အခန်း (၃၄၂၁-၃၄၂၅)
Vol. 174 Ch. 3421-3425
Chapter 3421
ဤစာရွက်စာတမ်းများသည် ဝမ်မူကျီး၏နေ့စဥ်လှုပ်ရှားမှုများနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်တချို့ကို မှတ်တမ်းတင်ထားခြင်းပင်။
ကျူးကော်မင်သည် တော်ဝင်တရားစီရင်ရေးဌာန၌ ဖေးထျန်ကွမ်း၏လက်အောက်တွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် သူသည် သူလျှိုအမြောက်အများကို တိတ်တဆိတ် လေ့ကျင့်ပေးထားခဲ့သည်။
ထိုသူလျှိုများထံမှရရှိသော သတင်းအချက်အလက်များသည် ကျိုးတိုးကျဲတဲဖြစ်ကာ သာမာန်မျှသာရှိသော်လည်း သဲလွန်စတချို့ကို မြင်တွေ့နိုင်သည်။
ကြယ်နယ်မြေသခင်ဖြစ်သော ဝမ်မူကျီးသည် အမှန်တကယ်ကိုပင် ရေအင်မော်တယ်ဂိုဏ်းသို့ တစ်လလျှင်လေးခေါက် သွားခဲ့လေ၏။
ယေဘုယျကျကျပြောဆိုရလျှင် အုပ်ချုပ်ရေးအရာရှိများသည် အထူးသီးသန့်အခြေအနေမျိုးမဟုတ်ပါက ပြင်ပဂိုဏ်းအင်အားစုများသို့ သွားရောက်ခွင့်မရှိချေ။
မည်သို့ပင်ဆိုစေကာမူ ပြင်ပဂိုဏ်းအင်အားစုများသည် တော်ဝင်နန်းတွင်းကို သစ္စာခံထားခြင်းမှာ နာမည်ခံအရသာဖြစ်သည်။လက်တွေ့ဖြစ်ရပ်မှန်မှာ သူတို့သည် တော်ဝင်နန်းတွင်းအတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်သဖြင့် အုပ်ချုပ်ရေးအရာရှိများနှင့် ပတ်သတ်လေ့မရှိချေ။
လုယွီသည် စာရွက်များကို ဆက်လက်၍လှန်လိုက်၏။ဝမ်မိသားစု၏ချမ်းသာကြွယ်ဝမှုများနှင့်ပတ်သတ်၍ မှတ်တမ်းတချို့လည်းရှိနေသည်။
ကျူးကော်မင်၏သူလျှိုများသည် ဝမ်မိသားစု၏နေရာအနှံ့အပြား၌ ပျံ့နှံ့နေလေ၏။ထို့ကြောင့် အသေးစိတ်အချက်အလက်များကို လွယ်လင့်တကူ ရှာဖွေဖော်ထုတ်နိုင်သည်။
"ရှီးလျန်မြို့မှာ အချမ်းသာဆုံးလူက ဝမ်မိသားစုကဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုယွီက ရုတ်တရက် ပြုံးလိုက်သည်။
ဝမ်မိသားစု၏ချမ်းသာကြွယ်ဝမှုများသည် လက်ဝဲစစ်တပ်၏အုပ်ချုပ်မှုအောက်ရှိ ကြယ်နယ်မြေများအားလုံးတွင် ပျံ့နှံ့နေသည်။စားသောက်ဆိုင်များ လောင်းကစားရုံများ တည်းခိုခန်းများနှင့် အဖျော်ယမကာဆိုင်များစသဖြင့် ဝမ်မိသားစု၏ပိုင်ဆိုင်မှုများမှာ လွန်စွာများပြားသည်။
အထူးသဖြင့် ဝမ်မိသားစုထံတွင် မိုင်းတွင်းများစွာရှိနေသည်။ထိုမိုင်းတွင်းများမှနေ၍ စိတ်ဝိညာဥ်ကျောက်တုံးများနှင့် အဖိုးတန်ရှားပါးသောပစ္စည်းများကို တစ်နှစ်ပတ်လုံးရရှိနေသဖြင့် ဝမ်မိသားစုသည် ရှီးလျန်မြို့အတွင်းမှ ချမ်းသာကြွယ်ဝသူများထက် အလျှင်အမြန်သာလွန်လာခဲ့သည်။
ကြီးမားသော အကျိုးအမြတ်များသည် ဝမ်မိသားစု၏ဘဏ္ဍာတိုက်အတွင်းသို့ ရူးသွပ်လုမခမ်း စီးဝင်နေသည်။
"တချို့လုပ်ငန်းတွေရဲ့မှတ်တမ်းတွေကို ငါ စစ်ဆေးပြီးတဲ့အချိန်မှာ ကြီးမားတဲ့အင်မော်တယ်ကျောက်တုံးတွေက နှစ်စဥ်နှစ်တိုင်း ကြယ်နယ်မြေတစ်ခုပေါ်က ဘဏ်တစ်ခုရဲ့စာရင်းထဲကို ပြောင်းရွှေ့သွားတာကို ငါ တွေ့ခဲ့တယ်...အဲ့ဒီဘဏ်ရဲ့နောက်မှာ ရေအင်မော်တယ်ဂိုဏ်းက ထိန်းချုပ်ထားတယ်"
"ဝမ်မိသားစုနဲ့ရေအင်မော်တယ်ဂိုဏ်းကြားက အကျိုးတူပတ်သတ်မှုတချို့ရှိနေမယ်လို့ အရာရှိတချို့က သံသယဝင်နေကြတယ်....အဲ့ဒီအင်မော်တယ်ကျောက်တုံးတွေရဲ့ တစ်ဝက်နီးပါးက ဝမ်မိသားစုရဲ့အကျိုးအမြတ်တွေပဲ...ဒီပမာဏကို လျှော့တွက်လို့မရဘူး"
ကျူးကော်မင်က သူ၏သံသယများကို လုယွီထံ ဖွင့်ဟပြောဆိုသည်။
သူသည် တစ်ချိန်က ဖေးထျန်ကွမ်း၏နောက်လိုက်ဖြစ်ခဲ့သဖြင့် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိရှိထားသည်။သူသည် အရာရာတိုင်းအတွက် သူ၏အမြင်ကို ဖော်ပြရုံသာရှိသည်။မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်ကိုမူ သူ ပြောဆိုခြင်းမရှိချေ။
"စိတ်ဝင်စားစရာပဲ...သူက နယ်မြေခံ ကြယ်နယ်မြေသခင်တစ်ယောက်လို့ပဲ ငါ ထင်ခဲ့တာ...သူ့ရဲ့နောက်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့အရိပ်အယောင်တွေရှိနေမယ်လို့ ငါ ထင်မထားခဲ့ဘူး"
ကျန်ရှိနေသော စာရွက်စာတမ်းများသည် ဝမ်မူကျီး၏တခြားပြစ်မှုအမြောက်အများ၏ သက်သေများမှတပါး တခြားအရာမဟုတ်ချေ။
