အခန်း (၃၅၁၆-၃၅၂၀)
Vol. 179 Ch. 3516-3520
Chapter 3516
ဒုန်း...
တစ်ချိန်က မောက်မာဝံ့ကြွားခဲ့သော ဝမ်မူကျီးသည် ယခုလက်ရှိအချိန်တွင် မြေပြင်ပေါ်၌ ဒူးထောက်နေရလေ၏။
ပတ်ဝန်းကျင်ရှိလူများသည် ဤမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကာ မည်သူမျှ အသံဗလံမပြုကြချေ။
ရှေ့ဆုံးမှတိုးဝင်လာသော လူအများစုသည် ဝမ်မိသားစုနှင့် နက်ရှိုင်းသောသွေးကြွေးရန်ငြိုးရှိသူများဖြစ်သည်။သူတို့သည် ဝမ်မူကျီး၏ဒူးထောက်နေသော ခန္ဓာကိုယ်ကိုကြည့်ကာ သူတို့၏မျက်လုံးများမှ သွေးများယိုစီးကျတော့လုမတတ်ပင်။
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည့် မျက်လုံးအကြည့်အမြောက်အများက ဝမ်မူကျီးပေါ်သို့ ကျရောက်လာသည်။
သို့ရာတွင် ဝမ်မူကျီးသည် အမူအယာမပျက် တည်ငြိမ်နေဆဲပင်။သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေကာ သူ၏ပတ်ဝန်းကျင်မှ ခြိမ်းခြောက်မှုများကို အနည်းငယ်မျှပင် အလေးအနက်ထားပုံမရချေ။
"လုယွီ...မင်းက အရမ်းနုံအတာပဲ...အနိုင်ရလဒ်ကို မင်း ဆုပ်ကိုင်ထားနိုင်ပြီလို့ မင်း တကယ်ကြီးထင်နေတာလား....မင်း ငါ့ကို ဒီနေ့မသတ်နိုင်စေရဘူးလို့ မင်းနဲ့ငါ လောင်းမလား"
ဝမ်မူကျီးက သရော်တော်တော် ပြောဆိုသည်။
လုယွီက ဝမ်မူကျီးကို တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ငါက ဘာလို့ မင်းကို မသတ်နိုင်ရမှာလဲ"
ဝမ်မူကျီးသည် တုံ့ပြန်၍အဖြေပေးခြင်းမရှိချေ။ထိုအစား သူသည် သူ့ရှေ့ရှိလေဟာနယ်ကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံသည် မိုင်ထောင်သောင်းချီအကွာအဝေးထိ ကြည်လင်နေသည်။
ဒေါသထွက်နေသော မြို့သူမြို့သားများသည် ပတ်ဝန်းကျင်၌ စုဝေးနေကြလေ၏။သူတို့သည် ဝမ်မူကျီးကို အရှင်လတ်လတ် ဝါးစားလိုသည့်အလား သူ့ကို ဒေါသတကြီးစူးစိုက်၍ ကြည့်နေကြသည်။
သို့ရာတွင် ဝမ်မူကျီးက ထိုလူများ၏အကြည့်များကို လျစ်လျှူရှုထားလိုက်သည်။
သူသည် တစ်စုံတစ်ယောက် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပေမည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေကြသူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
မူလက ကြည်လင်နေသောမိုးကောင်းကင်တွင် ရုတ်တရက် ထူထပ်သောတိမ်မည်းများ လွှမ်းခြုံသွားသည်ကို သူတို့အားလုံး မြင်တွေ့မိသည်။ထို့နောက် အမှောင်ထုကြီးသည် တဖြည်းဖြည်းမျောလွင့်လာကာ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။
.
ထိုတိမ်မည်းများအကြားမှနေ၍ အဆောက်အအုံနှစ်လုံးစာခန့်မြင့်မားသော ကြီးမားသည့်အရိုးစုတစ်ခု ထွက်ပေါ်လာသည်။
ထိုအရိုးစုကြီး၏နံဘေးပတ်လည်တွင် အနက်ရောင်အခိုးအငွေ့များက အဆက်မပြတ်လှည့်ပတ်နေကာ အရိုးကွဲမတက် အေးစက်သောယင်ချီအရှိန်အဝါများ ဖြာထွက်နေသည်။
နံဘေးဘက်မှစောင့်ကြည့်နေကြသူများသည် ထိုအရိုးစုကို မကြည့်ဝံ့ကြချေ။
သူတို့၏စိတ်ဝိညာဥ်များအပေါ်သို့ ထိုအရိုးစုမှသက်ရောက်လာသည့်အလား သူတို့ ခံစားမိသည်။သူတို့၏စိတ်များအတွင်း၌ မလိုလားအပ်သော အတွေးအမြောက်အများ ထွက်ပေါ်လာသည်။သူတို့သည် ထိတ်လန့်ကြောက်ရွံဖွယ်နေရာတစ်ခုသို့ ရောက်ရှိသွားသည့်အလား တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းများက သူတို့၏စိတ်များအတွင်း၌ ထွက်ပေါ်လာပေ၏။
ထိုအရိုးစု ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူအမြောက်အများထံတွင် အတွင်းစိတ်နတ်ဆိုးများနှင့် ပြည့်နှက်သွားတော့သည်။
"ဒါက ဘာကြီးလဲ...ဒီနေရာမှာလာပြီးတော့ လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်မနေစမ်းနဲ့"
အမှန်အားဖြင့် အောင်းကွမ်းသည် တခြားသူများ သူ့ရှေ့၌ မောက်မာဝံ့ကြွားနေသည်ကို ကြည့်လိုခြင်းမရှိချေ။
သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်သွားကာ သူ့ရှေ့ရှိ ဧရာမအရိုးစုကြီးထံချိန်ရွယ်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။
