နတ်မိစ္ဆာများဝိုင်းဝန်းတိုက်ခိုက်ခံရခြင်း
Vol. 19 Ch. 264
အခန်း (၂၆၄) နတ်မိစ္ဆာများဝိုင်းဝန်းတိုက်ခိုက်ခံရခြင်း
ကောင်းကင်က အနည်းငယ်တောက်ပနေသည်။ လေကလည်း အနည်းငယ် အေးစိမ့်သည်။
အချိန်သည်ကား ဆောင်းဦးရာသီ ဖြစ်၏။
ကျန်းလန် ခြံဝန်းဆီသို့ ရောက်လာပြီး ရှောင်ယွိ ရောက်နေခြင်း ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။
ရှောင်ယွိက တစ်ခါတစ်ရံ ခြံဝန်းအတွင်းသို့ သူမသိအောင် တိတ်တိတ်လေး ရောက်နေတတ်သောကြောင့် လာကြည့်ရခြင်း ဖြစ်သည်။
ရှောင်ယွိ ရောက်မနေကြောင်း သေချာတော့မှ ကျန်းလန် ခြံဝန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
လူသူမရှိသည့် တောင်ခြေတောအုပ်တစ်ခုသို့အရောက်တွင် သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားဖြင့် ခွန်လွန်တောင်မှ ထွက်ခွာသွားလေတော့သည်။
မကြာမီ ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်ရှေ့သို့ ရောက်ရှိလာသည်။
ဤတောအုပ်က ခွန်လွန်တောင်နှင့် အတော်လေး ဝေးကွာလေသည်။ သို့သော် အရင်တစ်ခေါက် ဧကရာဇ်ရှီးဟယ်ဆိုသူနှင့် တွေ့ဆုံခဲ့သည်က ဤနေရာတွင် ဖြစ်လေရာ အခန့်မသင့်လျှင် ထိုပုဂ္ဂိုလ်က သူ့ကို ရိပ်မိသွားနိုင်သည်။
ထို့ကြောင့် ပိုပြီးဝေးကွာသည့်နေရာတစ်ခုသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
လေပြေလေးက တိုက်ခတ်နေသည်။
ကျန်းလန်က နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွား၏။
ခဏကြာပြီးနောက်…
တောင်တစ်ခုထက်တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ပေါ်လာသည်။
ရေခဲပုစဉ်းရင်ကွဲတောအုပ်နှင့်ယှဉ်လျှင် ဤနေရာက ခွန်လွန်တောင်နှင့် နှစ်ဆခန့် ဝေးကွာသည်။ ဝေးကွာသည်ဆိုသော်လည်း အရမ်းကာရော ဝေးကွာခြင်း မရှိပေ။
ဤနေရာတွင် ဧကရာဇ်ရှီးဟယ် သူ့ကို အလွယ်တကူ သတိပြုမိမည် မဟုတ်ပေ။
ထို့ပြင် သူ အသက်အန္တရယ်တစ်စုံတစ်ရာ ကျရောက်ပါက ဆရာဖြစ်သူအာရုံခံမိပြီး အချိန်မီရောက်လာနိုင်သည့် အကွာအဝေးတစ်ခုလည်း ဖြစ်သည်။
ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားပြီဆိုမှတော့ ထိုအရာနှင့်အတူ ယှဉ်တွဲပါလာသည့် အန္တရယ်ကိုလည်း ရင်ဆိုင်ရပေလိမ့်မည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးသည့်နောက် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအတွင်းမှ ထွက်ပေါ်လာသည့် စိတ်နယ်လွန်ကြိုးမျှင်ကို ကျန်းလန် လက်ဖြင့် အသာထိကိုင်လိုက်သည်။
ထိုကြိုးမျှင်ကိုထိတွေ့လိုက်သည်နှင့် ကျန်းလန်၏စိတ်အာရုံထဲတွင် များပြားလှစွာသော အသံများထွက်ပေါ်လာသည်။
ထိုအသံများက...
