ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှတစ္ဆေတိုင်းပြည်၏ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား
Vol. 19 Ch. 265
အခန်း (၂၆၅) ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှတစ္ဆေတိုင်းပြည်၏ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား
ကျန်းလန် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အသံများဖုံးလွှမ်းနေသည့်တိုင် သူ့အပေါ် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။ အသံများက တစ်ခါတစ်ရံ ရှင်းလင်းပြတ်သားနေပြီး တစ်ခါတစ်ရံ ရှုတ်ထွေးလျှက် ရှိသည်။
အသံများက ကယောင်ကတမ်းပြောဆိုနေသံများနှင့်ဆင်တူသော်လည်း ဆုတောင်းနေသည့် အသံများပမာလည်း ဖြစ်သည်။
ထိုအသံများထဲတွင် အသံတစ်သံက အတော်လေး ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်တိုင်းကို ကာကွယ်ပေးပါ ၊ ဒီ တစ္ဆေနှိမ်နင်းကျောက်တုံးကို ဖျက်စီးပစ်နိုင်အောင် လမ်းပြပါ ၊ နတ်မိစ္ဆာတွေကို သတ်ဖြတ်နိုင်ဖို့ လမ်းပြပါ"
ထိုစကားသံအဆုံးသတ်သွားသည်နှင့် ကျန်းလန် မျက်လုံးများဖွင့်ကြည့်လိုက်သည်။
ထိုအသံက အခြားသောအသံများအားလုံးကို ကျော်ဖြတ်ပြီး သူ့နားထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
"လက်သီးနတ်ဘုရား"
ကျန်းလန် ရေရွတ်လိုက်သည်။
သူ့မျက်နှာက တည်ငြိမ်နေသည့်တိုင် စိတ်ထဲမှာတော့ အံ့အားသင့်နေမိ၏။
"တစ္ဆေတိုင်းပြည်ကလူတွေလား"
ယခင်က တစ္ဆေတိုင်းပြည်မှ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရစဉ် သူ့ကို ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအဖြစ် ကိုးကွယ်မည်ဟု ပြောဆိုခဲ့သည်ကို ကြားဖူးခဲ့သည်။
ထို့ပြင် တစ္ဆေတိုင်းပြည်က လက်ရှိတွင် နတ်မိစ္ဆာများနှင့် တိုက်ခိုက်နေလေသည်။
သူတို့အချင်းချင်း တိုက်ခိုက်နေကြသည်က ထားပါတော့ ၊ အဘယ့်ကြောင့် တစ္ဆေကျင့်ကြံသူများ၏ ပြောဆိုသံများကို သူ ကြားနေရပါသနည်း။
"ငါရရှိထားတဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါက တစ္ဆေတိုင်းပြည်နဲ့ ဆက်စပ်နေတာလား"
ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။
"လက်သီးနတ်ဘုရား"
စောစောက ဆုတောင်းနေသည့် တစ္ဆေကျင့်ကြံသူက သူ့ကို ဦးတည်ပြီး ဆုတောင်းနေခြင်းလား။
"'ကျွန်တော့်ရဲ့ လက်သီးချက်တိုင်းကို ကာကွယ်ပေးပါဆိုတာ' က ငါ့ကို ဆုတောင်းနေတာလား"
ကျန်းလန် နားလည်သလိုလိုနှင့် ဇဝေဇဝါ ဖြစ်နေသည်။
