အခန်း (၃၅၀၆-၃၅၁၀)
Vol. 179 Ch. 3506-3510
Chapter 3506
အောင်းကွမ်းသည် နဂါးမျိုးနွယ်၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် တောက်ပသောရွှေရောင်အလင်းတန်းများ မိုးကောင်းကင်ယံအတွင်း၌ ဖြာထွက်လာသည်။
တိုက်ကွက်ဆယ်ကွက်ကျော်ခန့် ဖလှယ်ပြီးနောက် ဝမ်ယင်၏ခုခံကာကွယ်မှုများသည် နောက်ဆုံး၌ အောင်းကွမ်း၏ချိုးဖျက်ခြင်းကိုခံလိုက်ရသည်။မိုးကောင်းကင်ယံမှ နဂါးလက်သည်းတစ်ဖက်သည် ဝမ်ယင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။
"မင်းက အရမ်းမောက်မာတယ်မဟုတ်လား...သွားသေလိုက်စမ်း"
အောင်းကွမ်းသည် ဝမ်ယင်၏နဖူးကိုဖိနှိပ်ကာ အေးစက်စက်လေသံဖြင့် ဒေါသတကြီး ပြောဆိုသည်။
ဝမ်ယင်၏ခန္ဓာကိုယ်တစ်ခုလုံး ဖုန်အလိမ်းလိမ်းကပ်နေကာ သူ ဝတ်ဆင်ထားသော အနီရောင်အရာရှိဝတ်စုံသည်လည်း စုတ်ပြတ်သတ်နေလေပြီ။
တိုက်ကွက်အနည်းငယ်ဖလှယ်ရုံဖြင့် နှစ်ဖက်အကြားတွင် မည်သူအားကောင်းသည် မည်သူအားနည်းသည်မှာ သိသာထင်ရှားလှ၏။
ဝမ်ယင်သည် မြေပြင်ပေါ်၌လဲကျနေပြီး အောင်းကွမ်း၏ဖိနှိပ်ခြင်းကို ခံထားရသည်။ရုတ်ချည်းဆိုသလိုပင် အရှက်ရသောခံစားချက်များက သူ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"လာကြစမ်း...စစ်တပ်တစ်တပ်လုံး သူတို့ကို တိုက်ခိုက်သတ်ဖြတ်စမ်း"
ထိုက်လင်စစ်တပ်မှစစ်သားများသည် တပ်မှူး၏အမိန့်ကိုရရှိချိန်တွင် ချက်ချင်းဆိုသလိုပင် ရှေ့သို့တရကြမ်းတိုးဝင်လာကြသည်။
တခြားတစ်ဖက်ရှိ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည်လည်း ထိုက်လင်စစ်တပ်၏ဖိအားနှင့် ရင်ဆိုင်ရသည့်တိုင် အနည်းငယ်မျှပင် အားပျော့သောအရိပ်အယောင်မရှိချေ။
ကြီးမားသောတိုက်ပွဲကြီးသည် နှစ်ဖက်အကြား၌ စတင်၍ဖြစ်ပွားတော့ပေမည်။
"ဘယ်သူလှုပ်ရှားဝံ့လဲဆိုတာ ငါ ကြည့်မယ်"
ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက အဝေးတစ်နေရာမှနေ၍ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်ပြီးပြင်းထန်သော အားလှိုင်းတစ်ရပ်သည် လုယွီ၏လက်ဝါးမှ ထွက်ပေါ်လာကာ စစ်တပ်နှစ်တပ်ကြားရှိ မြေပြင်ကို ရိုက်ခတ်သွားသည်။
နက်ရှိုင်းသောအက်ကွဲကြောင်းကြီးသည် စစ်တပ်နှစ်တပ်ကြားရှိ မြေပြင်ပေါ်၌ ထွက်ပေါ်လာပေ၏။
လုယွီက အေးစက်စက်မျက်နှာအမူအယာနှင့် မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
ထိုက်လင်စစ်တပ်မှစစ်သားများသည် အစပထမ၌ အံ့အားသင့်တုန်လှုပ်သွားသည်။သို့ရာတွင် သူတို့သည် လုယွီဝတ်ဆင်ထားသော အရာရှိဝတ်စုံကို မြင်တွေ့ချိန်၌ သူသည် အထက်အရာရှိကြီးတစ်ယောက်ဖြစ်သည်ကို သူတို့အားလုံး သိရှိသွားပေ၏။ထို့ကြောင့် သူတို့သည် နေရာမှာပင် မတ်တတ်ရပ်နေကာ မလှုပ်ရှားကြတော့ချေ။
"မင်း...မင်းက အဲ့ဒီနေ့တုန်းက တွေ့ခဲ့တဲ့မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်း မဟုတ်လား"
ဝမ်ယင်သည် လုယွီကိုကြည့်ကာ သူ၏မျက်လုံးများကျဥ်းမြောင်းသွားပြီး သူ၏မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အငွေ့အသက်မျိုးထင်ဟပ်လာသည်။
"ငါက လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်လုယွီ..."
