် လေထုအတွင်း၌ တဖြည်းဖြည်းပျက်ပြယ်သွားလေ၏။
ဤသည်က ကူးပြောင်းရေးဝင်္ကပါတစ်ခုပင်။
သူသည် တည်နေရာကို ကြိုတင်နေရာချထားပြီးဖြစ်ကာ သူ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးသို့ရောက်ရှိချိန်တွင် ဝင်္ကပါကိုအသက်သွင်း၍ ဤနေရာသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
ဤဝင်္ကပါသည် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ပြီး အသုံးတည့်သည်။ဤအရာ၏တစ်ခုတည်းသောဆိုးကျိုးမှာ သူသည် လုံလောက်သောပြင်ဆင်မှုမျိုးကို ကြိုတင်ပြုလုပ်ထားရန်လိုအပ်ပေ၏။ထိုသို့မဟုတ်ပါက သူသည် ဝင်္ကပါကို အလျင်စလို အသက်သွင်းနိုင်မည်မဟုတ်ချေ။
"အမှိုက်ကောင်တွေကတော့...သူတို့က ဆဋ္ဌမဂိတ်တံခါးကလူတွေ ရှာတွေ့သွားအောင်တောင် လုပ်ခဲ့သေးတယ်"
အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏စိတ်အတွင်းမှကျိန်ဆဲကာ လှိုဏ်ဂူအတွင်းမှထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ဤနေရာသည် သွေးများဖုံးလွှမ်းနေသောမြို့ငယ်လေးနှင့် မိုင်ပေါင်းထောင်နှင့်ချီ ဝေးကွာသောနေရာ၌တည်ရှိသည်။
မည်သည့်နည်းလမ်းမျိုးကို အသုံးပြုပါစေ ဆဋ္ဌမဂိတ်တံခါးမှလူများသည် သူ့အား ဤနေရာထိခြေရာခံ၍ လိုက်လာနိုင်မည်မဟုတ်ချေ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လူရိပ်တစ်ရိပ်က လှိုဏ်ဂူအပေါက်ဝ၌ ထွက်ပေါ်လာကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားလေ၏။
"မင်းက တော်တော်ဝေးဝေးထိ ထွက်ပြေးနိုင်သားပဲ"
လုယွီက လှိုဏ်ဂူအပေါက်ဝမှဝင်ရောက်လာကာ အနက်ရောင်ဝတ်ရုံဝတ်လူကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ်လူသည် ထိတ်လန့်တုန်လှုပ်သွားကာ လုယွီကို စူးစိုက်ကြည့်၍ ပြောဆိုသည်။
"ဒါက မင်းလား...မင်း ဘာလို့ ငါ့နောက်ကို လိုက်ပြီးဖမ်းနေတာလဲ"
သူသည် ယခင်က ဆဋ္ဌမဂိတ်တံခါး၏ငွေတံဆိပ်လူဆိုးထိန်းနှင့် တိုက်ခိုက်စဥ်တွင် သူ၏ပြိုင်ဘက်မဟုတ်နိုင်သည်ကို သူ သိရှိပြီးဖြစ်သည်။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။
ဤသည်မှာ သူ့အား ဆန္ဒရှိသကဲ့သို့ ခြေမွှဖျက်ဆီးပစ်နိုင်သော တည်ရှိမှုကြီးပင်။
ဤသည်က လုယွီ မည်မျှထိအစွမ်းထက်သည်ကို ပြသနေခြင်းဖြစ်သည်။
မူလက သူသည် မိုင်ပေါင်းထောင်နှင့်ချီ ဝေးကွာသောနေရာသို့ ထွက်ပြေးနိုင်ခဲ့သဖြင့် လုယွီသည် သူ့အား လိုက်မှီတော့မည်မဟုတ်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် လုယွီသည် သူ့အား အမှီလိုက်နိုင်ဆဲဖြစ်ပေ၏။
"မင်း ဒီနေရာမှာ ပုန်းအောင်းနေတာနဲ့ပဲ ဘယ်သူမှ မင်းကို ရှာမတွေ့နိုင်တော့ဘူးလို့ မင်း ထင်နေတာလား"
လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
"မင်းက အဲ့ဒီလေဟာနယ်ကြယ်ဓားပြတွေကို စေလွှတ်ပြီးတော့ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တွေရဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေကို လုယက်ခိုင်းတာက....မင်း ဘာလုပ်ချင်လို့လဲ"
ဝုန်း....
