အခန်း (၃၅၄၁-၃၅၄၅)
Vol. 180 Ch. 3541-3545
Chapter 3541
လန်ဝူရှင်းသည် ပထမဆုံး သူ၏လန်မိသားစုကို သတ်ဖြတ်ခဲ့သော လက်သည်တရားခံကို စုံစမ်းစစ်ဆေးခဲ့သည်။
လူတစ်ရာကျော်ခန့်ကို မှားယွင်း၍သတ်ဖြတ်ပြီးနောက် လန်ဝူရှင်းသည် နောက်ဆုံး၌ သူ၏ရန်သူကို ရှာတွေ့ခဲ့လေ၏။သူသည် ထိုရန်သူကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။ထို့ပြင် လန်ဝူရှင်းသည် သူ့ရန်သူ၏မိသားစုဝင်များအားလုံးကိုလည်း အရက်စက်ဆုံးနည်းလမ်းများနှင့် သတ်ဖြတ်ခဲ့ကာ အဖိုးအိုများမှစ၍ ကလေးငယ်များအထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်မပေးခဲ့ချေ။
မိသားစု၏သွေးကြေးရန်ငြိုးကို ဖြေရှင်းပြီးနောက် လန်ဝူရှင်းသည် ရပ်တန့်သွားခြင်းမရှိချေ။
သူ၏အကြည့်သည် လောကကြီးတခွင်လုံးရှိ အစွမ်းထက်ကျင့်ကြံသူများပေါ်သို့ ကျရောက်သွားကာ ထိုလူများကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ခဲ့သည်။
ဤလန်ဝူရှင်းသည် တိုက်ပွဲအရူးတစ်ယောက်ပင်။သူနှင့်တိုက်ခိုက်ခဲ့ဖူးသော လူအမြောက်အများရှိသည်။တစ်ဖက်လူများသည် အကယ်၍ ညင်သာပေါ့ပါးပါက ထိုလူသည် အပြင်းအထန် ဒဏ်ရာရရှိသွားကာ အကယ်၍ ပြင်းထန်ပါက ထိုလူ၏အသက် သေဆုံးသွားပေမည်။မည်သူတစ်ဦးတစ်ယောက်မျှ အဆုံးသတ်မကောင်းကြချေ။ထို့ကြောင့် ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများအားလုံး လန်ဝူရှင်း၏နာမည်ကို ကြားသိထားပေ၏။သူတို့သည် သူ၏နာမည်ကိုကြားသည်နှင့် သူတို့၏ဂိုဏ်းများမှ တံခါးများကိုပိတ်ကာ ပြင်ပသို့ ထွက်မလာကြတော့ချေ။
လန်ဝူရှင်း နာမည်ကျော်ကြားလာသော အဓိကအချက်မှာ သူသည် အထွတ်အထိပ်ဂိုဏ်း၏တပည့်ဖြစ်လာပြီးနောက် မကြာမီမှာပင် ဂိုဏ်း၏သခင်လေးဖြစ်လာခြင်းပင်။
အထွတ်အထိပ်ဂိုဏ်းသည် မူလကတည်းက ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သဖြင့် ဂိုဏ်းဝင်တပည့်များအနက် အစွမ်းထက်ကျင့်ကြံသူများမှာ တိမ်စိုင်များကဲ့သို့ပေါများသည်။
အတိတ်ရှိဂိုဏ်းချုပ်ဟောင်းသည် တိုက်ပွဲတစ်ပွဲတွင် သူ၏ကျင့်ကြံခြင်းအခြေခံပျက်စီးသွားကာ သူ၏အသက်ကို တောင့်ခံနိုင်ရုံသာရှိတော့သဖြင့် အစားထိုးရန်အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေခဲ့ကြတော့သည်။
ထိုအချိန်မှာပင် ဂိုဏ်းချုပ်ဟောင်းသည် လန်ဝူရှင်းကို သခင်လေးအဖြစ် သတ်မှတ်ပေးခဲ့သဖြင့် သူသည် လူထု၏ပစ်မှတ်ဖြစ်လာသည်။
နေ့စဥ်နေ့တိုင်း အဆုံးမရှိသောရေစီးကြောင်းအလား လူပေါင်းထောင်သောင်းချီ၍ လန်ဝူရှင်းကို လာရောက်စိန်ခေါ်ကြလေ၏။
လန်ဝူရှင်းသည် တိုက်ခိုက်ရသည်ကို အလွန်ပျော်ရွှင်သူတစ်ယောက်ပင်။တစ်စုံတစ်ယောက်သည် သူ့အားလာရောက်စိန်ခေါ်ချိန်တိုင်း သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိ လက်ခံခဲ့သည်။
သို့သော် မကြာမီမှာပင် လန်ဝူရှင်းကိုလာရောက်စိန်ခေါ်သော လူဦးရေ တစ်ရက်ထက်တစ်ရက် ပို၍လျော့ပါးသွားသည်ကို လူများအားလုံး သတိပြုမိသွားသည်။
ဆန့်ကျင်ဘက်အနေဖြင့် လန်ဝူရှင်းနေထိုင်သော တောင်ကြားအတွင်းမှနေ၍ အေးစက်စက်သွေးညှီနံများ ထွက်ပေါ်လာသည်။
သတင်းစုံစမ်းရာ၌ ကောင်းမွန်သူတစ်ယောက်သည် ထိုနေရာသို့ခိုးဝင်ပြီး တစ်ချက်ကြည့်ကြည့်ရာ လန်ဝူရှင်း၏တံခါးရှေ့တွင် အလောင်းများပြည့်နှက်နေပြီး အရိုးများတောင်ပုံရာပုံဖြစ်နေကာ သွေးများမြစ်ပြင်တမျှစီးဆင်းနေသည်ကို တွေ့မြင်လိုက်ရသည်။
အထွတ်အထိပ်ဂိုဏ်း၏ပါရမီရှင်ဟု ခေါ်ဆိုခြင်းခံရသူများသည် လန်ဝူရှင်းကို ယှဥ်ပြိုင်နိုင်ရန်အတွက် အရည်အချင်းမလုံလောက်ခဲ့ချေ။
