← Chapters

အခန်း (၃၄၃၆-၃၄၄၀)

Vol. 175 Ch. 3436-3440

အခန်း (၃၄၃၆-၃၄၄၀)

Vol. 175 Ch. 3436-3440

Chapter 3436

မှော်စွမ်းအားလှိုင်းများက အဖိုးအို၏နံဘေးပတ်လည်၌ လှည့်ပတ်စပြုလာသည်။

မှော်စွမ်းအားများကို ပြန်လည်ရရှိသွားသော ခံစားချက်သည် အဖိုးအိုကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။

သူသည် အကျဥ်းခန်းအတွင်း၌ မည်သည့်မှော်မန္တန်ကိုမျှ အသုံးပြုနိုင်ခြင်းမရှိချေ။သူ ယခင်က ကျင့်ကြံခဲ့သော ကျင့်ကြံနည်းစနစ်များသည်လည်း ဤနေရာ၌ အဓိပ္ပါယ်မရှိတော့ပေ။ဤအခြေအနေသည် မည်သည့်ကျင့်ကြံသူအတွက်မဆို အလွန်ကြီးမားသော နှိပ်စက်ညှင်းပန်းခံရမှုကြီးပင်။

ကံကောင်းထောက်မစွာဖြင့် သူသည် အလင်းရောင်ကို တဖန်ပြန်၍မြင်တွေ့ရသည့် နေ့ရက်တစ်ရက်သို့ ရောက်ရှိလာလေပြီ။

"မိတ်ဆွေငယ်လေး...ကျေးဇူးပြုပြီးတော့ ငါတို့ကိုလည်း ကယ်ပေးပါလား"

"အမှန်ပဲ...မင်းက အရမ်းသန်မာအားကောင်းတယ်...ငါတို့ရဲ့သံတိုင်တွေကို မြန်မြန်လေး ဖျက်ဆီးပြီးတော့ ငါတို့ကို အပြင်ထုတ်ပေးပါလား"

အသနားခံတောင်းဆိုနေသောအသံများက ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများမှ ထွက်ပေါ်လာပေ၏။

အဖိုးအိုက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"မိတ်ဆွေငယ်လေး...တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်...ကျေးဇူးပြုပြီးတော့ သူတို့ကိုလည်း ကယ်ထုတ်ပေးပါလား...ဒီနေရာမှာ အကျဥ်းချခံထားရတဲ့ လူတွေအားလုံးက ဆိုးသွမ်းတဲ့လူတွေ မဟုတ်ပါဘူး...သူတို့ထဲက အများစုက ဝမ်မိသားစုကို အပြစ်ပြုမိတာကြောင့် မလျော်ကန်တဲ့ပြစ်မှုတွေနဲ့ နာမည်တပ်စွပ်စွဲခံရပြီးတော့ ဒီနေရကို ပို့ခံရတာပါ"

သူသည် ပြင်ပသို့ ထွက်လာနိုင်ခဲ့သော်လည်း လုယွီ တခြားသူများအားလွှက်ပေးရန်အတွက် အသနားခံတောင်းဆိုနေလေ၏။

"ဒါက အဆင်ပြေပါတယ်...ပေါင်လုံတု...မင်းရဲ့မျက်နှာကိုထောက်ပြီးတော့ ငါ သူတို့ကို အပြင်ထုတ်ပေးမယ်"

လုယွီသည် အနည်းငယ်မျှပင် တွေဝေနေခြင်းမရှိချေ။သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ပွင့်အံ့ထွက်လာသည်။

ဘန်း...ဘန်း..ဘန်း...

ပတ်ဝန်းကျင်ရှိ အကျဥ်းခန်းများထံမှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာလေ၏။

အကျဥ်းခန်းများ၏သံတိုင်များသည် လုယွီ၏လက်အတွင်း၌ အနည်းငယ်မျှပင် ခံနိုင်ရည်မရှိချေ။ထိုအရာများသည် တစ်ခုပြီးတစ်ခု ကျိုးပဲ့ပျက်စီးသွားတော့သည်။

နယ်ခြားသံနက်သည် မဖျက်ဆီးနိုင်လုနီးပါး ခိုင်ခံသော်လည်း အကန့်အသတ်ရှိနေဆဲပင်။

လုယွီသည် စစ်သင်္ဘောတစ်စီးကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သူဖြစ်သည်။ဤသည်မှာ စိတ်ကူးယဥ်သက်သက်မဟုတ်ဘဲ သူ၏အစစ်အမှန်ခွန်အားပင်။

"နောက်ဆုံးတော့ ငါ အပြင်ကိုထွက်နိုင်မယ့် အခွင့်အရေးတစ်ခု ရခဲ့ပြီ"

"ဟား ဟား ဟား...ငါ အပြင်ကိုထွက်နိုင်တဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့ပြီပဲ....ဝမ်မိသားစုရဲ့လက်ပါးစေတွေ...မင်းတို့ စောင့်နေကြစမ်း...ငါအပေါ်တင်နေတဲ့ အကြွေးကို မင်းတို့တစ်ယောက်ပြီးတစ်ယောက် အနှေးနဲ့အမြန် ပြန်ဆပ်ရမယ်"

ပတ်ဝန်းကျင်တွင် အကျဥ်းသားများထံမှ ဝမ်းမြောက်ဝမ်းသာအော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။

ဤလူများသည် အကျဥ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့ထံတွင် ပြင်ပသို့ထွက်နိုင်မည့် အခွင့်အရေးမျိုးမရှိဟု သူတို့ မူလကတွေးထင်ခဲ့သည်။သို့ရာတွင် သူတို့သည် ထိုအခွင့်အရေးကို အမှန်တကယ်ရရှိခဲ့လေ၏။ဤသည်က သူတို့မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

"မိတ်ဆွေလေးက ငါ့ကို သိနေတာလား"

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။

"ပေါင်လုံတု...ပြက္ခဒိန်နှစ်၃၆၄နှစ်မြောက်ရဲ့ အဆင့်မြင့်ကျောင်းတော်သားတစ်ယောက်...အရင်က စီရင်စုသခင်ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်...နောက်ပိုင်းကျတော့ အစမှာ မင်းက တော်ဝင်မြို့တော်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်မယ့် အခွင့်အရေးကိုရခဲ့တယ်...ဒါပေမယ့် မင်းက မင်းမိဘတွေအပေါ် သားသမီးဝတ္တရား ကျေပွန်ချင်တာကြောင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာပဲ ဆက်နေခဲ့တယ်...ပြီးတော့ မင်းက လက်ဝဲစစ်တပ်နယ်မြေရဲ့တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာကိုခံရတယ်...ဒီနယ်မြေကို စုံစမ်းစစ်ဆေးဖို့အတွက်ပဲ...ငါ ပြောတာတွေက မှန်လား"