သို့ရာတွင် သူ လေထုအတွင်းသို့ ခုန်တက်လိုက်သည်နှင့် အရိုးစုသည် ချက်ချင်းအာရုံခံမိသွားပုံရကာ အောင်းကွမ်းရှိနေသောနေရာသို့ လက်ညှိုးညွှန်လိုက်၏။
ထိုအဖြူရောင်အရိုးလက်ချောင်းသည် ကြီးမားသောသစ်ပင်တစ်ပင်တမျှ ထူထပ်သိပ်သည်းသည်။
ထိုလက်ချောင်း၏မျက်နှာပြင်ပေါ်တွင် မင်ကဲ့သို့မည်းနက်သော အနက်ရောင်အခိုးအငွေ့များရှိနေသည်။
"ဒါက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"
အောင်းကွမ်း၏လက်သီးသည် ထိုလက်ချောင်းနှင့်ထိတွေ့မိချိန်တွင် သူသည် နောက်သို့မီတာတစ်ရာကျော်အကွာအဝေးထိ လွင့်ထွက်သွားပေ၏။
သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
အောင်းကွမ်းသည် မောက်မာဝံ့ကြွားသော်လည်း ဤကဲ့သို့အဆင့်မြင့်သောကျင့်ကြံသူတစ်ယောက်နှင့်ရင်ဆိုင်ရသည့်တိုင် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲပင်။
သူ့ရှေ့ရှိ ဤအရိုးစုကြီးသည် အသေးအမွှားကိစ္စမဟုတ်ကြောင်း ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားသည်။
"လာခဲ့စမ်း....မင်းမှာ အရည်အချင်း ဘယ်လောက်ထိရှိလဲဆိုတာ ငါ ကြည့်ကြည့်မယ်"
အောင်းကွမ်းသည် အစကတည်းက မောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိသူဖြစ်သည်။အရိုးစုကြီး တစတစချဥ်းကပ်လာသည်ကိုကြည့်ပြီး သူသည် အော်ဟစ်ကြုံးဝါးကာ အစစ်အမှန်ရွှေနဂါးခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
နဂါးကြီးသည် သူ၏အမြှီးကိုလှုပ်ယမ်းကာ သူ၏ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။အောင်းကွမ်းသည် ရုတ်တရက် သူ၏ပါးစပ်ကြီးကိုဟကာ အရိုးစုထံဦးတည်၍ နဂါးမီးတောက်များကို မှုတ်ထုတ်လိုက်၏။
ဘုန်း..
ရှည်လျားသော နဂါးမီးတောက်တန်းကြီးကြောင့် ပတ်ဝန်းကျင်ရှိလေထု ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
သို့ရာတွင် နဂါးမီးတောက်များ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူ့ရှေ့ရှိ အရိုးစုကြီးသည် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ အနက်ရောင်မီးတောက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။
မီးတောက်နှစ်ခုသည် လေဟာနယ်အတွင်း၌ ဖီလာဆန့်ကျင်ရိုက်ခတ်မိလေ၏။
မီးတောက်အချင်းချင်း ထိတွေ့မိသည်နှင့် တပြိုင်နက်တည်းဆိုသလိုပင် အောင်းကွမ်း ထုတ်လွှတ်ထားသောမီးတောက်သည် အရေးမလှသော အခြေအနေသို့ကျရောက်သွားကာ သူ ခက်ခက်ခဲခဲ ခုခံကာကွယ်နေရသည်။
Chapter 3517
"မင်းက ငါ့ထက်ပိုပြီး သန်မာအားကောင်းမယ်လို့ ငါ မယုံဘူး"
အောင်းကွမ်းက ထပ်မံ၍အော်ဟစ်ကြုံးဝါးကာ ခြစ်ခြစ်တောက်ပူပြင်းသောနဂါးမီးတောက်များကို အဆက်မပြတ်မှုတ်ထုတ်လိုက်သည်။
သူသည် မူလကတည်းက လက်သည်းငါးချောင်းရွှေနဂါးတစ်ကောင်ဖြစ်သဖြင့် သူမှုတ်ထုတ်လိုက်သောနဂါးမီးတောက်များသည် သာမာန်နဂါးများထက် ပို၍ပူပြင်းပြီးကြီးမားသည်။
သို့ရာတွင် အရိုးစုကြီးသည် အနည်းငယ်မျှပင် ရွေ့လျားသွားခြင်းမရှိချေ။
လူအားလုံး၏အကြည့်များအောက်တွင် အနက်ရောင်မီးတောက်များသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် နဂါးမီးတောက်များကို ဝါးမျိုသွားကာ အောင်းကွမ်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။
အောင်းကွမ်းသည် စူးရှကျယ်လောင်စွာ အော်ဟစ်ကာ သူသည် ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။သူသည် သူ၏ခန္ဓာကိုယ်ဝဲယာကို ရိုက်ပုတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးပမ်းနေသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ပြင်းထန်သောလေလှိုင်းတစ်ရပ်က အောင်းကွမ်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုလေပြင်း ဖြတ်သန်းတိုက်ခတ်သွားပြီးနောက် အောင်းကွမ်း၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်မီးတောက်များအားလုံး ငြိမ်းသေသွားတော့သည်။
"နာတယ်...ဒါက အရမ်းနာတယ်"