အော်ဟစ်သံများ ၊ တောင်းပန်သံများ ၊ ကြောက်ရွံ့ရိုသေသည့်အသံများ ဖြစ်သည်။
အချိန်အတန်ကြာ စောင့်ဆိုင်းနေပြီးနောက် မရှင်းလင်းသော အသံများက တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။
ကျန်းလန် စကားသံများကို စတင်ကြားလာရသည်။
"လက်သီးနတ်ဘုရား... လက်သီးနတ်ဘုရား... ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
ကျန်းလန်၏စိတ်အစဉ်သည် ပရမ်းပတာ အော်ဟစ်သံများကြားတွင် နစ်မြုပ်သွားလေတော့၏။
***
မှော်ဝင်တိမ်တိုက်တောင် ၊ အနောက်ဘက်စခန်း။
တစ္ဆေကျင့်ကြံသူ အုပ်စုတစ်စုက တစ္ဆေတံခါးဖွင့်လှစ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို သယ်ဆောင်လာကြသည်။ လိုအပ်သည့်ပစ္စည်းများပြည့်စုံလေ တစ္ဆေတံခါးဖွင့်လှစ်ရန် လွယ်ကူလေ ဖြစ်သည်။
တစ္ဆေတံခါး ဖွင့်လှစ်နိုင်လျှင် ဝိညာဉ်လောကမှ တစ္ဆေစစ်သည်တော်များ ဤလောကသို့ ရောက်ရှိလာကြမည် ဖြစ်သည်။ သို့ဆိုလျှင် နတ်မိစ္ဆာများအနေဖြင့် တစ္ဆေစစ်သည်တာ်များကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
သို့သော် တစ္ဆေတံခါးဖွင့်လှစ်ခြင်းက ထင်သလောက်မလွယ်ကူဘဲ အတော်လေး ရှုတ်ထွေးသည်။ လုံလောက်သည့်ပစ္စည်းများ ပြည့်စုံမှသာ လုပ်ငန်းစဉ် အဆင်ပြေမည် ဖြစ်၏။
ဤနေရာက တစ္ဆေတိုင်းပြည် အဓိကစစ်မြေပြင် နောက်တန်းနေရာ ဖြစ်သည်။
အကာအကွယ်များသေသေချာချာ ပြုလုပ်ထားသည့်အတွက် အန္တရယ်ကင်းရှင်းပြီး နတ်မိစ္ဆာဘက်မှ သူလျှိုများရောက်လာလျှင်ပင် သူတို့ကို ဒုက္ခပေးနိုင်မည် မဟုတ်ပေ။
ဤနေရာတွင် တစ္ဆေချီစွမ်းအားများဖြင့် ဖုံးလွှမ်းနေသောကြောင့် အစစ်အမှန်အင်မော်တယ်များ ရောက်လာလျှင်ပင် တစ္ဆေကျင့်ကြံသူများက အလွယ်တကူ သိရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် ခိုးကြောင်ခိုးဝှက်ဝင်လာကြသူများက လူသားအင်မော်တယ်များသာ ဖြစ်ကြလေရာ တစ္ဆေကျင့်ကြံသူများအတွက် အရာမရောက်သူများ ဖြစ်ကြသည်။
ထိုသူများကို သူတို့ အလျှင်အမြန် ရှင်းပစ်နိုင်ကြသည်။
"ကျုပ် နည်းနည်းပင်ပန်းနေသလိုခံစားရတယ် ၊ မင်းတို့ရော ဘယ်လိုနေလဲ"
တစ္ဆေကျင့်ကြံသူတစ်ယောက်က ရုတ်တရက်ပြောလိုက်၏။
သူတို့အုပ်စုက တောနက်ကြီးတစ်ခုအတွင်းရှိ တောင်ပေါ်လမ်းငယ်လေးတစ်ခုတွင် တစ္ဆေတံခါးဖွင့်လှစ်ရန် လိုအပ်သည့်ပစ္စည်းများသယ်ယူရင်း လမ်းလျှောက်နေကြခြင်း ဖြစ်သည်။
"အေး... ကျုပ်လည်း နည်းနည်းအားပျော့နေတယ်ခံစားရတယ်...၊ သိပ်ပြီး အားမရှိသလိုပဲ"
အခြားတစ္ဆေကျင့်ကြံသူတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
ချင်းမုကလည်း လက်သီးကို ဆုပ်ကြည့်လိုက်သည့်အခါ ယခင်ကနှင့်မတူဘဲ စွမ်းအားများနည်းပါးနေသည်ကို ခံစားလိုက်ရသည်။
"ကျုပ်လည်း အဲဒီလိုပဲခံစားရတယ် ၊ တစ်ခုခုက ကျုပ်တို့ကို အားနည်းသွားအောင် လုပ်နေသလိုပဲ"
"အားလုံးပဲ သတိထားကြ"
ထောက်ပို့အပိုင်း၏ တစ္ဆေတပ်မှူးက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အားလုံးကို ရပ်တန့်ရန် အချက်ပြလိုက်သည်။ သူလည်း အားနည်းသွားသလို ခံစားနေရသည် မဟုတ်ပါလား။
ဤနေရာတွင် တစ်ခုခုမှားနေပြီ ဖြစ်သည်။
"ဒီတောအုပ်ကြောင့် ဖြစ်နေတာလား"
တစ္ဆေကျင့်ကြံသူတစ်ယောက်က သတိကြီးစွာထားရင်း မေးလိုက်သည်။
"အရင်ကလည်း ထောက်ပို့အဖွဲ့တွေ ဒီနေရာကို ဖြတ်သွားနေကျပဲလေ ၊ ဘာပြဿနာမှ မရှိပါဘူး"
တစ္ဆေကျင့်ကြံသူတစ်ယောက်က ပြန်ပြောလိုက်သည်။
"ဒါဖြင့် ဘာလို့ ကျုပ်တို့ အားနည်းသွားသလို ခံစားနေရတာလဲ"
"ဘယ်သိမှာလဲကွ... ဘာလို့ ငါ့လာမေးနေရတာလဲ"
ချင်းမုက သူ့လည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားလေးကို ဆုပ်ကိုင်လိုက်ရင်း....
