← Chapters

အခန်း (၃၅၃၆-၃၅၄၀)

Vol. 180 Ch. 3536-3540

အခန်း (၃၅၃၆-၃၅၄၀)

Vol. 180 Ch. 3536-3540

Chapter 3536

ရှီးလျန်မြို့...လက်ဝဲစစ်တပ်ရုံးတော်...

လက်ဝဲစစ်တပ်ရုံးတော်တစ်ခုလုံးသည် လုယွီ၏အသစ်ပြန်လည်မွမ်းမံခြင်းကို ခံရပြီးနောက် မူလကြီးကျယ်ခမ်းနားမှုမျိုး ပြန်လည်ရရှိလာခဲ့သည်။

လက်ဝဲစစ်တပ်ရုံးတော်၏ရှေ့တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသော လှံရှည်တစ်လက်ကို စိုက်ထူထားသည်။

ဤသည်မှာ ခေါင်းဆောင်တပ်မှူး၏အထိမ်းအမှတ်သင်္ကေတပင်။ဤလှံရှည် ဤနေရာတွင်ရှိနေပါက ရုံးတော်၏ခေါင်းဆောင်တပ်မှူး ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ယနေ့တွင် လက်ဝဲစစ်တပ်ရုံးတော်၏အရံခန်းမအတွင်း၌ ဧည့်သည်များနှင့်ပြည့်နှက်နေပေ၏။

စားပွဲပေါ်၌ အဖိုးတန်သောဟင်းလျာမျိုးစုံ ရှိနေသည်။ထိုဟင်းလျာများကို ရှီးလျန်မြို့အတွင်းရှိ နာမည်အကျော်ကြားဆုံးစားတော်ကဲမှ ချက်ပြုတ်ထားခြင်းဖြစ်သည်။

သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသော လူအများစု၏မျက်နှာများပေါ်တွင် မသာမယာအမူအယာများရှိနေသည်။သူတို့ စားသောက်နေသော ဟင်းလျာများသည်လည်း ဖယောင်းများကို ဝါးစားနေရသည့်အလား အရသာမရှိတော့ချေ။

သူတို့သည် လုယွီ ဆင့်ခေါ်ထားသော ပြင်ပဂိုဏ်းအင်အားစုများမှဂိုဏ်းချုပ်များပင်။

လုယွီသည် တစ်ချက်လွှတ်အမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သောကြောင့် ဤနေရာသို့ရောက်မလာသော မည်သည့်တစ်ယောက်မဆို သေလမ်းရှာခြင်းဖြစ်ပေမည်။ထို့ကြောင့် ဂိုဏ်းအများစုမှ ဂိုဏ်းချုပ်များသည် ထပ်မံ၍ထိုင်မနေဝံ့တော့ချေ။သူတို့သည် စာရင်းပေးသွင်းရန်အတွက် ရုံးတော်သို့ အလျင်စလို အပြေးလာကြတော့သည်။

အကယ်၍ ယခင်ကဆိုလျှင် သူတို့သည် ထိတ်လန့်ကြောက်ရွံနေမည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ ယခင်က လက်ဝဲစစ်တပ်၏တပ်မှူးအစဥ်အဆက်သည်လည်း ဂိုဏ်းအင်အားစုများ၏စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်မဟုတ်ပေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ အခြေအနေများ ကွဲပြားခြားနားသွားလေပြီ။

လုယွီသည် ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်လိုက်သောသတင်းသည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေခဲ့လေ၏။

အထူးသဖြင့် ရေအင်မော်တယ်ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲအရိုးစုပင်လျှင် လုယွီ၏လက်အတွင်း၌ သေဆုံးသွားခဲ့ရသည်။ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးကို လှုပ်ခတ်သွားစေသော သတင်းတစ်ပုဒ်ပင်။

ယခုလတ်တလောနှစ်များအတွင်းတွင် တော်ဝင်နန်းတွင်းမှနေ၍ ဂိုဏ်းများအပေါ် တားမြစ်ကန့်သတ်ကာ ဖိနှိပ်ထားခဲ့သည်။သို့သော် ဤကိစ္စ၌ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းတွင် ချွင်းချက်တစ်ခုရှိနေသည်။

အလယ်ခေတ်အတွင်း၌ အစွမ်းထက်ဆုံးကြယ်မြစ်တစ်ခုဖြစ်ခဲ့သော အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏နေရာအများစုကို ဂိုဏ်းအင်အားစုများမှ အစဥ်အမြဲ သိမ်းပိုက်လွှမ်းမိုးထားသည်။တာယွီတော်ဝင်နန်းတွင်းသည် ဤနေရာကို လက်အောက်ခံဖြစ်စေခဲ့သည့်တိုင် ပြင်ပလောကရှိဂိုဏ်းအင်အားစုများကိုမူ ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲနေဆဲဖြစ်သည်။

လက်ဝဲစစ်တပ်နယ်မြေ၏ထိပ်သီးဂိုဏ်းများအနက်မှတစ်ဂိုဏ်းဖြစ်သော ရေအင်မော်တယ်ဂိုဏ်းကို အရာရှိအများစု တို့ထိဝံ့ခြင်းမရှိချေ။

သို့ရာတွင် ယခုမှရောက်ရှိလာသော လုယွီသည် သေမှာမကြောက်သည့် ကျားတစ်ကောင်အလားပင်။သူသည် အစမှအဆုံးတိုင် ရေအင်မော်တယ်ဂိုဏ်းကို ဂရုစိုက်ခြင်းမရှိဘဲ အဆင့်မြင့်အကြီးအကဲအရိုးစုကိုပင် သတ်ဖြတ်ခဲ့လေ၏။

သူသည် ရေအင်မော်တယ်ဂိုဏ်းကို အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။သူသည် ရေအင်မော်တယ်ဂိုဏ်း၏ယဥ်ကျေးယောင်ဆောင်နေမှုများအားလုံးကို ခွာချလိုက်ပေ၏။

လက်ဝဲစစ်တပ်တပ်မှူး၏မျက်လုံးအတွင်း၌ ရေအင်မော်တယ်ဂိုဏ်းပင်မရှိလေရာ သူတို့ကဲ့သို့ဂိုဏ်းအင်အားစုငယ်များဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

ထို့ကြောင့် အသေးစားဂိုဏ်းအင်အားစုငယ်များမှဂိုဏ်းချုပ်များ အပြေးရောက်လာခြင်းဖြစ်သည်။အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေသော လူတချို့ပင်လျှင် သူတို့၏ကျင့်ကြံခြင်းမှနိုးထလာကာ ရှီးလျန်မြို့ထံသို့ ရောက်ရှိလာကြပေ၏။