အောင်းကွမ်းသည် စူးရှနာကျင်စွာအော်ဟစ်ကာ လုယွီ၏နောက်သို့ အပြေးသွားပြီး မိုးကောင်းကင်ယံအတွင်းရှိ အရိုးစုကြီးကို ကြည့်နေလေ၏။သူသည် သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံနေမှုကို ခံစားနေရသည်။
အရိုးစုသည် နောက်ဆုံး၌ ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သို့ ရောက်ရှိလာခဲ့သည်။
လူအမြောက်အများသည် အခွင့်မသာသောအခြေအနေကို မြင်တွေ့ချိန်တွင် နောက်သို့ဆုတ်လိုက်ကြသည်။သူတို့သည် ထိုအရိုးစုကြီးအနီးသို့ မချဥ်းကပ်ဝံ့ချေ။
"ဟား ဟား ဟား...လုယွီ...မင်း ငါ့ကို ထိလို့မရဘူးလို့ ငါ ပြောခဲ့တယ်မဟုတ်လား...မင်းဆီမှာ တော်ဝင်နန်းတွင်းက ခန့်အပ်ထားတဲ့ အရာရှိရာထူးရှိနေတာနဲ့ လက်ဝဲစစ်တပ်နယ်မြေမှာ မင်း ဆန္ဒရှိသလိုလုပ်လို့ရပြီလို့ မင်း ထင်နေတာလား...ငါက လက်ဝဲစစ်တပ်နယ်မြေမှာနေနေတာ အချိန်အတော်ကြာနေပြီ...မင်းက အတွေ့အကြုံ အရမ်းနုသေးတယ်"
ဝမ်မူကျီးက အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။
အရိုးစုသည် ရုတ်တရက် ဆင်းသက်လာကာ ယင်ချီများကို လေထုအတွင်း၌စုဝေးပြီး ဓားပျံနှစ်စင်းအဖြစ် ဖွဲ့စည်းလိုက်၏။ထို့နောက် ထိုဓားပျံနှစ်စင်းကို ပစ်လွှတ်ကာ ဝမ်မူကျီး၏ခန္ဓာကိုယ်ကို ချည်နှောင်ထားသော သံကြိုးများကို ပိုင်းဖြတ်လိုက်သည်။
ချွင်ခနဲအသံနှစ်သံနှင့်အတူ ဝမ်မူကျီး၏ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများ မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။
ဝမ်သခင်မကြီးနှင့် တခြားဝမ်မိသားစုအကြီးအကဲများ၏မျက်လုံးများ တောက်ပသွားကာ သူတို့၏ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသည့်အလား အလျင်စလိုပြောဆိုသည်။
"ဆရာ....ကျေးဇူးပြုပြီး ကျွန်မတို့ကိုလည်းကယ်တင်ပါအုံး"
ဝမ်မူကျီး၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသော အမူအယာမျိုး ထင်ဟပ်နေသည်။
"ဘာမှမစိုးရိမ်နဲ့...ငါ ဒီနေရာမှာရှိနေသရွေ့....လုယွီ မင်းတို့ကို မထိနိုင်စေရဘူး"
မိုးကောင်းကင်ယံအတွင်းရှိ အရိုးစုကြီးသည် ရုတ်တရက် သူ၏ကြီးမားသောလက်ဝါးကြီးကိုဖြန့်ကာ လေထုအတွင်းမှအောက်သို့ကျလာပြီး ကွပ်မျက်စင်မြင့်ပေါ်ရှိလူတိုင်းကို ဆုပ်ကိုင်လိုက်၏။
"ငါ့ရှေ့ကနေ သူတို့ကို ခေါ်ဆောင်သွားဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူက ပေးထားတာလဲ"
လုယွီ၏မျက်လုံးများသည် ရုတ်တရက် အေးစက်စက်အလင်းရောင်များဖြင့် တောက်ပသွားသည်။သူသည် ခြေတစ်လှမ်းရှေ့တက်ကာ တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုလိုက်သည်။
မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးတစ်သံက လုယွီ၏ရင်ဘတ်မှ ထွက်ပေါ်လာသည်။
ထို့နောက် လုယွီက သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ရာ အလွန်ကျယ်လောင်သောဟိန်းသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်....နတ်ဘုရားနဂါးဟိန်းသံ...
မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အရိုးစုကြီး၏ရှေ့သို့ ရောက်ရှိသွားသည်။
ခရက်...ခရက်...ခရက်...
အရိုးစု၏နံဘေးပတ်ဝန်းကျင်ရှိ အမှောင်ထုကြီး အရည်ပျော်ကျသွားကာ အလျှင်အမြန် ပြိုကွဲသွားလေ၏။အရိုးစုအနီးရှိ အနက်ရောင်မြူခိုးများသည်လည်း လေထုအတွင်းသို့ ပျက်ပြယ်သွားတော့သည်။
ဝုန်း....
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် အတူယှဥ်တွဲ၍ အရိုးစု၏မျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးများနှင့် ပြည့်နှက်သွားသည်။ထိုအရာကိုကြည့်မိသော မည်သူမဆို ထိတ်လန့်တုန်လှုပ်သွားပေမည်။
ထို့နောက်မှနေ၍ အရိုးစုကြီးသည် လေထုအတွင်း၌ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
ထိုအရိုးစုမှနေ၍ အနက်ရောင်ဝိညာဥ်အမြောက်အများ ပျံသန်းထွက်လာကာ စူးရှကျယ်လောင်စွာအော်ဟစ်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
ထိုစိတ်ဝိညာဥ်များ အတူတကွ စုဝေးသွားချိန်တွင် ကောင်းကင်ယံအတွင်းရှိ အနက်ရောင်တိမ်တိုက်များ ပို၍ထူထပ်သိပ်သည်းလာသည်။
