← Chapters

အခန်း (၃၄၁၁-၃၄၁၅)

Vol. 174 Ch. 3411-3415

အခန်း (၃၄၁၁-၃၄၁၅)

Vol. 174 Ch. 3411-3415

Chapter 3411

ဝမ်ကျန်း၏မျက်ခုံးများ မြင့်တက်သွားကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

"မင်း သေချင်နေတာလား"

သူသည် နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ်ဖြစ်သဖြင့် ဤနယ်မြေအတွင်း၌ အကြွင်းမဲ့အာဏာရှိသူပင်။

မည်သူသည် သူ၏ရှေ့တွင် ဤကဲ့သို့ပုံစံမျိုးဖြင့် စကားပြောဆိုဝံ့ခဲ့သနည်း။

"မကြာခင်မှာပဲ မင်းက နှင်းစက်နေမင်းမြို့ရဲ့အဓိကစစ်ဗိုလ်ချုပ်နေရာမှာ ဆက်ရှိတော့မှာမဟုတ်ဘူး"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူသည် နယ်မြေပေးအပ်ခြင်းသဘောတူညီချက်စာအုပ်ကို လက်မှတ်ထိုးဝံ့သည့် ဝမ်ကျန်းကဲ့သို့စစ်ဗိုလ်ချုပ်မျိုးကို ရာထူး၌ဆက်မထားနိုင်ချေ။

စစ်ဗိုလ်ချုပ်တစ်ယောက်ပင်လျှင် ဤကဲ့သို့ သဘောတူညီချက်စာချုပ်မျိုးကို လက်မှတ်ရေးထိုးဝံ့လေရာ ရှီးလျန်ကြယ်နယ်မြေ၏အခြေအနေ မည်မျှထိဆိုးရွားနေသည်ကို ပြသနေခြင်းပင်။

"အဓိပ္ပါယ်မရှိတာတွေ...မင်းရဲ့နောက်မှာ ကျူးကော်မင်ရှိနေတာနဲ့ မင်း လုပ်ချင်တိုင်းလုပ်လို့ရပြီလို့ ထင်နေတာလား....ကျူးကော်မင်ဆိုတာ ဝမ်မိသားစုရဲ့ခွေးတစ်ကောင်သက်သက်ပဲ"

ဝမ်ကျန်း၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။

သူသည် ဝမ်မိသားစုဝင်တစ်ယောက်ပင်။

ဝမ်မူကျီးသည် သူ့အားအလိုရှိနေသရွေ့ သူသည် နှင်းစက်နေမင်းမြို့၏အဓိကစစ်ဗိုလ်ချုပ် ဖြစ်နေပေမည်။သူ၏ရာထူးကိုပြောင်းလဲနိုင်ရန် နည်းလမ်းမရှိချေ။

သို့ရာတွင် လုယွီသည် သူ့အား များစွာရှင်းပြရန် ရည်ရွယ်မထားချေ။

လုယွီသည် သူ၏ခြေထောက်ကို အနည်းငယ်လှုပ်ရှားလိုက်ရာ တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။

သူ စင်မြင့်ပေါ်သို့တက်လိုက်သော အချိန်အခိုက်အတန့်တွင် အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဟား ဟား ဟား...အဲ့ဒီကောင်စုတ်လေးက သေလမ်းရှာဖို့ကို ပြေးတက်သွားတာပါလား...သူ ဘယ်လိုဆိုးဆိုးရွားရွား အဆုံးသတ်မလဲဆိုတာ ကြည့်ကြစို့"

ဝမ်ကျန်းသည် လက်ခုပ်လက်ဝါးတီးကာ အဆက်မပြတ်အော်ဟစ်ရယ်မောနေလေ၏။

သူ မြင်လိုသောအရာမှာ လုယွီ၏ဆိုးဆိုးရွားရွား အဆုံးသတ်ပင်။

နဥ်အမ်ထုံက အထင်အမြင်သေးသောအကြည့်နှင့် ဝမ်ခန်းကိုကြည့်လိုက်သည်။

တခြားသူများ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားစဥ်တွင်လည်း ဝမ်ခန်းသည် စင်အောက်မှနေ၍ လှောင်ပြောင်နေခဲ့သည်။

သို့ရာတွင် သူသည် တစ်ဖက်ပြိုင်ဘက်ကို မယှဥ်ပြိုင်နိုင်သည်အား မြင်တွေ့ချိန်တွင် သူသည် ရှုံးနိမ့်ခြင်းကိုဝန်ခံရန် ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့လေ၏။

ဤကဲ့သို့လူစားမျိုးသည် အသက်ရှင်နေသောကပ်ပါးကောင်တစ်ကောင်အလားပင်။အကယ်၍ သူ၏အဆင့်အတန်းကြောင့်သာ မဟုတ်ပါက ရှီးလျန်မြို့အတွင်းတွင် သူ့အားမုန်းတီးနေမည့်သူ မည်မျှထိများများရှိနေမည်ကို မသိနိုင်ချေ။

"ကြည့်ရတာတော့ ငါ မင်းကို အရင်ကသင်ခန်းစာပေးခဲ့တာက လုံလောက်အောင် မပြင်းထန်သွားတဲ့ပုံပဲ"

လုယွီက လီမင်ကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

"မင်းက မင်းရဲ့အရှက်ရမှုကို ဆေးကြောချင်နေတာမဟုတ်လား...လာခဲ့စမ်း ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

လီမင်၏မောက်မာဝံ့ကြွားနေသော မျက်နှာအမူအယာ ချက်ချင်းတောင့်တင်းသွားကာ ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်သောအမူအယာအဖြစ်သို့ ပြောင်းလဲသွားသည်ကို လူတိုင်း တွေ့မြင်လိုက်ရသည်။

"ဒါဆိုရင် မင်းပေါ့....မင်းရဲ့ခွန်အားနဲ့ ရှီးလျန်ပါရမီရှင်စာရင်းမှာ မင်း ဘာလို့မပါတာလဲဆိုတာ ငါက သိချင်နေမိတာ...မင်းက အရင်ကတည်းက ဒီနေရာကို ရောက်နေတာပါလား"