လုယွီသည် ခြေလှမ်းကျဲကြီးများဖြင့် ဝမ်ယင်၏ရှေ့သို့ လျှောက်လှမ်းသွားကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းကို ဒီနေရာဆီလာဖို့ ဝမ်မိသားစုက တစ်ယောက်ယောက်က တောင်းဆိုခဲ့တာလား"
"ဟမ့်...မင်းရဲ့အပြုအမူတွေကို ငါ မတ်တတ်ရပ်ပြီးကြည့်မနေနိုင်ဘူး...ဒါကြောင့် ငါ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီးတော့ ဒီနေရာကို ရောက်လာတာပဲ...မင်းက လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်ဖြစ်နေမှတော့ ပိုပြီးရို့ရို့ကျိုးကျိုးနေသင့်တယ်...အနည်းဆုံးတော့ မင်းက လက်ဝဲစစ်တပ်နယ်မြေကို တည်ငြိမ်အောင်ထိန်းသိမ်းသင့်တယ်...ဒါပေမယ့် မင်းက မြို့ထဲကိုဝင်လာတဲ့ အချိန်အခိုက်အတန့်မှာပဲ ရက်စက်တဲ့သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်...မင်း ဘာလုပ်ချင်နေတာလဲ...မင်းက ရှီးလျန်မြို့ကို ဖရိုဖရဲဖြစ်စေချင်နေတာလို့တော့ ငါ့ကိုမပြောနဲ့"
ဝမ်ယင်က ဖြောင့်မတ်မှန်ကန်သောလေသံနှင့် ပြောဆိုသည်။
လုယွီက လှောင်ပြောင်သရော်လိုက်၏။
"ဝမ်မိသားစုက ဘယ်လိုလူစားမျိုးတွေလဲဆိုတာ မင်းရော ငါရော ကောင်းကောင်းသိထားကြတယ်....မင်းကိုယ်မင်း လှည့်ဖျားဖို့ မကြိုးစားစမ်းနဲ့...မင်းက ဝမ်မိသားစုဝင်တစ်ယောက်ဖြစ်နေမှတော့ ငါက မင်းကိုလည်း စုံစမ်းစစ်ဆေးရမယ်...တကယ်လို့ မင်း ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ ရှိနေမယ်ဆိုရင် ငါ လုံးဝခွင့်လွှက်ပေးမှာမဟုတ်ဘူး"
ဝမ်ယင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။သို့ရာတွင် အောင်းကွမ်းသည် သူ့ကို နောက်မှနေ၍ဖိနှိပ်ကာ သူ၏ခေါင်းကို မြေပြင်နှင့်ဖိကပ်ထားသည်။
"ကောင်းကောင်းမွန်မွန် နေစမ်း"
အောင်းကွမ်းက ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောဆိုသည်။
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ထိုက်လင်စစ်တပ်မှစစ်သားများကို ကြည့်လိုက်၏။
"မင်းတို့တွေ...မင်းတို့တွေထဲက အများစုက ရှီးလျန်မြို့ကလူတွေပဲ....မင်းတို့ထဲက လူဘယ်လောက်များများက ဝမ်မိသားစုရဲ့လူယုံတွေဖြစ်နေလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါ မင်းတို့ကို ပြောလိုက်မယ်...အခုချိန်မှာ ဝမ်မိသားစုရဲ့အခွင့်အာဏာတွေ ပျောက်ဆုံးသွားပြီ....စစ်တပ်တစ်တပ်ရဲ့ဓားတွေက ကိုယ်နဲ့ရဲဘော်ရဲဖက်တွေဖြစ်တဲ့ တခြားစစ်တပ်တစ်တပ်ကို ချိန်ရွယ်မထားသင့်ဘူး...တကယ်လို့ အခုချိန်မှာ မင်းတို့ ထွက်သွားမယ်ဆိုရင် ငါ ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးမယ်"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
ထိုက်လင်စစ်တပ်မှစစ်သားများသည် မြေပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေကာ ယခုထိတိုင် သူတို့၏ထိတ်လန့်တုန်လှုပ်မှုမှ အသိပြန်ဝင်လာခြင်းမရှိသေးချေ။
အဓိက အကြောင်းအရင်းမှာ ဝမ်မိသားစုသည် အင်အားကောင်းစွာဖြင့် ရှီးလျန်မြို့အတွင်း၌ ရပ်တည်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့်ပင်။
ဤတစ်ကြိမ်တွင် သူတို့သည် နောက်ဆုတ်လိုက်ပါက ဝမ်မိသားစုကို လုံးလုံးလျားလျား ဆန့်ကျင်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။
"ဒီငယ်သားက အုပ်ချုပ်သူအရှင်ရဲ့ညွှန်ကြားချက်ကို လိုက်နာဖို့ ဆန္ဒရှိပါတယ်"
ထိုအချိန်မှာပင် ထိုက်လင်စစ်တပ်မှနေ၍ စစ်ဗိုလ်ချုပ်တစ်ယောက် ရှေ့ထွက်လာကာ လုယွီကို ဦးညွှတ်အရိုအသေပြုလေ၏။
တစ်စုံတစ်ယောက် ရှေ့ထွက်လာသည်ကိုကြည့်ပြီး ထိုက်လင်စစ်တပ်တစ်တပ်လုံး ဖရိုဖရဲဖြစ်သွားသည်။
*3505မှာ ဝမ်ယင်ကို ဝမ်လင်းလို့ မှားရေးခဲ့မိပါတယ်...တောင်းပန်ပါတယ်ရှင့်*
Chapter 3507
ထိုက်လင်စစ်တပ်မှစစ်သားအများစုသည် ဤစစ်ဗိုလ်ချုပ်ကို မှတ်မိသည်။
ဤသည်မှာ ဝမ်ယင်၏နောက်သို့ အစဥ်အမြဲလိုက်ပါနေခဲ့သော သစ္စာရှိလူယုံတစ်ယောက်ပင်။အချိန်အတော်ကြာကတည်းက သူသည် ဝမ်ယင်၏သီးသန့်စစ်သား ဖြစ်နေလေပြီ။သူ့အား ဝမ်ယင် ရာထူးတိုးပေးထားသဖြင့် ဤရာထူးအဆင့်ထိ တိုးမြှင့်ပေးထားခြင်းဖြစ်သည်။သူသည် ဝမ်ယင်ကို မည်သည့်အချိန်မျှ သစ္စာဖောက်မည့်သူမဟုတ်ဟု လူတိုင်း ယုံကြည်ထားကြလေ၏။
သို့ရာတွင် ယခုလက်ရှိချိန်တွင် ဤစစ်ဗိုလ်ချုပ်သည် ပထမဆုံးရှေ့ထွက်လာသူ ဖြစ်နေသည်။
ဝမ်ယင်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာထင်ဟပ်နေကာ သူသည် ထိုစစ်ဗိုလ်ချုပ်ကို စူးစိုက်ကြည့်လိုက်သည်။
"ငါ မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်...ဘာလို့ အခုချိန်မှာ မင်း ငါ့ကို သစ္စာဖောက်ခဲ့တာလဲ"
သူသည် ထိုက်လင်စစ်တပ်ကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်သည်မှာ ဤသစ္စာရှိလူယုံများကြောင့်ပင်။