"မင်းတို့ လက်သီးနတ်ဘုရားရဲ့ ရုပ်ပုံကို ဆုပ်ကိုင်လိုက်ရင် စွမ်းအားကို ခံစားရလိမ့်မယ်"
အခြားတစ်ယောက်က ချက်ချင်းပြန်ပြောလိုက်သည်။
"ကျုပ်တော့ ဘာမှ မခံစားရဘူး"
နောက်တစ်ယောက်ကလည်း...
"ဟုတ်တယ်... ကျုပ်လည်း ဘာမှမခံစားရဘူး"
ထိုစဉ် မျက်စိလျင်သည့် တစ္ဆေကျင့်ကြံသူတစ်ယောက်က ထူးဆန်းပြီးကြီးမားသည့် အနက်ရောင်တုံးကြီးတစ်တုံးကို သတိပြုမိသွားသည်။
"ရှေ့ကိုကြည့်စမ်း... အဲဒီကျောက်တုံးကြီးက တစ်ခုခု ထူးခြားတယ် မထင်ဘူးလား"
ထိုတစ္ဆေကျင့်ကြံသူ ညွှန်ပြရာသို့ အားလုံး ကြည့်လိုက်ကြသည်။ ထိုအခါ အလင်းရောင်များတောက်ပနေသည့် အနက်ရောင်ကျောက်တုံးကြီးတစ်တုံးကို တွေ့လိုက်ရသည်။
ထိုကျောက်တုံးကြီးရှေ့သို့ ရောက်လာသည့်အခါ သူတို့ ပို၍ပင် အားနည်းသွားသလို ခံစားလိုက်ကြရသည်။
တစ္ဆေကျင့်ကြံသူတပ်မှူးက ချက်ချင်းအမိန့်ပေးလိုက်၏။
"ဒီကျောက်တုံးကြီးကို ဖယ်ပစ်ကြစမ်း... ၊ ဒါကြီးက တစ်ခုခု မူမမှန်သလိုပဲ"
သူတို့ ကျောက်တုံးကြီးကို ဖယ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မန္တန်ပညာတစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရသည်။
"အားလုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ"
တစ္ဆေတပ်မှူးက အော်ဟစ်အမိန့်ပေးလိုက်သည်။
"ဘုန်း..."
မန္တန်စွမ်းအားများက တစ္ဆေကျင့်ကြံသူများအားလုံးကို ထိမှန်သွားသည်။
"ဟူး..."
