အခန်း (၃၄၆၁-၃၄၆၅)
Vol. 176 Ch. 3461-3465
Chapter 3461
သို့ရာတွင် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် အရင်းအမြစ်နှင့်လူအင်အားအမြောက်အများကို အသုံးပြုခဲ့သည့်တိုင် မည်သည့်အကျဥ်းသားကိုမျှ ပြန်လည်ဖမ်းဆီးမိခြင်းမရှိချေ။
အဓိကအကြောင်းအရင်းမှာ ဝမ်ခန်း၏အမိန့်သည် အလွန်ရုတ်တရက်ဆန်သဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် အချိန်မီမတုံ့ပြန်နိုင်ခဲ့ခြင်းပင်။
ထိုအကျဥ်းသားများသည် အကျဥ်းထောင်အတွင်း၌ရှိနေစဥ်ကတည်းက ထွက်ပြေးလွတ်မြောက်နိုင်ရန် လမ်းကြောင်းများကို မရေမတွက်နိုင်သည်အထိ ကြိမ်ဖန်များစွာ တွေးတောပြီးဖြစ်သည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြရန်ပင်မလိုတော့ချေ။
ထို့ကြောင့် သူတို့သည် အကျဥ်းထောင်အတွင်းမှ ထွက်လာနိုင်သည်နှင့် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ ကြိုတင်တွေးတောထားသောလမ်းကြောင်းများကိုရှာဖွေကာ ထွက်ပြေးသွားကြသည်။
လက်ဝဲစစ်တပ်နယ်မြေ၏ စည်ကားသိုက်မြိုက်ဆုံးမြို့တစ်မြို့ဖြစ်သော ရှီးလျန်မြို့သည် နယ်မြေအလွန်ကျယ်ဝန်းပြီး လူဦးရေထူထပ်သိပ်သည်းသည်။ဤလူပင်လယ်ကြီးအကြား၌ လူတချို့ကို ရှာဖွေရသည်မှာ ကောက်ရိုးပုံအတွင်း၌ အပ်ပျောက်ရှာသည့်အလားပင်။
"သခင်လေးဝမ်...ငါတို့ အကောင်းဆုံး ကြိုးစားပြီးပါပြီ...ကျေးဇူးပြုပြီးတော့ ငါတို့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါအုံး"
အရာရှိများက ခါးသည်းသောလေသံနှင့် တောင်းပန်စကားပြောဆိုသည်။
ရှီးလျန်မြို့အတွင်း၌ သူတို့၏ရာထူးတိုးမြှင့်မှုများအားလုံးနီးပါးကို ဝမ်မိသားစုမှ ဆုံးဖြတ်သည်။
ရှီးလျန်ကြယ်နယ်မြေအတွင်းတွင် ဝမ်ခန်းသည် အိမ်ရှေ့စံမင်းသားတစ်ပါးအလားပင်။အကယ်၍ သူတို့သည် နောင်အနာဂတ်အတွင်း၌ အောင်မြင်မှုတချို့ကို ရယူလိုပါက ဤသခင်လေး စိတ်ကျေနပ်အောင် ပြုလုပ်ရပေမည်။
အကယ်၍ သူတို့သည် ဝမ်ခန်း စိတ်မကြည်မသာဖြစ်အောင် ပြုလုပ်မိပါက သူတို့သည် နောင်တစ်ချိန်တွင် ရာထူးတိုးရန် မျှော်လင့်ချက်မဲ့သွားမည် ဖြစ်ရုံသာမက သူတို့သည် ဖိနှိပ်ညှင်းပန်းခြင်းကိုလည်း ခံရနိုင်သည်။သူတို့သည် ဝမ်ခန်းကဲ့သို့ နတ်ဆိုးနတ်ဘုရားတစ်ပါးကို ရန်စစော်ကားဝံ့ခြင်းမရှိချေ။
"ငါ ရလဒ်ကိုပဲ မြင်ချင်တယ်...မင်းတို့ရဲ့ အရေးမပါတဲ့စကားလုံးတွေကို မကြားချင်ဘူး...မင်းတို့ နားလည်လား"
ဝမ်ခန်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
သူ၏အသံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
သူတို့ဝမ်မိသားစု၏ အနောက်ဘက်ခြံဝန်းအတွင်း၌ဖုံးကွယ်ထားသောအရာသည် တစ်စုံတစ်ယောက်၏ဘဝသက်တမ်းကို တိုးမြှင့်ပေးနိုင်သော ရတနာပင်။ဝမ်ခန်းပင်လျှင် ဤရတနာကို လိုချင်တပ်မက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဤကဲ့သို့ရတနာမျိုးကို သူသာလျှင် ရရှိရပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤရတနာကို သူ့ထံမှနေ၍ အဝေးသို့ယူဆောင်သွားဝံ့ပါက ထိုလူသည် သေလမ်းရှာဖွေနေခြင်းပင်။
ထိုအချိန်မှာပင် ခန်းမ၏ပြင်ပမှနေ၍ အစေခံတစ်ယောက် ပြေးဝင်လာကာ ဝမ်ခန်းအား ရိုသေလေးစားစွာဖြင့် သတင်းပို့လေသည်။
"သခင်လေး....သခင်ကြီး ပြန်လာပါပြီ"
"ငါ့ရဲ့အဖေ ပြန်လာပြီလား....ငါ အခုချက်ချင်း သူ့ကို သွားကြိုမယ်"
ဝမ်ခန်း၏မျက်ခုံးများမြင့်တက်သွားကာ ပြင်ပသို့ အလျှင်အမြန်ထွက်လိုက်သည်။
တခြားအရာရှိများသည် ချက်ချင်းဆိုသလိုပင် သူတို့၏ပခုံးများပေါ်၌ ထမ်းထားရသည့် လေးလံသောဝန်ထုပ်ဝန်ပိုးကြီး ကျသွားသည့်အလား ခံစားမိကြလေ၏။
ဝမ်မူကျီးသည် ရှီးလျန်ကြယ်နယ်မြေအတွင်း၌ အခွင့်အာဏာကို ချုပ်ကိုင်ထားသော်လည်း သူသည် ဝမ်ခန်းကဲ့သို့ စည်းမျဥ်းစည်းကမ်းမရှိဘဲ မဆီမဆိုင် ဆူပူကြိမ်းမောင်းမှုများကို မပြုလုပ်ချေ။
ဝမ်မူကျီး ပြန်ရောက်လာသောကြောင့် ထိုသခင်လေးသည် သူ့ကိုယ်သူ အနည်းငယ်ထိန်းချုပ်သွားပေမည်။
ဝမ်မိသားစုမှ ကျင့်ကြံသူများနှင့်အစေခံများအားလုံး ဝမ်မူကျီးကို ကြိုဆိုရန်အတွက် တံခါးဝသို့ ထွက်လာကြသည်။