လုယွီ၏အသံသည် တည်ငြိမ်အေးဆေးနေကာ သူသည် အဖိုးအို၏နောက်ကြောင်းရာဇဝင်ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြောဆိုနေသည်။

ပေါင်လုံတုသည် ထိုစကားများကိုကြားပြီးနောက် သူ၏မျက်ခုံးများအနည်းငယ်မြင့်တက်သွားကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"အရှင်...ကြည့်ရတာတော့ မင်းက သာမာန်လူတစ်ယောက် ဟုတ်ပုံမရဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကို ပြောပြပါလား"

ဤအချက်အလက်များကို လွယ်လင့်တကူ ရှာဖွေ၍မရနိုင်ချေ။

ပြင်ပဂိုဏ်းအင်အားစုများသည် နယ်မြေခံအရာရှိများအကြောင်းကို စုံစမ်းလေ့ရှိသည်။သို့ရာတွင် ထိုအရာရှိများ၏အသေးစိတ်အချက်အလက်များအတွက် တိကျသောသတင်းအရင်းအမြစ်မရှိသဖြင့် ရှာဖွေဖော်ထုတ်နိုင်ရန် လွန်စွာခက်ခဲသည်။

သူ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးအဖြစ်သို့ ရာထူးတိုးသွားသည့်ကိစ္စကိုကြည့်ပါက ပြင်ပလောကရှိလူအများစုသည် သာမာန်အတိုင်း ရာထူးတိုးခြင်းဟုသာ တွေးထင်ကြသည်။သို့ရာတွင် အကယ်၍ သူသည် တော်ဝင်မြို့တော်သို့ ပြောင်းရွှေ့ခဲ့ပါက သူ၏ရာထူးသည် ယခုထက်ပို၍ အဆင့်မြင့်မားမည်ကို မည်သူမျှမသိကြချေ။

ပေါင်လုံတု၏မိဘနှစ်ပါးထံတွင် ကျင့်ကြံနိုင်သော အရည်အချင်းမရှိချေ။သူတို့သည် ဆေးလုံးများကိုအသုံးပြု၍ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို အတင်းအကြပ်မြှင့်တင်ခဲ့သည်တိုင် သူတို့၏ရုပ်ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်ခြင်းမရှိသဖြင့် တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြသည်။ထို့ကြောင့် သူသည် မိဘနှစ်ပါးခေါင်းချရာမြို့တွင်သာ နေထိုင်ကာ အဝေးသို့ထွက်သွားခြင်းမပြုခဲ့ပေ။

ကျင့်ကြံသူအများစုအတွက် ဤအခြေအနေမျိုးကို နားလည်နိုင်ရန်မှာ လွန်စွာခက်ခဲလှ၏။

ကျင့်ကြံသူအများစုသည် လောကီနွံအတွင်းမှ ရုန်းထွက်နိုင်စေရန် အာရုံစူးစိုက်ကာ လောကီအဆက်အသွယ်များအားလုံးကို သံယောစဥ်ဖြတ်ထားလေ့ရှိသည်။အလွန်နည်းပါးသူတချို့သာ သူတို့၏သားသမီးဝတ္တရားကျေပွန်စေရန်အတွက် သူတို့၏အနာဂတ်အောင်မြင်မှုကို စွန့်လွှတ်ကြပေမည်။

သို့ရာတွင် ပေါင်လုံတုသည် ထိုကိစ္စကို ပြုလုပ်နိုင်ခဲ့လေ၏။သူသည် ရှီးလျန်မြို့အတွင်း၌ ငါးနှစ်ကြာသည်အထိ သားသမီးဝတ်ကိုစောင့်ထိန်းကာ ပြင်ပသို့ခြေတစ်လှမ်းမျှ ထွက်ခြင်းမပြုချေ။

Chapter 3437

လက်ဝဲစစ်တပ်နယ်မြေ၏ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးရာထူးသည် လွယ်လင့်တကူ တာဝန်ထမ်းဆောင်နိုင်သည့် ရာထူးမျိုးမဟုတ်ချေ။

လက်ဝဲစစ်တပ်နယ်မြေတွင် နယ်မြေခံဧကရာဇ်ကဲ့သို့ဖြစ်နေသော ဝမ်မိသားစုရှိနေသည်ကို လူတိုင်းသိရှိထားကြလေ၏။အကယ်၍ ယခင်တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများသည် ကိစ္စအမြောက်အများကို မသိရှိဟုဆိုလျှင်ပင် တစ်ခုတစ်လေကိုမျှ သတင်းပြန်ပို့ခြင်းမရှိချေ။

ဤသည်မှာ သူတို့သည် ဝမ်မိသားစုထံမှ အကျိုးအမြတ်ရခြင်းကြောင်း ပူးပေါင်းထားခြင်းဖြစ်ရုံသာမက သူတို့၏ဘေးကင်းလုံခြုံရေးအတွက်လည်းဖြစ်သည်။

အကယ်၍ သူတို့သည် ဝမ်မိသားစု၏မကောင်းမှုများကို အမှန်တကယ်ထုတ်ဖော်ပြောဆိုခဲ့ပါက ဝမ်မိသားစုသည် သူတို့အား အလွတ်ပေးမည်မဟုတ်ချေ။

ပေါင်လုံတုသည်လည်း ဤအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

သူသည် တော်ဝင်မြို့တော်ရှိ မြင့်မားသောရာထူးနှင့်လစာငွေကို စွန့်လွှတ်ကာ သူ၏မိဘနှစ်ပါးအပေါ် သားသမီးဝတ်ကျေပွန်စေရန်အတွက် ရှီးလျန်မြို့၌ ဆက်၍နေခဲ့သူဖြစ်ပေ၏။ဤသည်မှာ သူ၏အရည်အသွေးကို ပြသနေခြင်းပင်။

