← Chapters

အခန်း (၃၃၈၆-၃၃၉၀)

Vol. 173 Ch. 3386-3390

အခန်း (၃၃၈၆-၃၃၉၀)

Vol. 173 Ch. 3386-3390

Chapter 3386

"မင်း ဘာလို့ ဒီနေရာကိုရောက်လာတာလဲ...ဒီနေရာမှာ မင်းနဲ့ဆိုင်တဲ့ ကိစ္စမရှိဘူး"

စွန်းယုသည် လုယွီ ရောက်ရှိလာသည်ကိုမြင်တွေ့ချိန်တွင် အဝေးသို့မောင်းထုတ်လိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် ယခင်က သူ့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့လေ၏။

သို့ရာတွင် စွန်းယုသည် လုယွီ၏သတိပေးမှုများကို အလေးအနက်မထားခဲ့ချေ။ယခုလက်ရှိချိန်တွင် လုယွီသည် ဤနေရာသို့ ရောက်ရှိလာလေပြီ။အကယ်၍ နိမ့်ကျသော မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်သည် ဤအမှု၏အမှန်တရားကို ထုတ်ဖော်နိုင်ခဲ့သူဟု လူအများသိရှိသွားပါက ငွေတံဆိပ်လူဆိုးထိန်းဖြစ်သောသူသည် အသုံးမကျသူဖြစ်သွားမည်မဟုတ်လော။

နဥ်ကျိုးက ချောင်းတစ်ချက်ဟန့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လုယွီ...ထိုက်လင်စစ်တပ်ရဲ့စစ်သားတွေနေရာမှာ ဗုဒ္ဓဂိုဏ်းကလူတွေ အယောင်ဆောင်ထားတယ်ဆိုတာ မင်း ဘယ်လိုကောက်ချက်ချခဲ့တာလဲ...တကယ်လို့ မင်း သေချာမစဥ်းစားဘဲ ပြောမယ်ဆိုရင် ငါ မင်းကို ရိုင်းပျတဲ့ပြစ်မှုနဲ့ အပြစ်ပေးမယ်ဆိုတာကို သတိထားပါ"

သူသည်လည်း လုယွီကို ထွက်ပေါက်တစ်ခု ပေးလိုက်ခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ထိုက်လင်တပ်ခွဲ၏တပ်မှူးဝမ်ယင်သည် သူ၏နံဘေး၌ရှိနေလေ၏။အကယ်၍ ဝမ်ယင် ဒေါသထွက်သွားပါက လုယွီသည် ဒေါသပုံချခံရမည့်လူတစ်ယောက်ဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။

လုယွီသည် စကားများစွာပြော၍ ရှင်းပြခြင်းမပြုချေ။သူသည် သိုလှောင်အိတ်အတွင်းမှနေ၍ အလောင်းတစ်ခုပြီးတစ်ခုကို ထုတ်ယူလိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ရုတ်ချည်းဆိုသလိုပင် အလောင်းဆယ်လောင်းကျော်က လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။

ထိုအလောင်းများ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိ လူဆိုးထိန်းများသည် ကူကယ်ရာမဲ့စွာ အံ့အားတသင့်အော်ဟစ်လိုက်ကြ၏။

"အမ်...ဒါက ခုဏကတွေ့ခဲ့တဲ့ စစ်သားတွေမဟုတ်လား"

စွန်းယုသည် မြေပြင်ပေါ်ရှိ အလောင်းများကို လက်ညှိုးညွှန်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

မြေပြင်ပေါ်၌ လဲလျောင်းနေသော အလောင်းများမှာ အမာရွတ်မျက်နှာလက်ထောက်တပ်မှူးတို့ စစ်သားတစ်စုဖြစ်သည်။

ထိုလူများသည် ယခင်က သွားလာလှုပ်ရှားကာ အသက်ရှင်သန်နေခဲ့သော်လည်း မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အေးစက်စက်အလောင်းများဘဝသို့ ပြောင်းလဲသွားလေပြီ။

စွန်းယုသည် မယုံကြည်နိုင်စွာဖြင့် ရှေ့သို့အပြေးသွားကာ အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏မျက်နှာကို အချိန်တခဏကြာခန့် စစ်ဆေးလိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူသည် ရုတ်တရက်တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကာ သူ၏နှလုံးခုန်နှုန်းမြန်သွားသည်။သူ၏လက်အတွင်း၌ ဓားမြှောင်တစ်လက်ထွက်ပေါ်လာကာ အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏မျက်နှာကို ထိတွေ့ကိုင်တွယ်ကာ ဓားဖြင့်လှီးဖြတ်လိုက်သည်။

ဗြိ....

ဤသည်က စက္ကူတစ်ရွက်ကို ဆုတ်ဖြဲလိုက်သည့်အလားပင်။

အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏ခေါင်းမှ လူရေခွံမျက်နှာဖုံးသည် ချက်ချင်းကွဲထွက်သွားလေ၏။ထို့နောက် အမာရွတ်မျက်နှာလက်ထောက်တပ်မှူး၏ အစစ်အမှန်မျက်နှာ ထွက်ပေါ်လာကာ နဖူးပြင်၌ အမာရွတ်တစ်ခုရှိနေသည်။

ဤှသည်က ဘုန်းတော်ကြီးတစ်ပါးပင်။

ထို့ပြင် ဤဘုန်းတော်ကြီး၏မျက်နှာသည် စိမ်းသက်သက်ဖြစ်ကာ မည်သူမျှ သူ့ကို မသိရှိချေ။

"ဒါ...ဒါက..."

အမှန်တရားကိုမြင်တွေ့ပြီးနောက် စွန်းယု၏မျက်လုံးများပြူးကျယ်သွားကာ သူ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။

လုယွီ၏လုပ်ဆောင်ချက်များသည် သူ၏ငယ်ထိပ်ကို သံဖြင့်ရိုက်လိုက်သကဲ့သို့ပင်။

"သူတို့က တကယ့်ကို ဗုဒ္ဓဂိုဏ်းဝင်တွေပဲ...ဒီဂိုဏ်းအင်အားစုတွေက ဝက်ဝံအသည်းနဲ့ကျားသစ်အူကိုစားထားလို့ သတ္တိကောင်းနေတာလား...သူတို့က တော်ဝင်နန်းတွင်းရဲ့ စိတ်ဝိညာဥ်အမြှောက်တွေထဲက ဝင်္ကပါဖွဲ့စည်းပုံတွေကိုတောင် လုယက်ဝံ့တယ်"

