အသံများ
Vol. 19 Ch. 263
အခန်း (၂၆၃) အသံများ
"ခင်ဗျား ဒီလောက်ဒဏ်ရာကြီးနဲ့တောင် သေရည်သောက်နိုင်သေးတာလား"
ကျန်းလန်က စကားလမ်းကြောင်းပြောင်းလိုက်၏။
လုန်ယွိ သူ့ကို စိုက်ကြည့်နေသည်ကိုလည်း မည်သို့ရှင်းပြရမှန်း မသိတော့ပေ။
လုန်မန်က…
"အင်း… သေရည်ဆိုင်က ကောင်လေးက ဦးလေးလုန်ရဲ့ အသက်ဆက်မရှင်နိုင်တော့ဘူးလို့ ထင်နေတာလေ ၊ သူပြောတာက သေမယ်ဆိုရင်တောင် သေရည်သောက်သွားရရင် နောင်တရစရာ မကျန်တော့ဘူးပေါ့တဲ့ ၊ သူ့စကားက အဓိပ္ပါယ်ရှိတယ်လို့ထင်မိတာနဲ့ ဦးလေးလုန်ရဲ့ကို သေရည်တိုက်လိုက်တာ"
ကျန်းလန် စကားထပ်မပြောတော့ပေ။
အဋ္ဌမမင်းသားက အတော်လေး ထူးဆန်းသူပင်။
လုန်ယွိကတော့ ဒဏ်ရာရထားသူတစ်ယောက်ကို သေရည်တိုက်ခြင်းက မသင့်လျော်ဟု တွေးမိသည်။ သို့သော် လုန်ရဲ့ကိုကြည့်ရသည်မှာ စိုးရိမ်စရာအခြေအနေမဟုတ်သောကြောင့် စိတ်ပူပန်ခြင်းတော့ မဖြစ်မိပေ။
ထို့နောက် လုန်ယွိနှင့်ကျန်းလန် အတူတူထိုင်ရင်း အဋ္ဌမမင်းသားပြောသည့်စကားများကို နားထောင်နေကြတော့သည်။
လုန်မန်က သူ မည်သို့လွတ်မြောက်လာကြောင်းကို ပြောပြနေ၏။ ဖြစ်စဉ်က အတော်လေးစိတ်လှုပ်ရှားစရာ ကောင်းလှသည်။
သူက ကျန်းလန်ကို အတိုချုပ်ပြောပြခဲ့ပြီးဖြစ်သော်လည်း ယခု အသေးစိတ်ပြောပြနေခြင်း ဖြစ်သည်။
သည်းထိတ်ရင်ဖိုခံစားရစေမည့် လှည့်ကွက်များဖြင့် ဇာတ်လမ်းက အလွန်တရာ စိတ်ဝင်စားစရာ ကောင်းလှသည်။ မသိလျှင် လုပ်ကြံဇာတ်လမ်းတစ်ခုပမာ ထင်မှတ်ရသည်။
လုန်မန်ပြောသည့်အကြောင်းအရာများကို လုန်ယွိက စိတ်ဝင်တစားဖြင့် နားထေင်နေ၏။ ကျန်းလန်ကတော့ ဘေးနားတွင်ထိုင်ရင်း သူမ၏မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်လျှက် ရှိသည်။
လုန်ယွိက လုန်မန်၏ စကားများကို နားထောင်ရင်း တအံ့တသြဖြစ်ဟန်လုပ်ပြလိုသော်လည်း သူမက တည်ငြိမ်အေးစက်ဟန်ဆောင်ရသည်မှာ အကျင့်ပါနေသောကြောင့် မျက်နှာသေဖြင့် ဖြစ်နေ၏။
ထို့ကြောင့် စိတ်ဝင်တစားနားထောင်ရုံမှလွဲပြီး မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိခဲ့ပေ။
ဤသည်က လုန်ယွိ၏ ပုံစံအမှန်ပင် ဖြစ်သည်။ သူမသည် တည်ငြိမ်အေးစက်ခြင်းနှင့်အသားကျလျှက် ရှိ၏။
လုန်ယွိမဟုတ်ဘဲ ရှောင်ယွိဆိုလျှင်တော့ လုန်မန်၏ စကားများကို အံ့သြတကြီးဖြင့်နားထောင်ရင်း ထခုန်ကောင်း ခုန်နေပေလိမ့်မည်။
ကျန်းလန်က သူမကို ငေးစိုက်ကြည့်နေကြောင်း သတိပြုမိသည့်အခါ လုန်ယွိက သူ့ကို လှည့်ကြည့်လာသည်။ ထို့နောက် သူမက ထိုင်ခုံကိုအသာရွေ့ရင်း ကျန်းလန်အနား တိုးကပ်ထိုင်လိုက်၏။