စိတ်လှုပ်ရှားမှုအငွေ့အသက်များက လီမင်၏မျက်လုံးအတွင်းမှ ဖြာထွက်လာသည်။

လီမင်သည် နောက်ဆုံး၌ လုယွီကို တွေ့ဆုံရလေပြီ။

ယမန်နေ့က သူသည် လုယွီ၏ဖိနှိပ်ခြင်းကို ခံခဲ့ရလေ၏။လမ်းပေါ်၌ ခြောက်နာရီကြာဒူးထောက်ခဲ့ရသောဖြစ်ရပ်သည် လီမင်၏စိတ်အတွင်း၌ ရစ်ဝဲနေဆဲပင်။

ကျင်းမင်းသားဖြစ်သောသူသည် ဤကိစ္စကို မည်သည့်နည်းနှင့်မျှ သည်းမခံနိုင်လေရာ ရန်သူကို နေရာအနှံ့အပြား၌ ရှာဖွေခဲ့သည်။

သူသည် သူ၏သစ္စာရှိလူယုံတချို့ကို စေလွှတ်၍ နှင်းစက်နေမင်းမြို့အတွင်း၌ ရန်သူကို ရှာဖွေခိုင်းခဲ့လေ၏။

သို့ရာတွင် သူ စေလွှတ်လိုက်သောလူများ ပြန်ရောက်မလာသေးမီမှာပင် လုယွီသည် သူ၏ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

"အရင်တစ်ကြိမ်တုန်းက ငါ့ရဲ့ခွန်အားကုန်ကို ထုတ်ဖော်အသုံးမပြုခဲ့ရဘူး...ဒါကြောင့် ငါ မင်းကို လွှတ်ပေးခဲ့ရတယ်...ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်း ကံကောင်းမှာမဟုတ်ဘူး"

လီမင်က ရယ်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။

သူသည် မူလက နူးညံသိမ်မွေ့ပြီး ရည်မွန်သူတစ်ယောက်ပင်။သို့ရာတွင် ထိုအရှိန်အဝါ ပွင့်အံ့ထွက်လာပြီးနောက် ဆောင်းခိုနေရာမှထလာသော သားရဲကြီးတစ်ကောင်သည် သားကောင်ကို ရုတ်တရက်ရှာတွေ့သဖြင့် ထလာပြီး သူ၏အစွယ်များကို ဖြဲဟလိုက်သည့်အလားပင်။

ဝုန်း....

လီမင် ဝတ်ဆင်ထားသော ပိုးထည်ဝတ်စုံသည် ချက်ချင်းဆိုသလိုပင် စုတ်ပြဲသွားသည်။

ထိုပိုးထည်ဝတ်စုံ၏အောက်တွင် အကန့်အသတ်မရှိသောစွမ်းအားများ ပါဝင်သည့် တုတ်ခိုင်သန်မာသောကြွက်သားများရှိနေသည်။

လီမင်၏နောက်ကျောတွင် အလွန်တောက်ပသော ရွှေရောင်နဂါးပုံစံဆေးမင်ကြောင်တစ်ခုပင်ရှိနေသည်။

"မင်း သိလား...ငါ့ကို ဘယ်သူကမှ ဒူးမထောက်ခိုင်းရဲဘူး...မင်းက ပထမဆုံးပဲ"

လီမင်သည် သူ၏လက်ကောက်ဝတ်ကိုလှုပ်ရှားကာ ရက်စက်ကြမ်းကြုတ်သောအမူအယာနှင့် ပြောဆိုသည်။

"ဘာမှစိတ်မပူနဲ့...ငါ မင်းကို လွယ်လွယ်ကူကူ သေခွင့်မပြုဘူး...ငါက မင်းရဲ့ဒူးကိုရိုက်ချိုးပြီးတော့ ဒီနေရာမှာ ထာဝရဒူးထောက်ခိုင်းထားမယ်"

ဝုန်း....

လီမင်သည် စကားပြောဆို၍ပြီးသည်နှင့် သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်ရာ ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

Chapter 3412

လူအများသည် အနက်ရောင်အရိပ်တစ်ရိပ် ဖျတ်ခနဲရွေ့လျားသွားသည်ကိုသာ မြင်တွေ့လိုက်ရပြီး သူတို့၏စိတ်များအတွင်း၌ အတွေးတချို့ ထွက်ပေါ်လာသည်။

ထိုအရှိန်နှုန်းကို သူတို့ လိုက်မှီနိုင်စွမ်းရှိမည်မဟုတ်ချေ။

လီမင်သည် အစောပိုင်းက သူ၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိပေ။

ထို့ထက်ပို၍ ဖြစ်နိုင်ချေရှိသည်မှာ သူ၏ခွန်အားတချို့ကို ယခုမှသာ ထုတ်ဖော်အသုံးပြုခဲ့ခြင်းဖြစ်ပေမည်။

"ဂရုစိုက်..."

နဥ်အမ်ထုံက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်၍သတိပေးလိုက်၏။

သူသည် လုယွီ၏ခွန်အားကို သိရှိပြီးဖြစ်သော်လည်း ဤကဲ့သို့အစွမ်းထက်သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည်ကို မြင်တွေ့ချိန်တွင် သူသည် စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ချေ။

"လာပြီး ဒူးထောက်စမ်း"

လီမင်၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပြီး သူ၏လက်ချောင်းများကိုစုစည်းကာ လုယွီ၏ဒူးကို ချိန်ရွယ်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်.....