ဝမ်အိမ်တော်ရှေ့တွင် ဧရာမအမွှေးရှည်ဆင်ကြီးတစ်ကောင်သည် သူ၏ခေါင်းကို တဖြည်းဖြည်း အောက်သို့နှိမ့်ကာ သူ၏နောက်ကျော၌ ကြီးမားသောသစ်သားရထားလုံးတစ်စီးရှိနေသည်။
ထိုအမွှေးရှည်ဆင်ကြီးထံတွင် ရှည်လျားသောအမွှေးများရှိကာ မှော်စွမ်းအားဖြင့်ပြည့်နှက်နေသော သံကြိုးများဖြင့် သူ၏ကြွက်သားများကို တုပ်နှောင်ထားသည်။
ရှေးဟောင်းခေတ်မှမျိုးစိတ်တစ်ခုဖြစ်သော ဤအမွှေးရှည်ဆင်ကြီးများသည် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဤအမွှေးရှည်ဆင်ကြီးကို မည်သည့်နေရာ၌ ထားရှိပါစေ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။ဤကဲ့သို့ ရှေးဟောင်းမျိုးစိတ်သားရဲတစ်ကောင်အား ပိုင်ဆိုင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဝမ်မိသားစု မည်မျှထိ ချမ်းသာကြွယ်ဝသည်ကို သိရှိနိုင်ပေ၏။
ရထားလုံးတံခါးပွင့်သွားသည်နှင့် အစေခံနှစ်ယောက်သည် ရှေ့သို့အလျှင်အမြန်တိုးသွားပြီး ဒူးထောက်လိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းကြီးတစ်ယောက်သည် ရထားလုံးမှထွက်လာကာ ထိုလူနှစ်ယောက်၏ကျောကိုနင်းပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။သူ၏ဆံပင်ပေါ်တွင် အဖြူရောင်ဆီးနှင်းများ ဖုံးလွှမ်းနေသည်။သူ၏မျက်နှာပေါ်တွင် အချိန်၏တိုက်စားမှုကြောင့် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပေ၏။ထို့ပြင် သူ၏မျက်နှာပေါ်၌ နက်ရှိုင်းသောအမာရွတ်ကြီးတစ်ခုရှိနေသဖြင့် သူ၏ထက်ရှသောမျက်နှာသွင်ပြင်ကို မီးမောင်းထိုးပြနေသည့်အလားပင်။
"မိသားစုခေါင်းဆောင်ကို ကြိုဆိုပါတယ်"
လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများနှင့်အစေခံများအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
သူတို့ရှေ့ရှိပုဂ္ဂိုလ်သည် ရှီးလျန်ကြယ်နယ်မြေသခင် ဝမ်မူကျီးပင်။
ဝမ်မူကျီးသည် စစ်တပ်အတွင်း၌ စစ်ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ပင်။တိုက်ပွဲအကျိုးဆောင်ရမှတ်များကို စုဆောင်းပြီးနောက် သူသည် နောက်ဆုံး၌ ရှီးလျန်ကြယ်နယ်မြေသခင်ဖြစ်လာသည်။သူ့အား စစ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သည်။
ထို့ပြင် ဝမ်မူကျီးသည် အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်လည်းဖြစ်သည်။ထို့ကြောင့် သူသည် ရှီးလျန်ကြယ်နယ်မြေအား အုပ်ချုပ်ခဲ့သော နှစ်များအတွင်းတွင် ပတ်ဝန်းကျင်ရှိ အင်အားစုများမှ အစွမ်းထက်ကျင့်ကြံသူများကို သိမ်းသွင်းနိုင်ခဲ့သည်။
အခွင့်အာဏာကြီးမားသော ရာထူးနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် မြင့်မြတ်သောအရှိန်အဝါမျိုး ရောယှက်နေသည်။
ဝမ်မူကျီး ပြန်လာသောအချိန်တိုင်း ယခုကဲ့သို့ အလွန်ကြီးကျယ်ခမ်းနားစွာ ကြိုဆိုရကာ မည်သူကမျှ စောဒကမတက်ဝံ့ချေ။
Chapter 3462
ဤသည်မှာ အဆင့်အတန်းနောက်မှ ကပ်ပါလာသော အရှိန်အဝပင်။
"အဖေ...အိမ်မှာ ကိစ္စကြီးတစ်ခုဖြစ်သွားပြီ"
ဝမ်ခန်းက ဝမ်မူကျီးထံသို့ အလျှင်အမြန်ပြေးလာကာ ထိတ်လန့်တကြားပြောဆိုသည်။
ဖြစ်နိုင်သည်မှာ ဝမ်မိသားစုတစ်စုလုံးတွင် ဝမ်မူကျီး၏ရှေ့၌ ယခုကဲ့သို့စကားပြောဆိုဝံ့သူဟူ၍ ဝမ်ခန်းသာရှိပေမည်။
"ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ...မင်း ဘာအရေးကိစ္စနဲ့ပဲကြုံကြုံ အရင်ဆုံး မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထားရမယ်...တကယ်လို့ ကိစ္စကြီးတစ်ခုဖြစ်နေရင်တောင် မင်းက ပိုပြီးတည်ငြိမ်နေရမယ်...ပြန်သွားပြီးတော့ 'ပြိုင်ဘက်ကင်းစိတ်နှလုံးသားကျမ်းစာ'ကို အခေါက်တစ်ရာ ကူးရေးစမ်း"
ဝမ်မူကျီးက မျက်မှောင်ကြုတ်ကာ အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
ဝမ်မိသားစုအတွင်း၌ သင်ကြားမှုများသည် အလွန်ခက်ခဲကြမ်းတမ်းပေ၏။အကယ်၍ ဝမ်ခန်းဖြစ်နေလျှင်ပင် သူသည် ဝမ်မူကျီး စိတ်မကျေမနပ်ဖြစ်အောင် လုပ်ဆောင်မိသည်နှင့် ပြင်းထန်စွာအပြစ်ပေးခြင်းကို ခံယူရပေမည်။
"ဟုတ်ကဲ့ပါ အဖေ"
