အခန်း (၃၄၀၆-၃၄၁၀)
Vol. 174 Ch. 3406-3410
Chapter 3406
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသော ပါရမီရှင်လူငယ်များသည် ဝမ်ခန်း၏လက်အတွင်းမှဓားကို မှတ်မိကြသည်။
ဤဓားရှည်သည် ထူးခြားကာ ဝမ်မိသားစုတွင်သိမ်းဆည်းထားသော ရတနာဓားအနည်းစုအနက်မှ တစ်လက်ဖြစ်သည်။
ရှီးလျန်မြို့၏ နယ်မြေခံအာဏာရှင်ဖြစ်သော ဝမ်မိသားစုထံတွင် ရတနာဓားများအပါအဝင် အမျိုးအစားစုံလင်ပြီးရှုပ်ထွေးသော ရတနာအမြောက်အများရှိနေသည်။
ဤ 'ရေခဲဒေါသဓား'သည် နာမည်ကျော်ကြားသော ရတနာဓားတစ်လက်ပင်။
ကောလဟာလများအရ ဤဓားသည်ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အဖိုးတန်ဆုံးမှော်လက်နက်ဖြစ်သည်။ထိုဂိုဏ်းသည် ရှီးလျန့်အုပ်ချုပ်ရေးရုံးတော်၏ ဖျက်ဆီးခြင်းကိုခံရပြီးနောက် ထိုရတနာဓားသည် ဝမ်မိသားစု၏လက်အတွင်းသို့ ရောက်ရှိသွားလေ၏။
"ဒီဓားက မဆိုးဘူး"
လီမင်၏မျက်လုံးများ တောက်ပသွားသည်။
ဝမ်ခန်းက အထင်အမြင်သေးသောလေသံနှင့် ပြောဆိုသည်။
"ဒါက အမှန်ပဲ...တာယွီအင်ပါယာက နယ်မြေကျယ်ပြန့်ပြီးတော့ အရင်းအမြစ်တွေ ပေါကြွယ်ဝတယ်...ဒီဓားက ဘာမှမဟုတ်သေးဘူး...ထန်ဧကရာဇ်ရဲ့ ဆွေတော်မျိုးတော်တစ်ယောက်ဖြစ်တဲ့ မင်းမှာ သင့်တော်တဲ့လက်နက်တစ်ခုတောင် မရှိဘူးလို့တော့ ငါ့ကိုမပြောနဲ့"
လီမင်က သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"မင်းကို ရင်ဆိုင်ဖို့အတွက် ငါ့ရဲ့လက်နက်ကိုထုတ်ဖို့ မလိုအပ်ဘူး"
ဤစကားသည် ဝမ်ခန်းကို စိတ်အနှောက်အယှက်ဖြစ်သွားစေသည်။
"ငါ မင်းနဲ့ အပိုစကားတွေ ထပ်မပြောတော့ဘူး...ငါ့ရဲ့ဓားကိုကြည့်စမ်း"
ဝမ်ခန်းသည် သူ၏ဓားကိုဝှေ့ယမ်းလိုက်ရာ လေဟာနယ်အတွင်း၌ ဓားချီလှိုင်းများ ဖြာထွက်လာသည်။
လူတိုင်းသည် ရေခဲဒေါသဓားကိုကြည့်နေရာမှ အသိပြန်မဝင်သေးမီမှာပင် ထိုဓားရှည်သည် လီမင်း၏နံဘေးသို့ ချက်ချင်းရောက်ရှိလာပေ၏။
အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် ဝမ်ခန်း၏ဓားသည် လီမင်၏အဝတ်အစားများကို ဖြတ်သန်းကာ သူ၏နောက်သို့ ရောက်ရှိသွားသည်။
ဝှစ်...
လီမင်၏လက်ယာဘက်လက်နေရာမှ အဝတ်အစား စုတ်ပြဲသွားလေ၏။
ပြတ်ရှသွားသော ဓားဒဏ်ရာမှနေ၍ အနီရောင်သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာကာ မြေပြင်ပေါ်သို့ တစက်စက်စီးကျနေသည်။
တိုက်ပွဲစင်မြင့်၏နောက်ရှိ တာယွီအင်ပါယာဘက်မှစစ်သားများအားလုံး ဝမ်းမြောက်ဝမ်းသာ အော်ဟစ်၍အားပေးလိုက်ကြသည်။
ယခုချိန်တွင် ဝမ်ခန်းသည် စတင်တိုက်ခိုက်သည့်အချိန်မှာပင် လီမင်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ဤသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ရာပင်။
"ဘယ်လိုလဲ...နောက်တစ်ကြိမ်ကျရင် ဒီဓားက မင်းရဲ့လည်ပင်းပေါ်ကျသွားမှာ သေချာတယ်"
ဝမ်ခန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။
ဤတစ်ကြိမ်တွင် အင်ပါယာနှစ်ခုကြား၌ မျှခြေရရန်အတွက် သူ လီမင်ကို အနိုင်ယူရပေမည်။
သို့ရာတွင် ဤကဲ့သို့ခြိမ်းခြောက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် လီမင်၏မျက်နှာပေါ်၌ မည်သည့်စိုးရိမ်ပူပန်မှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။
အပြုံးတစ်ခုက လီမင်၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
"ဟား...ဟား...ဟား..."
ရုတ်တရက် လီမင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ဝမ်ခန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာလို့ရယ်နေတာလဲ"
ဖြစ်နိုင်သည်မှာ ဤလီမင်သည် ရူးသွပ်သွားသဖြင့် အသံသေးအသံကြောင်ဖြင့် အော်ဟစ်ရယ်မောနေသလော....