လုယွီသည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ လေထုကိုဖြတ်သန်းကာ လီမင်၏လက်ကို ဖမ်းဆုပ်လေသည်။

အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။

သူ၏အရှိန်နှုန်းကို လုယွီ ဖမ်းမိသွားမည်ဟု လီမင် တွေးတောမိခြင်းမရှိချေ။

"ဟမ့်...မင်းရဲ့တုံ့ပြန်မှုက တော်တော်မြန်တာပဲ...ဒါပေမယ့် ဒါနဲ့ပဲ အဆုံးသတ်ရမှာပါ"

လီမင်က လှောင်ပြောင်သရော်လိုက်၏။

သူ၏အရည်အချင်းကို အရှိန်နှုန်းဖြင့် ကန့်သတ်ထားခြင်းမရှိပေ။

လီမင်၏နောက်ကျောရှိ ရွှေရောင်နဂါးဆေးမင်ကြောင်မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

နဂါးဟိန်းသံတစ်သံသည် အထက်ကိုးကောင်းကင်ဘုံမှဆင်းသက်လာသည့် မိုးခြိမ်းသံအလား ကျယ်လောင်စွာထွက်ပေါ်လာပေ၏။

လီမင်၏လက်ရှိကြွက်သားများ ချက်ချင်းဆိုသလိုပင် ဖောင်းကြွလာသည်။သူ၏လက်တစ်ဖက်ကို လက်သီးပုံသဏ္ဍာန်ပြောင်းလဲ၍ လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။

သို့ရာတွင် လုယွီ၏မျက်လုံးအကြည့်သည် တည်ငြိမ်နေဆဲပင်။

သူသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိဘဲ ထိုလက်သီးချက်ကို ပိတ်ဆို့ဟန့်တားလိုက်၏။

ဘုန်း...

သူတို့၏ခြေထောက်အောက်ရှိ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

နှစ်ဖက်စလုံးသည် မတိုးသာမဆုတ်သာအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။

လီမင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။

"ဖြစ်နိုင်တာတော့ မင်းက လျှို့ဝှက်နည်းစနစ်တစ်မျိုးကို အသုံးပြုထားတာများလား"

သူ အစောပိုင်းက ထုတ်ဖော်အသုံးပြုခဲ့သော ကျင့်ကြံနည်းစနစ်သည် ထန်အင်ပါယာ၏လျှို့ဝှက်နည်းစနစ်တစ်ခုပင်။ထိုနည်းစနစ်သည် သူ၏စွမ်းအားကို အဆနှစ်ဆယ်ခန့်မြင့်တက်သွားစေသည်။

ဤသည်မှာ အလွန်အမင်းထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော လျှို့ဝှက်ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပြီး တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ကျင့်ကြံဆင့်တချို့ မြင့်တက်သွားပေမည်။တောင်များမြစ်များကို ရွေ့လျားခြင်းဆိုသည်မှာ သူ မလုပ်ဆောင်နိုင်သောအရာများ မဟုတ်တော့ချေ။

သို့ရာတွင် မမျှော်လင့်ဘဲ ထိုစွမ်းအားသည် လုယွီကို မည်သို့မျှလုပ်ဆောင်နိုင်ခြင်းမရှိချေ။

သူ၏လက်သီးစွမ်းအားကို ထုတ်ဖော်လိုက်သော်လည်း လုယွီ၏လက်သည် တောင်ငါးလုံးအလား သူ၏စွမ်းအားများကိုဖိနှိပ်ထားကာ အနည်းငယ်မျှပင် ဖြန့်ကျက်နိုင်ခြင်းမရှိတော့ပေ။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒါက မင်းရဲ့နည်းစနစ်လား"

လုယွီ၏တုံ့ပြန်မှုသည် လီမင်အား ဒေါသထွက်သွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"အရမ်းကြီး မောက်မာမနေစမ်းနဲ့...သေစမ်း"

လီမင်က ရုတ်တရက် ဒေါသတကြီးအော်ဟစ်ကာ သူ၏မျက်လုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

သူ၏လက်အတွင်းမှသွေးကြောများ ဖောင်းကြွလာကာ ထပ်မံ၍ပြန့်ကားသွားပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လှည့်ပတ်နေသည်။

အဆငါးဆယ် ခွန်အားမြှင့်တင်ခြင်း....

လီမင်း၏လက်မောင်းမှနေ၍ သွေးများယိုစီးကျလာသည်။

မည်သူမည်ဝါဖြစ်နေပါစေ လီမင်၏ပုံပန်းသွင်ပြင်ကို ပထမဆုံးမြင်ထားသူများသည် သူ့အား မှော်စွမ်းအားကျင့်ကြံသူတစ်ယောက်အဖြစ် အထင်မှားကြပေမည်။

အမှန်အားဖြင့် ဤသည်မှာ ထိုလူများ၏ကျိုးကြောင်းဆင်ခြင်နိုင်မှုမရှိခြင်းပင်။

ထန်အင်ပါယာမှ တော်ဝင်မိသားစုဝင်တိုင်းသည် ငယ်ရွယ်စဥ်အချိန်မှစ၍ လျှို့ဝှက်နည်းစနစ်များကို ကျင့်ကြံရသည်။

သူတို့သည် မှော်စွမ်းအားများကိုသာမက ခက်ခဲကြမ်းတမ်းသော ရုပ်ခန္ဓာကိုယ်လေ့ကျင့်ခြင်းများကိုလည်း ဖြတ်သန်းခဲ့ရလေ၏။

ထို့ကြောင့် တော်ဝင်မိသားစုအတွင်းမှလူတိုင်းနီးပါး ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအား နှစ်မျိုးစလုံးကို ကျင့်ကြံရသည်။

ဤနည်းလမ်းဖြင့် ကျင့်ကြံရန်အတွက်လိုအပ်သော ကျင့်ကြံခြင်းအရင်းအမြစ်များမှာလည်း ကြောက်ခမန်းလိလိ များပြားသည်။

သို့ရာတွင် ထန်အင်ပါယာသည် ဤကျင့်ကြံဆင့်အရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။

လီမင်သည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပင်။သူ၏စွမ်းအား အဆငါးဆယ်မြှင့်တင်ထားမှုနှင့် ပေါင်းစပ်လိုက်ပါက ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။

ခရက်...ခရက်...ခရက်

လီမင်၏ခြေထောက်အောက်ရှိ ကြမ်းခင်းထံမှနေ၍ အက်ကွဲသံများထွက်ပေါ်လာသည်။

တိုက်ပွဲစင်မြင့်ပေါ်ရှိကြမ်းခင်းကို အထူးသတ္ထုများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ကြီးမားသောစွမ်းအားကို ခံနိုင်ရည်ရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လီမင်ထုတ်ဖော်အသုံးပြုလိုက်သောစွမ်းအားသည် တိုက်ပွဲစင်မြင့်၏ခံနိုင်ရည်စွမ်းထက် ကျော်လွန်နေလေပြီ။

သို့ရာတွင်....