ဝမ်ခန်းက သူ၏ခေါင်းကို အလျှင်အမြန်ငုံကာ သဘောတူညီလိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် ဝမ်မူကျီးထံသို့ အသံသတင်းစကားပေးပို့လေသည်။
သက်ရှည်သစ်သီးပင်သည် ဝမ်မိသားစု၏အမြင့်မားဆုံးလျှို့ဝှက်ချက်ဖြစ်သဖြင့် လူနည်းစုကသာ ထိုအကြောင်းကို သိရှိထားကြသည်။
ဝမ်ခန်း၏စိတ်နှလုံးသားအတွင်း၌ ထာဝရအသက်တာအိုကို ရရှိရန်ထက် တခြားအရေးကြီးသောအရာမရှိချေ။ဤကဲ့သို့ ရတနာမျိုးသည် ဝမ်အိမ်တော်အတွင်းမှ ပျောက်ကွယ်သွားသဖြင့် သူ ထိုကိစ္စကို လက်သင့်ခံနိုင်ခြင်းမရှိပေ။
ဝမ်မူကျီးက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောဆိုသည်။
"ငါ ဒီကိစ္စကို နားလည်ပြီ...မင်း ငါ့နောက်ကို အရင်ဆုံးလိုက်ခဲ့အုံး"
ဝမ်ခန်းက ခေါင်းညိတ်လိုက်၏။
သက်ရှည်သစ်သီးပင် ခိုးယူခံလိုက်ရသည့်ကိစ္စသည် ပြင်ပသို့ ပျံ့နှံ့မသွားပါက အကောင်းဆုံးဖြစ်ပေမည်။
သာမာန်အားဖြင့် သူတို့၏ဝမ်မိသားစုကို စောင့်ကြပ်နေသော မျက်လုံးအစုံပေါင်းမည်မျှထိများများ ရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ပြင်ပတွင်ရှိနေသဖြင့် မျက်လုံးပေါင်းများစွာအောက်တွင် တစ်စုံတစ်ခုကိုပြောဆိုနိုင်ရန် လွန်စွာခက်ခဲပေမည်။
"ကြယ်နယ်မြေသခင်ကို အရိုအသေပြုပါတယ်"
ဝမ်ခန်း၏နောက်ရှိ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများက ဦးညွှတ်၍အရိုအသေပြုလိုက်ကြသည်။
ထိုအရာရှိများသည် ဝမ်မူကျီးကိုမြင်တွေ့သည်နှင့် သူတို့၏မျက်နှာများပေါ်တွင် မျက်နှာလိုမျက်နှာရလုပ်သည့်အပြုံးမျိုး ထင်ဟပ်လာသည်။
ဝမ်မူကျီးက မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။
"ရှီးလျန်မြို့ထဲမှာ အခုလတ်တလော ဘာတွေဖြစ်နေလဲဆိုတာ ငါ သိပြီးသွားပြီ...အပြင်မှာကပ်ထားတဲ့ ဝရမ်းစာရွက်တွေကို ဖြုတ်ပြီးတော့ လူတွေလွှတ်ထားတာကို ပြန်ရုတ်သိမ်းလိုက်တော့...ငါ နောက်ကျမှ အဲ့ဒီကိစ္စကို ဖြေရှင်းမယ်"
"ဟုတ်ကဲ့ပါ အရှင်"
လက်ရှိနေရာတွင်ရှိနေသော အရာရှိများအားလုံးသည် မဆိုင်းမတွ သဘောတူညီလိုက်ကြ၏။
ရှီးလျန်ကြယ်နယ်မြေအတွင်း၌ ဝမ်မူကျီးပြောဆိုသောစကားသည် မိုးကောင်းကင်ပင်။
အကယ်၍ ဝမ်မူကျီးထက်ပို၍ အမိန့်ပေးနိုင်သော လူတစ်ယောက်ရှိနေပါကလည်း ဝမ်မူကျီးသာဖြစ်ပေမည်။
လက်ရှိနေရာတွင်ရှိနေသော အရာရှိများသည် စိတ်သက်သာရာရသွားသဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သက်ပြင်းရှိုက်လာကြသည်။
သူတို့အတွက် ထွက်ပြေးသွားသော အကျဥ်းသားများကို ရှီးလျန်မြို့အတွင်း၌ လိုက်ရှာရန်မှာ အောင်မြင်ပြီးမြောက်ရန် မဖြစ်နိုင်သော တာဝန်တစ်ရပ်ပင်။
ယခုချိန်တွင် ဤတာဝန်ကို ဝမ်မူကျီးသည် ရုတ်သိမ်းလိုက်ပြီဖြစ်သောကြောင့် သူတို့အတွက် ပို၍ကောင်းမွန်သွားသည်။
ဝမ်ခန်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေကာ သူသည် အံ့အားသင့်နေသောမျက်နှာဖြင့် ဝမ်မူကျီးကိုကြည့်လိုက်၏။
သက်ရှည်သစ်သီးပင်ကို ခိုးယူသွားသောသူခိုးအား ဖမ်းဆီးရန်သည် အရေးကြီးကိစ္စဖြစ်လေရာ သူ၏ဖခင်သည် မည်သည်ကြောင့် ဝရမ်းများကို ပြန်ရုတ်သိမ်းခဲ့သနည်း။
အလွန်လျှင်မြန်စွာဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှအရာရှိများအားလုံး ပြန်လည်ထွက်ခွာသွားတော့သည်။
"ငါနဲ့စကားပြောရအောင် ငါ့နောက်ကိုလိုက်ခဲ့စမ်း"
ဝမ်မူကျီးသည် ဝမ်ခန်းကို လျှို့ဝှက်ခန်းတစ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤသည်မှာ ဝမ်အိမ်တော်၏အလျှို့ဝှက်ဆုံး နေရာတစ်နေရာပင်။သာမာန်အားဖြင့် ဤအခန်းအတွင်းသို့ ဝမ်မူကျီးနှင့်ဝမ်ခန်းသာ ဝင်ရောက်လေ့ရှိပြီး မည်သူမျှ ထိုနေရာအနီးသို့ မချဥ်းကပ်ဝံ့ချေ။
"အဖေ...တကယ်လို့ ကျွန်တော်တို့က သူ့ကို အခုချိန်မှာ မရှာဖွေဘူးဆိုရင်...သက်ရှည်သစ်သီးပင်ကိုခိုးသွားတဲ့ သူခိုးကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား"
ဝမ်ခန်းက ချက်ချင်းဆိုသလိုပင် စိတ်မရှည်သောလေသံဖြင့် မေးမြန်းသည်။
ယခုလက်ရှိချိန်တွင် သူ၏စိတ်အတွင်း၌ သက်ရှည်သစ်သီးပင်ကို ပြန်လည်ရယူရန် အတွေးများနှင့်သာ ပြည့်နှက်နေသည်။
