အခန်း (၃၅၀၁-၃၅၀၅)
Vol. 178 Ch. 3501-3505
Chapter 3501
ထိုလူကြီးသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ဝမ်ခန်းကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ စူးရှသောအလင်းတန်းများ ထင်ဟပ်နေသည်။
"ငါ မင်းကို သတ်မယ်...ငါ မင်းကို သတ်မယ်"
ထိုလူကြီးသည် ဒေါသတကြီးအော်ဟစ်ကာ ဝမ်ခန်းထံသို့ တိုးဝင်လာသည်။သူသည် ဝမ်ခန်း၏မျက်နှာပေါ်သို့ ပြင်းထန်သောလက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဤတစ်ကြိမ်တွင် လုယွီသည် ဟန့်တားခြင်းမပြုချေ။
ဘုန်း...ဘုန်း...ဘုန်း...
ထိုလူသည် ဝမ်ခန်း၏မျက်နှာကို လက်သီးတစ်ချက်ပြီးတစ်ချက် ထိုးနှက်လိုက်သည်။မကြာမီမှာပင် ဝမ်ခန်း၏မျက်နှာ လုံးလုံးလျားလျား ဖူးယောင်သွားတော့သည်။ပတ်ဝန်းကျင်ရှိတခြားလူများသည်လည်း ဝမ်ခန်း၏လုပ်ရပ်များကို ရွံရှာစက်ဆုပ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် လူတစ်ယောက်သည် ဝမ်ခန်းကို ရိုက်နှက်နေသည်ကို သူတို့ မြင်တွေ့မိကြသည်။ထို့ကြောင့် သူတို့သည်လည်း ဝမ်ခန်းထံသို့ ပြေးဝင်လိုက်ကြ၏။
"ဒီခွေးသားကို သေအောင်ရိုက်ကြစမ်း"
"ဒီနှစ်တွေထဲမှာ ဒီခွေးမသားက မိသားစုကောင်းတွေအများကြီးကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ်...ငါတို့ အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ သူ့ကို ကျိုးပဲ့သွားအောင်လုပ်ကြစို့"
လူအုပ်အကြားမှနေ၍ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများသည် သူတို့၏လက်များကိုမြှောက်၍ ဝမ်ခန်းကို အားကုန်ထိုးနှက်လိုက်ကြသည်။
ထိုတိုက်ခိုက်မှုများအောက်တွင် မူလက စိတ်ဝိညာဥ်ထိန်းချုပ်ခံရမှုကြောင့် မိန်းမောနေသော ဝမ်ခန်းသည် နိုးထလာပေ၏။
သူသည် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးကို ထိတ်လန့်တကြားကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မင်းတို့ ဘာလုပ်တာလဲ...ငါက ဝမ်ခန်း...ငါ့ရဲ့အဖေက ဝမ်မူကျီးပဲ...မင်းတို့အားလုံး သေချင်နေတာလား"
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် သူ၏စကားများသည် လုံးလုံးလျားလျား အသုံးမဝင်တော့ချေ။
သာမာန်အားဖြင့် လူအများသည် ဝမ်မိသားစုဝင်များကို မြင်တွေ့သည်နှင့် သူတို့သည် နောက်ဆုတ်သွားကြကာ ဆန့်ကျင်ဝံ့ခြင်းမရှိချေ။
သို့ရာတွင် ယခုချိန်၌ ကွဲပြားခြားနားသွားလေပြီ။
ဝမ်ခန်းသည် လူတိုင်းရိုက်နှက်လိုသော လူတစ်ယောက်ဖြစ်လာကာ ဝမ်မိသားစု၏နောက်ခံဖြစ်သော ဝမ်မူကျီးသည်လည်း ရာဇဝတ်သားတစ်ယောက်ဖြစ်သွားခဲ့သည်။
ဝမ်မိသားစု၏အရှိန်အဝါသည် ပျက်ပြယ်သွားလေပြီ။
"သူ့ကိုသတ်ကြစို့"
ရုတ်တရက် လူအုပ်အကြားမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ဝမ်ခန်းထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"ရိုက်နေတာကို ရပ်ကြပါ...ငါ့ကို မရိုက်ပါနဲ့တော့"
ဝမ်ခန်းသည် တဖြည်းဖြည်းနှင့် စတင်၍အသနားခံတောင်းပန်တော့သည်။
သို့ရာတွင် လူအများ၏ဒေါသများရှေ့မှောက်တွင် ဝမ်ခန်း၏အသနားခံတောင်းပန်သံသည် အားပျော့နေပေ၏။
မကြာမီမှာပင် ဝမ်ခန်း၏အသံ အလွန်အမင်း တိမ်ဝင်သွားသည်။ထို့နောက် သူ၏အသံ ရုတ်ချည်းရပ်တန့်သွားကာ မည်သည့်အသံမျှ ထွက်မလာတော့ချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝမ်မူကျီးသည် နာကျင်ကြေကွဲမှုကြောင့် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
သူ၏သား အသက်ရှင်သန်နိုင်တော့မည်မဟုတ်ဟု သူ ကောင်းစွာသိရှိထားသည်။
"လုယွီ...မင်းက တာဝန်ကိုလွှဲပြောင်းယူတဲ့ အချိန်မှာတင် ဒီလောက်ကြီးမားတဲ့ရုတ်ရုတ်သဲသဲကိစ္စကြီးကို ဖြစ်စေခဲ့တယ်...မင်းက ငါတို့ဝမ်မိသားစုကို ဖျက်ဆီးလိုက်ရုံနဲ့ ရှီးလျန်ကြယ်နယ်မြေမှာ ခြေကုပ်ယူနိုင်မယ်လို့ မင်း ထင်နေတာလား...မင်းက အရမ်းတုံးအလွန်းတယ်...ငါရဲ့ဝမ်မိသားစုမရှိတော့ရင် အမှန်တကယ်ဖရိုဖရဲဖြစ်တာက ဘယ်လိုမျိုးလဲဆိုတာ မင်း သိစေရမယ်...မင်း ငရဲကိုရောက်လာမယ့်အချိန်ကို ငါ စောင့်နေမယ်...မကြာခင်မှာပဲ မင်းလည်း ငါ့နောက်ကိုလိုက်လာရမှာပဲ"
