အခန်း (၃၄၉၁-၃၄၉၅)
Vol. 178 Ch. 3491-3495
Chapter 3491
"မင်း...ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နေတာလဲ"
ဝမ်မူကျီး၏မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
သူ၏သိနားလည်စိတ်အရ လုယွီသည် သူ၏မီးတောက်များအကြားတွင်လောင်ကျွမ်းပြီး သေဆုံးသွားလေပြီ။
သူ အစောပိုင်းက ရွတ်ဆိုခဲ့သော မှော်မန္တန်၏စွမ်းအားကို သူ ကောင်းစွာသိနားလည်ထားသည်။
ထိုမီးတောက်ပန်းပွင့် ပေါက်ကွဲသွားပြီးနောက် လူတစ်ယောက်အား အပြည့်အဝဝါးမျိုသွားကာ မီးတောင်များသည် ထိုလူအား ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေပေမည်။
သို့ရာတွင် လုယွီ၏လက်ရှိပုံပန်းသွင်ပြင်အရ အကဲဖြတ်ကြည့်ပါက သူသည် အနည်းငယ်မျှပင် ဒဏ်ရာရထားပုံမရှိချေ။ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်မီးတောက်များသည် သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိသည့်အလားပင်။
"မင်းက ခုထိ ဒီမှော်မန္တန်ကို အထွတ်အထိပ်အဆင့်ထိ မကျင့်ကြံရသေးဘူး...မင်းက အကြွင်းအကျန်စာလိပ်ကို ရထားတာပဲဖြစ်မယ်"
လုယွီသည် အသက်ရှုသွင်းရှုထုတ် ပြုလုပ်လိုက်ရာ ခြစ်ခြစ်တောက်ပူပြင်းသော အပူအခိုးအငွေ့များက သူ၏နှာခေါင်းပေါက်များမှ ထွက်ပေါ်လာသည်။
ဝမ်မူကျီး အစောပိုင်းက အသုံးပြုခဲ့သောမှော်မန္တန်သည် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်နှင့် မူရင်းဇစ်မြစ်တူညီပေ၏။
လုယွီသည် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို ကျင့်ကြံထားရုံသာမက ယခင်က ရှောင်မိသားစု၏စိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌ ကျူးရုံ၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုခဲ့သည်။ထို့ကြောင့် သူသည် ထိုမှော်မန္တန်ကို လွန်စွာရင်းနှီးကျွမ်းဝင်သည်။
ဝမ်မူကျီး အသုံးပြုလိုက်သော မှော်မန္တန်သည် လုယွီအပေါ်၌ အနည်းငယ်မျှပင် သက်ရောက်ခြင်းမရှိချေ။
လုယွီသည် ပေါက်ကွဲမှု၏အလယ်၌ မတ်တတ်ရပ်နေကာ ပတ်ဝန်းကျင်နေရာများမှလာသော ပူပြင်းသည့်စွမ်းအားလှိုင်းများကို တိတ်ဆိတ်ငြိမ်သက်စွာ ရင်ဆိုင်နေခဲ့သည်။နောက်ဆုံး၌ သူသည် ထိုမီးတောက်ပန်းပွင့်ကို ဝါးမျိုခဲ့လေ၏။
လုယွီက ရုတ်တရက် ဝမ်မူကျီးကို ကြည့်လိုက်သည်။
"ငါ အရမ်းသိချင်မိတယ်...မင်းက ငါ့ကိုသတ်ပြီးတော့ ဘာလုပ်ဖို့ကြံစည်ထားတာလဲဆိုတာ...မင်းက တော်ဝင်နန်းတွင်းကို ပုန်ကန်ပြီးတော့ မင်းရဲ့ကိုယ်ပိုင်အင်အားစုကို တည်ထောင်ချင်တာလား...ဒါက မဖြစ်နိုင်ဘူး...မင်းရဲ့ခွန်အားနဲ့ဆိုရင် မင်းရဲ့ကိုယ်ပိုင်အင်အားစုကိုတည်ထောင်တာက သေလမ်းရှာတာနဲ့အတူတူပဲ...မင်းရဲ့နောက်မှာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်...ဟုတ်တယ်မလား"
လုယွီ၏စစ်ဆေးမေးမြန်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် လူတိုင်း တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြ၏။ယခင်က မောက်မာဝံ့ကြွားနေသည့် လင်းရွှမ်တို့လူစုသည် မွန်းစတားတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား လုယွီကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
ယခင်က သူတို့ မောက်မာဝံ့ကြွားခဲ့သည်မှာ လက်ဝဲစစ်တပ်၏တပ်မှူး သေဆုံးသွားပြီဟု သူတို့ တွေးထင်ထားသောကြောင့်ပင်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် မသေဆုံးရုံသာမက အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိချေ။
ယခင်က သူတို့၏ပျော်ရွှင်နေသောစိတ်များ ချက်ချင်းပျက်ပြယ်သွားကာ ထိတ်လန့်ကြောက်ရွံမှုများက အစားထိုးဝင်ရောက်လာသည်။
"မင်း ဘာထိခိုက်ဒဏ်ရာမှမရဘူးဆိုတာ ငါ မယုံဘူး"
ဝမ်မူကျီးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးကာ တဟုန်းဟုန်းထနေသော မှော်စွမ်းအားများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တဖန်ပြန်၍ပြည့်နှက်သွားသည်။
သူ၏ကျင့်ကြံနည်းစနစ်များသည် မူလကတည်းက မီးစွမ်းအားကို အခြေခံထားသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏မှော်စွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာပေ၏။ဝမ်မူကျီး၏အထက်ရှိ ကောင်းကင်ယံသည် မီးတောက်တိမ်တိုက်ကြီးအလား ခြစ်ခြစ်တောက်ပူပြင်းကာ တောက်ပနေသည်။
ပြင်းထန်သောမီးတောက်များက ဝမ်မူကျီး၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် တောက်လောင်နေသည်။ထိုမီးတောက်များသည် ကြီးမားသောမီးနဂါးကြီးအသွင်သို့ ပြောင်းလဲသွားကာ ဟိန်းဟောက်ပြီး တိမ်တိုက်များအကြားသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ရုတ်တရက် ထိုအရာသည် ကြီးမားသော မီးတောက်ဥက္ကာခဲကြီးအသွင်သို့ တဖန်ပြန်၍ပြောင်းလဲသွားကာ ကောင်းကင်ယံမှကျဆင်းလာပြီး လုယွီထံသို့ တိုးဝင်လာသည်။
ဝှီး...