လုယွီ ရှီးလျန်ကြယ်နယ်မြေသို့ရောက်ရှိသည်နှင့် ပထမဆုံးရင်ဆိုင်ရမည့်သူမှာ နယ်မြေခံဧကရာဇ်ကဲ့သို့ဖြစ်နေသော ဝမ်မူကျီးပင်။ထို့ကြောင့် လုယွီသည် သူ၏ပြစ်မှုများအကြောင်းကို သိရှိထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
လုယွီသည် သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ ထိုစာရွက်စာတမ်းများအားလုံး ပြာများအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်အရ သူ တစ်ချက်ကြည့်လိုက်သော အရာရာတိုင်းကို သူ၏စိတ်အတွင်း၌ နက်ရှိုင်းစွာမှတ်မိနေပြီးဖြစ်သည်။
"ငါ ဝမ်မူကျီးနဲ့ ရင်ဆိုင်ရလိမ့်မယ်....အချိန်ကျလာရင် ရှီးလျန်မြို့ရဲ့အုပ်ချုပ်ရေးကိစ္စတွေအားလုံးကို လက်လွှဲယူဖို့ မင်း အဆင်သင့်ပြင်ထားပေးပါ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ကျူးကော်မင်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"အရှင်လုကို ကျေးဇူးတင်ပါတယ်"
ရှီးလျန်ကြယ်နယ်မြေသခင်ရာထူးသည် အသေးအမွှားနေရာမျိုးမဟုတ်ချေ။ရှီးလျန်ကြယ်နယ်မြေသခင်သာဖြစ်လာပါက ကျူးကော်မင်သည် အဆင့်မြင့်အရာရှိအသိုင်းအဝိုင်းသို့ ခြေချနိုင်ပြီဟု ယူဆနိုင်သည်။ဤအဆင့်အတန်းနှင့်ဆိုပါက နောင်အနာဂတ်တွင် သူသည် တော်ဝင်မြို့တော်သို့ပင် ပြန်လည်ဝင်ရောက်နိုင်ပေမည်။
လုယွီ၏စကားများအတွင်း၌ ဖုံးကွယ်ထားသောအဓိပ္ပါယ်သည် လွန်စွာသိသာရှင်းလင်းသည်။ဝမ်မူကျီးကို ရင်ဆိုင်ဖြေရှင်းပြီးချိန်ထိ စောင့်ဆိုင်းပြီးနောက် ကျူးကော်မင်သည် ရှီးလျန်ကြယ်နယ်မြေ၏ ကြယ်နယ်မြေသခင်အသစ်ဖြစ်လာပေမည်။
ကျူးကော်မင်သည် မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေမည်နည်း...
ထို့ပြင် ကျူးကော်မင်သည် သူ၏အထက်အရာရှိဟောင်းဖြစ်သော ဖေးထျန်ကွမ်းသည် လုယွီ၏နောက်လိုက်ဖြစ်နေသည်ကို သိရှိထားပြီးဖြစ်သည်။
လုယွီ၏ယခုလက်ရှိအရည်အချင်းကို ဘေးဖယ်ထားလျှင်ပင် သူသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်လာသူပင်။ဖေးထျန်ကွမ်း၏အမြင်ကို သူ ယုံကြည်ခြင်းကြောင့် သူသည် မှားယွင်းသောပုဂ္ဂိုလ်ကို ရွေးချယ်မိမည်မဟုတ်ချေ။
Chapter 3422
လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။
"ရေအင်မော်တယ်ဂိုဏ်းရဲ့မူရင်းဇစ်မြစ်က ဘာလဲ"
ကျူးကော်မင်သည် သူ၏စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ကာ သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ပြုလုပ်လိုက်၏။
"ကောလဟာလတွေအရတော့ အဲ့ဒီဂိုဏ်းကို နတ်ဆိုးအင်မော်တယ်တစ်ယောက်က တည်ထောင်ခဲ့တာပဲ....အဲ့ဒီနတ်ဆိုးအင်မော်တယ်ရဲ့မူလခန္ဓာကိုယ်က အဝါရောင်ပန်းတစ်ပွင့်ဖြစ်ပြီးတော့...ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ ဥာဏ်အလင်းပြမှုကို ရပြီးတဲ့နောက်မှာ သူ့ရဲ့ကိုယ်ပိုင်အသိဥာဏ်တွေ ဖွံဖြိုးလာခဲ့တယ်....နောက်ပိုင်းကျတော့ သူ တဖြည်းဖြည်း ရွှယ်အင်မော်တယ် အဲ့ဒီကနေ နယ်မြေသခင်နယ်ပယ်ထိ မြင့်တက်သွားခဲ့တယ်....သူ့ကို ပတ်ဝန်းကျင်မှာရှိတဲ့ ကြယ်နယ်မြေတွေအားလုံးမှာ အရမ်းနာမည်ကျော်ကြားတဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်လို့ ယူဆနိုင်တယ်"
"နတ်ဆိုးအင်မော်တယ်တွေက အမြဲတမ်း နားလည်ရခက်ခဲတယ်...သူတို့ရဲ့အစစ်အမှန်ပုံပန်းသွင်ပြင်ကို လူနည်းစုကပဲ တွေ့မြင်နိုင်တယ်...ဒါပေမယ့် ရှေးကျပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့နည်းစနစ်တချို့ကို ထိန်းချုပ်ပြီးတော့ ကြီးမားတဲ့မဟာတာအိုလမ်းကြောင်းကို သူက လျှောက်လှမ်းနိုင်ခဲ့တယ်"
"ဒါပေမယ့် အဲ့ဒီဂိုဏ်းက တာယွီအင်ပါယာ တည်ထောင်တဲ့အချိန်ကတည်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ တည်ထောင်ခဲ့တာပဲ...ဝမ်မူကျီး ရာထူးခန့်အပ်ခံရတာ နှစ်သုံးဆယ်လောက်ပဲရှိသေးတယ်...ရေအင်မော်တယ်ဂိုဏ်းနဲ့သူကြားမှာရှိတဲ့ ပတ်သတ်ဆက်နွယ်မှုက သိပ်ပြီးနက်ရှိုင်းမှာမဟုတ်သေးဘူး"
ပြင်ပလောကတွင် ဂိုဏ်းအင်အားစုကြားမှတိုက်ပွဲသည် လွန်စွာပြင်းထန်ပေ၏။
တာယွီအင်ပါယာတော်ဝင်နန်းတွင်းဟူသော လူဘီလူးကြီးရှိနေခြင်းကြောင့် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အရင်းအမြစ်အများစုကို အခွင့်အာဏာရှိသူများက သိမ်းပိုက်ထားပြီးဖြစ်သည်။