ဤကဲ့သို့လူစားမျိုး၏စိတ်ဆန္ဒသည် အလွန်ခိုင်မာကာ ပြင်ပအကြောင်းအရင်းများသည် သက်ရောက်စေနိုင်ခြင်းရှိမည်မဟုတ်ချေ။ထို့ကြောင့် လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် ဝမ်မိသားစုကျူးလွန်ခဲ့သော မကောင်းမှုများအကြောင်းကို ပေါင်လုံတုသည် စုံစမ်းစစ်ဆေးခဲ့သည်။ထို့နောက် သူသည် ဝမ်မိသားစုကို ပြစ်တင်ရှုတ်ချသည့် စာတစ်စောင်ကို ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

လုယွီသည် လက်ဝဲစစ်တပ်နယ်မြေသို့ ရောက်ရှိပြီးချိန်တွင် တစ်စုံတစ်ယောက်ကိုစေလွှတ်၍ ပေါင်လုံတုကိုရှာဖွေရန် မူလကတည်းက စဥ်းစားထားပြီးဖြစ်သည်။သို့ရာတွင် ပေါင်လုံတုသည် ဤနေရာ၌ ဝမ်မိသားစု၏အကျဥ်းချထားခြင်းကို ခံနေရမည်ဟု သူ မျှော်လင့်မထားမိချေ။

"ငါ့ရဲ့နာမည်က လုယွီ....ငါက တာယွီအင်ပါယာရဲ့ကျုံးကော်စစ်ဗိုလ်ချုပ်ပဲ....ပြီးတော့ ငါက လက်ဝဲစစ်တပ်ရဲ့ တပ်မှူးအသစ်လည်းဖြစ်တယ်"

လုယွီက ကြေးနီတံဆိပ်ပြားတစ်ခုကိုထုတ်ပြကာ တည်ငြိမ်စွာပြောဆိုသည်။

သူ၏အသံသည် အလွန်ကျယ်လောင်ခြင်းမရှိသော်လည်း အကျဥ်းထောင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်နေသံများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။သူတို့အားလုံးသည် လုယွီ၏လက်အတွင်းရှိ တံဆိပ်ပြားကိုသာ မျက်တောင်မခတ်ဘဲ စူးစိုက်၍ကြည့်နေကြလေ၏။

လက်ဝဲစစ်တပ်တပ်မှူးသည် လက်ဝဲစစ်တပ်နယ်မြေ၏ အဆင့်မြင့်ဆုံးအရာရှိဖြစ်ကာ စစ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စအဝဝကို စီမံအုပ်ချုပ်ရသူဖြစ်သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် လွန်စွာကျယ်ဝန်းသဖြင့် ကြယ်မြစ်နယ်မြေများအရ စစ်တပ်မြို့တော်ငါးခုအဖြစ် ပိုင်းခြားထားသည်။လက်ဝဲစစ်တပ်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏နယ်စပ်တွင် တည်ရှိကာ ထန်အင်ပါယာနှင့်တာယွီအင်ပါယာအကြားမှ စစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာစာလည်း ဖြစ်စပြုနေလေပြီ။

အကယ်၍ သာမာန်အချိန်အတွင်းဆိုပါက လက်ဝဲစစ်တပ်နယ်မြေ၏ အုပ်ချုပ်ရေးကိစ္စများသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ် နယ်လှည့်စောင့်ကြည့်ရေးစစ်ဗိုလ်ချုပ်၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင်ရှိသည်။သို့ရာတွင် ယခုချိန်၌ စစ်ပွဲဖြစ်နေသည့်အချိန်ပင်။ထို့ကြောင့် စစ်ရေးအရာရှိဖြစ်သော လုယွီထံတွင် အခွင့်အာဏာ အပြည့်အဝရှိနေလေ၏။သူ့ထံတွင် လက်ဝဲစစ်တပ်နယ်မြေ၏ စစ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စအဝဝကို ထိန်းချုပ်ကွပ်ကဲနိုင်ခွင့်ရှိသည်။

တခြားစကားပြောင်းဆိုရလျှင် အကယ်၍ လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် ဝမ်မူကျီးကို ရင်ဆိုင်နိုင်သော တစ်စုံတစ်ယောက်ရှိနေပါက လုယွီသာ ဖြစ်ပေလိမ့်မည်။

"ကျွန်တော် ပေါင်လုံတုက အရှင့်ကို အရိုအသေပြုပါတယ်"

ပေါင်လုံတုက လုယွီကို ဦးညွှတ်အရိုအသေပြုလေသည်။

တခြားအကျဥ်းသားအများစုသည် လွတ်လပ်မှုရရှိခြင်းကြောင့် ပျော်ရွှင်နေမှု၌ နစ်မြောနေဆဲပင်။ဤအချိန်အခိုက်အတန့်တွင် သူတို့၏စိတ်ကိုတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းကာ လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"အရှင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ကူညီပေးပါ"

"အမှန်ပဲ...အဲ့ဒီဝမ်မူကျီးက ရှီးလျန်ကြယ်နယ်မြေမှာ မကောင်းမှုတွေအများကြီးကို ကျူးလွန်ခဲ့တယ်....သူ လုပ်ခဲ့တဲ့ ရူးသွပ်မိုက်မဲတဲ့ကိစ္စတွေ ဘယ်လောက်တောင်များလဲဆိုတာ ကျွန်တော် သိချင်မိတယ်...အဆင့်နိမ့်အရာရှိတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က သူ့ကို စကားလုံးနည်းနည်းလောက်နဲ့ အပြစ်တင်ခဲ့မိတယ်...သူက ကျွန်တော်ကို ဒီနေရာမှာ ဆယ်နှစ်ကျော်ကြာအောင် ချုပ်ထားခဲ့တယ်...ကျွန်တော်ရဲ့ မှော်စွမ်းအားတွေ လျော့ပါးသွားတဲ့အပြင် ကျွန်တော်ရဲ့ ဘဝသက်တမ်းတောင် သိပ်မကျန်တော့ဘူး"

"ကျွန်တော်ရဲ့မိသားစုတစ်စုလုံးလည်း ဝမ်မိသားစုရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်...ကျွန်တော်ရဲ့မြေးလေးဆိုရင် အသက်သုံးနှစ်ပဲရှိသေးတယ်"

အကျဥ်းသားများသည် ရူးသွပ်နေသူများအလား ဝမ်မိသားစု၏ပြစ်မှုများကို တိုင်တန်းကြတော့သည်။

