အခန်း (၃၅၃၁-၃၅၃၅)
Vol. 180 Ch. 3531-3535
Chapter 3531
နဥ်အမ်ထုံ၏စိတ်များ လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေလေပြီ။
လုယွီကို ဆဋ္ဌမဂိတ်တံခါးသို့ ဝင်ရောက်နိုင်ရန်အတွက် သူမ ကူညီပေးခဲ့သည်ကို ရုတ်တရက် ပြန်လည်အမှတ်ရသွားသည်။
အိုး....ဘုရားရေ...
သူမသည် လုယွီ၏ရှေ့၌ ပေါက်ကရစကားများ မည်မျှထိပြောခဲ့သည်ကို သူမ တွေးတော၍မရတော့ချေ။လုယွီသည် ယခုလက်ရှိအချိန်၌ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး၏အဆင့်မြင့်ဆုံးအရာရှိ ဖြစ်နေလေပြီ။သူမသည် သူ့အားကူညီပေးရန် လိုအပ်တော့မည်မဟုတ်ချေ။
ရုတ်ချည်းဆိုသလိုပင် နဥ်အမ်ထုံထံတွင် ရှုပ်ထွေးနေသောစိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားပေ၏။
"အဟွတ်...အဟွတ်...အဟွတ်...."
တိုင်လုံးကြီးအတွင်း၌ စိုက်ဝင်နေသော စွန်းယုသည် ချောင်းတဟွတ်ဟွတ်ဆိုးကာ သူ၏ပါးစပ်မှသွေးများ အဆက်မပြတ်အန်ထွက်နေသည်။သူ၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့၏စကားပြောဆိုမှုများမှတဆင့် သူသည် လုယွီ၏သရုပ်မှန်ကို သိရှိပြီးဖြစ်သည်။
မူလက လုယွီသည် သာမာန်မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းတစ်ယောက်ဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။လုယွီ၏အစစ်အမှန်ရာထူးအဆင့်သည် ဤမျှထိမြင့်မားနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤအချိန်အခိုက်အတန့်တွင် သူ့ကို မည်သူမျှကယ်တင်နိုင်တော့မည်မဟုတ်ကြောင်း စွန်းယု သိရှိထားပေ၏။
လုယွီက တိုင်လုံးအတွင်း၌စိုက်ဝင်နေသော စွန်းယုကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ဆဋ္ဌမဂိတ်တံခါးရဲ့ ခုခံကာကွယ်မှုတွေက အရမ်းပေါ့လျော့လွန်းတယ်...ပြီးတော့ ရှီးလျန်မြို့ရဲ့ခုခံကာကွယ်မှုတွေကလည်း အရမ်းအားနည်းတယ်...နဥ်ကျိုး...မင်း အစီအစဥ်တစ်ခုဆွဲဖို့အတွက် ငါ မင်းကို အချိန်ခုနစ်ရက်ပေးမယ်....မင်း ငါ့ဆီကို အဲ့ဒီအစီအစဥ် အမြန်ဆုံးတင်ပြရမယ်"
"ဟုတ်ကဲ့ပါ အရှင်"
နဥ်ကျိုးက ပျာပျာသလဲ ပြောဆိုသည်။
လုယွီ၏သရုပ်မှန်ကို သူ သိရှိသွားချိန်တွင် သူ အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
အထူးသဖြင့် ယခင်က သူသည် လုယွီ၏ခွန်အားကို အကဲဖြတ်ပြီးနောက် မီးခိုးရောင်ဝတ်စုံဝတ်လူဆိုးထိန်းရာထူးကို ပေးမည်ဟု ထင်ရာမြင်ရာဆုံးဖြတ်ချက်ချခဲ့သည်ကို သူ ပြန်လည်တွေးတောမိခြင်းကြောင့်ပင်။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် ထိုအသေးအမွှားကိစ္စများကို အတေးအမှတ်ထားခြင်းမရှိချေ။
ယခုလက်ရှိချိန်သည် လူများကို အသုံးပြုရမည့်အချိန်ပင်။နဥ်ကျိုးထံတွင် အရည်အချင်းရှိသည်ကို လုယွီ တွေ့မြင်ပြီးဖြစ်သည်။ထို့ပြင် နဥ်ကျိုးသည် ရှီးလျန်မြို့အတွင်းမှ သူ ထွက်ပြေးစဥ်တွင် သူ့ကိုကယ်တင်ခဲ့လေ၏။ထို့ကြောင့် သူသည် နဥ်ကျိုးကို မျက်နှာသာပေးရန်ဆုံးဖြတ်ကာ ဆဋ္ဌမဂိတ်တံခါး၏ခေါင်းဆောင်လူဆိုးထိန်းအဖြစ် တိုက်ရိုက်ရာထူးတိုးမြှင့်ပေးလိုက်သည်။
ဤရာထူးအဆင့်နှင့်အတူ နဥ်ကျိုးသည် တာယွီတော်ဝင်နန်းတွင်း၏တရားဝင်အရာရှိဖြစ်လာကာ တာယွီ၏ကံကြမ္မာစွမ်းအားများမှ ကောင်းယူပေးမှုကို ခံယူနိုင်ပေ၏။
"အင်း...ရှီးလျန်မြို့က အခုချိန်မှာ နည်းနည်းမငြိမ်မသက်ဖြစ်နေတယ်...မင်းက လူအင်အားကိုအသုံးပြုတဲ့နေရာမှာ ဂရုစိုက်ဖို့လိုအပ်တယ်...တကယ်လို့ အမိန့်ကိုမလိုက်နာတဲ့ တစ်စုံတစ်ယောက်ရှိနေရင်....အဲ့ဒီလူကို ချက်ချင်းထုတ်ပယ်လိုက်စမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ထိုစကားကိုပြောဆိုပြီးသည်နှင့် လုယွီ၏ပုံရိပ်သည် လူတိုင်း၏မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားတော့သည်။
ယခုကြည့်ကြည့်တော့မှ ဤနေရာသို့ရောက်ရှိလာသည်မှာ သူ၏ကိုယ်ပွားပုံရိပ်ယောင်တစ်ခုသာဖြစ်နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး နဥ်ကျိုး၏မျက်လုံးများ တောက်ပသွားသည်။လုယွီ မည်မျှထိအစွမ်းထက်သည် မည်မျှထိ သန်မာအားကောင်းသည်ကို သူ အတိအကျမသိရှိသေည်လည်း လုယွီ၏အမိန့်အောက်တွင် တာဝန်ထမ်းဆောင်ပါက သူ ပို၍ဘေးကင်းလုံခြုံနိုင်ပေမည်။
နဥ်အမ်ထုံကမူ လုယွီ ပျောက်ကွယ်သွားသည့်နေရာကို စူးစိုက်၍ကြည့်နေဆဲပင်။သူမသည် အချိန်အတော်ကြာသည်အထိ အသိစိတ်ပြန်ဝင်လာခြင်းမရှိချေ။
……
ဤအချိန်အခိုက်အတန့်တွင် ဝမ်မိသားစု၏အနောက်ဘက်ခြံဝန်းအတွင်း၌...
