အခန်း (၃၃၉၁-၃၃၉၅)
Vol. 173 Ch. 3391-3395
Chapter 3391
မောက်မာဝံ့ကြွားသော မျက်နှာအမူအယာနှင့် ထိုပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်သည် သူ၏အင်္ကျီလက်ကြားမှ ငွေလက်မှတ်တစ်ရွက်ကို သာမာန်ကာလျှံကာထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ဒါက အရမ်းပျင်းဖို့ကောင်းတာပဲ...တာယွီကလူတွေက အရမ်းဆင်းရဲတာလား...ဒါက ထမင်းလေးတစ်နပ်ပဲလေ...ငါ မင်းတို့ကို စွန့်ကြဲရမှာပေါ့"
ဤငွေလက်မှတ်ပေါ်ရှိ ငွေပမာဏသည် ဟင်းလျာများအတွက်ကျသင့်ငွေနှင့် နှိုင်းယှဥ်ပါက လွန်စွာနည်းပါးသည်။
ထိုငွေလက်မှတ်သည် မြေပြင်ပေါ်သို့ ကျရောက်သွားစဥ်တွင် ချက်ချင်းဆိုသလိုပင် ရွှံအတွင်းသို့ နစ်ဝင်သွားသည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
ဤသည်က အခြေခံယဥ်ကျေးမှု တစိုးတစိမျှ မရှိခြင်းပင်။
လက်ထောက်တပ်မှူးက အပြုံးနှင့်ပြောဆိုသည်။
"သခင်လေးက တကယ့်ကို သဘောထားကြီးပြီးတော့ ရက်ရောတဲ့လူပါပဲ....သခင်လေးက ကျွန်တော်တို့အတွက် စံပြတစ်ယောက်ပဲ....တခြားညွှန်ကြားစရာများ ရှိသေးလား"
ထန်အင်ပါယာမှလူများ၏ရှေ့တွင် ထိုလက်ထောက်တပ်မှူးသည် အလွန်ရိုသေလေးစားပြီး နှိမ့်ချရို့ကျိုးနေသည်။
မည်သို့ပင်ဆိုစေကာမူ အထက်လူကြီးများသည် မူလကတည်းက ထန်အင်ပါယာမှ လူငယ်ပါရမီရှင်များကို ကောင်းမွန်စွာဆက်ဆံရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် တာယွီအင်ပါယာ၏နာမည်ဂုဏ်သတင်းကို သူ ညှိုးနွမ်းစေမည်မဟုတ်ချေ။
သူ ကောင်းမွန်စွာဆောင်ရွက်နိုင်သရွေ့ သူ ရာထူးတိုးပြီး ချမ်းသာကြွယ်ဝလာမည့်ကိစ္စမှာ အနှေးနှင့်အမြန် ရောက်ရှိလာပေမည်။
ပန်းထိုးပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသောလူငယ်သည် အထင်အမြင်သေးစွာဖြင့် လက်ထောက်တပ်မှူးကိုကြည့်ကာ သရော်တော်တော် ပြောဆိုသည်။
"ဘာမှမလိုတော့ဘူး...နောင်တစ်ချိန်မှာ မင်းရဲ့မျက်လုံးရှေ့မှာ ငါတို့ကိုမြင်တာနဲ့...မင်း ရိုရိုသေသေဆက်ဆံတာ အကောင်းဆုံးဖြစ်လိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ထိုလူငယ်သည် သူ၏လူများကိုခေါ်ဆောင်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
ဆိုင်ရှင်သည် သူ၏လက်အတွင်းရှိ ငွေလက်မှတ်ကိုကြည့်ကာ ဝမ်းနည်းကြေကွဲခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ရောယှက်၍ခံစားနေရသည်။
ထို့ကြောင့် သူက မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့က တာယွီအင်ပါယာရဲ့စစ်သားတွေ မဟုတ်ဘူးလား...ဘာလို့ အမြဲတမ်း အပြင်လူတွေကို မျက်နှာသာပေးနေတာလဲ....သူတို့က ကျသင့်ငွေကိုမပေးတဲ့အပြင် လူတွေကိုတောင် ရိုက်ခဲ့သေးတာလေ....ဘာလို့ မင်းတို့က သူတို့ကို ကာကွယ်ပေးနေတာလဲ"
"ဒါကအမှန်ပဲ...မင်းတို့က ဘာလို့ တာယွီအင်ပါယာကလူတွေအတွက် ရှေ့ထွက်ပြီးစကားမပြောပေးတာလဲ"
"မင်းတို့ကို လစာတွေပေးထားတာ ဘာအတွက်လဲ...စစ်ပွဲတွေမှာလည်း မင်းတို့က အမြဲတမ်းရှုံးနေတယ်....အခု မင်းတို့ရဲ့ရှေ့မှာ တာယွီအင်ပါယာကလူတွေကို အနိုင်ကျင့်နေတာကို မြင်နေရတာတောင် မင်းတို့က ဟန်ရေးပြနေတုန်းပဲ"
ပတ်ဝန်းကျင်ရှိ ဖြတ်သွားဖြတ်လာများသည် ထိုစစ်သားများ၏အပြုအမူများကိုမြင်တွေ့ချိန်တွင် မအောင့်အည်းနိုင်တော့ဘဲ ကျိန်ဆဲလိုက်ကြသည်။
လက်ထောက်တပ်မှူး၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်လာပြီးနောက် သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မင်းတို့က ပြဿနာရှာဖို့ ကြံရွယ်နေကြတာလား...သတိထားနေကြစမ်း...မင်းတို့အားလုံး အဖမ်းခံရမယ်"
ထိုသို့ပြောဆိုပြီးနောက် လက်ထောက်တပ်မှူးသည် ဆိုင်ရှင်ကို နံဘေးတစ်ဖက်သို့ကန်ထုတ်ကာ အော်ငေါက်လိုက်၏။
"ထွက်သွားကြစမ်း....တကယ်လို့ မင်းတို့ ထပ်ပြီးပြဿနာရှာနေမယ်ဆိုရင် ငါ မင်းတို့အားလုံးကိုဖမ်းဆီးပြီးတော့ ထောင်ထဲကိုပို့ပစ်မယ်"
စားသောက်ဆိုင်ပိုင်ရှင်သည် သန်မာအားကောင်းခြင်းမရှိချေ။ဤကဲ့သို့ ပြင်းထန်သောခြေကန်ချက်ကို ခံယူလိုက်ရသောကြောင့် သူ၏ပါးစပ်မှသွေးတစ်လုတ်အန်ထွက်လာကာ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