မျက်တောင်တခတ်စာအချိန်မှာပင် ထိုမီးတောက်ဥက္ကာခဲကြီးသည် လုယွီ၏အနီးသို့ နီးကပ်လာလေပြီ။
"အရင်က ငါ မင်းနဲ့တိုက်ခိုက်ခဲ့တာက မင်း ဘယ်လောက်ထိ သန်မာအားကောင်းတယ်ဆိုတာ ငါ သိချင်လို့ပဲ...အခုက အဆုံးသတ်ရမယ့်အချိန်ရောက်ပြီ"
လုယွီ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။သူသည် ခြေတစ်လှမ်းရှေ့တိုးကာ လူတိုင်း၏အံ့အားသင့်နေသော အကြည့်များအောက်တွင် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားသည်။ထို့နောက် သူ့ထံတိုးဝင်လာသော မီးတောက်ဥက္ကာခဲကြီးထံဦးတည်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ပတ်ဝန်းကျင်ရှိလူများအားလုံး ကျယ်လောင်သောတုန်ခါသံကြီးတစ်သံကိုသာ ကြားလိုက်ရသည်။လုယွီထံတိုးဝင်လာသော မီးတောက်ဥက္ကာခဲကြီးသည် သူ၏လက်သီးချက်ကြောင့် ကြေမွှပျက်စီးသွားတော့သည်။ထို့နောက် သူ၏လက်ကိုဖြန့်လိုက်ရာ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက သူ့ရှေ့၌ ထွက်ပေါ်လာသည်။
ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ရုတ်တရက် မိုးကောင်းကင်ယံမှ ကျဆင်းလာပြီး တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာသည်။ထိုအရာသည် ဝမ်မူကျီး၏အနီးသို့ ရောက်ရှိသွားစဥ်တွင် ယခင်ထက်ဆယ်ဆခန့် ပို၍ကြီးမားသွားသည်။ဝမ်မူကျီး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် လက်ဝါးပုံရိပ်ယောင်ကြီးသည် ဘန်းခနဲမြည်သံကြီးနှင့်အတူ ကျဆင်းလာကာ သူ့အား ရိုက်ခတ်မိသွားလေ၏။
ကျယ်လောင်သောတုန်ခါသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် ယခင်က ဝမ်မူကျီး မတ်တတ်ရပ်နေခဲ့သော မြေပြင်ပေါ်တွင် ပင့်ကူအိမ်အလား အရပ်မျက်နှာနှာအဘက်ဘက်သို့ ပျံ့နှံ့သွားသော အက်ကွဲကြောင်းများရှိနေသည်။
Chapter 3492
မြေပြင်၏အထက်တွင် ဖုန်မှုန့်များနှင့်မီးခိုးငွေ့များ ပျံ့လွင့်သွားသည်။
ထိုဖုန်မှုန့်များနှင့်မီးခိုးငွေ့များ အပြည့်အဝ ပျက်ပြယ်သွားချိန်တွင် လူအများသည် အနီးကပ်ကြည့်လိုက်ကြရာ ဝမ်မူကျီး၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးအတွင်း၌ နစ်ဝင်နေသည်ကို တွေ့မြင်မိကြလေ၏။
မြေပြင်သည် အက်ကွဲနေပြီး လက်ဝါးရာကြီးတစ်ခုက ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
ဝမ်မူကျီး၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးအတွင်း၌ နက်ရှိုင်းစွာနစ်ဝင်နေကာ သူ၏ခန္ဓာကိုယ် စုတ်ပြတ်သတ်နေသည်။ယခင်က သူ၏ခမ်းနားထည်ဝါသောအဝတ်အစားများသည်လည်း ကြေမွှပျက်စီးသွားကာ သူသည် သူတောင်းစားတစ်ယောက်နှင့်တူနေပေ၏။
ဝမ်မူကျီး၏သစ္စာရှိလူယုံများအားလုံး နေရာမှာပင် ကြက်သေသေသွားသည်။
ဝမ်မူကျီးသည် ရှီးလျန်မြို့အတွင်း၌ အစွမ်းထက်ဆုံး ကျင့်ကြံသူပင်။
သူသည် ယခုကဲ့သို့ မြေပြင်အတွင်းနစ်ဝင်သည်အထိ ရိုက်နှက်ခံလိုက်ရသလော...
"အဟွတ်..အဟွတ်...အဟွတ်..."
