အခန်း (၃၅၁၁-၃၅၁၅)
Vol. 179 Ch. 3511-3515
Chapter 3511
"တော်ဝင်ဆွေတော်မျိုးတော်...ချီဘုရင်လား"
'ချီဘုရင်'ဟူသော စကားလုံးကိုကြားချိန်တွင် လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"ငါ မင်းကို စကားပြောခွင့်ပြုလို့လား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ဝမ်သခင်မကြီးသည် ထိတ်လန့်ကြောက်ရွံသွားသဖြင့် သူမ၏ပါးစပ်ကို ပိတ်လိုက်သော်လည်း သူမ၏မျက်လုံးတစ်စုံသည် နာကျည်းမုန်းတီးမှုအပြည့်ဖြင့် လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေဆဲပင်။
"ငါ့ကို အဲ့ဒီလိုအကြည့်မျိုးနဲ့ မကြည့်စမ်းနဲ့....မင်းက ပြစ်မှုတွေအများကြီးကို ကျူးလွန်ခဲ့တယ်...မင်းလည်း ဝမ်မူကျီးနဲ့အတူတူပဲ...မင်း အတိတ်မှာ စားခဲ့တဲ့အရာတွေကို...အခုက ပြန်အန်ထုတ်ရမယ့်အချိန်ပဲ"
လုယွီက အေးစက်စက်လေသံဖြင့်ပြောဆိုကာ သူ၏အသံတွင် မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။
ဖေးထျန်ကွမ်း၏သူလျှိုများထံမှ စုံစမ်းရရှိမှုမှတ်တမ်းများသာမက ပေါင်လုံတု၏ဖော်ပြချက်များ ဝမ်မိသားစုမှလက်အောက်ငယ်သားများ၏ဖြောင့်ချက်ပေးမှုများအရ ဝမ်မိသားစု၏ပြစ်မှုများသည် အလွန်ကြီးမားကာ ခွင့်လွှက်နိုင်ဖွယ်မရှိချေ။
ဝမ်မိသားစုသည် သူတို့မိသားစု၏ခွန်အားကို အမှီပြု၍ လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် ထင်ရာစိုင်းကာ သူတို့ ဆန္ဒရှိသည့်အတိုင်း ပြုမူနေကြသည်။သူတို့သည် တခြားမည်သူကိုမျှ အရေးမစိုက်ဘဲ အလွန်မောက်မာဝံ့ကြွားခဲ့လေ၏။
သူတို့ ပြုလုပ်ခဲ့သမျှ ပြစ်မှုများအားလုံးကို ရေးမှတ်ရန်ပင် အလွန်အမင်းခက်ခဲပေမည်။
"အင်း...အနိုင်ရတဲ့သူက အရာအားလုံးကို ရယူနိုင်တယ်...အခုချိန်မှာ နင်က အသာစီးရနေမှတော့ နင် ပြောချင်သလို ပြောလို့ရတယ်...ငါတို့ ဝမ်မိသားစုက ဘာပြောနိုင်မှာလဲ...ငါတို့ဝမ်မိသားစုက အတိတ်မှာတုန်းက ကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီးတော့ ကြင်နာတတ်တဲ့မိသားစုတစ်စုဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ...ဒါပေမယ့် အုပ်ချုပ်သူအရှင်ရဲ့အမြင်မှာတော့ ဒါတွေက အရေးမပါတဲ့အရာတွေ ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
ယခုချိန်တွင် သူမ ရင်ဆိုင်ရမည့်အကျိုးဆက်များကို သိရှိထားပြီးဖြစ်သည်။ထို့ကြောင့် သူမသည် လုယွီကို ယဥ်ယဥ်ကျေးကျေးဆက်ဆံခြင်းမပြုတော့ချေ။
"မင်းတို့ဝမ်မိသားစုကို ကြင်နာတတ်တဲ့မိသားစုလို့ခေါ်ဖို့ ထိုက်တန်လို့လား"
အကယ်၍ အတွင်းရေးကိစ္စများကို သိရှိထားသူတစ်ယောက် မဟုတ်ပါက ဝမ်သခင်မကြီး၏လှည့်စားခြင်းကို ခံယူရပေမည်။သူတို့သည် ဝမ်မိသားစုကို ကြင်နာတတ်သောမိသားစုတစ်စုဟု အမှန်တကယ် ထင်မှတ်သွားကြပေမည်။
သို့ရာတွင် လုယွီသည် ဝမ်မိသားစု ကျူးလွန်ခဲ့သော ပြစ်မှုများအကြောင်းကို သိရှိထားပြီးဖြစ်သည်။
လုယွီသည် ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းကာ အနောက်ဘက်ခြံဝန်းအတွင်းရှိ တောင်နံရံတစ်ခုရှေ့သို့ ရောက်ရှိသွားသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးကို ထိုတောင်နံရံပေါ်သို့ ဖိကပ်လိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
အပြာရောင်သွေးကြောကြီးများက လုယွီ၏လက်တလျှောက် ဖောင်းကြွလာသည်။
"မြင့်တက်စမ်း"
လုယွီ၏အော်သံနှင့်အတူ တောင်တစ်တောင်လုံး ရုတ်တရက် တုန်ခါသွားသည်။
မြောက်မြားစွာသောကျောက်တုံးများသည် ထိုတောင်ပေါ်မှနေ၍ ပြုတ်ကျလာပေ၏။
"အမ်....သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...သူက တောင်တစ်တောင်လုံးကိုမဖို့ လုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်"
ပတ်ဝန်းကျင်ရှိလူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် တောင်တစ်တောင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ အက်ကွဲကြောင်းများက တောင်ကြောတလျှောက်ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဝုန်း....ဝုန်း....
