အခန်း (၃၄၄၁-၃၄၄၅)
Vol. 175 Ch. 3441-3445
Chapter 3441
လုယွီသည် ရိုက်ချက်တစ်ချက်ဖြင့် ထိုနတ်ဆိုးသက်ရှိကို မသတ်နိုင်ခဲ့ချေ။
"တော်တော်အားကောင်းတဲ့ နာကျည်းမုန်းတီးမှုစွမ်းအားတွေပဲ...ဒါတွေက ပျက်ပြယ်သွားမယ့်ပုံမရှိဘူး"
လုယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားအကြောင်းကို ကောင်းစွာသိရှိထားသည်။ထိုလက်ဝါးရိုက်ချက်သည် ရွှယ်အင်မော်တယ်တစ်ယောက်ကိုပင် သွေးအန်ပြီး မြေပြင်ပေါ်သို့လဲကျသွားစေရန် လုံလောက်သည်။
ထို့ပြင် သူ အသုံးပြုလိုက်သော ကျင့်ကြံနည်းစနစ်တွင် ပြင်းထန်သော ယန်ချီစွမ်းအားများပါဝင်သည်။ဤစွမ်းအားသည် နတ်ဆိုးသက်ရှိကဲ့သို့သတ္တဝါများကို ရင်ဆိုင်ရာ၌ အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားမျိုးရှိသော်လည်း ထိုအရာကိုသတ်ဖြတ်ရန်အတွက်မှာမူ ကျရှုံးခဲ့သည်။
နာကျင်စွာညည်းတွားနေသံများက အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်နေသည်။ဤနတ်ဆိုးသက်ရှိသည် လုယွီကို ထိတ်လန့်ကြောက်ရွံနေပုံရကာ မဆင်မခြင်မတိုက်ခိုက်ဝံ့တော့ချေ။
သို့ရာတွင် ထိုနတ်ဆိုးသက်ရှိ ထွက်လာပြီးမတိုက်ခိုက်သည့်တိုင် လုယွီသည် မည်သို့အလွတ်ပေးနိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နတ်ဆိုးသက်ရှိ၏ ပိုင်နက်နယ်မြေပင်။ထို့ကြောင့် နတ်ဆိုးသက်ရှိ ပုန်းအောင်းနေခြင်းမှာ ချိန်ကိုက်ဗုံးတစ်လုံးနှင့် ကွဲပြားခြားနားခြင်းမရှိချေ။ထိုအရာသည် အချိန်မရွေးပေါက်ကွဲသွားနိုင်လေရာ လုယွီသည် မည်သည့်နည်းဖြင့် စိတ်အေးလက်အေး နေနိုင်မည်နည်း။
လုယွီ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းဆိုသလိုပင် တောင်နံရံရှိ အက်ကွဲကြောင်းအတွင်းသို့ တိုးဝင်လိုက်၏။
ထိုအချိန်မှာပင် နတ်ဆိုးသက်ရှိသည် အက်ကွဲကြောင်းအတွင်းမှ တိုးထွက်သွားသည်။
ဤနေရာ၏အတွင်းဘက်တွင် မှောင်မည်းနေပြီး တစ်စုံတစ်ယောက်သည် သူ၏လက်ချောင်းကိုပင် သူ ပြန်မြင်နိုင်မည်မဟုတ်ချေ။ကံကောင်းထောက်မစွာဖြင့် လုယွီထံတွင် အလွန်အမင်းအားကောင်းသော အမြင်အာရုံရှိနေသည်။အကယ်၍ သူသည် အမှောင်ထုအတွင်း၌ လမ်းလျှောက်နေလျှင်ပင် နေ့အချိန်အလား လင်းထိန်နေပေမည်။
လုယွီသည် လေထုအတွင်းမှ ဆင်းသက်လိုက်ချိန်တွင် သူ၏ခြေထောက်အောက်၌ ပျော့စိစိအရာတစ်ခုရှိနေသည်ကို ခံစားမိလေ၏။သူက အောက်သို့ငုံကြည့်လိုက်သည်။
သူ၏ရှေ့၌ ထောင်သောင်းချီသောအလောင်းများ အစုလိုက်အပြုံလိုက်ရှိနေသည်။ဤသည်မှာ အလောင်းတောင်ကြီးတစ်လုံးကဲ့သို့ဖြစ်နေကာ တစ်ချက်ကြည့်မိရုံဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
သူ၏ခြေထောက်သည် လူသေလောင်းတစ်လောင်းပေါ်သို့ ဆင်းသက်မိခြင်းဖြစ်သည်။
ပတ်ဝန်းကျင်၌ ထူထပ်သိပ်သည်းသော သွေးညှီနံများနှင့် ပြည့်နှက်နေကာ လေထုအတွင်း၌ အလွန်ကြီးမားသော နာကျည်းမုန်းတီးမှုစွမ်းအားများနှင့် ပြည့်နှက်နေသည်။တစ်စုံတစ်ယောက်သည် ဤနေရာသို့ ဝင်ရောက်လာပါက မူးဝေလာကာ မနှစ်မြို့ဖွယ်မြင်ကွင်းမျိုးစုံကို ခံစားရပေမည်။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။သူ၏စိတ်နှလုံးသားသည် ရေကဲ့သို့တည်ငြိမ်နေကာ သူ့ရှေ့ရှိမြင်ကွင်းကြောင့် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။
အတိတ်ဘဝတွင် သူသည် တောင်ပုံရာပုံဖြစ်နေသောအလောင်းများနှင့် သွေးပင်လယ်အကြားမှ လျှောက်လှမ်းလာခဲ့သူပင်။သူ့ရှေ့ရှိမြင်ကွင်းထက် များစွာပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရာများကိုပင် သူ မြင်တွေ့ခဲ့ဖူးသည်။သူ့အတွက် ဤမြင်ကွင်းသည် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
"ဒီလူတွေအားလုံးက ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာပါလား"
လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ မမြင်နိုင်သော အနက်ရောင်လေစီးကြောင်းတစ်ရပ်က သူ၏လက်ချောင်းများထိပ်သို့ ပျံသန်းလာသည်။