"ဟား ဟား ဟား...တာယွီအင်ပါယာဘက်က တကယ့်ကို ဧည့်ဝတ်ကျေပွန်တာပါလား...ငါ ပြန်ရောက်တာနဲ့ မင်းရဲ့အထက်လူကြီးဆီမှာ မင်းအတွက် စကားကောင်းပြောပေးမယ်"
သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ပန်းထိုးပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူငယ်သည် မရယ်မောဘဲ မနေနိုင်တော့ချေ။
သူ၏ကျေနပ်အားရဖြစ်နေသော မျက်နှာအမူအယာကြောင့် နံဘေးပတ်ဝန်းကျင်ရှိလူများသည် သူ့အား အရိုးထိနက်သည်အထိ မုန်းတီးသွားကြသည်။
ထိုသို့ပြောဆိုပြီးနောက် လူငယ်သည် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များကိုခေါ်ဆောင်ကာ ဤနေရာမှထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
သူတို့သည် နှင်းစက်နေမင်းမြို့၌ အထူးအရေးပေးဆက်ဆံမှုမျိုးကို ရရှိထားသည်။သူတို့သည် မည်သည့်ကိစ္စမျိုးကို ပြုလုပ်နေပါစေ အလွန်အကျူးမလုပ်သရွေ့ မည်သည့်အန္တရာယ်မျိုးမျှ ကျရောက်လာမည်မဟုတ်ချေ။
သူတို့ ထွက်ခွာသွားလုဆဲဆဲ အချိန်မှာပင် ရုတ်တရက် လူတစ်ယောက်က သူတို့ကို ဟန့်တားထားသည်။
"ဘယ်ကခွေးလဲ...လမ်းပိတ်မထားစမ်းနဲ့...ထွက်သွားစမ်း"
ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်က မျက်မှောင်ကြုတ်၍ လုယွီကိုကြည့်ကာ အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
ပတ်ဝန်းကျင်ရှိလူများသည် လုယွီ ရှေ့ထွက်သွားသည်ကို မြင်တွေ့ချိန်တွင် အလျှင်အမြန် အကြံပေးလိုက်ကြ၏။
"လူငယ်လေး...တခြားလူတွေရဲ့ကိစ္စတွေထဲကို ဝင်မရှုပ်နဲ့...မင်း ဖမ်းဆီးအကျဥ်းချခံရလိမ့်မယ်...မင်း ထောင်ထဲကနေ ပြန်ထွက်မလာနိုင်မှာကို ငါ စိုးရိမ်မိတယ်"
နှင်းစက်နေမင်းမြို့သည် ရှီးလျန်မြို့နှင့် များစွာကွဲပြားခြားနားသည်။ဤနေရာသည် စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် လုံးလုံးလျားလျားရှိနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထောင်သွင်းအကျဥ်းချခြင်းခံရပါက အထူးသီးသန့်အကျဥ်းခန်းဟူ၍ မရှိသဖြင့် စစ်ဥပဒေအရသာ အရေးယူခြင်းခံရပေမည်။
အကယ်၍ သေးငယ်သောပြစ်မှုကို ကျူးလွန်ခဲ့သူဖြစ်သည့်တိုင် အဆုံးသတ်၌ ဆယ်စုနှစ်များစွာကြာမြင့်သည်အထိ ထောင်သွင်းအကျဥ်းချခြင်းခံရပေမည်။
လုယွီက ပန်းထိုးပိုးထည်ဝတ်လူငယ်ကို စူးစိုက်၍ကြည့်ကာ ပြောဆိုသည်။
"မင်း ခုဏက တစ်ယောက်ယောက်ကို ရိုက်ထားတယ်....အခုချက်ချင်း တောင်းပန်စမ်း"
ထိုလူငယ်သည် ကြက်သေသေသွားလေ၏။
ထို့နောက် သူတို့အားလုံး ရယ်မောလိုက်ကြသည်။
ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်သည် သူ၏ခါးရှိ ရွှေတံဆိပ်ပြားကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။
"မင်းက မျက်လုံးကန်းနေလို့ ငါတို့ထန်အင်ပါယာရဲ့တံဆိပ်ပြားကို မမြင်တာလား"
Chapter 3392
သူ၏စကားသံ အဆုံးသတ်သွားသောအချိန်မှာပင် လူရိပ်တစ်ရိပ်က ဖျတ်ခနဲ သူ၏ရှေ့သို့ရောက်ရှိလာသည်။
ဘန်း...
ခပ်အုပ်အုပ်အသံတစ်သံက လူတိုင်း၏နားများအတွင်းသို့ ဝင်ရောက်လာသည်။
ထို့နောက် ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်သည် သူ့ရှေ့ရှိလောကကြီးတခွင်လုံး ချာချာလည်သွားသကဲ့သို့ ခံစားမိလေ၏။သူသည် အဝေးသို့လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိတော့သည်။
လုယွီသည် အရေးမပါသောကိစ္စတစ်ခုကို လုပ်လိုက်သည့်အလား သူ၏လက်ကိုခါယမ်းလိုက်သည်။
"တကယ်တော့ ငါ မင်းကို တောင်းပန်စေချင်တာက...မင်းရဲ့အဆင့်အတန်းနဲ့ ဘာမှမဆိုင်ဘူး"
ထိုလူငယ်၏နောက်၌ ထန်အင်ပါယာမှ လူငယ်ပါရမီရှင်တချို့ ရှိနေသည်။
သူတို့သည် သူတို့အင်ပါယာ၏စွမ်းအားကို မှီခို၍ ဟန်ရေးပြနေခြင်းဖြစ်ရာ မည်သည်ကြောင့် ဤကဲ့သို့နစ်နာမှုမျိုးကို သည်းခံနိုင်မည်နည်း....
"ကောင်လေး...မင်း သေလမ်းရှာနေတာလား"
ထိုလူငယ်များက ကျယ်လောင်စွာအော်ဟစ်လိုက်ကြကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ပြင်းထန်သောမှော်စွမ်းအားများ ပွင့်အံ့ထွက်လာသည်။
ထိုမှော်စွမ်းအားများသည် လေထုအတွင်းသို့ မြင့်တက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်းပျံ့နှံ့သွားသည်။နောက်ဆုံး၌ သူတို့၏နောက်တွင် ဓမ္မပုံရိပ်ယောင်များအဖြစ် ဖွဲ့စည်းသွားလေ၏။
ဝုန်း....
