အခန်း (၃၅၂၆-၃၅၃၀)
Vol. 180 Ch. 3526-3530
Chapter 3526
သို့ရာတွင် စွန်းယုသည် ရွှေတံဆိပ်လူဆိုးထိန်းအဖြစ် ရာထူးတိုးပေးခြင်းခံရသောကြောင့် ယခင်နှင့်ကွဲပြားခြားနားသွားလေပြီ။
ဆဋ္ဌမဂိတ်တံခါးတစ်ခုလုံးတွင် ရွှေတံဆိပ်လူဆိုးထိန်း ဆယ်ယောက်သာရှိသည်။
သူ၏လက်အတွင်းရှိ စွမ်းအားနှင့်အခွင့်အာဏာကို အမှီပြု၍ စွမ်းယုသည် ထိုချမ်းသာကြွယ်ဝသောကုန်သည်မိသားစုကို အမှုတစ်ခုဆင်ကာ စွပ်စွဲခဲ့လေ၏။ထို့နောက် သူသည် ရာထူးကိုလွှဲပြောင်းယူပြီးသည်နှင့် ချက်ချင်းလှုပ်ရှားကာ ထိုချမ်းသာကြွယ်ဝသောကုန်သည်မိသားစုကို ဖျက်ဆီးခဲ့သည်။
မည်သည့်ပြစ်မှုမျှ ကျူးလွန်ခဲ့ခြင်းမရှိသည်မှာ သိသာထင်ရှားသော လူချမ်းသာသခင်လေးသည် စွန်းယု၏ထောင်သွင်းအကျဥ်းချခြင်းကို ခံလိုက်ရသည်။သူသည် ထောင်အတွင်း၌ နည်းလမ်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်ခြင်းခံရကာ နောက်ဆုံး၌သေဆုံးသွားလေ၏။
ဤကိစ္စများအားလုံးသည် နှစ်ရက်တာအချိန်တိုအတွင်း၌ ဖြစ်ပွားခဲ့ခြင်းပင်။
စွန်းယုသည် တခြားအမှုအခင်းများကိုမူ အနည်းငယ်မျှပင် အာရုံစိုက်ခြင်းမပြုခဲ့ချေ။
သူ အလိုရှိသည်မှာ ရွှေတံဆိပ်လူဆိုးထိန်းဟူသော အခွင့်အာဏာမှ ယူဆောင်လာသော စွမ်းအားပင်။
ဤကဲ့သို့အချိန်မျိုးတွင် ဆဋ္ဌမဂိတ်တံခါး၌ တခြားစီနီယာလူဆိုးထိန်းအမြောက်အများ ရှိနေခဲ့သည်။
သို့ရာတွင် စွန်းယုသည် ဝမ်ခန်း၏လူဖြစ်သည်ကို သူတို့အားလုံး သိရှိထားသဖြင့် မည်သည့်စကားတစ်ခွန်းမျှမဆိုဝံ့ချေ။
စွန်းယု၏ပျော်ရွှင်နေရသောနေ့ရက်များသည် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့လေ၏။
ယနေ့တွင် လုယွီသည် လျှပ်ပြက်သကဲ့သို့နည်းလမ်းများဖြင့် ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။ဝမ်မိသားစု၏သစ္စာရှိလူယုံများနှင့် ဝမ်မိသားစုကို သူတို့ကိုယ်တိုင်သွားရောက်၍တွယ်ကပ်နေသူများအားလုံး အကျဥ်းထောင်သို့ ပို့ဆောင်ခြင်းခံရသည်။
စွန့်ယုထံတွင်ရှိခဲ့သော အရာအားလုံး ချက်ချင်းလွင့်ပြယ်သွားလေပြီ။
ဖြစ်နိုင်သည်မှာ ယခင်က သူ၏လုပ်ရပ်များ လွန်သွားခြင်းကြောင့်ပင်။ချမ်းသာကြွယ်ဝသောကုန်သည်မိသားစုမှ လူများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံရသော်လည်း သူ၏ပြစ်မှုကို ရှီးလျန်ကြယ်နယ်မြေသခင်အသစ် ကျူးကော်မင်ထံ သတင်းပို့တိုင်ကြားသော လူတချို့ရှိနေဆဲပင်။
ကျူးကော်မင်သည် ထိုကိစ္စကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးပြီးနောက် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စွန်းယုကို တိုက်ရိုက်ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် စွန်းယုသည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသောဘဝမှနေ၍ လူအများရိုက်နှက်လိုသော လမ်းကြိုလမ်းကြားမှကြွက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကံကောင်းထောက်မစွာဖြင့် စွန်းယု၏အနံခံအာရုံသည် လွန်စွာကောင်းမွန်ပေ၏။ဝမ်ခန်းသည် အောင်းကွမ်း၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် သူသည် တစ်စုံတစ်ခုမှားယွင်းနေပြီကို သတိပြုမိသွားသဖြင့် ချက်ချင်းထွက်ပြေးခဲ့တော့သည်။
သူသည် မူလက ရှီးလျန်မြို့အတွင်းမှထွက်ခွာသွားရန် ကြံရွယ်ခဲ့သည်။
သို့ရာတွင် လုယွီသည် ဤကိစ္စများအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။လုယွီသည် မြို့အတွင်းသို့ဝင်ပြီးသည်နှင့် ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများအား မြို့မှထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားရန် ညွှန်ကြားထားပြီးဖြစ်သည်။
ရှီးလျန်မြို့အတွင်းရှိ ကူးပြောင်းရေးဝင်္ကပါအနည်းငယ်၏နံဘေးပတ်လည်၌ အစောင့်အကြပ်များကို နေရာချထားလေ၏။
မိုးကောင်းကင်ယံအတွင်း၌ စောင့်ကြည့်စစ်ဆေးရာတွင်ကောင်းမွန်သော ကျင့်ကြံသူများလည်းရှိနေသည်။သူတို့သည် မှော်လက်နက်များကို စီးနင်းကာ ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေကြသည်။
ရှီးလျန်မြို့၏နယ်မြေသည် အလွန်ကျယ်ပြန့်သော်လည်း ဂရုတစိုက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သရွေ့ မည်သူမျှ ခိုးထွက်နိုင်မည်မဟုတ်ချေ။
အတိတ်တွင် ဆဋ္ဌမဂိတ်တံခါး၏လူဆိုးထိန်းတစ်ယောက်ဖြစ်ခဲ့သောစွန်းယုသည် ဤအချက်ကို ကောင်းစွာသိရှိပေ၏။
"ရှင် ဝရမ်းထုတ်ခံထားရတာ ရှင့်ရဲ့အပြစ်တွေကြောင့်ပဲ...တခြားသူတွေကို အပြစ်တင်လို့မရဘူး...တကယ်လို့ ရှင် ခုချိန်မှာအဖမ်းခံလိုက်မယ်ဆိုရင်....ရှင့်ရဲ့ပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်တယ်"
နဥ်အမ်ထုံက ဤသည်ကို ကိစ္စကြီးတစ်ရပ်ဟု တွေးထင်ခြင်းမရှိချေ။
သူမနှင့်စွန်းယုအကြားတွင် ရန်ငြိုးရန်စတစ်ခုရှိနေလေရာ မည်သည်ကြောင့် သူမသည် သူ၏ရှေ့မှ ရပ်တည်ပေးရမည်နည်း...