အဋ္ဌမမင်းသားကတော့ စကားပြောနေရသည်ကို စိတ်လှုပ်ရှားနေဟန် ရှိသည်။
ညနေခင်းတွင်တော့ ကျန်းလန်နှင့်လုန်ယွိတို့ အဋ္ဌမမင်းသားကို နှုတ်ဆက်ကာ ပြန်ခဲ့ကြသည်။
ခွန်လွန်တောင်သို့ အပြန်လမ်းတွင် လုန်ယွိက ကျန်းလန်ကို မေးခွန်းထုတ်သည်။
"ဂိုဏ်းတူမောင်လေးက ဦးလေးလုန်ရဲ့နဲ့ ဘယ်တုန်းက မြင်းသေးတွေသောက်တာလဲ"
"ဒီ မြင်းသေးနဲ့ခွေးချေးကိစ္စကတော့…" ဟု ကျန်းလန် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။
ပြီးမှ…
"အဲဒါ သူ သေရည်မူးပြီးလျှောက်ပြောနေတာ"
လုန်ယွိက သူ့ကို စိတ်ဆိုးဟန်မရှိပေ။
သူမက လှပသည့်မျက်လုံးဝိုင်းကြီးများဖြင့် ကျန်းလန်ကို စိုက်ကြည့်ရင်း…
"ဂိုဏ်းတူမောင်လေးက လုန်မန်နဲ့ အတော်လေးခင်မင်ပုံပဲနော် ၊ အရင်တစ်ခေါက် ကျွန်မ သူနဲ့ ဆုံတုန်းကလည်း သူက ဂိုဏ်းတူမောင်လေးအကြောင်း ပြောသေးတယ်"
ကျန်းလန်က…
"ဒါဖြင့် ဂိုဏ်းတူအစ်မကရော… ဂိုဏ်းတူအစ်မလည်း အဋ္ဌမမင်းသားနဲ့ အဆင်ပြေတာပဲ မဟုတ်လား"
လုန်ယွိက တည်ငြိမ်သည့်လေသံဖြင့်…
"အင်း သူက ကျွန်မ တွေးထားတာနဲ့တော့ မတူတာအမှန်ပဲ"
သူမက ဆက်ပြောသည်။
"လုန်မန်က မွေးရာပါအင်မော်တယ်တစ်ပါးဆိုပေမယ့် လုံး၀ မမောက်မာဘူး ၊ နဂါးမျိုးနွယ်အများစုက မာနကြီးကြတယ်လေ ၊ လုန်မန်ကတော့ ကျွန်မအပေါ် မာနမထားဘူး"
ဤစကားအရဆိုလျှင် အခြားသော နဂါးမျိုးနွယ်များကတော့ လုန်ယွိအပေါ် မောက်မာခဲ့ကြဟန်ရှိသည်ဟု ကျန်းလန် ခန့်မှန်းလိုက်သည်။
လုန်မန်ကတော့ လုန်ယွိ၏အချစ်ဆုံးမောင်ငယ်လေး ဖြစ်ပေလိမ့်မည်။ အခြားသူများကတော့ သူမကို မောင်နှမအဖြစ် အသိအမှတ်ပြုခဲ့ကြဟန်ပင် မတူပေ။
လုန်ယွိက လူသားများအလယ်တွင်သာ ပါရမီရှင်တစ်ယောက်ပမာဖြစ်နေသော်လည်း နဂါးမျိုးနွယ်များထဲတွင်တော့ သာမန်မျှသာ ဖြစ်သည်။
အထူးသဖြင့် မွေးရာပါအင်မော်တယ်တစ်ပါးနှင့်ယှဉ်လျှင် ဘာမှ ထူးခြားသူမဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူမောင်လေး အနားမှာရှိနေလို့ တော်သေးတာပေါ့"
ထိုစကားကိုပြောလိုက်စဉ် လုန်ယွိအသံလေးများ အနည်းငယ် တုန်ခါလျှက် ရှိသည်။
သူမ၏မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏အသံလေးများကတော့ တည်ငြိမ်မှု ပျောက်ဆုံးခဲ့လေပြီ။
ကျန်းလန်က လုန်ယွိကို ကြည့်ရုံသာကြည့်နေပြီး မည်သည့်စကာမှ မဆိုခဲ့ပေ။ သူမနံဘေးတွင် ပုံမှန်အတိုင်းသာ လမ်းလျှောက်လိုက်လာခဲ့သည်။
နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် လုန်ယွိက ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်သို့ပြန်ရန် ပြင်ဆင်သည်။