ထိုဓမ္မပုံရိပ်ယောင်များသည် နတ်ဘုရား ဗုဒ္ဓ နတ်ဆိုးစသဖြင့် အမျိုးအစားစုံလင်သည်။ထိုဓမ္မပုံရိပ်ယောင်များသည် ကွဲပြားခြားနားသော ပုံသဏ္ဍာန်နှင့်အရွယ်အစားရှိပြီး မန္တန်များကိုရွတ်ဆိုကာ လက်စည်းသင်္ကေတများကို ဖွဲ့စည်းထားကြသည်။
အင်ပါယာနှစ်ခု၏ယှဥ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့် လူငယ်ပါရမီရှင်များကို ထန်အင်ပါယာမှ ဂရုတစိုက်ရွေးချယ်ထားခြင်းဖြစ်သည်။သူတို့သည် သာမာန်လူများ ယှဥ်ပြိုင်နိုင်မည့်လူများမဟုတ်ချေ။
လုယွီသည် ထိုလူငယ်ပါရမီရှင်များအနက်မှ တချို့ထံမှနေ၍ လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် အရှိန်အဝါကို အာရုံခံမိလေ၏။
တစ်ခုသိထားရမည်မှာ တာယွီအင်ပါယာ၏တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်သူများအနက် လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူမှာ ဒုတိယတန်းစားအဖြစ် ရပ်တည်နိုင်ပြီး အနည်းစုသာရှိသည်။
ထိုအခြင်းအရာမှတဆင့် အင်ပါယာနှစ်ခု၏ကွာခြားချက်ကို တွေ့မြင်နိုင်သည်။
ထန်အင်ပါယာသည် ယခုလတ်တလောအချိန်မှ မြင့်တက်လာခြင်းဖြစ်သော်လည်း အလယ်ခေတ်အတွင်း၌ အစွမ်းထက်ဆုံးအင်ပါယာများအနက်မှတစ်ခုဖြစ်သည်။ထိုအင်ပါယာ၏အခြေခံအုတ်မြစ်သည် ယခုလက်ရှိတာယွီအင်ပါယာမှ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
"ငါ မြို့တော်ကို ပြန်ရောက်တာနဲ့ ဒီကိစ္စကို ဆရာသခင်နဲ့ ဆွေးနွေးရမယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ဤလူငယ်များကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ထိုအစား သူသည် တာယွီ၏အနာဂတ်အတွက် စိုးရိမ်ပူပန်နေခြင်းပင်။
လုယွီသည် စာမေးပွဲသုံးခုလုံးတွင် ပထမနေရာကိုရရှိခဲ့သူဖြစ်ကာ ထိပ်သီးကျောင်းတော်သားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး လက်ဝဲစစ်တပ်၏တပ်မှူးလည်းဖြစ်သည်။သို့ရာတွင် သူသည် အရာရှိအသိုင်းအဝိုင်းသို့ ရောက်ရှိသည်မှာ မကြာသေးသဖြင့် သူ၏အခြေခံအုတ်မြစ်သည် တည်ငြိမ်ခြင်းမရှိသေးချေ။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အား စာပေသူတော်စင်ယီဟန်သာ ကူညီထောက်ပံ့ပေးထားခြင်းမရှိပါက သူ ရင်ဆိုင်ရမည့်အတားအဆီးများသည် ယခုထက် အဆများစွာပို၍ မြင့်တက်သွားပေမည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထန်အင်ပါယာမှ လူငယ်ပါရမီရှင်များ၏မှော်မန္တန်များသည် လုယွီထံသို့ ကျရောက်လာပေ၏။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူများအားလုံး စိတ်ပျက်အားငယ်စွာဖြင့် သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြသည်။
ဤရက်များအတွင်းတွင် ထန်အင်ပါယာ၏လူငယ်ပါရမီရှင်များသည် နှင်းစက်နေမင်းမြို့အတွင်း၌ မောက်မာရမ်းကားနေကြသဖြင့် လူထု၏ဒေါသကို မြင့်တက်စေပြီးဖြစ်သည်။
တချို့လူများသည် ထိုကိစ္စများကို သည်းမခံနိုင်ကြသဖြင့် ထိုလူငယ်များကို သင်ခန်းစာပေးရန်အတွက် ရှေ့ထွက်လာကြသော်လည်း သူတို့၏ခွန်အားသည် လုံလောက်ခြင်းမရှိသဖြင့် သူတို့သာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
လုယွီကို ကြည့်ရသည်မှာ အလွန်အသက်ငယ်ရွယ်နေသဖြင့် သူ၏ခွန်အားသည် သန်မာအားကောင်းမှု မရှိနိုင်ချေ။
ဤလူငယ်သည် ကံဆိုးမိုးမှောင်ကျမှုနှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။
"ငါ မင်းတို့ကို တောင်းပန်ဖို့ ပြောနေတာလေ...မင်းတို့က မကြားကြဘူးလား"
လုယွီသည် စကားများစွာ ပြောဆိုခြင်းမပြုချေ။သူ၏လက်အတွင်း၌ မှော်စွမ်းအားများ စုဝေးလာကာ လေထုအတွင်း၌ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ရုတ်တရက် ကောင်းကင်ယံအတွင်း၌ ပျံဝဲနေပေ၏။မြင့်မားသောကောင်းကင်ယံမှ မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလား မြေပြင်တပြင်လုံး တုန်ခါသွားစေသည့် ဆူညံသံများကို ပတ်ဝန်းကျင်ရှိလူတိုင်း ကြားလိုက်ရသည်။
ဝုန်း.....
ထိုလက်ဝါးပုံရိပ်ယောင်ကြီး ထွက်ပေါ်လာစဥ်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ် တုန်ခါသွားသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီထံသို့ ချဥ်းကပ်လာသော မှော်မန္တန်များအားလုံးသည် ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏အောက်၌ လွင့်ပြယ်သွားလေ၏။
သို့ရာတွင် ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။
အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်သည် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များ၏ ခေါင်းများပေါ်သို့ ဆင်းသက်လာကာ သူတို့အားလုံး မလှုပ်ရှားနိုင်တော့ချေ။
ဒုန်း....ဒုန်း...