နဥ်အမ်ထုံ၏ငြင်းဆန်မှုကိုကြားချိန်တွင် စွန်းယု၏နဖူးမှ သွေးကြောများ ပေါက်ကွဲထွက်တော့လုမတတ် ထောင်ထလာသည်။
"ခွေးမ...မင်းက ကြီးပြင်းလာတာနဲ့ပဲ ငါ့ကို အာခံဝံ့ပြီပေါ့"
စွန်းယုက ဒေါသတကြီး အော်ဟစ်လိုက်သည်။သူသည် သူ၏လက်ကိုဆန့်တန်းကာ နဥ်အမ်ထုံ၏လည်ပင်းကို ဖမ်းဆုပ်လိုက်၏။ထို့နောက် သူ၏ဆေဘာဓားဖြင့် နဥ်အမ်ထုံ၏ရင်ညွှန့်ကိုထောက်လေသည်။
ဤကိစ္စများသည် အလွန်လျှင်မြန်စွာ ဖြစ်ပွားသွားခဲ့သည်။
နဥ်အမ်ထုံသည် လက်ထပ်ပွဲမစတင်မီအချိန်၌ သူမ၏ခွန်အားကို များစွာထုတ်ဖော်အသုံးမပြုနိုင်စေရန်ရည်ရွယ်၍ ဝမ်ခန်းသည် သူမ၏မရီးဒါန်းများကို ချိပ်ပိတ်ထားခဲ့လေ၏။ဤအချိန်အခိုက်အတန့်တွင် စွန်းယု၏ရုတ်တရက်တိုက်ခိုက်မှုကို သူမ ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
"ရှင် ဘာလိုချင်တာလဲ"
နဥ်အမ်ထုံ၏နဖူးမှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းနေသည်။
သူမသည် စွန်းယုထံတွင် မည်ကဲ့သို့အရည်အချင်းများရှိသည်ကို သိရှိပြီးဖြစ်သည်။ဆဋ္ဌမဂိတ်တံခါးတွင် စွန်းယုသည် သူ၏လျှင်မြန်သော ဆေဘာနည်းစနစ်ကြောင့် ထင်ရှားကျော်ကြားသည်။
သူသည် နဥ်အမ်ထုံနှင့် ဤမျှထိနီးကပ်နေပြီဖြစ်သောကြောင့် သူ၏အတွေးတစ်ချက်ဖြင့်ပင် ထိုဆေဘာဓားကြောင့် သူမ ဒဏ်ရာရရှိသွားနိုင်သည်။
စွန်းယုက နဥ်အမ်ထုံ၏အနီးသို့တိုးကပ်ကာ ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။
"ငါ့ကို အပြင်ခေါ်ထုတ်သွားဖို့ မင်းကို တောင်းဆိုချင်တယ်...ဘာမှ မစိုးရိမ်နဲ့...ငါ ဒီနေ့လုံလုံခြုံခြုံ ထွက်သွားနိုင်တာနဲ့ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
နဥ်အမ်ထုံသည် စိတ်တည်ငြိမ်မှုရရှိစေရန် အကောင်းဆုံးကြိုးစားလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူမသည် လူဆိုးထိန်းကောင်းတစ်ယောက်ဟူသည်ကို ပြသနေပေ၏။သူမသည် ပြန်ပေးဆွဲခံထားရသော်လည်း ထိတ်ထိတ်ပျာပျာဖြစ်နေခြင်းမရှိချေ။
သူမက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"လက်ဝဲစစ်တပ်တပ်မှူးရဲ့အမိန့်နဲ့ ပတ်ဝန်းကျင်က မြို့တံခါးတွေအားလုံး ပိတ်ထားတယ်လို့ ကျွန်မ ကြားထားတယ်...ရှင် ထွက်ပြေးဖို့ ကျွန်မက ဘယ်လိုလုပ်ပြီး ကူညီနိုင်မှာလဲ"
Chapter 3527
စွန်းယုက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်း ငါ့ကို အဲ့ဒီကိစ္စပြောဖို့ လိုလို့လား...ငါက ဆဋ္ဌမဂိတ်တံခါးရဲ့ လျှို့ဝှက်လမ်းကြောင်းကနေ ထွက်သွားချင်တယ်...အဲ့ဒီနေရာဆီ ငါ့ကို ချက်ချင်းခေါ်သွားပေးစမ်း"
နဥ်အမ်ထုံ ထိတ်လန့်တုန်လှုပ်သွားသည်။
သူမသည် စွန်းယု၏ရည်ရွယ်ချက်ကို ချက်ချင်းသိနားလည်သွားသည်။
ယခုချိန်တွင် ရှီးလျန်မြို့အတွင်းရှိ ကူးပြောင်းရေးဝင်္ကပါများအားလုံးကို စစ်တပ်မှချိပ်ပိတ်ထားသဖြင့် သူတို့ ထွက်ခွာသွားရန်အတွက် တခြားနည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။
ဆဋ္ဌမဂိတ်တံခါးအတွင်းတွင် အမှန်တကယ်ကို လျှို့ဝှက်ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိနေသည်။
ဤသည်မှာ ရာဇဝတ်သားများကိုဖမ်းဆီးရန်အတွက် အထူးသီးသန့်ခင်းကျင်းထားခြင်းဖြစ်သည်။ထိုဝင်္ကပါကို တခြားအပြင်လူများသိရှိနိုင်ရန် လွန်စွာခက်ခဲသည်။
စွန်းယုသည် ရွှေတံဆိပ်လူဆိုးထိန်းဖြစ်ခဲ့သူဖြစ်သဖြင့် ဤကူးပြောင်းရေးဝင်္ကပါအကြောင်း ကောင်းစွာသိရှိသည်။