နဥ်ကျိုးသည် အလွန်ဒေါသထွက်သွားကာ တင်းမာခက်ထန်သောလေသံဖြင့် အော်ဟစ်လိုက်၏။

အရာရှိများ၏အမြင်တွင် ပြင်ပဂိုဏ်းအင်အားစုများသည် ပုရွက်ဆိတ်တစ်သိုက်ထက်မပိုချေ။ထို့ကြောင့် ထိုဂိုဏ်းအင်အားစုများသည် တော်ဝင်နန်းတွင်း၏စည်းမျဥ်းများကို ကျိုးနွံစွာနာခံရပေမည်။

သို့ရာတွင် ယခုချိန်၌ ဤသေးငယ်သောပုရွက်ဆိတ်များသည် မောက်မာရိုင်းစိုင်းစွာဖြင့် လုယက်ဝံ့ပေရာ သူတို့သည် ရိုးရှင်းစွာဖြင့် သေလမ်းရှာနေခြင်းပင်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ခေါင်းဆောင်နဥ်...ဒီဗုဒ္ဓဂိုဏ်းဝင်တွေက အစောင့်စစ်သားတွေလိုတောင် အယောင်ဆောင်ဝံ့တယ်....ဒါကိုကြည့်ပြီး သူတို့ ဘယ်လောက်ထိ မောက်မာရိုင်းစိုင်းနေလဲဆိုတာကို တွေ့မြင်နိုင်တယ်...မင်းက ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံးကို စစ်ဆေးသင့်တယ်လို့ ငါ အကြံပြုချင်တယ်...ဖြစ်နိုင်တာတော့ ငါတို့က ဗုဒ္ဓဂိုဏ်းဝင်တွေရဲ့ခြေရာလက်ရာတွေကို ထပ်တွေ့နိုင်တယ်"

နဥ်ကျိုးက ခေါင်းညိတ်လိုက်၏။

"ငါ ပြန်ရောက်တာနဲ့ ဒီကိစ္စကို ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ဆီ သတင်းပို့လိုက်မယ်...ဒီဂိုဏ်းအင်အားစုတွေက ပိုပိုပြီးအတင့်ရဲလာကြပြီ"

"အဟွတ်...အဟွတ်...ငါတို့ ဒီကိစ္စကို နောက်မှပြောကြရအောင်...မင်းက ဒီတရားခံတွေကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုမှတော့...ဝင်္ကပါဖွဲ့စည်းပုံတွေကရော မင်းနဲ့အတူ ပြန်ပါလာလား"

ဝမ်ယင်က ရုတ်တရက် လုယွီကိုကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

လုယွီသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့၌ သေတ္တာငယ်များ ထွက်ပေါ်လာသည်။ထိုသေတ္တာငယ်များအတွင်းတွင် အစောပိုင်းက ယူဆောင်သွားခြင်းခံရသော ဝင်္ကပါဖွဲ့စည်းပုံများရှိနေသည်။

လုယွီသည် ကံကြမ္မာနည်းစနစ်ကိုအသုံးပြု၍ အမာရွတ်မျက်နှာလက်ထောက်တပ်မှူးရှိနေသောနေရာကို တွက်ချက်ပြီးနောက် လိုက်လံဖမ်းဆီးခဲ့သည်။

စစ်သားများယောင်ဆောင်ထားသော ဗုဒ္ဓကျင့်ကြံသူများသည် သူတို့အား တစ်စုံတစ်ယောက်မှ လိုက်လံဖမ်းဆီးမည်ဟု မျှော်လင့်ထားပုံမရချေ။ထို့ပြင် သူတို့သည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြတော့သည်။

Chapter 3387

ဤတစ်ကြိမ်တွင် လုယွီသည် အလောင်းများကို ကိုယ်လက်အင်္ဂါအပြည့်အစုံ ချန်ထားခဲ့လေ၏။

ဤလူများ၏နောက်တွင် အင်အားစုကြီးတစ်ခုရှိနေသည်။အလောင်းအပြည့်အစုံချန်ထားမှသာ စုံစမ်းစစ်ဆေးမည့်လူများအတွက် ပို၍လွယ်ကူပေမည်။

"အမှန်ပဲ...ဒါတွေက ထိုက်လင်တပ်ခွဲကနေ ပျောက်ဆုံးသွားတဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေပဲ...ဒါတွေအားလုံးကို သိမ်းဆည်းလိုက်ကြစမ်း"

ဝမ်ယင်းသည် စစ်ဆေးပြီးနောက် ထိုဝင်္ကပါဖွဲ့စည်းပုံများအားလုံးသည်မှန်ကန်ကြောင်း တွေ့မြင်မိသည်။သူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုဝင်္ကပါဖွဲ့စည်းပုံများကို သယ်ဆောင်သွားရန် သူ၏လူများကို အမိန့်ပေးလိုက်၏။

အကယ်၍ ဤအရာများသာ ပြင်ပဂိုဏ်းအင်အားစုတစ်စု၏လက်အတွင်းသို့ အမှန်တကယ်ကျရောက်သွားပါက တော်ဝင်စစ်ရေးဌာနမှ ခြေရာခံစုံစမ်းသည်နှင့် သူသည်လည်း ပြဿနာအမြောက်အများနှင့် ရင်ဆိုင်ရပေမည်။

ထိုသို့ပြောဆိုပြီးနောက် ဝင်္ကပါဖွဲ့စည်းပုံထည့်ထားသောသေတ္တာတစ်လုံးကို ယူရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

သို့ရာတွင် သူ၏ဆန့်တန်းလိုက်သောလက်သည် လုယွီ၏ဖမ်းဆုပ်ထားခြင်းကို ခံရလေ၏။

"ဒါနဲ့ မင်းက ဘယ်သူလဲ"

လုယွီက ဝမ်ယင်ကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ဝမ်ယင် ကြက်သေသေသွားသည်။လုယွီသည် သူ့အားဟန့်တားဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။

မူလက သူသည် ရုန်းထွက်လိုသော်လည်း လုယွီ၏လက်သည် ပြုတ်တူတစ်ချောင်းကဲ့သို့ သူ့အား မြဲမြံစွာဖမ်းဆွဲထားသဖြင့် သူ မလှုပ်ရှားနိုင်ချေ။

"ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူလား...ကောင်လေး....ဖြစ်နိုင်တာတော့ မင်းက ငါနဲ့တိုက်ခိုက်ချင်နေတာများလား"

ကြမ်းတမ်းခက်ထန်သော အမူအယာမျိုးက ဝမ်ယင်၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။

သူသည် ဝမ်မိသားစုဝင်ဖြစ်သော်လည်း မြင့်မြတ်သော သခင်လေးတစ်ယောက်မဟုတ်ချေ။ထိုအစား သူသည် တစ်နှစ်ပတ်လုံး စစ်တပ်အတွင်း၌ တိုက်ခိုက်နေသူဖြစ်သဖြင့် သူ့ထံမှနေ၍ အလွန်ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။