လုယွီသည် ကြီးမားသောတောင်တစ်လုံးကို တခြားနေရာသို့ ရွှေ့ပြောင်းလိုက်သဖြင့် ထိုနေရာတွင် ချိုင့်နက်ကြီးတစ်ခု ကျန်နေခဲ့သည်။
ဝမ်အိမ်တော်အတွင်း၌ သိုဝှက်ထားသော ရတနာအမြောက်အများရှိနေသည်။ထိုအရာများကို လိုချင်တပ်မက်နေသောလူများရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
လုယွီသည် ဤနေရာသို့ သူခိုးသူဝှက်များ လာရောက်ခြင်းမှကာကွယ်ဟန့်တားနိုင်ရန်အတွက် ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများကို နေ့ရောညပါ အစောင့်ချထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ အစောင့်ချမထားလျှင်ပင် ဤနေရာသို့လာရောက်ဝံ့သည်အထိ သတ္တိရှိသောလူ အမြောက်အများရှိမည်မဟုတ်ချေ။
ဤနေရာ၏မြေအောက်၌ အလောင်းများအစုလိုက်အပြုံလိုက်ရှိနေသည်။
လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုဆင့်ခေါ်၍ ပတ်ဝန်းကျင်ရှိ လေလွင့်ဝိညာဥ်များအားလုံးကို ကျွတ်လွတ်သွားစေခဲ့သည်။
ဤလူများအားလုံးသည် ဝမ်မိသားစု၏ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကိုခံရကာ ဤနေရာတွင် မြှုပ်နှံ့ခံထားရခြင်းဖြစ်ပေ၏။သူတို့၏စိတ်ဝိညာဥ်များသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ချေ။အချိန်ကြာလာသည်နှင့်အမျှ ဤနေရာတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ စုဝေးလာသည်။
အကယ်၍ ဤအတိုင်းသာ အချိန်အတော်ကြာသည်အထိ ရှေ့ဆက်သွားပါက ဤနေရာတွင် အစွမ်းထက်သောနတ်ဆိုးသက်ရှိများ ပေါက်ဖွားလာပေမည်။
ထိုစိတ်ဝိညာဥ်များကို ကျွတ်လွတ်စေပြီးနောက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ အချိန်တခဏအကြာတွင် ပျောက်ကွယ်သွားသည်။
ထို့နောက် လုယွီ၏လက်အတွင်းတွင် ရှေးဟောင်းစာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
ဤသည်မှာ တစ်ချိန်က ဝမ်မူကျီးကျင့်ကြံခဲ့သော နတ်ဆိုးကျင့်ကြံနည်းစနစ်ကို မှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ်ပင်။
"လျှို့ဝှက်ယင်နန်းတော်ရဲ့အရိုးဖြူဆယ့်နှစ်ချောင်းဝင်္ကပါလား....ဒါက အယောင်ပြဖုံးကွယ်ထားတာ မဟုတ်လား...ဒီနည်းစနစ်က ရှေးကောင်းကောင်းကင်ဘုံသက်တမ်းဂိုဏ်းရဲ့ နတ်ဆိုးဝိညာဥ်ဒေါသမီးတောက်ဝင်္ကပါဆိုတာ အသိသာကြီးလေ....ဒီဝင်္ကပါက မွမ်းမံမှုတွေနည်းနည်းပြုလုပ်ထားရုံလေးပဲ..ဖြစ်နိုင်တာတော့ ဝမ်မူကျီးက ရှေးဟောင်းကောင်းကင်ဘုံသက်တမ်းဂိုဏ်းနဲ့ ဆက်စပ်နေတာများလား"
လုယွီသည် သူ၏လက်အတွင်းရှိ ရှေးဟောင်းစာအုပ်ကို တဖျတ်ဖျတ်လှန်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
Chapter 3532
ရှေးဟောင်းကောင်းကင်ဘုံသက်တမ်းဂိုဏ်းသည် အချိန်အတော်ကြာ လက်ဆင့်ကမ်းဆင်းသက်လာသော အစွမ်းထက်ဂိုဏ်းတစ်ဂိုဏ်းပင်။
ရှေးဟောင်းခေတ်ကာလအတွင်းရှိ ဂိုဏ်းအင်အားစုများအနက် ကောင်းကင်ဘုံသက်တမ်းဂိုဏ်းသည် အလွန်စည်ပင်ဝပြောကာ အထွတ်အထိပ်အဆင့်၌ ရပ်တည်နိုင်ခဲ့သည်။
ကောင်းကင်ဘုံသက်တမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံနန်းတွင်း၌ အင်မော်တယ်အဆင့်အဖြစ် သတ်မှတ်ခြင်းခံရကာ ရွှေအင်မော်တယ်အဆင့် တည်ရှိမှုကြီးဖြစ်သည်။
လုယွီသည် ပုံရိပ်ယောင်နယ်မြေအတွင်း၌ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ဂိုဏ်းအင်အားစုများအကြောင်းကို နားလည်သဘောပေါက်ခဲ့သဖြင့် ရှေးဟောင်းကောင်းကင်ဘုံသက်တမ်းဂိုဏ်း၏နည်းစနစ်များအကြောင်းကို သိရှိထားသည်။ယခုချိန်တွင် သူ၏လက်အတွင်းရှိ ကျင့်ကြံနည်းစနစ်စာအုပ်ကို ကြည့်ရှုပြီးနောက် ကောင်းကင်ဘုံသက်တမ်းဂိုဏ်းအကြောင်းကို လုယွီက ချက်ချင်းတွေးတောမိသွားသည်။
သာမာန်ကျင့်ကြံသူတစ်ယောက်သည် ဤကျင့်ကြံနည်းစနစ်မျိုးကိုရရှိပါက ကျင့်ကြံရန်စိတ်လောနေမည်ဖြစ်ရာ တခြားအရာများကို လေးလေးနက်နက် တွေးတောတော့မည်မဟုတ်ချေ။
သို့ရာတွင် လုယွီကမူ အတိတ်နှင့်ပစ္စုပ္ပန်ကို ကောင်းစွာသတိပြုမိသူဖြစ်ရာ သူသည် ရှေးဟောင်းခေတ်ကာလအတွင်း၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို သိရှိထားသည်။သူ ဤကျင့်ကြံနည်းစနစ်၏မူရင်းဇစ်မြစ်ကို ရှာတွေ့ခဲ့သည်မှာ သဘာဝကျသောကိစ္စပင်။
လုယွီသည် ဤကျင့်ကြံနည်းစနစ်တစ်အုပ်လုံးကို ဖတ်ရှုပြီးနောက် သူ၏မျက်လုံးကိုစုံမှိတ်ကာ အချိန်တခဏကြာခန့် တွေဝေစဥ်းစားလိုက်၏။ထို့နောက် သူက ရုတ်တရက် အော်ဟစ်လိုက်သည်။
"သိပ်သည်းစမ်း...."