စာရင်းသွင်းပြီးနောက် ဂိုဏ်းချုပ်များအားလုံး စောင့်ဆိုင်းနေကြရသည်။

လက်ဝဲစစ်တပ်ရုံးတော်မှအရာရှိတစ်ယောက်သည် သူတို့အား ထွက်မသွားသေးဘဲ ရုံးတော်အတွင်း၌ စောင့်ဆိုင်းနေရန် ခေါင်းဆောင်တပ်မှူးမှအမိန့်ပေးမှာကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဂိုဏ်းချုပ်များအားလုံးသည် မလိုက်နာဘဲ မနေဝံ့သဖြင့် ရုံးတော်၌စောင့်ဆိုင်းနေရုံသာ တက်နိုင်တော့သည်။

သူတို့အား ဝိုင်အရက်ကောင်းများ စားကောင်းသောက်ဖွယ်များနှင့် နေ့စဥ်နေ့တိုင်း တည်ခင်းဧည့်ခံထားသည့်တိုင် သူတို့သည် ပင်အပ်များ ဆူးများပေါ်တွင် ထိုင်နေရသည့်အလား ခံစားမိလေ၏။လုယွီသည် သူတို့အားရန်မူကာ သူတို့အားလုံးကို သတ်ဖြတ်မည်အား စိုးရိမ်ထိတ်လန့်နေမိသည်။

ယနေ့တွင် သူတို့အား အရံခန်းမအတွင်းသို့လာရန် အကြောင်းကြားပြီး ခေါင်းဆောင်တပ်မှူးသည် သူတို့အားတွေ့ဆုံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ထို့ကြောင့် လူအမြောက်အများသည် ဤနေရာသို့ရောက်ရှိလာကာ လုယွီ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

"လက်ဝဲစစ်တပ်ရဲ့တပ်မှူးက ဘာလို့အခုထိ ရောက်မလာသေးတာလဲ"

"ငါ ကြားထားတာတော့ ဒီတစ်ကြိမ်မှာ ဂိုဏ်းအင်အားစုတွေအပေါ် လှုပ်ရှားမှုတစ်ခုလုပ်မယ်လို့ ငါ ကြားထားတယ်...သူ ဘယ်လိုလှုပ်ရှားမှုမျိုးကို လုပ်မလဲဆိုတာ ငါ သိချင်မိတယ်"

ဂိုဏ်းချုပ်တစ်စုသည် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေကာ သူတို့၏မျက်နှာများပေါ်၌ စိုးရိမ်ပူပန်သောအရိပ်အယောင်များရှိနေသည်။

ထိုအချိန်မှာပင် တံခါး၏ပြင်ပမှနေ၍ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

"လက်ဝဲစစ်တပ်ရဲ့တပ်မှူး...ကျုံးကော်စစ်ဗိုလ်ချုပ် ရောက်လာပါပြီ"

လက်ရှိနေရာတွင်ရှိနေသူများအားလုံး ဆတ်ခနဲ မတ်တတ်ထရပ်လိုက်ကြသည်။

ဂိုဏ်းချုပ်များသည် စိတ်လှုပ်ရှားစွာဖြင့် ခန်းမအတွင်းသို့ဝင်လာသော လူငယ်ကိုကြည့်လိုက်သည်။

လုယွီသည် အရာရှိဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။သူသည် သာမာန်ပိုးထည်ဝတ်စုံတစ်စုံကိုသာ ဝတ်ဆင်ထားသည်။သို့ရာတွင် သူ၏နောက်၌ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သားအနည်းငယ်ရှိနေသဖြင့် သူသည် ခေါင်းဆောင်တစ်ယောက်ဟူသောအချက်ကို သိသာထင်ရှားစေသည်။

Chapter 3537

"အားလုံးပဲ ထိုင်ကြပါအုံး...ငါ ဒီနေ့ မင်းတို့ကို ဒီနေရာဆီခေါ်လိုက်တာက အမိန့်တချို့ပေးစရာရှိလို့ပဲ"

လုယွီ၏မျက်နှာအမူအယာ တည်ငြိမ်နေသည်။ဤနေရာတွင်ရှိနေသော ဂိုဏ်းချုပ်အများစု၏စူးစိုက်ကြည့်ခြင်းကို ခံနေရသည့်တိုင် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။

လုယွီ အဓိကထိုင်ခုံပေါ်၌ ထိုင်ချလိုက်သည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လက်ရှိနေရာတွင်ရှိနေသောလူများသည် လုယွီထက် အတွေ့အကြုံအရဖြစ်စေ အသက်အရွယ်အရဖြစ်စေ ပို၍ကြီးမားသည်။သို့ရာတွင် သူတို့သည် လုယွီကို မြင်တွေ့ချိန်တွင် သူသည် ခေါင်းဆောင်တပ်မှူးဟုသာတွေးတောပြီး တခြားမည်သည့်အရာကိုမျှ တွေးတောခြင်းမရှိချေ။

"အခုလတ်တလောမှာ ငါက လက်ဝဲစစ်တပ်နယ်မြေထဲမှာ ခြေကုပ်ယူထားတဲ့ ကြယ်ဓားပြတွေကို အရေးယူဖို့စီစဥ်ထားတယ်...အဲ့ဒီလေဟာနယ်ကြယ်ဓားပြတွေက အရင်က ဆိုးသွမ်းတဲ့လုပ်ရပ်တွေအများကြီးကို ကျူးလွန်ခဲ့တယ်...သူတို့က ရှီးလျန်မြို့ရဲ့အနီးမှာတောင် လူသတ်လုယက်မှုတွေကို ကျုးလွန်ဝံ့တယ်...သူတို့က သေလမ်းရှာနေတာပဲ....တစ်ချိန်က ငါ ရာထူးလွှဲပြောင်းယူပြီးတာနဲ့ သူတို့ကို အမြစ်ပြတ်သုတ်သင်မယ်လို့ ငါ ကြံရွယ်ထားခဲ့တယ်"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"လက်ဝဲစစ်တပ်နယ်မြေထဲမှာရှိတဲ့ ဂိုဏ်းအင်အားစုတွေထဲက...ဘယ်သူကမှ အဲ့ဒီလေဟာနယ်ကြယ်ဓားပြတွေကို ကာကွယ်ပေးထားခွင့်မပြုဘူး...အုပ်ချုပ်ရေးရုံးတော်ရဲ့အဆင့်အသီးသီးမှာ မင်းတို့ဂိုဏ်းသားတွေ ပူးပေါင်းပြီးတော့ လေဟာနယ်ဓားပြတွေကို အမြစ်ပြတ်သုတ်သင်တဲ့နေရာမှာ ပါဝင်ရမယ်"