လုယွီသည် အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်းမရှိချေ။

"ဒါက လုံလောက်ပြီလား"

လုယွီက မေးမြန်းပြီးနောက် ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်သည်။

"ဒါဆိုရင် ငါ အခုတိုက်ခိုက်တော့မယ်"

Chapter 3413

ထိုအသံကျရောက်သွားစဥ်မှာပင် လုယွီသည် လီမင်၏လက်သီးကို ဆုပ်ကိုင်ထားသော သူ၏လက်ကိုလွှတ်ကာ ချက်ချင်းဆိုသလိုပင် လီမင်၏ရင်ဘတ်ကို ညင်သာစွာပုတ်လိုက်၏။

ရိုက်ချက်တစ်ချက်မျှသာပင်...

မိုးခြိမ်းသံတမျှကျယ်လောင်သော မြည်ဟီးသံကြီးက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည်။

လီမင်သည် မူလက လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် လေးညှို့မှလွှတ်လိုက်သည့် မြှားတစ်စင်းအလား သူ လွင့်ထွက်သွားသည်။

ဘုန်း...ဘုန်း....ဘုန်း....

လီမင်သည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျကာ အဆက်မပြတ် လိမ့်သွားသည်။တိုက်ပွဲစင်မြင့်၏မြေပြင်ပေါ်၌ နက်ရှိုင်းသောချိုင့်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် လီမင်သည် မီတာလေးငါးဆယ်အဝေးသို့ ကျသွားကာ တိုက်ပွဲစင်မြင့်၏အစွန်းသို့ရောက်ရှိသွားပြီး အောက်သို့ပြုတ်ကျလုမတတ်ပင်။

သို့သော် ထိုအချိန်မှာပင် လီမင်သည် ရုတ်တရက် ဒေါသတကြီးအော်ဟစ်ကာ သူ၏လက်ပေါ်တွင် အစိမ်းရောင်သွေးကြောကြီးများ ထောင်ထလာသည်။

သူသည် မြေပြင်ပေါ်သို့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး သူ၏ကိုယ်ပိုင်ခွန်အားကိုမှီခို၍ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်၏။

ဝှစ်.....

မြေပြင်ပေါ်၌ နက်ရှိုင်းသော ကုတ်ခြစ်ရာကြီးရှိနေသည်။

"မင်းက လျှို့ဝှက်နည်းစနစ်တစ်ခုကို ရုတ်တရက်ကြီး အသုံးပြုလိုက်တာမလား...ဒါပေမယ့် ဒီလိုလျှို့ဝှက်နည်းစနစ်မျိုးက အချိန်အခိုက်အတန့်ပဲ အသုံးပြုနိုင်မှာ...မင်းက အခုတည်ငြိမ်ချင်ယောင်ဆောင်နေတယ်...မင်းက အကန့်အသတ်အခြေအနေကို ရောက်နေမှာကို ငါ စိုးရိမ်မိတယ်"

လီမင်သည် လုယွီ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားပုံရသည်။ထို့နောက် သူ၏မျက်နှာပေါ်ရှိ မယုံကြည်မှု့များ တဖြည်းဖြည်းပျက်ပြယ်သွားတော့သည်။

အစောပိုင်းက လုယွီ၏လက်ဝါးရိုက်ချက်သည် အလွန်အစွမ်းထက်သဖြင့် သူ အစောပိုင်းက စုဆောင်းထားသော မှော်စွမ်းအားများအားလုံးကို ပျောက်ကွယ်သွားစေသည်။

သို့ရာတွင် ထိုသို့ဖြစ်လျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။

လုယွီ၏အသက်အရွယ်နှင့် ဤကဲ့သို့ အစွမ်းထက်သော လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်နိုင်သည်မှာ လျှို့ဝှက်နည်းစနစ်တစ်မျိုးမျိုးကို အသုံးပြု၍သာဖြစ်ပေမည်။

အဆုံးသတ်၌ ဤကဲ့သို့လှည့်ကွက်လေးများဖြင့် ရရှိသောစွမ်းအားသည် ယာယီသာကြာမြင့်ပေမည်။

"မင်းရဲ့လက်ဝါးရိုက်ချက်က မဆိုးဘူး...ဒါပေမယ့် ငါ့မှာ ဆေးလုံးတွေရှိတယ်...ငါ ဒါကိုသောက်ပြီးတာနဲ့ မင်း ငါနဲ့တိုက်ခိုက်ရဲတယ်မလား"

လီမင်သည် သရော်တော်တော်ပြောဆိုကာ သူ၏အင်္ကျီလက်မောင်းကြားမှ ရွှေရောင်ဆေးလုံးတစ်လုံးကိုထုတ်ယူပြီး ဝါးမျိုလိုက်၏။

ထိုဆေးလုံးထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ကြွယ်ဝသောဆေးရနံ့များက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပျံ့နှံ့သွားသည်။တစ်စုံတစ်ယောက်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ဤဆေးလုံး၏အရည်အသွေးသည် သာမာန်မဟုတ်ကြောင်း ပြောဆိုနိုင်သည်။

လီမင်သည် ထိုဆေးလုံးကိုဝါးမျိုပြီးနောက် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများပင်လျှင် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ပျောက်ကွယ်သွားလေ၏။

"စက်ဆုပ်ဖို့ကောင်းလိုက်တာ...."