လုယွီက တင်းမာခက်ထန်စွာဖြင့် မေးခွန်းထုတ်လိုက်သောအသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပေ၏။
အနက်ရောင်ဝတ်ရုံဝတ်လူ ထိတ်လန့်ကြောက်ရွံနေခြင်းမှာ သိသာထင်ရှားသည်။
မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်ထံတွင် ဤကဲ့သို့စွမ်းအားမျိုးရှိနေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
သို့ရာတွင် မကြာမီမှာပင် အနက်ရောင်ဝတ်ရုံဝတ်လူသည် အသိဝင်လာကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းက ဆဋ္ဌမဂိတ်တံခါးကနေ အသစ်ခေါ်ယူထားတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲဖြစ်မယ်...ဟုတ်တယ်မလား"
Chapter 3378
ဆဋ္ဌမဂိတ်တံခါးမှအရူးတစ်သိုက်သည် ပိုးမွှားများအဆင့်သာရှိပြီး သူတို့ကိုယ်သူတို့ အထင်ကြီးနေကြသူများပင်။
ဤလူငယ်၏ခွန်အားသည် ငွေတံဆိပ်လူဆိုးထိန်းထက် ပို၍သန်မာအားကောင်းသည်မှာ သိသာထင်ရှားသော်လည်း သူသည် ယခုချိန်၌ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းအဆင့်သာရှိနေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူက လုယွီသည် ဤကဲ့သို့ရုံးတော်မျိုး၌ အလုပ်လုပ်ချင်မည်မဟုတ်ဟု တွေးထင်မိသည်။
ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးသာရသဖြင့် သူ၏စိတ်အတွင်း၌ အလွန်စိတ်မကျေမနပ် ဖြစ်နေပေလိမ့်မည်။
အကယ်၍ သူသာ ထိုလူငယ်ကိုသိမ်းသွင်းနိုင်ပါက ဤသေရေးရှင်ရေးအခြေအနေကို သူ ဖြတ်ကျော်နိုင်ပေမည်။
"မင်းက ဘယ်လိုအကျိုးအမြတ်မျိုး ပေးနိုင်လို့လဲ"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။
လုယွီသည် သူနှင့်စကားပြောရန် ဆန္ဒရှိသည်ကို မြင်တွေ့ချိန်၌ အနက်ရောင်ဝတ်ရုံဝတ်လူက ပြုံးလိုက်၏။
လုယွီ ဤကဲ့သို့ စကားပြောဆိုလာသရွေ့ သူ ညှိနှိုင်း၍ရနိုင်သည်။
"ငါ မင်းကို ငွေတွေပေးနိုင်တယ်....မင်းအတွက် လုံလောက်တဲ့ ငွေပမာဏကိုသာပြောပါ...မင်းက ငါ့အတွက် အလုပ်လုပ်ပေးသရွေ့ မင်း လိုချင်တဲ့ အဆင့်မြင့်ကျင့်ကြံနည်းစနစ်တွေနဲ့ မှော်ရတနာတွေကို ငါ ထောက်ပံပေးနိုင်တယ်"
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် လုယွီ မယုံကြည်မည်ကို စိုးရိမ်သဖြင့် သူ၏အင်္ကျီလက်မောင်းကြားမှ အင်မော်တယ်ကျောက်တုံးသန်း၅၀၀တန်ငွေလက်မှတ်ကို ထုတ်ယူလိုက်သည်။
"မင်းရဲ့လစာငွေက ဘယ်လောက်မလို့လဲ.....ဒီငွေနဲ့ဆိုရင် မင်းရဲ့ကျန်နေတဲ့ဘဝသက်တမ်းတလျှောက်လုံး ဘာစိုးရိမ်ပူပန်စရာမှမလိုတော့ဘဲနဲ့ နေလို့ရတယ်....ပြီးတော့ ငါ ထောက်ပံပေးမယ့် ကျင့်ကြံနည်းစနစ်တွေ မှော်လက်နက်တွေနဲ့ဆိုရင် မင်းရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အရမ်းမြန်သွားလိမ့်မယ်....မင်း တာယွီအင်ပါယာအတွက်အလုပ်လုပ်ပေးဖို့ မလိုပါဘူး"
"တာယွီတော်ဝင်နန်းတွင်းက အခုချိန်မှာ ဖရိုဖရဲဖြစ်နေပြီ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို လက်လွှက်ရဖို့က အချိန်တစ်ခုပဲ လိုတော့တာ...မင်းက ဘာလို့ အမှောင်ကိုစွန့်ခွာပြီးတော့ အလင်းထဲကိုလျှောက်တဲ့အနေနဲ့ ငါတို့နဲ့ မပူးပေါင်းဘဲ နေနေမှာလဲ....ငါတို့တွေ ကြီးကြီးမားမား အောင်မြင်မှုရလာတဲ့အချိန်ကျရင် မင်းရဲ့နာမည်က ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်နိုင်လိမ့်မယ်"