လီမင်က ပြောဆိုသည်။
"ဒါဆိုရင် ဒါက ရှီးလျန်ပါရမီရှင်စာရင်းက နံပါတ်တစ်လူငယ်ပါရမီရှင်ပေါ့...တကယ့်ကို ရယ်စရာကောင်းတာပဲ...မင်းက အရည်အချင်းရှိတဲ့သူဖြစ်မယ်လို့ ငါ အစကထင်ထားခဲ့တာ...ဒါပေမယ့် အခုကြည့်ကြည့်တော့မှ မင်းက တစ်ခုနှစ်ခု သင်ယူထားပြီးတော့ လေကျယ်နေတဲ့ကောင် ဖြစ်နေတာပဲ"
လီမင်သည် အစောပိုင်းက အရေးနိမ့်သွားပုံရသော်လည်း အမှန်အားဖြင့် ဤသည်မှာ သူ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းပင်။
သူသည် ဝမ်ခန်း၏ခွန်အားကို သိရှိစေရန် ကြည့်လိုသဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် လီမင်ကို အလွန်စိတ်ပျက်သွားစေခဲ့သည်။
အစောပိုင်းက ဝမ်ခန်းသည် ထက်ရှသောဓားနည်းစနစ်ကို အသုံးပြုခဲ့ပုံရသော်လည်း လီမင်၏အမြင်တွင် ဟာကွက်များဖြင့် ပြည့်နှက်နေပေ၏။သူသည် တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်ခံနိုင်မည့်ပုံမရချေ။
လီမင်သည် အစောပိုင်းက ဓားချက်အတွင်းတွင် ဟာကွက်ပေါင်း ဆယ်ခုကျော်မက ရှာဖွေတွေ့ရှိခဲ့ကာ ထိုအရာများကို ချေဖျက်နိုင်စွမ်းရှိသည်။
ဤဓားချက်သည် အမှန်တကယ်ကို စိတ်ပျက်ဖွယ်ရာပင်။
တော်ဝင်အိမ်တော်ရှိ လူငယ်တချို့ပင်လျှင် ဝမ်ခန်းထက် ပို၍သန်မာအားကောင်းနေပေမည်။
"ဖြစ်နိုင်တာတော့ ငါ ခုဏက သိပ်မရှင်းလင်းတာများလား...ငါ မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်....မင်းရဲ့ခွန်အားကုန် အသုံးပြုစမ်း"
လီမင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ရှီးလျန်ပါရမီရှင်စာရင်း၏နံပါတ်တစ်လူငယ်ပါရမီရှင်ထံတွင် မည်ကဲ့သို့တိုက်ခိုက်စွမ်းအားမျိုးရှိသည်ကို သူ အမှန်တကယ်ကို မြင်တွေ့လိုသည်။
လီမင်၏အမူအယာကင်းမဲ့သော မျက်နှာကိုကြည့်ပြီး ဝမ်ခန်းသည် သူ့အား လျစ်လျှူရှုခံရသည့်အလား ခံစားမိသည်။
"ကောင်းတယ်...အရမ်းကောင်းတယ်...မင်းနဲ့ငါကြားကကွာဟချက် ဘယ်လောက်ကြီးမားတယ်ဆိုတာ မင်းသိအောင် ငါ ပြပေးမယ်"
သူသည် အစောပိုင်းက သနားညှာတာမှုကို ပြသခဲ့ခြင်းပင်။ဤလီမင်သည် ထိုအရာကို မမြင်တွေ့ခဲ့သလော။
ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ် မှော်စွမ်းအားများက ဝမ်ခန်း၏လက်အတွင်းရှိ ရေခဲဒေါသဓားအတွင်းသို့ စီးဝင်သွားသည်။
Chapter 3407
ရေခဲဒေါသဓား၏မျက်နှာပြင်မှနေ၍ အေးစက်စက်အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာသည်။
ဝမ်ခန်း၏နံဘေးပတ်ဝန်းကျင်ရှိ အပူချိန်သည် အလွန်အမင်း နိမ့်ကျသွားပေ၏။
ဤသည်မှာ ရေခဲဒေါသဓား၏အကျိုးသက်ရောက်မှုပင်။ထိုအခိုးအငွေ့များသည် လေထုအတွင်း၌ အေးခဲသွားကာ လူအများကို ချမ်းစိမ့်တုန်ရီသွားစေသည်။
ပြင်းထန်သောအေးစိမ့်မှုလှိုင်းများကအရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထို့နောက် ဝမ်ခန်း၏ရှေ့တွင် ကြည်လင်သောရေခဲတုံးငယ်လေးများ ရုတ်တရက် ထွက်ပေါ်လာပေ၏။
ထိုရေခဲတုံးများသည် အတူတကွစုဝေးသွားကာ ကြီးမားသောမုန်တိုင်းကြီးအဖြစ် ဖွဲ့စည်းသွားသည်။ထိုလေပြင်းမုန်တိုင်းသည် တဝုန်းဝုန်းထနေပြီး အတွင်း၌ ရေခဲနဂါးကြီးတစ်ကောင်အဖြစ် သိပ်သည်းသွားလေ၏။ထိုရေခဲနဂါးကြီး၏မျက်လုံးပွင့်လာကာ လီမင်ကိုပြင်းပြင်းထန်ထန်ဆုတ်ဖြဲရန်အတွက် တိုးဝင်သွားတော့သည်။
ဤဓားချက်သည် ဝမ်ခန်း၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုပင်။
ဝမ်ခန်းသည် ဤဓားချက်ကို မျိုးဆက်ဟောင်းများမှ အစွမ်းထက်ကျင့်ကြံသူတချို့နှင့် ရင်ဆိုင်ခဲ့ရသော အချိန်မျိုးတွင်သာ အသုံးပြုခဲ့သည်။
ရှီးလျန်မြို့အတွင်းရှိ မျိုးဆက်တူလူငယ်များအတွက်မူ ဝမ်ခန်းသည် ဤဓားချက်ကိုအသုံးပြုရန် မလိုအပ်ခဲ့ချေ။
"ဝေါင်း...."
ရေခဲနဂါးကြီးသည် ကျယ်လောင်စွာဟိန်းဟောက်ကာ သူ၏အသံတွင် အစစ်အမှန်နဂါးဟိန်းသံ၏အရိပ်အယောင်မျိုးပင် ရောယှက်နေသည်။
ထိုနဂါးကြီးသည် သူ၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟကာ လီမင်ကို ကိုက်ဖြတ်ရန်အတွက် တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ရေခဲနဂါးကြီး ချဥ်းကပ်လာသည်ကိုကြည့်ပြီး လီမင်၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအပြုံးတစ်ခု ရုတ်တရက် ထင်ဟပ်လာသည်။
လီမင်သည် သူ၏လက်ချောင်းများကို အတူတကွစုစည်းလိုက်ရာ သူ၏လက်ချောင်းထိပ်၌ တောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပေ၏။ထိုရွှေရောင်အလင်းတန်း တောက်ပလာသည်နှင့်အတူ မြောက်မြားစွာသော သင်္ကေတအက္ခရာများက သူ၏လက်ချောင်းထိပ်၌ တဖျတ်ဖျတ်ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လီမင်သည် ရေခဲနဂါးကြီးကို ပစ်မှတ်ထား၍ လက်ညှိုးညွှန်လိုက်သည်။
"မိုးမြေလက်ချောင်း..."
