အခန်း (၃၄၆၆-၃၄၇၀)
Vol. 177 Ch. 3466-3470
Chapter 3466
ပတ်ဝန်းကျင်ရှိလူများ၏ ထိတ်လန့်တုန်လှုပ်နေသောအကြည့်များအောက်တွင် ကုန်းပတ်ပေါ်တွင်မတ်တတ်ရပ်နေသော စစ်သားများ၏ပုံရိပ်များ တစတစ ပို၍ပီပြင်ထင်ရှားလာသည်။
ထိုစစ်သားများသည် ခေါင်းအစခြေအဆုံး လေးလံသော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသည်။ထိုသံချပ်ကာဝတ်စုံများသည် ထူထဲပြီးလေးလံရုံသာမက ထိုအရာများ၏မျက်နှာပြင်များပေါ်တွင် အဆောင်သင်္ကေတများကို ရေးထွင်းထားလေ၏။
ထိုသံချပ်ကာဝတ်စုံ၏အစိတ်အပိုင်းတစ်ခုစီတိုင်းသည် ကြေးနီရောင်တောက်ပနေကာ တခြားသံချပ်ကာဝတ်စုံများနှင့် ကွဲပြားခြားနားခြင်းကို ပြသနေသည်။
သို့ရာတွင် ထို့ထက်ပို၍ စိတ်အာရုံများကို ဆွဲဆောင်နိုင်သောအချက်မှာ ထိုစစ်သားများထံတွင်ရှိနေသော မှော်လက်နက်များပင်။
ကျင့်ကြံသူများအတွက် လူတိုင်းသည် မှော်ရတနာများကို ပိုင်ဆိုင်နိုင်ခြင်းမရှိချေ။
သာမာန်မှော်လက်နက်များနှင့်မတူညီဘဲ ထိုစစ်သားများ ကိုင်ဆောင်ထားသည်မှာ အနိမ့်ဆုံးအနေဖြင့် စိတ်ဝိညာဥ်အဆင့်မှော်လက်နက်များဖြစ်သည်။သူတို့၏မှော်လက်နက်များတွင် စိတ်ဝိညာဥ်စွမ်းအားများ ပါဝင်နေကာ လူတစ်ယောက်၏စိတ်နှင့် ချိတ်ဆက်အသုံးပြုနိုင်စွမ်းရှိသည်။
တာယွီတော်ဝင်စစ်တပ်အတွက် ဖြန့်ဝေပေးသည့် ဓားရှည်များနှင့်လှံများသည် စံသတ်မှတ်ထားသော မှော်လက်နက်များသာဖြစ်သည်။ထိုမှော်လက်နက်များသည် စွမ်းအားအတိုင်းအတာတစ်ခုထိ ထုတ်ဖော်အသုံးပြုနိုင်သော်လည်း စိတ်ဝိညာဥ်အဆင့်မှော်လက်နက်များနှင့် နှိုင်းယှဥ်ပါက လွန်စွာအလှမ်းကွာဟသည်။
ကျင့်ကြံသူများအတွက် သာမာန်မှော်လက်နက်များသည် အကြိမ်ပေါင်းများစွာ ပျက်စီးနိုင်သော်လည်း စိတ်ဝိညာဥ်အဆင့် မှော်လက်နက်များသည်မူ မကြာခဏပျက်စီးလေ့မရှိချေ။အကြောင်းအရင်းမှာ စိတ်ဝိညာဥ်အဆင့်မှော်လက်နက်များသည် ကျင့်ကြံသူများနှင့်ပေါင်းစပ်ထားခြင်းကြောင့် အခြေခံအားဖြင့် အရေးကြီးသောကိုယ်ပိုင်မှော်လက်နက်များဟု ယူဆနိုင်ပေ၏။
ရှီးလျန်မြို့အတွင်းရှိ အစောင့်တပ်များတွင်ပင် စစ်ဗိုလ်ချုပ်တချို့၏သီးသန့်စစ်သားများတွင်သာ စိတ်ဝိညာဥ်အဆင့်မှော်လက်နက်များရှိသည်။
သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်သည်မူ ကွဲပြားခြားနားပေ၏။စစ်သားတိုင်းနီးပါးတွင် စိတ်ဝိညာဥ်အဆင့်မှော်လက်နက်တစ်ခုစီရှိနေသည်။
ခေါင်းဆောင်စစ်သားများနှင့် ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့သောစစ်သားတချို့တွင်မူ စိတ်ဝိညာဥ်အဆင့်မှော်လက်နက်နှစ်ခုစီ ပိုင်ဆိုင်ထားကြလေ၏။
ထိုမှော်လက်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေကာ အလွန်အမင်း မျက်စိစူးရှဖွယ်ရာပင်။မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအရာများသည် အဆင့်မြင့်အရည်အသွေးရှိသော မှော်လက်နက်များဖြစ်ကြောင်း ပြောဆိုနိုင်ပေမည်။
ကျားသင်္ဘောများ ရောက်ရှိလာပြီးနောက် လူများအားလုံး၏မြင်ကွင်းရှေ့သို့ ကြီးမားသောအရာဝတ္ထုကြီးတစ်ခု ထွက်ပေါ်လာသည်။
ဤကြီးမားသောအရာဝတ္ထုကြီးကြောင့် မိုးကောင်းကင်ယံအတွင်းရှိ နေရောင်ပင်လျှင် ပိတ်ဖုံးသွားပုံရသည်။
ဤအနက်ရောင်စစ်သင်္ဘောကြီး၏သင်္ဘောဦးသည် နဂါးပုံစံရှိပြီး ကုန်းပတ်ပေါ်တွင် အထပ်ကိုးထပ်ရှိသည့် ခံတပ်ကြီးတစ်ခုပါရှိသည်။အထပ်တစ်ထပ်စီတိုင်းကို အနက်ရောင်သံချပ်ကာဝတ်စုံဝတ်စစ်သားများက စောင့်ကြပ်နေသည်။ထိုစစ်သားများအကြားတွင် ခြေလှမ်းဆယ်လှမ်းစီတိုင်းတွင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်တစ်လက်ကို နေရာချထားသည်။အနက်ရောင်အမြှောက်ပြောင်းဝများသည် အစီအစဥ်တကျ ခင်းကျင်းပုံမျိုးဖြင့် စီစဥ်ထားလေ၏။အကြည့်တစ်ချက်ဖြင့်ပင် ဤစစ်သင်္ဘောကြီးထံမှလာသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါကို ခံစားမိပေမည်။
"ဒါက တကယ့်ကို နဝမလွှသွားစစ်သင်္ဘောကြီးပဲ"
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများသည် သူတို့၏ခေါင်းများကိုမော့ကာ ကောင်းကင်ယံမှပျံသန်းလာသော စစ်သင်္ဘောကြီးကိုကြည့်ပြီး သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရှိန်အဝါများ ထင်ဟပ်လာသည်။
နဝမလွှသွားစစ်သင်္ဘော....