"ပျက်ပြယ်သွားစမ်း"
လုယွီက အေးစက်စက် အော်ငေါက်လိုက်၏။
သိုင်းပညာသူတော်စင်တစ်ယောက်၏နုတ်ထွက်စကားနှင့် မြေအောက်လောကနတ်ဘုရား၏ကြီးကျယ်ခမ်းနားမှုတို့ ပေါင်းစပ်ထားသောစွမ်းအားက ထိုစိတ်ဝိညာဥ်များပေါ်သို့ ကျရောက်သွားသည်။
ဤစိတ်ဝိညာဥ်များသည် သူတို့၏သဘာဝရန်သူကို မြင်တွေ့လိုက်ရသည့်အလားပင်။သူတို့သည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးသွားပြီး နောက်သို့ပင် ပြန်လှည့်ကြည့်ခြင်းမပြုချေ။
ထိုစိတ်ဝိညာဥ်များ လွင့်ပြယ်သွားပြီးနောက် မိုးကောင်းကင်ယံအတွင်းရှိ အနက်ရောင်တိမ်တိုက်များ တဖြည်းဖြည်းပျက်ပြယ်သွားကာ နေရောင်ခြည်သည် တဖန်ပြန်၍ကျရောက်လာပေ၏။
ကြေမွှပျက်စီးသွားသောအရိုးစုကြီးအတွင်းမှနေ၍ အနက်ရောင်မျက်လုံးတစ်စုံရှိသော လူလတ်ပိုင်းကြီးတစ်ယောက် ခုန်ထွက်လာကာ လေဟာနယ်အတွင်း၌ ခြေချပြီး မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
Chapter 3518
"မင်းက လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်လား"
ထိုလူလတ်ပိုင်းကြီးသည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
"ငါက ရေအင်မော်တယ်ဂိုဏ်းရဲ့လက်ထောက်ဂိုဏ်းချုပ်ပဲ...ဝမ်မူကျီးက ငါတို့အရှင်ရဲ့ဧည့်သည်တစ်ယောက်ဖြစ်နေတယ်...ကျေးဇူးပြုပြီးတော့ ငါတို့ကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကိုလွှတ်ပေးနိုင်မလား"
"ငါတို့ရဲ့အရှင်က မင်း ဝမ်မူကျီးကို လွှတ်ပေးသရွေ့....လက်ဝဲစစ်တပ်နယ်မြေထဲမှာရှိတဲ့ ဝမ်မိသားစုရဲ့အင်အားစုတွေအားလုံးကို ရုတ်သိမ်းပေးမယ်လို့ ကတိပေးလိုက်တယ်....ဝမ်မူကျီးက ဘယ်တော့မှ မင်းရဲ့ရန်သူ ဖြစ်လာမှာမဟုတ်ဘူး...ဒါက ငါတို့ရေအင်မော်တယ်ဂိုဏ်းက ပေးတဲ့ကတိပဲ"
ပတ်ဝန်းကျင်ရှိလူများသည် ထိုလူလတ်ပိုင်းကြီး၏မျက်နှာကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာ ထိတ်လန့်ကြောက်ရွံသွားကြသည်။
"အား...သူက ရေအင်မော်တယ်ဂိုဏ်းရဲ့အဆင့်မြင့်ထိပ်သီးအကြီးအကဲတစ်ယောက်ဖြစ်တဲ့ အရိုးစုမဟုတ်လား"
"ကောလဟာလတွေအရတော့ ရေအင်မော်တယ်ဂိုဏ်းမှာ အဆင့်မြင့်ထိပ်သီးအကြီးအကဲ ဆယ်ယောက်ရှိတယ်...သူတို့တစ်ယောက်ချင်းစီမှာ အရမ်းကြီးမားတဲ့ကျင့်ကြံဆင့်နယ်ပယ်ရှိနေတယ်...ဒီလိုလူမျိုးတွေက ဂိုဏ်းတစ်ဂိုဏ်းကိုတောင် အလွယ်တကူတည်ထောင်နိုင်တဲ့ တည်ရှိမှုကြီးတွေပဲ"
"ဝမ်မူကျီးဆီမှာ တကယ့်ကိုပဲ ဒီလိုနောက်ခံမျိုး ရှိနေတာပါလား....သူ အကြောက်အလန့်မရှိတာ အံ့အားသင့်စရာမရှိတော့ဘူး"
အဆင့်မြင့်အကြီးအကဲအရိုးစု၏ဖိအားအောက်တွင် ဝမ်မူကျီးကိုလက်စားချေလိုသော လူများ၏မျက်လုံးများ တဖြည်းဖြည်းမှိန်ဖျော့သွားသည်။
ရေအင်မော်တယ်ဂိုဏ်း...
ဤသည်မှာလက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် အစွမ်းထက်ဆုံး ဂိုဏ်းကြီးသုံးဂိုဏ်းအနက်မှတစ်ဂိုဏ်းပင်။
အမှန်အားဖြင့် အတိတ်တွင် ဝမ်မိသားစုသည် ရေအင်မော်တယ်ဂိုဏ်းရှေ့၌ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။အုပ်ချုပ်ရေးအဖွဲ့၏အင်အားပင်လျှင် ရေအင်မော်တယ်ဂိုဏ်းကို လိုက်မီရန်လွန်စွာအလှမ်းကွာဟသည်။
ပြင်ပဂိုဏ်းအင်အားစုများအနက် ဂိုဏ်းကြီးများထံတွင် အလွန်ပေါများသော အမွေအနှစ်များရှိသည်။ထိုဂိုဏ်းများအနက်မှတချို့သည် အလယ်ခေတ်မှစတင်၍ ဆင်းသက်လာခြင်းဖြစ်သဖြင့် ယခုလက်ရှိ တာယွီတော်ဝင်နန်းတွင်းထက်ပင် များစွာပို၍ သက်တမ်းရှည်ကြာလေ၏။
တော်ဝင်နန်းတွင်း၏အမိန့်အောက်တွင် ထိုဂိုဏ်းများသည် စိတ်ရှည်လက်ရှည်ဖြင့် သည်းခံနေခဲ့ရသည်။
သို့ရာတွင် ထိုဂိုဏ်းများသည် တိတ်တဆိတ်အင်အားစုဆောင်းနေကာ သူတို့ကို လျှော့တွက်၍မရကြောင်း လူတိုင်း သိရှိထားကြသည်။
"ငါက ဘာလို့ မင်းတို့ကို မျက်နှာသာပေးရမှာလဲ"
လုယွီသည် စကားဆက်လက်ပြောဆိုပြီး အချိန်ဖြုန်းလိုခြင်းမရှိချေ။ထိုအစား သူသည် နဂါးဖမ်းလက်ကို အသုံးပြုကာ လေထုအတွင်း၌ ဖြတ်သန်းသွားစေသည်။