ထိုကဲ့သို့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် လေ့ကျင့်ရုံဖြင့်ရရှိနိုင်သော အရာမျိုးမဟုတ်ချေ။ဤအရာကို တောင်ပုံရာပုံဖြစ်နေသောအလောင်းများနှင့်သွေးပင်လယ်ကြီးကို နင်းဖြတ်ပြီးမှသာ ရရှိနိုင်သည်။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလူများပင်လျှင် သူတို့ထံသို့တိုးဝင်လာသော ပြင်းထန်သည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။

နဥ်ကျိုးက အလေးအနက်ထားသောလေသံဖြင့် အလျင်စလိုပြောဆိုသည်။

"လုယွီ....မြန်မြန်လွှတ်ပေးလိုက်...သူက ထိုက်လင်တပ်ခွဲရဲ့တပ်မှူး အရှင်ဝမ်ယင်ပဲ"

တပ်မှူးတစ်ယောက်ကို အတော်အသင့် အဆင့်မြင့်မားသောအရာရှိတစ်ယောက်ဟု ယူဆနိုင်သည်။

အနိမ့်ဆုံးအနေဖြင့် သူသည် မဟာစစ်ဗိုလ်ချုပ်နှင့်အထက်အဆင့်တွင် ရှိနေလေ၏။

နဥ်ကျိုးသည် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်သည့်တိုင် ဝမ်ယင်၏ရှေ့တွင် ရိုသေလေးစားစွာ ပြောဆိုဆက်ဆံရသည်။

သို့ရာတွင် လုယွီသည် ထိုစကားများကို မကြားသကဲ့သို့သာ ပြုမူနေသည်။

သူက ဝမ်ယင်ကို တန်းတန်းမတ်မတ် ကြည့်လိုက်၏။

"ငါ မင်းရဲ့ အရာရှိစည်းတံဆိပ်နဲ့တံဆိပ်ပြားကို ကြည့်ချင်တယ်"

ဤတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် လူအများစုသည် သူတို့၏ခြေထောက်များ ပျော့ခွေနေသည်အထိ ထိတ်လန့်ကြောက်ရွံနေကြသည်။

သို့ရာတွင် ဤဖိအားအရှိန်အဝါသည် လုယွီပေါ်သို့ သက်ရောက်ပုံမရချေ။

ဝမ်ယင်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ကောင်လေး...မင်းက သတ္တိကောင်းသားပဲ....မင်း ဆဋ္ဌမဂိတ်တံခါးမှာ ဆက်ပြီးအလုပ်မလုပ်နဲ့တော့...ငါ့ရဲ့ထိုက်လင်တပ်ခွဲကို မင်း ဝင်မလား"

ထိုသို့ပြောဆိုပြီးနောက် ဝမ်ယင်သည် သူ၏အရာရှိစည်းတံဆိပ်နှင့်တံဆိပ်ပြားကိုယူဆောင်လာရန် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလေသည်။

လုယွီသည် ထိုပစ္စည်းနှစ်ခုကို ဂရုတစိုက်စစ်ဆေးပြီးနောက် အစစ်အမှန်များဖြစ်ကြောင်း အတည်ပြုလိုက်၏။

ထိုက်လင်တပ်ခွဲသည် ရှီးလျန်ကြယ်နယ်မြေ၏ အကြီးမားဆုံးအစောင့်တပ်ပင်။

"ဘယ်လိုလုပ်ပြီးတော့ ဒီကောင်လေးရဲ့ကံက အရမ်းကောင်းနေတာလဲ"

စွန်းယုက မနာလိုအားကျသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

ဆဋ္ဌမဂိတ်တံခါးတွင် အမြင့်ဆုံးရာထူးအဆင့်မှာ ရွှေတံဆိပ်လူဆိုးထိန်းများပင်။အကယ်၍ သူတို့သည် အသန်မာဆုံးလူများ ဖြစ်နေလျှင်ပင် အမြင့်ဆုံးအနေဖြင့် လူဆိုးထိန်းခေါင်းဆောင်သာဖြစ်နိုင်သည်။

ယခုချိန်တွင် လုယွီသည် ဝမ်ယင်၏အသိအမှတ်ပြုခြင်းကို ရရှိသွားလေပြီ။သူ စစ်တပ်အတွင်းသို့ ဝင်ရောက်သည်နှင့် ဝမ်ယင်၏သီးသန့်စစ်သားဖြစ်သွားနိုင်သည်။ထိုအချိန်ကျပါက သူ၏အနာဂတ်သည် အကန့်အသတ်ရှိမည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် ထိုစကားကိုကြားချိန်တွင် မျက်မှောင်ကြုတ်လိုက်၏။

အစောင့်တပ်များသည် အမှန်အားဖြင့် တော်ဝင်စစ်တပ်၏တပ်ဖွဲ့ဝင်များပင်။ယခုကဲသို့ သူအားခေါ်ယူနေခြင်းမှတဆင့် ဝမ်မိသားစု၏သြဇာအာဏာသည် ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံး၌ မည်မျှထိလွှမ်းမိုးနေသည်ကို တွေ့မြင်နိုင်သည်။

"ငါ တောင်းပန်ပါတယ်...ငါက အချိန်တစ်ခုအထိတော့ ထိုက်လင်တပ်ခွဲကိုလာဖို့ စိတ်မဝင်စားသေးဘူး"

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ငြင်းဆန်လိုက်သည်။

တချို့လူများသည် မွန်းစတားတစ်ကောင်ကို မြင်တွေ့ရသည့်အလား လုယွီကို ကြည့်လိုက်ကြ၏။

ဤကဲ့သို့ကိစ္စကောင်းမျိုးသည် တခြားသူများ ဆုတောင်းနေရုံသာတက်နိုင်သော တစ်စုံတစ်ခုပင်။ဝမ်ယင်သည် တစ်စုံတစ်ယောက်ကို နှစ်ခြိုက်သဘောကျသည်မှာ အလွန်ရှားပါးသောကိစ္စဖြစ်သော်လည်း ထိုလူသည် တန်ဖိုးထားခြင်းမရှိချေ။

"ကောင်းပြီလေ...လူတိုင်းမှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ရှိတယ်....မင်း မလာချင်မှတော့ ငါက မင်းကို ဖိအားပေးမှာမဟုတ်ဘူး...မင်း ဒီကိစ္စကိုစဥ်းစားပြီးရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်"