ဝမ်မူကျီးသည် လုယွီကိုကြည့်ကာ ထူးဆန်းသောရယ်သံကြီးဖြင့် ရယ်မောလိုက်သည်။
"ဒါက ဂိုဏ်းတွေကြောင့်မဟုတ်လား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"တခြားသူတွေကတော့ မင်းက ထန်အင်ပါယာနဲ့ပူးပေါင်းနေတာလို့ ထင်နေကြလိမ့်မယ်....ဒါပေမယ့် တကယ်တော့ မင်းက လက်ဝဲစစ်တပ်နယ်မြေကဂိုဏ်းတစ်ဂိုဏ်းရဲ့ နယ်ရုပ်တစ်ရုပ်ပဲ....ငါ ပြောတာမှန်လား"
"ငါ တွေးကြည့်သလောက်တော့...မင်းက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အရမ်းအရေးကြီးတဲ့နယ်ရုပ်တစ်ရုပ်ပဲဖြစ်မယ်...ဒါကြောင့် တကယ်လို့ အခုချိန်မှာ ငါ မင်းကို ထိလိုက်မယ်ဆိုရင် အဲ့ဒီဂိုဏ်းကို သွယ်ဝိုက်ပြီး တပ်လှန့်လိုက်တာနဲ့အတူတူပဲ...ဒါကြောင့် နောင်အနာဂတ်မှာ ငါ ဘာပဲလုပ်နေနေ ဂိုဏ်းတွေရဲ့ဆန့်ကျင်တိုက်ခိုက်တာကို ခံရလိမ့်မယ်"
ဝမ်မူကျီး၏မျက်လုံးများ ပြူးကျယ်သွားကာ လုယွီကို တဖန်ပြန်၍ လေ့လာဆန်းစစ်လိုက်၏။
ဤတစ်ကြိမ်တွင် သူ့ရှေ့ရှိလူငယ်လေးကို သူ လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း သူ အမှန်တကယ် နားလည်သဘောပေါက်သွားသည်။
ဤကိစ္စသည် ထိပ်သီးလျှို့ဝှက်ချက်တစ်ခုဟု သူ တွေးထင်ခဲ့သော်လည်း လုယွီ၏အမြင်အောက်တွင် ဤသည်မှာ အရေးမပါလှချေ။
ဖေးထျန်ကွမ်း၏သတင်းစုံစမ်းမှုကွန်ယက်နှင့် ဝမ်မူကျီးအပေါ် ပေါင်လုံကျင်း၏နားလည်သဘောပေါက်ထားမှုတို့အရ လုယွီသည် ဝမ်မူကျီး၏အစစ်အမှန်အထောက်အထားကို အလျှင်အမြန် မှန်းဆနိုင်ခဲ့လေ၏။
ဤသည်မှာ ပြင်ပဂိုဏ်းတစ်ဂိုဏ်းမှနေ၍ အုပ်ချုပ်ရေးရုံးတော်အတွင်းတွင် မွေးမြူထားသော နယ်ရုပ်တစ်ရုပ်ပင်။
ဝမ်မူကျီးသည် အခြေအနေကိုဖျက်ဆီးရန် အကောင်းဆုံးကြိုးစားခဲ့သဖြင့် တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့အကြားရှိစစ်ပွဲ ပို၍ပို၍ပြင်းထန်လာခဲ့သည်။အဆုံးသတ်၌ သူ၏နောက်မှဂိုဏ်းသည် ဤစစ်ပွဲမှနေ၍ အကျိုးအမြတ်ရရှိပေမည်။
"ဒါပေမယ့် ငါက သူတို့ကိုကြောက်နေမယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီက အေးစက်စက်အကြည့်ဖြင့် ပြောဆိုသည်။
Chapter 3502
"မင်း ဘာတွေလုပ်နေတာလဲဆိုတာ ငါ ကောင်းကောင်းသိထားတယ်...ဒါတွေက ငါ့ကို ပြဿနာတချို့တော့ ပေးနိုင်လိမ့်မယ်...ဒါပေမယ့် ငါ အဲ့ဒီကိစ္စတွေကိုသာ ကြောက်နေမယ်ဆိုရင် ဒီနေရာမှာတောင် ရှိနေမှာမဟုတ်ဘူး"
လုယွီက ဝမ်မူကျီးကိုစူးစိုက်ကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။
"မင်းရဲ့နောက်က အင်အားစုလည်း မင်းနဲ့အတူ ငရဲကိုလိုက်တာတာကို မင်း မြင်ရလိမ့်မယ်...ငါ့ကိုယုံလိုက်...ဒါက သိပ်ကြာတော့မှာမဟုတ်ဘူး"
မလှမ်းမကမ်းအကွာအဝေးရှိ ဒေါသထွက်နေသောလူအုပ်ကြီး၏လှုပ်ရှားမှုများ နောက်ဆုံး၌ ရပ်တန့်သွားလေပြီ။
ယခင်က အလွန်မောက်မာဝံ့ကြွားသော ဝမ်ခန်းသည် ယခုချိန်၌ မြေပြင်ပေါ်၌ ပြိုလဲကျနေကာ ရွှံအလိမ်းလိမ်းကပ်နေလေ၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ လူသားနှင့်တူသော အရိပ်အယောင်ဟူ၍ မကျန်ရှိတော့ချေ။အစောပိုင်းက သမီးလုပ်သူ ပျောက်ဆုံးခဲ့သောလူကြီးသည် သူ၏သွားများဖြင့် ဝမ်ခန်း၏အသားကို ကိုက်ဖြတ်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ဝမ်ခန်း၏ခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲဖြစ်နေသည်။
"လာကြစမ်း....ဒါကိုဖတ်စမ်း"
လုယွီက ရုတ်တရက် သူ၏အင်္ကျီလက်ကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ သူ၏နံဘေးရှိ လက်အောက်ငယ်သားတစ်ယောက်ထံ ပစ်ပေးလိုက်၏။
ထိုလက်အောက်ငယ်သားသည် ခေါင်းညိတ်ပြကာ စာလိပ်ကိုဖြန့်ပြီး ကြည်လင်ပြတ်သားသောအသံနှင့် ပြောဆိုလိုက်သည်။
"စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့ချိန်မှာ...ရှီးလျန်ကြယ်နယ်မြေသခင်ဝမ်မူကျီးက ပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိပြီးတော့ ရန်သူတွေနဲ့ပူးပေါင်းခဲ့တယ်...စစ်တပ်ရဲ့အရင်းအမြစ်တွေကို ခိုးယူခဲ့တဲ့အပြင် မြို့သူမြို့သားတွေဆီကနေ ရမ်းရမ်းကားကား လုယက်ခဲ့တယ်...."