လီမင်၏အော်သံနှင့်အတူ သူ၏လက်ချောင်းထိပ်မှ ရွှေရောင်အလင်းတန်းများ ပွင့်အံ့ထွက်လာကာ ဓားရှည်တစ်လက်အလား လေထုကို ထွင်းဖောက်သွားသည်။
"ဝှစ်..."
ရုတ်ချည်းဆိုသလိုပင် ရေခဲနဂါးကြီးသည် လက်ချောင်းစွမ်းအား၏ချေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။
ထို့ပြင် ထိုလက်ချောင်းစွမ်းအားသည် အားပျော့သွားမည့်အရိပ်အယောင်မရှိဘဲ ဝမ်ခန်း၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
ဝမ်ခန်းသည် သူ၏ရင်ဘတ်မှ ပြင်းထန်သောနာကျင်မှုကို ခံစားမိသည်။ထို့နောက်မှနေ၍ သူ၏ခန္ဓာကိုယ်တွင်း အင်္ဂါများကို တစစီဆုတ်ဖြဲလိုက်သည့်အလား စူးရှနာကျင်သွားသည်။
ဝုန်း...
ဝမ်ခန်းသည် တိုက်ပွဲစင်မြင့်မှ လွင့်ထွက်သွားလေ၏။
"မကောင်းတော့ဘူး"
ဝမ်ကျန်းသည် မျက်မှောင်ကြုတ်ကာ တိုက်ပွဲစင်မြင့်ထံသို့ အပြေးသွားလိုက်သည်။
ဝမ်ကျန်း တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားသော အချိန်အခိုက်အတန့်တွင် ထန်အင်ပါယာဘက်မှ အဖိုးအိုတစ်ယောက်သည်လည်း ပျံသန်းလာကာ လီမင်၏နံဘေးသို့ ဆင်းသက်လိုက်သည်။
"ဗိုလ်ချုပ်ဝမ်...ငါတို့မျိုးဆက်ဟောင်းတွေ ဝင်မစွက်ဖို့ သဘောတူထားတယ်လေ...ကျေးဇူးပြုပြီးတော့ မင်းရဲ့ကတိကို စောင့်ထိန်းပါ"
အဖိုးအိုက သတိကြီးစွာထား၍ ပြောဆိုသည်။
ဝမ်ကျန်းသည် နှင်းစက်နေမင်းမြို့၌ အဓိကစစ်ဗိုလ်ချုပ်နေရာကို ရယူထားနိုင်သောအကြောင်းအရင်းမှာ သူ၏ထူးချွန်သောအရည်အချင်းများနှင့် နက်နဲသိမ်မွေ့သောကျင့်ကြံဆင့်နယ်ပယ်ကြောင့်ပင်။
လီမင်သည် လူငယ်မျိုးဆက်သစ်များအကြား၌ အရည်အချင်းရှိသူတစ်ယောက်ဖြစ်သော်လည်း သူသည် မျိုးဆက်ဟောင်းမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဝမ်ကျန်းကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
"ဘာမှမစိုးရိမ်ပါနဲ့...ငါက သခင်လေးကို ကယ်တင်ရုံသက်သက်ပဲ"
ဝမ်ကျန်းသည် ဝမ်ခန်းကို တွဲထူလိုက်ချိန်တွင် ပြင်ပဒဏ်ရာများကိုသာ ရရှိခဲ့ကြောင်း သိရှိသွားမှသာ သူ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဝမ်ခန်း၏အဝတ်အစားများအောက်တွင် အလွန်အမင်း ထူထပ်လေးလံသော အတွင်းသံချပ်ကာရှိနေသည်။
လက်ချောင်းစွမ်းအားသည် သိပ်သည်းကာ အစွမ်းထက်သော်လည်း စွမ်းအားအများစုကို သံချပ်ကာမှဟန့်တားပေးထားသည်။
ဝမ်ကျန်းသည် ဤတိုက်ပွဲ၏ရလဒ်ကို ဂရုမစိုက်ချေ။
ဝမ်ခန်းသည် သူ၏နယ်မြေအတွင်းတွင် မည်သည့်အမှားအယွင်းမျိုးမျှ မဖြစ်ပွားသရွေ့ အရာအားလုံး အဆင်ပြေသွားပေမည်။
"သောက်ချေးပဲ...မင်းက ဘယ်လိုထူးဆန်းတဲ့နည်းစနစ်မျိုးကို အသုံးပြုခဲ့လို့ ငါ့ရဲ့တိုက်ခိုက်မှုကို ချိုးဖျက်နိုင်တာလဲ"
ဝမ်ခန်းက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
သူ မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။
လီမင်က မျက်မှောင်ကြုတ်လိုက်၏။
"တကယ်လို့ မင်းက ငါ့လောက် အရည်အချင်းမရှိဘူးဆိုရင်လည်း ဝန်ခံလေ....မင်း ဒီလောက်ထိ စကားတွေအများကြီးပြောနေတာ မင်းကို ငါ ပိုပြီးအထင်သေးအောင် လုပ်နေသလိုပဲ"
သူသည် ထန်အင်ပါယာမှ တော်ဝင်ကျင့်ကြံနည်းစနစ်ကို အသုံးပြုကာ ဝမ်ခန်းကို မျှမျှတတယှဥ်ပြိုင်ပြီး အနိုင်ယူခဲ့ခြင်းပင်။
ဤသည်ကို ပတ်ဝန်ကျင်မှလူများသည်လည်း မြင်တွေ့နေရကာ မည်သည့်ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုမျိုးမျှမရှိချေ။
အစောပိုင်းက သူတို့၏အလံများကိုဝှေ့ယမ်းကာ သူတို့၏အဆုတ်များကွဲလုမတတ် အော်ဟစ်နေကြသော တာယွီစစ်သားများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့၏မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
ဤရလဒ်ကြောင့် သူတို့ ဂုဏ်ယူဝင့်ကြွားခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