အကယ်၍ ပြင်ပရှိဂိုဏ်းအင်အားစုများသည် သူတို့၏ကိုယ်ပိုင်အင်အားကို တည်ထောင်လိုပါက အကန့်အသတ်ရှိသော အရင်းအမြစ်များအတွက် သူတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရန်လိုအပ်ကာ နောက်ဆုံး၌ အင်အားအကောင်းဆုံးဂိုဏ်းကသာ အသက်ရှင်ကျန်ရစ်ပေမည်။
ရေအင်မော်တယ်ဂိုဏ်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ ခြေကုပ်ယူထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ရှီးလျန်ကြယ်နယ်မြေ၏ဂိုဏ်းကြီးသုံးဂိုဏ်းအနက်မှ တစ်ဂိုဏ်းဖြစ်သဖြင့် သူတို့၌ အားကောင်းသောအခြေခံအုတ်မြစ်ရှိမည်မှာ သိသာထင်ရှားသည်။
"စိတ်ဝင်စားစရာပဲ...နောက်ရက်နည်းနည်းလောက်ကြာရင် ငါ အဲ့ဒီဂိုဏ်းကို တစ်ခေါက်သွားလည်အုံးမယ်"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
ကျူးကော်မင်က ထိတ်လန့်တုန်လှုပ်သွားသည်။လုယွီ၏အလည်သွားမည်ဟူသောစကားတွင် နက်ရှိုင်းသောအဓိပ္ပါယ်တစ်ခု ရှိနေကြောင်း သူ ကောင်းစွာသိရှိထားပေ၏။
ပြင်ပဂိုဏ်းအင်အားစုတစ်ခုသည် အခွင့်အာဏာမရှိဘဲ အရာရှိများနှင့်ပူးပေါင်းဝံ့သည့်အပြင် လေဟာနယ်ကြယ်ဓားပြများကိုပင် တိတ်တဆိတ် လက်သပ်မွေးထားခဲ့သည်။လုယွီသည် ရုံးတော်ကိုလွှဲပြောင်းတာဝန်ယူရမည်ဖြစ်သောကြောင့် ထိုဂိုဏ်းသုံးဂိုဏ်းသည် လွတ်မြောက်နိုင်မည်မဟုတ်ချေ။
နှင်းစက်နေမင်းမြို့၌...
ဤနေရာသည် ကြီးမားသောစစ်တပ်မြို့တစ်မြို့ဖြစ်သော်လည်း မီးအိမ်များ ရောင်စုံအလံများဖြင့် ရှားရှားပါးပါး အလှဆင်ထားသည်။မီးရှူးမီးပန်းဖောက်သံများကို အဆက်မပြတ် ကြားနေရပြီး ပျော်ရွှင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ဤသည်မှာ တာယွီအင်ပါယာသည် စစ်ပွဲအတွင်း၌ ဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီးနောက် ပထမဆုံးအကြိမ် တန်ပြန်အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
လုယွီသည် လေလွင့်ကျင့်ကြံသူတစ်ယောက်ဟု သိရှိပြီးနောက် အင်အားစုအမြောက်အများသည် သူ့အား သံလွင်ခက်ကမ်းနေကြပြီး သူတို့၏တပည့်အဖြစ် ခေါ်ယူနိုင်ရန် ကြိုးစားနေကြ၏။
သို့ရာတွင် ထိုဖိတ်ခေါ်မှုများအားလုံးကို လုယွီက ငြင်းဆန်လိုက်သည်။
လုယွီနှင့်ကျူးကော်မင်တို့သည် လေဟာနယ်သင်္ဘောပျံကိုစီးနင်း၍ ရှီးလျန်မြို့သို့ ပြန်လာခဲ့ကြသည်။
ဤရက်အနည်းငယ်အတွင်းတွင် ပုန်းကွယ်နဂါးစစ်တပ်သည်လည်း ရှီးလျန်ကြယ်နယ်မြေသို့ ရောက်ရှိလာတော့ပေမည်။ထိုအချိန်ကျပါက ဝမ်မိသားစုကို ဆန့်ကျင်မည့်ကိစ္စများကို စတင်ရပေမည်။
ယခုလက်ရှိချိန်တွင် လုယွီသည် ရှီးလျန်မြို့သို့ပြန်သွား၍ အခြေအနေများကို ပို၍လေ့လာစုံစမ်းရန်လိုအပ်သည်။
"အရှင်....မင်းက ငါ့ထက် ပိုပြီးတော်တယ်...ငါ ရှုံးသွားပြီ"
လေဟာနယ်သင်္ဘောပျံပေါ်တွင် ကျူးကော်မင်သည် ခေါင်းခါယမ်းပြီး စစ်တုရင်ခုံပေါ်တွင် ရှုံးနိမ့်သွားသောမြင်ကွင်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
လုယွီနှင့်ကျူးကော်မင် ကစားနေသော စစ်တုရင်ကစားနည်းသည် 'တိုက်ပွဲစစ်တုရင်'ပင်။ဤသည်က အလယ်ခေတ်အတွင်းမှ လက်ဆင့်ကမ်းဆင်းသက်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် စစ်တုရင်ကစားနည်းတစ်ခုဖြစ်သည်။
စစ်တုရင်ခုံ အသက်ဝင်လာသည်နှင့် တိုက်ပွဲစစ်မြေပြင်တစ်ခုအဖြစ်သို့ အလိုအလျောက် ပြောင်းလဲသွားသည်။စစ်တုရင်ကစားနေသူနှစ်ယောက်သည် စစ်တုရင်ခုံပေါ်မှစစ်သားများကို တိုက်ခိုက်ရန် အမိန့်ပေးရလေ၏။
စစ်တုရင်နယ်ရုပ်တစ်ခုစီသည် စစ်သားတစ်ယောက်ကို ကိုယ်စားပြုသည်။နှစ်ဖက်စလုံးသည် ဝင်္ကပါတစ်ခုကိုဖွဲ့စည်းကာ တိုက်ရိုက်တိုက်ခိုက်ကြရသည်။ကစားသမားတစ်ယောက်သည် တစ်ဖက်ရန်သူကို အနိုင်ယူရန်အတွက် လှည့်စားမှုမျိုးစုံကို အသုံးပြုနိုင်သည်။
သူတို့နှစ်ယောက်သည် သင်္ဘောပျံရွေ့လျားနေစဥ်အတောအတွင်း စစ်တုရင်သုံးပွဲ ဆက်တိုက်ကစားခဲ့သည်။
သို့ရာတွင် ကျူးကော်မင်သည် ကစားပွဲအားလုံးကို ရှုံးနိမ့်ခဲ့ကာ ကစားပွဲတစ်ပွဲကိုပင် အနိုင်မရရှိခဲ့ချေ။
လုယွီသည် ထိပ်သီးကျောင်းတော်သား ဖြစ်လာသည်မှာ မကြာသေးသဖြင့် အစစ်အမှန်တိုက်ပွဲတွင် အတွေ့အကြုံများစွာရှိမည်မဟုတ်ဟု သူ မူလက တွေးထင်ခဲ့သည်။