သို့ရာတွင် သူ၏သစ္စာရှိလူယုံများသည် တစ်ယောက်ပြီးတစ်ယောက် သစ္စာဖောက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"တပ်မှူး...အတိတ်တုန်းက မင်း ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့လူတွေက မင်းကို အရင်တုန်းက ဘာရန်စစော်ကားထားတာမှ မရှိဘူးမလား...ငါက တပ်မှူးဆီမှာ တာဝန်ထမ်းဆောင်နေတာ အချိန်အတော်ကြာမြင့်နေပြီ...ဒါက တပ်မှူးရဲ့ကြင်နာမှုကို ငါ ပြန်ပေးဆပ်ခဲ့တယ်လို့ ယူဆလို့ရတယ်"
စစ်ဗိုလ်ချုပ်သည် အေးစက်စက်လေသံဖြင့် ပြောဆိုပြီးနောက် ချာခနဲလှည့်ကာ ထွက်ခွာခဲ့တော့သည်။
သူသည် ပြင်ပလူများ သိရှိ၍မဖြစ်သော ကိစ္စအမြောက်အများကို ဝမ်ယင်အတွက် နောက်ကွယ်မှနေ၍ ကူညီပြီးလှုပ်ရှားပေးခဲ့သည်။
ပြင်ပလူများ၏အမြင်တွင် ဝမ်ယင်သည် ထိုက်လင်စစ်တပ်၏တပ်မှူးဖြစ်သော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ သူသည် ဆိုးသွမ်းသောလုပ်ရပ်များကို တိတ်တဆိတ်ကျူးလွန်ခဲ့သည်။ဤစစ်ဗိုလ်ချုပ်သည် ဝမ်ယင်ကို စိတ်မကျေမနပ်ဖြစ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း သူ ပွင့်ပွင့်လင်းလင်းမပြောခဲ့ချေ။အကြောင်းအရင်းမှာ သူသည် အတိတ်တွင် ဝမ်ယင် သူ့အပေါ်တွင်ထားခဲ့သည့် သနားကြင်နာမှုများကြောင့်ပင်။
ထိုက်လင်စစ်တပ်မှစစ်သားများသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
သို့ရာတွင် ထိုစစ်ဗိုလ်ချုပ် ထွက်ခွာသွားပြီးနောက် ထိုက်လင်စစ်တပ်မှစစ်သားများသည်လည်း ဤနေရာ၌ ဆက်၍မနေဝံ့တော့ချေ။ထိုအစား သူတို့သည် ထိုစစ်ဗိုလ်ချုပ်နှင့်အတူ ထွက်ခွာသွားရန် ရွေးချယ်ခဲ့ကြတော့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လက်ရှိနေရာတွင်ရှိနေသော ထိုက်လင်စစ်တပ်မှစစ်သားများ ပျောက်ကွယ်သွားလေပြီ။ထိုစစ်သားများအနက်မှ တစ်ဦးတစ်ယောက်မျှ ဤနေရာ၌ဆက်နေရန် မရွေးချယ်ခဲ့ကြချေ။
ဝမ်ယင်သည် ချက်ချင်းဆိုသလိုပင် အထောက်အပံ့မရှိသော တပ်မှူးဘဝသို့ ရောက်ရှိသွားလေပြီ။
"လုယွီ....ဝမ်မိသားစုက အလွယ်တကူ ပျက်စီးသွားမှာမဟုတ်ဘူး....မင်း တစ်ယောက်တည်းနဲ့ ဝမ်မိသားစုကို ကိုင်လှုပ်လို့ရမှာမဟုတ်ဘူး"
ဝမ်ယင်က ရက်စက်ကြမ်းကြုတ်သောအမူအယာနှင့် အော်ဟစ်ကြုံးဝါးလိုက်သည်။
"ဒီလောကကြီးထဲမှာ မပျက်စီးနိုင်တဲ့ အင်အားစုဆိုတာ မရှိဘူး"
လုယွီသည် ဝမ်ယင်ကို အေးစက်စက်ကြည့်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"သူ့ကို ခေါ်သွားကြစမ်း...ငါ သူ့ကို နောက်ကျမှစစ်ဆေးမယ်"
စစ်သားတစ်စုသည် ရှေ့သို့တရကြမ်းတိုးဝင်လာပြီး ဝမ်ယင်ကို ခေါ်ဆောင်သွားတော့သည်။
"ဒီနှစ်တွေအတွင်းမှာ ဝမ်မိသားစုက သူတို့ရဲ့လူတွေအများကြီးကို အစောင့်တပ်တွေထဲမှာ မွေးမြူထားတယ်...ဒါက ရှီးလျန်ကြယ်နယ်မြေမှာတင် မဟုတ်ဘူး...တခြားကြယ်နယ်မြေတွေမှာလည်း ဝမ်မိသားစုရဲ့လက်အောက်ခံစစ်ဗိုလ်ချုပ်တွေ ရှိနေတယ်"
နံဘေးဘက်တွင်ရှိနေသော ဖေးထျန်ကွမ်းသည် စာရင်းတစ်ခုကိုင်ပြီး ပြောဆိုလိုက်၏။
ဤစာရင်းတွင် အမျိုးမျိုးသောနေရာများတွင် တာဝန်ထမ်းဆောင်နေသော ဝမ်မိသားစုမှ စစ်ဗိုလ်ချုပ်များ၏နာမည်များ ပါဝင်သည်။
"ဒီလူတွေကို ငါက နောင်အနာဂတ်ကျရင် တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင်ဖြေရှင်းမယ်...အောင်းကွမ်း....ဒီကိစ္စကို မင်း တာဝန်ယူရမယ်"
လုယွီသည် ထိုစာရင်းပေါ်ရှိနာမည်များကို တစ်ချက်ကြည့်ကာ အောင်းကွမ်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
အောင်းကွမ်းသည် ထိုစာရင်းကိုတစ်ချက်ကြည့်ကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"စိတ်ချပါ အရှင်...ဒီကောင်တွေကို ငါ့ဆီ လက်လွှဲပေးထားမှတော့...သူတို့ ငါ့ရဲ့စကားကို နားထောင်မှာ သေချာပေါက်ပဲ"
အောင်းကွမ်းသည် ဝမ်မူကျီး၏လူများနှင့် တိုက်ခိုက်စဥ်ကတည်းက အလွန်ဒေါသထွက်နေခဲ့သည်။
ဤတစ်ကြိမ်တွင် သူ လက်စားပြန်ချေရမည့်အချိန်သို့ ရောက်ရှိလာသဖြင့် သူ အလွန်ဝမ်းသာပျော်ရွှင်နေသည်။
လုယွီက ဝမ်အိမ်တော်ဘက်သို့ လှည့်ကြည့်လိုက်၏။
အောင်းကွမ်းသည် အလျှင်အမြန်ရှေ့သို့တိုးသွားကာ ပြောဆိုသည်။
"အဲ့ဒီကောင်တွေက လိမ်မာပါးနပ်တယ်...ငါ ခုဏက အိမ်တော်ထဲကိုဝင်ပြီးတော့ ဝမ်ခန်းဖွက်ထားတဲ့ သီးသန့်အကျဥ်းထောင်ကို ယူလာခဲ့ကတည်းက....အိမ်တော်တစ်ခုလုံးကို ချိပ်ပိတ်ပြီးတော့ အကာအကွယ်ဝင်္ကပါကြီးကို အသက်သွင်းလိုက်တယ်...ဒါက ငါတို့ကို သတိထားပြီးတော့စောင့်ကြပ်နေတယ်ဆိုတာ သိသာထင်ရှားတယ်....ဒါပေမယ့် အရှင် ဘာမှမစိုးရိမ်ပါနဲ့....ငါ့ကို အချိန်နည်းနည်းလောက်ပေးတာနဲ့ ငါ ဒီဝင်္ကပါကို သေချာပေါက်ဖျက်ဆီးနိုင်မှာပါ"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။
"မလိုအပ်ဘူး..."