အစောပိုင်းက ဟန်ရေးပြနေခဲ့သော လူငယ်ပါရမီရှင်များအားလုံး ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား လဲကျသွားကြသည်။
အစွမ်းထက်သော ဖိအားအရှိန်အဝါသည် သူတို့၏ခေါင်းများထက်၌ ဖိစီးနေကာ သူတို့ကို မလှုပ်ရှားနိုင်စေရန် ပြုလုပ်ထားသည်။
"ဒီနေရာမှာ ခြောက်နာရီပြည့်အောင် ဒူးထောက်နေကြစမ်း....အချိန်မစေ့မချင်း ဘယ်သူမှ ထခွင့်မရှိဘူး"
Chapter 3393
"ငါ မင်းကို သတ်မယ်"
မြေပြင်ပေါ်၌ အတင်းအကြပ်ဖိနှိပ်ခံထားရသော ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်သည် သွေးနီရောင်မျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။
မြေပြင်ပေါ်၌ ခြောက်နာရီကြာ အတင်းအကြပ် ဒူးထောက်ခိုင်း၍ အပြစ်ပေးခံရခြင်းသည် သူ့အတွက် အလွန်ကြီးမားသော အရှက်ရစရာပင်။
ထို့ပြင် ပတ်ဝန်းကျင်၌ လမ်းသွားလမ်းလာ အမြောက်အများရှိနေသည်။အကယ်၍ ဤသတင်းသာပျံ့နှံ့သွားပါက သူသည် ထန်အင်ပါယာတစ်ခုလုံး၏ ရယ်စရာပြက်လုံးကြီး ဖြစ်သွားပေမည်။
"နောင်တစ်ချိန်ကျရင်...မင်းမှာ အခွင့်အရေး ရလာလိမ့်မယ်"
လုယွီသည် ထိုလူငယ်၏ခါးရှိ တံဆိပ်ပြားကိုကြည့်၍ သူတို့သည် အင်ပါယာနှစ်ခုကြားမှ ယှဥ်ပြိုင်ပွဲတွင် ပါဝင်ကြမည့်သူများဖြစ်ကြောင်း သိရှိထားပြီးလေပြီ။
အကယ်၍ သက်တူရွယ်တူများ အကြားတွင် နှိုင်းယှဥ်ပါက သူတို့၏ခွန်အားသည် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပေ၏။
ကံအကြောင်းမလှစွာဖြင့် သူတို့သည် လုယွီနှင့် တွေ့ဆုံခဲ့ကြသည်။
"မင်း ဘာလုပ်တာလဲ...သူတို့က အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် လူငယ်ပါရမီရှင်တွေဆိုတာ မင်းသိလား...တကယ်လို့ ယှဥ်ပြိုင်ပွဲမတိုင်ခင် အမှားအယွင်းတစ်ခုခု ဖြစ်သွားမယ်ဆိုရင် အကျိုးဆက်ကို မင်း ခံနိုင်မှာလား"
လက်ထောက်တပ်မှူးက လုယွီကို အော်ဟစ်လိုက်သည်။
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီကိစ္စက အင်ပါယာနှစ်ခုကြားကယှဥ်ပြိုင်ပွဲနဲ့ ဘာဆိုင်လို့လဲ....သူတို့က ဘယ်သူတွေပဲဖြစ်နေနေ တာယွီအင်ပါယာရဲ့ စည်းမျဥ်းဥပဒေကို ချိုးဖောက်တာနဲ့ ဥပဒေအရ အပြစ်ပေးခံရမှာပဲ"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် တုန်ရီနေသောဆိုင်ရှင်ကိုထူပေးကာ သူ၏နံဘေး၌ မတ်တတ်ရပ်စေပြီး မေးမြန်းလိုက်၏။
"အဲ့ဒီလူတွေ မင်းကို ဘယ်လောက်ပေးရမှာလဲ"
ဆိုင်ရှင်သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေသည်။သူသည် ထိုလူများထံမှ ကျသင့်ငွေကို လိုချင်ရုံသာဖြစ်သော်လည်း ဤမျှထိ ရုတ်ရုတ်သဲသဲဖြစ်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"အကြမ်းဖျင်းပြောရရင်....အင်မော်တယ်ကျောက်တုံးတစ်သောင်းပဲ"
ဆိုင်ရှင်သည် အလွန်နည်းပါးသောပမာဏကိုသာ ထုတ်ဖော်ပြောဆိုလေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤနေရာ၌ စီးပွားရေးကို ဆက်၍လုပ်ဆောင်ရပေမည်။အကယ်၍ သူသည် ကင်းလှည့်နေသောစစ်သားများကို ဒေါသထွက်အောင် အမှန်တကယ်လုပ်ဆောင်မိပါက နောင်အနာဂတ်တွင် သူ စီးပွားရေးလုပ်ကိုင်ရာ၌ လွယ်ကူချောမွေ့တော့မည်မဟုတ်ချေ။
လုယွီက ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်ဘက်သို့ လှည့်ကြည့်လိုက်၏။
"သေချာနားထောင်စမ်း...တကယ်လို့ မင်း တွေးတောတတ်ရင်တော့ ပိုပြီးအဆင်ပြေတယ်....သူ့ကို အင်မော်တယ်ကျောက်တုံးတစ်သိန်း မင်း ပေးရမယ်"
ဆိုင်ရှင်သည် ပါးစပ်ဟလိုက်သော်လည်း လုယွီ၏စူးရှသောအကြည့်ကို တွေ့မြင်ပြီးနောက် အဆုံးသတ်၌ သူ မည်သည့်စကားကိုမျှ မဆိုတော့ချေ။
အင်မော်တယ်ကျောက်တုံးတစ်သောင်းမှနေ၍ တစ်သိန်းသို့ ပြောင်းလဲသွားလေပြီ။
ဤငွေပမာဏသည် ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်အတွက် များပြားခြင်းမရှိသော်လည်း သူ့အား ထပ်မံ၍အရှက်ခွဲခံရခြင်းပင်။
"ဒီနေရာမှာ ရပ်ပြီးတော့ စောင့်ကြည့်နေစမ်း....တကယ်လို့ သူတို့ မပေးဘူးဆိုရင်...သူတို့ မတ်တတ်ထရပ်နိုင်မှာမဟုတ်ဘူး"
လုယွီသည် ဆိုင်ရှင်ကို ထိုလူငယ်များရှေ့၌ မတ်တတ်ရပ်စေကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ချလွမ်....
