← Chapters

အခန်း (၃၄၇၆-၃၄၈၀)

Vol. 177 Ch. 3476-3480

အခန်း (၃၄၇၆-၃၄၈၀)

Vol. 177 Ch. 3476-3480

Chapter 3476

ကချေသည်၏ကြေကွဲဝမ်းနည်းစွာအော်ငိုသံသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

သူမသည် သမီးဖြစ်သူ၏အလောင်းကို သူမ၏လက်အကြား၌ ပွေ့ဖက်ထားကာ သူမ၏ငိုသံ တဖြည်းဖြည်းတိမ်ဝင်သွားသည်။သို့ရာတွင် သူမသည် သမီးဖြစ်သူ၏အလောင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဆဲဖြစ်ကာ လက်လွှတ်ပေးလိုခြင်းမရှိချေ။

အချိန်အတော်ကြာပြီးနောက် ထိုကချေသည်၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို မြင်တွေ့မိသဖြင့် အစောင့်တစ်ယောက်က ရှေ့သို့တိုးသွားကာ စစ်ဆေးလိုက်သည်။

သူသည် သူ၏လက်ကိုအသုံးပြု၍ ထိုကချေသည်၏အသက်ရှုနှုန်းကို စမ်းသပ်ပြီးနောက် သူ၏မျက်နှာပေါ်၌ အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်သွားသည်။သူသည် လုယွီကိုကြည့်ကာ ပြောဆိုလိုက်၏။

"အရှင်...သူ သေသွားပြီ"

ထိုအမျိုးသမီးသည် ရှီးလျန်မြို့အတွင်း၌ အသေးအမွှားနယ်ရုပ်တစ်ရုပ်သာဖြစ်ပြီး သူမသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသက်ရှင်နေထိုင်ရသူဖြစ်သည်။

သူမ၏သမီးဖြစ်သူကို ဝမ်အိမ်တော်အတွင်း၌ ပိတ်လှောင်ထားကြောင်း သူမ အတိအကျသိရှိသော်လည်း ထိုနေရာအတွင်းသို့ သူမ ဝင်ရောက်နိုင်ခြင်းမရှိချေ။

ငါးနှစ်....

ကချေသည်သည် ပြင်ပ၌လှည့်လည်သွားလာကာ အဆက်မပြတ် အကူအညီရှာဖွေနေခဲ့သည်။

သို့ရာတွင် ဝမ်မိသားစု၏သြဇာအာဏာကြောင့် ရှီးလျန်မြို့အတွင်းရှိရုံးတော်များသည် ကချေသည်၏အမှုကို တို့ထိဝံ့ခြင်းမရှိချေ။

သူမထံတွင် အားကောင်းသောကျင့်ကြံဆင့်နယ်ပယ်လည်းမရှိသဖြင့် သူမ လုပ်ဆောင်နိုင်သောကိစ္စဟူ၍ အမြောက်အများမရှိချေ။သူမသည် စားသောက်ဆိုင်တစ်ဆိုင်၌ ကချေသည်အလုပ်ကိုလုပ်ကိုင်ကာ သူမကိုယ်သူမဖိအားပေး၍ ပြုံးရယ်နေခဲ့ရသည်။

"ကံဆိုးလိုက်တာ...ဒီနေ့က အုပ်ချုပ်သူအရှင်ကို ကြိုဆိုတဲ့ နေ့ကြီးတစ်နေ့လေ...ဒါပေမယ့် ဒီနိမ့်ကျတဲ့အစေခံက ငါတို့ရဲ့ပျော်ရွှင်မှုကို အနှောက်အယှက် လာပေးတာပါလား"

လင်းရွှမ်သည် သူ၏ခေါင်းကိုခါယမ်းကာ သူ၏မျက်နှာပေါ်၌ ရွံရှာစက်ဆုပ်သောအမူအယာမျိုး ထင်ဟပ်နေသည်။

လုယွီသည် လင်းရွှမ်ကို တစ်ချက်ကြည့်ကာ သူ၏မျက်လုံးအကြည့်သည် အေးစက်တင်းမာနေပေ၏။

"ရှီးလျန်မြို့ထဲက သာမာန်လူတစ်ယောက်က မင်းရဲ့ရှေ့မှာ သေဆုံးသွားခဲ့တယ်...မင်းမှာ နည်းနည်းလေးတောင် စာနာသနားတဲ့စိတ်မရှိဘူးလား"

လင်းရွှမ်၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ချက်ချင်းထင်ဟပ်လာသည်။

"အရှင်...ကျွန်တော်က အများကြီး မတွေးလိုက်မိဘူး...ကျွန်တော် တွေးမိတာက အဲ့ဒီအလောင်းက ဘယ်နေရာကနေရောက်လာတာလဲ ဆိုတာပဲ....ဒါက ဒီကိစ္စရဲ့နောက်ကွယ်က အမှုအခင်းနဲ့ဆက်စပ်နေလောက်တယ်"

"အော်...ငါ ဒီအလောင်းကို ဝမ်အိမ်တော်ကနေ ရှာတွေ့ခဲ့တာပဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လင်းရွှမ်၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

လင်းရွှမ်သည် သူ၏ခေါင်းကို မသိမသာမော့၍ ဝမ်မူကျီး၏မျက်နှာအမူအယာကို ကြည့်လိုက်၏။ဝမ်မူကျီးထံတွင် မည်သည့်တုံ့ပြန်မှုမျှမရှိသည်ကိုမြင်တွေ့ချိန်တွင် လင်းရွှမ်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ အဲ့ဒီရာဇဝတ်ကောင်တွေက အလောင်းကို ဝမ်အိမ်တော်မှာ မြှုပ်နှံ့ပြီးတော့ ဝမ်မိသားစုကို ထောင်ချောက်ဆင်ထားတာပဲဖြစ်မယ်....အဲ့ဒီရာဇဝတ်ကောင်တွေက အရမ်းအတင့်ရဲတယ်...ကျွန်တော် ရုံးတော်ကိုပြန်ရောက်တာနဲ့ အဲ့ဒီကောင်တွေကို သေချာပေါက် ရှာဖွေဖမ်းဆီးမယ်"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက အမှုအခင်းတစ်ခုကို မင်း အမြဲတမ်း ဆုံးဖြတ်နေကျနည်းလမ်းလား...ဒီအလောင်းကို ဝမ်အိမ်တော်မှာ တွေ့ခဲ့တယ်....မင်း အရင်ဆုံး ဝမ်အိမ်တော်ကို စုံစမ်းရမှာ မဟုတ်ဘူးလား"