ဝမ်ယင်က အော်ဟစ်ရယ်မော၍ပြောဆိုကာ ဝင်္ကပါဖွဲ့စည်းပုံများကိုယူ၍ ထွက်ခွာသွားတော့သည်။

Chapter 3388

ထိုက်လင်စစ်တပ်သည် ကြီးကျယ်ခမ်းနားသောပုံစံဖြင့် ထွက်ခွာသွားပြီးနောက် လုယွီနှင့် ဆဋ္ဌမဂိတ်တံခါးမှလူများသာ ကျန်ခဲ့တော့သည်။

စွန်းယုသည် ထပ်မံ၍ စကားမဆိုဝံ့တော့ချေ။

အကယ်၍သာ လုယွီသည် အစောပိုင်းက ဝမ်ယင်၏ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါက သူ၏အဆင့်အတန်းသည် သေချာပေါက်မြင့်မားသွားပေမည်။ထိုအချိန်မျိုးသို့ကျရောက်သွားပါက နောင်တစ်ချိန်တွင် သူ့အား လုယွီလက်စားပြန်မချေပါက သူ ကံကောင်းသည်ဟု ယူဆနိုင်ပေ၏။

အကယ်၍ လုယွီသည် ယခုချိန်၌ သဘောမတူခဲ့လျှင်ပင် နောင်တစ်ချိန်၌ သူ သဘောတူမတူကို မည်သူက သိနိုင်မည်နည်း....

"လုယွီ....မင်းထပ်ပြီး မစဥ်းစားတော့ဘူးလား"

နဥ်ကျိုးက စကားအစ်သည့်အနေဖြင့် မေးမြန်းသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။

"ဒါက မလိုအပ်ဘူး...မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးက ငါ့အတွက်လုံလောက်ပြီ"

သူ ဆဋ္ဌမဂိတ်တံခါးသို့ ဝင်ရောက်ခဲ့ရသောရည်ရွယ်ချက်မှာ ရှီးလျန်မြို့အတွင်း၌ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်သော အဆင့်အတန်းတစ်ခု ရရှိရုံသက်သက်ပင်။

သူ့ထံ၌ ဤအဆင့်အတန်းရှိနေပြီဖြစ်သဖြင့် ထိုက်လင်တပ်ခွဲသို့ဝင်ရောက်ရန် မလိုအပ်တော့ချေ။

"ကောင်းပြီလေ...ဒီတစ်ကြိမ်အမှုအခင်းမှာ မင်းက အများကြီးအကျိုးဆောင်နိုင်ခဲ့တယ်....ငါ ရုံးတော်ကိုပြန်ရောက်တာနဲ့ ငါကိုယ်တိုင် မင်းအတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို ယူပေးမယ်....ငါ အရင်က မင်းကို အကဲခတ်မှားသွားခဲ့တယ်....မင်းက လူဆိုးထိန်းတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတဲ့သူဆိုတာ သေချာပေါက်ပဲ"

နဥ်ကျိုးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ယခုချိန်တွင် အမှုအခင်းကို ဖြေရှင်းပြီးဖြစ်သဖြင့် သူတို့အားလုံး၏စိတ်များ လွတ်လပ်ပေါ့ပါးသွားလေပြီ။

နဥ်အမ်ထုံက ပျာပျာသလဲ ကြားဖြတ်ပြောဆိုသည်။

"အဖေ....လုယွီက ကျွန်မကို ထပ်ပြီးကယ်ခဲ့တယ်ဆိုတာ အဖေ မသိသေးဘူး"

ဤတစ်ကြိမ်တွင် သူမ၏အသက်သခင်ကျေးဇူးရှင်ဖြစ်သော လုယွီကို စိတ်ပျက်မသွားစေလိုချေ။

ရုတ်ချည်းဆိုသလိုပင် နဥ်အမ်ထုံသည် လေဟာနယ်ကြယ်ဓားပြများနှင့်လုယွီတို့ တိုက်ခိုက်ခဲ့သော အကြောင်းအရာများအားလုံးကို နဥ်ကျိုးအား ပြောပြလိုက်၏။

ဤတစ်ကြိမ်တွင် လုယွီကိုကြည့်သော နဥ်ကျိုး၏အမြင် လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။

လုယွီသည် သူ့သမီး၏အသက်ကို နှစ်ကြိမ်ဆက်တိုက်ကယ်တင်ခဲ့သော်လည်း သူသည် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးကိုသာ ပြန်ပေးခဲ့သည်။

ဤကဲ့သို့ကျေးဇူးဆပ်မှုမျိုးကို မည်သူကမျှ လက်သင့်ခံနိုင်မည်မဟုတ်ချေ။

နဥ်ကျိုး၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာမျိုးထင်ဟပ်နေကာ သူက ပြောဆိုသည်။

"လုယွီ...ဒီနေ့ညမှာ ငါက အိမ်ရှင်အနေနဲ့ ညစာစားပွဲတစ်ခု ကျင်းပပြီးတော့ မင်းကို ကြိုဆိုပေးမယ်"

တခြားလူဆိုးထိန်းများသည် ထိုစကားကိုကြားချိန်တွင် အံ့အားသင့်တုန်လှုပ်သွားကြ၏။သူတို့အားလုံးသည် လုယွီကို မနာလိုအားကျသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။

နဥ်ကျိုးသည် သမာသမတ်ကျသူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိရှိထားကာ ညစာအတူစားရန်အတွက် သူ တခြားလူတစ်ယောက်ကို ဖိတ်ခေါ်သည်မှာ လွန်စွာရှားပါးသည်။

ယခုချိန်တွင် သူကိုယ်တိုင်ကိုယ်ကျ ညစာအတူစားရန် ဖိတ်ခေါ်နေသဖြင့် လုယွီသည် နဥ်ကျိုး၏အသိအမှတ်ပြုမှုကိုရရှိသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

အနာဂတ်တွင် နဥ်ကျိုး၏စောင့်ရှောက်မှုကိုသာရရှိပါက လုယွီသည် အထက်သို့သေချာပေါက်တက်လှမ်းနိုင်မည်ဖြစ်ကာ သက်တောင့်သက်သာရှိသောဘဝနှင့် နေထိုင်နိုင်ပေမည်။

လုယွီက ခေါင်းခါပြလေ၏။

"ဒီနေ့ည ငါ့မှာ လုပ်စရာကိစ္စတစ်ခုရှိနေတယ်...ဒါကြောင့် ငါက ခေါင်းဆောင်နဥ်ကို ဒုက္ခမပေးတော့ပါဘူး"

သူ အမှန်တကယ်ကို ငြင်းဆန်လိုက်သလော....