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ ဝမ်မူကျီးပင်လျှင် ဤကဲ့သို့စစ်သင်္ဘောမျိုးကိုပိုင်ဆိုင်ရန် အရည်အချင်းမပြည့်မီချေ။
ဤစစ်သင်္ဘောအမျိုးအစားသည် တာယွီအင်ပါယာ တော်ဝင်စစ်တပ်၏ အားအကောင်းဆုံးစစ်သင်္ဘောကြီးပင်။အတိတ်တွင် အမတ်ကြီးရှားဟိုလီသည် ဤကဲ့သို့စစ်သင်္ဘောမျိုးကို တစ်ကြိမ်အသုံးပြုခဲ့ဖူးလေ၏။သို့ရာတွင် နဝမလွှသွားစစ်သင်္ဘောကြီးသည် တော်ဝင်စစ်တပ်၏အပိုင်ဖြစ်သဖြင့် စစ်ပွဲပြီးဆုံးသည်နှင့် ချက်ချင်းဆိုသလိုပင် ပြန်လည်သိမ်းယူပေမည်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည်နှင့် ဤကဲ့သို့စစ်သင်္ဘောမျိုးကို ယူဆောင်လာနိုင်ခဲ့သည်။ဤသည်မှာ အလွန်ကြုံတောင့်ကြုံခဲ ကိစ္စတစ်ခုပင်။
"ကြည့်ရတာတော့ ဒီတစ်ကြိမ်အသစ်ခန့်အပ်ခံရတဲ့ လက်ဝဲစစ်တပ်တပ်မှူးရဲ့နောက်ခံက ပေါ့သေးသေးဟုတ်ပုံမရဘူး"
လက်ရှိနေရာတွင်ရှိနေသော မြေခွေးအိုကြီးများသည် အရာရှိအသိုင်းအဝိုင်းတွင် ကျင်လည်ကျက်စားနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော မြေခွေးအိုကြီးများပင်။ဤအခြေအနေကိုကြည့်ပြီး သူတို့သည် အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ်စောင့်ကြည့်နေလိုက်ကြသည်။
အရာရှိများအားလုံး၏ရှေ့တွင် မတ်တတ်ရပ်နေသော ဝမ်မူကျီးသည် နဝမလွှသွားစစ်သင်္ဘောကြီးကိုမြင်ချိန်တွင် သူ၏မျက်နှာအမူအယာ မသိမသာ ပျက်ယွင်းသွားသည်။
ဤစစ်သင်္ဘောကြီးကို လုယွီအား မီဖေးမှ ပေးထားခြင်းပင်။
နဝမလွှသွားစစ်သင်္ဘောကြီး၏ကုန်းပတ်ပေါ်တွင် လေထုအတွင်း၌ လူးလွန့်နေသော အောင်လံတံခွန်များနှင့်အလံများ အတန်းလိုက်ရှိနေပြီး အလွန်စူးရှတောက်ပပေ၏။
နဝမလွှသွားစစ်သင်္ဘောကြီးနှင့် နှိုင်းယှဥ်ပါက ကျားစစ်သင်္ဘောများသည် များစွာပို၍ သေးငယ်သွားပုံရသည်။
နဝမလွှသွားစစ်သင်္ဘောကြီး ဖြည်းညှင်းစွာ ဆင်းသက်လာလေပြီ။စစ်သင်္ဘောကြီးပေါ်မှ မြင်ကွင်းကိုကြည့်ပြီး လူအများသည် ရုတ်တရက် အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။
ကုန်းပတ်၏ရှေ့တွင် လှံရှည်သုံးချောင်းရှိနေသည်။
ထိုလှံရှည်တစ်ချောင်းစီပေါ်တွင် ခေါင်းတစ်လုံးစီကို ချိတ်ဆွဲထားသည်။
ထိုခေါင်းများ၏ပိုင်ရှင်များသည် မသေဆုံးမီအချိန်၌ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ပုံဖြင့် သူတို့ထံတွင် ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအယာများရှိနေဆဲပင်။
Chapter 3467
"ဒီသုံးယောက်ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ"
"ခဏနေဦး...သူက ရွှေအလင်းဘုရားကျောင်းရဲ့ဆရာတော်ရွှမ်းပေမဟုတ်လား...ငါ သူ့ကို မှတ်မိတယ်...ရွှေအလင်းဘုရားကျောင်းရဲ့စည်းဝေးပွဲတစ်ခုမှာ ငါ့ရဲ့မျက်လုံးနဲ့ သူ့ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ...သူက ရွှေအလင်းဘုရားကျောင်းရဲ့ ဆရာတော်တစ်ပါးပဲ"
"လုံချန်...အဲ့ဒီနတ်ဆိုးကျင့်ကြံသူက အမြဲတမ်းလုပ်ချင်တာလုပ်ပြီးတော့ ထင်ရာစိုင်းနေတဲ့ကောင်...သူက အမြဲတမ်း မောက်မာရိုင်းစိုင်းတယ်...သူ ဒီနေရာမှာ တကယ်ကြီးသေဆုံးသွားမယ်လို့ ငါ ထင်မထားမိဘူး"
"သူက တာအိုပညာရှင်ယီမဟုတ်လား..သူ့ရဲ့နက်နဲသိမ်မွေ့တဲ့ တာအိုနည်းစနစ်က ပြီးပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်နေပြီ...သူက ခုလိုမျိုး သေသွားခဲ့တာလား"
ထိုခေါင်းသုံးလုံးကိုကြည့်ပြီး ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဤလူသုံးယောက်၏အထောက်အထားများကို လူအများစုသည် မသိရှိကြချေ။သို့ရာတွင် တခြားသူများ၏ ပြောဆိုနေသံများကိုကြားပြီးနောက် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤလူသုံးယောက်သည် ရှီးလျန်ကြယ်နယ်မြေအတွင်းရှိ ပြင်ပဂိုဏ်းအင်အားစုများမှ အစွမ်းထက်ထိပ်သီးကျင့်ကြံသူများဖြစ်သည်။မြောက်များစွာသော ကိစ္စများတွင် ရှီးလျန်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြင်ပဂိုဏ်းအင်အားစုများသည် အချိုသပ်၍ဆက်ဆံနေကြကာ တစ်ဖက်နှင့်တစ်ဖက် ရှင်းထုတ်နိုင်ခြင်းမရှိချေ။ထို့ကြောင့် ထိုပြင်ပဂိုဏ်းအင်အားစုများသည် အလွန်အမင်း မောက်မာရိုင်းစိုင်းလာကာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကို အနည်းငယ်မျှပင် အရေးမစိုက်တော့ပေ။