"အုပ်ချုပ်သူအရှင်...ဝမ်မိသားစုက ရှီးလျန်မြို့ရဲ့ ထိပ်သီးမိသားစုကြီးတစ်စုပဲ...သူတို့က ဒီလိုကိစ္စမျိုးကိုမလုပ်မှာ သေချာတယ်...ဘယ်လိုပဲဖြစ်ဖြစ် ဆဋ္ဌမဂိတ်တံခါးမှာ လူအင်အားအကန့်အသတ်ရှိတယ်....ကျွန်တော်တို့က ဒီအမှုကို အစကနေလိုက်ပြီးတော့ စုံစမ်းစစ်ဆေးမယ်ဆိုရင် ဖြေရှင်းဖို့အတွက် အချိန်တွေအများကြီးကြာသွားလိမ့်မယ်"

လင်းရွှမ်၏လေသံသည် နှိမ့်ချခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်း ရှိမနေချေ။

လုယွီက ပြုံးလိုက်ကာ သူ၏လက်ချောင်းများဖြင့် ထိုင်ခုံလက်ရမ်းကိုဆုပ်ကိုင်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။

"ကောင်းပြီလေ...မင်း ဆက်ပြီးစကားပြောဖို့ မလိုတော့ဘူး....ပြန်သွားပြီးတော့ နှုတ်ထွက်စာတစ်စောင်ရေးခဲ့စမ်း...မင်းက ဝမ်မိသားစုကို မစုံစမ်းရဲမှတော့ ငါက စုံစမ်းစစ်ဆေးဝံ့တဲ့သူတစ်ယောက်ကို ရှာရတော့မှာပေါ့"

ပတ်ဝန်းကျင်တွင်ရှိနေသော ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများအားလုံးသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

ဤစကားကို သူသည် ဝမ်မူကျီး၏ရှေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဖြစ်နိုင်သည်မှာ လုယွီသည် ရောက်ရှိလာသော အချိန်အခိုက်အတန့်မှာပင် ဝမ်မိသားစု၏ကြောင်သူတော်ယောင်ဆောင်ထားသောမျက်နှာဖုံးကို ခွာချရန် ဆုံးဖြတ်ထားသလော....

"အုပ်ချုပ်သူအရှင်က ဒီအရာရှိရဲ့စကားကို ပြန်ရုတ်သိမ်းချင်မှတော့...ကျွန်တော်မှာ ဘာမှပြောစရာမရှိပါဘူး"

လင်းရွှမ်သည် အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိဘဲ ဝမ်မူကျီး၏နောက်သို့ လျှောက်လှမ်းသွားလေသည်။

သူသည် ဝမ်မူကျီး၏ဘက်တော်သားတစ်ယောက်ပင်။ဝမ်မူကျီး ပြုတ်မကျသေးသရွေ့ အကယ်၍ ဆဋ္ဌမဂိတ်တံခါး၏ခေါင်းဆောင်လူဆိုးထိန်းဟူသော သူ၏ရာထူးကို လက်လွှက်ရလျှင်ပင် သူ တခြားရာထူးနေရာကို အစားထိုးပြန်လည်ရရှိပေမည်။

ဝမ်မူကျီးသည် ဝိုင်ခွက်တစ်ခွက်ကို ကောက်ကိုင်ကာ သောက်လိုက်သည်။သူ၏မျက်နှာအမူအယာသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိချေ။

"အုပ်ချုပ်သူအရှင်...မင်းက အသက်ငယ်ရွယ်သေးတော့ စိတ်လိုက်မာန်ပါလုပ်တတ်တယ်ဆိုတာ ငါ နားလည်တယ်...ငါ မင်းနဲ့ အငြင်းမပွားချင်ဘူး...ပုရွက်ဆိတ်လိုသေမျိုးလေးတွေ သေသွားတာလောက်နဲ့ မင်း ဒီလောက်ထိလုပ်ဖို့ လိုလို့လား...မင်းက ငါ့ကိုတိုက်ခိုက်ချင်တာလား"

"အခုချိန်မှာ လက်ဝဲစစ်တပ်နယ်​မြေကို အစွမ်းထက်တဲ့ရန်သူတွေက ဝိုင်းရံနေတယ်...ငါတို့က အခြေအနေကိုတည်ငြိမ်အောင်လုပ်ဖို့အတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့လိုတယ်...ပြောရမယ်ဆိုရင် အဲ့ဒီလူတွေ သေသွားတယ်ဆိုတာက ဘာမှအရေးပါတဲ့ကိစ္စမဟုတ်ဘူး"

Chapter 3477

လုယွီက ရုတ်တရက် ဝမ်မူကျီးကိုကြည့်လိုက်သည်။

"မင်းရဲ့အမြင်အရ...တော်ဝင်နန်းတွင်းနဲ့ ပြင်ပဂိုဏ်းအင်အားစုတွေအကြားမှာ ဘာကွဲပြားခြားနားချက်ရှိလဲ"

"ငါ တစ်ချိန်တုန်းက ပြင်ပဂိုဏ်းတစ်ဂိုဏ်းမှာ နေခဲ့ဖူးတယ်...အဲ့ဒီဂိုဏ်းတွေမှာ ခွန်အားကသာ အရေးကြီးဆုံးအရာပဲ...တချို့လူတွေက စီနီယာအကိုဆိုတဲ့လူတွေရဲ့ ညှင်းပန်းနှိပ်စက်ပြီးတော့ သတ်ဖြတ်တာကို ခံရတယ်...ဘာလို့လဲဆိုရင် အဲ့ဒီလူတွေက သူတို့ရဲ့စီနီယာအကိုတွေကို ဦးညွှတ်အရိုအသေ မပြုလို့ပဲ...သူက ဘာအမှားကိုမှကျူးလွန်မထားဘူး...သူက အားနည်းနေရုံ သက်သက်ပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် လက်ရှိနေရာတွင်ရှိနေသော အရာရှိများအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"မင်းတို့ထဲက တချို့ဆိုရင် ရွှယ်အင်မော်တယ်နယ်ပယ်ကိုတောင် ချိုးဖျက်ဝင်ရောက်ပြီးပြီ...ဒီခွန်အားမျိုးနဲ့ဆိုရင် မင်းတို့က ပြင်ပလောကရဲ့ဂိုဏ်းကြီးတွေမှာ အကြီးအကဲတွေ ဂိုဏ်းချုပ်တွေတောင် ဖြစ်နိုင်တယ်...ဒါကြောင့် မင်းတို့က အမြင့်မှာနေနေရတော့ အဲ့ဒီအားနည်းနဲ့လူတွေကို ပုရွက်ဆိတ်တွေလို သဘောထားပြီးတော့ အထင်သေးတယ်...အဲ့ဒီလို မင်းတို့နေနိုင်ဖို့ ဘယ်သူတွေက ထောက်ပံ့ပေးထားတာလဲ"