နဥ်အမ်ထုံ၏မျက်လုံး ပြူးကျယ်နေကာ လုယွီက အချိန်တခဏကြာခန့် စူးစိုက်၍ကြည့်လိုက်သည်။သူမ၏စိတ်နှလုံးသားအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

သူမ မျှော်လင့်ထားသကဲ့သို့ပင် နောက်ဆုံးတစ်ကြိမ် သူမ၏အိမ်တော်မှ လုယွီကို မောင်းထုတ်ခဲ့သဖြင့် သူ၏စိတ်နှလုံးသားအတွင်း၌ ဒဏ်ရာတစ်ခုကျန်ခဲ့ခြင်းသာ ဖြစ်ပေမည်။

သူ့အား ပြန်လည်၍ဖြည့်ဆည်းပေးရန်မှာ မဖြစ်နိုင်တော့ချေ။

ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များက နဥ်အမ်ထုံ၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။

နဥ်ကျိုးကို ကြည့်ရသည်မှာ အနည်းငယ်အံ့အားသင့်သွားပုံပင်။သို့ရာတွင် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"ဒါက အဆင်ပြေပါတယ်...တကယ်လို့ မင်း အချိန်ရတဲ့အခါကျရင် ငါတို့ စကားပြောကြတာပေါ့"

ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် လုယွီသည် သူ၏ဘက်ခြမ်း၌ အလျင်စလိုမရပ်တည်လိုသည်မှာ သိသာထင်ရှားသည်။

ဆဋ္ဌမဂိတ်တံခါးတွင် လူဆိုးထိန်းအမြောက်အများရှိနေကာ ရွှေတံဆိပ်လူဆိုးထိန်းဆယ်ယောက်အနက် တစ်ယောက်စီ၏နံဘေးတွင် သစ္စာရှိလူယုံများရှိနေသည်။လုယွီသည် သူ နဥ်ကျိုးကို အထင်မကြီးခြင်း ဖြစ်ပေမည်။

လုယွီက ထိုလူနှစ်ယောက်သည် ဤမျှထိများစွာ စဥ်းစားတွေးတောနေသည်ကို မသိရှိချေ။

သူသည် အမှန်တကယ်ကိုပင် ယနေ့ည၌ လုပ်ဆောင်စရာကိစ္စတစ်ခု ရှိနေလေ၏။

အယောင်ဆောင်စစ်သားများကို သတ်ဖြတ်ပြီးနောက် လုယွီသည် ကျူးကော်မင်ပေးပို့သော သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။

ထိုစာအရ သူသည် ယနေ့ညတွင် နှင်းစက်နေမင်းမြို့သို့ ခရီးထွက်မည်ဖြစ်ကြောင်းနှင့် လုယွီအား သူနှင့်အတူသွားရန် ဆန္ဒရှိမရှိကို မေးမြန်းထားသည်။

အင်ပါယာနှစ်ခုကြားရှိတိုက်ပွဲကို နှင်းစက်နေမင်းမြို့၌ ကျင်းပပေမည်။

လုယွီသည် ထိုနေရာသို့သွား၍ အခြေအနေများကို ကြိုတင်ကြည့်ရန် စီစဥ်ထားသည်။

နှင်းစက်နေမင်းမြို့သည် နယ်စပ်ရှိ အရေးကြီးသောနေရာတစ်ခုပင်။

သူသည် ရှေ့တန်းစစ်မျက်နှာစာ၌ အရေးကြီးသောနေရာဖြစ်သည့် နယ်စပ်ဒေသ၏အခြေအနေကို မြင်တွေ့လိုပေ၏။

နဥ်ကျိုးတို့သားအဖကို နှုတ်ဆက်ပြီးနောက် လုယွီသည် ချိန်းဆိုထားသောနေရာသို့သွားကာ ကျူးကော်မင်ကို ရှာဖွေခဲ့သည်။

နယ်စပ်ဒေသ၏အရေးကြီးသောနေရာများကို အစောင့်တပ်များက ကာကွယ်စောင့်ကြပ်ထားသည်။အကယ်၍ သူသည် ထိုနေရာများသို့သွားရောက်လိုပါက ကျူးကော်မင်၏အဆင့်အတန်းကို အသုံးချရပေမည်။

Chapter 3389

"အရှင့်ကို ကြိုဆိုပါတယ်"

ကျူးကော်မင်သည် အဝေးမှလာသောလုယွီကို မြင်တွေ့သည်နှင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။

ရှီးလျန်မြို့အရ အကဲဖြတ်ကြည့်ပါက သူ၏အရာရှိအဆင့်အတန်းသည် နိမ့်ပါးခြင်းမရှိချေ။အကယ်၍ သူသည် နဥ်ကျိုးကဲ့သို့ ရွှေတံဆိပ်လူဆိုးထိန်းတစ်ယောက်နှင့် ဆုံတွေ့ရလျှင်ပင် ဦးညွှတ်အရိုအသေပြုရန် မလိုအပ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤမြင်ကွင်းကိုမြင်တွေ့ပါက သူတို့သည် ဆွံ့အသွားသည်အထိ ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ကျူးကော်မင်သည် လုယွီ၏အစစ်အမှန်အဆင့်အတန်းကို သိရှိထားသူဖြစ်သဖြင့် ဤသည်မှာ တခြားကိစ္စတစ်ရပ်ဖြစ်သွားလေပြီ။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ယှဥ်ပြိုင်ပွဲက ဘယ်ချိန်စမှာလဲ"

ကျူးကော်မင်က ပြောဆိုသည်။

"မနက်ဖြန် မနက်ပိုင်းပဲ....ဒါပေမယ့် ငါက နှင်းစက်နေမင်းမြို့မှာ ရှိမနေလောက်ဘူး...ငါက နှင်းစက်နေမင်းမြို့ကို စောင့်ကြပ်ဖို့အတွက် အစောင့်စစ်သားတွေကို စီမံနေရာချထားဖို့လိုတယ်...ဒါကြောင့် အဲ့ဒီအချိန်မှာ ငါက မြို့ရဲ့ပြင်ပကို သွားနေရလိမ့်မယ်"

နှင်းစက်နေမင်းမြို့သည် လက်ဝဲစစ်တပ်အခြေစိုက်ရာစစ်စခန်း၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိကာ ထန်အင်ပါယာနှင့် အတော်အသင့်နီးကပ်သည်။

ဤအချိန်တွင် တာယွီအင်ပါယာနှင့်ထန်အင်ပါယာအကြားမှယှဥ်ပြိုင်ပွဲ၏ အရေးကြီးအချိန်အခိုက်အတန့်ဖြစ်သဖြင့် နှင်းစက်နေမင်းမြို့ကို ကာကွယ်စောင့်ကြပ်ရန်အတွက် အစောင့်စစ်သားအမြောက်အများကို နေရာချထားရန်လိုအပ်သည်။ရှီးလျန်မြို့၏တရားသူကြီးတစ်ယောက်ဖြစ်သော ကျူးကော်မင်သည် စစ်ရေးကိစ္စများကို ဦးစားပေး၍ ဆောင်ရွက်ရပေမည်။