လက်ဝဲစစ်တပ်၏တပ်မှူးသည် ယခုလတ်တလောမှ ရောက်ရှိလာသူဖြစ်သဖြင့် ဤအခြေအနေကို နားလည်သဘောပေါက်မည်မဟုတ်သေးချေ။ထို့ကြောင့် ဤအချိန်သည် သူ ထွက်ပြေးလွတ်မြောက်ရန်အတွက် အခွင့်ကောင်းပင်။
"မရဘူး...တကယ်လို့ ငါက အခွင့်အာဏာမရှိဘဲနဲ့ ဒီကူးပြောင်းရေးဝင်္ကပါကို သုံးလိုက်မယ်ဆိုရင်....ဒါက ငါ ကြီးလေးတဲ့ရာဇဝတ်မှုကို ကျူးလွန်လိုက်သလိုမျိုးဖြစ်သွားလိမ့်မယ်"
နဥ်အမ်ထုံက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
ထိုကူးပြောင်းရေးဝင်္ကပါကို အသုံးပြုရန်အတွက် ဆဋ္ဌမဂိတ်တံခါးမှလူများပင်လျှင် ရွှေတံဆိပ်လူဆိုးထိန်းနှင့်အထက် အရာရှိတစ်ယောက် လက်မှတ်ထိုးထားသော တရားဝင်စာရွက်စာတမ်းလိုအပ်သည်။
ယခုချိန်တွင် နဥ်အမ်ထုံထံ၌ မည်သည့်စာရွက်စာတမ်းမျှရှိမနေချေ။
အကယ်၍ သူမသာ ထိုကိစ္စကို ပြုလုပ်လိုက်ပါက ကြီးလေးသောပြစ်မှုကိုကျူးလွန်ခြင်းဖြစ်ပေမည်။
"မင်းမှာ တခြားရွေးချယ်စရာရှိအုံးမယ်လို့ မင်း ထင်နေတာလား"
စွန်းယုက ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောဆိုသည်။
"ငါ ပြောတာကို နားထောင်စမ်း...မင်းရဲ့အဖေက နဥ်ကျိုးဆိုတာ ဆဋ္ဌမဂိတ်တံခါးက လူတိုင်းသိတယ်...အခု နဥ်ကျိုးကို ပြန်လွှတ်ပေးလိုက်ပြီ...သူ့ရဲ့အရင်ရာထူးကို ပြန်ရဖို့ဆိုတာ အချိန်ကာလတစ်ခုပဲလိုတယ်...တကယ်လို့ မင်းက အဲ့ဒီကူးပြောင်းရေးဝင်္ကပါကို အသုံးပြုမယ်ဆိုရင် ဘယ်သူကမှ ဘာမှပြောမှာမဟုတ်ဘူး"
"ရှေ့ကနေ မင်း မြန်မြန်ဦးဆောင်ပြီးတော့ ငါ့ကို ခေါ်သွားပေးစမ်း....ဘာလှည့်စားမှုမျိုးမှ လုပ်ဖို့မစဥ်းစားနဲ့...ငါနဲ့ခြေခုနှစ်လှမ်းအကွာတွင်းမှာပဲနေ....မဟုတ်ရင် မင်း ခွေးတစ်ကောင်လို သေရမယ်"
ထိုစကားလုံးများသည် လုံးလုံးလျားလျား ခြိမ်းခြောက်မှုတစ်ခုပင်။
သို့ရာတွင် စွန်းယုသည် သေချာပေါက် ဤသို့ပြုလုပ်မည်ကို နဥ်အမ်ထုံက ကောင်းစွာသိရှိထားသည်။
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရိပ်အယောင်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။
ဤသည်မှာ အစစ်အမှန်ရာဇဝတ်ကောင်များသာ ပိုင်ဆိုင်နိုင်သည့် အရှိန်အဝါမျိုးပင်။
နဥ်အမ်ထုံသည်လည်း မည်သည့်အရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိသော လူသစ်လေးတစ်ယောက်မဟုတ်ချေ။သူမက ချက်ချင်းပြောဆိုလိုက်သည်။
"ကောင်းပြီလေ..ကျွန်မ ရှင့်ကို ဆဋ္ဌမဂိတ်တံခါးရုံးတော်ဆီ ချက်ချင်းခေါ်သွားပေးမယ်"
ယခုချိန်တွင် သူမသည် စွမ်းယုကိုတည်ငြိမ်အောင် အရင်ဆုံးလုပ်ဆောင်ရပေမည်။
သူတို့နှစ်ယောက်သည် လမ်းကြားအတွင်းမှ ထွက်လာခဲ့လေ၏။
စွန်းယုသည် ကွဲပြားခြားနားသောဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။သူသည် လေးလံသောသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားလေ၏။
စွန်းယုသည် ဆဋ္ဌမဂိတ်တံခါးမှထွက်လာစဥ်တွင် သူသည် ဤကဲ့သို့ဝတ်စုံတစ်စုံကို ခိုးယူလာခဲ့ကာ သူ၏သိုလှောင်အိတ်အတွင်း၌ ထည့်ထားခဲ့သည်။
သူတို့နှစ်ယောက်၏အရှိန်နှုန်းမှာ အလွန်လျှင်မြန်သည်။အချိန်တိုအတွင်းတွင် သူတို့သည် ဆဋ္ဌမဂိတ်တံခါးရုံးတော်သို့ ရောက်ရှိခဲ့လေ၏။
ဆဋ္ဌမဂိတ်တံခါး၏ပင်မတံခါးအတွင်းသို့ တဖန်ပြန်၍ဝင်ရောက်မိချိန်တွင် နဥ်အမ်ထုံသည် သူမ၏စိတ်နှလုံးသားအတွင်းမှ သက်ပြင်းမရှိုက်ဘဲမနေနိုင်တော့ချေ။
သူမသည် ဤတံခါးကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်လျှောက်ခဲ့ဘူးသည်။
သို့ရာတွင် သူမ ဤနေရာသို့ ယခုကဲ့သို့ပုံစံမျိုးဖြင့် ပြန်လာရမည်ဟု သူမ မျှော်လင့်မထားမိချေ။
ညဥ့်နက်ပိုင်းအချိန်တွင်....
