အခန်း (၃၄၇၁-၃၄၇၅)
Vol. 177 Ch. 3471-3475
Chapter 3471
လက်ရှိနေရာတွင်ရှိနေသော အရာရှိများ ရယ်မောလိုက်ကြသည်။အတင့်ရဲသူတချို့အနက်မှတစ်ယောက်သည် သူ၏မိသားစုအတွင်းမှ တူမတစ်ယောက်ကိုပင် ခေါ်ဆောင်ပြီး လုယွီနှင့် မိတ်ဆက်ပေးလေ၏။
ဤကဲ့သို့ ငယ်ရွယ်ပြီး တည်ကြည်ခန့်ညားသောလူငယ်လူလွတ်တစ်ယောက်သည် မည်သည့်နေရာသို့သွားစေကာမူ အာရုံစူးစိုက်ခြင်းကို ခံရပေမည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါ တောင်းပန်ပါတယ်...ငါ့မှာ တာအိုလက်တွဲဖော်ရှိပြီးသားပါ"
"အော်...ဒါက ငါ့ရဲ့ပေါ့ဆမှုကြောင့်ပါ...ငါ တောင်းပန်ပါတယ်"
ဝမ်မူကျီးသည် သူ၏လက်နှစ်ဖက်ကို အလျှင်အမြန်ပူးဆုပ်ကာ တောင်းပန်စကားပြောဆိုသည်။
ဝိုင်အရက်သုံးခွက်စီခန့်သောက်ပြီးနောက် ပတ်ဝန်းကျင်အခြေအနေသည် ပို၍သဟဇာတဖြစ်လာပေ၏။
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများသည်လည်း လုယွီ၏လက်အောက်ငယ်သားများနှင့် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြသည်။
"မင်းက တော်ဝင်စာမေးပွဲရဲ့စစ်ဆေးမှုသုံးခုလုံးမှာ ပထမနေရာရခဲ့ပြီးတော့ ထိပ်သီးကျောင်းတော်သားဖြစ်လာခဲ့တယ်လို့ ငါ ကြားထားတယ်...ဒီနေ့ ဒီနေရာမှာ လူတွေအများကြီးရှိနေတယ်...မင်း ကဗျာတစ်ပုဒ်လောက် ရေးပေးပါလား"
ဝမ်မူကျီးက ရုတ်တရက် အကြံပြုသည်။
ဤအကြံပြုချက်ကို လက်ရှိနေရာတွင်ရှိနေသော အရာရှိများကလည်း ထောက်ခံကြလေသည်။
"ကဗျာလား..."
လုယွီသည် သူ၏လက်ချောင်းများဖြင့် စားပွဲခုံကိုတတောက်တောက်ခေါက်ကာ နက်ရှိုင်းစွာ တွေးတောလိုက်သည်။
ထိုအချိန်မှာပင် စင်မြင့်ပေါ်ရှိဗုံသံ ရုတ်တရက် ဖရိုဖရဲဖြစ်သွားသည်။
လူတိုင်းသည် သူတို့၏ခေါင်းများကို လှည့်ကြည့်လိုက်ကြ၏။
ကပြဖျော်ဖြေနေသော ကချေသည်များအကြားမှနေ၍ ကချေသည်တစ်ယောက်သည် ရုတ်တရက် ပြေးထွက်လာကာ ထိတ်လန့်တကြားဖြင့် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
"မကောင်းတော့ဘူး"
"လုပ်ကြံသူတစ်ယောက် ရှိနေတယ်"
ရုတ်ချည်းဆိုသလိုပင် လုယွီ၏နံဘေးသို့ အစောင့်အမြောက်အများ ရောက်ရှိလာကာ ထိုကချေသည်ကို ဝိုင်းရံလိုက်ကြ၏။
တခြားအစောင့်များသည်လည်း အရာရှိများ၏နံဘေးသို့ ရောက်ရှိလာကာ အရေးကြီးပုဂ္ဂိုလ်များကို ကာကွယ်ပေးလိုက်ကြသည်။
လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် လက်ဝဲစစ်တပ်နယ်မြေ၏ အရေးပါသောအရာရှိကြီးများပင်။
လုယွီဖြစ်စေ ဝမ်မူကျီးဖြစ်စေ အကယ်၍ မတော်တဆတစ်ခုခုဖြစ်သွားပါက လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပေမည်။
ထို့ကြောင့် ရှီးလျန်အစောင့်တပ်မှ စစ်သားများသည် အလွန်အမင်း စိုးရိမ်ပူပန်သွားကာ ဤနေရာတဝိုက်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်လိုက်ကြသည်။
သို့ရာတွင် ထိုကချေသည်သည် ထပ်မံ၍လှုပ်ရှားမှုတစ်ခုကို ပြုလုပ်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"မင်းတို့အားလုံး...ဘေးဖယ်ကြစမ်း"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုကချေသည်ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အနည်းငယ်မျှပင် ရှိမနေချေ။
ထို့ပြင် ထိုကချေသည်၏မှော်စွမ်းအားသည် အလွန်အမင်းအားနည်းသည်ကို လုယွီ တွေ့မြင်မိပေ၏။သူမသည် လုပ်ကြံသတ်ဖြတ်ခြင်းတာဝန်ကို လုပ်ဆောင်နိုင်မည့် လူစားမျိုးမဟုတ်ချေ။
လက်ရှိနေရာတွင်ရှိနေသော အရာရှိများအကြားတွင် ကျင့်ကြံဆင့်အားအနည်းဆုံးသူပင် တာအိုဒုတိယဆင့်၌ရှိနေသည်။နှိုင်းယှဥ်ကြည့်ပါက ထိုအစေခံသည် တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
အစောင့်များအနက်မှတစ်ယောက်က ပြောဆိုသည်။
"တပ်မှူး...ဒီလူက လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်နိုင်တယ်...အခုချိန်မှာ ကျွန်တော်တို့က သူ့ကို လွှတ်ပေးလို့မဖြစ်ဘူး...ကျွန်တော်တို့က သူ့ကိုဖမ်းဆီးပြီးတော့ အသေးစိတ်ကျကျစစ်ဆေးရမယ်"