သို့ရာတွင် အသစ်ခန့်အပ်ခံရသော လက်ဝဲစစ်တပ်၏တပ်မှူးသည် တာဝန်ကိုလွှဲပြောင်းယူယူခြင်းမှာပင် ဤကဲ့သို့ရပ်တည်ချက်မျိုးကို ပြသလိုက်မည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
ဝမ်မူကျီးသည် ထိုခေါင်းသုံးခေါင်းကိုမြင်တွေ့ချိန်တွင် နေရာမှာပင် ကြက်သေသေသွားလေ၏။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် မြင့်မားသောရာထူးနေရာကို နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့သူတစ်ယောက်ပင်။သူ၏စိတ်ခံစားချက်များကို အလျှင်အမြန် ထိန်းချုပ်ကာ သူ၏မျက်နှာအမူအယာ ပြန်လည်၍တည်ငြိမ်အေးဆေးသွားသည်။
"ရှီးလျန်ကြယ်နယ်မြေသခင် ဝမ်မူကျီးက အုပ်ချုပ်သူအရှင် ရောက်ရှိလာမှုကို ကြိုဆိုပါတယ်"
ဝမ်မူကျီး ပြောဆိုလိုက်စဥ်တွင် သူ၏အသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိ တိုင်ပင်ဆွေးနွေးနေသံများအားလုံး ရုတ်ချည်း ရပ်တန့်သွားကာ လူတိုင်းသည် နာခံရို့ကျိုးစွာဖြင့် သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြ၏။
လူအုပ်ကြီးနှင့် မလှမ်းမကမ်းတစ်နေရာတွင် နဝမလွှသွားစစ်သင်္ဘောကြီး တည်ငြိမ်စွာရပ်တန့်သွားလေပြီ။
သံချပ်ကာဝတ်စုံဝတ်စစ်သားများခြံရံ၍ ကြက်သွေးရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လုယွီသည် ခြေလှမ်းကျဲကြီးများဖြင့် ပြင်ပသို့ ထွက်လာပေ၏။
"ဟူး..."
ပတ်ဝန်းကျင်ရှိလူများသည် လုယွီ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်၌ အံ့အားသင့်တုန်လှုပ်သွားကြသည်။
သူတို့အနက်မှတချို့သည် အဆက်အသွယ်လမ်းကြောင်းများမှတဆင့် လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် ဤနှစ်၏ထိပ်သီးကျောင်းတော်သားဖြစ်သဖြင့် သူသည် အသက်ကြီးအုံးမည်မဟုတ်ဟု သိရှိထားသည်။သို့ရာတွင် ဤမျှထိငယ်ရွယ်သော လူငယ်တစ်ယောက် ဖြစ်နေမည်ကိုမူ သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
ဤကဲ့သို့ ငယ်ရွယ်သောအသက်အရွယ်တွင် သူသည် မြင့်မားသောရာထူးနေရာကို ရရှိထားသောကြောင့် လူအများအား အမြင်တိမ်းစောင်းစေသော ခံစားချက်မျိုးကို ရရှိစေသည်။
"အရှင်ဝမ်...ငါက မင်းအကြောင်းကို အများကြီးကြားဖူးတာတယ်...ငါ မင်းနဲ့တွေ့ချင်နေတာ အချိန်အတော်ကြာနေပြီ"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
ဝမ်မူကျီးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလေ၏။
"ငါက မင်းရောက်လာမှာကို စောင့်နေခဲ့တာပါ...ငါက မင်းကိုကြိုဆိုဖို့အတွက် မြို့ထဲမှာ ညစာစားပွဲတစ်ခုကို ပြင်ဆင်ထားတယ်...ကျေးဇူးပြုပြီးတော့...."
ရှီးလျန်ကြယ်နယ်မြေမှ တခြားအရာရှိများသည်လည်း ရယ်ပြုံးကာ ရှေ့သို့တိုးလာကြသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် လက်ဝဲစစ်တပ်နယ်မြေ၏ အဆင့်မြင့်ဆုံးအရာရှိဖြစ်သဖြင့် အပေါ်ယံတွင် သူတို့သည် လုယွီကို မျက်နှာသာပေးရပေမည်။
လုယွီက ပြုံးလိုက်သည်။
"အရှင်ဝမ်...ညစာစားပွဲကိစ္စကို အလောတကြီး လုပ်စရာမလိုသေးပါဘူး...ငါ့ဆီမှာ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ကိစ္စတချို့ရှိနေတယ်"
"အုပ်ချုပ်သူအရှင် ဘာကိုပြောချင်တာလဲ မသိဘူး"
ဝမ်မူကျီးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
လုယွီက ပြောဆိုလိုက်၏။
"ဒါက ငါ လက်ဝဲစစ်တပ်ရဲ့တပ်မှူးနေရာကို လွှဲပြောင်းယူဖို့ လာခဲ့ရတဲ့လမ်းမှာ ကြုံခဲ့ရတဲ့ သာမာန်ကိစ္စလေးပါ...ပြင်ပဂိုဏ်းအင်အားစုတွေက ငါ ဒီနေရာကိုလာတဲ့ လမ်းခရီးမှာ ကြားဖြတ်ပြီးတိုက်ခိုက်ဝံ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး...တစ်ယောက်ယောက်က ငါ့ကို ဒီနေရာဆီ ရောက်လာစေချင်ပုံမရဘူး"
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူအများသည်လည်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
အသစ်ခန့်အပ်ခံရသော လက်ဝဲစစ်တပ်၏တပ်မှူးသည် တာဝန်လွှဲပြောင်းယူရန်လာသော လမ်းခရီးတွင် ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံခဲ့ရသလော....