ဆဋ္ဌမဂိတ်တံခါး၌ မီးရောင်များတောက်ပနေဆဲဖြစ်ကာ အတွင်း၌လူအမြောက်အများရှိနေသည်။
ညဥ့်နက်နေပြီဖြစ်သည့်တိုင် ဆဋ္ဌမဂိတ်တံခါးအတွင်း၌ ပျားပန်းခတ်သမျှလှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေပေ၏။
ဝမ်မိသားစုကို ဖျက်ဆီးပြီးသည့်တိုင် သူတို့နှင့်ဆက်စပ်နေသော ရာဇဝတ်မှုများကို တစ်ခုပြီးတစ်ခု ဖြေရှင်းနေရသည်။
အထူးသဖြင့် ဤအမှုအခင်းများတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးအရေးယူရန် လုပ်ဆောင်နေရသည်။
ဤသည်မှာ ကျူးကော်မင် ပေးအပ်ထားသော တစ်ချက်လွှတ်အမိန့်ပင်။
ဤအချိန်အခိုက်အတန့်တွင် ဆဋ္ဌမဂိတ်တံခါးအတွင်း၌ ငိုကြွေးမြည်တမ်းသံများဖြင့်လည်း ပြည့်နှက်နေပေ၏။
"လူဆိုးထိန်းနဥ်...ပြန်လာတာလား"
လူဆိုးထိန်းတချို့သည် နဥ်အမ်ထုံကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီးနောက် အလျင်စလိုထွက်ခွာသွားတော့သည်။
နဥ်အမ်ထုံးသည် ဝမ်ခန်းနှင့်လက်ထပ်ရန်အတွက် ဖိအားပေးခံခဲ့ရသည်ကို လူအမြောက်အများ မသိရှိကြချေ။နဥ်အမ်ထုံသည် သူမ၏လုပ်ရိုးလုပ်စဥ်အလုပ်ကို လာရောက်လုပ်ကိုင်သည်ဟုသာ သူတို့က ယူဆထားကြပြီး စကားများစွာပြောဆိုခြင်းမပြုပေ။
နဥ်အမ်ထုံ၏နောက်တွင်ရှိနေသော စွန်းယုသည် စည်းမျဥ်းဥပဒေခန်းမ၏ အလုပ်သင်လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်သောကြောင့် သူ့ကို မည်သူကမျှ သံသယမဝင်ကြချေ။
သူတို့နှစ်ယောက်သည် အတွင်းသို့ဝင်ရောက်လာရင်း ဆဋ္ဌမဂိတ်တံခါး၏စည်းဝေးခန်းမထံသို့ ရောက်ရှိလာသည်။
ဤနေရာသည် အဆင့်မြင့်လူဆိုးထိန်းများ အစည်းအဝေးပြုလုပ်ရာ၌ အသုံးပြုသောခန်းမပင်။
ကူးပြောင်းရေးဝင်္ကပါသည် ဤစည်းဝေးခန်းမ၏အောက်တွင် ရှိနေပေ၏။
ဤနေရာကို စောင့်ကြပ်နေသော အရာရှိနှစ်ယောက်ရှိသည်။သူတို့သည် နဥ်အမ်ထုံတို့ကိုမြင်တွေ့ချိန်တွင် သူတို့၏လက်များကိုမြှောက်ကာ ဟန့်တားလိုက်ကြသည်။
Chapter 3528
"လူဆိုးထိန်းနဥ်...ဘာလို့ ဒီနေရာကိုရောက်လာတာလဲ"
အစောင့်နှစ်ယောက်သည် နဥ်အမ်ထုံကိုကြည့်ကာ အနည်းငယ်အံ့အားသင့်သွားကြသည်။
သာမာန်အားဖြင့် အကယ်၍ နဥ်အမ်ထုံသည် အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းလျှင်ပင် သူမသည် ဤနေရာသို့လာလေ့မရှိချေ။အကြောင်းအရင်းမှာ နဥ်အမ်ထုံသည် ကြေးတံဆိပ်လူဆိုးထိန်းသာဖြစ်သဖြင့် သူမ တာဝန်ယူရသောအမှုအခင်းများသည် ဤလျှို့ဝှက်ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုရန်မလိုချေ။
နဥ်အမ်ထုံက အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြောဆိုသည်။
"ငါက အမှုတစ်ခုကို အရေးတကြီးစုံစမ်းစရာရှိလို့ ဒီနေရာကိုလာခဲ့တာပဲ...ကျေးဇူးပြုပြီးတော့ ငါ့ကို ချွင်းချက်ထားပေးပါ"
အစောင့်နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
နဥ်အမ်ထုံ၏လက်အတွင်း၌ မည်သည့်ရုံးစာရွက်စာတမ်းမျှ မပါဝင်သော်လည်း သူမသည် နဥ်ကျိုး၏သမီးဖြစ်နေသည်။အကယ်၍ သူမသည် ခွင့်ပြုချက်ကိုရယူလိုပါက ရှုပ်ထွေးသောလုပ်ငန်းစဥ်များကို ဖြတ်ကျော်ရန်မလိုအပ်ချေ။
"သူကရော.."
အစောင့်နှစ်ယာက်အနက်မှတစ်ယောက်က နဥ်အမ်ထုံ၏နောက်ရှိ စွန်းယုကို တွေ့မြင်သွားသည်။
စွန်းယုသည် လေးလံသောသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ကာ သူ၏မျက်နှာကို အပြည့်အဝဖုံးအုပ်ထားသည်။
အပြင်ပန်းကြည့်ပါက သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်မဟုတ်ချေ။
နဥ်အမ်ထုံသည် ရုတ်တရက် သူမ၏နောက်မှတိုးဝင်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိသည်။
သူမက အလျှင်အမြန်တုံ့ပြန်ပြောဆိုလိုက်၏။
"သူက အမှုစုံစမ်းတဲ့နေရာမှာ ငါ့နဲ့အတူပူးပေါင်းပြီးတော့ ကူညီပေးမယ့်လူပဲ...သူက ငါနဲ့အတူလိုက်ပြီး ကူးပြောင်းရေးဝင်္ကပါထဲကို ဝင်လိမ့်မယ်"
ထိုအစောင့်သည် စွန်းယုကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ထူးဆန်းလိုက်တာ...စည်းမျဥ်းဥပဒေခန်းမက လူတွေအားလုံး ခုမနက်အစောကြီးကတည်းက အပြင်ကိုထွက်သွားကြတာပါ...မင်းက ဘာလို့ရုံးတော်မှာ ကျန်နေခဲ့တာလဲ...မင်းရဲ့မျက်နှာဖုံးသံချပ်ကာကို ချွတ်လိုက်စမ်း...ငါတို့ စစ်ဆေးဖို့လိုအပ်တယ်"
သူတို့သည် နဥ်အမ်ထုံ၏အဆင့်အတန်းကို သိရှိပြီးဖြစ်သဖြင့် သူမ၏ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးရန်မလိုချေ။
သို့ရာတွင် သူတို့သည် တခြားလူပိုတစ်ယောက်အပေါ်တွင်မူ သံသယစိတ်ရှိနေကြသည်။
ဤကိစ္စပေါ်သွားတော့မည်ကိုကြည့်ပြီး စွန်းယု၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။
နဥ်အမ်ထုံသည် ဆိုးရွားသောခံစားချက်မျိုး ရရှိလာသဖြင့် အလျှင်အမြန် ပြောဆိုလိုက်သည်။
"သူက ငါ့ကို ကူညီဖို့နေခဲ့တာ...ဒါကြောင့် သူက စည်းမျဥ်းဥပဒေခန်းမက တခြားသူတွေနောက်ကို လိုက်မသွားတာပဲ"
အစောင့်နှစ်ယောက်သည် စွန်းယုကိုတစ်ချက်ကြည့်ကာ စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိလေ၏။
မည်သို့ပင်ဆိုစေကာမူ နဥ်အမ်ထုံသည် နဥ်ကျိုး၏တစ်ဦးတည်းသောသမီးပင်။သူ၏သမီးကို ကာကွယ်ပေးရန်အတွက် စည်းမျဥ်းဥပဒေခန်းမမှ အရာရှိတစ်ယောက်ကို အတူထည့်ပေးလိုက်သည်မှာ ကျိုးကြောင်းဆီလျော်သည်။
"ကျေးဇူးပြုပြီးတော့...."