သူတို့အနက်မှတချို့သည် မူလက လွတ်မြောက်နိုင်ရန်အတွက် မျှော်လင့်ထားခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့ ထွက်ပြေးနိုင်လျှင်ပင် သူတို့ရင်ဆိုင်ရမည်မှာ ရှီးလျန်မြို့၏ဝမ်မိသားစုပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ အခြေအနေသည် ကွဲပြားခြားနားသွားလေပြီ။

သူတို့ရှေ့၌ မတ်တတ်ရပ်နေသူမှာ အသစ်ခန့်အပ်ထားသော လက်ဝဲစစ်တပ်၏တပ်မှူးပင်။အကယ်၍ ဝမ်မူကျီးကို သတ်ဖြတ်နိုင်သော တစ်စုံတစ်ယောက်ရှိနေပါက လုယွီသာ ဖြစ်ပေလိမ့်မည်။

"ငါ အဲ့ဒီကိစ္စတွေအားလုံးကို သေချာစုံစမ်းစစ်ဆေးမယ်"

လုယွီသည် အလျင်စလို ဆုံးဖြတ်ချက်မချချေ။ဤသည်မှာ အကျဥ်းသားများထံမှ တင်ပြချက်များသာဖြစ်ပြီး သူတို့ထံတွင် တိကျခိုင်လုံသော သက်သေမရှိချေ။သူ ဆုံးဖြတ်ချက်မချမီ သူလျှိုများကို စေလွှတ်၍ အရာအားလုံးကို သေချာစွာ စုံစမ်းစစ်ဆေးရပေမည်။

အကျဥ်းထောင်အတွင်းသို့ ဝင်ရောက်မလာမီ လုယွီသည် ဝမ်မိသားစု၏ပြစ်မှုများနှင့် ပတ်သက်သည့် သက်သေများကို စုဆောင်းထားရန် ကျူးကော်မင်ကို မှာကြားထားခဲ့လေ၏။လုံလောက်သော သက်သေများရပါက ဝမ်မိသားစုသည် အဆုံးသတ်စီရင်ချက်ချခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

"မင်း ဒီနေရာကနေ ထွက်သွားပြီရင်...နောင်အနာဂတ်မှာ ငါ့ရဲ့လက်အောက်ကို လာရမယ်"

လုယွီက ပေါင်လုံတုကိုကြည့်ကာ ပြောဆိုသည်။

"ဟုတ်ကဲ့"

ထိုအချိန်မှာပင် ကျူးယင်၏အလောင်း ရုတ်တရက် တုန်ခါစပြုလာသည်။

မူလက အမှောင်ထုအတွင်း၌ ကွေးကောက်နေသော အလောင်းသည် ရုတ်တရက် ရွေ့လျားသွားလေရာ လူတိုင်း၏စိတ်အာရုံများကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။

Chapter 3438

"မကောင်းတော့ဘူး...ကျူးယင်သေသွားတာက ပြဿနာမရှိပေမယ့် သူ့ရဲ့အလောင်းက နတ်ဆိုးလေကို ဆွဲဆောင်နိုင်တယ်"

အကျဥ်းသားတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တခြားအကျဥ်းသားများသည်လည်း မျက်မှောင်ကြုတ်လိုက်ကြကာ ကျူးယင်၏အလောင်းနှင့် ဝေးရာသို့ အလျင်စလိုရှောင်တိမ်းကာ ပုန်းအောင်းလိုက်ကြ၏။

နံဘေးဘက်တွင်ရှိနေသော ပေါင်လုံတုက ရှင်းပြသည်။

"အကျဥ်းထောင်ထဲမှာ တစ်ယောက်ယောက် သေဆုံးသွားတဲ့အကြိမ်တိုင်း...အဲ့ဒီနတ်ဆိုးလေ တိုက်ခတ်လာပြီးတော့ အလောင်းမှာရှိတဲ့ အသွေးအသားတွေအားလုံးကို ဝါးမြိုသွားတယ်...တကယ်လို့ ငါတို့က အလောင်းနားမှာကပ်နေမယ်ဆိုရင် ငါတို့အပေါ်ကိုလည်း သက်ရောက်လာနိုင်တယ်"

တချို့အကျဥ်းသားများကလည်း သက်ပြင်းရှိုက်လိုက်ကြသည်။

"သေတာကိုမပြောနဲ့...တကယ်လို့ အပြင်းအထန်ဒဏ်ရာရထားတဲ့ လူတစ်ယောက်ရှိနေရင်တောင်....သူ့ရဲ့ခန္ဓာကိုယ်ကနေ သွေးတွေအများကြီး ထွက်လာတာနဲ့ နတ်ဆိုးလေကို ဆွဲဆောင်နိုင်တယ်...ဒါကြောင့် ဒီအကျဥ်းခန်းတွေထဲမှာ ဘယ်သူမှ သတိလက်လွတ်မနေဝံ့ကြဘူး...တကယ်လို့ တစ်ယောက်ယောက်က မတော်တဆ ထိခိုက်ဒဏ်ရာရသွားရင် နတ်ဆိုးလေကို ဆွဲဆောင်သလိုဖြစ်သွားမှာကို စိုးရိမ်ကြလို့ပဲ"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

"အဲ့ဒီနတ်ဆိုးလေက တော်တော်လေး ထူးဆန်းတာပါလား"

ထိုအချိန်မှာပင် အကျဥ်းထောင်၏နက်ရှိုင်းသောနေရာမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးလေများက တဖန်ပြန်ပြီး တိုက်ခတ်လာသည်။

ဝှီး.....

ထိုနတ်ဆိုးလေသည် အရိုးကွဲလုမတတ် အေးစိမ့်မှုများကို သယ်ဆောင်လာပြီး ချက်ချင်းဆိုသလိုပင် အကျဥ်းထောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အကျဥ်းသားများအားလုံးသည် တုံ့ဆိုင်းမနေဝံ့ဘဲ နံဘေးသို့ အလျှင်အမြန် နောက်ဆုတ်လိုက်ကြ၏။

အလွန်လျှင်မြန်စွာဖြင့် နတ်ဆိုးလေသည် ကျူးယင်၏အလောင်းနံဘေးသို့ ရောက်ရှိလာသည်။

နတ်ဆိုးလေတိုက်ခတ်လာသည်နှင့်အတူ ကျူးယင်၏အလောင်း တုန်ခါသွားကာ သူ၏လက်သည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေသည်။