လန်ဝူရှင်း၏တိုက်ခိုက်မှုများသည် အလွန်ရက်စက်ကြမ်းတမ်းပေ၏။ဂိုဏ်းတူတပည့်များနှင့် ရင်ဆိုင်ရသည့်တိုင် သူသည် အနည်းငယ်မျှ နောက်တွန့်ခြင်းမရှိချေ။သူ့အား စိန်ခေါ်သူများအနက် အတော်အသင့်ထူးချွန်သည်ဟု ယူဆနိုင်သူများသည် အသက်ရှင်သန်သော်လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသည်။
အထွတ်အထိပ်ဂိုဏ်းမှ အကြီးအကဲများပင်လျှင် သူ့အားစိန်ခေါ်ရာ၌ မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ချေ။ထိုအစား သူတို့အနက်မှငါးယောက်သည် သေဆုံးသွားခဲ့လေ၏။
ဤအချိန်အခိုက်အတန့်တွင် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်မှာ ခွန်အား၏အပြည့်အဝခြိမ်းခြောက်လွှမ်းမိုးနိုင်မှုပင်။အထွတ်အထိပ်ဂိုဏ်းသည် မူလကတည်းက နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ဤဂိုဏ်းတွင် တခြားဂိုဏ်းများကဲ့သို့ ထုံးတမ်းစဥ်လာယဥ်ကျေးမှုများမရှိချေ။အရာအားလုံးသည် ခွန်အားပေါ်တွင်သာ အခြေခံပေ၏။လန်ဝူရှင်းသည် အသက်ငယ်ရွယ်သော်လည်း သူ ထုတ်ဖော်ပြသလိုက်သောခွန်အားကြောင့်...တခြားသူများသည် သူ့အားလေးစားကြည်ညိုရုံမှအပ တခြားရွေးချယ်စရာမရှိတော့ပေ။
အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်သေဆုံးသွားချိန်တွင် လန်ဝူရှင်းသည် ဂိုဏ်းချုပ်ဖြစ်လာကာ လက်ဝဲစစ်တပ်နယ်မြေ၏ နံပါတ်တစ်ပါရမီရှင်အဖြစ် လူသိများကျော်ကြားလာသည်။
သူအား လူငယ်ပါရမီရှင်တစ်ယောက်ဟုပင် မသတ်မှတ်ကြတော့ဘဲ လူငယ်မျိုးဆက်၏ဘုရင်ဟု ခေါ်ဆိုကြလေ၏။
အကြောင်းအရင်းမှာ လန်ဝူရှင်းသည် ထိပ်သီးအင်အားစုကြီးသုံးစုအနက်မှတစ်စု၏ ဂိုဏ်းချုပ်ဖြစ်သဖြင့် ဝမ်ခန်းကဲ့သို့လူငယ်သခင်လေးများနှင့် တူညီသောအဆင့်တွင် ရှိမနေတော့ချေ။
လန်ဝူရှင်းသည် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီးနောက် တိုက်ပွဲများကို ပို၍နှစ်ခြိုက်ခုံမင်လာခဲ့သည်။
ကောလဟာလများအရ အဓိကခုခံကာကွယ်မှုလေးနေရာရှိစစ်တပ်များမှ တပ်မှူးများပင်လျှင် ယခင်က လန်ဝူရှင်းနှင့်တိုက်ခိုက်ခဲ့ဖူးသည်ဟု ဆိုကြလေ၏။
နောက်ဆုံးရလဒ်များကို လူသိရှင်ကြား ထုတ်ပြန်ကြေငြာခြင်းမရှိသော်လည်း လန်ဝူရှင်းသည် အသက်ရှင်နေကာ ထိခိုက်ဒဏ်ရာရရှိမထားသည်ကိုကြည့်ခြင်းအားဖြင့် သူ အနိုင်ရရှိခဲ့သည်မှာ သိသာထင်ရှားသည်။
လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းချုပ်များအားလုံး လန်ဝူရှင်းနှင့်လုယွီတို့ကို စူးစိုက်၍ကြည့်လိုက်ကြသည်။
တစ်ဖက်တွင် လုယွီသည် ယခုနှစ်တော်ဝင်စာမေးပွဲ၏ထိပ်သီးကျောင်းတော်သားဖြစ်ကာ လက်ဝဲစစ်တပ်၏တပ်မှူးအဖြစ်ခန့်အပ်ခြင်းခံထားသူပင်။
တခြားတစ်ဖက်တွင် နတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ကာ ရှုံးပွဲမရှိသောပါရမီရှင်တစ်ယောက်ဖြစ်သည်။
နှစ်ဖက် တိုက်ခိုက်ကြပါက အဆုံးသတ်တွင် မည်သူအနိုင်ရရှိမည်ကို မည်သူမျှမသိနိုင်ချေ။
လုယွီသည် သူ၏လက်ချောင်းများဖြင့် ထိုင်ခုံလက်ရန်းကို တတောက်တောက်ခေါက်ကာ သူသည် လန်ဝူရှင်း၏နာမည်ဖြင့်ခြိမ်းခြောက်မှုကို အနည်းငယ်မျှ မခံရသည့်အလားပင်။
သူက လန်ဝူရှင်းကို ကြည့်လိုက်သည်။
"ငါ့ကိုစိန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူး...ဒါပေမယ့် မင်းက အထွတ်အထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်နေမှတော့ ငါတို့ယှဥ်ပြိုင်ပွဲက အပျော်သက်သက်တော့ မဖြစ်သင့်ဘူးမလား"
Chapter 3542
လုယွီသည် စိန်ခေါ်မှုကို လက်ခံလိုက်သလော...