ထိုအနက်ရောင်လေစီးကြောင်းကို မမြင်နိုင်သည့်အပြင် ကိုင်တွယ်စမ်းသပ်၍လည်းမရချေ။ထိုအရာသည် လုယွီ၏ရှေ့၌ မျောလွင့်နေကာ ရုတ်တရက် လူတစ်ယောက်၏ပုံပန်းသွင်ပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤှသည်မှာ လူတစ်ယောက်၏စိတ်ဝိညာဥ် သေဆုံးသွားချိန်၌ သူ၏စိတ်နှလုံးသားအတွင်းတွင် တည်ရှိနေခဲ့သော နာကျည်းမုန်းတီးမှုများပင်။ထိုလူသည် ဤကဲ့သို့သေဆုံးသွားရန် ဆန္ဒမရှိသဖြင့် လူသားလောကအတွင်း၌ သူ၏နာကျည်းမုန်းတီးမှုများက ရစ်ဝဲ၍ကျန်နေခဲ့သည်။
လုယွီသည် ထိုနာကျည်းမုန်းတီးမှုများကို သူ၏လက်ဖြင့် ညင်သာစွာထိတွေ့လိုက်ရာ မှတ်ဥာဏ်များက သူ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ဤမှတ်ဥာဏ်များအတွင်းတွင် သူနှင့်တခြားလူများသည် ဝမ်မိသားစုမှကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။သူတို့အား ဤနေရာသို့ဆွဲခေါ်လာခြင်းခံရကာ ညှင်းပန်းနှိပ်စက်မှုများခံရပြီးနောက် သေဆုံးသွားခဲ့သည်။
"ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေလဲ...ဝမ်မိသားစုက တကယ့်ကို အသိတရားခေါင်းပါးလှချည်လား"
ထိုလူ၏မှတ်ဥာဏ်အတွင်းရှိ မြင်ကွင်းများကို မြင်တွေ့ပြီးနောက် လုယွီသည် ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။
ဤဘဝတွင် သူသည် ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်ဖြစ်သဖြင့် မိုးကောင်းကင်၏အမျက်ဒေါသနှင့် လူအများ၏နာကျည်းမုန်းတီးခြင်းကို ခံရသော ကိစ္စများကို မြင်တွေ့ချိန်တွင် သူသည်လည်း ဒေါသထွက်မိသည်။
လူအများသည် ဤနေရာ၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံရကာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံရပြီးနောက် နာကျည်းမုန်းတီးမှုများနှင့် သေဆုံးခဲ့ရသည်။
တချို့လူများသည် သူတို့၏မိတ်ဆွေများနှင့်မိသားစုဝင်များ သူတို့၏မျက်လုံးများရှေ့တွင် သတ်ဖြတ်ခံရသည်ကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ခဲ့ရကာ အလွန်ကြီးမားသောဒေါသများဖြင့် သေဆုံးခဲ့ရလေ၏။
ဤနေရာရှိ နာကျည်းမုန်းတီးမှုများသည် မိုးထိလုမတတ် အလွန်မြင့်မားနေလေပြီ။ဝမ်မိသားစုမှ ကျင့်ကြံသူများသည် သူတို့ ဆန္ဒရှိသမျှ အရာအားလုံးကိုလုပ်ဆောင်ကာ အလွန်လူမဆန်သောပြစ်မှုများကိုလည်း ဤနေရာ၌ ကျူးလွန်ခဲ့သည်။
လုယွီသည် ထိုနာကျည်းမုန်းတီးမှုဝိညာဥ်ကို ပျက်ပြယ်စေကာ ဤနေရာ၏အလယ်ဗဟိုသို့ လျှောက်လှမ်းသွားလိုက်သည်။
ဝမ်မိသားစုသည် ဤမျှအလွန်အကျွံပြုလုပ်ခဲ့သည်မှာ တွေးတောထားသည့်အရာမရှိဘဲ လုပ်ဆောင်မည်မဟုတ်ချေ။သူတို့ထံတွင် ရည်ရွယ်ချက်တစ်ခုခုရှိနေမည်မှာ သေချာပေါက်ပင်။
တိကျသေချာစွာပင် သူ၏အမြင်အာရုံရှေ့တွင် အလောင်းပုံကြီး၏အလယ်၌ သစ်ပင်တစ်ပင်ထွက်ပေါ်လာသည်။
ထိုသစ်ပင်သည် လုံးလုံးလျားလျား ကျောက်စိမ်းရောင်ရှိကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ခပ်မှိန်မှိန်အလင်းတန်းများ တောက်ပနေသည်။
လုယွီသည် ထိုသစ်ပင်ကိုကြည့်ကာ အချိန်တခဏခန့် စူးစမ်းလေ့လာပြီးနောက် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
ဤသစ်ပင်၏အကြောင်းကို ရှေးဟောင်းတာအိုကျမ်းစာများအတွင်း၌ မှတ်တမ်းတင်ထားသည်။
ထိုရှေးဟောင်းတာအိုကျမ်းစာများအရ...
'ကြည့်ရသည်မှာ သစ်ခြောက်ပင်နှင့်တူညီပြီး ပန်းပွင့်တစ်ပွင့်သည် အနီရောင် အသီးတစ်လုံးသည် ကလေးတစ်ယောက်နှင့်တူညီသည်။ထိုသစ်သီးကို ဝါးမျိုပါက ထာဝရအသက်၏မဟာတာအိုကို ရရှိနိုင်ပေမည်'
ဤသည်မှာ သက်ရှည်သစ်သီးပင် ဖြစ်နေသည်။
Chapter 3442
"ဒီလိုနတ်ဘုရားအဆင့်အရာမျိုးက ဘာလို့ ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"
လုယွီက အနည်းငယ်အံ့အားသင့်သွားသော်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
ဤကဲ့သို့ရတနာမျိုးသည် ရတနာပစ္စည်းများ အလွန့်အလွန်ပေါများသော ရှေးကောင်းခေတ်ကာလအတွင်း၌ပင် လွန်စွာအဖိုးတန်ရှားပါးသည်။