"ကျင့်ကြံခြင်းနိုင်ငံတွေမှာ ပြင်ပဂိုဏ်းတွေနဲ့တော်ဝင်နန်းတွင်း ကွာခြားချက်က ကံကြမ္မာစွမ်းအား တည်ရှိနေတာပဲ...ဘာလို့ ကံကြမ္မာစွမ်းအားရှိနေတယ်ဆိုရင် မရေမတွက်နိုင်တဲ့လူတွေကြောင့်ပဲ...မင်းတို့ ပုရွက်ဆိတ်တွေလို့ သတ်မှတ်ထားတဲ့ လူတွေက ကောင်းကင်ဘုံနယ်မြေထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတယ်...သူတို့ရဲ့စိတ်နှလုံးသားတွေထဲမှာရှိတဲ့ ကံကြမ္မာတွေ စုစည်းပြီးတော့ တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားဆိုပြီး ဖြစ်လာခဲ့တယ်"

"ငါ မြင်ခဲ့ရတာက လူရိုင်းတစ်စုလိုဖြစ်နေပြီ...သာမာန်လူတွေက မင်းတို့ရဲ့ရှေ့ကိုလာပြီးတော့ အသနားခံတောင်းပန်တယ်...ဒါပေမယ့် မင်းတို့က သူတို့ကို ပုရွက်ဆိတ်တွေလို့သဘောထားပြီးတော့ လျစ်လျှူရှုထားတယ်...မင်းတို့ရဲ့အပြုအမူတွေနဲ့ အဲ့ဒီပြင်ပဂိုဏ်းအင်အားစုတွေကြားမှာ ဘာကွာခြားချက်ရှိတော့လို့လဲ"

လက်ရှိနေရာတွင်ရှိနေသော အရာရှိအများစုမှနေ၍ လုယွီကိုကြည့်သော မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

လုယွီ၏စူးရှတောက်ပသောအကြည့်အောက်တွင် ထိုအရာရှိများသည် သူတို့ကိုယ်သူတို့ ရှက်ရွံသကဲ့သို့ ခံစားမိလေ၏။

ဤအချိန်အခိုက်အတန့်တွင် ဝမ်မူကျီးသည် သူ၏ဝိုင်အရက်ကို ဆက်လက်၍မသောက်နိုင်တော့ချေ။သူ၏ခေါင်းကိုမော့ကာ ပြောဆိုလိုက်သည်။

"ဒါဆိုရင် အုပ်ချုပ်ရေးအဖွဲ့က ဒီကိစ္စကိုသေသေချာချာစုံစမ်းရမယ်လို့ မင်းက ဆိုလိုချင်တာလား...တကယ်လို့ မင်း အဲ့ဒီလိုလုပ်မယ်ဆိုရင် မင်းက ငါ့ကို ဘာမျက်နှာသာမှမပေးတာနဲ့ အတူတူပဲဆိုတာ မင်း သိလား...မင်း အကျိုးဆက်တွေကို စဥ်းစားဖို့လိုလိမ့်မယ်"

"ငါက အရာရာတိုင်းကို တာယွီအင်ပါယာရဲ့ဥပဒေအရပဲ ဆောင်ရွက်တယ်...ငါ့ကို သတ်ပစ်မယ်ဆိုရင်တောင် ငါက အမှန်အတိုင်းဖြစ်အောင် လုပ်ရမှာပဲ"

လုယွီသည် ဝမ်မူကျီး၏ခြိမ်းခြောက်စကားကို အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

သူသည် မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို လက်ညှိုးညွှန်ပြကာ မေးမြန်းလိုက်သည်။

"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကြောင့် မင်းရဲ့နှလုံးသား အေးစက်သွားတာလားလို့ ငါ မေးချင်တယ်...ဖြစ်နိုင်တာတော့ မင်းတို့တွေအားလုံးက ရှေးဟောင်းခေတ်ရဲ့မေ့လျော့ခြင်းတာအိုကို ကျင့်ကြံတာများလား...မင်းတို့က ဒီကချေသည်ရဲ့ခံစားချက်ကို တကယ်ကြီးမသိကြတာလား"

"တကယ်တော့ မင်းတို့ မသိတာလည်းဖြစ်နိုင်တယ်...မင်းတို့က အဆင့်အတန်းမြင့်မားပြီးတော့ မြင့်မြတ်တဲ့အရာရှိကြီးတွေပဲ....အဲ့ဒီသာမာန်လူတွေက မင်းတို့အတွက် ဘာမှမဟုတ်ဘူး...ဒါကြောင့် ငါ ဒီနေရာကို ရောက်လာတာပဲ...ငါ မင်းတို့အားလုံးသိအောင် ပြောလိုက်မယ်...အုပ်ချုပ်ရေးအဖွဲ့မှာ လိုအပ်နေတာက လူတွေအတွက် အလုပ်လုပ်ပေးနိုင်မယ့်သူတွေပဲ...ဘယ်လိုမြှောက်ပင့်ဖားယားရမယ်ဆိုတာကိုပဲသိတဲ့ အသုံးမကျတဲ့လူတစ်သိုက်မဟုတ်ဘူး"

လုယွီသည် ဤကိစ္စနှင့်ပတ်သတ်ပြီး ဝမ်မူကျီးကို ပြေရာပြေကြောင်း ဆက်၍ပြောဆိုမနေရန် ဆုံးဖြတ်လိုက်၏။

ကချေသည်၏သေခြင်းသည် လုယွီကို အမှန်တကယ် ဒေါသထွက်သွားစေသည်။

သူမ၏သမီးသည် သူမအတွက် အရာရာဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

ယခုချိန်တွင် ကျင့်ကြံခြင်းအင်ပါယာတစ်ခုအတွင်း၌ ဖြစ်နေသော်လည်း ခွန်အားမရှိသူများအတွက် အလယ်ခေတ်ကာလအချိန်များနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

နေရာအနှံ့အပြားတွင် အင်အားကောင်းသူများမှ အားနည်းသူများကို အနိုင်ကျင့်သည့် မြင်ကွင်းများနှင့် ပြည့်နှက်နေသည်။

ဤနေရာသည် ဝမ်အိမ်တော်နှင့် အလွန်နီးကပ်စွာတည်ရှိသည်။ကချေသည်သည် ဝမ်အိမ်တော်ရှိ အလင်းရောင်များ ကြီးကျယ်ခမ်းနားနေခြင်းများကို အဝေးမှသာ နေ့စဥ်နေ့တိုင်း စောင့်ကြည့်နေခဲ့ရကာ သူမ အနီးသို့ချဥ်းကပ်နိုင်ခြင်းမရှိချေ။

သူမ၏သမီးဖြစ်သူသည် ဝမ်အိမ်တော်အတွင်း၌ရှိနေသည်ကို သူမ သိရှိသော်လည်း အတွင်းသို့ဝင်ရောက်နိုင်ခြင်းမရှိချေ။မည်သူကမျှ သူမ၏စကားကိုနားမထောင်ကြသည့်အပြင် မည်သူကမျှ သူမကို ကူညီမပေးကြချေ။သူမ၏သမီးသည် အတွင်း၌ မည်ကဲ့သို့အခြေအနေရှိသည်ကိုလည်း သူမ မသိရှိပေ။သူမသည် တံခါး၏ပြင်ပ၌ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တစ်ရက်ပြီးတစ်ရက် သူမ၏သမီးထွက်လာမည်ကို စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။