ထိုစာလိပ်၌မှတ်တမ်းတင်ထားသည်မှာ ဝမ်မူကျီး၏ပြစ်မှုများပင်။
ပြစ်မှုတိုင်းကို အလွန်အမင်းတိကျသော သက်သေဖြင့် ထောက်ပြထားသည့်အပြင် ပြစ်မှုတိုင်းနီးပါး ဟာကွက်မရှိချေ။
လက်ဝဲစစ်တပ်နယ်မြေ၌ ဝမ်မူကျီး ကျူးလွန်ခဲ့သောပြစ်မှုများသည် အလွန်များပြားပေ၏။
"တာယွီအင်ပါယာရဲ့ဥပဒေအရ...ဝမ်မူကျီးက သေဒဏ်စီရင်ခံရမယ်...ပြီးတော့ သူ့ရဲ့မိသားစုတစ်စုလုံး ကွပ်မျက်ခံရမယ်"
ထိုလက်အောက်ငယ်သားက အော်ဟစ်လိုက်သည်။
သူ ထိုသို့ပြောဆိုပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ အချိန်တခဏကြာမှသာ ဂုဏ်ပြုချီးမွမ်းသံများ ပွင့်အံ့ထွက်လာသည်။
ပတ်ဝန်းကျင်တွင် ရှိနေသူများသာမက အဝေးမှစောင့်ကြည့်နေသော နတ်ဘုရားစိတ်အာရုံများပင်လျှင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ အခိုင်အမာ ရပ်တည်နေကာ လူအများ၏ခေါင်းထက်တွင် ထိုင်နေခဲ့သော ဝမ်မိသားစုသည် နောက်ဆုံး၌ ကျရှုံးသွားလေပြီ။
"အင်း...လုပ်လိုက်တော့"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ဖေးထျန်ကွမ်းသည် ချက်ချင်းဆိုသလိုပင် အချက်ပေးသင်္ကေတတစ်ခုကို လွှက်တင်လိုက်ရာ မြို့ပြင်၌စခန်းချနေသော ပုန်းကွယ်နဂါးစစ်တပ်သည် မြို့အတွင်းသို့ ဝင်ရောက်လာပေ၏။
မြို့အတွင်း၌ စစ်သားများ ရှေ့နောက်ဥဒဟိုပြေးလွှားနေသော်လည်း လူအများသည် ထိတ်လန့်ကြောက်ရွံမှုကို မခံစားရချေ။
ဤစစ်သားများ မည်သည်ကြောင့် မြို့အတွင်းသို့ ဝင်ရောက်လာသည်ကို သူတို့အားလုံး ကောင်းစွာသိရှိထားသည်။
ဝမ်အိမ်တော်...
ဤအချိန်အခိုက်အတန့်တွင် ဝမ်အိမ်တော်၏တံခါးများအားလုံးကို တင်းတင်းကြပ်ကြပ်ပိတ်ထားကာ အိမ်တော်အနီးပတ်လည်တွင် မြောက်မြားစွာသောအစောင့်များ စောင့်ကြပ်နေသည်။
လုယွီသည် ဝမ်မူကျီးနှင့်ဝမ်ခန်းကို လမ်းမပေါ်တွင် စစ်မေးနေခြင်းဖြစ်သဖြင့် ကြီးမားသောအုတ်အော်သောင်းနင်းကိစ္စကြီး ဖြစ်ပွားနေခဲ့သည်။ဝမ်မိသားစုဝင်များသည်လည်း ဤအုတ်အော်သောင်းနင်းကိစ္စကြီးကို သတိပြုမိပေ၏။ဝမ်မိသားစုမှ သခင်မကြီး၏အမိန့်အောက်တွင် ဝမ်အိမ်တော်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်သည်။အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကြီးကိုပင် အပြည့်အဝ အသက်သွင်းထားသည်။
ဝမ်အိမ်တော်ရှိလူတိုင်းနီးပါး ထိတ်လန့်ကြောက်ရွံနေကြသည်။
"ဘာကြောက်စရာ ရှိနေလို့လဲ...ငါတို့ဝမ်မိသားစုက ရှီးလျန်ကြယ်နယ်မြေကို အုပ်ချုပ်ခဲ့တာ အချိန်အတော်ကြာနေပြီ...မုန်တိုင်းတွေ လှိုင်းလုံးတွေအများကြီးကိုလည်း ဖြတ်ကျော်ခဲ့ရတယ်...လုယွီဆိုတဲ့ကောင်က ခုမှ တော်ဝင်မြို့တော်ကနေ ပြောင်းရွှေ့လာတာ...သူ ပထမဆုံး အုပ်ချုပ်ရေးရုံးတော်ကို ဝင်တဲ့အချိန်မှာ...သူ့ဆီမှာ ဘာအခြေခံအုတ်မြစ်မှ ရှိမှာမဟုတ်ဘူး...မင်းတို့အားလုံး စိတ်ငြိမ်ငြိမ်ထားကြစမ်း"
ဝမ်သခင်မကြီးသည် စည်းဝေးခန်းမ၏ထိပ်ဆုံးနေရာ၌ ထိုင်နေကာ တည်ကြည်လေးနက်သော မျက်နှာအမူအယာနှင့် ပြောဆိုသည်။
သူမသည်လည်း မိသားစုကြီးတစ်စုမှဆင်းသက်လာကာ မြင့်မြတ်သောမိသားစုတစ်စု၏သခင်မလေးတစ်ယောက်ဖြစ်သည်။သူမသည် လောကကြီးကို တွေ့မြင်ဖူးပြီးဖြစ်ပေ၏။ဤအချိန်တွင် သူမသည် ဝမ်မိသားစု၏အမာခံကျောရိုးများကို စုစည်းထားကာ သူမ လုံးလုံးလျားလျား ပြိုလဲသွားခြင်းမရှိချေ။
သူမ၏နံဘေးရှိ အလွန်စိုးရိမ်ပူပန်နေကြသော အကြီးအကဲများ၏မျက်နှာများပေါ်၌ အကြပ်ရိုက်နေသော အမူအယာမျိုး ထင်ဟပ်လာသည်။
"သခင်မကြီး...ငါတို့ အပြင်ကိုထွက်ပြီးတော့ အညံ့ခံသင့်တယ်လို့ ငါ ထင်တယ်...လုယွီက ပထမဆုံးအကြိမ် ဒီနေရာကို ရောက်လာခဲ့တာမလို့ သူ့ရဲ့နာမည်ဂုဏ်သတင်းကို တည်ထောင်ရမှာ...သူက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ စတင်ချင်မှာ မဟုတ်ဘူး"
"ဒါက အမှန်ပဲ...သခင်မကြီး"
အကြီးအကဲတချို့က စတင်၍ ဖြောင့်ဖျပြောဆိုလိုက်ကြ၏။
သခင်မကြီးဝမ်က ပြုံးလိုက်သည်။
"ငါ ပြောခဲ့သလိုပဲ...ဒီနေ့က ငါတို့ဝမ်မိသားစု ရှင်သန်ရေးအတွက် အရေးကြီးတဲ့ အချိန်အခိုက်အတန့်ပဲ....တကယ်လို့ ငါတို့ နည်းနည်းလောက် အလျှော့ပေးလိုက်မယ်ဆိုရင် ဒီချိန်ကနေစပြီးတော့ လုယွီဆိုတဲ့ကောင်စုတ်လေးက ငါတို့ကို ချေမွှဖျက်ဆီးသွားလိမ့်မယ်...မင်းတို့ ဒါကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူးလား"