အနက်ရောင်ဝတ်ရုံဝတ်လူသည် တာယွီအင်ပါယာကို သစ္စာဖောက်ရန်အတွက် လုယွီကို နားချသိမ်းသွင်းနေသည်။
လုယွီသည် တိကျသောအဖြေကို ပြန်မပေးချေ။ထိုအစား သူက ပြောဆိုလိုက်၏။
"သန်းငါးရာကို လွယ်လွယ်လေးထုတ်ပေးနိုင်တာကိုကြည့်ရင်...မင်းက သေးငယ်တဲ့အင်အားစုကလူ မဖြစ်နိုင်ဘူး"
လုယွီထံတွင် ငွေကြေးအလုံအလောက်ရှိနေခြင်းမှာ သူ့ထံ၌ စိတ်ဝိညာဥ်သွေးကြောများ ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေရှိ တခြားလူများကမူ စိတ်ဝိညာဥ်ကျောက်တုံးများကို လွယ်လွယ်လင့်တကူမရရှိနိုင်ချေ။
လေလွင့်ကျင့်ကြံသူများကို ဥပမာယူ၍ ကြည့်ကြပါစို့။သူတို့ထံတွင် နောက်ခံအင်အားမရှိသဖြင့် သူတို့ကျင့်ကြံရာ၌ အသုံးပြုရန် စိတ်ဝိညာဥ်ကျောက်တုံးများပင် အလုံအလောက် ရှိမနေချေ။
ဤလောကကြီးအတွင်း၌ လူတိုင်းသည် ပါရမီရှင်တစ်ယောက်မဟုတ်ချေ။သာမာန်ကျင့်ကြံသူများသည် သူတို့၏ဘဝအတွက် ခါးသည်းစွာရုန်းကန်နေရသည်။
"မင်းက ငါ့နောက်မှာရှိတဲ့အင်အားစုကို မေးခွင့်မရှိဘူး...ဒါပေမယ့် ငါ မင်းကို အာမခံနိုင်တာတစ်ခုက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်တောင် ငါတို့အင်အားစုရဲ့ရှေ့မှာ ဘာမှအရေးမပါဘူး"
အနက်ရောင်ဝတ်ရုံဝတ်လူက သရော်တော်တော်ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏ခွန်အားကို လုယွီအား ပြသလိုပုံရသည်။
သူ၏ခွန်အားများကို ရုတ်တရက်ဖြန့်ကျက်လိုက်ရာ အကန့်အသတ်မရှိသော နတ်ဆိုးချီများ ထွက်ပေါ်လာသည်။နောက်ဆုံး၌ ထိုနတ်ဆိုးချီများသည် ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေပုံရိပ်ယောင်ကြီးအဖြစ် အနက်ရောင်ဝတ်ရုံဝတ်လူ၏နောက်၌ သိပ်သည်းသွားလေ၏။
ထိုသရဲတစ္ဆေပုံရိပ်ယောင်ကြီး၏လက်များအတွင်း၌ ဓားရှည်များကို ကိုင်ဆောင်ထားသည်။
ဤအချိန်အခိုက်အတန့်တွင် ထိုသရဲတစ္ဆေပုံရိပ်ယောင်ကြီးထံ၌ ငရဲမှတွားသွားတက်လာသည့်အလား ကြောက်မက်ဖွယ်မျက်နှာအမူအယာမျိုးရှိနေသည်။ထိုအရာကိုမြင်တွေ့မိသော မည်သူမဆို သူတို့၏နှလုံးသားအောက်ခြေမှလာသော ထိတ်လန့်ကြောက်ရွံမှုကို ခံစားရပေမည်။
"ဒါက ငါတို့ဂိုဏ်းရဲ့ နတ်ဆိုးနတ်ဘုရားကျင့်ကြံနည်းစနစ်ပဲ....တကယ်လို့ မင်းက ငါ့ရဲ့လက်အောက်မှာအလုပ်လုပ်ဖို့ သဘောတူမယ်ဆိုရင် ငါ မင်းကို ဒီကျင့်ကြံနည်းစနစ် သင်ပေးမယ်"
အနက်ရောင်ဝတ်ရုံဝတ်လူက ပြောဆိုလေ၏။
ဤနတ်ဆိုးနတ်ဘုရား၏စွမ်းအားကို ကြည့်ရသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။ဤပုံရိပ်ယောင်၏အစစ်အမှန်ပုံစံကို ပြတ်ပြတ်သားသား မြင်တွေ့နိုင်သည်။
သူ့ရှေ့ရှိ ကျင့်ကြံနည်းစနစ်သည် အဆင့်မြင့်ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်မည်မှာ သိသာထင်ရှားလှ၏။
ကျင့်ကြံသူအများစုအတွက် အဆင့်မြင့်ကျင့်ကြံနည်းစနစ်များသည် ဆွဲဆောင်နိုင်မှုအရှိဆုံးပင်။