ဝမ်မူကျီး၏ရှေ့တွင် ဝမ်မိသားစုကို တိုင်တန်းစဥ်ကတည်းက ထိုကချေသည်သည် သေဆုံးရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

သို့ရာတွင် သူမကို စောင့်ဆိုင်းနေသည်မှာ အလောင်းတစ်လောင်းပင်။

သူမသမီး၏ပုံပန်းသွင်ပြင်သည် များစွာပြောင်းလဲခြင်းမရှိချေ။

သူမ၏သမီးသေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ထိုမိန်းကလေး၏ခန္ဓာကိုယ်ပေါ်တွင် ယခုထိတိုင် မပျောက်ကင်းသေးသော ဒဏ်ရာများဖုံးလွှမ်းနေသည်မှာ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုပင်။

Chapter 3478

"အုပ်ချုပ်သူအရှင်...ဒီနိမ့်ကျတဲ့လူနှစ်ယောက်အတွက်နဲ့ မင်း ငါ့ကို ဆန့်ကျင်တိုက်ခိုက်ချင်တာ သေချာလား"

ဝမ်မူကျီးသည် မျက်မှောင်ကြုတ်ကာ ယခုလက်ရှိအခြေအနေနှင့်ပတ်သတ်၍ အလွန်စိတ်မကျေမနပ်ဖြစ်နေပုံရသည်။

ဤအခြေအနေသည် သူ၏ထိန်းချုပ်နိုင်မှုထက် များစွာပို၍ ကျော်လွန်နေပေ၏။

သူ အခြေအနေကို မည်မျှပင်တွက်ချက်ထားပါစေ ထိုကချေသည်သည် ပြေးဝင်လာပြီး ဝမ်မိသားစုကို တိုင်တန်းမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဝမ်မူကျီး....ငါ မင်းရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့ စုံစမ်းပြီးပြီ...မင်းက အစကတည်းက ပြင်းပြင်းထန်ထန် ကြိုးစားလာခဲ့တဲ့လူလို့ ယူဆနိုင်ပေမယ့်...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာရှိတဲ့ ဝမ်မိသားစုက မူလကတည်းက အစွမ်းထက်ပြီးတော့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုပဲ...မင်း ငယ်စဥ်ကတည်းက ချမ်းသာကြွယ်ဝတဲ့ဘဝမှာ နေထိုင်ခဲ့ရတယ်...မင်းက ရန်သူတွေကို တိုက်ခိုက်အနိုင်ယူနိုင်ပြီးတော့ နာမည်ကျော်ကြားတဲ့ဆရာသခင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကိုလည်း ရခဲ့တယ်...မင်း ကြယ်နယ်မြေသခင်ဖြစ်လာတဲ့အချိန်ထိ ဘဝတလျှောက်လုံးမှာ ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်ခဲ့တယ်...မင်း အောက်ခြေလူတန်းစားတွေရဲ့ဘဝကို နားမလည်တဲ့အတွက် ငါ မင်းကို အပြစ်မ​တင်ဘူး"

လုယွီက သူ၏လက်ကိုဆန့်တန်းပြီး မိုးကောင်းကင်ယံကို လက်ညှိုးညွှန်လိုက်သည်။

"တစ်ချိန်တည်းက လူတစ်ယောက်ကနေပြီးတော့ ငါ့ကို ဒီလောကကြီးထဲမှာ မိုးကောင်းကင်တာအိုရှိနေတာကို သူယုံကြည်တယ်လို့ ငါ့ကိုပြောခဲ့ဖူးတယ်...ဒီလောကကြီးထဲမှာ နတ်ဘုရားတွေလည်း ရှိနေတယ်...လူတစ်ယောက်က ဘာတွေပဲလုပ်နေနေ အဆုံးသတ်ကျရင် သူက မိုးကောင်းကင်တာအိုရဲ့စောင့်ကြည့်တာကို ခံနေရတာပဲ....သူက တုံ့ပြန်မှုတွေကို ရရှိလိမ့်မယ်....ဒါပေမယ့် အဲ့ဒီလူရဲ့ဘဝတလျှောက်လုံး ကောင်းမွန်တာတွေကိုပဲ လုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ သူက ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့တယ်...ဒါကြောင့် ဒီလောကကြီးထဲမှာ မိုးကောင်းကင်တာအိုက အလကားဖြစ်ပြီးတော့ လူသားတွေရဲ့တရားစီရင်မှုပဲရှိတယ်ဆိုတာ ငါ သိသွားတယ်"

"ဒီနေ့ကိစ္စက အရမ်းရုတ်တရက်ဆန်တယ်လို့ မင်း တွေးထင်နေလိမ့်မယ်...ဒါပေမယ့် ငါ ခံစားမိတာကတော့ ဒီကိစ္စတွေက ပုံမှန်ဖြစ်နေကျတွေပဲ....မင်းတို့လို အဆင့်အတန်းမြင့်မားတဲ့သူတွေက သာမာန်လူတွေအပေါ် တစ်ခုခုလုပ်ပေးဖို့ ငါ မမျှော်လင့်ဘူး...ဒါပေမယ့် မင်းတို့က သူတို့ကို လူသားတွေလို ဆက်ဆံပေးဖို့ ငါ မျှော်လင့်တယ်...ငါ တကယ်တော့ အရမ်းသိချင်မိတယ်...တကယ်လို့ မင်းတို့ရဲ့ကလေးတစ်ယောက်သာ နေရာတစ်ခုမှာ ပိတ်မိနေရင်....မင်းတို့ သူ့ကို ဘယ်တော့မှမတွေ့ရရင် ဘယ်လိုမျိုးခံစားရမလဲဆိုတာ...မင်းတို့ရဲ့အေးစက်တဲ့နှလုံးသားတွေထဲမှာ နာကျင်မှုကို ခံစားရနိုင်လား"

ယနေ့အဖြစ်အပျက်သည် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။

လက်ဝဲစစ်တပ်၏တပ်မှူးအသစ်သည် ရာထူးကိုလွှဲပြောင်းယူသော ပထမဆုံးနေ့မှာပင် ကြယ်နယ်မြေသခင်ဝမ်မူကျီးနှင့် ရန်သူများ ဖြစ်သွားကြလေပြီ။ဤသည်မှာ မကြုံစဖူးဖြစ်ရပ်တစ်ခုပင်။လက်ရှိနေရာတွင်ရှိနေသော အရာရှိများ၏မျက်နှာများပေါ်တွင် မည်သည့်အမူအယာမျိုးမျှ ရှိမနေသော်လည်း သူတို့၏စိတ်နှလုံးသားများအတွင်း၌ ရှုပ်ထွေးသောခံစားချက်များနှင့် ပြည့်နှက်နေသည်။တချို့သည် လှောင်ပြောင်သရော်နေကာ တချို့သည် အထင်အမြင်သေးနေကြပြီး တချို့သည် စိုးရိမ်ကြောင့်ကြနေပြီး တချို့ကမူ ဒေါသထွက်နေကြ၏။