ရုတ်တရက် လက်ထောက်တပ်မှူးက သူ၏ဓားကို ဆွဲထုတ်လိုက်၏။
တခြားစစ်သားများသည်လည်း တိုက်ခိုက်ရန်အဆင်သင့်ပြင်ထားပုံဖြင့် လုယွီကို ဝိုင်းရံလိုက်ကြသည်။
"မင်းက လူတွေကို ရိုက်ခဲ့တယ်...ဒါတောင်မှ မင်းက ထွက်သွားချင်သေးတာလား"
လက်ထောက်တပ်မှူးက လုယွီကို စူးစိုက်၍ကြည့်လေသည်။
လုယွီက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"ငါ သိချင်မိတာက....မင်းက တာယွီအင်ပါယာရဲ့စစ်သားတစ်ယောက် တကယ်ရောဟုတ်ရဲ့လား...ဒါမှမဟုတ် မင်းက ထန်အင်ပါယာရဲ့စစ်သားလား...ထန်အင်ပါယာကလူတွေ နှင်းစက်နေမင်းမြို့ထဲမှာ ပြဿနာရှာနေတာတောင် မင်းက ဂရုမစိုက်ဘူး....ဘာလို့လဲ....အဲ့ဒီလူတွေ တိုက်ခိုက်ခံရတော့မှ မင်းက ကြားဝင်စွက်ဖက်ချင်တာလား"
"ဒါက အမှန်ပဲ...မင်းလိုကျေးဇူးကန်းတဲ့ကောင်တွေကို လစာပေးဖို့ ငါတို့က လတိုင်းအခွန်ပေးဆောင်နေရတယ်"
"ရှေ့တန်းမှာ တာယွီအင်ပါယာဘက်ကနေ တိုက်ပွဲတိုင်းရှုံးနိမ့်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ကြည့်ရတာတော့ စစ်တပ်ထဲမှာ မင်းလိုသူရဲဘောကြောင်တဲ့သူတွေပဲ ရှိနေပုံရတယ်"
ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ ပြစ်တင်ပြောဆိုသော အသံများ ထွက်ပေါ်လာသည်။
လက်ထောက်တပ်မှူး၏မျက်နှာပေါ်တွင် အလွန်စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ဤနေရာတွင် နံဘေးမှစောင့်ကြည့်နေသော လူအမြောက်အများရှိနေသည်။
နှင်းစက်နေမင်းမြို့အတွင်း၌ စစ်စခန်းချထားသော စစ်သားများအပြင် လေလွင့်ကျင့်ကြံသူအမြောက်အများရှိနေသည်။ထိုလေလွင့်ကျင့်ကြံသူများထံတွင် စည်းမျဥ်းဥပဒေများစွာမရှိချေ။သူတို့၏အင်္ကျီလက်များကို ခါယမ်းလိုက်ရုံမျှဖြင့် လူတစ်ယောက်ကိုသတ်ဖြတ်ခြင်းသည် ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ရပ်ပင်။
သူသည် လက်ထောက်တပ်မှူးလေးမျှသာဖြစ်သည်။အကယ်၍ သူသည် လူထု၏ဒေါသကို နှိုးဆွမိပါက သူ့ထံတွင် အဆုံးသတ်ကောင်းရှိမည်မဟုတ်ချေ။
"မှတ်ထား....အဲ့ဒီလူတွေကို ခြောက်နာရီကြာအောင် ဒူးထောက်ခိုင်းရမယ်"
လုယွီသည် ဆိုင်ရှင်၏ပခုံးကိုပုတ်၍ စစ်သားများ၏ရှေ့မှဖြတ်၍ ထွက်ခွာခဲ့တော့သည်။
ထိုစစ်သားများထံတွင် မည်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျှ ရှိမနေချေ။
တစ်နည်းဆိုရလျှင် သူတို့သည် သာမာန်လူများကိုသာ ခြောက်လှန်ဝံ့သူများဖြစ်ပြီး အမှန်အားဖြင့် သတ္တိမရှိကြပေ။
လုယွီ ထွက်ခွာသွားပြီးနောက်...
မည်သည့်အထောက်အပံ့မျှ မရှိတော့သဖြင့် ဆိုင်ရှင်သည် ဖြူရော်နေသောမျက်နှာနှင့် မြေပြင်ပေါ်၌ ချက်ချင်းထိုင်ချလိုက်၏။
Chapter 3394
လက်ထောက်တပ်မှူးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"လာကြစမ်း...လူငယ်ပါရမီရှင်တွေကို မြန်မြန်တွဲထူလိုက်ကြစမ်း"
စစ်သားများသည် တုံ့ဆိုင်းမနေဝံ့သဖြင့် သူတို့သည် ပါရမီရှင်များကို ထူမရန်အတွက် အလျင်စလို အပြေးသွားကြသည်။
ကံအကြောင်းမလှစွာဖြင့် သူတို့ မည်မျှပင်ပြုလုပ်နေပါစေ ထိုလူများပေါ်တွင် လေးလံသောတောင်ကြီးတစ်လုံး ဖိစီးနေသည့်အလား တွဲထူပေးနိုင်ခြင်းမရှိချေ။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေကြသူများထံမှနေ၍ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
ဤနေရာ၌ လူများ ပို၍ပို၍ စုဝေးလာသည်။မောက်မာရမ်းကားသော ထန်အင်ပါယာ၏လူငယ်ပါရမီရှင်များသည် လမ်းပေါ်တွင် မည်သည်ကြောင့်ဒူးထောက်နေသည်ကို လူတိုင်း သိရှိလိုကြ၏။
"ဘေးဖယ်စမ်း...ဘေးဖယ်ကြစမ်း"
ထိုအချိန်မှာပင် ပြင်းထန်သောခြေလှမ်းသံများက လမ်းပေါ်မှထွက်ပေါ်လာသည်။
လူအုပ်ကြီး ချက်ချင်းဆိုသလိုပင် လမ်းဖယ်ပေးလိုက်ကြသည်။လေးလံသောသံချပ်ကာများကို ဝတ်ဆင်ထားသော စစ်သားများသည် လမ်းတလျှောက်ပြေးလာကြရာ မကြာမီမှာပင် ဤနေရာသို့ရောက်ရှိလာသည်။
"ဒီကိစ္စနဲ့ ဘာမှမဆိုင်တဲ့သူတွေ မြန်မြန်နောက်ဆုတ်ကြစမ်း...မဟုတ်ရင် အမိန့်မနာခံတဲ့သူက နေရာမှာတင် ကွပ်မျက်ခံရမယ်"
ထိုစစ်သားများကို ဦးဆောင်လာသူသည် စူးရှသောအကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။သူ၏အကြည့်ကို ခံယူရသော မည်သူမဆို သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာခြင်းကို ခံစားမိသည်။