ပတ်ဝန်းကျင်နေရာတဝိုက်လုံးမှ ထိတ်လန့်တကြားအော်သံများ ထွက်ပေါ်လာသည်။ဂိုဏ်းချုပ်တချို့သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်ကြ၏။

လက်ဝဲစစ်တပ်နယ်မြေ၏နေရာအနှံ့အပြား၌ ကြယ်ဓားပြများဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ အချိန်တိုအတွင်း၌ ရှင်းထုတ်နိုင်မည့်အရာမျိုးမဟုတ်ချေ။

ထို့ပြင် ထိုလေဟာနယ်ကြယ်ဓားပြများကို ဂိုဏ်းအင်အားစုကြီးသုံးစုမှ ထောက်ပံ့ထားကြောင်း လူတိုင်းသိရှိထားကြသည်။

ရေအင်မော်တယ်တာအိုဂိုဏ်း...အထွတ်အထိပ်နတ်ဆိုးဂိုဏ်း...ရွှေအလင်းဘုရားကျောင်း....

ထိုအင်အားစုကြီးသုံးစုသည် တောင်ကြီးသုံးလုံးအလား တခြားဂိုဏ်းအင်အားစုများအပေါ် ဖိနှိပ်ထားသဖြင့် သူတို့အားလုံး ခေါင်းမဖော်နိုင်ကြချေ။

အကယ်၍ သူတို့သည် လေဟာနယ်ဓားပြများကိုသာ ထိတို့လိုက်ပါက ထိုအင်အားစုကြီးသုံးစု၏အကျိုးစီးပွားနှင့် ဆက်စပ်နေမှုရှိမရှိ အာမခံနိုင်ရန် လွန်စွာခက်ခဲပေမည်။ထိုအချိန်ကျပါက သူတို့သည် ရန်သူဘက်မှဆူးတစ်ချောင်းအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။

"တပ်မှူး...ဒါက စည်းမျဥ်းတွေကို ဆန့်ကျင်သလိုဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်...ဟုတ်တယ်မလား....တကယ်လို့ မင်းက လေဟာနယ်ကြယ်ဓားပြတွေကို အရေးယူချင်တယ်ဆိုရင် ငါတို့ ဘာမှငြင်းဆန်စရာမရှိဘူး...ဒါပေမယ့် တကယ်လို့ မင်းက ငါတို့လူတွေကို ပူးပေါင်းပါဝင်စေချင်တယ်ဆိုရင် ဒါက နည်းနည်းတော့ ကျိုးကြောင်းမဆီလျော်ဘူး...လေဟာနယ်ကြယ်ဓားပြတွေကို နှိမ်နင်းဖို့က အုပ်ချုပ်ရေးအဖွဲ့ရဲ့ကိစ္စလေ...ငါတို့နဲ့ ဘာမှမဆိုင်ဘူး"

"ဒါက အမှန်ပဲ...ခေါင်းဆောင်တပ်မှူး....ငါတို့ရဲ့ဂိုဏ်းက အားနည်းတယ်....အသက်ရှင်သန်ဖို့တောင် ငါတို့အတွက်မလွယ်ဘူး...ကျေးဇူးပြုပြီးတော့ ငါတို့ကို သနားညှာတာတဲ့အနေနဲ့ အလွတ်ပေးပါလား"

ဂိုဏ်းချုပ်တချို့က မတ်တတ်ထရပ်၍ အသနားခံတောင်းပန်လိုက်ကြသည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ မင်းတို့က မပူးပေါင်းနိုင်ဘူးဆိုရင်.....ငါက မင်းတို့ကို သတ်ရလိမ့်မယ်"

ဤဂိုဏ်းချုပ်များ၏စောဒကတက်သံများကို သူ နားထောင်ရန် ရည်ရွယ်မထားချေ။

ဤသည်မှာ သူတို့အား ရှေ့ထွက်စေရန် သူ အတင်းအကြပ်တွန်းပို့လိုက်သော အမိန့်ပင်။

အကယ်၍ သူသည် ဤလူများကိုဆွဲမသွင်းပါက လေဟာနယ်ကြယ်ဓားပြများကို အမြစ်ပြတ်သုတ်သင်ရန် အချိန်ကျလာပါက သူတို့သည် မည်သည့်အင်အားစိုက်ထုတ်မှုမျိုးမျှ မပြုလုပ်မည်ကို သူ စိုးရိမ်မိသည်။ထိုအစား သူတို့သည် သူ၏နောက်ကွယ်၌ လှည့်စားမှုတချို့ကိုပင် ပြုလုပ်နေပေလိမ့်မည်။

လုယွီသည် လေဟာနယ်ကြယ်ဓားပြများကိုနှိမ်နင်းရာ၌ ဤလူများ အင်တိုက်အားတိုက်ပါဝင်လာရန် ရည်ရွယ်မထားချေ။သူသည် သူတို့၏စိတ်သဘောထားကို ထုတ်ပြစေလိုခြင်းသက်သက်ပင်။သူတို့သည် ဆက်လက်၍ မြစ်တစ်ဖက်ကမ်းမှ စောင့်ကြည့်နေကြမည်လော သို့မဟုတ် သူတို့သည် တော်ဝင်နန်းတွင်းနှင့်တစ်ဖက်တည်းတွင် ရပ်တည်မည်လော။

"ဟား ဟား ဟား...အရှင်တပ်မှူး...မင်း ဒီနေရာမှာပဲ ဆက်နေပြီးတော့ အမိန့်ထုတ်ပြန်နေလိုက်ပါ...ငါ အရင်ဆုံးထွက်သွားတော့မယ်"

ထိုအချိန်မှာပင် ထက်ရှသောမျက်ခုံးရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက်သည် မတ်တတ်ထရပ်လိုက်၏။သူသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လုယွီကိုပြောဆိုကာ နောက်သို့ချာခနဲလှည့်ပြီး ခန်းမအတွင်းမှထွက်ခွာသွားတော့သည်။

ထိုလူလတ်ပိုင်းကြီး၏နောက်တွင် ဓားရှည်တစ်လက်ရှိသည်။သူသည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေသော ဓားသမားတစ်ယောက်ပုံစံရှိကာ အင်မောတယ်တစ်ယောက်အလား မျောလွင့်ပေါ့ပါးနေသည်။