ဝှစ်...
တိုးညှင်းသောအသံတစ်သံက သူ၏ရှေ့မှ ကြားလိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်မီးတောက်တစ်ခုက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။ထို့နောက်ခြစ်ခြစ်တောက်ပူပြင်းသောအပူရှိန် ပျံ့နှံ့လာကာ ပတ်ဝန်းကျင်ရှိလေထု ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပေ၏။
ဤမီးတောက်ကိုသိပ်သည်းရန်အလို့ငှာ တစ်စုံတစ်ယောက်သည် ဤကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားရန်လိုအပ်သည်။
ဝမ်မူကျီးပင်လျှင် ဤကျင့်ကြံနည်းစနစ်ကိုကျင့်ကြံရန်အတွက် အချိန်အတော်ကြာယူခဲ့ရသည်။
သို့ရာတွင် လုယွီအတွက်ကမူ မလိုအပ်ချေ။
သူ့စိတ်ဝိညာဥ်၏စွမ်းအားသည် အလွန်အစွမ်းထက်ပေ၏။ထို့ကြောင့် သူသည် ဤကျင့်ကြံနည်းစနစ်ကို အချိန်အတော်ကြာယူ၍ ကျင့်ကြံရန် မလိုအပ်ချေ။အကြည့်တစ်ချက်ဖြင့်ပင် ဤကျင့်ကြံနည်းစနစ်သည် သူ၏စိတ်အတွင်း၌ လှည့်ပတ်နေကာ အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည်။
"ဒီကျင့်ကြံနည်းစနစ်မှာ ကောင်းကျိုးတချို့ရှိတယ်ဆိုပေမယ့် ဒါကိုဖန်တီးခဲ့တဲ့သူမှာ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်မျိုးရှိနေတယ်...ဒါက ရှေးဟောင်းကျင့်ကြံနည်းစနစ်တစ်ခုရဲ့ အစွမ်းထက်တဲ့အစိတ်အပိုင်းတစ်ခုဆိုပေမယ့် နတ်ဆိုးဆန်တဲ့လမ်းလွဲနည်းလမ်းတချို့ကို ဒီထဲမှာရောယှက်ထားတယ်...ဝမ်မူကျီးက ဒီကျင့်ကြံနည်းစနစ်ကို နှစ်တွေအကြာကြီးကျင့်ကြံခဲ့တယ်...သူက တန်ပြန်ရိုက်ခတ်မှုဒဏ်ရဲ့ အရိပ်အယောင်တွေ ခံနေရလောက်ပြီ"
လုယွီသည် ကျင့်ကြံနည်းစနစ်တစ်ခုလုံးကို ဖတ်ရှုပြီးနောက် သူ၏လက်အတွင်းမှမီးတောက်ဖြင့် ထိုစာအုပ်ကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။
ထို့နောက် လုယွီက သူ၏လက်ဝါးကို ဖြန့်လိုက်၏။
လက်ဝါးအရွယ်အစားရှိသော လူအသေးစားလေးက သူ၏လက်ဖဝါးအတွင်း၌ ထွက်ပေါ်လာသည်။အကယ်၍ တစ်စုံတစ်ယောက်မှအနီးကပ်ကြည့်ရှုပါက ထိုလူအသေးစားလေးသည် ဝမ်မူကျီးမှတပါး တခြားသူမဟုတ်သည်ကို တွေ့မြင်ရပေမည်။
ဤအချိန်အခိုက်အတန့်တွင် ဝမ်မူကျီး၏စိတ်ဝိညာဥ်ကို ရွှေရောင်သံကြိုးများဖြင့် အပြည့်အဝချည်နှောင်ထားသည်။သူသည် မြေပြင်ပေါ်၌ဒူးထောက်ကာ အဆက်မပြတ်အော်ဟစ်ကာ မလှုပ်ရှားနိုင်ချေ။
ဤသည်မှာ အကြွင်းအကျန်စိတ်ဝိညာဥ်ပင်။
လုယွီသည် ဝမ်မူကျီး၏စိတ်ဝိညာဥ်ကို အဝေးမှနေ၍ ဖျက်ဆီးလိုက်သော အချိန်အခိုက်အတန့်တွင် အကြွင်းအကျန်စိတ်ဝိညာဥ်ကို သူ၏လက်အတွင်းသို့ တိတ်တဆိတ်ရွှေ့ပြောင်းထားခဲ့သည်။
ဝမ်မူကျီးသည် ယခုထိတိုင် သေဆုံးခြင်းမရှိသေးချေ။အနည်းဆုံးအနေဖြင့် လုယွီသည် ဝမ်မူကျီးကို လွယ်လင့်တကူသေခွင့်မပြုနိုင်ပေ။
ဝမ်မူကျီး၏စိတ်ဝိညာဥ်သည် ခေါက်ချိုးထားသည်ထက်ပင် ပို၍ကျုံနေပုံရသည်။
သူသည် အလွန်အမင်း အားနည်းနေပေ၏။သူ၏စွမ်းအားများနှင့်ခွန်အားများအားလုံး ဆုံးရှုံးလိုက်ရသဖြင့် သူ အသက်ဆက်ရှင်သန်နိုင်ရန်အတွက် မည်သည့်မျှော်လင့်ချက်မျိုးမျှမရှိတော့ချေ။
"အဟွတ်...အဟွတ်...အဟွတ်...လုယွီ....အနိုင်ရသူက အားလုံးကိုယူနိုင်တယ်...တကယ်လို့ မင်း ငါ့ကို သတ်ချင်ရင်လည်းသတ်လိုက်လေ...ဘာလို့ ငါ့ကို ခုထိဒီနေရာမှာ ပိတ်လှောင်ထားတာလဲ"
ဝမ်မူကျီးက စူးစူးဝါးဝါးအကြည့်ဖြင့် လုယွီကိုကြည့်ကာ အော်ဟစ်လိုက်သည်။
သူ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေပေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရှီးလျန်မြို့အတွင်း၌ သူ ထိန်းချုပ်ခဲ့သောအရာအားလုံးသည် တံလျှပ်များသဖွယ် ပျောက်ကွယ်သွားခဲ့သည်။မည်သည်ကြောင့် သူ လုယွီအပေါ် ဒေါသမထွက်ဘဲ နေမည်နည်း။