"ဒါက နှင်းစက်နေမင်းမြို့ရဲ့ကျားစစ်တပ်က မဟုတ်လား"
"သွားကြစို့...အဲ့ဒီကြမ်းတမ်းတဲ့ လူသတ်သမားတွေ ငါတို့ကို တွေ့မသွားစေနဲ့"
စိတ်ဝင်တစားဖြင့် နံဘေးမှစောင့်ကြည့်နေကြသူများအားလုံး ချက်ချင်းလူစုကွဲသွားကြသည်။လမ်းတစ်လမ်းလုံး ရုတ်တရက် လူအသွားအလာ ရှင်းသွားပေ၏။
လက်ထောက်စစ်ဗိုလ်ချုပ်သည် မြေပြင်ပေါ်၌ ဒူးထောက်နေသော ထန်အင်ပါယာမှလူငယ်ပါရမီရှင်တစ်စုကို မြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့ကို ကောင်းကောင်းဂရုစိုက်ဖို့ ငါ မင်းကို ပြောထားတယ်မဟုတ်လား...ငါ မင်းကို ခုမနက်ကတင် ပြောလိုက်တယ်...ခု ဒီလိုကိစ္စမျိုးတွေဖြစ်လာအောင် မင်း ဘယ်လိုလုပ်လိုက်တာလဲ"
လက်ထောက်စစ်ဗိုလ်ချုပ်က လက်ထောက်တပ်မှူးကို အော်ငေါက်လေသည်။
လက်ထောက်တပ်မှူးသည် ခေါင်းမမော့ဝံ့ဘဲ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။
ဤကိစ္စသည် အမှန်အားဖြင့် အလွန်ရိုးရှင်းပေ၏။
ဤလူငယ်တစ်စုသည် ထန်အင်ပါယာ၏ယခုလက်ရှိအရှိန်အဝါကို အမှီပြု၍ နှင်းစက်နေမင်းမြို့အတွင်း၌ သူတို့လုပ်လိုသော ကိစ္စမှန်သမျှကိုပြုလုပ်ပြီး နေရာအနှံ့အပြား၌ ပြဿနာရှာနေသည်။စစ်တပ်အတွင်းမှ စစ်သားတချို့သည် ဒေါသထွက်နေခဲ့ကြသော်လည်း မည်သည့်စကားမျှ ပြောဆိုဝံ့ခြင်းမရှိချေ။
အကြောင်းအရင်းမှာ အထက်လူကြီးများသည် ထိုလူငယ်များအား ယဥ်ကျေးစွာဖြင့် ကောင်းကောင်းမွန်မွန်ဆက်ဆံရန် သူတို့ကို ညွှန်ကြားထားသောကြောင့်ပင်။ထိုလူငယ်များသည် မည်သည့်ကိစ္စများကို ပြုလုပ်နေပါစေ သူတို့အား ထိခိုက်နာကျင်အောင် လုပ်ဆောင်ခွင့်မရှိချေ။
"အဓိပ္ပါယ်မရှိလိုက်တာ...ဒါက ထမင်းတစ်နပ်အတွက် ကျသင့်ငွေလေးလေ...မင်းက သူတို့ခြောက်နာရီဒူးထောက်ရမှာကို ကြည့်နေတာလား....တကယ်လို့ ဒီသတင်းသာ အပြင်ကိုပြန့်သွားရင် ငါတို့တာယွီအင်ပါယာက အရမ်းဆင်းရဲတာပဲလို့ လူတွေက တွေးထင်ကြလိမ့်မယ်...ဒီကိစ္စက အင်ပါယာနှစ်ခုကြားမှာ အနှောက်အယှက်ဖြစ်သွားနိုင်တယ်...မင်း နားလည်ရဲ့လား"
လက်ထောက်စစ်ဗိုလ်ချုပ်သည် သူ၏ဒေါသများကို ဖွင့်ထုတ်စရာရသွားသည့်အလား ခြေဆောင့်၍ အော်ငေါက်လိုက်သည်။
ထို့သို့ပြောဆိုပြီးနောက် သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ မြေပြင်ပေါ်၌ဒူးထောက်နေဆဲဖြစ်သော လူငယ်များကိုလက်ညှိုးညွှန်၍ ပြောဆိုသည်။
"မင်းတို့က ဒီနေရာမှာ ဘာရပ်လုပ်နေကြတာလဲ...သူတို့မတ်တတ်ထရပ်နိုင်အောင် သွားပြီးကူညီပေးကြစမ်း"
"ကျွန်တော် ဒါကို လုပ်လို့မရဘူး"
လက်ထောက်တပ်မှူးက အပြစ်ကင်းမဲ့သောအမူအယာနှင့် ပြောဆိုလေ၏။
"အမှိုက်တစ်သိုက်ပဲ"
လက်ထောက်စစ်ဗိုလ်ချုပ်သည် ရှေ့သို့တိုးသွားကာ ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်ကို ပခုံးမှဆွဲမ၍ သူ့အားကူညီ၍တွဲထူပေးရန် ပြင်ဆင်လေသည်။
သို့ရာတွင် ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ကျားစစ်တပ်၏လက်ထောက်စစ်ဗိုလ်ချုပ်သည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်ကာ သာမာန်စစ်ဗိုလ်ချုပ်တစ်ယောက်၏ခွန်အားကို ပိုင်ဆိုင်ထားသည်။
ထို့ပြင် သူသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံသော ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူလည်းဖြစ်သည်။အကယ်၍ သူ၏မှော်စွမ်းအားများကို အသုံးမပြုလျှင်ပင် ဂျင်ထောင်နှင့်ချီလေးလံသော အရာများကို လွယ်လင့်တကူ လှုပ်ခတ်နိုင်စွမ်းရှိသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ အင်အားကုန်အသုံးပြုသည့်တိုင် ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်ကို အနည်းငယ်မျှပင် လှုပ်ခတ်စေနိုင်စွမ်းမရှိချေ။
"ဖြစ်နိုင်တာတော့ တားမြစ်မှော်မန္တန်တစ်ခုခု သက်ရောက်နေတာများလား"
လက်ထောက်စစ်ဗိုလ်ချုပ်က မျက်မှောင်ကြုတ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လူငယ်၏မျက်လုံးများ အပြည့်အဝ နီမြန်းနေသည်။သူသည် လက်ထောက်စစ်ဗိုလ်ချုပ်ကို စူးစူးဝါးဝါးကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ထွက်သွားစမ်း"
"ဧည့်သည်တော်လေး...."