"ဘယ်ကောင်တွေလဲ....သူတို့က အုပ်ချုပ်သူအရှင်ကို ဆန့်ကျင်ပြီးတိုက်ခိုက်ဝံ့တာလဲ...သူတို့က ဝက်ဝံအသည်းနဲ့ကျားသစ်အူကို စားထားတာများလား...အုပ်ချုပ်သူအရှင် အချိန်ခဏလောက် စောင့်ပေးပါ...ငါ ဒီကိစ္စကို သေသေချာချာ စစ်ဆေးပြီးတာနဲ့ အဲ့ဒီရာဇဝတ်သားတွေကို သေချာပေါက်ဖမ်းဆီးပေးပါ့မယ်"
ဝမ်မူကျီးက သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်ပုတ်ကာ ပြောဆိုသည်။
"အရှင်ဝမ်....မင်း အုပ်ချုပ်တဲ့နယ်မြေအတွင်းမှာ ငါ့ကိုဆန့်ကျင်တိုက်ခိုက်ဝံ့တဲ့ အကြမ်းဖက်သမားတွေရှိနေတယ်...ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်းမှာ ပြောစရာတစ်ခုခု မရှိဘူးလား"
လုယွီက အပြုံးနှင့်ပြောဆိုလေ၏။
ဝမ်မူကျီး၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲဖြစ်ကာ သူက ခါးသည်းသောလေသံနှင့် ပြောဆိုသည်။
"အရှင် မင်း သိတဲ့အတိုင်းပဲ...လက်ဝဲစစ်တပ်နယ်မြေက အခုချိန်မှာ ထန်အင်ပါယာနဲ့ တိုက်ပွဲဆင်နွှဲနေတယ်...စစ်တပ်အင်အားကို ခွဲခြမ်းလို့မရတာကြောင့် အဲ့ဒီပြင်ပဂိုဏ်းအင်အားစုတွေကို မဖိနှိပ်နိုင်တာ အချိန်အတော်ကြာနေပြီ...အခု အုပ်ချုပ်သူအရှင် အဆင်ပြေနေတာကိုမြင်ရတော့ ငါ စိတ်အေးသွားပြီ"
Chapter 3468
ဝမ်မူကျီးသည် ထိုစကားများကို တည်ငြိမ်စွာပြောဆိုကာ ဤှကိစ္စမျိုးသည် ရှီးလျန်ကြယ်နေမြေအတွင်း၌ အလွန်သာမာန်ဆန်နေသကဲ့သို့ပင်။
ပတ်ဝန်းကျင်ရှိအရာရှိများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုဝံ့ကြချေ။
ဤသည်မှာ ဝမ်မူကျီးနှင့်လက်ဝဲစစ်တပ်၏တပ်မှူးအသစ်တို့အကြားရှိ ပထမဆုံးအကြိမ်ပဋိပက္ခဖြစ်ခြင်းပင်။ဤလူငယ်သည် နယ်မြေခံအာဏာရှင်ကို မည်ကဲ့သို့ရင်ဆိုင်မည်အား သူတို့မြင်တွေ့လိုသည်။
"ရှီးလျန်မြို့က နောက်တန်းမှာ အေးအေးဆေးဆေးရှိနေတဲ့နေရာ...ကြည့်ရတာတော့ မင်းမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ လျော့ပါးနေပုံပဲ...မင်းဆီမှာ အဲ့ဒီပြင်ပဂိုဏ်းအင်အားစုတွေကို ဖြေရှင်းနိုင်တဲ့အရည်အချင်း ရှိမနေမှတော့ ငါကိုယ်တိုင်လုပ်မယ်"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"လာကြစမ်း..."
သူ၏နောက်မှနေ၍ စစ်ဗိုလ်ချုပ်တစ်စု ချက်ချင်းရှေ့ထွက်လာသည်။
"လုကျင်းရှန့်...စစ်တပ်ကိုဦးဆောင်ပြီးတော့လရွှေအလင်းဘုရားကျောင်းကို ဖျက်ဆီးစမ်း"
"သိုက်ဖုန်း...စစ်တပ်ကိုဦးဆောင်ပြီးတော့ မြောက်ပိုင်းစိတ်ဝိညာဥ်တာအိုဂိုဏ်းကို ဖျက်ဆီးစမ်း"
"ချောင်ပေ....စစ်တပ်ကိုဦးဆောင်ပြီးတော့ အနောက်ပင်လယ်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးစမ်း"
"အရှုံးပေးအညံ့ခံတဲ့သူတွေကို ကျေးကျွန်အနေနဲ့ ဖမ်းဆီးပြီးတော့ စိတ်ဝိညာဥ်သတ္ထုတောင်မှာ နှစ်ငါးဆယ် အလုပ်ကြမ်းလုပ်ခိုင်းရမယ်...အရှုံးမပေးတဲ့ကောင်တွေကိုတော့ ဘာညှာတာမှုမှပြစရာမလိုဘူး...သူတို့အားလုံးကို သတ်လိုက်စမ်း"
လုယွီ၏အမိန့်နောက်မှနေ၍ ကောင်းကင်ယံအတွင်းရှိ စစ်သင်္ဘောကြီးများသည် တိုက်ပွဲအလံများကို လွှင့်ထူလိုက်ကြကာ စစ်ပွဲခရာသံများက ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"ဒီစစ်ဗိုလ်ချုပ်က အမိန့်ကို လက်ခံပါတယ်"
တာဝန်ပေးခံရသော စစ်ဗိုလ်ချုပ်များသည် ချက်ချင်းဆိုသလိုပင် တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြကာ သူတို့၏အသံများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။
ဘုန်း....ဘုန်း...ဘုန်း...
စစ်သင်္ဘောများ ချီတက်သွားသည်နှင့်အတူ နားအူလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ရွှေအလင်းဘုရားကျောင်း မြောက်ပိုင်းစိတ်ဝိညာဥ်တာအိုဂိုဏ်းနှင့် အနောက်ပင်လယ်နတ်ဆိုးဂိုဏ်းတို့သည် နာမည်ကျော်ကြားသော ဂိုဏ်းအင်အားစုများပင်။
အသစ်ရောက်ရှိလာသော လက်ဝဲစစ်တပ်တပ်မှူးသည် ဤအတိုင်း ဖျက်ဆီးရန်အမိန့်ကို ပေးလိုက်သလော....