ဝမ်မူကျီးသည် စားပွဲခုံကို ရိုက်ပုတ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"တပ်မှူးပြောနေတာကို မင်းတို့ မကြားကြဘူးလား....တကယ်လို့ သူက မင်းတို့ကိုဘေးဖယ်ဆိုရင် ဖယ်လိုက်ပေါ့....ဘာအပိုစကားမှပြောနေစရာ အကြောင်းမရှိဘူး"
"ဟုတ်ကဲ့"
ထိုအချိန်ကျမှ အစောင့်များအားလုံး နံဘေးသို့ဖယ်ခွာသွားကြသည်။
လုယွီသည် မသိမသာ မျက်မှောင်ကြုတ်လိုက်၏။
အရာရှိများဖြစ်စေ အစောင့်များဖြစ်စေ ဤနေရာတွင် သူ စကားပြောဆိုပါက သူ့အား ဖီလာဆန့်ကျင်ပြောဆိုဝံ့သည်။
သို့ရာတွင် ဝမ်မူကျီး၏စကားတစ်ခွန်း ထွက်လာပါက ထိုလူများအားလုံးသည် နာခံရို့ကျိုးစွာဖြင့် သူတို့၏ပါးစပ်များကို ပိတ်လိုက်ကြသည်။
မြေခွေးအိုကြီးတစ်ကောင်ဖြစ်သော ဝမ်မူကျီးသည် ဤကိစ္စကို ရည်ရွယ်ချက်မရှိဘဲ ပြုလုပ်သည်မဟုတ်ချေ။
ဤသည်မှာ ရှီးချန်အုပ်ချုပ်ရေးရုံးတော်၏ အရာရှိကြီးကြီးငယ်ငယ်မှန်သမျှ သူ၏ထိန်းချုပ်မှုအောက်၌ရှိနေကြောင်း လုယွီကို ပြသလိုခြင်းပင်။သူ၏ဆိုလိုရင်းမှာ လုယွီသည် ယခုမှရောက်ရှိလာခြင်းဖြစ်သဖြင့် မောက်မာဝံ့ကြွားခြင်းမရှိပါက ပို၍အဆင်ပြေမည်ဟု ဖော်ပြလိုခြင်းပင်။
လုယွီသည် အရာအားလုံးကို သိရှိသော်လည်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
"အားလုံးပဲ...ဒါက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး...မင်း နိမ့်ကျတဲအစေခံမ....ငါနဲ့အတူ မြန်မြန်ပြန်လိုက်ခဲ့စမ်း"
သီးသန့်ခန်း၏နောက်မှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက် ပြေးထွက်လာကာ သူ၏နဖူးပြင်ပေါ်၌ ချွေးစေးများဖြင့် ရွှဲနစ်နေသည်။
သူသည် နွေဦးမြစ်စားသောက်ဆိုင်၏ပိုင်ရှင်ပင်။ကချေသည် အမှားအယွင်းတစ်ခုပြုလုပ်သည်ကို မြင်တွေ့ချိန်တွင် သူ ကူကယ်ရာမဲ့စွာဖြင့် သူ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။သူ ထိုကချေသည်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုပေ၏။
လက်ရှိနေရာတွင် ရှိနေသူတိုင်းသည် လက်ဝဲစစ်တပ်နယ်မြေ၏အရေးကြီးပုဂ္ဂိုလ်များဖြစ်သည်။သူသည် သူတို့ကို ရန်စစော်ကား၍မရချေ။
ထိုသို့တွေးတောပြီးနောက် ဆိုင်ရှင်၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများနှင့် ပြည့်နှက်နေသည်။ထို့ကြောင့် သူသည် ကချေသည်ကိုဖမ်းဆုပ်ကာ သူမကိုအဝေးသို့ခေါ်ဆောင်သွားရန် ဟန်ပြင်လိုက်၏။
Chapter 3472
ဆိုင်ရှင်သည် အလွန်သန်မာအားကောင်းသဖြင့် သူသည် ကချေသည်၏လည်ပင်းကိုဖမ်းဆုပ်ကာ သူမကို ပြင်ပသို့တရွတ်တိုက်ဆွဲထုတ်သွားလေသည်။
"အုပ်ချုပ်သူအရှင်...ကျွန်မ တိုင်တန်းစရာရှိလို့ ဒီနေရာကို ရောက်လာတာပါ...ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် တရားမျှတမှုရအောင် လုပ်ပေးပါ"
ထိုကချေသည်သည် အားကုန်ရုန်းကန်နေသော်လည်း ဆိုင်ရှင်၏လက်မှ ရုန်းထွက်နိုင်ခြင်းမရှိချေ။
ဆိုင်ရှင်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။သူသည် ကချေသည်ကို ပို၍တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ကာ ဆဲရေးတိုင်းထွာလိုက်သည်။
"ခွေးမ....ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ နင်သိရဲ့လား...ဒီနေရာက နင့်လိုနိမ့်ကျတဲ့သူတစ်ယောက် စကားပြောခွင့်ရှိတဲ့ နေရာမျိုးမဟုတ်ဘူး...ဒီနေရာကနေ ချက်ချင်းထွက်သွားစမ်း"
"ရပ်လိုက်စမ်း"
လုယွီက ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ဆိုင်ရှင်သည် အချိန်တခဏခန့် ကြက်သေသေသွားလေ၏။ကချေသည်သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဆိုင်ရှင်၏လက်မှ အလျှင်အမြန်ရုန်းထွက်ကာ ပြေးလာပြီး လုယွီ၏ရှေ့၌ ဒူးထောက်လိုက်သည်။