ကျင့်ကြံနည်းစနစ်ကောင်းတစ်ခု၏ ကူညီထောက်ပံမှုကိုရရှိသော တစ်စုံတစ်ယောက်သည် အသစ်တဖန်မွေးဖွားလာသကဲ့သို့ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပေမည်။
လုယွီသည် ထိုကျင့်ကြံနည်းစနစ်ကို အသေးစိတ်ကျကျကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
"ဒါက ကျင့်ကြံနည်းစနစ်ကောင်းတစ်ခုပဲ...ဒါပေမယ့် မင်းရဲ့နည်းစနစ်က မပြည့်စုံဘူး"
အနက်ရောင်ဝတ်ရုံဝတ်လူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အော်ဟစ်လိုက်၏။
"မင်း ဘာကိုဆိုလိုချင်တာလဲ"
လုယွီက လေသံပြတ်ပြတ်နှင့်ပြောဆိုသည်။
"မင်းက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဆိုတာ အသိသာကြီးလေ....ဘာလို့ ဒီနေရာမှာလာပြီးတော့ နတ်ဆိုးကျင့်ကြံသူယောင်ဆောင်နေတာလဲ"
Chapter 3379
လုယွီ ထိုစကားကို ပြောဆိုပြီးသည်နှင့် လှိုဏ်ဂူအတွင်းရှိလေထု ရုတ်တရက် အေးစက်စပြုလာသည်။
အနက်ရောင်ဝတ်ရုံဝတ်လူထံမှ ထွက်ပေါ်နေသော နတ်ဆိုးချီစွမ်းအားများအားလုံး ပျက်ပြယ်သွားကာ သူ၏မျက်နှာသည် တဖြည်းဖြည်း အေးစက်တင်းမာသွားလေ၏။
"မင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
အနက်ရောင်ဝတ်ရုံဝတ်လူက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
လုယွီက ခေါင်းခါပြလေသည်။
"မင်း ဟန်ဆောင်တဲ့နည်းလမ်းက မသေသပ်ဘူး..မင်းရဲ့လှုပ်ရှားမှုတွေမှာပဲဖြစ်ဖြစ် မင်းအသုံးပြုတဲ့ ကျင့်ကြံနည်းစနစ်တွေမှာပဲဖြစ်ဖြစ် အရမ်းပြင်းထန်တဲ့ဗုဒ္ဓအငွေ့အသက်တွေရှိနေတယ်"
"မင်းက နတ်ဆိုးတာအိုနှလုံးသားနည်းစနစ်ကိုသုံးပြီးတော့ မင်းကိုယ်မင်း ဖုံးကွယ်ထားပေမယ့် တခြားသူတွေကို မင်း လှည့်စားကောင်း လှည့်စားနိုင်လိမ့်မယ်...ငါ့ရဲ့မျက်လုံးအောက်ကနေတော့ မလွတ်မြောက်နိုင်ဘူး"
"ဟား ဟား ဟား"
အနက်ရောင်ဝတ်ရုံဝတ်လူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဆဋ္ဌမဂိတ်တံခါးကလူတွေ အရမ်းတုံးအမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ပါရမီရှင်တစ်ယောက်ဆိုတာ အသိသာကြီးလေ ...ဒါပေမယ့် ဆဋ္ဌမဂိတ်တံခါးက မင်းကို မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးကိုပဲ ပေးတယ်....အဲ့ဒီကြီးကျယ်မြင့်မြတ်လှတဲ့ ရွှေတံဆိပ်လူဆိုးထိန်းဆယ်ယောက်ရဲ့အမြင်တွေကို ငါ အံ့အားသင့်မိတယ်"
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အနက်ရောင်ဝတ်ရုံဝတ်လူက သူ၏ခေါင်းပေါ်ရှိ ဝါးခမောက်ကိုချွတ်လိုက်၏။
သူ၏မျက်နှာကို ဖုံးအုပ်နေသော ဝါးခမောက်ကြီး မရှိတော့သဖြင့် တောက်ပသော နဖူးပြင်ကို အထင်းသားတွေ့မြင်နိုင်သည်။
သူ၏နဖူးပြင်ပေါ်၌ အကွင်းပုံစံအမှတ်အသားတစ်ခုရှိနေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့်ပြောဆိုသည်။
"အခု ငါတို့ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့...တကာတော်လေး...ငါ မင်းကို တစ်ခါထပ်မေးမယ်...မင်း ငါတို့နဲ့ပူးပေါင်းချင်လား"
ထိုအချိန်မှာပင် လူဆယ်ယောက်ကျော်က ပတ်ဝန်းကျင်ရှိ တောတောင်ရိုင်းများအကြားမှ ပျံသန်းလာသည်။