"ဟား ဟား ဟား...မင်းရဲ့အဖေက ကြိုပြီးပြင်ဆင်မထားဘူးလို့ မင်း ထင်နေတာလား...ဘာမှမစိုးရိမ်နဲ့...အဲ့ဒီကောင်က ငါတို့ရဲ့လက်ထဲကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ဝမ်မူကျီးက ပြောဆိုလေ၏။
ဝမ်ခန်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ မေးမြန်းလိုက်သည်။
"အဖေ.....ဘာတွေလုပ်ထားတာလဲ"
ဝမ်မူကျီး၏မျက်နှာအမူအယာ အေးစက်သွားသည်။သူ၏နုတ်ခမ်းကို အနည်းငယ်လှုပ်ရှားကာ ခြင်တစ်ကောင်ကဲ့သို့တိုးညှင်းသောအသံမျိုးက ဝမ်ခန်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ထိုအသံကိုနားထောင်ပြီးနောက် ဝမ်ခန်း၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်စွာ အံ့အားသင့်သွားသည့် အမူအယာမျိုး ထင်ဟပ်လာပေ၏။
"ဒီလိုဆိုရင်...သက်ရှည်သစ်သီးကို ဝါးမျိုမိတဲ့ ဘယ်သူမဆို...ကျွန်တော်တို့ရဲ့ရုပ်သေးဖြစ်လာပြီးတော့ ကျွန်တော်တို့ အသုံးချတာကို ခံရမှာပေါ့...ဟုတ်လား အဖေ"
ဝမ်ခန်းက ပျော်ရွှင်စွာ ပြောဆိုသည်။
အဖိုးတန်ရတနာတစ်ခုကို ဆုံးရှုံးသွားပြီးမှ တဖန်ပြန်ရသော ခံစားချက်မျိုးသည် အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်ရသည့်အရာပင်။
Chapter 3463
"တိတ်တိတ်နေစမ်း...ဒီကိစ္စကို ဘယ့်သူကိုမှ မပြောနဲ့...မင်း မှတ်ထားရမှာ အဲ့ဒါက တစ်စုံတစ်ယောက်ရဲ့ ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်တဲ့ ရတနာတစ်ပါးပဲ...တကယ်လို့ တခြားသူတွေက ဒီကိစ္စကို သိသွားမယ်ဆိုရင် ငါတို့ဝမ်မိသားစုအတွက် ဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာလိမ့်မယ်"
ဝမ်မူကျီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ဝမ်ခန်းက သူ၏ခေါင်းကို ထပ်ခါတလဲလဲညိတ်လိုက်၏။
သူသည် အရူးတစ်ယောက်မဟုတ်သဖြင့် ဤကိစ္စ၏အကျိုးအပြစ်ကို ကောင်းစွာသိရှိသည်။
သို့ရာတွင် ဝမ်ခန်း၏စိတ်နှလုံးသားအတွင်း၌ တစ်စုံတစ်ခုကို အလိုမကျဖြစ်နေဆဲပင်။
"ဒါပေမယ့် တကယ်လို့ အဲ့ဒီရတနာကို ကျွန်တော်တို့ရဲ့ ဝမ်အိမ်တော်မှာပဲသိုဝှက်ထားနိုင်မယ်ဆိုရင် ပိုမကောင်းဘူးလား....ဘာလို့ အပြင်လူတစ်ယောက်ကို လက်လွှဲပေးဖို့ လိုတာလဲ....အဖေ...တကယ်လို့ ကျွန်တော်တို့ရဲ့ခုခံကာကွယ်မှုကို ဒီထက်နည်းနည်းသာ ပိုတင်းကြပ်ထားမယ်ဆိုရင် အဲ့ဒီရတနာ ခိုးယူခံရမှာမဟုတ်ဘူး"
အတိတ်တွင် ဝမ်ခန်းသည် သက်ရှည်သစ်သီးပင်ကို စောင့်ကြပ်ရန်အတွက် ပို၍အစွမ်းထက်သော ဝင်္ကပါများကို ခင်းကျင်းရန် အကြံပြုခဲ့သည်။
သို့ရာတွင် ဝမ်မူကျီးသည် ထိုအကြံပြုချက်ကို ပယ်ချခဲ့လေ၏။
ဝမ်မူကျီးသည် သက်ရှည်သစ်သီးပင်၏နံဘေးပတ်လည်၌ အကာအကွယ်ဝင်္ကပါတစ်ခုတည်းကိုသာ ခင်းကျင်းခဲ့သည်။ထို့နောက် သူသည် အလောင်းများကို အသုံးပြုကာ နတ်ဆိုးသက်ရှိများအဖြစ် သိပ်သည်းစေပြီး ထိုနေရာကို ကာကွယ်စောင့်ကြပ်စေခဲ့သည်။
ဤခုခံကာကွယ်မှုများသည် သွေးချီစွမ်းအားများခန်းခြောက်နေသော အကျဥ်းသားများအတွက် လုံလောက်သည်။သို့ရာတွင် ယခင်ကတည်းက အကြံအစည်ဖြင့် ဝင်ရောက်လာသော လူများနှင့်ရင်ဆိုင်ရချိန်တွင်မူ လုံးလုံးလျားလျား အသုံးဝင်မည်မဟုတ်ချေ။
"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းနိမ့်သေးတယ်...ဒါကြောင့် မင်း နားမလည်နိုင်တဲ့ ကိစ္စတွေအများကြီး ရှိနေတယ်...သက်ရှည်သစ်သီးပင်လို ရတနာမျိုးက မိုးကောင်းကင်ကိုတောင်ဖီဆန်နိုင်တဲ့ တည်ရှိမှုကြီးပဲ...ဒါက မိုးကောင်းကင်တာအိုရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကိုတောင် သက်ရောက်မှုရှိနိုင်တယ်...ဒီအပင် ပေါက်ဖွားလာတဲ့အချိန်ကနေ ရင့်မှည့်လာတဲ့အချိန်ထိ ဒါကို ပိုင်ဆိုင်ထားတဲ့ဘယ်သူမဆို အလှည့်အပြောင်းတွေအများကြီးနဲ့ ကြုံတွေ့ရတယ်....အဆုံးသတ်ကျတော့ သူတို့က ဒါကိုရရှိနိုင်မှာ မဟုတ်ဘူး"
ဝမ်မူကျီးက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒီသက်ရှည်သစ်သီးပင်က တစ်ယောက်ယောက် ခိုးယူတာကို အနှေးနဲ့အမြန်ခံရလိမ့်မယ်လို့ စီနီယာက ငါ့ကို အရင်ကတည်းက တွက်ချက်ပေးထားခဲ့တယ်...ဒီသက်ရှည်သစ်သီးပင်ကို ကြိုးစားကာကွယ်ပြီးတော့ ငါတို့ဝမ်မိသားစုရဲ့စွမ်းအားတွေကို ကုန်ခမ်းအောင်လုပ်မယ့်အစား အဲ့ဒီလူတွေကို ဘာလို့အရင်ဆုံး ခိုးယူခွင့်မပြုဘဲနေရမှာလဲ...သူတို့ရဲ့အသက်တွေကို ရင်းနေတဲ့အချိန်မှာ ငါတို့က ထိုင်ကြည့်နေပြီးမှ အကျိုးအမြတ်တွေကို ရိတ်သိမ်းရုံပဲ"