ကောလဟာလများအရ ရှေးဟောင်းအချိန်ကာလအတွင်း၌ တစ်စုံတစ်ယောက်သည် သက်ရှည်သစ်သီးကို ဝါးမျိုနိုင်သရွေ့ ကောင်းကင်နှင့်မြေပြင်၏မဟာတာအိုကို ဖြတ်သန်းမြင်နိုင်ခြင်းမှတဆင့် ထာဝရအသက်ကို ရရှိနိုင်သည်။
သို့ရာတွင် ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ပြိုလဲပျက်စီးသွားခြင်းနှင့်အတူ ထာဝရအသက်မဟာတာအိုသည်လည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့သည်။
ဤသက်ရှည်သစ်သီးပင်သည် အတိတ်မှကျန်ခဲ့သည့် မျိုးစေ့ကို နည်းလမ်းအမျိုးမျိုးဖြင့် ရင့်မှည့်အောင်ပြုလုပ်ပြီး စိုက်ပျိုးထားခြင်းဖြစ်ပေမည်။
ဤသက်ရှည်သစ်သီးပင်မျိုးတွင် ရှေးဟောင်းခေတ်မှ သက်ရှည်သစ်သီးပင်များကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားမျိုးမရှိတော့ချေ။အခြေခံအားဖြင့် ဤသစ်ပင်အတွင်း၌ ပါဝင်သောစွမ်းအားများသည် ရှေးဟောင်းခေတ်ကာလမှ သစ်ပင်များ၏ဆယ်ပုံတစ်ပုံပင် ရှိမည်မဟုတ်ပေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤသစ်ပင်သည် ထူးခြားသော နတ်ဘုရားသစ်ပင် ဖြစ်နေဆဲပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤနတ်ဘုရားသစ်ပင်မှသစ်သီးကို ဝါးမျိုပါက ထိုလူ၏ဘဝသက်တမ်း မြင့်တက်သွားစေရုံသာမက သူ၏ခွန်အားအတွက်လည်း ကြီးမားသောအထောက်အပံ့ကို ရရှိပေမည်။
ဤသည်မှာ ကောင်းကင်နှင့်မြေပြင်အကြားရှိ ရတနာစာရင်းတွင်ပါဝင်သော သစ်ပင်တစ်ပင်ဖြစ်သည်။သာမာန်အားဖြင့် ရှေးဟောင်းကျမ်းစာများအတွင်းတွင် ရေးသားခဲ့သော လူများပင်လျှင် ထိုသစ်သီးကို ဝါးမျိုဖူးခြင်းမရှိချေ။သူတို့သည် ဒဏ္ဍာရီများအရ အသိပညာဗဟုသုတ တိုးပွားစေရန်သာ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပေ၏။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤအရာမျိုးထွက်ပေါ်လာရန် လွန်စွာခက်ခဲသည်။
"ပစ္စည်းကောင်းလေးပဲ"
လုယွီ၏မျက်လုံးများ တောက်ပသွားသည်။သူ၏ခြေထောက်ကိုမြှောက်ကာ သက်ရှည်သစ်သီးပင်ထံသို့ လျှောက်လှမ်းလိုက်သည်။
လုယွီ ခြေတစ်လှမ်းလှမ်းလိုက်သော အချိန်အခိုက်အတန့်မှာပင် အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသော နတ်ဆိုးသက်ရှိသည် မမျှော်လင့်ဘဲ လှုပ်ရှားခဲ့လေ၏။
"ဝေါင်း...."
"ဝေါင်း..."
အမှောင်ထုအတွင်း၌ လုယွီရှေ့ရှိ အလောင်းပုံကြီးသည် နောက်ဆုံး၌ လှုပ်ခတ်စပြုလာသည်။
ထိုအလောင်းပုံကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။မြောက်မြားစွာသောအလောင်းများမှနေ၍ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ အလောင်းပုံကြီး၏အထက်၌ သိပ်သည်းသွားသည်။
ထိုအနက်ရောင်အခိုးအငွေ့များအနက် တချို့သည် လူသားမျက်နှာကင်းခြေမျှားများအဖြစ် ဖွဲ့စည်းသွားကာ တချို့သည် အဆိပ်ပြင်းကင်းမြှီးကောက်များ ကြီးမားသောပင့်ကူများအဖြစ် ပြောင်းလဲသွားသည်။ထိုအရာများတွင် ကွဲပြားခြားနားသော ပုံသဏ္ဍာန်ရှိပေ၏။
ထိုသက်ရှိများသည် မြေပြင်ပေါ်ရှိ အလောင်းပုံမှ ထွက်ပေါ်လာသော နာကျည်းမုန်းတီးမှုစွမ်းအားများမှတဆင့် ဖွဲ့စည်းလာခြင်းဖြစ်သည်။
ထိုသက်ရှိများသည် သရဲတစ္ဆေများမဟုတ်သော်လည်း မြောက်မြားစွာသောအတွေးစများမှတဆင့် ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် အလွန်နတ်ဆိုးဆန်သည်။
အထူးသဖြင့် ဤနေရာသည် ယင်ချီအမြောက်အများ စုဝေးနေသော နေရာပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ အချိန်ကြာမြင့်စွာနေမိပါက ရူးကြောင်ကြောင်အတွေးမျိုး ပေါက်ဖွားလာပေမည်။
ဥပမာအနေဖြင့် အကျဥ်းထောင်အတွင်း၌ နေ့စဥ်နေ့တိုင်းထွက်ပေါ်လာသော နတ်ဆိုးလေသည် အမှန်အားဖြင့် ထိုနတ်ဆိုးသက်ရှိများ အသက်ရှုသွင်းရှုထုတ်လုပ်ရာမှ ဖြစ်တည်လာခြင်းပင်။
အကျဥ်းထောင်များအတွင်းရှိ အကျဥ်းသားများ၏သွေးချီများသည် ဤနတ်ဆိုးသက်ရှိများကို ထောက်ပံ့ရန်အတွက် အစာအာဟာရများသာဖြစ်ပေ၏။