ဂိုဏ်းချုပ်တချို့ ထိတ်လန့်တုန်လှုပ်သွားသည်။သို့ရာတွင် မကြာမီမှာပင် ဤသည်မှာ ရာစုနှစ်တစ်နှစ်၏အကြီးမားဆုံးတိုက်ပွဲဖြစ်နိုင်ကာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေရန်လုံလောက်ကြောင်း သူတို့အားလုံး သိနားလည်သွားသည်။
လန်ဝူရှင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ကောင်းတယ်...မင်းရဲ့ပွင့်ပွင့်လင်းလင်းပြောတဲ့စရိုက်ကို ငါ သဘောကျတယ်...မင်း ဘယ်လို လောင်းကြေးစားကြေးမျိုးကိုလိုချင်လဲ"
"ဒါက အရမ်းရိုးရှင်းပါတယ်...တကယ်လို့ ငါ အနိုင်ရရင် မင်းက ငါ့ရဲ့လက်အောက်မှာ နေရလိမ့်မယ်"
လုယွီ၏အသံက အရံခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လန်ဝူရှင်း၏မွေးရာပါပါရမီသည် အလွန်ထူးဆန်းကြောင်း သူ သိရှိထားပြီးလေပြီ။သူသည် ရှေးဟောင်းပါရမီရှင်တစ်ယောက်ပင်။
အကယ်၍ လုယွီသည် ရှေးဟောင်းကျင့်ကြံနည်းစနစ်များ၏ ကောင်းချီးပေးမှုကိုသာ မရရှိထားပါက ပါရမီအရည်အချင်းအရ သူ လန်ဝူရှင်းအား ယှဥ်ပြိုင်နိုင်ရန် လွန်စွာခက်ခဲပေမည်။
ဤလောကကြီးသည် လုံးလုံးလျားလျား တရားမျှတခြင်းမရှိချေ။အလွန်ကောင်းမွန်သောပါရမီကို ပိုင်ဆိုင်ထားသူဟူ၍ လူနည်းစုသာရှိသည်။သူတို့သည် တစ်ရက်ကျင့်ကြံရုံဖြင့် မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးပေါက်နိုင်ကာ သူတို့၏ကျင့်ကြံဆင့်သည် ခုန်ပျံကျော်လွှား၍ မြင့်တက်သွားပေမည်။သူတို့၏ကျင့်ကြံဆင့်အကျိုးသက်ရောက်မှုနှုန်းသည် သာမာန်လူများထက် များစွာပို၍သာလွန်သည်။
ထိုလူများသည် အစစ်အမှန်ပါရမီရှင်များပင်။
ထို့ပြင် လုယွီသည် လန်ဝူရှင်း၏ပါရမီကြောင့် သူ့အားသိမ်းသွင်းရန် စိတ်ဝင်စားပေ၏။
သူ၏အမိန့်အောက်တွင် စွမ်းဆောင်ရည်မြင့်မားသော စစ်ဗိုလ်ချုပ်များရှိသော်လည်း သူ၏ကျင့်ကြံနည်းစနစ်များ ဆေးလုံးများကြောင့် သူတို့၏အရည်အချင်းများ မြင့်တက်လာခြင်းဖြစ်သည်။အကယ်၍ သူ့အား အစစ်အမှန်ပါရမီရှင်ကို ရွေးထုတ်ပြပါဆိုလျှင် အောင်းကွမ်းကဲ့သို့ လက်သည်းငါးချောင်းရွှေနဂါးသာရှိပေလိမ့်မည်။
"ကောင်းတယ်...တကယ်လို့ မင်းရှုံးရင် မင်းရဲ့အသက်ကို ငါ့ဆီပေးရမယ်"
လန်ဝူရှင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူ၏အစိမ်းရင့်ရောင်မျက်လုံးတစ်စုံသည် ရုတ်တရက် သွေးနီရောင်သို့ ပြောင်းလဲသွားပေ၏။
ယင်ချီများသည် သူ၏ခန္ဓာကိုယ်မှ တဖန်ပြန်၍ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
"ရှောင်ကြ...ရှောင်ကြစမ်း"
အနီးရှိဂိုဏ်းချုပ်များအားလုံးသည် ဤတိုက်ပွဲကြောင့် သူတို့ ထိခိုက်ဒဏ်ရာရရှိမည်ကိုစိုးရိမ်သဖြင့် အလျှင်အမြန် ရှောင်တိမ်းလိုက်ကြသည်။
လန်ဝူရှင်း၏အသံ အဆုံးသတ်သွားသောအချိန်မှာပင် သုံးပေခန့်ရှည်သောဆေဘာဓားတစ်ချောင်းသည် သူ၏အင်္ကျီလက်ကြားမှတိုးထွက်လာကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်၏။
အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားခြင်းနှင့်အတူ အရံခန်းမတစ်ခုလုံးရှိ တံခါးပေါက်များနှင့်ပြတင်းပေါက်များအားလုံး အစွမ်းထက်သောဓားချီကြောင့် ကြေမွှပျက်စီးသွားသည်။ခန်းမခေါင်မိုးပင်လျှင် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ အမိုးအုတ်ကြွတ်အစအနများ ပြုတ်ကျလာပြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ဝှစ်....
တောက်ပသောဓားချီတစ်လှိုင်းသည် လုယွီထံသို့ တိုးဝင်လာပေ၏။
ဒေါသထွက်သွားရမည့်အစား လုယွီသည် ဝမ်းသာပျော်ရွှင်သွားကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒါဆိုရင် မင်းက ဆေဘာကိုအသုံးပြုတာပေါ့...ဒါဆိုရင် ငါကလည်း တခြားနည်းလမ်းကို အသုံးမပြုတော့ဘူး...ငါက ဆေဘာကိုသုံးပြီးတော့ မင်းနဲ့တိုက်ခိုက်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီ၏စိတ် လှုပ်ရှားသွားသည်။ခေါင်းဖြတ်ဓားသည် သိုလှောင်အိတ်အတွင်းမှပျံသန်းလာကာ လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာသည်။
ဤအချိန်အခိုက်အတန့်တွင် ခေါင်းဖြတ်ဓားသည် အကြိမ်ရေအနည်းငယ်ခန့် မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစများကို ဝါးမျိုပြီးနောက် အထွတ်အထိပ်အခြေအနေမျိုးသို့ အနည်းငယ်ပြန်လည်ရောက်ရှိသွားလေပြီ။ဤဆေဘာဓား ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် လောကကြီးအတွင်းရှိအရာအားလုံးကို အထင်အမြင်သေးနေသည့်အလား မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
လန်ဝူရှင်း၏ဓားချီကို ရင်ဆိုင်ရန်အတွက် လုယွီကလည်း တူညီစွာပင် သူ၏ဆေဘာဓားကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ထက်ရှသောဓားချီနှစ်လှိုင်း ဖီလာဆန့်ကျင်ရိုက်ခတ်မိစဥ်တွင် ပြင်းထန်သောပေါက်ကွဲသံကြီးက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိ ဂိုဏ်းချုပ်များအားလုံး သူတို့၏နားစည်များ ပေါက်ကွဲသွားတော့လုမတတ် ခံစားလိုက်ရသည်။ကျင့်ကြံဆင့်နိမ့်ပါးသူတချို့သည် မူးမော်သွားကာ သူတို့၏မျက်လုံးများ နားများ ပါးစပ်များမှနေ၍ သွေးများယိုစီးကျလာပေ၏။
ဝုန်း....
အဆုံးသတ်၌ ကြီးမားကျယ်ဝန်းသော အရံခန်းမကြီးသည် သူတို့နှစ်ယောက်အကြားမှတိုက်ပွဲကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် အလယ်မှနေ၍ ပြိုလဲပျက်စီးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာရှိလူများသည် သာမာန်လူများမဟုတ်ချေ။ခန်းမကြီးပြိုလဲသည်ကိုမြင်သည်နှင့် သူတို့သည် အတွင်းမှဖျတ်ခနဲပျံသန်းသွားကာ အဝေးမှသာစောင့်ကြည့်နေကြသည်။
အရံခန်းမသည် ကျယ်လောင်သောတုန်ခါသံကြီးနှင့် ပြိုလဲသွားပြီးနောက် ဖုန်မှုန့်များ အခိုးအငွေ့များက လေထုအတွင်းသို့ မြင့်တက်လာသည်။
ထိုအချိန်မှာပင် လူရိပ်နှစ်ရိပ်သည် အပျက်အစီးများကြားမှ တိုးထွက်လာကာ လေထုအတွင်း၌ စတင်၍တိုက်ခိုက်ကြလေ၏။
ဘုန်း...ဘုန်း....ဘုန်း..