"အရှက်မဲ့တဲ့ လူရမ်းကား...မင်းက ယှဥ်ပြိုင်နေတဲ့ အချိန်အတွင်းမှာတောင် ဆေးလုံးကို တကယ်ကြီး သုံးစွဲခဲ့တာလား"

တာယွီအင်ပါယာဘက်မှလူများသည် ခုန်ပေါက်၍ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

လီမင်က အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြောဆိုသည်။

"ယှဥ်ပြိုင်ပွဲရဲ့စည်းမျဥ်းတွေထဲမှာ ဆေးလုံးတွေအသုံးပြုတာကို တားမြစ်မထားဘူး"

မူလကတည်းက ဆက်တိုက်ယှဥ်ပြိုင်ရသော တိုက်ပွဲဖြစ်သဖြင့် အစကတည်းက ဝင်ရောက်ယှဥ်ပြိုင်နေသူများသည် အားလျော့​ဆုတ်ယုတ်လာလေ့ရှိပြီး အရေးနိမ့်သွားတတ်သည်။

သို့ရာတွင် အကယ်၍ သူတို့သည် ဆေးလုံးများကို အသုံးပြုလိုက်ပါက ကွဲပြားခြားနားသွားပေမည်။

ထန်အင်ပါယာ၏တော်ဝင်မိသားစုဝင်ဖြစ်သော လီမင်တွင် အဖိုးတန်ရှားပါးသော ဆေးလုံးအမြောက်အများရှိသည်။ထိုဆေးလုံးများ သူ၏လက်အတွင်း၌ ရှိနေသရွေ့ သူ၏အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားနိုင်ပေမည်။

နှိုင်းယှဥ်ကြည့်ပါက လုယွီသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် လီမင်ကို ရှုံးနိမ့်သွားပါက ထပ်မံ၍ ယှဥ်ပြိုင်တိုက်ခိုက်ရန် အလွန်ခက်ခဲသွားပေမည်။

"မင်းက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားမှတော့ အားနည်းတဲ့အခြေအနေမျိုးကို ရောက်နေလောက်ပြီ...ငါက မင်းကို အဆုံးသတ်ပေးမယ်"

လီမင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ သူ၏ခန္ဓာကိုယ်မှနေ၍ မှော်စွမ်းအားများ တဖန်ပြန်၍ ပွင့်အံ့ထွက်လာသည်။

အကန့်အသတ်မရှိသော မှော်စွမ်းအားများသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ ကြီးမားသော ရွှေရောင်သံချပ်ကာဝတ်လူဘီလူးကြီးအဖြစ် ဖွဲ့စည်းသွားပြီး လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

ဤသည်မှာ လီမင်၏ဓမ္မပုံရိပ်ယောင်ပင်။

သူသည် ခွန်အားကုန် ထုတ်ဖော်အသုံးပြုထားသည်။သူ၏ဓမ္မပုံရိပ်ယောင်မှ ကူညီထောက်ပံ့မှုနှင့် သူ လုယွီကို အစိတ်စိတ်အမွှာမွှာ ချေမွှဖျက်ဆီးလိုသည်။

လီမင်၏ခေါင်းထက်ရှိ ရွှေရောင်လူဘီလူးကြီး၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ လက်သီးဆုပ်၍ လုယွီထံဦးတည်ကာ ထိုးနှက်လိုက်၏။

ဤအစွမ်းထက်သော ဖိအားအရှိန်အဝါအောက်တွင် စင်အောက်ရှိ ပါရမီရှင်လူငယ်များသည် သူတို့၏မျက်ခွံများ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်ကို ခံစားမိသည်။

အကယ်၍ သူတို့သာ ဤတိုက်ခိုက်မှုကိုခံယူရပါက အရှိန်အဝါသက်သက်ဖြင့်ပင် သူတို့သည် စင်မြင့်ပေါ်၌ မတ်တတ်ရပ်နိုင်စွမ်းရှိမည်မဟုတ်ချေ။

သို့ရာတွင် လုယွီက တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းရှိုက်လိုက်သည်။

"မင်း အခု အောက်ကိုဆင်းသွားလို့ရပြီ"

သူသည် အစောပိုင်းက သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ လုယွီသာ ခွန်အားကုန် ထုတ်ဖော်အသုံးပြုလိုက်ပါက လီမင်သည် နေရာမှာပင် သေဆုံးသွားပေမည်။

Chapter 3414

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။

သူ၏လက်ကောက်ဝတ်မှနေ၍ ပြင်းထန်သောစွမ်းအားလှိုင်းတစ်လှိုင်း ပွင့်အံ့ထွက်လာကာ သူ့ရှေ့ရှိ လေဟာနယ်အတွင်းတွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

လူတိုင်း အသိပြန်မဝင်သေးမီမှာပင် ရက်စက်ကြမ်းကြုတ်သော အားလှိုင်းတစ်ရပ်က လီမင်ထံဦးတည်၍ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။

ဘုန်း....

ဤတစ်ကြိမ်တွင်လည်း လီမင်သည် ထပ်မံ၍လွင့်ထွက်သွားလေ၏။

လီမင်၏ပိုးထည်ဝတ်စုံ စုတ်ပြဲသွားကာ အတွင်းရှိကြေးနီသံချပ်ကာအင်္ကျီ ထွက်ပေါ်လာသည်။

ထို့ပြင် ဤအတွင်းသံချပ်ကာသည်လည်း ပျက်စီးသွားလေပြီ။

သို့ရာတွင် ဤတစ်ကြိမ်တွင် လီမင်သည် ထပ်မံ၍ မတ်တတ်ထမရပ်နိုင်တော့ချေ။သူသည် တိုက်ပွဲစင်မြင့်နှင့် ဝေးကွာသောနေရာသို့ ပြုတ်ကျသွားခဲ့သည်။

ထန်အင်ပါယာဘက်မှနေ၍ အဖိုးအိုတစ်ယောက် ပျံသန်းလာကာ လေထုအတွင်း၌ပင် လီမင်ကို ဖမ်းထားလေ၏။

သို့ရာတွင် သူသည် လီမင်ကိုဖမ်းမိပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

ဘုန်း...