လုယွီက ဝမ်မူကျီးကိုကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ဝမ်မူကျီး....မင်း ဖြောင့်မတ်မှန်ကန်ချင်ယောင်ဆောင်နေဖို့ မလိုတော့ဘူး...မင်း သေသွားတာနဲ့ပဲ မင်းရဲ့နောက်ကွယ်ကလူကို ငါ မရှာနိုင်တော့ဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီ၏စကားကိုကြားချိန်တွင် ဝမ်မူကျီးက သူ၏ခေါင်းကို ဆတ်ခနဲမော့ကြည့်လိုက်သည်။
"မင်း ဘာပြောတာလဲ...ငါ ဘာမှနားမလည်ဘူး....တကယ်လို့ မင်း ငါ့ပါးစပ်ကနေ တစ်ခုခုထွက်လာတာကို လိုချင်တယ်ဆိုရင်...မင်း ဆုသာတောင်းနေလိုက်တော့"
ဝမ်မူကျီးက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
"မင်းရဲ့အသက်က လက်တစ်ကမ်းအကွာမှာရှိနေတာတောင် မင်းက ငါနဲ့ငြင်းခုန်ဝံ့သေးတာလား...ဝမ်မူကျီး...တကယ်လို့ အတိတ်မှာရှိခဲ့တဲ့ မင်းရဲ့အကျိုးဆောင်မှုတွေကြောင့်သာမဟုတ်ရင်...မင်း ဆန္ဒရှိတဲ့အတိုင်းဖြစ်ခွင့်ကို ငါ ပေးမှာမဟုတ်ဘူး"
လုယွီက ဝမ်မူကျီးကို စူးစိုက်၍ကြည့်လိုက်၏။
"မင်းက ရက်စက်ကြမ်းကြုတ်ပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ လူစားမျိုးမဟုတ်ဘူး...အများဆုံးအနေနဲ့ မင်းက ရုပ်သေးတစ်ရုပ်ပဲ...မင်းရဲ့နောက်မှာ လက်ဝဲစစ်တပ်နယ်မြေထဲက ပြင်ပဂိုဏ်းအင်အားစုတစ်ခုရှိနေလောက်တယ်...ဟုတ်တယ်မလား"
Chapter 3533
ဝမ်မူကျီးက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။
"ခုလိုမျိုး အဆင့်နိမ့်နည်းလမ်းမျိုးနဲ့ ငါ့ကိုမမေးဖို့ ငါ မင်းကို အကြံပေးချင်တယ်...ဒီနည်းလမ်းတွေက ငါ့အပေါ်မှာ အသုံးဝင်မှာမဟုတ်ဘူး"
"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါ တခြားနည်းလမ်းတစ်ခုနဲ့ ပြောင်းပေးမယ်...မင်း ရှီးလျန်ကြယ်နယ်မြေထဲမှာ ကိစ္စတွေအများကြီးပြုလုပ်ခဲ့တာ ဘာအတွက်လဲ...အာဏာရဖို့လား ဒါမှမဟုတ် ချမ်းသာကြွယ်ဝဖို့အတွက်လား...အဲ့ဒီထဲကတစ်ခုမှမဖြစ်နိုင်ဘူး...ဟုတ်တယ်မလား...တကယ်လို့ မင်း ဒီကိစ္စတွေကို ဘာမှမလုပ်ရင်တောင် ဝမ်မိသားစုက ရှီးလျန်ကြယ်နယ်မြေမှာ ထိပ်သီးမိသားစုကြီးတစ်စုဖြစ်နေပြီ...ဘယ်သူကမှ မင်းကို ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"
"မင်း ရှီးလျန်ကြယ်နယ်မြေမှာ လုပ်ခဲ့တဲ့ကိစ္စတွေက အများကြီးပဲ...ပိုင်းခြားသိမြင်နိုင်တဲ့အမြင်ရှိတဲ့ ဘယ်သူမဆို ဒါက သေလမ်းရှာနေတာဆိုတာ သိနိုင်တယ်...လစာတွေကို ဖြတ်စားတာပဲဖြစ်ဖြစ် ထန်အင်ပါယာဘက်ကို သတင်းတွေရောင်းစားတာပဲဖြစ်ဖြစ်...တော်ဝင်နန်းတွင်းကနေ လှုပ်ရှားမှုတစ်ခုလုပ်တာနဲ့ မင်းကို သတ်လို့ရပြီ...တာယွီမှာ နယ်မြေသခင်အဆင့် ကျင့်ကြံသူတွေရှိတယ်..နတ်ဆိုးသားရဲမျိုးနွယ်တွေမှာတောင် နတ်ဆိုးသခင်တွေရှိတယ်...သူတို့တောင် မင်းလောက် မမောက်မာဝံ့ဘူး...တကယ်လို့ မင်းက မပုန်ကန်ဝံ့ဘူးဆိုရင်တော့ ဖြစ်နိုင်ချေတစ်ခုတည်းပဲရှိတယ်...မင်းက တခြားတစ်ယောက်ရဲ့နယ်ရုပ်သက်သက်ပဲ...မင်းမှာ ဒီလိုလုပ်ဖို့ကနေလွဲပြီးတော့ တခြားရွေးချယ်စရာမရှိဘူး"
လုယွီ၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သောအမူအယာ ထင်ဟပ်လာသည်။
"ငါ မင်းကို ရွေးချယ်စရာတစ်ခုပေးမယ်...မင်းရဲ့နောက်မှာရှိတဲ့ အင်အားစုကို ဖော်ထုတ်ပေးတာနဲ့...ငါ မင်းရဲ့စိတ်ဝိညာဥ်ကို ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းထဲကို ဝင်ခွင့်ပြုမယ်"
"ဟား...ဟား...ဟား...ဟား..."