ဝမ်ခန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
"အဖေ....အဲ့ဒီလူက ကျွန်တော်တို့အတွက် အလဟဿအကျိုးဆောင်ပေးတဲ့သူ ဖြစ်လာမှာမလား"
"ဒါကြောင့် ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြန်ကြေငြာလို့မရဘူး...မင်းက အကျဥ်းသားတွေကို ဖမ်းဆီးဖို့အတွက် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က လူတွေအားလုံးကို စေလွှတ်ခဲ့တယ်...ခွဲခြားသိမြင်နိုင်တဲ့ ဘယ်သူမဆို ငါတို့ဝမ်မိသားစုမှာ တစ်ခုခုဖြစ်နေပြီဆိုတာ သိသွားလိမ့်မယ်....ဒီအချိန်မှာ ငါ့ရဲ့မဟာအကြံအစည်ကြီးက အရမ်းအရေးကြီးတယ်...ဘာအမှားအယွင်းမှ ဖြစ်လို့မရဘူး....မင်း ဒီတစ်ကြိမ် အလုပ်လုပ်တာ အရမ်းမဆင်မခြင်လုပ်လွန်းတယ်"
ဝမ်မူကျီးက ရုတ်တရက် အေးစက်စက်လေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
"ဟုတ်ကဲ့...ကျွန်တော်ရဲ့အမှားကို ဝန်ခံပါတယ်"
ဝမ်ခန်းက ခေါင်းငုံ၍ပြောဆိုသည်။
သူသည် ပြင်ပတွင် မောက်မာရိုင်းစိုင်းသူတစ်ယောက်ဖြစ်သော်လည်း ဝမ်မူကျီး၏ရှေ့သို့အရောက်တွင် ဝံပုလွေနှင့်တွေ့သွားသော သိုးတစ်ကောင်အလား မည်သည့်တွန်းလှန်တိုက်ခိုက်လိုစိတ်မျှ မရှိတော့ချေ။
သူသာမက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ တခြားအရာရှိများသည်လည်း ဝမ်မူကျီးကိုမြင်ချိန်တွင် သူတို့အားလုံး ထိတ်လန့်ကြောက်ရွံနေကြသည်။
"ဒီကိစ္စကို အရင်ဆုံး မပြောနဲ့အုံး...လူတစ်ယောက်က အင်ပါယာနှစ်ခုကြားက ယှဥ်ပြိုင်ပွဲမှာလည်း အနိုင်ယူသွားနိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်....ဘာတွေ ဖြစ်ခဲ့တာလဲ"
ဝမ်မူကျီးက ရုတ်တရက် မေးမြန်းသည်။
"ထန်အင်ပါယာဘက်က မင်းသားနှစ်ပါးကို လွှတ်လိုက်တယ်...သူတို့နှစ်ယောက်လုံးက ထန်အင်ပါယာတော်ဝင်မိသားစုရဲ့ ကျင့်ကြံနည်းစနစ်တွေကို အသုံးပြုခဲ့တယ်...ကျွန်တော်တို့က သူတို့ကို မယှဥ်ပြိုင်နိုင်ခဲ့ဘူး...ဒါပေမယ့် ဘယ်နေရာကမှန်းမသိတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ရောက်လာပြီးတော့ သူက လျှို့ဝှက်နည်းစနစ်တစ်မျိုးမျိုးကို တတ်ကျွမ်းထားပုံရတယ်...သူက တစ်ကြိမ်တည်းနဲ့ ထန်အင်ပါယာဘက်က ဆယ်နဲ့ချီတဲ့ လူငယ်ပါရမီရှင်တွေကို သတ်ဖြတ်လိုက်တယ်....တကယ်လို့ ယန်မင်းသားဆီမှာ အကာအကွယ်မှော်ရတနာသာရှိမနေရင် သူလည်း သေဆုံးသွားနိုင်တယ်"
ဝမ်ခန်းသည် စကားပြောဆိုနေရင်းမှ သူ၏လေသံသည် အထင်အမြင်သေးသောလေသံအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါပေမယ့် အဲ့ဒီကောင်က သူ့ရဲ့အသက်စွမ်းအားကို လောင်ကျွမ်းစေတဲ့ လျှို့ဝှက်နည်းစနစ်တစ်မျိုးကို အသုံးပြုပြီးတော့ သူ့ရဲ့ခွန်အားကို အတင်းအကြပ်တိုးမြှင့်ခဲ့တာလို့ ကျွန်တော် ထင်တယ်....သူက ကျူးကော်မင် ထောက်ခံပေးထားတဲ့လူပဲ...ကျွန်တော် အရင်ကတော့ သူ့ကိုဖမ်းဆီးပြီးတော့ သူ့ဆီမှာရှိတဲ့ လျှို့ဝှက်နည်းစနစ်ကို ရှာဖွေမလို့ပဲ...ဒါပေမယ့် မမျှော်လင့်ဘဲ ကျူးကော်မင်က သူ့ကို တစ်ချိန်လုံး ကာကွယ်ပေးထားတယ်...သူက ကျွန်တော်တို့ဝမ်မိသားစုကိုတောင် မျက်လုံးထဲထည့်ပုံမရဘူး"
ထို့သို့ပြောဆိုပြီးနောက် ဝမ်ခန်းက အံ့တင်းတင်းကြိတ်ကာ ဆက်လက်ပြောဆိုသည်။
"အရင်ကတော့ ကျွန်တော်က သူ့ကို အကျဥ်းထောင်ထဲမှာ ဖမ်းထားဖို့ပဲ...ဒါပေမယ့် အဲ့ဒီကောင်က ဘယ်လိုနည်းလမ်းတွေကို အသုံးပြုသွားခဲ့တယ်မသိဘူး ထောင်ထဲကနေ လွတ်မြောက်သွားခဲ့တယ်...သက်ရှည်သစ်သီးပင်ကလည်း သူ့ရဲ့လက်ချက်ပဲဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
Chapter 3464
ဝမ်မူကျီးသည် ဝမ်ခန်း၏စကားများကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
"အင်ပါယာနှစ်ခုကြားက သိုင်းပညာယှဥ်ပြိုင်ပွဲက အရမ်းပြင်းထန်တယ်....တာယွီရဲ့တချို့အင်အားစုတွေက ရှုံးနိမ့်မှာကို မလိုလားကြဘူး...ဒါကြောင့် သူတို့က တစ်ယောက်ယောက်ကိုလွှတ်လိုက်တာ ဖြစ်နိုင်တယ်...သက်ရှည်သစ်သီးပင်က အဲ့ဒီလိုလျှို့ဝှက်အင်အားစုတစ်စုရဲ့လက်ထဲကိုရောက်သွားရင် အမြန်ကြီးထွားလာလိမ့်မယ်...ဒါက ကိစ္စကောင်းတစ်ခုပဲ"