ဆန့်ကျင်ဘက်အနေဖြင့် ထန်အင်ပါယာဘက်မှ စစ်ဗုံသံများ ပို၍ကျယ်လောင်လာကာ သူတို့၏အော်သံများသည် တာယွီအင်ပါယာဘက်မှစစ်သားများ၏ နားများအတွင်း၌ ဆူညံပွက်လောရိုက်နေသည်။
Chapter 3408
ဝမ်ခန်း၏မျက်နှာပေါ်တွင် ရုတ်တရက် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သို့ရာတွင် သူသည် လက်မလျှော့ဘဲ မတ်တတ်ထရပ်ကာ အော်ဟစ်လိုက်၏။
"မင်းဆီမှာ ထန်အင်ပါယာရဲ့ အစွမ်းထက်ကျင့်ကြံနည်းစနစ်တွေရှိနေတယ်...ဒါကြောင့် မင်းက ငါ့ထက်ပိုပြီး အစွမ်းထက်နေတာပဲ...ငါက မင်းကို ခွန်အားအရာမှာ ရှုံးတာမဟုတ်ဘူး...ကျင့်ကြံနည်းစနစ်အရာမှာပဲ"
လီမင်က အပြုံးနှင့်ပြောဆိုသည်။
"သေချာတာတော့ ငါ မင်းကို သာမာန်တိုက်ခိုက်မှုတစ်ခုနဲ့တောင် အနိုင်ယူနိုင်တယ်...လာခဲ့စမ်း...ငါ မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်"
ရှီးလျန်ပါရမီရှင်စာရင်း၏ ဂုဏ်သတင်းကြီးမားသော နံပါတ်တစ်ပါရမီရှင်သည် ဤမျှထိအရေထူမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် လီမင်သည် ဤကိစ္စနှင့်ပတ်သတ်၍ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ လီမင်သည် နှင်းစက်နေမင်းမြို့၏လမ်းပေါ်၌ ခြောက်နာရီကြာဒူးထောက်ကာ အရှက်ကွဲခဲ့ရသည်။ယနေ့ သူ ပြန်လာချိန်တွင် သူ ယခင်ကခံစားခဲ့ရသော အရှက်ကွဲမှုများကို ဆေးကြောရပေမည်။
"မလိုတော့ဘူး...ငါ ဝမ်ခန်းက အရှုံးကိုလက်ခံနိုင်တယ်"
ဝမ်ခန်းက ခေါင်းမော့၍ တည်ငြိမ်စွာပြောဆိုသည်။
သူ၏ခေါင်းကို မြင့်မားစွာမော့ကာ သူ၏ယခင်ထိုင်ခုံသို့ ပြန်သွားလေ၏။သူ၏မျက်နှာပေါ်တွင် မည်သည့် ရှုံးနိမ့်မှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။
ဤသည်မှာ အနိုင်ရသူသည် သူ ဖြစ်နေသကဲ့သို့ပင်။
"သခင်လေး...မင်း အဆင်ပြေရဲ့လား"
ဝမ်ခန်းက အလျင်စလို မေးမြန်းသည်။
သူသည် အနိုင်အရှုံးရလဒ်ကို ဂရုစိုက်ခြင်းမပြုဘဲ ဝမ်ခန်း အဆင်ပြေနေသရွေ့ သူလည်း အဆင်ပြေနေပေမည်။
ဝမ်ခန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"သူက ထန်အင်ပါယာရဲ့ကျင့်ကြံနည်းစနစ်ကို မှီခိုပြီးတော့ ငါ့ကို အနိုင်ယူသွားတာပါ...ငါ့ရဲ့ခွန်အားက သူ့ထက်သာလွန်တယ်...ငါ သတိလက်လွတ်နေမိတာကြောင့် အသေးအဖွဲဒဏ်ရာတချို့ ရသွားခဲ့တာ...ဒါက ဘာကိစ္စကြီးမှမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ဝမ်ခန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ငါ့အထင်တော့ ဒီယှဥ်ပြိုင်ပွဲကို ဆက်ပြီးလုပ်နေစရာ မလိုတော့ဘူး....သူတို့က ထန်အင်ပါယာရဲ့တော်ဝင်မိသားစုဝင်တွေကို လွှတ်လိုက်မှတော့ သူတို့ရဲ့ကျင့်ကြံနည်းစနစ်တွေနဲ့ လှုပ်ရှားမှုတွေက အရမ်းသိမ်မွေ့နက်နဲတယ်...သူတို့က ဘယ်လောက်တောင် လေ့ကျင့်ထားလဲဆိုတာ ငါ မသိဘူး...တကယ်လို့ ငါတို့ ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင် ငါတို့ကိုယ်ငါတို့ သိက္ခာချသလိုပဲ ဖြစ်နေလိမ့်မယ်"
ဝမ်ကျန်းက အံ့အားတသင့် ပြောဆိုသည်။
"သခင်လေး ကြံစည်နေတာက....."
"ဒါက ယှဥ်ပြိုင်ပွဲလေးတစ်ခုပဲလေ....တကယ်လို့ ငါတို့ရှုံးသွားရင်တောင် ရှုံးတာပဲပေါ့...ဒါက ဘာကိစ္စကြီးမှမဟုတ်ဘူး"
ဝမ်ခန်းက အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။
သူ၏အတွေးများသည် အလွန်ရိုးရှင်းပေ၏။
လီမင်သည် သူ့အား အနိုင်ယူခဲ့သဖြင့် တခြားသူများသည်လည်း လီမင်ကို ယှဥ်ပြိုင်နိုင်တော့မည်မဟုတ်ဟု ဆိုလိုသည်မဟုတ်လော....
ထို့ကြောင့် သူတို့သည် အရှုံးကိုဝန်ခံကာ အမြန်ဆုံး ထွက်သွားရပေမည်။
လက်ရှိနေရာတွင်ရှိနေသော လူငယ်ပါရမီရှင်များ၏မျက်နှာများပေါ်၌ ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာသည်။
ဝမ်ခန်းသည် သူတို့အား အရှုံးပေးခိုင်းရန် ကြံရွယ်နေသလော....