"ဒါဆိုရင် အဲ့ဒီလိုလား....ဝမ်မိသားစုက နတ်ဆိုးသက်ရှိတွေကို မွေးမြူဖို့အတွက် အကျဥ်းသားတွေကို ဒီနေရာမှာ ဖမ်းဆီးထားတာပဲ...သူတို့က သက်ရှည်သစ်သီးပင်ကို စောင့်ကြပ်ဖို့အတွက် ဒီနတ်ဆိုးသက်ရှိတွေကို အသုံးပြုထားတယ်"
လုယွီသည် သက်ရှည်သစ်သီးပင်ရှိနေသော မြေနေရာကို တစ်ချက်ထပ်မံကြည့်ကာ နားလည်သဘောပေါက်မှုတချို့က သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ဤကဲ့သို့နတ်ဘုရားသစ်ပင်ကိုစိုက်ပျိုးရန် လိုအပ်သော ပတ်ဝန်းကျင်အခြေအနေသည် အလွန်ခက်ခဲကြမ်းတမ်းပေ၏။
တာအိုကျမ်းစာများ၌ ဖော်ပြထားသည်မှာ အကယ်၍ တစ်စုံတစ်ယောက်သည် သက်ရှည်သစ်သီးပင်ကို စိုက်ပျိုးလိုပါက ပင်ပျိုဖြစ်လာရန် အာဟာရများစုပ်ယူရန်အတွက် သက်ရှိများကို မြေအောက်၌မြှုပ်နှံရန်လိုအပ်သည်။
ပြောရမည်ဆိုလျှင် လောကကြီးအတွင်းရှိ အရာရာတိုင်းသည် လည်ပတ်နေသဖြင့် ထာဝရအသက်ဟူသည်မှာ ပါးလွှာသောလေထုအတွင်းမှ ရရှိနိုင်သည့် အရာမျိုးမဟုတ်ချေ။ထိုသက်ရှည်သစ်သီးပင်သည် တခြားသူများ၏ဘဝသက်တမ်းများကို စုပ်ယူပြီးနောက် နှစ်ပေါင်းများစွာကြာအောင် စုစည်းပြီးမှသာ ဤကဲ့သို့ရတနာသစ်ပင်အဖြစ် ဖြစ်တည်လာပေမည်။
"ဒီနေရာမှာ မြှုပ်နှံ့ထားတဲ့ အလောင်းတွေက သက်ရှည်သစ်သီးပင် ကြီးထွားဖို့အတွက် အခြေခံအကျဆုံး ပတ်ဝန်းကျင်ဖြစ်ဖို့ အထောက်အပံ့တွေပဲ...ဘယ်လောက်တောင် ကြီးမားတဲ့အကြံအစည်လဲ....ဒီနေရာရဲ့ဖုန်းရွှေက နေရောင်ခြည်ကိုရှောင်တိမ်းနိုင်တဲ့နေရာကို အထူးသီးသန့် အသုံးပြုထားပြီးတော့ ယင်ချီတွေစုဝေးနိုင်တဲ့ နေရာပဲ...တကယ်လို့ ခုထက်သာအချိန်နည်းနည်းကြာသွားရင် သက်ရှည်သစ်သီးပင်က တကယ်ကြီးထွားလာနိုင်တယ်"
လုယွီသည် ဝမ်မိသားစု၏အစီအစဥ်ကို တွေ့မြင်ပြီးဖြစ်သဖြင့် သူသည် ဤနတ်ဆိုးသက်ရှိများနှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။
အကယ်၍ တခြားကျင့်ကြံသူများသည် ဤနတ်ဆိုးသက်ရှိများနှင့် ရင်ဆိုင်ရပါက အနည်းငယ်အခက်အခဲတွေ့ပေမည်။သို့ရာတွင် လုယွီကမူ ထိုအရာများကို အနည်းငယ်မျှပင် ကြောက်ရွံခြင်းမရှိပေ။
"ဖိနှိပ်စမ်း..."
လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်၏။လေဟုနယ်အတွင်းမှနေ၍ ပြင်းထန်သောလေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာသည်။ကြည်လင်သောရွှေရောင်အလင်းတန်းများ ဆင်းသက်လာကာ ဤနေရာရှိမြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။
Chapter 3443
ဘုန်း....
ပြင်းထန်သော တုန်ခါသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးနတ်ဘုရား မိုးကောင်းကင်ပေါ်သို့ ခြေချခြင်း...
တောက်ပသောရွှေရောင်အလင်းတန်းများသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားပေ၏။
လုယွီသည် သာမာန်အတိုင်းဆိုပါက ဤနတ်ဆိုးသက်ရှိများကို အင်အားကုန်သုံး၍ တိုက်ခိုက်မည်မဟုတ်ချေ။သို့ရာတွင် သူသည် ဤတစ်ကြိမ်တွင် သက်ရှည်သစ်သီးပင်ရှိနေသောကြောင့် သူ၏စွမ်းအားများကို ထိန်ချန်မထားတော့ပေ။
လုယွီ၏ ထိုခြေလှမ်းတစ်လှမ်းဖြင့်ပင် ပတ်ဝန်းကျင်ရှိ အနက်ရောင်အခိုးအငွေ့အမြောက်အများ ပျက်ပြယ်သွားသည်။
နတ်ဆိုးသက်ရှိများသည် အလွန်အစွမ်းထက်သော်လည်း လုယွီ၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို တောင့်မခံနိုင်သဖြင့် လဲကျသွားတော့သည်။
ဘုန်း...ဘုန်း...ဘုန်း...
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသက်ရှိများသည် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားကာ အနက်ရောင်အခိုးအငွေ့များအဖြစ် လေထုအတွင်း၌ မျောလွင့်နေသည်။
သို့ရာတွင် ထိုအနက်ရောင်အခိုးအငွေ့များသည် ပျက်ပြယ်သွားခြင်းမရှိချေ။ထိုအရာများသည် နတ်ဆိုးသက်ရှိများအဖြစ် အသစ်တဖန်ထပ်မံပြီး သိပ်သည်းသွားလေ၏။
ဤနေရာ၌ ယင်ချီများရှိနေသရွေ့ ထိုနတ်ဆိုးသက်ရှိများ၏ဖွဲ့စည်းမှုသည် မည်သို့မျှ အဆုံးရှိမည်မဟုတ်ချေ။
"ပျက်ပြယ်စမ်း..."