လေထုအတွင်း၌ နှစ်ဖက်အကြားတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဆက်လက်၍ဖြစ်ပွားနေသည်။
သူတို့ ထုတ်လွှတ်လိုက်သည့် မည်သည့်ဓားချီတစ်လှိုင်းမဆို ထိခတ်မိသည့်အချိန်တိုင်း ကျယ်လောင်ပြီး နားအူလုမတတ်မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။
နှစ်ဖက်စလုံး၏လှုပ်ရှားမှုများသည်လည်း လျှပ်ပြက်သကဲ့သို့ လျှင်မြန်ပေ၏။
လက်ရှိနေရာတွင် ရှိနေသောလူအများစုသည် လူရိပ်နှစ်ရိပ် ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေသည်ကို ဝိုးတဝါးသာ တွေ့မြင်နိုင်ကာ သတ္ထုအချင်းချင်းထိခတ်သည့်အသံမျိုးကိုသာ ကြားနိုင်သည်။သို့ရာတွင် သူတို့သည် ထိုလူနှစ်ယောက်၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ချေ။
Chapter 3543
"စိတ်ဝင်စားစရာပဲ...မင်းရဲ့ဆေဘာနည်းစနစ်မှာ ဟုန်းမင်ဆေဘာဓားရဲ့စိတ်ဆန္ဒတွေ ပါဝင်နေတယ်...မင်း ဒါကို ဘယ်နေရာကနေ ရလာတာလဲ"
လုယွီက ရုတ်တရက် မျက်ခုံးပင့်ကာ တည်ငြိမ်စွာပြောဆိုသည်။
ဟုန်းမင်ဆေဘာဓားသည် ရှေးဟောင်းခေတ်ကာလအတွင်းမှ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုပင်။
ရွှမ်းယွမ်သွန်းလုပ်ခဲ့သော ဤအင်မော်တယ်လက်နက်သည် လုယွီ၏ထိုက်အမ်းဓားနှင့် ခြေရာခြင်းတိုင်းနိုင်သော နတ်ဘုရားလက်နက်တစ်ခုဖြစ်သည်။
ဤကဲ့သို့ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုသည် ဒဏ္ဍာရီအတွင်း၌သာတည်ရှိသည်။
လုယွီသည် တစ်ချိန်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အမြွှာတောင်နယ်မြေတွင် လျှပ်စီးမိုးကြိုးပင်လယ်အတွင်း၌ ထိုဆေဘာဓားကိုမြင်တွေ့ခဲ့ဖူးသည်။ခြစ်ခြစ်တောက်ပူပြင်းသောဓားချီကြောင့် ထိုလျှပ်စီးမိုးကြိုးပင်လယ်ကြီးပင် နှစ်ခြမ်းကွဲနေခဲ့သည်။
ထိုအချိန်တုန်းက လုယွီသည် ဤအကြောင်းနှင့်ပတ်သတ်၍ ခွေးနက်ကြီးကို မေးမြန်းခဲ့ဖူးသည်။ခွေးနက်ကြီးက ဤသည်မှာ အမြွှာတောင်နယ်မြေအတွင်းရှိနတ်ဆိုးများကို နတ်ဆိုးများကို သတ်ဖြတ်ခဲ့သော ဟုန်းမင်ဆေဘာဓားဖြစ်ကြောင်း သူ့ကို ပြောဆိုခဲ့လေ၏။ထိုဆေဘာဓားသည် သန်းနှင့်ချီသော နတ်ဆိုးများကိုသတ်ဖြတ်ကာ ဓားချီသည် လျှပ်စီးမိုးကြိုးပင်လယ်ကိုထွင်းဖောက်၍ နှစ်ပေါင်းများစွာကြာအောင် တည်တံ့နေခဲ့သည်။
ရှေးဟောင်းခေတ်ကာလ အဆုံးသတ်သွားချိန်တွင် ဟုန်းမင်ဆေဘာဓားသည်လည်း တခြားမသေမျိုးအဆင့်မှော်လက်နက်အများစုကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။
လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အနီးကပ်မှနေ၍ ဟုန်းမင်ဆေဘာဓား၏ဆေဘာဓားစိတ်ဆန္ဒကို တွေ့ကြုံခံစားရစေသည်။ယခုလက်ရှိချိန်တွင် လန်ဝူရှင်း၏ဆေဘာနည်းစနစ်မှနေ၍ ဤအေးစက်စက်ဆေဘာဓားစိတ်ဆန္ဒကို ခံစားမိသဖြင့် အမှန်တကယ်အံ့အားသင့်သွားခဲ့သည်။
"မင်း ဘာပြောလိုက်တာလဲ...ငါ နားမလည်ဘူး"
လန်ဝူရှင်း၏မျက်လုံးများ ရုတ်တရက် အေးစက်တင်းမာသွားကာ သူ၏ဆေဘာဓားကို ပို၍လျှင်မြန်သောအရှိန်နှုန်းဖြင့် ထုတ်ဖော်အသုံးပြုလိုက်သည်။
သူ၏ဆေဘာဓား ခုတ်ပိုင်းလိုက်သောအကြိမ်တိုင်း တောင်များနှင့်မြစ်များကိုဝါးမျိုကာ လောကကြီးတခွင်လုံးကို အထင်အမြင်သေးသော စိတ်ဆန္ဒမျိုးပါဝင်နေသည်။အကယ်၍ သူ့ရှေ့တွင် တောင်တစ်လုံးရှိနေပါက သူ၏ဓားချက်တစ်ချက်တည်းဖြင့် ကြေမွှပျက်စီးသွားပေမည်။
နှိုင်းယှဥ်ကြည့်ပါက လုယွီ၏ဆေဘာဓားချက်သည် တည်ငြိမ်ပြီး အစွမ်းထက်ပေ၏။ဤသည်မှာ စစ်မြေပြင်၌နှစ်ပေါင်းအတော်ကြာ ကျင်လည်ကျက်စားခဲ့သော ဗိုလ်ချုပ်အိုကြီးတစ်ယောက်အလားပင်။သူသည် ရန်သူစစ်ဗိုလ်ချုပ်တစ်ယောက်၏ ရန်စစော်ကားမှုနှင့် ရင်ဆိုင်ရချိန်တွင် သူ့အား အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိဘဲ တည်ငြိမ်စွာရင်ဆိုင်နိုင်စွမ်းရှိသည်။
ဤသည်မှာ လုယွီ၏စိတ်အခြေအနေအပေါ် မည်သည့်သက်ရောက်မှုမျိုးမျှမရှိချေ။