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အဆင့်မြင့်အကြီးအကဲအရိုးစုကိုဖြတ်သန်းကာ ဝမ်မူကျီးထံသို့ ကျရောက်သွားသည်။
"မဟုတ်ဘူး....မင်း ငါ့ကို သတ်လို့မရဘူး....အဆင့်မြင့်အကြီးအကဲ...ငါ့ကိုကယ်ပါအုံး"
ဝမ်မူကျီးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသဖြင့် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးသွားလေ၏။
တစ်ချိန်တည်းမှာပင် သူ၏ရွှယ်အင်မော်တယ်နယ်ပယ်ခွန်အားကို ထုတ်ဖော်အသုံးပြုကာ ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သူသည် အသက်နှင့်ရင်း၍ လုယွီကိုတိုက်ခိုက်ရန် ရည်ရွယ်ထားသည်။သို့ရာတွင် လုယွီသည် သူ့အား အခွင့်အရေးမပေးချေ။သူသည် လက်ယာဘက်လက်ဖြင့် နဂါးဖမ်းလက်ကို ထုတ်ဖော်အသုံးပြုထားကာ လက်ဝဲဘက်လက်ဖြင့် ရွှေရောင်လက်စည်းတံဆိပ်တစ်ခုကို သိပ်သည်းလိုက်၏။
"အရာရှိလု....ငါက ရေအင်မော်တယ်ဂိုဏ်းကို ကိုယ်စားပြုပြီးတော့ မင်းနဲ့ညှိနှိုင်းနေတာလေ...မင်းက ငါနဲ့ညှိနှိုင်းဖို့ ရည်ရွယ်ချက်မရှိဘူးလား...ငါ့ကို တိုက်ရိုက်တိုက်ခိုက်တာက မယဥ်ကျေးလွန်းရာကျနေပြီမဟုတ်လား"
အဆင့်မြင့်အကြီးအကဲအရိုးစုက ဒေါသတကြီး အော်ငေါက်လေသည်။
သူသည် လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ ထင်ရှားကျော်ကြားသော တည်ရှိမှုကြီးတစ်ခုပင်။
မူလက လုယွီသည် သူ၏နာမည်ကိုကြားသည်နှင့် ထိတ်လန့်ကြောက်ရွံသွားမည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် လုယွီသည် သူ့အား လျစ်လျှူရှုထားကာ ဝမ်မူကျီးကိုတိုက်ခိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ အလွယ်ပြောရလျှင် သူ့ကို မျက်လုံးအတွင်း၌မထည့်ခြင်းပင်။
"တော်ဝင်နန်းတွင်းရဲ့အမိန့်ကိုမနာခံတဲ့ ပြင်ပဂိုဏ်းတစ်ဂိုဏ်းကလူက ငါ့ရှေ့မှာလာပြီးတော့ ယဥ်ကျေးဖို့ကို ထည့်ပြောဝံ့သေးတာလား....မင်းက ဒီလိုဆက်ဆံခံရဖို့ ထိုက်တန်တယ်လို့ မင်းကိုယ်မင်း ထင်နေတာလား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်ကာ သူ၏လက်အတွင်းမှစွမ်းအားများ တဖန်ထပ်၍ ပွင့်အံ့ထွက်လာသည်။
ဝုန်း....
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ကွေ့ဝိုက်ကာ အဆင့်မြင့်အကြီးအကဲအရိုးစုကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
"အရိုးစုပလ္လင်..."
အဆင့်မြင့်အကြီးအကဲအရိုးစုသည်လည်း အလွန်ဒေါသထွက်နေသည်။သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ မြေပြင်ပေါ်သို့ ရိုက်နှက်လိုက်သည်။မြေပြင်မှနေ၍ ပေပေါင်းများစွာရှည်လျားသော ကြီးမားသောအရိုးဓားသွားများ ထွက်ပေါ်လာကာ သူ၏ရှေ့၌ ကြီးမားသောအရိုးစုကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ထိုအရိုးစုကြီး၏ခေါင်းထက်တွင် ပလ္လင်တစ်ခုရှိနေသည်။အဆင့်မြင့်အကြီးအကဲအရိုးစုသည် ထိုပလ္လင်ပေါ်၌ထိုင်နေကာ သူ့ရှေ့ရှိအရာရာတိုင်းကို ငုံကြည့်နေလေ၏။
ရုတ်ချည်းဆိုသလိုပင် အရိုးစုသည် သူ၏လက်ကိုဖြန့်လိုက်ရာ နေရောင်ကိုပင်ပိတ်ဖုံးသွားလုမတတ် အလွန်ကြီးမားသည်။ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီ၏ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တော့သည်။
လက်ဝါးပုံရိပ်ယောင်ကြီးနှစ်ခု ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် ကောင်းကင်နှင့်မြေပြင်အကြား၌ ပြင်းထန်သောတုန်ခါသံကြီးတစ်သံ မြည်ဟီးလာသည်။ဤသည်မှာ ကောင်းကင်နှင့်မြေပြင်တပြင်လုံး ပြိုလဲသွားလုမတတ်ပင်။ပြင်းထန်သောစွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
Chapter 3519
"ဒီကောင်က အသက်ငယ်ငယ်နဲ့ ဘာလို့ခုလောက်ထိ အစွမ်းထက်နေတာလဲ"
လက်ဝါးပုံရိပ်ယောင်နှစ်ခု ထိတွေ့မိချိန်တွင် အဆင့်မြင့်အကြီးအကဲအရိုးစုသည် အံ့အားသင့်တုန်လှုပ်သွားကာ လုယွီကို တဖန်ပြန်၍လေ့လာဆန်းစစ်လိုက်သည်။
သူသည် ဤနည်းစနစ်ကိုအသုံးပြုချိန်တွင် သူဖန်တီးခဲ့သော အရိုးစုကြီးတွင် တောင်များကိုပင် အမြစ်မှဆွဲလှန်နိုင်သောစွမ်းအားမျိုးပါဝင်နေကာ တားဆီး၍မရနိုင်လုနီးပါးပင်။