ဤအကြီးအကဲများသည် သာမာန်အားဖြင့် မိသားစုအတွင်း၌ လွှမ်းမိုးချုပ်ကိုင်နေကာ အကျိုးအမြတ်များအားလုံးကို မျှဝေ၍ယူခဲ့ကြသည်။သူတို့တစ်ယောက်ချင်းစီသည် အလွန်အမင်း လောဘကြီးပေ၏။
သို့ရာတွင် သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် သူတို့သည် လွတ်လမ်းကို စတင်၍ရှာဖွေနေကြသည်။သူတို့ထံတွင် မိသားစုအတွက် တွေးတောရန်ရည်ရွယ်ချက်မျိုး အနည်းငယ်မျှပင်မရှိချေ။
Chapter 3503
ဝမ်မိသားစုအကြီးအကဲများ၏မျက်နှာများပေါ်၌ အကြပ်ရိုက်သွားသော အမူအယာများ ထင်ဟပ်လာသည်။
သူတို့သည် လက်မခံလိုကြသော်လည်း ထပ်မံ၍စောဒကမတက်ဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်မူကျီးမရှိပါက သခင်မကြီးဝမ်သည် ဝမ်မိသားစုကို စီမံအုပ်ချုပ်ရသူပင်။သူတို့သည် မိသားစုအတွင်း၌ မြင့်မားသောအဆင့်အတန်းရှိသော်လည်း သခင်မကြီးဝမ်၏အမိန့်ကို နားထောင်ရသူများဖြစ်သည်။
"လာကြစမ်း...မြို့ပြင်မှာရှိတဲ့ အစောင့်တပ်တွေဆီကို ချက်ချင်းစာတစ်စောင်ပို့ပြီးတော့ ဝမ်မိသားစုကို ကူညီထောက်ပံ့ပေးဖို့ အကြောင်းကြားလိုက်စမ်း...ပြီးတော့ နှင်းစက်နေမင်းမြို့ကို စာတစ်စောင်ပို့ရမယ်...ဝမ်မိသားစုမှာ သေရေးရှင်ရေးအခြေအနေဖြစ်နေတာကြောင့် အမြန်ဆုံးလာဖို့ သူတို့ကိုပြောလိုက်စမ်း"
"ခန်အာနဲ့ ချီဘုရင်ရဲ့အိမ်တော်က သခင်မလေးနဲ့က စေ့စပ်ထားတာ...ဝင်္ကပါတွေကနေတဆင့် ချီဘုရင်ရဲ့အိမ်တော်ကို သတင်းတစ်ခု ပေးပို့ရမယ်...လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က ငါ့ရဲ့သားကို ထိခိုက်နာကျင်အောင် လုပ်နေတာကြောင့် ချီဘုရင်အိမ်တော်ရဲ့နောက်ခံကို လိုအပ်တယ်လို့ အကြောင်းကြားလိုက်စမ်း"
သခင်မကြီးဝမ်၏စီစဥ်မှုများသည် အလွန်ရှင်းလင်းပြတ်သားကာ ပြဿနာကို တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်ကို အလျှင်အမြန် ရှာဖွေနိုင်သည်။
ဝမ်မိသားစုအကြီးအကဲများအနက် တချို့သည် မဟာဝင်္ကပါပညာရှင်များဖြစ်ပေ၏။သူတို့၏စွမ်းအားဖြင့် အချိန်တခဏကြာခန့် တောင့်ခံထားရန် လုံလောက်သည်။
စစ်ကူများရောက်ရှိလာသည်နှင့် သူတို့၏ဝမ်မိသားစုသည် လုယွီနှင့်ရင်ဆိုင်နိုင်ပေမည်။
ဝမ်မူကျီးသည် ရှီးလျန်ကြယ်နယ်မြေ၌ ခြေကုပ်ယူထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူ၏သစ္စာရှိလူယုံများကို ရှီးလျန်ကြယ်နယ်မြေ၏နေရာဒေသအသီးသီးသို့ ယခင်ကတည်းက စေလွှတ်ထားခဲ့သည်။ယခုချိန်တွင် ဝမ်မိသားစု အခက်အခဲတွေ့နေချိန်၌ သူ အမိန့်ပေးလိုက်သည်နှင့် မရေမတွက်နိုင်သောအင်အားစုများ လာရောက်၍ကူညီကြပေမည်။
"အမှန်ပဲ...ဒါက အမှန်ပဲ...ငါတို့ဝမ်အိမ်တော်နဲ့ ချီဘုရင်အိမ်တော်ကြားမှာ စေ့စပ်ကြောင်းလမ်းမှုတစ်ခု ရှိနေတာပဲ"
"ဟုတ်တယ်...ငါတို့က ဧကရာဇ်ရဲ့တရားဝင်ဆွေတော်မျိုးတော်တွေပဲ...တကယ်လို့ လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က အရမ်းအစွမ်းထက်နေရင်တောင် သူက ချီဘုရင်ရဲ့အိမ်တော်ကလူတွေကို ဆန့်ကျင်တိုက်ခိုက်ဝံ့မှာမဟုတ်ဘူး"
အကြီးအကဲများသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ သေဘေးမှလွတ်မြောက်နိုင်သည့် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်သည့်အလားပင်။
ယခုချိန်၌ ဤသည်မှာ အကောင်းဆုံးအစီအစဥ်ဖြစ်သည်။
သူတို့သည် ချီဘုရင်၏အိမ်တော်သို့ အကူအညီတောင်းခံနိုင်သရွေ့ သူတို့၏ဝမ်အိမ်တော်သည် ယခုလက်ရှိဘေးအန္တရာယ်မှ အသက်ရှင်လွတ်မြောက်နိုင်မည်မှာ သေချာပေ၏။
"သခင်မကြီး...မကောင်းတော့ဘူး"
ထိုအချိန်မှာပင် အစေခံတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာဖြင့် ပြင်ပမှပြေးဝင်လာသည်။
ထိုအစေခံပြေးလာသည်မှာ အလွန်လျှင်မြန်ပြီး သူ၏ခြေထောက်ကိုပင် သူ ဂရုမစိုက်ချေ။စည်းဝေးခန်းမအတွင်းသို့ သူ ရောက်ရှိသည်နှင့် ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သို့ရာတွင် အစေခံသည် အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ မတ်တတ်ထရပ်လိုက်၏။
"ဘာတွေဖြစ်နေတာလဲ....ဘာလို့ ဒီလောက်ထိ ပျာယာခတ်နေတာလဲ"
သခင်မကြီးဝမ်က ထိုအစေခံကို ဒေါသတကြီးဆူပူကြိမ်းမောင်းလေသည်။
ယခုချိန်တွင် သူမသည် ဝမ်မိသားစု၏သခင်မကြီးဟူသော ဂုဏ်သိက္ခာကို ထိန်းသိမ်းထားဆဲပင်။
အစေခံက အလျင်စလို ပြောဆိုသည်။
"အပြင်ကိုသွားပြီး အခြေအနေစုံစမ်းစစ်ဆေးတဲ့လူတွေရဲ့ သတင်းပို့မှုတွေအရ...သခင်လေး....."