လုယွီ တစ်ချက်အော်ဟစ်လိုက်ခြင်းနှင့်အတူ တောင်တစ်တောင်လုံးသည် သူ၏မတင်ခြင်းကိုခံရကာ လေထုအတွင်း၌ မျောလွင့်နေသည်။
ကောင်းကင်ယံအတွင်းရှိ နေရောင်ပင်လျှင် ဤတောင်ကြီးကြောင့် ပိတ်ဖုံးသွားလေ၏။
လုယွီ၏မှော်စွမ်းအားများ တလိမ့်လိမ့်ထလာခြင်းနှင့်အတူ လေထုအတွင်း၌ ကြီးမားသောလက်ပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။သူသည် တောင်တစ်တောင်လုံးကိုမကာ မိုင်ရာနှင့်ချီဝေးကွာသောနေရာရှိ လွင်ပြင်တစ်ခုပေါ်သို့ ရွှေ့ပြောင်းလိုက်သည်။
ထိုနေရာသည် မူလက တောရိုင်းလွင်ပြင်ကြီးတစ်ခုဖြစ်သော်လည်း လုယွီ၏မှော်စွမ်းအားများမှ ထိန်းချုပ်မှုအောက်တွင် ထိုတောင်ကြီးကို တိုက်ရိုက်ရွှေ့ပြောင်းပြီးသွားလေပြီ။
တောင်များနှင့်မြစ်များကို ရွှေ့ပြောင်းခြင်း...
ဤသည်မှာ ရှေးဟောင်းခေတ်မှ ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သော အစွမ်းထက်သည့် နတ်ဘုရားစွမ်းအားတစ်ခုပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုသည် လုယွီ၏လက်ချက်ဖြင့် ထွက်ပေါ်လာခဲ့ပေ၏။
ဝမ်မိသားစု၏အနောက်ဘက်ခြံဝန်းသည် အလွန်ကျယ်ဝန်းကာ ထိုတောင်သည် မျက်နှာပြင်မညီမညာရှိကာ အလွန်ကြီးမားသောအရွယ်အစားရှိသည်။
ဤကဲ့သို့ကြီးမားသောတောင်ကြီးတစ်တောင်ကို လုယွီသည် အရုပ်တစ်ရုပ်အလား ရွှေ့ပြောင်းခဲ့သည်။သာမာန်လူများ၏အမြင်အရ ဤသည်မှာ လုံးလုံးလျားလျားမဖြစ်နိုင်သောကိစ္စပင်။
နံဘေးမှစောင့်ကြည့်နေကြသူများအားလုံး လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။
အောင်းကွမ်းပင်လျှင် နေရာ၌ ကြက်သေသေနေသည်။အချိန်အတော်ကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။
"ကံကောင်းထောက်မပြီးတော့ ငါက သူ့ဘက်ကလူ ဖြစ်နေလို့သာပဲ....တကယ်လို့ ငါသာ သူ့ရဲ့ရန်သူဖြစ်နေရင် ငါ့မှာအသက်တွေအများကြီးရှိနေရင်တောင် သေဖို့မလုံလောက်မှာကို ငါ စိုးရိမ်မိတယ်"
Chapter 3512
အောင်းကွမ်းသည် အံ့အားသင့်သွားသော်လည်း ပြင်းထန်သောအဆင့်ထိ ရောက်ရှိသွားခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် လုယွီ၏နည်းလမ်းများကို ယခင်ကတည်းက မြင်တွေ့ထားပြီးဖြစ်သည်။
အောက်ဘုံမှနေ၍ ကောင်းကင်ဘုံနယ်မြေထိ လုယွီသည် မကြုံစဖူးအရှိန်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ယခင်က သူ့ထက်သာလွန်သောလူအများစုသည် ယခုချိန်၌ သူ့ကို စီနီယာဟု ခေါ်ဆိုနေရလေပြီ။
သို့ရာတွင် တခြားသူများကမူ မသိရှိချေ။
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံးသည်လည်း စိတ်လှုပ်ရှားနေကြသည်။
အထူးသဖြင့် ပုန်းကွယ်နဂါးစစ်တပ်မှ အသစ်ခေါ်ယူထားသော စစ်သားများပင်။လုယွီ၏နည်းလမ်းများကို မြင်တွေ့ပြီးနောက် သူတို့သည် သူ့အပေါ်တွင် သေသည်အထိသစ္စာစောင့်သိမည်ဟု ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ကြလေ၏။
စစ်သားတိုင်းသည် အစွမ်းထက်သောလူတစ်ယောက်ကိုသာ သူတို့၏တပ်မှူးအဖြစ် အလိုရှိကြသည်။
ဤသည်မှာ သူတို့အတွက်မျက်နှာသာရရုံသာမက သူတို့၏ဘေးကင်းလုံခြုံရေးနှင့်လည်း ဆက်စပ်နေသည်။
ဤကဲ့သို့ အစွမ်းထက်သော တပ်မှူးတစ်ယောက်နှင့်ဆိုပါက အနာဂတ်တွင် တိုက်ပွဲကွင်းပြင်၌ သူတို့၏ဘေးကင်းလုံခြုံရေးအပေါ် ပို၍အာမခံချက်ရရှိသွားပေမည်။
"ဒါက....ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
အနောက်ဘက်တောင်သည် မြေမျက်နှာပြင်မှ ရွေ့လျားသွားသည်ကိုကြည့်ပြီး ဝမ်သခင်မကြီးနှင့်ဝမ်မိသားစုဝင်အကြီးအကဲများအားလုံး ကြက်သေသေသွားသည်။
ဤကဲ့သို့ကိစ္စမျိုးဖြစ်ပျက်လာမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
"မကောင်းတော့ဘူး"
ဝမ်သခင်မကြီးသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