ဝမ်မူကျီးသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် ပြောဆိုသည်။
"အခုချိန်မှာ အဲ့ဒီလူရဲ့ကိစ္စကို စိတ်မပူနဲ့အုံး...သက်ရှည်သစ်သီး ရင့်မှည့်လာဖို့အတွက် အနည်းဆုံး နှစ်အနည်းငယ်လောက်တော့ အချိန်ယူရမယ်...ငါတို့ အဲ့ဒီအတွက် တိုက်ခိုက်ဖို့ အချိန်လုံလောက်တယ်...ကံကြမ္မာကောင်းမရှိတဲ့သူတစ်ယောက်က ဒါကိုရသွားရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး...ဒီသက်ရှည်သစ်သီးပင်ကို ရသွားတဲ့ဘယ်သူမဆို အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"
"အခုချိန်မှာ အရေးကြီးဆုံးကိစ္စက အသစ်ခန့်အပ်ခံရတဲ့ လက်ဝဲစစ်တပ်တပ်မှူးကို ဂရုစိုက်ဖို့ပဲ...မင်းကိုယ်မင်း ထိန်းထိန်းသိမ်းသိမ်းနေတာ ပိုကောင်းလိမ့်မယ်...ငါ့ကို ဘာပြဿနာမှ မတက်စေနဲ့"
ဝမ်ခန်းက အထင်အမြင်သေးသောလေသံနှင့် ပြောဆိုလေသည်။
"ကောလဟာလတွေအရဆိုရင် လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က အသက်၂၅နှစ်တောင် မပြည့်သေးဘူး...သူက ကျွန်တော်ထက်တောင် ငယ်သေးတယ်...ဒီလိုလူမျိုးက ငယ်ရွယ်ပြီးတော့ စိတ်ကြီးဝင်နေမှာ...သူ့မှာ ဘာအတွေ့အကြုံမှ ရှိမှာမဟုတ်ဘူး...သူက စာပေသူတော်စင်ရဲ့တပည့်ဆိုတဲ့ နာမည်ဂုဏ်သတင်းကို အမှီပြုပြီးတော့ အဆင့်မြင့်ရာထူးနေရာကို ရသွားတာပဲဖြစ်မယ်...သူ့ကို အရမ်းဂရုစိုက်နေဖို့ မလိုလောက်ပါဘူး"
"ဘယ်လိုပဲဖြစ်ဖြစ်...ဒီရက်တွေအတွင်းမှာ မင်း ငါနဲ့အတူ အေးအေးဆေးဆေးနေရမယ်...ဒီကျင့်ကြံနည်းစနစ်ကို မှတ်ထားပြီးတော့ ကျင့်ကြံနေစမ်း"
ဝမ်မူကျီးက ရုတ်တရက် ဝမ်ခန်း၏နဖူးထံဦးတည်၍ လက်ညှိုးညွှန်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကျယ်ပြန့်သော ကျင့်ကြံနည်းစနစ်ကျမ်းစာတစ်ခုက ဝမ်ခန်း၏စိတ်အတွင်း၌ စွဲထင်သွားလေပြီ။
ဝမ်ခန်း၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။စိတ်ရှုပ်ထွေးမှုအရိပ်အယောင်များက သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်လာသည်။သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့် သူ၏စိတ်ရှုပ်ထွေးမှုများသည် အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"ဖြစ်နိုင်တာတော့ ဒါက ပျောက်ကွယ်သွားတဲ့ ရှေးဟောင်းတာအိုကျင့်ကြံနည်းစနစ်များလား"
ဝမ်ခန်း၏အသံက တုန်ရီနေသည်။
ရှေးဟောင်း ကျင့်ကြံနည်းစနစ်...
အလယ်ခေတ်အတွင်း၌ပင် အကယ်၍ ရှေးဟောင်းကျင့်ကြံနည်းစနစ်တစ်ခု၏ အရိပ်အယောင်ကိုရရှိပါက ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ယခုလတ်တလောအချိန်တွင် ကျင့်ကြံသူအများစုသည် ရှေးဟောင်းခေတ်ရှိ အမွေအနှစ်များမှတဆင့် ဆင်းသက်လာမှုများအရ ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံလာခြင်းဖြစ်သည်။
ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ လောကီအင်မော်တယ်များကို အစစ်အမှန်အင်မော်တယ်များဟု ယူဆနိုင်သည်။သူတို့သည် ပျံသန်းနိုင်ပြီး တောင်များနှင့်မြစ်များကို ရွှေ့ပြောင်းနိုင်ကာ အလွန်ကြီးကျယ်ခမ်းနားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အမွေအနှစ်အများစု ပြတ်တောက်သွားသဖြင့် ထိုကျင့်ကြံနည်းစနစ်များအနက်မှအများစုသည် ပျောက်ကွယ်သွားလေပြီ။
ယခုချိန်၌ လောကီအင်မော်တယ်တစ်ယောက် ထုတ်ဖော်အသုံးပြုနိုင်သောစွမ်းအားသည် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်များနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟပေ၏။
ဤသည်မှာ လုယွီသည် မည်သည်ကြောင့် အဆင့်များစွာကျော်လွန်၍ သူ့ထက် ကျင့်ကြံဆင့်နယ်ပယ်ပို၍မြင့်မားသော အစွမ်းထက်ကျင့်ကြံသူများကို အနိုင်ယူနိုင်သည့် အကြောင်းအရင်းလည်းဖြစ်သည်။
ယခုလက်ရှိချိန်၌ အဖိုးတန်ရှားပါးသော အခွင့်အရေးကြီးသည် ဝမ်ခန်း၏ရှေ့သို့ ရောက်ရှိလာလေပြီ။
မည်သည်ကြောင့် သူ စိတ်မလှုပ်ရှားဘဲ နေမည်နည်း....