သူမက လက်ထဲတွင် သစ်သားဓားလေးကို ကိုင်ထားရင်း…
"ဒီဓားထဲက နဂါးသုတ်သင်ဓားဝိညာဉ်ပျောက်ကွယ်သွားရင် ကျွန်မ ဂိုဏ်းတူမောင်လေးဆီ ထပ်ပြီးလာခဲ့မယ်နော်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ…"
မနေ့ညက ဓားဝိညာဉ်ကို ပြီးအောင်မထည့်သွင်းရသေးလေရာ ယခုတစ်ကြိမ် ဓားဝိညာဉ်က အချိန်က (၆)လမျှသာ ခံပေလိမ့်မည်။
ကျန်းလန် လုန်ယွိထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ဘာကြောင့်မှန်းမသိ လုန်ယွိ တစ်နေ့တခြား လှလာသည်ဟု သူ ခံစားနေရသည်။
အရင်ကဆိုလျှင် လုန်ယွိကိုတွေ့တိုင်း ချောမောလှပသည်ဟုသာ ခံစားရပြီး အခြားခံစားချက်များ မရှိခဲ့ပေ။
သို့သော်… ယခုတော့…
ကျန်းလန် ခေါင်းကိုခါယမ်းလိုက်ပြီး အတွေးများကို ရပ်တန့်လိုက်သည်။
သူ့အတွက် ကျင့်ကြံသည်က ပိုကောင်းပေလိမ့်မည်။
တာအိုကိုနားလည်ခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်းက များစွာလျှင်မြန်လာသည်။ ထို့ပြင် ယခု ကံကြမ္မာအခွင့်ကောင်း ရောင်ဝါကိုလည်း ရရှိထားသည်ဖြစ်ရာ ရှောင်ယွိ အင်မော်တယ် မဖြစ်ခင်မှာပင် သူက မိုးကောင်းကင်အင်မော်တယ် ဖြစ်လာနိုင်ခြေရှိသည်။
ထို့နောက် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲယူလာခဲ့သည်။
သူ့စိတ်အာရုံထဲတွင် ကြားယောင်နေရသည့်အသံဗလံများကလည်း မည်သည့်အရာများဖြစ်ကြောင်း ကျန်းလန် မသိရှိပေ။ ထိုအရာများက သူ့အတွက် အန္တရယ်ရှိလာနိုင်သည်။
ထို့ပြင် သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ၏ မူလဇာစ်မြစ်ကလည်း ဘာမှန်းမသိသေးပေ။ ထိုရောင်ဝါကလည်း သူ့အတွက် အန္တရယ်ရှိလာနိုင်သည်။
ထို့ကြောင့် နဝမတောင်ထွတ်တွင် နေထိုင်ခြင်းက သူ့အတွက် အန္တရယ်အကင်းဆုံး ဖြစ်သည်။ အနည်းဆုံးတော့ ဆရာဖြစ်သူက သူ့ကိုကာကွယ်ပေးထားသည်ဖြစ်ရာ ပြင်ပစွမ်းအားများက သူ့ကို အန္တရယ်ပေးနိုင်မည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ်ကိုသာ သူ သတိထားရမည် ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်က သူ့ကို တိုက်ခိုက်လိုခြင်းမရှိလျှင် သူ အေးဆေးစွာပင် နေနိုင်မည် ဖြစ်၏။
ပြင်ပလောကသို့ သွားရောက်ကျင့်ကြံရမည့်ကိစ္စမျိုးကိုလည်း ကျန်းလန် စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
အင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲသို့သွားရောက်ပြီး အတွေ့အကြုံရှာမည်ဟု သူ တွေးခဲ့ဖူးသည်။
သို့ဆိုလျှင် ဆရာဖြစ်သူလည်း စိတ်ချမ်းသာမည်ဟု ထင်ခဲ့သည်။
ယခုတော့…
သူ ပြင်ပလောကသို့ လုံး၀ မထွက်ရဲတော့ပေ။
ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို မရရှိခဲ့လျှင် အဆင်ပြေလေသည်။ သို့သော် ထိုရောင်ဝါရရှိလာပြီဖြစ်လေရာ ပိုပြီးသတိထားရမည် ဖြစ်သည်။
နတ်လူသားမျိုးနွယ်များ ၊ နတ်မိစ္ဆာများသာမက အခြားသော စွမ်းအားကြီးမားသူများကိုပင် ကျန်းလန် သတိထားရတော့မည် ဖြစ်၏။
အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်တစ်ပါး ဖြစ်သည်။ သူပင်လျှင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအမျှင်တန်းလေး ပိုင်ဆိုင်ထားသည်နှင့် နတ်မိစ္ဆာများ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူ့လိုသာမန်ကျင့်ကြံသူတစ်ယောက်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု အပြည့်အဝရှိနေကြောင်း အခြားသူများသာ သိရှိသွားပါက…
ကျန်းလန် ဆက်ပင်မတွေးရဲတော့ပေ။
မရဏဂူထဲရောက်သည်နှင့် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းချပေးလိုက်ပြီး သေသေချာချာ နေရာချထားပေးလိုက်သည်။
သားရဲဥလေးမှာလည်း အကောင်ပေါက်မည့်လက္ခဏာမပြသေးသလို ရေသဖန်းပင်လေးမှာလည်း ညှိုးလျော်နေဆဲပင်။
ထိုအရာလေးများကို မည်သည့်အချိန်ထိ ထိန်းသိမ်းထားနိုင်မည်လဲ သူ မသိရှိပေ။ သို့သော် သူတို့က အတော်လေးတော့ အသက်ရှည်ကြသည်။
ထို့နောက် ကျန်းလန် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့တွင်ရှိသမျှ ရင်းမြစ်အားလုံးကို အသုံးပြုကာ စတင်ကျင့်ကြံလိုက်သည်။ သူ့အနေဖြင့် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ရောက်ရှိရန် သိပ်ကြာတော့မည် မထင်ပေ။
ကျန်းလန် မျက်လုံးများကို မှိတ်ထားပြီး ကျင့်ကြံလျှက်ရှိသည်။
ကျန်းလန်၏ ခန္ဓာကိုယ်က မိုးမြေစွမ်းအားများကို အဆက်မပြတ်စုပ်ယူလျှက်ရှိပြီး ထိုစွမ်းအားများက အဆုံးမရှိသည့် တောင်နှင့်ပင်လယ်များပမာ များပြားလွန်းလှသည်။
သူ၏ ကျင့်ကြံခြင်းက သိသိသာသာပင် မြင့်တက်လျှက် ရှိသည်။
ဤသို့ ကျင့်ကြံခြင်းလျှင်မြန်နေသည်မှာ သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့်လည်း များစွာသက်ဆိုင်သည်။
သို့သော် အနည်းငယ်အချိန်ကြာလာသည့်အခါ စွမ်းအားများ၏ဒဏ်ကို သူ မခံနိုင်ဖြစ်လာသည်။
ကျန်းလန် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က များပြားလှသည့်စွမ်းအားများကို ခံနိုင်ရည် မရှိတော့ပေ။
ကျန်းလန် အရှိန်လျှော့ချရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝိညာဉ်ဖိနှိပ်စွမ်းအားက ရုတ်တရက်ထွက်ပေါ်လာပြီး များပြားပြင်းထန်လွန်းသည့် စွမ်းအားများကို ဖိနှိပ်ထားလိုက်သည်။