"ထွက်သွားစမ်း...မဟုတ်ရင် ကျားစစ်တပ်ဆိုတာ ဆက်ပြီးမတည်ရှိစေရဘူး"
ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
လက်ထောက်စစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဤတစ်ကြိမ်ယှဥ်ပြိုင်ပွဲသည် အလွန်အမင်းအရေးကြီးကြောင်း သူ သိရှိထားပြီးလေပြီ။
အကယ်၍ သူ အမှားတစ်ခုခုလုပ်မိပါက နောင်အနာဂတ်တွင် သူ့အား မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်ချေ။
စစ်သားတစ်စုသည် လူငယ်၏တားဆီးခြင်းကိုခံရသဖြင့် သူတို့သည် တခြားလူများကို အဝေးသို့ဖယ်ခိုင်းကာ ဆိုင်ရှင်ကိုလည်း နံဘေးသို့မောင်းထုတ်လိုက်၏။
ရှည်လျားသောလမ်းမကြီးပေါ်တွင် မောက်မာဝံ့ကြွားသော ထန်အင်ပါယာမှလူငယ်ပါရမီရှင်များ ဒူးထောက်နေဆဲပင်။
အချိန်နှစ်နာရီပြည့်ပြီးနောက်...
ထိုအချိန်ကျမှသာ ထိုလူငယ်များ၏နံဘေးသို့ လူအမြောက်အများ ရောက်ရှိလာသည်။
Chapter 3395
ထိုလူစုအား ဦးဆောင်လာသူမှာ မုတ်ဆိတ်မွှေးဖြူများရှိပြီး ခရမ်းရောင်ဝတ်စုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ပင်။
"အရှင့်သား...ကျွန်တော်က ဒီကိစ္စကို နှင်းစက်နေမင်းမြို့ရဲ့အစောင့်တပ်နဲ့ ညှိနှိုင်းလိုက်မယ်....ကျွန်တော် နောက်ကျသွားတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"
အဖိုးအိုသည် ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်ကိုမြင်ချိန်တွင် ဦးညွှတ်၍အရိုအသေပြုလိုက်၏။
ယခင်က လက်ထောက်တပ်မှူးပင်လျှင် ဤပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်၏အဆင့်အတန်းကို သိရှိမည်မဟုတ်ချေ။
ဤပန်းထိုးပိုးထည်ဝတ်စုံဝတ်လူငယ်သည် ထန်အင်ပါယာမှကျင်းဘုရင်၏သားတော် မင်းသားလီမင်ပင်။
"အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာရပ်ပြီးတော့ ငါ့ကို အရင်ဆုံးလွှတ်ပေးစမ်း"
လီမင်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
အဖိုးအိုသည် တုံ့ဆိုင်းမနေဝံ့သဖြင့် လူငယ်၏အနောက်သို့ အလျှင်အမြန်ရောက်ရှိလာသည်။ထို့နောက် သူ၏လက်ချောင်းထိပ်မှနေ၍ ကြယ်ရောင်အစက်အပျောက်တချို့ ထွက်ပေါ်လာသည်။
ကြယ်ရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာမှုနှင့်အတူ ရွှေရောင်သင်္ကေတအက္ခရာများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ မျောလွင့်နေသည်။
ဝုန်း....
ကျယ်လောင်သောတုန်ခါသံကြီးနှင့် အတူယှဥ်တွဲ၍ အဖိုးအို၏လက်ချောင်းထိပ်မှ ကြယ်အလင်းတန်းများ အဝေးသို့လွင့်ထွက်သွားပေ၏။
"မဟုတ်ဘူး...ဒါက တားမြစ်မှော်မန္တန်ရဲ့စွမ်းအားမဟုတ်ဘူး"
အဖိုးအို၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်နေသောအမူအယာမျိုး ထင်ဟပ်လာသည်။
မင်းသားတစ်ပါး၏အနီးကပ်လူယုံဖြစ်သော သူသည် ထန်အင်ပါယာ၏အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သာမာန်တားမြစ်မန္တန်များကို သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်ရုံများဖြင့် ပျက်ပြယ်စေနိုင်စွမ်းရှိသည်။
သို့ရာတွင် တားမြစ်မှော်မန္တန်လည်းမဟုတ် ချုပ်နှောင်မှော်မန္တန်လည်းမဟုတ်ဘဲ မြေပြင်ပေါ်၌ လူအများကိုဖိနှိပ်ထားနိုင်သော စွမ်းအားမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
"အရှင့်သား...အရှင့်သားက ဒီတစ်ကြိမ်မှာတော့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတာဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိတယ်...ဒီလူအိုကြီးမှာ အစွမ်းအစမရှိပါဘူး"
ဆံဖြူအဖိုးအိုက ရှက်ရွံသောမျက်နှာအမူအယာနှင့် ပြောဆိုသည်။
"အမှိုက်တစ်သိုက်ပဲ....မင်းတို့ကိုချန်ထားတာ ဘာအသုံးဝင်တာရှိလဲ"
လီမင်က ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
လုယွီသည် သိုင်းပညာသူတော်စင်၏မှော်မန္တန်ကို အသုံးပြုထားသည်အား သူတို့ သိရှိနိုင်မည်မဟုတ်ချေ။