"ဟား ဟား ဟား..ကောင်းတယ်...ကောင်းတယ်..ငါ မင်းကို လျှော့တွက်ခဲ့မိတယ်....မင်း ဒီနေရာကို ရောက်လာတာ....မင်းဆရာသခင်ရဲ့နာမည်ဂုဏ်သတင်းနဲ့ကျော်ကြားမှုကြောင့်လို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် မင်းက ငါ့ကို ဆန့်ကျင်တိုက်ခိုက်မယ်လို့တော့ ငါ မျှော်လင့်မထားမိဘူး...မင်း ဘာလုပ်ချင်တာလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

ဝမ်မူကျီးသည် အေးစက်စက်ရယ်မောကာ သူ၏မျက်နှာပေါ်၌ သရော်တော်တော်အမူအယာမျိုးထင်ဟပ်နေသည်။

လုယွီသည် သူ့အားဖြုတ်ချနိုင်မည်ကို ဝမ်မူကျီးသည် စိုးရိမ်ပူပန်ခြင်းမရှိချေ။

ဤရှီးလျန်ကြယ်နယ်မြေအတွင်းတွင် သူ၏နောက်လိုက်မဟုတ်သည့်သူဟူ၍ မည်သူရှိသနည်း...

ရှီးလျန်ကြယ်နယ်မြေ၌ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ပြီးနောက် ဝမ်မိသားစုသည် နက်ရှိုင်းစွာ ခြေကုပ်ယူထားပြီးလေပြီ။လုယွီကဲ့သို့ အသစ်ခန့်အပ်ခံထားရသော လက်ဝဲတပ်မှူးတစ်ယောက်သည် သူ့အား ဖြုတ်ချရန်မှာ မဖြစ်နိုင်ချေ။

လုယွီသည် ဝမ်ခန်း၏ခြိမ်းခြောက်စကားကို မကြားသကဲ့သို့သာ ပြုမူနေသည်။

သူက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒီနေရာမှာ ရာဇဝတ်မှုတစ်ခုဖြစ်သွားမှတော့..ငါ ဒါကို ဖြေရှင်းရလိမ့်မယ်...ဒီကချေသည်က သူ့ရဲ့သမီးကို ဝမ်ခန်းဖမ်းခေါ်သွားတာလို့ ပြောခဲ့ပြီးတော့ အလောင်းကိုလည်း ဝမ်အိမ်တော်မှာ တွေ့ခဲ့တယ်...ဒါကြောင့် ဒီကိစ္စက ဝမ်ခန်းနဲ့ ဆက်စပ်နေလိမ့်မယ်...အခု ဝမ်ခန်းဘယ်မှာလဲ"

ဝမ်မူကျီးက လှောင်ပြောင်သရော်လိုက်၏။

"ဒီနေ့ ငါ့ရဲ့သားက ကိုယ်လုပ်တော်တစ်ယောက် ထပ်ယူထားတာကြောင့် ပျော်နေလောက်ပြီ....ဒါကြောင့် သူ ဒီနေရာကိုလာဖို့ အချိန်မရှိလောက်ဘူး...အုပ်ချုပ်သူအရှင် မနက်ဖြန်ထိစောင့်ရမှာကို ငါ စိုးရိမ်မိတယ်"

လုယွီသည် သူ၏စကားကိုလျစ်လျှူရှုကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။

"ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကလူတွေ ဘယ်မှာလဲ...ဝမ်ခန်းကို ခေါ်လာခဲ့ကြစမ်း"

သို့ရာတွင် အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။အခန်းအတွင်း၌ အရာရှိအမြောက်အများ ထိုင်နေသော်လည်း မည်သူကမျှ မတ်တတ်ထရပ်ခြင်းမရှိချေ။

ထိုလူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဝမ်မူကျီးကို တစ်ချက်ကြည့်ကာ စကားမ​ဆိုဝံ့ကြပေ။

ဤသည်မှာ အဆင့်မြင့်အရာရှိနှစ်ယောက်ကြားမှ ယှဥ်ပြိုင်ပွဲဖြစ်သဖြင့် သူတို့ ဝင်ရောက်မစွက်ဖက်သည်က အကောင်းဆုံးဖြစ်ပေမည်။အကယ်၍ သူတို့ သတိလက်လွတ်နေမိပါက အလဟဿ ကြေမွှပျက်စီးသွားနိုင်သည်။

ဝမ်မူကျီး၏နောက်တွင် မတ်တတ်ရပ်နေသော လင်းရွှမ်က သရော်တော်တော်ပြောဆိုသည်။

"အုပ်ချုပ်သူအရှင်....တကယ်လို့ ဒီကိစ္စက ခုဏကသာဖြစ်သွားရင် ငါ မင်းကို ကူညီပေးနိုင်တယ်...ဒါပေမယ့် မင်းက ငါ့ကို လူဆိုးထိန်းခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်လိုက်ပြီ...ငါ့မှာ လူတွေကို ဖမ်းဆီးနိုင်မယ့်အခွင့်အရေးမျိုး မရှိတော့မှာကို ငါ စိုးရိမ်မိတယ်"

Chapter 3479

လုယွီမျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါ မင်းကို အသုံးလိုတယ်လို့ ငါ ပြောလို့လား...မင်း ဝမ်ခန်းရဲ့နောက်မှာပဲ လိမ်လိမ်မာမာ နေစမ်း...မဟုတ်ရင် မင်း သေရမယ်"

ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က လင်းရွှမ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

လင်းရွှမ်သည် သတ်ဖြတ်ရာတွင် အတွေ့အကြုံရှိသော ကျင့်ကြံသူတစ်ယောက်ပင်။

သို့ရာတွင် ဤတုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၏လွှမ်းခြုံခြင်းကိုခံရပြီးနောက် လင်းရွှမ်၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းတောင့်တင်းသွားကာ သူသည် အနည်းငယ်မျှပင် မလှုပ်ရှားဝံ့တော့ချေ။

အကယ်၍ သူ အနည်းငယ်သတိလက်လွတ် ပြုမူမိပါက လုယွီသည် သူ့အား တိုက်ရိုက်သတ်ဖြတ်မည်ဖြစ်ကြောင်း သူ ခံစားမိသည်။ဝမ်မူကျီးပင်လျှင် သူ့အား ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

လင်းရွှမ်သည် ချက်ချင်းဆိုသလိုပင် သူ၏ပါးစပ်ကိုပိတ်ကာ စကားတစ်ခွန်းမျှ ထပ်မဆိုတော့ချေ။

"နောက်ရက်တစ်ရက်လောက်ကျမှ ငါ့ရဲ့သားကို မင်းရဲ့နားနေဆောင်ဆီခေါ်လာပြီးတော့ တောင်းပန်ခိုင်းရမလား"

ဝမ်မူကျီးက ချောင်းတစ်ချက်ဟန့်ကာ ထပ်မံ၍ပြောဆိုသည်။

တခြားအရာရှိများသည် ကြက်သေသေသွားလေ၏။

ဤသည်မှာ သူသည် လုယွီကို စိတ်ဆန္ဒကောင်းတစ်ခု ပြသနေသည်မဟုတ်လော....