သို့ရာတွင် ယခုချိန်၌ အရာအားလုံးကို သူမ ဖုံးကွယ်ထားရန်အတွက် အချိန်မရှိတော့ချေ။
အနောက်ဘက်တောင်ကို ရွှေ့လိုက်ပြီဖြစ်သောကြောင့် ထိုနေရာ၌ဖုံးကွယ်ထားသော အရာအားလုံး ထွက်ပေါ်လာတော့ပေမည်။
ဤနေရာသည် အမှန်အားဖြင့် ဝမ်မိသားစု၏တားမြစ်နယ်မြေပင်။ဝမ်မိသားစုဝင်များပင်လျှင် အခွင့်အာဏာမရှိဘဲ ထိုနေရာသို့ဝင်ရောက်ပါက ပြင်းထန်စွာအပြစ်ပေးခြင်းကို ခံယူရပေမည်။
ယခုချိန်တွင် အနောက်ဘက်တောင်တွင် ဖုံးကွယ်ထားသောအရာအားလုံး လူတိုင်း၏မျက်စိရှေ့မှောက်၌ ထွက်ပေါ်လာလေပြီ။
မြေပြင်ပေါ်၌ မီတာဆယ်နှင့်ချီ၍နက်ရှိုင်းသော ကျင်းနက်ကြီးတစ်ကျင်း ထွက်ပေါ်လာသည်။
ထိုကျင်းနက်ကြီးမှနေ၍ သွေးမြူခိုးများထွက်ပေါ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုထူထပ်သိပ်သည်းသော သွေးမြူခိုးများမှနေ၍ အော်ဂလီဆန်ဖွယ်သွေးညှီနံများ ထွက်ပေါ်နေသည်။ထိုအရာများသည် အေးစက်စက်ယင်ချီများနှင့် ယှဥ်တွဲနေသဖြင့် လူအများကို တုန်ရီသွားစေသည်။
ထိုကျင်းနက်ကြီး၏အောက်တွင် အလောင်းများ အစုလိုက်အပြုံလိုက်ရှိနေသည်။ထိုအလောင်းများအနက်မှအများစုသည် ဆွေးမြည့်နေသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် အရိုးစုများအဖြစ်သို့ပင် ပြောင်းလဲနေလေပြီ။
ဤနေရာတွင် အလောင်းများစုဝေးနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် မြေပြင်ပင်လျှင် ထူးဆန်းသောအနီရင့်ရောင်အဖြစ်ရှိနေသည်။
ဤအလောင်းများ၏ခန္ဓာကိုယ်များပေါ်တွင် သစ်မြစ်တစ်ခုနှင့်တူညီသော အရာတစ်ခုရှိနေသည်။
ဤသစ်မြစ်များသည် အလောင်းများပေါ်၌ အမြစ်တွယ်နေကာ သူတို့၏နှလုံးသားများနှင့်ချိတ်ဆက်နေပြီး ပြင်းထန်စွာခုန်ပေါက်နေပေ၏။
အနက်ရောင်အခိုးအငွေ့များက လေထုအတွင်း၌ ပြည့်နှက်နေသည်။အကယ်၍ နေရောင်ခြည်သည် ဤနေရာသို့ ဖြာကျလာလျှင်ပင် ထိုအနက်ရောင်မြူခိုးလွှာများကြောင့် ထိုးဖောက်ဝင်ရောက်နိုင်မည်မဟုတ်ချေ။
ထိုသစ်မြစ်များ အတူတကွစုဝေးသွားပြီးနောက် ထူးဆန်းသောအဖြူရောင်အရိုးစုယဇ်ပလ္လင်ကြီးတစ်ခုနှင့် ချိတ်ဆက်သွားသည်။
ဤယဇ်ပလ္လင်၏အောက်ခြေကို မြောက်မြားစွာသောအဖြူရောင်အရိုးများနှင့် ပြုလုပ်ထားသည်။ထိုယဇ်ပလ္လင်၏ထိပ်တွင် အဖြူရောင်အလံတချို့ရှိနေသည်။ထိုအလံတစ်ခုစီပေါ်တွင် ထူးဆန်းသောအရုပ်စာသင်္ကေတတချို့ကို ရေးဆွဲထားသည်။ထိုအရာများကို ကြည့်ရသည်မှာ ထူးဆန်းပြီးနတ်ဆိုးဆန်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
ဤနေရာတွင် ထိုကဲ့သို့ အရိုးဖြူယဇ်ပလ္လင်ဆယ့်နှစ်ခုရှိနေသည်။
ထိုအရာများကို အထူးသီးသန့်ပုံစံတစ်မျိုးဖြင့် နေရာချထားသည်။
"ဒီနေရာမှာ လူတွေဘယ်လောက်များများ သေသွားခဲ့ပါလိမ့်...လူသောင်းနဲ့ချီပြီးရှိနေမှာကို ငါ စိုးရိမ်မိတယ်"
"အဲ့ဒီနေရာက ယင်ချီအငွေ့အသက်တွေကို ကြည့်လိုက်ကြအုံး...ဒါက ယင်နတ်ဆိုးသက်ရှိတွေ သိပ်သည်းဖို့တောင် လုံလောက်နေပြီ"
"နေကြဦး"
ရုတ်တရက် တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။
"ဒါက လျှို့ဝှက်ယင်နန်းတော်ရဲ့ အရိုးဖြူဆယ့်နှစ်ချောင်းဝင်္ကပါမဟုတ်လား....ဒါကို ပျောက်ကွယ်သွားပြီလို့ အရင်တုန်းက လူတိုင်းတွေးထင်ထားကြတာ....ဒီနေရာမှာ ပြန်ပြီးထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ဤအရိုးဖြူယဇ်ပလ္လင်များ၏မူရင်းဇစ်မြစ်ကို သိရှိနေသော လူတချို့ရှိနေသည်။
"လျှို့ဝှက်ယင်နန်းတော်...ဒါက လက်ဝဲစစ်တပ်နယ်မြေမှာ နာမည်ကျော်ကြားတဲ့ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလေ...ဒီဂိုဏ်းကို တော်ဝင်နန်းတွင်းက ဖျက်ဆီးခဲ့တာ အချိန်အတော်ကြာခဲ့ပြီမဟုတ်လား"
Chapter 3513
လျှို့ဝှက်ယင်နန်းတော်....