"နံ့သာပေါင်းပူဇော်ခြင်းလမ်းစဉ်*လား"
ထို့နောက် ကျန်းလန်က သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
"နံ့သာပေါင်းပူဇော်ခြင်းလမ်းစဉ်လည်း မဟုတ်သေးဘူး"
ပျက်သုန်းတစ်စပြင်လောကကြီးတွင် နံ့သာပေါင်းပူဇော်ခြင်းလမ်းစဉ်က အခြားကိစ္စတစ်ခု ဖြစ်သည်။
သူရရှိထားသည့်ရောင်ဝါက သေချာပေါက် နံ့သာပေါင်းများပူးဇော်ဆုတောင်းခြင်းကြောင့် ရရှိလာသည့် တန်ခိုးစွမ်းအားမျိုး မဟုတ်ပေ။
သို့သော် ဤလောက၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေသည်ကတော့ ထင်ရှားသည်။
ဘာဖြစ်နေမှန်း သူ မသိသေးသော်လည်း လူတစ်ယောက်တည်းနှင့် ဆက်စပ်ပတ်သက်နေသည့်ကိစ္စမျိုး မဟုတ်သည်ကတော့ ထင်ရှားသည်။
ထို့ပြင် နံ့သာပေါင်းပူဇော်ခြင်းလမ်းစဉ်နှင့်လည်း လုံး၀ မသက်ဆိုင်ပေ။
"လက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်ကို ကာကွယ်ပေးပါ"
အသံများက ထပ်မံထွက်ပေါ်လာပြန်သော်လည်း အနည်းငယ် မရှင်းမလင်း ဖြစ်နေသည်။
ကျန်းလန်၏ လက်များကတော့ စိတ်နယ်လွန်ကြိုးမျှင်ကို ထိကိုင်ထားဆဲ ဖြစ်ပြီး သူက ထိုကြိုးမျှင်ကိုကြည့်ရင်း အတွေးနက်လျှက် ရှိသည်။
"ပြိုင်ဘက်ကင်း… လက်သီးနတ်ဘုရား"
ထိုအသံကို ထပ်မံကြားလိုက်သည်နှင့် ကျန်းလန် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။ ဘာဖြစ်နေသည်ကို သူတွေ့မြင်နိုင်ပါမည်လားဆိုသည်ကတော့ မသေချာသေးပေ။
ထို့နောက် ကျန်းလန်က စိတ်နယ်လွန်ကြိုးမျှင်ကို တောင်နှင့်ပယ်လယ်ကြေးမုံမှန်နှင့် ချိတ်ဆက်စေလိုက်သည်။ ထိုအခါ ကြေးမုံမှန်ထက်တွင် မြင်ကွင်းများ ထွက်ပေါ်လာသည်။
တောနက်ကြီးတစ်ခုထဲတွင် ကြီးမားသည့် အနက်ရောင်ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ထိုကျောက်တုံးကြီးရှေ့တွင် တိုက်ပွဲတစ်ခု ဖြစ်နေ၏။
နတ်မိစ္ဆာများနှင့် တစ္ဆေကျင့်ကြံသူများ တိုက်ခိုက်နေကြခြင်းဖြစ်ပြီး နတ်မိစ္ဆာများက အသာစီးရနေကြသည်။
တစ္ဆေတိုင်းပြည်မှ တစ္ဆေကျင့်ကြံသူများကတော့ တိုက်ခိုက်ရန်ပင် အတော်လေး ရုန်းကန်နေရပြီး အချိန်မရွေး အသက်ပျောက်ကြရမည့်ဟန် ဖြစ်နေသည်။
ကျောက်တုံးကြီးဘေးနားတွင်တော့ တစ္ဆေကျင့်ကြံသူအချို့က ကျောက်တုံးကြီးကို လက်သီးဖြင့်ထိုးနှက် ဖျက်စီးနေကြသည်။
အချို့သူများကတော့ ဒဏ်ရာရကာ မြေပြင်ထက်လဲကျနေကြသည်။
လူငယ်လေးတစ်ယောက်ကတော့ ကျောက်တုံးကြီးရှိရာသို့ ခြေတစ်လှမ်းခြင်းလှမ်းလာနေ၏။
သူက လက်သီးကို တစ်ချက်ဝှေ့ယမ်းရင်း…