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှအရာရှိတစ်ယောက်က ရုတ်တရက် ရှေ့သို့ထွက်လာကာ ပြောဆိုသည်။
"တပ်မှူး....မင်းက တာဝန်ကိုလွှဲပြောင်းယူပြီးပြီးချင်းမှာပဲ စစ်ပွဲတစ်ခုကို စတင်ခဲ့တယ်...ဒါက လက်ဝဲစစ်တပ်နယ်မြေရဲ့တည်ငြိမ်မှုကို သက်ရောက်သွားစေမှာ ငါ စိုးရိမ်မိတယ်...ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို ပြန်စဥ်းစားပေးပါအုံး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဒါဆိုရင် သူတို့က ငါ့ကို လမ်းတစ်ဝက်မှာလုပ်ကြံဖို့ လူတွေလွှတ်လိုက်တာကို...ငါက သူတို့ကို မျက်နှာသာပြန်ပေးနေရအုံးမှာလား"
ထိုအရာရှိသည် နှိမ့်ချခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်းမရှိသောလေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီဂိုဏ်းသုံးဂိုဏ်းက လက်ဝဲစစ်တပ်နယ်မြေအတွင်းမှာ အဆင့်မြင့်တဲ့နေရာမှာရှိတယ်လို့ ယူဆလို့ရတဲ့ဂိုဏ်းတွေပဲ....သူတို့ဂိုဏ်းတွေမှာ ဂိုဏ်းဝင်တွေအများကြီးရှိတယ်...တကယ်လို့ အခုချိန်မှာ အဲ့ဒီဂိုဏ်းတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင် တခြားဂိုဏ်းအင်အားစုတွေရဲ့ဆန့်ကျင်မှုတွေ မြင့်တက်လာလိမ့်မယ်....တကယ်လို့ အဲ့ဒီဂိုဏ်းအင်အားစုတွေအားလုံး ဆန့်ကျင်တိုက်ခိုက်လာမယ်ဆိုရင် ငါတို့က သူတို့ကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ အရမ်းခက်ခဲတယ်"
"ငါ ဂရုစိုက်မယ်လို့ မင်း ထင်လား"
လုယွီက သူ၏လေသံကို မြှင့်လိုက်သည်။
"ပြင်ပဂိုဏ်းကျင့်ကြံသူတစ်သိုက်လောက်ကများ...အုပ်ချုပ်ရေးရုံးတော်ကလူတွေက သူတို့ကို သွားမရှာတာနဲ့ သူတို့ကို ကြောက်မယ်လို့ တကယ်ကြီးထင်နေကြတာလား...တကယ်လို့ ပြဿနာရှာဝံ့တဲ့ကောင် တစ်ယောက်ယောက်ရှိရင် ငါ စစ်သားတွေကိုလွှတ်ပြီး သူတို့ကို အမြစ်ပြတ်သုတ်သင်မယ်...ဘယ်လောက်များများ ရှေ့ထွက်လာလာ ငါ သူတို့အားလုံးကို ဖျက်ဆီးပစ်မယ်"
ထိုအရာရှိက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"ဒါပေမယ့် အဲ့ဒီလိုလုပ်မယ်ဆိုရင် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်"
"အရင် လက်ဝဲစစ်တပ်တပ်မှူးက ဒီကိစ္စတွေကို မလုပ်ရဲခဲ့တဲ့အတွက် ငါ ရောက်လာတာပဲ"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားလေ၏။
"မင်းမှာ တခြားဘာမေးခွန်း မေးစရာရှိသေးလဲ"
လုယွီ၏စူးစိုက်ကြည့်ခြင်းကို ခံရချိန်တွင် ထိုအရာရှိသည် ရေခဲလှိုဏ်ဂူအတွင်းသို့ ကျသွားသည့်အလား သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်လာခြင်းကို ခံစားမိသည်။
သူသည် တစ်စုံတစ်ခုကို ပြောဆိုရန်ဟန်ပြင်လိုက်သော်လည်း ဝမ်မူကျီးသည် ရုတ်တရက် သူ့ကိုဟန့်တားကာ ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလေသည်။
"အဓိပ္ပါယ်မရှိတာတွေ ထပ်မပြောစမ်းနဲ့...အုပ်ချုပ်သူအရှင်ရဲ့ရှေ့မှာ မင်း စကားပြောဖို့ ဘာအဆင့်ရှိလို့လဲ...မြန်မြန်နောက်ဆုတ်စမ်း"
ထိုအရာရှိသည် သူ့ကိုယ်သူ အလျှင်အမြန် ပြန်လည်ထိန်းချုပ်လိုက်၏။
သူသည် ဝမ်မူကျီး၏နယ်ရုပ်တစ်ရုပ်ဖြစ်ကာ လုယွီကို စမ်းသပ်နေခြင်းပင်။
သို့ရာတွင် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ဤမျှထိအလွန်ပြင်းထန်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"တပ်မှူး...ဒါက လက်အောက်ငယ်သားတွေကို စည်းကမ်းမတင်းကြပ်မိတဲ့ ငါ့ရဲ့အပြစ်ပါ...တပ်မှူးက ဗွေမယူဖို့ ငါ မျှော်လင့်မိတယ်...ဒီနေရာမှာ စကားပြောတာက မသင့်တော်ပါဘူး...ကျေးဇူးပြုပြီးတော့ မြို့ထဲကိုဝင်ပြီး စကားဆက်ပြောကြရအောင်"
ဝမ်မူကျီးက အပြုံးနှင့် တောင်းပန်စကားပြောဆိုသည်။
လုယွီက ခေါင်းညိတ်လိုက်၏။
"ပြဿနာမရှိပါဘူး...ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ထဲမထားဘူး"
ဝမ်မူကျီး၏ဦးဆောင်မှုအောက်တွင် လူတစ်စုလုံး မြို့အတွင်းသို့ ဝင်ခဲ့ကြသည်။
ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများကမူ ရှီးလျန်မြို့ပြင်ပတွင် စစ်တန်းလျားများတည်ဆောက်ကာ စခန်းချနေထိုင်သည်။
ထိုလူစု ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်ရှိလူများသည် စတင်၍တိုင်ပင်ဆွေးနွေးလိုက်ကြတော့သည်။
ဤနေရာတွင်ရှိနေသော ကျင့်ကြံသူအများစုသည် အံ့အားသင့်နေကြပေ၏။
သူတို့အတွက် အစွမ်းထက်သော အုပ်ချုပ်သူအရှင်ရှိနေခြင်းသည် သူတို့၏ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်ရရှိခြင်းပင်။
အုပ်ချုပ်သူအရှင်၏ပြင်ပဂိုဏ်းအင်အားစုများအပေါ် ထားရှိသောသဘောထားကို လူအများစုက ချီးမွမ်းသြဘာပေးနေကြတော့သည်။
Chapter 3469
ယခုချိန်သည် တာယွီအင်ပါယာနှင့်ထန်အင်ပါယာအကြားရှိ စစ်ပွဲ၏အရေးကြီးအချိန်အခိုက်အတန့်ဖြစ်သည်။
ဂိုဏ်းအများစုသည် ဤအချိန်ကိုအခွင့်အရေးယူ၍ သူတို့၏အင်အားများကို အသည်းအသန် တိုးချဲ့ကြလေ၏။သူတို့သည် အင်အားစုငယ်လေးများကို ထိန်းချုပ်ရုံသာမက လေလွင့်ကျင့်ကြံသူအမြောက်အများပင်လျှင် သူတို့၏အရိပ်အယောင်များမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိချေ။
တချို့လေလွင့်ကျင့်ကြံသူများသည် ရတနာတစ်ခုတစ်လေကို ရရှိသွားပါက ထိုလူသည် ပြင်ပဂိုဏ်းများ၏ပစ်မှတ်ထားခြင်းကိုခံရကာ လုယက်အကြမ်းဖက်ခံရလေ၏။
တချို့ကုန်သည်များသည် ဂိုဏ်းများထံသို့ မည်သည့်လက်ဆောင်ပဏ္ဏာမျှ ပေးအပ်ခြင်းမရှိပါက သူတို့၏ကုန်သွယ်လမ်းကြောင်းများ ဖြတ်တောက်ခြင်းကိုခံရကာ ရလဒ်အနေဖြင့် ကြီးမားသောဆုံးရှုံးမှုကို ရင်ဆိုင်ရသည်။
လူအမြောက်အများသည် ဂိုဏ်းများကို ရိုးတွင်းခြင်ဆီထိ နာကျည်းမုန်းတီးနေကြသည်။
သို့ရာတွင် ဂိုဏ်းများအပေါ် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏သဘောထားသည် လွန်စွာပျော့ပြောင်းပေ၏။အုပ်ချုပ်ရေးအရာရှိများသည် ဂိုဏ်းကြီးများအနက်မှ တချို့ဂိုဏ်းများထံသို့ သွားဝံ့ခြင်းပင်မရှိချေ။
လုယွီ၏လှုပ်ရှားမှုသည် ချက်ချင်းဆိုသလိုပင် လူထု၏စိတ်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။
"မြန်မြန် ဂိုဏ်းကိုပြန်ပြီးတော့ သတင်းပို့စမ်း...လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က ငါတို့ဂိုဏ်းကို တိုက်ခိုက်တော့မယ်"
"လက်ဝဲစစ်တပ်နယ်မြေရဲ့အခြေအနေက ပြောင်းလဲတော့မှာကို ငါ စိုးရိမ်မိတယ်"
ဂိုဏ်းများမှစေလွှတ်ထားသော သူလျှိုတချို့သည် အချင်းချင်းဆက်သွယ်ကာ သူတို့၏သက်ဆိုင်ရာဂိုဏ်းများထံသို့ ပြန်လည်၍ သတင်းပို့ကြသည်။
ဤသည်မှာ မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်သဖြင့် သူတို့သည် ဂိုဏ်းများထံသို့ ချက်ချင်းပြန်၍ သတင်းပို့ရန်လိုအပ်သည်။
မူလက တည်ငြိမ်အေးချမ်းနေသော လက်ဝဲစစ်တပ်နယ်မြေသည် ရုတ်တရက် အတွင်းကျိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
……
ရှီးလျန်မြို့...နွေဦးမြစ်စားသောက်ဆိုင်...