ဝမ်မူကျီးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"လုယွီ...မင်း ငါ့ကို သုံးနှစ်သားကလေး ထင်နေတာလား....မင်းက ငါ့ရဲ့မိသားစုတစ်စုလုံးကို ဖျက်ဆီးခဲ့တယ်....ငါ့ရဲ့မိန်းမနဲ့သားလည်း မင်းရဲ့လက်ထဲမှာ သေခဲ့ရတယ်...ငါတို့ကြားမှာ နက်ရှိုင်းတဲ့ သွေးကြွေးရန်ငြိုးတွေ ရှိနေခဲ့ပြီ...မင်းက ငါ့ကို အလွတ်ပေးမှာတဲ့လား"
ဝမ်မူကျီးက ပြုံးလိုက်၏။ရုတ်တရက် လုယွီ၏မျက်နှာအမူအယာသည် ပင်လယ်ပြင်အတွင်းသို့ ကျောက်တုံးတစ်တုံးနစ်မြုပ်သွားသည့်အလား တည်ငြိမ်နေသည်ကို သူ သတိပြုမိသွားသည်။
"မင်း ဒီလိုလုပ်ဖို့ လိုအပ်လို့လား...ငါ မင်းရဲ့အကြောင်းကို စုံစမ်းစစ်ဆေးပြီးပြီ....မင်း စစ်တပ်ထဲကို မဝင်ခင်က မင်းမှာ မိန်းမနဲ့သမီးတစ်ယောက်ရှိခဲ့တယ်....အဲ့ဒီအချိန်တုန်းက ဂိုဏ်းတစ်ဂိုဏ်းရဲ့လူတွေက မင်းရဲ့မိန်းမနဲ့သမီးအသက်ကိုသုံးပြီးတော့ မင်းကို ခြိမ်းခြောက်ခဲ့တယ်...မင်းရဲ့အားနည်းချက်ကို အမြစ်ပြတ်သုတ်သင်နိုင်ဖို့အတွက် မင်းရဲ့မိန်းမနဲ့သမီးကို အဲ့ဒီဂိုဏ်းကလူတွေသတ်တာကို မင်း စောင့်ကြည့်နေခဲ့တယ်...သူတို့ကို မင်း သွားမကယ်ခဲ့ဘူး"
"မင်းတို့လိုလူစားမျိုးတွေက မင်းတို့ရဲ့ရည်ရွယ်ချက်ပြည့်ဝဖို့အတွက် တခြားဘယ်သူ့ကိုမဆို စတေးဖို့ဝန်မလေးဘူး...မင်း ခုမှ ဘာလို့ဖြောင့်မတ်မှန်ကန်ချင်ယောင် ဆောင်နေတာလဲ...မင်းရဲ့နောက်မှာ ဘယ်သူရှိလဲဆိုတာ မင်း ငါ့ကို ပြောပြရုံနဲ့...ငါ မင်းကို လွှတ်ပေးမယ်...ငါက ငါ့ရဲ့ကတိကို စောင့်ထိန်းတဲ့လူတစ်ယောက်ပဲ"
ဝမ်မူကျီးသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
သူသည် ရှီးလျန်ကြယ်နယ်မြေသခင်ဖြစ်ခဲ့သော်လည်း သေခြင်းနှင့်ရှင်ခြင်းအကြားတွင် ရွေးချယ်စရာမရှိခဲ့ချေ။
လူအများစုသည် အပြင်ပန်းတွင် အားကောင်းသန်မာပုံရသော်လည်း အစစ်အမှန်သေရေးရှင်ရေးနှင့်ဆိုင်သော ရွေးချယ်မှုတစ်ခုနှင့် ကြုံတွေ့ရပါက သူတို့အားလုံး ဇဝေဇဝါဖြစ်သွားလေ့ရှိသည်။
"ဒီအတိုင်းသာ မင်း သေသွားမယ်ဆိုရင် မင်းမှာ ဘာမှကျန်မှာမဟုတ်ဘူး...တကယ်လို့ မင်း ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းထဲကို ဝင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ မင်း ပြန်ဝင်စားနိုင်လိမ့်မယ်...တော်ဝင်နန်းတွင်းက ဘယ်သူကမှ မင်းအကြောင်းကို လိုက်စုံစမ်းတော့မှာမဟုတ်ဘူး...ဒီဘဝမှာ မင်းရဲ့အစီအစဥ်တွေအားလုံးလည်း အလဟဿဖြစ်သွားပြီ...မင်း ဘာလို့ အစကနေပြန်မစတာလဲ...အခုချိန်မှာ အမှောင်ကနေ အလင်းထဲကိုဝင်လာတာက မင်းအတွက် ပိုမကောင်းဘူးလား"
လုယွီသည် စိတ်ရှည်လက်ရှည်ဖြင့် ဝမ်မူကျီးကို ဆက်လက်၍ လမ်းညွှန်ပေးနေလေသည်။
ဝမ်မူကျီး၏နဖူးပြင်ပေါ်၌ ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာသည်။
သူ၏ပါးစပ် ဖွင့်ချည်ပိတ်ချည်ဖြစ်နေကာ တစ်စုံတစ်ခုကိုပြောဆိုရန် သတ္တိမွေးနေပုံရသည်။
"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်...မှတ်ထားစမ်း...မင်း ဘာကိုပဲပြောပြော ဒီနေ့ညထက်ကျော်ပြီး မင်း အသက်ရှင်နိုင်မှာမဟုတ်ဘူး"
လုယွီ၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှဆင်းသက်လာသော မိုးကြိုးတစ်စင်းအလားပင်။ထိုအသံသည် ဝမ်မူကျီး၏နားနံဘေး၌ ပေါက်ကွဲသွားပေ၏။
"မင်းရဲ့စိတ်ဝိညာဥ် ပျက်စီးပြီးတော့ ကြေမွှပျက်စီးသွားစေချင်လား...ဒါမှမဟုတ် မင်း တခြားဘဝနဲ့ အသက်ရှင်ချင်လား...မင်း ဆန္ဒရှိသလို ရွေးချယ်နိုင်တယ်"
ဝမ်မူကျီးသည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
သို့ရာတွင် သူသည် အချိန်ကြာရှည်စွာတောင့်ခံမထားနိုင်တော့သဖြင့် ပြောဆိုလိုက်၏။
"ငါ့ရဲ့နောက်မှာရှိနေတာက...."