နတ်ဆိုးသက်ရှိများ ပြန်လည်ဖွဲ့စည်းစပြုနေသည်ကိုကြည့်ပြီး လုယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။
သူ၏အသံသည် မိုးခြိမ်းသံတမျှကျယ်လောင်ကာ အချိန်အတော်ကြာသည့်တိုင် လွင့်ပြယ်သွားခြင်းမရှိပေ။
ဤှသည်မှာ မိုးကောင်းကင်အတွင်းမှ သူတော်စင်တစ်ပါး၏အမိန့်ပေးသံနှင့်တူညီကာ မိုးကောင်းကင်၏ဥပဒေသများ ရောယှက်နေပြီး မည်သည့်နတ်ဆိုးသတ္တဝါမျှ ခုခံနိုင်မည်မဟုတ်ချေ။
မူလက စုဝေးနေဆဲဖြစ်သော ယင်ချီစွမ်းအားများသည် တဖြည်းဖြည်းပျက်ပြယ်စပြုလာသည်။လေထုအတွင်း၌ အစွယ်များကိုဖြဲဟပြီး လက်သည်းများကိုဝှေ့ယမ်းနေသော နတ်ဆိုးသက်ရှိများ၏ပုံသဏ္ဍာန်များသည်လည်း ဝိုးတဝါးသာထွက်ပေါ်လာပြီးနောက် ရပ်တန့်သွားလေ၏။
ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်၏ မှော်မန္တန်ပင်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤနေရာရှိ နာကျည်းမုန်းတီးမှုစွမ်းအားများသည် အလွန်အမင်း ထူထပ်သိပ်သည်းသည်။
မြောက်မြားစွာသောလူတို့၏ ညည်းတွားသံများနှင့်စူးရှရှအော်ဟစ်သံများက လုယွီ၏နားအတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။
လုယွီသည် အမှောင်ထုအတွင်း၌ မတ်တတ်ရပ်နေစဥ်တွင် သူသည် ငရဲနယ်မြေတစ်နေရာသို့ ရောက်ရှိနေသည့်အလားပင်။သူ၏နံဘေးပတ်ဝန်းကျင်တွင် ယင်ချီများ နတ်ဆိုးသက်ရှိများဖြင့်သာ ပြည့်နှက်နေသည်။
"ပြာမှုန့်ကနေ ဖုန်မှုန့်...ဖုန်မှုန့်ကနေ မြေကြီး...ငါ မင်းတို့အားလုံးကို ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းဆီ ပို့ဆောင်ပေးမယ်"
လုယွီသည် ရုတ်တရက် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ပြန်ရုတ်သိမ်းလိုက်၏။ဤသည်မှာ ဗုဒ္ဓတစ်ပါးတွင် ဒေါသထွက်နေသော မျက်လုံးတစ်စုံရှိသကဲ့သို့ ကြင်နာတက်သော နှလုံးသားလည်း ရှိနေသည့်အလားပင်။
ဤနေရာ၌ မြှုပ်နှံ့ခံရသောလူများသည် ဝမ်မိသားစုမှ အတင်းအကြပ် သတ်ဖြတ်ခဲ့သူများဖြစ်သည်။သူတို့ထံ၌ တခြားရွေးချယ်စရာ မရှိခဲ့ချေ။
လုယွီက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။သူ၏နောက်၌ အလွန်ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာပေ၏။ဤပုံရိပ်ယောင်ကြီး၏ ပုံပန်းသွင်ပြင်သည် တည်ကြည်လေးနက်ပြီး မျက်လုံးစုံမှိတ်ထားသည်။
ဤအချိန်အခိုက်အတန့်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ မည်သည့်မှော်လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်းမရှိချေ။ထိုအစား သူသည် တစ်ချိန်တည်းမှာပင် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်ထားသည်။သူ၏နောက်၌ အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေသည်။ထိုအရာလည်ပတ်သည့် အကြိမ်တိုင်း သရဲတစ္ဆေတစ်ကောင်သည် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျောက်ကွယ်သွားပေ၏။
ဤနေရာ၌ရှိနေသော သရဲတစ္ဆေများသည် အလွန်အမင်းညှင်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားထားရသဖြင့် သူတို့ထံတွင် လူသားပုံသဏ္ဍာန်မရှိတော့ချေ။သူတို့ထံတွင် စိတ်ဆန္ဒခုနစ်မျိုးနှင့်စိတ်ဝိညာဥ်သုံးလုဟူ၍ ပြီးပြည့်စုံစွာမရှိတော့ပေ။ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်ပြီးသည့်တိုင် သူတို့သည် အများဆုံးအနေဖြင့် နတ်ဆိုးမှော်သားရဲများ ရှုရာများစသော လူသားမဟုတ်သောအရာများအဖြစ်သာ ပြန်လည်ဝင်စားနိုင်ပေမည်။
သို့ရာတွင် ဤနေရာရှိ သရဲတစ္ဆေများအတွက်မူ ဤသည်မှာ လွတ်မြောက်ခွင့်ရရှိသွားခြင်းပင်။
စိတ်သက်သာရာရသွားသော သက်ပြင်းရှိုက်သံများက ပတ်ဝန်းကျင်မှ အဆက်မပြတ်ထွက်ပေါ်လာကာ လေထုအတွင်းရှိ နာကျည်းမုန်းတီးမှုစွမ်းအားများ တဖြည်းဖြည်းပျက်ပြယ်စပြုလာသည်။
ဤသည်မှာ လုယွီ၏ကောင်းမှုကုသိုလ်များပင်။
ကောင်းမှုကုသိုလ်စွမ်းအားများက လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။သူ၏ခန္ဓာကိုယ်အတွင်း၌ ပူနွေးလာမှုကို ခံစားရကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ အေးစိမ့်မှုများအားလုံး ပျောက်ကွယ်သွားတော့သည်။
ဤကောင်းမှုကုသိုလ်စွမ်းအားများသည် ယခုလက်ရှိချိန်၌ မည်သည့်သိသာထင်ရှားသော အကျိုးအာနိသင်မျိုးမျှ ပြသမည်မဟုတ်ချေ။သို့ရာတွင် လုယွီသည် ကံကြမ္မာဥပဒေသကို လေ့လာရာ၌ ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားပေမည်။
ကောင်းမှုကုသိုလ်စွမ်းအားများကို စုဆောင်းမိသော ကျင့်ကြံသူများသည် သာမာန်အချိန်များတွင် သိသာထင်ရှားသော အကျိုးရလဒ်မရှိသော်လည်း အဆုံးသတ်ကောင်းများကို ရရှိလေ့ရှိသည်။သူတို့၏ကျင့်ကြံခြင်းတွင် လေ့လာဆင်ခြင်ရာ၌ သူတို့၏နားလည်သဘောပေါက်နိုင်စွမ်းနှင့်ဥာဏ်ရည်ဥာဏ်သွေးများ မြင့်မားလာပေမည်။ထို့ပြင် သူတို့သည် လုံလောက်သော ကောင်းမှုကုသိုလ်စွမ်းအားများကို စုဆောင်းနိုင်ပါက မိုးကောင်းကင်တာအိုသည် သူတို့၏နေ့စဥ်ပြုမူလုပ်ဆောင်ချက်များအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးသက်ရှိများ ပျက်ပြယ်သွားချိန်တွင် နောက်ဆုံး၌ သက်ရှည်သစ်သီးပင် ထွက်ပေါ်လာပြီးပြီ။