လန်ဝူရှင်း၏ဆေဘာဓားသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ ထက်ရှသော်လည်း လုယွီ၏ခန္ဓာကိုယ်မှနေ၍ ဟာကွက်တစ်ကွက်ကိုပင် ရှာမတွေ့ချေ။
"ဘယ်လိုလုပ်ပြီးတော့ ဒီလူရဲ့မှော်စွမ်းအားတွေက အရမ်းနက်ရှိုင်းနေတာလဲ...သူက ငါ့ရဲ့ဓားချက်တွေအများကြီးကို ခံယူပြီးပေမယ့် သူ့မှာ စွမ်းအားတွေအများကြီး ကျန်သေးပုံရတယ်"
လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်း၌ ကြီးမားသောထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။
သူသည် ပြိုင်ဘက်အမြောက်အများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးလေ၏။အကယ်၍ သူသည် သူ့ထက်ပို၍အားကောင်းသန်မာသော မျိုးဆက်ဟောင်းမှ အစွမ်းထက်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်တိုင် သူ၏ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုပုံစံကြောင့် ထိုလူများသည် ထိတ်လန့်ကြောက်ရွံသွားကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိကြတော့ချေ။
မည်သူတစ်ဦးတစ်ယောက်ကမျှ လန်ဝူရှင်း၏ဓားချက်ကို တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
သူ၏ဆေဘာဓား ထက်ရှမှုကိုမှီခို၍ လန်ဝူရှင်း၏ဘဝတလျှောက်လုံးတွင် လူအမြောက်အများကို သတ်ဖြတ်ခဲ့သည်။
သို့ရာတွင် သူ၏ဆေဘာနည်းစနစ်သည် လုယွီ၏လက်အတွင်း၌ လုံးလုံးလျားလျားအသုံးမဝင်ပေ။
"ငါ့ရဲ့ဆေဘာဓားနည်းစနစ်တွေအားလုံးကို မင်း ခုခံနိုင်မယ်လို့ ငါ မယုံကြည်ခဲ့ဘူး...ဒါ့ကို ကြိုးစားကြည့်စမ်း"
လန်ဝူရှင်းက ရုတ်တရက် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏ဆေဘာဓားရှည်ကို ကိုင်မြှောက်ကာ သူ၏ရှေ့ရှိ ကျယ်ပြန့်သောလေဟာနယ်ကိုဦးတည်ပြီး ကန့်လန့်ဖြတ်ဖြတ်ပိုင်းလိုက်၏။
ဤဆေဘာဓားချက်တွင် သူ၏အင်အားကုန် ထည့်သွင်းအသုံးပြုထားသည်။သူ့ရှေ့ရှိ အရာရာတိုင်းကို တောက်ပသောအဖြူရောင်အလင်းတန်းများက လွှမ်းခြုံသွားကာ တဖြည်းဖြည်း ပတ်ဝန်းကျင်ရှိအရာများ၏အရောင်အသွေးများ ပျောက်ဆုံးသွားသည်။
ဤမြင်ကွင်းကိုစောင့်ကြည့်နေကြသည့် ပတ်ဝန်းကျင်ရှိလူများအားလုံး သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြ၏။
ဤဓားအလင်းတန်း၏အကြားတွင် လုယွီ၏ပုံရိပ်သည် အလွန်အမင်းသေးငယ်ကာ သိသာထင်ရှားပုံမရတော့ချေ။
ဤလောကကြီးတခွင်လုံးကို ကြီးကျယ်ခမ်းနားသောဓားချီကသာ လွှမ်းခြုံထားသကဲ့သို့ပင်။
ဤဓားချီကို ပုန်းရှောင်ရန်အတွက် မည်သည့်နေရာမျှ ရှိမည်မဟုတ်ချေ။
ဤဓားချီသည် နောက်ဆုတ်ရန်လမ်းကြောင်းများအားလုံးကို ဖြတ်တောက်၍ပိတ်ဆို့ထားသဖြင့် လုယွီသည် တိုက်ရိုက်သာရင်ဆိုင်ရပေမည်။
"ကောင်းလိုက်တဲ့ ဓားချီ"
လုယွီသည် အနည်းငယ်မျှ ဒေါသထွက်သွားခြင်းမရှိချေ။ထိုအစား သူ ပို၍ပင်ပျော်ရွှင်သွားသည်။
ဤလန်ဝူရှင်း အားကောင်းသန်မာလေလေ ပို၍ကောင်းမွန်လေလေပင်။
လုယွီသည် ခေါင်းဖြတ်ဓားကိုကိုင်ဆောင်ကာ ထိုကြီးမားကျယ်ပြန့်သောဓားချီကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုချေ။ထိုအစား သူသည် တောက်ပသောအဖြူရောင်ဓားချီအလင်းတန်းအကြားမှနေ၍ သူ့ရှေ့ရှိ လန်ဝူရှင်း၏ခန္ဓာကိုယ်ဘေး လက်ဝဲဘက်တစ်နေရာသို့ ထိုးစိုက်လိုက်သည်။
မည်သူကမျှ ဤကိစ္စကို မျှော်လင့်မထားမိချေ။
လန်ဝူရှင်းပင်လျှင် သူ၏တိုက်ခိုက်မှုမှဟာကွက်ကို လုယွီ ရှာတွေ့သွားမည်ဟု မျှော်လင့်မထားမိပေ။
ဤဓားချက်သည် ရိုးရှင်းပြီး အရေးမပါပုံရသော်လည်း သူ၏ဆေဘာဓားချီမှဟာကွက်နေရာကို တိုက်ရိုက်ကျရောက်လာခဲ့သည်။
Chapter 3544
လုယွီ ထိုးစိုက်လိုက်မှုသည် လန်ဝူရှင်း၏ဆေဘာဓားနည်းစနစ်အတွင်းမှ သေးငယ်သောဟာကွက်ငယ်လေးတစ်ခုပင်။
ဤဟာကွက်သည် မူလက ထက်ရှသောဆေဘာဓားချီ၏အရှိန်အဟုန်ကြောင့် အနည်းငယ်မျှသိသာထင်ရှားခြင်းမရှိချေ။
ထို့နောက်ကြီးမားကျယ်ပြန့်သောဓားချီသည် လုယွီနှင့် လက်သီးတစ်ဆုပ်စာအကွာအဝေးသို့အရောက်တွင် မည်သည့်အရာမျှ မရှိခဲ့သည့်အလား ချက်ချင်းပျက်ပြယ်သွားတော့သည်။
ဝှစ်...ဝှစ်...ဝှစ်...