တစ္ဆေကျင့်ကြံသူများစွာက မန္တန်စွမ်းအားများထွက်ပေါ်လာရာနေရာသို့ ချက်ချင်းပင် ပြေးဝင်တိုက်ခိုက်ကြသည်။
တစ်ချိန်တည်းမှာပင် တောနက်ထဲမှ နတ်မိစ္ဆာများလည်း ထွက်ပေါ်လာကြ၏။
"ဘုန်း"
နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မိကြပြီး တစ္ဆေကျင့်ကြံသူများဘက်မှ အရေးနိမ့်လျှက် ရှိသည်။ တစ္ဆေကျင့်ကြံသူများမှာ တောက်လျှောက်ပင် နောက်ဆုတ်နေကြရသည်။
"အဓိပ္ပါယ်မရှိဘဲ တိုက်နေကြတယ်"
အသံနှင့်တူ လေထဲတွင် ကျောက်ဘီလူးမိစ္ဆာကြီးပေါ်လာသည်။
သူက လက်တစ်ဖက်ကို ဖိနှိပ်လိုက်ရာ မမြင်နိုင်သည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး တစ္ဆေကျင့်ကြံသူများကို ဖိနှိပ်ထားလိုက်သည်။
တစ္ဆေတပ်မှူးက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ထိုတန်ခိုးစွမ်းအားကို ခုခံတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
"ဘန်း"
တန်ခိုးစွမ်းအား (၂)ခု ထိမိသည်နှင့် မမြင်ရသည့် တန်ခိုးစွမ်းအားက အနည်းငယ် ပုံပျက်သွားသည်။
သို့သော် ချက်ချင်းပင် အကောင်းပကတိ ပြန်ဖြစ်သွားပြီး တစ္ဆေတပ်မှူးမှာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ မြေပြင်ထက်သို့ အရှိန်ဖြင့် ပြုတ်ကျသွားသည်။
"မင်းတို့ကောင်တွေက တစ္ဆေနှိမ်နင်းကျောက်တုံးကိုတောင် မသိကြဘူးလားကွ… ဟေ…"
ကျောက်ဘီလူးမိစ္ဆာကြီး၏အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး သူ၏မျက်နှာထက်တွင် မထီမဲ့မြင်အမူအရာများကို တွေ့မြင်ရသည်။
"မင်းတို့တွေ ဒီတစ္ဆေနှိမ်နင်းကျောက်တုံးကို မသိရင်လည်း ကိစ္စမရှိပါဘူး ၊ ဒါပေမဲ့ မင်းတို့တွေက အရမ်းကာရော ကျုပ်တို့ကို စပြီးတိုက်ခိုက်တာနော်"
သူက တစ္ဆေကျင့်ကြံသူများကိုကြည့်ပြီး အေးစက်စွာဖြင့်ပြောလိုက်သည်။
ထို့နောက် ကျောက်ဘီလူးနတ်မိစ္ဆာက သူ့လူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
"တိုက်ကြ…"
ဤနေရာက တစ္ဆေတိုင်းပြည်၏ တစ္ဆေချီစွမ်းအားများ ဖုံးလွှမ်းနေသည့်နေရာဖြစ်သည်။မမျှော်လင့်သည့် အဖြစ်အပျက်များ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူတို့ တိုက်ပွဲကို အချိန်မဆွဲဝံ့ကြပေ။
တစ္ဆေကျင့်ကြံသူများက သူတို့၏ အစိမ်းရောင် ကျာပွတ်များနှင့် အစိမ်းရောင်လှံတံများကို ကောင်းကင်ထက်သို့ ကိုင်မြှောက်လိုက်ကြသည်။
တစ္ဆေတပ်မှူးက…
"သူတို့ကို တိုက်ကြ"
ဒေါသတကြီး ကြုံးဝါးသံများထွက်ပေါ်လာပြီး တစ္ဆေကျင့်ကြံသူများ အရှေ့ဆီသို့ အုပ်စုလိုက် ချီတက်သွားကြသည်။
"ဘုန်း..."
စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေထုကိုထိုးခွင်းထွက်ပေါ်လာသည့် တိုက်ခိုက်သံများ ဆူညံလျှက် ရှိသည်။
တစ္ဆေကျင့်ကြံသူများအတွက် မည်သည့်မန္တန်ပညာမှ အသုံးပြုတိုက်ခိုက်ရန် မလိုအပ်ပေ။ သူတို့၏ ရုပ်ခန္ဓာစွမ်းအားနှင့် ကျင့်ကြံခြင်းတန်ခိုးစွမ်းအားများ ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့်မားကြသည်။
တစ္ဆေကျင့်ကြံသူအနည်းငယ်ကသာ တစ္ဆေတိုင်းပြည်၏ တစ္ဆေကျင့်စဉ်တန်ခိုးစွမ်းအားကို အသုံးပြုလေ့ ရှိကြသည်။
တစ္ဆေကျင့်ကြံသူများ ထိုးဖောက်တိုက်ခိုက်ရန် ကြိုးစားသည်နှင့် နတ်မိစ္ဆာများကလည်း ချက်ချင်းပင် တိုက်ခိုက်လိုက်ကြသည်။
ကောင်းကင်ထက်မှ ပြင်းထန်သည့်ဖိအားကြီးတစ်ခု ဆင်းသက်လာပြီး တစ္ဆေနှိမ်နင်းကျောက်တုံးမှ တောင်ပသောအလင်းရောင်များ ထွက်ပေါ်လာသည်။
ထိုအလင်းရောင်များက တစ္ဆေကျင့်ကြံသူများများ၏ စွမ်းအားကို အားနည်းသွားစေသည်။
"ဘန်း"
တစ္ဆေကျင့်ကြံသူအချို့ နောက်သို့လွင့်ထွက်သွားကြသည်။ ချင်းမုလည်း လွင့်ထွက်သွား၏။
လေထဲတွင် မတ်တတ်ရပ်နေသည့် ကျောက်ဘီလူးနတ်မိစ္ဆာကြီးက…
"သောက်ပိုတွေလုပ်ပြီး တိုက်မနေကြနဲ့တော့ကွ ၊ မင်းတို့တွေ တိုက်လည်း ရှုံးမှာပဲ ၊ ဒီနေရာမှာ သေကြရမှာပဲ"
ထိုနတ်မိစ္ဆာထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများက တိုက်ပွဲတစ်ခုလုံးကို ထိန်းချုပ်ထားသည်။
ထိုစဉ်မှာပင် တစ္ဆေတပ်မှူးက ကျောက်ဘီလူးမိစ္ဆာကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တန်ခိုးစွမ်းအားများ ပြင်းထန်စွာ မြင့်တက်လျှက်ရှိသည်။ ချင်းမုက ထိုးဖောက်ထွက်ရန် ကြိမ်ဖန်များစွာ ကြိုးစားသော်လည်း အနောက်သို့သာ ပြန်လွင့်ထွက်လာသည်။
သူ တစ္ဆေနှိမ်နင်းကျောက်တုံးကို လှမ်းကြည့်လိုက်သည်။ ထိုကျောက်တုံးကြီးကြောင့် သူတို့ တဖြည်းဖြည်းနှင့် အားနည်းသည်ထက် အားနည်းလာသလို ခံစားနေရခြင်း ဖြစ်သည်။
သူ့လက်သီးတွင် မည်သည့်စွမ်းအားမှ စုစည်း၍မရတော့ပေ။
အားလုံးက ဤအနက်ရောင်ကျောက်တုံးကြီးကြောင့် ဖြစ်နေရခြင်းပင်။
"ကျုပ် တစ္ဆေနှိမ်နင်းကျောက်တုံးကို ဖျက်စီးပစ်မယ်"
ပြောပြီးသည်နှင့် ချင်းမုက တစ္ဆေနှိမ်နင်းကျောက်တုံးကြီးရှိရာသို့ ပြေးဝင်သွားသည်။ ထို့နောက် လက်သီးကိုတင်းတင်းဆုပ်ကာ ထိုးနှက်ပစ်လိုက်၏။
"ဘုန်း"
လက်သီးချက်က ကျောက်တုံးကြီးကိုထိမှန်သွားပြီး တွန်းကန်အားတစ်ခုထွက်ပေါ်လာကာ ချင်းမု လွင့်ထွက်သွားသည်။
"ဘန်း"
"သောက်ရူး"
ကျောက်ဘီလူးနတ်မိစ္ဆာကြီးက ရေရွတ်လိုက်၏။
"ဒီတစ္ဆေနှိမ်နင်းကျောက်တုံးက မင်း လက်သီးနဲ့ထိုးလို့ရတဲ့အရာမဟုတ်ဘူး ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလို ဖြစ်နေလိမ့်မယ်"
ချင်းမုက မတ်တတ်ထရပ်လိုက်ပြီး တစ္ဆေဖိနှိပ်ကျောက်တုံးကြီးထံသို့ ထပ်မံပြေးသွာလိုက်သည်။
သူ့ပါးစပ်မှလည်း…
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်တွေကို ကာကွယ်ပေးပါ"
ဟု ဆုတောင်းရေရွတ်လျှက် ရှိသည်။