အစောင့်များသည် သူ့အား ထပ်မံ၍ဟန့်တားခြင်း မပြုတော့ဘဲ လမ်းဖွင့်ပေးလိုက်သည်။
နဥ်အမ်ထုံသည် စွန်းယုကို မြေအောက်သို့ ချောမွေ့စွာ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
ဤနေရာတွင် ရှည်လျားပြီး မှောင်မည်းသောစင်္ကြန်လမ်းတစ်လမ်းသာရှိသည်။ထိုစင်္ကြန်လမ်း၏အဆုံးတွင် ရှိနေသော ကူးပြောင်းရေးဝင်္ကပါထံတွင် အလင်းရောင်များ တောက်ပနေပေ၏။
ဤသည်မှာ ဆဋ္ဌမဂိတ်တံခါး၏ လျှို့ဝှက်ကူးပြောင်းရေးဝင်္ကပါပင်။
"မင်းက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့သားပဲ....ဘာမှ မစိုးရိမ်နဲ့....ငါက ထွက်ပြေးဖို့ ကြိုးစားချင်ရုံသက်သက်ပဲ...မင်းကို မသတ်ဘူး"
စွန်းယုက သရော်တော်တော် ပြောဆိုသည်။
နဥ်အမ်ထုံက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အခု ကျွန်မတို့ ဒီနေရာထိရောက်လာပြီးမှတော့....ရှင် ထွက်သွားလို့ရပြီလေ....ဟုတ်တယ်မလား"
"ဟား ဟား ဟား....ဒါက ဘယ်လိုပြက်လုံးမျိုးလဲ....မင်းက နဥ်ကျိုးရဲ့အဖိုးတန်သမီးရတနာလေးလေ....ငါ မင်းကို ထိန်းချုပ်ထားနိုင်သရွေ့ နဥ်ကျိုးက ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး... ငါက ဘယ်လိုနည်းနဲ့ မင်းကို အလွတ်ပေးနိုင်မှာလဲ"
စွန်းယုက အေးစက်စက် ရယ်မောလိုက်သည်။ထို့နောက် သူ၏လက်အတွင်းရှိဓားမှ ဓားရိုးဖြင့် နဥ်အမ်ထုံ၏ခေါင်းကို ချိန်ရွယ်ကာ ပြင်းပြင်းထန်ထန် ထုနှက်လေသည်။
သို့ရာတွင် ဤတစ်ကြိမ်တွင် နဥ်အမ်ထုံသည် အလျှင်အမြန် တုံ့ပြန်လိုက်၏။
စွန်းယု လှုပ်ရှားမှုပြုလုပ်သည်နှင့် နဥ်အမ်ထုံသည် စင်္ကြန်လမ်းနံဘေးတွင်ရှိသော ကြေးနီမီးတုတ်ကိုဆွဲယူကာ စွန်းယုထံသို့ပစ်လိုက်သည်။
ဘန်း...
ထိုကြေးနီမီးတုတ်ကြောင့် စွန်းယု၏လက်အတွင်းမှနေ၍ ဓားလွတ်ထွက်သွားသည်။
နဥ်အမ်ထုံသည် လမ်းတလျှောက်လုံး သူနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် စွန်းယုသည် သူ၏သတိထားနေမှုကို လျှော့ချထားခဲ့သည်။
နောက်ဆုံး၌ သူမအတွက် အခွင့်အရေးတစ်ခု ရရှိခဲ့လေပြီ။နဥ်အမ်ထုံသည် စွန်းယုနှင့် ခပ်ဝေးဝေးဆုတ်ခွာကာ စင်္ကြန်လမ်းတလျှောက် ထွက်ပြေးခဲ့လေ၏။
ပြေးလွှားနေရင်း နဥ်အမ်ထုံသည် အခွင့်ကောင်းယူကာ နံရံတွင်ကပ်ထားသော အဆောင်လက်ဖွဲ့ကို ဖယ်ရှားခဲ့သည်။
ဤကူးပြောင်းရေးဝင်္ကပါ၏ဖွဲ့စည်းတည်ဆောက်ပုံသည် အလွန်အမင်း ရှုပ်ထွေးပေ၏။အကယ်၍ ဤကူးပြောင်းရေးအဆောင်လက်ဖွဲ့မရှိပါက ဝင်္ကပါတစ်ခုလုံး အလွန်အမင်းအားနည်းသွားပေမည်။
"အမ်...လူဆိုးထိန်းနဥ်...ဘာလို့ ပြန်ထွက်လာတာလဲ..."
အစောင့်နှစ်ယောက်သည် နဥ်အမ်ထုံ ပြန်ထွက်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
နဥ်အမ်ထုံသည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။သူမ စကားမပြောဆိုရသေးမီမှာပင် ဓားချီတစ်လှိုင်းက သူမ၏နောက်မှ တိုးဝင်လာသည်ကို သူမ ခံစားမိသည်။
Chapter 3529
ဘုန်း....