လတ်ဆတ်သောသွေးစီးကြောင်းများက သူ၏အလောင်းမှ ဖြာထွက်လာကာ လေထုအတွင်းရှိ တိကျသောနေရာတစ်ခုထံသို့ဦးတည်၍ မျောလွင့်နေပေ၏။

နတ်ဆိုးလေ ပြန်လည်ဆုတ်ခွာသွားသည်ကိုကြည့်ပြီး အကျဥ်းသားအများစုသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

"အရှင်....မြန်မြန်ထွက်သွားကြစို့...သာမာန်အားဖြင့်တော့ ဒီနေရာကို ဝမ်မိသားစုကနေ အစောင့်တွေ လွှတ်လေ့မရှိပေမယ့်...တကယ်လို့ အချိန်အရမ်းကြာသွားမယ်ဆိုရင် ဝမ်မိသားစုကလူတွေ သံသယဝင်လာလိမ့်မယ်"

တစ်စုံတစ်ယောက်က အကြံပေးသည်။

လုယွီက ခေါင်းခါပြလေသည်။

"မင်းတို့ အရင်သွားနှင့်တော့...ငါ တစ်ချက်သွားကြည့်အုံးမယ်"

စကားဆုံးသည်နှင့် သူ၏ခြေဖျားနှင့်မြေပြင်ကိုထိတွေ့ကာ နတ်ဆိုးလေထွက်ပေါ်လာသောနေရာသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။

တခြားအကျဥ်းသားများသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

နတ်ဆိုးလေသည် သူတို့ကို ညှင်းပန်းနှိပ်စက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။လူတိုင်းသည် ထိုနတ်ဆိုးလေကို ထိတ်လန့်ကြောက်ရွံသဖြင့် ရှောင်တိမ်းနေကြသော်လည်း လုယွီကမူ တန်းတန်းမတ်မတ်သွား၍ စုံစမ်းစစ်ဆေးမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"သူက လက်ဝဲစစ်တပ်ရဲ့တပ်မှူးဖြစ်တဲ့ တတိယအဆင့်အရာရှိတစ်ယောက်ပဲ...အဲ့ဒီလူငယ်မှာ ဘယ်လိုနောက်ခံမျိုးရှိနေလို့ တော်ဝင်နန်းတွင်းက သူ့ကို ခုလိုအရေးကြီးတဲ့ ရာထူးနေရာကိုခန့်အပ်လိုက်တာလဲဆိုတာ ငါ သိချင်မိတယ်"

"ကျုံးကော်စစ်ဗိုလ်ချုပ်...ဒီလိုစစ်ရေးဘွဲ့ထူးမျိုးကို ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ငါ တွေ့ဖူးတယ်...သူက ဘယ်လိုစစ်ရေးအောင်မြင်မှုမျိုးကိုရထားလို့ ခုလိုရာထူးမျိုး ခန့်အပ်ခံရတာပါလိမ့်"

အကျဥ်းသားများသည် အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြကာ သူတို့၏စကားများအတွင်း၌ သိချင်စိတ်ပြင်းပြမှုများနှင့် ပြည့်နှက်နေသည်။

အကယ်၍ လုယွီသည် လူလတ်ပိုင်းတစ်ယောက် သို့မဟုတ် အဖိုးအိုတစ်ယောက်ဖြစ်နေပါက သူတို့ အံ့အားသင့်မိမည်မဟုတ်ချေ။

လက်ဝဲစစ်တပ်၏ယခင်တပ်မှူးသည် အသက်ရှစ်ဆယ်ပြည့်ရန် နီးကပ်နေလေပြီ။သူ၏ဆံပင်နှင့်မုတ်ဆိတ်မွှေးများပင်လျှင် ဖြူဖွေးနေလေရာ သူ ဤရာထူးကိုရရှိခြင်းအပေါ် များစွာစဥ်းစားနေရန် မလိုပေ။

သို့ရာတွင် ယခုလက်ရှိ လုယွီ၏အသက်သည် အလွန်ငယ်ရွယ်ပေ၏။

သူသည် ယခုကဲ့သို့ ငယ်ရွယ်သောအသက်အရွယ်ဖြင့် ကြီးမားသောရာထူးကို ရရှိထားသော အကြောင်းအရင်းအား မည်သူမျှ မခန့်မှန်းနိုင်ချေ။

တခြားတစ်ဖက်တွင်....

လုယွီသည် နတ်ဆိုးလေ၏နောက်သို့ ခြေရာခံလိုက်သွားကာ တဖြည်းဖြည်းနှင့် အကျဥ်းထောင်၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည်။

ဤအကျဥ်းထောင်သည် အမှန်အားဖြင့် ချောက်နက်ကြီးတစ်ခုအတွင်း၌ တည်ရှိသည်။ချောက်နက်ကြီး၏နံဘေးနှစ်ဖက်လုံးရှိ တောင်နံရံများသည် တိမ်စိုင်များကိုထိလုမတတ် မြင့်မားသဖြင့် ပြင်ပမှနေရောင်ခြည် ဝင်ရောက်မလာစေရန် လုံးလုံးလျားလျား ကာကွယ်ဟန့်တားထားနိုင်သည်။

လုယွီသည် နတ်ဆိုးလေ၏နောက်သို့လိုက်ရင်းဖြင့် ချောက်နက်ကြီးအတွင်း၌ ဖြတ်သန်းသွားလာနေခဲ့ကာ သူသည် မည်သည့်ဟန့်တားနှောက်ယှက်မှုမျိုးကိုမျှ ကြုံတွေ့ရခြင်းမရှိချေ။

ဝမ်မိသားစုက ဤနေရာမှအကျဥ်းသားများသည် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ဟု တွေးထင်ထားပုံရသည်။ထို့ကြောင့် သူတို့သည် ဤနေရာ၌အစောင့်အကြပ်မထားခြင်းဖြစ်ပေမည်။

လုယွီသည် နတ်ဆိုးလေ၏နောက်သို့လိုက်ပါသွားရင်းဖြင့် ချောက်နက်ကြီးအတွင်းရှိ အက်ကွဲကြောင်းတစ်ခုထံသို့ ရောက်ရှိသွားသည်။

နတ်ဆိုးလေသည် ဤအက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်နေခြင်းပင်။

"ဒီနေရာမှာ အရမ်းထူထပ်သိပ်သည်းတဲ့ ယင်ချီစွမ်းအားတွေရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