ဤသည်မှာ ရှီးလျန်မြို့အတွင်း၌ ခမ်းနားထည်ဝါဆုံးစားသောက်ဆိုင်ဖြစ်ပြီး များသောအားဖြင့် မြင့်မြတ်သူများနှင့်အထက်တန်းလွှာများကိုသာ တည့်ခင်းဧည့်ခံသောနေရာဖြစ်သည်။
ယနေ့တွင် နွေဦးမြစ်စားသောက်ဆိုင်ကို ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ ကြိုတင်မှာယူထားသဖြင့် စစ်သားများသည် ပြင်ပတွင်စောင့်ကြပ်နေကြပြီး တခြားမဆိုင်သူများအားလုံးကို မောင်းထုတ်နေကြသည်။
"အုပ်ချုပ်သူအရှင်...ဒီကိုလာတဲ့လမ်းခရီးမှာ ပင်ပန်းခဲ့မှာပဲ....ငါက စစ်ရေးနဲ့အုပ်ချုပ်ရေးအရာရှိတွေအားလုံးရဲ့ကိုယ်စား မင်းကို တစ်ခွက်ဂုဏ်ပြုပါရစေ"
ဝမ်မူကျီးက အပြုံးနှင့်အတူ လုယွီထံသို့ ဝိုင်အရက်တစ်ခွက် ကမ်းပေးလေ၏။
သူ၏နောက်ရှိ စစ်ရေးနှင့်အုပ်ချုပ်ရေးအရာရှိများကလည်း သူတို့၏ဝိုင်အရက်ခွက်များကို မြှောက်လိုက်ကြသည်။
သူတို့ရှေ့တွင် စားကောင်းသောက်ဖွယ်များနှင့် ပြည့်နှက်နေသော စားပွဲရှည်ကြီးတစ်လုံးရှိနေသည်။မလှမ်းမကမ်းရှိ ရှည်လျားသောစင်မြင့်တစ်ခုပေါ်တွင် လှပသောကချေသည်တချို့သည် ကပြဖျော်ဖြေနေပေ၏။
လုယွီ ဝမ်မူကျီးနှင့် တခြားအဆင့်မြင့်အရာရှိတချို့သည် အဓိကစားပွဲ၌ ထိုင်နေကြသည်။ဖေးထျန်ကွမ်းတို့လူစုသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ တခြားအရာရှိများနှင့်အတူ တခြားစားပွဲများ၌ ထိုင်နေသည်။
လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေလေ၏။
"ငါက ခုမှ ဒီနေရာကို ရောက်လာတာ...အနာဂတ်မှာ ငါက မင်းတို့အားလုံးရဲ့ထောက်ပံ့ပေးမှုကို မှီခိုရလိမ့်မယ်"
"အရှင်က အရမ်းယဥ်ကျေးလွန်နေပြီ"
"အရှင်က ငယ်ရွယ်ပြီးတော့ တည်ကြည်ဖြောင့်မတ်တဲ့ လူငယ်ပါရမီရှင်တစ်ယောက်ပါ...အရှင်ရဲ့အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်ဘူး"
အရာရှိများသည် လုယွီကို မြှောက်ပင့်ပြောဆိုနေကြသည်။
လုယွီသည် ဤကိစ္စမျိုးကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်နေသော သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲပင်။
"အရှင်ဝမ်...ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာ ကျူးကော်မင်လို့ခေါ်တဲ့ အရာရှိတစ်ယောက်ရှိတာကို ငါ မှတ်မိတယ်..ဘာလို့ သူက ဒီနေရာကို ရောက်မလာတာလဲ"
လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။
ဝမ်မူကျီးသည် တုံ့ပြန်အဖြေပေးခြင်းမရှိချေ။သူ၏ဘေးနားရှိအရာရှိတစ်ယောက်က ပြောဆိုသည်။
"တပ်မှူး...ကျူးကော်မင်က ဒီရက်တွေအတွင်းမှာ နေသိပ်မကောင်းလို့ အိမ်တော်မှာပဲ အနားယူနေတယ်...ဒီနေ့ သူ အရှင်ရှေ့ကိုရောက်လာရင် ရိုင်းပျသလိုဖြစ်သွားမှာကို သူ စိုးရိမိတာကြောင့် ဒီနေရာကို ရောက်မလာတာပါ"
"ငါ သိပြီ...ငါ နားလည်ပြီ"
လုယွီက ခေါင်းညိတ်ပြကာ ထိုအကြောင်းနှင့်ပတ်သတ်၍ စဥ်းစားတွေးတောလိုက်၏။
အမှန်အားဖြင့် လုယွီ ရရှိထားသော သတင်းအချက်အလက်များအရ ကျူးကော်မင်သည် သူ့ကိုကာကွယ်ပေးခဲ့သည့်အတွက် ဝမ်ခန်း၏ရန်လိုခြင်းကိုခံရပြီး ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ ထုတ်ပယ်ခံလိုက်ရသည်။
လုယွီသည် ပတ်ဝန်းကျင်ရှိ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများကိုကြည့်လိုက်သော်လည်း မည်သူကမျှ သူ့အားမှတ်မိခြင်းမရှိသည်ကို သူ မြင်တွေ့မိသည်။
ဤသည်မှာ အံ့အားသင့်စရာမရှိချေ။
တစ်ယောက်သည် လေဟာနယ်ဓားပြများနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရသူဖြစ်ကာ တခြားတစ်ယောက်သည် တော်ဝင်နန်းတွင်းမှစေလွှတ်သော တတိယအဆင့်အရာရှိဖြစ်သည်။
ဤနှစ်ယောက်အကြားရှိ အဆင့်အတန်းသည် မိုးနှင့်မြေတမျှ ကွာခြားနေပေ၏။