ထိုလူများသည်လည်း ဤအနက်ရောင်ဝတ်ရုံဝတ်လူနှင့် တူညီစွာဝတ်ဆင်ထားသည်။သူတို့အားလုံးသည် ထူထဲသောအနက်ရောင် ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထားကာ သူတို့၏ခေါင်းများထက်တွင် ဝါးခမောက်ကြီးများကိုဆောင်းထားပြီး သူတို့၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားသည်။
သူတို့အားလုံးသည် ဗုဒ္ဓကျင့်ကြံသူများပင်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ဗုဒ္ဓလမ်းစဥ်က ငြိမ်းချမ်းမှုနဲ့တသီးတခြားဆန်မှုကို အလေးပေးတယ်...မင်းတို့က သီးခြားနယ်မြေကနေထွက်လာပြီးတော့ ခုလိုမျိုးအကြီးစားလှုပ်ရှားမှုမျိုးတွေလုပ်နေတာက စည်းမျဥ်းတွေကို ချိုးဖောက်ရာမကျဘူးလား"
"ဗုဒ္ဓက ကြင်နာသနားတတ်တယ်ဆိုပေမယ့် အမျက်ဒေါသလည်းရှိတယ်....ဒီလောကကြီးမှာ နတ်ဆိုးတွေ မကောင်းဆိုးရွားတွေ ကြီးစိုးနေမှတော့...ငါတို့က လောကကြီးကို သန့်စင်ရမယ်...တကာတော်လေး....ငါတို့ဗုဒ္ဓဂိုဏ်းအတွက် အလုပ်လုပ်ပေးတာက မင်းကိုယ်တိုင်အတွက်လည်း ကောင်းမှုကုသိုလ်တွေကို စုဆောင်းမိလိမ့်မယ်...တကာတော်လေးကို တစ်ကြိမ်ထပ်မေးမယ်...ငါတို့ ဗုဒ္ဓဂိုဏ်းအတွက် အလုပ်လုပ်ပေးဖို့ မင်း ဆန္ဒရှိလား"
အနက်ရောင်ဝတ်ရုံဝတ်လူက ထပ်မံ၍မေးမြန်းသည်။
ဗုဒ္ဓဂိုဏ်း ဖြစ်နေပြန်သလော....
အတိတ်တွင် ဖေးထျန်ကွမ်း၏ကင်းထောက်များမှတဆင့် ဗုဒ္ဓဂိုဏ်းများအကြောင်းကို သူ သတင်းရရှိပြီးလေပြီ။
ထန်အင်ပါယာ၏တိုက်ခိုက်မှုကို ခုခံရန်အတွက် ရှထျန်ကွမ်းသည် ရွေးချယ်စရာမရှိတော့ဘဲ ဗုဒ္ဓကျင့်ကြံသူများကို စစ်ပွဲအတွင်းသို့ စေလွှတ်ခဲ့သည်။
ဤသည်မှာ အသွားနှစ်ဖက်ပါသောဓားကို ကိုင်ဆောင်ထားခြင်းပင်။
ရှေ့တန်းစစ်မျက်နှာစာတွင် ဗုဒ္ဓဂိုဏ်းမှပါဝင်လာခြင်းကြောင့် တာယွီအင်ပါယာသည် နောက်ဆုံး၌ အနည်းငယ်အသက်ရှုပေါက်ချောင်သွားကာ ဖိအားအကြီးအကျယ် လျော့ကျသွားခဲ့သည်။
သို့ရာတွင် တခြားတစ်ဖက်တွင် ဗုဒ္ဓဂိုဏ်းသည် သူတို့၏အင်အားကို ချဲ့ထွင်လာပေ၏။
ဤတစ်ကြိမ်တွင် သူတို့သည် ရှေ့တန်း၌အသုံးပြုသော စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များမှ ဝင်္ကပါဖွဲ့စည်းပုံများကိုရယူနိုင်ရန် အကွက်ချကြံစည်ခဲ့သည်။
ဤသည်က တာယွီအင်ပါယာကို မထီမဲ့မြင်ပြုခြင်းပင်။
"ငါ သဘောမတူရင် ဘာဖြစ်မှာလဲ"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
အနက်ရောင်ဝတ်ရုံဝတ်လူ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
"မင်းက သဘောမတူဘူးဆိုမှတော့...ငါတို့က နတ်ဆိုးတစ်ကောင်ကိုရှင်းပစ်ဖို့ လိုအပ်တယ်"
အနက်ရောင်ဝတ်ရုံဝတ်လူသည် ရက်စက်ကြမ်းကြုတ်သောလှုပ်ရှားမှုဖြင့် လုယွီထံဦးတည်ကာ တိုက်ခိုက်လေ၏။
တခြားဘုန်းတော်ကြီးများသည်လည်း လုယွီ၏စကားကို သဘောမကျဟန်ဖြင့် သူ့အား တိုက်ခိုက်ကြတော့သည်။
ဤဘုန်းတော်ကြီးများ၏စိတ်နှလုံးသားများအတွင်းတွင် မည်သည့်သနားကြင်နာစိတ်မျိုးမျှ ရှိမနေတော့ချေ။သူတို့သည် သတ်ဖြတ်ရန်ကိုသာ ရည်ရွယ်၍ တိုက်ခိုက်ကြသည်။