"ဒါက မပြည့်စုံတဲ့နည်းစနစ်အဆင့်ပဲရှိတယ်...ဒါပေမယ့် ဒီနည်းစနစ်ရဲ့စွမ်းအားက အရမ်းတုန်လှုပ်ချောက်ချားဖို့ ကောင်းတယ်...ငါ့ရဲ့အစီအစဥ်အောင်မြင်တာနဲ့ ဒီကျင့်ကြံနည်းစနစ် အပြည့်အစုံက ငါတို့ရဲ့လက်ထဲကနေ ပြေးလွတ်မှာမဟုတ်ဘူး"
ဝမ်မူကျီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ဝမ်ခန်း၏မျက်လုံးများ တောက်ပသွားကာ သူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
လျှို့ဝှက်ခန်းအတွင်းရှိ တိုင်ပင်ဆွေးနွေးမှု အဆုံးသတ်သွားလေပြီ။
ဝမ်မူကျီးသည် အုပ်ချုပ်ရေးကိစ္စများကိုဆောင်ရွက်ရန် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သို့ ထွက်ခွာသွားခဲ့သော်လည်း ဝမ်ခန်းက အိမ်တော်၌ ကျန်နေရစ်ခဲ့သည်။
ထို့နောက် ဝမ်ခန်းကို လူတစ်ယောက်မှ လာရောက်ရှာဖွေသည်။ထိုလူသည် စွန်းယုပင်။
နဥ်ကျိုး၏ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် စွန်းယုသည် ဤနေရာသို့အပြေးလာကာ နဥ်ကျိုးသည် လုယွီအား လွှတ်ပေးလိုက်သည့်အကြောင်းကို ဝမ်ခန်းထံ သတင်းပို့လေ၏။
ယခုချိန်၌ သူသည် နဥ်ကျိုးကို အရိုးထိနက်အောင် မုန်းတီးနေသည်။
လုယွီကို ဖမ်းဆီးနိုင်ပါက ဆုလာဘ်အဖြစ် သူ အင်မော်တယ်ကျောက်တုံးသန်းငါးရာ ရရှိပေမည်။ဤဆုလာဘ်ကြီးသည် သူ၏လက်အတွင်းသို့ ရောက်လုဆဲဆဲအခြေအနေမှ ချော်ထွက်သွားခဲ့လေရာ သူ မည်သည်ကြောင့် ဒေါသမထွက်ဘဲ နေမည်နည်း။
"မင်း ပြောတာ...နဥ်ကျိုးက အဲ့ဒီကောင်စုတ်လေးကို လွှတ်ပေးလိုက်တာလား"
ဝမ်ခန်းသည် ထိုစကားကိုကြားချိန်တွင် သူ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
ထိုအခြင်းအရာကိုတွေ့ချိန်တွင် စွန်းယုသည် မီးအတွင်းသို့ လောင်စာထပ်ထည့်လေ၏။
"ဒါကအမှန်ပါပဲ သခင်လေးဝမ်...အဲ့ဒီကိစ္စကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ...ငါက မင်းရဲ့အမိန့်ကိုရတာနဲ့ ချက်ချင်းလူစုပြီးတော့ အဲ့ဒီကောင်ကို သွားဖမ်းခဲ့တယ်...ဒါပေမယ့် အဲ့ဒီကောင်ကို ဖမ်းမိခါနီးအချိန်မှာ နဥ်ကျိုးရောက်လာပြီးတော့ ကြားဖြတ်ဟန့်တားမယ်လို့ ဘယ်သူက ထင်မိမှာလဲ...သူက အဲ့ဒီကောင်နဲ့ တစ်ကျိတ်တည်းတစ်ဥာဏ်တည်းဖြစ်နေမယ်လို့တောင် ငါ ထင်တယ်"
"နဥ်ကျိုး...သူက ငါ့ကိုတောင် ဆန့်ကျင်ဝံ့တာလား"
ဝမ်ခန်းက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူက တောင်းပန်ချင်သေးတာလား...အဲ့ဒီအကြောင်းကို စဥ်းတောင်မစဥ်းစားနဲ့...ငါ အဲ့ဒီကိစ္စကို ကိုင်တွယ်မယ်...တကယ်လို့ သူက ငါ့ရဲ့ဆန္ဒအတိုင်း ဖြစ်မလာဘူးဆိုရင် နဥ်ကျိုးရဲ့ရာထူးကို မင်း လွှဲပြောင်းယူရမယ်"
Chapter 3465
"ဟုတ်ကဲ့ပါ သခင်လေးဝမ်ခန်း"
စွန်းယုသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ ထ၍ခုန်ပေါက်မိလုမတတ်ပင်။
နဥ်ကျိုး၏ရာထူးသည် ရွှေတံဆိပ်လူဆိုးထိန်း မဟုတ်လော....
ဆဋ္ဌမဂိတ်တံခါးတစ်ခုလုံးတွင် ရွှေတံဆိပ်လူဆိုးထိန်းဆယ်ယောက်သာရှိသည်။သူသည် ဤရာထူးနေရာကို ရရှိခြင်းမှာ တစ်ချက်တည်းဖြင့် မိုးကောင်းကင်ယံပေါ်သို့ တက်လှမ်းနိုင်ခဲ့သည့်အလားပင်။
"ကျေးဇူးတင်ပါတယ် သခင်လေးဝမ်...ငါက အကောင်းဆုံးကြိုးစားပြီးတော့ မင်းရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်"
စွန်းယုသည် ချက်ချင်းဆိုသလိုပင် ဝမ်ခန်း၏ရှေ့၌ဒူးထောက်ကာ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
ဝမ်ခန်းသည် စိတ်မရှည်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သော်လည်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်နေသည်။
ဤသည်မှာ အခွင့်အာဏာ၏အရသာပင်။
သူတို့ဝမ်မိသားစုသည် ရှီးလျန်ကြယ်နယ်မြေ၏မိုးကောင်းကင်ကြီးဖြစ်သည်။
သူသည် ရှေးဟောင်းကျင့်ကြံနည်းစနစ်ကို ရရှိထားသဖြင့် သူ၏ကျင့်ကြံမှုတွင် ကြီးမားသောအောင်မြင်မှုကို ရရှိတော့မည်ဖြစ်ကာ သူ၏ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်သည့် သက်ရှည်သစ်သီးကိုလည်း ပိုင်ဆိုင်ရတော့မည်အား သူ တွေးတောမိသည်။ဝမ်ခန်းသည် သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာ၌ ကြီးထွားလာသော ရည်မှန်းချက်မီးတောက်ကို ခံစားမိလေ၏။
သူသည် ကောင်းကင်ဘုံနယ်မြေ၌ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ဖြစ်လာကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ဦးညွှတ်အရိုအသေပြုရမည့် တည်ရှိမှုကြီးဖြစ်လိုသည်။
ဝမ်ခန်းသည် ထိုအကြောင်းကို တွေးတောရင်း သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးညစ်သောမီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"တစ်ယောက်ယောက် လာခဲ့စမ်း"
"သခင်လေးဝမ်"
ရုတ်ချည်းဆိုသလိုပင် သစ္စာရှိလူယုံတစ်ယောက် လျှောက်လှမ်းလာကာ ဝမ်ခန်း၏နံဘေး၌ ဒူးထောက်လိုက်၏။
"မင်း နဥ်ကျိုးကို သွားဖမ်းပြီးတော့ သီးသန့်အကျဥ်းခန်းထဲကိုထည့်ပြီး သူ့ကို သေချာစောင့်ကြည့်ထားစမ်း....ဒီတစ်ကြိမ်တော့ ဘာမတော်တဆကိစ္စမှမဖြစ်ဖို့ ငါ မျှော်လင့်တယ်"
ဝမ်ခန်းသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ရုတ်တရက် ပြောဆိုလိုက်သည်။
"ပြီးတော့ နဥ်ကျိုး ဖမ်းခံရတဲ့ကိစ္စကို နဥ်မိသားစုဆီ သွားပြီးတော့ အကြောင်းကြားလိုက်စမ်း...အထူးသဖြင့် နဥ်အမ်ထုံသိအောင် လုပ်ရမယ်...တကယ်လို့ သူက သူ့ရဲ့အဖေကို ကယ်ချင်တယ်ဆိုရင်...သူကိုယ်တိုင် ဝမ်အိမ်တော်ကိုလာပြီးတော့ ငါ့ကိုလာရှာရမယ်လို့ ပြောလိုက်စမ်း"
"ဟုတ်ကဲ့"
သူ၏သစ္စာရှိလူယုံ ထွက်ခွာသွားသည်ကိုကြည့်ပြီး ဆိုးညစ်သောအပြုံးတစ်ခုက ဝမ်ခန်း၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
ဝမ်ခန်း၏နံဘေးတွင် မိန်းကလေးများ မရှားပါးချေ။သို့ရာတွင် သူသည် နဥ်အမ်ထုံကဲ့သို့ ထူးချွန်သော စိတ်နေစိတ်ထားရှိသည့် မိန်းကလေးမျိုးကို တစ်ယောက်တစ်လေမျှ ရှာမတွေ့ပေ။
အတိတ်တွင် ဝမ်ခန်းသည် နဥ်အမ်ထုံ အနီးသို့ချဥ်းကပ်နိုင်ရန် နည်းလမ်းများစွာကို အသုံးပြုခဲ့ဖူးသည်။
သို့ရာတွင် ယခုချိန်၌ သူ ကြိုးစားရန် မလိုအပ်တော့ချေ။
ဤတစ်ကြိမ်တွင် သူ၏လက်အတွင်း၌ နဥ်ကျိုး၏အသက်ကို ကိုင်ထားနိုင်သဖြင့် နဥ်အမ်ထုံသည် လက်လျှော့အရှုံးမပေးဘဲနေမည်ဟု သူ မယုံကြည်ချေ။
……
နှစ်ရက်ကြာပြီးနောက်...