ဝမ်မူကျီးထံမှ ချောင်းတဟွတ်ဟွတ်ဆိုးသံများ ထွက်ပေါ်လာသည်။
သူ ချောင်းတစ်ကြိမ်ဆိုးတိုင်း သွေးတစ်လုတ်အန်ထွက်လာသဖြင့် သူ ပြင်းထန်စွာဒဏ်ရာရရှိသွားသည်မှာ သိသာထင်ရှားသည်။
အကယ်၍ အတိတ်တွင်ဆိုပါက ဝမ်မူကျီးသည် လုယွီကို ရင်ဆိုင်ကောင်းရင်ဆိုင်နိုင်ပေမည်။သို့ရာတွင် လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြစ်စေ ခွန်အားဖြစ်စေ ယခင်နှင့်များစွာကွဲပြားခြားနားသွားခဲ့သည်။သူသည် ဝမ်မူကျီးထက် များစွာသာလွန်သော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
လုယွီသည် ရှေ့သို့လျှောက်လှမ်းသွားကာ ဝမ်မူကျီး၏နံဘေး၌ ရပ်တန့်လိုက်၏။
"ခုဏက ငါက မင်းရဲ့ခွန်အားကိုသိချင်လို့ မင်းနဲ့ခဏလောက် ကစားခဲ့တာပဲ...ဝမ်မူကျီး...အော် ဝမ်မူကျီး...ငါက မင်းမှာ စဥ်းစားဥာဏ်နည်းနည်းတော့ရှိမယ်လို့ ထင်ထားခဲ့တာ...မင်းက ရှေးဟောင်းသိုင်းပညာနည်းစနစ်တွေကို နည်းနည်းလောက် သင်ယူထားနိုင်တာနဲ့ ငါ့ကိုအနိုင်ရနိုင်ပြီလို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ဝမ်မူကျီး၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤသည်မှာ သူ၏စိတ်နှလုံးသားအတွင်း၌ တစ်ချိန်လုံးဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်တစ်ခုပင်။
သူသည် ကံကြမ္မာကောင်းတစ်ရပ်ကြောင့် သက်ရှည်သစ်သီး၏မျိုးစေ့ကိုသာမက ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုကိုလည်း ရရှိခဲ့သည်။
ဤသည်မှာ အကြွင်းအကျန်စာလိပ်တစ်ခုသာဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်ကို ခုန်ပျံကျော်လွှား၍ မြင့်တက်သွားစေကာ သာမာန်လူများ လက်လှမ်းမမီနိုင်သော အမြင့်တစ်ခုသို့ ရောက်ရှိသွားစေရန် လုံလောက်သည်။
"ငါ မင်းကို လျှော့တွက်ခဲ့မိတယ်...အနိုင်ရတဲ့သူက အရာအားလုံးကို ယူလို့ရတယ်...မင်း ငါ့ကိုသတ်မလား အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပစ်မလားဆိုတာ မင်းရဲ့သဘောပဲ"
ဝမ်မူကျီး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဒါပေမယ့်...တကယ်လို့ မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် မင်းက လက်ဝဲစစ်တပ်နယ်မြေမှာ ခြေကုပ်ယူနိုင်မှာမဟုတ်ဘူး...လက်ဝဲစစ်တပ်နယ်မြေရဲ့ပတ်သက်ဆက်နွယ်မှုတွေက မင်း တွေးထင်ထားတာထက် ပိုပြီးနက်ရှိုင်းတယ်"
"တကယ်လို့ ဒီနေရာမှာသာ ဘာပြဿနာမှမရှိဘူးဆိုရင် ငါ ဒီနေရာကို စေလွှတ်ခံရမှာမဟုတ်ဘူး"
လုယွီသည် ဝမ်မူကျီးကို ဆံပင်မှဆုပ်ကိုင်ကာ အထက်သို့ဆွဲမြှောက်လိုက်၏။ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သူနဲ့အတူ ဘယ်သူသေချင်လဲ"
လင်းရွှမ်တို့လူစုသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ခြေထောက်များ ပျော့ခွေသွားသည်။ယခင်က သူတို့၏မောက်မာဝံ့ကြွားနေမှုများလည်း ပျောက်ကွယ်သွားလေပြီ။
ဝမ်မူကျီးပင်လျှင် ဤကဲ့သို့ ရိုက်နှက်ခံထားရလေရာ သူတို့ ရှေ့ထွက်၍ ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
"မြန်မြန် ထွက်သွားကြစို့"
ဝမ်မိသားစု၏လက်ပါးစေတချို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်သို့ချာခနဲလှည့်ကာ မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ထွက်ပြေးခဲ့ကြတော့သည်။
အကယ်၍ သူတို့ ဤနေရာတွင်ဆက်နေပါက သူတို့သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းရုံသာ တက်နိုင်ပေမည်။
သူတို့၏ယခင်လှုပ်ရှားမှုများအရ လုယွီသည် သူတို့အား အလွတ်ပေးမည်မဟုတ်ချေ။
ထိုလူများအားလုံး အလျှင်အမြန် ထွက်ခွာသွားတော့သည်။
သေလုမျောပါးရုန်းကန်နေရသော ဝမ်မိသားစု၏စတေးခံလူများမှလွဲ၍ ဝမ်မိသားစု၏နောက်လိုက်ဖြစ်သော ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရာရှိများအားလုံး ထွက်ပြေးသွားကြလေပြီ။
"မင်းတို့က ထွက်ပြေးချင်သေးတာလား...ငါက မင်းတို့ကို ထွက်သွားခွင့်ပြုလို့လား...ဟမ့်"
လုယွီက ဒေါသတကြီးအော်ငေါက်ကာ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှ၏။
ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော မိုးခြိမ်းသံများက မိုးကောင်းကင်ယံအတွင်း၌ မြည်ဟီးသွားသည်။ထို့နောက် မြောက်မြားစွာသော လျှပ်စီးမိုးကြိုးလှိုင်းများ ပျံ့နှံ့သွားသည့်အလား စွမ်းအားလှိုင်းတစ်ရပ်က ထိုလူများ၏ခန္ဓာကိုယ်များကို ရိုက်ခတ်သွားတော့သည်။
လုယွီသည် ဤနတ်ဘုရားနဂါးဟိန်းသံကို အသုံးပြုချိန်တွင် သူ့ကိုယ်သူ ကာကွယ်ရန်အတွက်ပင် စွမ်းအားချန်ထားခြင်းမရှိချေ။
ဝမ်မိသားစု၏စတေးခံများသည် သူတို့၏နားများအတွင်း၌ တဝီဝီမြည်ဟီးလာသံကို ကြားလိုက်ရသည်။ထို့နောက် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ချက်ချင်း သေဆုံးသွားကြတော့သည်။
ထွက်ပြေးသွားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော အရာရှိများသည်လည်း ထိုစွမ်းအား၏သက်ရောက်ခြင်းကို ခံလိုက်ရသည်။သူတို့သည် သူတို့၏စိတ်များ ဗလာကျင်းသွားသကဲ့သို့ခံစားရကာ မြေပြင်ပေါ်သို့ဗုန်းခနဲလဲကျသွားလေ၏။