နူးညံသောလေပြည်လေညှင်းများသည် လုယွီ၏နားနံဘေးမှ ဖြတ်သန်းသွားသော်လည်း သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
"ကောင်းလိုက်တဲ့ ဆေဘာဓားနည်းစနစ်...တကယ်လို့ မင်း ဒီထက်သာနည်းနည်းပိုမြန်မယ်ဆိုရင်...ငါ့ကိုဒဏ်ရာရအောင် လုပ်ကောင်းလုပ်နိုင်လိမ့်မယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
အတိတ်ဘဝတွင် သူသည် ဆေဘာဓားကိုအသုံးပြုရာ၌ အလွန်ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။
သူ၏လက်အတွင်းရှိ ဆေဘာဓားတစ်လက်နှင့်အတူ ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တုန်ခါစေခဲ့ပြီးနောက် သူနှင့်ထိုက်တန်သော ပြိုင်ဘက်ကိုရှာမတွေ့ခဲ့ချေ။
လန်ဝူရှင်းသည် အလွန်အရည်အချင်းရှိကာ သူ၏ဆေဘာနည်းစနစ်သည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။သို့ရာတွင် လုယွီ၏ရှေ့၌ သူသည် အနည်းငယ်အတွေ့အကြုံနုနယ်နေဆဲပင်။
"မင်းက ငါ့ရဲ့ဓားချီကို ချေဖျက်လိုက်တာလား"
လန်ဝူရှင်း၏မျက်လုံး အေးစက်တင်းမာနေသည်။သူသည် ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။ထိုအစား သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။
သူ၏လက်အတွင်းမှဆေဘာဓားရှည် တဖန်ပြန်၍ တောက်ပလာပေ၏။အဖြူရောင်ဓားချီသည် ဓားသွားပေါ်၌ ရစ်သိုင်းလွှမ်းခြုံနေကာ ဆေဘာဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံထိတိုင် မြင့်တက်နေသည်။
ထက်ရှသောလေလှိုင်းများသည် လက်ဝဲစစ်တပ်ရုံးတော်၏အရံခန်းမအတွင်းတွင် တဖန်ထပ်၍ ပျံ့နှံ့သွားတော့သည်။
နံဘေးဘက်မှစောင့်ကြည့်နေကြသော ဂိုဏ်းချုပ်များသည် ဤဓားချီ၏အရှိန်ဖြင့် ထိခတ်မိမည်ကို ထိတ်လန့်ကြောက်ရွံသဖြင့် နောက်သို့မီတာရာပေါင်းအနည်းငယ်ထိ ဆုတ်ခွာလိုက်ကြ၏။
လန်ဝူရှင်း၏ခေါင်းထက်တွင် အစွမ်းထက်သောဓားချီများ တဖန်ပြန်၍စုဝေးလာကာ မီတာပေါင်းများစွာရှည်လျားသော ဓားချီတစ်လှိုင်းအဖြစ်ဖွဲ့စည်းသွားပြီး လုယွီကိုဦးတည်ကာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ဤဓားချီအကြားတွင် ထောင်သောင်းချီသည့်ထက်ရှသောဓားချီများ အတူတကွစုဝေးနေသဖြင့် ကြီးကျယ်ခမ်းနားသော ဓားချီမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သာမာန်မျက်လုံးနှင့်ကြည့်လျှင်ပင် ထိုဓားချီမရှိသောနေရာဟူ၍မရှိချေ။
ဂိုဏ်းချုပ်တချို့သည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြ၏။
သူတို့သည် ထိုဓားချီများကို သူတို့၏မျက်လုံးများဖြင့် တိုက်ရိုက်ကြည့်နိုင်စွမ်းမရှိပေ။ထိုဓားချီများကို ကြည့်ရုံသက်သက်ဖြင့် သူတို့သည် ဆေဘာဓားစိတ်ဆန္ဒကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့်အလား သူတို့၏မျက်လုံးများ စူးရှရှနာကျင်မှုကို ခံစားရသည်။
သို့ရာတွင် ဤကဲ့သို့အစွမ်းထက်သော ဓားချီဖြင့်ရင်ဆိုင်ရသည့်တိုင် လုယွီသည် မည်သည့်အရေးစိုက်ခြင်းမျှမရှိဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ၏ဆေဘာဓားကို ထိုးစိုက်လိုက်သည်။
လုယွီ၏ဆေဘာဓားချက်သည် ရိုးရှင်းနေကာ ကြီးကျယ်ခမ်းနားခြင်းမရှိချေ။ဤဆေဘာဓားချက်တွင် မည်သည့်ထူးခြားချက်မျှ မရှိသည့်အလားပင်။
သို့ရာတွင် ထိုဆေဘာဓားချက် ကျရောက်သွားသည်နှင့် လန်ဝူရှင်း၏ဆေဘာနည်းစနစ်မှဟာကွက်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
ဟူး....ဟူး...