ရှီးလျန်မြို့၏အထက်ကောင်းကင်ယံအတွင်းတွင် စစ်သင်္ဘောကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။
ပုန်းကွယ်နဂါးစစ်တပ် ချီတက်နေစဥ်အတောအတွင်းတွင် လုယွီသည် လူသစ်စုဆောင်းရေးအမိန့်ကို ထုတ်ပြန်ခဲ့လေ၏။ထို့ကြောင့် အမျိုးမျိုးသောကြယ်နယ်မြေများမှ စမ်းသပ်ချက်များကိုအောင်မြင်သော လူသစ်များကို ခေါ်ယူခဲ့ရာမှတဆင့် ပုန်းကွယ်နဂါးစစ်တပ်၏အင်အားသည် အင်အားငါးသိန်းထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။
လုယွီသည် နာမည်ခံအရ လက်ဝဲစစ်တပ်နယ်မြေ၏ အဆင့်မြင့်ဆုံးအရာရှိဖြစ်သော်လည်း ဤစစ်သည်အင်အားငါးသိန်းကသာ သူ၏ထိန်းချုပ်မှုအောက်ရှိ အစစ်အမှန်အင်အားဖြစ်သည်။
မနက်စောစောတွင် ဝမ်မူကျီးသည် ရှီးလျန်မြို့အတွင်းရှိ စစ်ရေးနှင့်အုပ်ချုပ်ရေးအရာရှိများကိုဦးဆောင်ကာ ရောက်ရှိလာသောစစ်တပ်ကြီးကို ကြိုဆိုရန် ထွက်လာခဲ့သည်။
မြို့ပြင်ပ၌ ကျင့်ကြံသူအမြောက်အများ စုဝေးနေလေ၏။သူတို့သည် တော်ဝင်နန်းတွင်းမှ စေလွှက်လိုက်သည့် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်ကို စောင့်ကြည့်လိုကြခြင်းဖြစ်သည်။
သူတို့ အလွန်သိချင်စိတ်ပြင်းပြနေကြသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။
ယခုလက်ရှိချိန်၌ လက်ဝဲစစ်တပ်နယ်မြေသည် ထန်အင်ပါယာနှင့် တိုက်ပွဲများဆင်နွှဲနေရသည်။ရှီးလျန်ကြယ်နယ်မြေ တည်ငြိမ်မှုရှိမရှိဆိုသည်မှာ လက်ဝဲစစ်တပ်တပ်မှူးအသစ်၏ အရည်အချင်းပေါ် မူတည်ပေမည်။
ထို့ပြင် ဝမ်မူကျီးသည် ရှီးလျန်ကြယ်နယ်မြေကိုအုပ်ချုပ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။လူအမြောက်အများသည် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို မြင်တွေ့လိုပေ၏။
ယနေ့တွင် ရှီးလျန်မြို့၏ပြင်ပ၌ လူပင်လယ်ကြီးရှိနေသည်။
ယခုလက်ရှိနေရာတွင် ရောက်နေသူများသာမက ဤနေရာသို့ရောက်မလာသော အစွမ်းထက်ကျင့်ကြံသူများကလည်း သူတို့၏နတ်ဘုရားစိတ်အာရုံများကို စေလွှတ်ထားသည်။
ယခင်လက်ဝဲစစ်တပ်တပ်မှူးသည် အဆိပ်မိပြီး သေဆုံးသွားခဲ့ကာ ယခုချိန်ထိ မဖြေရှင်းနိုင်သော အမှုအခင်းတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။
ဤလက်ဝဲစစ်တပ်တပ်မှူးသည်လည်း အချိန်မည်မျှကြာကြာ နေနိုင်မည်ကို မည်သူမျှမသိနိုင်ချေ။
မကြာမီမှာပင် အလွန်ကြီးမားသောစစ်သင်္ဘောကြီးများက သူတို့၏မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာသည်။
ပထမဆုံးထွက်ပေါ်လာသည်မှာ အတန်းလိုက်ရွှက်လွှင့်လာသော ကျားစစ်သင်္ဘောများပင်။သင်္ဘောကုန်းပတ်များပေါ်၌ သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်သားများရှိနေသည်။
"ကြည့်ကြအုံး...တော်ဝင်နန်းတွင်းကနေ စစ်ကူတွေ ထပ်ပြီးပို့လိုက်တာများလား"
"သူတို့က လက်ဝဲစစ်တပ်တပ်မှူးရဲ့ သီးသန့်စစ်သားတွေမဟုတ်လား...အဲ့ဒီစစ်သားတွေကို ကြည့်လိုက်အုံး...သူတို့ရဲ့အရှိန်အဝါတွေကို သာမာန်စစ်သားတွေ ဘယ်လိုမှယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"
"သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်က အထောက်အပံပြစ္စည်းတွေကို မင်း မမြင်ဘူးလား...သူတို့က လက်ရွေးစင်စစ်သားတွေဆိုတာ အရမ်းသိသာတယ်"
Thank For Reading.