ဤသည်မှာ သူတို့သည် လုယွီအား အရှင်လတ်လတ်ဝါးမျိုလိုသည့်အလားပင်။
"မင်းတို့အဆင့်လောက်နဲ့များ...."
လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တုံ့ပြန်တိုက်ခိုက်လိုက်၏။အကန့်အသတ်မရှိသော မှော်စွမ်းအားများက သူ၏လက်ဝါးအတွင်းမှ ထွက်ပေါ်လာသည်။
ဘန်း...ဘန်း...ဘန်း...
လုယွီနှင့် အနီးကပ်ဆုံးနေရာတွင်ရှိနေသော ဘုန်းတော်ကြီးများသည် ချက်ချင်းဆိုသလိုပင် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သွေးများက အနက်ရောင်ဝတ်ရုံဝတ်လူ၏မျက်နှာပေါ်သို့ ဖြာကျသွားလေ၏။
မူလက မာနထောင်လွှားနေသော အနက်ရောင်ဝတ်ရုံဝတ်လူ၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
ထို့နောက် လုယွီသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏ရှေ့၌ ထွက်ပေါ်လာကာ သူ၏လက်ဝါးဖြင့် ထိုလူ၏ဗိုက်ကို ရိုက်နှက်လိုက်သည်။
"ဘုန်း"
အနက်ရောင်ဝတ်ရုံဝတ်လူ၏ခန္ဓာကိုယ်မှနေ၍ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာသည်။ထိုလူ၏မျက်နှာ ဖြူရော်သွားကာ သူသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီးမှ ရပ်တန့်လိုက်၏။
Chapter 3380
လုယွီ၏လက်ဝါးရိုက်ချက်သည် သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးသွားလေ၏။
အနက်ရောင်ဝတ်ရုံဝတ်လူ၏မျက်နှာ ဖြူရော်သွားသည်။သူက လုယွီကိုကြည့်ကာ ညည်းတွားလိုက်သည်။
"မင်းက ဆဋ္ဌမဂိတ်တံခါးရဲ့ မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းမဟုတ်ဘူး"
အကယ်၍ ဆဋ္ဌမဂိတ်တံခါးသည် ပါရမီရှင်တစ်ယောက်ကို အလေးမထားဆိုလျှင်ပင် လုယွီကဲ့သို့ စွမ်းအားကြီးမားသူတစ်ယောက်သည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း ဖြစ်မနေနိုင်ချေ။
တစ်ခုတည်းသောဖြစ်နိုင်ချေမှာ လုယွီသည် သူ၏အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားခြင်းပင်။
လုယွီကို ဝိုင်းထားသောဘုန်းတော်ကြီးများသည် သူ့ထက်များစွာ အားနည်းခြင်းမရှိချေ။သို့ရာတွင် သူတို့သည် လုယွီထံမှ ရိုက်ချက်တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ဤသည်မှာ လုယွီ၏စွမ်းအားအလွန်ကြီးမားသည်ကို ပြသနေခြင်းပင်။
"အမှန်ပဲ...ငါက ဆဋ္ဌမဂိတ်တံခါးရဲ့မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းမဟုတ်ဘူး"
လုယွီသည် ဤဘုန်းတော်ကြီးနှင့် အဓိပ္ပါယ်မဲ့သောစကားများပြောကာ အချိန်ဖြုန်းလိုစိတ်မရှိသဖြင့် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို တိုက်ရိုက်အသုံးပြုလိုက်၏။
သို့ရာတွင် သူ အသုံးပြုလိုက်သော အချိန်အခိုက်အတန့်တွင် ဘုန်းတော်ကြီး၏စိတ်ဝိညာဥ်အတွင်းမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူထွက်ပေါ်လာကာ အပြုံးနှင့် လုယွီကို ကြည့်နေသည်။
ထိုဗုဒ္ဓရုပ်ပွားတော်သည် ရွှေရောင်တဖျတ်ဖျတ်တောက်ပနေကာ အကန့်အသတ်မရှိသောစွမ်းအားများ ပါဝင်နေပုံရသည်။ထိုစွမ်းအားများသည် လုယွီ၏စိတ်ဝိညာဥ်ရှာဖွေခြင်းကို ပိတ်ဆို့ဟန့်တားထားသည်။
စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုခံရသောလူတိုင်း မကြုံစဖူးနာကျင်မှုကိုခံစားရသည်။
လုယွီသည် ဤစိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုစဥ်တွင် လူတိုင်းသည် ကျိန်စာဖြင့်ရိုက်ခတ်ခံရသည့်အလား သူတို့၏ဦးနှောက်များကို ဆုတ်ဖြဲသကဲ့သို့ ခံစားရလေ၏။သူတို့သည် အလွန်အမင်း နာကျင်နေကာ နောက်ဆုံး၌ မြေပြင်ပေါ်သို့လဲကျပြီး သတိလစ်မေ့မျောသွားကြသည်။
သို့ရာတွင် သူ့ရှေ့ရှိ ဘုန်းတော်ကြီးသည် အနည်းငယ်မျှပင် ခံစားရပုံမရချေ။
"တကာတော်လေး....ဗုဒ္ဓက သနားကြင်နာတတ်တယ်...မင်း နောင်တရရင် ကယ်တင်ခြင်းခံရမယ်"
လုယွီသည် သူ၏မှတ်ဥာဏ်များကို စတင်၍ရှာဖွေနေစဥ်တွင် ထိုဘုန်းတော်ကြီးသည် သူ၏လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ ဗုဒ္ဓမန္တန်တစ်ပုဒ်ကို စတင်၍ရွတ်ဆိုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကောင်းကင်လှိုဏ်ဂူမှနေ၍ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်လာသည်။
သူသည် သူ့ကိုယ်သူဖောက်ခွဲ၍ လုယွီနှင့်အတူ သေကြေပျက်စီးသွားရန် ကြံရွယ်နေခြင်းဖြစ်သည်။
"မင်းကို ငါ သေခိုင်းလို့လား...ရပ်စမ်း"
လုယွီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ အေးစက်စက် အော်ငေါက်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အသံသည် ကျယ်လောင်သောမိုးခြိမ်းသံအလား ထိုဘုန်းတော်ကြီး၏နားအတွင်းသို့ ဝင်ရောက်သွားသည်။
ထိုဘုန်းတော်ကြီးသည် လျှပ်စီးမိုးကြိုးလှိုင်းများအကြား၌ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
ဤသည်က နတ်ဘုရားနဂါးဟိန်းသံနည်းစနစ်ကို ကျင့်ကြံခြင်း၏ အကျိုးသက်ရောက်မှုပင်။
လုယွီ စကားပြောဆိုလိုက်သော အချိန်အခိုက်အတန့်တွင် ဥပဒေသများ ပါဝင်ခြင်းမရှိချေ။သို့ရာတွင် နတ်ဘုရားနဂါးဟိန်းသံအပေါ်တွင် သိုင်းပညာသူတော်စင်၏အစစ်အမှန်စကားများလည်း ထပ်မံပါဝင်နေသဖြင့် တစ်ဖက်လူ၏စိတ်ဝိညာဥ်ကို အချိန်အတိုင်းအတာတစ်ခုထိ ထိတ်လန့်တုန်လှုပ်သွားစေသည်။
"လျှို့ဝှက်ဗုဒ္ဓမှော်မန္တန်လား...ကျိုးပျက်စမ်း"
ရွှေရောင်ဗုဒ္ဓစည်းတံဆိပ်တစ်ခုက လုယွီ၏အမြင်အာရုံအောက်သို့ တိုးဝင်လာသည်။
မျောက်မှနေ၍ သူ့အား သင်ကြားပေးခဲ့သော မဖျက်ဆီးနိုင်သောခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်သည် အမှန်အားဖြင့် ဗုဒ္ဓဂိုဏ်း၏ထိပ်သီးကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။
လုယွီသည် သူ၏စွမ်းအားဖြင့် ထိုစည်းတံဆိပ်ကို ချိုးဖျက်စဥ်တွင် သူ၏ကျင့်ကြံနည်းစနစ်ဖြင့် ဇစ်မြစ်တူနေကြောင်း သတိပြုမိသည်။
မဖျက်ဆီးနိုင်သောခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်မှစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ထိုဘုန်းတော်ကြီး၏စိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်သွားပေ၏။ရုတ်ချည်းဆိုသလိုပင် ထိုစွမ်းအားများသည် ဘုန်းတော်ကြီး၏စိတ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးလိုက်သည်။
ခရက်...