သို့ရာတွင် သူတို့သည် ထိတ်လန့်တုန်လှုပ်နေသည့်တိုင် ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက လီမင်နှင့်တိုက်ခိုက်ခဲ့သူများသည် ထိခိုက်ဒဏ်ရာရရှိကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
အကယ်၍ သူတို့သာ လီမင်နှင့် အမှန်တကယ်တိုက်ခိုက်ရပါက အဆုံးသတ်၌ ကံဆိုးမိုးမှောင်ကျသောတစ်ယောက်ဖြစ်သွားနိုင်သည်။
အရှုံးကိုတိုက်ရိုက်ဝန်ခံသည်က သူတို့အတွက် အကောင်းဆုံးဖြစ်ပေမည်။သူတို့သည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အကျိုးအမြတ်များကို ရရှိပြီးဖြစ်သဖြင့် ယှဥ်ပြိုင်ပွဲကို ဆက်လက်၍တိုက်ခိုက်ရန် ဆန္ဒမရှိတော့ချေ။
"သခင်လေးဝမ်ရဲ့စကားတွေက အဓိပ္ပါယ်ရှိတယ်...တကယ်လို့ ငါတို့က ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင်တောင် ရလဒ်က ဘာမှထူးခြားလာမှာ မဟုတ်ဘူး"
"တစ်ဖက်လူတွေက မင်းသားတွေကိုတောင် စေလွှတ်လိုက်မှတော့ သူတို့က အနိုင်ယူဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ သိသာထင်ရှားတယ်...ငါတို့ အနိုင်ယူနိုင်ဖို့အတွက် ယုံကြည်ချက်မရှိဘူး"
ယှဥ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရမည့် တခြားလူငယ်ပါရမီရှင်များက ပြောဆိုလိုက်၏။
ထိုစကားသံများ ထွက်ပေါ်လာချိန်တွင် သူတို့၏နောက်တွင် မတ်တတ်ရပ်နေသော တာယွီအင်ပါယာမှစစ်သားများအားလုံး ကြက်သေသေသွားသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း...
သူတို့သည် မည်သည်ကြောင့် တိုက်ခိုက်ရမည့်အစား အရှုံးကိုဝန်ခံရန် ရွေးချယ်ခဲ့ကြသနည်း...
ရှုံးနိမ့်ခြင်းမှာ ရှက်ရွံဖွယ်ကောင်းသော်လည်း တိုက်ခိုက်ခြင်းမပြုဘဲ အရှုံးပေးသည်က ပို၍မျက်နှာပျက်စရာဖြစ်ပေမည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိစစ်သားများသည် မလိုလားသော်လည်း ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဝမ်ခန်းထံမှလာသော အမိန့်ပင်။လူတိုင်းသည် ရှီးလျန်ကြယ်နယ်မြေ၌ ဝမ်မိသားစု၏အဆင့်အတန်း မည်မျှမြင့်မားသည်ကို သိရှိထားလေရာ မည်သူမျှ သူတို့ကို ရန်စစော်ကားဝံ့ခြင်းမရှိပေ။
"မင်းတို့ထဲက တစ်ယောက်ယောက်ထွက်လာပြီး မတိုက်ခိုက်တော့ဘူးလား...အရမ်းပျင်းဖို့ကောင်းတာပဲ"
လီမင်က သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူသည် မူလက ဤအခွင့်အရေးကိုယူ၍ ယမန်နေ့က သူ၏အရှက်ရခဲ့မှုကို ဆေးကြောလိုခဲ့သည်။
သို့ရာတွင် ရှီးလျန်ပါရမီရှင်စာရင်းမှလူငယ်များသည် ရှေ့ထွက်၍ သူနှင့်တိုက်ခိုက်ရန်ပင် သတ္တိမရှိဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"ကောင်းပြီလေ...မင်းတို့က အရှုံးကိုဝန်ခံချင်တယ်ဆိုမှတော့...မင်းတို့ရဲ့ဆန္ဒအတိုင်းပဲပေါ့"
လီမင်က သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
Chapter 3409
ဤတစ်ကြိမ်တွင် လီမင်၏မျက်နှာအမူအယာသည် အထင်အမြင်သေးခြင်း လျစ်လျှူရှုခြင်းများနှင့် ပြည့်နှက်နေသည်။
သူ၏စကားလုံးများသည် တာယွီအင်ပါယာဘက်မှလူများကို အနည်းငယ်မျှပင် လေးစားမှုမရှိချေ။
ဤသည်က အထင်ကြီးလေးစားဖွယ်ကောင်းသော တိုက်ပွဲတစ်ခုဖြစ်မည်ဟု သူ တွေးထင်ခဲ့သော်လည်း ယခုချိန်၌ တာယွီအင်ပါယာဘက်မှ ပါရမီရှင်ဆိုသူများသည် တိုက်ခိုက်ရန်ပင် သတ္တိမရှိချေ။
"မင်းတို့ မတိုက်ခိုက်တာက ဥာဏ်ရှိတဲ့ရွေးချယ်မှုပဲ...ဘယ်လိုပဲဖြစ်ဖြစ် လက်သီးတွေမှာ မျက်စိမပါဘူး...တကယ်လို့ ငါ မင်းတို့ကို မသန်မစွမ်းဖြစ်အောင် လုပ်မိရင်တောင်...မင်းတို့ ငါ့ကို အပြစ်တင်လို့မရဘူး"
လီမင်က အေးစက်စက်အပြုံးနှင့်ပြောဆိုသည်။
သူ၏စကားများသည် ယခုလက်ရှိနေရာတွင်ရှိနေသော တာယွီအင်ပါယာမှလူငယ်ပါရမီရှင်များ၏စိတ်နှလုံးသားများကို တူဖြင့် ပြင်းပြင်းထန်ထန် ထုနှက်လိုက်သကဲ့သို့ပင်။
လီမင်က ပတ်ဝန်းကျင်ကို အေးစက်စက်အကြည့်ဖြင့် ဝေ့ဝိုက်၍ကြည့်ကာ သဘောတူညီချက်စာချုပ်ကိုထုတ်ယူ၍ ဝမ်ကျန်း၏ရှေ့သို့ ပစ်ချလိုက်သည်။