သက်ရှည်သစ်သီးပင်၏အမြှစ်များကို မြေအောက်၌ နက်ရှိုင်းစွာမြှုပ်နှံ့ထားကာ မရေမတွက်နိုင်သောနွယ်များသည် ပတ်ဝန်းကျင်ရှိအလောင်းများနှင့် ချိတ်ဆက်နေလေ၏။
ထိုသစ်ပင်တွင် ကိုယ်ပိုင်အသက်ရှိနေသည့်အလား အသက်ရှုရှိုက်သည့်အကြိမ်တိုင်း ပတ်ဝန်းကျင်ရှိအလောင်းများမှ သွေးအခိုးအငွေ့ အစိတ်အပိုင်းတစ်ခုကိုစုပ်ယူကာ သစ်ပင်ကိုယ်ထည်အတွင်းသို့ အားဖြည့်တင်းနေသည်။
Chapter 3444
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သက်ရှည်သစ်သီးပင်သည် လောကကြီးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်ဆုံး ရတနာသစ်ပင်ဖြစ်သည်။
ဤသစ်ပင်မှနေ၍ သက်ရှည်သစ်သီး ဖွဲ့စည်းလာရန်မှာ အချိန်အလွန်ကြာမြင့်သည်။
လုယွီက ရှေ့သို့တိုးကာ ထိုသစ်ပင်ကို ဂရုတစိုက်စူးစမ်းလေ့လာလိုက်၏။
တာအိုကျမ်းစာအတွင်းများ၌ ဤရတနာသစ်ပင်အကြောင်း ဖော်ပြထားချက်များမှာ အရိပ်အမြွတ်မျှသာဖြစ်သည်။ထိုအရာကို အနီးကပ်စူးစမ်းလေ့လာမှသာ အစစ်အမှန်နက်နဲသိမ်မွေ့မှုကို ရှာတွေ့နိုင်ပေမည်။
သက်ရှည်သစ်သီးပင်၏မျက်နှာပြင်ပေါ်တွင် ထူးခြားဆန်းကြယ်သော ကျီးပေါင်းကွင်းတစ်ကွင်းရှိနေသည်။
ထိုကျီးပေါင်းကွင်းသည် တခြားသစ်ပင်များနှင့် အလွန်ကွဲပြားခြားနားသည်။မညီညာသောမျက်နှာပြင်ပေါ်တွင် သေးငယ်သောကျီးပေါင်းတစ်ခုအဖြစ် သိပ်သည်းနေခြင်းဖြစ်သဖြင့် သိသာထင်ရှားခြင်းမရှိချေ။တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုမှသာ ထိုအရာကို ရှာတွေ့နိုင်ပေမည်။
လုယွီသည် ရှေ့သို့ဆက်သွားရန် ခြေတစ်လှမ်းတိုးလိုက်စဥ်မှာပင် အဆောင်လက်ဖွဲ့တစ်ခုက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုအရာသည် တစ်စုံတစ်ယောက်ချဥ်းကပ်လာသည်ကို သတိပြုမိသွားသည့်အလား အဆောင်လက်ဖွဲ့မှနေ၍ သံကြိုးတစ်ကြိုးထွက်ပေါ်လာကာ သက်ရှည်သစ်သီးပင်ကို မြဲမြံစွာ ရစ်ပတ်ထားလေ၏။
"အမ်...."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤသည်မှာ သက်ရှည်သစ်သီးပင်အတွက် ဝမ်မိသားစု၏ ကာကွယ်ထားမှုတစ်ခုဖြစ်ကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ရတနာသစ်ပင်တစ်ပင်ကို ယခုနေရာ၌ ထားထားရသည့်အတွက် သူတို့၏စိတ် အေးချမ်းနေမည်မဟုတ်ချေ။
"လှည့်ကွက်ငယ်လေးတွေနဲ့များ...ကျိုးပျက်စမ်း"
လုယွီက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ ရှေ့တစ်လှမ်းရှေ့တိုးပြီး ထိုအဆောင်လက်ဖွဲ့ထံဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။
ထိုလက်သီးချက်တွင် မည်သည့်မှော်နည်းစနစ်ကိုမျှ အသုံးပြုထားခြင်းမရှိချေ။ဤသည်မှာ လုယွီ၏ယခုလက်ရှိ ခွန်အားသက်သက်ပင်။
သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ခွန်အားကို လွှဲယမ်းလိုက်ချိန်တွင် ပြင်းထန်သောလေတိုးသံများက သူ၏နံဘေး၌ ပဲ့တင်ထပ်သွားသည်။လုယွီ၏လက်သီးရှေ့ရှိ လေဟာနယ်သည် ချိုင့်ဝင်သည်အထိ ပုံပျက်နေလေ၏။ဤအခြင်းအရာမှတဆင့် ထိုလက်သီးချက်၏စွမ်းအား မည်မျှထိကြီးမားသည်ကို သိရှိနိုင်သည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားကာ လုယွီ၏ရှေ့ရှိ အဆောင်လက်ဖွဲ့ တစစီကြေမွှပျက်စီးသွားသည်။
ထိုအဆောင်လက်ဖွဲ့တွင် ပြန်လည်ဖွဲ့စည်းခြင်းစွမ်းအားမျိုး ပါဝင်နေပုံရသည်။ထိုအဆောင်လက်ဖွဲ့ ပျက်စီးသွားသော အချိန်အခိုက်အတန့်တွင် ကြွင်းကျန်သောအပိုင်းအစများမှနေ၍ ဓားပျံများအဖြစ် ဖွဲ့စည်းသွားကာ လေထုကိုဖြတ်သန်းပြီး လုယွီထံ တိုးဝင်လာသည်။
သို့ရာတွင် ဤဓားပျံများသည် အနည်းငယ်မျှပင် အသုံးမဝင်ချေ။
လုယွီ ခြေဆောင့်နင်းလိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ချီစွမ်းအားလှိုင်းများ ဖွဲ့စည်းသွားကာ သူ့ထံနီးကပ်လာသော ဓားပျံများအားလုံးကို ကြေမွှပျက်စီးသွားစေသည်။
လုယွီ အဆောင်လက်ဖွဲ့ကို ဖျက်ဆီးလိုက်သော အချိန်အခိုက်အတန့်တွင်....
ရှီးလျန်မြို့...ဝမ်အိမ်တော်၌...
ဤအချိန်တွင် ဝမ်အိမ်တော်၏ အထက်ကောင်းကင်ယံအတွင်း၌ ထူထပ်သိပ်သည်းသော တိမ်တိုက်များနှင့်ပြည့်နှက်နေသည်။ဤတိမ်တိုက်များသည် ပတ်ဝန်းကျင်ရှိ တခြားတိမ်တိုက်များနှင့် သိသာထင်ရှားစွာ ကွဲပြားခြားနားနေပေ၏။
ဝမ်အိမ်တော်သည် ရှီးလျန်မြို့အတွင်း၌ အကြီးမားဆုံးနှင့် ခမ်းနားထည်ဝါဆုံးအိမ်တော်ဖြစ်သည်။
ဝမ်အိမ်တော်နှင့် မျက်နှာချင်းဆိုင်တွင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရှိကာ ရှီးလျန်မြို့တစ်မြို့လုံးတွင် အကောင်းဆုံးမြေနေရာလည်းဖြစ်ပေ၏။ဝမ်အိမ်တော် တည်ဆောက်စဥ်တွင် ဖုန်းရွှေဆရာသခင်များနှင့်ဝင်္ကပါပညာရှင်များကို ငှားရမ်းခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအားများနှင့် ဖုန်းရွှေအားသာချက်များ ဤအိမ်တော်၌ စုဝေးနေသည်။
ဝမ်မိသားစုမှကျင့်ကြံသူများသည် နံနက်ခင်းအချိန်တိုင်း လေ့ကျင့်လေ့ရှိသည်။
ဆယ်နှစ်များစွာကြာသည်အထိ ဖွံဖြိုးတိုးတက်လာပြီးနောက် ဝမ်အိမ်တော်အတွင်း၌ မိသားစုဝင်များတစ်သောင်းကျော်အထိ ရှိနေလေပြီ။
ဝမ်မိသားစုမှ ကျင့်ကြံသူများ နေ့စဥ်နေ့တိုင်း အသက်ရှုသွင်းရှုထုတ်လေ့ကျင့်သည့်အချိန်၌ မိုးကောင်းကင်ယံ၌ ကြီးမားသောတိမ်တိုက်ကြီးများအဖြစ် ဖွဲ့စည်းသွားလေ၏။ဤသည်မှာ ရှီးလျန်မြို့၏အံ့ချီးဖွယ်တစ်ခုဟု ဆိုကြသည်။
ပင်မခန်းမအတွင်း၌...