"ဒါက ပြဿနာမရှိပါဘူး...ငါ့ဟာငါ သွားလိုက်မယ်...မင်း လုပ်စရာရှိတဲ့ကိစ္စကိုသာလုပ်ပါ"

လုယွီသည် ဤကိစ္စကို ဂရုမစိုက်ချေ။

ဤသည်က အသေးအမွှားကိစ္စသာဖြစ်ပြီး သူ အမှန်တကယ်စိုးရိမ်ပူပန်နေသည်မှာ အင်ပါယာနှစ်ခုကြားရှိယှဥ်ပြိုင်ပွဲသည် ရှေ့တန်းမှစစ်သားများ၏စိတ်ဓာတ်အင်အားအပေါ် သက်ရောက်မှုရှိသွားမည်ကိုပင်။

သူ မီးတောက်ခန်းမတွင် ရှိနေခဲ့စဥ်အချိန်၌ ရှီးလျန်ပါရမီရှင်စာရင်းမှ လူငယ်များ၏စံချိန်မှတ်တမ်းများကို တွေ့မြင်ပြီးဖြစ်သည်။ဤသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေသဖြင့် သူ ထိုစာရင်းကိုထပ်မံ၍ကြည့်ရန်ပင် သည်းမခံနိုင်တော့ချေ။

အားနည်းသောရုပ်သေးတချို့ကို အနိုင်ယူနိုင်ရုံမျှဖြင့် ရှီးလျန်ပါရမီရှင်စာရင်းသို့ ဝင်ရောက်လာကာ သူတို့သည် အရှက်မဲ့စွာဖြင့် သူတို့ကိုယ်သူတို့ လူငယ်ပါရမီရှင်များဟု သတ်မှတ်ထားကြ၏။

ရှီးလျန်ကြယ်နယ်မြေ၏ ဤပါရမီရှင်ဟုခေါ်ဆိုသောလူငယ်များသည် သူတို့၏နာမည်ဂုဏ်သတင်းနှင့် အနည်းငယ်မျှပင် မထိုက်တန်ချေ။

ထန်အင်ပါယာဘက်တွင် ယှဥ်ပြိုင်ပွဲ၌ မင်းသားတစ်ယောက် ပါဝင်တိုက်ခိုက်ပေမည်။ဤမင်းသားတစ်ပါး၏ခွန်အားဖြင့်ပင် တာယွီအင်ပါယာဘက်မှ သေချာပေါက်ရှုံးနိမ့်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"စကားမစပ်...အရှင်လု...ရှီးလျန်ပါရမီရှင်စာရင်းမှာ မင်းရဲ့စိန်ခေါ်မှုကို အတည်ပြုပြီးပြီ....အခုချိန်မှာ မင်းက ရှီးလျန်ပါရမီရှင်စာရင်းရဲ့နံပါတ်တစ်ပဲ....ဒါက မင်းရဲ့သက်သေခံတံဆိပ်ပြားပဲ"

ကျူးကော်မင်က တံဆိပ်ပြားတစ်ခုကို လုယွီထံ လက်ကမ်းပေးလေသည်။

ဤတံဆိပ်ပြားဖြင့်သာ တစ်စုံတစ်ယောက်သည် ရှီးလျန်ပါရမီရှင်စာရင်း၏ လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ပေမည်။

လုယွီသည် ထိုတံဆိပ်ပြားကိုယူဆောင်ကာ ကျူးကော်မင်၏လေဟာနယ်သင်္ဘောပျံနှင့် အတူလိုက်ပါ၍ နှင်းစက်နေမင်းမြို့သို့ ထွက်ခွာခဲ့တော့သည်။

……

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်...နှင်းစက်နေမင်းမြို့

ဤနေရာသည် ကုန်းမြေတစ်ခုပေါ်တွင်တည်ရှိနေခြင်းမဟုတ်ချေ။သို့ရာတွင် စက်ယန္တရားသန်းသုံးဆယ်ခန့်ကိုဗဟိုပြု၍ တည်ဆောက်ထားကာ ကြယ်တာရာကောင်းကင်ယံတွင် မျောလွင့်နေသော ဧရာမမြို့ကြီးတစ်မြို့ဖြစ်သည်။

နှင်းစက်နေမင်းမြို့၏ ပြင်ပမြို့ရိုးသည် ကျန်းတစ်သောင်းခန့်မြင့်မားကာ ထိုအရာပေါ်၌ အဆောင်သင်္ကေတအမြောက်အများကို ရေးထွင်းထားသည်။

ထိုအဆောင်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါကြီး၌ စွမ်းအားအမြောက်အများ စုဝေးနေသည်။နတ်ဆိုးကျင့်ကြံသူ သို့မဟုတ် လမ်းလွဲကျင့်ကြံသူများသည် မြို့ရိုးအနီးသို့ ချဥ်းကပ်မိသည်နှင့် ထိုအရာရှိစွမ်းအားများကြောင့် ချက်ချင်းပေါက်ကွဲကာ အမှုန်အမွှားများဖြစ်သွားပေမည်။

ဤမြို့အတွင်း၌ စစ်သည်ငါးသန်းခန့် စခန်းချနေကာ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။သူတို့သည် လက်ဝဲစစ်တပ်၏အုပ်ချုပ်မှုအောက်၌ရှိနေသည်။

သို့ရာတွင် ယခုချိန်၌ လုယွီသည် တာဝန်လွှဲပြောင်းမယူရသေးသဖြင့် နှင်းစက်နေမင်းမြို့တွင် ခေါင်းဆောင်ကင်းမဲ့နေလေရာ လူများအားလုံး ထိတ်လန့်ကြောက်ရွံနေကြ၏။

ကျူးကော်မင်၏လေဟာနယ်သင်္ဘောသည် နောက်ဆုံး၌ နှင်းစက်နေမင်းမြို့တွင် ဆင်းသက်နိုင်ခဲ့သည်။လမ်းတလျှောက်၌ ဤမြို့သို့မရောက်မီ တင်းကြပ်သောစစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်ကျော်ခဲ့ရသည်။

သူသည် လေဟာနယ်သင်္ဘောပေါ်မှ ဆင်းလိုက်စဥ်တွင် ဧရာမမွန်းစတားကြီးတစ်ကောင်ကို တွေ့မြင်လိုက်ရသကဲ့သို့ ခံစားမိသည်။