"ဘုန်း…"
"ဘန်း…"
ချင်းမု လွင့်ထွက်သွားပြန်သည်။
သို့သော် သူက ရပ်တန့်ခြင်းမရှိပေ။ လူးလဲထပြီး ကျောက်တုံးကြီးကို လက်သီးဖြင့် ထိုးနှက်ပြန်၏။
ဤကျောက်တုံးကြီးသာ ပျက်စီးသွားမည်ဆိုလျှင် တိုက်ပွဲတွင် သူတို့ အနိုင်ရမည် ဖြစ်သည်။
လောလောဆယ်တွင်တော့ တစ္ဆေကျင့်ကြံသူများဘက်မှ အရေးနိမ့်နေပြီး အားလုံးက ဖိနှိပ်ခံနေရကာ သေလုမျောပါး တိုက်ခိုက်နေကြရသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်တွေကို ခွန်အားပေးပါ ၊ ဒီ တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို ဖျက်စီးပစ်နိုင်ပြီး နတ်မိစ္ဆာတွေကို သတ်ဖြတ်နိုင်ခွင့်ပေးပါ"
"ဘုန်း"
"ဘန်း"
ချင်းမု လွင့်ထွက်သွားပြန်သည်။
သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။
"ချင်းမုကို သွားကူညီကြစမ်း…"
ကျောက်ဘီလူးမိစ္ဆာထံှ ကြီးမားသည့်ဖိအားကြီး ကျရောက်လာသည်ကို တွန်းလှန်ခုခံရင်း တစ္ဆေတပ်မှူးက အမိန့်ပေးလိုက်သည်။
ထို့နောက် တစ္ဆေကျင့်ကြံသူများက တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို လက်သီးဖြင့် ဝိုင်းဝန်းထိုးနှက်ကြသည်။ သူတို့အများစု၏လည်ပင်းတွင် လက်သီးနတ်ဘုရားပုံသဏ္ဌန်ထွင်းထုထားသည့် သစ်သားပြားများကို ဆွဲထားကြသည်။
သူတို့အားလုံး အံကိုတင်းတင်းကြိတ်ပြီး ကျောက်တုံးကြီးကို လက်သီးဖြင့် ထိုးနှက်ကြ၏။
သူတို့၏လက်သီးချက်များကြောင့် တစ္ဆေနှိမ်နင်းကျောက်တုံးကြီး အက်ကွဲလျှင်အက်ကွဲ ၊ မဟုတ်ပါက သူတို့ ဒဏ်ရာအပြင်းအထန်ရကြမည် ဖြစ်သည်။
သူတို့က လည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားကို ငုံ့ကြည့်ပြီး တီးတိုးဆုတောင်းကြသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
"ကျွန်တော်တို့ရဲ့ လက်သီးချက်တိုင်းကို ကာကွယ်ပေးပါ"
"ဒီ တစ္ဆေနှိမ်နင်းကျောက်တုံးပျက်စီးသွားအောင် ထိုးနှက်ခွင့်ပေးပါ"
"နတ်မိစ္ဆာတွေကို သတ်ဖြတ်ပစ်နိုင်အောင် ကူညီပါ"
"ဘန်း…"
ကျောက်တုံးကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်ကြသည့် တစ္ဆေကျင့်ကြံသူများအားလုံး လွင့်ထွက်သွားကြသည်။
"မျက်စိမှိတ်ယုံနေကြတဲ့ သောက်ရူးတွေ ၊ တစ္ဆေတိုင်းပြည်ကလူတွေက ကောလဟလတွေအတိုင်း အတော်လေး တုံးကြတာပဲ ၊ ကျုပ်တို့ဆီက (၃)နှစ်သား နတ်မိစ္ဆာလေးတွေတောင် မင်းတို့ထက်ဉာဏ်ကောင်းကြတယ် ၊ ဘာတဲ့… ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားတဲ့… သောက်ရူး"
ကျောက်ဘီလူးမိစ္ဆာကြီးက ပြောဆိုကြိမ်းမောင်းလိုက်သည်။
ထို့နောက် သူက လက်နှစ်ဖက်ကို အသာဖိနှိပ်လိုက်ရာ ပြင်းထန်လှသည့်စွမ်းအားကြီးတစ်ခုထွက်ပေါ်လာပြီး တစ္ဆေကျင့်ကြံသူများကို ဖိနှိပ်ထားလိုက်သည်။
ကျောက်ဘီလူးနတ်မိစ္ဆာကြီးက…
"သူတို့ကို သေလမ်းပို့ကြစမ်း"
သူ့စကားသံဆုံးသွားသည်နှင့် နတ်မိစ္ဆာများက ကြုံးဝါးအော်ဟစ်သံများပြုလုပ်လိုက်ကြပြီး တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်ကြလေ၏။