သူ ရင်ဆိုင်ရသော တစ်ဖက်ရန်သူသည် မည်သူမည်ဝါဖြစ်နေပါစေ ထိုအရိုးစုကြီး၏လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်နှင့် အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားပေမည်။
သို့ရာတွင် လုယွီနှင့်ရင်ဆိုင်ရချိန်၌ သူ၏နည်းစနစ်မှ အကျိုးသက်ရောက်မှုများ လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့သည်။
အဆင့်မြင့်အကြီးအကဲအရိုးစုသည် သူ၏လက် မဖျက်ဆီးနိုင်သောနံရံကြီးတစ်ခုနှင့် ထိတွေ့ရသည့်အလား ခံစားမိကာ ချက်ချင်းဆိုသလိုပင် သူ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားမိလေ၏။
သို့ရာတွင် ဤနာကျင်မှုသည် အဆင့်မြင့်အကြီးအကဲအရိုးစု၏သွေးဆာသော နှလုံးသားကို လောင်စာထည့်ပေးလိုက်သည့်အလားပင်။
"ကောင်းတယ်...ကောင်းတယ်...ငါ မင်းကို လျှော့တွက်ခဲ့မိတယ်...ကြည့်ရတာတော့ ငါတို့ဂိုဏ်းက သည်းခံနေကြတာ အချိန်အတော်ကြာသွားခဲ့ပုံပဲ....အုပ်ချုပ်ရေးအဖွဲ့ကလူတွေက ငါတို့ကို အလေးအနက်မထားတော့ဘူး"
အဆင့်မြင့်အကြီးအကဲအရိုးစု၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
ထိုစကားအဆုံးသတ်သွားစဥ်မှာပင် အဆင့်မြင့်အကြီးအကဲအရိုးစုသည် သူ၏လက်ချောင်းကိုကိုက်ဖောက်ကာ သူ၏မျက်နှာပေါ်၌ ရှေးဟောင်းအက္ခရာများကို ရေးဆွဲလိုက်၏။
ထိုရှေးဟောင်းအက္ခရာများသည် အဆင့်မြင့်အကြီးအကဲ၏မျက်နှာကို ပန်းပွင့်တစ်ပွင့်နှင့် တူညီသွားစေကာ ကြည့်ရသည်မှာ အလွန်ထူးဆန်းနေသည်။
"ကောင်းကင်နဲ့မြေပြင်ကြားက စွမ်းအားတွေကို လမ်းပြပါတယ်...ငါ့ရဲ့အသွေးအသားမှာ လာရောက်စုဝေးကြစမ်း"
အဆင့်မြင့်အကြီးအကဲအရိုးစုသည် ရှေးကျပြီးနတ်ဆိုးဆန်သောမှော်မန္တန်တစ်ပုဒ်ကို ကျယ်လောင်သောအသံဖြင့် ရွတ်ဆိုလိုက်သည်။
မည်သူကမျှ ဤမှော်မန္တန်ကို နားလည်သဘောပေါက်ခြင်းမရှိချေ။သို့ရာတွင် သူ၏လေသံသည် သေလုဆဲဆဲလူအိုကြီးတစ်ယောက်၏အသံနှင့် တူညီနေကာ အလွန်အမင်းနတ်ဆိုးဆန်သည်။
အရိုးစုနှင့်နီးကပ်သောနေရာတွင်ရှိနေသော လူများသည် သူတို့၏မှော်စွမ်းအားများကို ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားသကဲ့သို့ ခံစားမိလေ၏။သူတို့၏မှော်စွမ်းအားများသည် အရိုးစု၏မှော်မန္တန်ရွတ်ဆိုသံနှင့်အတူ ပြင်းပြင်းထန်ထန်လှုပ်ခတ်စပြုလာသည်။
"မကောင်းတော့ဘူး...ဘာလို့ ငါ့ရဲ့မှော်စွမ်းအားတွေကို စုပ်ယူခံရသလိုမျိုး ခံစားနေရတာလဲ"
"မြန်မြန် အဝေးကိုရှောင်ကြစို့...ဒါက အဆင့်မြင့်ကျင့်ကြံသူတွေကြားက တိုက်ပွဲပဲ...ငါတို့ အဲ့ဒီနားကို ကပ်လို့မရဘူး"
အနီးအနားရှိ ကျင့်ကြံသူများသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ အလျင်စလို နောက်သို့ဆုတ်ခွာလိုက်ကြတော့သည်။
အဆင့်မြင့်ကျင့်ကြံသူများ တိုက်ခိုက်စဥ်တွင် ရေအိုင်အတွင်းရှိငါးများကိုပင် သက်ရောက်ခြင်းခံရသည်။
ထိုကျင့်ကြံသူများသည် တိုက်ပွဲအနီးသို့ချဥ်းကပ်ဝံ့ခြင်းမရှိတော့ချေ။
တုန်လှုပ်ချောက်ချားနေသော အကြည့်များအောက်တွင် မှော်စွမ်းအားလှိုင်းများသည် အရိုးစု၏သွေးစက်ထံတွင် တဖြည်းဖြည်းစုဝေးသွားကာ အရိုးစု၏ခန္ဓာကိုယ်တွင် တွယ်ကပ်သွားလေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူဘီလူးကြီးတစ်ကောင်၏အကြမ်းဖျင်းပုံရိပ်ယောင် ထွက်ပေါ်လာသည်။
ထိုလူဘီလူးကြီးသည် အစွယ်များကိုဖြဲဟ၍ လက်သည်းများကို ဝှေ့ယမ်းနေသည်။သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်မျိုး ထင်ဟပ်နေကာ လုယွီကိုဦးတည်၍ ရိုက်နှက်လိုက်၏။
ဘုန်း....
ထိုလူဘီလူးကြီး၏လက်ဝါး ဆန့်ထုတ်လိုက်သော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပင် သက်ရောက်သွားသည်။လုယွီ၏နံဘေးရှိလေဟာနယ် ချိုင့်ဝင်သွားကာ လူဘီလူးကြီး၏လက်ဝါးကြီးက သူ့ထံဦးတည်၍ တိုးဝင်လာသည်။
ထိုလက်ဝါးရိုက်ချက်ကိုကြည့်ရသည်မှာ နောက်ဆုတ်ရန် နည်းလမ်းရှိပုံမရချေ။
"အရှင်...."