သူ တစ်စုံတစ်ခုကို ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ၏စိတ်ဝိညာဥ်သည် ကျိန်စာတစ်ခု၏ရိုက်ခတ်ခြင်းကို ခံရသည့်အလား နေရာမှာပင် တောင့်တင်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် ဝမ်မူကျီး၏စိတ်ဝိညာဥ်မှမျက်နှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
အစပထမ၌ လူအိုကြီးတစ်ယောက်ပုံစံ ထို့နောက် မိန်းမတစ်ယောက် ထို့မှနေ၍ ကလေးတစ်ယောက်အသွင်ဖြစ်သွားသည်။
သူ၏မျက်နှာ ဆယ်ကြိမ်ကျော်ပြောင်းလဲပြီးနောက် ဝမ်မူကျီး၏မျက်နှာသည် နောက်ဆုံး၌ ပြောင်းလဲမှုရပ်တန့်သွားပေ၏။
Chapter 3534
ဝမ်မူကျီး၏မျက်နှာသည် နောက်ဆုံး၌ ရှုရာသရဲတစ္ဆေတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။
သူသည် လုယွီကိုစူးစိုက်ကြည့်ကာ သူ့ထံမှနေ၍ မနှစ်မျို့ဖွယ်ရယ်သံကြီး ထွက်ပေါ်လာသည်။
"လက်ဝဲစစ်တပ်ရဲ့တပ်မှူး...မင်းက ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်နိုင်တာနဲ့ လက်ဝဲစစ်တပ်နယ်မြေမှာ မင်း နေနိုင်ပြီလို့ ထင်နေတာလား...မင်း စောင့်ကြည့်နေစမ်း...မကြာခင် မင်း ဝဋ်ပြန်လည်လိမ့်မယ်"
ဤအသံသည် ငရဲမှတွားသွားတက်လာသော ကြောက်မက်ဖွယ်သရဲတစ္ဆေတစ်ကောင်၏ ကျိန်ဆဲသံအလား အလွန်အမင်းအက်ရှရှဖြစ်နေသည်။
ထို့ပြင် ဤသည်မှာ အစောပိုင်းက ဝမ်မူကျီးထံတွင်ရှိနေခဲ့သော အငွေ့အသက်မျိုးနှင့်လည်း လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေ၏။
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်မနေစမ်းနဲ့...မင်းက ဝမ်မူကျီးရဲ့စိတ်ဝိညာဥ်မှာ တစ်ခုခုလုပ်ထားတယ်ဆိုတာ ငါ သိထားပြီးပြီ...အခု မင်းက ငါ့ရဲ့ရှေ့မှာ ထွက်ပေါ်လာဝံ့မှတော့ မင်းက သေချင်နေတာလား"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူ၏စိတ်ဝိညာဥ်မှ အစွမ်းထက်သောစွမ်းအားကို ဖြန့်ကျက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ထိုအနက်ရောင်အခိုးအငွေ့များသည် တဖြည်းဖြည်းမြင့်တက်လာကာ အဖြူရောင်လက်တစ်ဖက်အသွင်သို့ ပြောင်းလဲသွားသည်။ထိုလက်သည် ရုတ်တရက်ဆန့်ထွက်လာကာ ဝမ်မူကျီး၏မျက်နှာကို ဖမ်းဆုပ်လိုက်၏။
"မင်း အချိန်အတိုင်းအတာတစ်ခုထိတော့ မောက်မာထားအုံးပေါ့...မကြာခင်မှာပဲ မင်း ရလဒ်ကို သိရလိမ့်မယ်...ဟား ဟား ဟား ဟား...."
ဝမ်မူကျီး၏စိတ်ဝိညာဥ်မှနေ၍ စူးရှကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ဝမ်မူကျီး၏စိတ်ဝိညာဥ်သည် ပျက်စီးသွားတော့မည့်အလား စတင်၍အက်ကွဲစပြုလာသည်။
"ငါ မင်းကို မရှာနိုင်ဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတအက္ခရာတချို့က သူ၏လက်မှ ထွက်ပေါ်လာသည်။
ဤသင်္ကေတအက္ခရာများသည် ကံကြမ္မာဥပဒေသမှထွက်ပေါ်လာခြင်းပင်။
သက်ရှည်သစ်သီးကိုဝါးမျိုပြီးနောက် လုယွီ၏သက်တမ်းသည် အနည်းငယ်မြင့်တက်လာရုံသာမက ကံကြမ္မာဥပဒေသအပေါ် သူ၏ဖမ်းဆုပ်နိုင်မှုသည်လည်း ပို၍ပီပြင်ထင်ရှားလာသည်။
ကျင့်ကြံသူများသည် တစ်ခုသောအဆင့်ထိ ချိုးဖျက်ဝင်ရောက်ပြီးနောက် ကံကြမ္မာလမ်းကြောင်းများကို တွေ့မြင်နိုင်စွမ်းရှိသည်။
လုယွီအတွက်မူ သူ၏သက်တမ်း မြင့်တက်လာပြီးနောက် ဤကဲ့သို့တူညီသော အကျိုးအာနိသင်မျိုးကို ရရှိခဲ့သည်။
လုယွီသည် ဝမ်မူကျီး၏စိတ်ဝိညာဥ်မှတဆင့် အဝေးတစ်နေရာသို့ ပြန့်ကားသွားသော အနက်ရောင်ကံကြမ္မာလမ်းကြောင်းကို အာရုံခံမိသည်။
ဤသည်မှာ ဝမ်မူကျီး၏စိတ်ဝိညာဥ်ကို နောက်ကွယ်မှနေ၍ ထိန်းချုပ်နေသောလူပင်။
ရှီးလျန်မြို့အတွင်း၌ တစ်ချိန်က အလွန်အမင်းမောက်မာဝံ့ကြွားခဲ့သော ဝမ်မူကျီးသည် အမှန်အားဖြင့် တခြားသူတစ်ယောက်၏ ထိန်းချုပ်ခြင်းကိုခံထားရသော ရုပ်သေးတစ်ရုပ်ဖြစ်နေမည်ဟု မည်သူကမျှ မျှော်လင့်ထားမိမည်မဟုတ်ချေ။
"တော်ဝင်အမိန့်တော်...."
လုယွီ၏မျက်နှာကို အနက်ရောင်အခိုးအငွေ့များက တဖြည်းဖြည်းလွှမ်းခြုံသွားသည်။
သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်နှာသည် တစတစ ပို၍ပီပြင်ထင်ရှားလာပေ၏။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်နှာပေါ်တွင် တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ပါးစပ်အတွင်းမှနေ၍ ထူးဆန်းသောသင်္ကေတတစ်ခု အန်ထွက်လာကာ ဝမ်မူကျီး၏စိတ်ဝိညာဥ်အတွင်းသို့ တိုးဝင်သွားသည်။
ဝမ်မူကျီး၏စိတ်ဝိညာဥ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးစပြုလာလေပြီ။
သို့ရာတွင် လုယွီသည် ထိုကိစ္စကို ဂရုစိုက်ခြင်းမပြုချေ။သူသည် ဝမ်မူကျီး၏နောက်ကွယ်၌ ပုန်းကွယ်နေသောလူကို အစဆွဲထုတ်မိပြီးဖြစ်သည်။
ဝမ်မူကျီးအပေါ်တွင် သူ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးမပြုခဲ့ချေ။အကြောင်းအရင်းမှာ ဝမ်မူကျီး၏စိတ်ဝိညာဥ်ပေါ်တွင် အစွမ်းထက်သော တားမြစ်ကန့်သတ်ချက်တစ်ခုရှိနေခြင်းကို သူ အာရုံခံမိသောကြောင့်ပင်။
ဤသည်မှာ ဝမ်မူကျီးကို သံထိပ်တုံးတစ်ခုအလား ချုပ်နှောင်ထားပေ၏။
ဤလူသည် ဝမ်မူကျီးပေါ်တွင် ဤကဲ့သို့ချုပ်နှောင်မူမျိုး ပြုလုပ်ထားသဖြင့် သူ၏အတွေးတစ်ချက်ဖြင့်ပင် ဝမ်မူကျီး၏စိတ်ဝိညာဥ်ကို အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေနိုင်စွမ်းရှိသည်။
ထို့ကြောင့် လုယွီသည် မည်သည့်ဖိအားပေးခြင်းမျိုးကိုမျှ မပြုလုပ်ခဲ့ချေ။
သူသည် ဝမ်မူကျီး၏စိတ်ဝိညာဥ်ကို လက်လျှော့အရှုံးပေးလာစေသည့်နည်းကို အသုံးပြု၍ ထိုလူကို မျှားခေါ်ခဲ့ခြင်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင်...
လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ဝေးလံခေါင်သီသောကြယ်နယ်မြေတစ်ခုမှ တောရိုင်းတစ်နေရာ၌...
လူအိုကြီးတစ်ယောက်သည် ရုတ်တရက် သွေးပျက်ဖွယ်အော်သံနက်ကြီးဖြင့်အော်ဟစ်ကာ သူ၏လှိုဏ်ဂူကိုဖောက်ထွက်၍ ရေအိုင်တစ်ခုအတွင်းသို့ ကျရောက်သွားသည်။
"အား...အား...အား...ပူလိုက်တာ....ဒါက ငါ့ကိုသေအောင် လောင်ကျွမ်းနေသလိုပဲ"
ထိုလူအိုကြီးက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်၏။
သူ၏နံဘေးတွင် လက်အောက်ငယ်သားတစ်စု မတ်တတ်ရပ်နေသည်။ဤအခြေအနေကို မြင်တွေ့ချိန်တွင် သူတို့သည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
ဤလူအိုကြီး၏ကျင့်ကြံဆင့်နယ်ပယ် အလွန်နက်နဲသိမ်မွေ့သည်ကို သူတို့အားလုံး သိရှိထားသည်။သူသည် ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ဟုပင် ဆိုနိုင်ပေ၏။
သို့ရာတွင် ယခုချိန်၌ ဤလူအိုကြီးသည် ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံရှိသည်။သူ၏ခန္ဓာကိုယ်ကို အနက်ရောင်မီးတောက်များက လွှမ်းခြုံထားကာ သူ၏ခန္ဓာကိုယ်ကို မီးသွေးတုံးဖြစ်သည့်အထိ လောင်ကျွမ်းသွားစေမည့်ပုံပင်။
Chapter 3535
ရှဲ...ရှဲ....
ရေအိုင်အတွင်းမှရေများသည် မီးတောက်များ၏အဆက်မပြတ်လောင်ကျွမ်းခြင်းကို ခံနေရကာ အခိုးအငွေ့များ ထွက်ပေါ်နေသည်။
သို့ရာတွင် သူ ရေအိုင်အတွင်းသို့ဝင်ရောက်ပြီးသည့်တိုင် ထိုမီးတောက်များသည် ငြိမ်းသေသွားခြင်းမရှိချေ။ထိုအစား ထိုမီးတောက်များသည် ပို၍ပို၍ ပြင်းထန်လာပေ၏။
ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ထိုအခိုးအငွေ့များက တဖြည်းဖြည်း လွှမ်းခြုံစပြုလာသည်။
သူ၏နံဘေးရှိ တပည့်တစ်ယောက်က သူ့အား ဂရုတစိုက် မေးမြန်းလေသည်။
"အကြီးအကဲ...အဆင်ပြေရဲ့လား"
ပတ်ဝန်းကျင်ရှိမြူခိုးများ တစတစ ပို၍သိပ်သည်းလာသည်နှင့်အမျှ သူတို့သည် ရေအိုင်အတွင်းရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်တော့ချေ။
"မင်း....ဒီနေရာကိုလာခဲ့စမ်း"
ရုတ်တရက် အက်ရှရှအသံတစ်သံက ရေအိုင်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုတပည့်သည် မငြင်းဆန်ဝံ့သဖြင့် ရှေ့သို့အလျှင်အမြန် လျှောက်လှမ်းသွားလိုက်၏။
သို့ရာတွင် သူ အနီးသို့ချဥ်းကပ်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် ရေအောက်သို့ဆွဲချခြင်းခံလိုက်ရသည်။သူ မရုန်းကန်နိုင်မီမှာပင် အနက်ရောင်မြူခိုးများက သူ့အား ချက်ချင်းလွှမ်းခြုံသွားသည်။
တခြားတပည့်များသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ရေအိုင်အတွင်းသို့ကျသွားသောတပည့်သည် ပြန်လည်၍တွားသွားတက်လာပေ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှဲနစ်နေသော်လည်း သူသည် အနည်းငယ်မျှ ဂရုစိုက်ခြင်းမပြုချေ။သူ၏စွမ်းအားကို အနည်းငယ်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရေများအားလုံး ခြောက်သွေ့သွားတော့သည်။
ဤအချိန်အခိုက်အတန့်တွင် ထိုတပည့်၏မျက်လုံးတွင် အဖြူရောင်ဟူ၍မရှိတော့ဘဲ ပိန်းပိတ်သည်အထိ နက်မှောင်နေသည်။
ရေအတွင်းမှတက်လာပြီးနောက် သူ၏မျက်နှာသည် ငယ်ရွယ်နုပျိုမှုမှနေ၍ သူ၏အသက်အရွယ်နှင့် လားလားမျှမသက်ဆိုင်သော ရင့်ကျက်မှုမျိုးသို့ ပြောင်းလဲသွားပေ၏။
ထိုအချိန်မှာပင် အဝေးတစ်နေမှနေ၍ အနက်ရောင်လူရိပ်အမြောက်အများ ရောက်ရှိလာသည်။
"မြင့်မြတ်အရှင်တို့ကို အရိုအသေပြုပါတယ်"
ထိုအနက်ရောင်အရိပ်များသည် သူတို့၏လက်များကိုဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ တပည့်များအားလုံးကို လျစ်လျှူရှုလိုက်သည်။
"အဆိပ်မြှား...မင်း ခုဏက ခန္ဓာကိုယ်အပိုင်စီးတာကို အသုံးပြုခဲ့တယ်...မင်းရဲ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ပျက်စီးသွားစေတဲ့အထိ ပြင်းထန်တဲ့မှော်မန္တန်မျိုးကို ဘယ်သူကအသုံးပြုခဲ့တာလဲ"