"လက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့လက်သီးချက်တွေကို ကာကွယ်ပေးပါ ၊ ဒီ တစ္ဆေနှိမ်နင်းကျောက်တုံးကြီး တစ်စစီကွဲကြေသွားအောင် လုပ်ဆောင်ပေးပါ"
"ဘန်း…"
ကျောက်တုံးကြီးကို လက်သီးနှင့် ထိုးနှက်လိုက်သည်နှင့် လူငယ်လေး လွင့်ထွက်သွားပြီး သွေးများအန်ချလိုက်သည်ကို ကျန်းလန် တွေ့မြင်နေရသည်။
တစ္ဆေကျင့်ကြံသူများမှာ နတ်မိစ္ဆာများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရပြီး အရေးနိမ့်နေသည့်မြင်ကွင်းကို ကျန်းလန် ကြည့်နေခဲ့သည်။
ကျန်းလန် မြင်ကွင်းကိုကြည့်ရင်း တစ်စုံတစ်ခုကို နားလည်သွားသည်။
ထိုကျောက်တုံးကြီးက တစ္ဆေကျင့်ကြံသူများ၏ စွမ်းအားကို ဖိနှိပ်ထားပြီး တိုက်ခိုက်စွမ်းအား လျော့နည်းအောင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။
သို့ကြောင့်ပင် တစ္ဆေကျင့်ကြံသူများ၏ ဒဏ်ရာချက်ချင်း ပြန်လည်သက်သာသွားပြီး အသက်ပြန်ဝင်လာနိုင်ခြင်း မရှိဘဲ စွမ်းအားများ လျော့နည်းနေခြင်း ဖြစ်၏။
ကျောက်တုံးကြီးသာ ပျက်စီးသွားလျှင် တိုက်ပွဲအနေအထားက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် လူငယ်လေးက ထိုကျောက်တုံးကြီးကို ဖျက်စီးပစ်ချင်နေခြင်းပင်။
သို့သော် လူငယ်သည် ကျောက်တုံးကြီးကို ဖျက်စီးပစ်ရန် စွမ်းအားမလုံလောက်ပေ။
သာမန်အခြေအနေဆိုလျှင် ကျန်းလန်က ထိုတိုက်ပွဲကို စိတ်ဝင်စားမည် မဟုတ်ပေ။ သို့သော် နတ်မိစ္ဆာများက ငရဲတံခါးကို တိုက်ခိုက်ခဲ့ဖူးသဖြင့် သူက ရန်သူများအဖြစ် သတ်မှတ်ထားသည်။
တစ္ဆေတိုင်းပြည်သည်လည်း ခွန်လွန်တောင်ကို တိုက်ခိုက်ခဲ့ကြလေရာ ကျန်းလန်စိတ်ထဲအကောင်းမမြင်ပေ။
သို့သော်…
သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါသည် သေချာပေါက် ထို တစ္ဆေကျင့်ကြံသူများနှင့် ဆက်စပ်နေသည်။ ထိုရောင်ဝါ၏အကျိုးကျေးဇူးကို ခံစားခဲ့ပြီဖြစ်လေရာ သူ့အနေဖြင့် တစ္ဆေကျင့်ကြံသူများကို လျစ်လျူမရှုနိုင်တော့ပေ။
သူကူညီနိုင်မည်ဆိုလျှင် ကူညီရမည်ဖြစ်ပြီး ထိုင်ကြည့်နေ၍ မသင့်တော်ပေ။
ထိုစဉ်မှာပင် တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် ထိုတစ္ဆေကျင့်ကြံသူ လူငယ်လေးကို ကူညီနိုင်ကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
တစ္ဆေတိုင်းပြည်ကို ကူညီလိုက်ခြင်းဖြင့် မည်သို့သောအန္တရယ် ကျရောက်လာမည်ကိုတော့ သူလည်း သိရှိခြင်း မရှိပေ။