"အုပ်ချုပ်သူအရှင်...ဒီနေ့က မင်းရောက်လာတာကိုကြိုဆိုတဲ့ အခမ်းအနားလေ....ဒီလိုအစေခံတစ်ယောက်အတွက်နဲ့ ဘာလို့ မင်း စိတ်လှုပ်ရှားနေတာလဲ...လာကြစမ်း...သူ့ကို ဆွဲထုတ်သွားကြစမ်း"
ဝမ်မူကျီးသည် လုယွီအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
ဆိုင်ရှင်သည် ဝမ်မူကျီး၏စကားကိုကြားချိန်တွင် သူသည် သူမကို ဆွဲထုတ်ရန်ရည်ရွယ်၍ အလျှင်အမြန်ရှေ့သို့တိုးလိုက်သည်။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားလေ၏။သူသည် စားပွဲခုံကိုရိုက်ပုတ်ကာ ပြောဆိုသည်။
"ငါ မင်းကို ရပ်လိုက်ဖို့ ပြောနေတယ်...မင်း ငါ ပြောတာကို မကြားဘူးလား"
ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ပတ်ဝန်းကျင်နေရာတဝိုက်သို့ ကျရောက်သွားသည်။
ဆိုင်ရှင်သည် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲကြီးတစ်ကောင် သူ့အား စူးစိုက်ကြည့်နေသကဲ့သို့ ခံစားမိသည်။သူ၏ခြေထောက်များ ပျော့ခွေသွားကာ ဗုန်းခနဲအသံနှင့်အတူ သူ ဒူးထောက်ရက်သား ပြုတ်ကျသွားတော့သည်။
ပတ်ဝန်းကျင်ရှိ အရက်ခွက်တိုက်သံများနှင့် စကားပြောဆိုနေသံများအားလုံး ရုတ်ချည်းရပ်တန့်သွားသည်။လူတိုင်းသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ကာ ဆောင်းရာသီအတွင်းရှိ ပုစဥ်းရင်ကွဲကောင်များအလား တိတ်ဆိတ်ငြိမ်သက်သွားသည်။
"ထွက်သွားစမ်း"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ဆိုင်ရှင်သည် စိတ်သက်သာရာရသွားပုံဖြင့် အလျှင်အမြန် ထွက်ခွာသွားတော့သည်။
"ဟား ဟား ဟား...ဒီလိုနိမ့်ကျတဲ့ကောင်တွေမှာ မျက်လုံးမပါဘူးပဲ....အုပ်ချုပ်သူအရှင်က ဒီလိုလူစားမျိုးတွေအတွက် ဘာလို့ဒေါသထွက်နေမှာလဲ"
ဝမ်မူကျီးသည် သူ မည်သည့်အရာကိုမျှ အမူမထားသည့်အလား တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းက ဘယ့်သူကို တိုင်တန်းချင်လို့ ငါ့ကို လာရှာတာလဲ"
လုယွီသည် ဝမ်မူကျီးကို လျစ်လျှူရှုကာ ကချေသည်ကို တန်းတန်းမတ်မတ်ကြည့်ပြီး မေးမြန်းလိုက်၏။
ကချေသည်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူမ၏အသက်ရှုနှုန်း အလွန်လျှင်မြန်နေသည်။သူမသည် အံ့တင်းတင်းကြိတ်၍ သတ္တိမွေးကာ ပြောဆိုသည်။
"ကျွန်မက ရှီးလျန်မြို့ ဝမ်မိသားစုရဲ့သခင်လေး ဝမ်ခန်းကို တိုင်တန်းချင်ပါတယ်...သူက ကျွန်မရဲ့သမီးကို တင်းတင်းကြပ်ကြပ် ခေါ်ဆောင်သွားခဲ့တယ်....ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် တရားမျှတမှုရအောင်လုပ်ပေးပါ"
ထိုစကားများကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ဝမ်ခန်းသည် ဝမ်မူကျီး၏သား မဟုတ်လော...
ဤနေရာသို့လာ၍ ဝမ်ခန်းအား တိုင်တန်းဝံ့သူတစ်ယောက် အမှန်တကယ်ကိုပင်ရှိနေသည်။ဤသည်မှာ ရိုးရှင်းစွာပြောရပါက ဝမ်မူကျီးကို အရေးမစိုက်ခြင်းပင်။
"ပေါက်ကရစကားတွေ...မင်းရဲ့သမီးက ပျောက်သွားခဲ့တာ...ဒီနေရာမှာ ပေါက်ကရစကားတွေပြောဖို့ မင်းမှာ ဘာသက်သေရှိလို့လဲ...ပြီးတော့ မင်း ဘာလို့ ဒီကိစ္စကို တရားရုံးဆီ သတင်းမပို့တာလဲ...မင်းက ဒီနေရာကိုတောင်လာပြီးတော့ ပေါက်ကရစကားတွေ လာပြောဝံ့တယ်"
အရာရှိတစ်ယောက်သည် ရုတ်တရက် စားပွဲခုံကိုရိုက်ပုတ်၍ မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
ကချေသည်သည် အလွန်အမင်း စိုးရိမ်ပူပန်နေပုံရကာ သူမက ပြောဆိုသည်။
"ကျွန်မက ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကို သွားပြီးတော့ ရှင်တို့ကိုရှာခဲ့တယ်...ဒါပေမယ့် ဘယ်သူကမှ ကျွန်မရဲ့တိုင်တန်းမှုကို လက်ခံဖို့ ဆန္ဒမရှိကြဘူး...ကျွန်မရဲ့သမီးလေးကို ဝမ်ခန်းဖမ်းခေါ်သွားတာကို ကျွန်မရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ...သူက အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်...အရှင် ကျေးဇူးပြုပြီးတော့ ကျွန်မကို ကူညီပေးပါ"
ဘုန်း....ဘုန်း...ဘုန်း...