သို့ရာတွင် ယခုလက်ရှိနေရာတွင်ရှိနေသူများသည် တစ်စုံတစ်ခုကို သတိပြုမိသည်။

အကယ်၍ တခြားနေ့တစ်နေ့သို့ အမှန်တကယ်ရောက်ရှိလာပါက ဤကိစ္စသည် ယခုအတိုင်း အဆုံးသတ်သွားပေမည်။နောက်ဆုံး၌ ဤသည်မှာ တောင်းပန်ရုံမျှသာဖြစ်ပြီး လွယ်လင့်တကူ ဖြေရှင်းပြီးဖြစ်ပေလိမ့်မည်။

ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ အကယ်၍ လုယွီသည် ဤကိစ္စကို ထိုကဲ့သို့ကိုင်တွယ်လိုက်ပါက နောင်အနာဂတ်တွင် သူသည် ဝမ်မူကျီး၏ရှေ့၌ ခေါင်းမော့နိုင်တော့မည်မဟုတ်ချေ။

ဝမ်မူကျီးသည် လုယွီကို ထွက်ပေါက်တစ်ခုပေးနေပုံရသော်လည်း အမှန်အားဖြင့် ထောင်ချောက်တစ်ခုပင်။

လုယွီသည် သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို တတောက်တောက်ခေါက်ကာ တည်ငြိမ်စွာပြောဆိုသည်။

"အောင်းကွမ်း...ဝမ်ခန်းကို ငါ့ဆီ ဖမ်းခေါ်လာခဲ့စမ်း"

"ဟုတ်ကဲ့ပါ အရှင်"

အောင်းကွမ်းသည် နံဘေးရှိစားပွဲမှနေ၍ မတ်တတ်ထရပ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခုရှိနေကာ ​ပြတင်းပေါက်မှနေ၍ ပျံသန်းသွားပြီးနောက် လက်သည်းငါးချောင်းရွှေနဂါးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။

"ဝေါင်း..."

နဂါးဟိန်းသံတစ်သံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။

"ဒါက အစစ်အမှန် နဂါးတစ်ကောင်ပဲ"

"သူ့ရဲ့သွေးမျိုးဆက်အရကြည့်ရင် သန့်စင်တဲ့အစစ်အမှန်နဂါးတစ်ကောင်ပဲ...လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်မှာ အစစ်အမှန်နဂါးတစ်ကောင် ရှိနေတာပါလား"

လက်ရှိနေရာတွင်ရှိနေသော အရာရှိများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

နဂါးမျိုးနွယ်များသည် လောကကြီးအတွင်း၌ မာနအထောင်လွှားဆုံး သက်ရှိသတ္တဝါများပင်။

လူအများစုသည် အကယ်၍ သူတို့ထံတွင် လုံလောက်စွာ အစွမ်းထက်သော အင်အားမျိုးရှိနေလျှင်ပင် နဂါးမျိုးနွယ်များကို သိမ်းသွင်းနိုင်ရန် လွန်စွာခက်ခဲသည်။

အကယ်၍ သူတို့သည် နဂါးမျိုးနွယ်များကို သိမ်းသွင်းနိုင်လျှင်ပင် အများဆုံးအနေဖြင့် မြေနဂါး မီးနဂါးကဲ့သို့ နဂါးများသာဖြစ်ပြီး အစစ်အမှန်နဂါးများနှင့် မတူညီချေ။

နဂါးများသည် ဧကရာဇ်၏နောက်သို့သာ လိုက်ကြပေ၏။

ဆိုလိုသည်မှာ ကျင့်ကြံဆင့်နယ်ပယ်မြင့်မားပြီး အစွမ်းထက်ကာ လောကကြီးအတွင်းရှိ အရာရာတိုင်းကို ထိန်းချုပ်နိုင်သော ဧကရာဇ်များကသာ အစစ်အမှန်နဂါးတစ်ကောင်၏သစ္စာခံမှုကို ရရှိနိုင်ခြင်းပင်။

အစစ်အမှန် နဂါးတစ်ကောင် ပျံသန်းသွားသည်ကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသော အရာရှိများ၏မျက်လုံးများအတွင်း၌ ဝေခွဲရခက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့အနက်မှတချို့သည် အနာဂတ်အကျိုးအမြတ်များအတွက် ပြန်လည်စဥ်းစားသုံးသပ်နေလေပြီ။

……

မလှမ်းမကမ်းအကွာအဝေးရှိ ဝမ်အိမ်တော်၌...

ဤအချိန်အခိုက်အတန့်တွင် ဝမ်အိမ်တော်ခြံဝန်းအတွင်း၌ မီးအိမ်များ ဖဲကြိုးများဖြင့် အလှဆင်ထားကာ ပျော်ရွှင်ဝမ်းမြောက်ဖွယ် မြင်ကွင်းတစ်ခုပင်။

တောက်ပသောအနီရောင်မင်္ဂလာစာလုံးများကို အိမ်တော်၏နေရာအနှံ့အပြား၌ ကပ်ထားသည်အား မြင်တွေ့နိုင်သည်။

ယနေ့သည် ဝမ်ခန်း၏မင်္ဂလာပွဲနေ့ဖြစ်သည်။

ဝမ်ခန်း၏မိတ်ဆွေသူငယ်ချင်းများသည် မင်္ဂလာပွဲအား ဂုဏ်ပြုရန်အတွက် ရောက်ရှိလာကြရာ အနောက်ဘက်ခြံဝန်းအတွင်း၌ ကျယ်လောင်သောဂုဏ်ပြုချီးမွမ်းသံများနှင့် ပြည့်နှက်နေသည်။

ဝမ်မိသားစုသည် ရှီးလျန်မြို့အတွင်းရှိ ထိပ်သီးမိသားစုအနက်မှတစ်စုဖြစ်လေရာ လက်ထပ်ခြင်းသည် ထိပ်သီးအရေးကြီးကိစ္စတစ်ရပ်ဖြစ်ပေ၏။

သို့ရာတွင် ကိုယ်လုပ်တော်တစ်ယောက်ကို လက်ထပ်ယူခြင်းမှာမူ အရေးမပါလှချေ။

မိသားစုကြီးများမှ လူငယ်သခင်လေးများတွင် ကိုယ်လုပ်တော်အမြောက်အများရှိသည်မှာ အလွန်အမင်းသာမာန်ဆန်သောကိစ္စဖြစ်သည်။ထို့ကြောင့် သူတို့ရှေ့ရှိ လက်ထပ်ပွဲသည် အလွန်ရိုးရှင်းပြီး အကြမ်းဆန်သည်။