ကျန်းလန် ရင်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် သူ့လက်တစ်ဖက်ကို တောင်နှင့်ပင်လယ်ကြေးမုံမှန်ထက်သို့ အသာတင်လိုက်လေတော့၏။
***
"ဘန်း"
ချင်းမုက တစ္ဆေနှိမ်နင်းကျောက်တုံးကို နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးချလိုက်သည်။
သူ့လည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားလေးမှာ သွေးများဖြင့်ရွှဲစိုနေပြီး သစ်သားပြားထက်မှ လက်သီးနတ်ဘုရားပုံသဏ္ဌန်ကို ဖုံးကွယ်နေပြီ ဖြစ်သည်။ နတ်ဘုရား၏ ခမ်းနားမှုများကို မတွေ့မြင်ရတော့ပေ။
ချင်းမု လွင့်ထွက်သွားပြန်သည်။
သို့သော် သူက ချက်ချင်း မတ်တတ်ပြန်ရပ်ပြီး ကျောက်တုံးကြီးရှိရာသို့ လျှောက်လှမ်းလာပြန်၏။
ကျောက်ဘီလူးမိစ္ဆာကြီးက ချင်းမုကိုကြည့်လိုက်ရင်း…
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား… ဟုတ်လား ၊ မင်းတို့တစ္ဆေတိုင်းပြည်က ဒါမျိုးတွေလည်း ယုံကြည်တာပဲလား ၊ အဲဒီနတ်ဘုရားသာ မင်းရဲ့လက်သီးချက်တိုင်းကို ကာကွယ်ပေးနိုင်မယ်ဆိုရင် အခုချိန် မင်းတို့ ဒီလိုခံနေရမှာ မဟုတ်ဘူး"
"မင်းတို့ရဲ့ လက်သီးနတ်ဘုရားကိုလည်း ကြည့်စမ်းပါဦး ၊ သစ်သားစတစ်ခုထက် မပိုပါဘူးကွာ ၊ မင်းတိုက်ချင်ရင် ကျုပ်တို့ကို လာတိုက် ၊ မင်းရဲ့ ဆူပွက်နေတဲ့သွေးတွေနဲ့ မင်းရဲ့တိုင်းပြည်ကို ဆေးဆိုးလိုက် ၊ မင်းရဲ့ခြေရာတွေကို ချန်ထားခဲ့လိုက်"
နတ်မိစ္ဆာများမှာ တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုတိုက်ခိုက်နေသော်လည်း တစ္ဆေကျင့်ကြံသူများ၏ နောက်တန်းခံစစ်လိုင်းကို မချိုးဖျက်နိုင်သေးပေ။
တစ္ဆေကျင့်ကြံသူများ၏ ဒဏ်ရာပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် အသက်ပြန်ဝင်နိုင်စွမ်းများက နည်းပါးသွားသည့်တိုင် ရုပ်ခန္ဓာကြံ့ခိုင်သူများ ဖြစ်ကြသောကြောင့် သူတို့ကို တိုက်ခိုက်သတ်ဖြတ်ရသည်က အတော်လေး အချိန်ကြာသည်။
မြေပြင်ထက်လဲကျနေသည့် တစ္ဆေကျင့်ကြံသူများက သူတို့လည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားလေးများကို ငုံ့ကြည့်လိုက်ကြသည်။
လက်သီးနတ်ဘုရားက တကယ်ပဲ သူတို့ရဲ့လက်သီးချက်တွေကို ကာကွယ်မပေးခဲ့ဘူးလား။
ယခု တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို ထိုးနှက်ရင်း သူတို့လက်သီးများမှာ ဒဏ်ရာအပြင်းအထန်ရနေပြီ ဖြစ်သည်။
ဒဏ်ရာအများဆုံးရထားသူက ချင်းမု ဖြစ်၏။ ချင်းမု တစ္ဆေနှိမ်နင်းကျောက်တုံးကြီးရှိရာသို့ တွားသွားလျှက်ရှိသည်ကို နတ်မိစ္ဆာများ ကြည့်နေကြသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"