အနက်ရောင်လူရိပ်များအနက််မှတစ်ယောက်က မေးမြန်းသည်။
ရေမျက်နှာပြင်ပေါ်တွင် မီးလောင်ကျွမ်းထားသော အလောင်းတစ်လောင်း ပေါလောပေါ်နေသည်။
ဤအလောင်းသည် လုံးလုံးလျားလျားမည်းနက်သည်အထိ တူးခြစ်နေကာ အဖိုးအို၏မျက်နှာကိုပင် ယခင်ကဲ့သို့ တွေ့မြင်နိုင်ခြင်းမရှိချေ။
ထို'တပည့်'၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"ငါက လက်ဝဲစစ်တပ်ရဲ့တပ်မှူးကို ငါ လျှော့တွက်ခဲ့မိတယ်...သူက ခြေရာလက်ရာတွေကနေတဆင့် ငါ့နောက်ကို လိုက်လာနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါ့ကို ရှာတွေ့သွားခဲ့တယ်...တကယ်လို့ ဒီတစ်ကြိမ်မှာ ငါက ခန္ဓာကိုယ်အပိုင်စီးတာကိုသာ အသုံးမပြုခဲ့ဘူးဆိုရင်...ငါ့ရဲ့အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်"
ထိုတပည့်သည် ယခင်က စကားပြောဆိုရာတွင် နူးညံသိမ်မွေ့သော်လည်း ယခုချိန်၌ သူ၏အသံသည် ထူးဆန်းပြီးလူအိုသံပေါက်နေပေ၏။
အနက်ရောင်လူရိပ်များအနက်မှတစ်ယောက်က သူ၏အသံကို အနည်းငယ်မြှင့်၍ ပြောဆိုလိုက်သည်။
"ဒါက ဘယ်သူလို့ မင်းတွေးထားလဲ...လက်ဝဲစစ်တပ်ရဲ့တပ်မှူးလား...အဲ့ဒါက တော်ဝင်မြို့တော်ကနေ အခုမှရောက်လာတဲ့ ကောင်လေးတစ်ယောက်မဟုတ်လား...အဆိပ်မြှား..ဖြစ်နိုင်တာတော့ မင်း တံခါးပိတ်ကျင့်ကြံတာ ကြာသွားတော့ မင်းရဲ့ခွန်အား အားနည်းသွားပြီးတော့ ကောင်လေးတစ်ယောက်ကိုတောင် မနိုင်တော့တာများလား"
အနက်ရောင်လူရိပ်များအနက်မှတချို့သည် လက်ဝဲစစ်တပ်၏တပ်မှူးအပေါ် အထင်အမြင်သေးနေကြပုံရသည်။
အဆိပ်မြှားက မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောအသံနှင့် ပြောဆိုသည်။
"မင်းတို့ကောင်တွေက နားမလည်ကြဘူး...ငါက ရှီးလျန်မြို့မှာ လုံလောက်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီ...အရင်ကတော့ ဝမ်မူကျီးက အချိန်နည်းနည်းလောက် ဆွဲထားနိုင်မယ်လို့ ငါ ထင်ခဲ့တာ...တစ်ရက်တောင် မခံဘဲနေမယ်လို့ ငါ ထင်မထားမိဘူး...သူက လက်ဝဲစစ်တပ်တပ်မှူးရဲ့သတ်ဖြတ်တာကို ခံလိုက်ရတယ်"
"အထူးသဖြင့် အရိုးစုပဲ...သူလည်း လက်ဝဲစစ်တပ်တပ်မှူးရဲ့လက်ထဲမှာ သေသွားခဲ့ရတယ်...ထွက်တောင်မပြေးနိုင်ခဲ့ဘူး...မင်းတို့ ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်...ဒီလက်ဝဲစစ်တပ်တပ်မှူးက အရင်လူတွေနဲ့ ကွဲပြားခြားနားတယ်"
အနက်ရောင်အရိပ်တစ်ရိပ်က သရော်တော်တော် ပြောဆိုသည်။
"မင်း ဘာတွေကြောက်နေတာလဲ....နှစ်တွေအကြာကြီးရှိလာတဲ့အထိ လက်ဝဲစစ်တပ်ရဲ့တပ်မှူးတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်....ဒါပေမယ့် ငါတို့ဂိုဏ်းကတော့ စည်ပင်ဝပြောပြီးတော့ ဘာထိခိုက်နစ်နာမှုမျိုးမှ မရှိခဲ့ဘူး....အရိုးစုက အဆင့်မြင့်အကြီးအကဲ ရာထူးကို တိုးမြှင့်ခံထားရတာ မကြာသေးတော့ သူ့ရဲ့ခွန်အားက အရမ်းအားမကောင်းသေးဘူး...တကယ်လို့ သူတို့ သေသွားရတယ်ဆိုရင်တောင် သူတို့ အသုံးမကျလို့ပဲ"
"အဟွတ်...အဟွတ်...."
ထိုအချိန်မှာပင် နောက်ထပ်အနက်ရောင်အရိပ်တစ်ရိပ်သည် ရုတ်တရက် အလေးအနက်ထားသောလေသံနှင့် ပြောဆိုလေ၏။
"အဆိပ်မြှား...မင်း အားပြန်ဖြည့်နေတော့...နောက်ထပ် ရက်အနည်းငယ်ကြာတဲ့အထိ အပြင်ကိုမထွက်နဲ့...ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားပေးလို့မဖြစ်ဘူး...သူ့လို အရာရှိတစ်ယောက်က ခုလိုမျိုးကြီးမားတဲ့အရှိန်အဟုန်နဲ့ စတင်လာခဲ့တယ်...တကယ်လို့ သူ့ရဲ့မောက်မာဝံ့ကြွားမှုကို ငါတို့မချိုးနှိမ်ဘူးဆိုရင်...နောင်အနာဂတ်မှာ လက်ဝဲစစ်တပ်နယ်မြေထဲမှာရှိတဲ့ ဘယ်သူကမှ ငါတို့ရဲ့စကားကို နားမထောင်မှာ ငါ စိုးရိမ်မိတယ်"
"ငါက အရှင်သခင်ဆီကနေ လျှို့ဝှက်အမိန့်တစ်ခု ရထားတယ်...ထန်အင်ပါယာက သဘောတူညီချက်တစ်ခုကို လုပ်ပြီးပြီ...အချိန်ကျလာတာနဲ့ ရှေးဟောင်းအလယ်ခေတ်ရဲ့ဂုဏ်သကျက်မျိုးကို ပြန်ရှင်သန်လာအောင် ငါတို့လုပ်နိုင်မယ့်အချိန်ပဲ"