ကချေသည်သည် သူမ၏နဖူးနှင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။သူမ၏နဖူးကွဲသွားပြီး သွေးများယိုစီးကျလာသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။
ထိုအချိန်မှာပင် အရာရှိတစ်ယောက်က ရုတ်တရက် မတ်တတ်ထရပ်ကာ သရော်တော်တော်ပြောဆိုသည်။
"မင်းရဲ့သမီးကို သခင်လေးဝမ်ခန်းက ဖမ်းခေါ်သွားတယ်လို့ မင်း ပြောခဲ့တယ်...ဒါဆိုရင် သက်သေဘယ်မှာလဲ...လူသက်သေ ဘယ်မှာရှိလဲ...ဒီကိစ္စကို ဘယ်သူမြင်လဲ...ပြီးတော့ ငါတို့အားလုံး ဝမ်မိသားစုအကြောင်းကို သိထားတယ်...သခင်လေးဝမ်ရဲ့မိန်းမဖြစ်လာဖို့ နည်းလမ်းမျိုးစုံနဲ့ စဥ်းစားတွေးတောနေတဲ့မိန်းကလေးတွေ ဘယ်လောက်များများ ရှိနေတယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး...မင်းလို နိမ့်ကျတဲ့ကျွန်မတစ်ယောက်ရဲ့သမီးကို သခင်လေးဝမ်က ဖမ်းခေါ်သွားစရာ ဘာအကြောင်းရှိလို့လဲ...မင်း ရူးများရူးနေတာလား"
လက်ရှိနေရာတွင်ရှိနေသော အရာရှိများအားလုံး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။
လူပေါ်ကြော့တချို့ကသာ လမ်းပေါ်တွင် မိန်းကလေးများကို ဖမ်းခေါ်သည့်အလုပ်ကို လုပ်ဆောင်ပေမည်။ရှီးချန်မြို့အတွင်းရှိ ထိပ်သီးမိသားစုတစ်စု၏ သခင်လေးတစ်ယောက်ဖြစ်သော သခင်လေးဝမ်ခန်းသည် မည်သည်ကြောင့် ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်မည်နည်း။
Chapter 3473
ကချေသည်သည် လက်ရှိနေရာတွင်ရှိနေသူ တစ်ဦးတစ်ယောက်မျှ သူမ၏စကားကို မယုံကြည်သည်ကို မြင်တွေ့ချိန်တွင် သူမ၏မျက်နှာ ဖြူရော်သွားသည်။
သူမသည် လုယွီကို ထပ်မံ၍ကြည့်လိုက်သည်။လုယွီ၏တည်ငြိမ်သော မျက်နှာအမူအယာကို မြင်တွေ့ချိန်တွင် သူမက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ကျွန်မမှာ ဘာသက်သေမှမရှိဘူး...ဒါပေမယ့် ကျွန်မရဲ့သမီးမှာ နတ်ဆိုးကဝေရုပ်ခန္ဓာကိုယ်ရှိတယ်"
ထိုစကားများကို သူမ ပြောဆိုပြီးသည်နှင့် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ ပြက်ရယ်ပြုရယ်မောသံများ ထွက်ပေါ်လာသည်။
နတ်ဆိုးကဝေရုပ်ခန္ဓာကိုယ်ဟု ဆိုသလော။ဤသည်မှာ ရှေးဟောင်းစာအုပ်များအတွင်း၌သာ မှတ်တမ်းတင်ထားသော ရုပ်ခန္ဓာကိုယ်အမျိုးအစားတစ်ခုပင်။မြင့်မြတ်နယ်မြေအများစုသည် ဂရုတစိုက် ပြုစုပျိုးထောင်သည့်တိုင် တစ်ယောက်တစ်လေကိုမျှ မွေးထုတ်ပေးနိုင်စွမ်းမရှိချေ။
နိမ့်ကျသောကချေသည်တစ်ယောက်သည် သူမ၏သမီးတွင် နတ်ဆိုးကဝေခန္ဓာကိုယ်ရှိသည်ဟု သတ္တိမွေး၍ပြောဆိုခဲ့လေရာ လူအများအတွက် ရယ်စရာဟာသပြက်လုံးကြီးတစ်ခု ဖြစ်သွားခဲ့သည်။
"မင်းရဲ့သမီးမှာ နတ်ဆိုးကဝေရုပ်ခန္ဓာကိုယ်ရှိတယ်လို့ မင်းက ဘာမှာသက်သေပြစရာဘာရှိလဲ"
လုယွီက မေးမြန်းသည်။
ကချေသည်က ပြောဆိုလေ၏။
"သူ ကလေးဘဝထဲက အမြဲတမ်း ဖျားနာပြီးတော့ နာမကျန်းဖြစ်နေတယ်...နှစ်တိုင်း သူ့ရဲ့ခန္ဓာကိုယ်ထဲက အေးစက်မှုက ပိုပြီးပြင်းထန်လာတာကို သူ ခံစားရပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ယင်ချီတွေဝိုင်းရံနေတယ်...ကျွန်မက သမားတော်တစ်ယောက်ကို အထူးသီးသန့်ရှာဖွေပြီးတော့ သူ့ကို စမ်းသပ်စစ်ဆေးစေခဲ့တယ်...အဲ့ဒီသမားတော်က သူ့မှာ နတ်ဆိုးကဝေခန္ဓာကိုယ်ဆိုပြီးတော့ ရောဂါအမည်တပ်ပေးခဲ့တယ်"
စကားပြောဆိုရင်း ကချေသည်၏မျက်လုံးအတွင်းမှနေ၍ မျက်ရည်များ ယိုစီးကျနေသည်။
"သူ့ရဲ့ခန္ဓာကိုယ် အေးစက်လာတဲ့အကြိမ်တိုင်း အရမ်းနာကျင်တယ်....ဒါပေမယ့် သူ့ရဲ့ရုပ်ခန္ဓာကိုယ်အမျိုးအစားအတွက် ကုသစရိတ်က အရမ်းများပြားတယ်...ကျွန်မရဲ့အစွမ်းအစက မလုံလောက်ဘူး...ဒါကြောင့် ကျွန်မတတ်ထားတဲ့ပညာရပ်နဲ့ ဒီရှီးလျန်မြို့ကိုလာပြီးတော့ အသက်မွေးဝမ်းကြောင်းပြုတာပဲ...ဒါပေမယ့် ကျွန်မရှာနိုင်တဲ့ အင်မော်တယ်ကျောက်တုံးတွေက သူ့အတွက် အခြေခံကုသမှုကို ခံယူဖို့ပဲလုံလောက်တယ်"
"အဲ့ဒီနေ့တုန်းက ကျွန်မက သမီးလေးကို ဆေးခန်းဆီခေါ်သွားခဲ့တယ်...ဝမ်မိသားစုရဲ့အစေခံတချို့က ဆေးခန်းထဲကို ဝင်လာကြပြီးတော့ ဝမ်ခန်းက ကျွန်မရဲ့သမီးကို မျက်စေ့ကျသွားမယ်လို့ ကျွန်မ မျှော်လင့်မထားမိဘူး...သူက ဖိအားပေးပြီးတော့ ကျွန်မရဲ့သမီးကို ဝယ်ချင်ခဲ့တယ်...ကျွန်မ ငြင်းဆန်ခဲ့တာကြောင့် သူတို့က ကျွန်မကို သတိလစ်သွားအောင် ရိုက်ခဲ့တယ်...ကျွန်မနိုးလာတဲ့အချိန်မှာ ကျွန်မရဲ့သမီးက သူတို့ခေါ်သွားတာကို ခံရပြီးပြီ"