ဆုတောင်းစကားတစ်ဝက်တစ်ပျက်နှင့် သူ သွေးများပွက်ကနဲ အန်ထုတ်လိုက်သည်။
သို့သော် သူ့မျက်လုံးများထဲတွင် ခံစားချက်ပြင်းထန်မှုများနှင့် ယုံကြည်ချက်ခိုင်မာမှုများက အရင်အတိုင်း မြဲမြံနေဆဲပင်။
"ကျွန်တော့်ရဲ့ လက်သီးချက်တွေကို ကာကွယ်ပေးပါ"
ဆုတောင်းပြီးသည်နှင့် သူက သွေးများစွန်းထင်းနေသည့် လက်သီးကို ပင့်မြှောက်လိုက်သည်။
သူက လက်သီးကို ထိုးနှက်ရန် အသင့်ပြင်ထားပြီး ဆုတောင်းသံကို အတတ်နိုင်ဆုံး ကျယ်လောင်စွာ ရွတ်ဆိုလိုက်သည်။
"တစ္ဆေနှိမ်နင်းကျောက်တုံးကို တစ်စစီဖြိုခွင်းနိုင်ပြီး နတ်မိစ္ဆာတွေကိုသတ်ဖြတ်ပစ်နိုင်ဖို့ ဆောင်မပါ"
လက်သီးနတ်ဘုရား အသက်ရှင်နေသေးသည်ဆိုလျှင် ချင်းမုက တစ္ဆေတိုင်းပြည်တွင် ထိပ်တန်းလက်သီးစွမ်းအားရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
လက်သီးနတ်ဘုရား သေဆုံးသွားပြီဆိုလျှင်တော့ သူက နောက်ထပ်လက်သီးနတ်ဘုရား ဖြစ်လာပေလိမ့်မည်။
နတ်မိစ္ဆာများက ချင်းမုကို ကြည့်နေကြသည်။
ငတုံး…
ဦးနှောက်မရှိတဲ့သူ…
တိရိစ္ဆန်ကောင်…
ဤသည်မှာ နတ်မိစ္ဆာများ၏ တွေးထင်ယူဆချက်များဖြစ်ပြီး သူတို့၏မျက်လုံးများထဲတွင်လည်း အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။
သို့သော် သူတို့က အချိန်မဖြုန်းဘဲ ဆက်လက်တိုက်ခိုက်နေကြ၏။ တိုက်ပွဲကို အမြန်အဆုံးသတ်ပြီးသည်နှင့် တစ္ဆေချီစွမ်းအားများ ဖုံးလွှမ်းနေရာ နယ်မြေမှ ထွက်ခွာသွားရမည် ဖြစ်သည်။
တစ္ဆေတိုင်းပြည်မှလူများကလည်း ချင်းမုကို ကြည့်နေကြသည်။
ယခုတစ်ကြိမ် လက်သီးထိုးနှက်ပြီးလျှင်တော့ ချင်းမု ပြန်ထလာနိုင်တော့မည် မဟုတ်ဟု သူတို့ တွေးထင်နေကြသည်။
ထိုခဏမှာပင်…
ချင်းမုက လက်သီးကို ဝှေ့ယမ်းလိုက်၏။
သူ့လက်သီးက တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို ထိမှန်ခါနီးတွင် တစ်စုံတစ်ယောက်က သူ့လက်သီးကို လာရောက်ထိကိုင်သလို ခံစားလိုက်ရသည်။
ထို့နောက် သဏ္ဌန်မဲ့နွားရိုင်းကြီးတစ်ကောင်၏ အော်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ဘူး…"
လောကတစ်ခုလုံးကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်ထက်မှ နွားရိုင်းကြီးတစ်ကောင် ဆင်းသက်လာသကဲ့သို့ပင် ဖြစ်သည်။
"ဘုန်း…"
လက်သီးချက်က တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို ထိမှန်သွားသည်။
"ဘန်း"