ဝမ်ခန်းသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေကာ သူ၏နံဘေး၌ လူငါးယောက်ရှိနေသည်။
နံနက်ခင်းအချိန်တိုင်း ဝမ်မိသားစုဝင်များအားလုံး လေ့ကျင့်ကြရသည်။သို့ရာတွင် ဝမ်ခန်းအတွက်မူ ဤကဲ့သို့အဆင့်နိမ့်သော နံနက်ခင်းလေ့ကျင့်ခန်းမျိုး လုပ်ဆောင်ရန်မလိုအပ်ချေ။ဝမ်မိသားစုသည် ဝမ်ခန်းကိုသင်ကြားပေးရန်အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတချို့ကို ငှားယမ်းထားသည်။
ထိပ်တန်းမိသားစုကြီးများအတွက် မိသားစု၏အဆင့်အတန်း ပို၍မြင့်မားလေလေ မိသားစုအတွင်း၌လူပေါ်ကျော့သခင်လေးများရှိနေရန် ပို၍ခက်ခဲလေလေပင်။မိသားစုကြီးတိုင်း သူတို့၏မျိုးဆက်သစ်များကို မြေတောင်မြှောက်ပေးရန် အထူးအာရုံစိုက်ကြလေ၏။ဤသည်မှာ နောင်အနာဂတ်တွင် ပို၍ကြီးထွားအောင်မြင်သော မိသားစုကြီးတစ်စု ဖြစ်လာစေရန်အတွက် အခြေခံအုတ်မြစ်ပင်။
ထိုလူငါးယောက်အနက် တချို့သည် အသိပညာဗဟုသုတကြွယ်ဝသော ကျောင်းတော်သားများဖြစ်ကာ တချို့သည် အတွေ့အကြုံရင့်ကျက်သော လေလွင့်ကျင့်ကြံသူများဖြစ်သည်။နက္ခတ်ဗေဒနှင့်ဖုန်းရွှေပညာရပ်များမှစ၍ ဂိုဏ်းအမျိုးမျိုး၏နည်းစနစ်များ ပြင်ပကျင့်ကြံခြင်းလောကရှိအတွေ့အကြုံများကို ထိုလူများသည် ဝမ်ခန်းအား သင်ကြားပေးလေ၏။
ထိုလူများ၏ အကူအညီဖြင့် ဝမ်ခန်းသည် အလျှင်အမြန် အစွမ်းထက်လာကာ ကျင့်ကြံခြင်းလမ်းလွဲမှုမျိုး မဖြစ်ပွားတော့ချေ။
Chapter 3445
ယနေ့၏သင်ခန်းစာများ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ဤနေရာရှိ လူများအားလုံး အနည်းငယ်စိတ်ပေါ့ပါးသွားသည်။
ဝမ်ခန်းသည် ရှီးလျန်မြို့၏ထိပ်သီးပါရမီရှင် ဖြစ်လာခြင်းမှာ သူ၏ပါရမီအရည်အချင်းကြောင့်သာမက ဝမ်မိသားစု၏ပေါကြွယ်ဝသောအရင်းအမြစ်များကြောင့်လည်းဖြစ်သည်။
"ငါ့ရဲ့အဖေ ခုထိပြန်မလာသေးဘူးလား"
ဝမ်ခန်းက မေးမြန်းသည်။
ဧည့်အကြီးအကဲတစ်ယောက်က ပြောဆိုသည်။
"ကြယ်နယ်မြေသခင်က ဒီမနက်မှာ မြို့ရဲ့နေရာအနှံ့ကို ကင်းလှည့်နေပါတယ်...ဘာပဲဖြစ်ဖြစ် အသစ်ခန့်အပ်ခံထားရတဲ့ လက်ဝဲစ်တပ်တပ်မှူးရောက်လာတော့မှာဆိုတော့ ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံးကို ကြိုပြီးပြင်ဆင်ထားရမယ်"
"လက်ဝဲစစ်တပ်တပ်မှူး...တကယ်လို့ သူရောက်လာရင်တောင် ဘာဖြစ်မှာမလို့လဲ...ရှီးလျန်ကြယ်နယ်မြေက ငါတို့ဝမ်မိသားစုရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေအုံးမှာပဲ"
ဝမ်ခန်း၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။
ရှီးလျန်မြို့အတွင်း၌ ဝမ်ခန်းသည် ဤစကားမျိုးပြောဆိုရန် အရည်အချင်းပြည့်မီပေ၏။
ဝမ်မိသားစုသည် ရှီးလျန်မြို့အတွင်း၌ ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံးတွင် အခြေခံအားဖြင့် အထက်မှအောက်ခြေထိ ဝမ်မိသားစု၏သြဇာလွှမ်းမိုးမှုများဖြင့် ပြည့်နှက်နေသည်။
နှိုင်းယှဥ်ကြည့်ပါက လက်ဝဲစစ်တပ်တပ်မှူးသည် အားနည်းပြီး မည်သို့မျှအရေးမပါချေ။
"သခင်လေးပြောတာ အမှန်ပဲ...ဒါပေမယ့် သူလျှိုတွေဆီက ရတဲ့သတင်းတွေအရ ဒီတစ်ကြိမ်လာမဲ့ လက်ဝဲစစ်တပ်တပ်မှူးက သာမာန်မဟုတ်ဘူး"
ဧည့်အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြောဆိုသည်။
"သတင်းတွေအရဆိုရင် အသစ်ခန့်အပ်ခံရတဲ့ လက်ဝဲစစ်တပ်တပ်မှူးက ခုနှစ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားပဲ....သူက နန်းတွင်းစာမေးပွဲရဲ့ စာပေနဲ့တိုက်ခိုက်ရေး စစ်ဆေးမှုနှစ်ခုလုံးမှာ ပထမရခဲ့တယ်...ပြီးတော့ သူက စစ်ရေးအောင်မြင်မှုတွေလည်း အများကြီးရထားတယ်...သူ ထိပ်သီးကျောင်းတော်သား ဖြစ်တာနဲ့ သူ စုဆောင်းထားနိုင်တဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကြောင့် တတိယအဆင့်အရာရှိရာထူးကို တိုက်ရိုက်ရရှိနိုင်ခဲ့တယ်"
"ပြီးတော့ သူက စာပေသူတော်စင်ယီဟန်ရဲ့တပည့်ပဲ....အဲ့ဒီအဆင့်အတန်းကြောင့် သူ့ကို ထိခိုက်အောင်လုပ်ဖို့က ကျွန်တော်တို့အတွက် အရမ်းခက်ခဲလိမ့်မယ်"