လင်းရွှမ်သည် အခြေအနေအဆိုးရွားဆုံးလူတစ်ယောက်ပင်။
သူသည် မူလက အရင်ဆုံးထွက်ပြေးခဲ့သူဖြစ်သော်လည်း လုယွီ၏အသံလှိုင်းများသည် သူ့အား အပြည့်အဝဝိုင်းရံထားကာ တိုက်ခိုက်ခဲ့သည်။
လင်းရွှမ်၏ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ ခြေကားယားလက်ကားယားဖြင့် ဝက်ခြံအတွင်းသို့ ပြုတ်ကျသွားသည်။သူ၏မျက်လုံး နှာခေါင်းနှင့်ပါးစပ်တို့မှ သွေးများယိုစီးကျလာကာ သူသည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိသွားလေပြီ။
Chapter 3493
လင်းရွှမ်သည် မူလက ဆဋ္ဌမဂိတ်တံခါး၏လူဆိုးထိန်းခေါင်းဆောင်ပင်။သို့ရာတွင် သူသည် မှားယွင်းသောလူ၏နောက်သို့လိုက်ကာ ဝမ်မူကျီး၏ဆန္ဒအတိုင်း ပြစ်မှုများကျူးလွန်ခဲ့သဖြင့် ဤကဲ့သို့အခြေအနေမျိုးနှင့် အဆုံးသတ်ခဲ့ရသည်။
"အရင်က တိုက်ခိုက်ခဲ့တဲ့လူတွေအားလုံးကို ဘယ်သူဘယ်ဝါပဲဖြစ်နေနေ အကုန်လုံးကို ဖမ်းဆီးလိုက်စမ်း"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ရှီးလျန်ကြယ်နယ်မြေသခင် ဝမ်မူကျီးကို ယခုလက်ရှိချိန်၌ သူ လက်ရဖမ်းဆီးထားပြီးဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ဝမ်မိသားစု၏နောက်လိုက်များအနက်မှ လူအားလုံးနီးပါးသည် ခုခံရန်အကြံအစည်ကို သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ လက်လျှော့လိုက်ကြတော့သည်။
မည်သည့်နည်းဖြင့် သူတို့သည် ခုခံတိုက်ခိုက်နိုင်မည်နည်း...
ဝမ်မူကျီးသည် ရှီးလျန်မြို့အတွင်း၌ နံပါတ်တစ်ကျင့်ကြံသူတစ်ယောက်ပင်။သူပင်လျှင် လုယွီ၏တိုက်ခိုက်မှုကြောင့် မြေကြီးအတွင်းသို့ နစ်ဝင်သွားခဲ့သည်။ထို့ကြောင့် တခြားသူများသည် လုယွီကို မည်သို့မျှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်တော့မည်မဟုတ်ချေ။
"ဟုတ်ကဲ့"
အောင်းကွမ်းက ရယ်မောလိုက်သည်။သူသည် ဝက်ခြံအတွင်းသို့တိုးဝင်ကာ ညစ်ပတ်စုတ်ပေနေသော လင်းရွှမ်ကို ဖမ်းဆုပ်လိုက်၏။
ယခင်က သူ့အား ဝိုင်းရံဖမ်းဆီးစဥ်တွင် လင်းရွှမ်သည် အတက်ကြွခဲ့ဆုံးလူပင်။
ဤအချိန်တွင် အောင်းကွမ်းသည် လင်းရွှမ်ကို ဖမ်းဆီးမိသည်နှင့် ပါးဖြတ်ရိုက်လိုက်သည်။
လင်းရွှမ်၏မျက်နှာ ဖူးယောင်လာသည်အထိ ပါးရိုက်ခံရကာ သူ၏သွားများ ကျွတ်ထွက်သွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ဆိုးဆိုးရွားရွား အခြေအနေမျိုးသို့ ရောက်ရှိသွားပေ၏။
ဝမ်မူကျီး၏နောက်လိုက်ဖြစ်သော အရာရှိများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခံလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး လုယွီ၏ရှေ့၌ ဒူးထောက်နေကြသည်။လူအမြောက်အများသည် မြေပြင်ပေါ်၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရကာ သူတို့၏မျက်နှာများ သေလုမတတ်ဖြူရော်နေသည်။
"ဟား ဟား ဟား...အနိုင်ရတဲ့သူက ဘုရင်ပဲ...ရှုံးနိမ့်သူက အရေးမပါတော့ဘူး...လုယွီ ငါက မင်းရဲ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတယ်...ဒါပေမယ့် တကယ်လို့ မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် အကျိုးဆက်တွေကို မင်း စဥ်းစားချင့်ချိန်တာ ပိုကောင်းလိမ့်မယ်"
ဝမ်မူကျီးက တည်ငြိမ်စွာဖြင့် ရယ်မောပြီးပြောဆိုသည်။
လုယွီက အေးစက်စက်မျက်လုံးတစ်စုံဖြင့် ဝမ်မူကျီးကိုကြည့်လိုက်၏။
"အခုချိန်က မင်းနဲ့ဖြေရှင်းဖို့ အချိန်မကျသေးဘူး...ငါက ရှီးလျန်မြို့ထဲမှာ မင်း ကျူးလွန်ထားခဲ့သမျှ ရာဇဝတ်မှုတွေအားလုံးကို လူတိုင်းသိအောင် ဖော်ထုတ်ပြရအုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏လက်ကိုလှုပ်ခတ်ကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။
ဝမ်ခန်း၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။မမြင်နိုင်သောအားလှိုင်းတစ်ရပ်က သူ၏လည်ပင်းကို ဖမ်းဆုပ်ထားသည်အား သူ ခံစားမိကာ သူ ခုခံတားဆီး၍လည်းမရချေ။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဝမ်ခန်းသည် လုယွီ၏ရှေ့သို့ ကျရောက်လာပေ၏။
"လု...လုယွီ...မင်း ဘာလုပ်ချင်လို့လဲ"
ဝမ်ခန်း၏အသံ တုန်ရီနေသည်။
လုယွီနှင့်သူ၏ဖခင်တို့ တိုက်ခိုက်စဥ်ကတည်းက သူ၏စိတ်နှလုံးသားတစ်ခုလုံး မွန်းကြပ်နေခဲ့သည်။
သူသည် ရှီးလျန်မြို့အတွင်း၌ နံပါတ်တစ်လူငယ်ပါရမီရှင်ဖြစ်သော်လည်း ဤကဲ့သို့အခြေအနေမျိုးကို သူ ရင်ဆိုင်ကြုံတွေ့ဖူးခြင်းမရှိချေ။
လုယွီသည် သူ၏ဖခင်ကို အနိုင်ယူလိုက်သည်အား မြင်တွေ့ချိန်တွင် ဝမ်ခန်းသည် ပို၍စိတ်ဓာတ်ကျသွားပေ၏။
ဝမ်မူကျီးသည် သူ၏တစ်ခုတည်းသော မှီခိုအားထားရာပင်။ယခုချိန်တွင် သူ၏မှီခိုအားထားရာကြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
"လုယွီ...ငါတို့နှစ်ယောက်ရဲ့ကြားမှာရှိတဲ့ ကိစ္စတွေက သူနဲ့ဘာမှမဆိုင်ဘူး...သူက အပြစ်ကင်းတယ်"
ဝမ်မူကျီးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
ဘန်း...