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် အိမ်တော်၏ပင်မတံခါးရှေ့သို့ လျှောက်လှမ်းသွားကာ တစ်ချက်ကန်ကျောက်လိုက်သည်။
သူသည် မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုထားခြင်းမရှိဘဲ သူ၏အစစ်အမှန်ခွန်အားသက်သက်ပင်။
ပတ်ဝန်းကျင်ရှိလူများသည် ဝမ်အိမ်တော်၏အနီရောင်ကြေးနီတံခါးမှနေ၍ နားအူလုမတတ်အသံကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ထိုအသံသည် မိုးခြိမ်းသံနှင့်တူညီကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
Chapter 3508
ကြေးနီရောင်တံခါးမကြီး ပြင်းပြင်းထန်ထန် တုန်ရီစပြုလာသည်။
ခရက်...ခရက်...ခရက်...
ထို့နောက် တံခါးကြီးမှနေ၍ ကြည်လင်ပြတ်သားသော အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပေ၏။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် တံခါးကြီးသည် ကျယ်လောင်သောဘုန်းခနဲမြည်သံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ဘုန်း...
တံခါးကြီးသည် အချိန်တခဏသာ တောင့်ခံနိုင်ခဲ့ပြီး ပြိုလဲကျသွားခြင်းဖြစ်သည်။
ဤတံခါးနှင့်အတူ ဝမ်အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကြီး ရှိနေသည်။
ဝမ်မိသားစုသည် အရင်းအမြစ်အမြောက်အများ အကုန်အကျခံကာ တည်ဆောက်ထားခဲ့သော မဟာအကာအကွယ်ဝင်္ကပါကြီးသည် လုယွီ၏ရှေ့၌ လုံးလုံးလျားလျား အသုံးမဝင်ဘဲ ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။
ထိုတံခါးကြီးပျက်စီးသွားပြီးနောက် အတွင်း၌ မတ်တတ်ရပ်နေသော ဝမ်မိသားစုဝင်အစောင့်များ ထွက်ပေါ်လာသည်။
ဤအစောင့်များကို ဝမ်အိမ်တော်အားစောင့်ကြပ်ရန် အလျှင်အမြန် ဆင့်ခေါ်ထားခဲ့ခြင်းဖြစ်သည်။သူတို့သည် သာမာန်အားဖြင့် လေလွင့်ကျင့်ကြံသူများကိုသာ အနိုင်ကျင့်ဝံ့သူများဖြစ်ကာ ပုန်းကွယ်နဂါးတပ်စုကဲ့သို့ ကြီးကျယ်ခမ်းနားသော အင်အားစုဖွဲ့မှုမျိုးကို ရင်ဆိုင်ဖူးခြင်းမရှိချေ။
ဘုန်း...ဘုန်း..ဘုန်း...
သံချပ်ကာဝတ်စုံဝတ်စစ်သားများသည် တံခါးဝကိုဖြတ်သန်း၍ အတွင်းသို့ပြေးဝင်ကာ ဝမ်မိသားစုဝင်အစောင့်များကို သူတို့၏မှော်လက်နက်များဖြင့် ချိန်ရွယ်လိုက်ကြ၏။
"အထဲမှာရှိတဲ့လူတွေအားလုံး လက်နက်ချအညံခံကြစမ်း...မဟုတ်ရင် မင်းတို့ နေရာမှာပဲ အသတ်ခံရမယ်"
"မင်းတို့ရဲ့လက်နက်တွေ အောက်ကို ချလိုက်စမ်း"
ကျယ်လောင်သောအော်ဟစ်သံများနှင့်အတူ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက ဝမ်မိသားစုဝင်အစောင့်တိုင်း၏ခေါင်းထက်သို့ ကျရောက်သွားသည်။
ထိုအစောင့်များသည် ဤကဲ့သို့အခြေအနေမျိုးကို မည်သည့်နည်းဖြင့် တောင့်ခံနိုင်မည်နည်း။သူတို့အားလုံးသည် သူတို့၏မှော်လက်နက်များကို အောက်သို့ချကာ သူတို့၏လက်များကိုမြှောက်၍ အရှုံးပေးအညံ့ခံလိုက်တော့သည်။
ဤအချိန်အခိုက်အတန့်တွင် ဝမ်အိမ်တော်၏အထက်လေထုအတွင်းတွင် မဟာအကာအကွယ်ဝင်္ကပါကြီးကို စောင့်ကြပ်နေသော အစောင့်များအားလုံးသည်လည်း လွင့်ထွက်သွားလေပြီ။
ဝမ်အိမ်တော်ကို လွှမ်းခြုံထားသော မြူခိုးများသည်လည်း တဖြည်းဖြည်းပျက်ပြယ်သွားခဲ့သည်။ပြင်ပရှိလူများသည် ဝမ်အိမ်တော်အတွင်းရှိ မြင်ကွင်းတစ်ခုလုံးကို မြင်တွေ့နိုင်ပြီဖြစ်သည်။
ရှီးလျန်မြို့အတွင်းမှ မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများသည် ဝမ်အိမ်တော်ပေါ်သို့ ကျရောက်လာပေ၏။
သာမာန်အားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဤကိစ္စမျိုးကို မပြုလုပ်ဝံ့ကြချေ။အကြောင်းအရင်းမှာ ဤကိစ္စသည် ဝမ်မိသားစုကို ရန်စစော်ကားသည်နှင့် ကွဲပြားခြားနားခြင်းမရှိသောကြောင့်ပင်။