သို့ရာတွင် ကျူးကော်မင်၏အတွေးသည် လုံးလုံးလျားလျား မှားယွင်းသွားပေ၏။
စစ်တုရင်ခုံပေါ်တွင် သူသည် လူငယ်တစ်ယောက်နှင့်မဟုတ်ဘဲ အတွေ့အကြုံရင့်ကျက်သောမွန်းစတားအိုကြီးတစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ သူ ခံစားမိသည်။လှုပ်ရှားမှုတိုင်းတွင် နက်နဲသောအဓိပ္ပါယ်မျိုး ပါဝင်နေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖုံးကွယ်ထားသည်။သူ ရှုံးနိမ့်ခဲ့ရသောအကြိမ်တိုင်း အလွန်ဆိုးရွားသောအခြေအနေမျိုးနှင့်သာ ဖြစ်ပေ၏။
Chapter 3423
"စစ်တုရင်ကစားပွဲထဲမှာက လက်တွေ့ဘဝလောက် အပြောင်းအလဲမများဘူး..မင်းက တော်ဝင်တရားစီရင်ရေးဌာနမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်...ဒီလိုကိစ္စမျိုးဖြစ်လာမယ်လို့ မင်း မျှော်လင့်ထားခဲ့ပုံမရဘူး"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ကျူးကော်မင်က သက်ပြင်းရှိုက်လိုက်သည်။
"လောကဓံကို ခန့်မှန်းဖို့အရမ်းခက်ခဲတယ်...ဘယ်သူက ကံကြမ္မာကို ထိန်းချုပ်နိုင်မှာလဲ"
"မင်းက နောင်အနာဂတ်မှာ ပိုပြီးကြီးမားတဲ့အောင်မြင်မှုတွေ ရလာမှာပါ"
လုယွီက အပြုံးနှင့်ပြောဆိုကာ ကျူးကော်မင်ကို နှစ်သိမ့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် ကံကြမ္မာနည်းစနစ်မှတဆင့် ကျူးကော်မင်ကို စူးစမ်းလေ့လာလိုက်၏။
ကျူးကော်မင်၏နဖူးပေါ်တွင် ခရမ်းရောင်ကံကြမ္မာအလင်းတန်းများနှင့် အတူယှဥ်တွဲ၍ ချီလင်တစ်ကောင်၏တောက်ပသောပုံရိပ်ရှိနေသည်။
ထိုအလင်းတန်းများသည် ပတ်ဝန်းကျင်ရှိ အမှောင်ထုများအားလုံးကို ပျက်ပြယ်သွားစေလိုသည့်အလား အလွန်အမင်းတောက်ပသည်။
နှိုင်းယှဥ်ကြည့်ပါက တချို့လူများ၏ခေါင်းများထက်ရှိ ကံကြမ္မာသည် မှိန်ဖျော့ကာ အရောင်အဆင်းကင်းမဲ့နေသည်။
အကယ်၍ ထူးချွန်သောလူငယ်ပါရမီရှင်တချို့ ဆိုလျှင်ပင် သူတို့၏ခေါင်းများထက်၌ အဖြူရောင်အလင်းတန်းများသာရှိသည်။
ကံကြမ္မာဥပဒေသသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးသာမက လောကကြီးအတွင်းရှိ အရာရာတိုင်းနီးပါးကို ထွင်းဖောက်မြင်နိုင်ပေ၏။
ကောင်းကင်ဘုံနယ်မြေရှိ သက်ရှိများအားလုံးထံတွင် သူတို့၏ကိုယ်ပိုင်ကံကြမ္မာများရှိသည်။
တခြားတစ်ဖက်တွင် ကျူးကော်မင်၏ကံကြမ္မာအလင်းတန်းသည် ခရမ်းနီရောင်ရှိနေပေ၏။သူ့ထံတွင် ကြီးမားသောနာမည်ကျော်ကြားမှုနှင့်အောင်မြင်မှုမျိုး ရရှိနိုင်သည့် ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားသည်။
ထို့ပြင် ကျူးကော်မင်၏ ကံကြမ္မာအလင်းတန်းများမှလက်ဝဲဘက်ခြမ်းတွင် ချီလင်တစ်ကောင်၏ပုံရိပ်ရှိနေသည်။
ချီလင်တစ်ကောင်သည် ရှေးဟောင်းခေတ်ကာလကတည်းမှစတင်၍ အတိတ်နိမိတ်ကောင်းသည်ဟုယူဆထားသော သင်္ကေတတစ်ခုပင်။စိတ်ဓာတ်နှင့်ပါရမီအရည်အချင်း နှစ်မျိုးစလုံး ပြည့်စုံကောင်းမွန်သည့် လူများထံတွင်သာ သူတို့အားစောင့်ရှောက်ရန်အတွက် ချီလင်တစ်ကောင်၏ပုံရိပ်မျိုး ထွက်ပေါ်လာလေ့ရှိသည်။
ဥပမာအနေဖြင့် အတိတ်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ လီစစ်သည် ရှဲ့ကျစ်တစ်ကောင်၏ပုံရိပ်ယောင်မျိုးသို့ အသွင်ပြောင်းလဲနိုင်ကာ သူသည် စည်းမျဥ်းဥပဒေတာအို၏ပါရမီရှင်တစ်ယောက်ဖြစ်နေသည်ကို ညွှန်ပြနေပေ၏။
ကျူးကော်မင်ထံတွင် ဝန်ကြီးချုပ်တစ်ယောက်၏အမူအကျင့်မျိုးရှိနေသည်။
လုယွီ၏လက်အောက်တွင် ဖေးထျန်ကွမ်းနှင့်လီစစ်ရှိနေကာ သူတို့၏သက်ဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်မှုရှိသည်။သို့ရာတွင် တချို့သောကိစ္စများတွင် သူတို့သည် သူ့အား ကူညီပေးနိုင်မည်မဟုတ်ချေ။
ဤအခြေအနေအောက်တွင် ကျူးကော်မင်သည် လုယွီ၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည်။
နောင်အနာဂတ်တွင် သူသည် လုယွီ၏ညာလက်ရုံးတစ်ယောက်အပြင် အစွမ်းထက်ဆုံးလက်အောက်ငယ်သားလည်း ဖြစ်လာနိုင်သည်။
"ငါ့ကို ချီးကျူးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်"
ကျူးကော်မင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ လုယွီကို ကျေးဇူးတင်စကားပြောဆိုသည်။သို့ရာတွင် သူသည် အနည်းငယ်အရှက်ရသကဲ့သို့ ခံစားနေရဆဲပင်။
ဝုန်း....