သူ့အားတုံ့ပြန်လာသည်မှာ လုယွီ၏ရိုက်ချက်တစ်ချက်ပင်။
ဤရိုက်ချက်သည် ဝမ်မူကျီး၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။ဝမ်မူကျီး၏ပါးစပ်မှ ထပ်မံ၍သွေးတစ်လုတ်အန်ထွက်လာကာ သူ၏မျက်နှာ ဖြူရော်သွားတော့သည်။
"သူက အပြစ်ကင်းစင်တယ်လို့ မင်း ဘယ်လိုသတ္တိမျိုးနဲ့ ပြောဝံ့တာလဲ"
လုယွီ၏မျက်လုံးများ အေးစက်တင်းသွားကာ မြေပြင်ပေါ်၌လဲကျနေသော အမျိုးသမီးအလောင်းနှစ်လောင်းကို လက်ညှိုးညွှန်ပြလိုက်၏။
"ဒီသားအမိနှစ်ယောက်သေရတာက အဲ့ဒီခွေးမသားကြောင့် မဟုတ်ဘူးလား...သူက အပြစ်ကင်းစင်တယ်လို့ ငါ့ကို မင်း ထပ်ပြောစမ်း"
"ဒါပေမယ့် အဲ့ဒီမိန်းကလေးကို ငါ့ရဲ့သားက သတ်လိုက်တယ်လို့ မင်း သက်သေပြနိုင်လို့လား...တကယ်လို့ သူ့ရဲ့အလောင်းကို ငါတို့ဝမ်အိမ်တော်ကနေ တွေ့ခဲ့တယ်ဆိုရင်တောင်...တစ်ယောက်ယောက်က အဲ့ဒီမိန်းကလေးကိုသတ်ပြီးတော့ ငါတို့ကိုထောင်ချောက်ဆင်ထားတာလည်း ဖြစ်နိုင်တာပဲ"
ဝမ်မူကျီးက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
ဝမ်ခန်းက ပျာပျာသလဲ ပြောဆိုလေသည်။
"ဒါက အမှန်ပဲ...ငါ သူတို့ကို လုံးဝမသိဘူး..သူတို့သေသွားတာက ငါနဲ့ဘာမှမဆိုင်ဘူး"
သူသည် ယခုလက်ရှိချိန်၌ လုယွီ၏ဖိနှိပ်ခြင်းကို ခံထားရသည်။ထို့ကြောင့် သူသည် လုယွီကို အကြောင်းပြချက်တစ်ခုပေးရုံသာ တတ်နိုင်တော့သည်။
"ဒါက သက်သေမရှိဘူးတဲ့လား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ဝမ်ခန်း၏မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးညွှန်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏အလွန်ကြီးမားသော စိတ်ဝိညာဥ်စွမ်းအားများက ဝမ်ခန်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ဝမ်ခန်း၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် တွေဝေထိုင်းမှိုင်းသွားတော့သည်။သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ပျောက်ကွယ်သွားကာ အသက်ကင်းမဲ့နေသောအမူအယာသို့ ပြောင်းလဲသွားပေ၏။
Chapter 3494
"လုယွီ...မင်း ငါ့သားကို ထိဝံ့တာလား..ငါ မင်းကို လုံးဝအလွတ်မပေးဘူး"
ဝမ်မူကျီးက နှလုံးကွဲကြေလုမတက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
လုယွီသည် ထိုခြိမ်းခြောက်မှုကို လျစ်လျှူရှုကာ ဝမ်ခန်းကို စူးစိုက်၍ကြည့်လိုက်၏။
"မင်း ဒီကချေသည်ရဲ့သမီးကို သတ်ခဲ့လား"
ဝမ်ခန်း၏အမူအယာလေးလံထိုင်းမှိုင်းနေကာ သူက တောင့်တင်းသောလေသံဖြင့် ပြောဆိုသည်။
"မဟုတ်ဘူး..ငါ သူ့ကို မသတ်ဘူး"
ပတ်ဝန်းကျင်မှနေ၍ တိုင်ပင်ဆွေးနွေးသံအမြောက်အများ ထွက်ပေါ်လာသည်။
ထိုအချိန်တုန်းက နွေဦးမြစ်စားသောက်ဆိုင်အတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့လေ၏။
မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် နောက်ဆုံးအခြေအနေ မည်ကဲ့သို့ဖြစ်လာမည်ကို သိရှိလိုကြသည်။
ရှီးလျန်မြို့အတွင်း၌ ဝမ်ခန်း၏နာမည်ဂုဏ်သတင်း ညှိုးနွမ်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဝမ်ခန်းနှင့်ရန်ငြိုးရန်စရှိသောလူ မည်မျှထိများများရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။သို့ရာတွင် သူတို့သည် ဝမ်မိသားစု၏စွမ်းအားကို ထိတ်လန့်ကြောက်ရွံနေ၍သာ ဝမ်ခန်းကို တစ်စုံတစ်ရာ မပြုလုပ်ကြခြင်းဖြစ်သည်။
သူတို့သည် နတ်ဘုရားစိတ်အာရုံများဖြင့် နံဘေးဘက်မှ စောင့်ကြည့်နေကြပြီး ဝမ်ခန်း ကံဆိုးမိုးမှောင်ကျသည်ကို မြင်တွေ့လိုကြသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဝမ်ခန်းသည် ဤလူသတ်မှုကို ငြင်းဆန်ခဲ့လေ၏။
"ဟား ဟား ဟား..ကြည့်လိုက်စမ်း...ငါ့ရဲ့သားက အဲ့ဒီအပျက်မလေးနဲ့ ဘာမှမဆိုင်ဘူး...လုယွီ...မင်း ဒီနေရာမှာလာပြီးတော့ ငါ့သားကို မစွပ်စွဲသင့်ဘူး"
ထိုစကားကိုကြားချိန်တွင် ဝမ်မူကျီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
လုယွီ၏မျက်နှာအမူအယာ အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။
"ဆက်ပြောစမ်း..."