သို့ရာတွင် ယခုချိန်၌ မည်သူကမျှ ဂရုမစိုက်တော့ချေ။
လူတိုင်းသည် ဝမ်အိမ်တော်၏အဆုံးသတ်ရလဒ်ကို တွေ့မြင်လိုကြသည်။
ဤသည်မှာ ရှီးလျန်မြို့အတွင်း၌ ကြီးကျယ်ခမ်းနားဆုံးနှင့်အထည်ဝါဆုံး အိမ်တော်တစ်ခုပင်။
ဝမ်အိမ်တော်အနီးသို့ သာမာန်အချိန်မျိုးတွင် မည်သူမျှ မချဥ်းကပ်ဝံ့ချေ။
ဤသည်က ဝမ်အိမ်တော်သို့ ပထမဆုံးအကြိမ် ရန်သူများ၏ကျူးကျော်ခြင်းကို ခံရခြင်းဖြစ်သည်။
"ဝမ်အိမ်တော်ရဲ့အကြီးအကဲတွေ ဘယ်နေရာမှာလဲ"
လုယွီက မေးမြန်းသည်။
ပတ်ဝန်းကျင်ရှိအစောင့်များသည် ခုခံကာကွယ်ရန်ကို လက်လျှော့ထားပြီးဖြစ်ပေ၏။
ပိုင်းခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့် မည်သူမဆို ဝမ်မိသားစု၏အရှိန်အဝါ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရှိပေမည်။အကယ်၍ သူတို့သည် ယခုချိန်၌ ခေါင်းမာမာနှင့် ဆက်လက်၍ခုခံကာကွယ်နေပါက သူတို့၏သေလမ်းကို ရှာဖွေနေသည်နှင့် ကွဲပြားခြားနားခြင်းရှိမည်မဟုတ်ချေ။
အစောင့်ခေါင်းဆောင်တစ်ယောက်က ပြောဆိုသည်။
"သခင်မကြီးနဲ့မိသားစုအကြီးအကဲတချို့က စည်းဝေးခန်းမထဲမှာ ရှိနေပါတယ်"
"အခုချက်ချင်း အရှုံးပေးကြစမ်း..မဟုတ်ရင် မင်းတို့အားလုံး နေရာမှာပဲ အသတ်ခံရမယ်"
"အားလုံးပဲ...တော်ဝင်နန်းတွင်းရဲ့အစေအပါးတွေကို သတ်ကြစမ်း...မိသားစုခေါင်းဆောင်က ငါတို့ကို လာကယ်လိမ့်မယ်"
ထိုအချိန်မှာပင် အော်ဟစ်သံများက အဝေးတစ်နေရာမှနေ၍ ထွက်ပေါ်လာသည်။
ဤသည်မှာ ဝမ်မိသားစုမှကျင့်ကြံသူများသည် ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများဖြင့် စတင်၍တိုက်ခိုက်နေကြခြင်းပင်။
ရှီးလျန်မြို့အတွင်း၌ ကြီးမားသောထိပ်သီးမိသားစုကြီးဖြစ်သည့် ဝမ်မိသားစု၏သွေးမျိုးဆက်နှင့် အဆင်အနွယ်များသည် လွန်စွာရှုပ်ထွေးပေ၏။ဝမ်မူကျီး၏သွေးမျိုးဆက်များသာမကဘဲ မိသားစုခွဲများမှသွေးမျိုးဆက်များလည်း ရှိနေသည်။
ထိုမိသားစုခွဲများမှကျင့်ကြံသူများသည် ကျင့်ကြံရန်အတွက် ဝမ်အိမ်တော်၌ စုဝေးနေကြသည်။
သူတို့သည် ဝမ်အိမ်တော်ရှိ အစောင့်များနှင့် ကွဲပြားခြားနားသည်။ဤလူတစ်စုသည် ဝမ်အိမ်တော်နှင့် တစ်သွေးတစ်သားတည်း ချည်နှောင်ပေါင်းစည်းပြီးဖြစ်သည်။ပြောရမည်ဆိုလျှင် သူတို့နှင့်ဝမ်အိမ်တော်သည် နိမ့်အတူ မြင့်အတူပင်။
ထို့ကြောင့် ဤလူတစ်စုသည် လွယ်လင့်တကူ အရှုံးပေးမည်မဟုတ်ချေ။
လုယွီသည် ထိုကျင့်ကြံသူတစ်စုကို လျစ်လျှူရှုကာ ဝမ်အိမ်တော်၏စည်းဝေးခန်းမထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် စည်းဝေးခန်းမအတွင်း၌ ဗလာဟင်းလင်းဖြစ်နေလေပြီ။
အစောပိုင်းကပင် ဝမ်မိသားစုအတွင်းရှိ အဆင့်မြင့်မိသားစုဝင်များသည် တန်ပြန်တိုက်ခိုက်ရန်အတွက် အစီအစဥ်များကို တိုင်ပင်ဆွေးနွေးနေခဲ့ကြသည်။သို့ရာတွင် ယခုချိန်၌ ဤနေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့ချေ။
"ဘာတွေဖြစ်နေတာလဲ...သူတို့ ဘယ်ရောက်သွားတာလဲ...မင်း ငါတို့ကို လိမ်နေတာလား"
အောင်းကွမ်းသည် အစောင့်ခေါင်းဆောင်၏အင်္ကျီဂုတ်ကို ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်၏။
Chapter 3509
ထိုအစောင့်ခေါင်းဆောင်သည် အောင်းကွမ်း၏နဂါးအရှိန်အဝါကြောင့် ထိတ်လန့်ကြောက်ရွံပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
"အရှင်...ကျွန်တော်တို့က အပြင်မှာ ခုခံကာကွယ်ဖို့ကိုပဲ တာဝန်ယူထားရတာပါ....အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး"
"အမှိုက်ကောင်..."