"သူက ရှေးဟောင်းဓားမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်အရှင်ပဲ"

"သူ့မှာ ယုံကြည်ချက်အခိုင်အမာရှိနေတာကြောင့် သူက ထွက်သွားဝံ့တာပဲ...ဘယ်လိုပဲဖြစ်ဖြစ် သူက မြင့်မြတ်နယ်မြေတစ်ခုရဲ့မြင့်မြတ်အရှင်ပဲလေ....သူက တော်ဝင်နန်းတွင်းရဲ့အရာရှိတွေနဲ့ ရင်ဆိုင်ရရင်တောင် ထိတ်လန့်ကြောက်ရွံမှာမဟုတ်ဘူး"

ရှေးဟောင်းဓားမြင့်မြတ်နယ်မြေအရှင် ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်တွင် တချို့လူများသည် ထူးဆန်းသည်ဟုမခံစားရချေ။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ အချိန်အတော်ကြာသည်အထိ လက်ဆင့်ကမ်းဆင်းသက်လာသောအဆင့်မြင့်ဂိုဏ်းများကို မြင့်မြတ်နယ်မြေများဟုခေါ်သည်။

မြင့်မြတ်နယ်မြေတစ်ခုစီတိုင်းတွင် သူတို့၏ကိုယ်ပိုင်အမွေအနှစ်များ ရှိရုံသာမက သာမာန်ဂိုဏ်းငယ်များထက် များစွာပို၍အစွမ်းထက်သော ကျင့်ကြံသူအမြောက်အများရှိသည်။

ဤရှေးဟောင်းဓားမြင့်မြတ်နယ်မြေသည် သူတို့၏ကိုယ်ပိုင်အင်အားဖြင့် လုယွီကို စိန်ခေါ်ဝံ့သောသတ္တိမျိုးရှိသည်မှာ သိသာထင်ရှားလှ၏။

Chapter 3538

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းသည် လုယွီကို စောင့်ကြည့်နေကာ သူ မည်ကဲ့သို့ရင်ဆိုင်ဖြေရှင်းမည်ကို တွေ့မြင်လိုကြသည်။

လုယွီသည် ဤကိစ္စကို အနည်းငယ်မျှပင် ဂရုမစိုက်သည့်အလား သူ၏လက်ချောင်းများဖြင့် ထိုင်ခုံလက်ရန်းကို တတောက်တောက်ခေါက်နေသည်။

"ဒီနေရာကနေ ထွက်သွားချင်တဲ့ တခြားလူတွေ ရှိနေသေးလား"

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ဤအကြည့်ဖြင့် ထိတွေ့မိသော မည်သည့်ဂိုဏ်းချုပ်မဆို သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။

သူတို့၏အင်အားသည် ထိုမြင့်မြတ်နယ်မြေထက် များစွာပို၍နိမ့်ကျသည်။ထို့ကြောင့် သူတို့ထံတွင် ရှေ့ထွက်၍ လုယွီ၏အမိန့်ကိုဆန့်ကျင်ဝံ့သောသတ္တိမျိုးမရှိချေ။

"မင်းတို့ ဘာတွေကြောက်နေကြတာလဲ...အော် ဟုတ်သားပဲ...အရှင်တပ်မှူး...ငါ မင်းကို သတိပေးဖို့လိုတဲ့ ကိစ္စတစ်ခုရှိသေးတယ်...ရေအင်မော်တယ်ဂိုဏ်းက မြင့်မြတ်နယ်မြေဆယ့်နှစ်ခုကိုစုဝေးပြီးတော့ မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးပြီ...အခုချိန်ကနေစပြီးတော့ ပြင်ပဂိုဏ်းအင်အားစုတွေရဲ့ အရေးကိစ္စတွေအားလုံးကို ငါတို့ကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းတော့မယ်...ငါတို့က အုပ်ချုပ်ရေးကိစ္စတွေကို ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး...မင်းရဲ့တာဝန်ကို လွှဲပြောင်းယူပြီးတာနဲ့ မင်းရဲ့ကိစ္စတွေကိုပဲ မင်းဂရုစိုက်ပါ...တခြားသူတွေရဲ့ကိစ္စမှာ ဝင်မရှုပ်ပါနဲ့"

အရှေ့တံခါးမှ လျှောက်လှမ်းထွက်နေသော ရှေးဟောင်းဓားနယ်မြေအရှင်သည် ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်ကာ အေးစက်စက်အပြုံးနှင့်ပြောဆိုသည်။

ဤသည်မှာ လူတိုင်းသိရှိထားသော ကိစ္စတစ်ခုပင်။

လက်ဝဲစစ်တပ်နယ်မြေအတွင်းတွင် ဂိုဏ်းအင်အားစုအမြောက်အများရှိသည်။မြင့်မြတ်နယ်မြေအရှင်များအပြင် ဤနေရာသို့မလာရောက်သည့် ဂိုဏ်းချုပ်တချို့လည်းရှိနေသည်။

ထိုလူများသည် ရေအင်မော်တယ်ဂိုဏ်းသို့သွားကြခြင်းဖြစ်သည်။

ယခင်ရက်အနည်းငယ်အတွင်းတွင် ရေအင်မော်တယ်ဂိုဏ်းသည် အလဟဿနေနေခြင်းမရှိချေ။သူတို့သည် မြင့်မြတ်နယ်မြေများနှင့်ဂိုဏ်းများကိုစုစည်း၍ မဟာမိတ်အဖွဲ့တစ်ခုကိုဖွဲ့စည်းရန် ကြိုးပမ်းနေခဲ့သည်။

သူတို့သည် ပြင်ပကျင့်ကြံခြင်းလောက၏ အရေးကိစ္စများကိုသာ စီမံခန့်ခွဲမည်ဟု ပြောဆိုသော်လည်း ဤသည်မှာ အုပ်ချုပ်ရေးအဖွဲ့ကိုပစ်မှတ်ထား၍ ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လူတိုင်းသိရှိပေ၏။

"အော်...အဲ့ဒီလိုလား...ဒါဆိုရင် မင်းတို့က ငါ့ရဲ့အမိန့်ကို မလိုက်နာဘူးဆိုတဲ့သဘောလား"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ငါ မင်းတို့ကို မေးပါရစေ...မင်းတို့က အုပ်ချုပ်ရေးအဖွဲ့ရဲ့အမိန့်တွေကို လိုက်နာချင်လား ဒါမှမဟုတ် မလိုက်နာချင်ဘူးလား"