ထိုအချိန်မှာပင် လေဟာနယ်သင်္ဘောကြီး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ဤလေဟာနယ်သင်္ဘော၏အရှိန်သည် မူလက အလွန်လျှင်မြန်သော်လည်း တစ်စုံတစ်ခု၏ တားဆီးနှောက်ယှက်မှုကို ခံရသည့်အလား ရုတ်တရက် ရပ်တန့်သွားလေ၏။
"ဘာတွေဖြစ်နေတာလဲ"
ကျူးကော်မင်က မျက်မှောင်ကြုတ်ကာ မတ်တတ်ထရပ်လိုက်သည်။
သို့ရာတွင် သူ မတ်တတ်ထရပ်လိုက်စဥ်မှာပင် သင်္ဘောအတွင်းခန်း၏တံခါးကို ပြင်ပမှနေ၍ ရိုက်ချိုးဖွင့်ခြင်း ခံလိုက်ရသည်။
ဘုန်းခနဲမြည်သံကြီးနှင့်အတူ သစ်သားအစအနများက လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။
အနက်ရောင်သံချပ်ကာဝတ်စစ်သားတစ်စုသည် လေဟာနယ်သင်္ဘော၏အတွင်းခန်းသို့ ကျူးကျော်ဝင်ရောက်လာကာ သူတို့၏မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။
ဤအနက်ရောင်သံချပ်ကာဝတ်စစ်သားများ၏ဝတ်စုံသည် တာယွီတော်ဝင်စစ်တပ်မှဝတ်ဆင်နေကျ သံချပ်ကာများဖြစ်ကာ သူတို့သည် အရာရှိများဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"အတင့်ရဲလှချည်လား...မင်းတို့က ဘယ်သူရဲ့လက်အောက်ငယ်သားတွေလဲ...ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ရဲ့သင်္ဘောကို ဟန့်တားဝံ့တာလဲ"
ကျူးကော်မင်က ဒေါသထွက်သွားကာ တင်းမာခက်ထန်သောလေသံဖြင့် မေးမြန်းသည်။
သူသည် ရှီးလျန်မြို့အတွင်း၌ တတိယအရေးကြီးဆုံးပုဂ္ဂိုလ်ပင်။သာမာန်အားဖြင့် စစ်သားများသည် သူ့အားမြင်တွေ့သည်နှင့် ရိုသေလေးစားကြသည်။မည်သည့်အချိန်ကစ၍ သူရှိနေသောနေရာကို ယခုကဲ့သို့ ကျူးကျော်ဝင်ရောက်ဝံ့ကြသနည်း။
အနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် ကျူးကော်မင်ကို မြင်တွေ့စဥ်တွင် အနည်းငယ်တွေဝေတုံ့ဆိုင်းသွားသည်။
မည်သို့ပင်ဆိုစေကာမူ ကျူးကော်မင်သည် ရှီးလျန်မြို့အတွင်း၌ အလွန်နာမည်ကျော်ကြားသည်။
"ဒါက ငါပဲ"
သရော်တော်တော်အသံတစ်သံက ပြင်ပမှနေ၍ ထွက်ပေါ်လာသည်။
ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အနက်ရောင်သံချပ်ကာဝတ်စစ်သားများအကြားမှနေ၍ လျှောက်လှမ်းလာပေ၏။
ထိုလူငယ်သည် ဝမ်ခန်းပင်။
ဝမ်ခန်းသည် အတွင်းသို့ဝင်ရောက်လာကာ လုယွီကိုမြင်တွေ့သည်နှင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"လုယွီ...မင်းက ထန်အင်ပါယာနဲ့ပူးပေါင်းထားပြီးတော့ တာယွီအင်ပါယာကို တိတ်တဆိတ်ဖျက်ဆီးဖို့ကြံစည်နေတယ်လို့ ငါတို့ သံသယရှိတယ်...ငါတို့က မင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာကြောင့် မင်းကိုဖမ်းဆီးဖို့အတွက် ဒီနေရာကိုလာခဲ့တာပဲ...မင်း လိမ်လိမ်မာမာနဲ့ ငါတို့နောက်ကိုလိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်"
လုယွီသည် ထန်အင်ပါယာနှင့်ပူးပေါင်းနေသည်ဟု ဆိုသလော...