ထို့ပြင် ယနေ့တွင် လုယွီသည် အရာရှိဝတ်စုံကိုဝတ်ဆင်ထားသဖြင့် ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးရှိနေသည်။ယခင်က ဝရမ်းစာရွက်ကို မြင်ဖူးသူများသည် ဤနှစ်ယောက်၏ပုံပန်းသွင်ပြင် တူညီနေသည်ဟု ခံစားမိသည့်တိုင် လုယွီသည် မြို့တစ်မြို့လုံး၌ ဝရမ်းထုတ်ခံရသော ရာဇဝတ်သားတစ်ယောက်ဖြစ်နေမည်ဟု မည်သူကမျှ တွေးထင်မိခြင်းမရှိချေ။
လုယွီသည် မူလက မြို့ပြင်၌ ဝမ်မူကျီးနှင့်တိုက်ခိုက်ရန် စီစဥ်ထားခဲ့သည်။သို့ရာတွင် ထိုလူများသည် သူ့အားမမှတ်မိသောကြောင့် ဝမ်မူကျီးသည် မည်သည့်အစီအစဥ်များအား ရေးဆွဲထားသည်ကို သူ မြင်တွေ့လိုသည်။
"အရှင်.. ငါ့မှာ ငါ ပြောသင့်လား မပြောသင့်ဘူးလားမသိတဲ့ ကိစ္စတစ်ခုရှိနေတယ်"
ဝမ်မူကျီးက ရုတ်တရက် ပြောဆိုသည်။
လုယွီ၏မျက်ခုံးများ မြင့်တပ်သွားသည်။
"ဘာကိစ္စမလို့လဲ...ပြောပါအုံး"
Chapter 3470
"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာရှိတဲ့ ဂိုဏ်း အင်အားစုတွေက အရမ်းရှုပ်ထွေးတယ်...ဗုဒ္ဓဂိုဏ်း တာအိုဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းတွေရဲ့ အင်အားစုသုံးစုက ရောယှက်နေတယ်...တော်ဝင်နန်းတွင်းကနေ သူတို့ကိုဖျက်ဆီးဖို့အတွက် စစ်သည်တွေကိုအကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့ပေမယ့်...အဲ့ဒီပေါင်းပင်တွေက အကန့်အသတ်မရှိဘူး...အဲ့ဒီအင်အားစုတွေက ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး"
"အရှင် ခုဏက မြို့တံခါးရှေ့မှာ ပြင်းထန်တဲ့နည်းလမ်းကိုသုံးပြီးတော့ အဲ့ဒီဂိုဏ်းသုံးဂိုဏ်းကို ဖျက်ဆီးဖို့အမိန့်ပေးခဲ့တာက အုပ်ချုပ်သူအဖွဲရဲ့အခွင့်အာဏာကို ပြလိုက်တာပဲ...ဒါပေမယ့် မင်းက အဲ့ဒီဂိုဏ်းတွေရဲ့အသားထဲကို စိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းဖြစ်သွားနိုင်တယ်....တကယ်လို့ အဲ့ဒီဂိုဏ်းတွေကသာ ဒီကိစ္စကို ဆင်ခြေတစ်ခုအနေနဲ့သုံးပြီးတော့ နောင်တစ်ချိန်မှာ ပြဿနာရှာလာခဲ့မယ်ဆိုရင် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်"
ဝမ်မူကျီးသည် လုယွီအတွက် ဝိုင်တစ်ခွက်ကို ငှဲ့ပေးပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒါဆိုရင် ငါက ငါ့ကိုသတ်ဖို့လူတွေ လွှတ်လိုက်တဲ့ဂိုဏ်းတွေကို လက်ဆွဲပြီးတော့ နှုတ်ဆက်နေရမှာလား"
"မင်း ငါ့ကို နားလည်မှုလွဲနေပြီ...လူကြီးလူကောင်းတစ်ယောက် လက်စားချေတဲ့နေရာမှာ နောက်ကျတယ်ဆိုတာမရှိဘူး...ဒီလက်စားချေမှုကို နောင်တစ်ချိန်မှာ လုပ်လို့ရတယ်...ပြီးတော့ အခုချိန်မှာ ထန်အင်ပါယာကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အတွက် အဲ့ဒီပြင်ပဂိုဏ်းအင်အားစုတွေကို ငါတို့က စည်းရုံးထားရတယ်...ဒီအချိန်မျိုးမှာ တကယ်လို့ ငါတို့ကြားမှာ အတွင်းရေးပဋိပက္ခတွေရှိနေလို့မဖြစ်ဘူး...အုပ်ချုပ်သူအရှင် ငါက အရာရှိဖြစ်လာတာ မင်းထက် အချိန်အများကြီးကြာလှပြီ...ငါ့ရဲ့စကားတွေက မင်းအတွက် နားဝင်ချိုမှာတော့မဟုတ်ဘူး...ကျေးဇူးပြုပြီးတော့ မင်း ထပ်ပြီးတော့စဥ်းစားချင့်ချိန်ပါအုံး"
ဝမ်မူကျီးသည် သူ၏ဝိုင်ခွက်ကို ကုန်စင်အောင်သောက်ပြီးသွားသဖြင့် သူ့အတွက်သူ တစ်ခွက်ထပ်ငှဲ့လိုက်သည်။
စားပွဲတွင်ရှိနေသော တခြားအရာရှိများသည် စကားဝင်ရောက်ပြောဆိုဝံ့ခြင်းမရှိသဖြင့် လုယွီ၏မျက်နှာအမူအယာကိုသာ စောင့်ကြည့်လိုက်ကြ၏။
ဤသည်မှာ လုယွီ၏တုံ့ပြန်မှုကို စမ်းသပ်နေခြင်းပင်။
ဝမ်မူကျီး၏အရာရှိရာထူးသည် လုယွီလောက် မြင့်မားခြင်းမရှိချေ။သို့ရာတွင် သူ၏အတွေ့အကြုံများကမူ လုယွီထက် ပို၍မြင့်မားသည်။
ထို့ပြင် ယခုလက်ရှိနေရာတွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ အရာရှိအားလုံးနီးပါးရှိနေသည်။
အကယ်၍ လုယွီသည် ဤတစ်ကြိမ်တွင် ဝမ်မူကျီး၏အကြံပြုချက်ကို ပယ်ချခဲ့ပါက နောင်အနာဂတ်တွင် မည်သူကမျှ သူ၏အမိန့်ကို နာခံတော့မည်မဟုတ်ချေ။
ဤသည်မှာ လုယွီသည် ဝမ်မူကျီးနှင့်ပူးပေါင်းရန် ဆန္ဒရှိမရှိဟူသောအချက်ပေါ်တွင် မူတည်သည်။