ချက်ချင်းပင် စွမ်းအားများ၏ဒဏ်ကို ကျန်းလန် ခံနိုင်ရည်ရှိသွားလေ၏။
သို့သော် ကျင့်ကြံနေစဉ် သူ လုံး၀ စိတ်အာရုံမပျံ့လွင့်ရဲပေ။ သေသေချာချာ စိတ်အာရုံစူးစိုက်ထားပြီး စွမ်းအားလှည့်ပတ်ခြင်းများကို အဆက်မပြတ်ဖိနှိပ်ထားသည်။
ဤသို့သောအခြေအနေမျိုးတွင် စိတ်အခြေအနေအနည်းငယ်မျှ မတည်မငြိမ်ဖြစ်မိသည်နှင့် လွယ်ကူစွာပင် ဖောက်ပြန်သွားမည် ဖြစ်သည်။
ကျန်းလန်ကတော့ နဂိုကပင် စိတ်စွမ်းအားကောင်းသူဖြစ်သောကြောင့် ပြဿနာမရှိပေ။
ထိုသို့သောအခြေအနေဖြင့် ကျန်းလန် အချိန် (၂)နှစ်နီးပါး ကျင့်ကြံနေခဲ့သည်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့တက်ရောက်ရန် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။ ဤနှုန်းအတိုင်းသာ ကျင့်ကြံသွားနိုင်ပါက နှစ်ပေါင်း (၁၀၀)အတွင်း မိုးကောင်းကင်အင်မော်တယ် ဖြစ်လာနိုင်သည်။
လွန်ခဲ့သည့် (၂)နှစ်အတွင်း ရှောင်ယွိကတော့ တစ်နှစ်တစ်ခါ မလာရောက်တော့ဘဲ နှစ်ဝက်လျှင်တစ်ခါ ရောက်လာတတ်သည်။
ထို့ပြင် လွန်ခဲ့သည့်တစ်နှစ်ခန့်က အဋ္ဌမမင်းသားသည်လည်း ခွန်လွန်တောင် ပထမတောင်ထွတ်သို့ ရွှေ့ပြောင်းနေထိုင်လာ၏။
ထိုအချက်က အနည်းငယ်အန္တရယ်ရှိသည်ဟု ကျန်းလန် ခံစားရသည်။
လုန်မန်ရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအမျှင်တန်းလေးကို ဧကရာဇ်ရှီးဟယ်ဆိုသူက သေချာပေါက် အာရုံစိုက်မိမည် ဖြစ်သည်။
သို့သော်…
ဧကရာဇ်ရှီးဟယ်က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
ဧကရာဇ်ရှီးဟယ်သာ တိုက်ခိုက်ချင်သည်ဆိုလျှင် အဋ္ဌမမင်းသား အသက်ပျောက်နေလောက်ပြီဖြစ်ပြီး ယခုအချိန်ထိ အသက်ရှင်နေမည် မဟုတ်ပေ။
ယခုတော့ အဋ္ဌမမင်းသားက ခွန်လွန်တောင်တွင် ပုန်းခိုနေခဲ့ပြီး နဂါးမျိုးနွယ်များကလည်း သူ့ကို အလျင်စလိုလာရောက်ခေါ်ယူခြင်း မရှိပေ။
ထို့ပြင် ပထမတောင်ထွတ်တွင် နေထိုင်သည့် ရက်များအတွင်းတွင် အဋ္ဌမမင်းသား မည်သည့်ပြဿနာမှ မဖြစ်ခဲ့ပေ။ ခွန်လွန်တောင်က သူ့ကို ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်ပင် နေထိုင်ခွင့်ပြုထားသည်။
ကျန်းလန် ခန့်မှန်းတွေးတောနေသည်များကို ရပ်တန့်လိုက်သည်။
ဧကရာဇ်ရှီးဟယ်ဆိုသူက သူနှင့်အဆင့်အတန်းတူညီသူ မဟုတ်လေရာ လုန်မန်နှင့်ပတ်သက်ပြီး ထိုပုဂ္ဂိုလ်က မည်သို့တွေးတောမည်ကို ကျန်းလန် ခန့်မှန်းနိုင်မည် မဟုတ်ပေ။