"ခန်အာက ဘာဖြစ်တာလဲ"
သခင်မကြီးဝမ်သည် စားပွဲခုံကိုရိုက်ပုတ်၍ အလျင်စလို အော်ဟစ်လိုက်သည်။
အစေခံသည် သူ၏ခေါင်းကို အောက်သို့ငုံထားကာ သခင်မကြီးဝမ်ကို စေ့စေ့မကြည့်ဝံ့ချေ။သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။
"သခင်လေးက အပြင်မှာ သေတဲ့အထိ ရိုက်နှက်ခံလိုက်ရတယ်....အိမ်တော်ပြင်ပမှာ လူတွေအများကြီးစုဝေးနေပြီ....ကြည့်ရတာတော့ သူတို့က ဒီနေရာကိုလက်စားချေဖို့ ရောက်လာကြပုံပဲ"
ဘာ...
ထိုစကားများသည် ကြည်လင်သောမိုးကောင်းကင်၌ မိုးကြိုးတစ်စင်းပစ်ချလိုက်သည့်အလား ယခုလက်ရှိနေရာတွင်ရှိနေသူများ၏စိတ်နှလုံးသားများကို ရိုက်ခတ်သွားသည်။
"မဟုတ်ဘူး...ငါ့ရဲ့သားက ဘာလို့သေရမှာလဲ....ငါ့သားက ချီဘုရင်ရဲ့အိမ်တော်က သခင်မလေးနဲ့ စေ့စပ်ထားတာ...သူက ချီဘုရင်ရဲ့သားမက်ပဲ...လက်ဝဲစစ်တပ်ရဲ့တပ်မှူးက သေချင်နေတာလား"
သခင်မကြီးဝမ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေကာ မယုံကြည်နိုင်သောအမူအယာမျိုးရှိနေသည်။
သူမ ကြားရသည့်စကားများကို သူမ ယုံကြည်လက်ခံနိုင်စွမ်းမရှိချေ။
အစေခံက ပျာပျာသလဲ ပြောဆိုသည်။
"ဒါ့ကို လက်ဝဲစစ်တပ်ရဲ့တပ်မှူး လုပ်တာမဟုတ်ဘူး....နံဘေးက စောင့်ကြည့်နေတဲ့လူတွေရဲ့လက်ချက်ပဲ....ကြည့်ရတာတော့ အိမ်တော်ထဲမှာ သခင်လေး လုပ်ခဲ့သမျှ ကိစ္စတွေအားလုံး ပေါ်ထွက်သွားတာကြောင့် လူထုရဲ့ဒေါသ မြင့်တက်လာပြီးတော့ သူ့ကို သေတဲ့အထိ ရိုက်သတ်လိုက်ကြတာပဲဖြစ်မယ်...သခင်မကြီး...သခင်လေးက ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပြီးတော့ အလောင်းအပြည့်အစုံတောင် မကျန်ခဲ့တော့ဘူး"
ဝမ်ခန်း သေဆုံးသွားလေပြီ....
ဤသတင်းသည် မိုးကြိုးလျှပ်စီးလှိုင်းတစ်လှိုင်းအလား တိတ်ဆိတ်ငြိမ်သက်မှုကို ချိုးဖျက်သွားလေ၏။
အစောပိုင်းက စိတ်သက်သာရာရသွားခဲ့သော အကြီးအကဲများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ဝမ်ခန်း သေဆုံးသွားသောကြောင့် ဝမ်အိမ်တော်နှင့်ချီဘုရင်အိမ်တော်အကြားတွင် စေ့စပ်ကြောင်းလမ်းမှုမရှိတော့ဟု ဆိုလိုသည်။ဤအခြေအနေမျိုး၌ ချီဘုရင်အိမ်တော်သည် သူတို့အား လူလွှတ်၍ကူညီပေးမည် မပေးမည်မှာ မသေချာတော့ချေ။
"မဖြစ်နိုင်ဘူး...ငါ့ရဲ့သားက သေမှာမဟုတ်ဘူး...ငါ့ရဲ့သားက နောင်အနာဂတ်မှာ ကောင်းကင်ဘုံနယ်မြေရဲ့ အစွမ်းထက်တည်ရှိမှုကြီးတစ်ခု ဖြစ်လာမယ့်လူ....သူက ဘာလို့ ဒီလိုနေရာမျိုးမှာ သေရမှာလဲ...နိမ့်ကျတဲ့ကောင်တွေက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့သားကို တိုက်ခိုက်ဝံ့တာလဲ"
သခင်မကြီးဝမ်က မတ်တတ်ထရပ်ကာ တီးတိုးရေရွတ်လိုက်၏။
Chapter 3504
"သခင်မကြီး မကောင်းတော့ဘူး...ဧည့်အကြီးအကဲခန်းမမှာ ဘယ်သူမှမရှိတော့ဘူး...သူတို့ ထွက်ပြေးသွားတာ အချိန်အတော်ကြာနေလောက်ပြီ"
ရုတ်တရက် တခြားအစေခံတစ်ယောက်က ပြေးဝင်လာကာ အလျင်စလို အော်ဟစ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံး ဆက်လက်၍ တည်ငြိမ်စွာထိုင်မနေနိုင်ကြတော့ချေ။
"ငါတို့ဝမ်မိသားစုနဲ့ သူတို့ကြားမှာ စာချုပ်ချုပ်ထားတာလေ...သူတို့က ခုလိုမျိုး ဘာလို့ထွက်ပြေးသွားကြတာလဲ"
အကြီးအကဲတစ်ယောက်က မတ်တတ်ထရပ်ကာ မယုံကြည်နိုင်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူတို့ ဒေါသထွက်နေခြင်းကို အပြစ်ဆို၍မရချေ။
သူတို့၏ဝမ်မိသားစုသည် နှစ်စဥ်နှစ်တိုင်း အစွမ်းထက်ကျင့်ကြံသူများကိုခေါ်ယူကာ ဝမ်မိသားစု၏ဧည့်အကြီးအကဲများအဖြစ် တာဝန်ပေးခဲ့သည်။