ကျူးကော်မင်သည် ထိုအကြောင်းပြချက်ကိုကြားချိန်တွင် ချက်ချင်းဆိုသလိုပင် အော်ဟစ်ရယ်မောလိုက်၏။
"သခင်လေးဝမ်....ဘာတွေဖြစ်နေတာလဲ...သူ့ကိုဖမ်းဖို့အတွက် ဒီနေရာကိုမလာခင် မင်း သေသေချာချာ စုံစမ်းခဲ့သင့်တယ်"
Chapter 3424
လုယွီသည် လက်ဝဲစစ်တပ်၏တပ်မှူးဖြစ်သဖြင့် လက်ဝဲစစ်တပ်အုပ်ချုပ်ခံနယ်မြေများတွင် အဆင့်မြင့်ဆုံးအရာရှိပင်။
မည်သူကိုမဆို ထန်အင်ပါယာနှင့်ပူးပေါင်းနေသည်ဟု ပြောဆိုနိုင်သော်လည်း လုယွီကမူ မဖြစ်နိုင်ချေ။
ဤဝမ်ခန်းသည် သူ၏ပုဂ္ဂိုလ်ရေးဒေါသများကို ဤနေရာတွင်လာ၍ ဖွင့်ထုတ်နေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"အရာရှိကျူး...ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး...ဒီနေရာကနေ ထွက်သွားစမ်း"
ဝမ်ခန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
ကျူးကော်မင်သည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ချေပပြောဆိုလိုက်သည်။
"သခင်လေးဝမ်ခန်း...တကယ်လို့ မင်းဆီမှာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့ တရားဝင်စာရွက်စာတမ်းမပါဘူးဆိုရင်...မင်း လူတွေကို မဆင်မခြင် ဖမ်းခေါ်သွားလို့မရဘူး"
"အဲ့ဒီလိုလား"
ဝမ်ခန်း၏မျက်လုံးအကြည့် အေးစက်တင်းမာသွားသည်။သူသည် ရုံးစာရွက်တစ်ရွက်ကိုထုတ်ယူကာ ထိုအရာပေါ်၌ စာလုံးများကို အတန်းလိုက် သာမာန်ကာလျှံကာ ရေးသားလိုက်၏။
ထို့နောက် ဝမ်ခန်းသည် သူ၏စည်းတံဆိပ်ကိုထုတ်ယူကာ ထိုရုံးစာရွက်ပေါ်၌ ခတ်နှိပ်လိုက်သည်။
"ငါ မင်းကို ပြောလိုက်မယ်....ရှီးလျန်ကြယ်နယ်မြေမှာ ငါတို့ဝမ်မိသားစုက ကောင်းကင်ဘုံပဲ...တကယ်လို့ မင်းတို့က ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့ အသိအမှတ်ပြုမှုကိုလိုချင်ရင် ငါတို့ဝမ်မိသားစုရဲ့ အသိအမှတ်ပြုမှုကို အရင်ရအောင်လုပ်ရမယ်...အခု ဒီရုံးစာရွက်က တရားဝင်ဖြစ်သွားပြီ"
ဝမ်ခန်း၏မျက်နှာ ရုတ်တရက်ပြောင်းလဲသွားကာ ရက်စက်ကြမ်းကြုတ်သောအမူအယာ ထင်ဟပ်လာသည်။
သူသည် ထိုရုံးစာရွက်ဖြင့် ကျူးကော်မင်၏မျက်နှာထံပစ်ပေါက်ကာ လုယွီအား လက်ညှိုးညွှန်၍ အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။
"သူ့ကို ဖမ်းလိုက်ကြစမ်း"
ပတ်ဝန်းကျင်ရှိ အနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် လုယွီကို ချက်ချင်းဝိုင်းရံလိုက်ကြ၏။
"ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့စည်းတံဆိပ်မပါရင် ဒီရုံးစာရွက်က တရားမဝင်ဘူး...ဘယ်သူ သူ့ကိုထိဝံ့လဲဆိုတာ ငါ ကြည့်နေမယ်"
ကျူးကော်မင်သည် ဒေါသထွက်သွားကာ ပတ်ဝန်းကျင်ရှိစစ်သားများကို ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်သည်။
ထိုစစ်သားများသည် ချက်ချင်းဆိုသလိုပင် တွန့်ဆုတ်သွားတော့သည်။
သူတို့သည် အမိန့်အတိုင်းနာခံရသော စစ်သားများသက်သက်ပင်။အကယ်၍ သူတို့သာ အမှန်တကယ် တိုက်ခိုက်ရလျှင် မည်သူက ကျူးကော်မင်ကို ထိဝံ့မည်နည်း။
"ထားလိုက်တော့...ကိစ္စတွေကို ဘာမှခက်ခဲအောင်လုပ်နေဖို့ မလိုအပ်ဘူး"
လုယွီက ကျူးကော်မင်၏ပခုံးကိုပုတ်၍ ပြောဆိုသည်။
ထို့နောက် သူသည် ဝမ်ခန်းကို တန်းတန်းမတ်မတ်ကြည့်ကာ မေးမြန်းလိုက်သည်။
"ငါက ထန်အင်ပါယာနဲ့ပူးပေါင်းနေတယ်လို့ မင်း ဘယ်လိုတွေးလိုက်တယ်ဆိုတာ ငါ သိချင်မိတယ်....အနည်းဆုံးတော့ ငါ့ရဲ့ပြစ်မှုအတွက် သက်သေတစ်ခုတော့ ပြသင့်တယ်မဟုတ်လား"
"သက်သေလား....ဘာမှ ထပ်ရှာနေစရာ မလိုတော့ဘူး...အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာ မင်းလုပ်ခဲ့တဲ့ ရူးသွပ်မိုက်မဲတဲ့လုပ်ရပ်တွေကိုပဲ မင်း ပြန်ကြည့်လေ...မင်းက ထန်အင်ပါယာရဲ့လူငယ်ပါရမီရှင်တွေအများကြီးကို သတ်ဖြတ်ခဲ့တယ်...ဒါက ငါတို့ရှီးလျန်အုပ်ချုပ်ရေးရုံးတော်အတွက် ပြဿနာတွေ ဖြစ်ပွားစေခဲ့တယ်...မင်း ကိုယ့်အပြစ်ကို ကိုယ်မသိဘူးလို့တော့ ငါ့ကိုမပြောနဲ့"
ဝမ်ခန်းက လေသံမြှင့်၍ အော်ဟစ်လိုက်၏။
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"ဒါဆိုရင် ထန်အင်ပါယာရဲ့လူငယ်ပါရမီရှင်တွေကို အနိုင်ယူခွင့် ပေးလိုက်ရမှာလား"
"ဒါက အမှန်ပဲ...ငါတို့ရဲ့ အရင်အစီအစဥ်အရ ထန်အင်ပါယာက ဒီယှဥ်ပြိုင်ပွဲမှာ အနိုင်ရသွားပြီးတော့ အနက်ရောင်မိုကြယ်နယ်မြေကို ရသွားမယ်ဆိုရင်....သူတို့က အနက်ရောင်မိုကြယ်ကို ဝါးမျိုဖို့အတွက် အချိန်တော်တော်ယူရလိမ့်မယ်...ဒါကြောင့် ငါတို့က တစ်ဖက်ရန်သူတွေရဲ့တိုက်ခိုက်မှုကို အချိန်ဆွဲထားနိုင်လိမ့်မယ်"
"ဒါပေမယ့် မင်း...မင်းကတော့ ထန်အင်ပါယာကို ပြင်ဆင်ဖို့ အခွင့်အရေးပေးလိုက်ရုံတင်မကဘူး...သူတို့ရဲ့အင်အားအလုံးအရင်းနဲ့ ငါတို့ကိုဝင်ပြီးတိုက်ခိုက်အောင်ကိုလည်း လုပ်ဆောင်ခဲ့တယ်....မင်းက ငါတို့အားလုံးကို ချောက်နက်ကြီးထဲဆွဲချခဲ့တဲ့ အပြစ်သားတစ်ယောက်ပဲ"
ဝမ်ခန်းသည် ခြေဆောင့်နင်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
လုယွီက မျက်မှောင်ကြုတ်လေသည်။
"မင်းက တာယွီအင်ပါယာရဲ့နယ်မြေကို အသုံးပြုပြီးတော့ ယာယီငြိမ်းချမ်းမှုနဲ့ လဲလှယ်ချင်တာလား"