ဤနေရာတွင် ရိုးရှင်းသော အနီရောင်စင်မြင့်တစ်ခုသာ ရှိနေသည်။

သတို့သမီး၏ခေါင်းထက်၌ အနီရောင်အဝတ်စတစ်စကို ခြုံလွှမ်းထားကာ စင်မြင့်၏ထောင့်၌ သူမတစ်ယောက်တည်း မတ်တတ်ရပ်နေသည်။

စင်မြင့်အောက်တွင် ရှီးလျန်မြို့အတွင်းမှ လူငယ်ပါရမီရှင်များ သောက်စားနေကြ၏။သူတို့သည် စကားပြောရင်းရယ်မောနေကြကာ သတို့သမီးကို အနည်းငယ်မျှပင် အာရုံစိုက်ပုံမရချေ။

"သခင်လေးဝမ်ကို ဂုဏ်ပြုပါတယ်...အလှလေးတစ်ယောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီ...ဟား ဟား ဟား...."

"နင်မိသားစုရဲ့မိန်းကလေးက အေးစက်စက်အလှပဂေးလေးလို့ ငါ ကြားဖူးတယ်...သခင်လေးဝမ်က သူ့ကို ဘယ်လိုမျိုးသိမ်းပိုက်နိုင်ခဲ့တာလဲဆိုတာ ငါ သိချင်မိတယ်....သူက အရမ်းလှတယ်....တစ်ရက်ရက်ကျရင် ကျေးဇူးပြုပြီးတော့ သခင်လေးဝမ်ရဲ့အတွေ့အကြုံတွေကို မျှဝေပေးပါအုံး"

"သောက်ချေးပဲ....သခင်လေးဝမ်က ဘယ်လိုလူစားမျိုးမလို့လဲ...သူ ဘယ်မိန်းကလေးကိုပဲ လိုချင်နေပါစေ စကားတစ်ခွန်း ပြောလိုက်ရုံပဲ...မင်းက သခင်လေးဝမ်ဆီကနေ သင်ယူချင်တာလား...အိမ်မက်မက်နေလိုက်စမ်း"

Chapter 3480

လူတစ်စုသည် မင်္ဂလာပွဲအခမ်းအနား၌ သောက်စားပျော်ပါးနေကြကာ လက်ထပ်ခြင်းကို အနည်းငယ်မျှပင် အာရုံမစိုက်ကြချေ။

ချမ်းသာကြွယ်ဝပြီး သြဇာအာဏာကြီးမားသော မိသားစုများအကြားတွင် လူပေါ်ကြော့သခင်လေးတချို့သည် တစ်ယောက်နှင့်တစ်ယောက် လှပသောကိုယ်လုပ်တော်များကို မကြာခဏ လဲလှယ်လေ့ရှိသည်။ဤသည်မှာ သူတို့အတွက် အရှက်ရစရာမဟုတ်ဘဲ ဂုဏ်ယူဝင့်ကြွားစရာတစ်ခုပင်။

ထို့ပြင် ဝမ်ခန်းကဲ့သို့ ထိပ်သီးမိသားစုတစ်စုမှ သခင်လေးတစ်ယောက်အတွက် သူနှင့်အဆင့်အတန်းတူညီသော ဇနီးမယားတစ်ယောက်ကိုသာ လက်ထပ်ထိမ်းမြှားပေမည်။

ဝမ်ခန်းထံတွင် စေ့စပ်ထားသူရှိနှင့်ပြီးဖြစ်သည်။သူမသည် ချီဘုရင်၏အိမ်တော်မှသခင်မလေး ဖြစ်ပေ၏။

လက်ထပ်ပွဲနေ့သည် ယခုထိတိုင်မရောက်ရှိသေးသော်လည်း နှစ်ဖက်မိသားစုအကြားမှ သဘောတူညီချက်ကို ပြုလုပ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ထိုလက်ထပ်ပွဲအခမ်းအနား အထမြောက်သွားသည်နှင့် ဝမ်အိမ်တော်နှင့်ချီဘုရင်၏အိမ်တော်အကြားတွင် ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပေမည်။ထိုအချိန်ကျပါက ဝမ်မိသားစုသည် တော်ဝင်မိသားစုဝင်ဖြစ်လာကာ ယခုထက်ပို၍ ဂုဏ်သိက္ခာကြီးမြင့်သွားပေလိမ့်မည်။

လက်ရှိနေရာတွင် ရှိနေသူအများစုသည် ရှီးလျန်ပါရမီရှင်စာရင်းမှ လူငယ်ပါရမီရှင်များဖြစ်သည်။

သူတို့အားလုံးသည် ဗဟုသုတကြွယ်ဝသူများဖြစ်သဖြင့် ဝမ်ခန်းနှင့်အလျှင်အမြန် မဟာမိတ်ဖွဲ့ထားကာ သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြပြီး နောင်အနာဂတ်တွင် အကျိုးအမြတ်များ ပို၍ရရှိစေရန် ရည်ရွယ်ထားသည်။

ဝမ်ခန်းသည် ဝိုင်အရက်တစ်ခွက်ကို သောက်ပြီးနောက် အပြုံးနှင့်ပြောဆိုသည်။

"မင်း ပြောတာအမှန်ပဲ...ဒါက မိန်းကလေးတစ်ယောက်ပဲလေ...ငါ လိုချင်သလောက် အများကြီးရနိုင်တယ်...ဒီရှီးလျန်မြို့တစ်မြို့လုံးက ငါ့ရဲ့အပိုင်ပဲ....ငါ တခြားဘာအထူးနည်းလမ်းကိုမှ သုံးနေဖို့ မလိုအပ်ဘူး"

ဤစကားများသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

သို့ရာတွင် ထိုစကားများသည် ဝမ်ခန်း၏နှုတ်မှ ထွက်လာခြင်းဖြစ်သဖြင့် လက်သင့်ခံနိုင်ဖွယ်ရှိသည်။

သူတို့၏ဝမ်မိသားစုသည် အမှန်တကယ်ကိုပင် ရှီးလျန်မြို့တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်သည်။

"ပြောရမယ်ဆိုရင်...နောက်ဆုံးတစ်ကြိမ်မှာ အကျဥ်းထောင်ထဲကနေ လွတ်သွားတဲ့ကောင်စုတ်လေးက ကံတော်တော်ကောင်းတယ်လို့ ယူဆလို့ရတယ်...မဟုတ်ရင် သူက သခင်လေးဝမ်ရဲ့မိန်းကလေးကို အရင်ကပရောပရီလုပ်ဖူးတယ်ဆိုတဲ့ အချက်နဲ့တင် သူ အကြိမ်ပေါင်းရာနဲ့ချီပြီးသေသွားရင်တောင် မလုံလောက်သေးဘူး"