"အရင်သဘောတူညီချက်အရ တကယ်လို့ မင်းတို့ရှုံးသွားရင် အနက်ရောင်မိုကြယ်နယ်မြေကို ငါတို့ထန်အင်ပါယာဆီ ပေးအပ်ရမယ်...ဗိုလ်ချုပ်ဝမ်...မင်းရဲ့ကတိကိုတော့ မင်းပြန်မရုတ်သိမ်းလောက်ပါဘူးနော်...ဟုတ်တယ်မလား"
တာယွီအင်ပါယာဘက်တွင် ရုတ်ချည်း အသံတိတ်ဆိတ်သွားသည်။
အင်ပါယာနှစ်ခုကြားမှယှဥ်ပြိုင်ပွဲသည် သာမာန်ယှဥ်ပြိုင်ပွဲတစ်ပွဲသို့ ရိုးရှင်းခြင်းမရှိချေ။နှစ်ဖက်စလုံးသည် လောင်းကြေးထပ်ခဲ့ကြ၏။
အကယ်၍ တာယွီအင်ပါယာဘက်မှ ရှုံးနိမ့်ပါက အနက်ရောင်မိုကြယ်နယ်မြေကို ထန်အင်ပါယာထံ ပေးအပ်ရပေမည်။
ဝမ်းကျန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့ ဒီတစ်ကြိမ်မှာ နိုင်သွားတယ်...ဒါပေမယ့် နောက်တစ်ကြိမ်ကျရင် မင်းတို့နိုင်မနိုင်ဆိုတာ မသေချာသေးပါဘူး"
သူသည် ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုသဖြင့် သဘောတူညီချက်စာချုပ်၌ အလျှင်အမြန်လက်မှတ်ရေးထိုးရန် ကြံရွယ်ထားသည်။
ရှီးလျန်မြို့၌ အစွမ်းထက်ဆုံးလူငယ်ပါရမီရှင်ဖြစ်သည့် ဝမ်ခန်းပင်လျှင် ရှုံးနိမ့်သွားခဲ့လေရာ တခြားသူများ တိုက်ခိုက်ပါကလည်း အသုံးဝင်မည်မဟုတ်ချေ။
"ဟား ဟား ဟား...တာယွီအင်ပါယာက နောက်တစ်ကြိမ်ယှဥ်ပြိုင်ပွဲရောက်တဲ့အထိ တောင့်ခံနိုင်ဖို့ ငါ မျှော်လင့်တယ်....နောက်ထပ်ယှဥ်ပြိုင်ပွဲကို စောင့်နေဖို့တောင် မလိုလောက်ဘူး...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ငါတို့ရဲ့လက်ထဲကိုရောက်လာဖို့ မကြာတော့ဘူး"
လီမင်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"ခွေးမသား..."
"အဓိပ္ပါယ်မရှိတာတွေ...မင်းတို့ထန်အင်ပါယာက မြင့်တက်လာတာ အချိန်ဘယ်လောက်ရှိသေးလို့ ဒီနေရာမှာလာပြီးတော့ မောက်မာတဲ့စကားတွေ ပြောဝံ့တာလဲ"
တာယွီအင်ပါယာမှစစ်သားများသည် ချက်ချင်းဆိုသလိုပင် လီမင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြ၏။
ဤလီမင် မောက်မာသည်မှာ အဆုံးစွန်ဆုံးအဆင့်ထိ ရောက်ရှိနေလေပြီ။
"ငါ ပြောတာမှားလို့လား..မင်းတို့ကောင်တွေက သူရဲဘောကြောင်ပြီးတော့ ငါ့နဲ့တောင် မတိုက်ခိုက်ရဲဘူးလေ...ငကြောက်ကောင်တစ်သိုက်ပဲ"
လီမင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ထိုစကားလုံးများသည် လူတိုင်း၏စိတ်နှလုံးသားများကို စူးရှနာကျင်သွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ငါ မင်းနဲ့ တိုက်ခိုက်မယ်"
ရုတ်တရက် လူငယ်ပါရမီရှင်အုပ်စုအကြားမှနေ၍ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် တုတ်ရှည်တစ်ချောင်းကိုကိုင်ဆောင်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ပြေးတက်သွားလေ၏။
ထိုအစိမ်းရောင်ဝတ်စုံဝတ်လူငယ်ကို ကြည့်ရသည်မှာ ငယ်ရွယ်ပုံရသော်လည်း သူ၏ရုပ်ခန္ဓာကိုယ်သည် အလွန်သန်မာထွားကျိုင်းသည်။သူ၏ကျစ်လစ်သောခန္ဓာကိုယ်အရေပြားပေါ်တွင် ကြေးနီရောင်သန်းနေသည်။
သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပင်။
ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသည် တခြားကျင့်ကြံသူများထက် ပို၍သန်မာအားကောင်းပေ၏။
ထိုလူငယ်၏နာမည်သည် ချင်းဖုန်ဖြစ်ကာ သူသည် ရှီးလျန်ပါရမီရှင်စာရင်းတွင် ဝမ်ခန်း၏နောက် ဒုတိယနေရာ၌ရှိသူဖြစ်သည်။
ထို့ကြောင့် ဝမ်ခန်းသည် လူတိုင်းကို အရှုံးပေးရန် ပြောဆိုခဲ့သော်လည်း ချင်းဖုန်သည် သူ၏စိတ်နှလုံးသားအတွင်း၌ လက်မခံလိုချေ။
"မိုးမြေတုတ်သိုင်းနည်းစနစ်"
ချင်းဖုန်သည် သူ၏လက်အတွင်းရှိ တုတ်ရှည်ကိုဝှေ့ယမ်းလိုက်ရာ လေတိုးသံများ ထွက်ပေါ်လာသည်။ဤသည်က ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ဟိန်းသံနှင့် တူညီကာ ပတ်ဝန်းကျင်၌ အကန့်အသတ်မရှိ ပဲ့တင်ထပ်နေသည်။
သူ၏နံဘေးတွင် တုတ်ရှည်မှပုံရိပ်ယောင်အမြောက်အများ အတူတကွစုဝေးသွားကာ ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ပုံရိပ်အဖြစ် အမှန်တကယ်ဖွဲ့စည်းသွားသည်။ထိုကျားသည် ပါးစပ်ကြီးကိုဟ၍ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံကြီးဖြင့် ဒေါသတကြီးဟိန်းဟောက်လိုက်၏။
"ဝေါင်း...."