ဝမ်ခန်းက မျက်မှောင်ကြုတ်ကာ စိတ်မရှည်ပုံဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"သူ ဒီလိုရာထူးမျိုးကိုရတာက သူ့ရဲ့ဆရာသခင်ကြောင့်ပဲနေမယ်...နောက်ခံအင်အားကို မှီခိုပြီးတော့ ဒီလိုရာထူးမျိုးကိုရလာတဲ့ လူစားမျိုးတွေက ရှေ့မှာလည်း သာဓကတွေအများကြီးရှိတယ်...သူက လူငယ်တစ်ယောက်ပဲလေ....သူကို ရင်ဆိုင်ဖို့ဆိုတာ အရမ်းလွယ်တဲ့ကိစ္စပဲ"
တခြားဧည့်အကြီးအကဲများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
လက်ဝဲစစ်တပ်၏ယခင်တပ်မှူးသည် စစ်ရေးနှင့်ကျင့်ကြံခြင်းလောက၌ အတွေ့အကြုံများစွာရင့်ကျက်သူဖြစ်သည်။အဆုံးသတ်၌ သူသည်လည်း ဝမ်မိသားစု၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။
ဤလုယွီသည် တော်ဝင်မြို့တော်မှရောက်လာမည့် လူငယ်တစ်ယောက်ပင်။ယခုလက်ရှိနေရာတွင်ရှိနေသူများ၏ လှည့်စားမှုများ အကြံအစည်များဖြင့် ထိုကဲ့သို့လူငယ်တစ်ယောက်ကို လွယ်လင့်တကူ ရင်ဆိုင်နိုင်ပေမည်။
"အဲ့ဒီလူမှာ ဘယ်လိုဝါသနာမျိုးရှိတယ်ဆိုတာ စုံစမ်းထားကြစမ်း...ငွေ...မိန်းမ...ဘာပဲဖြစ်နေနေ...သူ့ကိုအရင်ဆုံး အချိုသပ်ရမယ်"
ဝမ်ခန်းက သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
"နားလည်ပါပြီ.."
ဧည့်အကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။
သူတို့စကားပြောဆိုနေစဥ်မှာပင် ဝမ်ခန်း၏လက်၌ ဝတ်ဆင်ထားသောလက်ကောက် ရုတ်တရက် တုန်ခါသွားသည်။
"မကောင်းတော့ဘူး...တစ်ယောက်ယောက်က အနောက်ဘက်ခြံဝန်းမှာရှိတဲ့ ရတနာကို ထိတွေ့နေပြီ"
ဝမ်ခန်းက ထိတ်လန့်တုန်လှုပ်သွားကာ အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။
ဤလက်ကောက်ကို အနောက်ဘက်ခြံဝန်းအတွင်းရှိ အဆောင်လက်ဖွဲ့နှင့် ချိတ်ဆက်ထားပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သက်ရှည်သစ်သီးပင်ကို ထိတွေ့သည်နှင့် သူ ချက်ချင်းအာရုံခံမိပေမည်။
"သခင်လေး..."
သူ၏ဘေးရှိ ဧည့်အကြီးအကဲများသည် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို မသိရှိသဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် ဝမ်မိသားစု၏ဧည့်အကြီးအကဲများဖြစ်သော်လည်း အနောက်ဘက်ခြံဝန်းအတွင်းမှ ကိစ္စရပ်များကို သိခွင့်မရှိချေ။
ဤသည်မှာ ဝမ်မိသားစု၏ထိပ်တန်းလျှို့ဝှက်ချက်ပင်။ဝမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်များနှင့် အဆင့်မြင့်အကြီးအကဲတချို့သာ ထိုကိစ္စနှင့်ပတ်သတ်၍ သိရှိထားကြသည်။
"သခင်လေး...အနောက်ဘက်ခြံဝန်းမှာရှိတဲ့ အဆောင်လက်ဖွဲ့ကို တစ်ယောက်ယောက်က ဖျက်ဆီးသွားပုံပဲ"
ထိုအချိန်မှာပင် ဝမ်ခန်း၏နံဘေးသို့ လူတချို့ရုတ်တရက် ရောက်ရှိလာသည်။
ထိုလူများသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖိုးအိုများဖြစ်ကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားလေ၏။
သူတို့အားလုံးသည် ဝမ်မိသားစု၏အဆင့်မြင့်အကြီးအကဲများပင်။
သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို ပြင်ပလောကတွင် နာမည်ကျော်ကြားသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။တချို့လူများကို တန်ကြေးကြီးကြီးပေး၍ ခေါ်ယူထားခြင်းဖြစ်ကာ တချို့သည် ဝမ်မူကျီး၏သစ္စာရှိနောက်လိုက်များဖြစ်ပြီး ဝမ်မိသားစုအပေါ် သစ္စာစောင့်သိသူများဖြစ်သည်။
"ကျူးယင်ရော..သူ ဘာလို့ ဒီနေရာမှာမရှိတာလဲ"
ဝမ်ခန်းက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
အဆင့်မြင့်အကြီးအကဲများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ထို့နောက် အဆင့်မြင့်အကြီးအကဲတစ်ယောက်က ပြောဆိုသည်။
"ကျူးယင်က ဒီမနက်မှာ အကြီးအကဲခန်းမကိုလည်း ရောက်မလာဘူး....သူက အနောက်ဘက်ခြံဝန်းထဲကို သွားပုံရတယ်"
"ဖြစ်နိုင်တာတော့ သူက ရတနာသစ်ပင်ကို ကြံစည်နေတာများလား...သူ သေချင်နေတာလား"
ဝမ်ခန်းက အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။
Thank For Reading.