"ဒါက အမှန်ပဲ...သူက သေခြင်းနဲ့ရှင်ခြင်းကြား ကွာဟချက်ကို တကယ်မသိတဲ့ကောင်ပဲ...သူက သခင်လေးဝမ်ရဲ့မိန်းကလေးကိုတောင် လာထိဝံ့တယ်....တကယ်လို့ ငါ ရှီးလျန်မြို့ထဲမှာ အဲ့ဒီကောင်ကို ထပ်တွေ့ရမယ်ဆိုရင် ငါ သူ့ကို သေချာပေါက် သင်ခန်းစာပေးပစ်မယ်"

လူတချို့သည် လုယွီ၏အကြောင်းကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလိုက်ကြ၏။

အတိတ်တွင် အင်ပါယာနှစ်ခုကြားမှယှဥ်ပြိုင်ပွဲ၌ နဥ်အမ်ထုံသည် ယှဥ်ပြိုင်ပွဲပြီးဆုံးချိန်တွင် ညစာစားရန်အတွက် လုယွီကို ဖိတ်ခေါ်ခဲ့သည်။ဤသည်မှာ သူတို့အားလုံး မြင်တွေ့ခဲ့သော ကိစ္စတစ်ရပ်ဖြစ်သည်။

ထိုအချိန်တုန်းက မည်သူကမျှ လုယွီကို အပြစ်မတင်ကြချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကွဲပြားခြားနားသွားလေ၏။

နဥ်အမ်ထုံသည် ဝမ်ခန်း၏ကိုယ်လုပ်တော် ဖြစ်သွားလေပြီ။အကယ်၍ လုယွီသည် သူမကို ဆက်လက်၍ တွယ်ကပ်နေပါက သေလမ်းရှာဖွေခြင်းသာဖြစ်ပေမည်။

အထူးသဖြင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှနေ၍ လုယွီသည် လေဟာနယ်ဓားပြများ၏သူလျှိုတစ်ယောက်ဖြစ်ကြောင်း ဝရမ်းထုတ်ထားသည်ကို လူတိုင်းသိရှိပြီးဖြစ်သည်။ပိုင်းခြားသိမြင်နိုင်သည့် စဥ်းစားဥာဏ်ရှိသော မည်သူမဆို ဝမ်မိသားစုသည် လုယွီကို အကွက်ဆင်ရန်ကြိုးပမ်းနေကြောင်း သိရှိနိုင်ပေ၏။

ဤအချိန်တွင် လုယွီ၏မကောင်းကြောင်းကို ပြောဆိုရန် အချိန်ကောင်းဖြစ်သည်။

"ဟီး ဟီး...လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံနည်းစနစ်တချို့ကို မှီခိုနေရတဲ့ လေလွင့်ကျင့်ကြံသူလေးတစ်ယောက်ကများ...တကယ်လို့ လက်ဝဲစစ်တပ်ရဲ့အသစ်ခန့်အပ်ခံတဲ့ တပ်မှူးအသစ်ရောက်လာမှာကြောင့် ငါ့ရဲ့အဖေက ငါ့ကို ဘာပြဿနာမှမတက်စေဖို့ ဟန့်တားထားတာကြောင့်သာမဟုတ်ရင် ဘာကိစ္စပဲရှိရှိ ငါ အဲ့ဒီကောင်ကို ဖမ်းပြီးနေလောက်ပြီ"

ဝမ်ခန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာနှင့် ပြောဆိုသည်။

တခြားလူများသည်လည်း ဝမ်ခန်း၏နောက်မှ သံယောင်လိုက်ကာ လုယွီကို အရှင်လတ်လတ် အရေခွံခွာလိုသည့်အလား ပြောဆိုနေကြသည်။

သူတို့သည် ယခင်အင်ပါယာနှစ်ခုအကြားမှယှဥ်ပြိုင်ပွဲတွင် သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အနိုင်မရရှိခဲ့သည်ကို မေ့လျော့သွားလေပြီ။အဆုံးသတ်၌ လုယွီကသာ ယှဥ်ပြိုင်ပွဲရလဒ်ကို ပြောင်းပြန်လှန်ခဲ့သူပင်။

သို့ရာတွင် ယခုချိန်၌ သူတို့အားလုံးသည် လုယွီ၏အောင်မြင်မှုများကို အမှတ်မရတော့ချေ။သူတို့သည် လုယွီကို ဆိုးသွမ်းသောပြစ်မှုများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်သားတစ်ယောက်ဟုသာ ယူဆထားကြလေ၏။

ဤစကားများသည့် နဥ်အမ်ထုံ၏နားအတွင်းသို့ ကျရောက်သွားကာ စကားလုံးတစ်လုံးတစ်လေမျှ လွဲချော်သွားခြင်းမရှိချေ။

အနီရောင်စင်မြင့်ပေါ်၌ မတ်တတ်ရပ်နေသော နဥ်အမ်ထုံ၏ခန္ဓာကိုယ် မသိမသာတုန်ရီနေသည်။

ဤကိစ္စများအားလုံးသည် သူမ ဆန္ဒရှိခဲ့ခြင်းမဟုတ်ပေ။

သူမ၏ဖခင်နဥ်ကျိုးကို ဝမ်ခန်း ဖမ်းဆီးထားသည်အား သူမ ကြားသိခဲ့ရသည်။ထို့ကြောင့် နဥ်အမ်ထုံသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်အိမ်တော်သို့ သွားခဲ့လေ၏။

ဝမ်ခန်းထံတွင် မူလကတည်းက ဆိုးညစ်သောရည်ရွယ်ချက်များ ရှိနေသည်။

ဝမ်အိမ်တော်သို့ရောက်ရှိပြီးနောက် ဝမ်ခန်းသည် သူမကို ရွေးချယ်စရာနှစ်ခုပေးခဲ့သည်။

ပထမတစ်ခုသည် သူ၏ကိုယ်လုပ်တော်အဖြစ် သူ့အား လက်ထပ်ရန်ပင်။

ဒုတိယတစ်ခုသည် သူမ၏ဖခင်အား သတ်ဖြတ်မည်ကို သူမ ခွင့်ပြုရပေမည်။

ဤသည်မှာ သူမဖခင်၏သေရေးရှင်ရေးနှင့် ပတ်သတ်နေသော ကိစ္စပင်။ထို့ကြောင့် နဥ်အမ်ထုံသည် သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းမလိုလားသော်လည်း မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ပထမအချက်ကို သဘောတူညီလိုက်သည်။

သူမ၏ဖခင် အသက်ရှင်နိုင်သရွေ့ သူမ စိတ်မချမ်းမြေ့ရမည်ကို မည်သည်ကြောင့် ထည့်တွက်နေတော့မည်နည်း။

All Chapters