ကျယ်လောင်သောကျားဟိန်းသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထို့နောက် ချင်းဖုန်သည် သူ၏တုတ်ရှည်ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ လီမင်ကိုဗဟိုပြု၍ ကြီးမားသောလေပြင်းမုန်တိုင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားလေ၏။
ရှီးလျန်ပါရမီရှင်စာရင်းဝင်တစ်ယောက်ဖြစ်သော ချင်းဖုန်သည် အစွမ်းထက်သောခွန်အားကို ပိုင်ဆိုင်ထားသည်။
ဝမ်ခန်းမှလွဲ၍ ချင်းဖုန်သည် တခြားသူများကို သူ၏ခွန်အားဖြင့် အနိုင်ယူထားခြင်းဖြစ်သည်။
တုတ်ရှည်သည် တဝီဝီမြည်နေကာ လီမင်ကို ဖိနှိပ်နိုင်တော့မည့်ပုံရသည်။
သို့ရာတွင် ရုတ်တရက် မုန်တိုင်း၏အလယ်ဗဟိုမှနေ၍ အနက်ရောင်အစက်အပျောက်တစ်ခု ထွက်ပေါ်လာကာ တဖြည်းဖြည်းကြီးမားလာပြီး ချင်းဖုန်၏ရှေ့သို့ ရောက်ရှိလာသည်။
ဤသည်မှာ တုတ်ရှည်မုန်တိုင်းကြားမှ ဖောက်ထွက်လာပြီး လေထုအတွင်းသို့ပျံသန်းလာသည့် လီမင်ပင်။
ထို့နောက် လီမင်သည် သူ၏လက်ညှိုးကို ရုတ်တရက်ဆန့်တန်းကာ ချင်းဖုန်၏ခန္ဓာကိုယ်ထံ ညွှန်ပြလိုက်၏။
Chapter 3410
ခလွမ်.....
ထို့နောက် ဖန်ခွက်တစ်ခွက်ကျကွဲသကဲ့သို့အသံမျိုး ထွက်ပေါ်လာသည်။
ချင်းဖုန်သည် ထိုလက်ချောင်းဖြင့် ထိုးစိုက်ခြင်းကို ခံရလေ၏။သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားစီးဆင်းမှုများ ပိတ်ဆို့ဟန့်တားခံရသည်ကို သူ ချက်ချင်းခံစားမိသည်။
ပတ်ဝန်းကျင်ရှိတုတ်ချောင်းပုံရိပ်ယောင်များသည်လည်း ရုတ်ချည်းပျက်ပြယ်သွားလေပြီ။ချင်းဖုန်သည် တိုက်ပွဲစင်မြင့်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာကာ စင်မြင့်ပေါ်တွင် အက်ကွဲကြောင်းကြီးများ ထင်ဟပ်လာသည်။
ချင်းဖုန်၏ပါးစပ်မှ သွေးများယိုစီးကျလာကာ သူသည် သူ့ကိုယ်သူဖိအားပေး၍ မတ်တတ်ရပ်လိုက်သော်လည်း သူ၏ခန္ဓာကိုယ် အကြိမ်အနည်းငယ်ခန့်လှုပ်ယမ်းသွားပြီးနောက် မြေပြင်ပေါ်သို့ ပြန်လဲကျသွားတော့သည်။
တာယွီအင်ပါယာဘက်မှနေ၍ သမားတော်တစ်စု ပြေးထွက်လာကာ ချင်းဖုန်ကို ကူညီပေးလိုက်ကြ၏။
"ဗိုလ်ချုပ်...သူ့ရဲ့ဒဏ်ရာက အရမ်းပြင်းထန်တယ်...သူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေအားလုံးရဲ့တစ်ဝက်နီးပါး ကျိုးပဲ့သွားပြီ...သူက ဆေးပညာရှင်တစ်ယောက်ရဲ့ကုသမှုကို ရမှဖြစ်မယ်...မဟုတ်ရင် သူ့ရဲ့အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းကိုပါ ထိခိုက်သွားနိုင်တယ်"
သမားတော်တစ်ယောက်သည် ချင်းဖုန်ကို စစ်ဆေးကြည့်ပြီးနောက် ဝမ်ကျန်းကိုမော့ကြည့်ကာ ပြောဆိုသည်။
တခြားစောင့်ကြည့်နေသူများသည် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြ၏။
ဤသည်မှာ လီမင်၏ခွန်အားပင်။
ချင်းဖုန်သည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ဤမျှအခြေအနေထိ ဆိုးဆိုးရွားရွား ရိုက်နှက်ခံလိုက်ရသည်။
အကယ်၍ သူတို့သာ အစောပိုင်းက စိတ်ကြီးဝင်ပြီး လီမင်နှင့်ယှဥ်ပြိုင်ရန် သွားခဲ့မိပါက သူတို့၏အဆုံးသတ်သည် ချင်းဖုန်ထက်ပို၍ ကောင်းမွန်မည်မဟုတ်ချေ။
"သူ့ကို မြန်မြန်သယ်သွားပြီးတော့ ကုသပေးလိုက်ကြစမ်း"
ဝမ်ကျန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ချင်းဖုန်သည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အဖိုးတန်သော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရယူထားသူဖြစ်သဖြင့် သူ့အား အဆုံးရှုံးခံ၍မဖြစ်ချေ။
လီမင်က သရော်တော်တော်ရယ်မော၍ ပြောဆိုသည်။
"မင်းတို့မှာ အရည်အချင်းမရှိရင်လည်း နေရာမှာပဲ လိမ်လိမ်မာမာ ထိုင်နေကြစမ်း...ဒါက အရှက်ရစရာ မရှိတော့ဘူး...တကယ်လို့ ငါ့ရဲ့တိုက်ခိုက်မှုပြင်းထန်သွားပြီးတော့ မင်းတို့ကိုလက်လွန်ပြီးသတ်မိမယ်ဆိုရင်တောင်...မင်းတို့ကျင့်ကြံထားတာတေအားလုံး အလဟဿဖြစ်သွားလိမ့်မယ်"