Chapter 3439

တခြားကျင့်ကြံသူများသည် အကယ်၍ ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို ကျင့်ကြံမထားပါက သူတို့၏ပတ်ဝန်းကျင်မှ အေးစိမ့်မှုကိုသာ ခံစားရမည်ဖြစ်ပြီး တခြားမည်သည့်အရာကိုမျှ အာရုံခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီ၏မျက်လုံးအတွင်း၌ ထိုသို့မဟုတ်တော့ချေ။

ချီစောင့်ကြည့်ခြင်းနည်းစနစ်အောက်တွင် ထိုအက်ကွဲကြောင်းမှနေ၍ ထူထပ်သိပ်သည်းသော ယင်ချီများ အဆက်မပြတ်ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။

ဤကဲ့သို့ ယင်ချီသိပ်သည်းမှုအဆင့်ကို မြေအောက်လောက တစ်ဆယ့်ရှစ်နယ်မြေအတွင်း၌ပင် အလွန်အမင်းမှောင်မိုက်သောနေရာမျိုးတွင်သာ အာရုံခံနိုင်ပေမည်။

"မှတ်တမ်းတွေအရဆိုရင် ရှီးလျန်မြို့က ဖုန်းရွှေရတနာမြေပေါ်မှာ တည်ထောင်ထားတာ...ဘယ်လိုလုပ်ပြီးတော့ ခုလိုမျိုး နတ်ဆိုးဆန်တဲ့တည်ရှိမှုကြီး ရှိနေတာလဲ"

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

ယေဘုယျကျကျပြောဆိုရလျှင် မြို့ကြီးတစ်မြို့ကို တည်ထောင်မည်ဆိုပါက ဖုန်းရွှေဆရာသခင်တစ်ယောက်ကိုဖိတ်ခေါ်၍ သင့်တင့်လျောက်ပတ်သောမြေနေရာကို စူးစမ်းရှာဖွေရပေမည်။

နဂါးသွေးကြော ဖုန်းရွှေနှင့် အရင်းအမြစ်တို့ ကောင်းမွန်မှသာ မြို့၏နောက်ဆုံးတည်နေရာကို အတည်ပြုရွေးချယ်နိုင်သည်။

ဤသည်မှာ ရှီးလျန်မြို့အတွက်လည်း တူညီစွာပင်။

ဤမြို့ကို အလယ်ခေတ်အတွင်း၌ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏လက်ထက်ဖြစ်သဖြင့် ဤမြို့ကိုအကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံခဲ့ပြီး နောက်ဆုံး၌ ကြီးမားသောခံတပ်မြို့ကြီးဖြစ်လာခဲ့သည်။

ဤကဲ့သို့ မြို့ကြီးတစ်မြို့တွင် ယခုကဲ့သို့ နတ်ဆိုးဆန်သောနေရာမျိုး အမှန်တကယ်ကို ရှိနေခဲ့လေ၏။အဖြူရောင်ကျောက်စိမ်းတစ်တုံးပေါ်တွင် အနက်ရောင်အစက်အပျောက်တစ်ခု ရှိနေသည့်အလား ဤနေရာသည် ထူးဆန်းမှုများနှင့် အကြွင်းမဲ့ပြည့်နှက်နေသည်။

လုယွီသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အက်ကွဲကြောင်းအတွင်းသို့ ခုန်ဆင်းလိုက်သည်။

သို့ရာတွင် လုယွီ အက်ကွဲကြောင်းအတွင်းသို့ဝင်ပြီးနောက် မကြာမီမှာပင် နတ်ဆိုးလေက ရုတ်တရက် သူ၏ရှေ့မှ ဖြတ်သန်းတိုက်ခတ်လာသည်။

ထိုနတ်ဆိုးလေနှင့်အတူ ကျယ်လောင်သောဟိန်းဟောက်သံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသောယင်ချီလှိုင်းများက လုယွီထံဦးတည်၍ တိုးဝင်လာသည်။ဤသည်မှာ သူ ငရဲသို့ဆင်းသက်ခဲ့မိသည့်အလားပင်။ပတ်ဝန်းကျင်ရှိအမှောင်ထုကြီးသည် ထူထပ်သိပ်သည်းလာကာ လုယွီ၏အမြင်အာရုံကို ပိတ်ဆို့ဟန့်တားထားလေ၏။

"ဒါက ဘာလဲ"

လုယွီသည် မျက်မှောင်ကြုတ်ကာ တစ်ဖက်ရန်သူနှင့်အဝေးသို့ ရှောင်တိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် လုယွီ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ့ရှေ့ရှိမြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့သည်။

သူ၏ရှေ့၌ ထုံးကျောက်ဂူကဲ့သို့ နေရာတစ်ခုရှိနေကာ ပုံသဏ္ဍာန်အရွယ်အစားအမျိုးမျိုးရှိသော ကျောက်တုံးမျိုးစုံနှင့် ဝိုင်းရံထားသည်။ထိုဂူ၏မျက်နှာပြင်တွင် ချိုင့်များ အခေါင်းပေါက်များဖြင့် ပြည့်နှက်နေကာ ညီညာမှုမရှိချေ။

တောင်နံရံ၏တစ်ဖက်ခြမ်းရှိ အခေါင်းပေါက်အတွင်းမှနေ၍ သက်ရှိတစ်ကောင်ထွက်ပေါ်လာကာ သူ၏အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းကာ လုယွီကို တိုက်ခိုက်လေ၏။

ဤသည်မှာ 'လူသား'တစ်ယောက်နှင့်တူညီသော သက်ရှိတစ်ကောင်ပင်။သူ၏ဆံပင်များသည် ဖားလျားကျနေကာ သူ၏မျက်နှာကို ဖုံးအုပ်ထားသည်။သူ၏ခန္ဓာကိုယ်သည် ကြီးမားသောမြွေကြီးတစ်ကောင်နှင့်တူညီကာ မီတာရာပေါင်းများစွာရှည်လျားပြီး မျက်နှာပြင်ပေါ်တွင် ထူထပ်သိပ်သည်းသော အစိမ်းရောင်အကြေးခွံများ တွယ်ကပ်နေသည်။

ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံး အစိတ်အပိုင်းမှာ သူ၏ခန္ဓာကိုယ်ပင်။သူ့ထံတွင် နှစ်မီတာကျော်ရှည်လျားသော လက်အမြောက်အများရှိနေသည်။ထိုလက်တစ်ဖက်စီတိုင်းသည် သေးသွယ်ပြီး ဖြူလျော်နေကာ သူ၏လက်သည်းများသည် ထက်ရှပေ၏။ထိုလက်များအားလုံးကို မြေပြင်ပေါ်သို့ချထားစဥ်တွင် လူသားကင်းခြေမျှားကြီးနှင့် တူညီနေသည်။