အောင်းကွမ်းသည် သူ၏လက်ကိုပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ ထိုအစောင့်ခေါင်းဆောင်ကို နံဘေးသို့တွန်းဖယ်လိုက်၏။
သို့ရာတွင် လုယွီက ဂရုမစိုက်ချေ။ခရမ်းရောင်အလင်းတန်းတစ်တန်းက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။ကံကြမ္မာလမ်းကြောင်းအမြောက်အများက သူ၏အမြင်အာရုံအောက်၌ ထွက်ပေါ်လာသည်။
ဤနေရာ၌ရှိနေခဲ့သူများသည် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် မြင့်မြတ်သူများဖြစ်သည်။သူတို့၏ကံကြမ္မာလမ်းကြောင်းများသည် နီမြန်းနေသဖြင့် သူတို့ကိုကြည့်ရသည်မှာ အလွန်အမင်းချမ်းသာကြွယ်ဝပုံရသည်။
သို့ရာတွင် သူတို့၏ကံကြမ္မာလမ်းကြောင်းများသည် ပြောင်းလဲနေလေပြီ။
အနက်ရောင်မြူခိုးလွှာတစ်လွှာသည် သူတို့၏အနီရောင်ကံကြမ္မာလမ်းကြောင်းများကို လွှမ်းခြုံထားလေ၏။ဤသည်မှာ ကံကြမ္မာဆိုးတစ်ရပ်သည် သူတို့တစ်ယောက်ချင်းစီထံသို့ ဆင်းသက်နေပြီကို ပြသနေခြင်းပင်။
"တကယ်လို့ မင်းတို့က ထွက်သွားချင်တယ်ဆိုရင်တောင်...မင်းတို့ တတ်နိုင်မယ်လို့ ထင်နေကြတာလား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူသည် ခြေလှမ်းကျဲကြီးများနှင့် ရှေ့သို့တိုးကာ တောင်အနောက်သို့ ရောက်ရှိသွားသည်။
ဤအချိန်တွင် နံဘေးဘက်မှစောင့်ကြည့်နေသောလူများ ပို၍ပို၍ များပြားလာသည်။
လူအမြောက်အများသည် ဝမ်အိမ်တော်၏ခေါင်မိုးများပေါ်တွင် မတ်တတ်ရပ်နေကြကာ ဝမ်အိမ်တော်အတွင်းရှိမြင်ကွင်းများကို စောင့်ကြည့်နေကြလေ၏။
"တစ်ချိန်က အရမ်းကြီးကျယ်ခမ်းနားတဲ့ ဝမ်အိမ်တော်ကြီးက အခုချိန်မှာ ပျက်စီးတော့မယ့်အခြေအနေမျိုးကို ရောက်နေပြီ"
"ဝမ်မိသားစုရဲ့လူအိုကြီးတွေ အရမ်းမြန်မြန် ထွက်ပြေးသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး....သူတို့ကိုဖမ်းမိဖို့ လွယ်ပါ့မလား...အဲ့ဒီလူအိုကြီးတွေက ဝမ်အိမ်တော်ရဲ့နောက်ခံနဲ့ ထင်ရာစိုင်းနေပြီးတော့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ....သူတို့ကို လူတွေက မျက်စိဆံပင်မွှေးစူးနေတာ အချိန်အတော်ကြာနေပြီ"
တချို့လူများသည် အေးစက်စက် ရယ်မောလိုက်ကာ တခြားလူများသည် ဝမ်မိသားစု၏အဆင့်မြင့်အကြီးအကဲများ အလွန်လျှင်မြန်စွာ ထွက်ပြေးသွားသောကြောင့် အော်ဟစ်ကျိန်ဆဲနေကြသည်။
"တကယ်လို့ မင်းတို့ ထွက်ပြေးချင်တယ်ဆိုရင်တောင်...လမ်းကြောင်းမရှိစေရဘူး"
လုယွီသည် လေဟာနယ်အတွင်းမှလာသော အားပျော့သည့်လေဟာနယ်လှုပ်ခတ်မှုများကို ခံစားမိသည်။
ဤစွမ်းအားလှုပ်ခတ်မှုများကို အကယ်၍ လေဟာနယ်ဥပဒေသကို တိကျသောအဆင့်တစ်ခုထိ ကျင့်ကြံထားသူမဟုတ်ပါက စုံစမ်းထောက်လှမ်းနိုင်ရန် လွန်စွာခက်ခဲပေမည်။
လုယွီသည် အနောက်ဘက်ခြံဝန်းရှိ တောင်တစ်လုံး၏ တောင်နံရံတစ်ခုရှေ့တွင် မတ်တတ်ရပ်လိုက်၏။
ဤတောင်နံရံသည် ချောက်ကမ်းပါးစွန်းတစ်ခုနှင့် တူညီနေပြီး ထောင့်မတ်ကျကျ အောက်သို့လျှောဆင်းသွားကာ ပတ်ဝန်းကျင်ရှိတခြားတောင်များနှင့် ပေါင်းစပ်နေသည်။ဤနေရာသည် တခြားနေရာများနှင့် မည်သည့်ကွဲပြားခြားနားချက်ရှိနေသည်ကို ပြောဆိုနိုင်ရန် လွန်စွာခဲယဥ်းပေမည်။
လုယွီသည် ရုတ်တရက် ခြေလှမ်းရှေ့တိုးလိုက်သည်။သူ၏လက်သီးမှနေ၍ ရွှေရောင်အလင်းတန်းများ ပွင့်အံ့ထွက်လာကာ ထိုတောင်နံရံကိုဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဝုန်း...