လုယွီသည် သူ၏လက်အတွင်းရှိဝိုင်ခွက်ကို မော့သောက်ကာ တိုက်ရိုက်အဖြေပြန်ပေးခြင်းမပြုချေ။ထိုအစား သူက မေးမြန်းလိုက်၏။
"အရှင်ဝမ်က စစ်တပ်ထဲမှာ တာဝန်ထမ်းဖူးတယ်လို့ ငါကြားဖူးတယ်...ဒါက အမှန်ပဲလား"
"အမှန်ပါပဲ... ဒီအရာရှိက နတ်ဘုရားရဲစွမ်းသတ္တိအမတ်ကြီးရဲ့လက်အောက်မှာ ရှေ့ပြေးတပ်မှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်"
အတိတ်ရှိအောင်မြင်မှုများ အကြောင်းကိုပြောချိန်တွင် ဝမ်မူကျီး၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
တာယွီအင်ပါယာ၏ နတ်ဘုရားအမတ်ကြီးရှစ်ယောက်သည် စစ်ရေးအရာရှိများအားလုံး၏ထိပ်ဆုံးမှရပ်တည်နေသူများဖြစ်ကာ သူတို့တစ်ယောက်ချင်းစီသည် တာယွီတော်ဝင်စစ်တပ်အတွင်းတွင် အလွန်အမင်းအစွမ်းထက်သောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
သူတို့၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခွင့်ရသော စစ်ဗိုလ်ချုပ်တိုင်းအတွက် ဤသည်မှာ ဂုဏ်ယူဝင့်ကြွားဖွယ်ရာတစ်ခုပင်။
"အရှင်ဝမ်က အတိတ်မှာ ပြိုင်ဘက်ကင်းသူရဲကောင်း ဖြစ်ခဲ့တဲ့သူပဲ...မင်းက အတိတ်မှာ သွေးပင်လယ်မျှော်စင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်...ဒီတိုက်ပွဲကြောင့် မင်းရဲ့နာမည်က လောကကြီးကိုတောင် လှုပ်ခါနိုင်ခဲ့တယ်...မင်းက တကယ့်ကို စစ်ရေးအောင်မြင်မှုတွေအများကြီးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ"
"ဒါက ဘာမှမဟုတ်ပါဘူး...အရင်က ကိစ္စဟောင်းလေးတွေက စကားထဲထည့်ပြောနေဖို့အတွက် မထိုက်တန်ဘူးလား"
"အရှင်ဝမ်...ငါ့ကို ပြောပြပါအုံး...သွေးပင်လယ်မျှော်စင်က အရင်တုန်းက ကောင်းကင်ဘုံနယ်မြေထဲမှာ နာမည်ကျော်ကြားတဲ့ လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းတစ်ခုပဲ...လုပ်ကြံသတ်ဖြတ်သူတွေက ကောင်းကင်ဘုံနယ်မြေရဲ့နေရာအနှံ့အပြားမှာ ရှိနေပြီးတော့ သူတို့ရဲ့သြဇာလွှမ်းမိုးမှုက နိမ့်ပါးမှုမရှိဘူး...ဘာလို့ သူတို့နဲ့အတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေးယူဖို့ကို မင်း မရွေးချယ်ခဲ့တာလဲ"
လုယွီက မေးမြန်းလိုက်ကာ သူ၏မျက်လုံးအကြည့်က ဝမ်မူကျီးထံတွင် စူးစိုက်၍ကျရောက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ဝမ်မူကျီးသည် သူရှေ့၌ရှိနေသူမှာ လူငယ်တစ်ယောက်မဟုတ်ဘဲ လိမ္မာပါးနပ်သောမြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်ဟူသော ခံစားချက်မျိုးကို ရရှိသွားပေ၏။
ဝမ်မူကျီးက ပြုံးလိုက်သည်။
"အတိတ်တုန်းက အခြေအနေတွေက အခုချိန်နဲ့ ကွဲပြားခြားနားတယ်...ဒီနေ့က အုပ်ချုပ်သူအရှင်ကို ကြိုဆိုဖို့က အဓိကပဲ...အဲ့ဒီကိစ္စတွေကို မပြောဘဲနေကြစို့...လာကြစမ်း...ဒီနေရာကိုမြူးကြွသွားအောင် ကပြဖျော်ဖြေကြစမ်း"
သူသည်လည်း မြေခွေးအိုကြီးတစ်ကောင်ဖြစ်သဖြင့် ထိုစကားခေါင်းစဥ်ကို ရှောင်တိမ်းလေသည်။
နံဘေးဘက်ရှိအရာရှိများသည် လုယွီကို မကြည့်ဘဲမနေနိုင်ကြတော့ချေ။
လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် ရိုးရှင်းခြင်းမရှိပေ။
ဘုန်း....ဘုန်း...ဘုန်း...
စင်မြင့်ပေါ်တွင် စိတ်လှုပ်ရှားဖွယ်ဗုံသံနှင့်အတူ လှပသောကချေသည်လေးများက သူမတို့၏ခန္ဓာကိုယ်များကို လှုပ်ယမ်းကာ ကပြဖျော်ဖြေကြလေ၏။
လူတိုင်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။
"အုပ်ချုပ်သူအရှင်...မင်းက ခုထိ လူလွတ်တစ်ယောက်လို့ ငါ ကြားထားတယ်...ရှီးလျန်မြို့ထဲကနေ တစ်ယောက်လောက် ရွေးချယ်ပါလား...ရှီးလျန်မြို့မှာရှိတဲ့ မိန်းကလေးတွေက ရဲတင်းပွင့်လင်းပြီးတော့ ချစ်စိတ်ပြင်းပြတယ်...လှပပြီးတော့ ညှို့အားကောင်းတယ်...မင်း ကြိုက်နှစ်သက်တဲ့ တစ်ယောက်ယောက် ရှိနိုင်မှာပါ"
ဝမ်မူကျီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။