စွမ်းအားအရှိန်အဟုန်ပြင်းထန်စွာဖြင့် ထိုးစိုက်ချလိုက်သည့် လက်သီးတစ်ချက်က တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို ဖြိုခွဲပစ်လိုက်သည်။
ကျောက်တုံးကြီးမှာ သဲမှုံများပမာ အမှုန့်ဖြစ်သွားတော့၏။
ရုတ်တရက်ထွက်ပေါ်လာသည့် ပေါက်ကွဲသံကြီးက လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားလိုက်နိုင်သည်။
တစ္ဆေနှိမ်နင်းကျောက်တုံးကြီးမှာ လက်သီးတစ်ချက်တည်းဖြင့် တစ်စစီကွဲကြေသွားပြီ ဖြစ်သည်။
ချင်းမုက အမှုန့်ဖြစ်သွားသည့် တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို တအံ့တသြဖြင့်ကြည့်ရင်း သူ့လက်သီးကို ပြန်ငုံ့ကြည့်လိုက်သည်။
ထိုခဏမှာပင် သူက ခေါင်းကိုမော့လိုက်ပြီး ကျယ်လောင်သည့် ကြုံးဝါးသံကြီးတစ်ချက် ပြုလုပ်လိုက်သည်။
သူ့ကို ကူညီသူက လက်သီးနတ်ဘုရားပင် ဖြစ်ရပေမည်။ သေချာပေါက် လက်သီးနတ်ဘုရင်းပင် ဖြစ်ရပေမည်။
"သူ့ကိုသတ်…"
ကျောက်ဘီလူးနတ်မိစ္ဆာက တုံ့ဆိုင်းမနေဘဲ ချင်းမုကို သတ်ဖြတ်ရန် စတင်လှုပ်ရှားလိုက်သည်။
သို့သော် ချင်းမုက ကြုံးဝါးသံကြီးပြုလုပ်နေသည်ကို ရပ်တန့်လိုက်ပြီး နတ်မိစ္ဆာများကိုသတ်ဖြတ်ရန် ဟန်ပြင်လိုက်ပြီးနောက် ၊ မဟန်နိုင်စွာဖြင့် နေရာမှာပင် လဲကျသွားလေတော့သည်။
ချင်းမုလဲကျသွားသော်လည်း တစ္ဆေကျင့်ကြံသူများအားလုံး တစ္ဆေနှိမ်နင်းကျောက်တုံးကြီး၏ အန္တရယ်မှ လွတ်မြောက်သွားကြပြီဖြစ်သဖြင့် ချက်ချင်းပင် မတ်တတ်ရပ်ကာ စတင်တိုက်ခိုက်လိုက်ကြသည်။
"လက်သီးနတ်ဘုရားကို ဂါရဝပြုပါတယ် ၊ နတ်မိစ္ဆာတွေကို သတ်ဖြတ်ဖို့ ကူညီပေးပါ"
အားလုံးက ဆုတောင်းလိုက်ကြသည်။
ကစားပွဲက ပြောင်းပြန်ဖြစ်သွားပြီ ဖြစ်သည်။
တစ္ဆေတိုင်းပြည်က တိုက်ပွဲတွင် အသာစီးရသွားပြီ ဖြစ်ပြီး နတ်မိစ္ဆာများ စတင်အရေးနိမ့်လာကြသည်။
တစ္ဆေနှိမ်နင်းကျောက်တုံး ပျက်စီးသွားပြီးနောက် တစ္ဆေကျင့်ကြံသူများအနေဖြင့် မည်သည့်အရာကိုမှ ကြောက်ရွံ့စရာ မရှိတော့ပေ။
***
ကျန်းလန် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သည်။
နတ်မိစ္ဆာများနှင့် တစ္ဆေကျင့်ကြံသူများ၏ တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း အခြေအနေပြောင်းလဲသွားပြီ ဖြစ်၏။ ကျန်းလန်အနေဖြင့် အာရုံစိုက်စရာမလိုတော့ပေ။
ကျန်းလန်က သူ ဆုပ်ကိုင်ထားသည့် စိတ်နယ်လွန်ကြိုးမျှင်လေးကို လွှတ်ပေးလိုက်ပြီး တောင်နှင့်ပင်လယ်ကြေးမုံမှန်ကိုလည်း သိမ်းဆည်းလိုက်သည်။