ဤနာမည်ထွက်ပေါ်လာချိန်တွင် လူအမြောက်အများ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်မှာ လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ နာမည်ဆိုးဖြင့်အကျော်ကြားဆုံး နတ်ဆိုးဂိုဏ်းပင်။
လျှို့ဝှက်ယင်နန်းတော်မှ ကျင့်ကြံသူများသည် နန်းတော်အရှင်မှစ၍ သာမာန်ကျင့်ကြံသူများထိတိုင် အများစုသည် နတ်ဆိုးကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့သည်။
လျှို့ဝှက်ယင်နန်းတော်မှကျင့်ကြံနည်းစနစ်များသည် တခြားသူများ၏အသွေးအသားများကို လိုအပ်သည့်အပြင် သူတို့ကိုယ်ပိုင်အသုံးပြုရန်အတွက် တစ်ဖက်လူများ၏သွေးချီများကို ခိုးယူရသည်။
ဤအကြောင်းအရင်းကြောင့် လျှို့ဝှက်ယင်နန်းတော်၏လှုပ်ရှားမှုများသည် အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းပေ၏။လျှို့ဝှက်ယင်နန်းတော်၏ပစ်မှတ်ထားခြင်းခံရသော လူများသည် သူတို့မသေဆုံးမီအချိန်တွင် သူတို့၏ခန္ဓာကိုယ်များမှ သွေးချီများ ကုန်ခမ်းသွားသည်အထိ စုပ်ယူခြင်းခံရသည်။နောက်ဆုံး၌ သူတို့သည် အဆုံးအစမဲ့သောနာကျင်မှုဖြင့် အလွန်အမင်းသွေးပျက်ဖွယ် သေဆုံးခဲ့ကြရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က လျှို့ဝှက်ယင်နန်းတော်သည် တော်ဝင်နန်းတွင်း၏ဖျက်ဆီးမှုကြောင့် ပျက်စီးသွားခဲ့သည်။နတ်ဆိုးကျင့်ကြံသူများအားလုံး သေဆုံးသွားကာ ထိုဂိုဏ်း၏ကျင့်ကြံနည်းစနစ်များနှင့် အမွေအနှစ်များသည်လည်း ပျောက်ကွယ်သွားတော့သည်။ထိုဂိုဏ်းသည် အတိတ်မှဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာပေ၏။
သို့ရာတွင် လျှို့ဝှက်ယင်နန်းတော်၏ကျင့်ကြံနည်းစနစ်များကို ဝမ်မိသားစုမှကျင့်ကြံနေမည်ဟု မည်သူမျှမျှော်လင့်မထားမိချေ။
"အရိုးဖြူဆယ့်နှစ်ချောင်းဝင်္ကပါကို အသက်သွင်းဖို့အတွက် ယောက်ျားလေးနဲ့မိန်းကလေး အယောက်တစ်ရာစီလိုအပ်တယ်...သူတို့ကို တစ်နေ့တည်းမှာ သတ်ဖြတ်ပြီးတော့ သွေးနဲ့ရေချိုးပေးမှသာ အမှောင်ဝိညာဥ်တစ်ခု မွေးဖွားလာလိမ့်မယ်...ပြီးတော့ သူတို့က ဒါကို လူသားတွေရဲ့အသွေးအသားတွေနဲ့ ဆက်ပြီးယဇ်ပူဇော်ဖို့လိုအပ်တယ်...ဒီယဇ်ပလ္လင်တွေပေါ်မှာ ကျင့်ကြံတဲ့လူတွေရဲ့ ကျင့်ကြံမှုအရှိန်နှုန်းက အရမ်းလျှင်မြန်တယ်...ဒါပေမယ့် ဒီကျင့်ကြံနည်းစနစ်တွေက အရမ်းရက်စက်ကြမ်းကြုတ်တာကြောင့် ဒါကိုဖျက်သိမ်းခဲ့တာ အချိန်အတော်ကြာနေပြီ"
"ဝမ်မိသားစုက ဒီလိုမျိုးကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံတာလား....ရှီးလျန်မြို့က လူဘယ်လောက်များများ သူတို့ကြောင့် ထိခိုက်နစ်နာခဲ့ရတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ဒါက သားရဲတိရစ္ဆာန်တွေရဲ့အသိုက်ပဲ...ဝမ်ခန်းက တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီးတော့ တခြားဝမ်မိသားစုဝင်တွေကလည်း ဒီလိုပုံစံမျိုးတွေချည်းပဲ"
လူတိုင်း အလွန်ဒေါသထွက်သွားကြသည်။
သူတို့၏မိသားစုဝင်များ ပျောက်ဆုံးသွားခဲ့သော လူတချို့သည် သူတို့၏ရင်ဘတ်များကို ထုနှက်ပြီး သူတို့၏ခြေထောက်များကို မြေပြင်ပေါ်၌ ဆောင့်နေကြလေ၏။သူတို့သည် မိုးကောင်းကင်ယံကို မော့ကြည့်ပြီး အော်ဟစ်ကြုံးဝါးကာ တဟုန်ထိုးပြေးလွှားပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို ရှာဖွေဖော်ထုတ်လိုကြသည်။
"ဒါက မင်းဆိုလိုချင်တဲ့ ကြင်နာတတ်တဲ့မိသားစု ဆိုတာလား"
"ငါ မင်းကို ဘယ်လိုနည်းနဲ့ ခွင့်လွှတ်ပေးရမှာလဲ"
"မင်းတို့ဝမ်မိသားစုက ရှီးလျန်တစ်မြို့လုံးကို ထိန်းချုပ်နိုင်တာနဲ့ပဲ ဥပဒေမဲ့ထင်ရာစိုင်းပြီးတော့ တခြားသူတွေရဲ့အသက်ကို မင်းတို့ဆန္ဒရှိသလို ယူနိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား"
လုယွီက ဝမ်သခင်မကြီးကို စူးစိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။
ဝမ်သခင်မကြီးသည် သူမရှေ့ရှိ မြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပြိုလဲကျသွားကာ အနည်းမျှပင် မလှုပ်ရှားနိုင်တော့ချေ။
ဝမ်မိသားစု၏တခြားအကြီးအကဲများသည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
နတ်ဆိုးကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခြင်းသည် အမှန်အားဖြင့် တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် နှစ်ဆခန့်အကျိုးကျေးဇူးရရှိသည်။ထို့ကြောင့် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်အမင်း လျှင်မြန်ပေ၏။
အဆုံးသတ်၌ သခင်မကြီးဝမ်နှင့် တခြားဝမ်မိသားစုဝင်များသည် သွေးဆောင်မှုဒဏ်ကို တောင့်မခံနိုင်ကြသဖြင့် သူတို့သည် နတ်ဆိုးကျင့်ကြံနည်းစနစ်များကျင့်ကြံရာ၌ ပါဝင်ခဲ့ကြတော့သည်။တခြားအကြီးအကဲများဆိုပါက ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်တော့ချေ။
သူတို့သည် ဤယဇ်ပလ္လင်များပေါ်၌ထိုင်၍ ကျင့်ကြံကာ တခြားသူများ၏ကျင့်ကြံခြင်းများကို ခိုးယူခဲ့ကြသည်။
ထို့ကြောင့် ဤနှစ်များအတွင်းတွင် ဝမ်မိသားစုသည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော ကျင့်ကြံသူတချို့ကို တိုက်ခိုက်ကာ သူတို့၏အလောင်းများကို ပြန်သယ်ဆောင်လာပြီး အနောက်ဘက်ခြံဝန်းအတွင်း၌ မြှုပ်နှံ့ခဲ့သည်။
ဤအနောက်ဘက်ခြံဝန်းအတွင်း၌ လူ မည်မျှထိများများ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။
"ပင်မခန်းမကို သွားမယ်"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ၏လက်အောက်ငယ်သားများသည် ထိတ်လန့်တုန်လှုပ်နေသော ဝမ်သခင်မကြီးတို့လူစုကို ခေါ်ဆောင်သွားကြလေ၏။
……
ရှီးလျန်အုပ်ချုပ်ရေးရုံးတော်...ပင်မခန်းမ...