"ကျွန်မက ဝမ်အိမ်တော်ကို သွားခဲ့ပေမယ့် အစေခံတွေရဲ့မောင်းထုတ်တာကို ခံရတယ်...ကျွန်မက အရာရှိတွေကို တိုင်ကြားဖို့ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကို သွားခဲ့ပေမယ့်လည်း သူတို့က ဝမ်မိသားစုလို့မြင်တာနဲ့ ကျွန်မကို ချက်ချင်းမောင်းထုတ်လိုက်ကြတယ်...ကျွန်မ ဆောက်တည်ရာမရဖြစ်နေပါပြီ...အရှင် ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့သမီးလေးကို ကယ်တင်ပေးပါ"
ကချေသည်သည် လုယွီကို အားကုန်ဦးညွှတ်အရိုအသေပြုနေကာ အဆက်မပြတ် အသနားခံတောင်းပန်နေသည်။
ဤှသည်မှာ ဝမ်မိသားစုကိုတိုင်တန်းသော အမှုပင်။
ဤအချိန်အခိုက်အတန့်တွင် အရာရှိများသည် သူတို့၏အသက်ရှုနှုန်းများကို ထိန်းသိမ်းကာ အသက်ပြင်းပြင်း မရှုဝံ့ဘဲ သူတို့ရှေ့ရှိမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။
လုယွီသည် သူ၏လက်ချောင်းများဖြင့် ထိုင်ခုံလက်ရမ်းကိုခေါက်ကာ ပြောဆိုသည်။
"မင်းရဲ့ဖော်ပြချက်အရဆိုရင် ဒါက နတ်ဆိုးကဝေရုပ်ခန္ဓာကိုယ်ပဲဖြစ်မယ်...အရှင်ဝမ် သူက မင်းတို့ဝမ်မိသားစုအကြောင်းကို ပြောနေမှတော့ မင်း ဘယ်လိုထင်လဲ"
"အဲ့ဒီကိစ္စက သူ ပြောသလိုမဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
ဝမ်မူကျီးက ခပ်ဖျော့ဖျော့ပြုံးကာ သူ၏မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောအရှိန်အဝါနှင့် ကချေသည်ကို ငုံကြည့်လိုက်၏။
"ဝမ်မိသားစုရဲ့အစေခံတွေက မင်းရဲ့သမီးကို ဆွဲခေါ်သွားတယ်လို့ မင်း ပြောခဲ့တယ်....ဒါဆိုရင် အဲ့ဒီလူတွေက ဝမ်မိသားစုကပါလို့ မင်း ဘယ်လိုလုပ်ပြီးတော့ အတိအကျပြောနိုင်တာလဲ"
ထိုကချေသည်သည် ဝမ်မူကျီးကို တိုက်ရိုက်မကြည့်ဝံ့သဖြင့် သူမ၏ခေါင်းကိုငုံကာ ပြောဆိုသည်။
"ဒါက အဲ့ဒီလူတွေကိုယ်တိုင် ပြောခဲ့တာပါ"
"တပ်မှူး...ကြည့်ပါအုံး...ဝမ်မိသားစုလို့ သူတို့ကိုယ်သူတို့ ပြောဝံ့တဲ့လူရမ်းကားတွေ ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါရဲ့ဝမ်မိသားစုက ရှီးလျန်မြို့မှာ ချမ်းသာကြွယ်ဝပြီးတော့ အစွမ်းထက်တဲ့ မိသားစုတစ်စုလို့ ယူဆနိုင်တယ်...တချို့လူတွေက အကြံအစည်တွေက ကြီးမားတယ်...သူတို့က ငါတို့ဝမ်မိသားစု ကြီးပွားချမ်းသာနေတာကို မြင်ပြီးတော့ မနာလိုမရှုစိမ့်ဖြစ်နေမှာ မလွဲမသွေပဲ....ဒါကြောင့် ငါတို့ကလည်း မတရားခံရတဲ့လူတွေပါ"
"ဒီအမျိုးသမီးရဲ့အထောက်အထားက ထူးဆန်းတယ်...သူက ရုတ်တရက်ကြီး ဒီနေရာမှာ ထွက်ပေါ်လာပြီးတော့ သူ့မှာ မူမမှန်တဲ့လှုပ်ရှားမှုတွေရှိနေတာ သိသာထင်ရှားတယ်...အရှင်...မင်းက လက်ဝဲစစ်တပ်နယ်မြေကို ဒီနေ့မှရောက်တာ...ဒါကြောင့် မင်း ခဏလောက် အနားယူသင့်တယ်...ဒါက ကိစ္စငယ်လေးတစ်ခုပါ....မင်းရဲ့ကိုယ်စား ငါတို့ ဖြေရှင်းပေးပါ့မယ်"
ဝမ်မူကျီးက ရုတ်တရက် အရာရှိတစ်ယောက်ကို လက်ညှိုးညွှန်လိုက်သည်။
"မင်း...ဒီမိန်းမမှာ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ စုံစမ်းစစ်ဆေးစမ်း...ဒီကိစ္စရဲ့နောက်မှာ ဘယ်သူရှိလဲဆိုတာ ငါ သိချင်တယ်"
"ဟုတ်ကဲ့ပါ အရှင်"
ထိုအရာရှိက အပြုံးနှင့်ပြောဆိုကာ ထိုကချေသည်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
ကချေသည်သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် ဝမ်မူကျီး၏ရှေ့၌ ဝမ်ခန်းကို တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ယခုချိန်တွင် ဝမ်မူကျီးသည် သူ၏အရာရှိများကို သူမအား စစ်ဆေးမေးမြန်းရန် စေခိုင်းလိုက်လေပြီ။ဤသည်မှာ သူသည် သူမကို အသက်ရှင်ရက်လွှက်ပေးရန် ရည်ရွယ်ချက်မရှိဟု ဆိုလိုခြင်းပင်။
"ခဏနေဦး"
လုယွီသည် ထိုအရာရှိကို စူးစိုက်ကြည့်ပြီးနောက် ပြောဆိုလိုက်၏။
Chapter 3474
ထိုအရာရှိသည် ကြက်သေသေသွားကာ လုယွီကို လှည့်ကြည့်လိုက်၏။
"မင်း ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကို ရောက်လာတာ ဘယ်လောက်ကြာပြီလဲ...မင်း ဘာရာထူးကို တာဝန်ယူထားတာလဲ"
လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
ထိုအရာရှိက ရိုသေလေးစားစွာဖြင့် တုံ့ပြန်ပြောဆိုသည်။