"အဲ့ဒီအပျက်မလောက်ကို ငါကိုယ်တိုင် လုပ်စရာလား...တကယ်လို့ အဲ့ဒီနိမ့်ကျတဲ့ဟာတွေကို ငါကိုယ်တိုင် သတ်မယ်ဆိုရင် ငါ့ရဲ့လက်တွေ ညစ်ပတ်သွားမယ်မဟုတ်လား"
ဝမ်ခန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ နတ်ဘုရားစိတ်အာရုံများအားလုံး ဝမ်ခန်းပေါ်သို့ စူးစိုက်၍ကျရောက်လာသည်။
ဝမ်မူကျီး၏ခန္ဓာကိုယ် တုန်ရီသွားသည်။သူသည် ဝမ်ခန်းကိုကြည့်ကာ မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ခန်းအာ...မင်း ရူးသွားပြီလား"
သို့ရာတွင် ဝမ်ခန်းသည် လှုပ်ရှားခြင်းမရှိချေ။သူသည် သူ၏ကိုယ်ပိုင်မှတ်ဥာဏ်များအကြား၌ နစ်မြုပ်နေဆဲပင်။
"ငါ အရင်က ဖုံးကွယ်ယင်နန်းတော်ရဲ့လျှို့ဝှက်ကျမ်းစာကို ကျင့်ကြံခဲ့ပြီးတော့ ကျွမ်းကျင်ပိုင်နိုင်တယ်...ဒါပေမယ့် ငါ ထပ်ပြီးရှေ့ကိုဆက်သွားချင်တယ်ဆိုရင် သန့်စင်တဲ့ယင်ခန္ဓာကိုယ်ပိုင်ရှင်မိန်းကလေးကို တွေ့ဖို့လိုအပ်တယ်...ငါက နေရာအနှံ့အပြားကို လူတွေစေလွှတ်ပြီးတော့ ရှာဖွေခိုင်းခဲ့တယ်...နောက်ဆုံးကျမှ ငါက နတ်ဆိုးကဝေခန္ဓာကိုယ်ပိုင်ရှင်ကို ရှာတွေ့ခဲ့တယ်"
"အဲ့ဒီနတ်ဆိုးကဝေခန္ဓာကိုယ်က အပြည့်အဝ မရင့်မှည့်သေးဘူး...ဒါပေမယ့် ယင်စွမ်းအားကိုတော့ ကောင်းကောင်းထိန်းသိမ်းထားနိုင်တယ်...သူက ကချေသည်မတစ်ယောက်ရဲ့သမီးပဲ...သူ့မှာ ဘာကြီးမားတဲ့နောက်ခံမှ မရှိဘူး...ဒါကြောင့် သူ့ကို ငါ့ရဲ့အိမ်တော်ဆီခေါ်လာဖို့ဆိုတာ ငါ့ရဲ့လက်ကို လှန်လိုက်သလောက်လွယ်ကူတယ်"
"ငါက လူတွေကိုလွှတ်ပြီးတော့ အဲ့ဒီနတ်ဆိုးကဝေခန္ဓာကိုယ်ပိုင်ရှင်ကို ဖမ်းဆီးခိုင်းခဲ့တယ်...ပြီးတော့ သူ့ကို ငါ့ရဲ့အမိန့်ကို လိမ်လိမ်မာမာ နားထောင်အောင် လုပ်ခဲ့တယ်...ဒါပေမယ့် အဲ့ဒီအပျက်မလေးက အရမ်းအပြောင်းအလဲမြန်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက ငါ အိမ်တော်မှာမရှိတဲ့အချိန်မှာ ခိုးထွက်သွားပြီးတော့ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ကို သွားပြီးတိုင်ကြားခဲ့တယ်....သူက သေလမ်းရှာတာပဲ....သူ့လိုနိမ့်ပါးတဲ့လူစားမျိုးက ငါ့ကိုပြုစုခွင့်ရတာကပဲ သူ့အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်နေပြီ...သူက တကယ့်ကိုပဲ သူ့အတွက် ဘာကကောင်းတယ်ဆိုတာ မသိဘူး"
ဝမ်ခန်း၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှု လှောင်ပြောင်သရော်လိုမှုများနှင့် ပြည့်နှက်နေသည်။ဤသည်မှာ သူသည် ထိုမိန်းကလေးကို အနည်းငယ်မျှ အလေးအနက်မထားသည့်အလားပင်။
ဤမြင်ကွင်းကို နံဘေးဘက်မှ စောင့်ကြည့်နေကြသူများသည် ထိုစကားများကိုကြားပြီးနောက် စတင်၍ ကျိန်ဆဲလိုက်ကြ၏။
"သားရဲကောင်...သူက သားရဲထက်တောင် ပိုပြီးဆိုးတဲ့ကောင်ပဲ"
"ငါ အဲ့ဒီကချေသည်ကို မှတ်မိတယ်...သူက လမ်းတွေပေါ်မှာ သူ့ရဲ့သမီးကို ရှာဖွေနေခဲ့တယ်...ဒါပေမယ့် သူ့ရဲ့သမီးက ဝမ်ခန်းဖမ်းသွားတာကို ခံလိုက်ရတာကိုး"
"ငါ့မှာ သမီးနှစ်ယောက်ရှိတယ်...တကယ်လို့ ဝမ်ခန်းက ငါ့ရဲ့သမီးတွေကို ထိဝံ့မယ်ဆိုရင်...ငါ့ရဲ့အသက်ကို ရင်းရမယ်ဆိုရင်တောင် ငါ သူ့ကို အလွတ်မပေးဘဲ ရအောင်သတ်မယ်"
ပတ်ဝန်းကျင်၌ ကျင့်ကြံသူအမြောက်အများ ပို၍ပို၍ စုဝေးလာသည်။
ဝမ်မိသားစု၏အခွင့်အာဏာကြောင့် ထိုကျင့်ကြံသူများသည် ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့သော်လည်း သူတို့၏မျက်လုံးများအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူတို့၏မျက်လုံးများသည် ဝမ်သားအဖပေါ်တွင်သာ စူးစိုက်၍ကျရောက်နေပေ၏။