သူ၏ သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ခွန်အားနှင့် နတ်ဘုရားနဂါးဟိန်းသံ၏စွမ်းအားကို ပေါင်းစပ်ထားခြင်းပင်။သူသည် မိုးကောင်းကင်၏ဆန္ဒကို ထုတ်ဖော်နိုင်ကာ ဥပဒေသများ၏စွမ်းအားကို အသုံးပြုနိုင်သော သိုင်းပညာအင်မော်တယ်အဆင့်သို့ မရောက်ရှိသေးသော်လည်း ဤပုစွန်ငယ်များကိုဖိနှိပ်ရန်မှာ လုံလောက်သည်ထက်ပင်ပိုနေပေ၏။
ဤသတင်းသည် မကြာမီမှာပင် နှင်းစက်နေမင်းမြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
ကျားစစ်တပ်သည် လမ်းတစ်လမ်းလုံးကို တပ်ဖြန့်၍ စောင့်ကြပ်ထားသော်လည်း ဤနေရာ၌ နေထိုင်သော ကျင့်ကြံသူတချို့၏ ကျင့်ကြံဆင့်နယ်ပယ်များသည် အားနည်းခြင်းမရှိချေ။
လူတချို့သည် အတားအဆီးမရှိဘဲ နတ်ဘုရားစိတ်အာရုံများဖြင့် စုံစမ်းထောက်လှမ်းနိုင်ကြသဖြင့် စကားတစ်လုံးမှနေ၍ ပါးစပ်ပေါက်များစွာထိ ပျံ့နှံ့သွားတော့သည်။
ထန်အင်ပါယာ၏လူငယ်ပါရမီရှင်များသည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ယောက်၏ ဖိနှိပ်ခြင်းကိုခံရပြီး သူတို့အားလုံး မြေပြင်ပေါ်၌ ခြောက်နာရီကြာဒူးထောက်နေရသည်။
ထန်အင်ပါယာမှနေ၍ အစွမ်းထက်ကျင့်ကြံသူများစေလွှတ်၍ တားမြစ်မှော်မန္တန်ကို ဖယ်ရှားစေသော်လည်း သူတို့သည် မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်ခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် နှင်းစက်နေမင်းမြို့တစ်မြို့လုံး ပွက်လောရိုက်သွားသည်။
တာယွီအင်ပါယာသည် ဆက်တိုက်ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသဖြင့် သူတို့၏စိတ်ဓာတ်များ ကျဆင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များ ဒုက္ခခံစားလိုက်ရသဖြင့် လူတိုင်း ဝမ်းသာပျော်ရွှင်နေကြ၏။
……
နှင်းစက်နေမင်းမြို့ အစောင့်တပ်၏ မှတ်တမ်းရုံး၌...
ကျူးကော်မင်သည် စားပွဲတစ်လုံးရှေ့၌ ထိုင်နေသည်။ဖယောင်းတိုင်သည် မှေးမှိန်နေကာ ဖျော့တော့တော့အလင်းရောင်ကို အသုံးပြု၍ စာရွက်စာတမ်းတချို့ကို စစ်ဆေးနေသည်။
ရုတ်တရက် သူ၏နောက်၌ အရိပ်တစ်ရိပ်ထွက်ပေါ်လာသည်ကို ခံစားမိသဖြင့် ထိတ်လန့်သွားကာ အော်ဟစ်လိုက်၏။
"ဘယ်သူလဲ...."
"ငါပါ..."
လုယွီသည် အမှောင်ထုအတွင်းမှထွက်လာကာ သူ၏လက်ဖြင့် စားပွဲခုံကို ကိုင်လိုက်သည်။
ကျူးကော်မင်က အလျင်စလိုမတ်တတ်ထရပ်ကာ ပြောဆိုသည်။
"အရှင့်ကို နှုတ်ဆက်ပါတယ်"
"နှင်းစက်နေမင်းမြို့မှာ စခန်းချတဲ့ စစ်တပ်တွေနဲ့ပတ်သတ်ပြီးတော့ မင်း ငါ့ကိုပေးတဲ့ သတင်းအချက်အလက်တွေက သိပ်မတိကျဘူး....အသေးစိတ်ကျတဲ့မှတ်တမ်းမျိုး ငါ လိုချင်တယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။
ကျူးကော်မင်သည် လျစ်လျှူရှုမထားဝံ့ချေ။သူ၏လက်ချောင်းများဖြင့် သူ၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုသို့ ဖိနှိပ်လိုက်သည်။သူ၏စိတ်ဝိညာဥ်မှစွမ်းအားများက ချက်ချင်းဆိုသလိုပင် မှတ်တမ်းရုံးတစ်ရုံးလုံးအနှံ့ ပျံ့နှံ့သွားသည်။အချိန်တခဏကြာပြီးနောက် သူသည် ထိုအရာများအနက်မှ အစိတ်အပိုင်းတစ်ခုကိုထုတ်ယူကာ လုယွီထံ လွှဲပြောင်းပေးလိုက်သည်။
လုယွီသည် ထိုအရာများကို အလျှင်အမြန် ဖတ်ရှုလိုက်၏။
ထိုသိုဆိုသည့်တိုင် သူ၏မှတ်ဥာဏ်အတွင်း၌ ထိုအကြောင်းအရာများကို ရေးထွင်းထားသည့်အလား မှတ်မိနေဆဲပင်။
"နှင်းစက်နေမင်းမြို့ရဲ့ ခေါင်းဆောင်စစ်ဗိုလ်ချုပ်ဝမ်ကျန်း....ကျားစစ်တပ်ရဲ့တပ်မှူးစစ်ဗိုလ်ချုပ်က ဝမ်ရှင်း....ကျူးကော်မင် နှင်းစက်နေမင်းမြို့က ဝမ်မိသားစုရဲ့စစ်တပ်မြို့တော့ မဟုတ်ဘူးမလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ကျူးကော်မင်က ကူကယ်ရာမဲ့စွာ သူ၏ခေါင်းကို ခါယမ်းပြလေသည်။
လုယွီသည် နောက်ဆုံး၌ သော့ချက်ကို ရှာဖွေတွေ့ရှိသွားလေပြီ။
ရှေ့တန်းစစ်မျက်နှာစာ၏အဓိကသော့ချက်နေရာဖြစ်သော နှင်းစက်နေမင်းမြို့၏ ထိပ်သီးစစ်ဗိုလ်ချုပ်များအားလုံး ဝမ်မိသားစုဝင်များဖြစ်နေသည်။
ထိုက်လင်တပ်ခွဲနှင့် ရှီးလျန်မြို့မှ တခြားအစောင့်တပ်သုံးတပ်သည်လည်း အလားတူစွာပင် ဝမ်မိသားစု၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။
ရှီးလျန်ကြယ်နယ်မြေသခင် ဝမ်မူကျီးသည် သူ၏ရာထူးဖြစ်သော လက်ဝဲစစ်တပ်တပ်မှူးနေရာကို လုံးလုံးလျားလျား လွှဲပြောင်းယူထားပြီးလေပြီ။