"ကျွန်တော်နာမည်က လင်းရွှမ်...ဆဋ္ဌမဂိတ်တံခါးရဲ့ခေါင်းဆောင်လူဆိုးထိန်းပါ"
"မင်း ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာ တာဝန်ထမ်းဆောင်နေတာ ဘယ်လောက်ကြာပြီလဲ"
"ကျွန်တော် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာ အနှစ်သုံးဆယ်ကျော်ကြာနေပါပြီ"
"ဒီလောက်နှစ်တွေအကြာကြီး တာဝန်ထမ်းဆောင်ခဲ့တာတောင် အထက်လူကြီး မေးမြန်းနေတာ မပြီးသေးခင်...မင်း ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်မအပ်ဆိုတာကို မင်း မသိဘူးလား"
လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။
လင်းရွှမ်၏မျက်နှာ တောင့်တင်းသွားကာ သူက ဝမ်မူကျီးကို လှည့်ကြည့်လိုက်သည်။
ဝမ်မူကျီးထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကိုကြည့်ပြီး လင်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"ကျွန်တော် အဆင့်ကျော်သလိုဖြစ်သွားခဲ့တာ ကျွန်တော်ရဲ့အပြစ်ပါ"
ဤသည်မှာ ရှီးလျန်မြို့၏အရာရှိအသိုင်းအဝိုင်းမှ ဖြစ်ရပ်များပင်။
လုယွီသည် နာမည်ခံအားဖြင့် လက်ဝဲစစ်တပ်နယ်မြေ၏ အဆင့်မြင့်ဆုံးအရာရှိဖြစ်သော်လည်း ရှီးလျန်အုပ်ချုပ်ရေးရုံးတော်၏ အထက်ပိုင်းမှအောက်ခြေထိ အရာရှိများအားလုံးသည် အခြေခံအားဖြင့် ဝမ်မူကျီး၏အမိန့်ကိုသာ နားထောင်ကြသည်။
လက်ဝဲစစ်တပ်၏တပ်မှူးဖြစ်သည့်တိုင် လုယွီသည် ဤနေရာ၌ ပြောရေးဆိုခွင့်မရှိချေ။
ဝမ်မူကျီး၏ခြိမ်းခြောက်လိုသော အကြည့်အောက်တွင် လုယွီက ဆက်လက်၍မေးမြန်းလိုက်၏။
"မင်း ခုဏက ပြောသွားခဲ့သလောက်နဲ့တော့ ဝမ်မိသားစုကိုစွပ်စွဲဖို့ တကယ်မလုံလောက်ဘူး...ဒါကို တိကျခိုင်မာတဲ့သက်သေလို့ ယူဆလို့မရဘူး...မင်းမှာ တခြားသက်သေတစ်ခုခု ရှိသေးလား"
ကချေသည်သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် မြေပြင်ပေါ်၌ လဲကျနေလေပြီ။
သူမသည် အားနည်းသောကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း ယခုလက်ရှိနေရာတွင် ရှိနေသူတိုင်းသည် ရှီးလျန်မြို့၏အဆင့်မြင့်အရာရှိများဖြစ်သည်။
အစွမ်းထက်သော ဖိအားအရှိန်အဝါများက သူမ၏ခေါင်းထက်သို့ ကျရောက်နေသည်။ဤနေရာရှိ မည်သူမဆို သူမအား လွယ်လင့်တကူ ချေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
အချိန်တခဏကြာပြီးနောက် ကချေသည်သည် သူမ၏သတ္တိကို တဖြည်းဖြည်းစုစည်းကာ သူမ၏အင်္ကျီလက်မောင်းကြားမှနေ၍ အရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်၏။
ဤအရုပ်သည် မိန်းကလေးတစ်ယောက်နှင့်တူညီပြီး ရိုးရှင်းသောဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်များထောင်မတ်နေပြီး အလွန်ချစ်စဖွယ်ကောင်းသည်။
"ဒါက ကျွန်မရဲ့သမီးလေးကို ကျွန်မပေးထားခဲ့တဲ့ အရုပ်လေးပဲ...ဒါက ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ မှော်ရတနာတစ်ခုလည်းဖြစ်တယ်...ဒီအရုပ်ပေါ်က ဆံပင်တွေက...ကျွန်မသမီးရဲ့ဆံပင်ကိုဖြတ်ပြီး လုပ်ထားတာ...ကျွန်မသမီး ဘယ်နေရာမှာပဲ ရှိနေပါစေ ဒီအရုပ်က အာရုံခံနိုင်တယ်"
ကချေသည်သည် အရုပ်ကို ဂရုတစိုက် ပွေ့ဖက်ထားသည်။
သူမသည် ထိုအရုပ် ဆုံးရှုံးသွားမည်ကို ထိတ်လန့်ကြောက်ရွံသည့်အလား သူမ၏လက်များဖြင့် ကွယ်ဝှက်ထားလေ၏။
လက်ရှိနေရာတွင်ရှိနေသော တခြားအရာရှိများက ထိုမြင်ကွင်းကို လှမ်းကြည့်လိုက်ကြသည်။
အရုပ်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဒါကို မှော်ရတနာလို့ ယူဆလို့ရတယ်လား...ရယ်စရာကောင်းလိုက်တာ"
"အများဆုံး ဒါက အသိဥာဏ်နည်းနည်းရှိတဲ့ အရုပ်တစ်ရုပ်ပဲဖြစ်မှာ...ငါ့ရဲ့အစေခံတွေကတောင် ဒီထက်ပိုကောင်းတဲ့ဟာမျိုးကို လုပ်နိုင်တယ်"
အရာရှိတစ်စုသည် လှောင်ပြောင်သရော်ကာ ရယ်မောလိုက်ကြ၏။
ထိုရယ်မောသံများသည် ကချေသည်၏နားအတွင်းသို့ အထိန်းအကွပ်မဲ့စွာ ဝင်ရောက်သွားသည်။
ကချေသည်၏ခန္ဓာကိုယ် မသိမသာတုန်ရီသွားကာ အဆင့်မြင့်အရာရှိများရှေ့တွင် သူမထံ၌ ကူကယ်ရာမဲ့မှုများဖြင့်သာ ပြည့်နှက်နေတော့သည်။
လုယွီသည် အရုပ်ကိုယူကာ သူ၏လက်ဖြင့်ကိုင်ကြည့်လိုက်သည်။သူသည် အချိန်တခဏခန့် ဂရုတစိုက်စစ်ဆေးပြီးနောက် နူးညံညင်သာစွာ ပြောဆိုသည်။
"ဒီအရုပ်ကမဆိုးဘူး...ဒါက မင်းရဲ့သမီးပုံစံနဲ့ တူတယ်မဟုတ်လား"
"အရှင်...ဒါက ကျွန်မရဲ့သမီးနဲ့တူတဲ့ အရုပ်လေးပါပဲ"