ဝမ်ကျန်းက အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ပူညံပူညံ လုပ်မနေစမ်းနဲ့....ဒီတစ်ကြိမ်မှာ ငါတို့ တာယွီအင်ပါယာဘက်က ရှုံးနိမ့်ခဲ့တယ်...ငါ မင်းတို့ကို အနက်ရောင်မိုကြယ်နယ်မြေကိုပေးမယ်"
ထို့နောက် သူသည် အရာရှိစည်းတံဆိပ်ကိုထုတ်ယူကာ သဘောတူညီချက်စာချုပ်ပေါ်၌ခတ်နှိပ်ရန် ဟန်ပြင်လိုက်သည်။
အကယ်၍ ထိုစည်းတံဆိပ်သာကျရောက်သွားပါက အနက်ရောင်မိုကြယ်သည် ထန်အင်ပါယာ၏အပိုင် ဖြစ်သွားပေမည်။
တာယွီစစ်သားများ၏စိတ်ဓာတ်များ ကျဆင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ယခင်ကဲ့သို့အရှိန်အဝါမျိုးကို ထုတ်လွှက်ထားနိုင်ခြင်းမရှိတော့ချေ။
ယှဥ်ပြိုင်ပွဲတွင်ရှုံးနိမ့်ကာ သူတို့၏ပိုင်နက်နယ်မြေကို တစ်ဖက်ရန်သူထံ ပေးအပ်ရမည်ဖြစ်သဖြင့် မည်သူမဆို ပျော်ရွှင်မည်မဟုတ်ပေ။
"ခဏနေဦး"
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက ဝမ်ကျန်း၏နောက်မှ ထွက်ပေါ်လာသည်။
ဝမ်ကျန်း၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ် ရုတ်တရက်ရပ်တန့်သွားကာ သူက နောက်သို့ပြန်လှည့်ကြည့်လိုက်၏။
သို့ရာတွင် သူ၏လက်အတွင်းရှိ သဘောတူညီချက်စာချုပ် အလိုအလျောက် လွင့်ထွက်သွားသည်။
ဤသည်မှာ လုယွီပင်။
လုယွီသည် နံဘေးဘက်မှနေ၍ လူတိုင်းအရှုံးပေးသည့်အချိန်ထိ အေးစက်စက်အကြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။ထိုအချိန်ကျမှသာ သူ မတ်တတ်ထရပ်လိုက်ခြင်းဖြစ်သည်။
သဘောတူညီချက်စာချုပ်သည် လုယွီ၏လက်အတွင်းသို့ ကျရောက်သွားလေပြီ။
အကြည့်တစ်ချက်ဖြင့်ပင် စာချုပ်အတွင်းမှအကြောင်းအရာများ တုန်လှုပ်ဖွယ်ကောင်းသည်ကို သူ တွေ့မြင်မိလေ၏။
တာယွီအင်ပါယာဘက်မှနေ၍ အနက်ရောင်မိုကြယ်နယ်မြေကို ပေးစပ်ရမည်သာမက စစ်တပ်များကိုပြန်ရုတ်သိမ်းရန် စစ်လျော်ကြေး အစရှိသဖြင့် သဘောတူညီချက်အမြောက်အများပါဝင်သည်။
ဤကဲ့သို့ ကြီးမားသောသဘောတူညီချက်များကို သိုင်းပညာယှဥ်ပြိုင်ပွဲတစ်ခုတည်းဖြင့် အမှန်တကယ်ကိုပင် လက်လွတ်စပယ်ဆုံးဖြတ်ခဲ့ကြသည်။
"ဗိုလ်ချုပ်ဝမ်....ဒီသဘောတူညီချက်တွေက မင်းတစ်ယောက်တည်းနဲ့ဆုံးဖြတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလို့ ငါ ထင်တယ်....ဟုတ်တယ်မလား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
အရှက်တကွဲဖြစ်ရမည့် ဤသဘောတူညီချက်ကို စည်းတံဆိပ်ခတ်နှိပ်သည့် မည်သူမဆို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အပြစ်သား ဖြစ်သွားပေမည်။
ဝမ်ကျန်းကဲ့သို့ နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ကို မဆိုထားနှင့် ဝမ်မူကျီးပင်လျှင် ထိုသို့ပြုလုပ်ရန် အရည်အချင်းမပြည့်မီချေ။
"ဘာလို့ မင်း ထပ်ဖြစ်ပြန်ပြီလဲ"
ဝမ်ကျန်းသည် ယခင်ကတည်းက လုယွီကို မနှစ်မြို့သူဖြစ်သည်။
လုယွီသည် ဤအဆင့်ထိလွန်ကဲလာသည်ကိုမြင်တွေ့ချိန်တွင် သူ အလွန်ဒေါသထွက်သွားသည်။
"ရှေ့တန်းစစ်မျက်နှာစာအတွက် ငါ့မှာ အခွင့်အာဏာအပြည့်အဝရှိတယ်....ဒါကြောင့် ငါက ဒီသဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးတာ ဘာမှအမှားမရှိဘူး...မင်းက ဘာမှမသိဘဲနဲ့များ ငါ့ရှေ့ကနေထွက်သွားစမ်း"
ဝမ်ကျန်းသည် ဒေါသတကြီးအော်ငေါက်ကာ လုယွီကို နံဘေးသို့တွန်းဖယ်ရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်သည်။
သို့ရာတွင် သူ၏လက်သည် လုယွီ၏ပခုံးနှင့်ထိတွေ့မိချိန်တွင် မာကျောသောကျောက်တောင်ကြီးပေါ်သို့ ကျရောက်သွားသည့်အလား အနည်းငယ်မျှပင် ရွေ့လျားနိုင်စွမ်းမရှိချေ။
"မင်း ဒီသဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးလို့မရဘူး"
လုယွီက လက်ညှိုးညွှန်လိုက်ခြင်းနင့်အတူ သဘောတူညီချက်စာချုပ် လောင်ကျွမ်းသွားကာ ပြာအဖြစ်သို့ပြောင်းလဲသွားတော့သည်။