ထိုဓားချီကြောင့် ပြင်းထန်သောလေလှိုင်းများထန်လာကာ ပတ်ဝန်းကျင်နေရာအနှံ့သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။
သို့ရာတွင် ထိုဆေဘာဓားချီများသည် လုယွီ၏အနီးသို့ နီးကပ်သွားသည့်အချိန်တိုင်း အားလှိုင်းတစ်ရပ်ကြောင့် အရည်ပျော်ကျသွားသည့်အလား လေထုအတွင်း၌ ပျက်ပြယ်သွားလေ၏။ထိုအရာများသည် လုယွီကို အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
လန်ဝူရှင်းသည် လက်လျှော့အရှုံးပေးရန် ငြင်းဆန်နေဆဲပင်။သူသည် ဆယ့်ခုနစ်ကြိမ်တိုင်တိုင် သူ၏ဆေဘာဓားချီဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် အကြိမ်တိုင်း လုယွီသည် ချွင်းချက်မရှိ ချိုးဖျက်နိုင်ခဲ့လေ၏။
"မင်းရဲ့ဆေဘာဓားနည်းစနစ်က အရမ်းကောင်းတယ်...ဒါပေမယ့် မင်းက အောင်မြင်မှုရဖို့ကို အရမ်းစိတ်လောလွန်းတယ်"
လုယွီက လန်ဝူရှင်းကို တန်းတန်းမတ်မတ်ကြည့်ကာ ပြောဆိုသည်။
"မင်းရဲ့ဆေဘာဓားစိတ်ဆန္ဒက လောကကြီးထဲမှာရှိတဲ့ သူရဲကောင်းတွေအားလုံးကို အထင်အမြင်သေးတဲ့ စိတ်ဆန္ဒမျိုးပဲ...မင်းရဲ့ဆေဘာဓားစိတ်ဆန္ဒကို အသုံးပြုပြီးတော့ တစ်ဖက်လူကို အစကတည်းက ခြိမ်းခြောက်ဖို့ ရည်ရွယ်ထားတယ်...ဒါပေမယ့် အဲ့ဒီအားနည်းချက်က အရမ်းသိသာထင်ရှားတယ်...ဒါက သာမာန်ကျင့်ကြံသူတွေကို ရင်ဆိုင်တဲ့နေရာမှာပဲ အသုံးဝင်လိမ့်မယ်...ဆေဘာဓားနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ရန်သူမျိုးနဲ့ မင်း ရင်ဆိုင်ရမယ်ဆိုရင်....သူက မင်းရဲ့ဆေဘာဓားစိတ်ဆန္ဒထဲကဟာကွက်ကို တွေ့သွားမှာပဲ...မင်း တတ်နိုင်တဲ့အရာဆိုလို့ ဘာမှမရှိဘူး"
"မင်းရဲ့ဆေဘာဓားချက်တစ်ချက်စီက အရင်ဓားချက်ထက် ပိုပြီးပြင်းထန်လာပေမယ့် မင်းရဲ့ဆေဘာစိတ်ဆန္ဒ ပိုပြီးအားကောင်းလာရုံပဲရှိမယ်...မင်းရဲ့ဆေဘာနည်းစနစ်မဟုတ်ဘူး"
"မင်းရဲ့အရှိန်အဝါကို တဖြည်းဖြည်းချင်းစုဆောင်းမှသာ အစွမ်းထက်ကျင့်ကြံသူတွေနဲ့ ယှဥ်ပြိုင်တဲ့နေရာမှာ မင်း အသာစီးရနိုင်လိမ့်မယ်"
လုယွီက ဤလန်ဝူရှင်းသည် အရောင်မတင်ရသေးသော အဖိုးတန်ကျောက်စိမ်းတုံးတစ်တုံးဖြစ်သည်ကို တွေ့မြင်မိသဖြင့် သူ့အားကြင်နာစွာဖြင့် သတိပေးကာ ဂရုတစိုက်ပုံသွင်းပေးရန် ရည်ရွယ်ထားသည်။
သို့ရာတွင် လန်ဝူရှင်းသည် အသက်ငယ်ရွယ်ပြီး ထင်ရာစိုင်းတက်သူတစ်ယောက်ပင်။မည်သည်ကြောင့် သူသည် လုယွီ၏ရှေ့၌ ရှုံးနိမ့်ကြောင်းကို ဝန်ခံမည်နည်း။
"ဒါက အမှန်ပဲ...နောက်ဆုံးတော့ ငါက ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့ခဲ့ပြီ...မင်းက ဒီဆေဘာဓားချက်ကိုအသုံးပြုဖို့ ငါ့ကို ဖိအားပေးနိုင်ခဲ့တယ်"
လန်ဝူရှင်းသည် ဒေါသထွက်သွားခြင်းမရှိချေ။ထိုအစား သူ အလွန်ပျော်ရွှင်သွားသည်။သူ၏မျက်နှာပေါ်တွင် ရန်လိုသောအပြုံးမျိုး ထင်ဟပ်လာသည်။
သူ၏ဆံပင်ရှည်များ လေထုအတွင်း၌ လူးလွန့်သွားသည်။သူ၏ရှည်လျားသော အဖြူရောင်ဆံပင်များ လေထုအတွင်း၌လူးလွန့်နေခြင်းနှင့်အတူ သူ၏လက်အတွင်းရှိ ဆေဘာဓားရှည်သည် ရုတ်တရက် သွေးနီရောင်သို့ ပြောင်းလဲသွားပေ၏။
Chapter 3545
ဝီ...ဝီ...ဝီ....
လန်ဝူရှင်း၏လက်အတွင်းရှိ သွေးနီရောင်ဆေဘာဓားရှည် ရုတ်တရက် တုန်ခါစပြုလာသည်။
ထိုဆေဘာဓား၏မျက်နှာပြင်ပေါ်တွင် တောက်ပသောသွေးနီရောင် လွှမ်းခြုံထားပုံရကာ ဓားတစ်ချောင်းလုံးကိုကြည့်ရသည်မှာ အလွန်အမင်း နတ်ဆိုးဆန်ပေ၏။
လန်ဝူရှင်း၏ခန္ဓာကိုယ်မှနေ၍ အေးစက်စက်အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဤတစ်ကြိမ် ဆေဘာဓားစိတ်ဆန္ဒသည် ယခင်ကဲ့သို့ ရက်စက်ကြမ်းတမ်းခြင်းမရှိသော်လည်း တုန်လှုပ်ချောက်ချားခြင်းရှိနေဆဲပင်။ကြီးမားသောဆေဘာဓားပုံရိပ်ယောင်ကြီးသည် လန်ဝူရှင်း၏ခေါင်းထက်၌ ထွက်ပေါ်လာသည်။
ထိုဧရာမဆေဘာဓားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်နှင့် လက်ဝဲစစ်တပ်ရုံးတော်အတွင်းရှိ လက်နက်စင်ပေါ်ရှိ လက်နက်များအားလုံး တုန်ခါစပြုလာသည်။
ဘုန်း....ဘုန်း....
လက်နက်အချင်းချင်းထိခတ်မိသည့်အသံများကို တစ်သံပြီးတစ်သံ ကြားနေရပေ၏။
ဤလက်နက်များသည် ဧကရာဇ်မင်းကိုဦးညွှတ်သည့်အလား ဧရာမဆေဘာဓားပုံရိပ်ယောင်ကြီးထံဦးတည်၍ ကွေးညွတ်လိုက်ကြသည်။
"အရှင်...."