ဝမ်ခန်းသည် လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ထိန်းချုပ်ခြင်းကို ခံထားရသည်။ထို့ကြောင့် သူသည် တွေဝေမိန်းမောနေသော အခြေအနေ၌ရှိနေဆဲပင်။
သို့ရာတွင် ဝမ်မူကျီးကမူ ကွဲပြားခြားနားသည်။
ယခင်က သူ့အားမြင်သည်နှင့် အဝေးမှသာ ဦးညွှတ်နေဝံ့သောလူများသည် ယခုချိန်၌ သူ့အား စောင့်ကြည့်နေသည်ကို သူ မြင်တွေ့မိသည်။
ဤကဲ့သို့မြင်ကွင်းမျိုးသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိချေ။
အကယ်၍ ဝမ်မိသားစုဝင်များသည် ရိုးရှင်းသောခရီးတစ်ခုကိုသွားလျှင်ပင် သူတို့သည် ဦးညွှတ်အရိုအသေပြုကြပြီး အနည်းငယ်မျှပင် မလေးစားသည့်အမူအယာမျိုး မပြသဝံ့ချေ။
Chapter 3495
ယခုချိန်၌ သူတို့အားလုံး၏ခေါင်းများထက်တွင် ရစ်သိုင်းလွှမ်းခြုံနေသော တိမ်မည်းများ လွင့်ပြယ်သွားလေပြီ။
ယခင်က နတ်ဘုရားတစ်ပါးနှင့်တူညီသော ဝမ်မူကျီးသည် ယခုချိန်တွင် လုယွီ၏ဖိနပ်ဘေး၌ ခွေးတစ်ကောင်အလား ဒူးထောက်နေရသည်။
သူတို့သည် ထပ်မံ၍ ထိတ်လန့်ကြောက်ရွံနေရန် မလိုအပ်တော့ချေ။
ဝမ်မူကျီးသည် နာကျင်ကြေကွဲစွာဖြင့် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။အခြေအနေသည် မျှော်လင့်ချက်မရှိတော့သည်ကို သူ ကောင်းစွာသိရှိပြီးလေပြီ။
"နောက်ထပ်ကရော...မင်း ဘာဆက်လုပ်ခဲ့လဲ"
လုယွီက အသံနက်ကြီးဖြင့် မေးမြန်းသည်။
ဝမ်ခန်း၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။
"ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က လူတွေက ငါ့ရဲ့တောင်းဆိုမှုကို ငြင်းဆန်ဝံ့မှာလား...သူ တိုင်ကြားတာနဲ့ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်က ငါ့ဆီကို ပြန်ပို့လိုက်ကြတယ်....ငါ ဝမ်ခန်း အသက်ရှင်လာတာ အချိန်အတော်ကြာနေပြီ...ဒါပေမယ့် ဒါက ငါ့ကို တစ်စုံတစ်ယောက်က တိုင်ကြားဝံ့တဲ့ ပထမဆုံးအကြိမ်ပဲ...သူက တကယ့်ကို သေလမ်းရှာခဲ့တာပဲ"
"ငါ့ကို အပြစ်ပြုခဲ့တာရဲ့ အကျိုးဆက်ကို သူ သိအောင် ငါ လုပ်ခဲ့တယ်...ငါ့ရဲ့လူတွေကိုလွှတ်ပြီးတော့ သူ့ကိုဖမ်းဆီးပြီး ငါ့ရဲ့သီးသန့်အကျဥ်းထောင်ထဲမှာ ဖမ်းချုပ်ခဲ့တယ်....သူ့ကို ညှင်းပန်းနှိပ်စက်မှုကိရိယာအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တယ်...သူ သေမသွားအောင် ငါက ဆေးတွေတိုက်ပြီးတော့ သူ့ကို ဆက်ပြီးအသက်ရှင်နေအောင်လုပ်ခဲ့တယ်"
ဝမ်ခန်းသည် ပို၍စကားပြောဆိုလေလေ သူ ပို၍စိတ်လှုပ်ရှားလာလေလေပင်။ဤသည်မှာ သူ၏စိတ်နှလုံးသားအတွင်းမှ အမှောင်ထုကြီး အပြည့်အဝပွင့်အံ့ထွက်လာသည်နှင့် တူညီနေသည်။သူသည် သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်သည်ကို မေ့လျော့နေလုနီးပါးပင်။
"ငါက သူ့ရဲ့ခေါင်းကို မြေကြီးထဲနှစ်ပြီးတော့ သူ့ရဲ့ယင်သွေးကြောကို ဆွဲထုတ်ခဲ့တယ်...သူ့ကိုသတ်ပစ်ဖို့အထိ ငါ့ကို တောင်းပန်ခဲ့တယ်...ဘယ်လိုဟာသမျိုးလဲ...ငါက သူ့ကို ဘာလို့သတ်ရမှာလဲ....သူ့လိုမျိုး ပုရွက်ဆိတ်တစ်ကောင်လို တည်ရှိမှုမျိုးကို ငါ ကိုယ်တိုင်သတ်လိုက်ရင်...ငါ့ရဲ့လက်တွေ ညစ်ပတ်သွားမှာပေါ့"
ထိုစကားကို ပြောဆိုချိန်၌ ဝမ်ခန်းသည် ရုတ်တရက် စိတ်လှုပ်ရှားစပြုလာကာ သူက ရူးသွပ်နေသူအလား စတင်၍ရယ်မောလိုက်သည်။
လုယွီ၏မျက်နှာသည် ရေခဲတမျှ အေးစက်တင်းမာနေကာ သူက ဝမ်ခန်းကိုကြည့်လိုက်၏။