လုယွီသည် အဓိကထိုင်ခုံ၌ ထိုင်နေကာ သူ၏နောက်တွင် ရှီးလျန်ကြယ်နယ်မြေ၏မြေပုံကို ချိတ်ဆွဲထားသည်။
ဝမ်မူကျီးနှင့် ဝမ်မိသားစုမှတခြားအရေးပါသော ရာဇဝတ်သားများအားလုံးကို ပင်မခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ဖေးထျန်ကွမ်းနှင့်တခြားလူများသည် နံဘေး၌ တရားသူကြီးများအဖြစ် ထိုင်နေကြလေ၏။
ဝမ်မူကျီး၏မူလအကြံပေးဖြစ်သော ရှင်းမင်သည် ထွက်ပြေးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် ဖေးထျန်ကွမ်းသည် ဤအမှုအခင်း၌ ကြားနာသူနေရာ၌ တာဝန်ယူထားရသည်။
ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူများသည် လုပ်ငန်းများစွာကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်သောကြောင့် စစ်မေးရာတွင် မှတ်တမ်းတင်ခြင်းနှင့်ပါဝင်မေးမြန်းခြင်းတို့ကို ပြုလုပ်နိုင်သည်။ဤသည်မှာ ဖေးထျန်ကွမ်းအတွက် ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။
လုယွီ ထိုင်နေသောနေရာသည် ယခင်က ဝမ်မူကျီး အသုံးပြုခဲ့သောနေရာပင်။
ပင်မခန်းမ၏ပြင်ပတွင် လူပင်လယ်ကြီးရှိနေသည်။
ဝမ်မူကျီး၏အဆုံးသတ်ရလဒ်ကို တွေ့မြင်လိုသဖြင့် ထိုလူများသည် ပြင်ပ၌မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေကြခြင်းဖြစ်ပေ၏။
Chapter 3514
ပင်မခန်းမအတွင်းရှိ အငွေ့အသက်များသည် အလွန်တည်ကြည်လေးနက်နေပေ၏။
တည်ငြိမ်သောမျက်နှာအမူအယာရှိနေသော ဝမ်မူကျီးမှလွဲ၍ ဝမ်သခင်မကြီးအပါအဝင် ဝမ်မိသားစုအကြီးအကဲများအားလုံး၏မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
ဝမ်မူကျီးသည် သူတို့အား လာရောက်ကယ်တင်မည်ဟု မူလက သူတို့အားလုံး တွေးထင်ခဲ့ကြသည်။
သို့ရာတွင် ဝမ်မူကျီးပင်လျှင် သူ၏လက်များကို ချည်နှောင်ခြင်းခံထားရကာ အရှုံးပေးအညံ့ခံထားရသည်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံး စိတ်ဓာတ်ကျသွားခဲ့သည်။
ဝမ်မူကျီးပင်လျှင် အကျဥ်းသားဖြစ်နေလေရာ သူတို့ထံတွင် ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့သွားလေပြီ။
ဘန်း....