ထိုအချိန်မှာပင် ပုန်းကွယ်နဂါးစစ်တပ်မှ အစွမ်းထက်ကျင့်ကြံသူများသည် လုယွီ၏ရှေ့သို့ ပြေးဝင်လာသည်။
အရံခန်းမသည် လုံးလုံးလျားလျား ပျက်စီးပြိုလဲသွားလေပြီ။လန်ဝူရှင်းသည် လုယွီ၏ရှေ့၌ သူ၏ဆေဘာဓားစိတ်ဆန္ဒကို အဆက်မပြတ်ထုတ်ဖော်အသုံးပြုနေအား သူတို့မြင်တွေ့ချိန်၌ ထိတ်လန့်တကြားအော်ဟစ်ခြင်းမပြုဘဲ မနေနိုင်ကြတော့ချေ။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ ပြောဆိုသည်။
"မင်းတို့အားလုံး အခုချက်ချင်း နောက်ဆုတ်ကြစမ်း....ဘယ်သူမှ ရှေ့ကိုတိုးမလာကြနဲ့...ဒီကိစ္စကို ငါ ကိုင်တွယ်ဖြေရှင်းနိုင်တယ်"
ပုန်းကွယ်နဂါးစစ်တပ်မှအစွမ်းထက်ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း လုယွီ၏အမိန့်ကိုကြားပြီးနောက် ချက်ချင်းနောက်သို့ပြန်ဆုတ်လိုက်ကြသည်။
ဤတိုက်ပွဲကို မြင်တွေ့ပြီးနောက် တစ်ဖက်ရန်သူ၏ခွန်အား အလွန်အမင်းကောင်းမွန်သည်ကို သူတို့အားလုံး သိရှိထားကြလေ၏။ဤသည်မှာ သူတို့ ကြားဝင်စွက်ဖက်၍ရသောကိစ္စမျိုးမဟုတ်ချေ။
"ဒါက တကယ့်ကိုဟုန်းမင်ဆေဘာဓားပဲ...ကြည့်ရတာတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က တကယ့်ကို ရတနာနယ်မြေတစ်ခုဖြစ်နေပုံပဲ"
လုယွီသည် ဤနေရာသို့ရောက်လာသည်မှာ မကြာသေးသော်လည်း ရှေးဟောင်းခေတ်နှင့်ဆက်စပ်နေသောအရာနှစ်ခုကို တွေ့ရှိပြီးလေပြီ။တစ်ခုသည် ကောင်းကင်ဘုံသက်တမ်းဂိုဏ်းဖြစ်ကာ တခြားတစ်ခုသည်ဟုန်းမင်ဓားစိတ်ဆန္ဒပင်။
ကောလဟာလများအရ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ဗဟိုချက်ဟု ဆိုကြသည်။ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ပြိုလဲသွားပြီးနောက် မရေမတွက်နိုင်သောမှော်ရတနာများသည် ကြယ်မြစ်များထံရောက်ရှိသွားကာ အများစုသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ပေါ်သို့ကျရောက်သွားပေ၏။
ဤသည်မှာ လန်ဝူရှင်း၏ကံကြမ္မာကောင်းကြီးတစ်ခုပင်။
"ရှေးဟောင်းခေတ်ရဲ့နံပါတ်တစ်ဆေဘာဓား...ငါ ဒါကို တစ်ချက်ကြည့်ကြည့်ချင်တယ်"
လုယွီသည် လန်ဝူရှင်း ထုတ်ဖော်အသုံးပြုလိုက်သော ဆေဘာဓားချီကို အချိန်တခဏကြာခန့်ကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်းတွင် အဆုံးမရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်သွားသည်။
လုယွီ၏ခေါင်းဖြတ်ဆေဘာဓားမှ ကျယ်လောင်သောတုန်ခါသံများ ထွက်ပေါ်လာကာ ဟုန်းမင်ဆေဘာဓား၏အရှိန်အဝါဖြင့် ချိုးနှိမ်ခြင်းကို မလိုလားသည့်အလားပင်။
သူတို့နှစ်ယောက်သည် သူတို့၏ဆေဘာဓားများမှစွမ်းအားများကို သိပ်သည်းလိုက်ကြ၏။
ထို့နောက် သူတို့သည် တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။
ဝုန်း....
တောက်ပသောဓားချီနှစ်လှိုင်း ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။
ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ နံဘေးမှစောင့်ကြည့်နေသူများအားလုံး မည်သည့်ကျင့်ကြံဆင့်မျိုးတွင် ရှိနေပါစေ သူတို့၏ခေါင်းများအတွင်း၌ တစ်စုံတစ်ခု ပေါက်ကွဲသွားသည့်အလား သူတို့၏နားများတုန်ခါသွားသည်။
သူတို့သည် မျက်လုံးများကိုပင် ဖွင့်မကြည့်နိုင်ကြချေ။
ပြင်းထန်သောဆေဘာဓားစိတ်ဆန္ဒများသည် ပတ်ဝန်းကျင်၌ ပျံ့နှံ့နေသဖြင့် သူတို့၏မျက်လုံးများကို အတင်းအကြပ်စုံမှိတ်လိုက်ရသည်။
စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။သေခြင်းနှင့်ရှင်ခြင်းကြားကွာခြားချက်ကို နားမလည်သော တချို့လူများသည် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် ဤတိုက်ပွဲကိုကြည့်ရန် ကြံရွယ်ခဲ့ကြလေ၏။အဆုံးသတ်၌ နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ကြည့်ခဲ့သူများအားလုံး ထက်ရှသောဆေဘာဓားစိတ်ဆန္ဒကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကာ သူတို့၏မျက်လုံးများ အလွန်အမင်းနာကျင်သွားသည်။
တဖြည်းဖြည်းနှင့် ပြင်းထန်သောပေါက်ကွဲသံကြီး ပျောက်ကွယ်သွားလေပြီ။
တချို့လူများသည် သတ္တိမွေးပြီး ရှေ့သို့တိုးကြည့်လိုက်ကြရာ လန်ဝူရှင်းနှင့်လုယွီတို့ တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေသည်ကို တွေ့မြင်မိကြလေ၏။သူတို့၏လက်များအတွင်းမှ ဆေဘာဓားများသည်လည်း ပျောက်ကွယ်သွားလေပြီ။
"မင်းရဲ့ကတိကို မင်းစောင့်ထိန်းမယ်လို့ ငါ မျှော်လင့်တယ်...ဒီနေ့တော့ ငါ မင်းကို ဆွဲမထားတော့ဘူး...မင်း သွားတော့"
လုယွီသည် ထိုစကားကိုပြောဆိုပြီးသည်နှင့် နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်စုသည် လုယွီကို အခိုင်အမာဝိုင်းရံ၍ ကာကွယ်လိုက်၏။လုယွီသည် ကာကွယ်မှုကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ဤသည်မှာ သူတို့၏တာဝန်ပင်။
မည်သူ အနိုင်ရရှိသွားသနည်း...
ဂိုဏ်းချုပ်များသည် နောက်ဆုံးရလဒ်ကို တွေ့မြင်လိုသဖြင့် သူတို့၏လည်ပင်းများကိုဆန့်၍ ကြည့်လိုက်ကြသည်။
လန်ဝူရှင်း၏ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။သူသည် အင်္ကျီလက်ကြားမှ ငွေလက်မှတ်တစ်ရွက်ကို သာမာန်ကာလျှံကာထုတ်ယူကာ သူ၏နံဘေးတွင် တုန်တုန်ရီရီဖြင့်မတ်တတ်ရပ်နေသောအရာရှိတစ်ယောက်၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။
"မင်းတို့ရုံးတော် ပျက်စီးသွားတဲ့အတွက် လျော်ကြေးကို ငါ ပေးမယ်"
Thank For Reading.