သူသည် လီမင်ကို ပွေ့ချီလိုက်သော်လည်း သူ ကိုယ်တိုင်ပင်လျှင် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားလေ၏။သူက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်း၍ အရှိန်ထိန်းလိုက်ရာ မြေပြင်ပေါ်၌ နက်ရှိုင်းသောကျင်းနက်ကြီးတစ်ခု စွဲထင်ကျန်ရစ်ခဲ့သည်။

"လူငယ်လေး...မင်းဆီမှာ အရမ်းကြီးမားတဲ့ခွန်အား ရှိနေတာပါလား"

အဖိုးအိုက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။

သူ၏ခွန်အားဖြင့်ပင် လီမင်ကို မဖမ်းနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ဤသည်မှတဆင့် လုယွီ၏ခွန်အား မည်မျှထိသန်မာအားကောင်းသည်ကို တွေးတောကြည့်၍ရနိုင်သည်။

လီမင်ကို တဖန်ပြန်၍ကြည့်လိုက်ချိန်တွင် သတိလစ်မေ့မျောနေသည်ကို သူ မြင်တွေ့မိလေ၏။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ မြောက်မြားစွာသော မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်နေသည်။

လုယွီ စင်မြင့်ပေါ်သို့ တက်သွားစဥ်မှစ၍ ယခုလက်ရှိအချိန်ထိ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာပင် မကြာမြင့်သေးချေ။

အစောပိုင်းက လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသူများအားလုံး ယခုလက်ရှိချိန်တွင် သူတို့၏ပါးစပ်များကို ပိတ်ထားကြသည်။

ခွဲခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့် မည်သူမဆို လုယွီသည် ခွန်အားကုန်အသုံးပြုခဲ့ခြင်းမရှိကြောင်း ပြောဆိုနိုင်သည်။

လက်ဝါးတစ်ချက်နှင့် သူ၏လက်ချောင်းများလှုပ်ခတ်ခဲ့ရုံဖြင့် လီမင်ကို သတိလစ်မေ့မျော သွားစေခဲ့သည်။ဤခွန်အားမျိုးသည် လီမင်ကို ချေမွှဖျက်ဆီးနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"နေကြဦး...ငါ သူကို မှတ်မိပြီ...သူက လီမင်ကို လမ်းပေါ်မှာဖိနှိပ်ထားခဲ့တဲ့ လူငယ်မဟုတ်လား"

"အမှန်ပဲ...အဲ့ဒီအချိန်တုန်းက လီမင်က နှင်းစက်နေမင်းမြို့မှာ ပြဿနာလာရှာခဲ့တာ....ကံကောင်းထောက်မပြီးတော့ သူက လှုပ်ရှားမှုတစ်ခုတည်းနဲ့ လီမင်ရဲ့မောက်မာဝံ့ကြွားမှုကို ချိုးနှိမ်နိုင်ခဲ့တယ်"

ထိုအချိန်မှာပင် တာယွီစစ်တပ်ဘက်မှ လူအမြောက်အများသည် လုယွီကို မှတ်မိသွားကြ၏။

ဝမ်းသာအားရ အားပေးသံများက ပတ်ဝန်းကျင်၌ မြည်ဟီးနေကာ တာယွီစစ်တပ်၏စိတ်ဓာတ်များ ပြန်လည်၍တက်ကြွလာသည်။

"သူက လီမင်ကို လမ်းပေါ်မှာဒူးထောက်ခိုင်းခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူငယ်ပဲ"

"သူ ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...အဲ့ဒီလူက ဒီနေရာကိုရောက်လာဖို့ အရည်အချင်းပြည့်မီတာ အရှင်ကျန်းကို မှီခိုပြီးတော့ မဟုတ်လား"

"သူ့ရဲ့တိုက်ခိုက်မှုကို ကြည့်လိုက်အုံး...အဲ့ဒီလူက ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ...သူက သူ့ရဲ့ခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားခဲ့တာ"

ပတ်ဝန်းကျင်ရှိ လူငယ်ပါရမီရှင်များက အံ့အားတသင့်ရေရွတ်လိုက်ကြသည်။

သူတို့သည် အရူးများမဟုတ်ချေ။ယခင်က လုယွီသည် အဆက်အသွယ်ကိုမှီခို၍ ဤနေရာသို့ရောက်ရှိလာသူတစ်ယောက်ဟု သူတို့အားလုံး တွေးထင်ခဲ့ကြလေ၏။သို့ရာတွင် လုယွီသည် သူ၏အစစ်အမှန်ခွန်အားကို ပြသပြီးနောက် သူတို့သည် ယခင်ကဲ့သို့ မတွေးတောတော့ချေ။

နဥ်အမ်ထုံ၏မျက်လုံးအကြည့်သည် လုယွီထံတွင်သာ အခိုင်အမာကျရောက်နေကာ သူမ၏စိတ်နှလုံးသား တဖြည်းဖြည်း ပြန်၍တည်ငြိမ်သွားသည်။

သူမသည် လုယွီ၏အစစ်အမှန်ခွန်အားကို သိရှိပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ဤတစ်ကြိမ်၌ လုယွီသည် သူမကို ကြီးမားသောအံ့အားသင့်မှုကြီးပေးမည်ဟု သူမ မျှော်လင့်မထားမိချေ။

နဥ်အမ်ထုံ၏နံဘေးရှိ ဝမ်ခန်းသည်လည်း ကြက်သေသေနေလေ၏။

လုယွီတွင် ဤကဲ့သို့အရည်အချင်းမျိုး ရှိနေမည်ဟု သူ မျှော်လင့်မထားမိပေ။

ယခင်က ဝမ်ခန်းသည် လုယွီကို အစဥ်အမြဲလှောင်ပြောင်သရော်ခဲ့ကာ သူ၏မျက်လုံးအတွင်း၌ပင် မထည့်ခဲ့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လက်တွေ့ဖြစ်ရပ်မှန်သည် သူ့အား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