ရှေးဟောင်းဓားနယ်မြေအရှင်က အေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။

"လူငယ်တပ်မှူးတစ်ယောက်က လက်ဝဲစစ်တပ်နယ်မြေကို ရောက်လာမယ်လို့ လူတိုင်းပြောနေကြတယ်...မင်းက အသက်ငယ်ရွယ်ပြီးတော့ ကလေးကလားဆန်တယ်...မင်းက ဝမ်မူကျီးကို ရှင်းထုတ်နိုင်တာနဲ့ပဲ လက်ဝဲစစ်တပ်နယ်မြေထဲမှာ မင်း လုပ်ချင်သလိုလုပ်လို့ရပြီလို့ထင်နေတာလား...မင်းက အရမ်းနုံအတာပဲ...ငါ ဒီနေ့ ဒီနေရာကိုလာခဲ့တာက မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ပဲ....ငါ့ကို မင်း အမိန့်ပေးဖို့ဆိုတာကိုတော့ စဥ်းတောင်မစဥ်းစားနဲ့"

ထိုသို့ပြောဆိုပြီးနောက် ဓားနယ်မြေမြင့်မြတ်အရှင်သည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။

သူသည် မြင့်မြတ်နယ်မြေတစ်ခု၏အရှင်သခင်ဖြစ်သဖြင့် အမြဲတစေ မောက်မာဝံ့ကြွားကာ ကြီးကျယ်ခမ်းနားသူတစ်ယောက်ဖြစ်သည်။ယနေ့ ဤနေရာတွင် သူ ထွက်ပေါ်လာခြင်းသည် လုယွီ၏ရာထူးအဆင့်အပေါ် ရိုသေလေးစားမှုကို ပြသခြင်းပင်။သို့ရာတွင် အကယ်၍ လုယွီသည် သူ့အား အမိန့်များပေးအပ်လိုပါက စိတ်ကူးယဥ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

လုယွီက ပြောဆိုလိုက်၏။

"ငါ အရင်က ပြောပြီးပြီ...အမိန့်ကိုနားမထောင်တဲ့ ဘယ်သူမဆို နေရာမှာတင် သတ်ဖြတ်ခံရမယ်"

ထိုနောက်ဆုံးစကားလုံးအနည်းငယ်တွင် လုယွီ၏အသံသည် မိုးခြိမ်းသံအလား သူ၏ရင်ဘတ်မှပွင့်အံ့ထွက်သွားသည်။ဤအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ နားအူလုမတတ်ပင်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် တုန်လှုပ်ချောက်ချားဖွယ်အသံကြောင့် ကြက်သေသေသွားတော့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...နတ်ဘုရားနဂါးဟိန်းသံ.....

အသံလှိုင်းများ ပဲ့တင်ထပ်ပျံ့နှံ့သွားခြင်းနှင့်အတူ လုယွီ၏ထိုင်ခုံမှနေ၍ အနက်ရောင်အရိပ်တစ်ရိပ် ပျံသန်းထွက်လာသည်ကို လူတိုင်းတွေ့မြင်မိလေ၏။

ယခုကြည့်ကြည့်တော့မှ လုယွီသည် သူ၏လက်ကိုမြှောက်သည့် လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ခြင်းပင်။

မှော်စွမ်းအားများသည် လေဟာနယ်အတွင်း၌ ကြီးမားသောလက်တစ်ဖက်အဖြစ် ဖွဲ့စည်းသွားသည်။ဤလက်ကြီးသည် ဖြန့်ကားလာပြီးနောက် ရှေးဟောင်းဓားနယ်မြေသခင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

"ရယ်စရာကောင်းလိုက်တာ...ငါ့ကို အကြီးအကဲအရိုးစုလိုမျိုး အမှိုက်တစ်ကောင်လို့ မင်းကထင်နေတာလား"

ရှေးဟောင်းဓားနယ်မြေအရှင်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။သူသည် ချာခနဲနောက်ပြန်လှည့်ကာ သူ၏နောက်ကျောရှိဓားရှည်ကို ဆွဲထုတ်လိုက်သည်။

သူသည် ဤကဲ့သို့ပြုလုပ်ဝံ့သဖြင့် လုယွီ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်ဟု သူ့ထံတွင် အခိုင်အမာယုံကြည်ချက်ရှိနေသည်မှာ သိသာထင်ရှားသည်။

မြင့်မြတ်နယ်မြေတစ်ခု၏အရှင်သခင်ဖြစ်သော မြင့်မြတ်ဓားနယ်မြေအရှင်၏စွမ်းအားသည် အလွန်ကောင်းမွန်ပေ၏။ရွှယ်အင်မော်တယ်များအကြား၌ သူ၏စွမ်းအားကို ထိပ်တန်းအဆင့်၌ရှိသည်ဟု ယူဆနိုင်သည်။

မြင့်မြတ်ဓားနယ်မြေအရှင်၏လက်အတွင်းရှိ ဓားမှနေ၍ ရုတ်တရက် ကြေးနီရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ထို့နောက် ဓားတစ်ချောင်းလုံးကြီးမားပြန့်ကားလာကာ မီတာသုံးဆယ် လေးဆယ်ခန့်ရှည်သော ဓားကြီးတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ရှေးဟောင်းဓားနယ်မြေအရှင်သည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ သူ၏လက်အတွင်းမှဓားဖြင့် လုယွီကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်၏။

ကြီးကျယ်ခမ်းနားသောဓားချီနှင့် လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ ပြင်းထန်စွာ ဖီလာဆန့်ကျင်ရိုက်ခတ်သွားတော့သည်။

Chapter 3539

ဘုန်း....