ထိုဧည့်အကြီးအကဲများ၏ သစ္စာစောင့်သိမှုကိုအာမခံချက်ရနိုင်ရန်အလို့ငှာ ဝမ်မိသားစုနှင့်သူတို့အကြားတွင် စိတ်ဝိညာဥ်စာချုပ်တစ်ခုကို ချုပ်ဆိုထားလေ၏။
အကယ်၍ သူတို့သည် စာချုပ်ကိုဖောက်ဖျက်ကာ ဝမ်မိသားစု သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ထွက်ပြေးသွားပါက ထိုသူများသည် စိတ်ဝိညာဥ်စာချုပ်အရ တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားရပေမည်။နောင်အနာဂတ်တွင် သူတို့ ကျင့်ကြံချိန်၌ သူတို့ထံတွင် အတွင်းစိတ်နတ်ဆိုးများနှင့်ပြည့်နှက်နေကာ သူတို့၏ကျင့်ကြံဆင့်ကို ရှေ့သို့တစ်လက်မမျှပင် မြှင့်တင်နိုင်တော့မည်မဟုတ်ချေ။
"ဧည့်အကြီးအကဲခန်းမရဲ့အနီးမှာရှိတဲ့ မိသားစုဝင်တွေရဲ့ စကားကို နားထောင်ရသလောက်တော့ သူတို့က အကာအကွယ်ဝင်္ကပါကို ချိုးဖျက်ပြီးတော့ အိမ်တော်ကနေ ထွက်သွားကြတာပဲ...ကျွန်တော်တို့က သူတို့ကို မဟန့်တားနိုင်ခဲ့ဘူး...အဆင့်မြင့်ဧည့်အကြီးအကဲတွေတင်မကဘူး...အဆင့်နိမ့်ဧည့်အကြီးအကဲတွေနဲ့ သူတို့ရဲ့တပည့်တွေလည်း ထွက်သွားကြပြီ"
ထိုအစေခံက ထိတ်လန့်တကြား ပြောဆိုသည်။
အစောပိုင်းက ဒေါသတကြီးအော်ဟစ်လိုက်သော အကြီးအကဲသည် အားအင်ကုန်ခမ်းသွားသည့်အလား ထိုင်ခုံပေါ်သို့ ပြန်ပြုတ်ကျသွားတော့သည်။
အရာအားလုံး အဆုံးသတ်သွားလေပြီ။
ဝမ်မိသားစုဝင်အစွမ်းထက်ကျင့်ကြံသူ အများစုကို စစ်ရေးနှင့်အုပ်ချုပ်ရေးဌာနအသီးသီးသို့စေလွှတ်၍ တာဝန်ထမ်းဆောင်စေခဲ့သည်။
ဤဧည့်အကြီးအကဲများသည် ဝမ်အိမ်တော်၏အမာခံကျောရိုးပင်။
သို့ရာတွင် ထိုဧည့်အကြီးအကဲများအားလုံး ထွက်ပြေးသွားလေပြီ။ဆိုလိုသည်မှာ ထိုအကြီးအကဲများသည် ယခုရင်ဆိုင်ရမည့် ဘေးအန္တရာယ်ကို သူတို့၏အတွင်းစိတ်နတ်ဆိုးထက်ပင် ပို၍ထိတ်လန့်ကြောက်ရွံနေကြခြင်းပင်။သူတို့သည် ဤကိစ္စကြောင့် သူတို့၏အသက်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပေမည်။
"သခင်မကြီး...လက်ဝဲစစ်တပ်တပ်မှူးရဲ့စစ်တပ်က မြို့ထဲကိုဝင်လာပြီးတော့ အိမ်တော်ဆီကို တန်းတန်းမတ်မတ် ချီတက်လာပြီ"
အိမ်တော်ထိန်းက ကြောက်စိတ်မွှန်နေသောအမူအယာဖြင့် အလျှင်အမြန်ပြေးဝင်လာကာ ပြောဆိုလေ၏။
ယခင်က အဆင့်အတန်းမြင့်မားပြီး မောက်မာဝံ့ကြွားသော ဝမ်မိသားစု၏အကြီးအကဲများသည် ယခုလက်ရှိချိန်တွင် သူတို့၏မူလမာန်မာနများ ပျောက်ဆုံးသွားကာ အလွန်စိတ်လှုပ်ရှားပြီး ထိတ်လန့်ကြောက်ရွံစပြုလာသည်။
ဧည့်အကြီးအကဲများ၏ကူညီထောက်ပံ့မှုမရှိဘဲ အိမ်တော်ကို မည်ကဲ့သို့ကာကွယ်ရမည်ကို သူတို့ မသိရှိချေ။
သခင်မကြီးဝမ်သည် သူမ၏ခေါင်း အပြင်းအထန်မူးဝေလာမှုကိုခံစားရကာ သူမ အချိန်မရွေး သတိလစ်မေ့မျောတော့မည့်အလားပင်။
"အားလုံးပဲ...မင်းတို့ရဲ့ပစ္စည်းတွေကို ထုတ်ပိုးသိမ်းဆည်းကြတော့...ငါတို့ ခုချက်ချင်း ထွက်သွားကြမယ်"
သခင်မကြီးဝမ်သည် သူမ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုကိုချိုးနှိမ်ကာ အလျင်စလို အမိန့်ပေးလိုက်၏။
အရာအားလုံး အလွန်လျှင်မြန်စွာ ဖြစ်ပွားလာခဲ့သည်။
ယနေ့မနက်စောစောတွင် ဝမ်မူကျီးသည် လုယွီကို ကြိုဆိုရန်အတွက် အိမ်တော်မှထွက်ခွာသွားခဲ့သည်။သို့ရာတွင် ယခုချိန်၌ ဝမ်မိသားစု၏အရှိန်အဝါများအားလုံး ပျက်စီးသွားလေပြီ။
ကြိုတင်မသိနိုင်ခဲ့သော ဤအဖြစ်အပျက်များသည် သခင်မကြီးဝမ်ကို ရူးသွပ်သွားစေလုနီးပါးပင်။
သို့ရာတွင် ယခုချိန်၌ တွေဝေတုံ့ဆိုင်းနေ၍ မရတော့သဖြင့် သူတို့အားလုံးသည် အမြန်ဆုံးထွက်ခွာသွားရပေမည်။
ဝမ်အိမ်တော်၏ပြင်ပ၌....