"ဒါဆိုရင် မင်းက ငါ့ရဲ့ညီကို ဒူးထောက်ခိုင်းခဲ့တဲ့တစ်ယောက်ပေါ့...ငါ မင်းကို လိုက်ရှာနေခဲ့တာ"

ထိုအချိန်မှာပင် လီဖုက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာသည်။

သူ စင်မြင့်ပေါ်သို့တက်လာသည်နှင့် တာယွီအင်ပါယာဘက်မှ ကျယ်လောင်စွာအားပေးနေသောအသံများ ရုတ်တရက် ရပ်တန့်သွားသည်။

ဤသည်မှာ အမှန်တကယ်ကို စိုးရိမ်ပူပန်ဖွယ်တစ်ခုပင်။

လီဖုသည် လီစစ်နှင့် ကွဲပြားခြားနားပေ၏။လီဖုသည် တိုက်ပွဲစစ်မြေပြင်၌ အချိန်အတော်ကြာ တိုက်ခိုက်ပြီးမှသာ တပ်မှူးတစ်ယောက် ဖြစ်လာခဲ့သည်။

အင်ပါယာနှစ်ခုကြားရှိ စစ်ပွဲများ၌ လီဖုသည် အောင်မြင်မှုများစွာကို ရရှိခဲ့ကာ သူ၏လက်အောက်ငယ်သားများကို ဦးဆောင်၍ တာယွီစစ်တပ်ကို မကြာခဏ အနိုင်ယူနိုင်ခဲ့သည်။

သူသည် ခက်ခဲကြမ်းတမ်းသော ပြိုင်ဘက်တစ်ယောက်ပင်။

Chapter 3415

လီဖုက လုယွီ၏နောက်ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ လေသံမြှင့်၍ပြောဆိုသည်။

"မင်းတို့ပြောနေတဲ့ ရှီးလျန်ပါရမီရှင်စာရင်းဆိုတာ ဟာသပြက်လုံးတစ်ခုပဲဆိုတာ ငါ အခု သိသွားပြီ"

"ရှီးလျန်ပါရမီရှင်စာရင်းရဲ့နံပါတ်တစ်က မောက်မာပြီးတော့ အသိဥာဏ်မဲ့တဲ့သူတစ်ယောက်ပဲ...တခြားတစ်ဖက်မှာရှိတဲ့ မင်းကတော့.....မင်းကိုကြည့်ရတာ ငါ ကွဲပြားခြားနားတဲ့အလင်းရောင်မျိုးကို ရစေတယ်"

"ထန်အင်ပါယာကို လာခဲ့ပါ...တာယွီက စွမ်းအားတွေကုန်ခမ်းနေပြီးတော့ မှောင်မိုက်စပြုနေပြီ...သူတို့က ပါရမီရှင်တွေကို ဘယ်လိုလေးစားရမယ်ဆိုတာ မသိကြဘူး...တကယ်လို့ မင်း အဲ့ဒီနေရာမှာဆက်နေရင် ဖုန်တက်နေတဲ့ပုလဲတစ်လုံးလို ဖြစ်သွားမှာပဲ"

ယခင်က လီမင်၏မောက်မာဝံ့ကြွားသော စကားများနှင့် ပြောဆိုပါက ဤစကားလုံးများသည် ပို၍ပြင်းထန်အားကောင်းသည်။

တာယွီအင်ပါယာ၏ လူငယ်ပါရမီရှင်တချို့သည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။

အမှန်အားဖြင့် လုယွီသည် သူတို့အကြားတွင် အားအကောင်းဆုံးသူပင်။

သို့ရာတွင် တာယွီအင်ပါယာဘက်မှနေ၍ လုယွီကို မည်သည့်အရာအား ပေးခဲ့သနည်း....

သူတို့သည် လုယွီကို ယခင်က မောင်းထုတ်ခဲ့ကြရုံသာမက သူ့အား နောက်ဆုံးထိုင်ခုံနေရာတွင်လည်း ထိုင်ခိုင်းခဲ့သည်။

အကယ်၍ ယခုချိန်တွင် လုယွီသည် သူ၏အစစ်အမှန်ခွန်အားကိုသာ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပါက တာယွီအင်ပါယာကြောင့် သူ၏ပါရမီအရည်အချင်း တိမ်မြုပ်သွားပေမည်။

"ဒါက မင်းပြောချင်တာ အကုန်လား...ထန်အင်ပါယာဘက်ကနေ ငါ့ကို ဘာပေးနိုင်လို့လဲ"

လုယွီက အပြုံးနှင့်ပြောဆိုသည်။

လီဖုက အလေးအနက်ထားကာ တုံ့ပြန်လေ၏။

"ငါရဲ့အဖေက ထန်ဧကရာဇ်ရဲ့အယုံကြည်ဆုံး ဘုရင်တွေထဲက တစ်ယောက်ဆိုတာ မင်းသိမယ်လို့ ငါ ယုံကြည်တယ်"

"တကယ်လို့ မင်းက ငါတို့ထန်အင်ပါယာကိုလာဖို့ ဆန္ဒရှိမယ်ဆိုရင်....မင်းက နယ်စပ်အရာရှိရာထူးကိုရမယ်လို့ ငါ ကတိပေးနိုင်တယ်...မင်းက ငါတို့ထန်အင်ပါယာရဲ့ ကြယ်နယ်မြေသခင်တစ်ယောက်ဖြစ်လာပြီးတော့ စတုတ္တအဆင့်အရာရှိတစ်ယောက်ရရှိတဲ့

ထန်အင်ပါယာရဲ့ကံကြမ္မာစွမ်းအားကို ခံစားနိုင်လိမ့်မယ်"

ထိုစကားများကို ပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်မှနေ၍ အုတ်အော်သောင်းနင်းအော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ထန်အင်ပါယာက သူ့ကိုခေါ်ယူဖို့အတွက် တန်ကြေးကြီးကြီးနဲ့ ကမ်းလှမ်းနေတာပါလား"