ကျယ်လောင်သောမြည်ဟီးသံကြီးက လုယွီ၏လက်သီးချက် ကျရောက်သွားသောနေရာမှ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ရှေ့ရှိ တောင်နံရံသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားတော့သည်။ကြီးမားသော ကျောက်တုံးများ မြေပြင်ပေါ်သို့ပြုတ်ကျလာကာ ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။
တောင်နံရံ၏နောက်တွင် လျှို့ဝှက်လှိုဏ်ဂူတစ်ဂူရှိနေသည်။
ဤအချိန်အခိုက်အတန့်တွင် ထိုလှိုဏ်ဂူအတွင်း၌ ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိနေကာ တောက်ပသောအလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။
ထိုကူးပြောင်းရေးဝင်္ကပါအတွင်း၌ လူဆယ်ယောက်ကျော်ခန့် မတ်တတ်ရပ်နေသည်။ဤအချိန်တွင် သူတို့သည် စိုးရိမ်ပူပန်စွာဖြင့် လှိုဏ်ဂူ၏ပြင်ပသို့ ကြည့်နေကြသည်။
"ဒါက ကူးပြောင်းရေးဝင်္ကပါတစ်ခုပဲ"
"သူတို့က ဝိုင်းရံပိတ်ဆို့ထားတဲ့အောက်ကနေ လွတ်မြောက်သွားတာ အံ့အားသင့်စရာမရှိတော့ဘူး....ဒါက ကူးပြောင်းရေးဝင်္ကပါ ရှိနေတာကြောင့်ပဲ"
ဤနေရာသို့ နတ်ဘုရားစိတ်အာရုံများဖြင့် စောင့်ကြည့်နေကြသူများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ကျိန်ဆဲနေကြလေ၏။
ကူးပြောင်းရေးဝင်္ကပါကို အသက်သွင်းပြီးသည်နှင့် မကြာမီမှာပင် ဤလူတစ်စုသည် အဝေးသို့ ရောက်ရှိသွားပေမည်။
ဤအချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် ဝမ်အိမ်တော်ကို ဝိုင်းရံပိတ်ဆို့ထားသည့်တိုင် ဝမ်မိသားစုမှလူတချို့ထံတွင် ထွက်ပြေးလွတ်မြောက်ရန်အတွက် နည်းလမ်းတစ်ခုရှိနေဆဲပင်။
ဤအချိန်အခိုက်အတန့်တွင် ကူးပြောင်းရေးဝင်္ကပါအတွင်း၌ ဝမ်သခင်မကြီးနှင့်အဆင့်မြင့်အကြီးအကဲတစ်စုရှိနေသည်။သူတို့သည် တခြားတစ်နေရာသို့ ကူးပြောင်းသွားရန်အတွက် အဆင်သင့်ပြင်ဆင်ပြီးလေပြီ။
သူတို့သည် အလွန်ဝေးကွာသောနေရာသို့ သွားကြမည်ဖြစ်သဖြင့် လုယွီသည် သူတို့ကို အချိန်တိုအတွင်း၌ ရှာတွေ့နိုင်မည်မဟုတ်ချေ။ထို့ကြောင့် သူတို့သည် ကူးပြောင်းရေးဝင်္ကပါကို အသက်သွင်းနိုင်ရန်အတွက် အချိန်အတော်ကြာယူ၍ ပြင်ဆင်နေရသည်။
ဝမ်မိသားစု၏အကြီးအကဲများသည် လုယွီကို မှတ်မိခြင်းမရှိချေ။
သို့ရာတွင် လုယွီ၏အရာရှိဝတ်စုံကိုကြည့်ပြီး မည်သူမည်ဝါဖြစ်သည်ကို သူတို့အားလုံး သိရှိသွားကြပေ၏။
"ဟား ဟား ဟား....နင်တို့ကောင်တွေ ခြေတစ်လှမ်းနောက်ကျသွားပြီ...လက်ဝဲစစ်တပ်ရဲ့တပ်မှူး နင် စောင့်နေစမ်း...ငါတို့ဝမ်မိသားစုကို ပြစ်မှားတဲ့အကျိုးဆက်ကို နင် မကြာခင်မှာပဲ သိစေရမယ်"
ဝမ်သခင်မကြီးသည် လုယွီကိုမြင်တွေ့ချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများတဟုန်းဟုန်းထလာသည်။သူမက အံ့တင်းတင်းကြိတ်ကာ လုယွီကို လှောင်ပြောင်သရော်လိုက်သည်။
Chapter 3510
ဝမ်သခင်မကြီး၏နောက်တွင်ရှိနေသော ဝမ်မိသားစုဝင်အကြီးအကဲများသည် လုယွီကိုမြင်တွေ့ချိန်တွင် အလွန်စိတ်လှုပ်ရှားနေကြသည်။သို့ရာတွင် ဝမ်သခင်မကြီး၏စကားကိုကြားချိန်တွင် သူတို့၏ထိတ်လန့်ကြောက်ရွံစိတ်များ အနည်းငယ်လျော့ပါးသွားသည်။
ယခုချိန်တွင် သူတို့သည် တခြားနေရာသို့ ကူးပြောင်းသွားတော့မည်မဟုတ်လော...
ဤကူးပြောင်းရေးဝင်္ကပါ အသက်ဝင်သွားသည်နှင့် နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ဖရိုဖရဲဖြစ်စပြုလာပေမည်။
ရွှယ်အင်မော်တယ်တစ်ယောက်မှနေ၍ ဤကူးပြောင်းရေးဝင်္ကပါကို အတင်းအကြပ်ကြားဖြတ်မဟန့်တားသရွေ့ သူတို့အား မည်သူကမျှ ထိန်းချုပ်နိုင်တော့မည်မဟုတ်ချေ။
ရုတ်ချည်းဆိုသလိုပင် ဝမ်မိသားစုအကြီးအကဲများသည် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားကာ လုယွီကို စူးစိုက်ကြည့်ပြီး ရယ်မောလိုက်ကြတော့သည်။
ဝီ...ဝီ...ဝီ...
ကူးပြောင်းရေးဝင်္ကပါ၏နံဘေးပတ်လည်ရှိ သင်္ကေတအက္ခရာများသည် တစ်ခုပြီးတစ်ခု လင်းလက်တောက်ပစပြုလာသည်။
ထိုသင်္ကေတအက္ခရာများ တောက်ပလာသည်သည်နှင့်အတူ ကြယ်ရောင်အစက်အပျောက်များ တဖြည်းဖြည်း လင်းလက်လာပြီး နောက်ဆုံး၌ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ ကြီးမားသော ကူးပြောင်းရေးဝင်္ကပါကွန်ယက်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ကူးပြောင်းရေးဝင်္ကပါအတွင်း၌ မတ်တတ်ရပ်နေသော လူများ၏ပုံရိပ်များသည်လည်း ဝေဝါးစပြုလာပေ၏။
သူတို့အားလုံးသည် အဝေးတစ်နေရာသို့ ပြောင်းရွှေ့သွားရန် အဆင်သင့်ဖြစ်နေလေပြီ။
"ငါက မင်းတို့ကောင်တွေကို သွားခွင့်ပြုလို့လား"
လုယွီက ရုတ်တရက် အေးစက်စက်နှာတစ်ချက်မှုတ်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီးနောက် လေဟာနယ်အတွင်း၌ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားကာ ကူးပြောင်းရေးဝင်္ကပါပေါ်သို့ ကျရောက်သွားသည်။
ဘုန်း....