နဥ်အမ်ထုံ၏နောက်ရှိ မြေအောက်ဝင်ပေါက်သည် ချက်ချင်းဆိုသလိုပင် ထိုဓားချီကြောင့် နှစ်ခြမ်းကွဲထွက်သွားသည်။
"မြန်မြန်လေး...သူ့ကို ဟန့်တားထားကြစမ်း...ခုဏဝင်သွားတဲ့လူက စွန်းယုပဲ"
နဥ်အမ်ထုံက အလျင်စလို အော်ဟစ်လိုက်သည်။
ထိုအဆောင်လက်ဖွဲ့မရှိပါက စွန်းယု ထွက်ပြေးနိုင်မည်မဟုတ်ချေ။
သူသည် ဤမြေအောက်၌ ချောင်ပိတ်မိနေသောခွေးတစ်ကောင်အလား ပိတ်မိနေပေမည်။
စွန်းယု....
ဤသည်မှာ ယနေ့တွင် ဆဋ္ဌမဂိတ်တံခါးကို ဖမ်းဆီးရန်အတွက် အလိုရှိရာဇဝတ်သားများအနက်မှတစ်ယောက်ဖြစ်သည်။
စွန်းယုသည် ရုပ်ပျက်ဆင်းပျက်အခြေအနေဖြင့် ထွက်ပြေးမသွားမီ ရွှေတံဆိပ်လူဆိုးထိန်းအဖြစ် ဆဋ္ဌမဂိတ်တံခါး၌ သုံးရက်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။သူသည် ဆဋ္ဌမဂိတ်တံခါး၏ရယ်စရာပြက်လုံးကြီး ဖြစ်သွားပေ၏။အစောင့်နှစ်ယောက်သည်လည်း ဤကိစ္စကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။
"ဘယ်လိုလုပ်ပြီးတော့..."
အစောင့်နှစ်ယောက် အသိဝင်မလာသေးမီမှာပင် အစွမ်းထက်သောဓားချီသည် မြေအောက်ဝင်ပေါက်ကို ကြေမွှပျက်စီးသွားစေကာ စွန်းယုသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပြည့်နှက်နေသောမျက်နှာနှင့် ပြင်ပသို့ထွက်လာသည်။
သူသည် သူ၏လက်အတွင်းရှိ ဆေဘာဓားကိုကိုင်မြှောက်ကာ အေးစက်စက်မျက်နှာအမူအယာနှင့် ပြောဆိုသည်။
"ခွေးမလေး...မင်းက ငါ့ကို လှည့်စားဝံ့တာလား...ငါ မင်းကို သတ်မယ်"
ထိုသို့ပြောဆိုပြီးနောက် စွန်းယုသည် မည်သည့်အပိုစကားမျှထပ်မပြောတော့ဘဲ နဥ်အမ်ထုံကို ခုတ်ပိုင်းလိုက်၏။
တခြားအစောင့်နှစ်ယောက်သည် စွန်းယုအား ဟန့်တားရန် ကြိုးစားလိုက်ကြသော်လည်း သူ၏တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသည်။သူတို့သည် သူ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိချေ။
စွန်းယုသည် ရွှေတံဆိပ်လူဆိုးထိန်းရာထူးအတွက် ယှဥ်ပြိုင်ရာတွင် အစွမ်းထက်ခဲ့ဆုံးလူတစ်ယောက်ပင်။သူ၏ခွန်အားသည် အနည်းငယ်မျှပင် အားနည်းခြင်းမရှိချေ။
ဆဋ္ဌမဂိတ်တံခါးတွင် စွန်းယုအား ယှဥ်ပြိုင်နိုင်သူဟူ၍ လူနည်းစုသာရှိသည်။
"စွန်းယု...ရှင်က ရုံးတော်အတွင်းမှာတောင် မဆင်မခြင်ပြုမူဝံ့တယ်...အခုချက်ချင်း အရှုံးပေးစမ်း"
နဥ်အမ်ထုံသည် ကျယ်လောင်စွာအော်ဟစ်ကာ တစ်ချိန်တည်းမှာပင် လျှင်မြန်စွာပြေးထွက်လိုက်သည်။
သို့ရာတွင် ဤနေရာသည် အဆင့်မြင့်အရာရှိများသာ ဝင်ရောက်နိုင်သောနေရာဖြစ်ပေ၏။
သာမာန်အားဖြင့် ဤနေရာကို လူနည်းစုသာ ဖြတ်သန်းသွားလာလေ့ရှိသဖြင့် အလွန်အမင်း လူသူပြတ်လပ်သည်။
ထို့ကြောင့် ဤနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်တိုင် မည်သူမျှ ရောက်ရှိလာခြင်းမရှိချေ။
"ဒါဆိုရင်လည်း ငါ မင်းကို အရင်ဆုံးသတ်မယ်"
စွန်းယု၏စိတ်ခံစားချက်များကို ဒေါသများကသာ လုံးလုံးလျားလျား လွှမ်းမိုးထားသည်။
သူ၏ဆင်ခြင်တွေးတောနိုင်သောစိတ် ပျောက်ဆုံးနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူကဲ့သို့ အတွေ့အကြုံရင့်ကျက်သော ဆဋ္ဌမဂိတ်တံခါးမှလူအိုကြီးတစ်ယောက်သည် နဥ်အမ်ထုံကဲ့သို့ မိန်းကလေးငယ်တစ်ယောက်၏ လှည့်စားခြင်းကိုခံရမည်ဟု သူ မျှော်လင့်မထားမိချေ။
ရုတ်ချည်းဆိုသလိုပင် စွန်းယုသည် သူ၏ဓားချီကို ထုတ်ဖော်အသုံးပြုကာ နဥ်အမ်ထုံကိုပစ်မှတ်ထား၍ အားကုန်ခုတ်ပိုင်းလိုက်သည်။
အစွမ်းထက်သောဓားချီသည် လေဟာနယ်ကို စုတ်ပြဲသွားစေလုနီးပါးပင်။
နဥ်အမ်ထုံသည် ထက်ရှသောဓားချီကို ခံစားမိသဖြင့် တုန်လှုပ်ချောက်ချားသွားသည်။သူမသည် လက်စည်းတံဆိပ်များကို အလျှင်အမြန်ဖွဲ့စည်းကာ သူမ၏ရှေ့၌ ကာကွယ်ဟန့်တားလိုက်၏။
သို့ရာတွင် သူမ ထုတ်ဖော်အသုံးပြုလိုက်သော မှော်နည်းမန္တန်သည် စွန်းယု၏ဓားချီကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အသုံးမဝင်ချေ။
ဘန်း....