"ငါတို့ရဲ့အစီအစဥ်က မင်းနားလည်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး....အမြင်ကျဥ်းတဲ့လူတစ်ယောက်က ငါတို့အင်ပါယာရဲ့အကြံအစည်ကို ဖျက်ဆီးပစ်ခဲ့တယ်...ငါ့အထင်တော့ မင်းက ထန်အင်ပါယာကလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ပဲဖြစ်မယ်"
ဝမ်ခန်းက အေးစက်စက်လေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။
လုယွီသည် နောက်ဆုံး၌ ဝမ်ခန်း၏အစီအစဥ်ကို သိရှိသွားလေပြီ။
သူတို့၏အမြင်အရ နယ်မြေတချို့ကို ဆုံးရှုံးရခြင်းသည် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။
သူတို့သည် ရှီးလျန်မြို့ကို ထိန်းသိမ်းထားနိုင်သရွေ့ သူတို့၏ဝမ်မိသားစုသည် ဤနေရာ၌ သာလွန်ထူးကဲသောအဆင့်အတန်းမျိုး ရှိနေပေမည်။
တော်ဝင်နန်းတွင်း၏စစ်ပွဲရလဒ်ကိုမူ သူတို့သည် အနည်းငယ်မျှပင် ထည့်သွင်းတွက်ချက်ခြင်းမရှိချေ။
"အရမ်းကို ရယ်ဖို့ကောင်းတာပဲ...ဒါက ဘယ်လိုအကြောင်းပြချက်မျိုးလဲ...တကယ်လို့ လုယွီသာ သူလျှိုတစ်ယောက်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ သူက ထန်အင်ပါယာရဲ့လူငယ်ပါရမီရှင်တွေအများကြီးကို သတ်ပစ်မှာလဲ"
ကျူးကော်မင်က အေးစက်စက်လေသံဖြင့် ချေပပြောဆိုသည်။
ဤသည်က လုံးလုံးလျားလျား အခြေအမြစ်မရှိသော အကြောင်းပြချက်ပင်။
ဝမ်ခန်းက သူ၏ခေါင်းကိုမော့ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက ထန်အင်ပါယာရဲ့အစီအစဥ်တစ်ခုပဲ ဖြစ်မယ်...မဟုတ်ရင် သူလို လေလွင့်ကျင့်ကြံသူတစ်ယောက်က ဒီလောက်လူတွေအများကြီးကို ဘယ်လိုလုပ်ပြီးတော့ အနိုင်ယူနိုင်မှာလဲ...ဒီထဲမှာ အတွင်းရေးကိစ္စတွေ ရှိနေရမယ်...လူအိုကြီးယင် သူ့ကိုဖမ်းခေါ်လိုက်စမ်း"
Chapter 3425
ဝမ်ခန်း၏နောက်မှနေ၍ သုန်မှုန်နေသောမျက်နှာအမူအယာနှင့် အဖိုးအိုတစ်ယောက် ရှေ့သို့ထွက်လာသည်။
"ဝမ်မိသားစုရဲ့အဆင့်မြင့်အကြီးအကဲ"
ထိုအဖိုးအိုကိုကြည့်ပြီး ကျူးကော်မင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"ဝမ်ခန်း....မင်းက သီးသန့်ပြစ်ဒဏ်ပေးမှုကို လုပ်ဝံ့တာလား"
ဤသည်မှာ သာမာန်ဖမ်းဆီးမှုမျိုးဆိုပါက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ အဖွဲ့ဝင်များကိုသာ စေလွှတ်ရပေမည်။
ထိုလူများ ထွက်ပေါ်လာခြင်းမရှိဘဲ ဝမ်ခန်းသည် ဝမ်မိသားစု၏အဆင့်မြင့်အကြီးအကဲကို အသုံးပြုခဲ့လေ၏။
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ တရားဝင်စာရွက်စာတမ်းများ မပါရုံသာမက အစီအစဥ်တကျဖမ်းဆီးခြင်းလည်း မရှိချေ။လုယွီကို ဖမ်းဆီးရန်အတွက် တရားမဝင်ဝရမ်းအား အသုံးပြုခဲ့ခြင်းမှာ သူ၏ပုဂ္ဂိုလ်ရေးဒေါသများကို ဖွင့်ထုတ်ရုံသက်သက်မဟုတ်လော။
"ကျူးကော်မင်....မင်းက ငါ့ကိုမျက်နှာသာမပေးဘဲနဲ့ အရှက်ရစေချင်တာလား"
ဝမ်ခန်းက သူ၏ခေါင်းကိုမော့ကာ ယဥ်ကျေးသိမ်မွေ့ချင်ယောင်ဆောင်ထားသော မျက်နှာဖုံးကို ခွာချလိုက်လေပြီ။
သူသည် ဝမ်မိသားစု၏သခင်လေးဖြစ်ပြီး နောင်အနာဂတ်တွင် ဝမ်မိသားစု၏ခေါင်းဆောင် ဖြစ်လာမည့်သူပင်။အကယ်၍ ကျူးကော်မင်သည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်အတွင်းတွင် နာမည်ဂုဏ်သတင်းတချို့ရီနေလျှင်ပင် ဝမ်ခန်း၏အမြင်အရ သူသည် ဝမ်မိသားစု၏ခွေးတစ်ကောင်ပင်။
"ထားလိုက်တော့...မင်း ဝင်ပြီးမပတ်သက်နဲ့"
လုယွီက ရုတ်တရက် ကျူးကော်မင်ထံ အသံပေးပို့လိုက်သည်။
လုယွီ၏အမိန့်ကို ရရှိပြီးနောက် ကျူးကော်မင်၏ပါးစပ်အတွင်းရှိ စကားလုံးများ ချက်ချင်းရပ်တန့်သွားလေ၏။
လုယွီသည် ထိုသို့ပြောဆိုလာသဖြင့် သူ့ထံ၌ ကိုယ်ပိုင်အစီအစဥ်များ ရှိနေပေမည်။သူ ကျူးကော်မင်သည် လက်အောက်ငယ်သားတစ်ယောက်သာဖြစ်သဖြင့် သူ မည်သည့်အရာကိုမျှ ပြောဆိုမည်မဟုတ်ချေ။
"တကယ်လို့ ဘာကမင်းအတွက်ကောင်းတယ်ဆိုတာ မင်း သိရင်...မင်းအတွက် အကောင်းဆုံးပဲ...ဒါက မင်းကို ပြဿနာရှာရမယ့် ငါတို့အတွက် ဒုက္ခသက်သာစေလိမ့်မယ်"
ဝမ်ခန်းက သရော်တော်တော် ပြောဆိုသည်။
ဝမ်ခန်း၏နောက်ရှိ လူအိုကြီးယင်ဟူသော အဖိုးအိုသည် ရှေ့သို့တိုးလာကာ ရုတ်တရက် အဝတ်အိတ်တစ်အိတ်ကို ထုတ်ယူပြီး မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
လုယွီ၏ခန္ဓာကိုယ် တောင့်တင်းကာ တဖြည်းဖြည်းကျုံသွားပြီး အဝတ်အိတ်အတွင်း၌ လှောင်ပိတ်ခံလိုက်ရတော့သည်။
ဤဖြစ်စဥ်အတောအတွင်းတွင် လုယွီသည် အနည်းငယ်မျှပင် ခုခံကာကွယ်ခြင်းမပြုချေ။
ဝမ်ခန်းသည် သူ့အား မည်ကဲ့သို့ဆက်ဆံမည်ကို လုယွီ မြင်တွေ့လိုသည်။
"အရာရှိကျူး....ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေကို ဘယ်သူ့ကိုမှ ပြန်မပြောတာ မင်းအတွက် ပိုကောင်းလိမ့်မယ်"
ဝမ်ခန်းသည် ကျူးကော်မင်ကို ခြိမ်းခြောက်စကားပြောဆိုပြီးနောက် သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။
ဝမ်ခန်း၏နောက်ကျောကိုကြည့်ပြီး ကျူးကော်မင်၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
ဝမ်မိသားစုဟူသော လူဘီလူးကြီး ပျက်စီးခြင်းချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိနေမည်ဟု သူ အတပ်ပြောနိုင်သည်။
......