မြင့်မားသောကြေးနီတံခါးကြီးက ဖြည်းညှင်းစွာပွင့်သွားကာ စစ်သားအယောက်ငါးဆယ်ခန့်က ဘေးတစ်ဖက်တစ်ချက်တွင် မတ်တတ်ရပ်နေကြသည်။ထိုစစ်သားများအားလုံး၏ သွေးချီများသည် အလွန်အားကောင်းပြီး သူတို့၏မှော်စွမ်းအားများသည် သာလွန်ထူးကဲပေ၏။သူတို့၏ရုပ်ခန္ဓာကိုယ်ခွန်အားများသည်လည်း မဆိုးလှချေ။

ဤနေရာတွင်ရှိနေသောစစ်သားများသည် လက်ရွေးစင်စစ်သားများဖြစ်ပြီး ရှီးလျန်မြို့၏ထိုက်လင်တပ်ခွဲမှစစ်သားများထက် များစွာပို၍သာလွန်သည်။

"အရှင်လု....ငါက အခုချိန်မှာ စစ်ရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်...ငါ သွားပြီး သတင်းပို့လိုက်အုံးမယ်"

ကျူးကော်မင်သည် လုယွီ၏မျက်နှာအမူအယာကို စူးစမ်းလေ့လာလိုက်၏။လုယွီသည် အဖြူရောင်နဂါးငါးဝတ်စုံကို ဝတ်ဆင်ထားကာ ရှေ့တန်းစစ်မျက်နှာစာ၏အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်စစ်ဆေးရန် ပြင်ဆင်နေကြောင်း သူ သိရှိထားပြီးလေပြီ။သူသည် ဥာဏ်ကောင်းသူတစ်ယောက်ဖြစ်သဖြင့် လုယွီ၏နောက်မှ လိုက်သွားခြင်းမပြုချေ။

ကျူးကော်မင်သည် ထွက်ခွာမသွားမီ နှင်းစက်နေမင်းမြို့နှင့်ပတ်သက်သော သတင်းအချက်အလက်တချို့ကို လုယွီအားပေးခဲ့သည်။

အမှန်အားဖြင့် ဖေးထျန်ကွမ်းသည် ယခင်က ထိုအကြောင်းများကို လုယွီကို ပြောဆိုပြီးဖြစ်သည်။သို့ရာတွင် ထိုအရာများသည် သူ့အား ကျူးကော်မင်ပေးသည် သတင်းအချက်အလက်များကဲ့သို့ တိကျခြင်းမရှိချေ။

"စိတ်ဝင်စားစရာပဲ...ကျူးကော်မင်ပေးတဲ့ သတင်းအရဆိုရင်...အပေါ်ယံမှာ စစ်သည်အင်အားငါးသန်းရှိနေပေမယ့် တကယ့်လက်တွေ့မှာ အစောင့်တပ်အင်အားက နှစ်သန်းပဲရှိတော့တယ်...ဒါတွေအားလုံးက ငါ့ရဲ့အပြစ်ပဲ"

လုယွီသည် ထိုသတင်းအချက်အလက်များကို လှန်လှော၍ဖတ်ရှုပြီးနောက် သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များဖြတ်ပြေးသွားသည်။

Chapter 3390

ရှေ့တန်းတွင် လူအင်အားအချိုးအစားကွာဟမှုသည် ပုံမှန်ဖြစ်လေ့ရှိသော ကိစ္စတစ်ရပ်ပင်။

သို့ရာတွင် ဤကြီးမားသောကွာဟချက်အဆင့်သည် လုယွီ၏ခန့်မှန်းချက်ထက် များစွာပို၍ကျော်လွန်နေသည်။

လုယွီ သေဆုံးသွားစေရန်အလို့ငှာ အိမ်ရှေ့စံမင်းသားသည် အင်အားများစွာစိုက်ထုတ်၍ သူ့အားမောင်းထုတ်ခဲ့ရပုံရှိသည်။

လုယွီသည် နှင်းစက်နေမင်းမြို့၏အခြေအနေ မည်သို့ရှိသည်ကို သိနိုင်ရန်အတွက် မြို့အတွင်း၌လှည့်ပတ်ကြည့်ရန် ကြံရွယ်ခဲ့သည်။

ဤအချိန်တွင် နှင်းစက်နေမင်းမြို့အတွင်း၌ ခြောက်ကပ်နေပေ၏။လမ်းများပေါ်၌ သွားလာနေသော လမ်းသွားလမ်းလာများသည်လည်း လွန်စွာနည်းပါးသည်။ထိုလမ်းသွားလမ်းလာများမှလွဲ၍ စစ်သားများသာ ရှေ့နောက်သွားလာနေကြသည်။

ဤနေရာသည် စစ်တပ်မြို့တစ်မြို့အဖြစ်သို့ လုံးလုံးလျားလျားပြောင်းလဲစပြုနေလေပြီ။

သူ ဆက်လက်၍လျှောက်လှမ်းနေစဥ်မှာပင် စားသောက်ဆိုင်တစ်ဆိုင်၏တံခါးရှေ့မှနေ၍ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

မူလက ပတ်ဝန်းကျင်တွင် သွားလာနေသူများသည်လည်း ထိုစားသောက်ဆိုင်ထံသို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

ဘန်းခနဲမြည်သံနှင့်အတူ စားသောက်ဆိုင်၏တံခါး ပွင့်ထွက်သွားသည်။

ဆိုင်ရှင်ဖြစ်ပုံရသော လူကြီးတစ်ယောက်သည် အတွင်းမှနေ၍ လွင့်ထွက်လာကာ သူ၏နဖူးမှနေ၍ သွေးများယိုစီးကျနေသည်။

"ငါတို့က မင်းရဲ့စားသောက်ဆိုင်ကို ညစာလာစားတာ မင်းကို ဂုဏ်ပြုတာပဲ...ဒါတောင် မင်းက ငွေတောင်းရဲသေးတာလား...တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ"

စားသောက်ဆိုင်အပေါက်ဝမှနေ၍ သားသားနားနားအဝတ်အစားများကို ဝတ်ဆင်ထားပြီး ရွှေသရဖူဆောင်းထားသော လူငယ်တစ်ယောက် ထွက်လာသည်။

ထိုလူငယ် ထွက်ပေါ်လာသည်နှင့် အလွန်အမင်း မြင့်မြတ်သည့်အရှိန်အဝါမျိုး ထုတ်လွှတ်ထားသည်။

သူ၏နောက်၌ မောက်မာထောင်လွှားသော ပုံပန်းသွင်ပြင်နှင့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးရှိသည့် လူငယ်တစ်စုမတ်တပ်ရပ်နေသည်။

ဤသည်က ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုပင်။

အလွန်လျှင်မြန်စွာဖြင့်ပင် အနီးအနား၌ ကင်းလှည့်နေသော စစ်သားတစ်စု အပြေးရောက်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

ထိုစစ်သားများကို ဦးဆောင်လာသောအရာရှိက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