ကျယ်လောင်သောဆူညံသံတစ်သံနှင့်အတူ အစွမ်းထက်သောမှော်မန္တန်နှစ်ခုသည် နောက်ဆုံးတွင် လေထုအတွင်း၌ ထိတွေ့မိလေ၏။

ရှေးဟောင်းဓားနယ်မြေအရှင် ဖြန့်ကျက်လိုက်သောဓားချီသည် လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးနှင့် ထိတွေ့မိသည်နှင့် ကြေမွှပျက်စီးသွားမည်ဟု မည်သူကတွေးထင်မိမည်နည်း။ထိုဓားချီသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားကာ မည်သည့်အရာမျှ မကျန်ရှိခဲ့တော့ချေ။

ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးပြီးနောက် ရှေးဟောင်းမြင့်မြတ်ဓားနယ်မြေအရှင်၏ လက်အတွင်းမှဓားသည်လည်း အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

သူကိုယ်တိုင်သည်လည်း လက်ဝါးပုံရိပ်ယောင်ကြီး၏ရိုက်ခတ်ခြင်းကို ခံရပြီးနောက် မြေပြင်ပေါ်သို့လဲကျကာ သူ၏ပါးစပ်မှသွေးများ အဆက်မပြတ် အန်ထွက်နေသည်။

အချိန်တခဏကြာပြီးနောက် မြင့်မြတ်ဓားနယ်မြေအရှင်၏ခန္ဓာကိုယ်သည် လှုပ်ရှားမှုမရှိတော့ဘဲ သူသည် ငေးကြောင်ကြောင်အမူအယာဖြင့် မျက်နှာကျက်ကို စိုက်ကြည့်နေလေ၏။

သူ သေဆုံးသွားလေပြီ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုဂိုဏ်းချုပ်များသည် မူလက ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်လိုသော်လည်း ဤလူနှစ်ယောက်ကြားရှိတိုက်ပွဲသည် အလွန်လျှင်မြန်စွာပြီးဆုံးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်မှာ လက်ဝါးရိုက်ချက်တစ်ခုမျှသာပင်။

မြင့်မြတ်နယ်မြေတစ်ခု၏အရှင်သခင်သည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရသလော...

ဂိုဏ်းချုပ်တချို့သည် ယခင်က လုယွီ၏အသက်ငယ်ရွယ်ခြင်းနှင့် အတွေ့အကြုံနုနယ်ခြင်းတို့ကြောင့် အထင်အမြင်သေးနေကြသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီအပေါ်ကြည့်သော သူတို့၏အမြင် ပြောင်းလဲသွားကာ သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ခွန်အားသည်သာအရာရာပင်။အကယ်၍ လုယွီထံတွင် လုံလောက်သောခွန်အားသာမရှိပါက မည်သူကမျှ သူ၏အမိန့်ကိုနာခံမည်မဟုတ်ချေ။

"တခြားသူတွေမှာရော ကန့်ကွက်စရာတစ်ခုခုရှိသေးလား"

လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းချုပ်များအားလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တိတ်ဆိတ်ငြိမ်သက်နေကာ မည်သူမျှ စကားတစ်ခွန်းမဆိုဝံ့ချေ။

လုယွီက ဆက်လက်၍ပြောဆိုသည်။

"အတိတ်မှာ...ဝမ်မူကျီးနဲ့မင်းတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး...ငါ ပြောတာတွေက အမိန့်ပဲ...မင်းတို့နဲ့ ဆွေးနွေးညှိနှိုင်းနေတာမဟုတ်ဘူး...မင်းတို့ နားလည်ကြလား"

"ဒီနေ့ကနေစပြီးတော့ မင်းတို့ပေးရမယ့် အခွန်အခတွေကိုစုဆောင်းဖို့ ငါ မင်းတို့ကို တစ်လအချိန်ပေးမယ်....တကယ်လို့ မင်းတို့က ဒီအခွန်အခတွေကို မပေးနိုင်ဘူးဆိုရင် မင်းတို့ရဲ့ဂိုဏ်းတွေကို ဖျက်သိမ်းမယ်...မဟုတ်ရင် တော်ဝင်စစ်တပ်ရောက်လာတာနဲ့ မင်းတို့အားလုံး ပြာပုံဘဝအနေနဲ့ပဲ ကြွင်းကျန်လိမ့်မယ်"

လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းချုပ်များသည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် ခါးသည်းသောအပြုံးမျိုးထင်ဟပ်လာသည်။

တော်ဝင်နန်းတွင်းသည် ဂိုဏ်းများအပေါ်တွင် ကြီးလေးသောအခွန်အခကို စည်းကျပ်ထားလေ၏။

ထို့ကြောင့် ဂိုဏ်းများသည် အခွန်အခများပေးသွင်းခြင်းကို ရှောင်လွှဲနိုင်ရန်အလို့ငှာ ဝမ်မိသားစုထံသို့ ဆက်ကြေးများပေးနေရသည်။

ရှီးလျန်ကြယ်နယ်မြေတစ်ခုလုံး ဝမ်မိသားစု၏အမိန့်ကို လိုက်နာကြရသည်။ထို့ကြောင့် ဝမ်မိသားစုမှအမိန့်ပေးလိုက်သည်နှင့် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်သည် ထိုဂိုဏ်းများ၏အခွန်အခများအပေါ် စုံစမ်းစစ်ဆေးခြင်းမပြုချေ။

နောက်ဆက်တွဲအနေဖြင့် လက်ဝဲစစ်တပ်နယ်မြေမှနေ၍ တော်ဝင်နန်းတွင်းမှ သိမ်းဆည်းရရှိသောအခွန်အခများ တစ်နှစ်ထက်တစ်နှစ် ပို၍လျော့နည်းလာသည်။အမှန်အားဖြင့် ငွေကြေးအများစုသည် ဝမ်မိသားစု၏ဘဏ္ဍာတိုက်အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

"အဆင်ပြေပါတယ်...ဒါက ငွေလေးသက်သက်ပဲ"

ဂိုဏ်းချုပ်အများစုသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။

ဤသည်မှာ ကြီးလေးသောအခွန်အခဖြစ်သော်လည်း သူတို့ ပေးဆောင်နိုင်သောအတိုင်းအတာအတွင်း၌ရှိနေသည်။

သူတို့၏ဂိုဏ်းများ ဖျက်ဆီးမခံရသရွေ့ အရာအားလုံး အဆင်ပြေပေလိမ့်မည်။

"အရှင်တပ်မှူးက ရယ်စရာပြောနေပြန်ပြီ....ဒါက ငါတို့ပေးသင့်တဲ့အရာပဲလေ...အရင်က ဝမ်မူကျီးရဲ့လှည့်စားတာကိုခံရတာကြောင့် ငါတို့က တော်ဝင်နန်းတွင်းအပေါ် ပေးဆောင်ရမယ့်အခွန်အခတွေကို အကြွေးတင်နေတာပါ...ဒီတစ်ကြိမ်မှာ ငါတို့က သေချာပေါက်ပြန်ဆပ်ရမှာပေါ့"

"ဟုတ်တာပေါ့...ဒါကအမှန်ပဲ...ငါတို့အားလုံးက တော်ဝင်နန်းတွင်းအတွက် အလုပ်လုပ်ပေးနေတာပဲလေ....တော်ဝင်နန်းတွင်းရဲ့စည်းမျဥ်းတွေကို ငါတို့က လိုက်နာရမှာပေါ့"