ကူးပြောင်းရေးဝင်္ကပါအတွင်း၌ ပုံရိပ်ယောင်များ ဖြစ်စပြုနေသောလူများသည် လေဟာနယ်အတွင်း၌ တောင့်တင်းသွားကာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။
ဝမ်သခင်မကြီး၏မျက်နှာပေါ်တွင် မူလကရှိနေသည့် မောက်မာဝံ့ကြွားသောအမူအယာနှင့်ရက်စက်ကြမ်းကြုတ်သောအပြုံးသည် ချက်ချင်း တောင့်တင်းသွားပေ၏။
သူမနောက်ရှိ အကြီးအကဲများသည်လည်း တစ်ချိန်တည်းမှာပင် တောင့်တင်းအေးခဲသွားသည်ကို ခံစားလိုက်ရပေ၏။
ယခင်က သူတို့ရှိနေသော လေဟာနယ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်သော အလုံပိတ်နေရာတစ်နေရာအဖြစ်သို့ပြောင်းလဲသွားကာ အတွင်းရှိ လူတိုင်းကိုချောင်ပိတ်လိုက်သည်။
ဤလေဟာနယ်သည် လုံးလုံးလျားလျား ချိပ်ပိတ်ခံလိုက်ရလေပြီ။
"ဒီနည်းလမ်းမျိုး...ရွှယ်အင်မော်တယ်တွေအကြားက သာမာန်ကျင့်ကြံသူတွေတောင် ဒါကို ထုတ်ဖော်အသုံးပြုနိုင်မှာမဟုတ်ဘူး"
"လက်ဝဲစစ်တပ်ရဲ့ အသစ်ခန့်အပ်ခံထားရတဲ့တပ်မှူးအသစ်က လေဟာနယ်ဥပဒေသကို ဒီအဆင့်ထိရောက်အောင် ကျွမ်းကျင်ပိုင်နိုင်တာပါလား"
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေကြသူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
သူတို့သည် ဝမ်မိသားစု၏နောက်ဆုံးရလဒ်ကို စောင့်ကြည့်နေကြခြင်းပင်။သို့ရာတွင် လုယွီသည် အလွန်အစွမ်းထက်သော သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်အသုံးပြုလိုက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် လူတစ်ယောက်၏အရည်အချင်းကို အကဲဖြတ်နိုင်သည်။
ဤနေရာကိုပြင်ပမှနေ၍ နတ်ဘုရားစိတ်အာရုံများဖြင့် စောင့်ကြည့်နေသူများအကြားတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှိနေသည်။လုယွီသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သည်အား မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
ကူးပြောင်းရေးဝင်္ကပါကိုရပ်တန့်ကာ ဝင်္ကပါ၏စွမ်းအားများကို ဖျက်ဆီးခြင်းကို ရွှယ်အင်မော်တယ်အများစု ပြုလုပ်နိုင်စွမ်းရှိသည်။
သို့ရာတွင် လုယွီ အသုံးပြုခဲ့သည်မှာ ဝမ်သခင်မကြီးတို့ရှိနေသောနေရာကို အပြည့်အဝအေးခဲသွားစေပြီး သူတို့အား နံဘေးတစ်ဖက်သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။
ဤနည်းလမ်းသည် သာမာန်ရွှယ်အင်မော်တယ်တစ်ယောက်၏ လုပ်နိုင်စွမ်းထက်ကျော်လွန်၍ နယ်မြေသခင်အဆင့်တစ်ယောက်၏ခွန်အားမျိုးဟုပင် ခေါ်ဆိုနိုင်သည်။
"မြန်မြန်...အိမ်တော်ကိုပြန်ပြီးတော့ လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်အကြောင်းကို သတင်းပို့ကြစမ်း"
"ကြည့်ရတာတော့ ငါက ဒီတပ်မှူးအသစ်ရဲ့ခွန်အားကို ပြန်ဆန်းစစ်ရတော့မယ့်ပုံပဲ"
……
"ဒီနေရာကို လာခဲ့စမ်း"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝမ်သခင်မကြီးတို့လူစုရှိနေသော လေဟာနယ်သည် လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာပေ၏။
ထို့နောက် လုယွီက လက်ဖျောက်တစ်ချက်တီးလိုက်သည်။
အက်ကွဲသံတစ်သံနှင့်အတူ ဝမ်သခင်မကြီးတို့လူစု လုယွီ၏ရှေ့သို့ ပြုတ်ကျသွားသည်။သူတို့သည် အလွန်ဆိုးဆိုးရွားရွား အခြေအနေမျိုးဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျလာကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ဖုန်အလိမ်းလိမ်းကပ်သွားတော့သည်။
သို့ရာတွင် ဤဆိုးဆိုးရွားရွားအခြေအနေကို မည်သူမျှ ဂရုမစိုက်နိုင်ချေ။
ဤအချိန်အခိုက်အတန့်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများသာရှိနေသည်။
သူတို့သည် အစောပိုင်းက လုယွီကို လှောင်ပြောင်ခဲ့ကြခြင်းမှာ သူတို့အား သူ မဖမ်းဆီးနိုင်တော့ဟု တွေးထင်ခဲ့ကြသောကြောင့်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် လုယွီ၏ရှေ့သို့ ရောက်ရှိနေလေပြီ။
လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် သူတို့အား ထိတ်လန့်တုန်လှုပ်ကာ တုန်ရီသွားစေသည်။
"ငါ့ကိုပြောစမ်း...မင်းက ငါ့ကိုတွေ့ရင် ဘာလုပ်ချင်တာလဲဆိုတာ"
လုယွီက ဝမ်သခင်မကြီးကို စူးစိုက်၍ကြည့်လိုက်၏။
ဤကဲ့သို့အကြည့်မျိုးအောက်တွင် ဝမ်သခင်မကြီး လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားသွားသည်။
သူမသည် တုန်တုန်ရီရီဖြင့် နေရာမှာပင် မတ်တတ်ရပ်နေကာ အချိန်အတော်ကြာသည်အထိ ကြက်သေသေနေသည်။ထို့နောက် သူမက တုန်ရီနေသောအသံကို အကောင်းဆုံးထိန်းသိမ်းကာ ပြောဆိုလိုက်၏။
"နင်...ငါတို့ ဝမ်မိသားစုကိုမထိတာ ပိုကောင်းလိမ့်မယ်...ငါ နင့်ကို ပြောလိုက်မယ်...ငါတို့ဝမ်အိမ်တော်နဲ့ ချီဘုရင်အိမ်တော်ကြားမှာ စေ့စပ်ကြောင်းလမ်းမှုတစ်ခုရှိတယ်....ငါတို့က တော်ဝင်ဆွေတော်မျိုးတော်တွေပဲ...နင် ငါတို့ကို ထိလို့မရဘူး"