အောင်းကွမ်းသည် ရင်ထိတ်သွားကာ ထိုနေရာသို့သွားရောက်၍ ကူညီပေးလိုခဲ့သည်။
သို့ရာတွင် ရုတ်တရက် ဖေးထျန်ကွမ်းသည် အောင်းကွမ်း၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်၏။
"တကယ်လို့ အရှင်တောင်မှ သူ့ကိုရင်မဆိုင်နိုင်ဘူးဆိုရင်...မင်းသွားရင်လည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
အောင်းကွမ်းသည် အလွန်အမင်း မလိုလားသော်လည်း သူ နောက်ဆုတ်ရန်သာ တက်နိုင်တော့သည်။
အမှုမဲ့အမှတ်မဲ့ဖြင့် အောင်းကွမ်းသည် သူ၏မူလ မောက်မာဝံ့ကြွားသောစိတ်မှ လုယွီအပေါ် သစ္စာစောင့်သိမှုသို့ ပြောင်းလဲသွားခဲ့သည်။ယခုချိန်၌ လုယွီ အန္တရာယ်အတွင်းသို့ ကျရောက်နေစဥ်တွင် သူ မည်သည်ကြောင့် နံဘေးတွင်ရပ်၍ စောင့်ကြည့်နေနိုင်မည်နည်း။
သူသည် နံဘေးရှိ ဝမ်သခင်မကြီးနှင့်ဝမ်မိသားစုအကြီးအကဲများကိုကြည့်ကာ သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် လုယွီကို မကူညီနိုင်သောကြောင့် ဤလူများကို အမြစ်ပြတ်သုတ်သင်ရပေမည်။
"မင်းတို့အားလုံးက ကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ထားတယ်...ဒါကြောင့် မင်းတို့က ကွပ်မျက်ခံရသင့်တယ်...မင်းတို့ကိုကယ်ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုနိုင်ဖို့ဆိုတာ ဆုတောင်းနေကြစမ်း"
ရွှေရောင်အလင်းတန်းတစ်တန်းက အောင်းကွမ်း၏ပါးစပ်မှ ပျံ့လွင့်လာသည်။
ထိုရွှေရောင်အလင်းတန်းသည် လေထုအတွင်း၌ ထက်ရှသောဓားချီတစ်လှိုင်းအသွင် ပြောင်းလဲသွားကာ အောက်သို့ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ဘုန်း...
ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာသည်။ထိုရွှေရောင်ဓားချီဖြတ်သန်းသွားပြီးနောက် ဝမ်သခင်မကြီးနှင့်ဝမ်မိသားစုအကြီးအကဲများ၏ခေါင်းများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သူတို့၏စိတ်ဝိညာဥ်များ ထွက်လာသည်နှင့် မြေပြင်ပေါ်ရှိ အစိမ်းရောင်အုတ်များ၏သက်ရောက်ခြင်းကို ခံလိုက်ရသည်။သူတို့၏စိတ်ဝိညာဥ်များမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုစိတ်ဝိညာဥ်များ လုံးလုံးလျားလျား ပျက်စီးသွားတော့သည်။
အတိတ်တွင် ဝမ်မိသားစုဝင်များသည် မိသားစု၏သြဇာအာဏာကိုအမှီပြု၍ ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့သည်။
သူတို့သည် ယနေ့ကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
Chapter 3520
အတိတ်တွင် အလွန်သြဇာအာဏာကြီးမားခဲ့သော ဝမ်မိသားစုဝင်များ၏ခေါင်းများ မြေပြင်ပေါ်သို့ တစ်လုံးပြီးတစ်လုံးပြုတ်ကျနေသည်ကိုကြည့်ပြီး လူအုပ်ကြီးထံမှ ဝမ်းသာအားရဟစ်ကြွေးသံများ ပွင့်အံ့ထွက်လာသည်။
ထိုဝမ်းသာအားရဟစ်ကြွေးသံများကိုကြားချိန်တွင် ဝမ်မူကျီးသည် ထွက်ပြေးနေရာမှ ရပ်တန့်လိုက်သည်။မြေပြင်ပေါ်၌ ပြည့်နှက်နေသောအလောင်းများကို သူ မြင်တွေ့ချိန်တွင် ဒေါသတကြီးအော်ဟစ်လိုက်၏။
"လုယွီ...မင်း တန်ကြေးပြန်ပေးဆပ်ရအောင် ငါ လုပ်ပြမယ်"
ဝမ်မူကျီး၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ယခုချိန်၌ မည်သည့်ကိစ္စက ပို၍အရေးကြီးသည်ကို သူ ကောင်းစွာသိရှိထားသည်။
အကယ်၍ ယခုချိန်တွင် သူ လက်စားချေရန် ကြိုးစားလိုက်ပါက သေလမ်းရှာခြင်းဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လုယွီ၏ဘက်တွင် တစ်ယောက်တည်းမဟုတ်ချေ။ဖေးထျန်ကွမ်းနှင့်အောင်းကွမ်းတို့သည်လည်း အချိန်မရွေးလှုပ်ရှားနိုင်သောအခြေအနေတွင် ရှိနေသည်။
အရိုးစုသည် လုယွီကို ထိန်းထားသည်အားကြည့်ပြီး ဝမ်မူကျီးသည် ချာခနဲလှည့်ထွက်ကာ ထွက်ပြေးရန်အတွက် ပြင်ဆင်လိုက်တော့သည်။
"မင်း မလွတ်စေရဘူး...တကယ်လို့ ငါ မင်းကို သတ်ချင်နေတာဆိုရင် ဘယ်သူမှ ငါ့ကို မဟန့်တားနိုင်စေရဘူး"
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင်လည်း ရွှေရောင်ရှေးဟောင်းသင်္ကေတအက္ခရာများ လှည့်ပတ်နေသည်။
ထိုသင်္ကေတအက္ခရာများသည် တဖြည်းဖြည်း လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။လုယွီ၏ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများက လွှမ်းခြုံသွားကာ မီတာတစ်သိန်းကျော်မြင့်မားသော ဧရာမရွှေရောင်ခန္ဓာကိုယ်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်...မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်....
လုယွီသည် တော်ဝင်မြို့တော်၌ရှိနေစဥ် ဤကျင့်ကြံနည်းစနစ်ကို တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ ပစ်မှတ်သည် အလွန်ကြီးမားသောကြောင့်ပင်။တော်ဝင်မြို့တော်ကဲ့သို့ နေရာမျိုးတွင် ပုန်းအောင်းနေသောနဂါးများနှင့်ဝပ်နေသောကျားများ ရှိနေလေရာ တခြားသူများသည် ထိုကျင့်ကြံနည်းစနစ်နှင့်ပတ်သက်၍ ရှာဖွေဖော်ထုတ်နိုင်ချေရှိသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနေရာသည် ရှီးလျန်မြို့ပင်။
ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ် ကျင့်ကြံခဲ့သော မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်၏စွမ်းအားသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။ဤအရာသည် ယခင်က လုယွီကျင့်ကြံခဲ့သော ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နှစ်ခုထက် ပို၍အစွမ်းထက်သည်။
ပေတစ်သိန်းကျော်မြင့်မားသော ရွှေရောင်ခန္ဓာကိုယ်ကြီးသည် သူရှေ့ရှိ အရိုးစု၏လူဘီလူးကြီးကို ချက်ချင်းလွှမ်းခြုံသွားသည်။
ထို့နောက် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဘုန်း...