"ဒါက အမှန်ပဲ...ထန်အင်ပါယာက အခုမှ မြင့်တက်လာခါစဖြစ်တာကြောင့် စုစည်းမိတဲ့ ကံကြမ္မာစွမ်းအားတွေက တာယွီအင်ပါယာလောက် မပေါများသေးဘူး....ဒါကြောင့် သူတို့ရဲ့အရာရှိရာထူးတွေကို ခန့်အပ်တာက ငါတို့ထက် အများကြီးပိုတင်းကြပ်တယ်...စတုတ္ထအဆင့်အရာရှိတစ်ယောက်ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အရင်ထက် ဆယ်ဆလောက် ပိုပြီးမြန်သွားနိုင်တယ်"

"ဒီလိုကံကြမ္မာစွမ်းအားနဲ့ဆို လူတစ်ယောက်ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက ကြောက်ဖို့ကောင်းလောက်အောင် လျှင်မြန်နေမှာပဲ....ဒါက ကံကြမ္မာကောင်းကြီးတွေရှိမှသာ တွေ့ရတတ်တဲ့ ကောင်းကင်နဲ့မြေပြင်ကြားက ရတနာတွေထက် ပိုကောင်းတယ်"

လူတိုင်း အံ့အားသင့်တုန်လှုပ်သွားသည်။

သူတို့အနက်မှအများစုသည် ကျောင်းတော်သားများဖြစ်သော်လည်း တော်ဝင်စာမေးပွဲ၌ အဆင့်မြင့်ကျောင်းတော်သားအဖြစ်ကို မရရှိခဲ့ကြချေ။

ထို့ပြင် အကယ်၍ သူတို့အနက်မှတချို့သည် ကံကောင်းပြီး အဆင့်မြင့်ကျောင်းတော်သားဖြစ်လာလျှင်ပင် အများဆုံးအနေဖြင့် မြို့တစ်မြို့၏စီရင်စုသခင် ရာထူးကိုသာရရှိကာ သူတို့ လက်ခံရသော ကံကြမ္မာစွမ်းအားများလည်း လွန်စွာနည်းပါးသည်။

လုယွီကဲ့သို့ တစ်စုံတစ်ယောက်သည် ထန်အင်ပါသို့ ဝင်ရောက်သည်နှင့် ဤကဲ့သို့ဆက်ဆံမှုမျိုး ရရှိမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

ဝမ်မိသားစု၏ခေါင်းဆောင် ဝမ်မူကျီးသည် စတုတ္တအဆင့် အရာရှိရာထူးတွင်သာရှိသည်။

"တာယွီအင်ပါယာဘက်က သူ့ကို ဘယ်လိုမှ ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး"

နဥ်အမ်ထုံက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

ယခုချိန်တွင် တာယွီအင်ပါယာဘက်မှနေ၍ လုယွီအား ပေးနိုင်သည်မှာ အနည်းငယ်မျှသာရှိကြောင်း သူမ ကောင်းစွာသိရှိထားသည်။

နှိုင်းယှဥ်ကြည့်ပါက ထန်အင်ပါယာဘက်သည် တောက်ပပြီး ချောမွေ့နေသောလမ်းကြောင်းပင်။

"တကယ်လို့ ငါ အစကသာ ကြိုသိခဲ့ရင် အဲ့ဒီကောင်ကို အမြန်ဆုံးရှင်းထုတ်ခဲ့တယ်...ဒါပေမယ့် အခုချိန်မှာတော့ ထန်အင်ပါယာကို လက်တစ်ဖက်ပေးပြီး ကူညီသလိုဖြစ်သွားပြီ"

ဝမ်ခန်းက နှာတစ်ချက်မှုတ်ကာ မကျေမချမ်းပြောဆိုသည်။

သူ၏စကားများကြောင့် ပတ်ဝန်းကျင်ရှိလူများက သူ့ကို အေးစက်စက်အကြည့်များဖြင့် စူးစိုက်၍ကြည့်လိုက်ကြ၏။

အကယ်၍ ဝမ်ခန်းသာ လုယွီကို ဘေးသို့တွန်းမပို့ခဲ့ပါက ကိစ္စများသည် ဤအခြေအနေထိ ရောက်လာမည်မဟုတ်ချေ။

လုယွီသည် ထန်အင်ပါယာနှင့်ပူးပေါင်းရန် ရွေးချယ်မည်ဟု လူတိုင်းနီးပါး တွေးထင်ထားခဲ့ကြသည်။

သို့ရာတွင် လုယွီက ခေါင်းခါလိုက်သည်။

"ထားလိုက်တော့...မင်း တခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

လီဖုက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်ကာ မယုံကြည်နိုင်သောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။

"မင်းရဲ့ရွေးချယ်မှုက သေချာသွားပြီလား...မင်း သိထားရမှာတစ်ခုက တကယ်လို့ မင်း ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင်....နောက်တစ်ကြိမ် ပြန်ရလာတော့မှာမဟုတ်ဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း တိုက်မှာလား မတိုက်ဘူးလား....တကယ်လို့ မင်း မတိုက်ဘူးဆိုရင်လည်း အရှုံးကို ဝန်ခံလိုက်တော့"

ထန်အင်ပါယာ၏ယခုလက်ရှိ ကံကြမ္မာစွမ်းအားသည် လုယွီ၏ကျင့်ကြံဆင့်ကို အထောက်အပံ့ပေးနိုင်မည်မဟုတ်သောအချက်ကို ဘေးဖယ်ထားကြပါစို့....

လုယွီသည် လက်ဝဲစစ်တပ်၏တပ်မှူးဖြစ်ကာ တတိယအဆင့် အရာရှိတစ်ယောက်ပင်။

သူ ရရှိသော ကံကြမ္မာစွမ်းအားသည် စတုတ္ထအဆင့်ကြယ်နယ်မြေသခင်တစ်ယောက် ရရှိသည့်အရာနှင့် နှိုင်းယှဥ်ပါက များစွာပို၍ ပေါကြွယ်ဝသည်။

All Chapters