သာမာန်အားဖြစ့် ဤမြို့အတွင်းရှိ လမ်းများပေါ်၌ ပြဿနာဖြစ်ပွားသည်မှာ လွန်စွာရှားပါးပေ၏။

ဆိုင်ရှင်သည် စစ်သားများရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် ပျာပျာသလဲ ပြောဆိုသည်။

"အရာရှိကြီး...ငါ့ကို ကူညီပြီးတော့ ဆုံးဖြတ်ပေးပါအုံး....ဒီလူတွေက ညစာစားဖို့ရောက်လာပြီးတော့ စျေးအကြီးဆုံးသီးသန့်ခန့်မှာ နေရာယူထားတယ်...ညစာစားပြီးတာနဲ့ သူတို့က ငွေမရှင်းချင်ကြဘူး...ငါတို့က ကျသင့်ငွေကို သွားတောင်းခဲ့တယ်...ဒါပေမယ့် သူတို့က ငါတို့ကို မောင်းထုတ်ခဲ့တယ်....ဒါက ဘယ်လိုသဘောတရားမျိုးလဲ"

လက်ထောက်တပ်မှူးသည် ထိုစကားကို နားထောင်ပြီးနောက် ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်အား ကြည့်လိုက်သည်။

သူသည် ဤလမ်းအတွင်းရှိ ဆိုင်ရှင်အများစုနှင့် ရင်းနှီးကျွမ်းဝင်ပေ၏။

နှင်းစက်နေမင်းမြို့ကဲ့သို့ နေရာမျိုးတွင် ပြဿနာရှာဝံ့သောသူများရှိနေသည်။ဤသည်မှာ သေလမ်းလာရှာခြင်းပင်။

အကြောင်းအရင်းမှာ ဤနေရာသည် စစ်တပ်မြို့တစ်မြို့ဖြစ်သဖြင့် စစ်ဥပဒေအရ အုပ်ချုပ်လေရာ စည်းမျဥ်းစည်းကမ်းများ အလွန်ပြင်းထန်သည်။

အကယ်၍ ရှီးလျန်မြို့ကဲ့သို့နေရာမျိုးတွင် လူတစ်ယောက်ကို ရိုက်နှက်ပါက ပြစ်ဒဏ်အနေဖြင့် ရက်အနည်းငယ်အကျဥ်းချခံရရုံသာရှိပေမည်။သို့ရာတွင် ဤမြို့အတွင်း၌ ထိုပြစ်မှုမျိုးကို ကျူးလွန်ပါက ခေါင်းဖြတ်၍ကွပ်မျက်ခံရနိုင်ချေ မြင့်မားသည်။

ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်က တည်ငြိမ်စွာ ပြောဆိုသည်။

"ငါတို့က ထန်အင်ပါယာကပဲ....မင်းတို့ကို ငါတို့က ဘာလို့ဂရုစိုက်ရမှာလဲ"

ထိုသို့ပြောဆိုပြီးနောက် သူ၏ခါးတွင် ချိတ်ဆွဲထားသော ရွှေတံဆိပ်ပြားတစ်ခုကို လက်ညှိုးညွှန်ပြလိုက်၏။

ထိုရွှေတံဆိပ်ပြားကိုမြင်တွေ့ချိန်တွင် လက်ထောက်တပ်မှူး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

ထန်အင်ပါယာနှင့်တာယွီအင်ပါယာတို့သည် အခဲမကျေနိုင်သောရန်သူတော်များဖြစ်သော်လည်း ထန်အင်ပါယာသည် အလွန်အစွမ်းထက်သဖြင့် တာယွီအင်ပါယာသည် ထပ်ခါတလဲလဲ အရှုံးနှင့်ရင်ဆိုင်နေရသည်။

ဤအချိန်တွင် ယှဥ်ပြိုင်ပွဲမစတင်မီ နှင်းစက်နေမင်းမြို့သို့လာသော ထန်အင်ပါယာမှလူငယ်ပါရမီရှင်များကို လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုကာ အနှောက်အယှက်မပေးရန် သူတို့အား အထက်မှနေ၍ ညွှန်ကြားထားသည်။

"မင်း သေချာအာရုံစိုက်သင့်တယ်...သူတို့ လာစားတာကိုက မင်းအတွက် ဂုဏ်ယူစရာဖြစ်နေပြီ...မင်းက ဒီနေရာမှာလာပြီးတော့ ဘာတွေ စကားရှည်နေတာလဲ"

လက်ထောက်တပ်မှူးသည် ဆိုင်ရှင်ကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်ကြည့်ကာ လျစ်လျှူရှုလိုက်တော့သည်။

ဆိုင်ရှင်သည် ထိုစကားကိုကြားချိန်တွင် မယုံကြည်နိုင်မှုကြောင့် သူ၏မျက်လုံးများပြူးကျယ်သွားကာ ပြောဆိုလိုက်၏။

"အရာရှိကြီး...ဒါက မဟုတ်သေးဘူးလေ..သူတို့က ငါ့ကိုငွေပေးရမှာ အသိသာကြီးပဲ....ငါက ဆိုင်ငယ်လေးတစ်ခုကို ရုန်းကန်ပြီးလည်ပတ်နေရတာ...သူတို့ ဒီလောက်ငွေအများကြီးကို မပေးလို့မရဘူး"

ထန်အင်ပါယာမှ ပါရမီရှင်လူငယ်များသည် ဤနေရာသို့ စားသောက်ရန် ရောက်လာကြခြင်းဖြစ်သည်။သူတို့သည် သီးသန့်ခန်းတွင် နေခဲ့ရုံသာမက စျေးအကြီးဆုံးဟင်းလျာများကို မှာယူစားသောက်ခဲ့သည်။

ထိုဟင်းလျာများအတွက် အဖိုးတန်ပါဝင်ပစ္စည်းတချို့သည် အင်မော်တယ်ကျောက်တုံးသောင်းနှင့်ချီ၍ ကျသင့်သည်။စားသောက်ဆိုင်တစ်ဆိုင်အတွက် ဤငွေများကိုပြန်မရပါက ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခုပင်။

သို့ရာတွင် လက်ထောက်တပ်မှူးသည် ဆိုင်ရှင်၏ထိတ်လန့်တကြား ပြောဆိုနေမှုကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

မျက်နှာချိုသွေးသော အမူအယာမျိုးဖြင့် သူသည် ပန်းထိုးပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ရှေ့သို့ လျှောက်လှမ်းသွားကာ အပြုံးနှင့် ပြောဆိုသည်။

"သခင်လေး....သခင်လေးမှာ ညွှန်ကြားစရာတစ်ခုခုများ ရှိနေသေးလား"

All Chapters