ကချေသည်၏မျက်လုံးအတွင်းမှနေ၍ မျက်ရည်များ စီးကျလာသည်။
"ကျွန်မရဲ့သမီးကို ကျွန်မ မမြင်ရတာ ငါးနှစ်ကျော်ကြာသွားပြီ....အရုပ်ရဲ့ဆံပင်တွေက ဝမ်အိမ်တော်ကို သိသိသာသာ ညွှန်ပြနေတယ်...ဒါပေမယ့် ကျွန်မ အထဲကိုဝင်လို့မရဘူး...ကျွန်မ ရှီးလျန်မြို့မှာရှိသမျှ ရုံးတော်တွေအားလုံးကို သွားခဲ့ပေမယ့်...ဘယ်သူကမှ ကျွန်မကိုကူညီပေးဖို့ ဆန္ဒမရှိကြဘူး...ကျွန်မရဲ့အစွမ်းအစနဲ့ ရှီးလျန်မြို့ရဲ့ပြင်ပကိုလည်း အကူအညီသွားတောင်းလို့မရဘူး....ဒါကြောင့် အရှင်...ကျွန်မကိုကူညီပေးဖို့ တောင်းဆိုပါရစေ"
ထိုသို့ပြောဆိုပြီးနောက် ကချေသည်သည် သူမ၏ခေါင်းနှင့်မြေပြင်ကိုတိုက်ကာ လုယွီအား ဆက်လက်၍ အရိုအသေပြုလေသည်။
ပြင်းထန်သောအသံများက သီးသန့်ခန်းအတွင်း၌ ပဲ့တင်ထပ်နေသည်။
ဖယောင်းတိုင်မီး၏အလင်းရောင်အောက်တွင် ဝမ််မူကျီး၏မျက်နှာအမူအယာ မငြိမ်မသက်ဖြစ်နေလေ၏။
"အုပ်ချုပ်သူအရှင်...တကယ်လို့ မင်း သူ့ကို စာနာသနားနေတယ်ဆိုရင် ငါက သူ့ရဲ့သမီးကို ကူရှာပေးဖို့အတွက် လူတွေစုစည်းလိုက်မယ်"
ဝမ်မူကျီးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"သူတို့နဲ့လား"
ထိုသို့ပြောဆိုပြီးနောက် လုယွီက လင်းရွှမ်ကို လက်ညှိုးညွှန်လိုက်သည်။
"မင်း...မင်း သူ့ရဲ့သမီးကို ရှာနိုင်လား...မင်း လုပ်နိုင်လား"
"ဒီအရာရှိမှာ အရည်အချင်း မရှိပါဘူး"
လင်းရွှမ်က မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
ဤကိစ္စသည် ဝမ်မိသားစုနှင့်ပတ်သတ်နေသော အရာဖြစ်ကြောင်း မည်သူမဆို အတပ်ပြောနိုင်သည်။
သူ မည်မျှပင် အတင့်ရဲနေပါစေ ဝမ်မိသားစုကို စုံစမ်းစစ်ဆေးဝံ့ခြင်းမရှိချေ။
Chapter 3475
"မင်းက တကယ့်ကို အသုံးမကျတာပဲ"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ဝမ်မူကျီးသည် ဝိုင်ခွက်ကိုမြှောက်ကာ ပြောဆိုသည်။
"ဒီလူတွေကို မှီခိုအားထားလို့မရတာက ပုံမှန်ပါပဲ....ရှီးလျန်မြို့ရဲ့အမူအကျင့်တွေက ပြောင်းလဲမှာ မဟုတ်ဘူး"
လုယွီက ရုတ်တရက် သူ၏မျက်လုံးကိုစုံမှိတ်ကာ တစ်စုံတစ်ခုကို နက်ရှိုင်းစွာ စဥ်းစားတွေးတောနေပုံရသည်။
ဝမ်မူကျီးသည် တစ်ကြိမ်တစ်ခါမျှ ဝိုင်အရက်မသောက်ဖူးသည့်အလား သူ၏ဝိုင်အရက်ခွက်ကို ဆက်လက်၍သောက်နေဆဲပင်။
စားပွဲတစ်လုံးတည်း၌ထိုင်နေသော တခြားသူများသည် သူတို့၏စားသောက်နေခြင်းကို ရပ်တန့်လိုက်ကြကာ မလှုပ်ရှားဝံ့ကြချေ။
လုယွီနှင့်ဝမ်မူကျီးတို့သည် စကားစမြည်ပြောဆိုနေပုံရသော်လည်း အမှန်အားဖြင့် သူတို့၏ကိုယ်ပိုင်ကစားကွက်များအတိုင်း ကစားနေကြခြင်းပင်။
ဤနေရာသို့ရောက်ရှိလာသူတိုင်းသည် အလွန်လိမ္မာပါးနပ်သူများဖြစ်သည်။သူတို့သည် ထိုလူနှစ်ယောက်ကြားမှ ယှဥ်ပြိုင်ပွဲကို စတင်၍ လေ့လာဆန်းစစ်နေကာ အလေးသာသည့်ဘက်ကို ပူးပေါင်းကြပေမည်။
ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံတစ်ရပ် သူတို့၏ခန္ဓာကိုယ်များအား ဖြတ်သန်းသွားသည်ကို ခံစားမိလေ၏။
ထိုနတ်ဘုရားစိတ်အာရုံသည် အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်ကာ သူတို့အား ငြင်းဆန်ခွင့်မပြုချေ။
ရုတ်ချည်းဆိုသလိုပင် အရာရှိများအားလုံးသည် သူတို့၏ခေါင်းအစခြေအဆုံးရှိ အရာအားလုံးကို တစ်ဖက်လူမှ ထွင်းဖောက်မြင်သွားသကဲ့သို့ ခံစားမိသည်။
ဤတုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါအောက်တွင် လူတိုင်း၏အသက်ရှုနှုန်းများ လျှင်မြန်လာကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကြောင်းပြချက်မရှိဘဲ အကြောက်တရားများ မွေးဖွားလာသည်။
"ဘယ်သူလဲ"
အရာရှိတစ်ယောက်က ဖြူရော်နေသောမျက်နှာနှင့် မတ်တတ်ထရပ်ကာ မေးမြန်းလိုက်၏။
နတ်ဘုရားစိတ်အာရုံကို ဤကဲ့သို့ ပြောင်ပြောင်တင်းတင်းအသုံးပြုပြီး မြို့တစ်မြို့လုံးကို ဖြတ်သန်းသွားစေသည် အနိမ့်ဆုံးအနေဖြင့် နယ်မြေသခင်အဆင့်၌ ရှိနေပေမည်။
ရှီးလျန်မြို့အတွင်း၌ မည်သည့်နယ်မြေသခင်အဆင့်အစွမ်းထက်ကျင့်ကြံသူမျှ ရှိမနေချေ။
နယ်မြေသခင်အဆင့်ကျင့်ကြံဆင့်သည် တခြားစစ်တပ်နယ်မြေများမှ အုပ်ချုပ်သူအရှင်များထံတွင်သာ ရှိနေသည်။
"ရှီးလျန်မြို့ကိုကြည့်နေတဲ့လူက ငါပဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ဘန်း...