တစ်ရက်တည်းမှာပင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှနေ၍ ကြေငြာချက်တစ်ခုကို ထုတ်ပြန်လိုက်၏။
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ စုံစမ်းစစ်ဆေးမှုများအရ လုယွီ၏သရုပ်မှန်သည် လေဟာနယ်ကြယ်ဓားပြတစ်ယောက်ပင်။
သူသည် ထန်အင်ပါယာမှသူလျှိုတစ်ယောက်လည်းဖြစ်နေကာ ရှီးလျန်ကြယ်နယ်မြေအတွင်းသို့ ခိုးဝင်ခဲ့ခြင်းဖြစ်သည်။
ထိုကြေငြာချက်ရှိအကြောင်းအရာများတွင် လုယွီ ကျူးလွန်ခဲ့သော ပြစ်မှုများလည်း ပါဝင်နေသည်။
သူ သိုင်းပညာယှဥ်ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့သော အကြောင်းအရင်းမှာ မရိုးဖြောင့်သောရည်ရွယ်ချက်များ ရှိနေခြင်းကြောင့်ဟု ဆိုထားသည်။သူသည် ထန်အင်ပါယာမှလူငယ်ပါရမီရှင်များအားလုံးကို သတ်ဖြတ်ကာ အင်ပါယာနှစ်ခုကြားရှိ ပဋိပက္ခအား ပို၍ကြီးထွားစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဤကြေကြာချက်ထွက်ပေါ်လာချိန်တွင် နေရာအနှံ့အပြား၌ အုတ်အော်သောင်းနင်းဖြစ်သွားသည်။
အမှန်တရားကို မသိရှိသူများသည် လုယွီကို ကျိန်ဆဲကြ၏။ရှီးလျန်ကြယ်နယ်မြေအတွင်းရှိ လူတိုင်းနီးပါး လေဟာနယ်ကြယ်ဓားပြများ၏ တိုက်ခိုက်ခြင်းကို ခံရဖူးကာ အကြီးအကျယ်နာကျင်မှုကို ခံစားခဲ့ရလေ၏။
လေဟာနယ်ကြယ်ဓားပြများသည် မိုးကောင်းကင်အတွင်း၌ လှည့်လည်သွားလာနေကာ ကုန်သည်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို မကြာခဏ လုယက်ကြသည်။သူတို့သည် မကြာခဏ ပြစ်မှုများကျူးလွန်လေ့ရှိသဖြင့် ရလဒ်အနေဖြင့် ရှီးလျန်ကြယ်နယ်မြေအတွင်းရှိ ကုန်ပစ္စည်းစျေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။
ကျင့်ကြံသူတချို့သည် တစ်ယောက်တည်း ခရီးသွားလာနေစဥ် လေဟာနယ်ကြယ်ဓားပြများနှင့် ရင်ဆိုင်တွေ့ရပြီး တိုက်ခိုက်ခံရကာ မရှုမလှသေဆုံးခဲ့ကြရသည်။
ထိုမတော်တဆကိစ္စများကို နေရာအနှံ့အပြား၌ ရှာတွေ့နိုင်လေ၏။
ထို့ကြောင့် လေဟာနယ်ဓားပြများကို အုပ်ချုပ်ရေးရုံးတော်မှ ဖမ်းဆီးမိသည်နှင့် သေဒဏ်အပြစ်ကို စီရင်လေ့ရှိသည်။
ဆန့်ကျင်ဘက်အနေဖြင့် ယှဥ်ပြိုင်ပွဲအတွင်း၌ လုယွီ၏တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရသော လူငယ်ပါရမီရှင်များသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့အားလုံး နှုတ်ဆိတ်နေရန်ကိုသာ ရွေးချယ်ခဲ့ကြသည်။
နှင်းစက်နေမင်းမြို့၌ အဓိကစစ်ဗိုလ်ချုပ်ဝမ်ကျန်း၏ တင်းကြပ်သောအမိန့်အောက်တွင် စစ်သားများအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
လူတိုင်းနီးပါး နံဘေးဘက်မှနေ၍ တိတ်တဆိတ်စောင့်ကြည့်နေကြ၏။
နဥ်အမ်ထုံသည် လုယွီအတွက် တရားမျှတမှုကို ရှာဖွေလိုသော်လည်း နဥ်ကျိုးသည် သူမကို အိမ်အတွင်း၌ပိတ်လှောင်ထားကာ ပြင်ပသို့ထွက်ခွင့်မပြုချေ။
လုယွီသည် ရှီးလျန်မြို့တစ်မြို့လုံး၏အာရုံစိုက်စရာကြီး ဖြစ်လာခဲ့သည်။သို့ရာတွင် ဝမ်မိသားစု၏သြဇာအာဏာလွှမ်းမိုးမှုအောက်တွင် လုယွီသည် လူတိုင်းရိုက်နှက်လိုသော သူခိုးဓားပြတစ်ယောက် ဖြစ်လာခဲ့လေ၏။
သို့ရာတွင် ဝမ်မိသားစုကို သူရဲဘောကြောင်ပြီး လက်သီးပုန်းထိုးတတ်သူများဟု ဝေဖန်လိုသော လူတစ်စုရှိနေဆဲပင်။
သို့သော် ထိုစကားသံများသည် အလျှင်အမြန် ဖုံးကွယ်ခြင်းခံလိုက်ရကာ မည်သူမျှ စကားတစ်ခွန်း ထပ်မဆိုဝံ့တော့ချေ။
Thank For Reading.