အောင်းကွမ်းဦးဆောင်သော ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများသည် ဝမ်အိမ်တော်၏နံဘေးပတ်လည်တွင် နေရာယူထားကာ တင်းတင်းကြပ်ကြပ် ဝိုင်းရံပိတ်ဆို့ထားသည်။
ဝမ်အိမ်တော်ခြံဝန်းနံရံများ၏ပြင်ပသို့ ကြည့်လိုက်ပါက အနက်ရောင်သံချပ်ကာဝတ် စစ်သားအမြောက်အများရှိနေသည်။ထိုအနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် မှော်လက်နက်များကို ကိုင်ဆွဲထားကာ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှက်ထားသည်။
"တပ်မှူးရဲ့အမိန့်အရ ဝမ်မိသားစုကို စုံစမ်းစစ်ဆေးရမယ်....တံခါးကို မြန်မြန်ဖွင့်ပေးကြစမ်း....ငါတို့ အင်အားသုံးရအောင် မလုပ်ကြစမ်းနဲ့"
အောင်းကွမ်းက ကျယ်လောင်စွာအော်ဟစ်ကာ သူ၏အသံသည် မိုးခြိမ်းသံနှင့်တူညီနေပေ၏။
အစောပိုင်းက သူသည် ဝမ်အိမ်တော်အတွင်းသို့ ချိုးဖျက်ဝင်ရောက်ကာ ဝမ်ခန်း၏သီးသန့်အကျဥ်းထောင်ကို ထုတ်ယူလာခဲ့သည်။
သူ ထွက်ခွာလာပြီးနောက် ဝမ်မိသားစုသည် တုံ့ပြန်သည့်အနေဖြင့် မဟာအကာအကွယ်ဝင်္ကပါကြီးကို အသက်သွင်းပြီးလေပြီ။
အဝေးမှကြည့်ပါက ဝမ်အိမ်တော်ကို ထူထပ်သိပ်သည်းသောမြူခိုးများ လွှမ်းခြုံထားသည်ကို တွေ့မြင်ရပေမည်။ပြင်ပမှကြည့်လျှင် အိမ်တော်အတွင်းရှိ ဖွဲ့စည်းတည်ဆောက်ပုံများနှင့်အခြေအနေများကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ချေ။
အောင်းကွမ်း၏အသံ ကျရောက်သွားသည့်တိုင် မည်သည့်တုံ့ပြန်မှုမျိုးမျှမရှိချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းကွမ်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ခေါင်းမာပြီးတော့ ခုခံချင်သေးတယ်....သေလမ်းကိုရှာနေကြတာပဲ"
ထိုစကားအဆုံးသတ်သည်နှင့် သူသည် နဂါးအသွင်သို့ပြောင်းလဲကာ ဝမ်အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။
သူ၏နဂါးလက်သည်းများသည် အလွန်အမင်း ကြီးမားပေ၏။ထိုအရာများသည် မဟာအကာအကွယ်ဝင်္ကပါကြီးပေါ်သို့ ကျရောက်သွားသည်နှင့် တုန်ခါမှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
Chapter 3505
ဝမ်အိမ်တော်၏အကာအကွယ်ဝင်္ကပါကြီးသည် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာကာ မျက်နှာပြင်မှနေ၍ တောက်ပသောအနက်ရောင်အလင်းတန်းများ တဖျတ်ဖျတ်ဖြာထွက်လာသည်။
သို့ရာတွင် ဤသည်မှာ ဝမ်အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကြီးဖြစ်သဖြင့် ခုခံကာကွယ်နိုင်မှုစွမ်းရည်သည် အလွန်အမင်း မြင့်မားပေ၏။
အောင်းကွမ်းသည် အစစ်အမှန်နဂါးတစ်ကောင်ဖြစ်ကာ သာလွန်ထူးကဲသောခွန်အားကို ပိုင်ဆိုင်ထားသော်လည်း သူ၏လက်သည်းများဖြင့် ဤမဟာအကာအကွယ်ဝင်္ကပါကြီးကို ဆုတ်ဖြဲနိုင်ခြင်းမရှိချေ။
"မင်းတို့မှာ အရည်အချင်းနည်းနည်းတော့ရှိသားပဲ"
အစစ်အမှန်နဂါးဖြစ်သောအောင်းကွမ်းသည် လေထုအတွင်း၌ လှည့်ပတ်၍ပျံသန်းနေကာ တုန်လှုပ်ချောက်ချားဖွယ် နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထို့နောက် အောင်းကွမ်း၏ပါးစပ်အတွင်းမှ ရွှေရောင်အလင်းတန်းများ ပျံ့လွင့်လာကာ မဟာအကာအကွယ်ဝင်္ကပါကြီးကို ရိုက်ခတ်မိသွားသည်။
"ဝေါင်း..."
ကောင်းကင်နှင့်မြေပြင်အကြား၌ ကျယ်လောင်သောနဂါးဟိန်းသံတစ်သံတည်းကသာ ပဲ့တင်ထပ်ပျံ့နှံ့နေကာ တိမ်တိုက်များကိုပင်ဖြတ်သန်းသွားလေ၏။
ထိုရွှေရောင်အလင်းတန်းများသည် ထက်ရှသောဓားများအလား မဟာအကာအကွယ်ဝင်္ကပါကြီးကို ထိုးစိုက်သွားသည်။ဤအချိန်အခိုက်အတန့်တွင် မဟာအကာအကွယ်ဝင်္ကပါကြီးသည် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ မျက်နှာပြင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသည်။
အိမ်တော်ပြင်ပရှိ စစ်သားများပင်လျှင် ကြီးမားကျယ်ပြန့်သောအရှိန်အဝါကို ခံစားမိလေရာ အိမ်တော်အတွင်းရှိလူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
မူလက အိမ်တော်ကိုကာကွယ်ရန် ဟန်ပြင်နေသော ဝမ်မိသားစုဝင်အစောင့်များအားလုံး၏မျက်နှာများ ဖြူရော်သွားကာ မတ်တတ်ပင်မြဲမြံစွာ မရပ်နိုင်ကြတော့ချေ။
အကယ်၍ သူတို့သည် သာမာန်ကျင့်ကြံသူများနှင့်သေမျိုးများ၏တိုက်ခိုက်မှုကို ခံယူရပါက လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်သည်။
သို့ရာတွင် အောင်းကွမ်းကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်ကြချိန်တွင် ဤသည်မှာ အသုံးမဝင်ချေ။
"ရပ်လိုက်စမ်း"
ထိုအချိန်မှာပင် ဓားချီတစ်လှိုင်းက အောင်းကွမ်းထံသို့ လျှပ်တပြက်ဝင်ရောက်လာပြီး တိုက်ခိုက်လေ၏။
ဘုန်းခနဲမြည်သံကြီးနှင့်အတူ ထိုဓားချီသည် အောင်းကွမ်း၏နံဘေး၌ ပေါက်ကွဲသွားသည်။ပြင်းထန်သောဓားချီလှိုင်းများသည် တိမ်တိုက်များအကြားသို့ မြင့်တက်သွားကာ အစွမ်းထက်သောတုန်ခါမှုလှိုင်းများက အောင်းကွမ်းကို အဝေးသို့ တွန်းပို့လိုက်သည်။
အောင်းကွမ်း၏နဂါးမျက်လုံးများ ပြူးကျယ်သွားကာ ဒေါသတကြီး အော်ငေါက်လိုက်၏။
"ဘယ်သူလဲ...ဘယ်သူက သတ္တိအရမ်းကောင်းပြီးတော့ မင်းတို့ရဲ့အဖိုးနဂါးကို ပြဿနာရှာဝံ့တာလဲ....မင်းတို့က သေချင်နေတာလား"
ဘုန်း...ဘုန်း....ဘုန်း....