လူတိုင်းတွေးတောနေစဥ်မှာပင် လုယွီက ရုတ်တရက် စားပွဲခုံကို ရိုက်ပုတ်လိုက်၏။
ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာကာ လူတိုင်း၏စိတ်နှလုံးသားများ တုန်ရီသွားသည်။
"အရာရှိတစ်ယောက်ရှေ့ကို ရောက်နေတာတောင်...မင်းတို့ရာဇဝတ်သားတွေက ဘာလို့ဒူးမထောက်သေးတာလဲ"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
တာယွီ၏ဥပဒေအရ အမှုအခင်းများကို စစ်ဆေးရာတွင် ရာဇဝတ်မှုကျူးလွန်သည်ဟု သတ်မှတ်ခံထားရသူများသည် ဒူးထောက်၍ စစ်မေးမှုကို နားထောင်ရသည်။
ဝမ်မူကျီးက ရယ်မော၍ပြောဆိုသည်။
"လုယွီ...ဒါက မင်း ပထမဆုံးအကြိမ် အရာရှိတစ်ယောက်ဖြစ်လာတာမလို့ အမှားအယွင်းတချို့ရှိနေတာက ကိစ္စတော့မရှိဘူး...ငါ့ဆီမှာ အရာရှိရာထူး ရှိနေတုန်းပဲ....ဒါကြောင့် ငါက မင်းကိုမြင်တဲ့ချိန်မှာ ဒူးထောက်ဖို့မလိုအပ်ဘူး...ငါ့ရဲ့နောက်မှာရှိနေတဲ့သူတွေက ငါ့ရဲ့ဆွေမျိုးတွေပဲ...ဒါကြောင့် သူတို့လည်း ဒူးထောက်ဖို့မလိုဘူး"
ဤသည်မှာ အရာရှိများ၏ဂုဏ်သိက္ခာတစ်ခုပင်။
ယခုချိန်၌ ဝမ်မူကျီးသည် တာယွီ၏ကံကြမ္မာစွမ်းအားကို ရရှိထားသည်။အကယ်၍ သူသည် ဒူးထောက်ပြီး စစ်မေးမှုကိုခံယူပါက တာယွီအင်ပါယာ၏ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားသွားပေမည်။
ဝမ်မူကျီးသည် လုယွီကို အရူးတစ်ယောက်ကိုမြင်နေရသည့်အလား စူးစိုက်၍ကြည့်နေပေ၏။
ယခုချိန်၌ လုယွီသည် သူ့ကိုစစ်မေးနေသော်လည်း သူ့အား မည်သို့မျှ ပြုလုပ်နိုင်မည်မဟုတ်ချေ။ဤသည်မှာ ဝမ်မူကျီး အလိုရှိဆုံးအရာပင်။
"အဲ့ဒီလိုလား...ဒီလိုဆိုရင် မင်းမှာ အရာရှိအဆင့်အတန်း ဆက်ပြီးရှိနေစရာမလိုတော့ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ဝမ်မူကျီးက အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်၏။
"မင်းက မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာပါလား...တကယ်လို့ မင်း ငါ့ကို ရာထူးကနေထုတ်ပယ်ချင်တယ်ဆိုရင် အနည်းဆုံး ကြယ်မြစ်အုပ်ချုပ်သူအရှင်ရဲ့ အမိန့်စာရှိဖို့လိုအပ်တယ်...လက်ဝဲစစ်တပ်ရဲ့တပ်မှူးရာထူးပဲရှိတဲ့ မင်းက ငါ့ကိုထုတ်ပယ်ဖို့အတွက် အရည်အချင်း မပြည့်မီဘူး"
"ငါ့ကို စည်းမျဥ်းဥပဒေအကြောင်းကို ပြောနေတာလား...စစ်ပွဲအချိန်ကာလအတွင်းမှာ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးမှာရှိတဲ့ အုပ်ချုပ်ရေးရုံးတော်က အရာရှိတွေအားလုံးကို ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာ ငါ့မှာရှိတယ်"
လုယွီက ဝမ်မူကျီးကို ငုံကြည့်လိုက်သည်။ရုတ်တရက် သူက ဝမ်မူကျီးကို လက်ညှိုးညွှန်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ရုတ်သိမ်းစမ်း"
တုန်ခါသံတစ်သံနှင့်အတူ အဖြူရောင်အလင်းတန်းတစ်တန်းက ဝမ်မူကျီး၏နံဘေးပတ်လည်၌ တဖျတ်ဖျတ်တောက်ပသွားသည်။
ဝမ်မူကျီးသည် သူ့အား ထိုအဖြူရောင်အလင်းတန်းမှ လွှမ်းခြုံသွားသည်ကို ချက်ချင်းခံစားမိလေ၏။ထို့နောက် သူ၏ခန္ဓာကိုယ်မှစွမ်းအားများ အလျှင်အမြန်လျော့ကျသွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဝမ်မူကျီးသည် မည်သည့်ကံကြမ္မာစွမ်းအားအရိပ်အယောင်ကိုမျှ မခံစားရတော့ချေ။
နာကျင်မှုအရိပ်အယောင်တချို့က ဝမ်မူကျီး၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားပေ၏။
တာယွီတော်ဝင်နန်းတွင်းမှအရာရှိများနှင့် သာမာန်ကျင့်ကြံသူများအကြား ကွဲပြားခြားနားချက်မှာ သူတို့၏ကံကြမ္မာစွမ်းအားပင်။
ကံကြမ္မာစွမ်းအားရှိနေခြင်းကြောင့် အရာရှိများသည် ထိုစွမ်းအား၏ထောက်ပံ့မှုကို တစ်ချိန်လုံးရရှိနေခြင်းကြောင့် သူတို့၏ကျင့်ကြံဆင့်များ အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။
ဤသည်မှာ မည်သည်ကြောင့် ပါရမီရှင်များသည် ငယ်ရွယ်စဥ်၌ တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြသည်ဟူသော အကြောင်းအရင်းလည်းဖြစ်သည်။