ထိုလက်သီးချက်၏စွမ်းအားကြောင့် ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားလေ၏။
ထိုလက်သီးချက်၏စွမ်းအားအောက်တွင် လုယွီ၏ရှေ့ရှိလေဟာနယ် တစ်လက်မချင်း ပြိုကွဲစပြုလာသည်။
လက်သီးချက်နှစ်ချက် ဖီလာဆန့်ကျင်ထိတွေ့မိချိန်တွင် လူဘီလူးကြီးသည် နောက်သို့ မီတာရာပေါင်းများစွာ အကွာအဝေးထိ ဆုတ်ခွာလိုက်ရသည်။အရိုးစု၏ခန္ဓာကိုယ်မှ အရိုးများသည် လုယွီ၏လက်သီးချက်ကြောင့် အက်ကွဲစပြုလာပေ၏။
မူလက စုဝေးနေသော အသွေးအသားများ၏စွမ်းအားများသည်လည်း ထိုလက်သီးစွမ်းအားအောက်တွင် ပျောက်ကွယ်သွားသည်။
အရိုးစုထံတွင် ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအယာ ထင်ဟပ်လာသည်။
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုကျင့်ကြံနည်းစနစ်မျိုးလဲ..."
သူသည် သူ ထုတ်ဖော်အသုံးပြုလိုက်သော မှော်မန္တန်၏စွမ်းအားကို ကောင်းစွာသိရှိထားသည်။
လုယွီ တစ်ယောက်တည်းကို မဆိုထားနှင့် အကယ်၍ ကျားစစ်သင်္ဘောတစ်စီးပင်လျှင် ထိုလက်သီးချက်နှင့်ထိတွေ့ရပါက လွင့်ထွက်သွားပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အရိုးစုလူဘီလူးကြီးသည် လုယွီ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်းမရှိချေ။
လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြီးမားသောမှော်စွမ်းအားများကို အာရုံခံမိချိန်တွင် အဆင့်မြင့်အကြီးအကဲအရိုးစုသည် သူ သံပြားကြီးတစ်ပြားကို ဆောင့်ကန်ခဲ့မိပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားလေပြီ။
"သတင်းပေးတွေဆီကရတဲ့ သတင်းအချက်အလက်တွေအရ လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်က ခုမှအသိုက်အမြုံကနေထွက်လာတဲ့ လူငယ်လေးတစ်ယောက်လို့ ပြောခဲ့တာမဟုတ်လား...ဒီသတင်းအမှားတွေကို ဘယ်သူက ဖြန့်ချီခဲ့တာလဲ"
အဆင့်မြင့်အကြီးအကဲအရိုးစုသည် သူ၏လက်ချောင်းများကို ကြိမ်ဖန်များစွာလှုပ်ခတ်လိုက်ရာ အနက်ရောင်အခိုးအငွေ့စီးကြောင်းများသည် အရိုးစုခေါင်းများနှင့် ရောယှက်ကာ လုယွီထံသို့ တိုးဝင်သွားတော့သည်။
လုယွီသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးကာ သူ့ထံတိုးဝင်လာသည့် မြောက်မြားစွာသော အရိုးစုခေါင်းများကို လျစ်လျှူရှုထားလေသည်။
ဘန်း...ဘန်း...ဘန်း...
လုယွီက ရုတ်တရက် လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။ရွှေရောင်ခန္ဓာကိုယ်ကြီးသည်လည်း သူ၏လက်သီးချက်အတိုင်း ထိုးနှက်လိုက်ရာ သူ့ရှေ့ရှိ အရိုးစုခေါင်းများအားလုံး ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။
လုယွီသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ချဥ်းကပ်လာသည်ကိုကြည့်ပြီး အဆင့်မြင့်အကြီးအကဲအရိုးစု၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံသောအမူအယာ ထင်ဟပ်လာကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
"ထွက်ပြေးဖို့ မစဥ်းစားစမ်းနဲ့"
လုယွီက ရှေ့သို့တိုးကာ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးဖြင့် အဆင့်မြင့်အကြီးအကဲအရိုးစုကို ဖမ်းဆုပ်လိုက်သည်။ထို့နောက် သူသည် အင်အားသုံး၍ အဆင့်မြင့်အကြီးအကဲအရိုးစုကို ဖိနှိပ်လိုက်တော့သည်။
ဝမ်မူကျီးသည် သူ့အားကယ်တင်ရန်လာသော အဆင့်မြင့်အကြီးအကဲအရိုးစု ဖမ်းဆီးခံရသည်ကိုမြင်တွေ့ချိန်တွင် သူ၏စိတ်ဝိညာဥ် ချက်ချင်းပျက်စီးတော့မည့်အလား ထိတ်လန့်ကြောက်ရွံသွားသည်။ထို့ကြောင့် သူသည် အရှိန်ကုန်မြှင့်၍ ထွက်ပြေးလိုက်၏။
ရွှယ်အင်မော်တယ်တစ်ယောက်၏ ထွက်ပြေးမှုအရှိန်နှုန်းကို လျှော့တွက်၍မရချေ။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ဝမ်မူကျီးသည် ရှီးလျန်မြို့၏ပြင်ပသို့ရောက်ရှိသွားကာ မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်အစက်အပျောက်လေးတစ်ခုအဖြစ်သာ မြင်တွေ့ရတော့သည်။
"မိုးကောင်းကင်တာအိုမှာ မျက်လုံးမရှိဘူး...ဒါပေမယ့် ငါ ဒီနေရာကိုရောက်လာမှတော့....ဒီနေရာကလူတွေအတွက် တရားမျှတမှုကို ဆောင်ကျဥ်းပေးမယ်...ဝမ်မူကျီး...မင်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ကို ဝမ်မူကျီးထံဦးတည်၍ ဆန့်တန်းလိုက်သည်။