အက်ကွဲသံတစ်သံနှင့်အတူ ထိုဗုဒ္ဓရုပ်ပွားတော်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
အနက်ရောင်ဝတ်ရုံဝတ်ဘုန်းတော်ကြီးသည် သူ၏နှလုံးကွဲကြေလုမတတ် စူးရှရှနာကျင်မှုကို ခံစားမိပြီးနောက် လုယွီ၏မျက်နှာကို မြင်တွေ့မိလေ၏။သူ၏မျက်နှာပေါ်တွင် အလွန်အမင်း သတ်ဖြတ်လိုစိတ်ပြင်းထန်သော အမူအယာမျိုး ထင်ဟပ်လာသည်။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဗုဒ္ဓရဲ့စိတ်ဆန္ဒကို ဖျက်ဆီးဝံ့တာလဲ...မင်းက မြှုပ်နှံ့စရာမြေမရှိဘဲ သေရလိမ့်မယ်"
အနက်ရောင်ဝတ်ရုံဝတ်ဘုန်းတော်ကြီးက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းရဲ့ဗုဒ္ဓက ငါနဲ့စကားပြောဖို့ အဆင့်မမီဘူး"
ထိုစကားကိုဆုံးသည်နှင့် လုယွီက သူ၏လက်ဝါးကိုဆန့်တန်းကာ အနက်ရောင်ဝတ်ရုံဝတ်လူ၏စိတ်ဝိညာဥ်ကို အမြစ်ပြတ်သုတ်သင်လိုက်တော့သည်။
သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ အနည်းငယ်မျှပင် ပျော်ရွှင်မှုအရိပ်အယောင်များ ရှိမနေချေ။
လေဟာနယ်ကြယ်ဓားပြများကို တာဝန်စေခိုင်းသောသူသည် အမှန်တကယ်ကိုပင် နတ်ဆိုးဂိုဏ်းမှလူဖြစ်သည်။
သို့ရာတွင် ဤသတင်းကို တစ်နေရာရာမှနေ၍ ဗုဒ္ဓဂိုဏ်းမှလူများ ရှာဖွေတွေ့ရှိသွားပေ၏။
ထို့ကြောင့် ဘုန်းတော်ကြီးများသည် နတ်ဆိုးဂိုဏ်းမှလူကို လမ်းတစ်ဝက်မှနေ၍ ခြုံခိုတိုက်ခိုက်ခဲ့သည်။ထို့နောက် သူတို့အနက်မှတစ်ယောက်သည် နတ်ဆိုးကျင့်ကြံသူ အယောင်ဆောင်၍ လေဟာနယ်ကြယ်ဓားပြများနှင့် အပေးအယူလုပ်ရန် လာခဲ့ခြင်းဖြစ်သည်။
ထိုလူများ၏ပစ်မှတ်သည်လည်း စိတ်ဝိညာဥ်အမြှောက်များအတွင်းမှ ဝင်္ကပါဖွဲ့စည်းပုံများပင်။
အကယ်၍ တခြားအင်အားစုများဆိုပါက ထိုဝင်္ကပါဖွဲ့စည်းပုံများအတိုင်း ပုံတူပြုလုပ်နိုင်မည်မဟုတ်ချေ။သို့ရာတွင် နတ်ဆိုးဂိုဏ်းဖြစ်စေ ဗုဒ္ဓဂိုဏ်းဖြစ်စေ ထိုဝင်္ကပါဖွဲ့စည်းပုံများအတိုင်းပုံတူပြုလုပ်ရန် လုံလောက်သောအရင်းအမြစ်များရှိသည်။