ဝမ်မူကျီးသည် အဆင့်မြင့်ကျောင်းတော်သားတစ်ယောက် မဟုတ်သော်လည်း သူ၏စစ်ရေးအောင်မြင်မှုများကို အမှီပြု၍ အဖိုးတန်ရှားပါးသော အခွင့်အရေးကို ရရှိခဲ့လေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ အရာအားလုံး ပျောက်ကွယ်သွားလေပြီ။
လုယွီဆီက စကားတစ်ခွန်းတည်းဖြင့် သူ၏အရာရှိအဆင့်အတန်းကို ရုတ်သိမ်းခြင်းခံလိုက်ရသည်။
ဝမ်မူကျီးက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"လုယွီ...ခုဏက ငါ ပြောခဲ့တာတွေအတွက် ငါ တောင်းပန်ပါတယ်....တကယ်လို့ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် အခုချိန်ကနေစပြီးတော့ ငါက မင်းရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပါ့မယ်...ငါက မင်းရဲ့နယ်ရုပ်တစ်ရုပ်အဖြစ် နေပေးမယ်"
ယခုချိန်တွင် ဝမ်မူကျီးသည် နောက်ဆုံး၌ လုံးလုံးလျားလျား လက်လျှော့အရှုံးပေးရန် ရွေးချယ်ခဲ့သည်။
သူသည် မူလကတည်းက ရည်မှန်းချက်ကြီးပြီး လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သဖြင့် ယခုလက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။
ယခုလက်ရှိချိန်တွင် သူသည် စဥ့်နီတုံးပေါ်ရောက်နေသော အသားတစ်စဖြစ်သဖြင့် အကောင်းဆုံးရွေးချယ်ချက်မှာ လုယွီထံ၌ အရှုံးပေးအညံ့ခံရန်ပင်။
"ခုချိန်မှ မင်း ဒီစကားတွေကို ပြောတော့ရော အသုံးဝင်မှာမလို့လား"
"မင်းရဲ့နောက်ကို ကြည့်လိုက်စမ်း...မင်းကို ဒေါသတကြီးကြည့်နေတဲ့ လူတွေကို မင်း မြင်လား"
"သူတို့က မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှီးလျန်မြို့ကလူတွေပဲ...သူတို့ထဲကတစ်ယောက်မှ မင်းကို အသက်ရှင်စေချင်တဲ့လူ မရှိဘူး....ဝမ်မူကျီး မင်း အိပ်ယာနိုးလာတဲ့ မနက်ခင်းတိုင်းမှာ မင်းကြောင့် ထိခိုက်နစ်နာသွားရတဲ့လူတွေရဲ့ ငိုကြွေးမြည်တမ်းသံတွေကို မင်း မကြားဘူးလား"
Chapter 3515
"မဟုတ်ဘူး....သူတို့က ငရဲကနေပြီးတော့ မင်းကို ကျိန်ဆဲနေနိုင်တယ်...ဒါပေမယ့် မင်းက ရှီးလျန်ကြယ်နယ်မြေသခင်ဆိုတဲ့ ပလ္လင်ပေါ်မှာ လုံခြုံဘေးကင်းစွာနဲ့ အခန့်သား ထိုင်နေခဲ့တယ်...ဒါပေမယ့် မင်းရဲ့ကျန်နေတဲ့ဘဝတလျှောက်လုံး အေးအေးဆေးဆေးနေနိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် ဝမ်မူကျီးကို ကြည့်လိုက်သည်။
"သူတို့ ဘာတွေတွေးတောနေလဲဆိုတာ ငါ ကြားနိုင်တယ်....ဒါကြောင့် ဝမ်မူကျီး...ဒီတစ်ကြိမ်တော့ မင်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
"ရှီးလျန်ကြယ်နယ်မြေသခင်တစ်ယောက် ဖြစ်ပြီးတော့...မင်းက ကြယ်နယ်မြေကို ဘယ်လိုစီမံအုပ်ချုပ်ရမယ်ဆိုတာ မသိတဲ့အပြင်....လူတွေကို တိတ်တဆိတ် ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ်...ပြီးတော့ မင်းက ပြင်ပဂိုဏ်းအင်အားစုတွေနဲ့လည်း ပူးပေါင်းခဲ့တယ်"
"မင်းက တာယွီအင်ပါယာရဲ့အရာရှိတစ်ယောက်ဖြစ်နေပြီးတော့ အရက်စက်ဆုံးနဲ့အကြမ်းတမ်းဆုံးလို့ဆိုနိုင်တဲ့ နတ်ဆိုးကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံခဲ့တယ်"
"မင်း ဒီကိစ္စတွေကို ဟာကွက်မရှိဘဲနဲ့ လုပ်ဆောင်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေခဲ့တာလား...မင်းရဲ့နောက်ခံက ဘယ်သူပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်အင်အားစုပဲ ဖြစ်နေနေ ငါ ဂရုမစိုက်ဘူး...ငါ မင်းကို ပြောချင်တာက လောကကြီးထဲမှာ တရားမျှတမှုရှိနေသေးတယ်ဆိုတာပဲ"
ထိုစကားအဆုံးသတ်သွားချိန်တွင် လုယွီက အေးစက်စက်လေသံဖြင့် ဆက်လက်၍ပြောဆိုသည်။
"အဓိက ရာဇဝတ်သား ဝမ်မူကျီးရဲ့ ကျင့်ကြံဆင့်တွေကို ဖျက်ဆီးပြီးတော့ သူ့ကို ခေါင်းဖြတ်ကွပ်မျက်မယ်....သူ့ရဲ့စိတ်ဝိညာဥ်ကိုပါ အမြစ်ပြတ်သုတ်သင်မယ်"
သူ ထိုသို့ပြောဆိုပြီးသည်နှင့် လေးလံသောသံကြိုးကြီးများသည် လေဟာနယ်အတွင်း၌ ဖွဲ့စည်းလာကာ ဝမ်မူကျီး၏ခန္ဓာကိုယ်ကို အခိုင်အမာရစ်ပတ်သွားသည်။
ထိုသံကြိုးကြီးများ၏ထိပ်တွင် တောက်ပသောအနီရောင်စုတ်တံဖြင့် ရေးသားထားသည့် 'သေခြင်း'ဟူသော စာလုံးရှိနေသည်။
ယခုချိန်တွင် လုယွီသည် ရှီးလျန်ကြယ်နယ်မြေ၌ အဆင့်မြင့်ဆုံးအရာရှိပင်။
သူ၏စကားလုံးများသည် ရှီးလျန်၏ကောင်းကင်နှင့်မြေပြင်အခြေအနေများနှင့် ဆက်စပ်နေလေရာ မည်သူမျှဖယ်ရှားနိုင်မည်မဟုတ်ချေ။