စကားသံများ ၊ ပုံရိပ်ယောင်များကို သူ ဆက်လက်တွေ့မြင်နေဦးမည်လားဆိုသည်ကိုတော့ မပြောတတ်သေးပေ။
ကံကြမ္မာတစ်ခုကို ပြုပြင်ပြောင်းလဲပေးရခြင်းက ခံနိုင်ရည်ရှိရန် မလွယ်ကူလှပေ။
ကျန်းလန် ခေါင်းတစ်ချက်ခါယမ်းရင်း မတ်တတ်ထရပ်ကာ ပြန်ရန်ဟန်ပြင်လိုက်သည်။ သို့သော် သူ ခြေတစ်လှမ်းလှမ်းလိုက်စဉ်မှာပင် သူ့ပတ်ဝန်းကျင်တွင် မြူခိုးများ ထွက်ပေါ်လာလေသည်။
ထို့နောက် ရှေးဟောင်းဧကရာဇ်နန်းတော်ကြီးတစ်ခုကို သူ တွေ့မြင်ရသည်။
ခဏအကြာတွင် မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် နန်းတော်တံခါးတွင်ရေးသားထားသည့် စာလုံးများကို တွေ့မြင်လိုက်ရသည်။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်"
"ခရက်…"
ထို့နောက် နန်းတော်တံခါးတွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်သွားပြီး ခဏအတွင်းမှာပင် နန်းတော်တံခါးအနောက်ဘက်ရှိ မရေမတွက်နိုင်သည့် နန်းတော်များ ပြိုကျပျက်စီးကုန်ကြသည်။
ထိုအရာများအားလုံးက ပုံရိပ်ယောင်များသာ ဖြစ်ပြီး ပျောက်ကွယ်သွားကြသည်။
သို့သော် နန်းတော်များ ပြိုကျပျောက်ကွယ်သွားသည်နှင့် မမြင်ရသည့်အလင်းတန်းတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာ၏။
ထိုအလင်းတန်းက ကံကြမ္မာအခွင့်ကောင်းရောင်ဝါမဟုတ်ပေ။ ထိုရောင်ဝါထက်သာလွန်သည့် ထူးခြားသောအရာတစ်ခု ဖြစ်သည်။
ထိုအလင်းတန်း ဆင်းသက်လာသည်နှင့် ကျန်းလန်ခေါင်းထဲတွင် ချက်ချင်း အန္တရယ်အငွေ့အသက်များ ခံစားလိုက်ရပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ဖုံးကွယ်လိုက်သည်။
ဘာတွေဖြစ်နေသည်လဲ ကျန်းလန် နားလည်ခြင်း မရှိသေးပေ။
ကောင်းကင်ထက်မှကျဆင်းလာသည့်အလင်းရောင်ကို ကျန်းလန်၏ ခန္ဓာကိုယ်က စုပ်ယူလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု စတင်ဖြစ်တည်လာလေသည်။
ထိုဖြစ်တည်မှုက မိုးကောင်းကင်နှင့် ဆက်စပ်နေဟန်ရှိသည်။
ခဏအကြာတွင်တော့ ရှေးဟောင်းဧကရာဇ်နန်းတော်ကြီးပြန်ပေါ်လာပြီး ထိုနန်းတော်တွင်းမှ နက်ရှိုင်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
ကျန်းလန် : "……………"
***
("နံ့သာပေါင်းပူဇော်ခြင်းလမ်းစဉ် (香火之道) (Xiang huo zhi dao) ဆိုသည်မှာ ဘိုးဘေးများကို အမွှေးတိုင် ၊ ဖယောင်းတိုင် နံ့သာပေါင်းများဖြင့် ပူဇော်ရာမှ ပူဇော်ခြင်းစွမ်းအားမှတစ်ဆင့် ဝိညာဉ်က နတ်ဘုရားဖြစ်လာကာ ပူဇော်သူများကို ပြန်လည်စောင့်ရှောက်ပေးသည့် လမ်းစဉ်ကို ပြောခြင်း ဖြစ်ပါသည်)