ထိုဓားချီ ပြင်းပြင်းထန်ထန် ကျဆင်းလာသည်နှင့်အတူ နဥ်အမ်ထုံ ဖွဲ့စည်းထားသော အတားအဆီးများအားလုံး ကြေမွှပျက်စီးသွားတော့သည်။
နဥ်အမ်ထုံသည် သူမထံသို့ ကျရောက်လုဆဲဆဲဖြစ်နေသော ထက်ရှသည့်ဓားချီကို ခံစားမိချိန်တွင် အလွန်စိတ်ဓာတ်ကျသွားသည်။
ရုတ်တရက် အေးစက်စက်အသံတစ်သံက နဥ်အမ်ထုံ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"နဥ်ကျိုး....ရုံးတော်ထဲကို တခြားသူတွေ ခိုးဝင်လို့ရအောင် မင်း ဘယ်လိုများစီမံခန့်ခွဲနေတာလဲ"
အနက်ရောင်အရိပ်တစ်ရိပ်တစ်ရိပ် ဖျတ်ခနဲပျံသန်းလာခြင်းနှင့်အတူ သူမ၏ရှေ့သို့ လူတစ်ယောက် ရောက်ရှိလာသည်ကို သူမ သိရှိသွားလေ၏။
ထိုလူသည် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ သာမာန်လူငယ်တစ်ယောက်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
နဥ်အမ်ထုံသည် ထိုလူငယ်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရချိန်တွင် ထိတ်လန့်တုန်လှုပ်သွားကာ သူမ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဤသည်မှာ လုယွီမဟုတ်လော....
သူ ရှီးလျန်မြို့အတွင်းမှ ထွက်ပြေးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီ မဟုတ်လော....
မည်သည်ကြောင့် သူ ဤနေရာသို့ ရောက်ရှိနေသနည်း....
"မကောင်းတော့ဘူး....နင် ဒီနေရာက မြန်မြန်ထွက်သွားတော့....ဒါက အရမ်းအန္တရာယ်များတယ်"
နဥ်အမ်ထုံက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
စွန်းယုသည် သူမကို သတ်ဖြတ်ရန်အတွက် သူ၏ဆေဘာဓားကို ကိုင်မြှောက်ထားဆဲပင်။
ဤကဲ့သို့အချိန်အခိုက်အတန့်မျိုးတွင် လုယွီ ရှေ့ထွက်လာသည်မှာ အလွန်အန္တရာယ်များပေ၏။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် နဥ်အမ်ထုံ ကြက်သေသေသွားသည်။
ယခင်က အောက်သို့ပြင်းပြင်းထန်ထန်ကျဆင်းလာသော ဓားချီသည် လုယွီ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းပင်မရှိချေ။
ဤသည်မှာ လေထုအတွင်း၌ မမြင်နိုင်သော အတားအဆီးအလွှာတစ်လွှာရှိနေသည့်အလား ထိုပြင်းထန်သောဓားချီကို လုံးလုံးလျားလျား အရည်ပျော်သွားစေသည်။
မည်သို့ဖြစ်ပျက်သွားသနည်း....
သူမ အသိပြန်မဝင်သေးမီမှာပင် လုယွီက စွန်းယုဘက်သို့လှည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ရုံးတော်ထဲကလူတွေကို ထိခိုက်အောင်လုပ်တာ မင်း ဖြစ်နေတာလား"
Chapter 3530
စွန်းယုသည် သူ၏ဓားချီ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်တွေ့ချိန်၌ ကြက်သေသေသွားသည်။
သို့ရာတွင် လုယွီကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးအတွင်း၌ စူးရှတောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။
ရန်သူနှင့်ဆုံတွေ့ရသဖြင့် သူ၏မျက်လုံးတစ်စုံသည် လုံးလုံးလျားလျား နီမြန်းနေပေ၏။
မြို့ပြင်တွင် သူ၏တာဝန် ပြီးမြောက်အောင်မြင်တော့မည့်အချိန်၌ လုယွီသည် သူ၏စုံစမ်းစစ်ဆေးမှုရလဒ်များ မှားယွင်းသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။စွန်းယုသည် ထိုအချိန်ကတည်းက လုယွီကို ရန်ငြိုးထားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"ငါ မင်းကိုလည်းသတ်မယ်"
ယခုချိန်၌ သူ ထွက်ပြေးနိုင်ရန် လမ်းကြောင်းမရှိတော့ကြောင်း စွန်းယုက သိရှိပြီးဖြစ်သည်။
ဤနေရာတွင် တခြားမည်သူမျှမရှိသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများကို တခြားသူများ အနှေးနှင့်အမြန် သိရှိသွားပေမည်။
စစ်ကူများရောက်မလာမီ ဤနေရာရှိလူအနည်းငယ်ကို သူ သတ်ဖြတ်လိုက်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။
စွန်းယုသည် အခိုင်အမာစိတ်ပိုင်းဖြတ်ထားကာ သူ၏ဆေဘာဓားကိုဆွဲထုတ်၍ အားကုန်ခုတ်ပိုင်းလိုက်၏။
ဘုန်း...