"ရှေးဟောင်းဓားနယ်မြေရဲ့အရှင်သခင်က သေလမ်းရှာခဲ့တာပဲ...သူက အရှင်တပ်မှူးကိုတောင် ရန်စစော်ကားဝံ့တယ်....သူ ဒီနေ့လိုသတ္တိမျိုး ဘယ်နေရာကနေရလာတာလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး"

ဂိုဏ်းချုပ်တချို့သည် အလျှင်အမြန်ဖြင့် ထိတ်ထိတ်ပျာပျာ ပြောဆိုလိုက်ကြ၏။

လုယွီသည် ဤကပ်ဖားရပ်ဖားပြောဆိုသောစကားများကို များစွာအရေးစိုက်နေခြင်းမရှိချေ။

သူက တည်ငြိမ်စွာ ပြောဆိုသည်။

"ရှေးဟောင်းဓားနယ်မြေ မြင့်မြတ်နယ်မြေက အခုချိန်ကနေစပြီးတော့ တော်ဝင်နန်းတွင်းရဲ့အပိုင်ပဲ...တပည့်တွေအားလုံးကို ဖျက်သိမ်းမယ်....အဲ့ဒီမြင့်မြတ်နယ်မြေရဲ့ပိုင်ဆိုင်မှုတွေအားလုံး အုပ်ချုပ်ရေးအဖွဲ့ရဲ့အပိုင်ဖြစ်သွားပြီ...ငါက လူတွေကိုစေလွှတ်ပြီးတော့ စောင့်ကြည့်ခိုင်းထားမှာမလို့...မင်းတို့တွေအားလုံး အချိန်အတိုင်းအတာတစ်ခုထိ ရှေးဟောင်းဓားနယ်မြေကို တိုက်စားဖို့ မစဥ်းစားကြနဲ့အုံး"

လုယွီ၏စကားကြောင့် လက်ဦးမှုယူ၍လှုပ်ရှားရန် ကြံရွယ်နေကြသူများအားလုံး ကြက်သေသေသွားသည်။

လူတချို့သည် ရှေးဟောင်းဓားနယ်မြေအရှင် သေဆုံးသွားသည်အား မြင်တွေ့ချိန်တွင် သူတို့သည် အခြေအနေကိုအခွင့်ကောင်းယူ၍ ရှေးဟောင်းဓားနယ်မြေ၏ချမ်းသာကြွယ်ဝမှုများကို လုယက်ရန် ကြံရွယ်ခဲ့ကြ၏။

သို့ရာတွင် လုယွီ ဤကဲ့သို့ပြောဆိုလာသဖြင့် သူတို့ ထိုသို့လုပ်ဆောင်ရန်မှာ မဖြစ်နိုင်တော့ချေ။

Chapter 3540

"ဟုတ်ကဲ့ပါ အရှင်တပ်မှူး"

ယခုလက်ရှိနေရာတွင်ရှိနေသော တပ်မှူးများအားလုံး ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။

ရှေးဟောင်းဓားနယ်မြေအရှင်သည် သူတို့၏ရှေ့၌ သေဆုံးသွားခဲ့ခြင်းပင်။ယခင်က မည်မျှထိ ထင်ရာစိုင်းပြီးမောက်မာဝံ့ကြွားသော ဂိုဏ်းချုပ်ဖြစ်နေပါစေ သူတို့၏မြေခွေးအမြှီးများကိုဝှက်ကာ အလွန်အမင်းရိုသေလေးစားစပြုလာသည်။

"ဒါက မသင့်လျော်မှာကို ငါ စိုးရိမ်မိတယ်...တကယ်လို့ အကျိုးအမြတ်တွေအားလုံးကို မင်းတို့တော်ဝင်နန်းတွင်းက ယူသွားမယ်ဆိုရင်...ဒီနှစ်တွေအတွင်းမှာ ငါတို့ဂိုဏ်းအင်အားစုတွေရဲ့ အင်အားစိုက်ထုတ်မှုတွေအားလုံး အချည်းနှီးဖြစ်သွားမှာ မဟုတ်လား"

ရုတ်တရက် အေးစက်စက်ရယ်မောသံတစ်သံက တံခါးထံမှ ထွက်ပေါ်လာသည်။

လူတိုင်း အံ့အားသင့်သွားကြကာ တံခါးဝထံသို့ လှမ်းကြည့်လိုက်ကြ၏။

ရှေးဟောင်းဓားနယ်မြေအရှင်၏သေဆုံးသွားခြင်းသည် သူတို့၏ရှေ့၌ ဥပမာအဖြစ် လောလောလတ်လတ်ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးကို အခက်တွေ့စေရန် မည်သူက ပြဿနာလာရှာဝံ့သနည်း။

ဒုန်း....ဒုန်း...

ရုတ်တရက် လေးလံသောအရာဝတ္ထုများ မြေပြင်နှင့်ရိုက်ခတ်မိသော အသံမျိုးကို ကြားလိုက်ရသည်။

တံခါး၏ပြင်ပ၌စောင့်ကြပ်နေသော အစောင့်များ ရုတ်တရက် သတိလစ်မေ့မျောသွားကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသောအသံများပင်။

ပြင်ပမှနေ၍ အေးစက်စက်ယင်ချီများက ရုတ်တရက် မျောလွင့်လာသည်။

မူလက ကျယ်ဝန်းပြီးတောက်ပသော အရံခန်းမသည် ယမမင်း၏ပင်မခန်းမအလား ရုတ်တရက် မှုန်မှိုင်းပြီးအေးစက်သွားပေ၏။

အရံခန်းမ၏တံခါးနှင့် နီးကပ်စွာရှိနေသော ဂိုဏ်းချုပ်များ၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။သူတို့၏ခန္ဓာကိုယ်များကို ကာကွယ်နိုင်ရန်အလို့ငှာ မှော်စွမ်းအားများကို အလျှင်အမြန်လှည့်ပတ်၍ ခန်းမအတွင်းသို့ချဥ်းနင်းဝင်ရောက်လာသော ယင်ချီများကို ဟန့်တားလိုက်ကြသည်။

"နေ့လည်ခင်းကြောင်တောင်မှာ ဘယ်သူက လက်ဝဲစစ်တပ်ရုံးတော်ထဲကို ကျုးကျော်ပြီးဝင်လာဝံ့တာလဲ"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားကာ သူက ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်၏။မြင့်မြတ်သောအရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ သူ့ရှေ့ရှိ ယင်ချီများကို ပျက်ပြယ်သွားစေသည်။