"မင်း ဒဏ်ခတ်ခံရမှာကို မကြောက်ဘူးလား"
"ဒဏ်ခတ်ခံရမှာလား...ဟား ဟား ဟား...ရှီးလျန်မြို့တစ်မြို့လုံးက ငါတို့ဝမ်မိသားစုရဲ့အပိုင်ပဲ...အဲ့ဒီလူတွေ....မဟုတ်သေးဘူး ရှီးလျန်အုပ်ချုပ်ရေးရုံးတော်ရဲ့ အထက်ကနေအောက်ခြေထိလူတွေအားလုံးက ငါတို့ဝမ်မိသားစုရဲ့ခွေးတွေပဲ...မင်း ကြည့်လိုက်စမ်း...သူတို့တစ်ယောက်ချင်းစီက အဆင့်မြင့်မားတဲ့အရာရှိတွေ...ဒါပေမယ့် သူတို့က ငါတောင်းဆိုတဲ့ ဘယ်အရာကိုမဆို လုပ်ပေးရတယ်...မင်းရဲ့ဘေးမှာရှိနေတဲ့ လင်းရွှမ်ကိုပဲကြည့်လိုက်...သူ့ရဲ့ကိုယ်လုပ်တော်ကို ငါ လိုချင်တယ်ပြောလိုက်တာနဲ့ သူ ဘာမှမတတ်နိုင်ခဲ့ဘူး...သူက အဲ့ဒီကိုယ်လုပ်တော်ကို ငါ့ဆီ သူကိုယ်တိုင် လာပို့ခဲ့ရတယ်...ဟား ဟား ဟား"
ဝမ်ခန်းသည် လုံးလုံးလျားလျား အသိစိတ်လွတ်ကင်းနေကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေလေသည်။
ဤမြင်ကွင်းကို ပတ်ဝန်းကျင်မှစောင့်ကြည့်နေသူအားလုံး တွေ့မြင်မိလေ၏။
ဒေါသများက လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ပျံ့နှံ့စပြုလာသည်။
ကြည့်ရသည်မှာ ဝမ်မိသားစုဝင်များ၏မျက်လုံးများအတွင်းတွင် သူတို့သည် ပုရွက်ဆိတ်များပင်။ဝမ်မိသားစုဝင်များသည် သူတို့အား လူသားများဟုပင် အနည်းငယ်မျှ သတ်မှတ်ထားခြင်းမရှိချေ။
သူတို့၏ သေခြင်းရှင်ခြင်းသည် ဝမ်မိသားစုဝင်များ၏လက်များအတွင်း၌ရှိနေသည်။
လင်းရွှမ်၏မျက်လုံးများ သွေးနီရောင်သန်းသွားကာ သူသည် ဝမ်ခန်းကို အရှင်လတ်လတ် ဝါးမျိုလိုစိတ်ပေါက်နေသည့်အလား စူးစိုက်၍ကြည့်နေသည်။
သူသည် ဝမ်မိသားစု၏အယုံကြည်ရဆုံး သစ္စာရှိလူယုံပင်။
ဝမ်မိသားစုအတွက်နှင့် သူသည် ပြစ်မှုအမြောက်အများကို ကျူးလွန်ခဲ့ကာ မရေမတွက်နိုင်သော ပြစ်တင်ရှုံချမှုများကို ခံယူခဲ့ရသည်။
မူလက သူသည် ဝမ်မိသားစု၏ယုံကြည်မှုကို ရရှိခဲ့ပြီဟု တွေးထင်ခဲ့လေ၏။သူသည် နောင်တစ်ချိန်၌ ဝမ်မိသားစု၏အဆင့်မြင့်ရာထူးတစ်နေရာကို ရရှိမည်ဟု သူ မျှော်လင့်ခဲ့မိသည်။သို့ရာတွင် ဝမ်ခန်းသည် သူ့အား ခွေးတစ်ကောင်ကဲ့သို့သာ မြင်နေမည်ဟု သူ တွေးတောမထားမိချေ။
"ခွေးမသား..."
ရုတ်တရက် လူအုပ်အကြားမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြသော်လည်း မကြာမီမှာပင် ပတ်ဝန်းကျင်မှနေ၍ ဒေါသတကြီးဆဲဆိုသံများ ထွက်ပေါ်လာသည်။
"ခွေးမသား ဝမ်ခန်း...လူသားမျက်နှာရှိတဲ့ တိရစ္ဆာန်ကောင်....ဒီလိုမျိုးယုတ်ညံတဲ့ကိစ္စမျိုးကိုတောင် ကျုးလွန်ဝံ့တယ်"
"ဘယ်မိသားစုရဲ့မိန်းကလေးက အသက်မရှင်ချင်ဘဲ နေမှာလဲ...ဒီခွေးမသားရဲ့လက်ထဲမှာ မိန်းလေးဘယ်လောက်များများ ပျက်စီးသွားခဲ့ရတယ်ဆိုတာ ငါ မသိဘူး...ငါ သူ့ကို ဘယ်နည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"
"ဝမ်ခန်းကိုအပြစ်ပေးရမယ်...ဝမ်မိသားစုကို အပြစ်ပေးရမယ်"
လူတိုင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။သူတို့၏မျက်နှာများပေါ်၌ ဒေါသထွက်နေသော အမူအယာများ ထင်ဟပ်နေပေ၏။
လုယွီက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းကာ အောင်းကွမ်းကို ပြောဆိုလိုက်သည်။
"ဝမ်အိမ်တော်ကို ဖြိုချပြီးတော့ သူတို့ဖုံးကွယ်ထားတဲ့ အကျဥ်းထောင်ကို ရှာဖွေစမ်း"
"ဟုတ်ကဲ့ပါ သခင်"
အောင်းကွမ်းသည် ခေါင်းညိတ်ပြကာ ကျယ်လောင်စွာဟိန်းဟောက်ပြီး အဝေးသို့ပျံသန်းသွားတော့သည်။