ဝမ်မူကျီး၏လက်အတွင်း၌ ကိုင်ထားသော ဝိုင်အရက်ခွက် တည်ငြိမ်ခြင်းမရှိတော့ဘဲ ထောင့်တစ်နေရာသို့ ပြုတ်ကျသွားသည်။
တခြားအရာရှိများသည်လည်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤသည်မှာ သူတို့ လုယွီကိုမြင်တွေ့ဖူးသော ပထမဆုံးအကြိမ်ပင်။လုယွီ၏အသက်အရွယ်ကြောင့် သူတို့သည် စတွေ့စဥ်ကတည်းက သူ့ကို အထင်အမြင်သေးနေကြသည်။
သူသည် လူငယ်တစ်ယောက်ပင်။အကယ်၍ သူသည် ထိပ်သီးကျောင်းတော်သားဖြစ်သည့်တိုင် လူငယ်မျိုးဆက်သစ်များကြား၌ အင်အားကောင်းသူတစ်ယောက်သာ ဖြစ်ပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤကဲ့သို့အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံအောက်တွင် မည်သူမျှ စကားတစ်ခွန်းမဆိုဝံ့တော့ချေ။
ဤသည်မှာ သူ၏ခွန်အားကိုပြသ၍ အပြည့်အဝ ခြိမ်းခြောက်လိုက်ခြင်းပင်။
"ရှီးလျန်မြို့အတွင်းမှာ နတ်ဘုရားစိတ်အာရုံနဲ့စုံစမ်းထောက်လှမ်းတာကို တားမြစ်ကန့်သတ်ထားတယ်...အုပ်ချုပ်သူအရှင် ဒါက စည်းမျဥ်းကိုဆန့်ကျင်သလိုဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
ဝမ်မူကျီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒါက အဆင်ပြေပါတယ်...ငါက လူတစ်ယောက်ကို ရှာရုံသက်သက်ပဲ"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ရုတ်တရက် ပြတင်းပေါက်၏ပြင်ပသို့ လက်ညှိုးညွှန်လိုက်သည်။
ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ပြတင်းပေါက်၏ပြင်ပ၌ ချက်ချင်းသိပ်သည်းသွားသည်။
ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အဝေးတစ်နေရာသို့ ဦးတည်၍ ပျံသန်းသွားလေ၏။
နွေဦးမြစ်စားသောက်ဆိုင်သည် ဝမ်အိမ်တော်နှင့် မနီးမဝေးနေရာတွင် တည်ရှိသည်။
လူတိုင်းသည် အဝေးမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာသည်ကိုသာ ကြားလိုက်ရသည်။ထို့နောက် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အလောင်းတစ်လောင်းကို ဖမ်းဆုပ်၍ ပြန်လည်ပျံသန်းလာသည်။
အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။
လူတိုင်း အသိပြန်မဝင်သေးမီမှာပင် ထိုအလောင်းသည် မြေပြင်ပေါ်သို့ ကျရောက်လာပေ၏။
ဤသည်မှာ မိန်းကလေးတစ်ယောက်၏အလောင်းဖြစ်သည်။
ပုံပန်းသွင်ပြင်အရကြည့်လျှင် သူမသည် ဆယ်ကျော်သက်အရွယ်သာရှိသေးကာ မိန်းကလေးတစ်ယောက်၏လှသွေးကြွယ်ဆုံးအချိန်ပင်။
သို့ရာတွင် ယခုချိန်၌ သူမသည် အလောင်းတစ်လောင်းဖြစ်နေကာ နေရာမှာပင် တောင့်တင်းပြီး မလှုပ်မယှက်ရှိနေသည်။
သူမ၏ခန္ဓာကိုယ်တွင် သွေးစတချို့စွန်းထင်းနေကာ သူမ၏အဝတ်အစားများ ပြဲစုတ်နေပေ၏။ဤသည်မှာ သူမ မြေကြီးအတွင်း၌ မြှုပ်နှံ့ခံထားရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်းကို ပြသနေသကဲ့သို့ပင်။
"အား....ငါ့ရဲ့သမီးလေး...."
ကချေသည်သည် ရုတ်တရက် စူးရှကျယ်လောင်စွာအော်ဟစ်ကာ အရူးအမူး ရှေ့သို့တိုးသွားပြီး မိန်းကလေး၏အလောင်းကို ပွေ့ဖက်လိုက်သည်။
မိန်းကလေး၏ခန္ဓာကိုယ်သည် အရိုးကွဲလုမတတ် အေးစက်တောင့်တင်းနေသည်။
သို့ရာတွင် ကချေသည်သည် အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူမ၏တုန်ရီနေသောလက်များဖြင့် သူမသမီး၏မျက်နှာကို ပွတ်သပ်နေလေသည်။ထိုအပြုအမူကို ထပ်ခါတလဲလဲပြုလုပ်နေသော သူမကို ကြည့်ရသည်မှာ အချိန်အတော်ကြာပျောက်ဆုံးနေသော သူမ၏အဖိုးတန်ရတနာတစ်ခုကို ပြန်တွေ့ရသည့်အလားပင်။
သို့ရာတွင် သူမ၏သမီးထံမှ အနည်းငယ်မျှပင် တုံ့ပြန်မှုမရချေ။
သူမ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူမထံတွင် နတ်ဆိုးကဝေရုပ်ခန္ဓာကိုယ် ရှိနေခြင်းကြောင့်သာ သူမ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေသည့်တိုင် ပုပ်သိုးမသွားခြင်းဖြစ်သည်။
နံဘေးတစ်ဖက်ရှိအရုပ်သည် ရုတ်တရက် မတ်တတ်ထရပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသော အမူအယာဖြင့် ကချေသည်၏သမီးဖြစ်သူ အလောင်းထံသို့ လက်ညှိုးညွှန်လေ၏။