အနက်ရောင်ယင်ချီများသည် ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားပြီးနောက် အတွင်း၌ ဖုံးကွယ်နေသော လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။

ဤသည်မှာ မောက်မာဝံ့ကြွားပြီးအေးစက်စက်မျက်နှာရှိသည့် အသက်နှစ်ဆယ်အရွယ်ခန့် လူငယ်တစ်ယောက်ပင်။သူ့ထံတွင် ရှည်လျားပြီးနှင်းကဲ့သို့ဖြူဆွတ်သောဆံပင်များရှိကာ အစိမ်းရင့်ရောင် မျက်လုံးတစ်စုံရှိပြီး သူ၏မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အမှတ်အသားတစ်ခု ရှိနေလေ၏။သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း နတ်ဆိုးဆန်သည်။

ထိုလူငယ်သည် ပွယောင်းသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူသည် ပတ်ဝန်းကျင်တွင် မည်သူမျှရှိမနေသည့်အလား ခန်းမ၏အလယ်သို့ လျှောက်လှမ်းလာကာ လုယွီနှင့်ဆယ်မီတာခန့်အကွာတွင် ရပ်တန့်လိုက်၏။

"မင်းက ဘယ်သူလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်မူကျီးဖြစ်စေ အဆင့်မြင့်အကြီးအကဲအရိုးစုဖြစ်စေ သူတို့၏သွေးချီများသည် သူ့ရှေ့ရှိလူငယ်လောက် အားကောင်းခြင်းမရှိချေ။

သူတို့အားလုံးသည် ရွှယ်အင်မော်တယ်များဖြစ်သော်လည်း ဤလူငယ်၏ကျင့်ကြံဆင့်ကို မိုးကြိုးဝေလအမတ်ကြီးရှားဟိုလီနှင့် နှိုင်းယှဥ်နိုင်သည်။

ဤလူငယ်သည် ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

ထိုလူငယ်သည် မြေပြင်ပေါ်၌ မတ်တတ်ရပ်နေပြီး မည်သည့်အရာမျှ မပြုလုပ်သည့်တိုင် အရံခန်းမ၏လေဟာနယ်တစ်ခုလုံးကို သက်ရောက်နေသည်။

ပြောရမည်ဆိုလျှင် ဤလူငယ်၏အတွေးတစ်ချက်ဖြင့်ပင် အနည်းဆုံးအနေဖြင့် ခန်းမအတွင်း၌ရှိနေသောဂိုဏ်းချုပ်များ၏တစ်ဝက်နီးပါး နေရာမှာပင် သေဆုံးသွားနိုင်သည်။

"ငါက အထွတ်အထိပ်ဂိုဏ်းခေါင်းဆောင် လန်ဝူရှင်း...လက်ဝဲစစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးက ထင်ရှားကျော်ကြားတဲ့နောက်ခံရှိပြီးတော့ ထူးချွန်ထက်မြက်တဲ့ခွန်အားရှိတယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် ငါက အခုဒီနေရာကိုလာပြီးတော့ မင်းကို စိန်ခေါ်တာပဲ"

လူငယ်က အေးစက်စက်လေသံဖြင့်ပြောဆိုသည်။

သူ ထိုသို့ပြောဆိုလိုက်သည်နှင့် ယခုလက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းချုပ်အများစုထံတွင် ထိတ်လန့်ကြောက်ရွံသော အမူအယာများ ထင်ဟပ်လာသည်။

ထိုလူငယ်နှင့်နီးကပ်သောနေရာတွင် ရှိနေသူများသည် ဆက်လက်၍ထိုင်မနေဝံ့တော့ချေ။သူတို့သည် သူတို့၏ထိုင်ခုံများမှ မတ်တတ်ထရပ်ကာ အလျှင်အမြန်နောက်သို့ဆုတ်ခွာလိုက်ကြ၏။

လက်ဝဲစစ်တပ်နယ်မြေ၏အဓိကအင်အားစုကြီးသုံးစုမှ မည်သည့်ဂိုဏ်းချုပ်မဆို ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဝိုးတဝါးသာတွေ့မြင်ရသော တည်ရှိမှုကြီးများဖြစ်သည်။

လန်ဝူရှင်းသည် ငယ်ရွယ်သော်လည်း သူသည် နတ်ဆိုးဂိုဏ်း၏နံပါတ်တစ်ပါရမီရှင်ဖြစ်ခဲ့သူပင်။

ကောလဟာလများအရ သူသည် အသက်ငယ်ရွယ်စဥ်ကပင် သူ၏နာမည်ကို ကျော်ကြားအောင်လုပ်နိုင်ခဲ့ကာ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး၏ အတောက်ပဆုံးလူငယ်ပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့သည်။

အတိတ်တွင် သူသည် မိသားစုကြီးတစ်စုမှ ဆင်းသက်လာကာ သူ၏မိဘနှစ်ပါးလုံးသည် အလွန်အမင်းအစွမ်းထက်သော ကျင့်ကြံသူများဖြစ်ပေ၏။

သို့ရာတွင် သူ့အတွက် အချိန်ကောင်းများသည်ကြာရှည်မခံခဲ့ချေ။ကောင်းကင်ဘုံနယ်မြေအတွင်း၌ ရန်ငြိုးများ သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည်။လန်ဝူရှင်း၏မိဘများသည် ရန်သူများ၏သတ်ဖြတ်ခြင်းကိုခံရကာ သူ၏မိသားစုတစ်စုလုံး ဖျက်ဆီးခံရပြီး သွေးများက မြစ်ပြင်တမျှ စီးဆင်းနေခံ့သည်။ငယ်ရွယ်သေးသောလန်ဝူရှင်းသည် မြောက်မြားစွာသောအလောင်းများအကြားမှ တွားသွား၍ထွက်လာခဲ့သူပင်။ထို့နောက် သူသည် လူမြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

သူ ပြန်လည်ရောက်ရှိလာစဥ်တွင် အချိန်ဆယ်နှစ်ကျော် ကြာမြင့်နေလေပြီ။

ယခုလက်ရှိအချိန်တွင် လန်ဝူရှင်းသည် နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားရုံသာမက သူ၏တိုက်ခိုက်မှုများသည် အလွန်အမင်း ရက်စက်ကြမ်းတမ်းပေ၏။

All Chapters