ရှီးလျန်ကြယ်နယ်မြေ၏မိုးကောင်းကင်တာအိုသည် ဝမ်မူကျီးကို ဆက်လက်၍အသက်ရှင်ရန် ခွင့်မပြုတော့ချေ။
"အရှင်...ဒါက သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေပါ....ဒါတွေကို စာရင်းပြုစုပြီးပါပြီ"
ဖေးထျန်ကွမ်းသည်လည်း ဝမ်မိသားစုမှလူများ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ရေးသား၍ပြီးစီးသွားလေပြီ။
လုယွီသည် ထိုအရာကိုတစ်ချက်ကြည့်ပြီးနောက် အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
ဝမ်သခင်မကြီးသည် ခင်ပွန်းဖြစ်သူ၏အခွင့်အာဏာကို အမှီပြု၍ ရှီးလျန်မြို့၌ ဆိုင်အမြောက်အများကို ဖွင့်လှစ်ခဲ့သည်။သူမသည် စီးပွားရေးလုပ်ကိုင်ရာ၌ သနားညှာတာခြင်းမရှိချေ။အကယ်၍ကုန်သည်တစ်ယောက်သည် ဝမ်သခင်မကြီး၏ဆန္ဒကို လိုက်နာခြင်းမရှိပါက သူမသည် ထိုလူကိုသတ်ဖြတ်သည့်အပြင် သူ၏မိသားစုဝင်များကိုလည်း အမြစ်ပြတ်သုတ်သင်ခဲ့သည်။
သူမ၏နောက်ရှိ အကြီးအကဲများ ပြုလုပ်ခဲ့သောကိစ္စများသည် ပို၍ပင်ယုတ်ညံ့ပေ၏။
သူတို့အနက်မှတချို့သည် သူတို့ကိုယ်သူတို့ဖုံးကွယ်၍ ပြင်ပရှိတချို့ဂိုဏ်းများတွင် အကြီးအကဲများအဖြစ် တာဝန်ယူထားကာ စစ်တပ်၏လက်နက်များနှင့်အရင်းအမြစ်များကို ထိုဂိုဏ်းများထံ ရောင်းချခဲ့သည်။
ရှေ့တန်းမှစစ်သားများသည် အသက်နှင့်ရင်း၍ ရန်သူများကို တိုက်ခိုက်နေသော်လည်း သူတို့သည် နောက်ကွယ်၌ မလျော်ကန်သောကိစ္စများကို ပြုလုပ်နေခဲ့ကြသည်။
"ဘာမှထပ်ပြီး ကြည့်နေစရာမလိုတော့ဘူး...သူတို့အားလုံးကို ကွပ်မျက်လိုက်တော့"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ဝမ်သခင်မကြီးသည် ထိုစကားကိုကြားချိန်တွင် ချက်ချင်းသတိလစ်မေ့မျောသွားသည်။
ဝမ်မိသားစုအကြီးအကဲများသည်လည်း လုယွီရှေ့ရှိ မြေပြင်ပေါ်၌ဒူးထောက်ကာ ခွင့်လွှတ်ပေးရန်အတွက် အသနားခံတောင်းပန်ကြလေ၏။
သို့ရာတွင် လုယွီသည် သူတို့၏စကားများကို မကြားသကဲ့သို့သာ ပြုမူနေသည်။သူသည် နံဘေး၌မတ်တတ်ရပ်ကာ ကြက်သေသေနေသော အရာရှိများကို ကြည့်လိုက်သည်။
"ဘာလဲ...ငါက မင်းတို့အားလုံးကိုပါ ဖိတ်ခေါ်စေချင်တာလား"
ထိုအရာရှိများအနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ခြေတစ်လှမ်း မတိုးဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အတိတ်တွင် ဝမ်မူကျီးကျူးလွန်ခဲ့သော ရာဇဝတ်မှုများပင်။
ဝမ်မူကျီး၏နာမည်ဂုဏ်သတင်းသည် ရှီးလျန်မြို့တစ်မြို့လုံး၌ အလွန်ကြီးမားသဖြင့် ဤကဲ့သို့အခြေအနေမျိုးအောက်တွင်ပင် မည်သူမျှ သူ့ရှေ့၌ မဆင်မခြင်မလုပ်ဝံ့ချေ။
"ဟုတ်ကဲ့ပါ အရှင်"
ထိုအရာရှိများသည် ဝမ်မူကျီးကို သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်ကြောက်ရွံနေသည့်တိုင် လုယွီထံမှ ဖိအားအရှိန်အဝါကို သူတို့ တောင့်ခံနိုင်စွမ်းမရှိချေ။
နောင်အနာဂတ်တွင် လုယွီသည် လက်ဝဲစစ်တပ်နယ်မြေ၏အဆင့်မြင့်ဆုံးအရာရှိပင်။
ထိုအချိန်ကျပါက ရှီးလျန်မြို့မှလူများအားလုံး၏အသက်များသည် လုယွီ၏လက်အတွင်း၌ရှိနေသည်။
ထိုအရာရှိများသည် သူတို့ကိုယ်သူတို့ တွန်းအားပေးကာ ဝမ်မူကျီးတို့လူစုကို ပြင်ပသို့ဆွဲထုတ်လိုက်ကြ၏။
ရှီးလျန်မြို့အတွင်းရှိ စျေးဝင်ပေါက်တွင် သာမာန်ကွပ်မျက်စင်မြင့်ရှိနေသည်။သို့ရာတွင် ဝမ်မူကျီးတို့ကို ကွပ်မျက်မည်မှာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်အတွင်းရှိ သီးသန့်ကွပ်မျက်နေရာ၌ဖြစ်သည်။ဤနေရာရှိမြေပြင်ကို ကျမ်းစာများရေးထွင်းထားသော ကျောက်တုံးများဖြင့် လွှမ်းခြုံထားသည်။စိတ်ဝိညာဥ်သည် ဤနေရာမှ ပျံ့လွင့်လာသည်နှင့် အဆောင်သင်္ကေတများ၏ ဖမ်းချုပ်ခြင်းကိုခံရကာ ချက်ချင်းပျက်ပြယ်သွားပေမည်။
လူတစ်ယောက်၏စိတ်ဝိညာဥ်ကိုဖျက်ဆီးပြီး ပြန်လည်ဝင်စားရန်ပင် အခွင့်အရေးမပေးသည်မှာ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးမှုပင်။
ဝမ်မူကျီးတို့လူစုကို ထိုကျောက်တုံးများပေါ်သို့ တွန်းပို့ခြင်းခံရကာ ဒူးထောက်ရက်သား ပြုတ်ကျသွားကြတော့သည်။