လမ်း၏အဆုံးမှနေ၍ လေးလံသောသံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသည့်စစ်သားများ ထပ်မံ၍ထွက်ပေါ်လာသည်။ဤစစ်သားများသည် ပြင်းထန်သောခြေလှမ်းများဖြင့် လျှောက်လှမ်းလာသဖြင့် မြေပြင်တပြင်လုံး တသိမ့်သိမ့်တုန်နေသည်။
"ဒါက ငါပဲ...ယုတ်ညံတဲ့သားရဲကောင်...ဝမ်အိမ်တော်ကိုတိုက်ခိုက်ဖို့ မင်းကို ဘယ်သူက အမိန့်ပေးလိုက်တာလဲ"
အနီရောင်အရာရှိဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်သည် စစ်သားများအကြားမှနေ၍ ရှေ့သို့ထွက်လာကာ အောင်းကွမ်းကိုစူးစိုက်၍ကြည့်လိုက်၏။
ဤလူသည် ထိုက်လင်စစ်တပ်၏တပ်မှူး ဝမ်လင်းပင်။
သူသည် ယခင်က ဝမ်မိသားစု၏အကြီးအကဲတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် ဝမ်မူကျီး၏စီစဥ်မှုအရ ထိုက်လင်စစ်တပ်၏တပ်မှူး ဖြစ်လာခဲ့သည်။
"မင်းက ဘယ်သူလဲ...မင်းရဲ့အဖိုးလုပ်နေတဲ့ကိစ္စကို မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဟန့်တားဝံ့တာလဲ"
"ငါက ထိုက်လင်စစ်တပ်ရဲ့တပ်မှူးဝမ်လင်းပဲ...ယုတ်ညံတဲ့သားရဲကောင် ငါ့ရှေ့ကနေထွက်သွားစမ်း...မဟုတ်ရင် ဒီနေ့ ငါ့ရဲ့ဓားနဲ့ မင်းကို ခေါင်းဖြတ်ရလိမ့်မယ်"
ဝမ်လင်းက အော်ငေါက်လေသည်။
ဝမ်လင်း၏စကားကိုကြားချိန်တွင် အောင်းကွမ်းသည် အလွန်ဒေါသထွက်သွားကာ သူ၏ဒွာရခုနစ်ပေါက်မှ အခိုးအငွေ့များထွက်လာသည်။
"မင်းရဲ့အဖိုးနဂါးကို ဒီလိုပြောဝံ့တာကိုကြည့်ရင် ငါ့အထင်တော့ မင်းက အသက်ရှင်နေရတာကို ပင်ပန်းနေပုံရတယ်....မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...မင်းက သေလမ်းရှာနေတာပဲ"
အောင်းကွမ်းသည် အလွန်ဒေါသထွက်နေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို ဂရုမစိုက်တော့ဘဲ ရှေ့သို့တရကြမ်းတိုးဝင်တိုက်ခိုက်လိုက်သည်။
"ဟမ့်...မင်းက သေချင်နေတာလား"
ဝမ်လင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ဓားချီများသည် မိုးသီးမိုးပေါက်များအလားကျဆင်းလာကာ အောင်းကွမ်းကို တိုက်ခိုက်လေသည်။
ဝုန်း....
ထောင်နှင့်ချီသောဓားချီများသည် လေထုအတွင်း၌ သိပ်သည်းသွားကာ ကြယ်မြစ်တစ်စင်းအလား ပျံ့လွင့်လာသည်။
အောင်းကွမ်းသည်လည်း နောက်တွန့်ခြင်းမရှိချေ။သူ၏ခန္ဓာကိုယ်မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏နဂါးလက်သည်းများတွင် ရွှေရောင်အလင်းလွှာတစ်လွှာ လွှမ်းခြုံထားပုံရသည်။သူသည် ဝမ်လင်း၏ဟာကွက်တချို့ကိုရှာဖွေကာ အဆင်မပြတ်တိုက်ခိုက်လိုက်၏။
နှစ်ဖက်စလုံးသည် လေထုအတွင်း၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
သို့ရာတွင် တိုက်ခိုက်မှုစတင်သည်နှင့် ဝမ်လင်းသည် အောင်းကွမ်းအား ရင်ဆိုင်ရန် အခက်အခဲတချို့ရှိသည်ကို ခံစားမိသည်။
ကျင့်ကြံဆင့်နယ်ပယ်အရ အကဲခတ်ကြည့်ပါက နှစ်ဖက်စလုံးတွင် ကွာဟချက်ကြီးကြီးမားမားမရှိချေ။သို့ရာတွင် သူတို့နှစ်ယောက် အမှန်တကယ်တိုက်ခိုက်ချိန်၌ အောင်းကွမ်းသည် သူ့ထက် အဆများစွာပို၍ သန်မာအားကောင်းနေသည်။
အစစ်အမှန်နဂါးတစ်ကောင်၏ မွေးရာပါစွမ်းရည်သည် လူသားများထက် ပို၍သန်မာအားကောင်းပေ၏။အထူးသဖြင့် အောင်းကွမ်းကဲ့သို့ သန့်စင်သောသွေးမျိုးဆက်ရှိသည့် အစစ်အမှန်နဂါးတစ်ကောင်သည် သတ်မှတ်ထားသော ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသို့ ရောက်ရှိသည်နှင့် ရှေးဘိုးဘေးများ၏မှတ်ဥာဏ်များကို နိုးထစေနိုင်ကာ ကျင့်ကြံနည်းစနစ်များနှင့်မှော်မန္တန်များကို အမွေဆက်ခံနိုင်သည်။
Thank For Reading.