ထိုလူသားကင်းခြေမျှား ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိအပူချိန် အလွန်အမင်း နိမ့်ကျသွားသည်။

လုယွီ၏မျက်ခွံများ လှုပ်ခတ်သွားပေ၏။သူသည် ရုတ်တရက် သူ့ရှေ့ရှိ မွန်းစတား၏အမည်ကို မှတ်မိသွားသည်။

"ဒါက အရမ်းပြင်းထန်တဲ့ယင်ချီရင်းမြစ်တွေကနေ အသွင်ပြောင်းသွားတဲ့ နတ်ဆိုးသက်ရှိမဟုတ်လား....တစ်ယောက်ယောက်က နတ်ဆိုးသက်ရှိတွေကို ဒီနေရာမှာ မွေးမြူထားတာများလား"

လုယွီက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

သူ့ရှေ့ရှိ နတ်ဆိုးသက်ရှိသည် လူသားလည်းမဟုတ် နတ်ဆိုးလည်းမဟုတ်ချေ။ဤသည်မှာ မရေမတွက်နိုင်သော နာကျည်းမုန်းတီးမှုစွမ်းအားများနှင့်သွေးစွမ်းအားများမှ ဖွဲ့စည်းလာခြင်းမဟုတ်ပေ။ဤသည်မှာ သရဲတစ္ဆေတစ်ကောင်မဟုတ်သော်လည်း အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။သာမာန်အားဖြင့် ဤကဲ့သို့နတ်ဆိုးသက်ရှိများ မွေးဖွားလာခြင်းကို မိုးနှင့်မြေ လူသားများနှင့်နတ်ဘုရားများအားလုံး သည်းခံနိုင်ခြင်းမရှိချေ။

လုယွီသည် ရှားဟိုလီကိုကယ်တင်ခဲ့စဥ်အချိန်၌ ရှုရာမျိုးနွယ်များမှ ဆင့်ခေါ်ထားသော ကြယ်ဝိညာဥ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ထိုသက်ရှိသတ္တဝါများသည် သူ့ရှေ့ရှိနတ်ဆိုးသက်ရှိနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

သို့ရာတွင် ထိုအချိန်တုန်းက ကြယ်ဝိညာဥ်များသည် အလျင်စလိုဖွဲ့စည်းထားခြင်းဖြစ်သဖြင့် သူ့ရှေ့ရှိ နတ်ဆိုးသက်ရှိထက် များစွာပို၍အားနည်းသည်။

အကယ်၍ လုယွီ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ဤနေရာ၌မွေးမြူထားသော နတ်ဆိုးသက်ရှိသည် အနည်းဆုံးအနေဖြင့် ဆယ်စုနှစ်များစွာချီပြီး ကြာမြင့်နေလောက်လေပြီ။ပြင်ပမှသွေးချီများသည် ဤနတ်ဆိုးသက်ရှိ အသက်ရှုသွင်းရှုထုတ် ပြုလုပ်ချိန်များ၌ ဝါးမျိုခံရခြင်းဖြစ်ပေမည်။

Chapter 3440

ဤနေရာရှိ အကျဥ်းသားများအားလုံးသည် အမှန်အားဖြင့် နတ်ဆိုးသက်ရှိ၏အစာသက်သက်ပင်။

အကျဥ်းသားတစ်ယောက်သည် အသက်ရှင်သန်နေသည့်တိုင် သူ၏ခန္ဓာကိုယ်မှသွေးချီများကို တဖြည်းဖြည်း ထိုနတ်ဆိုးသက်ရှိမှ စုပ်ယူသွားပေမည်။အဆုံးသတ်တွင် ထိုလူသည် သေဆုံးသွားကာ သူ၏တာအိုလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

နတ်ဆိုးသက်ရှိသည် သူ၏တိုက်ခိုက်မှု ကျရှုံးသွားသည်ကိုကြည့်ပြီး သူ၏ဆံပင်များ ရုတ်တရက် ပြန့်ကားသွားသည်။

သူ၏မျက်နှာပေါ်တွင် မျက်လုံး နုတ်ခမ်းနှင့် နားများရှိမနေချေ။သူ၏ပါးစပ်တစ်ခုတည်းကိုသာ ကျယ်လောင်စွာဖွင့်ဟပြီး အစွယ်များကို ဖြဲဟထားသည်။

နတ်ဆိုးသက်ရှိ၏ပါးစပ်မှနေ၍ ရှည်လျားသောလျှာကြီးဆန့်ထွက်လာကာ လုယွီထံဦးတည်၍ ထိုးစိုက်လိုက်၏။

ဝှစ်....

လေဟာနယ်အတွင်း၌ အသံတစ်သံ ထွက်ပေါ်လာသည်။ထိုလျှာကြီးသည် လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာကာ သူ့အားရစ်ပတ်ရန် ဟန်ပြင်လေသည်။

ထိုလျှာကြီးသည် အလွန်ကြီးမားကာ စပါးကြီးမြွေတစ်ကောင်နှင့်တူညီပြီး လူအများကိုရစ်ပတ်၍ ချေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။

သို့ရာတွင် လုယွီသည် ဤကဲ့သို့ကြီးမားသောခွန်အားမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် ထိတ်လန့်ကြောက်ရွံသည့်အရိပ်အယောင်မရှိချေ။

သူသည် ရုတ်တရက် အေးစက်စွာ အော်ဟစ်လိုက်သည်။သူ့ကိုယ်သူ ထောက်ပံ့နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ စွမ်းအားများ ဖြန့်ကျက်လိုက်၏။သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသောလျှာကြီးသည် စွမ်းအားများ လုံးလုံးလျားလျား ပျောက်ဆုံးသွားပုံဖြင့် ရုတ်ချည်းပြတ်တောက်သွားတော့သည်။

ဘုန်း....