အချိန် (၂)နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းက လျှင်မြန်စွာမြင့်တက်လာသော်လည်း အသံများကြားယောင်နေခြင်းနှင့် ပုံရိပ်ယောင်များကို တွေ့မြင်နေခြင်းကတော့ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည်။ တစ်ကြိမ်ထက်တစ်ကြိမ်လည်း ပိုပြီး သိသာထင်ရှားလာလေ့ရှိ၏။
ကြားယောင်နေရသည့်အသံများက ပိုမိုကျယ်လောင်လာသော်လည်း ရှင်းလင်းပြတ်သားခြင်း မရှိပေ။
ယနေ့ ကျန်းလန် ကျင့်ကြံခြင်းပြီးဆုံးသွားသည်နှင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက် သတင်းများသိနိုင်ရန်အတွက် တောင်အောက်သို့ဆင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော်…
သူ မတ်တတ်ရပ်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် အသံများဆူညံစွာထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထို့နောက် ပါးလွှာသည့်စိတ်နယ်လွန်မျဉ်းကြောင်းတစ်ခုက ကံကြမ္မာအခွင့်ကောင်းရောင်ဝါများထဲမှ ထွက်ပေါ်လာသည်။ ထိုမျဉ်းကြောင်းလေး ထွက်ပေါ်လာသည်နှင့် အသံများက ပိုမိုကျယ်လောင်လာသည်။
ကျန်းလန်က ရုတ်တရက်ထွက်ပေါ်လာသည့် ၎င်းစိတ်နယ်လွန်မျဉ်းကြောင်းလေးကို လက်ဖြင့်အသာထိကိုင်လိုက်၏။ ထိုအခါ ကြားယောင်နေရသည့်အသံများက ပိုမိုရှင်းလင်းကြည်လင်လာသည်။
ဤသည်က…
ကျန်းလန် ခဏမျှ တုံ့ဆိုင်းနေမိသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ နားမလည်ပေ။
ကျင့်ကြံခြင်းလျှင်မြန်လာသောကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဖြစ်စဉ်များလား။ ထိုအချက်ကလည်း သိပ်မသေချာပေ။
သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက အတော်လေး ထူးဆန်းစိမ်းသက်နေလေရာ သူ မည်သည့်အရာကိုမှ ခန့်မှန်းနိုင်ခြင်း မရှိပေ။
ထိုရောင်ဝါက အန္တရယ်ရှိကောင်းရှိနိုင်ပြီး မည်သည့်အရာဖြစ်သည်ကိုလည်း သိရှိရန် လိုအပ်သည်။
အတန်ကြာပြီးနောက် ကျန်းလန် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
ထိုရောင်ဝါကို သေသေချာချာ စစ်ဆေးကြည့်ရန်အတွက် သူ ခွန်လွန်တောင်ပြင်ပသို့ ထွက်ခွာရမည် ဖြစ်သည်။
ခွန်လွန်တောင်နှင့် ဝေးကွာသွားမှသာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို သေသေချာချာ စစ်ဆေးကြည့်နိုင်မည် ဖြစ်သည်။
ခွန်လွန်တောင်နှင့် နီးကပ်သည့်နေရာတွင် ထိုရောင်ဝါကို စစ်ဆေးမိမည်ဆိုလျှင် သူမည်သူမည်ဝါဖြစ်ကြောင်း ဧကရာဇ်ရှီးဟယ် သေချာပေါက် သိရှိသွားပေလိမ့်မည်။
သို့သော် သူ ခွန်လွန်တောင်နှင့် အလွန်တရာဝေးကွာသည့်နေရာသို့ သွားရောက်မိပါက မတော်တဆ အန္တရယ်ကျရောက်ခဲ့လျှင် ဆရာဖြစ်သူက သူ့ကို အချိန်မီ လာရောက်ကယ်တင်နိုင်မည် မဟုတ်ပေ။