တောက်ပသောဓားချီသည် ချက်ချင်းဆိုသလိုပင် လေဟာနယ်ကိုဖြတ်သန်းကာ လုယွီထံသို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
စွန်းယု တိုက်ခိုက်လိုက်သည့်အချိန်မှာပင် လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ညှိုးဖြင့် စွန်းယုကို ချိန်ရွယ်လိုက်သည်။
ဓားချီတစ်လှိုင်းက ချက်ချင်းဆိုသလိုပင် လုယွီ၏လက်ချောင်းထိပ်မှ ပျံသန်းသွားသည်။
အဖြူရောင်ဓားချီလှိုင်းသည် ချက်ချင်းဆိုသလိုပင် စွန်းယု၏တိုက်ခိုက်မှုကို လုံးလုံးလျားလျားဖျက်ဆီးသွားပေ၏။
"ခရက်"ဟူသောအသံနှင့်အတူ စွန်းယု၏လက်အတွင်းမှဓားရှည် ချက်ချင်းကြေမွှပျက်စီးသွားကာ ဓားရှည်၏အစအနများအားလုံး နေရာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
ထိုအဖြူရောင်ဓားချီသည် ရပ်တန့်သွားခြင်းမရှိချေ။ထိုအစား ထိုဓားချီသည် စွန်းယု၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပေ၏။
စွန်းယုထံမှနေ၍ စူးရှသောအော်သံကြီး ထွက်ပေါ်လာသည်။သူသည် ဓားချီနှင့်အတူ တရွတ်တိုက်ပါသွားကာ တိုင်လုံးကြီးတစ်လုံးထံ လွင့်စင်သွားသည်။သူသည် ထိုတိုင်လုံးကြီးထံ၌ သံမှိုနှင့် ရိုက်ခံထားရသည့်အလား စိုက်ဝင်နေသည်။
ဤဓားချီသည် အစမှအဆုံးတိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
စွန်းယုသည် အားကုန်ရုန်းကန်နေသော်လည်း သူသည် လွတ်မြောက်အောင်ရုန်းကန်နိုင်ခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် နဥ်အမ်ထုံသည် ကြက်သေသေနေလေ၏။
လုယွီ အစွမ်းထက်သည်ကို သူမ သိရှိထားသော်လည်း စွန်းယုကဲ့သို့ ယခင်မျိုးဆက်မှ ကျင့်ကြံသူတစ်ယောက်ကို ဓားချက်တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု သူမ မျှော်လင့်မထားမိချေ။
"ဘာတွေဖြစ်နေတာလဲ...သူက ဆဋ္ဌမဂိတ်တံခါးရဲ့လူဆိုးထိန်းတစ်ယောက် မဟုတ်ဘူးလား...သူ ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"
လုယွီက အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။
လူလတ်ပိုင်းကြီးတစ်ယောက်သည် အဝေးမှနေ၍ အလျှင်အမြန်လျှောက်လှမ်းလာကာ သူက အလေးအနက်ထားသောလေသံနှင့် ပြောဆိုသည်။
"ဒီစွန်းယုဆိုတဲ့ကောင်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ရွှေတံဆိပ်လူဆိုးထိန်းအဖြစ် ဝမ်ခန်းက ရာထူးတိုးပေးလိုက်တယ်...အဲ့ဒီရာထူးကိုရတာတဲ့ သူက ယုတ်မာတဲ့ပြစ်မှုတွေကို စပြီးကျုးလွန်တော့တာပဲ....သူက မြို့ထဲက ကုန်သည်မိသားစုတစ်စုရဲ့သားကို ပစ်မှတ်ထားပြီးတော့ အမှုဆင်ဖမ်းဆီးခဲ့တယ်...အဲ့ဒီမိသားစုတစ်စုလုံးကို အတင်းအကြပ်ဝန်ခံခိုင်းပြီးတော့ ထောင်ထဲမှာပဲ ဆိုးဆိုးရွားရွား သေသွားစေခဲ့တယ်...ဒီကိစ္စကို ငါတို့ စုံစမ်းစစ်ဆေးနိုင်ခဲ့တဲ့အတွက် သူ့ကို မြို့ထဲမှာ လိုက်ရှာနေခဲ့တာပဲ"
"အဖေလား"
နဥ်အမ်ထုံက သူမရှေ့ရှိလူလတ်ပိုင်းကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဤလူလတ်ပိုင်းကြီးသည် နဥ်ကျိုးပင်။
သို့ရာတွင် နဥ်ကျိုး၏ဝတ်စုံ ပြောင်းလဲနေသည်ကိုလည်း နဥ်အမ်ထုံသည် သတိပြုမိလေ၏။
အတိတ်တွင် နဥ်ကျိုးသည် ပြင်ပသို့ထွက်သည့်အချိန်တိုင်း ပန်းထိုးပိုးထည်ဝတ်စုံနှင့် လေးလံသောသံချပ်ကာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသည်။
သို့ရာတွင် ယခုချိန်၌ နဥ်ကျိုးသည် ခရမ်းရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏တုတ်ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ဤဝတ်စုံကိုကြည့်ရသည်မှာ အလွန်သူရဲကောင်းဆန်ပြီး ယောက်ျားပီသပေ၏။
ဤဝတ်စုံသည် လူဆိုးထိန်းခေါင်းဆောင်များသာ ဝတ်ဆင်နိုင်သောအရာပင်။
"အရှင်တပ်မှူး...ဒီလက်အောက်ငယ်သားကို ဒီကိစ္စ ကိုင်တွယ်ခွင့်ပြုပါ"
နဥ်ကျိုးသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ လုယွီကို ပြောဆိုသည်။
တပ်မှူးဟု ဆိုလိုက်သလော....
နဥ်အမ်ထုံသည် မယုံကြည်နိုင်စွာဖြင့် လုယွီကိုကြည့်လိုက်သည်။
"ထုံအာ...မင်း ဘာတွေတွေဝေနေတာလဲ...အရှင်တပ်မှူးကို ကျေးဇူးတင်စကား မြန်မြန်ပြောလိုက်လေ"
နဥ်ကျိုးက တင်းမာခက်ထန်စွာ အော်ဟစ်လိုက်သည်။
အစောပိုင်းက သူသည် တခြားစည်းဝေးခန်းမတစ်ခုအတွင်း၌ ရှိနေခဲ့သည်။
နဥ်အမ်ထုံအား စွန်းယုမှ လိုက်လံတိုက်ခိုက်နေသည်ကို မြင်တွေ့ချိန်တွင် ကယ်တင်ရန်အတွက် သူ အမြန်ဆုံးပြေးထွက်ခဲ့လေ၏။
သို့ရာတွင် လုယွီ ရောက်ရှိလာသည်ကိုမြင်တွေ့ချိန်၌ သူ စိတ်သက်သာရာရသွားသည်။
လုယွီ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သရွေ့ နဥ်အမ်ထုံ ဘေးကင်းလုံခြုံမည်မှာ သေချာပေါက်ပင်။
နဥ်အမ်ထုံသည် ကြောင်စီစီအမူအယာဖြင့် လုယွီကို ကြည့်လိုက်သည်။
"နင်က လက်ဝဲစစ်တပ်ရဲ့တပ်မှူးအသစ်လား..."
ကောလဟာလများအရ အသစ်ခန့်အပ်ခြင်းခံရသော လက်ဝဲစစ်တပ်၏တပ်မှူးသည် ငယ်ရွယ်ကာ ယခုနှစ်တော်ဝင်စာမေးပွဲ၏ထိပ်သီးကျောင်းတော်သားနေရာကို ရရှိခဲ့သူဖြစ်သည်။
တစ်ချိန်က နဥ်အမ်ထုံသည် ထိုတပ်မှူး၏ပုံပန်းသွင်ပြင်နှင့်ပတ်သက်၍ စိတ်ကူးယဥ်တွေးတောခဲ့ဖူးလေ၏။
တောရိုင်းအတွင်း၌ သူမနှင့်အမှတ်မထင် ဆုံတွေ့ခဲ့သော လေလွင့်ကျင့်ကြံသူတစ်ယောက်သည် လက်ဝဲစစ်တပ်၏တပ်မှူးဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။