ခပ်အုပ်အုပ်အသံတစ်သံက လှိုဏ်ဂူအတွင်း၌ မြည်ဟီးသွားသည်။ထိုလျှာကြီး ပြတ်တောက်သွားခြင်းနှင့်အတူ သွေးများက ချက်ချင်းယိုစီးကျလာပေ၏။

မမျှော်လင့်ဘဲ နတ်ဆိုးသက်ရှိသည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံပုံမရှိချေ။သူ၏လျှာပြတ်တောက်သွားသည်ကို မြင်တွေ့ချိန်တွင် သူ၏ပါးစပ်ကိုဖွင့်ဟ၍ လုယွီထံသို့ တိုးဝင်လေသည်။

ဂါး....

ထူးဆန်းသောဟိန်းဟောက်သံတစ်သံက မွန်းစတား၏လည်ချောင်းအတွင်းမှ ထွက်ပေါ်လာသည်။

ဤသည်မှာ ထောင်သောင်းချီသောလူများ တပြိုင်နက်တည်း သံပြိုင်အော်ဟစ်လိုက်သည့်အလားပင်။

"မင်း ဘာလို့အသက်ရှင်နေတာလဲ...မြန်မြန်လာပြီးတော့ ငါ့ကိုအဖော်ပြုစမ်း"

"မင်း သေသင့်တယ်...မင်း ဘာလို့ အသက်ဆက်ရှင်နေတာလဲ...မင်း ငါ့အတွက် သေပေးရမယ်...ငရဲကိုသွားစမ်း...အား....အား...."

လုယွီ၏နားအတွင်းသို့ လူအများ၏အော်ဟစ်သံများက တစ်သံပြီးတစ်သံ ဝင်ရောက်လာသည်။ထိုအသံများသည် သူ၏နားအနီး၌ ရစ်ဝဲနေပေ၏။

ဤသည်မှာ မြောက်မြားစွာသော သရဲတစ္ဆေများ အဆက်မပြတ် ကျိန်ဆဲနေသည်နှင့်တူညီကာ သူတို့၏အသံများတွင် အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။အကယ်၍ လုယွီနေရာတွင် စိတ်ဆန္ဒအားပျော့သူတစ်ယောက်ဆိုပါက ထိုလူ၏သတ္တိများ ပျောက်ဆုံးကာ ထိတ်လန့်ကြောက်ရွံသွားပေမည်။

သို့ရာတွင် ဤအရာများအားလုံးသည် လုယွီအပေါ် အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။

အတွေးတစ်ချက်ဖြင့်ပင် သူ၏စိတ်အတွင်းမှ အနှောက်အယှက်များအားလုံး ပျက်ပြယ်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်အတွင်း၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ဤသည်မှာ တည်ကြည်လေးနက်ပြီး မြဲမြံသောပုံရိပ်ယောင်ကြီးတစ်ခုပင်။သာမာန်နတ်ဆိုးများနှင့်လမ်းလွဲတာအိုကျင့်ကြံသူများသည် လုယွီ၏စိတ်ဆန္ဒကို အနည်းငယ်မျှပင် သက်ရောက်စေမည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် သွေးနီရောင်ပါးစပ်ကြီးက လုယွီ၏ရှေ့သို့ရောက်ရှိလာကာ ပြင်းထန်သောသွေးညှီနံများက သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ နတ်ဆိုးသက်ရှိလဲ...ငါတောင် သူ့ရဲ့ထောင်ချောက်ထဲမှာ ကျသွားလုနီးပါးပဲ"

လုယွီက ဤကိစ္စအလွန်အန္တရာယ်များသည်ကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တွေးတောမိလေ၏။

အကယ်၍ သူ၏စိတ်ဆန္ဒသာ ခိုင်မာခြင်းမရှိပါက နတ်ဆိုးသက်ရှိ၏တိုက်ခိုက်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။ထိုသို့ဖြစ်လာပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံး နတ်ဆိုးသက်ရှိ၏ဝါးမျိုခြင်းကို ခံရပေမည်။

"ထိုက်ယွမ်လက်ဝါး..."

လုယွီက အေးစက်စက် အော်ဟစ်လိုက်သည်။သူ၏လက်ဝါးကို ရှေ့သို့တွန်းပို့လိုက်ရာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထိုရွှေရောင်အလင်းတန်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ထို့နောက် ဖိအားအရှိန်အဝါတစ်ရပ် သိပ်သည်းလာကာ ပျက်ပြယ်သွားခြင်းမရှိချေ။ထိုအရှိန်အဝါ စုဝေးသွားချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံးတုန်ခါသွားကာ အောက်သို့ကျဆင်းသွားတော့သည်။

ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီ၏လက်ဝါးမှ ပျံဝဲသွားကာ နတ်ဆိုးသက်ရှိ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသက်ရှိ၏ခန္ဓာကိုယ်အပေါ်ပိုင်း ပေါက်ကွဲသွားလေ၏။ကျောချမ်းဖွယ်အသံနက်ကြီးတစ်သံက လေထုအတွင်း၌ ထွက်ပေါ်လာသည်။

ဤအသံသည် ရာထောင်ချီသော သရဲတစ္ဆေများ တပြိုင်နက်တည်း စူးရှရှအော်ဟစ်လိုက်သံနှင့်တူညီသည်။ထိုအသံကိုကြားရသော မည်သူမဆို သူတို့၏ဆံပင်များ အဆုံးထိထောင်မတ်သွားပေမည်။

လုယွီ အသုံးပြုခဲ့သည်မှာ အမတ်ကြီးချွယ်ထံမှ ဆင်းသက်လာခဲ့သော ရှေးဟောင်းကျင့်ကြံနည်းစနစ်ဖြစ်သည်။ထိုကျင့်ကြံနည်းစနစ်၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် အလွန်အမင်းယန်ဓာတ်ကြွယ်ဝပြီး ပြင်းထန်သည်။

ထိုလက်ဝါးရိုက်ချက် ကျရောက်သွားပြီးနောက် ပတ်ဝန်းကျင်ရှိအမှောင်ထုကြီး ပျက်ပြယ်သွားပုံရသည်။

သို့ရာတွင် ဤမျှသာပင်။

စူးရှရှအော်သံများက အမှောင်ထုအတွင်းမှနေ၍ တဖန်ပြန်၍ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် အလွန်ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ အတူတကွစုဝေးကာ နတ်ဆိုးသက်ရှိတစ်ကောင်အဖြစ် အသစ်ထပ်မံ၍ဖွဲ့စည်းသွားသည်။ထိုအရာသည် တောင်နံရံရှိ အခေါင်းပေါက်အတွင်းသို့ တဖန်ပြန်၍ ကျုံဝင်သွားလေ၏။

All Chapters